အခန်း (၅၄၇-၅၄၈)
Vol. 52 Ch. 547-548
အခန်း (၅၄၇)။
“ကျွန်တော်မျိုးကတော့ ယွိပြည်နယ် ထိုက်မိသားစုက ထိုက်ရှင်းချီပါ။ ကျွမ့်ယွမ်ရဲ့ ထူးခြားတဲ့ အရှိန်အဝါနဲ့ အရိုင်းအစိုင်းတွေကို အပြတ်အသတ် ချေမှုန်းခဲ့တဲ့ သတင်းတွေကို ကြားဖူးတာ ကြာပါပြီ။။ တစ်ချိန်တည်းမှာပဲ မင်းသားယုရဲ့ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် ကူညီပေးခဲ့ပြီး မင်းသားရဲ့ဘေးနားမှာ အတော်ဆုံး စစ်ဗျူဟာမှူး ဖြစ်လာခဲ့တာကိုလည်း သိပါတယ်။ ဒီနေ့ လူကိုယ်တိုင် တွေ့ရတာ တကယ့်ကို ထူးခြားလှ ပါတယ်။ နောင်ကို ဘယ်လိုကိစ္စမျိုးပဲ ဖြစ်ဖြစ် ကျွန်တော်တို့ဟာ ကျွန့်ယွမ်ရဲ့ အမိန့်တွေကို မျက်မှောင်တစ်ချက် မကြုတ်ဘဲ နာခံသွားပါ့မယ်။”
ဟုန်ယွိ၏ စကားကို ကြားသောအခါ မင်းသားယု၏ ဘေးနားရှိ အရပ်ရှည်ရှည် လူတစ်ဦးက ရှေ့သို့ လှမ်းတက်လာသည်။ သူက ယဉ်ကျေးစွာ ဂါရဝပြုရင်း သူ၏ မျိုးနွယ်စုနှင့် အမည်ကို မိတ်ဆက်လိုက်သည်။ သူ၏ စကားလုံးများမှာလည်း အလွန်ပင် လိမ်မာယဉ်ကျေးလှပေ သည်။
ယဉ်ကျေးလိမ္မာသော စကားများကို ပြောပြီးနောက် ထိုသူသည် နောက်သို့ ဆုတ်ခွာသွား သည်။ သူ လမ်းလျှောက်သွားပုံမှာ အလွန်ပင် တည်ငြိမ်ချောမွေ့ပြီး မည်သည့် ဟာကွက်မျှ မရှိပေ။ သူ၏ လှုပ်ရှားမှုများတွင် ပါဝင်နေသော ဟန်ချက်ညီမှုများမှတဆင့် သူသည် အလွန် မြင့်မားသော ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း ပြသနေသည်။
“အော်... ယွိပြည်နယ် ထိုက်မိသားစုက ကျွမ်းကျင်သူတွေကိုး...”
ဟုန်ယွိသည် ယွိပြည်နယ်၏ ထိုက်မိသားစု အကြောင်းကို စဉ်းစားလိုက်သည်။ ထိုမိသားစု မှာ သူတော်စင် မျိုးနွယ်စုတစ်ခု မဟုတ်သော်လည်း နှစ်ပေါင်း ရာနှင့်ချီသော သမိုင်း ကြောင်းရှိသည့် ထင်ရှားသော မျိုးနွယ်စုတစ်ခု ဖြစ်သည်။ မဟာ ‘ရှင်း’ မင်းဆက်လက် ထက်တွင် မျိုးဆက်အလိုက် စစ်သူကြီးများစွာ ပေါ်ထွက်ခဲ့သည်။ သို့သော် ထိုမျိုးနွယ်စုက ဤမျှအထိ ကျွမ်းကျင်သူ အမြောက်အမြား စေလွှတ်လိုက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
မဟာဆရာသခင် ၁၀ ယောက်ကျော်ဆိုသည်မှာ နည်းသောအင်အား မဟုတ်ပေ။ အတူတကွ စုစည်းလိုက်ပါက ကြီးမားသော အင်အားတစ်ခု ဖြစ်လာမည် ဖြစ်သည်။ စနစ်တကျ အသုံးပြုတတ်လျှင် အတော်အသင့်ကြီးမားသော အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ရန် လုံလောက်ပေသည်။
“ထိုက်မိသားစုရဲ့ သိုင်းပညာထဲမှာ ‘သံကြေးခွံချပ်ဝတ်’ ဆိုတဲ့ အကာကွယ် သိုင်းပညာ တစ်ရပ် ရှိတယ်။ အဲဒါကို ကျင့်ကြံပြီး အသက်သွင်းလိုက်ရင် တစ်ကိုယ်လုံးက ကြွက်သား တွေဟာ ငါးကြေးခွံတွေလို ဖြစ်လာပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိသွား တယ်တဲ့။ သူတော်စင် အဆင့်အထိ ရောက်သွားရင်တော့ ပိုပြီး ကြောက်စရာကောင်းတဲ့ ‘သံမိစ္ဆာစွမ်းအင်အကာကွယ်’ ကို ပိုင်ဆိုင်နိုင်ပြီး ရှေးဦးသံမိစ္ဆာကြီးတစ်ကောင်လို ရိုင်းစိုင်း ကြမ်းကြုတ်စွာ လှုပ်ရှားနိုင်တာ။ ရှင်က အဲဒီပညာကို တတ်မြောက်ထားလား သိချင်မိရဲ့။”
ရှဲ့ဖင်းဖင်းက ရုတ်တရက် ဆိုသည်။
“မင်းသမီးက တကယ့်ကို ဗခုသုတ ကြွယ်ဝတာပဲ။ ကျွန်တော်မျိုးရဲ့ သိုင်းပညာက နုနယ်ပါ သေးတယ်၊ အဲဒီ ‘သံမိစ္ဆာစွမ်းအင်အကာကွယ်’ ကို တတ်မြောက်ဖို့ဆိုတာ အဝေးကြီး လိုပါ သေးတယ်။” နောက်သို့ ဆုတ်ခွာသွားသော ထိုက်ရှင်းချီက ရိုသေစွာ ဖြေကြားသည်။
“အင်း။” ရှဲ့ဖင်းဖင်းသည် ထိုမေးခွန်းကို မေးပြီးနောက် ဘာမှ ထပ်မမေးတော့ပေ။ သူမက လက်ဝှေ့ယမ်းလိုက်ပြီး “တစ်ယောက်ယောက်... ဒီလူတွေ နားဖို့အတွက် နေရာစီစဉ်ပေး လိုက်ပါ။ မင်းသားယုနဲ့ ကျွန်မ၊ ပြီးတော့ ကျွန့်ယွမ်တို့ ဆွေးနွေးစရာ ရှိတယ်။”
“မင်းတို့အားလုံး သွားနားကြတော့။ ဒီရက်ပိုင်းမှာ ငါ့ကို ကာကွယ်စောင့်ရှောက်ပေးခဲ့ရတာ အတော်လေး ပင်ပန်းနေရောပေါ့။” မင်းသားယုက လက်ဝှေ့ယမ်းလိုက်ရာ သူ၏ လက်အောက်ငယ်သားများ တစ်ဦးပြီးတစ်ဦး ထွက်ခွာသွားကြသည်။
အားလုံး ထွက်သွားပြီးနောက် ရှဲ့ဖင်းဖင်းက မင်းသားယုကို ရုတ်တရက် ပြောလိုက်သည်။ “မင်းသား... ကျွန်မထင်တာတော့ မင်းသားယုရဲ့ လက်အောက်ငယ်သားတွေက သံသယ ဖြစ်စရာပဲ။ သူတို့က ထိုက်မိသားစုက လူတွေနဲ့ လုံးဝ မတူဘူး။”
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ထိုက်မိသားစုရဲ့ အကြီးအကဲ ‘ထိုက်ယွမ်ကျန်း’ ကိုယ်တိုင် ကျွန်တော့်ဆီ လာဆွေးနွေးခဲ့တာပဲ။ တစ်ချိန်တည်းမှာပဲ ကျွမ်းကျင်သူ အမြောက်အမြားကို ကျွန်တော့်ဆီ အမှုထမ်းဖို့ စေလွှတ်ခဲ့တာ။ ကျွန်တော် သူတို့ရဲ့ နောက်ခံတွေကို သေချာ စစ်ဆေးခဲ့သလို၊ သူတို့ရဲ့ သစ္စာရှိမှုကို စမ်းသပ်ဖို့လည်း အများကြီး စီစဉ်ခဲ့တာပဲ။ သူတို့ ကျွန်တော့်ကို အများကြီး ကူညီခဲ့ကြပါတယ်။” မင်းသားယုမှာ အံ့သြသွားသည်။ “မင်းသမီး က သူတို့ရဲ့ သိုင်းပညာကို ကြည့်ပြီး သိလိုက်တာလား၊ အဲဒါက ဘာမှမဟုတ်ပါဘူး။ ထိုက်မိသားစုမှာ တခြားလျှို့ဝှက်သိုင်းပညာတွေ ရှိနေတာလည်း ဖြစ်နိုင်တာပဲ မဟုတ် လား။”
“ထိုက်မိသားစုရဲ့ အချက်အလက်တွေက ကျွန်မလက်ထဲမှာ ရှိတယ်။ သူတို့ဆီမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိတယ်ဆိုပေမဲ့ မဟာဆရာသခင် ၁၀ ယောက်ကျော်ကို တစ်ပြိုင်နက်တည်း ထုတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အတိုချုပ်ပြောရရင် အခု အခြေအနေ က အတော်လေး ရှုပ်ထွေးနေတယ်။ ကျွန်မတို့ သတိထားရမယ်။”
ရှဲ့ဖင်းဖင်းက ပြောပြီးနောက် လက်ဝှေ့ယမ်းလိုက်ရာ သူမ၏ ဘေး၌ ကျွမ်းကျင်သူ အချို့ ပေါ်လာခဲ့သည်။ “အမိန့်တော်လာပို့တဲ့ မိန်းမစိုးတွေကို ပိုပြီး စောင့်ကြည့်ခိုင်းလိုက်။ လမ်းမှာ သူတို့ပြောသမျှ အကုန်လာသတင်းပို့။ တစ်ချိန်တည်းမှာပဲ အဲဒီမိန်းမစိုးတွေရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ်။”
“မလိုဘူး။ ဒီမိန်းမစိုးတွေ အားလုံးက အရောင်တစ်ရာ အရိပ်မဲ့ဝတ်ရုံကို ဝတ်ထားကြတာ။ သူတို့ခေါင်းဆောင်ကလည်း သိုင်းပညာမှာ ပိုပြီး ကျွမ်းကျင်လှတယ်။ သူတို့ကို စောင့်ကြည့် တာက အကျိုးရှိမှဦ မဟုတ်ဘူး။” ဟုန်ယွိက ခေါင်းယမ်းလိုက်သည်။ “ဒါတွေကို စိတ်ထဲ သိပ်မထားပါနဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သုံ့ပန်းတွေကို ဆက်သဖို့ ကျောက်စိမ်း မြို့တော်ကို သွားကြရမှာပဲ။ အဲဒီအချိန်ကျရင် အားလုံး ရှင်းလင်းသွားမှာပါ။”
“ဒါလည်း ဟုတ်တာပဲ။ အထက်တန်းလွှာ မိသားစုကြီးတွေနဲ့ တော်ဝင်မိသားစုဝင်တွေဟာ နန်းတော်ထဲကို သူတို့ရဲ့ သူလျှိုတွေ ပြန်သွင်းဖို့ ကြိုးစားနေကြမှာပဲ။” မင်းသားယုက ဆိုသည်။ “ဟုန်ယွိ... ငါ အနောက်ဘက်ဒေသကို လာရတာက လူဦးရေသန်းခေါင်စာရင်း စစ်ဆေးဖို့နဲ့ မြေယာတိုင်းတာပြီး စစ်တမ်းကောက်ဖို့ပဲ။ ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်သင့်လား၊ မကိုင်တွယ်သင့်ဘူးလား မင်း ဘယ်လိုထင်လဲ။ ချင်ပြည်နယ်မှာ လူဦးရေစာရင်း စစ်တုန်းက အိမ်ရှေ့စံမင်းသားက ‘ချန်ပီယံမြို့စား’ ကို သွားစော်ကားမိလို့ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရဖူးတယ်။ သူ အကျဉ်းချခံရလုနီးပါး ဖြစ်ခဲ့ရသလို၊ မျက်နှာပျက်ပြီး မြို့တော်ကို အမြီးကုပ် ပြန်သွားခဲ့ရတာ။”
“ဒါပေါ့! အဲဒီကိစ္စပြီးကတည်းက အိမ်ရှေ့စံမင်းသားရဲ့ သြဇာအာဏာ ကျဆင်းသွားခဲ့တာပဲ။ မင်းသားအနေနဲ့ ဒီကိစ္စကို လုပ်ကိုလုပ်ရမယ်၊ အနောက်ဘက်ဒေသ တစ်ခုလုံးရဲ့ လူဦးရေနဲ့ မြေယာစာရင်းတွေကို အစအဆုံး သေသေချာချာ စုံစမ်းစစ်ဆေးရမယ်။” ဟုန်ယွိက ပြောသည်။ “ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်ရင် နန်းတွင်းမှာ မင်းသားရဲ့ သြဇာ အာဏာ ချက်ချင်း မြင့်တက်လာလိမ့်မယ်။ အိမ်ရှေ့စံမင်းသားနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာလည်း မှူးမတ်မျိုးနွယ်စုတွေက မင်းသားရဲ့ စွမ်းအားကို သိသွားကြလိမ့်မယ်။ အရှိန်အဟုန်တစ်ခု ရလာပြီဆိုရင်တော့ အဲဒါက တားမနိုင် ဆီးမရ ဖြစ်လာမှပဲ။”
“ဒါပေမဲ့...” မင်းသားယုက မျက်မှောင်ကြုတ်လိုက်သည်။ “ဒီကိစ္စကို ငါ အောင်မြင်အောင် လုပ်လိုက်ရင်၊ နတ်ဘုရားတန်ခိုးရှင်ဘုရင်ဖြစ်တဲ့ ဦးရီးတော်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက် မှာ စိုးရိမ်မိတယ်။”
“ဘာမှ မဖြစ်ပါဘူး။” နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူးက ဆိုသည်။ “ဧကရာဇ်ရဲ့ အာဏာက အခု အတော်လေး ကြီးမားနေပြီ။ ကြောက်စရာကောင်းလောက်အောင် ကြီးမားနေတာ။ သူက ကျွန်တော့်ကို အရင်စပြီး အရေးမယူအောင် ကျွန်တော်က နာခံပြရတော့မှာ။ တစ်ချိန်တည်းမှာပဲ မင်းသားရဲ့ သြဇာကိုလည်း မြှင့်တင်ပေးနိုင်တာပေါ့။ နောင်တစ်ချိန် မင်းသား ဧကရာဇ်ဖြစ်လာချိန်မှာလည်း ကျွန်တော်က အနောက်ဘက်ဒေသ ကို မင်းသားအတွက် ဆက်ပြီး စောင့်ရှောက်ပေးမှာပါ။”
“ဦးရီးတော်က အားနာစရာတွေ ပြောနေပြန်ပြီ။ အနောက်ဘက်ဒေသကို စောင့်ရှောက်ဖို့ ဦးရီးတော်ရဲ့ နေရာကို ဘယ်သူနဲ့မှ အစားမထိုးနိုင်ပါဘူး။” မင်းသားယုက ဆိုသည်။
“အသေးစိတ် ကိစ္စတွေကိုတော့ မင်းသားတို့နှစ်ဦး ဆွေးနွေးကြပါ။ ကျွန်တော် ပြင်ဆင်စရာ အချို့ ရှိသေးတယ်။ နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့လည်း ဧကရာဇ်ဆီ သုံ့ပန်းတွေ ဆက်သဖို့ မြို့တော်ကို ထွက်ခွာကြရမှာပဲ။” ဤသို့ပြောပြီးနောက် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ဝင်းလက်သွားပြီး လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
“ဟုန်ယွိရဲ့ တန်ခိုးစွမ်းအားတွေက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အစွမ်းထက်လာတာပဲ။ အစကတော့ သူ ဒီအဆင့်အထိ ရောက်လာလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။” မင်းသားယုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“မင်းသားကတော့ အမြော်အမြင် ရှိသလို၊ ကံကောင်းခြင်းတွေလည်း ပိုင်ဆိုင်ထားတဲ့ လူပဲ။” နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူးက ဆိုသည်။
“ဦးရီးတော်... အနောက်ဘက်ဒေသမှာ အထက်တန်းလွှာ မှူးမတ်မျိုးနွယ်စုတွေ အများကြီး ရှိတယ်။ အဲဒီ အချက်အလက်တွေကို ကျွန်တော် ကြည့်ပါရစေ။ သူတို့ဆီကို လက်ဆောင် တွေနဲ့ အရင်ဆုံး သွားရောက် တွေ့ဆုံရမယ်။” မင်းသားယုသည် သူ၏ ကျွမ်းကျင်မှုနှင့် အရည်အချင်းများကို စတင် ပြသတော့သည်။
...
ထိုအချိန်တွင် ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ ဖျတ်ခနဲ့ လင်းလက်သွားသည်။ အမှန်စင်စစ် သူသည် သူတော်စင်ပေါင်းစုံခန်းမကို အသုံးပြု၍ အမြင့်ပေ သိန်းချီရှိသော ‘ဟင်းလင်းပြင် လေဟာနယ် မုန်တိုင်းထဲသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ မူလစွမ်းအင် ခွန်အားနတ်ဘုရား ၏ မှတ်ဉာဏ်များက သူ့ကို အလွန်ပင် အံ့သြစေခဲ့သည်။ သူသည် ထိုကြီးမားလှသော ဥမင် လမ်းကြောင်းကို ရှာဖွေပြီး အမှန်တကယ် ဘာတွေဖြစ်ပျက်နေသည်ကို သိလိုနေသည်။
သူ၏ ပင်ကိုယ်အသိစိတ်အရ ကောင်းကင်အပြင်ပနယ်မြေနှင့် သိုင်းပညာရှင်များ၏ ကိစ္စ ရပ်များမှာ နန်းတော်အတွင်းရှိ အပြောင်းအလဲကြီးနှင့် ဆက်စပ်နေသည်ဟု သူ ခံစားနေရ သည်။
လေဟာနယ်မုန်တိုင်းအတွင်း၌ ကြီးမားလှသော ဥက္ကာခဲများမှာ သူတော်စင်ပေါင်းစုံ ခန်းမ ၏ ရှေ့တိုးမှုကို အနည်းငယ်မျှ မတားဆီးနိုင်ပေ။ ဘေးအန္တရာယ်များစွာမှာ ခန်းမကြီး၏ အောက်တွင် ကြေမွသွားခဲ့ရသည်။
သူတော်စင်ပေါင်းစုံခန်းမမှာ ဖန်ဆင်းခြင်းသင်္ဘောကဲ့သို့ပင် ခန့်ညားထည်ဝါသော အရှိန် အဝါဖြင့် အဝေးရှိ နေရာများသို့ ဆင်းသက်ကာ အဆုံးမဲ့ ကမ္ဘာများကို တိုက်ခိုက်သိမ်းပိုက် ရန် သွားနေသည့် သတ္တဝါကြီးတစ်ကောင်နှင့် တူလှသည်။
“ကောင်းကင်အပြင်ပနယ်မြေ ကနေ ဒီ ‘မဟာကမ္ဘာကြီး’ ဆီကို လမ်းကြောင်းတစ်ခု ဖွင့်လိုက်တာများလား။”
“ဒါမှမဟုတ် ဧကရာဇ် ‘ယန်ဖန်’ နဲ့ ‘ဟုန်ရွှန်ကျိ’ တို့က ဖန်ဆင်းခြင်းသင်္ဘောကို ထုတ်ပြီး ကောင်းကင်အပြင်ပနယ်မြေက ကမ္ဘာအချို့ကို သွားခဲ့ပြီး၊ အဲဒီက သိုင်းပညာရှင်တွေနဲ့ ပူးပေါင်းလိုက်ကြတာလား။ မဟုတ်ရင် တော်ဝင်ချန် တော်ဝင်မိသားစုက မိန်းမစိုးတွေကို တောင် အသစ်တွေနဲ့ အစားထိုး လဲလှယ်နိုင်လောက်တဲ့အထိ အင်အားတောင့်တင်းနေစရာ မရှိဘူး။”
“ကောင်းကင်အပြင်ပနယ်မြေက သိုင်းပညာရှင်တွေက အစွမ်းထက်ပေမဲ့၊ သူတို့ဟာ သူတို့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ကျင့်ကြံရုံနဲ့တော့ ထာဝရအသက်ကို မရနိုင်ကြဘူး။ တကယ်လို့ သူတို့အနေနဲ့ ဖန်ဆင်းခြင်းသင်္ဘောကို စီးပြီး ဒီမဟာကမ္ဘာကြီးဆီ ဆင်းသက် လာနိုင်ရင်တော့၊ ထာဝရအသက်ရဖို့ မျှော်လင့်ချက် ရှိလာနိုင်တာပဲ။ ဒီဆွဲဆောင်မှုက တကယ့်ကို ကြီးမားမှာပဲ။”
“တကယ်လို့ ဧကရာဇ် ယန်ဖန်သာ အဲဒီက အထွတ်အထိပ် လူသားအင်မော်တယ် ကျွမ်းကျင်သူတွေကို သူ့ဘက်ပါအောင် ဆွဲဆောင်နိုင်ခဲ့ရင်... ‘မုန့်ရှန်းကျီး’ အစစ်တောင်မှ နောက်ဆုတ်ရလိမ့်မယ်။ အခုတလော ဖြစ်ပျက်နေတာတွေ အားလုံးက ရှင်းပြရခက်နေ တယ်။ အားလုံးက ငါတို့ ‘ရှေးဟောင်းနဂါးသင်္ချိုင်း’ က ပြန်လာပြီးမှ ဖြစ်လာတာချည်းပဲ။”
“ဖြစ်နိုင်တာက, ရှေးဟောင်းနဂါးသင်္ချိုင်းက နဂါးငါးရာရဲ့ စွမ်းအင်တွေက ဖန်ဆင်းခြင်း သင်္ဘောကို အကြီးအကျယ် အားဖြည့်ပေးလိုက်တာလား။”
အတွေးတစ်ခုပြီးတစ်ခု သူ၏ စိတ်ထဲတွင် ဝင်းလက်သွားသည်။ ဟုန်ယွိသည် လတ်တ လော ဖြစ်ပျက်သမျှကို ထပ်ခါတလဲလဲ ပြန်လည်စဉ်းစားပြီး ခန့်မှန်းချက်များ ထုတ်နေမိ သည်။
အချက်အလက် အမျိုးမျိုးမှာ သူ၏ စိတ်ထဲတွင် လည်ပတ်လျက် ရှိပြီး ခွဲခြမ်းစိတ်ဖြာနေ သည်။
ဇိ... ဇိ... ဇိ... ဇိ...
သူ၏ အတွေးများမှာ အထွတ်အထိပ်အထိ ခွဲခြမ်းစိတ်ဖြာနေသဖြင့် သူ၏ ဦးခေါင်းထိပ်မှ ဉာဏ်ပညာမီးလျှံများပင် ထွက်ပေါ်လာသည်။
မိန်းမောနေစဉ်အတွင်း ဟုန်ယွိသည် အနာဂတ်၏ အမျိုးမျိုးသော ‘တာအိုမှော်ပညာ’ များ နှင့် ဖြစ်နိုင်ခြေ အမျိုးမျိုးကို မရေမရာ မြင်တွေ့နေရသော်လည်း ၎င်းတို့ကို စကားလုံးဖြင့် ဖော်ပြရန် သို့မဟုတ် နားလည်ရန်မှာ မဖြစ်နိုင်သေးပေ။
ဘာမဆို ဖြစ်နိုင်တာပဲ။ ငါ အားလုံးအတွက် လုံခြုံစိတ်ချရတဲ့ အစီအစဉ်တစ်ခု ဆွဲထားရ မယ်။” ဟုန်ယွိသည် သူ၏ အတွေးစက်ဝန်းကို ရပ်တန့်လိုက်သည်။ ယခုအခါ သူ၏ စိတ်ထဲ တွင် အခြေခံအုတ်မြစ်တစ်ခု ရှိနေပြီဖြစ်သဖြင့် အနာဂတ်၏ အခြေအနေအရပ်ရပ်ကို အချိန်မရွေး ကိုင်တွယ်နိုင်ပေလိမ့်မည်။
...
လေးနာရီခန့် ကြာပြီးနောက်၊ ကြီးမားလှသော သူတော်စင်ပေါင်းစုံခန်းမမှာ လေဟာနယ် မုန်တိုင်းအရပ်၏ အနက်ရှိုင်းဆုံးနေရာရှိ လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုသို့ ဆင်းသက်လိုက်သည်။ မူလစွမ်းအင် ခွန်အားနတ်ဘုရား၏ မှတ်ဉာဏ်များအရ ဟုန်ယွိ သည် ဤနေရာမှာ ကျီရှန်းထျန်းနှင့် ကောင်းကင်မြွေဘုရင်မတို့ လွတ်မြောက်သွားခဲ့သည့် နေရာဖြစ်ကြောင်း ခံစားမိသည်။ တစ်ချိန်တည်းမှာပင် ၎င်းမှာ ကောင်းကင်အပြင်ပ နယ်မြေမှ လျှို့ဝှက်ဆန်းကြယ်သော လူသားအင်မော်တယ် အထွတ်အထိပ် ကျွမ်းကျင်သူ က ဟင်းလင်းပြင်ကို ဖောက်ထွက်နိုင်သော သိုင်းဆန္ဒဖြင့် မူလဝိညာဉ်နတ်ဘုရားကို တိုက်ခိုက်ခဲ့သည့် နေရာလည်း ဖြစ်သည်။
သို့သော်လည်း မှောင်မည်းနေသော ဥမင်လမ်းကြောင်းမှာ ပျောက်ကွယ်နေပြီ ဖြစ်သည်။
ပတ်ဝန်းကျင်မှာ ဟာလာဟင်းလင်း ဖြစ်နေသည်။
မှောင်မည်းနေသော ကောင်းကင်၊ လွင့်မျောနေသော ဥက္ကာခဲများများနှင့် အဝေးတစ်နေရာ မှ လျှို့ဝှက်ဆန်းပြားစွာ တောက်ပနေသော ကြယ်များကိုသာ တွေ့ရတော့သည်။
“ဘာတွေဖြစ်နေတာလဲ၊ ငါ့ရဲ့တာအိုပညာက ဒီအဆင့်ထိ ရောက်နေပြီဆိုတော့ မှတ်ဉာဏ် မှားစရာ အကြောင်းမရှိဘူး၊ ဒီနေရာပဲ။ ဘာလို့ အဲဒီဥမင်ကြီး ပျောက်သွားတာလဲ။ ဖြစ်နိုင် တာက ဒီလမ်းကြောင်းက မတည်ငြိမ်ဘဲ အချိန်မရွေး ပြိုကျသွားနိုင်တာလား။”
ဟုန်ယွိသည် သူတော်စင်ပေါင်းစုံခန်းမကို သုံး၍ ပတ်ဝန်းကျင်ကို ခဏတာ ရှာဖွေကြည့် သော်လည်း မည်သည့်သဲလွန်စမျှ မတွေ့ရပေ။ ကျီရှန်းထျန်းနှင့် ကောင်းကင်မြွေဘုရင်မ တို့ကိုလည်း မတွေ့ရတော့ပေ။ သူတို့ ဘယ်ကို လွတ်မြောက်သွားသည်ကို သူ မသိနိုင်တော့ ပေ။
ဟုန်ယွိအနေဖြင့် ပြန်ရန်မှတစ်ပါး အခြားမရှိတော့ပေ။
ပြန်ရောက်ပြီးနောက် ဟုန်ယွိသည် ‘သဲကန္တာရပြည်နယ်’ ၏ နယ်စပ်တွင် နောက်ထပ် သုံးရက်ခန့် ကျင့်ကြံနေခဲ့သည်။ အရာအားလုံးကို အခြေချပြီးနောက် သူသည် နတ်ဘုရား တန်ခိုးရှင် ဘုရင်ယန်တူးနှင့်အတူ ထွက်ခွာခဲ့တော့သည်။
ဤတစ်ခေါက် ခရီးစဉ်မှာ အလွန်ပင် ခန့်ညားထည်ဝါပြီး စိတ်ဓာတ်တက်ကြွဖွယ်ရာ ကောင်းလှသည်။ သူသည် ကိုယ်ရံတော်စစ်သည် သောင်းနှင့်ချီ၍ ခေါ်ဆောင်ခဲ့သလို၊ ဖမ်းဆီးရမိသော အနောက်ဘက်ဒေသ ဘုရင်များ၊ သူရဲကောင်းများ၊ ဧကရာဇ်အကြံပေးနှင့် အခြားလူများကိုပါ ခြံရံခေါ်ဆောင်လာခဲ့သည်။ သူတို့အားလုံးမှာ ‘ရန်ကွမ်း’ လမ်းမကြီး အတိုင်း ချီတက်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် အရာရှိများနှင့် ဘုရင်ခံ အမြောက် အမြားက သူတို့ကို ကြိုဆိုနှုတ်ဆက်ကြပြီး ကျောက်စိမ်းမြို့တော်အထိ လိုက်ပါပို့ဆောင် ကြသည်။
မြို့တော်ရှိ ‘ဝူးမန်တံခါး’ တွင် စစ်တပ်က သုံ့ပန်းများကို ဆက်သမည်ဟူသော သတင်းကို ရရှိသောအခါ ကျောက်စိမ်းမြို့တော် တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်သွားတော့သည်။ ဝန်ကြီးဌာနကြီး ခြောက်ခုမှ အရာရှိအားလုံးသည် မကြုံစဖူးသော ဤအခမ်းအနားကြီး အတွက် ပြင်ဆင်ရန် အကြီးအကျယ် အလုပ်ရှုပ်နေကြတော့သည်။
နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား တစ်ခုလုံးမှာ အရှိန်အဟုန်ဖြင့် အစွမ်းကုန် လည်ပတ်နေ ခဲ့ပြီ ဖြစ်သည်။
ကျောက်စိမ်းမြို့တော် ။
နောက်ထပ် အေးစက်လှသော ဆောင်းရာသီတစ်ခု ရောက်ရှိလာပြန်သည်။
အေးစက်သော လေပြင်းများ တိုက်ခတ်နေပြီး လမ်းဘေးဝဲယာရှိ သစ်ပင်များမှာ အရွက် များ ကြွေလွင့်နေကာ ဆောင်းရာသီ၏ ပြင်းထန်မှုကို ပြသနေသည်။ ကောင်းကင်ယံမှာ အမြဲတမ်း မှိုင်းအုံ့နေပြီး အချိန်မရွေး နှင်းကျလာနိုင်သည့် အနေအထားတွင် ရှိနေသည်။
ယခုအချိန်သည် တော်ဝင်ချန် တော်ဝင်မိသားစု နိုင်ငံထူထောင်ခြင်း ၆၂ နှစ်မြောက် ဆောင်းရာသီ ဖြစ်သည်။
သို့သော်လည်း ဤဆောင်းရာသီမှာ အင်ပါယာတည်ထောင်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့်က ပထမဆုံး ဆောင်းရာသီထက် ပိုမိုစည်ကားနေခဲ့သည်။ ရာသီဥတုက အေးသော် လည်း လူတို့၏ နှလုံးသားမှာမူ နွေးထွေးနေကြသည်။ ကျောက်စိမ်းမြို့တော် တစ်ခုလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် ဆူညံနေပြီး တော်ဝင်မျိုးနွယ်များ၊ မှူးမတ်များမှစ၍ ကုန်သည်ကြီး များနှင့် သာမန်ပြည်သူများအထိ အားတက်သရော ဆွေးနွေးနေကြသည်။
လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်အားလုံးမှာ လူများဖြင့် ပြည့်နှက်နေသည်။ ပျော်ပွဲရွှင်ပွဲများ ကျင်းပရာ နေရာတိုင်းတွင်လည်း ဆွေးနွေးနေကြသည့် အကြောင်းအရာ မှာ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ အနောက်ဘက်ဒေသ စစ်ပွဲကြီး၏ ကြီးကျယ်သော အောင်ပွဲနှင့် ဝူးမန်တံခါးတွင် ကျင်းပမည့် သုံ့ပန်းဆက်သခြင်း အခမ်းအနားပင် ဖြစ်သည်။
ကျောက်စိမ်းမြို့တော်ရှိ လမ်းမကြီးများ၊ လမ်းကြားများအားလုံးတွင် မီးအိမ်များနှင့် အလံများဖြင့် ဝေဝေဆာဆာ အလှဆင်ထားသည်။ ယဉ်ကျေးမှုနှင့် ဓလေ့ထုံတမ်း ဝန်ကြီး ဌာနမှ အရာရှိများမှာ ဟိုဟိုဒီဒီ အလုပ်များနေကြသည်ကို မြင်တွေ့ရသည်။
ဝူးမန်တံခါးတွင် သုံ့ပန်းဆက်သခြင်းနှင့် ဧကရာဇ်ကိုယ်တိုင် ကြိုဆိုခြင်း... ၎င်းမှာ နှစ်ပေါင်း ထောင်ချီအတွင်း မတွေ့ဖူးခဲ့သော ကြီးကျယ်သည့် အောင်ပွဲတစ်ခု ဖြစ်သည်။ တော်ဝင်ချန် အင်ပါယာကို ယဉ်ကျေးသိမ်မွေ့သော တိုင်းပြည်အဖြစ် လူသိများသဖြင့် မည်သည့် အခမ်းအနား အစီအစဉ်ကိုမျှ လျှော့ပေါ့၍ မရပေ။
၎င်းမှာ နိုင်ငံခြားတိုင်းပြည်များကို တုန်လှုပ်စေပြီး လက်အောက်ခံလာစေမည့် အဓိက ဖြစ်ရပ်တစ်ခု လည်း ဖြစ်သည်။
အနောက်ဘက်ဒေသ၏ ဘုရင်များ၊ စစ်သေနာပတိကြီးများ၊ စစ်သူကြီးများ၊ သူရဲကောင်း များ၊ သိုင်းသူတော်စင်များနှင့် မဟာဆရာသခင်များ အားလုံးမှာ အရှင်လတ်လတ် ဖမ်းဆီး ခံခဲ့ရသည်။ သို့ဖြစ်ရာ အခြားနိုင်ငံများအနေဖြင့် မည်သို့လျှင် မနာခံဘဲ နေနိုင်ပါမည်နည်း။
...
“လူတိုင်းပဲ… အနောက်ဘက်ဒေသက စစ်ပွဲက ဘယ်လောက် စိတ်လှုပ်ရှားဖို့ ကောင်းလဲ သိကြလား။ ‘ဟွာလျှို’ အင်ပါယာရဲ့ သူရဲကောင်း ဆယ်ယောက်အကြောင်းကိုကော သိကြ လား။ အဲဒီသူရဲကောင်း ဆယ်ယောက်က အလွန်တရာ အစွမ်းထက်ပြီး သာမန်လူသား အဆင့်ကို ကျော်လွန်နေတဲ့လူတွေပဲ။ သူတို့က ကောင်းကင်မှာ ပျံနိုင်သလို မြေကြီးထဲကို လည်း ငုပ်လျှိုးနိုင်ကြတယ်။ သူတို့က ‘ဟွာလျှို’ အင်ပါယာမှာဆို အရမ်းကို နာမည်ကြီး လွန်းလို့ မိန်းမပျိုလေးတွေနဲ့ မင်းသမီးလေးတွေတောင်မှ သူတို့ရဲ့ ပုံတူပန်းချီတွေကို သူတို့ ကုတင်ဘေးမှာ ချိတ်ဆွဲထားကြတာ။ သူတို့ရဲ့ အချစ်ကို ရဖို့ ညတိုင်း စိတ်ကူးယဉ် အိပ်မက်မက်ကြတာတဲ့ဗျ။"
ကျောက်စိမ်းမြို့တော်၏ အရှေ့ဘက်စွန်းရှိ အခန်းပေါင်း ဒါဇင်ချီရှိသော လက်ဖက်ရည် ဆိုင်ကြီး တစ်ခုတွင် ဧည့်သည် ရာနှင့်ချီ၍ ရှိနေသည်။ အားလုံးက ပုံပြောသူ ပြောပြနေ သော အနောက်ဘက်ဒေသ စစ်ပွဲအကြောင်းကို နားထောင်နေကြခြင်း ဖြစ်သည်။
မီးသွေးမီးများ တောက်လောင်နေပြီး ရေနွေးနွေးများ၊ မွှေးပျံ့သော လက်ဖက်ရည်နံ့များနှင့် မုန့်မျိုးစုံတို့ကြောင့် အပြင်ဘက်မှ အအေးဓာတ်မှာ အတွင်းသို့ မဝင်နိုင်ပေ။ မြို့သားတို့၏ အေးအေးဆေးဆေး နေတတ်သော လူနေမှုပုံစံကို ဖော်ပြနေသကဲ့သို့ အလွန်ပင် သာယာ လှသည်။
ပုံပြောဆရာမှာ အားမာန်အပြည့်ဖြင့် ပြောပြနေရာ ပရိသတ်များမှာ တစ်ခါတစ်ရံ တသောသော ရယ်မောကြသည်။
“အနောက်ဘက်ဒေသက အရိုင်းစိုင်းတွေကတော့ လူရိုင်းတွေပါပဲ။ မင်းသမီးလေးတွေက တောင် သူစိမ်းယောက်ျားပုံကို ကုတင်ဘေး ချိတ်ထားပြီး၊ ညတိုင်း တမ်းတနေတယ်ဆိုတာ ကတော့ လူ့ကျင့်ဝတ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေတာပဲ။ သူတို့ရဲ့ ယဉ်ကျေးမှုက အရမ်းလွန်လွန်းတယ်။” စာပေပညာရှင်တစ်ဦးက ခေါင်းယမ်းလိုက်သည်။
“အဲဒါကို ထားလိုက်ပါဦး။ ဒီ ‘ဟွာလျှိုသူရဲကောင်း ဆယ်ယောက်’ က တကယ်ရော အစွမ်းထက်ရဲ့လား။” ကုန်သည်ဝတ်စုံဝတ် လူတစ်ဦးက ပေါင်ကိုပုတ်၍ မေးသည်။
“အစွမ်းထက်တာထက် ပိုတာပေါ့၊ သူတို့က ကောင်းကင်က နဂါးတွေကို ဖမ်းနိုင်ရုံတင် မကဘူး မြေအောက်က တစ္ဆေတွေကိုတောင် ဖမ်းနိုင်တာ” ပုံပြောသူက အော်ပြောလိုက် သည်။ “ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကျွန့်ယွမ်သခင်လေး ရှေ့ရောက်တော့ အဲဒီသူရဲကောင်း တွေလည်း လူကြောက်တွေ ဖြစ်ကုန်တာပဲ။ ကျွန့်ယွမ်သခင်လေးက စစ်မြေပြင်မှာ ‘ချီလင်’ ဝိုင်းရံထားတဲ့ စစ်တပ်ကြီးကို ဦးဆောင်လာတာလေ။ သူ တစ်ချက်ဟစ်ကြွေးလိုက်တာနဲ့ အဲဒီ သူရဲကောင်း ဆယ်ယောက်စလုံး မြေကြီးပေါ် ပြားပြားဝပ်ပြီး အဖမ်းခံကြတော့တာ ပဲ။”
“တိုက်ခိုက်ရေး စွမ်းရည်မှာ ‘ချန်ပီယံမြို့စား’ က ပိုတော်တာ မဟုတ်ဘူးလား။” အခြားတစ်ဦးက ဝင်ပြောသည်။
“ချန်ပီယံမြို့စားက ဘာမှမဟုတ်ပါဘူး။” အခြေခံပညာရှင်တစ်ဦးက ခေါင်းမော့၍ ပြောလိုက်သည်။ “သူက သိုင်းပညာရှင် သက်သက်ပါပဲ။”
“မှန်တာပေါ့။” ပုံပြောသူက ဆိုသည်။ “ကျွန့်ယွမ်သခင်လေးက ‘သူတော်စင်ငယ်’ လေ။ စာမေးပွဲတုန်းက သူရေးခဲ့တဲ့ စာမူက သူတော်စင် တစ်ရာကိုတောင် တုန်လှုပ်စေခဲ့တာ။ အဲဒီစာမူရဲ့ စာလုံးတိုင်းက နေနဲ့လလို တောက်ပနေတာ။ တစ်ခုပြောပြမယ်၊ တကယ်လို့, လူကြီးမင်းတို့ရဲ့ အိမ်တွေမှာ မအေးချမ်းဘဲ မိစ္ဆာတွေ နှောင့်ယှက်နေရင် ကျွန့်ယွမ် သခင်လေးရဲ့ လက်ရေးမူ တစ်ခုလောက်ကို အိမ်ဦးခန်းမှာ ချိတ်ထားလိုက်ပါ။ အဲဒီက ဖြောင့်မတ်ခြင်း စွမ်းအင်တွေကြောင့် ဘယ်မိစ္ဆာမှ မကပ်နိုင်ဘူး။ နှစ်ပေါင်းထောင်ချီတဲ့ မိစ္ဆာခေါင်းဆောင်တွေနဲ့ တစ္ဆေအိုကြီးတွေတောင် ကြောက်လန့်အော်ဟစ်ပြီး မီးခိုးငွေ့ အဖြစ် ပျောက်ကွယ်သွားရလိမ့်မယ်။"
“အံ့သြစရာပဲ” အဲဒီလောက်တောင် အစွမ်းထက်တာလား။” ဆွေးနွေးသံများမှာ ဆူညံသွား တော့သည်။
"ဒါတောင် လျှော့ပြောထားတာနော်။ ကျွန်တော် ကြားရသလောက်ဆို ကျွန့်ယွမ် သခင်လေးရဲ့ အဲဒီလက်ရေးစာမူကို မီးရှို့ပြီး ရေနဲ့ဖျော်သောက်ရင် ရောဂါအားလုံး ပျောက်ကင်းရုံတင်မကဘူး၊ ဉာဏ်ပွင့်သွားပြီး စာပေအားလုံးမှာ ကျွမ်းကျင်သွားမှာတဲ့။ နန်းတွင်းစာမေးပွဲမှာ အောင်မြင်ပြီး ‘ကျင့်ရှီ’ (ပညာရှင်တစ်ဦး) ဖြစ်ဖို့ဆိုတာ အေးဆေးပဲ ပေါ့။ တကယ်လို့ လူကြီးမင်းတို့အိမ်က ကလေးတွေ စာမေးပွဲ ခဏခဏ ကျနေတယ်ဆိုရင် အဲဒီစာမူတစ်စောင်သာ ရအောင်ဝယ်ယူထား၊ သူ ချက်ချင်း ဉာဏ်ကောင်းသွားလိမ့်မယ်။"
"မနက်ဖြန်ကျရင် ငါလည်း အဲဒီလက်ရေးစာမူ တစ်စောင်လောက် ရအောင်ဝယ်ထားဦးမှ။ ရွှေဒင်္ဂါး ထောင်ချီပေးရရင်တောင် တန်တယ်၊ ဒါက ဘယ်ရတနာထက်မဆို ပိုကောင်းတာ ပဲ။" ကုန်သည်တစ်ဦးက ပြောသည်။
"ဟုန်ယွိရဲ့ နာမည်ကျော်ကြားမှုက ဒီလောက်အထိ ရောက်သွားလိမ့်မယ်လို့ ငါ မထင်ထား ဘူး၊ သာမန်ပြည်သူတွေကတောင် သူ့ကို ‘သူတော်စင်အလား’ ခေါ်ဆိုနေကြပြီ။"
လက်ဖက်ရည်ဆိုင်၏ ထောင့်တစ်နေရာတွင် လူငယ်အချို့ တိတ်ဆိတ်စွာ ထိုင်နေကြ သည်။ သူတို့၏ အကြည့်များမှာ တည်ငြိမ်နေသည်။ ခဏအကြာတွင် ထိုလူငယ်များမှာ ထရပ်လိုက်ပြီး တစ်ပြိုင်နက်တည်း ထွက်ခွာသွားကြသည်။
၎င်းမှာ ကျောက်စိမ်းမြို့တော်အတွင်းရှိ မြင်ကွင်းအသေးစားလေးတစ်ခုသာ ဖြစ်သည်။
...
မြို့တော်ရှိ ‘ဝမ်ချန်းလမ်း’ ၏ အဆုံးတွင် မွှေးရနံ့များ ပျံ့လွင့်နေပြီး ကခုန်သီဆိုသံများမှာ အမြဲတမ်း ကြားနေရသည်။ ၎င်းမှာ ကျောက်စိမ်းမြို့တော်၏ နံပါတ်တစ် ပျော်ပွဲရွှင်ပွဲ ခန်းမ ဖြစ်သော ‘ပန်းကြဲပြည့်တန်ဆာရုံ’ ကို ယှဉ်ပြိုင်နေသည့် ‘ရနံ့ဆောင်’ မျှော်စင်ပင် ဖြစ်သည်။
၎င်းမှာ အထက်တန်းလွှာများအတွက် နေရာတစ်ခု ဖြစ်သည်။ ရွှေဒင်္ဂါး သောင်းချီ ချမ်းသာ ကြွယ်ဝသော သူဌေးကြီးတစ်ဦးပင် ဖြစ်စေကာမူ ‘ရနံ့ဆောင်’ မျှော်စင်ထဲသို့ ဝင်ရောက်ရန် မလွယ်ကူပေ။
“စစ်တပ်က အနောက်ဘက်ဒေသကို ဒီလောက်မြန်မြန် ချိုးဖောက်နိုင်လိမ့်မယ်လို့ ဘယ်သူ မှ မထင်ထားခဲ့ဘူး။”
ထိုအချိန်တွင် ရနံ့ဆောင်မျှော်စင်၏ အထပ်မြင့်ရှိ ဆိတ်ငြိမ်သော အခန်းတစ်ခုအတွင်း၌ ကွန်ဖြူးရှင် ပညာရှင်ဝတ်စုံ ဝတ်ဆင်ထားသော ကလေးတစ်ဦးနှင့် လူငယ်တစ်ဦး ထိုင်နေ ကြသည်။ ထိုသူနှစ်ဦးမှာ အခြားသူမဟုတ်၊ ‘မိုးကြိုးကပ်ဘေး’ ကို ကျော်ဖြတ်ထားပြီး တန်ခိုးစွမ်းအားများစွာ တိုးတက်လာသည့် ‘ဖန်းယွမ်’ နှင့် ‘လီဖေးယွီ’ တို့ပင် ဖြစ်သည်။
“ဟုတ်တယ်၊ ဟုန်ယွိကို တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက် အချိန်ဆွဲထားနိုင်မယ်လို့ ငါ ထင်ခဲ့တာ။” ဖန်းယွမ်က အေးစက်စွာ ပြောလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ “ပန်းကြဲပြည့်တန်ဆာရုံက ‘တိုင်ရှန်တာအိုဂိုဏ်း’ ရဲ့ ပိုင်ဆိုင်မှုပဲ။ ဒီ ‘ရနံ့ဆောင်’မျှော်စင်ရဲ့ ပိုင်ရှင်ကရော ဘယ်သူလဲ။ အစ်ကိုဖေးယွီ... မင်း တစ်ခုခု သတိထားမိလား။”
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ က ‘ကောင်းကင်ရနံ့ဂိုဏ်း’ ဖြစ်ဖို့ များတယ်။” လီဖေးယွီက ဆိုသည်။ "ဟုန်ယွိက အခု အနောက်ဘက်ဒေသ မဟာမိတ်စစ်တပ်ကို ချေမှုန်းနိုင်ခဲ့ပေမဲ့၊ နန်းတွင်းမှာ သူ့ကို ထိန်းချုပ်မယ့် ဟုန်ရွှန်ကျိ ရှိနေသေးတာက ငါတို့အတွက် အကျိုးရှိ တယ်။ အစ်ကို ‘ထန်’ ရှာနေတဲ့ စစ်ကူတွေကရော ဘယ်လို အခြေအနေ ရှိလဲဆိုတာပဲ သိချင်တာ။”
“အစ်ကိုထန် ရှာလာမယ့် စစ်ကူတွေကတော့ ကျိန်းသေပေါက် ကျွမ်းကျင်သူတွေ ဖြစ်မှာ ပဲ။” ဖန်းယွမ်က ပြောသည်။ “ဒါကို ထားပါဦး။ နန်းတော်ထဲက မိန်းမစိုးတွေနဲ့ နန်းတွင်းသူ တွေ ကိစ္စက ဘာတွေ ဖြစ်နေတာလဲ။ အစ်ကိုဖေးယွီ... မင်းရော နန်းတော်ထဲကို ညဘက် သွားပြီး စူးစမ်းကြည့်ဖို့ စိတ်ဝင်စားလား။”
“ဘယ်တော့မှ မလုပ်လိုက်နဲ့၊ အခု နန်းတော်က အရင်လို မဟုတ်တော့ဘူး။ လျှို့ဝှက် ဆန်းကြယ်ပြီး နက်နဲလွန်းတယ်။ ငါတို့ ဟုန်ယွိလက်ထဲမှာ အကြိမ်ကြိမ် ရှုံးနိမ့်ဖူးတော့ သတိထားရမယ်။ ဟဲဟဲ... ငါ သိတာတစ်ခုကတော့ ဟုန်ယွိ မြို့တော်ကို ပြန်ရောက်ရင် ‘ညှို့ငင်မြေခွေးဘုရင်မ’ (ကြင်ယာတော်ယွမ်) ကို ရှာဖို့ ညဘက် နန်းတော်ထဲ သေချာ ပေါက် ခိုးဝင်မှာပဲ။" လီဖေးယွီက ဆက်ပြောသည် "မျောက်ဝံဖြူဘုရင် ‘ပိုင်ဇိယွဲ့’ က အခု ‘အစစ်မှန် ခုနှစ်စဉ်ကြယ်ဂိုဏ်း’ ရဲ့ ဂိုဏ်းချုပ် ဖြစ်နေတာ၊ တလောကလုံးက ကျင့်ကြံသူ တွေထဲမှာ မျောက်ဝံဖြူဘုရင်နဲ့ ညှို့ငင်မြေခွေးဘုရင်မတို့ တွဲနေတယ်ဆိုတာ မသိသူ ဘယ်သူ ရှိမလဲ။ မျောက်ဝံဖြူဘုရင်က အခု ကျင့်ကြံနေတာဆိုတော့ ‘ညှို့ငင်မြေခွေး ဘုရင်မကို စောင့်ရှောက်ဖို့ ဟုန်ယွိကို အပ်ထားတာ။ ဒီအဆက်အသွယ်နဲ့ ဟုန်ယွိက နန်းတော်ထဲကို ညဘက်ဝင်ပြီး ငါတို့အတွက် လမ်းစရှာပေးလိမ့်မယ်။"
“ကောင်းလိုက်တဲ့ အကြံပဲ။”
ဖန်းယွမ်က ခေါင်းညိတ်လိုက်ပြီး ထရပ်လိုက်သည်။ "နန်းတော်ထဲကိုတော့ ငါတို့ အခု လောလောဆယ် မဝင်သေးဘူး။ ဒါပေမဲ့ ဒီရနံ့ဆောင်မျှော်စင်ကိုတော့ ငါ အသေအချာ စုံစမ်းချင်သေးတယ်။"
“ရှင်တို့ နှစ်ယောက်က ရနံ့ဆောင်မျှော်စင်ကို တကယ်ပဲ စူးစမ်းဖို့လာတာလား၊ ဒါမှမဟုတ် ပျော်ပါးချင်တာလား။”
ဖန်းယွမ် ထရပ်လိုက်သည်နှင့် တစ်ပြိုင်နက် မွှေးရနံ့တစ်ခုမှာ အခန်းထဲသို့ လွင့်ပျံလာ သည်။
ဖန်းယွမ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်။ သူက လက်ကို ဆန့်ထုတ်လိုက်ရာ အနက်ရောင် စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ထိုရနံ့ဆီသို့ ပစ်လွှတ်လိုက်သည်။ ဘုန်း.. ရုတ်တရက် ထိုရနံ့မှာ ပေါက်ကွဲသွားပြီး ပျောက်ကွယ်သွားခဲ့သည်။ ဖန်းယွမ်သည်လည်း နောက်သို့ တစ်လှမ်း ဆုတ်သွားရသည်။
“ခြောက်ကြိမ်မြောက် မိုးကြပ်ကပ်ဘေးအဆင့် ကျွမ်းကျင်သူပဲ၊ သွားကြစို့။” ဖန်းယွမ်နှင့် လီဖေးယွီတို့မှာ မဆိုင်းမတွပင် ဟင်းလင်းပြင်အတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားကြ တော့သည်။
ထို့နောက် အခန်းထဲရှိ ရနံ့များ စုစည်းသွားပြီး မျက်နှာဖုံးစွပ်ထားသော အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်၊ သူမမှာ ‘ယွမ်ရှန်းရှန်း’ပင် ဖြစ်သည်။
“ကောင်းကင်မိစ္ဆာအငွေ့အသက်ပဲ။ သူတို့နှစ်ယောက်က ဒီပညာကို ဘယ်လိုရလာတာလဲ။ ဖန်းယွမ်က သူတော်စင် ဧကရာဇ်ရဲ့ အမွေကို ဆက်ခံထားတာ မဟုတ်ဘူးလား။” ယွမ်ရှန်းရှန်း တွေးတောနေမိသည်။ "ဒီနှစ်ယောက်ရဲ့ တန်ခိုးစွမ်းအားက ငါတောင် အလွယ် တကူ မဖမ်းနိုင်တဲ့အထိ ရောက်နေပြီလား။ ဒါပေမဲ့ သူတို့ပြောတာကလည်း သံသယ ဖြစ်စရာပဲ။ အခု နန်းတော်က တကယ်ပဲ အပြောင်းအလဲကြီး ဖြစ်နေတာ၊ ငါတောင်မှ အလွယ်တကူ မဝင်ရဲဘူး။ ဟုန်ယွိရဲ့ တန်ခိုးအစွမ်းက ငါ့ထက် ဆယ်ဆလောက် ပိုနေပေမဲ့ ညဘက် ခိုးဝင်ဖို့ဆိုတာ သိပ်မသင့်တော်ဘူး။ အခုဆိုရင် သူ့ရဲ့ စစ်တပ်ကြီးလည်း ကျောက်စိမ်းမြို့တော်ကို မကြာခင် ရောက်တော့မှာပဲ...”
...
နောက်တစ်နေ့ မွန်းတည့်ချိန်၊ ကျောက်စိမ်းမြို့တော်နှင့် မိုင်အနည်းငယ် အကွာ။
အေးစက်သော လေပြင်းများအကြားတွင် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် စနစ် တကျ ဖွဲ့စည်းထားသော စစ်တပ်ကြီးမှာ မိုင်ပေါင်းများစွာ ရှည်လျားစွာ တန်းစီနေသည်။ သူတို့သည် မရေမတွက်နိုင်သော သုံ့ပန်းလှောင်အိမ်များကို စောင့်ကြပ်လာကြပြီး ခန့်ညား သော ဂုဏ်ပြုတပ်ဖွဲ့များမှာလည်း လမ်းမကြီးပေါ်တွင် တည်ရှိနေကြသည်။
လမ်းမကြီး၏ ဝဲယာတွင် တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့များ စနစ်တကျ နေရာယူထားကြ သည်။ သူတို့က စစ်တပ်ကြီးကို ကြိုဆိုရန်နှင့် လမ်းရှင်းရန် ရောက်ရှိနေခြင်း ဖြစ်သည်။
လမ်းမကြီး၏ အပြင်ဘက်ရှိ လယ်ကွင်းများထဲတွင်မူ မရေမတွက်နိုင်သော ပြည်သူများနှင့် ကုန်သည်များ စုရုံးနေကြပြီး တောင်ပြိုကမ်းပြို ပင်လယ်လှိုင်းလုံးကြီးများ မြင့်တက် သကဲ့ သို့ ကျယ်လောင်သော ကြွေးကြော်သံများက ကောင်းကင်ယံရှိ တိမ်တိုက်များကိုပင် လွင့်စင်သွားစေသည်။
ထိုလူထောင်ပေါင်းများစွာ၏ ကြွေးကြော်သံများကြောင့် အေးစက်သော လေပြင်းများပင် နွေးထွေးလာခဲ့သည်။
လမ်းမကြီးပေါ်တွင် ချီတက်လာသူများမှာ ဟုန်ယွိနှင့် နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူး တို့၏ အောင်ပွဲရ စစ်တပ်ကြီးပင် ဖြစ်သည်။ သူတို့ စောင့်ကြပ်လာသော သုံ့ပန်းများမှာ နာမည်ကျော် သူရဲကောင်းများ၊ ဘုရင်များ၊ စစ်သေနာပတိများနှင့် အနောက်ဘက်ဒေသ ‘ဟွာလျှို’ နိုင်ငံ၏ ဧကရာဇ်အကြံပေးပင် ဖြစ်သည်။
သူတို့ မြို့တော်အနီးသို့ ရောက်လာသည်နှင့် တော်ဝင်မျိုးနွယ်များ၊ ကုန်သည်များနှင့် ပြည်သူများက သူတို့ကို အရင်ဆုံး မြင်တွေ့လိုလှသဖြင့် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိများမှာ ပုရွက်ဆိတ်များကဲ့သို့ အလုပ် များနေကြသည်။ လမ်းတစ်လျှောက်တွင် အမွှေးတိုင်များ ထွန်းညှိထားသလို၊ ဝိုင်အိုးများ၊ သစ်သီးများနှင့် မည်သည့်နေရာမှ ရလာသည်မသိသော လတ်လတ်ဆတ်ဆတ် ပန်းများကို ပြင်ဆင်ထားကြသည်။ တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော တူရိယာသမားများက အောင်ပွဲခံ တေးဂီတများကို တီးမှုတ်နေကြသည်။
ပန်းများ၊ သစ်သီးဝိုင်များ၊ နံ့သာဖြူများ၊ ကင်ထားသော အသားများနှင့် တေးဂီတများကို မြို့တော်မှစ၍ မိုင်ပေါင်းရာချီအထိ ပြင်ဆင်ထားသဖြင့် ပြန်လာသော စစ်သူကြီးများနှင့် စစ်သည်များမှာ လမ်းတစ်လျှောက်တွင် အားပါးတရ စားသောက်နိုင်ကြသည်။ သို့သော် ဤစစ်တပ်ကြီးမှ မည်သူတစ်ဦးမျှ စားသောက်ရန် လူစုမခွဲဘဲ တိတ်ဆိတ်စွာ ချီတက်နေကြ သဖြင့် သူတို့၏ အရှိန်အဝါမှာ ပို၍ပင် ခန့်ညားလှပေသည်။
ကြီးမားလှသော ဝူးမန်တံခါး ရှေ့တွင်မူ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိ ရာပေါင်း များစွာက ဝဲယာနှစ်ဖက်ခွဲ၍ ရပ်နေကြသည်။ သူတို့ထဲတွင် ဌာနကြီး ခြောက်ခုမှ ဝန်ကြီး များ၊ ဒုဝန်ကြီးများနှင့် လက်ထောက်ဝန်ကြီးများ ပါဝင်ပြီး တန်းစီထားသည်မှာ မိုင်ပေါင်း များစွာ ရှည်လျားသည်။
တစ်ချိန်တည်းမှာပင် နိုင်ငံခြား သံတမန်အဖွဲ့များစွာသည်လည်း တော်ဝင်ကိုယ်ရံတော် များ၏ အနောက်တွင် နေရာယူထားကြပြီး တော်ဝင်ချန် တော်ဝင်မိသားစု၏ မြင့်မြတ် သော အောင်ပွဲရ အရှိန်အဝါကို အားကျငေးမောရင်း စောင့်ကြည့်နေကြသည်။
“ဒါက တကယ်ပဲ နှစ်ပေါင်းထောင်ချီအတွင်း မမြင်ဖူးတဲ့ ခမ်းနားတဲ့ မြင်ကွင်းကြီးပဲ။ ဟုန်ရှီ... ဒီတစ်ခါတော့ ဧကရာဇ်က တင်းကျပ်တဲ့ အမိန့်တစ်ခု ထုတ်ထားတယ်၊ အရပ်ဘက်နဲ့ စစ်ဘက် အရာရှိတွေ အားလုံး အောင်ပွဲရစစ်တပ်ကို ကြိုဆိုဖို့ ဒူးထောက်ရ မယ်တဲ့။ ခဏနေရင် မင်းက မင်းရဲ့ညီ ဟုန်ယွိရဲ့ ရှေ့မှာ ဒူးထောက်ရတော့မှာပေါ့။"
ဝူးမန်တံခါးတွင် ရပ်နေသော တော်ဝင်ကိုယ်ရံတော် စစ်သေနာပတိ ငါးဦးအနက် အငယ်ဆုံးဖြစ်သည့် စစ်သေနာပတိ တစ်ဦးက ဟုန်ရှီကို လှမ်း၍ ပြောလိုက်တော့သည်။
အခန်း (၅၄၈)။
ကျောက်စိမ်းမြို့တော် တစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေ၏။ ဝူးမန်တံခါး တစ်ဝိုက်တွင် လူအုပ်ကြီးမှာ တိုးမပေါက်အောင် များပြားလှပြီး အလံအမျိုးမျိုးမှာလည်း လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေကြသည်။ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ အားလုံးကို အခြေအနေကို ထိန်းသိမ်းရန်အတွက် တာဝန်ချထားရသည်။ တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့၏ တပ်မှူးငါးဦး အနက် တစ်ဦးဖြစ်သော ' နတ်ဘုရားသခင် ဗျူဟာတပ်ရင်း' ၏ တပ်မှူးဖြစ်သည့် ဟုန်ရှီ သည် သဘာဝအတိုင်း ကြီးမားသော တာဝန်ကို ထမ်းဆောင်ရသည်။ ထို့ကြောင့် သူသည် အနောက်ဘက်ဒေသမှ ဖမ်းဆီးလာသော သုံ့ပန်းများကို ကြိုဆိုသည့် အခမ်းအနားတွင် မဖြစ်မနေ ရှိနေရမည် ဖြစ်သည်။
အနောက်ဘက်ဒေသကို အောင်နိုင်ခြင်းနှင့် ဝူးမန်တံခါးတွင် သုံ့ပန်းများကို ဆက်သခြင်း တို့မှာ အလွန်ကြီးကျယ်သော ဖြစ်ရပ်နှစ်ခုပင်။ ဧကရာဇ်က အမိန့်တော် ထုတ်ပြန်ထား သည်မှာ စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ အရာရှိများ အားလုံးသည် အောင်ပွဲရစစ်တပ်ကြီး ကို ကြိုဆိုရန် ဒူးထောက်ရမည် ဟူ၍ ဖြစ်သည်။ ၎င်းမှာ အနောက်ဘက်ဒေသ စစ်သည် တော်များနှင့် ဟုန်ယွိတို့ကို အမြင့်ဆုံး ဂုဏ်ပြုမှုအဖြစ် ပေးအပ်ခြင်း ဖြစ်သည်။
ဟုန်ယွိသည် ဝူးဝမ်မြို့စား ဟုန်ရွှန်ကျိ၏ တရားမဝင်သား (ကိုယ်လုပ်တော်သား) ဖြစ်သလို ဟုန်ရှီ၏ ညီလည်း ဖြစ်သည်။ ထို့အပြင် သူသည် အိမ်တော်တွင် အနှိမ်ခံခဲ့ရသူ ဖြစ်သဖြင့် သူတို့ကြားက ဆက်ဆံရေးမှာ အလွန်ပင် သိမ်မွေ့နက်နဲလှသည်။
ဟုန်ယွိ နာမည်ကျော်ကြားလာပြီးနောက် သူ၏ စာစီစာကုံးများက တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပြီး၊ ဟုန်ယွိနှင့် ဝူးဝမ်မြို့စား မိသားစုကြားရှိ ပတ်သက်မှုကို လူတိုင်းနီးပါး သိရှိနေကြပြီ ဖြစ်သည်။ တရားမဝင်သားတစ်ဦးက ဤမျှအထိ နာမည်ကျော်ကြားလာခဲ့ပြီ။ သို့ဆိုလျှင် တရားဝင်သားနှင့် ဧကရာဇ်အကြံပေး ဝူးဝမ်မြို့စားတို့အနေဖြင့် မည်သို့ ခံစားရ မည်နည်း။
ဟုန်ယွိသည် သူ၏ စာပေဂုဏ်သတင်းနှင့် ထူးချွန်သော သိုင်းပညာရပ်များကို ဆုပ်ကိုင်ကာ နန်းတွင်းသို့ အောင်ပွဲရ စစ်သူကြီးအဖြစ် ပြန်လာခဲ့ပြီ။ ရှေးခေတ်က အသက် ၁၂ နှစ်အရွယ် ဝန်ကြီးချုပ်ကဲ့သို့ပင် သူသည် အနာဂတ်တွင် အရေးပါသော မြို့စားနယ်စား အသစ်တစ်ပါး ဖြစ်လာမည်မှာ သေချာသည်။
ာင်တစ်ချိန် နန်းတွင်း၌ ဖြစ်ပေါ်လာမည့် သားအဖနှစ်ဦးကြား အားပြိုင်မှုများမှာ လူအများ စိတ်ဝင်စားရာ အချက်အခြာ ဖြစ်လာခဲ့သည်။
အမှားအမှန်များနှင့် နန်းတွင်းအတွင်းရှိ မငြိမ်မသက်မှုများမှာ မကြာခင်မှာ လှုပ်ခတ်လာ တော့မည် ဖြစ်သည်။
ထိုအခိုက်တွင် 'တောက်ပသောကျားတပ်ရင်း' ၏ တပ်မှူး 'ဝူကျင်းပေါ်' သည် အနက်ရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဟုန်ရှီကို လှောင်ပြုံးဖြင့် ကြည့်ကာ စိတ်ဝင်စားစရာကောင်း သော လေသံဖြင့် မေးမြန်းလိုက်ရာ လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။
သိက္ခာရှိလှသော တရားဝင် သားကြီးတစ်ယောက်က တရားမဝင် သားတစ်ယောက်၏ ဂုဏ်ထူးဆောင်အတွက် ဂုဏ်ပြုရန် ရှေ့တွင် ဒူးထောက်ရတော့မည် မဟုတ်ပါလား။ အထူးသဖြင့် သူတို့နှစ်ဦးကြားရှိ ရန်ငြိုးမှာ အလွန်ပင် ကြီးမားလှပြီး မိခင်ဖြစ်သူကို သတ်ဖြတ်ခဲ့သည့် နာကျည်းမှုများပင် ပါဝင်နေသည်။
“ဟုန်ယွိက ဒီလောက်ကြီးမားတဲ့ အောင်မြင်မှုကြီးကို ရထားတာဆိုတော့ ဒီလိုဂုဏ်ပြုမှုကို ခံယူရတာက သဘာဝကျပါတယ်။ ဒါပေမဲ့ သူ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ သူလည်း ခဏနေရင် ဧကရာဇ်မင်းမြတ်ရှေ့မှာ ဒူးထောက်ရမှာပဲ။ ငါတို့ အားလုံးက ဧကရာဇ်ရဲ့ အစေအပါးတွေပဲဆိုတော့ ဒါက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး။”
ဟုန်ရှီသည် တောက်ပသောကျားတပ်ရင်း တပ်မှူး၏ စကားကို အေးစက်တည်ငြိမ်သော လေသံဖြင့် တုံ့ပြန်လိုက်သည်။
“ဟင်… ဒီဟုန်ရှီက အိမ်ရှေ့စံမင်းသားနောက် လိုက်ပြီး ချင်ပြည်နယ်ကို သွားတုန်းက ‘ချန်ပီယံမြို့စား’ လက်ထဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ဖူးတယ်။ အဲဒီ အတွေ့အကြုံကြောင့်ပဲ သူက အရင်ကထက် ပိုပြီး နက်နဲတည်ငြိမ်လာတာလား။” တပ်မှူးအချို့က ဟုန်ရှီ၏ ခံစားချက်မဲ့နေသည့် မျက်နှာပေးကို ကြည့်ပြီး တိတ်တဆိတ် သတိထားမိလိုက်ကြသည်။
“ဟော... ဟိုမှာကြည့်စမ်း၊ လမ်းမကြီးပေါ်မှာ စစ်တပ်ကြီးရဲ့ အရိပ်တွေ မြင်နေရပြီ။ သူတို့ လာနေကြပြီ၊ ဧကရာဇ်မင်းမြတ်ကရော ဘယ်အချိန်ကျမှ ရောက်လာမှာလဲ။ ဓလေ့ ထုံးတမ်းနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အရာရှိတွေရော အဆင်သင့်ဖြစ်ပြီလား။”
အရပ်ဘက်နှင့် စစ်ဘက် အရာရှိများထဲမှ မျက်စိလျှင်သော ကျွမ်ကျင်သူတစ်ဦးက ရှေ့သို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။
အမှန်ပင်... လမ်းမကြီး၏ အဆုံးတွင် တဖျတ်ဖျတ် လွင့်နေသော အလံများနှင့်အတူ ရဲရင့် တက်ကြွသော စစ်တပ်ကြီး ပေါ်လာခဲ့ပြီ။
ထိုကျွမ်းကျင်သူ၏ စကားက အဖြေပေးလိုက်သကဲ့သို့ပင်...
ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း...၊
ကမ္ဘာပျက်မတတ် ကျယ်လောင်သော အမြောက်သံများ မြို့ထဲမှ ထွက်ပေါ်လာပြီး ကျောက်စိမ်းမြို့တော် တစ်ခုလုံး မြေကြီးပေါ်မှ ခုန်တက်မတတ် တုန်လှုပ်သွားစေကာ လူတိုင်း၏ နားများ အူသွားကြသည်။
ကျောက်စိမ်းမြို့တော်၏ မြို့ရိုးများပေါ်တွင် သံချပ်ကာ အမြောက်ပေါင်း တစ်ထောင်ကျော် ရုတ်တရက် ပေါ်လာပြီး၊ မြို့တော်ကို ဝန်းရံထားကာ၊ ကောင်းကင်ယံသို့ ပေါက်ကွဲထွက် သွားသော မီးလျှံများကို မှုတ်ထုတ်လိုက်ရာ လေထုထဲတွင် ကန့်နှင့် ယမ်းစိမ်းနံ့များ ဖုံးလွှမ်း သွားသည်။ ကောင်းကင်နှင့် မြေကြီးကို တုန်ခါစေနိုင်သော ဤကြီးမားသည့် ခွန်အားမှာ ကောင်းကင်ယံရှိ တိမ်တိုက်များကိုပင် တုန်လှုပ်သွားစေသည်။
“သံချပ်ကာ နတ်ဘုရားမိုးကြိုးအမြောက်တွေပဲ။ ဒါက နန်းတွင်းက လူရိုင်းတွေကို ခြောက်လှန့်ဖို့ သုံးတဲ့ အမြောက်တွေပဲ။”
အမြောက်သံများ ထွက်ပေါ်လာသည်နှင့် လူသောင်းနှင့်ချီ၍ ငြိမ်သက်သွားကြသည်။ လူတိုင်းမှာ မှင်တက်သွားကြပြီး သူတို့၏ ရုပ်ခန္ဓာအတွင်းရှိ စိတ်ဝိညာဉ်များမှာ တုန်ခါသွား ကာ ထိတ်လန့်တကြား ဖြစ်သွားကြသည်။ အချို့သော နိုင်ငံခြား သံတမန်များမှာမူ ဟန်ချက်မထိန်းနိုင်ဘဲ ပျော့ခွေသွားကြသည်။
သံချပ်ကာ နတ်ဘုရားမိုးကြိုး အမြောက် တစ်ထောင်ကျော်၏ မြည်ဟီးသံကြောင့် မြို့တော် တစ်ခုလုံးမှာ ပြင်းထန်သော ‘ယန်’ စွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။ ထိုအချိန်တွင် မြို့တော်ထဲ၌ တစ္ဆေအင်မော်တယ်တစ်ဦး ပုန်းကွယ်နေလျှင်ပင် ထိုစွမ်းအင်ကြောင့် စိတ်ဝိညာဉ် ကွဲကြေကာ ပျောက်ကွယ်သွားပေလိမ့်မည်။
သံချပ်ကာ နတ်ဘုရားမိုးကြိုး အမြောက်သံများက အရာအားလုံးကို တပ်လှန့်လိုက်သကဲ့သို့ ပင်...
မိုးကြိုးအမြောက်သံများ ငြိမ်သက်သွားပြီးနောက် မြို့အတွင်းပိုင်းမှ လူသန်းပေါင်းများစွာ ၏ ဟစ်ကြွေးသံများမှာ ပင်လယ်လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာသည်။
“ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ” “ဧကရာဇ်မင်းမြတ် သက်တော်ရာ ကျော် ရှည်ပါစေ” “ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။”
အဝေးရှိ လမ်းမကြီး၏ အလယ်တွင် တောက်ပသော အဝါရောင် ထီးနန်းအဆောင် အယောင်များ ပေါ်လာပြီး၊ ရွှေရောင်ဗူးသီးများ၊ ပန်းချီဆွဲထားသော လှံရှည်များ၊ နဂါးအလံ များနှင့် အခြားသော အခမ်းအနားသုံး တူရိယာများကို ကိုင်ဆောင်ထားသည့် စစ်သည် တော် အုပ်စုကြီးမှာ တန်းစီ၍ ထွက်လာကြသည်။
နန်းတွင်း ကျွမ်းကျင်ပညာရှင်များ၊ ဝန်ကြီးများ၊ မင်းသားများနှင့် မင်းသမီးများနှင့် တော်ဝင် မိသားစုဝင် အမြောက်အမြားသည် လနှင့်ကြယ်များပမာ ဝန်းရံလျက်၊ လူ ၃၆ ယောက် ထမ်းထားသော အလွန်ကြီးမားသည့် အဝါရောင် တော်ဝင်ဝေါယာဉ်တော်ကြီးကို ပင့်ဆောင်လာကြသည်။
ထိုဝေါယာဉ်ပေါ်တွင် စံပယ်နေသူမှာ ဤမဟာကမ္ဘာကြီး၏ နံပါတ်တစ်ပုဂ္ဂိုလ်၊ ကောင်းကင်နှင့် မြေကြီး၏ အရှင်သခင် တောင်ဝင်ချန် ဧကရာဇ် ယန်ဖန်ပင် ဖြစ်သည်။
ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိသည် ဝေါယာဉ်၏ အောက်ခြေတွင် မတ်တပ်ရပ်လျက် လိုက်ပါလာသည်။
ဝေါယာဉ်တော် ဖြတ်သန်းရာ လမ်းဘေးဝဲယာရှိ လူအုပ်ကြီးမှာ ဂျုံမှည့်ခင်းများ လေတိုက်၍ ယိမ်းနွဲ့သွားသကဲ့သို့ ဦးညွှတ်လိုက်ကြသည်။ အိမ်တိုင်း၏ ရှေ့တွင် အမွှေးတိုင် အိုးများကို ချထားကြပြီး လူတိုင်းက မိမိတို့ သတ်မှတ်ထားသော နေရာများတွင် ဒူးထောက်ကာ ဧကရာဇ် ဖြတ်သန်းသွားသည်အထိ စောင့်ဆိုင်းနေကြရသည်။
ဝေါယာဉ်သည် ဝူးမန်တံခါးတွင် ရပ်တန့်လိုက်သောအခါ စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ အရာရှိအားလုံး ချက်ချင်း ဒူးထောက်ကာ ဦးတိုက်ကြသည်။
“အားလုံး ထကြ။ ရှေ့ကိုသွားပြီး အနောက်ဘက်ဒေသက အောင်ပွဲရ စစ်သည်တော်တွေကို ဒူးထောက်ကြိုဆိုကြ။” ချန်ဧကရာဇ်၏ အသံတော်မှာ ပျံ့လွင့်သွားရာ လူတိုင်းကို တုန်လှုပ် စေသည်။ ထိုအသံတွင် အရာအားလုံးကို ထိန်းချုပ်ထားသော ပြင်းထန်သည့် ဖိအားများ ပါဝင်နေသဖြင့် မည်သူမျှ မတွန်းလှန်နိုင်ပေ။ အဝေးရှိ လယ်ကွင်းပြင်များ၊ တောင်ကုန်းများ နှင့် လျှိုမြောင်များထဲတွင် ပုန်းကွယ်ကြည့်ရှုနေကြသော သာမန်ပြည်သူများနှင့် ကျွမ်းကျင် သူများပင် ထိုအသံကို ကြားရသောအခါ စိတ်နှလုံးသားထဲတွင် ထိတ်လန့်သွားကြသည်။ သူတို့သည် ဧကရာဇ် ယန်ဖန် သတိထားမိမည်ကို စိုးရိမ်သဖြင့် ခေါင်းကို ပို၍ ငုံ့ထားလိုက် ကြသည်။
“ဒီဧကရာဇ် ယန်ဖန်က အရမ်းအစွမ်းထက်တာပဲ၊ သူက ‘အမှောင်ဧကရာဇ် တာအိုသခင်’ ရဲ့ အရှိန်အအဝါမျိုး ရှိနေတာလား။ သူက ‘ဖန်ဆင်းရှင်’ အဆင့်ကို ရောက်သွားပြီလား။ မဖြစ်နိုင်တာ၊ ဒါမှမဟုတ် သူက ဖန်ဆင်းခြင်းသင်္ဘောရဲ့ စွမ်းအားကို သုံးပြီး သူ့ရဲ့ မူလ ဝိညာဉ်နဲ့ ပေါင်းစပ်ထားတာလား။”
လျှို့ဝှက် ထောင့်တစ်နေရာတွင် ပုန်းကွယ်နေသည့် ယွန်မင်နိုင်ငံမှ ဧကရာဇ်အကြံပေး 'ယုဝမ်မူ' သည် ထိုအသံကို ကြားသောအခါ တိတ်တဆိတ် အံ့သြသွားရသည်။
“ဟုန်ယွိနဲ့ ဟုန်ရွှန်ကျိ... ဒီသားအဖနှစ်ယောက် အခုလိုမျိုး ဆုံတွေ့ကြတဲ့အခါ ဘယ်လို မျက်နှာထားမျိုး ရှိကြမလဲ။ ယန်ဖန်... ခင်ဗျား တကယ်ကို တော်တဲ့လူပဲ။ ဒီတစ်ခါ ဝူးမန်တံခါးမှာ သုံ့ပန်းဆက်သတဲ့ အစီအစဉ်က ခင်ဗျားရဲ့ အာဏာကို ပြသရုံတင်မကဘူး၊ ဟုန်ယွိကိုပါ ခင်ဗျားရှေ့မှာ ဦးညွှတ်ခိုင်းလိုက်တာပဲ။ ဟုန်ယွိကရော ဒါကို ဘယ်လို ကိုင်တွယ်မလဲ ငါ သိချင်မိရဲ့။”
ထိုအချိန်တွင် ယုဝမ်မူ တစ်ယောက်တည်းသာ ဤသို့ တွေးနေခြင်း မဟုတ်ပေ။ ပုန်းကွယ် နေကြသော ကျွမ်းကျင်သူ အများအပြားမှာလည်း ထိုသို့ပင် တွေးနေကြသည်။
အခြေအနေကို သိရှိသူ မည်သူမဆို ယခု အခြေအနေမှာ အလွန်ပင် နူးညံ့သိမ်မွေ့ကြောင်း သိကြသည်။ ဧကရာဇ် ယန်ဖန်၊ ဟုန်ရွှန်ကျိနှင့် ဟုန်ယွိတို့၏ ဆက်ဆံရေးမှာ ရှုပ်ထွေး လှသည် — မင်းနှင့်အစေခံ၊ သားနှင့်အဖ။
...
မွန်းတည့်ချိန် အမြောက်သံများအကြားတွင် ဧကရာဇ်၏ ဝေါယာဉ်တော်ကြီးနှင့်အတူ ဝန်ကြီးများမှာ ဝူးမန်တံခါးသို့ ရောက်ရှိလာခဲ့သည်။
အဝေးမှ နတ်ဘုရားတန်ခိုးရှင်ဘုရင်၏ စစ်တပ်ကြီးသည် ဓလေ့ထုံးတမ်း ယဉ်ကျေးမှု ဝန်ကြီးဌာန အရာရှိများ၏ အကြောင်းကြားချက်ကို ရရှိထားနှင့်ပြီ ဖြစ်သည်။ ထိုအခမ်း အနား ကြီကို မြင်သောအခါ စစ်သူကြီးများမှာ မြင်းပေါ်မှ ဆင်းကြပြီး၊ အရာရှိများမှာလည်း ဝေါယာဉ်များပေါ်မှ ဆင်းကာ ကြိုဆိုရန် ရှေ့သို့ တက်လာကြသည်။
သို့သော်လည်း ထိုအထဲတွင် ဝေါယာဉ်တစ်ခုသာလျှင် အောက်သို့ မဆင်းဘဲ လူများက အဝေးမှ ထမ်းလာခဲ့သည်။
လူတိုင်းသည် နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူးကို မြင်တွေ့ရသော်လည်း 'သူတော်စင် ငယ်' သို့မဟုတ် 'ကျွန့်ယွမ်သခင်လေး ' ဟုန်ယွိကိုမူ မမြင်ရပေ။ ဟုန်ယွိသည် ထိုဝေါယာဉ် အတွင်း၌ ထိုင်နေပြီး၊ ဧကရာဇ်၏ နဂါးဝေါယာဉ်တော် ရှေ့တွင်ပင် အောက်သို့ ဆင်းမလာ ခြင်း ဖြစ်သည်ဟု လူတိုင်းက ယူဆလိုက်ကြသည်။
ချက်ချင်းပင် ဒူးထောက်နေသော အရာရှိများအပါအဝင် လူတိုင်းက ဆွေးနွေးငြင်းခုံလာကြ ပြီး၊ အားလုံးက ဟုန်ရွှန်ကျိဆီသို့ လှည့်ကြည့်လိုက်ကြသည်။
ဟုန်ယွိ၏ လုပ်ရပ်မှာ ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက်နေပြီ ဖြစ်သည်။
သို့သော် သူသာ ဝေါယာဉ်ပေါ်မှ ဆင်းလာခဲ့ပါက၊ ဟုန်ရှီက အရာရှိများကြားတွင် ဒူးထောက်နေရသလို၊ ဟုန်ရွှန်ကျိကလည်း နောက်ပိုင်းတွင် ဦးညွှတ်ရတော့မည် ဖြစ်ရာ၊ ၎င်းမှာ ကျင့်ဝတ်စည်းကမ်းများကို ပို၍ပင် ထိခိုက်စေပေလိမ့်မည်။
လူတိုင်း၏ အကြည့်များအောက်တွင် နတ်ဘုရားတန်ခိုးရှင်ဘုရင် ယန်တူးနှင့် ဝေါယာဉ်မှာ အရာရှိများ ဒူးထောက်နေကြသည့် လမ်းမလယ်မှ ဖြတ်သန်းသွားပြီး ဧကရာဇ် ယန်ဖန်၏ နဂါးဝေါယာဉ်ရှေ့သို့ တိုက်ရိုက် ရောက်ရှိသွားသည်။
“ကျွန်တော်မျိုး ယန်တူး... ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။”
ယန်တူးက ဒူးထောက်ကာ ဦးတိုက်လိုက်သည်။ ဝေါယာဉ်ထမ်းသူများကလည်း ဒူးထောက် လိုက်ကြသော်လည်း ဝေါယာဉ်အတွင်းမှ လူမှာမူ မည်သည့် လှုပ်ရှားမှုမျှ မရှိပေ။
“နတ်ဘုရားတန်ခိုးရှင်ဘုရင်... ထပါ။ ငါကိုယ်တော် မောင်မင်းကို သေချာ ဂုဏ်ပြုရဦး မယ်။” ဧကရာဇ် ယန်ဖန်က ဆိုသည်။ “ဒီဝေါယာဉ်ထဲမှာ ထိုင်နေတာက ကျွန့်ယွမ် သခင်လေးလား။ ဆင်းလာခဲ့ပါဦး။ ဒီတစ်ခါ မောင်မင်းက အနောက်ဘက်ဒေသရဲ့ ဧကရာဇ် အကြံပေးနဲ့ သူရဲကောင်းကြီး ဆယ်ယောက်ကို ဖမ်းဆီးလာနိုင်ခဲ့တာပဲ။ ငါကိုယ်တော် အရာရှိ အားလုံးကို ဒူးထောက်ကြိုဆိုဖို့ အမိန့်ပေးထားပြီးပြီ၊ နောက်ပိုင်းမှာ မောင်မင်းရဲ့ မိခင်ကိုလည်း ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်ဦးမယ်။ ရွှန်ကျီ... အသင် သွားပြီး သူ့ကို ကြိုဆိုလိုက်ပါ။”
ဟုန်ရွှန်ကျိ၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ရှားသွားသည်။
သို့သော် ယန်တူးက ဝင်ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ်ကို တင်ပြပါရစေ... ကျွန့်ယွမ် သခင်လေး ဟုန်ယွိက ဒီဝေါယာဉ်ထဲမှာ မရှိပါဘူး။ ဟုန်ယွိက ကျွန်တော်မျိုးကို ပြောခဲ့တာ ကတော့... ဒူးထောက်နေကြတဲ့ အရာရှိတွေထဲမှာ သူ့ရဲ့ အစ်ကိုနဲ့ ဖခင် ရှိနေကြတာကြောင့် သူက ကြိုဆိုမှုကို ခံယူဖို့ မသင့်တော်ဘူးလို့ ဆိုပါတယ်။ ဒီဝေါယာဉ်ထဲမှာ ရှိနေတာကတော့ ဟုန်ယွိက ဧကရာဇ်မင်းမြတ်ဆီ တင်သွင်းလိုက်တဲ့ နုတ်ထွက်စာလွှာပဲ ဖြစ်ပါတယ်။ သူက အစိုးရ ရာထူးအားလုံးကနေ နုတ်ထွက်ပြီး စာအုပ်တွေ ရေးသားကာ သူ့ရဲ့ စာပေတာအိုကို တစ်ကမ္ဘာလုံးကို ပြန့်နှံ့စေပြီး နန်းတွင်းက ပြည်သူတွေရဲ့ စိတ်နှလုံးကို ငြိမ်းချမ်းစေဖို့ ကူညီပေးချင်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒီဝေါယာဉ်ထဲမှာ အရှင်မင်းကြီး အတွက် သူ ဆက်သတဲ့ မင်္ဂလာလက်ဆောင်တစ်ခု ပါရှိပါတယ်။”
ယန်တူး စကားပြောနေစဉ်မှာပင် ဝေါယာဉ်ထဲမှ ရုတ်တရက် နီရဲသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး၊ မင်္ဂလာတိမ်တိုက်များနှင့် ပြင်းထန်သော အစစ်မှန် ယန်စွမ်းအင်များ ဝေါယာဉ်အတွင်းမှ လှိုင်းထလာခဲ့သည်။
“ချီလင်၊ အဲဒါ ချီလင်ပဲ၊ မင်္ဂလာရှိတဲ့ သားရဲ ချီလင်၊ နိုင်ငံတော်ရဲ့ မင်္ဂလာနိမိတ်ပဲ ...”
ထိုအချိန်တွင် အရာရှိတစ်ဦးက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသဖြင့် အကျယ်ကြီး အော်ပြောလိုက်သည်။
ဝေါယာဉ်အတွင်းမှ နီရဲသော အလင်းတန်းများ ထွက်လာချိန်တွင် ဆင်သုံးကောင်ခန့် အရွယ်အစားရှိသော ချီလင်တစ်ကောင်သည် မင်္ဂလာတိမ်တိုက်များကြားတွင် ပေါ်လာခဲ့ သည်။ ၎င်းသည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရာ လေနှင့်တိမ်တိုက်များပင် အရောင် ပြောင်းသွားတော့သည်။ ကြီးမားလှသော 'ယန်' စွမ်းအင်များကြောင့် အနီးနားရှိ လူတိုင်း မှာ ထိတ်လန့်သွားကြသည်။
ဝေါယာဉ်အတွင်း၌ ပုန်းကွယ်နေသည်မှာ ဟုန်ယွိ၏ ချီလင် ဖြစ်နေခြင်းပင်။ ၎င်းမှာ သူတော်စင် ဧကရာဇ်၏ စီးတော်ယာဉ် ဖြစ်သလို မျိုးဆက်အလိုက် မင်္ဂလာရှိသော သားရဲ လည်း ဖြစ်သည်။ ၎င်းသည် သူတော်စင်ဧကရာဇ်ကို ကိုယ်စားပြုပေသည်။
ဤမင်္ဂလာရှိသော သားရဲသည် အရာရှိအားလုံး၏ ဒူးထောက်ကြိုဆိုမှုကို ခံယူရန် အမှန်ပင် အရည်အချင်းရှိသလို၊ ကျင့်ဝတ်အရလည်း ဧကရာဇ်၏ ရှေ့တွင် လှည့်လည်သွားလာနိုင် သော အရည်အချင်း ရှိပေသည်။
အစပိုင်းတွင် ဟုန်ယွိမှာ ဝေါယာဉ်ထဲ၌ ထိုင်နေသည်ဟု ထင်မှတ်ပြီး သူ၏ မောက်မာမှုကို ကျင့်ဝတ်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေကြသော ကွန်ဖြူးရှပ် ပညာရှင်ကြီးများမှာလည်း အံ့သြသွားကြသည်။ ဟုန်ယွိသည် နန်းတွင်းနှင့် သုံ့ပန်းဆက်သသည့် အခမ်းအနားတွင် ဖြစ်ပေါ်လာနိုင်သော အရှက်ရဖွယ် ကိစ္စရပ်များကို ရှောင်ရှားရန်အတွက် ရာထူးအားလုံးမှ နုတ်ထွက်ပြီး တောတောင်ထဲသို့ အနားယူသွားခဲ့ကာ၊ ဝေါယာဉ်ထဲတွင်မူ သူတော်စင် သားရဲ ‘ချီလင်’ ကိုသာ ထည့်ပေးလိုက်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
ယခုအခါ ဤသည်မှာ ဧကရာဇ်က နိုင်ငံအတွက် မင်္ဂလာနိမိတ်ဖြစ်သော ‘ချီလင်’ သားရဲကို ကြိုဆိုသည့် ကြီးကျယ်သော အခမ်းအနားတစ်ခု ဖြစ်သွားခဲ့ပြီ။
‘ချီလင်’ သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး ခြေလေးချောင်းဖြင့် လေထဲတွင် ပြေးလွှားဟိန်းဟောက်နေကာ အတော်ကြာမှ ငြိမ်သက်သွားခဲ့သည်။
“ကျုပ်ဟာ သူတော်စင် ဧကရာဇ်နောက်ကို နှစ်ပေါင်းများစွာ လိုက်ပါခဲ့တယ်။ သူတော်စင် ဧကရာဇ် နတ်ရွာစံချိန်မှာ ကျုပ်ကို အထပ်ထပ် မှာကြားခဲ့တာကတော့... ‘အလယ်ပိုင်း ကောင်းကင်နိုင်ငံ’ မှာ သူတော်စင်တစ်ဦး ပေါ်ထွန်းလာတဲ့ အချိန်ကျမှသာ မင်းက လူ့ပြည်ကို ဆင်းပြီး မင်္ဂလာနိမိတ်အဖြစ် ထွက်ပေါ်လာရမယ်လို့ ဆိုခဲ့တယ်။ ဧကရာဇ် ယန်ဖန်... မင်းက နိုင်ငံကို ကောင်းကောင်း အုပ်ချုပ်နေတာမို့၊ မင်းအတွက် ငါက မင်္ဂလာ နိမိတ်အဖြစ် လာပြဖို့ ဟုန်ယွိက ခွင့်ပြုလိုက်တာပဲ။ ဒါပေမဲ့ ဧကရာဇ်ယန်ဖန်... မင်းရဲ့ ကိုယ်ကျင့်သီလက မလုံလောက်သေးဘူး၊ မင်းက သူတော်စင် ဧကရာဇ်ကို မမီသေးဘူး။ တကယ်လို့, မင်းသာ သူတော်စင် ဧကရာဇ်ရဲ့ ကိုယ်ကျင့်သီလမျိုးကို ရှိလာခဲ့ရင် ငါ မင်းဆီ ပြန်လာပြီး မင်းကို သစ္စာခံပါ့မယ်။”
‘ချီလင်’ သည် စကားပြောပြီးသည်နှင့် ပို၍ မြင့်မားစွာ ပျံတက်သွားပြီး ကောင်းကင်ယံ၌ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
ချီလင်ပျောက်ကွယ်သွားသော်လည်း ၎င်း၏ အသံမှာ ကျောက်စိမ်းမြို့တော် တစ်ခုလုံးတွင် ပဲ့တင်ထပ် ကျန်ရစ်နေခဲ့သည်။
ချီလင်က တော်ဝင်ချန်ဧကရာဇ်၏ ကိုယ်ကျင့်သီလမှာ သူတော်စင် ဧကရာဇ်များနှင့် မယှဉ်နိုင်ကြောင်း ပြောသွားခဲ့သည်။ ဧကရာဇ် ယန်ဖန် ကိုယ်တိုင်ပင်လျှင် သူသည် သူတော်စင် ဧကရာဇ်နှင့် တစ်တန်းတည်းဖြစ်သည်ဟု မည်သို့မျှ မဆိုနိုင်တော့ပေ။...