အခန်း (၅၄၉-၅၅၀)
Vol. 52 Ch. 549-550
အခန်း (၅၄၉)။
ဟင်းလင်းပြင် လေဟာနယ်မုန်တိုင်း အရပ်အတွင်း၌...
ကြီးမားလှသော သူတော်စင်ပေါင်းစုံခန်းမသည် နတ်ဘုရားတို့၏ နန်းတော်တစ်ခုကဲ့သို့ ခန့်ညားထည်ဝါစွာ တည်ရှိနေ၏။
ဟုန်ယွိသည် ခန်းမအတွင်း၌ ရပ်နေပြီး အောက်ဘက်ရှိ လေထုအလွှာကို ငုံ့ကြည့်နေသည်။ ထိုစဉ်မှာပင် ချီလင်သည် နီရဲသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျံသန်း ဝင်ရောက်လာသည်။ ၎င်း၏ ခြေလေးဖက်မှာ ခန်းမအလယ်တွင် ရပ်တန့်သွားပြီး အလွန် ပင် မောဟိုက်နေသည့်အလား ပြင်းထန်စွာ အသက်ရှူနေတော့သည်။
“ဟုန်ယွိ... ဒီတစ်ခေါက်တော့ ငါ တကယ်ကို စိုးရိမ်သွားတာပဲ။ အဲဒီ ဧကရာဇ် ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အစွမ်းထက်လာကြတာ။ သူတို့ကိုယ်ပေါ်က အရှိန်အဝါတွေက ငါ့ကို ထိတ်လန့်စေတယ်။ ခုနက သူတို့ ငါ့ကို တားဆီးလိုက်မှာကို ငါ တကယ်ကြောက်နေခဲ့တာ။”
ချီလင်သည် ခန်းမအတွင်းရှိ သန့်စင်မြင့်မြတ်သော အရှိန်အဝါများကို ခဏမျှ ရှူရှိုက်လိုက် ပြီးနောက် အင်အားများ ပြန်လည်ပြည့်ဝလာခဲ့သည်။
“သူတို့မှာ အဲဒီလို လုပ်နိုင်စွမ်းရှိပေမဲ့၊ လုပ်ရဲတဲ့ သတ္တိတော့ မရှိပါဘူး။ မင်းက မင်္ဂလာရှိတဲ့ သားရဲတစ်ကောင်ပဲလေ၊ နှစ်ပေါင်း ထောင်ချီကတည်းက သူတော်စင်တွေ သတ်မှတ်ခဲ့တဲ့ သင်္ကေတတစ်ခုပေါ့။ ဒါ့အပြင် သူက ရှေးဟောင်း သူတော်စင်ဧကရာဇ်တွေထက် နိမ့်ကျ တယ်လို့ မင်းပြောခဲ့တာကလည်း အမှန်တရားပဲ။ တကယ်လို့ သူတို့က ဒေါသအလျောက် မင်းကို တားဆီးလိုက်မယ်ဆိုရင် နောင်တစ်ချိန်မှာ သူတို့ ဘယ်လိုမျက်နှာပြဝံ့တော့မလဲ၊ သူတို့ရဲ့ ဂုဏ်သိက္ခာကော ဘာဖြစ်သွားမလဲ။”
ဟုန်ယွိက တည်ငြိမ်စွာ ဆိုသည်။
ယနေ့ ကျင်းပခဲ့သည့် 'ဝူးမန်တံခါးမှ သုံ့ပန်းဆက်သခြင်း' အခမ်းအနားသည် ဧကရာဇ် ယန်ဖန်နှင့် ဟုန်ရွှန်ကျိတို့က သူ့ကို စမ်းသပ်သည့် ကြီးမားသော စာမေးပွဲကြီးတစ်ခု ဖြစ်ကြောင်း ဟုန်ယွိ သိသည်။ သို့သော်လည်း ဟုန်ယွိတွင် လိမ္မာပါးနပ်သော အစီအစဉ်များ ရှိပြီးသားပင်။ သူသည် ချီလင်ကို ပေါ်ထွက်စေပြီး မင်္ဂလာနိမိတ် ပြသခိုင်းခဲ့သည်။ တစ်ချိန် တည်းမှာပင် ဧကရာဇ် ယန်ဖန်၏ အုပ်ချုပ်မူပိုင်းမှာ ရှေးခေတ် သူတော်စင် ဧကရာဇ်များ မမှီကြောင်း ချီလင်၏ ပါးစပ်မှတစ်ဆင့် ပြောကြားစေခဲ့သည်။ ၎င်းမှာ တော်ဝင်ချန် တော်ဝင် မိသားစု၏ ဂုဏ်သိက္ခာကို ရိုက်ချိုးလိုက်ခြင်းပင် ဖြစ်သည်။
အကယ်၍ ဟုန်ယွိသာ သုံ့ပန်းများကို ခန့်ညားစွာ ဆက်သပြီး ဧကရာဇ်ကို ဦးတိုက်ခဲ့လျှင် တော်ဝင်ချန် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ ၎င်းမှာ ရှေးခေတ် အင်ပါယာများကိုပင် မှီလာနိုင်ပြီး ဝေခွဲမရဖြစ်နေသော လူအများအပြားကို ခြိမ်းခြောက်နိုင်သွားမည် ဖြစ်သည်။
ဟုန်ယွိ ကိုယ်တိုင် မသွားဘဲ သူ၏ ဂုဏ်သတင်း မှေးမှိန်သွားလျှင်ပင် "သူတော်စင်ငယ်" ပုဂ္ဂိုလ်တစ်ဦးက အင်ပါယာကို အညံ့ခံသွားသည်ဟူသော အချက်က အတူတူပင် ဖြစ်နေ ပေလိမ့်မည်။
ထို့ကြောင့်ပင် ဟုန်ယွိသည် ရာထူးမှ နုတ်ထွက်ကာ ပညာရှင်တစ်ဦး၏ မာန်ကို ပြသခဲ့ခြင်း ဖြစ်သည်။ သူသည် မှူးမတ်များကို အရေးမလုပ်၊ အရာရှိများကို ရယ်မောကာ အောင်မြင်မှု ရပြီးနောက် ဂုဏ်ဒြပ်နှင့် စည်းစိမ်ကို မမက်ဘဲ အနားယူသွားခဲ့သည်။ လေပြည်လေညင်း နှင့် လွင့်မျောနေသော တိမ်တိုက်ကဲ့သို့ သူ၏ မြင့်မြတ်သော စရိုက်လက္ခာမှာ ကွန်ဖြူးရှပ် ပညာရှင်လောကအတွင်းရှိ လူအများ၏ ကြည်ညိုမှုကို ရရှိစေခဲ့သည်။
သို့သော် ဤအတိုင်း နုတ်ထွက်လိုက်ရုံနှင့် သက်ရောက်မှုမှာ နည်းပါးနေဦးမည်ဖြစ်သည်။ ချီလင်ကို စေလွှတ်၍ စကားပြောခိုင်းခြင်းမှာ ဟုန်ယွိ၏ သြဇာသက်ရောက်မှုကို ပို၍ ကြီးမားစေခဲ့သည်။
သမိုင်းမှတ်တမ်းများတွင် ဟုန်ယွိကို ဤသို့ မှတ်တမ်းတင်ကြမည်မှာ မြင်ယောင်နေ ပေသည် ….. သူတော်စင် တစ်ရာနှင့်အတူ တိုက်ပွဲဝင်ခြင်း၊ အနောက်ဘက်ဒေသကို ချေမှုန်းခြင်း၊ ဝူးမန်တံခါးတွင် သုံ့ပန်းဆက်သခြင်း၊ ချီလင်၏ မိန့်ကြားချက်၊ အောင်မြင်မှု ရပြီးနောက် အနားယူခြင်း၊ ယဉ်ကျေးမှု ဥပဒေများကို လိုက်နာကာ မိမိ၏ အစ်ကိုနှင့် ဖခင် ကို ဒူးမထောက်စေခြင်း စသည့် အစွန်းအထွက်မရှိသော အချက်များဖြင့် ပြည့်နှက်နေမည် ကို မြင်ယောင်ကြည့်နိုင်ပေသည်။
သူ၏ပုံရိပ်မှာ အလွန်ပင် ဖြောင့်မတ်ပွင့်လင်းလှသဖြင့် လူအများက သူ့ကို တိုက်ခိုက်ရန် အကြောင်းပြချက် မရှိတော့ပေ။
...
“ဟုန်ယွိ... မင်း အခု ရာထူးက နုတ်ထွက်လိုက်ပြီ။ တကယ်လို့ နန်းတွင်းရဲ့ ဗဟိုယန္တရားထဲ မှာ ငါတို့ မရှိတော့ရင် နောင်တစ်ချိန် ကိစ္စအတော်များများမှာ ပါဝင်ပတ်သက်ဖို့ ခက်ခဲသွား လိမ့်မယ်လို့ ငါ ထင်တယ်။” ချီလင်က ဆိုသည်။
“ဒါက ကိစ္စကြီး မဟုတ်ပါဘူး။ နန်းတွင်းမှာ ရာထူးမရှိပေမဲ့လည်း တိုင်းပြည်ရေးရာတွေမှာ ငါ ပါဝင်နိုင်ပါသေးတယ်။ ငါ့ရဲ့ သြဇာအာဏာက အခု အထွတ်အထိပ်ကို ရောက်နေတာ။ အချိန်တန်ရင် စာအုပ်တွေ ရေးသားပြီး ပညာရှင်တွေကို ပြုစုပျိုးထောင်မယ်၊ တိုင်းပြည် ရေးရာတွေကို ဆွေးနွေးမယ်။ အဲဒါကလည်း ကြီးမားတဲ့ အင်အားတစ်ခု ဖြစ်လာမှာပဲ။” ဟုန်ယွိက ခဏတာ စဉ်းစားပြီး ဆက်ပြောသည်။ “တကယ်လို့, ငါသာ နန်းတွင်းမှာ အရာရှိ အဖြစ် ဆက်နေရင် နေ့တိုင်း ဟုန်ရွှန်ကျိနဲ့ ယန်ဖန်တို့ကို ရင်ဆိုင်နေရပြီး ပြဿနာတွေ ရှိလာနိုင်တယ်။ အရာရှိ မလုပ်တော့ရင်တောင် ‘သူတော်စင်ငယ်’ ဆိုတဲ့ ဘွဲ့က သရဖူ မဆောင်းရတဲ့ ဘုရင်တစ်ပါးလိုပဲ။ ဒါ့အပြင် ငါ အနားယူလိုက်တာနဲ့ ဧကရာဇ် ယန်ဖန်က ငါ့ကို ကျိန်းသေပေါက် ဆုလာဘ်တွေ ပေးရဦးမှာ။ သူက မြေယာတွေ၊ အိမ်တော်တွေ ပေးအပ်ရမှာဖြစ်သလို ငါ့အတွက် အကယ်ဒမီတစ်ခုလည်း တည်ဆောက်ပေးရလိမ့်မယ်။ မဟုတ်ရင်တော့ သူက အောင်မြင်မှုရသူကို ဆုမပေးတဲ့ ဘုရင်ဆိုတဲ့ နာမည်ဆိုး အဖတ်တင် သွားမှာပေါ့။”
“ဒါဆို မင်းက အခု အကယ်ဒမီကျောင်း တည်ဆောက်ပြီး ကမ္ဘာပေါ်က ပညာရှင်ကြီးတွေ ကို ဖိတ်ခေါ်ကာ စာအုပ်တွေ ရေးသားပြီး မင်းရဲ့ သြဇာကို ဆက်ပြီး ချဲ့ထွင်တော့မှာပေါ့။ ပြီးတော့ ‘မိုးကြိုးကပ်ဘေး’ ကို ကျော်ဖြတ်ပြီး ဖန်ဆင်းရှင် တစ်ယောက် ဖြစ်လာဖို့ ကြိုးစား တော့မှာလား။” ချီလင်က မေးသည်။
“မှန်တယ်။ အခု အရေးကြီးဆုံး တာဝန်က ‘ပြောင်းလဲခြင်းကျမ်း’ ကို လောကရဲ့ ဖြောင့်မတ် ခြင်းလမ်းစဉ်ရဲ့ အရင်းအမြစ်အဖြစ် အရင် တည်ဆောက်ရမယ်။ ငါ့မှာ ဖြောင့်မတ်တဲ့ ဘွဲ့အမည်တစ်ခု ရလ,ပြီဆိုရင် ကိစ္စတွေက လွယ်ကူသွားလိမ့်မယ်။ ဒုတိယအချက်ကတော့ ‘ဖန်ဆင်းရှင်’ တစ်ဦး ဖြစ်လာဖို့ပဲ။ ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးကို အားနည်းတဲ့ အချိန်မျိုး မရှိစေဘဲ ကျော်ဖြတ်နိုင်ဖို့အတွက် အနည်းဆုံး ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး အဆင့်အထိ စွမ်းအင်တွေကို ငါ စုဆောင်းထားရမယ်။ ငါ့မှာ ဖြောင့်မတ်တဲ့ အမည်နာမနဲ့ ဖန်ဆင်းရှင် စွမ်းအားပါ ရှိလာပြီဆိုရင် အရာအားလုံးက လွယ်ကူသွားမှာပဲ။”
ဖြောင့်မတ်ခြင်းနှင့် အင်အား... ၎င်းတို့အနက် မည်သည့်အရာမျှ လိုနေ၍ မရပေ။
အင်အားမရှိဘဲ ဖြောင့်မတ်ခြင်းသက်သက် ရှိနေလျှင် သူတစ်ပါး၏ လက်ခုပ်ထဲက ရေ ဖြစ်နေမည်ဖြစ်ပြီး သွေးကြွရုံသာ ရှိပေလိမ့်မည်။
ဖြောင့်မတ်ခြင်းမရှိဘဲ အင်အားသက်သက် ရှိနေလျှင်မူ မိစ္ဆာတစ်ဦး ဖြစ်လာပေလိမ့်မည်။
ဤနှစ်ခုလုံး ရှိနေမှသာ သူတော်စင်တစ်ဦး ဖြစ်လာနိုင်ပေသည်။
...
“ဟုန်ယွိ... ခုနက ကျောက်စိမ်းမြို့တော် တစ်ခုလုံးမှာ အလွန်တရာ မောက်မာရိုင်းစိုင်းတဲ့ အငွေ့အသက်အချို့ ပုန်းကွယ်နေတာကို ငါ ခံစားလိုက်ရတယ်။ နန်းတော်ထဲမှာလည်း ရှိနေတယ်။ အဲဒါတွေက ဟုန်ရွှန်ကျိ ဒါမှမဟုတ် ယန်ဖန်ဆီက မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့ရဲ့ အစွမ်းကတော့ အဲဒီနှစ်ယောက်ထက် မနိမ့်ဘူး။” ချီလင်က ဆိုသည်။
“ပြောဖို့တောင် မလိုပါဘူး၊ ငါလည်း ခံစားမိပါတယ်။” ဟုန်ယွိက ပြောသည်။ “ဒါက တော်ဝင်ချန် တော်ဝင်မိသားစုက ဖိတ်ခေါ်ထားတဲ့ ပြင်ပက အကူအညီတွေ ဖြစ်နိုင်တယ်။ အခု တော်ဝင်ချန်က လူဦးရေသန်းခေါင်းစာရင်း စစ်ဆေးတာ၊ မြေတိုင်းတာတွေ လုပ်ပြီး ကမ္ဘာကြီးကို စတင် ရှင်းလင်းနေပြီ။ နန်းတော်က အရေးကြီးတဲ့ နေရာဖြစ်တော့ ပထမဆုံး ရှင်းလင်းခံရမှာပဲ။ သူတို့ကိုယ်သူတို့တောင် အရင် မပြုပြင်နိုင်ရင် တခြားသူတွေကို ဘယ်လို ပြုပြင်မလဲ။”
“ဒါပေမဲ့ ငါ ဒီညတော့ နန်းတော်ထဲကို စူးစမ်းပြီး ‘ကြင်ယာတော်ယွမ်’ ကို သွားရှာရမယ်။ ပိုင်ဇိယွဲ့က အခု တံခါးပိတ်တ ကျင့်ကြံနေတာဆိုတော့ ကြင်ယာတော်ယွမ် တစ်ယောက် တည်း နန်းတော်ထဲမှာ နေဖို့ မသင့်တော်တော့ဘူး။ သူမကို အပြင် ထုတ်လာရမယ်...” ဟုန်ယွိ ခဏတာ တိတ်ဆိတ်သွားပြီး သူ၏ အတွေးများက လှုပ်ရှားလာသည်၊ “ဒါ့အပြင် ယန်ဖန်က ဘယ်လို ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ထားသလဲဆိုတာလည်း ငါ သိချင်သေး တယ်။ သူ့မှာ အမြဲတမ်း အဆုံးမရှိတဲ့ နည်းလမ်းတွေ ရှိနေတတ်တာ။ ငါ အခြေအနေမှန်ကို မသိရရင် သံသယတွေ ရှိနေဦးမှာပဲ။”
...
ညအချိန်။
တစ်နေ့လုံး ဆူညံပွက်လောရိုက်နေသော ကျောက်စိမ်းမြို့တော်ကြီးသည် နောက်ဆုံးတွင် ငြိမ်သက်သွားခဲ့ပြီ။ အရာရှိများ၊ စစ်သည်တော်များမှာ လပေါင်းများစွာ အလုပ်ရှုပ်နေခဲ့ရ သဖြင့် ယခုမှပင် ကောင်းကောင်း အိပ်စက်နိုင်ကြတော့သည်။
တစ်ချိန်တည်းမှာပင် မှူးမတ်များ၊ မျိုးနွယ်စုကြီးများ၏ တပည့်များ၊ မင်းသားများနှင့် ဝန်ကြီးများမှာမူ သူတို့၏ လျှို့ဝှက်အိမ်တော်များ၌ ယနေ့ဖြစ်ပျက်ခဲ့သမျှကို ဆွေးနွေးနေ ကြသည်။
သတင်းစကားများ၊ စာပို့ခိုများ၊ လင်းယုန်များ၊ ပျံသန်းနေသော ဓားများ၊ စက္ကူကြိုးကြာများ နှင့် အခြားသော နည်းလမ်းပေါင်းစုံဖြင့် သတင်းအချက်အလက်များကို ညတွင်းချင်းပင် တိုင်းပြည်အနှံ့သို့ ပေးပို့နေကြသည်။
ထိုသတင်းအားလုံးတွင် ပါဝင်နေသော နာမည်တစ်ခုမှာ ‘ဟုန်ယွိ’ ပင် ဖြစ်သည်။
သံသယဖြစ်ဖွယ် မရှိသည်မှာ... ဝူးမန်တံခါးမှ သုံ့ပန်းဆက်သခြင်း အခမ်းအနားကြီး၏ အဓိက ဇာတ်ဆောင်မှာ သုံ့ပန်းများ မဟုတ်သလို၊ တော်ဝင်ချန် အင်ပါယာလည်း မဟုတ် ပေ။ ၎င်းမှာ ကိုယ်တိုင် ထွက်ပေါ်မလာခဲ့သော ဟုန်ယွိသာ ဖြစ်သည်။၏
ဟုန်ယွိ၏ ဂုဏ်သတင်းမှာ ကမ္ဘာပေါ်တွင် လှိုင်းလုံးကြီးများကဲ့သို့ တစ်ဖန် ပြန်လည် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ဟုန်ယွိသည် ဤအရာများကို ဂရုမစိုက်ပေ။ ညအချိန်တွင် သူသည် ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ နန်းတော်အပြင်ဘက်သို့ ရောက်ရှိလာပြီး ကြင်ယာတော်ယွမ်ကို ထပ်မံ ရှာဖွေပြန်သည်။ ဤတစ်ခေါက်တွင် သူသည် ရှုပ်ထွေးလာ သော အခြေအနေများကြောင့် ဘေးအန္တရာယ် မကျရောက်စေရန် ကြင်ယာတော်ယွမ်ကို နန်းတော်ထဲမှ လုံးဝ ခေါ်ထုတ်သွားလိုခြင်း ဖြစ်သည်။
ကြင်ယာတော်ယွမ်သည် ကမ္ဘာပေါ်ရှိ မဟာနတ်ဆိုးအင်မော်တယ် ရှစ်ဦးအနက် တစ်ဦး ဖြစ်သည်။ သူမသည် တစ္ဆေအင်မော်တယ် အဆင့်အထိ ကျင့်ကြံထားပြီး ဟုန်ယွိထံမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကာ ‘ရေခဲဝိညာဉ်ကျမ်း’ နှင့် ‘ရေခဲဝိညာဉ်ပုလဲ’ တို့ကိုပင် ရရှိထားသည်။ သူမ၏ စွမ်းအားမှာ အလွန်တိုးတက်လာခဲ့သော်လည်း ဤစွမ်းရည်များမှာ ‘မဟာကမ္ဘာကြီး’ ၏ အပြောင်းအလဲကြီးများရှေ့တွင် လုံလောက်မှု မရှိသေးပေ။
မြင့်မားလှသော နန်းတော်ကြီးမှာ ကျောက်စိမ်းမြို့တော်၏ ဝူးမန်တံခါး ဗဟိုချက်မပေါ်တွင် တည်ရှိနေသည်။
ညဉ့်နက်နေပြီ ဖြစ်သဖြင့် မီးများအားလုံး မှိတ်ထားကာ မှောင်အတိ ကျနေသည်။ ယခုအချိန်မှာ တတိယယံ (ည ၁၁ နာရီမှ ၁ နာရီကြား) ဖြစ်သည်။
ဆိုရိုးစကားတစ်ခု ရှိသည်မှာ “တတိယယံမှာ တစ္ဆေ၊ စတုတ္ထယံမှာ သူခိုး” ဟူသော စကား အတိုင်းပင်၊ တတိယယံမှာ ည၏ အမှောင်ဆုံး အချိန်ဖြစ်ပြီး ယင်စွမ်းအင် အရှိန်အဝါ အလေးဆုံး အချိန်ဖြစ်သည်။
ကြီးမားလှသော တော်ဝင်နန်းတော်ကြီးမှာ ငရဲပြည်မှ သရဲမြို့တော်ကြီးတစ်ခုကဲ့သို့ ငြိမ်သက် တိတ်ဆိတ်စွာ ရှိနေသည်။
ဟုန်ယွိသည် နန်းတော်ထဲသို့ အကြိမ်ပေါင်းများစွာ ခိုးဝင်ခဲ့ဖူးသဖြင့် မြေပြင်အနေအထား ကို ကောင်းကောင်း သိထားသည်။ သို့သော်လည်း နန်းတော်ကြီးမှာ ယခုကဲ့သို့ ထူးဆန်း၊ မှောင်မိုက်ပြီး နက်နဲနေသည်ကို တစ်ခါမျှ မခံစားခဲ့ဖူးပေ။
သို့သော် စွမ်းရည်ရှိသူမှာ ရဲရင့်စမြဲပင်။ ဟုန်ယွိ၏ လက်ရှိ တာအိုပညာရပ်များဖြင့်ဆိုလျှင် ရှေးဟောင်းခေတ်၌ပင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။ သဘာဝ အတိုင်းပင် သူသည် ဤကဲ့သို့ လျှို့ဝှက်နက်နဲသော အရှိန်အဝါကို ဂရုမစိုက်ပေ။ သူ၏ ခန္ဓာကိုယ်မှာ ဝင်းလက်သွားပြီး ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ကြင်ယာတော်ယွမ် နေထိုင်ရာ ‘ကောင်းကင်ရနံ့ဆောင်’ ထဲသို့ ဝင်ရောက်လိုက်သည်။
‘ကောင်းကင်ရနံ့ဆောင်’ မှာ မည်သို့မျှ ပြောင်းလဲခြင်း မရှိပေ။ ဟုန်ယွိ ဟင်းလင်းပြင်ထဲမှ ထွက်လာသောအခါ သင်းပျံ့သော ရနံ့တစ်ခုနှင့် အပြင်တွင် အမှုထမ်းနေသော မိန်းမစိုး အချို့ကို တွေ့လိုက်ရသည်။ သို့သော် ထိုမိန်းမစိုးများမှာ အရင်က လူများ မဟုတ်တော့ပေ။ သူတို့အားလုံးမှာ လှုပ်ရှားမှု သွက်လက်ကြပြီး ‘ရှင်တန်သိုင်းသခင်’ များ ဖြစ်ကြသည်။
နန်းတွင်းသူများမှာ အပြင်ဘက် စင်္ကြံလမ်းတွင် ထိုင်လျက် သခင်မ၏ ခေါ်သံကို စောင့်နေ ကြသည်။ သူတို့၏ မျက်နှာများမှာ တည်ငြိမ်နေပြီး အသက်ရှူသံမှာ နက်နဲလှသည်။ သူတို့သည်လည်း ‘ရှင်တန်သိုင်းသခင်’ များပင် ဖြစ်သည်။
အတိုချုပ်ပြောရလျှင် နန်းတော်တစ်ခုလုံးရှိ အစေအပါးများမှာ ‘ရှင်တန်သိုင်းသခင်အဆင့်’ သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ကျွမ်းကျင်သူများမှာ အလွန်ပင် ပေါများနေခဲ့ပြီ။
ရှင်တန်သိုင်းသခင် ကျွမ်းကျင်သူများမှာ ခွေးများကဲ့သို့ ပေါများနေပြီး မဟာဆရာသခင် များမှာလည်း နေရာအနှံ့ ရှိနေသည်။
ပို၍ အရေးကြီးသည်မှာ ထိုသူများ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်ကောင်းမွန်ပြီး ရေရှည် လေ့ကျင့်ထားသည့်အလား ရှိနေခြင်းပင်။ အနည်းငယ်မျှ ထုံထိုင်းခြင်း မရှိဘဲ စည်းလုံးညီညွတ်မှု အပြည့် ရှိနေသည်။ သူတို့မှာ စစ်တပ်၏ လက်ရွေးစင် စစ်သည်များနှင့် နှိုင်းယှဉ်နိုင်ပေသည်။
အရင်က ဟုန်ယွိ နန်းတော်ထဲသို့ ဝင်လာသည့်အခါ မိန်းမစိုးများမှာ ကင်းလှည့်ရင်း စကားပြောနေတတ်ကြပြီး ခံစားချက် အမျိုးမျိုး ရှိကြသည်။ အခုမူ သူတို့သည် လုပ်စရာ ရှိသည်ကိုသာ လုပ်ကြပြီး စကားမပြောဘဲ တိတ်ဆိတ်နေကြသည်။
သို့သော် ဟုန်ယွိက ဤအရာများကို ဂရုမစိုက်ဘဲ ‘ကောင်းကင်ရနံ့ဆောင်’ အတွင်းရှိ အခန်းတစ်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။
သူသည် ဧည့်ခန်းထဲတွင် သူ့ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသော လူတစ်ဦးကို ချက်ချင်း တွေ့လိုက်ရသည်။ ထိုသူမှာ ကြင်ယာတော်ယွမ် မဟုတ်ပေ။
ကြင်ယာတော်ယွမ်မှာ ‘ကောင်းကင်ရနံ့ဆောင်’ တွင် မရှိတော့ဘဲ ဧည့်ခန်းထဲတွင် ထိုင်နေ သူမှာ ဧကရာဇ် ယန်ဖန်ပင် ဖြစ်သည်။ ဤအချိန်တွင် သူသည် နဂါးဝတ်ရုံကို ဝတ်ဆင် မထားဘဲ ပိုးထည်ဝတ်ရုံကိုသာ ဝတ်ထားသည်။ သူ၏ လက်များမှာ ထိုင်ခုံ၏ လက်တန်းကို ဆုပ်ကိုင်ထားပြီး ဟုန်ယွိ ဟင်းလင်းပြင်ကို ဖောက်ကာ ဝင်လာသည်ကို မြင်သောအခါ အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။ ကြိုတင် မျှော်လင့်ထားသည့်အလားပင်။
“ဟုန်ယွိ... ငါ ခန့်မှန်းတာ မမှားဘူးပဲ။ မင်း ဒီည ကြင်ယာတော်ယွမ်ကို လာရှာမယ်ဆိုတာ ငါ သိပြီးသားပါ။”
ဧကရာဇ် ယန်ဖန်သည် ဟုန်ယွိကို မြင်သောအခါ ထိုင်ခုံမှ ထရပ်လိုက်သည်။
“အရှင်မင်းကြီးက အနာဂတ်ရဲ့ အဆုံးမဲ့ အပြောင်းအလဲတွေကို ထိန်းချုပ်ထားနိုင်တာဆို တော့ ဒါကို ခန့်မှန်းနိုင်တာ မထူးဆန်းပါဘူး။ အရှင်မင်းကြီးရဲ့ အင်မော်တယ် မူလဝိညာဉ် က ‘နာလန်အန်းဟွမ်’ ရဲ့ အာရုံကို လှည့်စားပြီး သူ့ကို ဖမ်းဆီးနိုင်ခဲ့တုန်းက အနာဂတ်ကို လှည့်စားနိုင်တဲ့ အစွမ်းကို ကျွန်တော်မျိုး ကောင်းကောင်း ခံစားခဲ့ရဖူးပါတယ်။”
ဧကရာဇ် ယန်ဖန်၏ တည်ငြိမ်သော အသွင်အပြင်ကို မြင်သော်လည်း ဟုန်ယွိမှာ အနည်းငယ်မျှ မတုန်လှုပ်သလို ပျာယာခတ်ခြင်း မရှိပေ။ ၎င်းမှာ သူသည် ဧကရာဇ် ယန်ဖန် နှင့် နှစ်ကိုယ်တူ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းပင် ဖြစ်သည်။ အခြားသော အချိန်များမှာ နန်းတွင်း၌ သော်လည်းကောင်း၊ တော်ဝင်စာမေးပွဲ စစ်ဆေးချိန်၌ သော်လည်းကောင်း ဖြစ် သဖြင့် ဟန်ဆောင်မှုများ၊ အဆောင်အယောင်များ ရှိနေခဲ့ပြီး ယခုကဲ့သို့ မျက်နှာချင်းဆိုင် စကားပြောရခြင်းမျိုး မဟုတ်ပေ။
“မင်း ကြင်ယာတော်ယွမ်ကို တွေ့ချင်လား။ ‘ချန်ကန်းဆောင်’ ကို လာခဲ့၊ ငါ အဲဒီမှာ မင်းကို စောင့်နေမယ်။”
ဧကရာဇ် ယန်ဖန်က ဆိုလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွား သည်။ သို့သော် ဟင်းလင်းပြင်မှာ ပိတ်မသွားဘဲ လမ်းကြောင်းတစ်ခု ကျန်ရစ်နေခဲ့သည်။
ဟုန်ယွိသည် ဘာမှမပြောဘဲ လှမ်းဝင်လိုက်ရာ သူတို့နှစ်ဦးမှာ နန်းတော်၏ ဗဟိုချက်ဖြစ် သော ‘ချန်ကန်းဆောင်’ သို့ ရောက်ရှိသွားကြသည်။
‘ချန်ကန်းဆောင်’... ဤနေရာမှာ ဧကရာဇ်သည် စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာ အရာရှိ များကို တွေ့ဆုံသည့် နေရာဖြစ်သည်။ ခန်းမ၏ အမြင့်ဆုံးနေရာတွင် အမြင့်ဆုံးသော ဩဇာ အာဏာကို ပြသနေသည့် နဂါးပလ္လင်ကြီး ရှိနေသည်။
ဤညအချိန်တွင် ‘ချန်ကန်းဆောင်’ တစ်ခုလုံး၌ ဧကရာဇ် ယန်ဖန်နှင့် ဟုန်ယွိ နှစ်ဦးတည်း သာ ရှိနေသည်။
“ဟုန်ယွိ... ဒီနဂါးပလ္လင်ကို ကြည့်စမ်း။ ဒီပေါ်မှာ ထိုင်လိုက်တာနဲ့ မင်းဟာ စကြဝဠာကြီး ဖြစ်သွားမယ်၊ မင်းဟာ ဒီမဟာကမ္ဘာကြီးရဲ့ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်သွားမယ်။ ဒီကမ္ဘာမှာ မင်းအထက်မှာ ဘယ်သူမှ မရှိတော့ဘူး။ ငါ မင်းကို ဒီပေါ်မှာ ထိုင်ခိုင်းရင် မင်း ဘယ်လို ထင်သလဲ။”
ဟုန်ယွိ ခန်းမထဲသို့ လှမ်းဝင်လိုက်သောအခါ ဧကရာဇ် ယန်ဖန်က နဂါးပလ္လင်ကို ညွှန်ပြကာ အေးစက်စွာ ပြောလိုက်သည်။
အခန်း (၅၅၀)။
ဟုန်ယွိသည် ကြင်ယာတော်ယွမ်ကို ရှာရန် နန်းတော်ထဲသို့ ခိုးဝင်လာစဉ် တော်ဝင်ချန် ဧကရာဇ် ယန်ဖန်နှင့် တွေ့ဆုံလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထို့အပြင် တစ်ဖက်လူသည် သူ့ကို ‘ချန်ကန်းဆောင်’ သို့ ခေါ်ဆောင်လာပြီး နဂါးပလ္လင်ကို ညွှန်ပြကာ ထိုနေရာတွင် ထိုင်လိုသလားဟုပင် မေးမြန်းနေရာ၊ သူ၏ ရည်ရွယ်ချက်ကို မှန်းဆရ ခက်ခဲလှသည်။
သူသည် ကြင်ယာတော်ယွမ်၏ လက်ရှိအခြေအနေကို မသိရသဖြင့် စိုးရိမ်နေသလို၊ ဤနက်နဲလှသော ဧကရာဇ် လိုချင်သည့်အရာကို မသိသော်လည်း ဟုန်ယွိအနေဖြင့် စိုးစဉ်း မျှ ထိတ်လန့်ခြင်းမရှိပေ။ သူ၏ လက်ရှိစွမ်းရည်ဖြင့်ဆိုလျှင် ဖန်ဆင်းခြင်းသင်္ဘောကိုပင် ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်းရှိရာ တော်ဝင်ချန်ဧကရာဇ် ယန်ဖန်က သူ့ကို တစ်ခုခုလုပ်မည်ကို မကြောက်တော့ပေ။
တစ်ဖက်လူက လှည့်ကွက်များ သုံးနေသဖြင့် ဟုန်ယွိသည်လည်း စိတ်ရှည်စွာဖြင့် ဧကရာဇ် ယန်ဖန် အမှန်တကယ် ဘာလုပ်ချင်သလဲဆိုသည်ကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက် သည်။
“အရှင်မင်းကြီးက ရှေးခေတ် သူတော်စင် ဧကရာဇ်တွေကို အတုယူပြီး ထီးနန်းစွန့်ချင်လို့ လား။” ဟုန်ယွိက အမြင့်တွင်ရှိသော နဂါးပလ္လင်ကို ကြည့်ကာ ခပ်ပြုံးပြုံး မေးလိုက်သည်။ “ကံမကောင်းတာက ဒီနဂါးပလ္လင်ဟာ ကောင်းမွန်ပေမဲ့ ကံတရားဝဋ်ဒုက္ခကတော့ အလွန် လေးလံလွန်းတယ်။ ဒီပေါ်မှာ ထိုင်လိုက်တာနဲ့ ထမ်းဆောင်ရမယ့် တာဝန်တွေ အများကြီး ရှိလာမယ်။ ကျွန်တော်မျိုးအနေနဲ့ ကမ္ဘာပေါ်က ပြည်သူတွေရဲ့ ဝဋ်ဒုက္ခတွေကို မထမ်းနိုင်ဘဲ နောက်ဆုံး ဘိုးဘွားနတ်ကွန်းကိုတောင် မထိန်းသိမ်းနိုင်မှာ စိုးရိမ်မိပါတယ်။ မဟာကျိုး၊ မဟာရှင်း၊ မဟာယု၊ မဟာဟန် စတဲ့ မရေမတွက်နိုင်တဲ့ မင်းဆက်တွေ... အခု သူတို့ရဲ့ ဘိုးဘွားနတ်ကွန်းတွေ ဘယ်မှာရှိနေလဲ။”
“မင်းပြောတာ မှန်ပါတယ်။ ဒီနဂါးပလ္လင်က ဆွဲဆောင်မှုရှိပေမဲ့ စကြဝဠာရဲ့ နံပါတ်တစ် ပုဂ္ဂိုလ်အနေနဲ့ ထမ်းပိုးရတဲ့ ဝဋ်ဒုက္ခက အရမ်းလေးလံလွန်းတယ်။ တိုင်းပြည်ကို အုပ်ချုပ်ရာမှာ တန်ခိုးစွမ်းအားတွေ ဘယ်လောက်ကြီးမားပါစေ အလကားပဲ။ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေတောင် အတိုင်းအဆမဲ့ တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ခဲ့ကြပေမဲ့ တိုင်းပြည်ကို စနစ်တကျ အုပ်ချုပ်ဖို့ကျတော့ ဝရုန်းသုန်းကား ဖြစ်နေတာကြောင့် ဘာကိုမှ လက်ဆုပ်လက်ကိုင် မပြနိုင်ခဲ့ကြဘူး။”
ချန်ဧကရာဇ် ယန်ဖန်က ပွင့်လင်းစွာ ပြောဆိုလိုက်ပြီး သူ၏ မျက်လုံးများက နဂါးပလ္လင်ကို စိုက်ကြည့်နေသည်။ “ဧကရာဇ်ဖန်ဟာ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ခေါင်းဆောင် တိုင်ရှန်ကို ထီးနန်းလွှဲပေးခဲ့ပေမဲ့ သူက ငြင်းပယ်ခဲ့တယ်။ အမှန်တော့ သူ့မှာ ကြီးမားတဲ့ တာဝန်ယူလို စိတ် မရှိခဲ့လို့ပဲ။ ငါ သူ့ကို မနာလိုဖြစ်သလို မထင်မှတ်လည်း မထင်မှတ်ထားဘူး။ ဒီနဂါးပလ္လင်ဟာ ကြီးမားတဲ့ တာဝန်ယူမှု၊ ယုံကြည်မှုနဲ့ ဉာဏ်ပညာ မရှိတဲ့လူတွေ ထိုင်လို့ ရတဲ့ နေရာမဟုတ်ဘူး။ ဒီနဂါးပလ္လင်ပေါ်မှာ ထိုင်ပြီး အဲဒီ ကံတရားဝဋ်ဒုက္ခကို ထမ်းပိုးနိုင်မှ ပဲ စကြဝဠာရဲ့ အကြီးအကဲ ဖြစ်နိုင်မှာ။ ကံတရားဝဋ်ဒုက္ခကို ထမ်းရွက်ဖို့ သတ္တိတောင် မရှိဘူးဆိုရင် ‘အခြားတစ်ဖက်ကမ်း’ ကို ဘယ်လိုကူးမလဲ။ ‘ယန်နတ်ဘုရား’ အဆင့် ရောက်ဖို့တောင် မဖြစ်နိုင်ဘူး။ မင်းရော အဲဒီလို မထင်ဘူးလား၊ ဟုန်ယွိ။”
စကားပြောနေရင်းဖြင့် ယန်ဖန်သည် ပြန်လှည့်၍ ဟုန်ယွိကို မျက်နှာချင်းဆိုင်လိုက်သည်။ သူ စကားပြောလိုက်သည်နှင့်အတူ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါနှင့် ဖိအား များ ထွက်ပေါ်လာခဲ့သည်။
ထိုအရှိန်အဝါမှာ အတိုင်းအဆမရှိ ကျယ်ပြောလှသဖြင့် ‘ချန်ကန်းဆောင်’ တစ်ခုလုံး သိသိ သာသာ တုန်ခါသွားသည်။ ဟင်းလင်းပြင် အက်ကြောင်းများ ပေါ်လာပြီး တစ်ကမ္ဘာလုံးကို သူ ထိန်းချုပ်ထားသကဲ့သို့ ခံစားရသည်။
ဟုန်ရွှန်ကျိ၏ မောက်မာမှုနှင့် ယှဉ်လျှင် ယန်ဖန်၏ အရှိန်အဝါမှာ ပို၍ နက်ရှိုင်းလှသည်။
ဖျတ်ဖျတ်... ဖျတ်ဖျတ်...
မမြင်ရသော လေလှိုင်းများက ကြမ်းတမ်းစွာ စီးဆင်းလာပြီး ဟုန်ယွိ၏ အဝတ်အစားများ ကိုပင် တဖျတ်ဖျတ် လွင့်သွားစေသည်။ ဤတန်ခိုးစွမ်းအားမှာ ဟုန်ယွိ၏ ကိုယ်ပိုင် တန်ခိုး စွမ်းအင် နယ်ပယ်အတွင်းသို့ အတင်းအကျပ် ကျူးကျော်ဝင်ရောက်ကာ သူ့ကို ဖိအားပေး နေခြင်း ဖြစ်သည်။
“အရှင်မင်းကြီး...”
ဟုန်ယွိသည် တော်ဝင်ချန်ဧကရာဇ် ယန်ဖန်၏ အရှိန်အဝါကို ခံစားမိသောအခါ အနည်း ငယ် ထိတ်လန့်သွားရသည်။ ဤဧကရာဇ်သည် သူနှင့် အဆင့်တူပင် ဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။ ယန်ဖန်သည် ဖန်ဆင်းရှင်အဆင့်သို့ မရောက်သေးသော်လည်း ဖန်ဆင်းရှင်တစ်ဦးကိုပင် ယှဉ်နိုင်သော စွမ်းအားမျိုး ရှိနေသည်။ ဖန်ဆင်းရှင်တစ်ဦးပင်လျှင် ယန်ဖန်၏ ရှေ့တွင် နောက်ဆုတ်သွားရပေလိမ့်မည်။ ထို့အပြင် ယန်ဖန်သည် သူကဲ့သို့ပင် အချိန်မရွေး ဖန်ဆင်းရှင်အဆင့်သို့ တက်လှမ်းနိုင်သည့် အနေအထားတွင် ရှိနေသည်။
ဤမျှ ပြင်းထန်သော အရှိန်အဝါနှင့် ရင်ဆိုင်ရသဖြင့် ဟုန်ယွိသည်လည်း မပေါ့ဆရဲပေ။ သူ၏ ခန္ဓာကိုယ်မှ သူတော်စင်အလင်းတန်းများ ဝင်းလက်လာပြီး ပြင်းထန်သော တန်ခိုး စွမ်းအားများ ထွက်ပေါ်လာကာ ထိုဖိအားကို တိုက်ရိုက် ခုခံလိုက်သည်။ သူသည် ကြမ်းတမ်းသော လှိုင်းလုံးများကြားတွင် မတုန်မလှုပ် ရပ်တည်နေခဲ့သည်။
ချန်ဧကရာဇ် ယန်ဖန်သည် မြင့်မားသော လှိုင်းလုံးကြီးဖြစ်လျှင် ဟုန်ယွိသည် ပင်လယ်ထဲမှ ကျောက်ဆောင်တစ်ခုကဲ့သို့ပင်။
...
“အရှင်မင်းကြီး... ဒီပလ္လင်ဟာ တကယ်တော့ တည်ရှိနေဖို့ မလိုပါဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီအတွင်းမှာ ဒီပလ္လင်ကြောင့် လူဘယ်လောက်များများ သေကျေပျက်ဆီးခဲ့ရပြီလဲ၊ တင်းကျပ်လွန်းတဲ့ တင်းကျပ်တဲ့ ကျင့်ဝတ်တွေကြောင့် လူဘယ်လောက်များများ အသတ်ခံ ခဲ့ရပြီလဲ။ ဒီနှစ်တွေအတွင်းမှာ ကမ္ဘာကြီးဟာ ထူးဆန်းတဲ့ သံသရာထဲမှာ လည်နေခဲ့တယ်။ ကြာရှည်ကွဲကွာရင် ပြန်ပေါင်းစည်းတယ်၊ ကြာရှည်ပေါင်းစည်းရင် ပြန်ကွဲကွာကြတယ်။ ဘယ်ခေတ်မှာမဆို ဧကရာဇ်တွေ ဘယ်လောက်ပဲ ပညာရှိပါစေ... ဆင်းရဲသားတွေ ပိုဆင်းရဲ လာပြီး ချမ်းသာတဲ့သူတွေ ပိုချမ်းသာလာတာကို မတားဆီးနိုင်ခဲ့ဘူး။ နောက်ဆုံးမှာတော့ ကမ္ဘာကြီးဟာ မီးဟုန်းဟုန်းတောက်၊ ရေကြီးသလိုမျိုး သတ်ဖြတ်မှုတွေနဲ့ ကြုံတွေ့ရတာပါ ပဲ။ ဒီထူးဆန်းတဲ့ သံသရာကို အဆုံးသတ်ရပါမယ်၊ လူသားတွေရဲ့ လမ်းစဉ်ကို ပြုပြင် ပြောင်းလဲရပါမယ်။”
ဟုန်ယွိက တည်ကြည်စွာ ပြောဆိုလိုက်သည်။
“ဒါကြောင့်လည်း ငါတို့က နည်းလမ်းမျိုးစုံ သုံးပြီး ဗဟိုအာဏာကို စုစည်းနေတာပေါ့၊ အထက်တန်းစား မိသားစုကြီးတွေကို ရှင်းထုတ်တယ်၊ အရာရှိတွေကို အခွန်ဆောင်ခိုင်း တယ်၊ လူဦးရေသန်းခေါင်စားရင်းကို စစ်ဆေးတယ်၊ မြေယာတွေကို တိုင်းတာပြီး မျှတ အောင် ခွဲဝေပေးတယ်။ ဒါတွေကို မင်းက ဘာဖြစ်လို့ ငါ့ကို အမြဲတမ်း လာတားနေရတာ လဲ။” ဧကရာဇ် ယန်ဖန်က မေးလိုက်သည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် အရှင်မင်းကြီး လုပ်ဆောင်တာတွေက ကောင်းမွန်ပါတယ်။ အရှင်မင်းကြီးမှာ ကြီးမြတ်တဲ့ ပါရမီနဲ့ ရဲရင့်တဲ့အမြင်လည်း ရှိပါတယ်။” ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။ “ဒါပေမဲ့ ပြဿနာရဲ့ အရင်းအမြစ်က မှားနေတယ်။ ဒါက ရောဂါ လက္ခဏာကိုပဲ ကုပြီး အမြစ်ကို မကုတာမျိုးပဲ။ တော်ဝင်ချန် အင်ပါယာက သိုင်းကျမ်းတွေ၊ တာအိုကျမ်းတွေကို စုစည်းပြီး ကမ္ဘာအနှံ့က စာအုပ်တွေကို သိမ်းဆည်းတာဟာ ပြည်သူ တွေရဲ့ နှလုံးသားကို ပိတ်လှောင်ဖို့ပဲ ဖြစ်တယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ နှလုံးသားကို အဲဒီလောက် အလွယ်တကူ ပိတ်လှောင်လို့ ရနိုင်ပါ့မလား။ နာကျည်းမှုတွေက ပိုပိုပြီး စုပုံလာမယ်၊ နောက်ဆုံးမှာတော့ ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာမှာပဲ။ တကယ်လို့, အရှင်မင်းကြီးသာ တကယ် စေတနာရှိရင် ပြည်သူတွေရဲ့ ဉာဏ်အမြင်ကို ဘာလို့ ဖွင့်မပေး တာလဲ၊ ပြည်သူတွေကို တာအိုပညာနဲ့ သိုင်းပညာတွေ ဘာလို့ မသင်ကြားစေတာလဲ။ လူတိုင်းမှာ လွတ်လပ်တဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်ကမ္ဘာတစ်ခု ရှိနေမယ်၊ ကောင်းကင်နဲ့ မြေကြီးကြားမှာ လွတ်လပ်စွာ သွားလာနိုင်မယ်ဆိုရင် ပဋိပက္ခတွေက အလိုအလျောက် ငြိမ်းအေးသွားမှာပဲ။”
“ပြည်သူတွေရဲ့ ဉာဏ်အမြင်ကို ဖွင့်ပေးရမယ် ဟုတ်လား၊ မင်းစကားတွေက ကလေးက လား ဆန်လွန်းပါတယ်။ လူတိုင်းမှာ ရည်မှန်းချက် ရှိကြတယ်၊ ဒါပေမဲ့ သူတို့မှာ စွမ်းအား မရှိလို့သာ ငြိမ်နေကြတာ။ စွမ်းအားနဲ့ ရည်မှန်းချက်သာ ပေါင်းစပ်သွားရင် ကမ္ဘာကြီးဟာ ဖရိုဖရဲ ဖြစ်သွားလိမ့်မယ်။ ဘယ်သူ တားနိုင်တော့မှာလဲ၊ တကယ်လို့ ငါသာ သိုင်းပညာနဲ့ တာအိုပညာကို ပိတ်ပင်ထားရင် ဒီမဟာကမ္ဘာကြီးမှာ သိုင်းပညာရှင်တွေ၊ တာအိုသခင်တွေ ရှိတော့မှာ မဟုတ်ဘူး။ လူတိုင်းမှာ စွမ်းအား မရှိဘူးဆိုရင် ရည်မှန်းချက်လည်း ရှိလာမှာ မဟုတ်တော့ဘူး၊ ဒါဆိုရင် ကမ္ဘာကြီးလည်း အေးချမ်းသွားမှာပဲ။” ချန်ဧကရာဇ် ယန်ဖန်က အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။
“အဲဒီလို လူမျိုးတွေက ကျောက်ခဲတစ်တုံးနဲ့ ဘာကွာတော့မှာလဲ။” ဟုန်ယွိက ခေါင်းယမ်း လိုက်သည်။ “အရှင်မင်းကြီး လိုချင်တာက ဝက်တွေ၊ ခွေးတွေလို ငြိမ်သက်နေတဲ့ အခြေအနေမျိုးပဲ။ ကျွန်တော်မျိုး လိုချင်တာကတော့ ‘အင်မော်တယ်’ တွေရှိတဲ့ ငြိမ်သက် ခြင်းမျိုးပါ။ တကယ်တော့ လူတစ်ယောက်ရဲ့ ကျင့်စဉ်က မြင့်မားလေလေ ကောင်းကင် တာအိုရဲ့ မျှခြေကို ပိုပြီး နားလည်လေပဲ။ ဆန့်ကျင်ဘက်အနေနဲ့ အသိဉာဏ်မရှိတဲ့ လူတွေ ဟာ မျှခြေဆိုတာကို နားမလည်ကြဘူး၊ ဒါကြောင့်လည်း နှလုံးသားနတ်ဆိုးတွေနဲ့ အလို လောဘရမ္မက်တွေရဲ့ သွေးဆောင်မှုကို ခံနေရတာပဲ။ လူတိုင်းက အလွန်မြင့်မားတဲ့ အဆင့် ကို ရောက်ရှိသွားပြီး နတ်ဘုရားလို ပြောင်းလဲပြီး တာအိုနဲ့ တစ်သားတည်း ဖြစ်သွားတဲ့အခါ ပဋိပက္ခတွေ ဘယ်မှာ ရှိတော့မှာလဲ။ အဲဒီအခါကျမှ ဒီမဟာကမ္ဘာကြီးဟာ စစ်မှန်တဲ့ အင်မော်တယ်လောက၊ နတ်ဘုရားလောက၊ သူတော်စင်လောက ဖြစ်လာမှာပဲ။”
“ဟုန်ယွိ... မင်းလုပ်နေတဲ့ အရာတွေက ဘယ်လောက် အန္တရာယ်များလဲဆိုတာ သိလာမယ့် တစ်နေ့ ရောက်လာပါလိမ့်မယ်။” ချန်ဧကရာဇ် ယန်ဖန်က နဂါးပလ္လင်ပေါ်တွင် တိုက်ရိုက် ထိုင်ချလိုက်ပြီး ခန်းမအလယ်တွင် ရပ်နေသော ဟုန်ယွိကို ငုံ့ကြည့်ကာ သက်ပြင်းချလိုက် သည်။ “လူ့နှလုံးသားဟာ ငရဲပြည်က လေပြင်းတွေလိုပဲ ကောက်ကျစ်စဉ်းလဲလှတယ်။ သူတို့ရဲ့ ရည်မှန်းချက်နဲ့အညီ စွမ်းအားသာ ရှိလာခဲ့ရင် ကမ္ဘာကြီးဟာ ပျက်စီးသွားလိမ့်မယ်။ ဝဝလင်လင် စားရရင်တောင် ကာမဂုဏ်ကို တောင့်တကြတာ၊ အာဏာဆိုရင် ပြောနေစရာ တောင် မလိုတော့ဘူး။ လူတိုင်းသာ ဖန်ဆင်းရှင်အဆင့် စွမ်းအားတွေ ရှိလာရင် တစ်ကမ္ဘာ လုံး ပျက်စီးသွားလိမ့်မယ်။ အခုရှိနေတဲ့ ကျွမ်းကျင်သူတွေကို ကြည့်ပါဦး။ ဖန်ဆင်းရှင်တွေ ကို ထားလိုက်ပါဦး၊ သိုင်းသူတော်စင်၊ လူသားအင်မော်တယ်၊ တစ္ဆေအင်မော်တယ်... ဘယ်သူကများ သတ်ဖြတ်ဖို့အတွက် ဝန်မလေးလို့လဲ။ သူတို့က ကမ္ဘာကြီးက သူတို့ကို သစ္စာဖောက်တာထက် သူတို့ကိုယ်တိုင်က ကမ္ဘာကြီးကို သစ္စာဖောက်ဖို့ကိုပဲ ရွေးချယ်ကြ တာ၊ ဟင်း.. ဟင်းး...”
စကားပြောရင်း ဧကရာဇ် ယန်ဖန်က လှောင်ပြုံး ပြုံးလိုက်သည်။ “မင်းကိုယ်တိုင်တောင်မှ ကျင့်စဉ်တွေ အောင်မြင်လာတာနဲ့ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု ကျင့်ဝတ်တွေကို ဂရုမစိုက် တော့ဘူး မဟုတ်လား။ မင်းက ‘ဖူဘိုရေတပ်က’ စစ်သူကြီး ရှောင်ထျန်းယောင်းကို သတ်ခဲ့ တယ်၊ ဧကရာဇ်ရဲ့ နဂါးအလံကိုတောင် ဖျက်ဆီးခဲ့တယ် မဟုတ်လား။ ကမ္ဘာပေါ်က လူတိုင်းသာ မင်းလိုဖြစ်နေရင် ဘယ်လိုမြင်ကွင်းမျိုး ဖြစ်လာမလဲ။”
“အရှင်မင်းကြီး... ကမ္ဘာပေါ်က လူတိုင်းသာ အဲဒီလိုမျိုး (ကျင့်စဉ်အဆင့် မြင့်မားသူ) ဖြစ်နေ မယ် ဆိုရင် အဲဒီလို (မတရားသတ်ဖြတ်မှု) မျိုးတွေ ဖြစ်လာမှာ မဟုတ်ပါဘူး။” ဟုန်ယွိက တည်ငြိမ်စွာ ဆိုသည်။
“ထားလိုက်ပါတော့၊ ငါ မင်းနဲ့ ဆက်ပြီး ငြင်းမနေတော့ဘူး။” ချန်ဧကရာဇ် ယန်ဖန်က လက်ယမ်းလိုက်သည်။ “ဒီကိစ္စက ငြင်းခုံနေလို့ အဆုံးသတ်မှာ မဟုတ်ဘူး။ မင်းမှာ မင်းရဲ့ တာအိုရှိတယ်၊ ငါ့မှာလည်း ငါ့ကိုယ်ပိုင် တာအိုရှိတယ်၊ မင်းအဖေမှာလည်း သူ့ကိုယ်ပိုင် တာအိုရှိတယ်။ နောက်ဆုံးမှာတော့ အာဏာနဲ့ နည်းလမ်းတွေကပဲ ဆုံးဖြတ်သွားမှာပဲ။ ဒါပေမဲ့ မင်း ဒီည ကြင်ယာတော်ယွမ်ကို လာရှာတာက သူမကို နန်းတော်ထဲကနေ ခေါ်ထုတ်သွားချင်လို့ မဟုတ်လား။”
“မှန်ပါတယ်၊ ကျွန်တော်မျိုး ကြင်ယာတော်ယွမ်ကို နန်းတော်ထဲက ခေါ်ထုတ်သွားဖို့ လာတာပါ။” ဟုန်ယွိက ဆိုသည်။
“ကြင်ယာတော်ယွမ်က ငါ့ရဲ့ ကိုယ်လုပ်တော်ပဲ၊ မင်းက ဘာအခွင့်အရေးနဲ့ သူမကို ခေါ်ထုတ်သွားမှာလဲ။” ယန်ဖန်က မျက်မှောင်ကြုတ်လိုက်သည်။
“ဒါက ကြင်ယာတော်ယွမ်ရဲ့ ဆန္ဒပေါ်မှာပဲ မူတည်ပါတယ်။ တကယ်လို့ သူမက လိုက်ချင် တယ်ဆိုရင် ကျွန်တော်မျိုး သူမကို ခေါ်သွားမှာပါ။ သူမက မလိုက်ချင်ဘူးဆိုရင်တော့ ကျွန်တော်မျိုးလည်း ချက်ချင်း ပြန်လှည့်ထွက်သွားမှာပါ။” ဟုန်ယွိက ဆိုသည်။ “ကြင်ယာတော်ယွမ်မှာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ကမ္ဘာပေါ်က လူတိုင်းမှာလည်း ကိုယ်စီ ရွေးချယ်ပိုင်ခွင့် ရှိသင့်ပါတယ်။”
...
“ရွေးချယ်ပိုင်ခွင့် ဟုတ်လား။” ချန်ဧကရာဇ် ယန်ဖန်က ခပ်ပြုံးပြုံး ပြောလိုက်သည်။ “ဟုန်ယွိ... မင်း ငါနဲ့ လောင်းကြေးတစ်ခု ထပ်မလား။ မင်းနိုင်ရင် ကြင်ယာတော်ယွမ်ကို ခေါ်သွားခွင့်ပြုမယ်။ ဒါပေမဲ့ မင်းရှုံးခဲ့ရင်တော့...”
“ကျွန်တော်မျိုး ရှုံးရင် ဘာဖြစ်မှာလဲ။” ဟုန်ယွိ၏ မျက်ဝန်းများ ဝင်းလက်သွားသည်။
“မင်းရှုံးရင်တော့ လမ်းတစ်လမ်းပဲ ရှိတယ်၊ အဲဒါက သေခြင်းတရားပဲ။ ငါက ဒီကမ္ဘာကြီးကို ပြောင်းလဲချင်နေတဲ့လူပဲ၊ မင်းလို ‘သူတော်စင်ငယ်’ တစ်ယောက်ကို သတ်လိုက်လို့ ကမ္ဘာကြီးရဲ့ အပြစ်တင် ခံရမှာကို ငါ ဂရုမစိုက်ဘူး။” ချန်ဧကရာဇ် ယန်ဖန်က ဆိုသည်။
“ဒါဆိုရင် အရှင်မင်းကြီးက ကျွန်တော်မျိုးနဲ့ တာအိုပညာရပ်ချင်း ယှဉ်ပြိုင်ချင်တာပေါ့။ တကယ်လို့ ကျွန်တော်မျိုးက အရှင်မင်းကြီးရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ရင် ကျွန်တော်မျိုး နိုင်မယ်။ မခုခံနိုင်ရင်တော့ သေရမယ်၊ ဟုတ်ပါသလား။” ဟုန်ယွိက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“ဉာဏ်ကောင်းသားပဲ။” ချန်ဧကရာဇ် ယန်ဖန်က သက်ပြင်းချလိုက်သည်။ “ဟုန်ရွှန်ကျိမှာ ဘာလို့ မင်းလို ဉာဏ်ကောင်းတဲ့ သားတစ်ယောက် ရှိနေရတာလဲ။ နှမြောစရာပဲ၊ နှမြောစရာပဲ။ မဟုတ်ရင်တော့ သားအဖနှစ်ယောက် ပူးပေါင်းပြီး ငါတို့ အလုပ်လုပ်ကြမယ် ဆိုရင် ဒီကမ္ဘာမှာ ငါတို့ကို တားဆီးနိုင်မယ့်လူ ရှိမှာ မဟုတ်တော့ဘူး။”
“ကျွန်တော်မျိုးတို့ ကိုယ်တိုင်က ကိုယ်ကျင့်သီလရှိရင် အစေအပါးတွေက သစ္စာရှိကြမှာပဲ။ ကျွန်တော်မျိုးတို့ ကိုယ်တိုင် ကိုယ်ကျင့်သီလ မရှိရင်တော့ အားလုံးက စွန့်ခွာသွားကြမှာပဲ။ တရားမျှတမူကို ထောက်ခံသူများပြီး မတရားမူကို ထောက်ခံသူ နည်းပါးတတ်ပါတယ်။ အရှင်မင်းကြီးက ဒါကိုတောင် နားမလည်ဘူးလား။” ဟုန်ယွိသည် ‘ချန်ကန်းဆောင်’ အတွင်း၌ ရပ်နေရင်း သူ၏ အသံမှာ ပဲ့တင်ထပ်သွားသည်။
“တရားမျှတမူက ထောက်ခံသူများတယ်၊ မတရားအမှုက ထောက်ခံသူ နည်းပါးတယ်... ဟုတ်လား။ ကြင်ယာတော်ယွမ်... ထွက်ခဲ့စမ်း။”
ချန်ဧကရာဇ် ယန်ဖန်သည် သူ၏ ပလ္လင်ပေါ်မှ ရုတ်တရက် ထရပ်လိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်သည်။ ခဏချင်းမှာပင် လေထဲ၌ ကြည်လင်သော မြူခိုးလုံးကြီးတစ်ခု ပေါ်လာသည်။ ထိုမြူခိုးလုံးမှာ တဖြည်းဖြည်း ကြည်လင်သွားပြီး အတွင်း၌ တရားထိုင်နေ သော အမျိုးသမီးတစ်ဦးကို မြင်တွေ့လိုက်ရသည်။ သူမမှာ အေးစက်သော စွမ်းအင်များ ဝိုင်းရံလျက် ရှိနေသည့် ကြင်ယာတော်ယွမ်ပင် ဖြစ်သည်။
“ဟင်” ဟုန်ယွိ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ကြင်ယာတော်ယွမ်သည် ကိုယ့်ကိုယ်ကို ကာကွယ်ရန် ‘ရေခဲဝိညာဉ်မူလပုလဲ’ ကို သုံးထားသည်ကို သူ မြင်လိုက်ရ သည်။ ထိုကြည်လင်သော မြူခိုးအလွှာမှာ ချန်ဧကရာဇ် ယန်ဖန်က သူမကို ဖမ်းဆီးရန် အသုံးပြုထားသော နည်းလမ်း ဖြစ်ပေသည်။
“ဟုန်ယွိ... မင်း ရောက်လာတာလား။”
ရေခဲဝိညာဉ်မူလပုလဲ အတွင်းမှ ကြင်ယာတော်ယွမ်သည်လည်း တုန်ခါမှုကို ခံစားလိုက်ရ သည်။ သူမ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အပြင်ဘက်မှ အရာအားလုံးနှင့် ဟုန်ယွိကို မြင်လိုက်ရသဖြင့် ဝမ်းသာအားရ အော်ဟစ်လိုက်မိသည်။ သို့သော် ခဏအကြာတွင် သူမ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပါသည်။
“ဟုန်ယွိ... အမြန်ပြေးတော့။”
“ကြင်ယာတော်ယွမ်... ငါ မင်းကို ဘာမှ မလုပ်ပါဘူး။ မဟုတ်ရင် အဲဒီ ရေခဲဝိညာဉ်မူလ ပုလဲလည်း အသုံးမဝင်ဘူး။ ရေခဲဝိညာဉ် တာအိုသခင်ကိုယ်တိုင် ပြန်လည် မွေးဖွားလာရင် တောင် ငါသတ်ချင်ရင် သူ့ကို သတ်နိုင်သေးတာပဲ။”
ယန်ဖန်က လက်ယမ်းလိုက်ရာ ကြည်လင်သော မြူခိုးများ ပျောက်ကွယ်သွားပြီး ကြင်ယာတော် ယွမ်မှာ ချက်ချင်း လွတ်မြောက်သွားခဲ့သည်။
...
“သွား”
ကြင်ယာတော်ယွမ် လွတ်မြောက်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်လုံးများမှ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာပြီး ဟုန်ယွိထံသို့ ပျံသန်းသွားသည်။
“သတိထား”
ကြင်ယာတော်ယွမ် ပျံသန်းလာချိန်တွင် ချန်ဧကရာဇ် ယန်ဖန်၏ အငွေ့အသက် ပြောင်းလဲ သွားသည်ကို မြင်လိုက်ရသဖြင့် ဟုန်ယွိ ထိတ်လန့်သွားရသည်။ “မကောင်းတော့ဘူး။”
ထိုခဏမှာပင် ချန်ဧကရာဇ် ယန်ဖန်က လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားလှသော မူလ စွမ်းအင် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ‘အလယ်ဗဟိုမြေဓာတ်၏ ဟင်းလင်းပြင် မဟာစွမ်းအင်’ ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်များမှာ ပြိုကွဲ သွားတော့သည်။ အတိုင်းအဆမဲ့ သိုင်းဆန္ဒနှစ်ခုမှာ ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ ဟုန်ယွိထံသို့ ကျရောက်လာသည်။ သိုင်းဆန္ဒတစ်ခုမှာ ‘ကောင်းကင်ဘုံသေမင်းဘီး’ ဖြစ်ပြီး၊ အခြားတစ်ခုမှာမူ ၎င်းထက်ပင် ပို၍ စွမ်းအားကြီးမားပေသည်။ ၎င်း၏ သိုင်းတာအို မှာ ဟုန်ရွှန်ကျိထက်ပင် ပို၍ မြင့်မားပြီး၊ ပို၍နက်ရှိုင်းသည်။
၎င်းမှာ အပ်စိုက်မှတ် ၈၀၀ ကျော် ပွင့်ထားသည့် ‘ကောင်းကင်အပြင်ပနယ်မြေမှ အထွက်အထိပ် လူသားအင်မော်တယ်’ တစ်ဦး၏ စွမ်းအားမျိုးပင် ဖြစ်နေပါတော့သည်...
စာစဉ် (၅၂) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။