← Chapters

အခန်း (၂၈၁-၂၈၂)

Vol. 29 Ch. 281-282

အခန်း (၂၈၁-၂၈၂)

Vol. 29 Ch. 281-282

အခန်း (၂၈၁) - ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ကျင့်စဉ်

ဂိုဏ်းကြီးအသီးသီးမှ တပည့်များကြား ပြိုင်ပွဲမှာ ညနေစောင်းအထိ ဆက်လက်ကျင်းပနေလေသည်။

လမင်းကြီး ထွက်ပေါ်လာချိန်၌ ထိုနေ့အတွက် ဂိုဏ်းတပည့်များ၏ အချင်းချင်းယှဉ်ပြိုင်မှုမှာ ယာယီပြီးဆုံးသွားချေပြီ။ ဇွေ့ယွဲ့မြို့နယ်ရှိ ဂိုဏ်းများညီလာခံသည် စုစုပေါင်း သုံးရက်ကြာမြင့်မည် ဖြစ်သည်။

ပထမနှစ်ရက်မှာ တပည့်များအကြား ယှဉ်ပြိုင်မှုများဖြင့် ပြည့်နှက်နေပြီး တတိယနေ့မှာမူ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများအကြား ပြိုင်ပွဲဖြစ်ပေသည်။

ထိုနေ့၏ ယှဉ်ပြိုင်မှုများ ပြီးဆုံးသွားပြီးနောက် ရွှီနင်နှင့် အခြားသူများသည်လည်း လူအုပ်ကြီးနှင့်အတူ ထွက်ခွာသွားကြပြီး မနက်ဖြန်မှ ပြန်လာရန် စောင့်ဆိုင်းနေကြလေသည်။

ရွှီနင်နှင့် ကျန်နှစ်ယောက်သည် ရှင်းအန်းတောက်၊ ထန်ယွင်ခုံးနှင့် အခြားသူများထံသို့ ချက်ချင်းမသွားဘဲ စားသောက်ဆိုင်တစ်ဆိုင်တွင် ဦးစွာ အနားယူနေကြသည်။

နောက်တစ်နေ့တွင် ပြိုင်ပွဲကွင်းအတွင်းသို့ ထပ်မံသွားရောက်ကြပြန်သည်။

ပထမနေ့ကဲ့သို့ပင် ယွမ်ရှန်းဂိုဏ်းမှ တပည့်အများစုမှာ ရှုံးနိမ့်နေဆဲဖြစ်ပြီး ရှုံးနိမ့်သူအများစုမှာလည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေကြလေသည်။

နောက်ဆုံးတွင် တတိယနေ့သို့ ရောက်ရှိလာချေပြီ။ ယနေ့သည် ဂိုဏ်းကြီးအသီးသီးမှ တာအိုနယ်ပယ် သိုင်းပညာရှင်များ၏ နေ့ဖြစ်သည်။ နေမင်းကြီးမှာ ကောင်းကင်ယံတွင် မြင့်တက်နေပြီး ပွဲကြည့်စင်ပေါ်ရှိ လေထုမှာလည်း သက်ဝင်လှုပ်ရှားနေသည်။

ယွမ်ရှန်းဂိုဏ်းရှိရာ နေရာလေးကသာ စိတ်ပျက်အားငယ်ဖွယ် ကောင်းနေပေသည်။

အဘယ်ကြောင့်ဆိုသော် ဒဏ်ရာရထားသော တပည့်များမှာ အလွန်များပြားနေပြီး ယွမ်ရှန်းဂိုဏ်းတပည့်များ၏ သုံးပုံတစ်ပုံအောက်သာ စင်အောက်တွင် ကျန်ရှိနေသောကြောင့် ဖြစ်လေသည်။

လွန်ခဲ့သောနှစ်ရက်ကကဲ့သို့ပင် အစီအစဉ်မှူးသည် စင်မြင့်ထက်တွင် လုပ်ငန်းစဉ်များကို ရှင်းပြကာ လေထုကို အသက်ဝင်လာစေရန် လုပ်ဆောင်နေသည်။

“ဂိုဏ်းချုပ်များ၊ အကြီးအကဲများခင်ဗျား... လူကြီးမင်းတို့အားလုံးက ဇွေ့ယွဲ့မြို့နယ်ရဲ့ သိုင်းပညာရှင်ကြီးတွေ ဖြစ်ကြပါတယ်။ အချင်းချင်း အသိပညာတွေ၊ သင်ယူထားတာတွေကို ဖလှယ်နိုင်ခြင်းက ကျွန်တော်တို့ ဇွေ့ယွဲ့မြို့နယ်ရဲ့ သိုင်းပညာတိုးတက်မှုအတွက် အများကြီး အကျိုးရှိစေပါတယ်”

“ဆက်လက်ပြီး ကျွန်တော်တို့မှာ တင်းကျပ်တဲ့ စည်းမျဉ်းတွေ မရှိပါဘူး။ ယှဉ်ပြိုင်ချင်သူတိုင်း ကိုယ်တိုင် စိန်ခေါ်နိုင်ပါတယ်။ ကျွန်တော် မျှော်လင့်တာတစ်ခုကတော့ အားလုံးပဲ သင့်တော်သလို ရပ်တန့်ကြဖို့နဲ့ ကျွန်တော်တို့ မြို့နယ်ရဲ့ သဟဇာတဖြစ်မှုကို မထိခိုက်စေဖို့ပါပဲ”

ထိုသို့ပြောပြီးသည်နှင့် အစီအစဉ်မှူးက စင်မြင့်ထက်မှ ဆင်းသွားလေသည်။

ပထမဆုံးစိန်ခေါ်မည့်သူကို စောင့်ဆိုင်းရင်း လူအားလုံး တိတ်ဆိတ်သွားကာ ဟိုဟိုဒီဒီ ကြည့်နေကြသည်။

ထိုအချိန်လေးမှာပင်…

ရှင်းအန်းတောက်ကို လှောင်ပြောင်ခဲ့သော မုတ်ဆိတ်မွေးနှင့် လူဝကြီမှာ လူအုပ်ထဲမှ ထွက်လာပြီး စင်မြင့်ထက်တွင် မတ်တတ်ရပ်လိုက်သည်။

“ဒါ ပန့်ချိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ် တင်းပိုင်ပဲ”

စင်အောက်မှ တစ်စုံတစ်ယောက်က သူ့ကို မှတ်မိသွားလေသည်။

လူအများအပြားမှာ စိတ်လှုပ်ရှားနေပုံရသည်။

ပန့်ချိုးဂိုဏ်း၏ တာအိုနယ်ပယ် တတိယအဆင့် သိုင်းပညာရှင် တင်းပိုင်သည် အလွန်အမင်း အစွမ်းထက်လှပေသည်။

ဤမျှအဆင့်ရှိသော သိုင်းပညာရှင်တစ်ယောက် အလျင်အမြန် ထွက်ပေါ်လာခြင်းက အားပေးဟစ်ကြွေးသံများကို ဖြစ်ပေါ်စေခဲ့လေသည်။

“ဒီတင်းပိုင်က တော်တော်လေးကို ယုံကြည်မှုရှိနေတာပဲ...”

စင်အောက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးကျိက ပြုံးလိုက်လေသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးကျိသည် ဂိုဏ်းပေါင်းစုံညီလာခံ၏ ပထမနေ့တွင် ပေါ်လာခဲ့သော်လည်း ဒုတိယနေ့တွင်မူ မလာခဲ့ပေ။

ဂိုဏ်းချုပ်များနှင့် အကြီးအကဲများ ယှဉ်ပြိုင်မည့် တတိယနေ့ကျမှသာ သူ ထပ်မံပေါ်လာခဲ့ခြင်း ဖြစ်သည်။

“ယွမ်ရှန်းဂိုဏ်းချုပ် ရှင်းအန်းတောက်... ကျေးဇူးပြုပြီး လမ်းညွှန်ပြသပေးပါဦး”

တင်းပိုင်သည် စင်ပေါ်တွင် ရပ်ကာ ရှင်းအန်းတောက်ဘက်သို့ လက်ယှက်၍ အရိုအသေပေးလိုက်သည်။

‘သူက ငါ့ကို စိန်ခေါ်လိုက်တာကိုး...’

ရှင်းအန်းတောက်၏ မျက်နှာထားသည် ခေတ္တမျှ တောင့်တင်းသွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

အမှန်တော့ တင်းပိုင်တစ်ယောက် စင်ပေါ်သို့တက်ရန် စိတ်အားထက်သန်နေချိန်မှစ၍ ရှင်းအန်းတောက်မှာ ကြိုတင်ခံစားမိနေခဲ့သည်။

တင်းပိုင်၏ ပန့်ချိုးဂိုဏ်းသည် ယွမ်ရှန်းဂိုဏ်း၏ ချင်းဝမ်ဟန်သံသတ္တုတွင်းကို မျက်စိကျနေသော အင်အားစုများထဲတွင် အင်အားအကြီးဆုံး ဖြစ်ပေသည်။

ယွမ်ရှန်းဂိုဏ်း ပြန်လည်တုံ့ပြန်လာစေရန်နှင့် ၎င်းတို့အား တိုက်ခိုက်ရန် အကြောင်းပြချက်ရစေရန်အတွက် သူတို့သည် ယွမ်ရှန်းဂိုဏ်းအား အကြိမ်ကြိမ် ရန်စခဲ့ကြသည်။

သို့သော် ရှင်းအန်းတောက်သည် အကြိမ်တိုင်းတွင် ဒေါသကို မြိုသိပ်ခဲ့ပြီး ယွမ်ရှန်းဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များကိုလည်း အသိတရား လက်ကိုင်ထားစေခဲ့သည်။

သို့သော် ယခု တင်းပိုင်ကိုယ်တိုင် စိန်ခေါ်လာပြီဖြစ်ရာ သူ ရှောင်လွှဲ၍ မရနိုင်တော့ချေ။

လူပုံအလယ်တွင် တိုက်ပွဲကို ဆက်လက်ရှောင်လွှဲနေမည်ဆိုပါက ယွမ်ရှန်းဂိုဏ်းအပေါ် များစွာ ဆိုးကျိုးသက်ရောက်စေလိမ့်မည်။

“ယွမ်ရှန်းဂိုဏ်းက ရှင်းအန်းတောက် စိန်ခေါ်မှုကို လက်ခံပါတယ်”

ရှင်းအန်းတောက် မတ်တတ်ရပ်လိုက်သည်။

“ဂိုဏ်းချုပ်”

သူ့ဘေးရှိ ထန်ယွင်ခုံး၊ ကူမန့်နှင့် အခြားသူများမှာ အနည်းငယ် စိုးရိမ်နေပုံရသည်။

ရှင်းအန်းတောက်သည် တာအိုနယ်ပယ် ဒုတိယအဆင့် သိုင်းပညာရှင်သာ ဖြစ်ကြောင်း သူတို့အားလုံး သိထားကြသည်။

သူသည် ကြယ်တာရာချီနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်နေပြီဆိုသော်လည်း တတိယအဆင့်သို့ ရောက်နေသော တင်းပိုင်နှင့် ယှဉ်လျှင် အများကြီး နိမ့်ကျနေဆဲပင်။

ရှင်းအန်းတောက်သည် သူတို့အား တစ်ချက်ကြည့်လိုက်ပြီး စင်ပေါ်သို့ ပြတ်သားစွာ တက်သွားလေသည်။

“ဒီတင်းပိုင်က တော်တော်လေးကို ညစ်ပတ်တာပဲ...”

စင်အောက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးကျိက သူ့ဘာသာ ရေရွတ်လိုက်သည်။

“တာအိုနယ်ပယ် တတိယအဆင့်က ဒုတိယအဆင့်ကို စိန်ခေါ်တာကတော့ လွန်လွန်းပါတယ်လေ...”

မြို့နယ်အုပ်ချုပ်ရေးမှူးကျိဘေးရှိ အမြုတေဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်နှစ်ဦးမှာ ပြုံးရုံသာပြုံးပြီး ပြန်မဖြေကြချေ။

မြို့နယ်အုပ်ချုပ်ရေးမှူးကျိသည်လည်း ဘာမှဆက်မပြောတော့ပေ။

ဤလူများ မည်သို့တွေးနေသည်ကို မြို့နယ်အုပ်ချုပ်ရေးမှူးကျိတစ်ယောက် အကြမ်းဖျင်း သိထားလေသည်။

ယွမ်ရှန်းဂိုဏ်း ဆက်လက်ရင်ဆိုင်ရမည့် အခြေအနေကိုလည်း သူ သိထားသည်။

သို့သော် မြို့နယ်အုပ်ချုပ်ရေးမှူးကျိမှာမူ ဝင်စွက်ဖက်ရန် မရည်ရွယ်ထားပေ။

ပထမအချက်အနေဖြင့် သူသည် ယွမ်ရှန်းဂိုဏ်းနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။ ဒုတိယအချက်အနေဖြင့် ယွမ်ရှန်းဂိုဏ်းတွင် ဂိုဏ်းတံဆိပ်ပြား မရှိသောကြောင့် ဖြစ်သည်။

ထိုကဲ့သို့သော ဂိုဏ်းမျိုးမှာ အငြိုးတကြီး ဖျက်ဆီးမခံရသရွေ့ မြို့နယ်အုပ်ချုပ်ရေးမှူးကျိအတွက် သိပ်ပြီး အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ချေ။

ဂိုဏ်းအသီးသီးအကြား အငြင်းပွားမှုများဆိုသည်မှာ အမြဲတမ်း ရှိနေတတ်သည်သာ။

“ဂိုဏ်းတူညီလေးရွှီ...”

ဤသည်ကို မြင်သောအခါ စစ်ယင်မှာ အနည်းငယ် စိုးရိမ်သွားသည်။

“ဂိုဏ်းချုပ်ရှင်းအန်းတောက် ဘာအန္တရာယ်မှ မရှိလောက်ပါဘူးနော်...”

“နယ်ပယ်ကွာဟချက် ရှိနေတာဆိုတော့ ဂိုဏ်းချုပ်ရှင်းက တင်းပိုင်ရဲ့ ပြိုင်ဘက် ဖြစ်နိုင်ဖို့ မလွယ်ဘူး”

ရွှီနင်က ပြန်ဖြေလိုက်သည်။

တင်းပိုင် စင်ပေါ်တက်သွားချိန်တွင် လူတိုင်းက သူ့အကြောင်း ပြောနေကြသဖြင့် ယခုအခါ ရွှီနင်သည် တင်းပိုင်၏ အကြောင်းကို အနည်းငယ် နားလည်နေပြီ ဖြစ်သည်။

“ဒါဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ”

ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့၏ အမြင်တွင် ယွမ်ရှန်းဂိုဏ်းသည် သူတို့၏ မွေးရပ်မြေပင် ဖြစ်သည်။

“ဂိုဏ်းချုပ်ရှင်း အန္တရာယ်ရှိလာရင် ကျွန်တော် ကူညီပေးပါ့မယ်”

ရွှီနင်၏ စကားကြောင့် သူတို့နှစ်ဦးမှာ စိတ်သက်သာရာ ရသွားကြလေသည်။

စင်မြင့်ထက်မှ လူနှစ်ဦးမှာ စတင်တိုက်ခိုက်နေကြပြီ ဖြစ်သည်။

တာအိုနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ ဖျက်ဆီးနိုင်စွမ်းမှာ ကြီးမားလှသောကြောင့် တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုများမှာလည်း အလွန်အန္တရာယ်များလှပေသည်။

ထို့ကြောင့် စင်မြင့်ထက်တွင် ကာကွယ်ရေးအကာအကွယ်တစ်ခုကို တပ်ဆင်ထားရခြင်း ဖြစ်သည်။

“ဂိုဏ်းချုပ်ရှင်း... ကျေးဇူးပြုပြီး အားမနာပါနဲ့”

တင်းပိုင်က မဲ့ပြုံးပြုံးလိုက်သည်။

သူ၏လက်ထဲရှိ လက်သီးစွပ်တာအိုလက်နက်မှ တောက်ပသောအလင်းရောင်များ ထွက်ပေါ်လာပြီး ကြမ်းတမ်းသော ကြယ်တာရာချီများ ပေါက်ကွဲထွက်လာလေသည်။

သူသည် သူ၏စွမ်းအားအပြည့်ဖြင့် ရှင်းအန်းတောက်ကို အစွမ်းကုန် ဖိအားပေးလိုက်သည်။

ရှင်းအန်းတောက်သည်လည်း သံကြိုးတာအိုလက်နက်ကို ထုတ်ယူလိုက်သည်။ သံကြိုး၏ ထိပ်ဖျားတွင် ထက်မြက်သော လှံသွားတစ်ခု ပါရှိလေသည်။

ရှင်းအန်းတောက်သည် သံကြိုးတာအိုလက်နက်ကို ထိန်းချုပ်ကာ တင်းပိုင်နှင့် တိုက်ခိုက်လေသည်။

ဒိုင်း... ဒိုင်း... ဒိုင်း...

ကြယ်တာရာချီများ၏ ရိုက်ခတ်မှုအရှိန်ကြောင့် ကာကွယ်ရေးအကာအကွယ်ပင် ပုံပျက်သွားရသည်။ ပွဲကြည့်ပရိသတ်များမှာ စိတ်လှုပ်ရှားကာထိတ်လန့်သွားကြသည်။

တာအိုနယ်ပယ် သိုင်းပညာရှင်များအကြားမှ တိုက်ပွဲမှာ သူတို့အား စိတ်လှုပ်ရှားစေသော်လည်း အကာအကွယ် ကျိုးပေါက်သွားပြီးနောက် ထိခိုက်လာမည်ကိုလည်း စိုးရိမ်နေကြလေသည်။

‘ဟင်းလင်းပြင်နယ်ပယ်မှာ ရှင်းအန်းတောက်ရဲ့ အခြေခံက တော်တော်လေး ကောင်းမွန်တာပဲ...’

ရွှီနင် အကဲခတ်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။

ရှင်းအန်းတောက်သည် တင်းပိုင်နှင့် တိုက်ခိုက်ရာတွင် အသာစီးမရသော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခြင်းတော့ မရှိသေးပေ။

‘ဒါ့အပြင် ရှင်းအန်းတောက်က တာအိုနယ်ပယ်ရဲ့ တတိယအဆင့်ကို အချိန်မရွေး ချိုးဖျက်နိုင်နေတယ်...’

ရွှီနင်သည် ရှင်းအန်းတောက်၏ စွမ်းအားကို အကြမ်းဖျင်း နားလည်သွားချေပြီ။

“ယွမ်ရှန်းဂိုဏ်းက ဂိုဏ်းချုပ်ရှင်းက တကယ်အံ့ဩဖို့ ကောင်းတာပဲ။ သူ့နယ်ပယ်က ပြိုင်ဘက်ထက် နိမ့်ကျနေပေမယ့်လည်း တန်းတူယှဉ်တိုက်နိုင်နေတုန်းပဲ”

“ကိုယ့်ထက်အဆင့်မြင့်တဲ့ ရန်သူတွေကို ယှဉ်တိုက်နိုင်တဲ့သူဆိုတာ သိပ်များများစားစား မရှိဘူးနော်”

“ဂိုဏ်းချုပ်တင်းပိုင်က ငါထင်ထားသလောက် သိပ်မသန်မာပါလား...”

လူအုပ်ကြီးက စတင်ဆွေးနွေးလာကြသည်။

“ဒီရှင်းအန်းတောက်က တော်တော်လေး စွမ်းဆောင်နိုင်တာပဲ...”

မြို့နယ်အုပ်ချုပ်ရေးမှူးကျိ၏ မျက်လုံးများတွင် ချီးကျူးလိုသည့် အရိပ်အယောင်များ ထွက်ပေါ်လာ‌လေသည်။

သို့သော် ရှင်းအန်းတောက် ယခုအချိန်အထိ ထုတ်ဖော်ပြသခဲ့သမျှသည် သူ ယွမ်ရှန်းဂိုဏ်းအတွက် မားမားမတ်မတ် ရပ်တည်ပေးရန် လုံလောက်မှု မရှိသေးပေ။

“တင်းပိုင် ဘာလုပ်နေတာလဲ။ ကြယ်တာရာချီနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကိုတောင် မနိုင်ဘူးလား...”

ယွမ်ရှန်းဂိုဏ်းအား လောဘတကြီး လိုချင်နေကြသော ဂိုဏ်းချုပ်အချို့မှာ တင်းပိုင်၏ စွမ်းဆောင်ရည်အပေါ် မကျေမနပ် ဖြစ်နေကြသည်။

ယွမ်ရှန်းဂိုဏ်းအား အပိုင်မသိမ်းမီ တင်းပိုင်မှ ရှင်းအန်းတောက်အား ပြင်းပြင်းထန်ထန် ဒဏ်ရာရစေရန် သို့မဟုတ် သတ်ဖြတ်ပစ်ရန် သူတို့အားလုံး စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ယွမ်ရှန်းဂိုဏ်းမှာ ရှင်းအန်းတောက်အား ဆုံးရှုံးသွားသည်နှင့် သူတို့၏ အကာအကွယ်သည် လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။

‘ဒီရှင်းအန်းတောက်...’

ရှင်းအန်းတောက်နှင့် တိုက်ခိုက်နေသော တင်းပိုင်မှာ ပို၍ပို၍ စိုးရိမ်ပူပန်လာလေသည်။

ရှင်းအန်းတောက်မှာ ဤမျှရင်ဆိုင်ရခက်ခဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ရှင်းအန်းတောက်အား အမြန်ဆုံး မရှင်းလင်းနိုင်ပါက သူသည် လှောင်ပြောင်စရာတစ်ခု ဖြစ်သွားပေလိမ့်မည်။

“ဟာ...”

အောင်မြင်မှုမရှိဘဲ တိုက်ခိုက်နေခဲ့သော တင်းပိုင်သည် ရုတ်တရက် အော်ဟစ်ကာ နောက်ဆုတ်သွားလေသည်။

သူက သားရေအိတ်တစ်အိတ်ကို ထုတ်ယူပြီး ရိုက်ချလိုက်ရာ မီးခိုးငွေ့သဖွယ် အနက်ရောင်အရိပ်တစ်ခု လွင့်ပျံလာပြီး တင်းပိုင်၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားလေသည်။

ချက်ချင်းပင် တင်းပိုင်၏ မျက်လုံးများမှည နီရဲသွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးည်လည်း အနက်ရောင်မီးခိုးငွေ့များ ဖုံးလွှမ်းသွားတော့သည်။

“ဒီတစ်ခါ မင်း ဘယ်နှကြိမ်လောက် ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

တင်းပိုင်သည် ရှင်းအန်းတောက်အား ဆာလောင်နေသော ကျားတစ်ကောင်ကဲ့သို့ ဝင်ရောက်တိုက်ခိုက်လေတော့သည်။

“ဒါက ဘာကျင့်စဉ်လဲ”

“ဂိုဏ်းချုပ်တင်းပိုင် ပိုပြီး သန်မာလာသလိုပဲ”

တိုက်ခိုက်မှုနည်းစနစ်အသစ်များကို မြင်တွေ့ရသဖြင့် ကြည့်စင်ပေါ်မှ လူများမှာ သူတို့၏ အမြင်အာရုံများ ထပ်မံကျယ်ပြန့်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။

“ဒီသိုင်းကွက်က...”

မြို့နယ်အုပ်ချုပ်ရေးမှူးကျိမှာ တည်ငြိမ်နေသော်လည်း သားရေအိတ်ထဲမှ အနက်ရောင်အရိပ်ကို မြင်ပြီးနောက် ရုတ်တရက် မတ်မတ်ထိုင်လိုက်မိသည်။

ဤအရာမှာ သူ့အား အလွန်ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခုကို အမှတ်ရသွားစေခဲ့သည်။

“တင်းပိုင်ရဲ့ နောက်ခံက မရိုးရှင်းဘူး မဟုတ်လား”

မြို့နယ်အုပ်ချုပ်ရေးမှူးကျိက သူ့ဘေးရှိ အမြုတေဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်များကို မေးလိုက်သည်။

ယခင်က မြို့နယ်အုပ်ချုပ်ရေးမှူးကျိသည် ပန့်ချိုးဂိုဏ်းအား သိပ်ဂရုမစိုက်ခဲ့သဖြင့် တင်းပိုင်အကြောင်း များများစားစား မသိခဲ့ပေ။

သို့သော် ဤအမြုတေဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်နှစ်ဦးမှာ တင်းပိုင်နှင့် ပူးပေါင်းကြံစည်နေသူများ ဖြစ်ကြသည်။

ထို့ပြင် သူတို့သည် ယွမ်ရှန်းဂိုဏ်း၏ ချင်းဝမ်ဟန်သံသတ္တုတွင်းကို စိတ်ဝင်စားနေကြလေသည်။

သို့သော် ဤကိစ္စတွင် တိုက်ရိုက်ပါဝင်ပတ်သက်ရန် ဆန္ဒမရှိကြသော်လည်း သူတို့ဂိုဏ်း၏ အတိုင်းအတာအရ အကျိုးအမြတ်တစ်ခုကို အလွယ်တကူ ရရှိနိုင်ပေသည်။

“သိရသလောက်တော့ သူ့ဝမ်းကွဲအစ်ကိုက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းတာဝန်ခံတစ်ယောက်တဲ့...”

အမြုတေဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦးက တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။

“ထင်တဲ့အတိုင်းပဲကိုး”

မြို့နယ်အုပ်ချုပ်ရေးမှူးကျိမှာ မျက်မှောင်ကြုံ့လိုက်မိသည်။

“ပင်လယ်နီမိစ္ဆာဂိုဏ်း...”

မြို့နယ်အုပ်ချုပ်ရေးမှူးကျိ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။ ပင်လယ်နီမိစ္ဆာဂိုဏ်းသည် ဝမ်ရှန့်ပြည်နယ်ရှိ ထိပ်တန်းဂိုဏ်းတစ်ခု ဖြစ်ပေသည်။

ပင်လယ်နီမိစ္ဆာဂိုဏ်းအား တည်ထောင်သူ ပင်လယ်နီမိစ္ဆာသခင်သည် တာအိုနယ်ပယ်၏ အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

သူသည် အချိန်မရွေး နယ်ပယ်အတားအဆီးကို ချိုးဖျက်ကာ သိုင်းဆရာသခင်ကြီးတစ်ဦး ဖြစ်လာနိုင်လေသည်။

ပင်လယ်နီမိစ္ဆာဂိုဏ်းသည် တရားဝင်ဂိုဏ်းတစ်ခု မဟုတ်သော်လည်း မည်သူကမျှ သူတို့အား မရန်စရဲကြချေ။

‘တင်းပိုင် ဘာနည်းစနစ်ကို သုံးနေတာလဲ’

တင်းပိုင်၏ ပါးစပ်ထဲသို့ အနက်ရောင်အရိပ် ဝင်သွားသည်ကို မြင်ပြီးနောက် ရွှီနင်၏ မျက်နှာထားမှာ အေးစက်သွားလေသည်။

အနက်ရောင်အရိပ်၏ အငွေ့အသက်မှာ ရွှီနင်အား ထိတ်လန့်သွားစေသော်လည်း ရင်းနှီးနေသော ခံစားချက်တစ်ခုလည်း ရှိနေသည်။

သို့သော် ဤကဲ့သို့သော အငွေ့အသက်မျိုးနှင့် မည်သည့်နေရာတွင် ထိတွေ့ခဲ့ဖူးကြောင်း ရွှီနင် မမှတ်မိတော့ပေ။

“ဒုက္ခပဲ”

စင်မြင့်ထက်တွင် ရှင်းအန်းတောက်သည် အခြေအနေကို တည်ငြိမ်အောင် ထိန်းထားနိုင်ဆဲဖြစ်သော်လည်း အနက်ရောင်အရိပ်ကို အသုံးပြုပြီးနောက်တွင် တင်းပိုင်၏ အငွေ့အသက်မှာ အမြင့်ဆုံးအထိ တက်သွားလေသည်။

တင်းပိုင်မှ အောက်ဘက်သို့ ကုတ်ခြစ်လိုက်ရာ ရှင်းအန်းတောက်သည် တိုက်ခိုက်မှုကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ရသည်။

သို့သော် သူသည် ထိုတိုက်ခိုက်မှုအား ခုခံနိုင်ခဲ့သော်လည်း အနက်ရောင်ချီများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ထဲတွင် ပြင်းထန်သော ပူလောင်မှုကို ခံစားလိုက်ရသည်။

‘ဒါက ဘယ်လိုကျင့်စဉ်မျိုးလဲ’

ရှင်းအန်းတောက် ထိတ်လန့်သွားရသည်။

သို့သော် တင်းပိုင်သည် ရှင်းအန်းတောက်ကို တုံ့ပြန်ရန် အခွင့်အရေး မပေးခဲ့ပေ။ သူ၏ တိုက်ခိုက်မှုများက မုန်တိုင်းတစ်ခုကဲ့သို့ ဝင်ရောက်လာရာ ရှင်းအန်းတောက်မှာ လုံးဝ မကာကွယ်နိုင်တော့ချေ။

‘သေစမ်း...’

ရှင်းအန်းတောက်မှာ အသာစီးမရတော့သဖြင့် တိုက်ခိုက်မှုများကို ငြိမ်ခံနေရုံသာ တတ်နိုင်တော့သည်။

ထိုအချိန်လေးမှာပင် တင်းပိုင်သည် အနက်ရောင်ချီများအား စုစည်းကာ ပုံဖော်လိုက်ပြီး ရှင်းအန်းတောက်ကို တိုက်ခိုက်လေတော့သည်။

‘ပြီးသွားပြီပဲ...’

ရှင်းအန်းတောက်၏ မျက်နှာထားမှာ ပြောင်းလဲသွားလေတော့သည်။

အခန်း (၂၈၂) - ဘုရင်ခံအိမ်တော်၏ ပထမတန်းစား ဧည့်သည်တော်

ရှင်းအန်းတောက်သည် ဤထိတ်လန့်ဖွယ်ကောင်းသော တိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်စွမ်းအားကို ရှင်းလင်းစွာ အာရုံခံမိလိုက်ပေသည်။

ဤတိုက်ခိုက်မှု၏စွမ်းအားမှာ တာအိုနယ်ပယ် စတုတ္ထအဆင့်ဖြစ်သော အမြုတေဖွဲ့စည်းခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။

‘ဒါက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ နည်းစနစ်များလား...’

မြို့နယ်မှူးကျိ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသောအရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း မည်သည့်ဝင်ရောက်စွက်ဖက်မှုကိုမျှ မပြုလုပ်ခဲ့ချေ။

“ဂိုဏ်းချုပ်”

ထန်ယွင်ခုံး၊ ကူမန်နှင့် အခြားသူများအားလုံး ဒေါသထွက်သွားကြသည်။ သူတို့သည် ကိုယ့်အသက်အန္တရာယ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ စင်မြင့်ပေါ်သို့ တက်ရောက်ရန် ပြင်လိုက်ကြလေသည်။

အခြားသော ပွဲကြည့်ပရိသတ်များသည်လည်း ရှင်းအန်းတောက်၏ အန္တရာယ်များလှသော အခြေအနေကို သတိပြုမိသွားကြသည်။

‘ဒီတိုက်ခိုက်မှုသာ ထိသွားရင်ဖြင့်...’

ရှင်းအန်းတောက်သည် အခြေအနေမဟန်တော့မှန်း သိလိုက်သည်။

တင်းပိုင်၏ ဤပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် သူ သေလျှင်သေ၊ မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပေသည်။

တင်းပိုင်၏ မျက်လုံးများထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်များကို ရှင်းအန်းတောက် တွေ့မြင်နေရချေပြီ။

ဝုန်း…

သို့သော် တိုက်ခိုက်မှုကျရောက်လာတော့မည့် ဆဲဆဲတွင် လူရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။

ထိုသူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ တင်းပိုင်သည် ဘောလုံးတစ်လုံးပမာ လွင့်စင်သွားပြီး ကာကွယ်ရေးအလွှာကို ဝင်တိုက်မိသွားတော့သည်။

ကာကွယ်ရေးအလွှာမှာလည်း ချက်ချင်းပင် ကွဲအက်ကြေမွသွားလေသည်။

“ခင်ဗျားတို့က သိုင်းပြိုင်မယ်လို့ သဘောတူထားပြီးမှ လူသတ်ချင်နေတာပဲ၊ တကယ်ကို ရိုးသားမှုမရှိပါလား...”

ရွှီနင်သည် ရှင်းအန်းတောက်၏ ရှေ့တွင် ရပ်နေလေသည်။

သူသည် စင်မြင့်ပေါ်တွင် ပက်လက်လန်ကျနေသော တင်းပိုင်ကို ငုံ့ကြည့်လိုက်သည်။

‘သူက ဘယ်သူလဲ...’

တင်းပိုင်မှာ တဖြည်းဖြည်း သတိဝင်လာလေသည်။

အစောပိုင်းတွင် သူ၏ အမြင်အာရုံများ ဝေဝါးသွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု၏ တွန်းထုတ်ခြင်းကို ခံလိုက်ရကာ ကာကွယ်ရေးအလွှာကို တိုက်ရိုက်ဖောက်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

တင်းပိုင်တစ်ယောက် မတ်တပ်ထရပ်လိုက်ပြီး ရွှီနင်အား ထိတ်လန့်တကြား ကြည့်လိုက်လေသည်။

သူ ဒဏ်ရာမရခဲ့ကြောင်း သိလိုက်ရသော်လည်း ရွှီနင်၏ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားမှာ သူ့အား တုန်လှုပ်သွားစေခဲ့သည်။

‘ဒီလူက တာအိုနယ်ပယ် ဆဋ္ဌမအဆင့်ဖြစ်တဲ့ အမြုတေအသွင်ပြောင်းလဲခြင်းနယ်ပယ်က သိုင်းပညာရှင်များလား...’

ရွှီနင်ထံမှ ထွက်ပေါ်နေသော မျက်မြင်မရသည့် ဖိအားကြောင့် တင်းပိုင်တစ်ယောက် သူ၏ ဝမ်းကွဲအစ်ကိုကိုပင် သတိရသွားမိသည်။

သူ၏ ဝမ်းကွဲအစ်ကိုမှာ ပင်လယ်နီမိစ္ဆာဂိုဏ်းမှ အမြုတေအသွင်ပြောင်းလဲခြင်းနယ်ပယ်၌ရှိသည့် တာဝန်ခံတစ်ဦး ဖြစ်ပေသည်။

“ဟင်...”

ရွှီနင် ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် မြို့နယ်မှူးကျိမှာ ချက်ချင်း မတ်တပ်ရပ်လိုက်မိသည်။

ရွှီနင်အား ကြည့်ရင်း စိုးရိမ်ပူပန်သွားမိသည်။

ရွှီနင်မှ စင်မြင့်ပေါ်သို့ ချက်ချင်းရောက်လာကာ တင်းပိုင်အား တွန်းထုတ်လိုက်သည့်တိုင်အောင် မြို့နယ်မှူးကျိမှာ မည်သို့မျှပင် တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။

သူ့ရှေ့မှလူသည် သူ့ထက် အဆပေါင်းများစွာ ပိုမိုသန်မာနေလေသည်။

“အဲဒါ... ရွှီနင်ပဲ”

စင်အောက်ရှိ ထန်ယွင်ခုံးနှင့် ကူမန့်တို့ နှစ်ယောက်လုံး ဆွံ့အသွားကြသည်။

“ရွှီနင်က ဒီလောက်တောင် စွမ်းအားကြီးနေပြီလား”

သူတို့သည် ရွှီနင်ကို ချက်ချင်းပင် မှတ်မိလိုက်ကြသည်။

ထန်ယွင်ခုံးနှင့် ကူမန့်တို့ အချင်းချင်း ကြည့်လိုက်ကြသည်။

မကြာမီမှာပင် သူတို့၏ မျက်လုံးထဲမှ အံ့ဩတုန်လှုပ်မှုများသည် စိတ်သက်သာရာရမှုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။

အစောပိုင်း၌ ရွှီနင် ထုတ်ဖော်ပြသလိုက်သည့် စွမ်းအားသည် အမြုတေဖွဲ့စည်းခြင်းနယ်ပယ်ထက် သေချာပေါက် သာလွန်နေခဲ့သည်။

ရွှီနင်တစ်ယောက် ဤနေရာသို့ ရောက်ရှိလာပြီး ယွမ်ရှန်းဂိုဏ်းအတွက် မားမားမတ်မတ် ရပ်တည်ပေးလိုက်ရာ ယွမ်ရှန်းဂိုဏ်း၏ အကျပ်အတည်းမှာ ပြေလည်သွားနိုင်ချေ ရှိနေပေပြီ။

“မင်းက ဘယ်သူလဲ”

ရှင်းအန်းတောက်သည် သူ့ရှေ့မှ လူကို အံ့ဩတကြီး ကြည့်လိုက်မိသည်။

သူစိမ်းတစ်ယောက်၏ ကယ်တင်ခြင်းကို ခံရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။

“ဂိုဏ်းချုပ်ရှင်း... ကျွန်တော်က ချောက်နက်ကြီးမြောက်ပိုင်းဒေသက ရွှီနင်ပါ”

ရွှီနင်က ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။

“ရွှီနင်...”

ရှင်းအန်းတောက်မှာ အစပိုင်းတွင် ကြောင်အသွားသော်လည်း ထို့နောက်တွင်မူ သူ၏ မျက်နှာထားမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားလေတော့သည်။

မူလဇာတိတူတွေပဲ။

ရှင်းအန်းတောက်သည် ရွှီနင်ကို ယခင်က တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သော်လည်း ထန်ယွင်ခုံးနှင့် ကူမန့်တို့ထံမှ ရွှီနင်၏အကြောင်းကို ကြားသိခဲ့ဖူးလေသည်။

ရွှီနင်သည် အံ့မခန်း သိုင်းပညာပါရမီ ပါရုံသာမက မိမိထက် အဆင့်မြင့်သော ရန်သူများကိုပါ သတ်ဖြတ်နိုင်စွမ်းရှိပြီး အလွန်တရာ စွမ်းအားကြီးမားသူဖြစ်ကြောင်း သူ သိထားလေသည်။

ထို့ပြင် ချောက်နက်ကြီးမြောက်ပိုင်းဒေသရှိ ကျောက်စိမ်းညဂိုဏ်း၏ အကျပ်အတည်းကိုလည်း သူကိုယ်တိုင်ပင် ဖြေရှင်းပေးခဲ့ခြင်း ဖြစ်သည်။

အစောပိုင်း၌ ရွှီနင်၏ စွမ်းအားကို တွေးတောကြည့်လိုက်ပြီးနောက် ယနေ့အတွက်မူ ယွမ်ရှန်းဂိုဏ်းမှာ အန္တရာယ်ကင်းသွားပြီဖြစ်ကြောင်း ရှင်းအန်းတောက် သိလိုက်လေသည်။

“မင်းက ဘယ်သူမို့လို့ ဇွေ့ယွဲ့မြို့နယ် ဂိုဏ်းပေါင်းစုံညီလာခံရဲ့ စည်းမျဉ်းကို နှောင့်ယှက်ရဲရတာလဲ”

မြို့နယ်မှူးကျိသည် စင်မြင့်ပေါ်သို့ ရုတ်တရက် ရောက်လာကာ ရွှီနင်နှင့် ရင်ဆိုင်လိုက်သည်။

မြို့နယ်မှူးကျိ၏ မျက်နှာထားမှာ အတော်လေး ကြည့်ရဆိုးနေသည်။

ဤဂိုဏ်းပေါင်းစုံညီလာခံအား ဇွေ့ယွဲ့မြို့နယ်၌ ကျင်းပခြင်းဖြစ်ပြီး မြို့နယ်မှူးတစ်ယောက်အနေဖြင့် သူကိုယ်တိုင် ကြည့်ရှုနေခြင်းဖြစ်သည်။

အကယ်၍ ညီလာခံသာ ဤသို့ နှောင့်ယှက်ခံလိုက်ရပါက သူ၏ ဂုဏ်သိက္ခာများမှာ ထိခိုက်ပျက်ပြားသွားပေလိမ့်မည်။

မြို့နယ်မှူးကျိ တွေးထင်ထားသည့်အတိုင်းပင် စင်အောက်ရှိ ပရိသတ်များအားလုံးမှာ စူးစမ်းချင်စိတ်များဖြင့် ပြည့်နှက်နေကြပြီး ဇာတ်လမ်းကောင်းတစ်ခုကို ကြည့်ရှုရန် စောင့်ဆိုင်းနေကြလေသည်။

ဤဂိုဏ်းပေါင်းစုံညီလာခံမှာ ယခုအချိန်ထိ လုံလောက်အောင် စိတ်လှုပ်ရှားဖွယ်ကောင်းနေပြီ ဖြစ်သော်လည်း လမ်းတစ်ဝက်တွင် ယခုကဲ့သို့ အဖြစ်အပျက်များ ပေါ်ပေါက်လာခြင်းက လူတိုင်းကို ပို၍ ကျေနပ်သွားစေခဲ့သည်။

“စည်းမျဉ်းကို နှောင့်ယှက်တယ် ဟုတ်လား”

မြို့နယ်မှူးကျိနှင့် ရင်ဆိုင်ရချိန်တွင် ရွှီနင်သည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိခဲ့ပေ။

“ကျွန်တော်က သိုင်းပြိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူ့အသက်ကို အန္တရာယ်ပြုချင်နေတာကို ဆက်ကြည့်မနေနိုင်တော့လို့ ပြိုင်ပွဲကို ဝင်တားလိုက်တာပါ”

ရွှီနင်က ဖြောင့်မတ်တည်ကြည်သော လေသံဖြင့် ဆက်ပြောလိုက်သည်။

“ပြီးတော့ ကျွန်တော် တင်းပိုင်ကို ထိခိုက်ဒဏ်ရာရအောင် မလုပ်ခဲ့ပါဘူး”

ရွှီနင်သည် သူ၏ အတိုင်းအတာကို ကောင်းကောင်း သိရှိလေသည်။ အစောပိုင်း၌ တင်းပိုင်အား တွန်းထုတ်လိုက်စဉ်တွင် သင့်လျော်သော အင်အားပမာဏကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဤနေရာ၌ ရှိနေသူအားလုံးမှာ သူ၏ပြိုင်ဘက် မဟုတ်သော်လည်း ဤသည်မှာ သူတစ်ပါး၏ ပိုင်နက်ဖြစ်နေသေးသည်။ ထို့ကြောင့် ရွှီနင်က သတိထားပြီး အခြားသူများ သူ့အကြောင်း မကောင်းမပြောနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားခဲ့ခြင်း ဖြစ်သည်။

“မင်းက ဘယ်သူလဲလို့ ငါမေးနေတယ်လေ”

မြို့နယ်မှူးကျိတစ်ယောက် မျက်မှောင်ကြုံ့လိုက်လေသည်။

ဤအခိုက်အတန့်တွင် ရွှီနင်သည် သူ့အား လုံးဝ မကြောက်ရွံ့ကြောင်း မြို့နယ်မှူးကျိ သတိပြုမိသွားလေသည်။

“ကျွန်တော်က ကုချင်းစီရင်စုက ရွှီနင်ပါ၊ ယဲ့ဘုရင်ခံအိမ်တော်ရဲ့ ဧည့်သည်တော် တစ်ယောက်ပေါ့”

ရွှီနင်က ယဲ့ဘုရင်ခံအိမ်တော်မှ သူ၏ ဧည့်သည်တော်အမှတ်အသား တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။

လက်ရှိအချိန်၌ ရွှီနင်၏ ဧည့်သည်တော်တံဆိပ်ပြားမှာ သွမ့်ချောင်ဖုန်းကြောင့် ယဲ့ဘုရင်ခံအိမ်တော်၏ ပထမတန်းစား ဧည့်သည်တော်အဖြစ် အဆင့်မြှင့်တင်ခံထားရပြီး ဖြစ်လေသည်။

ပထမတန်းစား ဧည့်သည်တော်တံဆိပ်ပြား ကိုင်ဆောင်ထားသူ အများစုမှာ ယဲ့ဘုရင်ခံအိမ်တော်ရှိ အဆင့်မြင့် တာအိုနယ်ပယ် သိုင်းပညာရှင်များသာ ဖြစ်ကြသည်။

ရွှီနင်မှာမူ သူ၏ ကြီးမားလှသော အလားအလာများကြောင့် သွမ့်ချောင်ဖုန်း၏ အထူးတန်ဖိုးထားမှုကိုခံရသဖြင့် ပထမတန်းစား ဧည့်သည်တော်တံဆိပ်ပြားကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေသည်။

‘ယဲ့ဘုရင်ခံအိမ်တော်က ဧည့်သည်တော် ဟုတ်လား...’

မြို့နယ်မှူးကျိမှာ အလွန်တုန်လှုပ်သွားရသည်။

ယဲ့ဘုရင်ခံအိမ်တော်သည် ဖုန်းလင်ပြည်နယ်တွင် မရှိသော်ငြားလည်း တော်ဝင်မိသားစု၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲပင်။

တော်ဝင်မိသားစုဝင်များထဲတွင် ယဲ့ဘုရင်ခံမှာ အလွန်စွမ်းအားကြီးမားသော ဘုရင်ခံတစ်ဦး ဖြစ်လေသည်။

ထို့အပြင် ဖုန်းလင်ပြည်နယ်၏ မော့ဘုရင်ခံသည်လည်း ယဲ့ဘုရင်ခံနှင့် ဆက်ဆံရေးကောင်းမွန်သူ ဖြစ်သည်။

ရွှီနင်မှ သူ၏ သရုပ်မှန်အား ထုတ်ဖော်လိုက်သည်နှင့် တစ်ပြိုင်နက် ယနေ့တွင် ဤလူအား မည်သို့မျှ အပြစ်တင် မေးခွန်းထုတ်၍ မရနိုင်တော့‌ပေ။

ယဲ့ဘုရင်ခံအိမ်တော်သည် ကုချင်းစီရင်စုတွင် ရှိနေပြီး အဝေးကြီး၌ရှိနေစေကာမူ သူသည် ရွှီနင်အား ဘာမှလုပ်၍ မရပေ။

သို့မဟုတ်ပါက ယဲ့ဘုရင်ခံအိမ်တော်၏ မျက်နှာအား ဖြတ်ရိုက်ခြင်းသည် သွမ့်အင်ပါယာမိသားစု၏ မျက်နှာအား ဖြတ်ရိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ထိုသို့ဖြစ်လာပါက ယဲ့ဘုရင်ခံအိမ်တော်မှာ လှုပ်ရှားစရာပင် မလိုဘဲ ဖုန်းလင်ပြည်နယ်မှ မော့ဘုရင်ခံကိုယ်တိုင်ပင် သူ့အား ဖိအားပေးလာမည်မှာ သေချာပေသည်။

‘ပြီးတော့ ဒီလူ့လက်ထဲက ဧည့်သည်တော်တံဆိပ်က ပထမတန်းစား ဧည့်သည်တော်တံဆိပ်ပြား ဖြစ်နေတာပဲ’

ဤအချက်အားလည်း မြို့နယ်မှူးကျိတစ်ယောက် သတိထားမိလိုက်သည်။

သူမဆိုထားနှင့်၊ နိုင်ငံတော်ကြီးကြပ်ရေးမှူးပင်လျှင် ဘုရင်ခံအိမ်တော်၏ ပထမတန်းစား ဧည့်သည်တော်တစ်ဦးကို မလိုအပ်ဘဲ ရန်စဝံ့မည် မဟုတ်ချေ။

“ဘာ... အဲဒီလူက ယဲ့ဘုရင်ခံအိမ်တော်ရဲ့ ဧည့်သည်တော်တဲ့လား”

ရွှီနင်၏ မိတ်ဆက်စကားကို ကြားပြီးနောက် လူအုပ်ကြီးမှာ ဆူညံသွားလေတော့သည်။

ဇွေ့ယွဲ့မြို့နယ်သည် သိပ်မသန်မာလှသော မြို့နယ်တစ်ခုသာ ဖြစ်ပြီး မြို့နယ်ထဲရှိ သိုင်းပညာရှင် အားလုံးနီးပါးမှာ ဤနေရာတွင် ရှိနေကြခြင်း ဖြစ်သည်။

သူတို့အမြင်တွင် ဘုရင်ခံအိမ်တော်ဆိုသည်မှာ အလွန်အလှမ်းကွာဝေးသော အရာတစ်ခုသာ ဖြစ်ပေသည်။

ထိုအိမ်တော်ထဲသို့ ဝင်ရောက်နိုင်ပြီး ဧည့်သည်တော်ဖြစ်လာသူများမှာလည်း သာမန်လူများ မဟုတ်နိုင်မှန်း သေချာလှသည်။

“ရွှီနင်က ယဲ့ဘုရင်ခံအိမ်တော်ရဲ့ ဧည့်သည်တော် ဖြစ်နေတာကိုး”

ထန်ယွင်ခုံးနှင့် ကူမန့်တို့ အတိုင်းထက်အလွန် ဝမ်းသာသွားကြလေသည်။

ဤအခြေအနေအရဆိုလျှင် အကျပ်အတည်းမှ လွတ်မြောက်သွားရုံသာမက ရွှီနင်မှ သူတို့အား ကာကွယ်ပေးလိုစိတ်ရှိပါက ယွမ်ရှန်းဂိုဏ်းအနေဖြင့် ချင်းဝမ်ဟန်သံရိုင်း မိုင်းတွင်းကို လက်လွှတ်စရာ လိုတော့မည် မဟုတ်ပေ။

“ဪ... ယဲ့ဘုရင်ခံအိမ်တော်က ညီငယ်ရွှီ ဖြစ်နေတာကိုး”

မြို့နယ်မှူးကျိ၏ သဘောထားမှာ ပျော့ပျောင်းသွားလေတော့သည်။

“မြို့နယ်မှူးကျိ... ဒီနေ့ စော်ကားမိသွားတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်က ယွမ်ရှန်းဂိုဏ်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့အတွက် ယွမ်ရှန်းဂိုဏ်းချုပ်ကို တစ်ယောက်ယောက်က သတ်ဖို့ ကြိုးစားနေတာကို ဒီအတိုင်း ကြည့်မနေနိုင်လို့ပါ။ ဒါကြောင့် အလျင်စလို ဝင်ပါမိတဲ့အတွက် ခွင့်လွှတ်ပေးပါခင်ဗျာ”

တစ်ဖက်လူမှ သဘောထားပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ရွှီနင်သည်လည်း မိမိကိုယ်ကို နှိမ့်ချလိုက်လေသည်။

သူတစ်ပါး၏ ပိုင်နက်ထဲတွင် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်သော ကိစ္စရပ်များကို လွယ်လွယ်ကူကူ ဖြေရှင်းလိုက်သည်က အကောင်းဆုံးပင်။ မလိုအပ်ဘဲ ပြဿနာများ ဖန်တီးနေစရာ အကြောင်းမရှိပေ။

“ဒါပေါ့... ဒါပေါ့... ခွင့်လွှတ်စရာမှ မလိုတာ”

ရွှီနင်မှ ဤမျှ နားလည်မှုရှိနေသည်ကို မြင်သောအခါ မြို့နယ်မှူးကျိသည် အခြားသူများ၏ အမြင်ကို ဂရုမစိုက်နိုင်တော့ချေ။ ရွှီနင်အပေါ် သူ၏ ဆက်ဆံရေးမှာ ပိုမိုရင်းနှီးသွားလေတော့သည်။

“မြို့နယ်မှူးကျိ... ယွမ်ရှန်းဂိုဏ်းက ဒီနေ့ ဂိုဏ်းပေါင်းစုံညီလာခံမှာ ဝင်ပြိုင်တော့မှာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ရက်က ညီလာခံမှာ ယွမ်ရှန်းဂိုဏ်းသား အတော်များများ ဒဏ်ရာရထားတာကို တွေ့လိုက်ရတယ်။ ဒီအခြေအနေနဲ့ဆို ဒီညီလာခံမှာ ဆက်ပြိုင်ရင်တောင် ဘာမှလုပ်နိုင်မှာ မဟုတ်တဲ့အတွက် လောလောဆယ် ပြိုင်ပွဲကနေ နုတ်ထွက်လိုက်ပါတော့မယ်”

ရွှီနင်က လိမ္မာပါးနပ်စွာ ပြောဆိုလိုက်သည်။

“ရပါတယ်”

မြို့နယ်မှူးကျိမှ လက်ယှက်ကာ အရိုအသေပေးလိုက်သည်။

ရွှီနင်သည်လည်း ပြန်လည်နှုတ်ဆက်လိုက်လေသည်။

ရှင်းအန်းတောက်သည် ၎င်းကိုမြင်ပြီးနောက် ရွှီနင်နှင့်အတူ စင်မြင့်ပေါ်မှ ဆင်းလာခဲ့သည်။

ထို့နောက် သူသည် ယွမ်ရှန်းဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များကို နှုတ်ဆက်လိုက်သည်။

ထို့နောက် လူတိုင်း၏ စူးစိုက်ကြည့်ရှုမှုအောက်တွင် သူတို့သည် ပန်းခြံထဲမှ ထွက်ခွာလာခဲ့ကြလေသည်။

ဂိုဏ်းပေါင်းစုံညီလာခံ ကျင်းပရာနေရာ၌ မျက်နှာဖြူရော်နေသူ အများအပြား ရှိနေပြီ ဖြစ်သည်။

သို့သော် အစောပိုင်း၌ ရွှီနင်၏ စွမ်းအားကို မြင်တွေ့ခဲ့ရသဖြင့် မည်သူမျှ ဝင်ရောက်တိုက်ခိုက်ရဲခြင်း မရှိကြပေ။

ပန်းခြံထဲမှ ထွက်ခွာလာပြီးနောက် ထိုအုပ်စုသည် ယွမ်ရှန်းဂိုဏ်းသို့ ပြန်လာခဲ့ကြလေသည်။

“ရွှီနင်... ဒီနေ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ကွာ”

ယွမ်ရှန်းဂိုဏ်းအတွင်းသို့ ရောက်သောအခါ ရှင်းအန်းတောက်သည် အကြီးအကဲများနှင့်အတူ ရွှီနင်ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ဆိုလိုက်သည်။

“တစ်ချိန်တည်းမှာပဲ ခင်ဗျားတို့ နှစ်ယောက်လုံးကိုလည်း ကျေးဇူးတင်ပါတယ်”

ရှင်းအန်းတောက်သည် ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့ကိုပါ ကျေးဇူးတင်လိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အားလုံးက ချောက်နက်ကြီးမြောက်ပိုင်းဒေသကပဲဟာ... ဘာတွေ ကျေးဇူးတင်နေစရာ လိုလို့လဲဗျာ”

ရွှီနင်နှင့် အခြားနှစ်ယောက်မှာမူ သိပ်ဂရုမစိုက်ကြချေ။

အပြန်လမ်းတွင် ရှင်းအန်းတောက်နှင့် အခြားသူများသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ရွှီနင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို သိရှိခဲ့ပြီး ဖြစ်လေသည်။

ယန့်လုဂိုဏ်းကြီး အင်အားကြီးထွားလာကြောင်း၊ ရွှီနင်သည် ယဲ့မင်းသား၏ ယုံကြည်ရသော လက်ထောက်တစ်ဦး ဖြစ်လာကြောင်းနှင့် တာအိုနယ်ပယ်၏ ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ သူတို့ခမျာ ထိတ်လန့်ဆွံ့အရာမှ ပြန်လည်သတိဝင်လာရန် အချိန်အတန်ကြာ ယူခဲ့ရလေသည်။

“ရွှီနင်”

ရှင်းအန်းတောက်က စတင်စကားဟလိုက်သည်။

“ယွမ်ရှန်းဂိုဏ်းအကြောင်းကို မင်းလည်း သိပြီးလောက်ပါပြီ။ ယွမ်ရှန်းဂိုဏ်းကို အဖွဲ့အစည်းအသီးသီးက ပစ်မှတ်ထားနေကြရတဲ့ အကြောင်းရင်းက ဒီချင်းဝမ်ဟန်မိုင်းတွင်းကြောင့်ပါ။ ဒီနေ့ မင်းသာမရှိရင် ယွမ်ရှန်းဂိုဏ်းအနေနဲ့ အကြီးအကျယ် ထိခိုက်နစ်နာသွားမှာ။ ပြီးတော့ ချင်းဝမ်ဟန်မိုင်းတွင်းကိုလည်း လက်လွှတ်လိုက်ရမှာ အသေအချာပဲ”

“ကျေးဇူးဆပ်တဲ့အနေနဲ့ မိုင်းတွင်းက ထွက်တဲ့ သံရိုင်းတစ်ဝက်ကို ငါ မင်းကို ပေးချင်တယ်”

ရှင်းအန်းတောက်မှာ အတော်လေး ရက်ရောလှပေသည်။

“မလိုပါဘူးဗျာ”

ရွှီနင်က လက်ကာပြလိုက်သည်။

ရှင်းအန်းတောက်၏ ကမ်းလှမ်းမှုကို ရွှီနင် ငြင်းဆန်ရသည့် အကြောင်းရင်းမှာ ပထမအချက်အနေဖြင့် ယွမ်ရှန်းဂိုဏ်း၏ တိုးတက်ရေးအရင်းအမြစ်များကို မယူချင်သောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ ထိုချင်းဝမ်ဟန်သံရိုင်း ပမာဏသည် ရွှီနင်အတွက် သိပ်ပြီး တန်ဖိုးမရှိသောကြောင့်ပင် ဖြစ်သည်။

“ဂိုဏ်းချုပ်ရှင်း”

ရွှီနင်က စကားလမ်းကြောင်း လွှဲလိုက်သည်။

“ချောက်နက်ကြီးမြောက်ပိုင်းဒေသက ယွမ်ရှန်းဂိုဏ်းချုပ် ဖုန်းရှိုးက ခင်ဗျားတို့အားလုံးအတွက် စိုးရိမ်နေတာ... ပြီးခဲ့တဲ့ တစ်နှစ်လောက်ကစပြီး ခင်ဗျားတို့ဆီက သတင်းအစအနမှ မရတော့လို့ သူတို့ အတော်လေး စိတ်ပူနေကြတယ်”

ထိုစကားကို ကြားသောအခါ ရှင်းအန်းတောက်၏ မျက်နှာပေါ်တွင်လည်း ကူကယ်ရာမဲ့သော အရိပ်အယောင်များ ပေါ်လာလေသည်။

“ငါတို့ဂိုဏ်းရဲ့ အသံကျောက်တုံးတွေ ကုန်သွားလို့ပါ”

ရှင်းအန်းတောက်က ရှင်းပြလေသည်။

“ငါတို့ အဝေးကြီးကနေ ဆက်သွယ်လို့ရတဲ့ အကြောင်းရင်းက ပျက်စီးနေတဲ့ လျှို့ဝှက်ရတနာတစ်ခုကြောင့်လေ။ ပြီးတော့ အဲဒီပျက်စီးနေတဲ့ လျှို့ဝှက်ရတနာကို အသုံးပြုဖို့ဆိုရင် အသံကျောက်တုံးကို သုံးရတယ်။ အသံကျောက်တုံးတွေကလည်း ရှာဖို့ လွယ်တာမဟုတ်ဘူး။ အခု အဲဒါတွေ ကုန်သွားပြီဆိုတော့ သတင်း ပြန်မပို့နိုင်တော့ဘူးပေါ့ကွာ”

“အသံကျောက်တုံး...”

ရွှီနင် ခေါင်းညိတ်လိုက်သည်။

ရှင်းအန်းတောက် ပြောသကဲ့သို့ပင် ဤပစ္စည်းမှာ အလွန်ရှားပါးလှသည်။

အရန်ပစ္စည်း အမြောက်အမြားရှိသော ရွှီနင်ပင်လျှင် ဤကဲ့သို့သော ပစ္စည်းမျိုးကို ပိုင်ဆိုင်မထားခဲ့ပေ။

“ဘာပဲဖြစ်ဖြစ် မင်းတို့တွေ သီးသန့်လာခဲ့ကြတာဆိုတော့ ဒီမှာ ရက်အနည်းငယ်လောက် နေသွားကြပါဦး။ ချောက်နက်ကြီးမြောက်ပိုင်းဒေသရဲ့ အတိတ်အကြောင်းတွေကို အတူတူ ပြောကြတာပေါ့”

ရှင်းအန်းတောက်က အကြံပြုလိုက်သည်။

ယွမ်ရှန်းဂိုဏ်းအပေါ် ရွှီနင် ကူညီခဲ့သည်များကို ထည့်မတွက်လျှင်ပင် ထိုသုံးဦးမှာ ချောက်နက်ကြီးမြောက်ပိုင်းဒေသမှ မိတ်ဆွေဟောင်းများ ဖြစ်ကြရာ ရှင်းအန်းတောက်နှင့် အခြားသူများကို ရင်းနှီးမှု ခံစားရစေခဲ့လေသည်။

All Chapters