← Chapters

ဘိုးဘေး ဟုန်လော့

Vol. 29 Ch. 392

ဘိုးဘေး ဟုန်လော့

Vol. 29 Ch. 392

ကောင်းကင်မြူခိုး မြို့တော်၏ အောက်ဘက် နက်ရှိုင်းသော နေရာတွင် မြေအောက်နန်းတော်တစ်ခု ရှိသည်။

ထိုမြေအောက်နန်းတော်၏ အသွင်အပြင်မှာ မာန်စွမ်းအားရှင် နယ်မြေထဲရှိ အခြားအဆောက်အဦးများနှင့် ကွဲပြားနေ၏။ ၎င်းကို ဝိညာဉ်ကျောက်တုံးများ သုံး၍ ရှစ်မြှောင့် အဋ္ဌဂံပုံ ဆောက်လုပ်ထားသည်။ ၎င်းသည် အရောင်မျိုးစုံ တောက်ပနေပြီး မြေအောက်၌ ရှိနေသော်လည်း အလင်းတို့က အရပ်မျက်နှာအနှံ့သို့ တောက်ပဖြာထွက်နေဆဲ ဖြစ်သည်။ ထူထပ်သော စိတ်ဝိညာဉ် စွမ်းအင်အလွှာ တစ်ခုကလည်း ထိုဧရိယာတစ်လျှောက် ပျံ့နှံ့လို့နေသည်။

ထိုအဋ္ဌဂံ အဆောက်အဦးတွင် တံခါးပေါက် ရှစ်ခုရှိပြီး အားလုံးကို တင်းတင်းကြပ်ကြပ် ပိတ်ထားခဲ့သည်။ အဆောက်အဦး၏ အလယ်ဗဟို၌ ပင်မခန်းမကြီးတစ်ခု ရှိသည်။ ထိုနေရာတွင် ဧရာမလူရုပ်တုကြီး နှစ်ခုရှိနေပြီး ၎င်းတို့အနက် တစ်ခုက ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားလေသည်။ ၎င်း၏ ဝတ်ရုံပေါ်ရှိ ရင်ဘတ်နေရာ တစ်ဝိုက်တွင် ထိုက်ချိသင်္ကေတပုံ ရေးထိုးထားသည်။ ထိုသူ၏ ဘယ်လက်သည် သူ့ကျောအနောက်ဘက်တွင် လက်ဟန်သင်္ကေတများ ဖန်တီးနေပြီး ညာဘက်လက်က မုတ်ဆိတ်ကို လက်ဖြင့် သပ်နေသည့်ပုံ ဖြစ်သည်။ ထိုသူသည် ရုပ်တုတစ်ခုသာဖြစ်သော်လည်း သူ့အကြည့်များကတော့ အသက်ဝင်နေသကဲ့သို့ စူးရှတောက်ပလို့နေသည်။

အခြားရုပ်တုတစ်ခုမှာ အင်မော်တယ်တစ်ဦး၏ စရိုက်လက္ခဏာရှိသော တာအိုဝါဒီ တစ်ဦး၏ ကိုယ်လုံးကိုယ်ပေါက်ဖြင့် သက်လတ်ပိုင်းလူတစ်ဦး ဖြစ်သည်။ ထိုလူ၏ ဝတ်ရုံရှည်ပေါ်တွင်တော့ ထိုက်ချိသင်္ကေတပုံ မတွေ့ရပဲ ထိုအစား သစ်ရွက်ရှည်တစ်ခုပုံ ပန်းထိုးထားလေသည်။

ထိုသစ်ရွက်မှာ စိမ်းစိုနေပြီး အသက်ဓာတ်တို့ ပြည့်ဝနေသည်ဟူသော ခံစားချက်မျိုး ထုတ်လွှတ်နေသည်။ လူလတ်ပိုင်း၏ မျက်နှာသည် အေးစက်စက် အသက်မဲ့နေပုံ ပေါ်သော်ငြား သူ့မျက်လုံးများထဲတွင်တော့ ခံ့ညားကျက်သရေရှိသော လေထုတစ်ခုရှိနေ၏။ သူသည် အစွမ်းထက်သော နတ်ဘုရားစွမ်းရည်တစ်မျိုးကို ဖော်ထုတ်နေဟန်ဖြင့် ညာဘက်လက်ပေါ်၌ ဘယ်လက်ကို ထပ်၍ လက်ဟန်သင်္ကေတများ ပြုလုပ်နေလေသည်။

ရုပ်ထုကြီးနှစ်ခု အောက်ခြေရှိ အရိပ်ထဲတွင် ကျောက်သားကုလားထိုင် ငါးလုံးရှိပြီး ထိုအချိန်၌ ကုလားထိုင်သုံးလုံးပေါ်တွင် လူများထိုင်နေကြသည်။ သို့သော် ထိုင်နေသူများအနက် နှစ်ဦးကို ရှင်းရှင်းလင်းလင်း မမြင်ရပဲ တတိယမြောက် ကုလားထုင်ပေါ်တွင် ထိုင်နေသူကိုသာ ရှင်းရှင်းလင်းလင်း မြင်ရလေသည်။ ထိုလူမှာ တိမ်ညိုတိမ်မည်းများ သဖွယ် မည်းမှောင်နေသော မျက်နှာအမူအယာဖြင့် ကောင်းကင်မြူခိုး၏ ဘိုးဘေးဖြစ်သည်။

ရှာမန်နယ်မြေထဲရှိ ပမာဏတစ်ခုရှိသော အစွမ်းထက် စစ်သည်တော်များသည် စုမင်၏ ဟိန်းဟောက်သံကို သတိပြုမိခဲ့ကြပြီး ၎င်း၏ ပေါ်ထွက်လာမှုကြောင့် ထိုသူတို့ တုန်လှုပ်သွားချိန်မှာပင် ကောင်းကင်မြူခိုး ဘိုးဘေးထံမှ စကားသံ ထွက်ပေါ်လာခဲ့သည်။

"ရှာမန်နယ်မြေထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက်ရှာမန်တစ်ဦး ပေါ်လာပြီ။ မင်းတို့အားလုံး အခုကြားလိုက်တာက သူ့ဟိန်းဟောက်သံပဲ"

"အဲဒီလူက ဖုံးကွယ်နဂါးဂိုဏ်းက မဖြစ်နိုင်ဘူး။ သူတို့ဆင်းသက်တဲ့နေ့ ရောက်ဖို့ သုံးနှစ်လိုနေသေးတယ်။ ဘယ်ဂိုဏ်းကမှ ဆင်းသက်မှုနေ့ရက်ကို ရှေ့တိုးနိုင်စွမ်း မရှိဘူး။ သူတို့က ခွဲဝေခြင်းနေ့ကျမှသာ  နယ်ပယ်တောင်ထွတ်ပေါ်မှာ ရှိတဲ့ အစီအရင်ကို အသက်သွင်းပြီး ဒီနေရာကို လာနိုင်ကြတာ" အရိပ်သဏ္ဍာန် နှစ်ဦးအနက် တစ်ဦးက ခပ်တိုးတိုး မှတ်ချက်ချသည်။

"အဲဒီလူက မဟာသစ်ရွက် အင်မော်တယ် ဂိုဏ်းကလည်း မဖြစ်နိုင်ဘူး။ မဟာသစ်ရွက် အင်မော်တယ်ဂိုဏ်းကနေ သက်ဆင်းလာတဲ့ သူက အရမ်းနည်းတယ်။ ဒီကိုရောက်လာတာ သုံးယောက်ထက်တောင် ပိုမှာ မဟုတ်ဘူးလို့ ငါထင်တယ်။ ပြီးတော့ သူတို့အားလုံးက မာန်စွမ်းအားရှင်နယ်မြေထဲမှာ ရှိတဲ့ အဓိက မျိုးနွယ်စုကြီးတွေနဲ့ ကလန်တွေထဲမှာပဲ။ ရှာမန်တွေဆီကို သွားမှာမဟုတ်ဘူး"

"ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ အစွမ်းထက် စစ်သည်တော်က ဘယ်သူပဲဖြစ်ဖြစ် ငါတို့အစီအစဉ်တွေကိုတော့ ဖျက်ဆီးခွင့်မပေးနိုင်ဘူး။ အဲဒီလူက ရှာမန်နယ်မြေထဲမှာ ရုတ်တရက် ပေါ်လာတာဆိုမှတော့ ဖုံးကွယ်နဂါးဂိုဏ်းက လူတွေ ကိုင်တွယ်လိမ့်မယ်"

"တစ်ကယ်တော့ ငါအခုထိ နားမလည်နိုင်တာ ရှိသေးတယ်။ မာန်စွမ်းအားရှင် ကုန်းမြေရဲ့ မာန်နတ်ဘုရားက သေဆုံးသွားပြီလေ။ မာန်နတ်ဘုရား အသစ်ပေါ်လာဖို့ ဆိုတာကလည်း မဖြစ်နိုင်သလောက်ပဲ။ မာန်နတ်ဘုရား မရှိပဲနဲ့ ဘာကြောင့် ငါတို့ အင်မော်တယ်တွေက သူတို့ကို ကြောက်နေရတာလဲ"

"ရှာမန်တွေဆီက နိုင်းလီအမွေအနှစ်ဆိုတာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။ အဲဒါရဲ့ တစ်စိတ်တစ်ပိုင်းလောက်ပဲ ကျန်ရစ်တော့တာ။ အဲဒီအမွေအနှစ်ကို ရရှိတဲ့လူတွေကလည်း အလွန်ဆုံးမှ အောင်မြင်လွှမ်းမိုးမှု နယ်ပယ်ပဲ ရောက်လိမ့်မယ်။ ငါတို့ ကောင်းကင်မြူခိုး ဂိုဏ်းက စီနီယာတစ်ယောက် လွှတ်လိုက်ရုံနဲ့တင် မာန်စွမ်းအားရှင် မျိုးနွယ်စု တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်လို့ရတယ်။ ဘာကြောင့် တစ်ခြား ဂိုဏ်းနှစ်ခုနဲ့ ပေါင်းပြီး လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ တစ်လျှောက် ဆက်တိုက်ဆင်းသက်ရင်း ဒီအစီအစဉ်ကို အကောင်အထည် ဖော်နေရတာလဲ"

နောက်ပြောလာသူက ကောင်းကင်မြူခိုး ဘိုးဘေးဖြစ်သည်။ သူသည် အေးစက်စက် ရယ်မောရင်း ဖြည်းဖြည်းချင်း ပြောလိုက်၏။ "ဟမ့်... မင်းဒီနေရာကို ဆင်းသက်လာတာပဲ နှစ်ထောင်ချီနေပြီ။ အသေးစိတ်ကို မသိသေးဘူးလား။ ဒီနေရာကသာ မင်းထင်ထားသလောက် ရိုးရှင်းမယ်ဆိုရင် ငါ့သက်တမ်း တစ်ဝက်လောက်ကို ဒီနေရာမှာ ဖြုန်းတီးနေမှာ မဟုတ်ဘူး။ ငါတို့ကိုယ် ငါတို့ ထုတ်ဖော်ပြလို့မရသလို အင်မော်တယ်တွေရဲ့ အရှိန်ဝါ အရမ်း ထွက်ပေါ်မနေအောင်တောင် ငါတို့ စွမ်းအားကို ဖိနှိပ်ထားရသေးတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့... ဟဲဟဲ၊ လုပ်လေ... မင်းစမ်းကြည့်ပါလား"

"တော်လောက်ပြီ။ မင်းတို့နှစ်ယောက်လုံး ရန်ဖြစ်မနေကြနဲ့တော့။ တာအိုသူတော်စင် ညီနောင် ထျန်းလန်က ဒီနေရာမှာ နှစ်ပေါင်းထောင်နဲ့ချီ နေခဲ့တာ။ ဒီနေရာနဲ့ ပက်သက်တဲ့ သူ့ဗဟုသုတက မင်းတို့၊  ကျုပ်တို့ထက် သာတယ်၊ တာအိုသူတော်စင် ညီနောင် စွန်းယန်။ ဒါပေမယ့် ကျုပ်လည်း သိတော့သိချင်မိသား။ မင်းဒီနေရာမှာ အကြာကြီး နေရလောက်တဲ့အထိ ဒီမာန်စွမ်းအားရှင်ကုန်းမြေမှာ ဘယ်လို လျှို့ဝှက်ချက်မျိုး ရှိနေရတာလဲ ဆိုတာပေါ့။ မင်း တစ်ခုခုများ ရှာတွေ့ထားပြီလား" လူသုံးဦးအနက် စကားဝင်မပြောခဲ့သူက ထိုအချိန်တွင် သူ့အတွေးများကို အေးအေးဆေးဆေး ထုတ်ပြောလိုက်သည်။

"တာအိုသူတော်စင် ညီနောင်ချန်း၊ မင်းက အရမ်ယဉ်ကျေးလွန်းနေပါပြီ" ကောင်းကင်မြူခိုး ဘိုးဘေးက အပြုံးဖြင့်ပြောသည်။ ချန်းဆိုသူ၏ ပုံရိပ်အစစ်အမှန်နှင့် ပက်သက်၍ အလွန် သတိထားနေမှုကြောင့် ၎င်းထံ ပြောလိုက်သော သူ့စကားများကလည်း ပိုမို ညင်သာသွားခဲ့၏။

"ဂိုဏ်းထဲမှာရှိတဲ့ ကျုပ်ရဲ့အဆင့်အတန်းက သာမန်ပဲဆိုပေမယ့် မာန်စွမ်းအားရှင်ကုန်းမြေကို ရောက်နေတာကတော့ နှစ်ပေါင်း ထောင်နဲ့ချီနေပြီ။ ဒီနေရာနဲ့ပက်သက်ပြီး အတော်လေး ဗဟုသုတ ရှိနေပြီလို့တော့ ကျုပ်ကိုယ်ကျုပ် ယုံတယ်။ ဒီနေရာမှာ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်။ အဲဒါဘာလဲ ဆိုတာ ကျုပ်မသိပေမယ့် ဒီနေရာမှာ ကျုပ်တို့ အင်မော်တယ်တွေရဲ့ အရှိန်အဝါကို လုံးလုံးလျားလျား ထုတ်ပြလိုက်တာနဲ့ ကျုပ်တို့ သေရလိမ့်မယ်"

"ဂိုဏ်းခေါင်းဆောင်နဲ့ ဂိုဏ်းအကြီးအကဲတွေကတော့ မာန်မျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်တွေကို သိလောက်တယ်လို့ ကျုပ်ယုံတယ်။ ကျုပ်တို့ရဲ့ အစီအစဉ်ကလည်း ဂိုဏ်းခေါင်းဆောင်နဲ့ တစ်ခြားလူတွေ ဒီကို စွမ်းအားအပြည့်နဲ့ လာလို့ရအောင် ဒီနေရာမှာရှိတဲ့ ဆင်းသက်ခြင်းဥမင်ကို ဖွင့်ပေးဖို့ပဲမလား"

"ဒါပေမယ့်လည်း မင်းက မေးလာမှတော့၊ တာအိုသူတော်စင် ညီနောင်ချန်းရေ... လွန်ခဲ့တဲ့ နှစ်တစ်လျှောက် ကျုပ်ခွဲခြမ်းစိတ်ဖြာ ကြည့်ခဲ့တဲ့ အကြောင်း မင်းကို ပြောပြရမှာပေါ့။ ကျုပ်တွေ့ထားတာ အရဆိုရင်၊ ဒီနေရာမှာ ရှိတဲ့ လျှို့ဝှက်ချက်တွေက... ကျုပ်တို့ မာန်စွမ်းအားရှင် ကုန်းမြေဆီ ဘယ်လိုရောက်လာခဲ့သလဲ ဆိုတာနဲ့ ဆက်စပ်နေတယ်လို့ ကျုပ်တော့ယုံတယ်" ကောင်းကင်မြူခိုး ဘိုးဘေးသည် တစ်ခဏတာ တုန့်ဆိုင်းနေပြီးမှ လေသံတိုးတိုးဖြင့် ပြောလိုက်၏။

"မင်း ပြောနေတာက..." ချန်းဆိုသူ၏ မျက်လုံးများက ပြူးကျယ်သွားပြီး ကျောက်ကုလားထိုင်အား ညာလက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်မိချေသည်။

"အဲဒါက ကျုပ်ရဲ့ သံသယသက်သက်ပါ။ နောက်ဆုံးတော့လည်း အရှေ့မြေရိုင်း ကုန်းမြေဆီက နတ်ဆိုးဂိုဏ်းအပါအဝင် မာန်စွမ်းအားရှင် ကုန်းမြေဆီ လာခဲ့တဲ့ တာအိုသူတော်စင် ညီနောင်အားလုံးဟယ တစ်နေရာတည်းက လာခဲ့ကြတာပဲလေ။ ဘယ်သူပဲ ဖြစ်ဖြစ်၊ ကျုပ်တို့က ဒီနေရာကိုလာဖို့ အဲဒီလူကို ဖြတ်ကျော်ရတာပဲ မဟုတ်လား"

"အဲဒီလူရဲ့ ခန္ဓာကိုယ်က အစွမ်းထက်တဲ့ မြူခိုးတွေနဲ့ ချိပ်ပိတ်ခံထားရတာတော့ စိတ်မကောင်းစရာပဲ။ ကျုပ် သူ့မျက်နှာကို ဘယ်တုန်းကမှ ရှင်းရှင်းလင်းလင်း မမြင်ဖူးခဲ့ဘူး။ အဲလိုမှ မဟုတ်ရင် ကျုပ် သဲလွန်စတစ်ချို့ ထပ်ရှာတွေ့နိုင်လောက်ဦးမှာ"

မြေအောက်နန်းတော် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး အချိန်အတော် ကြာပြီးနောက်မှ ချန်းဆိုသူက သက်ပြင်းချသည်။

"အဲဒီလိုဆိုမှတော့လည်း ခန့်မှန်းနေတာတွေကို ရပ်လိုက်ကြတာပေါ့။ တစ်ကယ်သာ အဲလူနဲ့ ပက်သက်နေတယ်ဆိုရင် အဲဒါက ကျုပ်တို့လို လူတွေ ဝင်နှောင့်ယှက်နိုင်တဲ့ အရာမျိုး မဟုတ်တာ အသေအချာပဲ။ ကျုပ်တို့က အစီအစဉ်ထဲက ကျုပ်တို့ အပိုင်းကဏ္ဍကိုပဲ ဖြည့်ဆည်းပေးဖို့လိုတာပါ..."

ကောင်းကင်မြူခိုး မြို့တော်အဝေးရှိ မာန်စွမ်းအားရှင် နယ်မြေ၏ အနက်ပိုင်းဆီမှ မဟာအေးခဲကောင်းကင် မျိုးနွယ်စုကြီး တည်ရှိရာ ရေခဲနှင့် ဆီးနှင်း နယ်မြေတစ်ခုတွင်...

မျှော်စင်တစ်ခုအတွင်း ဆံဖြူ အဘိုးအိုတစ်ဦး တင်ပလ္လင်ခွေ ထိုင်နေ၏။ ကောင်းကင်မြူခိုး မြို့တော်အောက်ရှိ ထူးဆန်းသော နေရာ၌ လူသုံးဦး စကားပြောနေစဉ်မှာပင် အဘိုးအို၏ မျက်လုံးများက အလျင်အမြန် ပွင့်လာပြီး သူ့မျက်ဝန်းများအတွင်း ထိတ်လန့်တုန်လှုပ်မှုများ ပေါ်လာခဲ့သည်။ သူသည် အလျင်အမြန် ထရပ်၍ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ သူ့မျက်နှာထံ အေးစက်နေသော လေပြင်းများက တိုက်ခတ်လာပြီး ဆံပင်များက လေနှင့် လွင့်မျောကုန်၏။ ထို့နောက် အဝေးရှိကောင်းကင်သို့ အလွန်အမင်း လေးနက်နေသော မျက်နှာထားဖြင့် လှမ်းကြည့်လိုက်လေသည်။

အချိန်အတော်ကြာပြီးနောက် သူသည် တစ်စုံတစ်ရာ တွက်ချက်နေဟန်ဖြင့် ညာလက်ကိုမြှောက်၍ လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်သည်။ ထို့နာက်  သူ့အနောက်ရှိ လေဟာနယ်မှာ တွန့်လိမ်သွားပြီး ဧကရာဇ်ဝတ်ရုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ဝိုးတဝါး ပေါ်လာခဲ့၏။

"သေစမ်း... သူ့ချိပ်စည်းက အားပျော့သွားတာပဲ။ မဖြစ်နိုင်တာပဲ... သူဒါကို ဘယ်လိုလုပ်လိုက်တာပါလိမ့်။ ဒါက အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်တော့ဘူး။ ချိပ်စည်း အားပျော့သွားတဲ့နောက် ဘယ်သူထွက်ပေါ်လာတာလဲ ဆိုတာ ငါတတ်နိုင်သမျှ အမြန်ဆုံး အဖြေရှာမှ ဖြစ်မယ်"

ဆံဖြူအဘိုးအိုမှာ မျက်မှောင်ကြုတ်သွားပြီး သူ့မျက်နှာထက်၌ စိုးရိမ်ပူပန်မှုများ ပေါ်လာခဲ့သည်။ သူသည် နောက်လှည့်၍ အိမ်ထဲသို့ ပြန်ဝင်လာပြီးနောက် ချက်ချင်း တင်ပလ္လင်ခွေ ထိုင်ချလိုက်တော့သည်။ သူ့လက်များသည် လက်ဟန်သင်္ကေတများ အဆက်မပြတ် ပြုလုပ်နေပြီး သူ့မျက်လုံးများက စူးရှတောက်ပလို့နေသည်။ နယ်မြေကျယ်ဧရိယာ ခန့်မှန်းမှုကို ထုတ်ဖော်နေစဉ် သူ့မျက်လုံးထဲ၌ အချိန်တို့ အလျင်အမြန် ကုန်ဆုံးသွားခဲ့၏။

သူ့အမူအယာသည် အံ့သြမှုမှ ထိတ်လန့်မှုသို့ ပြောင်းလဲသွားပြီး နောက် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။ သို့သော်လည်း နောက်ဆုံး၌ ဟိုတွေးဒီတွေး စိတ်မတည်ငြိမ်ဖြစ်ခြင်းနှင့်သာ အဆုံးသတ်သွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူသည် ခန့်မှန်းနေခြင်းကို လက်လျော့လိုက်ပြီး ထိုနေရာ၌ အချိန်အကြာကြီး တွေဝေစွာ ထိုင်နေခဲ့၏။

"ဘိုးဘေး ဟုန်လော့... သူ ပေါ်လာတာပဲ... ဒါပေမယ့် ဆင်းသက်မှုနေ့ရက် ရောက်ဖို့က သုံးနှစ်လောက် လိုနေသေးတယ်။ အခုလောလောဆယ်တော့ ငါ သခင့်ကို ဆက်သွယ်လို့မရသေးဘူး... အိုး ထားလိုက်ပါတော့၊ သခင်က ငါ့ကို မာန်မျိုးနွယ်စုဆီ သူ့ကိုယ်ပွားကို ခေါ်ဆောင်သွားခိုင်းခဲ့မှတော့ အခုလို မတော်တဆ ဖြစ်ရပ်တွေကနေ ကာကွယ်ဖို့အတွက် ငါ့ကို အသုံးပြုခွင့်ပေးဖို့ တွေးထားတာပဲ ဖြစ်မှာပါ" အဘိုးအိုသည် ခဏမျှ တုန့်ဆိုင်းနေပြီးနောက် အံတင်းတင်းကြိတ်ကာ ညာလက်ဖြင့် သူ့အနောက်သို့ ရုတ်တရက် ညွှန်ပြလိုက်သည်။

ပုံပျက်နေသော လေဟာနယ်အတွင်းမှ ဧကရာဇ်ဝတ်ရုံနှင့် သရဖူ ဆောင်းထားသော သက်လတ်ပိုင်းလူတစ်ဦး ချက်ချင်း ရုပ်လုံးပေါ်လာခဲ့သည်။ အချိန်အတော်ကြာပြီးနောက် ထိုလူသည် တစ်ကယ့်လူအစစ်အတိုင်း အဘိုးအိုအနောက်မှ လျှောက်လှမ်းထွက်လာပြီး အမူအယာတစ်စက်ပင် ရှိမနေသော အေးစက်စက် မျက်နှာထားဖြင့် အဘိုးအိုရှေ့၌ ရပ်လိုက်သည်။

"မာန်စွမ်းအားရှင် ကုန်းမြေထဲက စွမ်းအားရဲ့ ဝင်စွက်ဖက်မှုကြောင့် သခင့်ကိုယ်ပွားဟာ ဉာဏ်ရည်ပျောက်ဆုံးပြီး ရုပ်သေးတစ်ကောင် ဖြစ်သွားတာတော့ စိတ်မကောင်းစရာပဲ။ သူက သူ့သဘာဝအတိုင်းပဲ လုပ်ဆောင်တော့တယ်" အဘိုးအိုသည် သက်ပြင်းချကာ မတ်တပ်ထရပ်ပြီး ဧကရာဇ်တစ်ဦးသဖွယ် အမူအယာမဲ့ သက်လတ်ပိုင်းလူကို ဦးညွှတ်လိုက်၏။

"သခင်၊ ကံကြမ္မာရဲ့ ချိပ်စည်းက ပြေလျော့သွားပြီး မထင်မှတ်ထားတဲ့ အရာတစ်ခု ဖြစ်သွားပါတယ်။ ဘိုးဘေး ဟုန်လော့ ထွက်ပေါ်လာခဲ့ပြီ။ နဂိုအစီအစဉ် အတိုင်း ပြန်ဖြစ်အောင် ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ" စကားဆုံးသည်နှင့် အဘိုးအိုက သူ့လျှာထိပ်ကို ကိုက်ချလိုက်သည်။ ထို့နောက် သွေးတစ်ငုံ ထွေးထုတ်လိုက်ပြီး ထိုသွေးမြူများကို ညာလက်ဖြင့် အမြန်ဝှေ့ယမ်းလိုက်ရာ သွေးမြူများကြား၌ သွေးသံရဲရဲ မန္တာန်သင်္ကေတ သုံးခုပေါ်လာပြီး ဧကရာဇ်တစ်ပါးသဖွယ် သက်လတ်ပိုင်းလူ၏ ကိုယ်ပေါ်သို့ ကျရောက်သွားလေသည်။

ရုပ်သေး၏ မျက်လုံးများအတွင်း ဉာဏ်ရည်ဉာဏ်သွေး တစ်စိတ်တစ်ပိုင်းနှင့်အတူ အကြည့်စူးစူးတစ်ခု အမြန်ပေါ်ထွက်လာသည်။ သူသည် အဘိုးအိုကို အေးစက်စက် တစ်ချက်ကြည့်၍ တစ်ဖက်သို့လှည့်ကာ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်မှာ ဝေဝါးပျောက်ကွယ်သွားခဲ့သည်။

"ကံကောင်းထောက်မပြီး သခင်က ငါ့ကို သူ့ကိုယ်ပွား ပေးထားခဲ့လို့သာပဲ။ မဟုတ်လို့ကတော့ ငါတို့ နိုးထလာတဲ့ ဘိုးဘေးဟုန်လော့ကို ထိန်းချုပ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး... အဆင်တော့ ပြေလောက်ပါတယ်။ အဲဒါက နိုးထလာတဲ့ ဟိုအရူးအဘိုးကြီး သုံးယောက် မဟုတ်သရွေ့တော့ အဆင်ပြေလောက်ပါတယ်... အဆင်ပြေပါစေပဲ မျှော်လင့်ရမှာပေါ့..."

အဘိုးအိုသည် မျက်မှောင်ကြုတ်လျက် ခေါင်းခါယမ်းလိုက်သည်။ သူ့တွင်လည်း ယုံကြည်ချက်တော့ သိပ်မရှိပေ။ တစ်ချိန်က အင်မော်တယ်များအကြား ပျံ့နှံ့ခဲ့ဖူးသော ဘိုးဘေးဟုန်လော့၏ ကောလဟာလများက အဘိုးအိုအား အလွန် သတိထားမိနေစေသည်။

"အတိတ်တုန်းက ဘိုးဘေးဟုန်လော့ဟာ အလိုလိုနေရင်းကို ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်ရတာ အရမ်းကြိုက်တယ်လို့ ကောလဟာလေတွေ ထွက်ဖူးတယ်။ သူက သန်မာသူတွေကို စိန်ခေါ်ပြီး ရက်ရက်စက်စက် သတ်ပစ်ရတာကိုလည်း ကြိုက်သေးတယ်တဲ့... အဆုံးမှာတော့ ဆရာတိထျန်းက လှုပ်ရှားပြီး သူ... ဘိုးဘေးဟုန်လော့ကို ကံကြမ္မာရဲ့ ကိုယ်ထဲမှာ ချိပ်ပိတ်ထားခဲ့တာ..." အဘိုးအိုက သက်ပြင်းချသည်။

စုမင်၏ ဟိန်းဟောက်သံကြောင့် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေရှိ ဥတုရာသီတစ်ခုလုံး ပြောင်းလဲသွားသည်ဟုပင် ပြောဆိုနိုင်သည်။ ဖြစ်ပျက်နေသော အရာများကို စုမင် မသိခြင်းတော့ မဖြစ်နိုင်ပေ... သို့သော်လည်း ဖြစ်နိုင်ချေရှိသည်က စုမင်မှာ စုမင်ကိုယ်တိုင် မဟုတ်တော့ခြင်းပေ။

"ငါ အနီရောင်ကို ကြိုက်တယ်... ဒါပေမယ့် ငါက... ငါက ဘယ်သူလဲ..." ရှာမန်နယ်မြေ၏ အထက်ကောင်းကင်ယံတွင် ရပ်နေသော ဆံနီစုမင်က တီးတိုးရေရွတ်လိုက်သည်။ ကြက်သွေးနီရောင် သူ့မျက်ဝန်းများထဲ၌ ရှုပ်ထွေးမှု တစ်စွန်းတစ်စ ရှိနေလေသည်။

"တိထျန်းလား... မဟုတ်ဘူး၊ ငါ့နာမည်က တိထျန်း မဟုတ်ဘူး။ တိထျန်းဆိုတာ ငါ့ရန်သူရဲ့ နာမည်ပဲ" အချိန်အတော်ကြာပြီးနောက် စုမင်၏ ဦးခေါင်းမှာ အလျင်အမြန် မော့လာခဲ့သည်။ သူသည် အော်ဟစ်မနေတော့ပဲ သူ့မျက်နှာထက်၌ မောက်မာကြမ်းတမ်းမှုများ ထင်ရှားပေါ်လွင်နေလေသည်။

"တိထျန်း... မင်းနဲ့ ငါက တစ်မိုးအောက်တည်းမှာ ရှိနေဖို့ မဖြစ်နိုင်ဘူးကွ။ ငါမင်းကို သတ်မယ်"

စုမင်သည် ညာလက်ကို အမြန်မြှောက်ကာ လေထဲမှ တစ်ဆင့် အဝေးရှိ မြေပြင်ကို ရိုက်ချလိုက်သည်။ ထိုရိုက်ချက်က မြေပြင်ကို အပြင်းအထန် တုန်ခါသွားစေပြီး မြေပေါ်၌ အက်ကြောင်းများ အလျင်အမြန် ပေါ်လာခဲ့သည်။ အက်ကြောင်းများသည် ပျံ့နှံ့သွားပြီး ပေတစ်သိန်းကျော် အကွာအဝေးအထိ ဖုံးလွှမ်းသွား၏။ စုမင်သည် တစ်ချိန်တည်းလိုလိုပင် ညာလက်ကို ကုပ်ချက်သဏ္ဍာန်ပြုကာ သူ့အထက် လေထုကို ရိုက်နှက်လိုက်ပြန်သည်။

"မြေအရှိန်အဝါ မိစ္ဆာနဂါး" သူ တီးတိုးရေရွတ်ခိုက်သည်။ မြေပြင်ပေါ်ရှိ အဆုံးမရှိသော အက်ကြောင်းများမှ အဖြူရောင်အခိုးအငွေ့များ စိမ့်ထွက်လာသည်။ ၎င်းတို့က ကောင်းကင်သို့ စုဝေးမြင့်တက်လာကြချိန် ကမ္ဘာမြေပြင်မှာတော့ ၎င်း၏ အသက်ဓာတ် ဆုံးရှုံးသွားဟန်ဖြင့် ခြောက်ကပ်သွားခဲ့သည်။ မြေပြင်၏ အသက်ဓာတ်အားလုံးကို စုမင် ထုတ်ယူသွားသလိုပင်...

မြူခိုးဖြူများသည် စုဝေးလျက် ပြင်းထန်စွာ တုန်ခါလာ၏။ မျက်စိတစ်မှိတ်အတွင်း ထိုမြူခိုးဖြူများမှာ အဖြူရောင် ဧရာမနဂါးကြီးအသွင် ပြောင်းလဲသွားခဲ့သည်။ ထိုနဂါးကြီး၏ မျက်ဝန်းများမှာ နီရဲနေပြီး ၎င်း၏ အဖြူရောင် ခန္ဓာကိုယ်ကြီးသည်လည်း မကြာမီမှာပင် အနီရောင်ပြောင်းသွားခဲ့၏။ အဆုံးတွင်တော့ ပေသိန်းပေါင်းများစွာ ရှည်လျားသော ဧရာမနဂါးနီကြီး တစ်ကောင် ပေါ်ထွက်လာခဲ့လေသည်။ ၎င်းသည် တစ်ချက်ဟိန်းဟောက်ကာ စုမင်ခြေထောက်အောက်သို့ တိုးဝင်လာပြီး စုမင်အား သူ့ဦးခေါင်းပေါ်တွင် ရပ်နိုင်ရန် ပြုလုပ်ပေးလိုက်သည်။ ပြီးသည်နှင့် နဂါးကြီးသည် ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးကို လှုပ်ရှားကာ အဝေးသို့ ဦးတည်လိုက်တော့သည်။

နဂါးဦးခေါင်းပေါ်တွင် ရပ်နေသော စုမင်၏ ဆံနွယ်နီနီတို့က လေနှင့်အတူ ကခုန်လွင့်မျောနေသည်။

"ငါ ဘယ်သူလဲ... ငါ့နာမည်က ဘယ်သူပါလိမ့်... စုမင်... ဟုတ်တယ်၊ ငါက စုမင်ပဲ။ တိထျန်းက ငါ့ရန်သူ... ငါ သူ့ကို သတ်ရမယ်" စုမင်၏ နှုတ်ခမ်းများပေါ်၌ ကြမ်းကြုတ်ရက်စက်မှု တစ်စွန်းတစ်စ ပေါ်လာလေသည်။

***

All Chapters