အခန်း (၂၈၅-၂၈၆)
Vol. 29 Ch. 285-286
အခန်း (၂၈၅) - မျိုးစေ့အမှတ်အသားနှင့် ကုဆုန်းယင့်၏ မိတ်ဆွေဖွဲ့ခြင်း
“မင်းက ဘယ်လိုဆေးဖော်စပ်နည်းကို ကျင့်ကြံထားတာလဲ။”
ကုဆုန်းယင့်၏ မေးခွန်းကြောင့် ရွှီနင် အနည်းငယ် အံ့အားသင့်သွားသော်လည်း အလွန်အမင်း အံ့ဩသွားခြင်းတော့ မရှိချေ။
ထင်ရှားသည်မှာ ကုဆုန်းယင့်သည် သူ၏ တာအိုနယ်ပယ် ဆေးဖော်စပ်နည်းဖြစ်သော ပင်လယ်နီဆေးကျမ်းကို ရိပ်မိသွားခြင်းပင် ဖြစ်လေသည်။
“အစ်ကိုကု ခန့်မှန်းမိတဲ့အတိုင်းပါပဲ။”
ရွှီနင်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ဟင်...”
ရွှီနင်၏ အတည်ပြုချက်ကို ကြားလိုက်ရသောအခါ ကုဆုန်းယင့်တစ်ယောက် မျက်မှောင်ကြုံ့သွားရသည်။
“တကယ်ပဲ ပင်လယ်နီဆေးကျမ်းလား။”
ဤတစ်ကြိမ်တွင်မူ အခြားသူများ မကြားစေရန် ကုဆုန်းယင့်မှာ ရွှီနင်ထံသို့ အသံလှိုင်းဖြင့်သာ ဆက်သွယ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ရွှီနင်က ခေါင်းညိတ်ပြလိုက်လေသည်။
“ညီလေးရွှီ... ငါတို့နှစ်ယောက်တည်း စကားနည်းနည်းလောက် ပြောလို့ရမလား။”
ကုဆုန်းယင့်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ရွှီနင်အား ဖိတ်ခေါ်လိုက်သည်
“ရပါတယ်လေ။”
ရွှီနင်က မငြင်းဆန်ခဲ့ပေ။
တင်းပိုင်၊ ရှင်းအန်းတောက်နှင့် အခြားသူများမှာမူ ကုဆုန်းယင့်၏ ဖိတ်ခေါ်မှုကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။
သို့သော် မည်သူကမျှ ဝင်ရောက်မပြောဆိုကြဘဲ ကုဆုန်းယင့်နှင့် ရွှီနင်တို့ အတူထွက်ခွာသွားသည်ကိုသာ ကြည့်နေလိုက်ကြလေသည်။
မည်သို့ပင်ဆိုစေကာမူ ယွမ်ရှန်းဂိုဏ်း၏ အကျပ်အတည်းကြီး ပြေလည်သွားပြီဖြစ်ကြောင်း ရှင်းအန်းတောက် သိလိုက်လေသည်။
တင်းပိုင်မှာ အနည်းငယ် စိတ်ဓာတ်ကျသွားပုံရသော်လည်း သူ့ဝမ်းကွဲအစ်ကို၏ ဆန္ဒကိုတော့ မဆန့်ကျင်ရဲချေ။
ကုဆုန်းယင့်နှင့် ရွှီနင်တို့သည် ယွမ်ရှန်းဂိုဏ်းနှင့် မလှမ်းမကမ်းရှိ ထူထပ်သော တောအုပ်တစ်ခုဆီသို့ ရောက်ရှိလာကြသည်။
“ညီလေးရွှီ... ပင်လယ်နီဆေးကျမ်းဆိုတာ ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ အဓိကဆေးဖော်စပ်နည်းပဲ။ ဂိုဏ်းချုပ် ဒါမှမဟုတ် အကြီးအကဲတွေ ကိုယ်တိုင် သင်ပေးတာမဟုတ်ရင် သင်ယူနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ မင်းက ဘယ်လိုလုပ်ပြီး တတ်မြောက်နေရတာလဲ။”
ကုဆုန်းယင့်က လိုရင်းကိုသာ တည့်မေးလိုက်သည်။
သူ့မျက်နှာထားမှာ အနည်းငယ် လေးနက်နေသည်။ ဤကိစ္စအား သူ သေချာပေါက် သိရှိမှဖြစ်ပေမည်။
အကယ်၍ ရွှီနင်သည် ပင်လယ်နီမိစ္ဆာသခင် သို့မဟုတ် ဂိုဏ်း၏ အကြီးအကဲများထံမှ သင်ယူခဲ့ခြင်းမဟုတ်ပါက တစ်စုံတစ်ယောက်မှ ဂိုဏ်း၏ အဓိကကျင့်စဉ်များကို ပေါက်ကြားစေခဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ထိုသို့သာဆိုလျှင် ဤကိစ္စကို ဂိုဏ်းသို့ သတင်းပို့ရမည်ဖြစ်ပြီး ဂိုဏ်းမှလည်း ပေါက်ကြားစေသူကို ပြင်းထန်စွာ အပြစ်ပေးမည်သာ ဖြစ်လေသည်။
ထိုမျှမက ပင်လယ်နီဆေးကျမ်းကို သင်ယူထားသော ရွှီနင်ကိုပါ ဖမ်းဆီး၍ ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ပြန်လည်ခေါ်ဆောင်သွားရပေမည်။ ယဲ့ဘုရင်ခံအိမ်တော်၏ အကာအကွယ် ရှိနေလျှင်ပင် အလဟဿသာ ဖြစ်ပေလိမ့်မည်။
သို့သော် ရွှီနင်၏ ပင်လယ်နီဆေးကျမ်းသည် ပင်လယ်နီမိစ္ဆာသခင် သို့မဟုတ် ဂိုဏ်း၏ အကြီးအကဲများ ကိုယ်တိုင် သင်ကြားပေးခဲ့ခြင်းဆိုပါမူ သူသည် ပင်လယ်နီမိစ္ဆာဂိုဏ်းဝင် မဟုတ်လျှင်ပင် နောင်တစ်ချိန်တွင် ဂိုဏ်းတွင်းသို့ ဝင်ရောက်လာပြီး ထိပ်တန်းတပည့်တစ်ဦး ဖြစ်လာနိုင်ချေ ရှိလေသည်။
“အစ်ကိုက ဒီလောက်အထိ သိဖို့လိုလို့လား။”
ရွှီနင်က ဂရုမစိုက်သည့်ဟန်ဖြင့် ပြုံးလျက် မေးလိုက်သည်။
သို့ရာတွင် ကုဆုန်းယင့်၏ မျက်နှာကတော့ အလွန်လေးနက်နေဆဲပင်။
“ညီလေးရွှီ... ကျေးဇူးပြုပြီး အမှန်အတိုင်း ပြောပြပါ။”
ကုဆုန်းယင့်၏ အမူအရာကို မြင်လိုက်ရပြီးနောက် ရွှီနင်သည် ဆက်လက် ဖုံးကွယ်ထားရန် မရည်ရွယ်တော့ပေ။
ပင်လယ်နီမိစ္ဆာဂိုဏ်း၏ တပည့်များအား သူနှင့် ပင်လယ်နီမိစ္ဆာဂိုဏ်းတို့၏ ဆက်နွှယ်မှုကို ဖွင့်ဟပြောပြခြင်းမှာ ပြဿနာမရှိနိုင်ချေ။
“ဒီပင်လယ်နီဆေးကျမ်းက ပင်လယ်နီမိစ္ဆာသခင်ရဲ့ အမွေအနှစ်လျှို့ဝှက်နယ်မြေကနေ ကျွန်တော် သင်ယူခဲ့တာပါ။”
ရွှီနင် အမှန်အတိုင်း ပြောပြလိုက်သည်။
“ဂိုဏ်းချုပ်ရဲ့ အမွေအနှစ်လျှို့ဝှက်နယ်မြေကနေ သင်ယူခဲ့တာ ဟုတ်လား။”
ကုဆုန်းယင့်၏ မျက်ဝန်းများ လှုပ်ခတ်သွားရသည်။
“ပင်လယ်နီမိစ္ဆာသခင်က ချောက်နက်ကြီးမြောက်ပိုင်းမှာ အမွေအနှစ်လျှို့ဝှက်နယ်မြေတစ်ခု ချန်ထားခဲ့တယ်။ အဲဒီက စမ်းသပ်မှုကို အောင်မြင်ခဲ့လို့ ဒီပင်လယ်နီဆေးကျမ်းကို ရခဲ့တာပါ။”
ရွှီနင်က ထပ်မံဖြည့်စွက် ပြောဆိုလိုက်သည်။
“ဒီလိုကိုး...”
ဂိုဏ်းမှ စီနီယာများ ပြောဖူးသော စကားများကို ကုဆုန်းယင့် ပြန်လည်အမှတ်ရသွားသည်။ လွန်ခဲ့သော အချိန်များစွာက ပင်လယ်နီမိစ္ဆာသခင်သည် ပင်လယ်ပြင်သို့ ခရီးထွက်ခဲ့ဖူးလေသည်။
သူ ခရီးသွားခဲ့သော နေရာများထဲတွင် ချောက်နက်ကြီးမြောက်ပိုင်းလည်း ပါဝင်ခဲ့လေသည်။
သို့သော် သူ၏ အမွေအနှစ်များကို ချန်ထားခဲ့သော နေရာမှာ ချောက်နက်ကြီးမြောက်ပိုင်း တစ်ခုတည်း မဟုတ်ချေ။
ပင်လယ်နီမိစ္ဆာသခင်၏ အမွေအနှစ်လျှို့ဝှက်နယ်မြေကို ရရှိခဲ့သူမှာ တစ်ဦးတည်း မကပေ။
ဥပမာအားဖြင့် ပင်လယ်နီမိစ္ဆာဂိုဏ်းမှ တာအိုနယ်ပယ် အဆင့်မြင့်ပိုင်းရှိ အဓိကပုဂ္ဂိုလ်တစ်ဦးသည် လွန်ခဲ့သော ဆယ်စုနှစ်များစွာက ချောက်နက်ကြီးတောင်ပိုင်း၌ ပင်လယ်နီမိစ္ဆာသခင်၏ အမွေအနှစ်ကို ရရှိခဲ့ဖူးလေသည်။
ထို့နောက် အမွေအနှစ်မှ ရရှိလာသော အမှတ်အသားနှင့်အတူ အဆုံးမဲ့ပင်လယ်ကြီးကို ဖြတ်ကျော်ကာ ဝမ်ရှန့်ပြည်နယ်သို့ ရောက်ရှိလာပြီး ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ဝင်ရောက်ကာ ‘မျိုးစေ့’ အဆင့်အတန်းကို ရရှိခဲ့ခြင်း ဖြစ်သည်။
ဤအကြောင်းကို တွေးမိသောအခါ ကုဆုန်းယင့် အနည်းငယ် စိတ်လှုပ်ရှားသွားရသည်။
သူ ရွှီနင်ကို ကြည့်လိုက်သည်။
“ညီလေးရွှီ... အစ်ကိုသိထားသလောက်ဆိုရင် ဂိုဏ်းချုပ်က ပြင်ပမှာ အမွေအနှစ်တွေ ချန်ထားခဲ့တဲ့အခါ ဂိုဏ်းရဲ့ ထိပ်တန်းကျင့်စဉ်တွေကို သင်ပေးရုံတင်မကဘဲ အမှတ်အသားတစ်ခုကိုပါ ချန်ထားခဲ့လေ့ရှိတယ်။ အစ်ကိုက ညီလေးရွှီရဲ့ အမှတ်အသားကိုများ ကြည့်ခွင့်ရမလားလို့။”
“အစ်ကိုက ဒီလို အသေးစိတ်လေးတွေအထိ သိနေတာပဲ...”
ရွှီနင်က ပြုံးလိုက်ပြီး လျှို့ဝှက်နယ်မြေထဲတွင် ငှက်မည်းကြီးထံမှ ရရှိခဲ့သော ပုတီးစေ့အမည်းလေးကို ထုတ်ယူလိုက်သည်။
ငှက်မည်းကြီး၏ အဆိုအရ ဤပုတီးစေ့အမည်းလေးကို ကိုင်ဆောင်ထားသူသည် ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ဝင်ရောက်နိုင်ပြီး ဂိုဏ်းသားတစ်ဦး ဖြစ်လာနိုင်သည်ဟု သိရသည်။
သို့သော် ရွှီနင်က ယန့်လုဂိုဏ်းကို ပြန်လည်တည်ထောင်လိုပြီး သူ့လက်ရှိ ပတ်ဝန်းကျင်မှာလည်း တည်ငြိမ်ကာ အကျိုးကျေးဇူးများနေသဖြင့် ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ဝင်ရောက်ရန် ဆန္ဒမရှိခဲ့ပေ။
ပုတီးစေ့အမည်းလေးကို ထုတ်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ကုဆုန်းယင့်၏ မျက်လုံးများ အရောင်တောက်သွားလေသည်။
“ညီလေးရွှီ... အစ်ကို သေချာလေ့လာကြည့်လို့ ရမလား...”
မသိမသာပင် ရွှီနင့်အပေါ် ထားရှိသော ကုဆုန်းယင့်၏ သဘောထားမှာ အနည်းငယ် နှိမ့်ချသွားခဲ့သည်။
“ရတာပေါ့ဗျာ။”
ရွှီနင်က ပုတီးစေ့အမည်းလေးကို ကုဆုန်းယင့်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ကုဆုန်းယင့်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုများ အထင်းသားပေါ်နေပြီး လက်များပင် တုန်ရီနေလေသည်။
သူသည် ပုတီးစေ့အမည်းလေးကို ဂရုတစိုက် လေ့လာကြည့်ရှုလိုက်သည်။ အကြိမ်အနည်းငယ် အတည်ပြုပြီးနောက် သူက ရွှီနင်ထံသို့ လက်နှစ်ဖက်ဖြင့် ဂရုတစိုက် ပြန်လည်ကမ်းပေးလိုက်လေသည်။
“မှန်တယ်... ဒါ ဂိုဏ်းရဲ့ မျိုးစေ့အမှတ်အသားပဲ။”
ကုဆုန်းယင့်က ပြောလိုက်သည်။
“မျိုးစေ့အမှတ်အသား ဟုတ်လား။”
ရွှီနင်သည် သူ့လက်ထဲရှိ ပုတီးစေ့အမည်းလေးကို တစ်ချက်ကြည့်လိုက်သည်။
“အဲဒါက ဘာကြီးလဲ။”
“မျိုးစေ့အမှတ်အသားဆိုတာ ဂိုဏ်းရဲ့ အဓိကအကျဆုံး ထိပ်တန်းတပည့်တွေရဲ့ အဆင့်အတန်း သက်သေခံလက်မှတ်ပဲ။”
ကုဆုန်းယင့်၏ မျက်လုံးများထဲတွင် ဖော်ပြ၍မရနိုင်သော မီးလျှံတစ်ခု တောက်လောင်သွားသည်။
“မျိုးစေ့အမှတ်အသား ရှိထားရင် မင်းကို ဂိုဏ်းကနေ ထောက်ပံ့ပေးပြီး အရင်းအမြစ် အမြောက်အမြားကို အသုံးပြုခွင့် ရလိမ့်မယ်။ ဒါ့အပြင် ဒီမျိုးစေ့အမှတ်အသားနဲ့ဆိုရင် မင်းက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာဖို့ အရည်အချင်းပြည့်မီသွားပြီကွ။”
ထိုစကားကို ပြောလိုက်ချိန်တွင် ကုဆုန်းယင့်မှာ သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ချေ။
“အို...”
သူ့လက်ထဲရှိ မျိုးစေ့အမှတ်အသားမှာ ဤမျှ တန်ဖိုးကြီးလိမ့်မည်ဟု ရွှီနင် ထင်မထားခဲ့မိပေ။
ငှက်မည်းကြီးမှ ရွှီနင်အား ပေးအပ်ခဲ့စဉ်က သူသည် ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ဝင်ရောက်နိုင်သည်ဟုသာ ပြောခဲ့သော်လည်း ဤပုတီးစေ့အမည်းလေးဖြင့် ဂိုဏ်း၏ ထိပ်တန်းတပည့်တစ်ဦး တိုက်ရိုက်ဖြစ်လာနိုင်မည်ဟု မျှော်လင့်မထားခဲ့မိချေ။
“ညီလေးရွှီ... မင်းက ပင်လယ်နီမိစ္ဆာဂိုဏ်းကို မဝင်ရသေးဘူး မဟုတ်လား။”
ကုဆုန်းယင့်က မျှော်လင့်ချက်အပြည့်ဖြင့် ရွှီနင်ကို ကြည့်လိုက်သည်။
“မဝင်ရသေးပါဘူး။”
ရွှီနင် ခေါင်းခါလိုက်သည်။
“ဒီလိုဆိုမှတော့ မင်းကို ငါကိုယ်တိုင် လမ်းပြပေးပြီး ပင်လယ်နီမိစ္ဆာဂိုဏ်းဆီ ဝင်ဖို့ ခေါ်သွားပေးပါရစေ။”
ကုဆုန်းယင့်၏ မျက်လုံးများထဲတွင် ပြင်းပြသောဆန္ဒများ ပြည့်နှက်နေလေသည်။
“ပင်လယ်နီမိစ္ဆာဂိုဏ်းကို ဝင်ရမယ် ဟုတ်လား။”
ရွှီနင် အကြာကြီး စဉ်းစားမနေဘဲ အဖြေပေးလိုက်သည်။
“လောလောဆယ်တော့ ကျွန်တော့်မှာ အဲဒီလို ရည်ရွယ်ချက် မရှိသေးဘူးဗျ။”
ရွှီနင်၏အမြင်တွင် ပင်လယ်နီမိစ္ဆာဂိုဏ်း၌ အရင်းအမြစ်များ ပေါများကြွယ်ဝသော်လည်း ယဲ့ဘုရင်ခံအိမ်တော်မှာလည်း မဆိုးလှချေ။
ယခုအခါ သွမ့်ချောင်ဖုန်းမှာ သူ့အား အထူးတန်ဖိုးထားနေပြီဖြစ်ရာ နောင်တစ်ချိန်တွင် ယဲ့ဘုရင်ခံအိမ်တော်၏ အရင်းအမြစ်များကို ရယူရန် သူ့အတွက် ခက်ခဲမည်မဟုတ်ပေ။
ထို့အပြင် သူသည် ယန့်လုဂိုဏ်းအား စောင့်ရှောက်ပေးရဦးမည် ဖြစ်သည်။ ယဲ့ဘုရင်ခံအိမ်တော်အား ကျောထောက်နောက်ခံပြုထားသဖြင့် သူသည် အတော်လေး လွတ်လပ်နေလေသည်။
သို့သော် ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ သွားရောက်မည်ဆိုပါက ယှဉ်ပြိုင်မှုအသစ်များဖြင့် ပြည့်နှက်နေသော ပတ်ဝန်းကျင်အသစ်တစ်ခုကို သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။
ထိုအချက်များကို တွေးကြည့်လိုက်လျှင် သူပိုင်ဆိုင်ထားသမျှကို စွန့်လွှတ်၍ မသေချာမရေရာသော ပင်လယ်နီမိစ္ဆာဂိုဏ်းအား အားထားရန် မလိုအပ်ချေ။
“ညီလေးရွှီ... ပင်လယ်နီမိစ္ဆာဂိုဏ်းကို ဝင်ပြီးရင် အကျိုးကျေးဇူးတွေ အများကြီး ရလာမှာကွ။”
ရွှီနင်က ဖိတ်ခေါ်မှုကို ပြတ်ပြတ်သားသား ငြင်းဆန်လိုက်သည်ကို မြင်သောအခါ ကုဆုန်းယင့် အနည်းငယ် စိုးရိမ်တကြီး ဖြစ်သွားပုံရသည်။
“အခုဆိုရင် တာအိုနယ်ပယ်ရဲ့ အမြင့်ဆုံးအဆင့်မှာရှိနေတဲ့ ငါတို့ရဲ့ဂိုဏ်းချုပ် ပင်လယ်နီမိစ္ဆာသခင်က တာအိုနယ်ပယ် အကန့်အသတ်ကို ချိုးဖျက်ပြီး သိုင်းသခင်ကြီးဖြစ်လာဖို့အတွက် ကျင့်ကြံခြင်းကို အာရုံစိုက်ဖို့ ပြင်ဆင်နေတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပဲ သူက ဂိုဏ်းကို သတင်းစကားတစ်ခု ပေးပို့လာခဲ့တယ်။ အဲဒီမှာ သူက လာမယ့် ဆယ်နှစ်အတွင်းမှာ ဂိုဏ်းအတွက် အရည်အချင်းပြည့်မီတဲ့ ဆက်ခံသူတစ်ယောက်ကို ရွေးချယ်မယ်လို့ ကြေညာခဲ့တယ်ကွ။”
“ပြီးတော့ ဒီဂိုဏ်းဆက်ခံသူက မျိုးစေ့တွေထဲကနေပဲ ထွက်ပေါ်လာမှာ။”
ကုဆုန်းယင့်၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေလေသည်။
“တစ်နည်းအားဖြင့် ပြောရရင် မင်းသာ ဂိုဏ်းရဲ့ မျိုးစေ့တစ်ယောက် ဖြစ်လာတာနဲ့ ဝမ်ရှန့်ပြည်နယ်ရဲ့ ထိပ်တန်းဂိုဏ်းကြီးဖြစ်တဲ့ ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်လာနိုင်ချေ ရှိသွားပြီကွ။”
ဤအကြောင်းကို ပြောနေစဉ် ကုဆုန်းယင့်မှာ ရွှီနင်မဟုတ်ဘဲ သူကိုယ်တိုင်ပင် မျိုးစေ့အမှတ်အသားအား ကိုင်ဆောင်ထားသည့်အလား အလွန်အမင်း စိတ်လှုပ်ရှားနေလေသည်။
“အို...”
ကုဆုန်းယင့်၏ စကားများကြောင့် ရွှီနင် အနည်းငယ် အံ့ဩသွားမိသည်။
ဝမ်ရှန့်ပြည်နယ်၏ ထိပ်တန်းဂိုဏ်းကြီးသည် အမှန်တကယ်ပင် ခေါင်းဆောင်အသစ် ပြောင်းလဲတော့မည်ဖြစ်သည်။
ထို့အပြင် ဤပုတီးစေ့အမည်းလေးနှင့်အတူ သူသည် ထိုရာထူးအတွက် ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီနေပေသည်။
ထိုအချက်က ရွှီနင်အား အံ့အားသင့်စေခဲ့သည်။
“ညီလေးရွှီ... ပင်လယ်နီမိစ္ဆာဂိုဏ်းကို ဝင်လိုက်ပါကွာ။”
ကုဆုန်းယင့်၏ မျက်လုံးများထဲတွင် ပြင်းပြသော ဆန္ဒများ အပြည့်အဝ ရှိနေလေသည်။
ကုဆုန်းယင့် ဤမျှ အားတက်သရော ဖြစ်နေရခြင်းမှာ ဤသည်က သူ၏ဘဝကို အဖတ်ဆယ်ရန်အတွက် အလွန်ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်နိုင်သည်ဟု ခံစားရသောကြောင့်ပင်။
ရွှီနင်၏ ခွန်အားနှင့် ပါရမီအား သူ
သိရှိထားလေသည်။
အမြုတေသန့်စင်ခြင်းနယ်ပယ် အဆင့်ရှိ တာအိုနယ်ပယ်သိုင်းပညာရှင်တစ်ဦးမှ မူလသိုင်းနည်းစနစ် တတ်မြောက်ထားသော တာအိုနယ်ပယ်သိုင်းပညာရှင်အား အနိုင်ယူနိုင်ခြင်းမှာ အလွန်ရှားပါးသော ကိစ္စဖြစ်သည်။
ထို့အပြင် သူသည် မျိုးစေ့အမှတ်အသားလည်း ပိုင်ဆိုင်ထားသေးလေသည်။
ရွှီနင်၏ အခြေခံစွမ်းရည်များဖြင့် ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ဝင်ရောက်နိုင်ပါက အရင်းအမြစ် အမြောက်အမြားကို ရရှိပြီးနောက် ဆယ်နှစ်အတွင်း လျင်မြန်စွာ တိုးတက်လာနိုင်မည်ဟု ကုဆုန်းယင့် ယုံကြည်နေသည်။
ထိုအချိန်ကျလျှင် ရွှီနင်သည် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးအတွက် ဝါရင့်မျိုးစေ့များနှင့်ပင် ယှဉ်ပြိုင်ရန် အရည်အချင်း ပြည့်မီလာပေလိမ့်မည်။
ဤသို့ဖြစ်နိုင်ချေမှာ ဆယ်ရာခိုင်နှုန်းပင် မပြည့်သော်လည်း တစ်ကြိမ်အောင်မြင်သွားသည်နှင့် ပင်လယ်နီမိစ္ဆာဂိုဏ်းတွင်းရှိ ရွှီနင်၏ ပထမဆုံးသော နောက်လိုက်တစ်ဦးအနေဖြင့် ကုဆုန်းယင့်သည် ကြီးမားသော အကျိုးအမြတ်များကို သေချာပေါက် ရရှိလာမည် ဖြစ်သည်။
ထို့အပြင် ရွှီနင်သည် ဂိုဏ်းချုပ်မဖြစ်လာနိုင်လျှင်ပင် ဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်လာနိုင်ချေမှာ ငါးဆယ်ရာခိုင်နှုန်း ရှိနေသေးလေသည်။
ဤရလဒ်လောက်ဖြင့်ပင် သူသည် ပင်လယ်နီမိစ္ဆာဂိုဏ်းမှ အကြီးအကဲတစ်ဦး၏ ယုံကြည်ရသော လက်ထောက်တစ်ဦး ဖြစ်လာပေလိမ့်မည်။
ကုဆုန်းယင့်သည် သူ၏ပါရမီဖြင့် သိုင်းပညာလမ်းကြောင်းမှာ အဆုံးသတ်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း ကောင်းကောင်း သိထားလေသည်။
တာအိုနယ်ပယ် အဆင့်မြင့်ပိုင်းသို့ ချိုးဖျက်တက်ရောက်နိုင်မည့် အခွင့်အရေးမှာ လုံးဝမရှိသလောက်ပင်။
ထို့ကြောင့် ပင်လယ်နီမိစ္ဆာဂိုဏ်းရှိ သူ၏ရာထူးမှာ ပြင်ပဂိုဏ်းတာဝန်ခံအဖြစ်သာ အသေဖြစ်နေပြီး ရှေ့ဆက်တိုးတက်ရန် ခက်ခဲနေလေသည်။
ရွှီနင်၏ နောက်သို့လိုက်ကာ မျက်မှောက်ရှိ အခွင့်အရေးအား ဆုပ်ကိုင်ထားနိုင်မှသာ သူ၏ရာထူးအဆင့်အတန်း တိုးတက်လာမည့် ဖြစ်နိုင်ချေကို ဆက်လက်အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။
“အစ်ကိုကု...”
ရွှီနင် အချိန်အတော်ကြာ စဉ်းစားခန်း ဝင်နေလိုက်သည်။
“ကုချင်းစီရင်စုမှာ ကျွန်တော်က ဂိုဏ်းတစ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်တဲ့အပြင် ယဲ့ဘုရင်ခံအိမ်တော်ရဲ့ ပထမတန်းစား ဧည့်သည်တော်လည်း ဖြစ်နေတယ်။ ကျွန်တော့်ရဲ့ ရှုပ်ထွေးတဲ့ နောက်ခံရာဇဝင်နဲ့ဆိုရင် ပင်လယ်နီမိစ္ဆာဂိုဏ်းကို ဝင်ဖို့က မသင့်တော်ဘူး မဟုတ်လား။”
ရွှီနင်သည် ကုဆုန်းယင့်၏ အကြံပြုချက်ကို စိတ်မဝင်စားသေးပေ။
ကုဆုန်းယင့်မှာ အနည်းငယ် စိုးရိမ်သွားပုံရသည်။
“ဘာလို့ မသင့်တော်ရမှာလဲ။”
“ညီလေးရွှီ... မင်းမသိသေးလို့ပါ။ သွမ့်တော်ဝင်မိသားစုထဲမှာကိုက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ တပည့်အဆင့်အတန်းကို ရထားတဲ့သူတွေ အများကြီးရှိတယ်။ လက်ရှိ မင်းသားတွေ၊ မင်းသမီးတွေ အားလုံးက ပင်လယ်နီမိစ္ဆာဂိုဏ်းထဲမှာချည်းပဲ။”
“ဟင်...”
ရွှီနင် အနည်းငယ် အံ့အားသင့်သွားသည်။
“သွမ့်တော်ဝင်မိသားစုရဲ့ တပည့်တွေပါ ပင်လယ်နီမိစ္ဆာဂိုဏ်းမှာ ရှိတယ် ဟုတ်လား။”
သွမ့်တော်ဝင်မိသားစုသည် ပင်လယ်နီမိစ္ဆာဂိုဏ်းနှင့် အတော်လေး နီးကပ်သော ဆက်ဆံရေးရှိကြောင်း ကောလာဟလများ ရှိသော်လည်း ဤမျှအထိ နီးကပ်လိမ့်မည်ဟု ရွှီနင် ထင်မထားခဲ့ပေ။
“ဟုတ်တယ်...”
ကုဆုန်းယင့် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
“ဒါ့အပြင် လက်ရှိ တတိယမင်းသားနဲ့ အဋ္ဌမမင်းသမီးတို့ နှစ်ယောက်လုံးက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ မျိုးစေ့အမှတ်အသားတွေကို ပိုင်ဆိုင်ထားကြပြီး မျိုးစေ့အဆင့်အတန်းတွေလည်း ရှိကြတယ်ကွ။”
“ဒီလိုကိုး...”
ဤအချက်က ရွှီနင်ကို ဆွဲဆောင်သွားလေသည်။
သွမ့်တော်ဝင်မိသားစုမှ မင်းသားများ၊ မင်းသမီးများပင်လျှင် ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ဝင်ရောက်လိုကြလေသည်။
ဆိုလိုသည်မှာ ပင်လယ်နီမိစ္ဆာဂိုဏ်းမှ သူတို့ရရှိသော အကျိုးကျေးဇူးများသည် တော်ဝင်အဆင့်အတန်းမှ ရရှိသော အကျိုးကျေးဇူးများထက် မလျော့နည်းကြောင်း ထင်ရှားပေသည်။
“ဘယ်လိုသဘောရလဲ ညီလေးရွှီ။”
ကုဆုန်းယင့်က မျှော်လင့်တကြီး ထပ်မေးလိုက်သည်။
“ကျွန်တော် နောက်မှပဲ ဆုံးဖြတ်တော့မယ်။”
ရွှီနင် ချက်ချင်း ဆုံးဖြတ်ချက် မချခဲ့ပေ။
“ကုချင်းစီရင်စုကို ပြန်သွားပြီး ယဲ့မင်းသားနဲ့ အရင်တိုင်ပင်ကြည့်ရဦးမယ်။”
ကုဆုန်းယင့်၏ ရှင်းပြချက်များက ရွှီနင်ကို စိတ်ပါဝင်စားစေခဲ့သည်။
သို့သော် ထိုသို့မဆုံးဖြတ်မီ ရွှီနင်သည် သွမ့်ချောင်ဖုန်းထံသို့ သွားရောက်တွေ့ဆုံသင့်သည်ဟု ခံစားမိနေဆဲပင်။
သွမ့်ချောင်ဖုန်းမှာ သွမ့်တော်ဝင်မိသားစုဝင် တစ်ဦးဖြစ်သဖြင့် ပင်လယ်နီမိစ္ဆာဂိုဏ်းအကြောင်းအား သူ့ထက် ပိုသိထားမည်မှာ သေချာပေသည်။
“ဒါကတော့...”
ကုဆုန်းယင့်အနေဖြင့် ရွှီနင်အား ဆက်လက် ဖျောင်းဖျ၍ မရတော့မှန်း သိလိုက်သည်။
ထိုသို့မဟုတ်ဘဲ အလောတကြီး လုပ်မိပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်ပေသည်။
“ကောင်းပါပြီ။”
ကုဆုန်းယင့်က ပြောလိုက်သည်။
“ဒီလိုဆိုရင် မင်း ဆုံးဖြတ်ချက်ချပြီးတာနဲ့ ငါ့ဆီကို ချက်ချင်းလာပြောလို့ရတယ်။ မင်းကို ပင်လယ်နီမိစ္ဆာဂိုဏ်းဆီ ငါကိုယ်တိုင် ခေါ်သွားပေးမယ်။”
“ဟုတ်ကဲ့ပါ။”
ရွှီနင်က ပြန်ဖြေလိုက်သည်။
၎င်းက ကုဆုန်းယင့်ကို အနည်းငယ် ဝမ်းသာသွားစေခဲ့သည်။
သူ၏ ယခင်က ကြင်နာမှုများနှင့် ဖျောင်းဖျမှုများမှာ အလုပ်ဖြစ်သွားခဲ့ပြီဖြစ်သည်။
“ငါက ဂိုဏ်းကနေ ဖုန်းလင်ပြည်နယ်ကို စေလွှတ်ခံထားရတာ။ မင်း ဆုံးဖြတ်ချက်ချပြီးရင် အချိန်မရွေး လာပြောလို့ရတယ်။”
ထို့နောက် ကုဆုန်းယင့်သည် ရွှီနင်အား သူ၏လိပ်စာကို ပေးလိုက်သည်။
ရွှီနင်မှ ကုဆုန်းယင့်အား အသေးစိတ် ထပ်မံမေးမြန်းပြီးနောက် နှစ်ဦးသား စကားစမြည်ပြောဆိုခြင်းကို အဆုံးသတ်လိုက်ပြီး ယွမ်ရှန်းဂိုဏ်းသို့ အတူတကွ ပြန်လာခဲ့ကြလေသည်။
“တင်းပိုင်... သွားကြစို့။”
ကုဆုန်းယင့် ယွမ်ရှန်းဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် တင်းပိုင်ကို လှမ်းခေါ်လိုက်သည်။
တင်းပိုင်သည် ကုဆုန်းယင့်၏ အနောက်သို့ အမြန်လိုက်သွားလေသည်။
“ညီလေးရွှီ... အစ်ကို အရင်သွားတော့မယ်။ မင်းရဲ့ သတင်းကို စောင့်နေမယ်နော်။”
ကုဆုန်းယင့်က ရွှီနင်အား ဦးစွာ အရိုအသေပေးလိုက်လေသည်။
ဤအပြုအမူက တင်းပိုင်၊ ရှင်းအန်းတောက်၊ ထန်ယွင်ခုံး၊ ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့အား မှင်တက်သွားစေခဲ့သည်။
လွန်ခဲ့သော တစ်နာရီခန့်က ကုဆုန်းယင့်သည် တင်းပိုင်နှင့်အတူ ရောက်ရှိလာစဉ် ရန်လိုမှုများ ပြည့်နှက်နေခဲ့သည်။
သို့သော် စကားပြောဆိုပြီးနောက် သူသည် အလွန်အမင်း နှိမ့်ချသွားသဖြင့် ထိုနေရာရှိ လူများမှာ မတုံ့ပြန်နိုင်အောင် ဖြစ်သွားကြရသည်။
“အစ်ကိုကြီး...”
တင်းပိုင်သည် ကုဆုန်းယင့်အား သံသယဖြစ်ဖွယ် အကြည့်ဖြင့် ကြည့်လိုက်သည်။ သို့ရာတွင် ကုဆုန်းယင့်မှ သူ့အား ခြိမ်းခြောက်သောအကြည့်ဖြင့် ပြန်ကြည့်လိုက်လေသည်။
ထိုအခြေအနေကို မြင်သောအခါ တင်းပိုင် ထိတ်လန့်သွားပြီး ရွှီနင်အား လိုက်လံအရိုအသေပေးလိုက်တော့သည်။
ထို့နောက် ကုဆုန်းယင့်သည် တင်းပိုင်နှင့်အတူ ထွက်ခွာသွားလေသည်။
“ရွှီနင်... ဘာတွေဖြစ်ကုန်တာလဲ။”
ကုဆုန်းယင့်နှင့် တင်းပိုင်တို့ ထွက်သွားသည်နှင့် ရှင်းအန်းတောက်တစ်ယောက် အလျင်အမြန် ရှေ့တိုးလာကာ မေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူးဗျာ...”
ရွှီနင်က ပြုံးလိုက်ရုံသာ ပြုံးပြပြီး အဖြေမပေးခဲ့ပေ။
လောလောဆယ်တွင် ဤသတင်းကို မပျံ့နှံ့စေခြင်းက ပိုကောင်းပေလိမ့်မည်။
ရွှီနင် တိုက်ရိုက်အဖြေမပေးသည်ကို မြင်သောအခါ ရှင်းအန်းတောက်နှင့် အခြားသူများမှာ ပြန်ဖြေရန် အဆင်မပြေမှန်း သိလိုက်သဖြင့် ဆက်မမေးကြတော့ချေ။
ထို့နောက် သူတို့အဖွဲ့သည် ယွမ်ရှန်းဂိုဏ်းသို့ ပြန်လာခဲ့ကြသည်။
အခြားတစ်ဖက်တွင်မူ တင်းပိုင်သည် နောက်ဆုံး၌ မနေနိုင်တော့ဘဲ သူ၏ ဝမ်းကွဲအစ်ကို ကုဆုန်းယင့်အား မေးလိုက်တော့သည်။
“အစ်ကိုကြီး... အစ်ကိုက ရွှီနင့်အပေါ် အရမ်း ယဉ်ကျေးလွန်းမနေဘူးလား။”
တင်းပိုင်က အနည်းငယ် မကျေမနပ် ဖြစ်နေသည်။
“သူက အစ်ကို့ထက် နည်းနည်းလေး ပိုသာနေတယ်ဆိုရင်တောင် အစ်ကိုက ဒီလိုကြီး လုပ်ပြနေစရာ မလိုပါဘူး... အစ်ကိုက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းတာဝန်ခံ တစ်ယောက်လေ...”
“မင်းက ဘာသိလို့လဲ။”
ကုဆုန်းယင့်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။
“ရွှီနင်က မင်းထင်သလောက် မရိုးရှင်းဘူးကွ။”
“ဂိုဏ်းတွင်းမှာရှိတဲ့ ငါ့ရဲ့ရာထူးက ဆက်ပြီးတက်ဖို့ ခက်ခဲနေပြီ။ ရွှီနင်က ငါ့အခြေအနေကို ပြောင်းလဲပေးနိုင်တဲ့ တစ်ဦးတည်းသောသူပဲ။”
ကုဆုန်းယင့် စကားပြောအပြီးတွင် တင်းပိုင်မှာ မှင်တက်သွားတော့သည်။
“အစ်ကိုကြီး... အဲဒါက ဘာအဓိပ္ပာယ်လဲ။”
တင်းပိုင်က မေးလိုက်သည်။
ကုဆုန်းယင့် မဲ့ပြုံးပြုံးလိုက်သည်။
“အခုလောလောဆယ် မင်း အများကြီး သိထားဖို့ မလိုသေးဘူး။ နောင်ကျရင် ယွမ်ရှန်းဂိုဏ်းအပေါ် ပိုပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံဖို့ပဲ မှတ်ထားလိုက်။ ယွမ်ရှန်းဂိုဏ်းက အကူအညီလိုရင် မင်း ကူညီပေးရမယ်။ ငါတို့က ရွှီနင် မျက်နှာသာပေးတာကို ရအောင်ယူရမယ်ကွ။”
“ဟုတ်ကဲ့ပါ...”
သူသည် မကျေမနပ်ဖြစ်နေသော်လည်း တင်းပိုင်မှာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သဘောတူလိုက်ရလေတော့သည်။
အခန်း (၂၈၆) - ယဲ့ဘုရင်ခံအသစ် သွမ့်ချောင်ဖုန်း
ရွှီနင်၊ ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့သည် ယွမ်ရှန်းဂိုဏ်း၌ လဝက်ခန့် နေထိုင်ခဲ့ကြသည်။
ဤကာလအတွင်း တင်းပိုင်သည် ယွမ်ရှန်းဂိုဏ်းသို့ တစ်ဦးတည်း ထပ်မံရောက်ရှိလာခဲ့သည်။
သူသည် ရှင်းအန်းတောက်ကို ရှာဖွေကာ ဖော်ဖော်ရွေရွေ ဆက်ဆံခဲ့လေသည်။
တင်းပိုင် ဤသို့ပြုမူခြင်းမှာ ရွှီနင်ကြောင့် ဖြစ်ရမည်ဟု ရှင်းအန်းတောက် ကောင်းစွာ သိထားပေသည်။
ဤသည်ကို တွေးတောရင်း ရှင်းအန်းတောက်မှာ ရွှီနင်အပေါ် ကျေးဇူးတင်ရှိနေမိတော့သည်။
ရွှီနင် ရောက်ရှိလာခြင်းသည် ယွမ်ရှန်းဂိုဏ်း၏ အကြပ်အတည်းကို ပြောင်းလဲပေးနိုင်ခဲ့သည်သာမက ဂိုဏ်းအား ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာစေရန်လည်း ကူညီပေးနိုင်ခဲ့သည်။
လဝက်ခန့် ကြာပြီးနောက်တွင် ရွှီနင်နှင့် အခြားနှစ်ဦးတို့မှာ ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြလေသည်။
သူတို့ ဤနေရာသို့ လာရခြင်း၏ မူလရည်ရွယ်ချက်မှာ ချောက်နက်ကြီးမြောက်ပိုင်းရှိ မိတ်ဆွေဟောင်းများ၏ အခြေအနေအား လာရောက်ကြည့်ရှုရန်ဖြစ်လေသည်။
ယခုအခါ အရာအားလုံးမှာ ဘေးကင်းသွားပြီဖြစ်ရာ ဆက်လက်နေထိုင်ရန် မလိုအပ်တော့ချေ။ ထို့နောက်တွင် သူတို့သုံးဦးသည် ယန့်လုဂိုဏ်းသို့ ပြန်လာခဲ့ကြသည်။
ဤတစ်ကြိမ်တွင် ဟယ့်မင်ယဲ့နှင့် စစ်ယင်တို့မှာ ယန့်လုဂိုဏ်း၏ အလားအလာရှိသော အကြီးအကဲလောင်းများအဖြစ် တရားဝင် သတ်မှတ်ခံခဲ့ရချေပြီ။
ယန့်လုဂိုဏ်း၌ ရက်အနည်းငယ် နေထိုင်ပြီးနောက် ရွှီနင်သည် ယဲ့ဘုရင်ခံအိမ်တော်သို့ ထွက်ခွာခဲ့သည်။
ပင်လယ်ရပ်ခြားမှ ပြန်လာစဉ်တွင် ဂိုဏ်းကိစ္စများ စီစဉ်ပြီးပါက ယဲ့ဘုရင်ခံအိမ်တော်သို့ လာရောက်မည်ဟု သွမ့်ချောင်ဖုန်းအား ရွှီနင် ကတိပေးခဲ့ဖူးခြင်းကြောင့် ဤခရီးကို ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။
…
ယဲ့ဘုရင်ခံအိမ်တော်…
“ရွှီနင်... မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ”
ရွှီနင် ယဲ့ဘုရင်ခံအိမ်တော်သို့ ရောက်ရှိလာသောအခါ ကျန်းဟယ်က သူ့ကို လာရောက်ကြိုဆိုလေသည်။
ကျန်းဟယ်မှာ ရွှီနင်ကို မြင်လိုက်ရသဖြင့် အမှန်တကယ် ဝမ်းသာနေမိသည်။
ယခင် ပင်လယ်ရပ်ခြား ခရီးစဉ်အတွင်း ကျန်းဟယ်နှင့် ရွှီနင်တို့မှာ အလွန် ရင်းနှီးသွားခဲ့လေသည်။
“အစ်ကိုကျန်း... မတွေ့တာ ကြာပေမဲ့ အစ်ကို့ရဲ့ ကျင့်စဉ်အဆင့်က ထပ်တိုးလာပြန်ပြီနော်...”
ရွှီနင်က ပြုံးလျက် ပြောလိုက်သည်။
ကျန်းဟယ်က ရယ်မောကာ ပြောလိုက်သည်။
“ငါ နည်းနည်းတော့ တိုးတက်လာတာ အမှန်ပါပဲ”
“ပင်လယ်ရပ်ခြားမှာ သေရေးရှင်ရေး အခြေအနေကို ကြုံတွေ့ပြီးတဲ့နောက် သိုင်းပညာကျင့်ကြံမှုအပေါ် အမြင်သစ်တွေ ရလာခဲ့တယ်လေ။ တစ်လကျော်လောက် ကျင့်ကြံပြီးတဲ့နောက်မှာ တာအိုနယ်ပယ် ခုနစ်ဆင့်မြောက် အတားအဆီးကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်လို့ ခံစားရတယ်။ အရင်ကဆိုရင် ဒါကို ချိုးဖျက်ဖို့ ဆယ်စုနှစ်နဲ့ချီ ကြာမယ်လို့ ထင်ထားတာ၊ အခုတော့ သုံးနှစ်တောင် မလိုတော့ဘူး”
ဤသို့ပြောနေစဉ် ကျန်းဟယ်၏ လေသံမှာ အနည်းငယ် ဂုဏ်ယူနေသည့်ဟန် ပေါက်နေလေသည်။
သူ၏ ပါရမီမှာ ရွှီနင်နှင့် မယှဉ်နိုင်မှန်း ကျန်းဟယ် သိထားသော်လည်း ဤမျှ တိုးတက်မှုအရှိန်ကို သူ ကျေနပ်နေပြီ ဖြစ်သည်။
“ကြိုတင်ပြီး ဂုဏ်ပြုပါတယ် အစ်ကိုကျန်း”
ရွှီနင်သည်လည်း ကျန်းဟယ်အတွက် ဝမ်းသာပေးလိုက်သည်။
“လာ... မင်းကို သခင်လေးဆီ ခေါ်သွားပေးမယ်”
ကျန်းဟယ်က ရွှီနင်အား လမ်းပြရင်း ပြောလိုက်သည်။
“ဒါနဲ့... စီနီယာတုန်ကျိက အဲဒီညသားရဲကို ဖမ်းဖို့ ပင်လယ်ထဲကို ထပ်ထွက်သွားပြန်ပြီ”
“ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ စီနီယာတုန်ကျိအပြင် တာအိုနယ်ပယ် အဆင့်မြင့် သခင်ကြီး သုံးယောက်နဲ့ သခင်လေးရဲ့ လက်ရုံးတွေဖြစ်တဲ့ ထူးချွန်တဲ့ သိုင်းပညာရှင် အများအပြားလည်း ပါသွားကြတယ်။ အဲဒီ အဆင့်မြင့် တာအိုနယ်ပယ် သခင်ကြီးတွေထဲမှာ ကျောဝေစုန်းရဲ့အဖေ ကျောချန်ယွင်လည်းပါတယ်”
သွမ့်ချောင်ဖုန်း၏ ယုံကြည်ရသူတစ်ဦးဖြစ်သော ကျောဝေစုန်းသည် ရွှီနင်နှင့် အငြိုးအတေးရှိခဲ့သူ ဖြစ်သည်။
သူ နောက်ဆုံး ပင်လယ်ထဲ ထွက်သွားစဉ်တွင် ညသားရဲကြောင့် ပြန်မလာနိုင်ခဲ့ဘဲ ယခုအချိန်ထိ အသက်ရှင်မရှင်အား မည်သူမျှ မသိကြချေ။
‘ဒါဆို ယဲ့ဘုရင်ခံရဲ့ လက်အောက်ငယ်သားတွေ ကိုယ်တိုင် အရေးယူဆောင်ရွက်နေကြတာပေါ့...’
ရွှီနင် တွေးလိုက်မိသည်။
အထွတ်အထိပ် မိစ္ဆာသားရဲတစ်ကောင်၏ ဆွဲဆောင်မှုမှာ အတော်လေး ကြီးမားလှပေသည်။
“ဒါနဲ့ ရွှီနင်... မင်းကို ကြိုပြောထားစရာ တစ်ခုရှိသေးတယ်...”
ဤတစ်ကြိမ်တွင် ကျန်းဟယ်မှ ရွှီနင်အား လျှို့ဝှက်အသံပို့စနစ်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
“ဘာကိစ္စလဲ”
ကျန်းဟယ်သည် သူ့အား လျှို့ဝှက်ချက်တစ်ခုခု ပြောပြချင်နေမှန်း ရွှီနင် ရိပ်မိလိုက်သည်။
“ဘုရင်ခံကြီးက သခင်လေးကို ဘုရင်ခံရာထူး လွှဲပေးဖို့ ပြင်နေတာ ဖြစ်နိုင်တယ်”
ကျန်းဟယ်၏ ရိုးရှင်းသော စကားလုံးများက ရွှီနင်ကို တုန်လှုပ်သွားစေသည်။
ကျန်းဟယ် ပြောသည်မှာ အမှန်ဆိုလျှင် သွမ့်ချောင်ဖုန်းသည် ယဲ့ဘုရင်ခံအသစ် ဖြစ်လာတော့မည် ဖြစ်သည်။
“ဘယ်အချိန်လောက်လဲ”
ရွှီနင် မေးလိုက်သည်။
“နောက်တစ်လ ဒါမှမဟုတ် နှစ်လအတွင်း ဖြစ်နိုင်တယ်”
ကျန်းဟယ်က ပြန်ဖြေလေသည်။
“အခု ဘုရင်ခံကြီးက တာအိုနယ်ပယ် ရှစ်ဆင့်မြောက်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဆိုတော့ တာအိုနယ်ပယ် ကိုးဆင့်မြောက်ကို အချိန်မရွေး ချိုးဖျက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ သခင်လေးကို ရာထူးလွှဲပေးပြီးရင် ဘုရင်ခံကြီးက သွမ့်တော်ဝင်မိသားစုရဲ့ တားမြစ်နယ်မြေမှာ အဆင့်တက်နိုင်ဖို့အတွက် မြို့တော်ကို သွားလိမ့်မယ်”
“ဒါဆို အဲဒီလိုကိုး...”
ရွှီနင် တွေးတောနေသည့်ဟန် ပေါက်သွားသည်။
သူနှင့် ကျန်းဟယ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ နှစ်ဦးလုံးမှာ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို မြင်နေရသဖြင့် ခပ်ယဲ့ယဲ့ ပြုံးလိုက်ကြသည်။
သူတို့နှစ်ဦးမှာ သွမ့်ချောင်ဖုန်း အလေးအထားဆုံး လူများဖြစ်ကြလေသည်။
သွမ့်ချောင်ဖုန်းတစ်ယောက် ယဲ့ဘုရင်ခံ ဖြစ်လာသည်နှင့် သူတို့၏ အဆင့်အတန်းမှာလည်း မြင့်တက်လာပေလိမ့်မည်။ ထိုအခါ ကုချင်းစီရင်စုတွင် သူတို့မှာ နာမည်ကြီး ပုဂ္ဂိုလ်များ ဖြစ်လာကြပေတော့မည်။
ထို့အပြင် ကျန်းဟယ်၏ နောက်ကွယ်မှ မိသားစုနှင့် ရွှီနင်၏ နောက်ကွယ်မှ ယန့်လုဂိုဏ်းတို့မှာလည်း အကျိုးကျေးဇူးများစွာ ရရှိကြပေလိမ့်မည်။
“ဒါကို စိတ်ထဲမှာပဲ ထားပါ၊ တခြားသူကို မပြောနဲ့ဦးနော်”
ကျန်းဟယ်က သတိပေးလိုက်သည်။
ဤအကြောင်းကို လူအနည်းငယ်သာ သိကြခြင်း ဖြစ်ပေသည်။
ကျန်းဟယ်မှ ရွှီနင်နှင့် သူ၏ ရင်းနှီးမှုကြောင့်လည်းကောင်း၊ သွမ့်ချောင်ဖုန်း၏ စိတ်ထဲတွင် ရွှီနင်၏ အဆင့်အတန်းကြောင့်လည်းကောင်း ရွှီနင်အား ကြိုတင်ပြောပြခဲ့ခြင်းဖြစ်သည်။
“နားလည်ပါပြီ အစ်ကိုကျန်း”
ရွှီနင် ပြန်ဖြေလိုက်သည်။
ထို့နောက် ကျန်းဟယ်သည် ရွှီနင်အား သွမ့်ချောင်ဖုန်း၏ စာကြည့်ခန်းသို့ ခေါ်ဆောင်သွားလေသည်။
သွမ့်ချောင်ဖုန်းကို ထပ်မံတွေ့ရသောအခါ သူသည် အမြုတေသန့်စင်ခြင်းနယ်ပယ်မှ အမြုတေပြောင်းလဲခြင်းနယ်ပယ်သို့ အဆင့်တက်သွားပြီဖြစ်ကြောင်း ရွှီနင် သတိထားမိလိုက်သည်။ သူ၏ စရိုက်မှာလည်း အနည်းငယ် ပြောင်းလဲသွားလေသည်။
ဤအပြောင်းအလဲမှာ အင်အားတိုးလာခြင်းကြောင့်သာ မဟုတ်ဘဲ ရာထူးဆက်ခံရန် နီးကပ်လာခြင်းနှင့်လည်း သက်ဆိုင်လိမ့်မည်ဟု ရွှီနင် ခန့်မှန်းလိုက်သည်။
“အမြုတေပြောင်းလဲခြင်းနယ်ပယ်ကို အဆင့်တက်နိုင်ခဲ့တဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်”
ရွှီနင်က သွမ့်ချောင်ဖုန်းကို တွေ့သည်နှင့် ဦးစွာ ဂုဏ်ပြုစကား ဆိုလိုက်သည်။
“ရွှီနင်... မင်း ရောက်လာပြီပဲ”
ရွှီနင်ကို မြင်လိုက်ရသောအခါ သွမ့်ချောင်ဖုန်း ပြုံးလိုက်သည်။
“အားလုံး ထွက်သွားကြ”
သွမ့်ချောင်ဖုန်းသည် သူ့အား ခစားနေသော အစေခံမလေးများကို ထွက်သွားခိုင်းလိုက်သည်။
“ယန့်လုဂိုဏ်းရဲ့ အခြေအနေ ဘယ်လိုရှိလဲ”
သွမ့်ချောင်ဖုန်းက ရွှီနင်ကို မေးလိုက်သည်။
“ဒါတွေအားလုံးက သခင်လေးရဲ့ ကျေးဇူးတွေပါပဲ။ ယဲ့ဘုရင်ခံအိမ်တော်ရဲ့ ဂုဏ်သတင်းကို အမှီပြုပြီး ယန့်လုဂိုဏ်းက အရင်ကထက် ပိုသန်မာလာပါတယ်။ ဂိုဏ်းထဲက အလယ်အလတ်အဆင့် တပည့်တွေရဲ့ အင်အားက နည်းနည်းလိုနေတာကလွဲရင် ကျန်တဲ့အပိုင်းတွေမှာတော့ တိုးတက်မှု ကောင်းပါတယ်။ အထူးသဖြင့် ယဲ့ဘုရင်ခံအိမ်တော်က ဖွင့်ပေးထားတဲ့ သိုင်းပညာအရင်းအမြစ် ကုန်သွယ်ရေး လမ်းကြောင်းတွေကြောင့် အခုဆိုရင် ယန့်လုဂိုဏ်းက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်နေပါပြီ”
“ဒါဆိုရင် ကောင်းတာပေါ့”
သွမ့်ချောင်ဖုန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“လွန်ခဲ့တဲ့ တစ်လလောက်က မော့လန်က အိမ်တော်ကို လူလွှတ်လိုက်တယ်။ သူက ငါတို့ကို ကျေးဇူးတင်စကား ပြောရုံတင်မကဘဲ လက်ဆောင်တွေ အများကြီးလည်း ပေးပို့ခဲ့သေးတယ်”
“ဪ...”
ရွှီနင် မျက်ခုံးပင့်သွားမိသည်။
သွမ့်ချောင်ဖုန်းနှင့် မော့လန်တို့မှာ ဆက်ဆံရေး မကောင်းသော်လည်း ပင်လယ်ခရီးစဉ်အတွင်း အန္တရာယ်တစ်ခုတည်းကို အတူတူ ဖြတ်ကျော်ခဲ့ကြခြင်းကြောင့် နှစ်ဖက်ကြားရှိ ပဋိပက္ခမှာ လျော့ကျသွားခဲ့လေသည်။
မော့လန်မှ သူမ၏ စေတနာအား ပြသရန်အတွက် လူလွှတ်ခဲ့ခြင်းမှာ ထင်ရှားလှပေသည်။
“မော့လန်က မင်းကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ချင်နေတာ။ ဒီလက်ဆောင်က မင်းအတွက် အထူးပြင်ဆင်ထားတာတဲ့”
သွမ့်ချောင်ဖုန်းက သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူလိုက်သည်။
“ယန့်လုဂိုဏ်းနဲ့ မော့လန်ကြားမှာ သွယ်ဝိုက်ပြီး အငြိုးအတေးတွေ ရှိခဲ့ပေမဲ့ သူပေးတဲ့အရာကို မယူဘဲထားရင် နှမြောစရာပဲ”
သွမ့်ချောင်ဖုန်းက သိုလှောင်မှုလက်စွပ်ကို ရွှီနင်ထံ ပစ်ပေးလိုက်သည်။ ရွှီနင်က ၎င်းကို ဖမ်းယူကာ စစ်ဆေးကြည့်လိုက်သည်။
‘သိုလှောင်နိုင်တဲ့ နေရာက တော်တော်ကျယ်တာပဲ...’
၎င်းသည် ရွှီနင်၏ ပထမဆုံး အတွေးပင် ဖြစ်သည်။
ဤလက်စွပ်အတွင်းရှိ နေရာလွတ်မှာ လကွယ်ပုတီးစေ့၏ သုံးပုံတစ်ပုံခန့် ရှိပေသည်။
ဤသိုလှောင်မှုလက်စွပ်၏ တန်ဖိုးမှာ အလွန်ပင် မြင့်မားလှသည်။
နောက်ဆုံးတွင် လူတိုင်း၌ ဟင်းလင်းပြင်ရတနာ မရှိကြပေ။
ရွှီနင်သည် ဤလက်စွပ်ကို ချန်ကျန်းထောင်းတို့ထံ ပေးနိုင်ပေသည်။ ထိုသို့ဆိုလျှင် ဂိုဏ်း၏ အရင်းအမြစ်များကို သိုလှောင်ရန် ပိုမိုလွယ်ကူသွားပေလိမ့်မည်။
‘ဒီအရင်းအမြစ်တွေကတော့...’
သိုလှောင်လက်စွပ်၏ ကျယ်ဝန်းမှုကို အံ့သြပြီးနောက် ရွှီနင်သည် အတွင်းရှိ များပြားလှသော အရင်းအမြစ်များကို မြင်လိုက်ရလေသည်။
ဤလက်စွပ်ထဲတွင် ဆေးလုံးများ၊ ဝိညာဉ်ဆေးပင်များ၊ တာအိုလက်နက်များနှင့် အချို့သော ထူးခြားသည့် ကိရိယာများ ရှိနေလေသည်။
ဤရတနာများဖြင့်ဆိုပါက ဂိုဏ်းအသင့်အတင့် တစ်ခုကို ချက်ချင်း တည်ထောင်နိုင်ပေသည်။
‘ဆေးလုံးတွေနဲ့ ဝိညာဉ်ဆေးပင်တွေရဲ့ စွမ်းအင်တန်ဖိုးက ခုနစ်သန်းထက် ကျော်လောက်တယ်...’
ရွှီနင် ခန့်မှန်းလိုက်သည်။
ရွှီနင်၏ လက်ဝယ်တွင် စွမ်းအင် တစ်သန်းရှိနေပြီး ၎င်းနှင့်ပေါင်းလိုက်လျှင် စွမ်းအင် ရှစ်သန်းကျော်ရရှိမည် ဖြစ်သည်။ ဤပမာဏမှာ အမြုတေဆင့်ကဲပြောင်းလဲခြင်းနယ်ပယ်သို့ တက်လှမ်းရန် လိုအပ်သော စွမ်းအင်၏ တစ်ဝက်ကျော်ပင် ဖြစ်ချေပြီ။
“မင်းသမီးမော့လန်က တော်တော် ရက်ရောတာပဲ...”
ရွှီနင်က ပြုံးလျက် လက်စွပ်ကို သိမ်းဆည်းလိုက်သည်။
“မော့လန်က မင်းကို စေတနာပြနေတာပဲ။ ပင်လယ်ရပ်ခြားမှာ မင်းရဲ့ အစွမ်းနဲ့ ပါရမီကို မြင်ပြီးတဲ့နောက် သူက မင်းကို အကောင်းမြင်လာခဲ့တာ။ သူက မအပါဘူး၊ မင်းရဲ့ အလားအလာက ဘယ်လောက်တောင် မြင့်မားလဲဆိုတာ သူ သေချာပေါက် မြင်နိုင်တာပေါ့။ သူက မင်းကို သူ့ဘက်ပါအောင် မဆွဲဆောင်ချင်ရင်တောင် မင်းတို့နှစ်ယောက်ကြားက အငြိုးတွေကို ဖြေဖျောက်ချင်တဲ့ ဆန္ဒတော့ ရှိနေတာအမှန်ပဲ”
ရွှီနင်သည်လည်း သွမ့်ချောင်ဖုန်း ပြောသည့်အရာအား သတိထားမိပြီးသား ဖြစ်သည်။
“ဒါပေမဲ့ သူနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် လုပ်၊ မလုပ်ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်၊ ငါကတော့ ဝင်မစွက်ဖက်ပါဘူး”
သွမ့်ချောင်ဖုန်းက ဆက်ပြောသည်။
“ဒါ့အပြင် မော့လန် နော့ဘုရင်ခံအိမ်တော်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ ဖုန်းဝူအိမ်တော်နဲ့ ချင်းဖုန်းဂိုဏ်းကို အတင်းအကျပ် ဖျောက်ပစ်ခဲ့တယ်။ အဓိက အကြောင်းရင်းကတော့ ချန်ယွီမော်နဲ့ လျန်ထင်အန်တို့ အသတ်ခံလိုက်ရလို့ ဖြစ်ပေမဲ့ မင်းကလည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်”
ရွှီနင်ကတော့ ဘာမှ ပြန်မပြောပေ။
သို့သော် သွမ့်ချောင်ဖုန်း ပြောသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ဖုန်းဝူအိမ်တော်နှင့် ချင်းဖုန်းဂိုဏ်းတို့ကို ဖျက်သိမ်းလိုက်ခြင်းမှာ ယန့်လုဂိုဏ်း၏ ရန်သူများကို အမြစ်ပြတ် သုတ်သင်ပေးလိုက်ခြင်းပင် ဖြစ်သည်။ သူမသည် ဤသို့ပြုမူခြင်းဖြင့် ရွှီနင်အပေါ် ထားရှိသော သဘောထားကို ပြသလိုက်ခြင်း ဖြစ်ပေသည်။
“နောက်တစ်ခု... ကျန်းဟယ် မင်းကို အဲဒီအကြောင်း ပြောပြပြီးပြီလား”
သွမ့်ချောင်ဖုန်း၏ မျက်လုံးများက နက်ရှိုင်းနေသည်။
ရွှီနင်မှာ သူ ဘာကို ဆိုလိုမှန်း ချက်ချင်း နားလည်လိုက်သည်။
သွမ့်ချောင်ဖုန်း ရည်ညွှန်းနေသည်မှာ သူသည် ယဲ့ဘုရင်ခံ ရာထူးကို ဆက်ခံတော့မည်ဟူသော အချက်ပင် ဖြစ်ပေသည်။
“ဟုတ်ကဲ့...”
ရွှီနင် ခေါင်းညိတ်လိုက်သည်။
“ငါ ယဲ့ဘုရင်ခံ ရာထူးကို ဆက်ခံပြီးရင် မင်းနဲ့ ကျန်းဟယ်ကို အရေးပါတဲ့ နေရာတွေမှာ ခန့်ထားမှာပါ”
သွမ့်ချောင်ဖုန်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“အဲဒီအချိန်ကျရင် မင်းက ယဲ့ဘုရင်ခံအိမ်တော်နဲ့ ယန့်လုဂိုဏ်းကြားကို မကြာခဏ သွားလာရလိမ့်မယ်၊ အဲဒါကို ကြိုပြီး ပြင်ဆင်ထားစေချင်တယ်”
“ကောင်းပါပြီ”
ရွှီနင် ခေါင်းညိတ်လိုက်သည်။
“သခင်လေး...”
စကားပြောဆိုပြီးနောက် ရွှီနင်က စတင်မေးမြန်းလိုက်သည်။
သူသည် ပင်လယ်နီမိစ္ဆာဂိုဏ်းနှင့် ပတ်သက်ပြီး သွမ့်ချောင်ဖုန်းကို ပြောပြချင်နေခြင်း ဖြစ်သည်။
“သခင်လေး... သခင်လေးက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ မျိုးစေ့တွေအကြောင်း သိပါသလား”
ရွှီနင် မေးလိုက်သည်။
“သိတာပေါ့”
သွမ့်ချောင်ဖုန်းသည်လည်း ဤအကြောင်းကို ကြားဖူးနားဝ ရှိသည်။
“ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ မျိုးစေ့တွေဆိုတာ သူတို့ဂိုဏ်းရဲ့ အဓိကကျတဲ့သူတွေပဲ။ သူတို့အားလုံးက ဂိုဏ်းချုပ်နေရာအတွက် ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့ ထိပ်တန်းတပည့်တွေပေါ့။ ဒဏ္ဍာရီတွေအရဆိုရင် အင်အားအကြီးဆုံး မျိုးစေ့တွေက တာအိုနယ်ပယ် ကိုးဆင့်မြောက် သခင်ကြီးတွေရဲ့ အင်အားမျိုး ရှိကြတယ်တဲ့”
“ပင်လယ်နီမိစ္ဆာဂိုဏ်းမှာ တပည့်ပေါင်း သောင်းနဲ့ချီ ရှိပေမဲ့ မျိုးစေ့အဆင့် တပည့်ကတော့ တစ်ရာကျော်ပဲ ရှိတယ်။ ဘယ်သူ့ကိုမှ လျှော့တွက်လို့မရဘူး။ လက်ရှိ တတိယမင်းသားနဲ့ ရှစ်ယောက်မြောက် မင်းသမီးတို့တောင် ပင်လယ်နီမိစ္ဆာဂိုဏ်းမှာ မျိုးစေ့အဆင့်ဝင်တွေပဲ”
“ဒါကို ဘာလို့ မေးတာလဲ”
သွမ့်ချောင်ဖုန်း အနည်းငယ် စပ်စုချင်သွားသည်။
“သခင်လေး... ကျွန်တော့်လက်ထဲမှာ ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ မျိုးစေ့တံဆိပ်ပြား ရှိနေလို့ပါ။ ကျွန်တော် ဆန္ဒရှိမယ်ဆိုရင် အချိန်မရွေး ပင်လယ်နီမိစ္ဆာဂိုဏ်းကို ဝင်ပြီး မျိုးစေ့အဆင့်အတန်းကို ရယူနိုင်ပါတယ်”
ရွှီနင် ပြောလိုက်သည်။
“ဘာ...”
သွမ့်ချောင်ဖုန်းနှင့် ကျန်းဟယ်တို့၏ မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားကြသည်။
သွမ့်ချောင်ဖုန်း ကိုယ်တိုင်ပင် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ အဓိကတပည့် ဖြစ်လာရန် အရည်အချင်း မပြည့်မီသေးချေ။
သူသာ ပင်လယ်နီမိစ္ဆာဂိုဏ်းသို့ ဝင်မည်ဆိုလျှင် အများဆုံး ထူးချွန်တပည့်အဆင့်သာ ရနိုင်မည်ဖြစ်ပြီး ၎င်းမှာပင် သူ၏ အဆင့်အတန်းကြောင့် ဖြစ်ပေလိမ့်မည်။
“မင်းက ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ မျိုးစေ့တံဆိပ်ပြားကို ဘယ်လိုရခဲ့တာလဲ”
သွမ့်ချောင်ဖုန်းက အလျင်အမြန် မေးလိုက်သည်။
ဘေးနားရှိ ကျန်းဟယ်သည်လည်း စိတ်ဝင်တစားဖြင့် ကြည့်နေလေသည်။
ရွှီနင်သည် သွမ့်ချောင်ဖုန်းအား တံဆိပ်ပြားရရှိခဲ့ပုံအဆင့်ဆင့်ကို ပြောပြလိုက်လေသည်။
ထို့နောက် ကုဆုန်းယင့်မှ သူ့အား ဖိတ်ခေါ်ခဲ့ကြောင်းကိုလည်း ထည့်ပြောလိုက်သည်။
“ဒါက...”
သွမ့်ချောင်ဖုန်းနှင့် ကျန်းဟယ်တို့ ကြားလိုက်ရသောအခါ သူတို့၏ မျက်နှာထားများမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေသည်။
ရွှီနင်မှာ ဤကဲ့သို့သော လျှို့ဝှက်ချက် ရှိနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
သွမ့်ချောင်ဖုန်းသည် ရွှီနင်၏ စွမ်းဆောင်ရည်များကို အထင်ကြီးထားပြီးသား ဖြစ်သော်လည်း ရွှီနင်က သူထင်ထားသည်ထက် ပို၍ပင် ထူးချွန်နေသေးသည်။
“မင်းက ဆေးဖော်စပ်တဲ့နေရာမှာ ဆရာတစ်ဆူမှန်း ငါသိပါတယ်၊ ဒါပေမဲ့ မင်းရဲ့ တာအိုနယ်ပယ် ဆေးဖော်စပ်နည်းစနစ်က ပင်လယ်နီဆေးကျမ်း ဖြစ်နေလိမ့်မယ်လို့တော့ ငါမထင်ထားခဲ့ဘူး”
သွမ့်ချောင်ဖုန်းမှာ တုန်လှုပ်နေဆဲပင်။ သူ၏ စိတ်မှာ ပုံမှန်အခြေအနေသို့ ပြန်မရောက်သေးသည်မှာ ထင်ရှားလှပေသည်။
သွမ့်ချောင်ဖုန်း၏ ရွှီနင်အပေါ် အမြင်မှာ ထပ်မံပြောင်းလဲသွားပြန်သည်။
အကယ်၍ ရွှီနင်သာ ပင်လယ်နီမိစ္ဆာဂိုဏ်း၏ မျိုးစေ့တစ်ခု တကယ်ဖြစ်လာခဲ့လျှင် ဝမ့်ရှန့်ပြည်နယ်၌ သူ၏ အဆင့်အတန်းမှာ သွမ့်ချောင်ဖုန်းနှင့် ရင်ပေါင်တန်းနိုင်ပေလိမ့်မည်။
“သခင်လေး... ကျွန်တော် အဲဒီမျိုးစေ့အဆင့်အတန်းကို ရအောင်လုပ်ဖို့ လိုမယ်လို့ ထင်ပါသလား”
ရွှီနင်က သွမ့်ချောင်ဖုန်းကို မေးလိုက်သည်။
သွမ့်ချောင်ဖုန်း၏ အဆင့်အတန်းနှင့် အသိပညာအရ သူသည် ပင်လယ်နီမိစ္ဆာဂိုဏ်းအကြောင်းကို ပိုမိုနက်ရှိုင်းစွာ သိနိုင်သလို မျိုးစေ့အဆင့်အတန်းရယူခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများကိုလည်း သိနိုင်ပေလိမ့်မည်။
“လုပ်ရမှာပေါ့... သေချာပေါက် လုပ်ရမှာပေါ့”
သွမ့်ချောင်ဖုန်း၏ တုံ့ပြန်မှုမှာ ရွှီနင် မျှော်လင့်ထားသည်ထက် ပိုမိုပြင်းထန်နေလေသည်။
သွမ့်ချောင်ဖုန်းမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။
“မင်း အဲဒီမျိုးစေ့အဆင့်အတန်းကို သေချာပေါက် ရယူရမယ်၊ ဒါက မင်းအတွက် အကျိုးကျေးဇူးတွေ အများကြီး ရှိလိမ့်မယ်”
သွမ့်ချောင်ဖုန်းသည် ရွှီနင် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ မျိုးစေ့ဖြစ်လာခြင်း၏ လက်တွေ့ကျသော အကျိုးကျေးဇူးများကို တွေးမိသွားလေသည်။
ရွှီနင်သာ ဤအဆင့်အတန်းကို ရရှိခဲ့လျှင် သွမ့်ချောင်ဖုန်းအတွက်လည်း အကျိုးရှိပေမည်။
မျိုးစေ့တစ်ခုနှင့် မိတ်ဆွေဖြစ်ခြင်းသည် သွမ့်တော်ဝင်မိသားစုအတွင်း၌ သူ၏ အဆင့်အတန်းကို များစွာ မြင့်တက်စေပေလိမ့်မည်။
ထို့အပြင် သွမ့်ချောင်ဖုန်းသည် ရွှီနင်အပေါ် အလွန် မျှော်လင့်ချက် ကြီးမားလှသည်။ ယဲ့မင်းသားတစ်ဦးအနေဖြင့် သွမ့်ချောင်ဖုန်းသည် မွေးဖွားသည့်အချိန်မှစ၍ ပါရမီရှင်များစွာကို မြင်တွေ့ခဲ့ဖူးသည်။
သို့သော် ရွှီနင်၏ အလားအလာမှာ ထိုသူအားလုံးထက် သာလွန်နေပေသည်။
သွမ့်ချောင်ဖုန်း၏ အမြင်တွင် ရွှီနင်ကိုသာ ဆက်လက် ကြီးထွားခွင့်ပေးမည်ဆိုပါက သူသည် ပင်လယ်နီမိစ္ဆာဂိုဏ်း၏ ဦးဆောင်သူနေရာကိုပင် ထိတွေ့နိုင်ပေလိမ့်မည်။
ထိုသို့ မဖြစ်နိုင်ခဲ့လျှင်ပင် သူသည် သေချာပေါက် အကြီးအကဲတစ်ဦး ဖြစ်လာပေလိမ့်မည်။
“ပင်လယ်နီမိစ္ဆာဂိုဏ်းမှာရှိတဲ့ အရင်းအမြစ်တွေကို ထားလိုက်ဦး၊ အဲဒီအဆင့်အတန်းတစ်ခုတည်းနဲ့တင် မင်းအတွက် အကျိုးအမြတ်တွေ အများကြီး ရနိုင်တယ်”
သွမ့်ချောင်ဖုန်းက ဆက်ပြောသည်။
“ရွှီနင်... မင်း ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ မူလအစကို သိလား”
“ကျွန်တော် မသိပါဘူး”
ရွှီနင်က ခေါင်းခါပြလိုက်သည်။
“ပင်လယ်နီမိစ္ဆာဂိုဏ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်ရာက တည်ထောင်ခဲ့တာ...”
သွမ့်ချောင်ဖုန်းက ပြောပြလေသည်။
“နှစ်ပေါင်း ရှစ်ရာဆိုတာ တကယ်တော့ အချိန်အတော်ကြာခဲ့ပါပြီ။ ဒီအချိန်ပမာဏက တာအိုနယ်ပယ် သိုင်းပညာရှင်အများစုရဲ့ သက်တမ်းထက်တောင် ပိုရှည်တယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာခဲ့တဲ့ ဂိုဏ်းကြီးတွေနဲ့ ယှဉ်ရင်တော့ ဒါက ဘာမှမဟုတ်ပါဘူး။ ဝမ့်ရှန့်ပြည်နယ်မှာ နှစ်ပေါင်း တစ်ထောင်ကျော် သမိုင်းကြောင်းရှိတဲ့ ဂိုဏ်းကြီးတွေ ရှိတယ်။”
“ဒါပေမဲ့ ဘာလို့ နောက်မှ ပေါ်လာတဲ့ ပင်လယ်နီမိစ္ဆာဂိုဏ်းက အဲဒီဂိုဏ်းဟောင်းတွေကို ကျော်ဖြတ်ပြီး သွမ့်တော်ဝင်မိသားစုရဲ့ အပြင်ဘက်မှာ အင်အားအကြီးဆုံး ဖြစ်လာခဲ့တာလဲ”
သွမ့်ချောင်ဖုန်း ခေတ္တရပ်လိုက်သည်။
“အဓိက အကြောင်းရင်းတစ်ခုကတော့ ပင်လယ်နီမိစ္ဆာဂိုဏ်းရဲ့ ခေါင်းဆောင် ပင်လယ်နီမိစ္ဆာသခင်ကြီးက သွမ့်တော်ဝင်မိသားစုဝင် တစ်ယောက် ဖြစ်နေလို့ပဲ”