အခန်း (၇၅၃-၇၅၄)
Vol. 64 Ch. 753-754
အခန်း (၇၅၃) အမတနတ်ဘုရားများ ကျဆုံးခြင်း
ဆရာဖြစ်သူ၏ စကားများကို ကြားပြီးနောက် အန်ရှင်းက မှန်ကန်သည်ဟု ခံစားလိုက်ရပြီး ချက်ချင်း စိတ်သက်သာရာ ရသွား၏။
အမှန်ပင် သူမက မူလဘူတ တာအိုဧကရာဇ် ၏ စွမ်းအားကို ဘာကြောင့် ကြောက်ရွံ့နေရမည်နည်း။ အမတ ဧကရာဇ် မျက်လုံး ကို ဘာကြောင့် သံသယ ဝင်နေရမည်နည်း။
သူမက မူလဘူတ တာအိုဧကရာဇ် တစ်ပါး ဖြစ်လာသရွေ့ သွေးကျဉ်းထောင် သူတော်စင် က သူမ၏ ပြိုင်ဘက် ဘယ်တော့မှ ဖြစ်လာနိုင်မည် မဟုတ်ချေ။
"ဆရာ... တခြား တပည့်တွေကိုကော အမတ ဧကရာဇ် မျက်လုံး ကို ကျင့်ကြံဖို့ မသင်ပေးဘူးလား..." အန်ရှင်း က စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။ အခြား တပည့်များ ၎င်းကို သိသွားမည်ကို သူမ မကြောက်သော်လည်း ဝူရှီ ၏ တပည့်များ အားလုံးသာ ထိုကဲ့သို့သော စွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်ကြမည် ဆိုပါက ဝူရှီ ၏ အနာဂတ်က အဆုံးအစမရှိ ဖြစ်လာမည်ဟု သူမ ခံစားမိသည်။
ကုအန်က ပြန်ဖြေလိုက်သည်။ "အမတ ဧကရာဇ် မျက်လုံး က ကြီးမားတဲ့ ပြဿနာတွေကို ယူဆောင်လာတတ်ပြီး လူတိုင်း ကျင့်ကြံဖို့ မသင့်တော်ဘူး..."
သူ့တွင် နတ်ဘုရားစွမ်းရည်များစွာ ရှိပြီး တပည့်တိုင်းက သူ၏ တာအို နည်းစနစ်များ အားလုံးကို ကျွမ်းကျင်ပိုင်နိုင်ရန် မလိုအပ်ချေ။ ထို့ပြင် အမတ ဧကရာဇ် မျက်လုံး က အလွယ်တကူ ကျင့်ကြံနိုင်သော အရာမျိုးလည်း မဟုတ်ပေ။
ထိုစဉ်က အန်ရှင်း ကို စမ်းသပ်ကြည့်ရန် သက်သက် သင်ပေးခဲ့ခြင်း ဖြစ်သော်လည်း မမျှော်လင့်ဘဲ အန်ရှင်း က အမတ ဧကရာဇ် မျက်လုံး အပေါ် ကြီးမားသော နားလည်နိုင်စွမ်းကို ပြသခဲ့၏။
ကုအန်က ဆုံးဖြတ်ပြီးပြီ ဖြစ်သည်ကို မြင်သောအခါ အန်ရှင်း က ဤကိစ္စအပေါ် ဆက်မတွေးတော့ဘဲ မူလဘူတ တာအိုဧကရာဇ် နှင့် ပတ်သက်သော မေးခွန်း အချို့ကို မေးမြန်းကာ အဖြေများ ရရှိပြီးနောက် ကျေနပ်စွာ ထွက်ခွာသွားတော့သည်။
ကုအန်က ဆေးဥယျာဉ် အတွင်း ဆက်လက် လမ်းလျှောက်နေ၏။ သူ့ကို မည်သူမျှ စောင့်မကြည့်နေလျှင်တောင် သူက ဤကဲ့သို့သော အလေ့အကျင့်များကို ထိန်းသိမ်းထားရန် လိုအပ်ပေသည်။
အပြစ် ရောက်လာပြီးနောက် ဝူရှီ သက်တမ်းတာအိုနယ်မြေ က စည်ကားလာခဲ့ပြီး ယခု သွေးကျဉ်းထောင် သူတော်စင် ပြန်ရောက်လာချိန်တွင်တော့ နေ့စဉ်ဘဝမှာ ဆူညံပွက်လောရိုက်နေသည်ဟုပင် ဆိုနိုင်သည်။
တတိယမျိုးဆက် တပည့်များ အားလုံးက သွေးကျဉ်းထောင် သူတော်စင် ၏ အတွေ့အကြုံများကို စပ်စုချင်နေကြပြီး သွေးကျဉ်းထောင် သူတော်စင် ကလည်း ဝေမျှလိုသဖြင့် နောက်ဆုံးတွင် တတိယမျိုးဆက် တပည့်များနှင့် သံယောဇဉ် တစ်ခု ဖြစ်ပေါ်လာတော့သည်။
နွေဦး ကုန်လွန်ပြီး ဆောင်းဦး ရောက်လာသည်။
နှစ်ငါးရာက လျင်မြန်စွာ ကုန်လွန်သွားသည်။
ဤနေ့တွင် ချမ့်ခွန်းဂိုဏ်း ၏ အရက်ဆိုင် တစ်ဆိုင်တွင် ကုအန်နှင့် ရှုံးနိမ့်ခြင်းမရှိဧကရာဇ်ဘိုးဘေး တို့ အတူတကွ အရက်သောက်နေကြ၏။ ရှုံးနိမ့်ခြင်းမရှိဧကရာဇ် မျိုးနွယ်စု ၏ ပါရမီရှင် နှစ်ဆယ်ကို ပြန်ခေါ်သွားရန် ရှုံးနိမ့်ခြင်းမရှိဧကရာဇ် ဘိုးဘေး အား ခွင့်ပြုရန် သူ စီစဉ်ထားခဲ့သည်။
ချမ့်ခွန်းဂိုဏ်း အခြေတကျ ဖြစ်စေရန် ကူညီပေးဖို့ ယခင်က သူတို့ကို သူ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ချမ့်ခွန်းဂိုဏ်း က ၎င်း၏ အဆုံးသတ်နား နီးကပ်လာပြီဖြစ်၍ သူတို့ကို မလိုအပ်တော့ချေ။
ရှုံးနိမ့်ခြင်းမရှိဧကရာဇ် ဘိုးဘေး က မေးလိုက်သည်။ "သခင်... သူတို့ကို ဒီမှာပဲ ဆက်နေခွင့် ပေးပြီး ဂိုဏ်းတစ်ခု တည်ထောင်ခိုင်းရင်ကော ဘယ်လိုလဲ... အနာဂတ်မှာ သခင် သူတို့ကို လိုအပ်လာရင် အချိန်မရွေး အမိန့်ပေးလို့ ရတာပေါ့..."
ကုအန်က ရယ်မော၍ မေးလိုက်၏။ "မကြာသေးခင်က မင်းတို့ရဲ့ ရှုံးနိမ့်ခြင်းမရှိဧကရာဇ် မျိုးနွယ်စု က ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာ မဟုတ်ဘူးလား... သူတို့ရဲ့ စွမ်းအားကို မလိုဘူးလား..."
ရှုံးနိမ့်ခြင်းမရှိဧကရာဇ် ဘိုးဘေး မှာ တိတ်တဆိတ် အံ့အားသင့်သွား၏။ ကုအန်က ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ တွင် နေထိုင်သော်လည်း မူလဧကရာဇ် နယ်မြေ ၏ အခြေအနေများကို မြင်တွေ့နိုင်စွမ်း ရှိပေသည်။
"သခင်က... နောက်နေပြန်ပါပြီ... တကယ်လို့ ရှုံးနိမ့်ခြင်းမရှိဧကရာဇ် မျိုးနွယ်စု က အခက်အခဲတွေကို ကျော်လွှားဖို့ ဒီဂျူနီယာလေး တွေရဲ့ စွမ်းအားကို လိုအပ်နေတယ် ဆိုရင် ကျုပ်တို့က ဧကရာဇ် မျိုးနွယ်စု ဆိုတဲ့ ဘွဲ့နဲ့တောင် မထိုက်တန်တော့ပါဘူး..." ရှုံးနိမ့်ခြင်းမရှိဧကရာဇ် ဘိုးဘေး က ခေါင်းယမ်း၍ ရယ်မောလိုက်သည်။
ရှုံးနိမ့်ခြင်းမရှိ ဧကရာဇ် ဘိုးဘေး ၏ အတွေးများကို ကုအန် နားလည်၏။ ဤအစီအစဉ်မှာ သူတို့၏ ဆက်ဆံရေးကို ပိုမို ခိုင်မာစေရန်နှင့် မျိုးစေ့များ ချန်ထားရစ်ရန် ဖြစ်သည်။
ရှုံးနိမ့်ခြင်းမရှိဧကရာဇ် မျိုးနွယ်စု က ကြိုတင် ကာကွယ်မှု တစ်ခု အနေဖြင့် မဟာကမ္ဘာ သုံးထောင် လုံးတွင် သူတို့၏ သွေးမျိုးဆက်များကို ချန်ထားရစ်ခဲ့ကြသည်။
ကုအန်က ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ကောင်းပြီလေ... သူတို့ကို ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ မှာ ဆက်နေခွင့် ပေးလိုက်မယ်... သူတို့ ကိုယ်ပိုင် ဂိုဏ်းကို တည်ထောင်ပြီး အုပ်စိုးဖို့ ယှဉ်ပြိုင်လို့ ရတယ်... ဒါပေမဲ့ သူတို့က မကောင်းမှုတွေ ကျူးလွန်ပြီး ဒီမဟာကမ္ဘာ ကြီးကို အန္တရာယ် ပေးမယ် ဆိုရင်တော့ သူတို့ကို အဆင်အခြင်မဲ့ လှုပ်ရှားခွင့် ပေးမှာ မဟုတ်ဘူးနော်..."
ဤစကားကို ကြားသောအခါ ရှုံးနိမ့်ခြင်းမရှိဧကရာဇ် ဘိုးဘေး မှာ အလွန် ဝမ်းသာသွားပြီး ကုအန်ကို ကျေးဇူးတင်ရန် သူ၏ ခွက်ကို ချက်ချင်း မြှောက်လိုက်၏။
ကုအန်က အပြင်ဘက် လမ်းမဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။ စည်ကားနေသော ချမ့်ခွန်းဂိုဏ်း တပည့်များက တစ်ယောက်နှင့် တစ်ယောက် အကွာအဝေးတခုခွာလျက် အလျင်စလို လျှောက်လှမ်းနေကြ၏။ လမ်းမကြီး တစ်ခုလုံးက ၎င်း၏ ပုံမှန် သက်ဝင်လှုပ်ရှားမှုများ ပျောက်ဆုံးနေပြီး တင်းမာသော လေထုဖြင့် ပြည့်နှက်နေခဲ့သည်။
ရှုံးနိမ့်ခြင်းမရှိဧကရာဇ် ဘိုးဘေး လည်း ခေါင်းလှည့်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်၏။ "ကြီးပွားတိုးတက်ခြင်း နဲ့ ဆုတ်ယုတ်ကျဆင်းခြင်း ဆိုတာ ဝင်စားခြင်း ရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ... ငါတို့ရဲ့ ဧကရာဇ် မျိုးနွယ်စု လည်း ဒါကို ဖြတ်သန်းခဲ့ရပြီး မျိုးသုဉ်းလုမတတ် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရတာပဲလေ"
ကုအန်က တိုးတိုးလေး ရယ်မောလိုက်သည်။ "မှန်တယ်... အားလုံးက ဝင်စားခြင်း သံသရာပါပဲလေ... နောက်တစ်ခါ မင်း လာတဲ့အခါ လက်ရှိ မြင်ကွင်းကို မြင်ရမှာ မဟုတ်တော့ဘူး..."
ရှုံးနိမ့်ခြင်းမရှိဧကရာဇ် ဘိုးဘေး က ကုအန်၏ စကားများကို နက်နက်ရှိုင်းရှိုင်း တွေးတောလိုက်ပြီး ၎င်းတွင် နောက်ကွယ်က အဓိပ္ပာယ် တစ်ခုခု ရှိနေသေးသည်ဟု ခံစားလိုက်ရ၏။
ထို့နောက် ကုအန်က သူနှင့်အတူ ဆက်လက် အရက်သောက်ရင်း မဟာကမ္ဘာ သုံးထောင် ၏ သတင်းအချက်အလက်များကို ဖလှယ်နေကြသည်။
ကောင်းကင်သားတော် အတွက် ပြိုင်ဆိုင်မှု အကြောင်းကို ကုအန်က ရှုံးနိမ့်ခြင်းမရှိ ဧကရာဇ် ဘိုးဘေး အား ပြောပြထားပြီး ဖြစ်၏။ ဤနှစ်များတစ်လျှောက် ရှုံးနိမ့်ခြင်းမရှိသော ဧကရာဇ် ဘိုးဘေး ကလည်း ၎င်းကို အာရုံစိုက်နေခဲ့သည်။
မူလဧကရာဇ် နယ်မြေ သည် မဟာကမ္ဘာ သုံးထောင် နှင့် မသက်ဆိုင်ဘဲ အမတနတ်ဘုရားများ က ထိုနယ်မြေသို့ မကြာခဏ ဆင်းသက်လာတတ်ကြ၏။ ရှုံးနိမ့်ခြင်းမရှိ ဧကရာဇ် ဘိုးဘေး က သူ၏ အဆက်အသွယ်များမှတစ်ဆင့် ကောင်းကင်သားတော် အတွက် ပြိုင်ဆိုင်မှု အမှန်တကယ် ရှိနေကြောင်းကို သိရှိခဲ့ရသည်။
ဤကောင်းကင်သားတော် နှစ်ပါးက မည်သူဖြစ်ကြောင်းကို လောလောဆယ် မဆုံးဖြတ်နိုင်သေးသော်လည်း ရှုံးနိမ့်ခြင်းမရှိဧကရာဇ် မျိုးနွယ်စု က မည်သည့် စကြဝဠာ ဟင်းလင်းပြင် များနှင့် ဂိုဏ်းများ ပါဝင်ပတ်သက်နေကြောင်းကိုတော့ သိထားကြ၏။
၎င်းက ချန်ထျန်း ၏ သုတ်သင်ဖယ်ရှားမှုကို ခံရမည့် ကံကြမ္မာ ရှိသော ရှုပ်ထွေးသည့် အကြံအစည် တစ်ခု ဖြစ်လျှင်တောင်မှ အချို့က ဤတိုက်ပွဲထဲသို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ကြသေးသည်။
ကုအန်က စပ်စုချင်စိတ်ကြောင့် အဓိကအားဖြင့် စိတ်ရှည်စွာ နားထောင်နေ၏။ ၎င်းက ကောင်းကင်နန်းတော် နှင့် သက်ဆိုင်နေသောအခါ သူက ကံကြမ္မာကို အပြည့်အဝ ကြိုတင် မမြင်နိုင်သော်လည်း အနာဂတ်တွင် မဟာကမ္ဘာ သုံးထောင် ၏ မငြိမ်မသက်မှုများကိုတော့ သူ မြင်တွေ့နိုင်နေပြီ ဖြစ်သည်။
ထိုကပ်ဘေးက ပုန်းအောင်းနေသော ပုဂ္ဂိုလ် များစွာကို ဖော်ထုတ်ပေးမည်ဖြစ်ပြီး အမတနတ်ဘုရားများကိုပင် ကျဆုံးသွားစေပေလိမ့်မည်။
အမတနတ်ဘုရားများ ကျဆုံးသွားသည့် မြင်ကွင်းကို သူ မြင်လိုက်ရသောအခါ ၎င်းက ကောင်းကင်နန်းတော် ၏ အကြောင်းအကျိုးများကို စောင့်ကြည့်ရန် သူ့တွင် အရည်အချင်း ရှိသွားပြီ ဖြစ်ကြောင်း ညွှန်ပြနေ၏။ သူ၏ ကျင့်ကြံခြင်း အဆင့် ပိုမို အစွမ်းထက်လာသည်နှင့်အမျှ ကောင်းကင်နန်းတော် ၏ လျှို့ဝှက်ဆန်းကြယ်သော ဖုံးကွယ်ထားမှုများက သူ၏ မျက်လုံးထဲတွင် တဖြည်းဖြည်း ပွင့်လင်းလာတော့မည် ဖြစ်သည်။
သူတို့ နှစ်ယောက်က ညနေစောင်းသည်အထိ အချိန်အကြာကြီး စကားပြောခဲ့ကြပြီးနောက် ရှုံးနိမ့်ခြင်းမရှိသော ဧကရာဇ် ဘိုးဘေး က နှုတ်ဆက် ထွက်ခွာသွားသည်။ ထို ဂျူနီယာ နှစ်ဆယ်ကို သူ အရင်ဆုံး လမ်းညွှန်မှုများ ပေးရဦးမည် ဖြစ်သည်။
ကုအန်က လမ်းမဆီသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။
လမ်းလျှောက်လာရင်း သူက လူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ပြီး အခြားသူ မဟုတ်ဘဲ လီယ ၏ ညီမ လီရွှမ်ယု ပင် ဖြစ်၏။
ချမ့်ခွန်းဂိုဏ်း အနီးတွင် ကုအန်ကို ရှာတွေ့ကတည်းက လီရွှမ်ယုက ချမ့်ခွန်းဂိုဏ်း တွင် နေထိုင်ခဲ့ပြီး ယခုအခါ ဂိုဏ်း၏ အထက်တန်းလွှာ အစိတ်အပိုင်း တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီဖြစ်လေသည်။
လမ်းပေါ်တွင် သူတို့ ဆုံတွေ့ခြင်းက တိုက်ဆိုင်မှု မဟုတ်ချေ။ ဤလမ်းကို သူမ လျှောက်လာမည်ကို ကုအန်က ကြိုတင် တွက်ချက်ထားခြင်း ဖြစ်သည်။
လီရွှမ်ယု က သူ့ကို မြင်သောအခါ အံ့အားသင့် မသွားချေ။ ဤရှည်လျားသော နှစ်များ တစ်လျှောက် မကြာခဏ ဆုံတွေ့မှုများက သူမကို အသားကျသွားစေခဲ့၏။ သူတို့ ဆုံတွေ့တိုင်း ကုအန်က သူမကို အခွင့်အရေး အချို့ သို့မဟုတ် လမ်းညွှန်မှုများ ပေးလေ့ ရှိ၏။ အကြိမ်ကြိမ် ဆုံတွေ့ပြီးနောက် ဤတိုက်ဆိုင်မှုများက ကုအန်၏ တမင် ရည်ရွယ်ချက်များ ဖြစ်ကြောင်း သူမ သဘောပေါက်ခဲ့ချေပြီ။
"ချမ့်ခွန်းဂိုဏ်း ရဲ့ အနာဂတ်ကို ငါ့ကို ပြောပြတော့မလို့လား..." လီရွှမ်ယု က ကုအန်ထံ ချဉ်းကပ်လာရင်း စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
မကြာသေးမီ ရာစုနှစ်များ အတွင်း ချမ့်ခွန်းဂိုဏ်း ၏ အတွင်းရေး ပဋိပက္ခများက ပိုမို ပြင်းထန်လာခဲ့၏။ ယွမ်လော့ က အာဏာရှင်ဆန်ဆန် ပြုမူခဲ့ပြီး လူများစွာကို စော်ကားခဲ့သည်။ အချို့က မြင့်တက်လာပြီး အချို့က ကျဆင်းသွားကြသည်။ ယွမ်လော့ သည် ဝူရှီ နှင့် ပတ်သက်မှု မရှိကြောင်း အတည်ပြုပြီးနောက် ပြိုင်ဘက်များက စတင် ပူးပေါင်းလာကြတော့သည်။
လီရွှမ်ယု က အတွင်းရေး မငြိမ်မသက်မှု လက္ခဏာများကို မြင်တွေ့ထားပြီး ဖြစ်သော်လည်း အနီးအနားတွင် ဝူရှီ ရှိနေသဖြင့် သူမက ကြောက်ရွံ့ခြင်း မရှိခဲ့ချေ။ အဓိပတိဂိုဏ်း ၏ အတိတ် နေ့ရက်များကဲ့သို့ပင် မုန်တိုင်း မည်မျှ ကြီးမားပါစေ ဓာသခင်ဓားအရှင် က မငြိမ်မသက်မှုများကို ဖြေရှင်းရန် အမြဲတမ်း ထွက်ပေါ်လာတတ်သည် မဟုတ်ပါလား။
"ချမ့်ခွန်းဂိုဏ်း က ပြိုကွဲတော့မယ်... မင်းက ထိုက်ချန်း အင်ပါယာ ကို ပြန်သွားဖို့ စီစဉ်ထားတာလား ဒါမှမဟုတ် ဝူရှီ ဂိုဏ်း ကို ဝင်မလို့လား... သေချာတာပေါ့... မင်းမှာ တခြား ရွေးချယ်စရာတွေ ရှိနိုင်ပြီး ကြိုတင် ပြင်ဆင်ထားလို့ ရပါတယ်..."
ကုအန်က ပြောလိုက်၏။ သူနှင့် လီရွှမ်ယု တို့မှာ သင့်မြတ်သော စကားပြောဆိုမှုများ ရှိခဲ့ကြသည်။ ထိုစဉ်က သူ လုံလောက်အောင် အစွမ်းမထက်သေးချိန်တွင် လီရွှမ်ယု က သူ့ကို ဂူအိမ်များ စီမံခန့်ခွဲရန် မိတ်ဆက်ပေးခဲ့ပြီး သက်တမ်း လမ်းကြောင်းများ ပိုမို ရရှိစေခဲ့၏။ ဤအဖြစ်အပျက်များက လီရွှမ်ယု ၏ မှတ်ဉာဏ်ထဲမှ မှေးမှိန်သွားနိုင်သော်လည်း သူကတော့ မှတ်မိနေဆဲ ဖြစ်သည်။
သူ၏ ခရီးစဉ် တစ်လျှောက်လုံးတွင် ရန်သူ အများအပြား မရှိခဲ့သော်လည်း သူ၏ စွမ်းအားကို မပြသမီက သူ့ကို တက်ကြွစွာ ကူညီပေးခဲ့သူ အလွန် နည်းပါးလှသည်။
ကုအန်က လောကီ အနှောင်အဖွဲ့များ၏ အနှစ်သာရကို ထိုးဖောက် မြင်နိုင်ပြီး ထိုကျေးဇူးတရားများကို တန်ဖိုးထားပေသည်။
လီရွှမ်ယု က မေးလိုက်၏။ "ငါက တကယ် ဝူရှီ ကို ဝင်လို့ရတာလား"
သူမက ကုအန်ကို သိပ်မကူညီနိုင်ဟု ယုံကြည်ထားသဖြင့် မထိုက်တန်သလို ခံစားရကာ ချီတုံချတုံ ဖြစ်သွားသည်။
သူမ၏ အမူအရာကို မြင်သောအခါ ကုအန်တွင် ရုတ်တရက် အတွေးတစ်ခု ဖြစ်ပေါ်လာ၏။
အကယ်၍ သူက လီရွှမ်ယု ကို လီယ ထက် ပိုအစွမ်းထက်လာအောင် ပြုစုပျိုးထောင်ပေးလိုက်ရင်ကော... လီယ က တိုက်ပွဲမှာ သူ့ညီမဆီ ရှုံးသွားရင် ဘယ်လိုတောင် တုံ့ပြန်မလဲ...
ကုအန်က ၎င်းကို စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်လိုက်၏။ လီယ နှင့် လီရွှမ်ယု တို့က မောင်နှမများ ဖြစ်ကြပြီး သူတို့၏ ယှဉ်ပြိုင် တိုက်ခိုက်မှုက သူတို့၏ ဆက်ဆံရေးကို ထိခိုက်စေမည် မဟုတ်ချေ။ ကုအန်က လီယ ၏ စိတ်ပျက် အံ့အားသင့်သွားသော အမူအရာကို မြင်တွေ့ချင်နေမိ၏။
အခန်း (၇၅၄) ကောင်းကင်နတ်ဘုရားကို ကျော်လွန်ခြင်း
"သေချာတာပေါ့ ရတာပေါ့... အရမ်းကြီး စဉ်းစားလွန်နေစရာ မလိုပါဘူး... ဒါပေမဲ့ မင်း နားလည်ထားရမယ့် အချက်တစ်ခု ရှိတယ်... ဝူရှီ ကို ဝင်လာပြီးရင် ပြန်ထွက်ဖို့ မလွယ်တော့ဘူး... တာအိုကို ရရှိဖို့ဆိုရင် ရှည်လျားပြီး ပျင်းစရာကောင်းတဲ့ နှစ်တွေကို မင်း သည်းခံရလိမ့်မယ်..."
ကုအန်က လီရွှမ်ယု ကို ပြုံး၍ ပြောလိုက်၏။ အကယ်၍ လီရွှမ်ယု က ဝူရှီ သို့ မဝင်ရောက်ချင်ပါက သူက အတင်းအကျပ် လုပ်မည် မဟုတ်ချေ။
လီရွှမ်ယု က ခေါင်းညိတ်၍ ပြောလိုက်သည်။ "ကျွန်မ နားလည်ပါတယ်... ရှင့်နောက်ကို လိုက်မယ်ဆိုရင် သက်ရှိအားလုံးကို ကျော်လွန်တဲ့ စွမ်းအားကို သေချာပေါက် ရရှိမှာပဲလေ... အဲဒါကိုသာ မထိန်းချုပ်ထားဘူး ဆိုရင် လူသားကမ္ဘာ အတွက် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်တယ်... လွတ်လပ်မှု နဲ့ စွမ်းအား... ဒီနှစ်ခုထဲက တစ်ခုကို ရွေးချယ်ရမှာပေါ့..."
မင်းက ဒီလို နားလည်ထားတာလား။
အဲဒါကလည်း လုံးဝ မှားနေတာတော့ မဟုတ်ပါဘူး။
အမှန်တကယ်တော့ ကုအန်က သူ၏ တပည့်များကို ကန့်သတ်ထားရသည့် အကြောင်းရင်းမှာ သူတို့က အားနည်းလွန်းသောကြောင့် ဖြစ်၏။ အစောကြီး အပြင်ထွက်သွားပါက သူတို့ ဖြေရှင်းနိုင်စွမ်းထက် ကျော်လွန်သော ပြဿနာများကို ယူဆောင်လာနိုင်ပေသည်။ သူတို့၏ အနောက်မှ အမြဲတမ်း လိုက်လံ ရှင်းလင်းပေးနေရသူ မဖြစ်ချင်ချေ။
"ရှင် ကိုယ်တိုင် လာဖိတ်ခေါ်တာကို ကျွန်မက ဘယ်လိုလုပ် ငြင်းဆန်နိုင်မှာလဲ... ဂိုဏ်းတွင်း ကိစ္စတွေကို ကိုင်တွယ်ဖို့ ကျွန်မကို အချိန်နည်းနည်း ပေးနိုင်မလား..." လီရွှမ်ယု က ကုအန်ကို ကြည့်၍ ညင်သာစွာ ပြောလိုက်၏။
သူတို့ ပတ်ဝန်းကျင်ရှိ လူများက သူတို့၏ စကားပြောသံကို မကြားနိုင်ကြသလို မည်သူကမျှလည်း သူတို့ဘက်သို့ လှည့်မကြည့်ကြချေ။
ဤသည်မှာ လီရွှမ်ယု ပထမဆုံးအကြိမ် သတိပြုမိခြင်း မဟုတ်ပေ။ ဤသို့ ဖြစ်ပေါ်လာတိုင်း သူမက အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများကို ခံစားရသည်။
ကုအန်က ကန့်ကွက်စရာ မရှိချေ။ သူတို့က စကားအနည်းငယ် ထပ်မံ ဖလှယ်ပြီးနောက် တစ်ယောက်ကို တစ်ယောက် ကျော်ဖြတ်သွားကြသည်။
တစ်ချိန်တည်းမှာပင် လူသားကမ္ဘာ ၏ အခြားတစ်ဖက်ရှိ တောင်ပေါ် တောအုပ်တစ်ခု အတွင်း သစ်သားအိမ်လေး တစ်လုံး ရှိပြီး ထိုနေရာတွင် အရွယ်ရောက်လာပြီ ဖြစ်သော လီရှန်းယို က ဓားငယ်လေး တစ်လက်ဖြင့် သစ်သားဓား တစ်လက်ကို ထွင်းထုနေ၏။
သူက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ညာဘက် ပခုံးပေါ်တွင် အနက်ရောင် ပခုံးစွပ် တစ်ခုကို လွှမ်းခြုံထားကာ သူ၏ ဆံပင်များကို မြက်ကြိုး တစ်ချောင်းဖြင့် ခေါင်းအနောက်တွင် စည်းနှောင်ထားသည်။ သူ၏ ပီပြင်သော မျက်နှာသွင်ပြင်က တက်ကြွမှုများဖြင့် ပြည့်နှက်နေ၏။
ဂျစ်
သစ်သားအိမ်လေး၏ တံခါးက ပွင့်သွား၏။ အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် အဘိုးအို တစ်ဦး ထွက်လာပြီး သူ၏ မျက်နှာက အတော်လေး မကျေမနပ် ဖြစ်နေပုံရသည်။ သူ ဖြတ်သွားစဉ် လီရှန်းယို ကို တစ်ချက်မျှ မကြည့်ဘဲ အဖြူရောင် အလင်းတန်း တစ်ခုအဖြစ် အသွင်ပြောင်းသွားကာ ကောင်းကင်ယံ၏ အစွန်းတွင် ပျောက်ကွယ်သွားတော့၏။
လီရှန်းယို က ဂရုမစိုက်ဘဲ သူ၏ လက်ထဲရှိ သစ်သားဓားကို ဆက်လက် ထွင်းထုနေခဲ့သည်။
အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လီယ က အိမ်ထဲမှ ထွက်လာပြီး နေရောင်အောက်တွင် ပျင်းရိပျင်းတွဲ အကြောဆန့်လိုက်၏။ သူက သက်ပြင်းချ၍ ပြောလိုက်သည်။ "တပည့်လေး... ဒီလောကကြီးမှာ ဘာလို့ ရည်မှန်းချက် ကြီးတဲ့လူတွေ ဒီလောက် များနေရတာလဲ... တာအိုခုံရုံး က အတိတ်က သင်ခန်းစာ တစ်ခုပဲ... လောကကြီးကို ပေါင်းစည်းဖို့ ကြိုးစားတာက မယုံနိုင်လောက်အောင် ခက်ခဲတယ်..."
လီရှန်းယို က လီယ ကို ကျောခိုင်းထားလျက် ပြန်ဖြေလိုက်၏။ "တာအိုခုံရုံး က မကျရှုံးခဲ့ပါဘူး... သူတို့က နှစ်ပေါင်းများစွာ ကြီးစိုးခဲ့တာပဲ... သူတို့ဘာသာ ဖျက်သိမ်းဖို့ ရွေးချယ်ခဲ့ကြတာပဲလေ... လောကကြီးထဲက ဂိုဏ်းကြီးတွေက တာအိုခုံရုံး ကျင့်ကြံသူတွေလို့ နာမည်ပြောင်းသွားတာကြောင့်လည်း ဖြစ်နိုင်တယ်... တာအိုခုံရုံး ကျဆုံးသွားရင်တောင်မှ ရွှမ်ထင် နဲ့ အမတနန်းတော် တို့ ရှိနေသေးတယ်လေ... သူတို့က လောကကြီးရဲ့ အရင်းအမြစ်တွေကို ဆက်လက် ခံစားနေကြဆဲပါပဲ..."
လီယ က လီရှန်းယို ကို စိုက်ကြည့်၍ ညည်းတွားလိုက်သည်။ "ကောင်စုတ်လေး... ငါက အဲဒီဂိုဏ်းတွေဆီကို ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး သူတို့ရဲ့ လက်ပါးစေ ဖြစ်ဖို့ မျှော်လင့်နေတာလား..."
"သေချာပေါက် မဟုတ်ဘူးပေါ့.. တကယ်လို့ အမတ ကျင့်ကြံရေး ဂိုဏ်း တစ်ခုကို မဖြစ်မနေ ဝင်ရမယ် ဆိုရင် အဲဒါက ဝူရှီ ပဲ ဖြစ်သင့်တယ်... ဆရာဦးလေး ကု ရဲ့ နောက်ကိုပဲ လိုက်သင့်တယ်..." လီရှန်းယို က ခေါင်းမလှည့်ဘဲ ပြန်ဖြေလိုက်၏။
ဆရာဦးလေး ကု ၏ အစွမ်းအစများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ပြီးကတည်းက ဝူရှီ သို့ သူ အမြဲတမ်း ဝင်ရောက်ချင်ခဲ့သည်။ ကံမကောင်းစွာဖြင့် လီယ က မသွားခဲ့ချေ။
သူ၏ ဆရာ၏ ဂုဏ်သိက္ခာကို သူ နားလည်၏။ ယောကျ်ားများက နောက်ဆုံးတွင် ဂုဏ်ယူသိဏ္ခာတွက် ရှင်ပြိုင်ကြသည်မဟုတ်ပါလား။ အကယ်၍ ဆရာဦးလေးကု သာ မျိုးဆက် တစ်ခုမြင့်နေပါက ၎င်းက ပြဿနာ သိပ်မရှိနိုင်သော်လည်း သူတို့က ရွယ်တူများ ဖြစ်နေကြသည်။
လီယ က နှာမှုတ်လိုက်သည်။ "ဝူရှီ က အရမ်းကောင်းတဲ့ နေရာတစ်ခု ဆိုတာ သေချာပါတယ်... အဲဒါကို ငါ မသိဘူးလို့ မင်း ထင်နေတာလား... မင်းဆရာရဲ့ စိတ်ထဲမှာ ဘာရှိလဲဆိုတာ မင်း မသိပါဘူး..."
"အမှန်ပဲ ကျွန်တော် မသိပါဘူး... ကျွန်တော်သာ အဖော် မလိုက်ဘူးဆိုရင် ဘယ်အချိန်မှာ ဆရာ ထပ်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရလာမလဲ ဆိုတာကိုပဲ ကျွန်တော် သိတယ်..."
"အဓိပ္ပာယ် မရှိတာ... ပြီးခဲ့တဲ့ တစ်ခေါက်က မတော်တဆမှုလေးပါဟ"
"ဟီးဟီး... အဲဒါကို မတော်တဆမှုလို့ပဲ ထားလိုက်ပါတော့... ကျွန်တော်သာ ဆရာ့ကို မသယ်လာခဲ့ရင် ဆရာ ဝင်စားခြင်း သံသရာထဲ ရောက်နေလောက်ပြီ..."
လီရှန်းယို ၏ စကားများက လီယ ကို ရူးသွပ်လုမတတ် ဖြစ်သွားစေ၏။ ဤကလေးက ပို၍ပို၍ ရိုင်းစိုင်းလာသည်။
ထိုစဉ်က အလျင်စလို ပြုမူခဲ့မိသည်ကို လီယ နောင်တရမိ၏။ မလှုပ်ရှားမီ ပြိုင်ဘက်၏ နောက်ခံကို သူ သေချာ မလေ့လာခဲ့မိချေ။ သူ ကြောက်ရွံ့ခြင်း မဟုတ်ဘဲ သူ၏ တပည့်ရှေ့တွင် မျက်နှာပျက်ခဲ့ရသဖြင့် မသက်မသာ ဖြစ်နေရခြင်းသာ ဖြစ်သည်။
"အဲဒီ သစ်သားဓားကို ထွင်းနေတာ ရပ်လိုက်တော့... လာ... ဓားဂိုဏ်း ဆီ မင်းကို ငါ ခေါ်သွားမယ်... မင်းက နတ်ဓား တစ်လက် လိုချင်နေတာ မဟုတ်ဘူးလား... မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်..." လီယ က ခါးထောက်လျက် ရပ်ကာ သူ့ကိုယ်သူ အတော်လေး ကျေနပ်နေပုံရ၏။
ထိုစကားကို ကြားသောအခါ လီရှန်းယို က ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး လီယ ကို ဝမ်းသာအားရ ကြည့်လိုက်သည်။
လီယ က ဤအကြည့်ကို သဘောကျ၏။ ၎င်းက တပည့်တစ်ယောက် ရှိသင့်သည့် သဘောထားမျိုး ပင်။
"အခု ဓားဂိုဏ်း ရဲ့ ဂုဏ်သတင်းက ကောင်းကင်ကိုတောင် တုန်လှုပ်နေပြီ... ဓားဂိုဏ်း က ချန်ချွမ် ဆိုတာ လောကရဲ့ နံပါတ်တစ် ဓားကျင့်ကြံသူ ပဲ... ဆရာ့စကားအရ ဆိုရင် သူက ကျွန်တော့်ရဲ့ စီနီယာအစ်ကိုကြီး လို့ သတ်မှတ်လို့ ရတာပေါ့... သူ့ဆီကနေ လမ်းညွှန်မှု နည်းနည်းလောက် တောင်းလို့ ရမလား..."
လီရှန်းယို က လီယ ၏ ရှေ့သို့ လျှပ်တစ်ပြက် ရောက်လာပြီး မျှော်လင့်တကြီး မေးလိုက်၏။
လီယ ၏ မျက်လုံးများ ဒေါသကြောင့် ပြူးကျယ်သွားသည်။ "သူရဲ့ ဓားတာအို က ငါ့ထက် ပိုကောင်းတယ်လို့ မင်းထင်နေတာလား... ခွေးကောင်... မင်း ငါ့ကို သစ္စာဖောက်ဖို့ ကြိုးစားနေတာလား..."
"အဲလို မဟုတ်ပါဘူး... ကိုယ်ပိုင် ဓားတာအို ကို ဖန်တီးဖို့ ဂိုဏ်းအားလုံးရဲ့ အားသာချက်တွေကို စုစည်းချင်ရုံ သက်သက်ပါ..." လီရှန်းယို က တည်ကြည်လေးနက်စွာ ပြောလိုက်၏။
အမှန်တကယ်တော့ လီယ က ချန်ချွမ်၏ ပြိုင်ဘက် မဟုတ်ဟု သူ ယုံကြည်ထားသည်။
ချန်ချွမ်က လွတ်ငြိမ်းရာအမတ အဆင့်သို့ ခြေချကတည်းက တစ်ခါမှ ရှုံးနိမ့်ဖူးခြင်း မရှိသေးချေ။ အမှန်တော့ သူ နာမည်ကြီးလာကတည်းက သူ မျက်မြင်ကိုယ်တွေ့ ရှုံးနိမ့်ခဲ့သည်ကို မြင်တွေ့ခဲ့ရသော သူ၏ ဆရာနှင့် မတူဘဲ သူက တိုက်ပွဲ တစ်ပွဲမှ မရှုံးဖူးခဲ့ပေ။
သွေးသံရဲရဲနှင့် သေလုမျောပါး ဖြစ်နေသော သူ၏ ဆရာကို တွေးမိတိုင်း သူ၏ ရင်ထဲတွင် နာကျင်ရ၏။
တစ်ချိန်က လီယ သည် သူ၏ စိတ်ထဲတွင် ယပြိုင်ဘက်ကင်းသော တည်ရှိမှု တစ်ခု ဖြစ်ပြီး ဆရာဦးလေး ကု ကိုပင် သူ၏ ပြိုင်ဘက်အဖြစ် မသတ်မှတ်ထားခဲ့ချေ။
သူ၏ ဆရာ ရှုံးနိမ့်သွားခြင်းက သူ၏ ရင်ထဲရှိ ယုံကြည်မှု တစ်ခုကို ရိုက်ချိုးပစ်လိုက်၏။ သေချာသည်က လီယ ၏ ခံစားချက်များကို ထိခိုက်မည်ကို ကြောက်ရွံ့သဖြင့် သူ၏ အတွေးများကို သူ ထုတ်ဖော်မည် မဟုတ်ပေ။
လီယ က သူ တစ်ခါမှ မမြင်ဖူးသော အမွန်မြတ်ဆုံးသော သူရဲကောင်း ဖြစ်သဖြင့် လီယ အပေါ် သူ လေးစားနေဆဲ ဖြစ်၏။ လီယ က သူ့ကဲ့သို့သော ဒုက္ခရောက်နေသူ များစွာကို ကယ်တင်ခဲ့ပြီး အပြန်အလှန် မည်သည့်အရာကိုမျှ မတောင်းဆိုခဲ့ချေ။
လီယ ၏ နောက်ဆုံး ဒဏ်ရာရမှုမှာလည်း အားနည်းသူများကို အစွမ်းထက်သူများက အနိုင်ကျင့်နေသည်ကို သူ မကြည့်ရက်သောကြောင့် ဖြစ်သည်။
"တိုက်ဆိုင်တာပဲ... ဓားဂိုဏ်း က လောကရဲ့ နံပါတ်တစ် ဓားညီလာခံ ကို ကျင်းပနေတယ်... ဘယ်သူ ပိုအစွမ်းထက်လဲ ဆိုတာ မင်း မြင်ရအောင် ငါ သူ့ကို စိန်ခေါ်လိုက်မယ်..." လီယ က နှာမှုတ်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။
ချန်ချွမ် ၏ ဂုဏ်သတင်းက ကြီးမားလှသည်။ သွားလေရာ နေရာတိုင်းတွင် ဓားကျင့်ကြံသူ များက ဤနာမည်ကို ထုတ်ဖော်ပြောဆိုနေကြသည်ကို သူ ကြားနေရသဖြင့် သူ၏ စပ်စုချင်စိတ်ကို လှုံ့ဆော်ပေးနေ၏။
ကုအန်ကို မအနိုင်ယူနိုင်တာက တစ်ပိုင်း၊ ဒါပေမဲ့ ကုအန်ရဲ့ တပည့်ကိုတောင် ငါက မအနိုင်ယူနိုင်တော့ဘူးလား...
လောကကြီးက ကျယ်ပြန့်ပြီး မရေမတွက်နိုင်သော မဟာစွမ်းအားရှင် များဖြင့် ပြည့်နှက်နေသည်။ ဆရာတစ်ဦး အနေဖြင့် သူ၏ တူတော်မောင် ကို ဤအချက်နှင့် ပတ်သက်၍ သူ သတိပေးရန် လိုအပ်ပေသည်။
လီရှန်းယို က ငြင်းဆန်လိုသဖြင့် ပါးစပ်ဟလိုက်သော်လည်း နောက်ဆုံးတွင် စကားလုံးများကို ပြန်မျိုချလိုက်၏။
ထားလိုက်ပါတော့... ဆရာဦးလေး ကု ရဲ့ ဩဇာလွှမ်းမိုးမှုနဲ့ဆိုရင် ချန်ချွမ်က သူ့ဆရာကို ထိခိုက်အောင် လုပ်မှာ မဟုတ်ပါဘူးလေ...
...
တိမ်ပင်လယ် အထက်တွင် ငွေရောင် စစ်ချပ်ဝတ် ကို ဝတ်ဆင်ထားပြီး ကောင်းကင်တာအို ၏ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည့် ပုံရိပ်များက တောင်ကြီးများကဲ့သို့ မားမားမတ်မတ် ရပ်တည်နေကြ၏။ အများစု၏ မျက်နှာများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်။
ကျန်းပုခု နှင့် ရွှီယို တို့က ၎င်းတို့ထဲတွင် ပါဝင်ပြီး သူတို့၏ စိတ်ခံစားချက်များ တက်ကြွနေစဉ် ကောင်းကင်တာအို ကံကြမ္မာ ကို ခံစားနေကြ၏။
"ဒါက အမတနတ်ဘုရားတွေ ရဲ့ စွမ်းအားလား... တကယ်ကို အစွမ်းထက်တာပဲ..." ကျန်းပုခု က သူ၏ ကိုယ်ပိုင် လက်များကို ကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။
ရွှီယို က သူ့ကို တစ်ချက် ကြည့်၍ ပြောလိုက်၏။ "ဒါက အစပဲ ရှိသေးတယ်... ငါတို့က ကောင်းကင်နန်းတော် ရဲ့ ကံကြမ္မာကို အစပျိုး ရရှိရုံပဲ ရှိသေးတာ...ဒါကနေစပြီး ငါတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေက မြန်မြန်တိုးတက်လာပြီး နောက်ဆုံးမှာ ကောင်းကင်တက်လှမ်းခြင်းအနှောင်ဖွဲ့ကင်းအမတ အဆင့် ကို ရောက်သွားလိမ့်မယ်... မင်းက အခွင့်အရေးကို သေချာ ဆုပ်ကိုင်နိုင်ပြီး ရွှေအမတ တာအိုအသီး အဆင့် ကို တက်လှမ်းနိုင်ရင် အစစ်အမှန် ကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်လာလိမ့်မယ်... ကောင်းကင်စစ်သည် တွေက ကိုယ့်ကိုယ်ကိုယ် အမတနတ်ဘုရားတွေ လို့ ခေါ်ဖို့ အရည်အချင်း မပြည့်မီသေးဘူး..."
ထိုစကားကို ကြားသောအခါ ကျန်းပုခု က ကောင်းကင်ယံဆီသို့ မော့ကြည့်လိုက်၏။ အဆုံးအစမရှိသော ရွှေရောင် တိမ်တိုက် အစုအဝေး တစ်ခု ရှိနေပြီး တိမ်တိုက်များ၏ အထက်တွင် ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား က သူ၏ ဖန်ဆင်းမှုများကို ငေးကြည့်နေသော အရှင်သခင် တစ်ပါးကဲ့သို့ သူတို့ကို ငုံ့ကြည့်နေသည်။
ကောင်းကင်ငြိမ်းချမ်းရေး နတ်ဘုရား ကို ကြည့်ရင်း ကျန်းပုခု က မဟာတာအို လမ်းစဉ် တွင် ကြုံတွေ့ခဲ့ရသော အရှက်ရဖွယ် ရှုံးနိမ့်မှုကို ပြန်လည် သတိရလိုက်၏။
ကောင်းကင်နတ်ဘုရား ဆိုတာတွေက ထူးခြားတာ ဘာမှ မရှိပါဘူး...
သူ၏ ရည်မှန်းချက်က ကောင်းကင်နတ်ဘုရားများ ကို ကျော်လွန်ရန် ဖြစ်သည်။