← Chapters

အခန်း (၇၅၇-၇၅၈)

Vol. 64 Ch. 757-758

အခန်း (၇၅၇-၇၅၈)

Vol. 64 Ch. 757-758

အခန်း (၇၅၇) အစစ်အမှန် အမတ

"မဟာတာအိုရဲ့ ဟင်းလင်းပြင် အထက်မှာ အလွန် ကြီးမားတဲ့ တွင်းနက်ကြီး တစ်ခု ထွက်ပေါ်လာပြီး အဲဒီထဲကနေ မကောင်းဆိုးဝါး မိစ္ဆာတွေ အများကြီး ထွက်လာပြီး မဟာကမ္ဘာ သုံးထောင် ဆီကို ပျံသန်းသွားတာကို ငါ မြင်ခဲ့ရတယ်... သူတို့က ဖော်ပြလို့ မရနိုင်လောက်အောင် ကြောက်စရာကောင်းတဲ့ ပုံပေါက်နေပြီး အိပ်မက်ထဲမှာတောင် မျှော်လင့်ချက်မဲ့မှုနဲ့ အသက်ရှူရ ကြပ်တဲ့ ခံစားချက်ကို ငါ ခံစားခဲ့ရတယ်..."

ရှန်းကျန် က မျက်မှောင်ကြုတ်လျက် သူမ၏ ယခင် အိပ်မက်မှ ခံစားချက်များကို ပြန်လည် ပြောပြနေ၏။

ကုအန်က အံ့အားသင့် မသွားချေ။ အကြောင်းမှာ ဤမြင်ကွင်းကို သူလည်း မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။

ထိုမိစ္ဆာများက ဖရိုဖရဲ နာကြည်းချက် လော့ ကဲ့သို့ပင် အပြင်ဘက် ကောင်းကင်ဘုံ ဖရိုဖရဲ လောက မှ မြစ်ဖျားခံလာခြင်း ဖြစ်၏။ မဟာကမ္ဘာ သုံးထောင် အပေါ် သူတို့ အဘယ်ကြောင့် ဆင်းသက်လာသနည်း ဆိုသည်ကိုတော့ လောလောဆယ် ကုအန် မမြင်တွေ့ရသေးသော်လည်း ၎င်းက ကောင်းကင်နန်းတော် နှင့် ပတ်သက်နေကြောင်း သူ အတည်ပြုနိုင်ပေသည်။ အကြောင်းမှာ ထိုတွင်းနက်ကြီးထဲတွင် ထူထပ်သော ကောင်းကင်တာအို ကံကြမ္မာ ကို သူ မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်၏။

ရှန်းကျန် က ဆက်လက် ပြောပြနေပြီး ကုအန်က ရတနာများကို သန့်စင်နေရင်း သေချာစွာ နားထောင်ကာ တစ်ခါတစ်ရံ တုံ့ပြန်စကား ပြောနေသည်။

တစ်နာရီ ကြာပြီးနောက် ကုအန်က ခြံဝင်းထဲမှ တစ်ယောက်တည်း ထွက်လာပြီး တောင်ကုန်း လမ်းလေး တစ်လျှောက် လမ်းလျှောက်ကာ လမ်းတစ်လျှောက်ရှိ ရှုခင်းများကို ခံစားရင်း အပြင်ဘက် ကောင်းကင်ဘုံ ဆီသို့ လှမ်းကြည့်နေ၏။

မြူခိုး အမတနန်းတော် က ကောင်းကင်သားတော် အတွက် အာဏာလုပွဲတွင် ဝင်ရောက် စွက်ဖက်ရန် ပြင်ဆင်နေပြီး ၎င်းကို ရှားပါးသော အခွင့်အရေး တစ်ခု အဖြစ် မြင်ကာ ထျန်ဟောက် ကို စစ်ပွဲအတွက် စောစီးစွာ ပြင်ဆင်ရန် တိုက်တွန်းနေကြသည်။

မြူခိုး အမတနန်းတော် သို့ ဝင်ရောက်ကတည်းက ထျန်ဟောက် က စမ်းသပ်မှုများနှင့် အခက်အခဲ များစွာကို ဖြတ်သန်းခဲ့ရပြီး ယေဘုယျအားဖြင့် အဆင်ပြေချောမွေ့ခဲ့သဖြင့် ယခုအခါ သူက မြူခိုး အမတနန်းတော် ၏ အတန်ဖိုးထားရဆုံးသော ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်နေပြီ ဖြစ်၏။

ကောင်းကင်သားတော် ဝင်စားသူ အဖြစ် သူ၏ မည်သူမည်ဝါ ဖြစ်မှုကို ဖော်ထုတ်ခြင်း မခံရသေးချေ။

သို့သော်လည်း အနာဂတ် ကောင်းကင်သားတော် အတွက် အာဏာလုပွဲတွင် ထျန်ဟောက် က သူ၏ မူလ အသိစိတ်ကို နိုးထလာမည် ဖြစ်ပြီး ကောင်းကင်သားတော် အဖြစ်သို့ ပြန်လည် ရောက်ရှိသွားမည် ဖြစ်သော်လည်း ကောင်းကင်နန်းတော် သို့ ပြန်သွားနိုင်မည်၊ မပြန်သွားနိုင်မည်မှာတော့ မသေချာသေးပေ။

ထျန်ဟောက် ကို ကြည့်ရင်း ကုအန်၏ မျက်လုံးများထဲတွင် အန်ဟောင် ၏ ပုံရိပ်ကို ထင်ဟပ်သွား၏။

ထျန်ဟောက် က သူ့ကို ရင်ထဲတွင် မှတ်ထားဆဲ ဖြစ်သော်လည်း ဆရာနှင့် တပည့် အဖြစ် သူတို့၏ သံယောဇဉ်က အားနည်းလာပြီး အကွာအဝေးက ပိုမို ဝေးကွာလာကြောင်း ကုအန် ခံစားရသည်။

ထျန်ဟောက် က သူ၏ ကောင်းကင်သားတော် အဖြစ် မည်သူမည်ဝါ ဖြစ်မှုကို ပြန်လည် ရရှိသွားသောအခါ သူတို့ တွေ့ဆုံရန် ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။

အချိန်တွေက တကယ်ကို ရင်းနှီးတဲ့ လူတွေကို သူစိမ်းတွေ ဖြစ်သွားစေတာပဲ...

ကုအန်က စိတ်မကောင်း မဖြစ်ခဲ့ချေ။ ဤအပြောင်းအလဲက သူ့ကို ပြန်လည် သုံးသပ်ရန်သာ လှုံ့ဆော်ပေးခဲ့ပြီး ဤကဲ့သို့သော ခံစားချက်မျိုးကို သူ အတော်လေး နှစ်သက်၏။

သူက လင်းယုန် တစ်ကောင်ကို ပြုစုပျိုးထောင်ခဲ့ပြီး ၎င်း ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ကာ ယခုအခါ ၎င်းက ကောင်းကင်ယံဆီသို့ ပျံသန်းသွားသည်ကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။

လောကကြီးရှိ အကြောင်းအကျိုး တွေက အချင်းချင်း ယှက်နွယ်နေပြီး ဆုံဆည်းလိုက်၊ ကွဲကွာသွားလိုက်နဲ့ မတူညီတဲ့ ကံကြမ္မာတွေဆီကို ဦးတည်သွားကြတာပဲ... ကံကြမ္မာကို ထိုးဖောက် မြင်နိုင်ပြီး ဆက်သွယ်မှု တိုင်းကို ခံစားနေတာပဲ...

ထျန်ဟောက် ကို ကြည့်ပြီးနောက် ကုအန်က ကျန်းချုံး၊ လီရွှမ်တောက်၊ လူသားကမ္ဘာတောင်ထိပ်၏ ကျင့်ကြံသူများနှင့် သူစိမ်းများ နီးပါး ဖြစ်သွားကြသော အခြားသူများ ကဲ့သို့သည့် မိတ်ဆွေဟောင်းများ ထံသို့ လှည့်ကြည့်လိုက်၏။

နှစ်ပေါင်း တစ်သန်း ခြောက်သိန်း ရှစ်သောင်း ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ထိုစဉ်က မိတ်ဆွေဟောင်းများ ထဲတွင် ဆယ်ပုံတစ်ပုံ အောက်သာ အသက်ရှင် ကျန်ရစ်တော့သော်လည်း ယနေ့တိုင် အသက်ရှင် ကျန်ရစ်သူများက မဟာစွမ်းအားရှင် များ ဖြစ်လာကြပြီး လေးစားမှုကို ရရှိထားကြ၏။

သူတို့ကို ကြည့်ရင်း ကုအန်က အတိတ်ကို ပြန်လည် သတိရနေမိသည်။

ပိုမို မြင့်မားသော ကျင့်ကြံခြင်း ဖြင့် ကုအန်က ပိုမိုများပြားသော အကြောင်းအကျိုး များကို မြင်တွေ့နိုင်စွမ်း ရှိပြီး ၎င်းမှာ မှတ်ဉာဏ်များစွာ ပိုင်ဆိုင်ခြင်းနှင့် ညီမျှပေသည်။ အတိတ်က မှတ်ဉာဏ်များက အဆက်မပြတ် ဖိသိပ်ထားသဖြင့် ဘယ်သောအခါမှ မမေ့ပျောက်သော်လည်း နေ့စဉ်ဘဝတွင် ၎င်းတို့ကို အလွယ်တကူ လျစ်လျူရှုထားလေ့ ရှိ၏။

သူ၏ လမ်းကြောင်းကို သူ မမေ့ချင်ချေ။

ရွှမ်ချီကမ္ဘာဦး အမတ အဆင့်သို့ ချိုးဖျက်ဝင်ရောက် ပြီးကတည်းက ကုအန်က သူ၏ စိတ်နေသဘောထား ပြောင်းလဲလာသည်ကို ခံစားလာရသည်။ သူ၏ ကြီးမားလှသော စွမ်းအားက အရာများစွာ အပေါ် တဖြည်းဖြည်း ဂရုမစိုက်ဖြစ်လာအောင် လုပ်ဆောင်နေ၏။

အမတများ နဲ့ သာမန် လူသားတွေ ကြားက ကွာခြားချက်က အစစ်အမှန်ပဲ...

သာမန် လူသားများ သည် အပင်များနှင့် သစ်ပင်များကို ကိုယ်ချင်းစာ၍ မရနိုင်သကဲ့သို့ ၎င်းမှာ အခြေခံ ကွာခြားချက် တစ်ခုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ကောင်းကင်နန်းတော် ၏ အမတများက သက်ရှိ သတ္တဝါ အားလုံးအပေါ် အဘယ်ကြောင့် ဤမျှ ဂရုမစိုက်သနည်း ဆိုသည်ကို ကုအန် နောက်ဆုံးတွင် နားလည်သွား၏။ မသေနိုင်၊ မပျက်စီးနိုင်သော သူတို့၏ အကြွင်းမဲ့ စွမ်းအားက လောကကြီး၏ မည်သည့် အသွင်ပြောင်းမှုကိုမဆို မျက်မြင်ကိုယ်တွေ့ မြင်တွေ့နိုင်စွမ်း ရှိစေသည်။ သူတို့အတွက် အရာအားလုံးက အဓိပ္ပာယ်မဲ့နေပြီး သူတို့၏ ကိုယ်ပိုင် အဆင့်အတန်း ပြောင်းလဲမှုများ သာလျှင် အရေးပါသော အရာများ ဖြစ်ပေသည်။

ကုအန်အတွက်မူ လမ်းတစ်လျှောက်ရှိ ပွင့်လန်းနေသော ပန်းများနှင့် ညှိုးနွမ်းနေသော ပန်းများက သက်ရှိ တစ်ဦးချင်းစီ ကို ကိုယ်စားပြု၏။

တဖြည်းဖြည်းနှင့် သူ၏ ခြေလှမ်း တစ်လှမ်းစီတိုင်းနှင့်အတူ ပတ်ဝန်းကျင် ရှုခင်းများက စတင် ပြောင်းလဲလာသည်။

လမ်းလျှောက်နေခြင်းကို သူ ရပ်တန့်လိုက်သောအခါ လယ်ကွင်း တစ်ခုထဲသို့ ရောက်နေကြောင်း တွေ့လိုက်ရပြီး ရွှေရောင် စပါးခင်းများက နေရောင်ကို ထင်ဟပ်နေကာ အဝေးတွင် ကျေးရွာ တစ်ရွာ ရှိပြီး မီးခိုးများ ညင်သာစွာ ထွက်ပေါ်နေ၏။

ကုအန်က အလုပ်လုပ်နေသော အသက်ကြီး လယ်သမား တစ်ဦးကို လှည့်ကြည့်၍ ပြုံးကာ မေးလိုက်သည်။ "အဘိုး... ဒီအရွယ်ထိ အလုပ်လုပ်နေတုန်းပဲလား... အဘိုးရဲ့ သားသမီးတွေ၊ မြေးတွေကော ဘယ်မှာလဲ..."

အသက်ကြီးလယ်သမား က ဖာထေးထားသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ခါးကုန်းနေကာ အသက် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ခန့် ရှိပုံရပြီး ဖြည်းညင်းစွာ လှုပ်ရှားနေရ၏။ သစ်ခေါက်ကဲ့သို့ ဖြစ်နေသော သူ၏ မျက်နှာပေါ်တွင် ချွေးများ စီးကျနေသော်လည်း သူက ဂရုမစိုက်ပုံရပေ။

ကုအန်၏ စကားကို ကြားသောအခါ သူက အလုပ်ကို ရပ်တန့်၍ ကုအန်ကို ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ပြီး မျက်လုံးများ မှေးကျဉ်းသွားကာ သွားမရှိသော ပါးစပ်က ကြင်နာသော အပြုံးတစ်ခုကို ဖော်ပြလျက် ပြန်ဖြေလိုက်၏။

"ငါ အိုနေပြီ ဆိုပေမဲ့ ခွန်အားတော့ ရှိပါသေးတယ်... သားသမီးတွေကတော့ သူတို့က လွန်ခဲ့တဲ့ နှစ်တွေကတည်းက တောင်ပေါ်က မိစ္ဆာတွေ ဖမ်းသွားတာ ခံခဲ့ရတယ်လေ... ငါ့မှာ မြေးတစ်ယောက်တော့ ရှိပါသေးတယ်... ဒါပေမဲ့ သူက စာသင်နေတယ်လေ၊ မကြာခင် စာမေးပွဲ အောင်ဖို့ ရည်မှန်းထားတာ... ဒီလို အလုပ်ကြမ်းတွေကို သူ ဘယ်လိုလုပ် လုပ်နိုင်မှာလဲ..."

ထိုစကားကို ကြားသောအခါ ကုအန်က အနည်းငယ် ခေါင်းညိတ်လိုက်၏။

အသက်ကြီး လယ်သမား က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ "သခင်လေး က ဘယ်ကလာတာလဲ..."

နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော်လည်း ကုအန်ကဲ့သို့ အကောင်းစား အဝတ်အစားများ ဝတ်ဆင်ထားပြီး အမတ တစ်ပါးကဲ့သို့ ထူးချွန်သော ဟန်ပန် ရှိသူမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

သေချာသည်က အကယ်၍ သူက အစစ်အမှန် အမတ တစ်ပါး ဖြစ်နေလျှင်တောင်မှ လယ်သမား က စိတ်လှုပ်ရှားမည် မဟုတ်ပေ။ သူက ဘဝကို ထိုးဖောက် မြင်နိုင်ပြီး အချိန်မရွေး အဆုံးသတ်ကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီ ဖြစ်၏။

ကုအန်က ပြုံး၍ ပြောလိုက်သည်။ "ကျွန်တော်က အရှေ့ဘက်က လာခဲ့တာပါ... ဒီလူသားကမ္ဘာ ထဲက ရှုခင်းတွေ အားလုံးကို မြင်ချင်လို့ လောကတစ်ခွင် လှည့်လည်သွားလာဖို့ ဆန္ဒရှိတာပါ... ဒီနေရာကို ဖြတ်သွားရင်း အနည်းငယ် ပင်ပန်းလာလို့.. အဘိုး... ကျွန်တော် အဘိုးနဲ့ စကားနည်းနည်း ပြောလို့ ရမလား..."

အဘိုးအို လယ်သမား က ပြုံး၍ ပြောလိုက်၏။ "ရပါတယ် ရပါတယ်...ဒါဆို ငါ့အိမ်ကို သွားကြတာပေါ့.. ငါ့မှာ အရက်ကောင်းတွေ၊ ဟင်းကောင်းတွေ မရှိပေမဲ့ မင်း ရေငတ်ပြေပြီး ဗိုက်ဝစေမယ့် အရာတစ်ခုခုတော့ ကျွေးနိုင်ပါသေးတယ်..."

ကုအန်က ရှေ့သို့ ခြေနှစ်လှမ်း တိုးသွားပြီး မြေပုံ တစ်ခုပေါ်တွင် ထိုင်ကာ ပြုံး၍ ပြောလိုက်သည်။ "မလိုပါဘူး... ဒီမှာပဲ ထိုင်ပြီး အဘိုးနဲ့ စကားပြောပါ့မယ်..."

အဘိုးအိုက သူ၏ ကုန်းနေသော ခန္ဓာကိုယ်ကို ဆန့်တန်းရန် ကြိုးစားရင်း ပေါက်တူးကို မှီကာ ကုအန်ကို ပြုံး၍ ကြည့်နေ၏။

"ကျွန်တော် ခရီးသွားရင်းနဲ့ အမတ ကျင့်ကြံရေး ဂိုဏ်း များစွာနဲ့ ကြုံခဲ့ရတယ်... ဘာလို့ အဘိုးရဲ့ မြေးကို အမတ ကျင့်ကြံရေး ကို မလုပ်ခိုင်းဘဲ စာပေ ပညာရပ်ကို လိုက်စားခိုင်းရတာလဲ..."

ကုအန်က မေးလိုက်သည်။

အဘိုးအို လယ်သမား က ပြုံး၍ ခေါင်းယမ်းကာ ပြောလိုက်၏။ "အမတ ကျင့်ကြံရေး က ဘာကောင်းလို့လဲ... သူရဲ့ မိဘတွေက တစ်ချိန်က အမတ ကံကြမ္မာ ကို ရှာဖွေခဲ့ကြပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက သူတို့မှာ ဝိညာဉ်အမြစ် တွေ မရှိလို့ စိတ်ပျက်ပြီး ပြန်လာခဲ့ကြရတယ်... အဲဒါကို လက်မခံနိုင်လို့ မိစ္ဆာတွေရဲ့ ရတနာတွေကို သွားခိုးရာကနေ မိစ္ဆာတွေ ဖမ်းသွားတာကို ခံလိုက်ရတာပဲ... ငါ့မြေးကို သူတို့ရဲ့ လမ်းစဉ်အတိုင်း မလိုက်စေချင်ဘူး... ဘာပဲဖြစ်ဖြစ် နဂါးက နဂါးကို မွေးပြီး ဖီးနစ်က ဖီးနစ်ကို မွေးတာပဲလေ... တကယ်လို့ ငါ့မြေးမှာသာ အမတ ကံကြမ္မာ ရှိခဲ့ရင် သူ့ရဲ့ မိဘတွေက အမတ ကျင့်ကြံရေး ဂိုဏ်းတွေရဲ့ ငြင်းပယ်တာကို ခံရမှာ မဟုတ်ဘူး..."

"အဘိုးမှာ ပွင့်လင်းတဲ့ အမြင် ရှိတာပဲ... ဒါပေမဲ့ အဘိုးရဲ့ မြေးကကော ဘယ်လို တွေးလဲ..."

"သူကလည်း အမတ ကျင့်ကြံရေး ကို လိုက်စားချင်လောက်ပါတယ်... ဒါပေမဲ့ လောလောဆယ်တော့ ငါ့ကို ပျော်အောင်လို့ စာပေ ပညာရပ်ကို လိုက်စားနေတာပဲ.. ငါတို့ရဲ့ နာမည် မပျောက်ပျက်အောင် မိသားစု တစ်ခု တည်ဆောက်ပြီး အလုပ်အကိုင် တစ်ခု လုပ်ဖို့ သူ မျှော်လင့်နေတယ်လေ..."

ကုအန်နှင့် အဘိုးအို လယ်သမား တို့က သာမန် ကိစ္စများကို ဆွေးနွေးနေသကဲ့သို့ ပေါ့ပေါ့ပါးပါး စကားပြောနေကြပြီး ရည်ရွယ်ချက် ကြီးကြီးမားမား မရှိဘဲ စိတ်ထဲပေါ်လာသမျှကို ပြောနေကြ၏။

သူက နားထောင်ရုံသာမက လမ်းတစ်လျှောက် သူ၏ ကြုံတွေ့ခဲ့ရမှုများကိုလည်း ဝေမျှခဲ့ရာ လောကကြီး၏ ကျယ်ပြောလှမှုကို အဘိုးအို လယ်သမား အား အံ့ဩချီးကျူးသွားစေသည်။

တစ်နာရီခန့် စကားပြောပြီးနောက် နောက်ဆုံးတွင် ကုအန်က မတ်တတ်ထရပ်လိုက်၏။

မြေပုံပေါ်တွင် နေရောင်အောက်၌ ရပ်လျက် သူက ပျင်းရိပျင်းတွဲ အကြောဆန့်လိုက်စဉ် အဘိုးအို က သူ့ကို ပြုံး၍ ကြည့်နေပြီး မကြာမီ ခွဲခွာရတော့မည်ကို ဝမ်းနည်းနေခြင်း မရှိချေ။

"အဘိုး... အဘိုးရဲ့ ခရီးစဉ် အဆုံးသတ်သွားတဲ့ အခါ ကျွန်တော်တို့ ပြန်တွေ့ကြတာပေါ့..."

ကုအန်က အဘိုးအိုကို ငုံ့ကြည့်၍ ညင်သာစွာ ပြုံးကာ ပြောလိုက်သည်။

အဘိုးအို လယ်သမား က ခေတ္တ ရပ်တန့်သွားပြီး မေးလိုက်၏။ "မင်းက တကယ် အမတ တစ်ပါးလား..."

ကုအန်က ပြန်ဖြေလိုက်သည်။ "ကျွန်တော်နဲ့ ယှဉ်ရင် အဘိုးက အစစ်အမှန် အမတ တစ်ပါးပါပဲ"

ထိုစကားကို ကြားသောအခါ အဘိုးအိုက ဝမ်းသာခြင်း သို့မဟုတ် ဇဝေဇဝါ ဖြစ်ခြင်းကို မပြသချေ။ သူက ကြင်နာသော အပြုံးဖြင့် ဆက်လက် ပြုံးနေပြီး မျက်နှာပေါ်မှ ချွေးများကို သုတ်ကာ ပြောလိုက်၏။ "ဟုတ်လား... အဲဒါ တကယ်ဆိုရင်တော့ အရမ်း ကောင်းတာပေါ့... ဒီလိုဆိုရင် ငါ့မြေး စာမေးပွဲ အောင်အောင် ကောင်းချီးပေးလို့ ရတာပေါ့..."

ကုအန်က ထွက်ခွာရန် လှည့်လိုက်ပြီး နှုတ်ဆက်စကား တစ်ခု ချန်ထားရစ်ခဲ့၏။ "အဘိုးက အမတ တစ်ပါး ဖြစ်လာတဲ့အခါ အဲဒါကို ဂရုစိုက်တော့မှာ မဟုတ်ဘူး..."

အခန်း (၇၅၈) မဟာအမတ နတ်စွမ်းအင် နှင့် ရွှမ်ယွမ် လူသားဧကရာဇ်

လူသားကမ္ဘာတွင် နေ့ဝက်ခန့် လှည့်လည်သွားလာပြီးနောက် ကုအန်က ထိုက်ချန်း အင်ပါယာ သို့ ဧည့်သည်အဖြစ် သွားရောက်ခဲ့သည်။

လီရွှမ်တောက် က ဧကရာဇ် ပလ္လင်ပေါ်တွင် ခိုင်မြဲစွာ ထိုင်နေဆဲ ဖြစ်၏။ ထိုက်ချန်း အင်ပါယာ မှ ပြည်သူများ၏ ရင်ထဲတွင် သူက ချန်ထျန်း ကို ကိုယ်စားပြုနေပြီဖြစ်ပြီး မည်သူကမျှ သူ၏ အာဏာကို မစိန်ခေါ်ဝံ့ကြချေ။

ကုအန်နှင့် သူ၏ မိတ်ဆွေဖွဲ့မှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ လီရွှမ်တောက် က သူ၏ ပြည်သူများအပေါ် အမြဲတမ်း စာနာထောက်ထားပြီး ချစ်ခင်ကြင်နာတတ်သည်။ ထိုက်ချန်း အင်ပါယာ အတွင်း၌ အတွင်းရေး ပဋိပက္ခများ ရှိနေသော်လည်း သာမန် ပြည်သူများကတော့ သူ့အပေါ် သစ္စာရှိနေကြဆဲ ဖြစ်၏။

ကုအန်က လူသားများ၏ အတွင်းစိတ် အသံများကို ကြားနိုင်ပြီး မည်သူ့ကိုမဆို ထိုးဖောက်မြင်နိုင်စွမ်း ရှိလေသည်။

သို့သော်လည်း လူတစ်ယောက်၏ တန်ဖိုးကို သူတို့၏ အတွင်းစိတ် အတွေးများအပေါ် အခြေခံ၍ သူ ဘယ်သောအခါမှ မဆုံးဖြတ်ခဲ့ချေ။

လူတိုင်း၏ ရင်ထဲတွင် အမှောင်ဘက်ခြမ်း တစ်ခုစီ ရှိကြ၏။ လီရွှမ်တောက် က ကြီးမားသော ဆိုးယုတ်မှုများကို မကျူးလွန်သရွေ့ ကုအန်က သည်းခံနိုင်ပေသည်။

မကြာသေးမီက လီရွှမ်တောက် တွင် ကိုယ်ပိုင် ပြဿနာများ ရှိနေခဲ့သည်။ ထိုက်ချန်း အင်ပါယာ ၏ ကိစ္စများအတွက် မဟုတ်ဘဲ သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်း အတွက် ဖြစ်၏။ သူလည်း လွတ်ငြိမ်းရာအမတ အဆင့် သို့ ရောက်ရှိနေပြီဖြစ်ပြီး ရှေ့ဆက်တက်လှမ်းရန် ဝင်စားခြင်း ကပ်ဘေး ကို ဖြတ်သန်းရန် လိုအပ်နေသည်။ သို့သော်လည်း ဤကပ်ဘေးက တစ်ရက် နှစ်ရက်နှင့် ပြီးမည့် ကိစ္စ မဟုတ်ချေ။ သူ ဝင်စားခြင်း လမ်းစဉ်ပေါ်သို့ လျှောက်လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် လောကကြီးက သေချာပေါက် ပရမ်းပတာ ဖြစ်သွားပေလိမ့်မည်။

သူ၌ မင်းသား တစ်သိန်းကျော် ရှိပြီး များစွာသော သူများက နာမည်ဆိုးဖြင့် ကျော်ကြားနေကြပြီ ဖြစ်၏။ အကယ်၍ သူသာ ပျောက်ကွယ်သွားပါက ကြီးမားသော ပြဿနာများကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။

ဤအတွက် ကုအန်က မူလဘူတ တာအိုဧကရာဇ် ၏ လမ်းစဉ်ကို လိုက်ရန်သာ သူ့ကို လမ်းညွှန်ပေးနိုင်ခဲ့သည်။

လီရွှမ်တောက် က ယခင်က မူလဘူတ တာအိုဧကရာဇ် ၏ အခွင့်အရေးကို မတော်တဆ ရရှိခဲ့ဖူးသော်လည်း နားလည်နိုင်စွမ်း မလုံလောက်သဖြင့် ၎င်းကို စွန့်လွှတ်ခဲ့ရသည်။

ယခုအခါ မူလဘူတ တာအိုဧကရာဇ် ၏ လမ်းစဉ်က မှန်ကန်သော လမ်းကြောင်း ဖြစ်ကြောင်း ကုအန် ကိုယ်တိုင် ပြောသည်ကို ကြားလိုက်ရသဖြင့် ဤအခွင့်အရေးကို ပြန်လည် သုံးသပ်ရန်မှလွဲ၍ သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့ချေ။

ကုအန်က လမ်းညွှန်ပေးရုံသာ လမ်းညွှန်ပေးခဲ့ပြီး လီရွှမ်တောက် ကို အစွမ်းကုန် ကူညီပေးခြင်း မရှိခဲ့ပေ။

သူ လုံလောက်အောင် ကူညီပေးခဲ့ပြီးပြီ ဖြစ်၏။ သူသာ မရှိလျှင် လီရွှမ်တောက် ယနေ့ ရောက်ရှိနေသည့် နေရာသို့ ရောက်လာမည် မဟုတ်ချေ။ အကယ်၍ လီရွှမ်တောက် က အင်ပါယာ အာဏာကို မထိန်းသိမ်းနိုင်ပါက ၎င်းမှာ စွန့်လွှတ်ရမည့် ကံကြမ္မာ ရှိနေခြင်းကို ဆိုလိုပေသည်။

ကုအန်၏ နေ့ရက်များက အလွန် ရိုးရှင်းလှသည်။ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း၊ တူရိယာများ တီးခတ်ခြင်း၊ စာရေးခြင်း၊ ပန်းချီဆွဲခြင်းနှင့် တစ်ခါတစ်ရံ မိတ်ဆွေဟောင်းများထံ အလည်အပတ် သွားခြင်းတို့ ဖြစ်၏။ ရိုးရှင်းသော်လည်း သူက ပျင်းစရာ ကောင်းသည်ဟု မခံစားရဘဲ ဤကဲ့သို့သော ဘဝမျိုးကို အပြည့်အဝ နှစ်သက်ပေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဆယ်နှစ် ကုန်လွန်သွားခဲ့သည်။

ဤနေ့တွင် မွန်းတည့်ချိန်နား နီးကပ်နေပြီ ဖြစ်သည်။

အန်ကျီကျိုက် က ကုအန်၏ ခြံဝင်းဆီသို့ လူတစ်ယောက်ကို ခေါ်ဆောင်၍ တောင်ပေါ်သို့ တက်လာသည်။ လမ်းတစ်လျှောက်တွင် တတိယမျိုးဆက် တပည့်များ ဖြစ်ကြသော လုကျီတောက် နှင့် လီချင်း တို့က ဆင်းလာကြသည်နှင့် တိုက်ဆိုင်သွား၏။ အန်ကျီကျိုက် ကို မြင်သောအခါ သူတို့ နှစ်ယောက်က ချက်ချင်း နှုတ်ဆက်လိုက်ကြသည်။

အန်ကျီကျိုက် က ဘာမှ သိပ်မပြောဘဲ ခေါင်းညိတ်ပြလိုက်ပြီး သူ၏ အဖော်နှင့်အတူ တောင်ပေါ်သို့ ဆက်တက်သွားသည်။

လုကျီတောက် နှင့် လီချင်း တို့က အန်ကျီကျိုက် ၏ အနောက်ရှိ လူကို စူးစိုက်ကြည့်နေကြသည်။ သူ့ကို ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သော်လည်း သူ၏ နက်နဲသော အငွေ့အသက်က သူသည် သာမန်လူတစ်ယောက် မဟုတ်ကြောင်း ညွှန်ပြနေ၏။

ခဏအကြာတွင် အန်ကျီကျိုက် က ထိုလူကို ခြံဝင်းထဲသို့ ခေါ်ဆောင်သွားပြီး ကုအန်ကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။

ကုအန်က လွှဲကုလားထိုင် ပေါ်တွင် လှဲလျောင်းရင်း စာအုပ်ဖတ်နေသည်။ သူက ညင်သာစွာ ပြောလိုက်သည်။ "မင်း သွားလို့ ရပါပြီ..."

အန်ကျီကျိုက် က ချက်ချင်း ဆုတ်ခွာသွားတော့၏။ ရတနာ သန့်စင်မီးဖို ရှေ့တွင် တရားထိုင်နေသော ရှန်းကျန် က ခေါင်းလှည့်၍ ထိုက်ရိ အမတအရှင်မြတ် ကို စိုက်ကြည့်လိုက်သည်။

ကုအန်၏ ဘေးတွင် ရပ်နေသော ထိုက်ရိ အမတအရှင်မြတ် က သူ၏ အစစ်အမှန် ပုံစံသို့ ပြန်လည် ပြောင်းလဲသွားပြီ ဖြစ်သည်။ သူ၏ ခေါင်းအနောက်ရှိ တရားဓမ္မ ပုံရိပ်က အနည်းငယ် လှုပ်ယမ်းနေပြီး အမတနတ်ဘုရား တစ်ပါး၏ ဟန်ပန်ကို ထုတ်လွှတ်နေသည်။

ကုအန်က လှည့်လိုက်ပြီး စာအုပ်ကို ဝတ်ရုံထဲ ထိုးထည့်ကာ ထိုက်ရိ အမတအရှင်မြတ် ကို ပြုံး၍ ကြည့်လိုက်၏။ သူက မေးလိုက်သည်။ "ဘယ်လိုလဲ... မင်းရဲ့ မြေးအကြောင်း တွေးနေတုန်းပဲလား..."

ထိုက်ရိ အမတအရှင်မြတ် ၏ အမူအရာက ဂရုမစိုက်သကဲ့သို့ ရှိနေပြီး လွန်ခဲ့သော ဆယ်နှစ်က သူ ပုံဖော်ခဲ့သော အဘိုးအို နှင့် လုံးဝ ကွဲပြားခြားနားနေ၏။ သူတို့ နှစ်ဦးကို ဆက်စပ်ကြည့်ရန်ပင် မဖြစ်နိုင်ချေ။

"ဘဝပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးပြီပဲ... ဘဝတိုင်းမှာ သံယောဇဉ် တွေကို ဘယ်လိုလုပ် ဆုပ်ကိုင်ထားနိုင်မှာလဲ..." ထိုက်ရိ အမတအရှင်မြတ် က ပြန်ဖြေလိုက်သည်။

သူက ခေတ္တ ရပ်တန့်၍ ပြောလိုက်၏။ "အမတအရှင်မြတ် တစ်ပါး မဖြစ်လာခင်ကတည်းက ငါက မရေမတွက်နိုင်တဲ့ ဝင်စားခြင်းတွေကို ဖြတ်သန်းခဲ့ပြီးပြီ... တကယ်လို့ ဝင်စားခြင်းကနေတစ်ဆင့် ငါ့ရဲ့ နတ်ဘုရား သဘာဝကို ဖျောက်ဖျက်ပစ်ဖို့ ရည်ရွယ်တယ် ဆိုရင် အဲဒါက မဖြစ်နိုင်ဘူး... ဒါက ငါ ကိုယ်တိုင်တောင် ပြောင်းလဲလို့ မရဘူး..."

ကုအန်က မတ်တတ်ထရပ်လိုက်ပြီး ခြံဝင်း တံခါးပေါက်ဆီသို့ ခေါင်းလှည့်ကာ ထိုက်ရိ အမတအရှင်မြတ် ကို လိုက်ခဲ့ရန် အချက်ပြလိုက်သည်။

ထိုက်ရိ အမတအရှင်မြတ် က ဘာမှ မပြောဘဲ ကုအန် နောက်သို့ လိုက်သွားသည်။

သူတို့ သိပ်ဝေးဝေး မသွားဘဲ ခြံဝင်း အပြင်ဘက်ရှိ တောင်ကမ်းပါး ဆီသို့သာ သွားကြခြင်း ဖြစ်သည်။

ကုအန်က အဝေးရှိ တောင်တန်းများ ကြားမှ သက်တံကို ကြည့်၍ ပြောလိုက်၏။ "ဒီကမ္ဘာမှာ ဝင်စားတဲ့ ကောင်းကင်သားတော် ကို သဘောကျလို့ မင်း ဒီကို ရောက်လာတာ မဟုတ်လား... အခု မဟာကမ္ဘာ သုံးထောင် က ကောင်းကင်သားတော်တွေ ကြားက ပြိုင်ပွဲ တစ်ခုကို ရင်ဆိုင်ရတော့မယ်...ဒါပေမဲ့ မင်း ရွေးချယ်ထားတဲ့ သူက လောကီအနှောင်အဖွဲ့ တွေထဲမှာ ပိတ်မိနေတုန်းပဲ... ဒီအပေါ် မင်း ဘယ်လို မြင်လဲ..."

"ကောင်းကင်သားတော်တွေ ကြားက ပြိုင်ပွဲ လား..."

ထိုက်ရိ အမတအရှင်မြတ် ၏ မျက်ခုံးများ ပင့်တက်သွားသော်လည်း အံ့အားသင့် မသွားဘဲ လှောင်ပြောင်၍ ပြောလိုက်၏။ "အဲဒီ ကောင်းကင်သားတော် နှစ်ပါးက သူတို့ရဲ့ ရည်မှန်းချက်တွေကို တကယ်ကို မဖိနှိပ်နိုင်ကြတော့ဘူးပဲ..."

ကုအန်က သူ့ဘက်သို့ လှည့်ကာ သူ ဆက်ပြောမည်ကို စောင့်ဆိုင်းနေသည်။

"အဲဒီ ကောင်းကင်သားတော် နှစ်ပါးက မဟာအမတ နတ်စွမ်းအင် နဲ့ ရွှမ်ယွမ် လူသားဧကရာဇ်တို့ပဲ... သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေက အကောင်းဆုံးတွေထဲမှာ မပါပေမဲ့ သူတို့ရဲ့ မိခင်တွေက ကောင်းကင်ဧကရာဇ် ရဲ့ မျက်နှာသာပေးမှုကို ရထားကြတယ်လေ... ပါရမီ မရှိကြတော့ သူတို့က မဟာကမ္ဘာ သုံးထောင် နဲ့ ကစားပွဲ တစ်ခု ကစားဖို့ တွေးလိုက်ကြတာပေါ့... သူတို့က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေကြတယ်... ငါ့အမြင်တော့ ဘယ်သူမှ အခွင့်အရေး မရှိဘူး..."

ထိုက်ရိ အမတအရှင်မြတ် က အေးစက်စွာ နှာမှုတ်လိုက်ပြီး ထို ကောင်းကင်သားတော် နှစ်ပါးကို သိသိသာသာ အထင်အမြင် သေးနေပုံရ၏။

ကုအန်က ပြုံး၍ မေးလိုက်သည်။ "ဒါဆို မင်း ထောက်ပံ့ချင်တဲ့ ကောင်းကင်သားတော် ကိုကော ဘယ်လို ထင်လဲ... သူ ကောင်းကင်ဧကရာဇ် ဖြစ်လာမယ့် မျှော်လင့်ချက် ရှိလား..."

ထိုက်ရိ အမတအရှင်မြတ် က ပြန်ဖြေလိုက်၏။ "ဘယ် ကောင်းကင်သားတော် မှ ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်မှာ မဟုတ်ဘူး... သူ့ကို ငါ ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းက သူ နောက်ဆုံးမှာ ကောင်းကင်နန်းတော် ကို ပြန်လာပြီး အရှင်မင်းကြီး ရဲ့ မျက်နှာသာပေးမှုကို ရလိမ့်မယ်လို့ ငါ ယုံကြည်လို့ပဲ... နောက်ဆုံးတော့ သူက ကောင်းကင်နန်းတော် ရဲ့ စစ်နတ်ဘုရား ဖြစ်လာလိမ့်မယ်... ဒါက ငါ့ရဲ့ အခွင့်အရေးပဲ..."

"အဲလို ဆိုမှတော့ ဒီကမ္ဘာမှာပဲ နေလိုက်ပါ... အနာဂတ်မှာ မင်းအတွက် လမ်းကြောင်းတစ်ခု ငါ ဖောက်ပေးပါ့မယ်..."

စကားပြောနေစဉ် ကုအန်က သူ၏ ခါးမှ ရွှေဂူ အမတ ခုနစ်ဆယ့်နှစ်ပါး အဖြစ် အသွင်ပြောင်းထားသော သစ်သားတိုကင် တစ်တွဲကို ဖြုတ်ယူ၍ ထိုက်ရိ အမတအရှင်မြတ် ထံသို့ ပစ်ပေးလိုက်၏။

ထိုက်ရိ အမတအရှင်မြတ် က ကုအန်ကို နက်နဲသော အဓိပ္ပာယ်များ ပါဝင်သည့် မျက်လုံးများဖြင့် ကြည့်ကာ သတိထား၍ မေးလိုက်သည်။ "မင်းက ကောင်းကင်နန်းတော် ထဲ ဝင်ဖို့ ရည်ရွယ်ထားတာလား...ဒါမှမဟုတ် တခြား အစီအစဉ်တွေ ရှိလို့လား..."

ကုအန်က အလွန် အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ဇာစ်မြစ် ရှိသဖြင့် သူက သတိထားရမည် ဖြစ်၏။

အကယ်၍ ကုအန်ကို သူ စော်ကားမိလျှင်တောင် ကောင်းကင်နန်းတော် ၏ ကံကြမ္မာကို အားကိုး၍ မသေနိုင်အောင် နေနိုင်သော်လည်း ကုအန်က ကောင်းကင်နန်းတော် ကို ဆန့်ကျင်ရန် ရည်ရွယ်ထားပါက သူ၏ အသက်ကို ပေးဆပ်ရပေလိမ့်မည်။

အမတနတ်ဘုရားများ က သူတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ အတွက် ယှဉ်ပြိုင်ကောင်း ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း ကောင်းကင်နန်းတော် ၏ လုံခြုံရေး နှင့် ပတ်သက်လာပါက သူတို့ အားလုံး တညီတညွတ်တည်း ရပ်တည်ကြမည် ဖြစ်၏။ ဤသည်မှာ ကောင်းကင်တာအို ကံကြမ္မာ ၏ လုပ်ဆောင်ချက်များထဲမှ တစ်ခု ဖြစ်သည်။

"စိတ်ချပါ... ကောင်းကင်နန်းတော် ကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက် ငါ့မှာ မရှိပါဘူး... ထျန်ဟောက် နဲ့ ငါက တိုက်ဆိုင်မှု တစ်ခုကြောင့် ဆက်သွယ်မိရုံပါပဲ... မင်း ဝင်စားခြင်း သံသရာထဲ ရောက်နေတုန်း သူ့ရဲ့ အမတနတ်ဘုရား ဆရာ ဖြစ်တဲ့ ထာဝရအသက် အရှင်မြတ် က ရောက်လာပြီး အမတအဖြစ် တက်လှမ်းဖို့ အခွင့်အရေး တစ်ခု ပေးခဲ့တယ်... အဲဒါကို ငါ့ရဲ့ တခြား တပည့် တစ်ယောက်ကို ငါ ပေးလိုက်တယ်လေ..."

"သေချာတာပေါ့... မင်း ဆန္ဒရှိရင် အခု ထွက်သွားလို့ ရပါတယ်... အားလုံး မင်း သဘောပါပဲ..."

ကုအန်က ပြုံး၍ ပြောလိုက်၏။ ယန်ကျန်း အမတအဖြစ် တက်လှမ်းသွားသဖြင့် ကောင်းကင်နန်းတော် နှင့် သူ၏ ပဋိပက္ခမှာ သိပ်အရေးမကြီးတော့ချေ။ ထိုက်ရိ အမတအရှင်မြတ် က ပြန်သွားပြီး အခြေအနေကို နားလည်သွားသည်နှင့် တစ်ပြိုင်နက် သူ့ကို ဆက်လက် ဆန့်ကျင်ဝံ့တော့မည် မဟုတ်ပေ။

သေချာသည်က သူ၏ ယုံကြည်မှုက သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်း အဆင့်မှလည်း လာခြင်း ဖြစ်၏။

ပြိုင်ဘက်ကင်း ဖြစ်သည်ဟု မပြောနိုင်သော်လည်း ကောင်းကင်နန်းတော် တွင် သူ့ထက် အစွမ်းထက်သူ များများစားစား မရှိတော့ချေ။

ထိုစကားကို ကြားသောအခါ ထိုက်ရိ အမတအရှင်မြတ် က ခါးသက်သက် ပြုံးလိုက်သည်။

ကုအန်၏ စကားများကို သူ ယုံကြည်၏။ သူ၏ ယခင် လုပ်ရပ်များက စွဲလမ်းလွန်းရာ ကျ၏။ ပို၍ တိကျစွာ ပြောရလျှင် မာနကြီးလွန်းရာ ကျသည်ဟုသာ သူ ထင်မှတ်လိုက်၏။

"ငါ နေခဲ့ဖို့ ဆန္ဒရှိပါတယ်...ရွှေဂူအမတ ခုနစ်ဆယ့်နှစ်ပါး လည်း ဒီလူသားကမ္ဘာ အတွက် ဘာတွေ ချန်ထားခဲ့နိုင်မလဲ ဆိုတာကို ကြည့်ရတာပေါ့"

ထိုက်ရိ အမတအရှင်မြတ် က ရုတ်တရက် ကြင်နာစိတ် ဝင်လာ၍ ပြောလိုက်ခြင်း မဟုတ်ဘဲ ကုအန်ကဲ့သို့ ကြောက်မက်ဖွယ် ပုဂ္ဂိုလ်တစ်ဦး ဤနေရာတွင် ရှိနေသဖြင့် ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ က မဟာကမ္ဘာ သုံးထောင် ကို ကျော်လွန်ကာ ပိုမို မြင့်မားသော နယ်မြေ တစ်ခု ဖြစ်လာရန် သေချာနေကြောင်း သူ သိသောကြောင့် ဖြစ်၏။ ဤအရာကို ပိုမို ထင်ပေါ်လာစေရန်နှင့် ကုအန်အပေါ် စေတနာကောင်း ပြသရန် သူက ဆန္ဒရှိနေလေသည်။

ကုအန်က ၎င်းကို မငြင်းဆန်ခဲ့ချေ။ အရှေ့ရှိ တောင်များနှင့် မြစ်များကို လှမ်းကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။ "ကြည့်လိုက်ပါ... ဒီလူသားကမ္ဘာ ရဲ့ ရှုခင်းတွေက ကောင်းကင်ဘုံ တွေထက် နိမ့်ကျနေလို့လား..."

ထိုက်ရိ အမတအရှင်မြတ် က အဝေးသို့ လှမ်းကြည့်၍ ပြန်ဖြေလိုက်၏။ "ကောင်းကင်နဲ့ မြေကြီးက မဟာတာအို ရဲ့ အပြည့်စုံဆုံးသော ဖန်ဆင်းမှုတွေ ဖြစ်ပြီး တစ်ခုစီမှာ ကိုယ်ပိုင် အလှတရားတွေ ရှိကြတယ်လေ... ဒါပေမဲ့ အမတနတ်ဘုရားတွေ က အသက်ရှည်လွန်းတော့ အရာအားလုံးက နောက်ဆုံးမှာ သူတို့ရဲ့ ဆန်းသစ်မှုကို ဆုံးရှုံးသွားရတာပေါ့... အမတနတ်ဘုရားတွေ သာမကဘဲ တာအိုကျင့်ကြံသူ တိုင်းက ဒီလိုပဲ ခံစားရတာ... မင်းကော ဒီလို မထင်ဘူးလား..."

All Chapters