အခန်း (၇၅၉-၇၆၀)
Vol. 64 Ch. 759-760
အခန်း (၇၅၉) လူတိုင်းရဲ့ ရှေ့ကနေ လျှောက်လှမ်းခြင်း
ထိုက်ရိ အမတအရှင်မြတ် ၏ စကားများက လေပြင်းလေးနှင့်အတူ လွင့်မျောသွားပြီး ကောင်းကင်နှင့် မြေကြီးတွင် မည်သည့် အရိပ်အယောင်မျှ ကျန်ရစ်မနေခဲ့ချေ။
သူ၏ အကြည့်ကို လိုက်ကြည့်ရင်း ကုအန်က တိုးတိုးလေး ရယ်မောကာ ပြောလိုက်သည်။ "မင်းရဲ့ နတ်ဘုရား သဘာဝကို ကျွမ်းကျင်ပိုင်နိုင်သွားတဲ့အခါ ပိုမြင့်တဲ့ အဆင့်တစ်ခုကို မင်း ရောက်သွားနိုင်ကောင်း ရောက်သွားနိုင်ပါတယ်..."
ဤစကားများက ထိုက်ရိ အမတအရှင်မြတ် ၏ အမူအရာကို ပြောင်းလဲသွားစေ၏။
ထို့နောက် သူတို့ နှစ်ယောက်စလုံး တိတ်ဆိတ်သွားကြပြီး အဝေးသို့ တိတ်တဆိတ် ငေးကြည့်နေလိုက်ကြသည်။
နံ့သာတိုင် တစ်တိုင်စာ အချိန် ကုန်လွန်ပြီးနောက် နောက်ဆုံးတွင် ထိုက်ရိ အမတအရှင်မြတ် က ကုအန်ကို နှုတ်ဆက် ထွက်ခွာသွားပြီး ကုအန်ကလည်း သူ့ကို နေခဲ့ရန် မတောင်းဆိုခဲ့ချေ။
ထိုက်ရိ အမတအရှင်မြတ် က ဝိညာဉ်ကိုးပါး တိုက်ကြီး မှ ထွက်ခွာသွားပြီးမှသာ ကုအန်က သူ၏ ခြံဝင်းဆီသို့ လှည့်သွား၏။
ဤအလှည့်နှင့်အတူ လူသားကမ္ဘာ ၏ အခန်းကဏ္ဍသစ် တစ်ခု စတင်ခဲ့တော့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် နှစ်တစ်သန်း ကုန်လွန်သွားခဲ့ပြီး မည်သည့်အခါမျှ ပြန်မလာတော့မည့် အရှိန်အဟုန်ဖြင့် စီးဆင်းနေသော ကျယ်ပြောလှသည့် ပင်လယ်ကြီး တစ်ခုကဲ့သို့ ပင်။
ယခုနှစ်တွင် ကုအန်၏ သက်တမ်းက နောက်တစ်ကြိမ် ၁ ကွဒရီလီယံ သို့ ချိုးဖျက်ဝင်ရောက်သွားပြန်၏။ ဤသက်တမ်း အဆင့်ချိုးဖျက်ခြင်း ကို အသုံးပြု၍ သူက နောက်ထပ် အဆင့်ချိုးဖျက်ရန် အခြားနေရာများသို့ ကူးပြောင်း သွားရောက်ခဲ့သော်လည်း သူ၏ သက်တမ်း ၂.၃ထရီလီယံ ခန့်သာ ကျန်ရှိတော့သည်အထိ သုံးစွဲပြီးနောက် ရွှမ်ချီကမ္ဘာဦး အမတ အဆင့် ၏ နှောင်းပိုင်းအဆင့် သို့သာ ရောက်ရှိခဲ့ပြီး အထွတ်အထိပ် အဆင့် နှင့် အဝေးကြီး ဝေးကွာနေဆဲ ဖြစ်သည်။
ရွှမ်ချီကမ္ဘာဦးအမတ အဆင့် ၏ နှောင်းပိုင်းအဆင့် က အစောပိုင်းအဆင့် နှင့် များစွာ ကွာခြားလှ၏။ ကုအန်မှာ ပြန်လည် မွေးဖွားလာသကဲ့သို့ ခံစားရပြီး သူ၏ လက်ရှိ အမြင့်သို့ ရောက်ရှိလာချိန်တွင် ဤမျှ ကြီးမားသော ကွာဟချက်ကို ခံစားနေရဆဲ ဖြစ်ခြင်းက နှောင်းပိုင်းနှင့် အစောပိုင်း အဆင့်များ အကြားရှိ ကြီးမားလှသော ခြားနားချက်ကို ပြသနေပေသည်။
ကုအန်က သူ၏နယ်မြေသို့ ပြန်လာခဲ့သော်လည်း သူ၏ အိမ်သို့ တိုက်ရိုက် မသွားဘဲ ဝိညာဉ်ကိုးပါး တိုက်ကြီး တစ်ဝိုက်တွင် လှည့်လည် သွားလာနေ၏။
ကောင်းကင်ယံတွင် ကမ္ဘာ့ဂိတ်တံခါး က တိမ်များကို ထိုးဖောက်နေပြီး မိုင်ထောင်ပေါင်းများစွာ အဝေးမှပင် မြင်တွေ့နိုင်ပေသည်။ ကုအန်က တောင်ကုန်း လမ်းလေး တစ်လျှောက် လမ်းလျှောက်နေစဉ် ၎င်းကို အဝေးမှ မြင်တွေ့နေရပြီး လူသားကမ္ဘာ တွင် ခမ်းနားကြီးကျယ်ဆုံးသော တောင်ထွတ်ကြီး တစ်ခုကဲ့သို့ ၎င်း၏ စွမ်းအားကို ပြသနေ၏။
ဝိညာဉ်ကိုးပါး တိုက်ကြီး က လောကနှင့် အဆက်အသွယ် ဖြတ်ထားပြီး အမတ ကျင့်ကြံရေး ၏ ကြွယ်ဝသော လေထု ရှိသည်။ လူသားကမ္ဘာ ရှိ အစွမ်းအထက်ဆုံး ဂိုဏ်းများ ပင်လျှင် နှိုင်းယှဉ်၍ မရနိုင်ချေ။ နယ်မြေအတွင်းရှိ ဝိညာဉ်စွမ်းအင် နှင့် တာအိုဆန္ဒ များကြောင့် နှစ်တစ်သန်း ကာလအတွင်း လွတ်ငြိမ်းရာအမတ များစွာ မွေးဖွားလာခဲ့ပြီး သူတို့ အားလုံးက ကမ္ဘာ့ဂိတ်တံခါး မှတစ်ဆင့် အခြား ကမ္ဘာများသို့ ထွက်ခွာသွားကြ၏။
သေချာသည်က လွတ်ငြိမ်းရာအမတ များသာ ကမ္ဘာ့ဂိတ်တံခါး ထဲသို့ ဝင်ရောက်နိုင်သည် မဟုတ်ချေ။ ဆန္ဒရှိသူ မည်သူမဆို လွတ်လပ်စွာ ဝင်ရောက်နိုင်ပြီး တိုက်ကြီးကို လူပြည့်ကျပ်မသွားအောင် ကာကွယ်ပေးထား၏။
ရှည်လျားသော နှစ်များ တစ်လျှောက် ပြင်ပလူများက ဝိညာဉ်ကိုးပါး တိုက်ကြီး အတွင်းသို့ တစ်ခါတစ်ရံ ဝင်ရောက်လာတတ်ကြသော်လည်း ဝိညာဉ်ကိုးပါးတိုက်ကြီး တွင် တိုက်ကြီး၏ အစွန်း၌ ကာကွယ်ရေးအစီအရင်များ ရှိနေသဖြင့် သာမန် လူများ ခိုးဝင်လာခြင်းမှ တားဆီးပေးထားသည်။
မကြာသေးမီက အစွမ်းထက်သော လွတ်ငြိမ်းရာအမတ တစ်ပါးက ခိုးဝင်နိုင်ခဲ့၏။
ကုအန်က ဤ လွတ်ငြိမ်းရာအမတ ဆီသို့ ဦးတည်သွားနေပြီး သူ၏ မျက်လုံးများထဲတွင် ထိုပုံရိပ်က ထင်ဟပ်နေပြီ ဖြစ်သည်။
တကယ်ပဲ မင်း ကြီးပြင်းလာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်နေပြီပဲ...
ကုအန်က သူ၏ ရင်ထဲတွင် သက်ပြင်းချလိုက်ပြီး လေပြင်းလေးက သူ၏ အဖြူရောင် ဝတ်ရုံနှင့် အနက်ရောင် အင်္ကျီကို လှုပ်ခတ်သွားစေ၏။ အဆင့်ချိုးဖျက်ပြီးနောက် အခြေအနေ ကောင်းနေသဖြင့် ကူညီပေးရန် သူ ဆုံးဖြတ်လိုက်သည်။
သူက အေးအေးဆေးဆေး ရှေ့ဆက်သွားရာ ခြေလှမ်း တစ်လှမ်းစီတိုင်းနှင့်အတူ သူ၏ ခြေအောက်တွင် ပန်းများ ပွင့်လန်းလာပြီး လမ်းတစ်လျှောက် သက်ဝင်လှုပ်ရှားမှုများကို ဆောင်ကြဉ်းပေးနေ၏။
လက်ဖက်ရည် တစ်ခွက်စာ အချိန်၏ ထက်ဝက်ခန့် ကြာပြီးနောက် ကုအန်က တောအုပ်တစ်ခုကို ဖြတ်ကျော်ကာ တောင်များ ဝိုင်းရံထားသော ရေကန်တစ်ခုသို့ ရောက်ရှိလာ၏။ သူ၏ အကြည့်က ရေကန် အလယ်ရှိ မဏ္ဍပ်ငယ်လေး တစ်ခုပေါ်သို့ ကျရောက်သွား၏။ ထိုနေရာတွင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသား တစ်ဦးက လက်နောက်ပစ်လျက် ရေကန်ပေါ်ရှိ ကြာပန်းများကို ငေးကြည့်ကာ အတွေးထဲ နစ်မြုပ်နေလေသည်။
ဤအမျိုးသားမှာ အခြားသူ မဟုတ်ဘဲ လီယ ၏ တပည့် လီရှန်းယို ပင် ဖြစ်၏။
အရွယ်ရောက်လာပြီ ဖြစ်သော လီရှန်းယို က အောင်မြင်သော ပညာရှိ တစ်ဦး၏ ဟန်ပန်ကို ပိုင်ဆိုင်နေပြီဖြစ်ပြီး ဤလှပသော ရှုခင်းနှင့် ပေါင်းစပ်လိုက်သောအခါ လူသားကမ္ဘာ ၏ အမတ တစ်ပါးနှင့် တူနေသည်။
"မင်း တစ်ယောက်တည်း ရှုခင်းတွေ လာခံစားနေတာလား..."
အသံတစ်သံက လီရှန်းယို ၏ နားထဲသို့ ရောက်ရှိလာပြီး သူ့ကို လန့်ဖျပ်သွားစေ၏။ သူက ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ခြံဝင်းထဲရှိ ကုအန်ကို မြင်တွေ့လိုက်ရသောအခါ သူ၏ တာအို နှလုံးသား က တုန်ရီသွားတော့သည်။
ကြောက်ရွံ့မှုကနေ ပျော်ရွှင်မှု အဖြစ် ပြောင်းလဲသွား၏။
"ဦး...ဆရာ ဦးလေး..."
လီရှန်းယို မှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီနေပြီး သူ၏ လက်များကို ဘယ်နေရာ ထားရမှန်း မသိအောင် ဖြစ်နေ၏။
ကုအန်က ညင်သာစွာ ပြုံး၍ မေးလိုက်သည်။ "မင်းရဲ့ ဆရာ ဘယ်လိုနေလဲ... သူ အဆင်ပြေရဲ့လား..."
ထိုစကားကို ကြားသောအခါ လီရှန်းယို က တိုက်ရိုက် ဒူးထောက်ချလိုက်ပြီး အံကြိတ်၍ ပြောလိုက်၏။ "ဆရာဦးလေး... ကျွန်တော့် ဆရာ ရူးသွားပြီ... ကျေးဇူးပြုပြီး သူ့ကို ကယ်ပါဦး..."
"ဘယ်လို ရူးသွားတာလဲ..."
ကုအန်က အံ့အားသင့် မသွားဘဲ တည်ငြိမ်စွာ မေးလိုက်ပြီး လီရှန်းယို ကို ထူမပေးခဲ့ချေ။
လီရှန်းယို က အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။ "ချန်ချွမ်ဆီမှာ ရှုံးနိမ့်သွားကတည်းက သူက မိစ္ဆာကောင်ကောင် ဝင်ပူးသွားသလိုပဲ... ဓားတာအို ကို စွဲလမ်းစွာ ကျင့်ကြံပြီး နေရာအနှံ့က ဓားကျင့်ကြံသူ တွေကို စိန်ခေါ်နေခဲ့တယ်... နိုင်တာတွေ ရှိသလို ရှုံးတာတွေလည်း ရှိတယ်လေ... သူ့ရဲ့ စွဲလမ်းမှုက လူတွေများကြီး စော်ကားမိသွားပြီး လွန်ခဲ့တဲ့ နှစ်တစ်ထောင်က နာမည်ကြီး ဓားကျင့်ကြံသူ တစ်ယောက်ဆီမှာ သူ ရှုံးနိမ့်သွားခဲ့လို့ သူ့ရဲ့ တာအို နှလုံးသား ကွဲအက်သွားခဲ့တယ်... အဲဒီကတည်းက သူက အချိန်အကြာကြီး တံခါးပိတ် နေခဲ့တာ... လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ သူ့ကို ကျွန်တော် ခက်ခက်ခဲခဲ ရှာတွေ့ခဲ့ပေမဲ့ သူက အဓိပ္ပာယ် မရှိတာတွေ ရေရွတ်နေပြီး ကျွန်တော့်ကိုတောင် တိုက်ခိုက်ခဲ့တယ်..."
"ဦးလေး... ကျွန်တော့် ဆရာက ဦးလေးတို့ နှစ်ယောက်က အရင်းနှီးဆုံး လို့ အမြဲတမ်း ပြောခဲ့ဖူးတယ်... ဦးလေး သူ့ကို ကူညီမှပေးပါ"
နားထောင်ပြီးနောက် ကုအန်၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိသော်လည်း လီယ ၏ အဖြစ်အပျက် အားလုံးကို သူ မြင်တွေ့ခဲ့ပြီး ဖြစ်၏။
အကယ်၍ လွန်ခဲ့သော နှစ်တစ်ထောင်က တိုက်ပွဲ အတွင်း ကုအန်သာ သူ့ကို မကယ်တင်ခဲ့ပါက လီယ သေဆုံးသွားမည် ဖြစ်သည်။
သူက တိတ်ဆိတ်သာ ကူညီပေးခဲ့ပြီး ပြိုင်ဘက်ကို အပြစ်ပေးခြင်း မရှိခဲ့ချေ။ အကြောင်းမှာ လီယ က စိန်ခေါ်မှုကို စတင်ခဲ့ခြင်း ဖြစ်ပြီး အလျှော့မပေးသောကြောင့် ဖြစ်၏။
သူတို့၏ ကျင့်ကြံခြင်း အဆင့်များက ဆင်တူသော်လည်း ဓားတာအို အောင်မြင်မှု တွင် ကွာဟချက် တစ်ခု ရှိနေလေသည်။ အနည်းငယ် မှားယွင်းသွားသည်နှင့် တစ်ပြိုင်နက် ကပ်ဘေး ဆိုက်သွားနိုင်ပေသည်။
ကုအန်က သူ၏ အိတ်ကပ်ထဲမှ သစ်သားဓားငယ် တစ်လက်ကို ထုတ်ယူ၍ လီရှန်းယို ထံသို့ ကမ်းပေးကာ ပြောလိုက်၏။ "ဒီဓားကို မင်းရဲ့ ဆရာ့ဆီ ပြန်ယူသွားပေးပါ..."
"ဒါက ဘာလဲ..."
လီရှန်းယို က သစ်သားဓားကို ယူလိုက်ပြီး တွန့်ဆုတ်စွာ မေးလိုက်ရာ သူ၏ နှလုံးခုန်နှုန်းများ မြန်ဆန်လာ၏။
ဤနေရာသို့ ရောက်ရှိနေသည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း ကုအန်ကို မည်သို့ ရှာရမည်ကို သူ မသိခဲ့ချေ။ ဤတိုက်ကြီးပေါ်တွင် မဟာစွမ်းအားရှင် များ အရမ်းများနေသဖြင့် သူ့အတွက် လှုပ်ရှားရန် ခက်ခဲနေခဲ့၏။
သူ၏ ဝင်ရောက်မှုကို ဝူရှီ ၏ တပည့်က ခွင့်ပြုထားကြောင်းကို သူ မသိခဲ့ပေ။ သူ ခိုးဝင်လာသည်နှင့် တစ်ပြိုင်နက် အန်ကျီကျိုက် က အန်ရှင်း ကို ပြောပြခဲ့ပြီး သူမက အကြောင်းအကျိုး မှတစ်ဆင့် လီယ နှင့် သူ၏ ဆက်သွယ်မှုကို တွက်ချက်ကာ နောက်ဆုံးတွင် ကုအန်ကို အသိပေးခဲ့ခြင်း ဖြစ်၏။
"ဒီဓားကို သူ့ဆီ ပေးလိုက်ရုံပါပဲ..."
ကုအန်က ပြောလိုက်ပြီးနောက် ရေကန်ဆီသို့ လှည့်ကြည့်လိုက်သည်။
လီရှန်းယို က မတ်တတ်ထရပ်လိုက်ပြီး သစ်သားဓားကို သေချာစွာ သိမ်းဆည်းလိုက်၏။ ထို့နောက် သူက ကုအန်ကို ကြည့်၍ သတိထားကာ မေးလိုက်သည်။ "ဆရာဦးလေး... ကျွန်တော့် ဆရာ့အပေါ်ဆရာ ဦးလေးရဲ့ သဘောထားက ဘယ်လိုလဲ.. သူက ဘာလို့ ဆရာဦးလေးဆီ မလာချင်တာလဲ..."
နောက်သို့ မလှည့်ဘဲ ကုအန်က ရေကန်ကို ကြည့်၍ ပြန်ဖြေလိုက်၏။ "ငါ့ရဲ့ သဘောထားက ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါဘူး... သူ့ရဲ့ အတွေးတွေကပဲ ဖရိုဖရဲ ဖြစ်လာတာပါ..."
လီရှန်းယို မှာ စိတ်သက်သာရာ ရသွား၏။ ကုအန်က သူ၏ ဆရာကို ဂရုစိုက်ကြောင်း သူ အမြဲတမ်း ခံစားရသော်လည်း သူ၏ ဆရာက တွေးလွန်နေပြီး သူ့ဂုဏ်သိဏ္ခာကို အရမ်း ဂရုစိုက်လွန်းနေခြင်း ဖြစ်သည်။
အကယ်၍ သူ၏ ဆရာသာ သူ၏ မာနကို ဘေးဖယ်ထားပြီး ဆရာဦးလေး၏ နောက်သို့ လိုက်၍ ကျင့်ကြံပါက လောကတွင် အကြီးမြတ်ဆုံးသော ဓားကျင့်ကြံသူ တစ်ဦး သေချာပေါက် ဖြစ်လာပေလိမ့်မည်။
"ရှန်းယို... ငါတို့ တွေ့တာ အခုဆို နှစ်ကြိမ် ရှိပြီ... မင်း ငါ့ကို ဆရာဦးလေး လို့ ခေါ်လို့ ရပါတယ်...မင်းကို ငါ အသိအမှတ် ပြုပါတယ်... မင်းနဲ့ မင်းဆရာ ကြားက သံယောဇဉ်က ဆရာနဲ့ တပည့်ထက် သားအဖနဲ့ ပိုတူတယ် ဆိုတာကို ငါ ခံစားမိတယ်... မင်း သူ့ကို စွန့်ပစ်သွားမယ်လို့ ငါ မထင်ပေမဲ့ သူ့ကို သေချာ ဂရုစိုက်ပေးဖို့တော့ ငါ တောင်းဆိုချင်သေးတယ်..."
ကုအန်က ပြောလိုက်ပြီး လီရှန်းယို ဘက်သို့ လှည့်ကာ ကျေးဇူးတင်သော အပြုံးဖြင့် ကြည့်လိုက်၏။
လီရှန်းယို က တည်ကြည်လေးနက်စွာ ခေါင်းညိတ်၍ ပြောလိုက်သည်။ "ကျွန်တော် လုပ်ပါ့မယ်... ကျွန်တော့် ဆရာသာ မရှိရင် ကျွန်တော် သေသွားတာ ကြာပြီ... ကျွန်တော် တစ်သက်လုံး သူ့ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး..."
"မင်းရဲ့ ဆရာက တိုက်ခိုက်လိုစိတ် ပြင်းပြပြီး မာနကြီးပေမဲ့ သူ့ရဲ့ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်က လောကမှာ ရှားပါးတယ်... ပွင့်ပွင့်လင်းလင်း ပြောရရင် လွတ်လပ်ပြီး ဘာပူပင်သောကမှ မရှိတဲ့ သူ့ရဲ့ ဘဝကို ငါ အားကျတယ်... သူက သူ့ရဲ့ အစစ်အမှန် သဘာဝကို အမြဲတမ်း ထိန်းသိမ်းထားတယ် ဆိုတာကို မင်း သတိမထားမိဘူးလား..."
ကုအန်၏ စကားများက လီရှန်းယို ကို နက်နက်ရှိုင်းရှိုင်း တွေးတောသွားစေ၏။
မကြာသေးမီက အပြောင်းအလဲများ ရှိနေသော်လည်း သူ၏ စွဲလမ်းမှု မတိုင်မီက သူ၏ ဆရာသည် သူ၏ ကလေးဘဝ ကတည်းကကဲ့သို့ပင် အမြဲတမ်း လွတ်လပ်ပေါ့ပါးပြီး အနည်းငယ် ပုံမှန်မဟုတ်ကြောင်း သူ သဘောပေါက်ခဲ့သည်။
"တစ်နေ့ကျရင် မင်းရဲ့ ဆရာက လူတိုင်းကို ကျော်လွန်သွားနိုင်ကောင်း ကျော်လွန်သွားလိမ့်မယ်... ဒါကို သူ့ကို မပြောပြနဲ့...ဒါက မင်းကို ငါ ဖွင့်ဟပြလိုက်တဲ့ ကောင်းကင် လျှို့ဝှက်ချက် တစ်ခုမို့လို့ပဲ..."
ကုအန်၏ လျှို့ဝှက်ဆန်းကြယ်သော အပြုံးက လီရှန်းယို ၏ စိတ်ကူးစိတ်သန်းများကို ရူးသွပ်စွာ ပြေးလွှားသွားစေ၏။
သူ၏ ဆရာက သူ၏ အကြီးမားဆုံးသော ကံကြမ္မာနှင့် ကျောထောက်နောက်ခံ ဖြစ်လာမည်ဟု ကုအန်က အရိပ်အမြွက် ပြောနေကြောင်း သူ ခံစားလိုက်ရသည်။
သို့သော်လည်း လီရှန်းယို က မနေနိုင်ဘဲ မေးလိုက်၏။ "သူက ဆရ.ဦးလေးကိုကော ကျော်လွန်သွားနိုင်မလား..."
သူ၏ ဆရာက ဆရာဦးလေး ကို အမြဲတမ်း ကျော်လွန်ချင်နေကြောင်း သူ သိ၏။ ထို့ကြောင့်ပင် အကူအညီ လာမတောင်းခဲ့ခြင်း ဖြစ်သည်။
ဤမေးခွန်းကို ရင်ဆိုင်ရသောအခါ ကုအန်က ပြုံးရုံသာ ပြုံးနေပြီး ပြန်မဖြေခဲ့ချေ။
အခန်း (၇၆၀) အမတနတ်ဘုရား နေရာအတွက် မယှဉ်ပြိုင်ခြင်း
တာအိုခုံရုံး ဖျက်သိမ်းပြီးကတည်းက လူသားကမ္ဘာ တွင် မငြိမ်မသက်မှုများက ဆက်တိုက် ဖြစ်ပေါ်နေခဲ့၏။ နှစ်တစ်သန်းကျော် ကုန်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း မည်သည့်ဂိုဏ်းကမျှ လောကကြီးကို မပေါင်းစည်းနိုင်ခဲ့ချေ။ သို့သော်လည်း ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ၏ စွမ်းအားက အဆက်မပြတ် တိုးတက်လာနေခဲ့သည်။
ကောင်းကင်ဝိညာဉ် မဟာကမ္ဘာ ကို လွှမ်းခြုံထားသော ကောင်းကင်တာအို အလင်းလွှာ က ပိုမို တောက်ပလာပြီး စကြဝဠာ၏ ပိုမို ကျယ်ပြန့်သော ဧရိယာအထိ ၎င်း၏ အလင်းရောင်ကို ဖြန့်ကြက်လာနိုင်ခြင်းက ဤအချက်ကို သက်သေပြနေ၏။
လူသားကမ္ဘာ ရှိ ဂိုဏ်းပေါင်းတစ်ရာ ၏ အမည်များက အချိန်နှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး လောကကြီး၏ အခင်းအကျင်းက အပြောင်းအလဲလာပြီးအသစ်တဖန် ဖော်ဆောင်လာသည်။
သူရဲကောင်း များစွာ အကြား ပြိုင်ဆိုင်မှုများ ရှိနေသည့် အခြေအနေတွင် ဂိုဏ်းများ အကြား ကွာဟချက်က စတင် ကျယ်ပြန့်လာခဲ့သည့။
ဂိုဏ်းကိုးဂိုဏ်း ထွက်ပေါ်လာပြီး လူများ၏ ရင်ထဲတွင် အမြင့်ဆုံးသော တာအို ကျင့်စဉ်များ ဖြစ်လာခဲ့သည်။
နောက်ပိုင်း နှစ်များတွင် ထိုက်ရိ အမတအရှင်မြတ် နှင့် ရွှေဂူအမတ ခုနစ်ဆယ့်နှစ်ပါး တို့က လူသားကမ္ဘာ တွင် အမတ ကံကြမ္မာများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေခဲ့ကြပြီး အမတ ကျင့်ကြံရေး နည်းစနစ်များ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် အပြင်ဘက် ကောင်းကင်ဘုံ ၏ မဟာကမ္ဘာ သုံးထောင် တွင် အမတနတ်ဘုရားများ ၏ အရိပ်အယောင်များ စတင် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်သားတော် အတွက် အာဏာလုပွဲ ၏ နိဒါန်းက စတင် ပျိုးလာခဲ့သည်။
ထိုက်ဝေ့ မဟာကမ္ဘာ
လင်းထိန်ပြီး ခမ်းနားကြီးကျယ်သော နန်းတော် တစ်ခု အတွင်း၌ ကြီးကျယ်ခမ်းနားသော ရွှေရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသည့် ကျူးရှီ က ပင်မ နေရာတွင် ထိုင်နေ၏။ သူမ၏ ဆံပင်များကို အမြင့်သို့ ခွေတင်ထားပြီး သန့်စင်သော သရဖူ တစ်ခု အောက်တွင် စည်းနှောင်ထားကာ သူမ၏ အမူအရာက တင်းမာနေပြီး သူမ၏ မျက်ခုံးများမှနေ၍ သက်ရှိ သတ္တဝါ အားလုံးအပေါ် ဂရုမစိုက်သော လွှမ်းမိုးနိုင်စွမ်းရှိသည့် အငွေ့အသက် တစ်ခု ထုတ်လွှတ်နေသည်။
ခန်းမတွင်း၌ ကျင့်ကြံသူ များစွာ ရပ်နေကြပြီး အားလုံးက တူညီသော ဝတ်ရုံကြီးများကို ဝတ်ဆင်ထားကြကာ တစ်ဦးစီတိုင်းတွင် ဂုဏ်သိက္ခာရှိပြီး စစ်သွေးစစ်မန် ပါသော ဟန်ပန်များ ရှိနေကြ၏။
ဆံပင်ဖြူ အသက်ကြီးသော ကျင့်ကြံသူ တစ်ဦးက ရှေ့သို့ ထွက်လာပြီး ကျူးရှီ ကို လက်ယှက်၍ အရိုအသေ ပေးကာ ပြောလိုက်သည်။ "ဧကရီအရှင်မ... အဲဒီ အမတနတ်ဘုရား ရဲ့ စကားတွေကို အပြည့်အဝ ယုံကြည်လို့ မရပေမဲ့ ငါတို့ သတိထားဖို့တော့ လိုအပ်ပါတယ်... တကယ်လို့ ဒီလို ကပ်ဘေးမျိုးက မဟာကမ္ဘာ သုံးထောင် အပေါ် တကယ် ကျရောက်လာမယ် ဆိုရင် ငါတို့ရဲ့ မြင့်မြတ်ခုံရုံး က ကြိုတင် ပြင်ဆင်ထားရပါမယ်..."
ဤစကားများကို ကြားသောအခါ ခန်းမတွင်းရှိ အခြားသူများကလည်း တစ်ယောက်ပြီး တစ်ယောက် ထောက်ခံကြောင်း ပြောဆိုလာကြ၏။
လျှို့ဝှက်ဆန်းကြယ်သော အမြင့်ဆုံး တည်ရှိမှုက နတ်ဘုရားခုံရုံး ကို ဖျက်ဆီးပစ်လိုက်ပြီးနောက် ကျူးရှီ က အခွင့်အရေးကို အရယူ၍ မြင့်မြတ်ခုံရုံး ကို သစ်ထဖန်တည်ထောင်ခဲ့သည်။ ဒုက္ခများစွာကို ဖြတ်သန်းခဲ့ရသော်လည်း မြင့်မြတ်ခုံရုံးက ယခုအခါ ထိုက်ဝေ့ မဟာကမ္ဘာ ကို သီသီလေး ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး ထိုက်ဝေ့ မဟာကမ္ဘာ ၏ အရှင်သခင် ဟု ခေါ်ဆိုနိုင်ပြီ ဖြစ်လေသည်။
မကြာသေးမီက ကြယ်တာရာအရှင် တစ်ပါး ဆင်းသက်လာပြီး ကောင်းကင်နန်းတော် မှ လာသည်ဟု ဆိုကာ ကောင်းကင် လျှို့ဝှက်ချက်များကို ရှာဖွေခဲ့ပြီးနောက် ကောင်းကင်သားတော် အတွက် အာဏာလုပွဲ အကြောင်းကို ထုတ်ဖော် ပြောဆိုသွားခဲ့သည်။
ဤကိစ္စက မြင့်မြတ်ခုံရုံး၏ မှူးမတ်များကို များစွာ အံ့အားသင့်သွားစေခဲ့၏။ ကျူးရှီ က ၎င်းကို တစ်ယောက်ချင်းစီ နားလည် သဘောပေါက်စေရန် သူတို့ကို ပြန်လွှတ်လိုက်ပြီး ရက်အနည်းငယ် ကြာမှသာ ၎င်းကို စတင် ဆွေးနွေးခဲ့ကြသည်။
ယခုအခါ မြင့်မြတ် အရာရှိ အများစုက ဤကိစ္စကို ပေါ့ပေါ့တန်တန် သဘောထား၍ မရကြောင်းနှင့် အခြား မဟာကမ္ဘာ များက သတင်းရရှိခြင်း ရှိမရှိ စုံစမ်းရန် အပြင်ဘက် ကောင်းကင်ဘုံ သို့ လူတစ်ဦး စေလွှတ်ရမည်ဟု ယုံကြည်ထားကြ၏။ တစ်ချိန်တည်းမှာပင် သူတို့က ထိုက်ဝေ့ မဟာကမ္ဘာ ကို လျင်မြန်စွာ ထိန်းချုပ်ရမည် ဖြစ်လေသည်။
ထိုက်ဝေ့ မဟာကမ္ဘာ ၏ အခြေခံက အမှန်တကယ်ပင် နက်ရှိုင်းလွန်းလှသည်။ ကျူးရှီ က လောကရှိ မျိုးနွယ်စု များစွာကို ပေါင်းစည်းထားနိုင်ခဲ့ပြီ ဖြစ်သော်လည်း မြင့်မြတ်ခုံရုံးကို သတိထားရစေမည့် အင်အားစု များစွာ ထိုက်ဝေ့ မဟာကမ္ဘာ တွင် ရှိနေသေး၏။
မှူးမတ်များ၏ ဆွေးနွေးမှုများကို ကျူးရှီ နားထောင်နေစဉ် သူမ၏ မျက်နှာက အမူအရာ ကင်းမဲ့နေသော်လည်း ခေါင်းကိုက်မှုနှင့် အကူအညီမဲ့မှုများကို သူမ ခံစားနေရသည်။
နောက်ဆုံးတွင် အခြေအနေများကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ပြီးနောက် ပိုမို ကြီးမားသော ကပ်ဘေးတစ်ခု ထွက်ပေါ်လာပြန်လေပြီ။
ကောင်းကင်သားတော် အတွက် အာဏာလုပွဲက အစစ်အမှန် ဟုတ်မဟုတ် ဆိုသည်နှင့် ပတ်သက်၍ ကောင်းကင်နန်းတော် ၏ ခြိမ်းခြောက်မှုကို သူမ မြင်တွေ့ခဲ့ရသည်။
ထို ကြယ်တာရာအရှင် ၏ ကျင့်ကြံခြင်း အဆင့်က မှန်းဆ၍ မရနိုင်ချေ။ သူ ပြောသည့် စကားက အတုအယောင် ဖြစ်နေလျှင်တောင်မှ မြင့်မြတ်ခုံရုံး က သူ့ကို ရင်ဆိုင်ရဦးမည် ဖြစ်လေသည်။
လက်ရှိ မြင့်မြတ်ခုံရုံး က လောက၏ မျိုးမွယ်စုအများစုကို ထိန်းချုပ်ထားနိုင်သော်လည်း ကြယ်တာရာအရှင် ကို ရင်ဆိုင်ရန် သူမတွင် အမှန်တကယ် ယုံကြည်မှု မရှိခဲ့ချေ။
သို့သော် ဆုံးဖြတ်ချက် တစ်ခု ချမှတ်ပြီး လှုပ်ရှားရမည်ကို သူမ သိနေ၏။
"ကောင်းကင်သားတော် အတွက် အာဏာလုပွဲ ကို လျစ်လျူရှုထားလို့ မရတာ မှန်ပေမဲ့ လောကအတွက် ကြီးမားတဲ့ အစီအစဉ်တွေကိုလည်း လမ်းကြောင်းပေါ်မှာ အကောင်အထည် ဖော်ရလိမ့်မယ်..."
ကျူးရှီ က ဖြည်းညင်းစွာ ပြောလိုက်သည်။ သူမ စကားပြောလိုက်သည်နှင့် လူတိုင်း တိတ်ဆိတ်သွားပြီး သူမ၏ အမိန့်များကို စောင့်ဆိုင်းနေကြသည်။
သူမက အမိန့်များကို တစ်ခုပြီး တစ်ခု စတင် ထုတ်ပြန်လိုက်ပြီး မြင့်မြတ်ခုံရုံး ၏ စွမ်းအားကို လှုံ့ဆော်လိုက်၏။ ခန်းမတွင်းရှိ မြင့်မြတ်အရာရှိများက သူတို့၏ အမိန့်များကို အသီးသီး လက်ခံရယူကြ၏။ မြင့်မြတ်အမိန့်စာ များ တစ်ခုပြီး တစ်ခု ထုတ်ပြန်လိုက်သည်နှင့်အမျှ ကျောချမ်းဖွယ် လေထု တစ်ခုက ခန်းမကြီး အနှံ့ ပြန့်နှံ့သွားတော့သည်။
အချိန်အကြာကြီး ပြီးနောက် မြင့်မြတ်အရာရှိများ အားလုံး ထွက်ခွာသွားကြပြီး ကျူးရှီ က မတ်တတ်ထရပ်ကာ ခန်းမကြီး အတွင်းရှိ လေဟာပြင်ထဲတွင် ပျောက်ကွယ်သွားတော့၏။
နောက်တစ်စက္ကန့်တွင် သူမက ဝါးတော တစ်ခုထဲတွင် ထွက်ပေါ်လာပြီး ဝါးတော၏ အနက်ရှိုင်းဆုံး နေရာဆီသို့ လျှောက်လှမ်းသွားသည်။
သူမ ရှေ့ဆက်သွားသည်နှင့်အမျှ စိမ်းပြာရောင် ဝါးများ ဝိုင်းရံထားသော မဏ္ဍပ် တစ်ခုက သူမ၏ ရှေ့တွင် ထွက်ပေါ်လာသည်။ မဏ္ဍပ် ရှေ့တွင် အမျိုးမျိုးသော ပန်းများနှင့် အပင်များ စိုက်ပျိုးထားသည့် ခြံဝင်းငယ်လေး တစ်ခု ရှိသည်။ သူမ အနီးသို့ မရောက်မီမှာပင် မွှေးကြိုင်သော ရနံ့တစ်ခုက ကျူးရှီ ၏ နှာခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
သူမက ခြံဝင်းထဲသို့ တိုက်ရိုက် လျှောက်ဝင်သွားပြီး ပင်မ တံခါးရှေ့တွင် ရပ်ကာ ပြောလိုက်သည်။ "စီနီယာ... ရှင် ကူညီပေးဖို့ လိုအပ်တဲ့ ကိစ္စတစ်ခု ကျွန်မမှာ ရှိနေတယ်..."
"ကောင်းကင်နန်းတော် နဲ့ ပတ်သက်နေတာလား..."
ရှေးကျသော အသံတစ်သံက မဏ္ဍပ် အတွင်းမှ ထွက်ပေါ်လာရာ ကျူးရှီ ၏ မျက်ခုံးများ ပင့်တက်သွားစေပြီး သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင် တစ်ခု လင်းလက်သွား၏။
"မှန်ပါတယ်... စီနီယာက ကြိုသိနေတာလား..." ကျူးရှီ က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"အရင်က အဲဒီ ဟန်ရှား အမတအရှင်မြတ် လူသားကမ္ဘာ ကို ဆင်းသက်လာတုန်းက ကောင်းကင်သားတော် အတွက် အာဏာလုပွဲ အကြောင်းကို သူ ပြောခဲ့တယ်... သူက ကောင်းကင်သားတော် တစ်ပါး ကိုယ်စား လှုပ်ရှားနေတာဖြစ်ပြီး မိစ္ဆာနတ်ဘုရား ခန္ဓာကိုယ် တစ်ခုကို သန့်စင်ဖို့ သက်ရှိ သတ္တဝါတွေကို နတ်ဘုရားခုံရုံး ကို စုဆောင်းခိုင်းခဲ့တယ်... မိစ္ဆာနတ်ဘုရား ခန္ဓာကိုယ် က အမတနတ်ဘုရား တစ်ပါးနဲ့ နှိုင်းယှဉ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားပြီး အဲဒီ ကောင်းကင်သားတော် အတွက် အရေးပါတဲ့ နယ်ရုပ် တစ်ရုပ်ပဲ..."
ရှေးကျသော အသံက ထပ်မံ ထွက်ပေါ်လာပြီး ၎င်း၏ လေသံတွင် မည်သည့် ခံစားချက်မျှ မပါဝင်ချေ။
ကျူးရှီ က ဤအကြောင်းကို ခန့်မှန်းထားပြီး ဖြစ်၏။ ထို အမတနတ်ဘုရား က သာမန် သက်ရှိ သတ္တဝါများစွာကို ဖမ်းဆီးရန် နတ်ဘုရားခုံရုံး ကို ခိုင်းစေခြင်းမှာ ကြီးမားသော အရာတစ်ခုအတွက် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။ ယခုအခါ ကောင်းကင်သားတော် အတွက် အာဏာလုပွဲ သတင်းက ထွက်ပေါ်လာပြီဖြစ်ရာ ၎င်းမှာ သိသိသာသာပင် ဆက်စပ်နေ၏။
"ကောင်းကင်သားတော် အတွက် အာဏာလုပွဲ ကို တားဆီးလို့ မရနိုင်ဘူး... အဲဒါက အကျပ်အတည်း တစ်ခု ဖြစ်သလို အခွင့်အရေး တစ်ခုလည်း ဖြစ်တယ်... မင်း ဘာလို့ လာတာလဲ ဆိုတာကို ငါ သိတယ်... ကောင်းကင်သားတော် အတွက် အာဏာလုပွဲ က စတင်တော့မှာမို့လို့ ငါ မင်းကို ထောက်ပံ့ပေးမယ်... ဒါပေမဲ့ မင်း ငါ့ကို တစ်ခု ကတိပေးဖို့ လိုတယ်..."
ထိုစကားကို ကြားသောအခါ ကျူးရှီ က ချက်ချင်း မေးလိုက်၏။ "ဘာများလဲ..."
မဏ္ဍပ် အတွင်းရှိ စီနီယာ မှာ သာမန် လူတစ်ယောက် မဟုတ်ပေ။ သူက တစ်ချိန်က နတ်ဘုရားခုံရုံး ၏ အရှင်သခင် ဖြစ်ခဲ့ပြီး မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့သူ ဖြစ်၏။ နတ်ဘုရားခုံရုံး နှင့် အမတနတ်ဘုရားများ ၏ လုပ်ရပ်များကို သဘောမတူသဖြင့် သူက နတ်ဘုရားခုံရုံး မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
သူနှင့် ဆုံတွေ့ခြင်းက ကျူးရှီ အတွက် ကံကြမ္မာ၏ ဖန်တီးမှု တစ်ခု ဖြစ်၏။ စီနီယာ က သူမကို တိုက်ရိုက် မကူညီခဲ့ဖူးသော်လည်း သတင်းအချက်အလက် များစွာကို ပံ့ပိုးပေးခဲ့သဖြင့် သူမကို ပြဿနာများစွာမှ ရှောင်လွှဲနိုင်စေခဲ့သည်။
"တကယ်လို့ မင်း ထောက်ပံ့တဲ့ ကောင်းကင်သားတော် နိုင်ခဲ့ရင် အမတနတ်ဘုရား ဆိုတဲ့ ဘွဲ့အမည်အတွက် မင်း ယှဉ်ပြိုင်လို့ မရဘူး..." ရှေးကျသော အသံက ဖြည်းညင်းစွာ ပြောလိုက်၏။
ကျူးရှီ မှာ ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်သည်။ "ငါတို့က အမတနတ်ဘုရား နေရာအတွက် မယှဉ်ပြိုင်ရဘူး ဆိုရင် ဘာလို့ ကောင်းကင်သားတော် ကို ထောက်ပံ့ရမှာလဲ..."
"မင်းမှာ တခြား ရွေးချယ်စရာ ရှိလို့လား..."
ကျူးရှီ တိတ်ဆိတ်သွား၏။
ကြယ်တာရာအရှင် ကိုယ်တိုင် လာခဲ့ခြင်း ဖြစ်ရာ သူမနှင့် မြင့်မြတ်ခုံရုံး တွင် လိုက်နာရန်မှလွဲ၍ အခြား ရွေးချယ်စရာပေ။
"ကောင်းကင်သားတော် အတွက် အာဏာလုပွဲ ကို ငါ တစ်ခါမှ မကြုံဖူးပေမဲ့ မဟာတာအို လမ်းစဉ် ပေါ်က အပျက်အစီး တစ်ခုမှာ မှတ်တမ်း တချို့ကို ငါ မြင်ခဲ့ဖူးတယ်... ကောင်းကင်သားတော် အတွက် အာဏာလုပွဲ မှာ အစစ်အမှန် အနိုင်ရသူ ဆိုတာ မရှိဘူး၊ အထူးသဖြင့် သက်ရှိ သတ္တဝါ အားလုံးအတွက်ပေါ့... ဒီလို ကပ်ဘေးမျိုးမှာ အမတနတ်ဘုရားတွေ နဲ့ အရမ်း နီးကပ်နေတာက ကောင်းတဲ့အရာ မဟုတ်ဘူး... အနာဂတ် ကောင်းကင်နဲ့ မြေကြီး ရဲ့ အရှင်သခင် က ထိုက်ဝေ့ ကို ပျက်စီးခြင်းဆီ ဦးတည်သွားစေမှာကို ငါ မလိုလားဘူး..."
"လွန်ခဲ့တဲ့ နှစ်တစ်သန်းက စစ်ပွဲကို မင်း မှတ်မိသင့်တယ်... အစွမ်းထက်လှတဲ့ နတ်ဘုရားခုံရုံး တောင် လူတစ်ယောက်ကို မယှဉ်နိုင်ခဲ့ဘူး... မဟာတာအို ကလည်း ဒီအတိုင်းပဲ... မဟာကမ္ဘာ သုံးထောင် က ကျယ်ပြန့်ပြီး အဆုံးအစမရှိသလို ထင်ရပေမဲ့ အမတနတ်ဘုရားတွေ ရဲ့ အမြင်မှာတော့ သိပ်ပြီး အရေးမပါတဲ့ အရာတွေ ဖြစ်နေနိုင်တယ်..."
ရှေးကျသော အသံ၏ စကားများက ကျူးရှီ ၏ မျက်နှာကို တည်တင်းသွားစေ၏။
အမတနတ်ဘုရားများ ၏ မာနကို သူမ ခံစားနေရသည်မှာ ကြာပြီ ဖြစ်သည်။ တစ်ဖက်လူ၏ စကားများက သူမကို ကြီးမားသော အကျပ်အတည်း တစ်ခု အဖြစ် ခံစားလိုက်ရစေသည်။
ကောင်းကင်သားတော် အတွက် အာဏာလုပွဲက အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူမတွင်လည်း အမတနတ်ဘုရား တစ်ပါး ဖြစ်လာရန် ရည်မှန်းချက် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူမတောင် ထိုသို့ခံစားရလျှင် အခြားသူများကကော ဘယ်လို နေမည်နည်း။
ကောင်းကင်သားတော် အတွက် အာဏာလုပွဲ စတင်ပြီး အမတနတ်ဘုရားများ က အမတအဖြစ် တက်လှမ်းခွင့် ပေးမည်ဟု ကတိပြုလိုက်သည်နှင့် တစ်ပြိုင်နက် မြင့်မြတ်ခုံရုံးအပေါ် သူမ၏ ထိန်းချုပ်မှုက ထိန်းသိမ်းရန် ခက်ခဲသွားပေလိမ့်မည်။
ကျူးရှီ က တံခါးရှေ့တွင် ရပ်လျက် အချိန်အကြာကြီး စဉ်းစားနေ၏။
သူမက အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။ "စီနီယာ... ရှင် ပြောတဲ့အတိုင်း ကျွန်မ ကတိပေးပါတယ်..."
ကျွီ...
တံခါး ပွင့်သွားပြီး တိုကင် တစ်ခုက ကျူးရှီ ထံသို့ ပျံသန်းလာ၏။ ၎င်းမှာ ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်ကာ အလိုအလျောက် လည်ပတ်နေသော အစိမ်းရောင် ကျောက်စိမ်း တိုကင် တစ်ခု ဖြစ်သည်။
"ဒီတိုကင် ကို ရှေးဟောင်း နတ်ဘုရား ရှန်းကျိုး ဆီ ယူသွားပြီး အဲဒီ အမြင့်ဆုံး တည်ရှိမှု နဲ့ သွားတွေ့ပါ... ဘာလုပ်ရမလဲ ဆိုတာကို သူ သိလိမ့်မယ်..."
ထိုစကားကို ကြားသောအခါ ကျူးရှီ ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပေါ်လာ၏။ ရှေးဟောင်း နတ်ဘုရား ရှန်းကျိုး ၏ အမြင့်ဆုံး တည်ရှိမှု က ဘာကို ကိုယ်စားပြုသလဲ ဆိုတာကို သူမ သိ၏။ ထို အမြင့်ဆုံး တည်ရှိမှု ၏ နတ်ဘုရားစွမ်းရည်များက ကျယ်ပြန့်ရုံသာမက သူ၏ တပည့်များကလည်း မရေမတွက်နိုင်အောင် များပြားပြီး လောကတစ်ခွင် ပြန့်နှံ့နေကြသည်။ သူ၏ ထောက်ခံမှုဖြင့် မြင့်မြတ်ခုံရုံး က ထိုက်ဝေ့ မဟာကမ္ဘာ ကို လုံးဝ ထိန်းချုပ်နိုင်မည်မှာ သေချာပေသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ..."