အားကောင်း သန်မာလာခြင်း
Vol. 29 Ch. 393
"ဒါပေမယ့် ငါ ဒီလောက် အားနည်းမနေသင့်သလိုပဲ။ အရင်က ငါက ဒီလောက် အားမနည်းပါဘူး..." စုမင်သည် နဂါးနီကြီးပေါ်တွင် ရပ်လျက် ၎င်းနှင့်အတူ ရှေ့ဆက်သွားရင်း သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူ့နှုတ်ခမ်းများကို ဟ၍ အသက်ဝဝ ရှူရှိုက်လိုက်၏။
ထိုသို့ ရှူရှိုက်လိုက်သည်နှင့် ဥတုရာသီတို့ ချက်ချင်း ပြောင်းလဲသွားသည်။ လေပြင်းနှင့် တိမ်စိုင်များ ရပ်တန့်သွားပြီး ဝန်းကျင်တစ်ခွင်မှ လောကစွမ်းအား များစွာသည် သူ့ထံသို့ အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် စုဝေးလာကြ၏။ ထို့နောက် စုမင်က ၎င်းတို့အားလုံးကို ပါးစပ်ထဲသို့ စုပ်ယူလိုက်ချေသည်။
သူ့ကိုယ်ပေါ်မှ ခပ်အုပ်အုပ် ပေါက်ကွဲသံများ မြည်ဟည်းလာသည်။ သူ့ကိုယ်ထဲရှိ လမ်းကြောင်းငယ်မှ အဆီအနှစ် အရည်တို့မှာလည်း အဆပေါင်းများစွာ ချက်ချင်း တိုးမြင့်သွားသည်။ ဆက်လက်တိုးပွားနေရင်းဖြင့် ထိုအရည်များမှာ လမ်းကြောင်းတစ်လျှောက် အလျင်အမြန် စတင်လှည့်ပတ်လာကြသည်။ ၎င်းတို့ အဆက်မပြတ် တိုးများလာမှုကြောင့် တစ်ခဏအတွင်းမှာပင် ထိုလမ်းကြောင်းအတွင်းရှိ အရည်စီးကြောင်း အစနှင့် အဆုံးမှာ အတူတကွ ချိတ်ဆက်သွားပြီး ပြည့်စုံသော ပတ်လမ်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ခပ်အုပ်အုပ် ပေါက်ကွဲသံတစ်ချက်လည်း မြည်ဟည်းလာ၏။
သူ့ကိုယ်ထဲရှိ အရည်စီးကြောင်း၏ အစနှင့် အဆုံးသည် ပြည့်စုံသော ပတ်လမ်းတစ်ခုအဖြစ် ကိုးကြိမ် ချိတ်ဆက်သွားပြီးသောအခါ စုမင်၏ ကိုယ်ထဲမှ ပေါက်ကွဲသံ ကိုးချက် ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ လမ်းကြောင်းအတွင်းရှိ အရည်တို့မှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားပြီး စုမင်၏ ဝမ်းဗိုက်ထဲတွင် လက်သည်းခွံ အရွယ်အစားရှိသော လုံးဝန်းသည့် အမြုတေတစ်ခု ဖြစ်ပေါ်လာသည်။
ရွှေရောင်အလင်းတို့ တောက်ပနေသော ထိုအမြုတေကြောင့် စုမင် ခန္ဓာကိုယ်အား ၎င်းအလင်းတို့ ဝန်းရံထားသယောင်ပင်။ သို့သော်ငြား ၎င်းက အဆုံးသတ် မဟုတ်သေးချေ။ ရွှေအမြုတေ ဖြစ်ပေါ်လာချိန်တွင်လည်း စုမင်သည် သူ၏ ခရမ်းရောင် နှုတ်ခမ်းများမှ တစ်ဆင့် လောကစွမ်းအားများကို ဆက်လက် စုပ်ယူနေလိုက်၏။ သိပ်သည်းသော လောကစွမ်းအားများသည် လမ်းကြောင်းအတွင်း အလျင်အမြန် ပေါင်းစည်းသွားပြီး အရည်အဆီအနှစ်များ အဖြစ်ဖြင့် လမ်းကြောင်းတစ်လျှောက် ထပ်မံ လှည့်ပတ်ကာ ရွှေအမြုတေအတွင်းသို့ ရောနှော ဝင်ရောက်သွားသည်။
ဤလုပ်ငန်းစဉ်သည် အကြိမ်ပေါင်းများစွာ ထပ်ခါထပ်ခါ ဖြစ်ပျက်နေခဲ့ပြီး အဆုံး၌ စုမင်၏ ဒန်တျန်နယ်မြေထဲရှိ
ရွှေရောင်အမြုတေမှာ လက်သီးဆုပ် အရွယ်အစားအထိပင် ကြီးမားလာခဲ့သည်။
စုမင်သည် ကောင်းကင်ယံ၌ ဆက်လက် ခရီးနှင်နေခဲ့၏။ ဧရာမ နဂါးနီကြီး ဖြတ်သန်းသွားရာ ရှာမန်နယ်မြေတစ်လျှောက်တွင် ၎င်းကို တွေ့လိုက်ကြသူတိုင်း၏ နှလုံးသားများမှာ တုန်ယင်သွားကြပြီး အကြောက်တရားများ အလျင်အမြန် ကြီးစိုးလာခဲ့ကြသည်။
စုမင်၏ ခွန်အားမှာ သိပ်မကြီးမားခဲ့သော်လည်း လိုအင်ရမ္မက်များ၏ တိုက်ခိုက်မှုအောက်၌ သူ့ကိုယ်တွင်းရှိ ချိပ်စည်း ကျိုးပျက်သွားသောအခါ သူ၏ အနီရောင်ဆံပင်ရှည် ရုပ်သွင်နှင့်အတူ ပိတ်လှောင်ခံ စိတ်ဆန္ဒက နိုးထလာခဲ့သဖြင့် သူ့ကိုယ်တွင်းရှိ နတ်ဘုရား စိတ်အာရုံသည်လည်း သန်မာသော ခွန်အားတစ်ခုနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ သူယခင်က တစ်ခါမျှ မပိုင်ဆိုင်ခဲ့ဖူးသော အရာဖြစ်၏။ ထိုနတ်ဘုရား စိတ်အာရုံ၏ စွမ်းအားသည် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေအတွင်းရှိ အစွမ်းထက် စစ်သည်တော်များ အာရုံခံမိခဲ့သော အဆုံးသတ်အဆင့်ကိုပင် ကျော်လွန်နေသည့် စွမ်းအားဖြစ်သည်။
စုမင်သည် ရှေ့သို့ ဆက်လက်ခရီးနှင်ရင်း လောကစွမ်းအားများကိုလည်း ဆက်လက် စုပ်ယူနေခဲ့၏။ တစ်ဖြည်းဖြည်းဖြင့် သူဖြတ်သန်းသွားရာ ရှာမန်နယ်မြေ တစ်လျှောက်ရှိ မြေပြင်တို့မှာ အသက်ဓာတ် ဆုံးရှုံးသွားဟန်ဖြင့် မွဲခြောက်သွားခဲ့သည်။ မြေပြင်ထက်ရှိ မြက်ပင်တို့ ခြောက်သွေ့သွားပြီး ကောင်းကင်ယံရှိ တိမ်လွှာစိုင်များ ပြိုကွဲသွားသည်။ ထို့အပြင် စုမင်ကိုယ်ထဲရှိ ရွှေအမြုတေ တွင်လည်း အက်ကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းအတွင်းမှ ဘဝသစ်တစ်ခု မွေးဖွားလာတော့မည့် ဟန်ဖြင့် ထိုအက်ကြောင်းမှာ ဆက်လက် ကြီးထွားလာသည်။ ထူးခြားသော အရှိန်ဝါတစ်ခုလည်း ဖြန့်ကျက် ထွက်ပေါ်လာပြီး စုမင်အား ဝန်းရံသွားခဲ့သည်။
"ဒီခန္ဓာကိုယ်က အားနည်းလွန်းတာပဲ... သူက ငါ့နတ်ဘုရား စိတ်အာရုံကို အမွေဆက်ခံထားပေမယ့် ငါ့စွမ်းအင် ဆယ်ပုံတစ်ပုံကိုပဲ ထုတ်ဖော်နိုင်တယ်။ ဒါပေမယ့်လည်း ငါ့နတ်ဘုရား စိတ်အာရုံရဲ့ အကူအညီနဲ့ ဆိုတော့ ငါ ဒါကို ပိုပြီးသန်မာလာအောင် လုပ်လို့ရလောက်တယ်။ ပြီးရင်တော့ ငါ့စွမ်းအင်ရဲ့ ငါးပုံတစ်ပုံလောက် ထုတ်ဖော်နိုင်လောက်ပါရဲ့..." စုမင်သည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက် နီရဲနေသော မျက်လုံးအစုံဖြင့် သူသည် ညာလက်ကိုမြှောက်၍ ကိုယ့်ကိုယ်ကို ရိုက်ချလိုက်သည်။ ထိုရိုက်ချက်ကြောင့်ပင် သူ့ကိုယ်ထဲရှိ အက်ကြောင်းထနေသော ရွှေအမြုတေမှာ ချက်ချင်းပေါက်ကွဲသွားပြီး သူ့ကိုယ်ထဲတွင် သူနှင့် တစ်ထပ်တည်း တူညီသော ဆံပင်နီတို့ဖြင့် လူသေးသေးလေး ထွက်ပေါ်လာခဲ့သည်။
"အားနည်းနေတုန်းပဲ။ ဒီလို ခန္ဓာကိုယ်၊ ကျင့်ကြံဆင့်မျိုးနဲ့သာ ဆိုရင် ငါ တိထျန်းကို ဘယ်လိုလုပ် သတ်နိုင်တော့မှာလဲ"
ဧရာမ နဂါးနီကြီးက လေထုအလယ်တွင် ရပ်တန့်သွားသည်။ နဂါးဦးခေါင်းထက်တွင် ရပ်နေသော စုမင်၏ အမူအယာမှာလည်း မည်းမှောင်လို့နေ၏။
"ဒီတစ်ကြိမ် နိုးထနေဖို့အတွက် အချိန် ခုနစ်ရက်ပဲ ရှိတယ်လို့ ငါခံစားမိနေတယ်။ ခုနစ်ရက် ကြာပြီးတာနဲ့ ငါပြန်အိပ်မောကျသွားလိမ့်မယ်... ခုနစ်ရက်လေးပဲ ရတာ။ သေစမ်းကွာ... ခုနစ်ရက်တဲ့။ ခုနစ်ရက်ထဲနဲ့ ဒီခန္ဓာကိုယ်ကို တိထျန်းကို သတ်နိုင်တဲ့ အဆင့်အထိရောက်အောင် ဘယ်လိုလုပ်နိုင်မှာတဲ့လဲ..."
"တစ်ခုတည်းသော နည်းလမ်းကတော့ လျှို့ဝှက်ကျင့်စဉ်ကို ထုတ်သုံးဖို့ပဲ။ ဒီ ခန္ဓာကိုယ်ကို လှုံ့ဆော်ဖို့ လျှို့ဝှက်ကျင့်စဉ်ကို သုံးလိုက်တာနဲ့ ဖြစ်နိုင်သမျှ အသန်မာဆုံး စွမ်းအင်ကို အချိန်တိုအတွင်း ရနိုင်လိမ့်မယ်။ ငါမှတ်မိသလောက်တဲ့ အဲဒီလို လုပ်လို့ရတဲ့ ကျင့်စဉ်က နှစ်ခု ရှိတာပဲ" စုမင်၏ မျက်ဝန်းများမှာ တောက်ပသွားပြီး သူ့မျက်နှာထက်၌ ကြောက်မက်ဖွယ် အမူအယာတစ်ခု ပေါ်လာခဲ့သည်။
"တစ်ခုက ယင်-ဖီးနစ်နဂါး ပညာရပ်ပဲ။ ဒီ လျှို့ဝှက်ကျင့်စဉ်က ပြီးပြည့်စုံတဲ့ ယင်ခန္ဓာကိုယ် တည်ဆောက်ပုံရှိတဲ့ အပျိုစင်ကိုးဦး လိုအပ်တယ်။ သူတို့ ယင်စွမ်းအင်ကို ငါ့ နတ်ဘုရားစိတ်အာရုံဆီ ပေါင်းစည်းလိုက်တာနဲ့ ငါ့အစွမ်းအစ အားလုံး အချိန်တိုအတွင်း ထွက်ပေါ်လာလိမ့်မယ်"
"တစ်ခြား လျှို့ဝှက်ကျင့်စဉ်အတွက်ကတော့ ဒီနေရာမှာရှိတဲ့ အစွမ်းထက် စစ်သည်တော်တွေကို ရှာပြီး သူတို့ကိုယ်က စွမ်းအင်အဆီအနှစ်ကို စုပ်ယူရမှာပဲ။ အဲဒါက ငါ့ကို အချိန်တိုအတွင်း အစွမ်းထက်လာစေနိုင်တယ်" စုမင် ရေရွတ်လိုက်သည်။ ထို့နောက် သူ့မျက်လုံးတို့ တောက်ပသွားပြီး နတ်ဘုရား စိတ်အာရုံကို ဖြန့်ကျက်လိုက်၏။
သူ၏ နတ်ဘုရားစိတ်အာရုံသည် ရှာမန်နယ်မြေ၏ ကျယ်ပြန့်သော နေရာဒေသများကို တစ်ခဏအတွင်း ဖြတ်သန်းသွားပြီး ၎င်းဖြတ်သန်းသွားရာ နေရာတစ်လျှောက်တွင် စုမင်၏ လိုအပ်ချက်များ အတိုင်း အလျင်အမြန် ရှာဖွေလိုက်သည်။ ထို့နောက် စုမင်သည် အဝေးရှိ ကောင်းကင်သို့ ခေါင်းလှည့်ကြည့်လိုက်တော့၏။
"ယင်-ဖီးနစ် နဂါး ပညာရပ်ရဲ့ လိုအပ်ချက်တွေနဲ့ ပြည့်မီတဲ့သူ မရှိဘူးပဲ။ ဒါပေမယ့် အဲဒီအမျိုးသမီး... သူမကတော့ လိုအပ်ချက်တွေနဲ့ နည်းနည်းပဲ ကိုက်ညီတယ်ဆိုပေမယ့် ပညာရပ် သုံးလို့ရအောင်တော့ ပြည့်စုံနေသေးတယ်။ ဒုတိယ လျှို့ဝှက်ကျင့်စဉ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ လူကတော့ နည်းနည်းများသားပဲ" စုမင်၏ ခြေထောက်အောက်ရှိ ဧရာမနဂါးနီကြီးသည် တစ်ချက်ဟိန်းဟောက်လိုက်ပြီး ကောင်းကင်ယံရှိ လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
များမကြာမီမှာပင် ရှာမန်နယ်မြေအတွင်းရှိ မြက်ခင်းလွင်ပြင် တစ်ခု၏ အထက် ကောင်းကင်ယံသည် ရုတ်ခြည်း တွန့်လိမ်ပုံပျက်သွားပြီး ဟိန်းဟောက်သံ တစ်ချက်နှင့်အတူ ကြီးမားရှည်လျားသော နဂါးနီကြီးတစ်ကောင် တိုးထွက်လာခဲ့သည်။ ၎င်းသည် တစ်ခဏပင် ရပ်တန့်ခြင်းမပြုပဲ မြေပြင်သို့ ထိုးဆင်းသွားခဲ့၏။
ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသော တဝုန်းဝုန်းအသံများအကြား အပြင်းအထန် ဟိန်းဟောက်သံ တစ်ချက် ကြားလိုက်ရသည်။ ထို တဝုန်းဝုန်း အသံများအောက်တွင် မြေပြင်မှာ အက်ကွဲသွားပြီး ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာခဲ့သည်။ ဧရာမနဂါးနီကြီးသည် မြေပေါ်ဆင်းသက်ကာ ထိုဧရိယာကို ဝိုင်းပတ် ဝန်းရံလိုက်၏။ ထို့နောက် အဆုံးမရှိသော အနီရောင်မြူခိုးများ ပျံ့နှံ့လာပြီး ထိုနေရာကို မြူဆိုင်းသွားစေသည်။ မြူခိုးများကြားမှ ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ အနီရောင်ပုံရိပ် တစ်ခုသည် ရက်စက်ကြမ်းကြုတ်သော ဟန်ပန်ဖြင့် မြူခိုးများအတွင်းသို့ ဦးတည် ဆင်းသက်သွားလေသည်။
တစ်နာရီကြာခန့် ပေါက်ကွဲမြည်ဟည်းသံများ အဆက်မပြတ် ထွက်ပေါ်နေပြီးနောက် ထိုဧရိယာမှာ ပြန်လည်၍ တိတ်ဆိတ်ငြိမ်သက် သွားခဲ့၏။ အနီရောင် မြူခိုးတို့သည် ပြန်လည်စုဝေးသွားပြီး နဂါးနီကြီးအဖြစ် ထပ်မံပြောင်းလဲသွားသည်။ ၎င်းသည် မြေပြင်မှတစ်ဆင့် ကောင်းကင်သို့ ဦးတည်ပျံတက်လိုက်၏။ ၎င်းပျံတက်လိုက်သည်နှင့် မြေပြင်ပေါ်တွင် တွင်းနက်ကြီး တစ်ခုနှင့် ၎င်းအတွင်းရှိ ပုံရိပ်နှစ်ခုတို့ ထွက်ပေါ်လာခဲ့လေသည်။
၎င်းတို့အနက် မတ်တပ်ရပ်နေသူတွင် အနီရောင်ဝတ်ရုံများ၊ အနီရောင် ဆံပင်နှင့် ထူးဆန်းသော ခရမ်းရောင် နှုတ်ခမ်းတစ်စုံတို့ ရှိနေပြီး ထိုသူက ဆံနီ-စုမင် ပင်ဖြစ်သည်။ သူသည် ညာလက်ဖြင့် အဘိုးအိုတစ်ဦး၏ ဦးခေါင်းပေါ်သို့ ဖိကပ်ထားလေသည်။
စုမင်၏ အရှေ့တွင် ဒူးထောက်နေသော အဘိုးအိုမှာ တုန်ယင်နေသည်။ သူသည် နာကျင်နေသော မျက်နှာအမူအယာဖြင့် လက်များကို မြေပြင်အား မြဲမြဲဆုပ်ကိုင်ထားသည်။ သူ့ခန္ဓာကိုယ် အပြင်းအထန် တုန်ယင်နေစဉ်မှာပင် သူ့မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်တို့ထဲမှ အဖြူရောင် အခိုးအငွေ့များ တိုးထွက်လာပြီး စုမင်ကိုယ်ထဲသို့ အလျင်အမြန် စိမ့်ဝင်သွားကြလေသည်။
ဤလုပ်ငန်းစဉ်သည် အချိန်အတော်ကြာ ဖြစ်ပျက်နေခဲ့ပြီး နောက်ဆုံးတွင်မှ စုမင်က သူ့ညာလက်ကို လွှတ်ပေးလိုက်သည်။ ထို့နောက် သူသည် အနောက်သို့ လှည့်ထွက်လာပြီး လေထဲသို့ တစ်လှမ်းတက်၍ ကြီးမားရှည်လျားသော အနီရောင်နဂါးကြီးပေါ်သို့ ဆင်းသက်လိုက်သည်။ နဂါးနီကြီးသည် ဟိန်းဟောက်သံ တစ်ချက်ပြု၍ လေဟာနယ်အတွင်းသို့ တိုးဝင် ပျောက်ကွယ်သွားခဲ့ပြန်သည်။
မြေပြင်ထက်၌ ဒူးထောက်နေသော အဘိုးအိုမှာ သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။ သူသည် စုမင်ထွက်ခွာသွားရာ ဘက်ဆီသို့ ဖြူရော်နေသော မျက်နှာဖြင့် ထိတ်လန့်ကြောက်ရွံ့စွာ လှမ်းကြည့်လိုက်မိသည်။ သူ့ခန္ဓာကိုယ်မှာ အလွန်အမင်း အားနည်းနေပြီ ဖြစ်သော်လည်း ၎င်းကို ဂရုမထားပဲ ချက်ချင်း ကြိုးစားရုန်းကန်၍ မတ်တပ်ထရပ်လိုက်ပြီး ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ရှာမန်နယ်မြေ၏ တောင်တန်းတစ်ခုအတွင်း ပေတစ်သောင်း အရွယ်အစားခန့် ရှိသော ဧရာမ သားရဲရိုင်းကြီး နှစ်ကောင် အချင်းချင်း တိုက်ခိုက်နေသည်။ ၎င်းတို့အထဲမှ တစ်ကောင်သည် ကျားနှင့်တူသော်လည်း ၎င်း၌ အတောင်ပံတစ်စုံ ရှိနေလေသည်။ ၎င်း၏ ဟိန်းဟောက်သံများက ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါနေစေသည်။
ထိုကျားနှင့် တိုက်ခိုက်နေသော သတ္တဝါမှာ လေထဲတွင် လွင့်မျောနေသော အသားလုံးကြီးတစ်ခု ဖြစ်သည်။ ထိုအသားလုံးကြီးသည် ဟိုဟိုသည်သည် ဆက်တိုက်လှုပ်ရှားနေပြီး မြေပြင်ပေါ်သို့ အနက်ရောင်အရည်များ ကြဲချနေသည်။ ထိုအနက်ရောင်အရည်များ မြေပြင်နှင့် ထိတွေ့မိသည်နှင့် တရှဲရှဲ မြည်သံများ ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ ကိုယ်ပေါ်တွင် ရေဘဝဲလက်တံကြီးများ များစွာရှိနေပြီး ထိုလက်တံတစ်ခုစီတိုင်း၏ အဆုံး၌ ပါးစပ်ပေါက်ကြီးများ ရှိနေသည်။ ထိုပါးစပ်ပေါက်များအတွင်း ချွန်ထက်သော သွားစွယ်များ ရှိနေပြီး ၎င်းတို့က ကျားသဏ္ဍာန် သတ္တဝါနှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ထိုတိုက်ပွဲသည် ရက်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်သော်ငြား ယနေ့တော့ ၎င်းတို့အချင်းချင်း တိုက်ခိုက်နေစဉ်မှာပင် ရုတ်တရက်ဆိုသလိုပင် ၎င်းတို့အထက် ကောင်းကင်ယံ၏ လေဟာနယ်ထဲမှ သွေးနီရောင်နဂါးကြီး တစ်ကောင်က ဟိန်းဟောက်သံ တစ်ချက်နှင့်အတူ တိုးထွက်လာခဲ့သည်။ ၎င်းက သားရဲရိုင်းနှစ်ကောင်ဆီ တိုးဝင်သွားသည်နှင့် ထိုဧရိယာအတွင်း အနီရောင်မြူခိုးများ ဝေ့ဆိုင်းထွက်ပေါ်လာခဲ့သည်။ သားရဲနှစ်ကောင် ထိတ်လန့်တုန်လှုပ်စွာ မော့ကြည့်လိုက်မိချိန်မှာပင် မြူခိုးများအတွင်းသို့ အနီရောင်ပုံရိပ်တစ်ခု ခုန်ဆင်းလာလေသည်။ မြူခိုးများအတွင်းမှ သားရဲတို့၏ အပြင်းအထန် ဟိန်းဟောက် အော်မြည်သံများနှင့် အတူ ကျယ်လောင်သော ပေါက်ကွဲမြည်ဟည်းသံများ ထွက်ပေါ်လာခဲ့သည်။
အချိန်တစ်ချို့ကြာပြီးနောက် အနီရောင်မြူခိုးများမှာ နဂါးနီကြီးအဖြစ် ပြန်လည်စုဝေးသွားကြီး စုမင်က ထိုနဂါးကြီး၏ ဦးခေါင်းပေါ်၌ ရပ်နေလေသည်။ ထိုနဂါးကြီး ကောင်းကင်သို့ ပျံတက်ထွက်ခွာသွားချိန်တွင် ကျားတူသားရဲမှာ သေခါနီးဆဲဆဲ အခြေအနေဖြင့် တောင်စဉ်တန်းအတွင်း လဲလျောင်းကျန်ရစ်ခဲ့နေသည်။ ရွံရှာဖွယ် အသားလုံးကြီးမှာမူ ထက်ခြမ်းကွဲနေပြီး အနက်ရောင်သွေးများက ပုပ်အဲ့အဲ့ အနံ့ဆိုးတစ်ခု ထူတ်လွှတ်လျက် ၎င်းအနီးရှိ မြေပြင်ကို တိုက်စားနေလေသည်။
ထိုတစ်နေ့တည်းမှာပင် ရှာမန်နယ်မြေထဲရှိ နေရာပေါင်းများစွာ၌ အလားတူမြင်ကွင်းများ ဖြစ်ပွားသွားခဲ့သည်။ လျှို့ဝှက်နေထိုင်ကြသော အစွမ်းထက်ရှာမန် အားလုံးသည် ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခုနှင့် အထိတ်တလန့် ရင်ဆိုင်ခဲ့ရပြီး ၎င်းတို့၏ စွမ်းအင်ပမာဏများစွာ စုပ်ယူခံခဲ့ရသည်။
သားရဲရိုင်း အများစုသည်လည်း အလားတူကံတရားမျိုး ကြုံတွေ့ခဲ့ရလေသည်။
ညသန်းခေါင်ယံအချိန်... ရှာမန်နယ်မြေအတွင်းရှိ တောင်ကြားတစ်ခု၌ လှပချောမောသော အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမသည် သူမအရှေ့တွင် ရပ်နေသော လူတစ်ဦးကို စူးစူးစိုက်စိုက် ကြည့်ရင်း တုန်ရီလို့နေ၏။
ဝတ်ရုံနီများ၊ ခေါင်းလုံးပြည့် ဆံပင်နီများနှင့် ခရမ်းရောင်နှုတ်ခမ်း တစ်စုံဖြင့် ထိုလူထံမှ အေးစက်စက် အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်။ ထိုသူက
ဆံနီ-စုမင်ပင် ဖြစ်သည်။ ထိုအချိန်၌ သူသည် အမျိုးသမီး၏ နံဖူးအလယ်သို့ ညာလက်ညှိုးဖြင့် ညွှန်ပြရင်း မျက်မှောင်ကြုတ်နေခဲ့၏။ သူဘာတွေးနေလဲ ဆိုသည်ကိုတော့ မည်သူမှ မသိရပေ။
"ရှင် ဘယ်သူလဲ" အမျိုးသမီးက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ တုန်ရီနေသော သူမ၏ မျက်ဝန်းများအတွင်း စိတ်ပျက်အားငယ်ခြင်းများ ပြည့်နှက်လို့နေသည်။
သူမအနီးတွင် အလောင်းရှစ်လောင်း ရှိနေပြီး ၎င်းတို့အားလုံးမှာ ကြောက်မက်ဖွယ် အသေဆိုးဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ သူမအတွက် လွန်ခဲ့သော အခိုက်အတန့်က ဖြစ်ပျက်သွားခဲ့သည်များကို မေ့ဖျောက်ပစ်နိုင်ရန် ခဲယဉ်းလှသည်။ သူမသည် ဤနေရာတွင် ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနေခဲ့သော်ငြား ဤဆံနီ-ယောကျ်ားက ရုတ်တရက်ပေါ်လာပြီး သူ့လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် သူမ နောက်လိုက်များမှာ ရူးသွပ်သွားသကဲ့သို့ အချင်းချင်း စတင်တိုက်ခိုက် သတ်ဖြတ်ခဲ့ကြလေသည်။
"ငါက ရှာမန်နတ်ဘုရား ကျောင်းတော်ရဲ့ တပည့်တစ်ယောက်ပဲ။ နင်ငါ့ကိုထိရင် ရှာမန်နတ်ဘုရား ကျောင်းတော်တစ်ခုလုံး နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး" အမျိုးသမီး၏ မျက်ဝန်းများအတွင်းရှိ စိတ်ပျက်အားငယ်မှုတို့က ပိုမိုသိသာ ထင်ရှားလာသည်။
ဆံနီ-စုမင်သည် အမျိုးသမီး၏ စူးစူးဝါးဝါး အော်ဟစ်သံများကို ဂရုစိုက်ပုံမရပဲ ယခင်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်သည်။ သူ့ညာလက်သည်လည်း အမျိုးသမီး၏ နံဖူးအလယ်၌ ရှိနေဆဲပင်။ အချိန်အတော်ကြာပြီးနောက် စုမင်၏ မျက်ခုံးတို့က တွန့်ချိုးသွားခဲ့သည်။
"နှမြောစရာပဲ။ မင်းက အပျိုစင်တစ်ယောက် ဆိုပေမယ့် မင်းရဲ့ ယင်အော်ရာက မလုံလောက်ဘူး ဖြစ်နေတယ်။ အဲဒါက မင်းလေ့ကျင့်တဲ့ ကျင့်ကြံနည်းကြောင့် ဖြစ်လိမ့်မယ်။ ဒီနေရာမှာရှိတဲ့ ယင်စွမ်းအင် အော်ရာက အားကောင်းတဲ့အတွက် မင်းဒီမှာ လေ့ကျင့်နေတာ မဟုတ်လား" စုမင်က ခေါင်းခါယမ်းလျက် သူမနံဖူးအလယ်မှ သူ့လက်ညှိုးကို အောက်နှိမ့်လိုက်သည်။ အမျိုးသမီး၏ ဝတ်ရုံများကို သူထိလိုက်သည်နှင့် တစ်ပြိုင်နက် သူမဝတ်ရုံများမှာ အပိုင်းအစများအဖြစ် ချက်ချင်းစုတ်ပြဲ ပျောက်ကွယ်သွားလေသည်။
အမျိုးသမီးသည် မျက်ရည်များ၊ အမုန်းတရားများ အပြည့်ဖြင့် သူမမျက်လုံးတို့ကို မှိတ်ချလိုက်သည်။
စုမင်သည် ထိုအမျိုးသမီး၏ ခန္ဓာကိုယ်ကို ဝေ့ကြည့်လိုက်၏။ သူ့ပုံစံမှာ ခန္ဓာကိုယ်တစ်ခုကို ကြည့်နေသည်နှင့် မတူပဲ အေးစက်စက် အကြည့်များက ပါဝင်ပစ္စည်းတစ်ခုကို လေ့လာကြည့်နေသကဲ့သို့ ထင်ရစေသည်။ အချိန်အတော်ကြာပြီးနောက် သူ့ ခေါင်းကို ထပ်မံခါယမ်းလိုက်ပြန်၏။
"မင်းရဲ့ ယင်စွမ်းအင် အော်ရာ ပျက်စီးမှုက အရမ်းကြီးမားလွန်းတယ်။ မင်းက အဆင့်မမီဘူး" စုမင်သည် ထိုအမျိုးသမီးကို ဂရုစိုက်မနေတော့ပဲ လှည့်ထွက်လိုက်ည်။ သူထွက်သွားခါနီးမှာပင် အမျိုးသမီးထံမှ စကားသံ ထွက်ပေါ်လာခဲ့၏။
"ရှင့်နာမည် ဘယ်သူလဲ" အမျိုးသမီး၏ မျက်ဝန်းများက အလျင်အမြန် ပြန်ပွင့်လာသည်။
"ငါက စုမင်" လှုပ်ရှားမှုတစ်ချက်နှင့် အတူ ဆံနီ-စုမင်မှာ နေရာမှ ပျောက်ကွယ်သွားတော့သည်။
"စုမင်... စုမင်" အမျိုးသမီးသည် အံတင်းတင်းကြိတ်လျက် ထိုအမည်ကို သူမစိတ်ထဲ၌ စွဲစွဲထင်ထင် မှတ်သားထားလိုက်တော့၏။
ဤနေ့သည် ရှာမန်မျိုးနွယ်စု၏ အစွမ်းထက် စစ်သည်တော်များ အတွက် ကပ်ဘေးကြီးတစ်ခုလိုပင်။ စုမင်သည် သူ၏ နတ်ဘုရားစိတ်အာရုံ ဧရိယာအတွင်း ထိုစစ်သည်တော်များကို ရှာတွေ့သည်နှင့် ၎င်းတို့ဆီသို့ သွားရောက်တိုက်ခိုက်ပြီး စွမ်းအင်ပမာဏများ စုပ်ယူရင်းဖြင့် သူ၏ကျင့်ကြံဆင့်မှာ ထိတ်လန့်ဖွယ် အရှိန်အဟုန်ဖြင့် တိုးမြင့်လာခဲ့ပြီး ပိုမိုအားကောင်း သန်မာလာခဲ့ချေသည်။
***