ငါ သူမအတွက် လာတာ
Vol. 29 Ch. 394
ဆောင်းဦးပင်လယ် မျိုးနွယ်စု၏ ရွှေ့ပြောင်းအခြေချမှုမှာ ဆုံးခန်းတိုင် မရောက်သေးသော်လည်း ၎င်းတို့၏ ဦးုတည်ရာသို့ ရောက်ရှိခါနီးနေချေပြီ။ ၎င်းတို့သည် ရှာမန်နယ်မြေ အစွန်အဖျား၌ ဖြည်းညှင်းစွာ ရွေ့လျားနေကြ၏။ ကောင်းကင်ယံတွင် မက်ကရယ်ငါးများ ကူးခတ်နေပြီး မြေပြင်ထက်ရှိ လိပ်ကြီးများကလည်း ဖြည်းဖြည်းချင်း ရွေ့လျားနေကြသည်။ အဆုံးသတ်ရှာမန် ကုန်းစီသည် ၎င်း၏ လိပ်ကြီးပေါ်၌ တင်ပလ္လင်ခွေ ထိုင်နေဆဲ ဖြစ်သည်။ ထိုအချိန်တွင် သူ့အမူအယာမှာ မည်းမှောင်နေပြီး အတွေးထဲ၌ နစ်မြောနေလေသည်။
သူ့အနီးရှိ ဝမ်ချိုးသည် တိတ်တဆိတ် ငြိမ်သက်နေရင်းမှ ကုန်းစီအား ရံဖန်ရံခါ ဆိုသလို လှမ်းကြည့်တတ်သည်။
အချိန်များ ကုန်ဆုံးလာခဲ့ချေပြီ။ သူတို့သည် ဤမှောင်မည်းနေသော ညအချိန်၌ စခန်းချ အနားယူရန် ပြင်ဆင်နေသင့်ပြီ ဖြစ်သော်လည်း ကုန်းစီသည် သူ၏ရင်ထဲ၌ အန္တရာယ် အငွေ့အသက်ကို ခံစားမိနေသဖြင့် ညအချိန်မှာပင် မျိုးနွယ်စုအား ရှေ့သို့ ဆက်သွားနေရန် ခိုင်းစေခဲ့သည်။ ၎င်းက မျိုးနွယ်စု တစ်ခုလုံးကိုလည်း ပတ်ဝန်းကျင်အား နိုးနိုးကြားကြား ရှိနေစေ၏။ သို့မှသာ အန္တရာယ် ကျရောက်လာသောအခါ သူတို့၏ တိုက်ပွဲဝင်စွမ်းအားမှာ အကောင်းမွန်ဆုံး အခြေအနေ၌ ရှိနေလိမ့်မှာဖြစ်သည်။
ဝမ်ချိုးတစ်ယောက် ကြယ်ရောင် တဖိတ်ဖိတ် တောက်နေသည့် ညကောင်းကင်ကြီးကို မော့ကြည့်လိုက်မိသည်။ မျိုးနွယ်စုအတွင်းရှိ စစ်သည်တော်များမှာ အခြေအနေ ကောင်းသေးသော်ငြား သာမန် မျိုးနွယ်စုဝင် အများစုနှင့် ကလေးသူငယ်များမှာတော့ ပင်ပန်းနွမ်းနယ် နေကြချေပြီ။
"ဆရာကုန်းစီ... ကျွန်မတို့ မျိုးနွယ်စုကို ခဏလောက် အနားပေးသင့်လား" ဝမ်ချိုးသည် သူမ အောက်နှုတ်ခမ်းကို ကိုက်၍ လေသံတိုးတိုးဖြင့် မေးလိုက်မိသည်။
ကုန်းစီသည် တစ်ခဏတာ ငြိမ်သက်နေပြီး စကားပြန်ပြော တော့မည့် အချိန်မှာပင် သူ့အမူအယာက ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူသည် အလျင်အမြန် ထရပ်ကာ အဝေးရှိ ကောင်းကင်သို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာ အမူအယာမှာလည်း အလွန်အမင်း မည်းမှောင်သွားခဲ့၏။
ဝမ်ချိုးသည်ပင် တစ်ခဏတာ ထိတ်လန့်မင်သက်သွားခဲ့သည်။ သူမသည်လည်း ထိုနေရာသို့ လှမ်းကြည့်လိုက်သော်ငြား မှောင်မည်းနေသော ကောင်းကင်ယံ၌ မည်သည့် အပြောင်းအလဲကိုမှ မတွေ့ရပေ။ သူမ မရေမရာ စတင်ခံစားလာရစဉ်မှာပင် မှောင်မည်းနေသော ကောင်းကင်ယံ၌ အနီရောင်အလင်းတစ်ဖြာ တိုးထွက်လာပြီး ၎င်းအနောက်မှ ကောင်းကင်ကိုပင် တုန်ခါသွားစေနိုင်သည့် ဟိန်းဟောက်သံကြီး ကပ်ပါလာခဲ့၏။ တိတ်ဆိတ်ငြိမ်သက်နေသော ညအချိန်၌ ထိုမိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးသည် ကောင်းကင်ကို တုန်ခါသွားစေပြီး မက်ကရယ်ငါးများကိုလည်း တုန်ယင်သွားစေ၏။ မြေပြင်ထက်ရှိ လိပ်ကြီးများသည်ပင် စတင်တုန်ရီလာခဲ့သည်။
ထိုအနီရောင် အလင်းမှာ ပေတစ်သိန်းခန့် ရှည်လျားသော ဧရာမ နဂါးနီကြီး တစ်ကောင်ဖြစ်သည်။ ထိုနဂါးကြီးသည် ဗလာဟင်းလင်း လေထုအတွင်းမှ တိုးထွက်လာသကဲ့သို့ပင်။ ၎င်းထွက်ပေါ်လာသည်နှင့် ဟိန်းဟောက်သံများကလည်း အရပ်မျက်နှာ အနှံ့ ပျံ့လွင့်သွားခဲ့သည်။ ထိုနဂါးကြီး၏ ဦးခေါင်းထက်၌ အနီရောင်ဝတ်ရုံ၊ ရှည်လျားသော မီးတောက်နီရောင် ဆံပင်တို့ဖြင့် ယောကျ်ားတစ်ဦး လိုက်ပါလာသည်။ ထိုသူက စုမင်ပင် ဖြစ်သည်။
သို့သော်ငြား ယခုလက်ရှိ သူ၏ ပုံပန်းသွင်ပြင်မှာ မူလကနှင့် မတူတော့ပဲ သိသိသာသာ ပြောင်းလဲနေခဲ့ချေပြီ။ သူ၏ ထိုခရမ်းရောင် နှုတ်ခမ်းတစ်စုံကြောင့် သူ့ပုံစံက ထူးဆန်းသော အရှိန်ဝါလေထုတစ်ခုဖြင့် ပြည့်နေလေ၏။
ထိုသို့ ဆိုလျှင်တောင် သူ့ကို ယခင်က မြင်ဖူးခဲ့သူများ အနေဖြင့် သူ၏ ယခုလက်ရှိ ပုံပန်းသွင်ပြင်ထံမှ မူလစုမင်၏ လက္ခဏာ တစ်စွန်းတစ်စကို ရှာတွေ့နိုင်နေဆဲ ဖြစ်သည်။ စုမင်ကို မြင်လိုက်သည်နှင့် ဝမ်ချိုး၏ မျက်လုံးအစုံမှာ မယုံကြည်နိုင်မှုနှင့် အတူ ပြူးကျယ်သွားတော့သည်။
ကုန်းစီသည်ပင် စုမင်ကို မြင်လိုက်ချိန်၌ အံ့အားသင့် မက်သက်သွားခဲ့၏။ ကောင်းကင်ယံရှိ သွေးနဂါးပေါ်တွင် ရပ်နေသော ထိုလူသည် နေ့အချိန်က ရှာမန်နယ်မြေထဲတွင် ပေါ်လာခဲ့သော အစွမ်းထက် စစ်သည်တော်ဖြစ်ကြောင်း သူသေချာ သိလိုက်မိသည်။ သို့သော် ထို လျှို့ဝှက်ဆန်းကြယ်သော စစ်သည်တော်မှာ စုမင် ဖြစ်နေလိမ့်မည်ဟုတော့ သူလုံးဝထင်မထားမိခဲ့ချေ။
နှောင်းပိုင်းရှာမန် အဘွားအိုကြီး အပါအဝင် အခြားသူများသည်လည်း စုမင်အား သတိပြုမိသွားကြသည်။ ၎င်းတို့အားလုံးသည်လည်း စုမင်ကို မြင်သည်နှင့် အံ့အားသင့် မင်သက်သွားကြတော့၏။
"ဆရာ၊ မင်း ဘာကြောင့်များ အခုလို ညသန်းခေါင်ယံ အချိန်ကြီး ဒီနေရာကို ရောက်လာရတာပါလိမ့်" ဤလျှို့ဝှက်ဆန်းကြယ်သော အစွမ်းထက် စစ်သည်တော်မှာ စုမင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကုန်းစီ သတိချပ်မိနေဆဲ ဖြစ်သည်။ ထိုအချိန်၌ သူသည် လေပေါ်သို့ ခုန်တက်၍ စုမင်အရှေ့၌ ရပ်တန့်လိုက်သည်။
"မင်းက... အရမ်း သန်မာတယ်။ ဒါပေမယ့် ငါ့ပြိုင်ဘက်တော့ မဟုတ်ဘူး" စုမင်၏ ကြက်သွေးရောင်မျက်လုံးများသည် ကုန်းစီကို ကျော်၍ မြေပြင်ထက်ရှိ ဆောင်းဦးပင်လယ် မျိုးနွယ်စု တစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ့မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး ဝမ်ချိုးအပေါ် စိုက်ကြည့်လိုက်လေသည်။
"ငါ သူမအတွက် လာခဲ့တာ" စုမင်သည် ညာလက်ကိုမြှောက်၍ သုံးလက်မခန့် ရှည်လျားသော လက်သည်းချွန်များရှိသည့် ညာလက်ညှိုးဖြင့် ဝမ်ချိုးကို ညွှန်ပြလိုက်သည်။
စုမင် သူမကို ညွှန်ပြလိုက်သည်နှင့် ဝမ်ချိုး၏ အမူအယာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ သူမသည် မျက်မှောင်ကြုတ်သွားမိပြီး မျက်ဝန်းများထဲတွင်လည်း အေးစက်စက် အကြည့်တစ်ခု ပေါ်လာခဲ့သည်။
"သိက္ခာမဲ့တယ်။ မင်းရဲ့ တောင်းဆိုမှုက လွန်လွန်းသွားပြီ ဆရာ။ မင်းက ဆောင်းဦးပင်လယ် မျိုးနွယ်စုရဲ့ မြင့်မြတ်သော မိန်းမပျိုကို လာတောင်းဆိုနေတာပဲ" ကုန်းစီသည် မည်းမှောင်နေသော အမူအယာဖြင့် အေးစက်စက် ပြောလိုက်၏။ သူ၏ မျက်လုံးများမှာ တောက်ပသွားပြီး တိုက်ပွဲကြီးတစ်ခုအတွက်ပင် သူ့ကိုယ်သူ ပြင်ဆင်ပြီးသွားချေပြီ။
"ငါ မင်းဆီက ထင်မြင်ချက် တောင်းနေတာ မဟုတ်ဘူး။ ငါ သူမကို ခေါ်သွားမယ်လို့ ပြောနေတာ" စကားဆုံးသည်နှင့် ဆံနီ-စုမင်သည် ကုန်းစီကို ဂရုမစိုက်ဟန်ဖြင့် တည်ငြိမ်သော မျက်နှာအမူအယာနှင့် အတူ ရှေ့တစ်လှမ်းတိုးလိုက်ပြီး မြေပြင်ထက်ရှိ ဆောင်းဦးပင်လယ် မျိုးနွယ်စု ရှိရာဆီသို့ စသွားလိုက်လေသည်။
ကုန်းစီ၏ မျက်လုံးများအတွင်း သတ်ဖြတ်လိုစိတ်တို့ ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် သူသည် စုမင်ထံမှ ရရှိနေသော ခံစားချက်ကြောင့် သတိချပ်မိနေသော်ငြား မည်သို့ပင်ဖြစ်စေ လှုပ်ရှားရမှာ ဖြစ်၏။ သူသည် လှုပ်ရှားမှုတစ်ခုနှင့်အတူ တစ်ခဏအတွင်း စုမင်ထံ ပြေးဝင်သွားသည်။ သူ၏ ညာလက်ကို မြှောက်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် ဖမ်းစားသူတို့၏ စွမ်းအားက ပေါက်ကွဲထွက်ပေါ်လာသည်။ သူသည် ထိုစွမ်းအားအောက်တွင် ပျောက်ကွယ်သွားပြီး လောကကြီးနှင့် တစ်သားတည်း ဖြစ်သွားပုံပေါ်သည်။ သူ့အနောက်တွင်လည်း မီးတောက်နဂါး၏ ပုံရိပ်ယောင်တစ်ခု ဝိုးတဝါး ထွက်ပေါ်လာသည်။
ကုန်းစီထံမှ ထိုထိတ်လန့်ဖွယ် စွမ်းအား ထွက်ပေါ်လာသည်နှင့် ကောင်းကင်သည်ပင် အေးခဲရပ်တန့်သွားပုံ ပေါ်သည်။ သို့သော်ငြား စုမင်ထံသို့ သူချဉ်းကပ်လာသောအခါ စုမင်က သူ့အား တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။ ထိုအစား သူသည် ကုန်းစီ ရောက်ရှိလာသည်နှင့် ညာလက်ကိုသာ မြှောက်၍ လက်ဟန် သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်။ ထိုသင်္ကေတ ဖြစ်ပေါ်လာပြီးသည်နှင့် စုမင်သည် သူ၏ လက်ဟန်ကို ပြောင်းလဲလိုက်ပြီး တစ်ခဏအတွင်းမှာပင် လက်ဟန်သင်္ကေတများကို ကိုးကြိမ်တိုင်တိုင် ပြောင်းလဲပြီးသွားခဲ့ချေပြီ။
"ငါ မင်းကို ညအချိန်၏ ကြက်သွေးရောင် မျက်လုံးတို့ အပ်နှင်းတယ်..." စုမင်သည် တည်ငြိမ်စွာ ပြောဆိုလိုက်ရင်း လက်ဟန်သင်္ကေတများကို ကိုးကြိမ်တိုင်တိုင် ပြောင်းလဲလိုက်သည်။ သူ့ထံမှ စကားတစ်ခွန်း ထွက်ပေါ်လာတိုင်း လက်ဟန်သင်္ကေတ တစ်မျိုး ပြောင်းသွားတတ်သည်။ သူ့ထံမှ ထိုစကား ကိုးလုံး ထွက်ပေါ်လာပြီးသည်နှင့် သူသည် လက်ဟန်သင်္ကေတများကို တွန်းထုတ်လိုက်သည်။
ထိုသို့ တွန်းထုတ်လိုက်သည်နှင့် မှောင်မည်းနေသော ကောင်းကင်ယံ၌ အနီရောင်အစက်အပြောက် နှစ်ခု ရုတ်ခြည်း ထွက်ပေါ်လာသည်။ မည်သူမဆို ထိုအနီရောင် အစက်များကို သေချာကြည့်မိပါက ၎င်းတို့မှာ ကြယ်ပွင့်နှစ်ပွင့် ဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။ ထိုကြယ်နှစ်ပွင့် အနီရောင် ပြောင်းသွားသည်နှင့် စုမင်ထံ ချဉ်းကပ်လာနေသော ကုန်းစီအပေါ် ပြင်းထန်သော ခွန်အားတစ်ခု ကျဆင်းလာတော့သည်။
ပြင်းထန်သော တုန်လှုပ်ချောက်ခြားမှု တစ်ခုက ကုန်းစီ၏ ခန္ဓာကိုယ် တစ်လျှောက် ဖြတ်သန်းသွားပြီး သူ့အမူအယာမှာလည်း သိသိသာသာ ပြောင်းလဲသွားတော့သည်။ ထိုအခိုက်အတန့်တွင် လေထဲရှိ သူ့ခန္ဓာကိုယ်မှာ အေးခဲရပ်တန့်နေပြီး တစ်လက်မပင် လှုပ်ရှားနိုင်ခြင်း မရှိတော့ကြောင်း တွေ့လိုက်ရလေသည်။
"ငါ မင်းကို ကောင်းကင်ယံ၏ ခရမ်းနုရောင် နှုတ်ခမ်းတစ်စုံ အပ်နှင်းတယ်..." စုမင်သည် ဖြူဖျော့နေသော ဝမ်ချိုးထံ လျှောက်သွားလိုက်၏။ သူ့စကားဆုံးသည်နှင့် ညာလက်ဖြင့် လက်ဟန်သင်္ကေတ ကိုးမျိုး ထပ်မံဖန်တီးလိုက်ပြီး မြေပြင်သို့ ရိုက်ချလိုက်သည်။
မြေပြင်မှာ ပေါက်ကွဲသံတစ်ချက်နှင့်အတူ တုန်ခါသွားသည်။ ထို့နောက် ၎င်းသည် အရည်ပျော်သွားဟန်ဖြင့် ကုန်းမြေထက်၌ လှိုင်းဂယက် အလွှာများ ဖြစ်ပေါ်လာပြီး ဆက်လက်၍ ထိုလှိုင်းလွှာများကြားမှ စူးရှသော အလင်းတန်းတစ်ခု တိုးထွက်လာခဲ့သည်။ စုမင်က ရိုက်ချက်တစ်ချက်နှင့်ပင် မြေပြင်ကို ပျောက်ကွယ်သွားစေခဲ့လေသည်။
ထိုမြေပြင်နေရာတွင်တော့ ၎င်းအစား စူးရှတောက်ပသော ကောင်းကင် အစိတ်အပိုင်းတစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။
မြေပြင်သည် ကောင်းကင်ယံအဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။ မြေပြင်ထက်၌ ရပ်နေသူများသည် ၎င်းတို့အားလုံးမှာ ကောင်းကင်ထက်၌ ရပ်နေသကဲ့သို့ ခံစားလိုက်ကြရသည်။ ဤထူးဆန်းသော အပြောင်းအလဲကြောင့် ထိုဧရိယာ တစ်ဝိုက်ရှိ ဆောင်းဦးပင်လယ် မျိုးနွယ်ဝင်များထံမှ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာခဲ့သည်။ သို့သော်ငြား ၎င်းတို့ အထိတ်တလန့် အော်ဟစ်မိသည်နှင့် တစ်ပြိုင်နက် သူတို့ခန္ဓာကိုယ်များသည် နေရာမှာပင် အေးခဲနေပုံပေါ်ပြီး အနည်းငယ်မျှပင် လှုပ်ရှားနိုင်ခြင်း မရှိတော့ကြောင်း တွေ့လိုက်ရလေသည်။
ဝမ်ချိုးနှင့် နှောင်ပိုင်းရှာမန် အဘွားအို အပါအဝင် မည်သူမှ မလှုပ်ရှားနိုင်တော့ခြင်း ဖြစ်သည်။
အမှောင်ထဲတွင် ရှိသော ကုန်းစီ၏ မျက်ဝန်းတို့ ကျဉ်းမြောင်းသွားခဲ့ရသည်။ သူ့အသက်ရှူသံများပင် လျင်မြန်လာပြီး မျက်နှာထက်တွင်လည်း မယုံကြည်နိုင်မှုတို့ အထင်းသား ပေါ်လာခဲ့သည်။ စုမင်မှာ သန်မာလိမ့်မည်ဟု သူမျှော်လင့်ထားပြီး ဖြစ်သော်ငြား အလွန်အမင်း အစွမ်းထက်နေလိမ့်မည် ဟုတော့ ထင်မထားခဲ့ချေ။ ဤသည်က နတ်ဘုရားစွမ်းရည်၊ ကျင့်စဉ်မျိုးပင် မဟုတ်တော့ပဲသူ၏ နတ်ဘုရားစိတ်အာရုံကို ရုပ်လုံးပေါ်အောင် သိပ်သည်းလိုက်ခြင်းပင် ဖြစ်သည်။
'သူက သူ့နတ်ဘုရား စိတ်အာရုံကို စိတ်စွမ်းအင်အဖြစ် ပြောင်းပြီး ညအချိန်ရဲ့ အရာအားလုံးကို ချိပ်ပိတ်ပစ်လိုက်တာပဲ။ သူက ဒီနံနက်ခင်း ကောင်းကင်ယံမှာ သက်ရှိဝိညာဉ်အားလုံးကို ချုပ်နှောင်ပစ်လိုက်တယ်။ ဒီလူ... ဒီလူရဲ့... ကျင့်ကြံဆင့်က ဘယ်လောက်တောင်များလဲ..." ကုန်းစီ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူရော်သွားတော့သည်။
လွင့်မျောနေသော ဝတ်ရုံနီ၊ အနီရောင် ဆံပင်ရှည်များနှင့် သူ၏ ဖျော့တော့သောမျက်နှာ၊ ခရမ်းရောင်နှုတ်ခမ်း တစ်စုံတို့က စုမင်ပုံစံအား ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေစေသည်။ ဆံနီစုမင်သည် လူတို့၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်မှာပင် သူ့ပစ်မှတ်ဖြစ်သော ဝမ်ချိုးထံ လျှောက်လာခဲ့၏။
ဝမ်ချိုး၏ လှပသော မျက်နှာလေးမှာ သွေးရောင်တို့ ပျောက်ဆုံးနေခဲ့လေပြီ။ လက်တစ်ချက် မြှောက်လိုက်ရုံဖြင့် သူမတို့ မျိုးနွယ်စု၏ နတ်ဘုရား တစ်ပါးသဖွယ် ဖြစ်သော ကုန်းစီကို ချိပ်ပိတ်လိုက်ပြီး လက်တစ်ချက် ထပ်မံဝှေ့ယမ်းလိုက်ရုံဖြင့် နယ်မြေတစ်ခုလုံးကိုပင် ချိပ်ပိတ်လိုက်နိုင်သော စုမင်က သူမထံ လျှောက်လာနေသည်ကို သူမ ကြည့်လိုက်မိသည်။ ဤသန်မာသော စွမ်းအားမှာ သူမ တစ်သက်တာတွင် တစ်ခါမှ မမြင်ခဲ့ဖူးသော အရာဖြစ်သည်။
စုမင်သည် သူမထံသို့ ဖြည်းဖြည်းချင်းသာ လျှောက်လာသော်လည်း သူတို့နှစ်ဦးကြား အကွာအဝေးက ပေတစ်ထောင်ပင် မရှိတော့ချေ။ ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် သူမအနီးသို့ ရောက်တော့မည့် အချိန်မှာပင် စုမင်မှာ မျက်မှောင်ကြုတ်သွားခဲ့၏။ ထိုအခိုက်အတန့်မှာပင် အဝေးရှိ ကောင်းကင်ထံမှလည်း ကျယ်လောင်သော ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
ထို ဟိန်းဟောက်သံ ပဲ့တင်ထပ်နေစဉ်မှာပင် အဆုံးကိုပင် မမြင်နိုင်သည်အထိ ကြီးမားလှသော မက်ကရယ်ငါးကြီး တစ်ကောင်က ကောင်းကင်ယံအမြင့်၌ ထွက်ပေါ်လာခဲ့သည်။ ထိုမက်ကရယ်ငါးကြီးသည် သန်မာသော ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရဟန်ဖြင့် စုမင်ကို စိုက်ကြည့်လျက် ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။
"မြောက်ပိုင်း နီသာပင်လယ်ရဲ့ သွေးမျိုးစက်လား..."
ထိုဧရာမ မက်ကရယ်ငါးကြီးကို တစ်ချက် မော့ကြည့်လိုက်မိသည်နှင့် စုမင်မျက်ဝန်းတို့က တောက်ပသွားခဲ့သည်။
သူသည် ဝမ်ချိုးထံ ဆက်မသွားတော့ပဲ ထိုအစား အကြည့်စူးစူးတို့နှင့် အတူ ကောင်းကင်ယံထက် ပျံတက်သွားလေသည်။ စုမင် ကောင်းကင်ကို ဖြတ်သန်းသွားသည်နှင့် စူးရှသော လေထုကိုထိုးခွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် သူသည် ကောင်းကင်ယံထက်မှ ဧရာမ မက်ကရယ်ငါးကြီးဆီ ဦးတည်တိုးဝင်သွားတော့သည်။
သူ့ထံတွင် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ် တစ်ခုပေါ်လာပြီး ထိုသတ်ဖြတ်လိုစိတ်၏ အင်အားကိုလည်း ဆောင်းဦးပင်လယ် မျိုးနွယ်စုမှ လူများအားလုံး ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ချေသည်။
"မလုပ်နဲ့" ဝမ်ချိုး တုန်ယင်သွားမိ၏။ သူမ မျက်ဝန်းများအတွင်း မျက်ရည်စတို့နှင့် အတူ အားနည်း ဖျော့တော့စွာ အော်ဟစ်လိုက်မိသည်။ စုမင် ကိုယ်ပေါ်မှ သတ်ဖြတ်လိုစိတ်ကို သူမလည်း ခံစားလိုက်မိချေ၏။ မက်ကရယ်ငါးသည် ဆရာကုန်းစီကိုပင် ချိပ်ပိတ်နိုင်ခဲ့သော ဤစုမင်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူမ မယုံကြည်ပေ။
သူမ မျက်ဝန်းများ အတွင်း၌ စိတ်ပျက်အားငယ်မှုတို့ ပေါ်လာပြီး သူမ ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ယင်လို့နေသည်။ စုမင်၏ ပုံပန်းသွင်ပြင်နှင့် သူ၏ ခွန်အားမှာ သူမ လုံးဝ ကြိုတင်မခန့်မှန်းမိခဲ့သော အရာဖြစ်သည်။ အမှန်စင်စစ်တော့ ထိုချိပ်စည်းအောက်၌ သူမ၏ အားနည်းစွာ ငိုကြွေးနေမှုကိုပင် သူမတစ်ယောက်တည်းသာ ကြားနိုင်ခြင်းဖြစ်သည်။
စုမင်သည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး မက်ကရယ်ငါးထံ ချဉ်းကပ်သွားသည်နှင့် သူမ ရင်ထဲမှနေ၍ ထိုမက်ကရယ်ငါးကြီးကို ထွက်ခွာသွားရန် အော်ဟစ်နေမိသည်။
ကောင်းကင်ယံရှိ မက်ကရယ်ငါးကြီးထံမှ စူးစူးဝါးဝါး ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာပြီး အနီရောင်မြူခိုးများက ကောင်းကင်တစ်ခွင် ဖုံးအုပ်သွားတော့သည်။ မြူခိုးများအတွင်းမှ မက်ကရယ်ငါးကြီး၏ စူးစူးဝါးဝါး အော်မြည်သံများမှာ ပိုမိုပြင်းထန်လာပြီး ၎င်းတို့က ဝမ်ချိုး၏ နှလုံးသားကို ဓားသွားများဖြင့် အထပ်ထပ် လှီးဖြတ်နေသလိုပင်။
နယ်မြေတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။ ဆရာကုန်းစီသည်လည်း ငြိမ်သက်နေခဲ့လေသည်။
ကောင်းကင်ယံရှိ မြူခိုးများမှာ တစ်နာရီခန့် ကြာပြီးနောက် လွင့်ပျယ်သွားခဲ့သည်။ မက်ကရယ်ငါးသည် ကောင်းကင်ထက်၌ ဆက်လက် လွင့်မျောနေသေးသော်လည်း ယခင်ထက် များစွာ သေးငယ်သွားခဲ့ပြီး သေဆုံးခြင်းအငွေ့အသက်တို့ ပြည့်နေခဲ့လေပြီ။ သို့သော် ၎င်းက အမှန်တစ်ကယ် သေဆုံးသွားခြင်းတော့ မဟုတ်ပေ။ ၎င်းထံ၌ အသက်ဓာတ် တစ်စွန်းတစ်စ ကျန်ရှိနေဆဲ ဖြစ်သည်။
လေထဲမှ ပြန်လည် ဆင်းသက်လာသော စုမင်၏ နှုတ်ခမ်းထောင့်စွန်း၌ မက်ကရယ်ငါးထံမှ သွေးတို့ ရှိနေလေသည်။ သူ့အရှိန်အဝါမှာလည်း ယခင်ထက် သိသိသာသာ ပိုမိုသန်မာလာခဲ့သည်။
"မင်းက အဲဒါကို မသေစေချင်မှတော့ ငါသူ့ကို ညှာတာပေးလိုက်ပါ့မယ်" စုမင်သည် ဝမ်ချိုးထံ လျှောက်လာပြီး သူမအရှေ့၌ ရပ်လိုက်သည်။ ထို့နောက် ညာလက်ကို မြှောက်၍ သူမ၏ နံဖူးအလယ်သို့ ဖိကပ်လိုက်၏။ အချိန်အတော်ကြာပြီးနောက် သူ့မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာလေသည်။
"မဆိုးဘူး။ မင်းက လိုအပ်ချက်တွေနဲ့ တစ်ကယ်ကြီး မပြည့်မီပေမယ့် လုံတော့ လုံလောက်ပါတယ်" စကားဆုံးသည်နှင့် စုမင်သည် ဝမ်ချိုးကို လက်ဖြင့်ဖက်လိုက်သည်။ ထို့နောက် တစ်ဖက်သို့ လှည့်ကာ ခြေလှမ်းအနည်းငယ် လှမ်းပြီးချိန်၌ တစ်နေရာဆီသို့ ရုတ်ခြည်း လှည့်ကြည့်လိုက်ချေ၏။ သူ၏ ကြက်သွေးရောင် မျက်ဝန်းများသည် မနီးမဝေးတွင် ရပ်နေသော နှောင်းပိုင်းရှာမန် အဘွားအိုအပေါ် ကျရောက်သွားခဲ့သည်။
"ဘာလို့မှန်း မသိပေမယ့်၊ ဒီလူတွေ အကုန်လုံးထဲမှာ ငါမင်းကိုတော့ သဘောမကျဘူး" စကားဆုံးသည်နှင့် သူ့မျက်လုံးများအတွင်း အနီရောင်အလင်းတစ်ဖြာ တောက်ပသွားပြီး တစ်ဖက်သို့ ပြန်လှည့်ကာ ထွက်ခွာသွားတော့သည်။
စုမင် ထွက်ခွာသွားသည်နှင့် အဘွားအို၏ သွေးတို့မှာ ဆူပွက်လာဟန်ဖြင့် သူမမျက်နှာက ရုတ်ခြည်း နီရဲလာခဲ့သည်။ သူမမျက်နှာထက်တွင် နာကျင်မှုတို့ အထင်းသား ပေါ်လာပြီး သူမဦးခေါင်းမှာ တစ်ခဏအတွင်း ပေါက်ကွဲသွားခဲ့သည်။ သူမ ခန္ဓာကိုယ်မှာလည်း တစ်လက်မချင်းစီ စုတ်ပြဲသွားပြီး သူမ သေဆုံးသွားသည်နှင့် သူမကိုယ်မှ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။ အခိုးအငွေ့ အများစုသည် စုမင်ထံ စိမ့်ဝင်သွားကြပြီး ကျန်အရာများသည် လေထဲ၌ အကြိမ်အနည်းငယ် လှည့်ပတ်နေခဲ့ပြီးမှ အခြား အရပ်မျက်နှာ တစ်ခုဆီ ဦးတည်သွားပြီး လူအုပ်ထဲတွင် ရပ်နေသည့် ဖြူဖျော့ဖျော့ လူငယ်လေး တစ်ဦး၏ ကိုယ်တွင်းသို့ တိုးဝင်သွားလေသည်။ လူငယ်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူ၏ ကျင့်ကြံဆင့်များလည်း တိုးမြင့်တော့မည့် အရိပ်အယောင်များ ပြလာခဲ့သည်။ ထိုလူငယ်ကား... ယာမူပင် ဖြစ်သည်။
အဘွားအို သေဆုံးသွားသည်ကို မြင်သောအခါ ဝမ်ချိုးသည် တုန်ရီသွားပြီး သူမ မျက်ဝန်းများ အတွင်းရှိ အလင်းတို့မှာလည်း ပျောက်ကွယ်သွားတော့သည်။
***