အခန်း (၃၅၃-၃၅၄)
Vol. 36 Ch. 353-354
အခန်း။ ၃၅၃
ရှေးဟောင်းကျင့်ကြံသူတို့၏ လျှို့ဝှက်နယ်မြေအတွင်း၌ စစ်မှန်သော ဂူဗိမာန်တော်တစ်ခု အံ့အားသင့်ဖွယ် ပေါ်ထွက်လာခဲ့ပြီး ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်နှင့် ၎င်းအောက်ရှိ ကျင့်ကြံသူများကိုသာ ဝင်ရောက်ခွင့်ပြုထားသည်။
အချို့က ရှေးဟောင်းမှတ်တမ်းများကို ပြန်လည်ရှာဖွေကြည့်ရာ ဤဂူဗိမာန်၏ သခင်မှာ လွန်ခဲ့သော နှစ်ပေါင်းလေးထောင်ကျော်က ဗဟိုတိုက်ကြီးတွင် အလွန်ထင်ရှားကျော်ကြားခဲ့သည့် ဆရာကြီး ဟန်ယွဲ့ပင် ဖြစ်ကြောင်း သိရှိလိုက်ကြရသည်။
ဤသတင်း ပြန့်နှံ့သွားသည်နှင့် တစ်ပြိုင်နက် အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်း တစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။
ယခင်က လျှို့ဝှက်နယ်မြေအတွင်း ပေါ်ထွက်ခဲ့သော ဝိညာဉ်ကြောများ၊ ကမ္ဘာမြေရတနာများနှင့် ဆေးဖက်ဝင်အပင်များမှာ ဂိုဏ်းအတွက်သာ အဓိက အကျိုးရှိခဲ့ခြင်းပင်။ ထို့ကြောင့် ဂိုဏ်းအနေဖြင့် တိုက်ရိုက်တပည့်များကို အကျိုးပြုရမှတ်များနှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးများဖြင့် ဆွဲဆောင်ကာ ဂိုဏ်း၏ အုတ်မြစ်များအတွက် သွားရောက်ယှဉ်ပြိုင်ခိုင်းခဲ့ရခြင်းပင်။
သို့သော် စစ်မှန်သော ဂူဗိမာန်တော်အတွင်း၌မူ ရွှေအမြုတေအဆင့် ဆရာကြီးတစ်ဦး တစ်သက်တာလုံး အသုံးပြုခဲ့သည့် မှော်ရတနာများ၊ ဆေးစွမ်းကောင်းများ၊ အဆောင်စက္ကူများနှင့် ကျင့်စဉ်အမွေအနှစ်များပင် ကိန်းဝပ်နေလေ့ရှိသည်။
ဤအရာများကို ဂိုဏ်းက သိမ်းယူလေ့မရှိဘဲ ကျင့်ကြံသူကိုယ်တိုင်အတွက် များစွာ အကျိုးကျေးဇူး ရှိစေမည်ဖြစ်သည်။
အထူးသဖြင့် ကျင့်စဉ်အမွေအနှစ်များအတွင်း ဆရာကြီးဖြစ်သူက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှင့် ရွှေအမြုတေအဆင့်သို့ တက်လှမ်းစဉ်က ရရှိခဲ့သော သိမြင်နားလည်မှုများ ပါဝင်နေနိုင်ရာ အဆင့်တက်လှမ်းရန် ခက်ခဲနေသူများအတွက် များစွာ လွယ်ကူချောမွေ့သွားစေနိုင်သည်။
ကျင့်ကြံရေးလောကတွင် အမည်မသိ လူငယ်လေးတစ်ဦးမှာ ရှေးဟောင်းကျင့်ကြံသူတစ်ဦး၏ အမွေအနှစ်ကို ရရှိပြီးနောက် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးအဖြစ် ရုတ်တရက် အရှိန်အဟုန်ဖြင့် တက်လှမ်းသွားသည့် သာဓကများစွာ ရှိခဲ့ဖူးသည်။
ထို့ကြောင့် အတွင်းစည်းတပည့် အမြောက်အမြားမှာ တာဝန်များအကြောင်း စုံစမ်းရန် ပြေးလွှားလာကြသဖြင့် တာဝန်ပေးဆောင်ရေးခန်းမမှာ လူများဖြင့် ပြည့်လျှံသွားခဲ့ရသည်။ သို့ဖြစ်ရာ အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းက စည်းမျဉ်းအသစ်တစ်ခုကို ထုတ်ပြန်လိုက်ရသည်။
ဂူဗိမာန်တော်တာဝန်ကို ထမ်းဆောင်လိုသော အတွင်းစည်းတပည့်များက တိုက်ရိုက်တပည့်များနှင့် ပူးပေါင်းရမည်ဖြစ်ပြီး အနည်းဆုံး လူသုံးဦးရှိမှသာ တာဝန်ကို လက်ခံနိုင်သည်။
ရှေးဟောင်းကျင့်ကြံသူတို့၏ လျှို့ဝှက်နယ်မြေမှာ အလွန်ကျယ်ပြောလှသဖြင့် အတွင်းစည်းတပည့်များအနေဖြင့် နယ်မြေ၏ နက်ရှိုင်းသောနေရာရှိ ဂူဗိမာန်တော်သို့ ဘေးကင်းစွာ ရောက်ရှိနိုင်ရန် တိုက်ရိုက်တပည့်များ၏ စောင့်ရှောက်မှု လိုအပ်သည်။
သို့မဟုတ်ပါက နေနီဂိုဏ်းမှ ချီသန့်စင်ခြင်း နောက်ဆုံးအဆင့်ရှိသူများ၏ ချုံခိုတိုက်ခိုက်မှုကို ခံရလျှင် အားလုံး အစုလိုက်အပြုံလိုက် သေဆုံးသွားနိုင်သောကြောင့်ပင်။
မည်သို့ပင်ဖြစ်စေ သူတို့အချင်းချင်း အကျိုးအမြတ်ခွဲဝေမှုနှင့် ကူညီပေးမှုများကိုမူ ဂိုဏ်းက ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ အတွင်းစည်းတပည့်နှင့် တိုက်ရိုက်တပည့်တို့အကြား ကြိုတင်ညှိနှိုင်းရမည်ပင်။
ဝမ်ထောင်တောင်ထွတ်ပေါ်တွင်…
"ညီလေးဝမ်... စစ်မှန်တဲ့ ဂူဗိမာန်တော်ဆိုတာ အန္တရာယ်တွေနဲ့ ပြည့်နေတတ်သလို အမွေအနှစ်ကို ရဖို့ဆိုတာလည်း မလွယ်ဘူး။ မင်းနဲ့ ယွဲ့ယွဲ့တို့ အတူတူ ကြိုးစားပြီး အစစအရာရာ ဂရုစိုက်ကြဦး"
"စီနီယာရန်... စိတ်ချပါ။ အစ်ကိုက လျှို့ဝှက်နယ်မြေထဲမှာ ကျွန်တော့်အတွက် အကာအကွယ်ပေးထားရင် ရပါပြီ။ ဂူဗိမာန်ထဲ ရောက်ရင်တော့ အစ်မကို ကျွန်တော် သေသေချာချာ စောင့်ရှောက်ပါ့မယ်"
အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့သည် ဆိတ်ငြိမ်သော လမ်းကလေးအတိုင်း လျှောက်လှမ်းလာကြသည်။
အပြာနုရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေးမှာ အရပ်ပုပြီး အနည်းငယ် ဖိုင့်ဖိုင့်ကိုယ်လုံးရှိကာ အသားဖြူသူ ဖြစ်သည်။ သူ၏ မျက်နှာတွင် အမြဲတစေ မာန်တက်နေသော အမူအရာရှိပြီး သူမှာ လုံယီနှင့်အတူ ဂိုဏ်းသို့ တစ်ချိန်တည်း ဝင်ရောက်ခဲ့သော ဝမ်ဝမ်ပိုင်ပင်။
ကျန်ရှိသော အမျိုးသားနှင့် အမျိုးသမီးမှာမူ လက်ချင်းချိတ်ထားကြပြီး ချစ်သူများအလား ရှိနေကြသည်။ ထိုအမျိုးသားမှာ ရုပ်ဖြောင့်သူဖြစ်ပြီး အမျိုးသမီးမှာလည်း လှပသူဖြစ်ရာ သူတို့မှာ ယခင်က ဧည့်သည်ကြိုဆိုရေးတောင်ထွတ်တွင် စိမ်းပြာမဟာမိတ်အဖွဲ့နှင့် လေးပင်လယ်အသင်းတို့အကြား ပဋိပက္ခဖြစ်ပွားခဲ့စဉ်က ပါဝင်ခဲ့သူများ ဖြစ်သည်။
ထိုအမျိုးသားမှာ စိမ်းပြာမဟာမိတ်အဖွဲ့၏ အဖွဲ့ခေါင်းဆောင် ရန်ကျဲချန်ဖြစ်ပြီး အမျိုးသမီးမှာမူ သူမ၏ ငယ်စဉ်က ကတိထားခဲ့သော စေ့စပ်မှုကို ဖျက်သိမ်းခဲ့သည့် လီရှင်းယွဲ့ပင်။ လီရှင်းယွဲ့မှာ အသားဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် လှပသော ကိုယ်လုံးကိုယ်ပေါက်ရှိသူဖြစ်ရာ ဝမ်ဝမ်ပိုင်၏ အစ်မဟူသော ခေါ်ဝေါ်မှုကို ကြားလိုက်ရချိန်တွင် သူမ၏ ပါးပြင်လေးမှာ မသိမသာ ရဲတက်သွားခဲ့သည်။
"ဒီတစ်ခါ ဂူဗိမာန်ခရီးစဉ်အတွက် ငါ ယိုချင်းယီကို ဖိတ်မလို့ စဉ်းစားထားတယ်။ သူမက ဝိညာဉ်ဆေးခန်းမရဲ့ ထိပ်တန်းတပည့်ဖြစ်သလို ဆေးလုံးတွေလည်း အများကြီးရှိတယ်။ သူမသာ ပါလာရင်တော့ ကျားမှာ အတောင်ပံတပ်ပေးလိုက်သလိုပဲ ပိုပြီး အဆင်ပြေသွားမှာ"
ဝမ်ဝမ်ပိုင်က သူ၏ အစီအစဉ်ကို ထုတ်ဖော်ပြောလိုက်သည်။
လီရှင်းယွဲ့က ရယ်မောရင်း "ယိုချင်းယီအကြောင်း ငါ ကြားဖူးပါတယ်။ သူမက ရေခဲတောင်
နတ်သမီးလို့တောင် လူသိများတာ။ လှတော့ လှပါရဲ့ ဒါပေမဲ့ အမျိုးသားတွေအပေါ်မှာ အမြဲတမ်း အေးစက်စက် ဆက်ဆံတတ်လို့ အများကြီး အငြင်းခံခဲ့ရဖူးတယ်။ မင်း တကယ်ပဲ ဖိတ်နိုင်မယ်လို့ ယုံကြည်လို့လား" ဟု မေးလိုက်သည်။
ရန်ကျဲချန်ကလည်း "အဲဒါက ဘယ်သူက ဖိတ်သလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ အကြီးအကဲဝမ်ရဲ့ မြေးဖြစ်သူကသာ ဖိတ်မယ်ဆိုရင် သူမက ချက်ချင်း သဘောတူမှာ မဟုတ်ဘူးလား" ဟု စနောက်လိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ဝမ်ပိုင်သည် သူ၏ ရင်ဘတ်ကို မော့ကာ ယုံကြည်မှုအပြည့်ရှိနေသော မျက်နှာထားဖြင့် ရှိနေသည်။ သူတို့အုပ်စုသည် စကားပြောဆိုရင်းနှင့် ကျောက်စိမ်းကောင်းကင်ဟူသော ဆိုင်းဘုတ် ချိတ်ဆွဲထားသည့် စံအိမ်တစ်ခုရှေ့သို့ ရောက်ရှိလာကြသည်။
"မိတ်ဆွေ ယိုချင်းယီကို သွားပြောလိုက်ပါ... သူမကို တွေ့ချင်တဲ့လူ ရောက်နေတယ်လို့"
ဝမ်ဝမ်ပိုင်က သူ၏လက်များကို နောက်ပစ်ထားရင်း တည်ငြိမ်စွာပင် ပြောလိုက်တော့သည်။
“စီနီယာ ခဏလောက် စောင့်ပေးပါဦးခင်ဗျာ”
တံခါးဝရှိ လူငယ်လေးက ယဉ်ကျေးစွာ ပြောကြားလိုက်သည်။
ထို့နောက် သူသည် ရောက်ရှိလာကြောင်း အကြောင်းကြားရန် စံအိမ်အတွင်းသို့ အပြေးအလွှား ဝင်သွားတော့သည်။
ခေတ္တအကြာတွင် စံအိမ်အတွင်းမှ ကျော့ရှင်းလှပသော ပုံရိပ်တစ်ခု ထွက်ပေါ်လာရာ ဝမ်ဝမ်ပိုင်နှင့် အပေါင်းအပါများ၏ မျက်လုံးများမှာ ဝင်းလက်သွားကြသည်။
ပေါ်ထွက်လာသူမှာ ကျောက်စိမ်းကဲ့သို့ ချောမွေ့သော အသားအရေ၊ လဆန်းအလား လှပသော မျက်ခုံးအစုံနှင့် နှင်းကြာပန်းကဲ့သို့ အေးစက်သော အရှိန်အဝါရှိသည့် ယိုချင်းယီပင်။ သူမ၏ အလှတရားမှာ ဂိုဏ်းတစ်ခုလုံးတွင် ကျော်ကြားသည်။
သူမကိုသူမ အလှအပတွင် ယုံကြည်ချက်ရှိလှသော လီရှင်းယွဲ့ပင်လျှင် ယိုချင်းယီကို မြင်လိုက်ရသောအခါ ပြောမပြတတ်သော နိမ့်ကျမှုကို ခံစားလိုက်ရပြီး သူမကိုသူမ အားမလိုအားမရ ဖြစ်သွားခဲ့ရသည်။
“နတ်သမီးယို... မတွေ့တာ ကြာပြီနော်...”
ဝမ်ဝမ်ပိုင်သည် လည်ချောင်းကို တစ်ချက်ဟန့်လိုက်ပြီး သူမအနီးသို့ ခြေလှမ်းအနည်းငယ် တိုးကပ်လိုက်သည်။
“အစ်ကို ဝမ်... ဘာကိစ္စရှိလို့လဲ”
ဝမ်ဝမ်ပိုင်က နှုတ်ဆက်စကားများပင် မဆိုရသေးမီမှာပင် ယိုချင်းယီက မညှာမတာ ဖြတ်ပြောလိုက်သည်။ သူမ၏ မျက်ဝန်းများသည် အေးစက်နေပြီး မည်သည့် ခံစားချက်မျှမပါဘဲ သူ့ကို ကြည့်နေသည်။
“အဲဒါက... နတ်သမီးယိုလည်း ကြားဖူးမှာပါ။ အခု လျှို့ဝှက်နယ်မြေထဲမှာ စစ်မှန်တဲ့ ဂူဗိမာန်တော်တစ်ခု ပေါ်နေတယ်လေ။ အဲဒီဂူရဲ့ သခင်က လွန်ခဲ့တဲ့ နှစ်ပေါင်းလေးထောင်ကျော်က ထိပ်တန်း ရွှေအမြုတေအဆင့် ဆရာကြီး ဟန်ယွဲ့ပဲ။ သူရဲ့ အမွေအနှစ်ကိုသာ ရခဲ့ရင် အခြေခံအုတ်မြစ် တည်ဆောက်နိုင်ဖို့က သေချာသလောက်ပဲ။ အမြုတေဖွဲ့စည်းဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့အရာ မဟုတ်ဘူး။ နတ်သမီးယိုအနေနဲ့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းဖို့ စိတ်ဝင်စားမလားလို့ပါ...”
ဝမ်ဝမ်ပိုင်သည် အနေရခက်စွာ ပြုံးရင်း ယိုချင်းယီကို ဖိတ်ခေါ်လိုက်သည်။
“စိတ်မဝင်စားဘူး”
ယိုချင်းယီသည် ထိုစကားလေးခွန်းကိုသာ ချန်ထားရစ်ခဲ့ပြီး စံအိမ်အတွင်းသို့ ပြန်ဝင်ရန် လှည့်ထွက်သွားတော့သည်။ ဝမ်ဝမ်ပိုင်မှာမူ သူ၏ အပြုံးများမှာ မျက်နှာထက်တွင်ပင် ခဲသွားတော့သည်။
ထိုစဉ်မှာပင် မလှမ်းမကမ်းမှ ချိုသာသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ချင်းယီ... ငါ နင့်ကို လိုက်ရှာနေတာ”
ထိုအသံကို ကြားလိုက်ရသောအခါမှ ယိုချင်းယီသည် မတတ်သာဘဲ ပြန်လှည့်ကြည့်လိုက်သည်။ စက္ကူပန်းရောင် ပါးပြင်လေးများနှင့် ချစ်စဖွယ် ပါးချိုင့်လေးများရှိသည့် မိန်းကလေးတစ်ဦးမှာ ခုန်ဆွခုန်ဆွဖြင့် ပြေးလာနေသည်။ သူမမှာ ယိုချင်းယီ၏ သူငယ်ချင်း ပိယောင်ယောင်ပင်။
ပိယောင်ယောင်သည် ဝမ်ဝမ်ပိုင်နှင့် အခြားသူများကို စူးစမ်းစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် “စစ်မှန်တဲ့ ဂူဗိမာန်တော်အကြောင်း ကြားပြီးပြီလား။ ငါ နင်နဲ့ အဖွဲ့ဖွဲ့မလို့ လာတာ ဟဲဟဲ... ဒါနဲ့ ငါတို့ ကတုံကြီးလုံကိုရော သွားခေါ်ကြမလား” ဟု မေးလိုက်သည်။
“ကောင်းပြီလေ”
ယိုချင်းယီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
မိန်းကလေးနှစ်ဦးမှာ လက်ချင်းချိတ်ကာ စံအိမ်အတွင်းသို့ ပြန်ဝင်သွားကြရာ ဝမ်ဝမ်ပိုင်နှင့် အပေါင်းအပါများမှာ ဆောင်းလေအေးအတွင်း၌ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ကြတော့သည်။
တောက်
ဝမ်ဝမ်ပိုင်သည် ဘေးရှိ ရန်ကျဲချန်နှင့် လီရှင်းယွဲ့တို့၏ အံ့ဩနေသော အကြည့်များကြောင့် မျက်နှာတစ်ခုလုံး ပူထူသွားကာ ရင်ထဲတွင် ဒေါသများ တဟုန်းဟုန်း တောက်လောင်လာခဲ့သည်။
ဘာလို့လဲ... ဘာလို့ အဲဒီ လုံယီဆိုတဲ့ကောင်က သူတို့နဲ့ အတူရှိနေရတာလဲ။
“ကတုံကြီးလုံဆိုတာ ဘယ်သူလဲ”
လီရှင်းယွဲ့က စပ်စုလိုက်သည်။
“ဝိညာဉ်အမြစ် အနိမ့်စားပဲရှိတဲ့ လုံယီဆိုတဲ့ကောင်ပဲ။ ငါ့ရဲ့ ပင်ကိုဗီဇ ဝိညာဉ်အလောင်းကောင်ကို သူက လုသွားတာ။ အဲဒါသာ မဟုတ်ရင် ငါ အခုလောက်ဆို ချီသန့်စင်ခြင်း ပဉ္စမအဆင့်ကို ရောက်နေလောက်ပြီ”
ဝမ်ဝမ်ပိုင်က သူ၏မျက်ဝန်းထဲတွင် နာကျည်းမှုများဖြင့် အေးစက်စွာ ပြောလိုက်သည်။
“ဪ... ဒီလူက အဲလောက်တောင် အမြင်မရှိတာလား”
ရန်ကျဲချန်က ဝမ်ဝမ်ပိုင်ဘက်မှ မခံမရပ်နိုင်ဖြစ်ပေးရင်း “ညီလေးဝမ် စိတ်မဆိုးပါနဲ့။ လျှို့ဝှက်နယ်မြေထဲမှာသာ သူ့ကိုတွေ့ရင် သင်ခန်းစာ ကောင်းကောင်းပေးလိုက်ရုံပေါ့” ဟု ပြောလိုက်သည်။
“သင်ခန်းစာပေးတာထက် သူ့ကို အမှတ်ရသွားအောင် ငါ လုပ်ရမယ်”
ဝမ်ဝမ်ပိုင်က အေးစက်စွာ ပြန်ပြောသည်။
“ဒါက သိပ်ပြီး လွန်မသွားဘူးလား။ ဂိုဏ်းသားအချင်းချင်း တိုက်ခိုက်တာကို တခြားလူတွေ သိသွားရင် ဂိုဏ်းရဲ့ အပြစ်ပေးတာ ခံရလိမ့်မယ်နော်”
လီရှင်းယွဲ့က စိုးရိမ်တကြီး ပြောလိုက်သည်။
“ဘာကြောက်စရာ ရှိလဲ။ ချီသန့်စင်ခြင်း အဆင့်ရှိတဲ့လူတွေပဲ လျှို့ဝှက်နယ်မြေထဲကို ဝင်လို့ရတာ။ သင်ခန်းစာပေးဖို့ နေနေသာသာ သူ့ကို သတ်ပစ်လိုက်ရင်တောင် ဘယ်သူမှမသိအောင် လျှို့ဝှက်လုပ်ရင် အခြေခံအုတ်မြစ် တည်ဆောက်ထားတဲ့ အကြီးအကဲတွေလည်း ဘယ်သူလုပ်တာလဲ သိမှာမဟုတ်ဘူး”
ရန်ကျဲချန်က ဂရုမစိုက်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ဝမ်ပိုင်၏ မျက်လုံးများ ဝင်းလက်သွားပြီး သူ၏ စိတ်ထဲတွင် ယခင်က မရှိဖူးသော သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာတော့သည်။
တပည့်တောင်ထွတ်၏ ထိပ်ပိုင်းတွင်
“ဆရာကြီး ဟန်ယွဲ့က ရွှေအမြုတေ နောက်ဆုံးအဆင့်ဖြစ်ပြီး အခြေတည်ဝိညာဉ်အဆင့်ကို ကူးပြောင်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တာလား”
“သူ့ရဲ့ အမွေအနှစ်ကိုသာ ရရင် အခြေခံအုတ်မြစ် တည်ဆောက်ဖို့က သေချာသလောက်ရှိပြီး ရွှေအမြုတေအဆင့်အထိ တက်လှမ်းဖို့ မျှော်လင့်ချက်ကလည်း မနည်းဘူးပေါ့”
“သူက ဆေးဖော်စပ်ရာမှာလည်း ဆရာတစ်ဆူပဲ။ သူ့ရဲ့ ကိုယ်ပိုင်ဆေးညွှန်းတွေဖြစ်တဲ့ လရောင်နှင်းရည်၊ လေပြေဆေးလုံး၊ လဟောင်းဆေးလုံး... နေပါဦး လရောင်နှင်းရည် ပါတာလား”
လုံယီသည် ယိုချင်းယီနှင့် ပိယောင်ယောင်တို့ကို အံ့ဩတကြီး ကြည့်လိုက်မိပြီး သူ၏ စိတ်ထဲတွင် အနည်းငယ် မရိုးမယွဖြစ်လာတော့သည်။
အခန်း။ ၃၅၄
သူသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ပြန်လည်စစ်ဆေးလိုက်ရာ
[နက်နဲသော ယင်ကျင့်စဉ် ကျွမ်းကျင်မှု ၀/၁၀၀၀ + လရောင်နှင်းရည်]
နက်နဲသော ယင်ကျင့်စဉ်ကို ရှေ့ဆက်တိုးတက်စေရန်အတွက် အဓိကလိုအပ်သော ပစ္စည်းမှာ ဤ လရောင်နှင်းရည်ပင်။
လုံယီသည် ၎င်းကို ရရှိရန် နှစ်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခုကဲ့သို့ ရှေးဟောင်းကျင့်ကြံသူ၏ လျှို့ဝှက်နယ်မြေထဲတွင် ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။
“ကဲ... ဘယ်လိုလဲ ငါတို့ သွားကြမလား”
ပိယောင်ယောင်က သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် လုံယီကို စိုက်ကြည့်ရင်း မေးလိုက်သည်။
သူမ၏ ဘေးတွင် တစ်ခွန်းမှ မပြောဘဲ ရပ်နေသော ယိုချင်းယီ၏ မျက်နှာတွင်လည်း မျှော်လင့်ချက်များ ပြည့်နှက်နေသည်။
“သွားကြတာပေါ့”
လုံယီက ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်သည်။
“ဒါပေမဲ့ ဒီဂူဗိမာန်တော် တာဝန်ကို လက်ခံဖို့ဆိုရင် တိုက်ရိုက်တပည့် စီနီယာ သုံးယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ် မဟုတ်လား...”
“ဒါက ခက်ခဲတဲ့ကိစ္စမှ မဟုတ်တာ”
ပိယောင်ယောင်က တခိခိ ရယ်မောရင်း သူမဘေး၌ ငြိမ်သက်စွာ ရပ်နေသော ယိုချင်းယီကို ကြည့်လိုက်သည်။
မကြာခင်မှာပဲ ပိယောင်ယောင် ဘာဖြစ်လို့ ဒီလောက်တောင် ယုံကြည်မှု ရှိနေရတာလဲဆိုတာကို လုံယီ နားလည်သွားခဲ့သည်။
သူတို့သုံးဦး တာဝန်ပေးဆောင်ရေးခန်းမသို့ ရောက်ရှိသွားချိန်တွင် ပိယောင်ယောင်က သူမ၏ သူငယ်ချင်းကောင်း ယိုချင်းယီမှာ ရှေးဟောင်းဂူဗိမာန်တော်သို့ သွားရန် ရှိသည်ဟု ခပ်ပေါ့ပေါ့လေး ပြောလိုက်ရာ
“နတ်သမီးပိ... ရှေးဟောင်းဂူဗိမာန်က အန္တရာယ်များတာကို ထားပါဦး။ လျှို့ဝှက်နယ်မြေထဲမှာ သွားလာနေတုန်း နေနီဂိုဏ်းက ကောင်တွေရဲ့ ချုံခိုတိုက်ခိုက်တာကို ခံရနိုင်တယ်။ ဒါကြောင့် စိတ်ချရတဲ့ လူတွေရဲ့ အကာအကွယ်ကို ယူရပါမယ်”
“ကျွန်တော်က လျူတာရှန်းပါ။ ပြီးခဲ့တဲ့ ဂိုဏ်းတွင်းပြိုင်ပွဲမှာ အဆင့်တစ်ဆယ့်သုံး ရရှိခဲ့သူပါ။ အခုတစ်ခေါက် နတ်သမီးပိနဲ့ နတ်သမီးယိုတို့ကို ကျွန်တော်သာ လိုက်ပါစောင့်ရှောက်မယ်ဆိုရင် ဂူဗိမာန်ဆီကို ဘေးကင်းကင်းနဲ့ အရောက်ပို့ပေးနိုင်မှာပါ။ နေနီဂိုဏ်းက သူခိုးတွေ ဘယ်နှစ်ယောက်လာလာ ကျွန်တော် အကုန်သတ်ပစ်မယ်”
“ဖယ်... ဖယ်... ဖယ်... အဆင့် တစ်ဆယ့်သုံးလောက်နဲ့ လာပြီး ကြွားမနေနဲ့။ အဆင့်ကိုး ရထားတဲ့ ငါတောင် ဘာမှ မပြောရသေးဘူး”
အပြာရောင်ဝတ်စုံဝတ် တိုက်ရိုက်တပည့်များမှာ တစ်ဦးကိုတစ်ဦး တွန်းတိုက်ရင်း ပိယောင်ယောင်နှင့် ယိုချင်းယီတို့၏ အဖွဲ့တွင် ပါဝင်ရန် အပြိုင်အဆိုင် စေတနာ့ဝန်ထမ်း လုပ်နေကြသဖြင့် လုံယီမှာ ကြောင်တောင်တောင်ပင် ဖြစ်သွားခဲ့ရသည်။
ယိုချင်းယီမှာ တစ်ဖက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး ပိယောင်ယောင်မှာမူ မန်နေဂျာတစ်ဦးကဲ့သို့ သူတို့ကို အသေအချာ ရွေးချယ်ပြီးနောက် နောက်ဆုံးတွင် ထိုလူသုံးဦးကို သတ်မှတ်လိုက်တော့သည်။
ရှူးကျန်းသည် ချီသန့်စင်ခြင်း ကိုးခုမြောက်အဆင့်၊ ပြီးခဲ့သည့် ပြိုင်ပွဲတွင် အဆင့်ခုနစ် ရရှိသူဖြစ်ပြီး သူ၏ အသက်သခင်အလောင်းကောင်မှာ ကြေးနီအလောင်းကောင် ဖြစ်သည်။
ဟူကျားဝေမှာ ချီသန့်စင်ခြင်း ရှစ်ခုမြောက်အဆင့်၊ အဆင့်သုံးဆယ့်သုံး ရရှိသူဖြစ်ပြီး ပျံလွှားဓားကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်သည်။
ဟန်ထောင်းမုန့်မှာမူ ချီသန့်စင်ခြင်း ရှစ်ခုမြောက်အဆင့်...
ရှူးကျန်းမှာ လက်ရှိနေရာတွင် အင်အားအကောင်းဆုံး ကျင့်ကြံသူဖြစ်သဖြင့် အဖွဲ့၏ ဘေးကင်းရေးကို တာဝန်ယူနိုင်သည်။ ဟန်ထောင်းမုန့်နှင့် ဟူကျားဝေတို့မှာမူ အခြားသူများလောက် မသန်မာသော်လည်း ယခင်က အတူတကွ လက်တွဲခဲ့ဖူးသည့် အတွေ့အကြုံကြောင့် စိတ်ချရသူများဖြစ်သဖြင့် ပိယောင်ယောင်က ရွေးချယ်လိုက်ခြင်းပင်။
“နတ်သမီးပိ၊ နတ်သမီးယို... အခုတစ်ခေါက် စီနီယာရှူး ပါဝင်လာပြီဆိုတော့ စိတ်အေးအေးထားလို့ ရပါပြီ။ ဂူဗိမာန်တော်ဆီကို ဘေးကင်းကင်း ရောက်အောင် ကျွန်တော်တို့ အရောက်ပို့ပေးပါ့မယ်။ နေနီဂိုဏ်းက ကောင်တွေ လာရင်တော့ အကုန်လုံး သေဖို့သာ ပြင်ထားပေတော့”
ရှူးကျန်းက သူ၏ ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။
သူသည် အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ဝန်းကျင်ခန့်ရှိသော ရင့်ကျက်သည့် အမျိုးသားတစ်ဦး ဖြစ်သည်။ အသားမှာ ညိုမည်းနေပြီး အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းဝင် အများစု၏ ဖြူဖျော့ဖျော့ အသားအရေနှင့် ကွဲပြားလှသည်။
ဤသည်မှာ သူ၏ ကျင့်ကြံမှုမှာ ပိုမိုနက်ရှိုင်းကြောင်းနှင့် ယင်ဓာတ်၏ တိုက်စားမှုကို လျော့နည်းအောင် ထိန်းထားနိုင်ကြောင်း ဖော်ပြနေခြင်းပင်။
သူတို့ ခြောက်ဦးသည် တာဝန်မှတ်ပုံတင်ရန် ခန်းမအတွင်းသို့ ဝင်ရောက်ချိန်တွင် အခက်အခဲအချို့နှင့် ကြုံတွေ့ခဲ့ရသည်။ တာဝန်များ ခွဲဝေပေးရသော တပည့်ဖြစ်သူက လုံယီမှာ ချီသန့်စင်ခြင်း တတိယအဆင့်မျှသာ ရှိသဖြင့် ကျင့်ကြံမှု အလွန်နိမ့်ကျနေသည်ဟု ပြောကာ ပါဝင်ခွင့်ကို ပြတ်ပြတ်သားသား ငြင်းပြောလိုက်သည်။
“ချီသန့်စင်ခြင်း အဆင့်ကို ရောက်နေတဲ့ ဘယ်တပည့်မဆို ဒီတာဝန်ကို ယူနိုင်တယ်လို့ ဆိုထားတာ မဟုတ်လား။ ဒါက ဂိုဏ်းရဲ့ စည်းမျဉ်းကို ချိုးဖောက်နေတာ မဟုတ်ဘူးလား”
ယိုချင်းယီက မေးလိုက်သည်။
“မူအားဖြင့်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဒီဂျူနီယာလေးရဲ့ ဘေးကင်းရေးကို တာဝန်ယူရမယ်လေ”
ထိုတပည့်က မောက်မာသော လေသံဖြင့် ပြန်ပြောလိုက်ရာ အားလုံးမှာ စကားစပြတ်သွားခဲ့ရသည်။
“ကောင်းပြီလေ... တာဝန်တွေကို အကြောင်းမဲ့ ပိတ်ပင်တာဟာ ဂိုဏ်းရဲ့ စည်းမျဉ်းနဲ့ ညီမညီ ဆိုတာကို ငါ သွားပြီး စည်းကမ်းထိန်းသိမ်းရေး ခန်းမက အကြီးအကဲတွေကို မေးကြည့်လိုက်မယ်”
ပိယောင်ယောင်က ဒေါသတကြီး ပြောလိုက်သည်။
ထိုတပည့်မှာ ပထမတွင် ဂရုမစိုက်ဟန် ပြသော်လည်း တစ်စုံတစ်ဦးက “ဒီမိန်းကလေးက စည်းကမ်းထိန်းသိမ်းရေး ခန်းမက အကြီးအကဲပိရဲ့ သမီးပဲ” ဟု တိုးတိုးလေး ပြောပြလိုက်သောအခါ...
သူ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
“အို... ခင်ဗျားတို့ဘက်က ဒီပြင်ပစည်းတပည့်ကို ခေါ်သွားမယ်လို့ အတင်းအကျပ် ဆုံးဖြတ်ထားရင်လည်း ကျွန်တော့်ဘက်က တားစရာ မရှိတော့ပါဘူး။ ကိုယ့်ဘေးကင်းရေးကို ကိုယ်တိုင်ပဲ တာဝန်ယူကြပေါ့”
ကျန်ရှိသူများမှာမူ ....
မကြာမီမှာပင် လုံယီနှင့် အဖွဲ့သား ခြောက်ဦးမှာ အောင်မြင်စွာ မှတ်ပုံတင်နိုင်ခဲ့ပြီး ယာယီအဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းနိုင်ခဲ့သည်။
သူတို့အဖွဲ့တွင် ရှူးကျန်း၊ ဟန်ထောင်းမုန့်နှင့် ဟူကျားဝေတို့က လုံယီနှင့် အခြားသူများကို စစ်မှန်သော ဂူဗိမာန်တော်သို့ ဘေးကင်းစွာ ပို့ဆောင်ပေးရန် တာဝန်ယူကြပြီး လုံယီ၊ ယိုချင်းယီနှင့် ပိယောင်ယောင်တို့ကမူ ဂူဗိမာန်အတွင်းသို့ ဝင်ရောက်ကာ ကံထူးမည့်အခွင့်အရေးများကို ရှာဖွေကြမည်ဖြစ်သည်။
ရရှိလာမည့် ပစ္စည်းများ ခွဲဝေမှုနှင့် ပတ်သက်၍ လုံယီက စတင်ပြောဆိုရန် ပြင်လိုက်
သော်လည်း ရှူးကျန်းက သူ၏ရင်ဘတ်ကို ပုတ်ကာ အာမခံချက် ပေးပြန်သည်။
"ဒါက နှစ်ရက်လောက် လိုက်ပို့ပေးရုံတင်ပဲဟာ အသေးအဖွဲ ကိစ္စလေးကို ခွဲဝေဖို့အထိ ပြောနေစရာ လိုလို့လား"
သူ့ဘေးမှ ဟန်ထောင်းမုန့်နှင့် ဟူကျားဝေတို့ကလည်း အလေးအနက် ခေါင်းညိတ်ထောက်ခံကြသဖြင့် လုံယီမှာ ပြောလက်စ စကားလုံးများကို ပြန်လည်မျိုချလိုက်ရတော့သည်။
မျက်နှာသာပေးမယ့်သူ ရှိတာ တကယ့်ကို ကောင်းတာပဲ။
လုံယီက သူတို့၏ ကံကောင်းမှုကို အံ့ဩနေမိသည်။ အထူးသဖြင့် ယိုချင်းယီ၏ နောက်လိုက်များမှာ ဝန်ဆောင်မှု ပေးရာတွင် အစွမ်းကုန် ဂရုစိုက်ကြရုံသာမက စိတ်ရင်းလည်း စိတ်ချရပုံပေါ်ရာ သစ္စာဖောက်ခံရမည့် အန္တရာယ်လည်း မရှိနိုင်ပေ။
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် လုံယီနှင့် အဖွဲ့သား ခြောက်ဦးသည် ဂိုဏ်းမှ ထွက်ခွာခဲ့ကြသည်။ ရှေးဟောင်းကျင့်ကြံသူတို့၏ လျှို့ဝှက်နယ်မြေမှာ အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းနှင့် မိုင်ပေါင်းတစ်ထောင်ခန့် ဝေးကွာသည်။ လေဝိညာဉ်မြင်းများကို စီးနှင်လျှင်ပင် ရောက်ရှိရန် သုံးရက်တိတိ အချိန်ယူရသည်။
လမ်းခရီးတစ်လျှောက်တွင် လုံယီသည် တောရိုင်းသားရဲများနှင့် သားရဲငှက်အချို့ကိုလည်း အမှတ်မထင် သတ်ဖြတ်ခဲ့ပြီး သူ၏ လက်ဖဝါးအတွင်းမှ ပိုမိုရက်စက်လာသော သွေးရိပ်ကို အစာကျွေးခဲ့သည်။ သို့သော်လည်း အနီးအနားရှိ အကျိတ်၏ ဖိနှိပ်ထားမှုကြောင့် သွေးရိပ်မှာ အနည်းငယ်မျှပင် လှုပ်ရှားရန် မဝံ့မရဲ ဖြစ်နေရှာသည်။
အလောင်းခြောက်ထိန်းချုပ်ရေးဂိုဏ်းသည် လျှို့ဝှက်နယ်မြေနှင့် မလှမ်းမကမ်းတွင် ဧကဝက်ခန့် ကျယ်ဝန်းသော ယာယီစခန်းတစ်ခုကို တည်ဆောက်ထားသည်။ ပတ်ဝန်းကျင်ကို မှော်အစီအရင်များဖြင့် ဝိုင်းရံထားပြီး အတွင်း၌ ရောက်ရှိလာသော ဂိုဏ်းသားများ နားခိုရန် သစ်သားအိမ်လေးများစွာ ရှိနေသည်။ ပြင်ပတွင်မူ အတွင်းစည်းတပည့်များက တံဆိပ်ပြားများကို စစ်ဆေးကာ စောင့်ကြပ်နေကြသည်။
စခန်းအတွင်း၌ အကြီးအကဲများက လျှို့ဝှက်နယ်မြေမှ ပြန်ထွက်လာသော တပည့်များကို ကူညီပေးရန်နှင့် ရန်သူဂိုဏ်းများ၏ ချုံခိုတိုက်ခိုက်ခြင်းကို တားဆီးရန် အသင့်ရှိနေကြသည်။
"အာကာသကူးပြောင်းမှု အစီအရင်ကို သွားရှာကြရအောင်"
ပိယောင်ယောင်က စိတ်မရှည်စွာ တိုက်တွန်းလိုက်သည်။
"ဒီလိုကူးပြောင်းလို့ ရတာပဲကို ငါတို့က ဘာလို့ ဒီလောက်ဝေးတဲ့လမ်းကို ဒုက္ခခံပြီး လာနေကြတာလဲ"
လုံယီက နားမလည်နိုင်ဘဲ မေးလိုက်မိသည်။
"ဝေးလံတဲ့နေရာကို ကူးပြောင်းဖို့ဆိုတာ ကုန်ကျစရိတ် အများကြီးရှိတယ်။ အာကာသကျောက်တုံးတွေ၊ ဝိညာဉ်ကျောက်တုံးတွေနဲ့ တခြား ရတနာတွေလည်း လိုအပ်တယ်။ ဒါပေမဲ့ အနီးနားကူးပြောင်းမှုကတော့ အများကြီး သက်သာတယ်။ အစီအရင်ရယ် အကြီးအကဲတွေရဲ့ ဝိညာဉ်စွမ်းအား အနည်းငယ်ရယ် ရှိရင် ရပြီလေ"
ပိယောင်ယောင်က တခိခိ ရယ်မောရင်း ရှင်းပြသည်။
အဖွဲ့သားများသည် စခန်း၏ အနက်ရှိုင်းဆုံးနေရာရှိ သစ်သားအိမ်တစ်လုံးသို့ လျှောက်လှမ်းသွားကြသည်။ အလယ်ဗဟိုတွင် ခြောက်ထောင့်ပုံစံ အစီအရင်တစ်ခုမှာ အဖြူရောင်အလင်း ဖျော့ဖျော့ လင်းလက်နေပြီး အနက်ရောင်ဝတ်စုံနှင့် တည်ကြည်လှသော အဘိုးအိုတစ်ဦးမှာ ထိုင်နေသည်။
သူ၏ အရှိန်အဝါမှာ မည်မျှနက်ရှိုင်းသည်ကို ခန့်မှန်း၍ပင် မရနိုင်ပေ။
"အကြီးအကဲ..."
လုံယီနှင့် အခြားသူများက အနက်ရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်ကို ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
ပိယောင်ယောင်က သူတို့၏ တာဝန်လက်မှတ်ဖြစ်သော စိမ်းပြာရောင် ဝါးပြားလေးကို ထုတ်ပေးလိုက်သည်။ အဘိုးအိုမှာ လှုပ်ရှားမှုတစ်စုံတစ်ရာ မရှိသော်လည်း ဝါးပြားလေးမှာ သူ၏လက်ထဲသို့ လွင့်ပါးသွားတော့သည်။
သူသည် ဝါးပြားကို တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီးနောက် "လျှို့ဝှက်နယ်မြေထဲက တိုက်ပွဲတွေက ပြင်းထန်လိမ့်မယ်။ မတောင့်ခံနိုင်တော့ဘူးဆိုရင် လူစုခွဲပြီး ထွက်ပြေးကြ။ ကိုယ့်အသက်ကို အဓိကထားပြီး ကာကွယ်ကြပါ" ဟု အကြံပြုစကား ပြောလိုက်သည်။
"နားလည်ပါပြီ"
အဖွဲ့သားအားလုံးက တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။
ထို့နောက်တွင် လုံယီနှင့် အဖွဲ့သားများသည် အစီအရင်ပေါ်သို့ တက်ရောက်ရပ်လိုက်ကြသည်။ အကြီးအကဲ၏ လက်တစ်ချက် ဝေ့ယမ်းလိုက်မှုနှင့်အတူ ကြယ်ပုံစံအစီအရင်မှာ တောက်ပလာပြီး အပေါ်တွင် ရပ်နေသူများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကြတော့သည်။
အနည်းငယ် မူးဝေသွားပြီးနောက် လုံယီနှင့် သူ၏ သူငယ်ချင်းများသည် ပတ်ဝန်းကျင်အသစ်
တစ်ခုသို့ ရောက်ရှိသွားကြသည်။ ကောင်းကင်ယံတွင် နေလည်းမရှိသလို တိမ်လည်းမရှိဘဲ နီရဲတောက်နေသော ပင်လယ်ပြင်ကြီးတစ်ခုအလား မြင်တွေ့နေရသည်။
လေထုမှာ အလွန်ပင် ခြောက်သွေ့နေပြီး အသက်ရှူလိုက်တိုင်း ပူလောင်မှုကို ခံစားနေရသည်။ ပတ်ဝန်းကျင် တစ်ခွင်လုံးမှာလည်း နက်မှောင်သော အနီရောင် သဲပြင်ကျယ်ကြီးသာ ဖြစ်သည်။ အရာအားလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်နေပြီး ပိုးမွှားသံလေးပင် မကြားရဘဲ သက်မဲ့မြေပြင်တစ်ခုသို့ ရောက်ရှိနေသကဲ့သို့ ခံစားရသည်။
"ခန္ဓာကိုယ်က လေးလံနေသလိုပဲ။ ဒီနေရာရဲ့ ကမ္ဘာမြေဆွဲအားက မတူဘူးထင်တယ်။ လှုပ်ရှားရတာ တော်တော်တော့ ခက်ခဲလိမ့်မယ်"
ပိယောင်ယောင်က ညည်းညူလိုက်သည်။
"ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ။ သက်ရှိတစ်ကောင်တောင် မရှိဘူးလား"
ရှူးကျန်းက တွေးတော၍ ပြောလိုက်သည်။
သူ့ဘေးတွင် လုံယီသည် တိတ်ဆိတ်စွာပင် အသက်ရှူကျင့်စဉ်ကို လှုံ့ဆော်လိုက်ပြီး သူ၏ မျက်လုံးများထဲသို့ စစ်မှန်သောခွန်အားများကို ပို့ဆောင်လိုက်ရာ ခရမ်းနုရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ သူ၏ ရှေ့မှောက်ရှိ ကမ္ဘာကြီးမှာ တိတ်ဆိတ်ခြောက်ကပ်နေသော မီးခိုးရောင် မြေရိုင်းပြင်ကြီးအဖြစ် ပြောင်းလဲသွားသည်။
မြေအောက်သို့ လှမ်းကြည့်လိုက်သောအခါ မြေမျက်နှာပြင်အောက် အနည်းဆုံး တစ်ကိုက်ခန့်တွင် သက်ရှိအမှတ်အသားဖြစ်သော ဝါကျင့်ကျင့် အလင်းစက်လေးများကို သတိပြုမိလိုက်သည်။
ရှူး
လုံယီ၏ ဘယ်ဘက်လက်ညှိုးမှ ခရမ်းနုရောင် စစ်မှန်သောခွန်အားများ ထွက်ပေါ်သွားပြီး မြေပြင်ကို ထိမှန်ကာ တွင်းနက်ကြီးတစ်ခု ဖြစ်သွားစေသည်။ထိုတွင်းထဲမှ နီညိုရောင် ရွှံ့နွံကဲ့သို့သော သက်ရှိအစုအဝေးကြီးတစ်ခု ထွက်ပေါ်လာသည်။ နှစ်ပေခန့် ရှည်လျားပြီး လက်မဝက်ခန့် အထူရှိကာ ၎င်းတွင် မျက်လုံးလည်းမရှိသလို ခြေလက်လည်းမရှိဘဲ တွန့်လိပ်နေသော ခန္ဓာကိုယ်ဖြင့် မြေပြင်ပေါ်တွင် ရုန်းကန်နေကာ စေးကပ်သော လမ်းကြောင်းတစ်ခုကို ချန်ထားရစ်ခဲ့သည်။
"အား... ရွံစရာကြီး"
ပိယောင်ယောင်က ရွံရှာလွန်းသဖြင့် ခေါင်းကို လွှဲလိုက်မိသည်။
"ဒီလို စွမ်းအားမျိုး... ဒါက မှော်အတတ်နဲ့ မတူဘူးပဲ"
ရှူးကျန်းက လုံယီကို လေးနက်သော အကြည့်ဖြင့် ကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။
ဤပြင်ပစည်းတပည့် ညီလေးမှာ သူထင်ထားသလောက် သာမန်လူတစ်ယောက် မဟုတ်ကြောင်း သူ သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။