← Chapters

သူက ကံကြမ္မာပဲ

Vol. 29 Ch. 395

သူက ကံကြမ္မာပဲ

Vol. 29 Ch. 395

လူတစ်ယောက်နှင့် နဂါးတစ်ကောင်သည် ရောက်ရှိလာပြီးနောက် ဝမ်ချိုးကို ခေါ်ဆောင်ကာ ပြန်လည်ထွက်ခွာ သွားကြ၏။ ဆံနီစုမင်တွင် သူ၏ သန်မာသော စွမ်းအားအပြင် မူရင်း စုမင်ထံတွင် ရှာမတွေ့နိုင်သည့် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါတစ်ခုလည်း ရှိနေသည်။

ထိုလွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်ဝါကြောင့်ပင် ဝမ်ချိုးသည် သူမနှလုံးသားထဲ၌ ကိန်းအောင်းနေသော ရှုပ်ထွေးသည့် ခံစားချက်များနှင့်အတူ စုမင်အား လေးစားမိနေလေသည်။

အရုဏ်တက်လုဆဲဆဲ အချိန်တွင်တော့ ဆံနီစုမင်သည် ဆောင်းဦးပင်လယ် မျိုးနွယ်စု၏ အဝေးရှိ ချောင်ကျကျ တောင်တစ်လုံးထက်၌ ရပ်နေခဲ့ပြီး ဖြစ်သည်။ သွေးနီရောင် နဂါးကြီးသည် စုမင်တစ်ယောက် လျှို့ဝှက်ကျင့်စဉ်ကို အသက်သွင်းချိန်၌ ထိုနေရာကို ကာကွယ်ရန်အလို့ငှါ ကောင်းကင်ယံ၌ ရစ်ဝဲပျံသန်းလို့နေသည်။

စုမင်၏အနောက်တွင် ရပ်နေသော ဝမ်ချိုးသည် သူမအရှေ့ရှိ အနီရောင်ဆံပင်တို့ဖြင့် ထိုယောကျ်ားကို ရှုပ်ထွေးစွာ ငေးကြည့်နေမိသည်။ အနည်းငယ် တူညီသော ပုံပန်းသွင်ပြင်မှ အပ ဤလူမှာ သူမမှတ်ဉာဏ်များထဲရှိ

စုမင်နှင့် လုံးလုံးလျားလျား ကွဲပြားနေခဲ့ချေပြီ။

"ငါ မင်းကို သုံးပြီး လျှို့ဝှက်ကျင့်စဉ်ကို အသက်သွင်းတော့မယ်။ မင်း ကြိုက်သလောက် စိတ်မပါပဲ နေလို့ရတယ်။ ဒါပေမယ့် မင်းကိုယ်မင်း ထိန်းချုပ်ပြီး စိတ်ပါလက်ပါ လုပ်မယ်ဆိုရင်တော့ နာကျင်ရမှာ သက်သာလိမ့်မယ်" စကားဆုံးသည်နှင့် ဆံနီစုမင်သည် ဝမ်ချိုးကို လှည့်ကြည့်လာ၏။

"ရှင်က... စုမင် လား" ဝမ်ချိုးသည် တစ်ခဏတာ ငြိမ်သက်နေမိပြီးနောက် သူမနှုတ်ခမ်းကို ကိုက်လျက် လေသံတိုးတိုးဖြင့် မေးလိုက်မိသည်။

"ဟုတ်တယ်" စုမင်သည် ပြန်ဖြေပြီးနောက် ညာလက်ကိုမြှောက်၍ သူ့ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ အနီရောင် မြူခိုးလွှာတစ်ခု ချက်ချင်းပျံ့နှံ့လာပြီး ဝမ်ချိုးကို ဖုံးအုပ်သွားခဲ့၏။ ထို့နောက် စုမင်သည်လည်း ခြေတစ်လှမ်း လှမ်း၍ မြူခိုးလွှာထဲသို့ ဝင်ရောက်သွားလေသည်။

အချိန်တို့ ဖြည်းညှင်းစွာ ကုန်လွန်သွားပြီး ကောင်းကင်သည်ပင် တစ်ဖြည်းဖြည်း လင်းလာခဲ့သည်။ ထို့နောက် မွန်းတည့်ချိန်သို့ ရောက်လာသောအခါ နေရောင်ခြည်သည် မြေပြင်ထက်သို့ ပူပြင်းတောက်လောင်သော အပူရှိန်ကို ကျဆင်းလာစေသည်။ သို့သော် သွေးနဂါးရှိရာ ချောင်ကျကျ တောင်တစ်လုံးသည်တော့ ခဲလုမတတ်ပင် အေးစက်နေခဲ့သည်။ လေအေးလှိုင်းတစ်ခုသည် အပူလှိုင်းများနှင့် တွေ့ဆုံသွားပြီး လေထုသည်ပင် တွန့်လိမ်ပုံပျက်သွားခဲ့၏။

မွန်းတည့်နေမှာ အားပျော့လာပြီး တစ်နေ့လည်ခင်းလုံး ကုန်ဆုံးသွားခဲ့ချေပြီ။ ကောင်းကင်တစ်ခွင် ရဲရဲနီ ခြယ်သထားသော နေအလင်းတို့ ဖြည်းညှင်းစွာ စတင်ပျောက်ကွယ်သွားချိန်မှာပင် ချောင်ကျကျ တောင်ထွတ်ရှိ အနီရောင် မြူခိုးများမှာလည်း စတင်ပါးလွှာလာခဲ့သည်။

သန်းခေါင်ယံ အချိန်၌ မြေပြင်ထက်သို့ လရောင်ခြည်အလင်းတို့ ဖြာကျလာသောအခါ တောင်ထိပ်ရှိ မြူခိုးများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ချေပြီ။ ဆံနီစုမင်သည် ပျောက်ကွယ်သွားသော မြူခိုးများအတွင်းမှ လျှောက်လှမ်းထွက်ပေါ်လာ၏။ သူ့နှုတ်ခမ်းများသည်ပင် ခရမ်းရောင်မဟုတ်တော့ပဲ ပန်းရောင်သမ်းနေခဲ့ချေပြီ။ သို့သော်ငြား သူ၏ ဆံပင်ရှည်များမှာတော့ ထူးထူးဆန်းဆန်း ညှို့ငင်နိုင်စွမ်း ရှိသည့် တောက်ပသော အနီရောင်စူးစူးသာ ဖြစ်နေသေးသည်။ ၎င်းက သူ၏ အနီရောင်ဝတ်ရုံများဖြင့် တွဲဖက်လိုက်သောအခါ စုမင်မှာ တစ်ခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။

"တိထျန်း..." စုမင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် တောင်ထိပ်တွင်ရပ်လျက် နတ်ဘုရားစိတ်အာရုံကို အလျင်အမြန် ဖြန့်ကျက်လိုက်သည်။ ဤတစ်ကြိမ်တွင်တော့ သူ၏ နတ်ဘုရားစိတ်အာရုံမှာ ယခင်နေ့ကထက် များစွာ ပိုမိုသန်မာနေပြီဖြစ်သည်။ ၎င်းက နယ်မြေတစ်လျှောက် ဖုံးအုပ်သွားသည်နှင့် စုမင်လည်း သူ၏  မျက်လုံးများကို မှိတ်ထားလိုက်သည်။

တစ်ခဏကြာပြီးနောက် စုမင်၏ မျက်လုံးများမှာ ပြန်ပွင့်လာပြီး တောင်အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။

"အဲဒါ ဘယ်နေရာလဲဆိုတာ ငါမသိပေမယ့် သိအောင်လုပ်နေစရာလည်း မလိုပါဘူးလေ... ငါ သိဖို့လိုတာက ငါ အဲဒီနေရာကနေ အင်မော်တယ်တွေရဲ့ နယ်မြေဆီ ထွက်ခွာသွားနိုင်တယ် ဆိုတာပဲ"

"တောင်ဘက်က အဲဒီတောင်ထဲမှာ အင်မော်တယ်တွေရဲ့ အရှိန်အဝါတွေ အများကြီးရှိနေတယ်။ ငါ အဲဒီနေရာကနေ အင်မော်တယ်တွေရဲ့ နယ်မြေဆီ ပြန်သွားနိုင်လိမ့်မယ်" စုမင်သည် တောင်ဘက်သို့ ကြည့်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။ သွေးနဂါးသည်လည်း သူ့နောက်သို့ လိုက်ပါလိုဟန်ဖြင့် သူနှင့်အတူ ချက်ချင်း လှုပ်ရှားလိုက်လေသည်။

"သူမကို မင်းသခင်အဖြစ် အသိအမှတ် ပြုလိုက်။ မင်းက ကမ္ဘာမြေမှာ တည်ရှိနေခဲ့တဲ့ နဂါးသွေးကြောပဲ။ မင်း ထွက်ပေါ်လာချိန်မှာ ငါ့ရဲ့ နတ်ဘုရား စိတ်အာရုံနဲ့ နှိုးဆွခဲ့လို့ အဲဒီကနေ မင်းဉာဏ်ရည် ရရှိလာခဲ့တာ။ အခုတော့ ငါက ထွက်သွားတော့မှာမို့ ဒီမှာပဲ သူမရဲ့ အစောင့်အရှောက် သားရဲအဖြစ် ကျန်နေရစ်ခဲ့"

စုမင်က လှည့်မကြည့်ခဲ့ပေ။ ထို့နောက် သူသည် အရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ လေထဲမှာပင် တစ်ဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားခဲ့သည်။ သွေးနဂါးသည် ထိတ်လန့် မင်သက်သွားပြီး အနီးတဝိုက်၌ တခဏတာ ရစ်ဝဲပျံသန်းနေပြီးမှ ဝမ်းနည်းစွာ အော်ဟစ်မြည်ကြွေးလိုက်သည်။

၎င်း၏ မှတ်ဉာဏ်များထဲတွင်တော့  သူသည် ဤသခင်ကြောင့်သာ မွေးဖွားလာခဲ့ရခြင်းဖြစ်၍  နှစ်ရက်တာခန့်သာ အတူရှိခဲ့ရသော်လည်း ဤသခင်နှင့် ခွဲခွာရမှုကို ခံနိုင်ရည် မရှိခဲ့ပေ။

သွေးနဂါးထံမှ နာကျင်ကြေကွဲစွာ အော်မြည်သံ ထွက်ပေါ်လာစဉ်မှာပင် တောင်ထိပ်ရှိ ဝမ်ချိုး၏ မျက်လုံးများက ပွင့်လာခဲ့သည်။ သူမသည် စုမင် ထွက်ခွာသွားရာ ဘက်ဆီသို့ လှမ်းကြည့်လိုက်၏။ သူမသည်လည်း စုမင်၏ စကားများကို ကြားခဲ့ရသဖြင့် တိတ်ဆိတ်ငြိမ်သက် သွားမိလေသည်။

သူမ၏ အဝတ်အစားများမှာ နဂိုအတိုင်းပင် ကျန်ရှိနေပြီး တစ်စတစ်လေပင် ပျောက်ဆုံးနေခြင်း မရှိချေ။ အမှန်စင်စစ် သူမ ကိုယ်တိုင်သည်ပင် အိပ်မောကျသွားခဲ့ပြီး အိပ်မက်တစ်ခု မက်နေသည်ဟု ခံစားခဲ့ရခြင်း ဖြစ်၏။ သူမ၏ မျက်နှာအမူအယာမှာ အလွန်အမင်း ရှုပ်ထွေးသွားခဲ့သည်။ သူမတွင် ဤစုမင်အပေါ် မဖော်ပြနိုင်သော ခံစားချက်တစ်ခု ရှိနေ၏။ သူမအနေဖြင့် သူ့အား မုန်းတီးသင့်ပါသော်လည်း နက်နက်ရှိုင်းရှိုင်း မုန်းတီးရန် အကြောင်းပြချက်လည်း ရှာမရချေ။ သူမသည် စိတ်ရှုပ်ထွေးနေပါသော်ငြား ၎င်း၏ အကြောင်းရင်းကိုလည်း ရှာမရပြန်ချေ။

ထိုရှုပ်ထွေးသော ခံစားချက်များကြောင့် ဝမ်ချိုးမှာ တောင်ထိပ်ပေါ်တွင် အချိန်ကြာမြင့်စွာ လဲလျောင်းနေမိခဲ့၏။ နောက်ဆုံးတွင်မှ သူမသည် နွမ်းနယ်စွာ ထရပ်လိုက်ပြီး တွေဝေငေးမောလျက် တောင်ပေါ်မှ ဆင်းသွားခဲ့သည်။ သွေးနဂါးသည်လည်း စုမင်၏ သဘောဆန္ဒအရ  သူမနောက်သို့ လိုက်ပါသွားခဲ့လေသည်။

ဤနေ့က သုံးရက်မြောက်နေ့ ဖြစ်သည်။ သူ့တွင် အချိန် သိပ်မကျန်တော့မှန်း စုမင် သိနေ၏။ သူ့ကိုယ်တွင်းမှ ပြန်လည် ထွက်ပေါ်လာနေပြီဖြစ်သော အိပ်စက်ခြင်း အရိပ်အယောင်တို့ကို သူခံစားမိနေသော်လည်း တိထျန်းကိုတော့ ယခုထိ မသတ်ရသေးချေ။ အခက်အခဲ များစွာ ဖြတ်သန်း၍ နိုးထလာပြီးချိန်တွင်မှ သူ့အချိန်များကို ယခုလို ဖြုန်းတီးနေရခြင်းအား သူလက်မခံချင်ပေ။

သူသည် သာမန်မျက်စိဖြင့် မမြင်နိုင်ပဲ နတ်ဘုရားစိတ်အာရုံဖြင့်သာ ထောက်လှမ်းသိရှိနိုင်သော သူ့ဦးတည်ရာဖြစ်သည့် ရှာမန်နယ်မြေ တောင်ဘက်ပိုင်းရှိ တောင်တစ်လုံးဆီသို့ ကောင်းကင်ယံမှ လျှောက်လာခဲ့သည်။

ဤတောင်ရှိ အင်မော်တယ်တို့၏ အရှိန်အဝါမှာ သန်မာလှသည်။ ထိုနေရာသည် စုမင်၏ နတ်ဘုရား စိတ်အာရုံဖြင့် မြင်ခဲ့သည့် နယ်မြေ အက်ကြောင်း အများဆုံး နေရာလည်းဖြစ်သည်။ ထိုနေရာမှတစ်ဆင့် အင်မော်တယ်တို့၏ နယ်မြေသို့ သူပြန်နိုင်လိမ့်မည်ဟု စုမင် အလွန်သေချာနေ၏။ သူ ပြန်ရောက်သည်နှင့် တတ်နိုင်သမျှ အချိန်တိုအတွင်း တိထျန်းကို ရှာဖွေ၍ တိုက်ခိုက်ရပေမည်။

"အဲဒီ အမျိုးသမီးက လျှို့ဝှက်ကျင့်စဉ်ရဲ့ လိုအပ်ချက် အချို့ကိုပဲ ပြည့်မီနိုင်ခဲ့တာတော့ စိတ်မကောင်းစရာပဲ။ သူက ကျင့်စဉ်ရဲ့ စွမ်းရည်ကို အပြည့်အဝ မထုတ်ဖော်ပေးနိုင်ခဲ့ဘူး..." စုမင် ခေါင်းခါယမ်းလိုက်မိသည်။ သူရှာတွေ့ခဲ့သမျှ လူများထဲတွင်လည်း ဤအမျိုးသမီးသည်သာ  လိုအပ်ချက်များနှင့် အကိုက်ညီဆုံး ဖြစ်နေပြန်၏။

သူသည် ရှေ့ဆက်ရင်း သာမန်မျက်စိဖြင့် မမြင်နိုင်သော တောင်ဆီသို့ ချဉ်းကပ်လာခဲ့သည်။ သူ့မျက်ဝန်းများ အတွင်းရှိ သတ်ဖြတ်လိုစိတ်များမှာလည်း ပိုမို ထင်ရှားလာခဲ့၏။ သူ၏ အနီရောင်ဆံပင်ရှည်များနှင့် ဝတ်ရုံနီများကြောင့် သွေးပင်လယ်တစ်ခု လှုပ်ခတ်ဖြစ်ပေါ်လာခဲ့ပြီး တောင်ဆီသို့ ၎င်းနှင့်အတူ ချဉ်းကပ်သွားခဲ့လေသည်။

သို့သော် စုမင်သည် ရှေ့ဆက်သွားနေရင်းမှ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည် ထိုသွေးပင်လယ်ထဲမှ ထွက်ပေါ်လာပြီး သူ့ရှေ့ရှိ တိတ်ဆိတ်ငြိမ်သက်နေသော ဗလာနယ်ကို ကြည့်လျက် သူ့မျက်လုံးများအတွင်း အေးစက်စက် အကြည့်တစ်ခု ပေါ်လာခဲ့သည်။

တစ်ချိန်တည်းလိုလိုပင် အဝေးရှိ လေဟာနယ်မှာ တွန့်လိမ်ပုံပျက်သွားပြီး လူနှစ်ဦး ထွက်ပေါ်လာခဲ့၏။ ၎င်းတို့မှာ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော ယောကျ်ားတစ်ဦးနှင့် ငယ်ရွယ်သော မိန်းမပျိုတစ်ဦး ဖြစ်သည်။

အဘိုးအိုက တာအိုသူတော်စင်တို့၏ ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ ထွက်ပေါ်လာချိန်၌ သူ့မျက်နှာ

အမူအယာမှာ လေးနက်တည်ကြည်နေပြီး စူးရှတောက်ပသော အကြည့်တို့ဖြင့် စုမင်အား စိုက်ကြည့်နေခဲ့သည်။

သူ့နံဘေးရှိ အမျိုးသမီးတွင် ဆံပင်ရှည်ကြီးများ ရှိပြီး

သူမသည် ယခင်က ကောင်းကင်မြူခိုး မြို့တော်၏ စစ်မြေပြင်၌ စုမင် တွေ့ခဲ့ရသော အင်မော်တယ် အမျိုးသမီးပင် ဖြစ်သည်။

စုမင်၏ ယခုလက်ရှိ ပုံစံကို မြင်လိုက်သည်နှင့် သူမ၏ မျက်လုံးတို့က ပြူးကျယ်သွားပြီး အသက်ရှူသံများပင် လျင်မြန်လာခဲ့သည်။ သူမမျက်နှာထက်တွင်လည်း မယုံကြည်နိုင်မှုတို့ အထင်းသား ပေါ်လာခဲ့၏။

"ဘယ်ဂိုဏ်းက လာခဲ့တာပါလဲ၊ ဆရာ။ ကျုပ်က ဖုံးကွယ်နဂါး ဂိုဏ်းက ပိုင်အားယွမ်..."

"ထွက်သွား" ဆံနီ စုမင်သည် အဘိုးအို၏ စကားများကို အေးစက်စက်ပင် ဖြတ်ပြောလိုက်၏။ ထို့နောက် ရှေ့ဆက်လျှောက်သွားလေသည်။ သူ့တွင် အချိန်များစွာ မရှိသလို ဤနေရာ၌လည်း အချိန်ဖြုန်းမနေချင်ပေ။

အဘိုးအိုသည် မည်းမှောင်နေသော မျက်နှာအမူအယာဖြင့် စုမင်အား စိုက်ကြည့်နေသော်လည်း တိုက်ခိုက်ခြင်းတော့ မပြုခဲ့ပေ။

စုမင်ထံမှ သန်မာသော အန္တရာယ်အသိ တစ်ခုကို ခံစားမိနေပြီး သူ မာန်စွမ်းအားရှင် နယ်မြေသို့ ရောက်လာခဲ့ချိန်မှစ၍ ထို အန္တရာယ်အသိမျိုးကို မခံစားခဲ့ရသလောက်ပင် ဖြစ်သည်။

"ဟဲဟဲ... တာအိုသူတော်စင် ညီနောင်က အလျင်လိုနေတာပဲ။ အဲဒီလို ဆိုမှတော့ ကျုပ်လည်း မင်းကို တားမနေတော့ပါဘူး" အဘိုးအိုသည် အချိန်ကြာမြင့်စွာ ရှင်သန်ခဲ့သူဖြစ်၍ လိုက်လျောညီထွေ နေတတ်ရန် သင်ယူခဲ့ပြီးဖြစ်သည်။ သူ့၌ ယုံကြည်မှု အပြည့်အဝမရှိပါက အလွယ်တကူ တိုက်ခိုက်လိမ့်မှာ မဟုတ်ပေ။ သူသည် အမိန့်အရ ထိုအမျိုးသမီးကို ခေါ်၍ လာခဲ့ရလျှင်တောင် သူ့ကိုယ်ပိုင်စွမ်းအားနှင့် ချိပ်ပိတ်ရန် လိုအပ်လာပါက အချိန်ဆွဲရန်အတွက် သူမကို အသုံးပြုနိုင်ပေသေးသည်။

ထို့အပြင် စုမင် သွားနေသော လမ်းကြောင်းအရ သူ့အာရုံကို ဆွဲဆောင်နေသည့် တစ်ခုတည်းသော ဖြစ်နိုင်ချေရှိသည့် အရာမှာ... ဆင်းသက်ခြင်း တောင်ထွတ်ပင် ဖြစ်ကြောင်း သူပြောနိုင်၏။ ထိုတောင်ထဲတွင် ဂိုဏ်းမှ အစွမ်းထက် စစ်သည်တော်များရှိကြောင်း အမှတ်ရလိုက်မိသည်နှင့် တစ်ပြိုင်နက် အဘိုးအိုသည် ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ကာ လေးစားမှုပြသည့် အနေဖြင့် လက်သီးဆုပ် ဦးညွှတ်လိုက်တော့သည်။

အဘိုးအို နောက်ဆုတ်သွားသည်နှင့် စုမင်က သူ့ကို ဖြတ်ကျော်သွားခဲ့သည်။ သူတို့နှစ်ဦး အချင်းချင်း တိုက်ခိုက်တော့မည့်ပုံ မပေါ်တော့ချိန်မှာပင် ဖြူဖျော့နေသော မျက်နှာဖြင့် ဆံပင်ရှည် အမျိုးသမီးထံမှ စကားသံတစ်ခု ရုတ်ခြည်း  ထွက်ပေါ်လာသည်။

"သူက ကံကြမ္မာပဲ။ သူ အင်မော်တယ်တွေရဲ့ နယ်မြေဆီ ပြန်သွားချင်နေတာ"

အမျိုးသမီး၏ နှုတ်ခမ်းမှ 'ကံကြမ္မာ' ဟူသော စကားလုံး ထွက်ပေါ်လာသည်နှင့် ဆံနီစုမင်၏ ခြေလှမ်းများက ရုတ်ခြည်း ရပ်တန့်သွားခဲ့သည်။ တစ်ချိန်တည်းလိုလိုပင် အဘိုးအိုသည်လည်း ထိတ်လန့်မင်သက်သွားပြီး သူ့အမူအယာက သိသိသာသာ ပြောင်းလဲသွားတော့သည်။

"မင်း ဘာပြောလိုက်တယ်"

"ကျွန်မ အရင်က ကံကြမ္မာကို မြင်ဖူးတယ်။ အဲဒါ သူပဲ"

ဆံပင်ရှည် အမျိုးသမီး၏ မျက်နှာထက်တွင် ရှုပ်ထွေး ထိတ်လန့်နေသော အမူအယာတစ်ခု ပေါ်လာခဲ့ပြီး သူမသည် စကားဆုံးသည်နှင့် အနောက်သို့ ဆုတ်သွားခဲ့၏။

စုမင် မျက်မှောက်ကြုတ်သွားမိပြီး ရှေ့သို့ ခြေတစ်လှမ်း အမြန်လှမ်းလိုက်သည်။ သို့သော်လည်း သူခြေလှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ့အနောက်ရှိ အဘိုးအိုထံမှ ခပ်တိုးတိုး ကြုံးဝါးသံတစ်ချက် ပေါ်လာခဲ့သည်။

"ရပ်လိုက်ပါ တာအိုသူတော်စင် ညီနောင်" အဘိုးအို၏ အဖြူရောင်ဆံပင်တို့မှာ လေတွင် လွင့်မျောနေပြီး ၎င်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဖိအားလှိုင်းတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာသည်။

စုမင် အနောက်သို့ အေးစက်စက် လှည့်ကြည့်လိုက်ချိန်မှာပင် အဘိုးအိုသည် ညာလက်ဖြင့် လက်ဟန်သင်္ကေတများ ဖန်တီးလျက် ကောင်းကင်သို့ ညွှန်ပြပြီးနေချေပြီ။ လေထုနှင့် တိမ်စိုင်များ ချက်ချင်း ရွေ့လျားသွားပြီး ၎င်းတို့အထက်၌ ကြီးမားသော အစီအရင် သင်္ကေတတစ်ခု ပေါ်လာခဲ့သည်။ ထိုအစီအရင် သင်္ကေတသည် ရွှေရောင်အလင်းတို့ တောက်ပနေပြီး ကျယ်လောင်သော အသံနှင့်အတူ စုမင်ထံ တိုးဝင်လာသည်။

တစ်ချိန်တည်းမှာပင် အဘိုးအိုသည် သူ့လက်ကို ရှေ့သို့ဆန့်ထုတ်၍ ဝှေ့ယမ်းလိုက်ရာ စုမင်၏ ပတ်ပတ်လည်၌ အစီအရင် သင်္ကေတများစွာ ထွက်ပေါ်လာခဲ့သည်။ ထို အစီအရင် သင်္ကေတများသည် ထူးဆန်းသော အလင်းတို့ တောက်ပနေပြီး စုမင် ပတ်ဝန်းကျင်၌ အလျင်အမြန် စတင် လှည့်ပတ်လာကြသည်။

"မာန်စွမ်းအားရှင်တွေရဲ့ ကောင်းကင်ကို ငါ့အတွက် ဖုံးကာပေးထား။ သူ့ကို ဒီနေရာမှာ ခဏထိန်းထားနိုင်ဖို့ ငါ့ချိပ်စည်းကို ထုတ်လွှတ်တော့မယ်။ ချိပ်စည်းကို ထုတ်လွှတ်လိုက်တာနဲ့ ဂိုဏ်းတူ အဖွဲ့ဝင်တွေ ချက်ချင်း သတိပြုမိပြီး သူ့ကို လာသတ်ကြလိမ့်မယ်" အဘိုးအို၏ စိုးရိမ်ပူပန်စိတ်ဖြင့် စကားများက ဆံပင်ရှည် အမျိုးသမီး၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။

ဆံပင်ရှည် အမျိုးသမီးသည် ဖျော့တော့သော မျက်နှာဖြင့် နောက်ဆုတ်နေရင်း စုမင်ထံ ရှုပ်ထွေးစွာ လှမ်းကြည့်လိုက်မိသည်။ သူမသည် မူလကတော့ ထုတ်မပြောချင်ခဲ့သော်ငြား ကံကြမ္မာ ပြန်ရောက်သွားသည်နှင့် အင်မော်တယ် နယ်မြေထဲတွင် ဖြစ်ပေါ်လာမည့် ကြောက်မက်ဖွယ် ကပ်ဘေးအကြောင်း တွေးလိုက်မိသဖြင့် သူ မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ရန် ရွေးချယ်လိုက်မိခြင်း ဖြစ်သည်။

သူမသည် အနောက်သို့ ဆုတ်ခွာနေရင်း ရင်ဘတ်ထဲမှ အဖြူရောင် ပုလင်းလေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် ရှုပ်ထွေးနေဆဲ ဖြစ်သော မျက်နှာအမူအယာ ဖြင့်ပင် ၎င်းအတွင်းမှ သွေးတစ်စက်ကို သွန်ချလိုက်လေသည်။ ထိုသွေးစက် ကျဆင်းလာသည်နှင့် လက်ဟန်သင်္ကေတ အချို့ ဖန်တီးလိုက်ပြီး ပါးစပ်ဟကာ ၎င်းသွေးစက်ကို စုပ်ယူလိုက်သည်။ သွေးစက်သည် သူမပါးစပ်ထဲသို့ ချက်ချင်း စုပ်ယူခံလိုက်ရပြီး သူမ အကြည့်မှာလည်း ပိုမိုလေးနက်လာခဲ့သည်။ ထို့နောက် သူမ လက်တို့ကိုမြှောက်၍ ကောင်းကင်သို့ ညွှန်ပြလိုက်ရာ သူတို့အထက်ရှိ ကောင်းကင်၌ အမှောင်ထုတို့ ချက်ချင်း ထွက်ပေါ်လာပြီး ကောင်းကင်ယံကို တစ်လွှာပြီး တစ်လွှာ ဖုံးအုပ်သွားခဲ့လေသည်။

အဘိုးအို၏ ဆံပင်များသည်ပင် လေမတိုက်ပါပဲနှင့် လူးလွန့် လှုပ်ရှားလို့လာသည်။ သူ၏ အရှိန်အဝါမှာလည်း ပိုမိုသန်မာလာပြီး တစ်ခဏ အတွင်းမှာပင် ရှာမန်တို့၏ အဆုံးသတ်အဆင့်ကို ကျော်လွန်၍ အမည်မသိ အဆင့်တစ်ခုသို့ ရောက်ရှိသွားတော့သည်။ ထိုသို့ ဆိုလျှင်တောင် သူသည် စုမင်အား လွန်စွာ သတိထားမိနေဆဲ ဖြစ်သည်။

အဘိုးအို၏ စွမ်းအင်များကို ဖိနှိပ်ထားခဲ့သော ချိပ်ပိတ်မှုများ ကျိုးပျက်သွားသည်နှင့် ကောင်းကင်ယံရှိ မမြင်ရသော အလွှာတစ်ခုက တွန့်လိမ်ပုံပျက် သွားခဲ့သည်။  ထို တွန့်လိမ်ပုံပျက်မှုများအတွင်း လျှပ်စီးမိုးကြိုးများ စတင်ကူးခတ်လာပြီး ၎င်းတို့ပတ်ဝန်းကျင်ရှိ လေထုမှာ မြူခိုးများသဖွယ် လွင့်ပျယ်သွားခဲ့၏။ လေထဲ၌ တစ်စုံတစ်ရာ ရှိနေသကဲ့သို့ပင်။

ပြင်းထန်သော ဖိအားတစ်ခုသည် လောကတစ်ခွင် လွှမ်းခြုံလာပြီး ပတ်ဝန်းကျင်သို့ အလျင်အမြန် စတင်ဖြန့်ကျက်သွားသည်။

"မင်းက သေချင်နေမှတော့ မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးရတာပေါ့" ဆံနီစုမင်သည် အေးစက်စက် ပြောလိုက်ပြီးနောက် အရှိန်အဝါများ ပေါက်ကွဲ ထွက်ပေါ်လာနေသော အဘိုးအိုကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူ့အကြည့်က ဆံပင်ရှည် အမျိုးသမီးဆီ ရောက်ရှိသွားခဲ့သည်။

"မင်းကတော့ လိုအပ်ချက်တွေနဲ့ ပြည့်မီနေတာပဲ။ မင်းက ငါ့စွမ်းအားကို နည်းနည်း ပြန်ကောင်းအောင် လုပ်ပေးနိုင်လိမ့်မယ်" စကားဆုံးသည်နှင့် စုမင်၏ နှုတ်ခမ်းထက်၌ ကြမ်းကြုတ်ရက်စက်ဟန် တစ်စွန်းတစ်စဖြင့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထူးထူးဆန်းဆန်း ဆွဲဆောင် ညှို့ငင်နိုင်စွမ်း ရှိသည့် ထိုအပြုံးကို မြင်လိုက်သည်နှင့် အဘိုးအို၏ နှလုံးသားမှာ တုန်လှုပ်သွားရတော့သည်။ ဆံပင်ရှည် အမျိုးသမီးသည်လည်း ထိုအပြုံးကို မြင်သောအခါ တစ်စုံတစ်ရာကို တွေးတောမိသွားပြီး သူမမျက်နှာထက်၌ အသိစိတ်လွတ်သည့် အမူအယာမျိုး ပေါ်လာခဲ့၏။

ဤထူးခြားသော အပြောင်းအလဲများ ဖြစ်ပေါ်လာချိန်မှာပင် ရှာမန်နှင့် မာန်စွမ်းအားရှင်တို့ နယ်စပ်ရှိ ကောင်းကင်မြူခိုး မြို့တော်၏ အထက်ကောင်းကင် လေထုထဲမှ ဧကရာဇ် ဝတ်ရုံနှင့် သရဖူ ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူတစ်ဦး လျှောက်လှမ်း ထွက်ပေါ်လာခဲ့သည်။ ထိုလူ၏ မျက်လုံးများမှာ အမူအယာ ကင်းမဲ့ကာ အေးစက်လို့နေ၏။ ထိုလူသည် ထွက်ပေါ်လာပြီးသည်နှင့် အောက်ဘက်ရှိ နယ်မြေသို့ ငုံ့မကြည့်ပဲ ယင်းအစား ရှာမန်နယ်မြေဆီသို့သာ ခြေလှမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်မှာ ချက်ချင်း ဝေဝါး ပျောက်ကွယ်သွားတော့သည်။

***

All Chapters