ဖုံးကွယ်နဂါး တာအို
Vol. 29 Ch. 396
ဆံနီစုမင်သည် အရှိန်အဝါတို့ ပိုမိုအားကောင်းလာနေသော အဘိုးအိုအား အေးတိအေးစက် အပြုံးတစ်ခုဖြင့် စိုက်ကြည့်နေခဲ့သည်။ သူသည် သူ့ပတ်လည်တွင် လွင့်မျောနေသော အစီအရင်သင်္ကေတများနှင့် သူ့ထံ ဦးတည်လာနေသော ကြီးမားသည့် ရွှေရောင်သင်္ကေတကြီး တို့အား ရင်ဆိုင်နေခဲ့ရသော်လည်း ၎င်းတို့အားလုံးကို မျက်ကွယ်ပြု လျစ်လျူရှုထားလေသည်။
"ဖုံးကွယ်နဂါး ဆဋ္ဌမတာအို၊ လျှို့ဝှက် မီးတောက်"
'ကံကြမ္မာ' ဟူသော စကားလုံးကို ကြားလိုက်ချိန်မှ စ၍ အဘိုးအို၏ အမူအယာသည် တုန်လှုပ်ချောက်ခြားမှုတို့ ရောပြွမ်းနေသည့် အလွန်အမင်း လေးနက်တည်ကြည်မှု အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်၌ သူ့လက်တို့ကို ဖြန့်ကားလိုက်ရာ အဘိုးအို၏ ဆံပင်များနှင့် ဝတ်ရုံတို့သည် လေမတိုက်ပါပဲနှင့် တဖျတ်ဖျတ် စတင်လွန့်လူးလာခဲ့သည်။ ဆံပင်ရှည် အမျိုးသမီးသည် ပုလင်းထဲရှိ သွေးတစ်စက်ကို အသုံးပြုရသော ကျင့်စဉ်တစ်ခုဖြင့် မမြင်ရသော အကာအကွယ် တစ်ခု ဖန်တီး၍ မာန်စွမ်းအားရှင်တို့၏ ကောင်းကင်ကို ဖုံးအုပ်လိုက်သည်နှင့် အဘိုးအိုသည် သူ့စွမ်းအားများကို ထုတ်ပြလာခဲ့ပြီး ဖုံးကွယ်နဂါးဂိုဏ်း၏ မဟာ နတ်ဘုရားစွမ်းရည်များထဲမှ တစ်ခုဖြင့် ချက်ချင်း တိုက်ခိုက်လာခဲ့သည်။
စကားဆုံးသည်နှင့် အဘိုးအိုသည် သူ့လက်ကိုမြှောက်လိုက်ရာ သူ့မျက်နှာမှာ ချက်ချင်း နီရဲလာခဲ့သည်။ အဘိုးအိုသည် နှုတ်ခမ်းအား တင်းတင်းစေ့၍ သူ၏ ရှေးဦးချီ လေငွေ့ကို ထိန်းသိမ်းထားပြီး စုမင်ထံ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုဝှေ့ယမ်းမှုကြောင့် အဘိုးအိုရှေ့ရှိ လေထုထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး သူတို့မျက်စိရှေ့မှာပင် မီးပင်လယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းက လေထုကိုယ်တိုင် မီးထတောက်လာခဲ့သလိုပင်။ မီးပင်လယ်သည် ဆက်လက်ဖြန့်ကျက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုဧရိယာ တစ်ခုလုံးအား ဖုံးအုပ်သွားခဲ့၏။
ထိုအခိုက်အတန့်၌ အဘိုးအိုသည် ပါးစပ်ဟလျက် သူထိန်းထားခဲ့သော ရှေးဦးချီ လေငွေ့များကို မှုတ်ထုတ်လိုက်သည်။ ထိုလေငွေ့ကြောင့် လေပြင်းတစ်ခု လှုပ်ခတ်ဖြစ်ပေါ်လာပြီး ၎င်းက ဧရိယာတစ်ခွင် တိုက်ခတ်ကာ သူတို့အနားတွင် စုဝေးနေသော မီးပင်လယ်ကို စုမင်ထံ တွန်းပို့လိုက်သည်။
အဝေးမှကြည့်လျှင် တောက်လောင်နေသော ကောင်းကင်ကြီးနှင့် မီးပင်လယ်တို့က စုမင်အား ဝါးမြိုပစ်ချင်နေသကဲ့သို့ပင်။ လေထဲတွင် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်သွားပြီး ထိုမီးပင်လယ်က စုမင်အား တစ်ခဏအတွင်း ဝန်းရံသွားသည်။ ထိုအခိုက်အတန့်၌ ကောင်းကင်မှ ရွှေရောင်သင်္ကေတနှင့် စုမင်ပတ်လည်ရှိ အခြားသင်္ကေတများသည်လည်း ထိုမီးပင်လယ်နှင့်အတူ သူ့အားသတ်ဖြတ်ရန် တိုးဝင်လာကြလေသည်။
တဝုန်းဝုန်း ပေါက်ကွဲသံများက ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေသည်။ အေးစက်စက် အပြုံးဖြင့် ဆံနီစုမင်သည် လေထဲတွင် ရပ်လျက် တစ်လက်မမျှပင် ရွေ့လျားခြင်းမပြုပဲ သူ့ပတ်လည်ရှိ ထိုသင်္ကေတများအား သူ့ကိုယ်ပေါ်တွင် ချိတ်တွဲခွင့်ပြုထားပြီး ကောင်းကင်မှ ဧရာမ ရွှေရောင်သင်္ကေတကိုလည်း သူ့ခေါင်းထက်၌ ဝုန်းခနဲ လာရောက်ထိပ်ကပ်ခွင့် ပြုထားလိုက်သည်။ သူ့ပတ်လည်ရှိ မီးပင်လယ်ကြီးကိုလည်း သူ့အား မီးတောက်များအတွင်း နစ်မြုပ်စေခွင့် ပေးထားလေသည်။
စုမင်အား ထို နတ်ဘုရားစွမ်းရည်တို့ဖြင့် တိုက်ခိုက်နိုင်လိုက်သော်လည်း အဘိုးအို၏ မျက်နှာထက်တွင် ပျော်ရွှင်မှု အရိပ်အယောင် တစ်ခုတစ်လေပင် ရှိမနေပဲ
သူ့မျက်လုံးများသည်သာ ကျွတ်ထွက်တော့မလို ပြူးကျယ်သွားခဲ့၏။ ထို့နောက် မယုံကြည်နိုင်စွာဖြင့် အသက်ရှူသံများပင် ပြင်းထန်လာခဲ့လေသည်။
စုမင်ကို ဖုံးအုပ်ထားခဲ့သော မီးပင်လယ်ကြီးသည် ယခင် ခမ်းနားတောက်ပနေသော အခြေအနေမှ အလျင်အမြန်
ကျုံ့ဝင်သွားပြီး အသက်ရှူချိန် အနည်းငယ်အတွင်း လုံးဝပျောက်ကွယ်သွားခဲ့သည်။ စုမင်သည် ပါးစပ်ဟ၍
အသက်တစ်ချက် ရှူလိုက်သည်မှအပ ထိုနေရာတွင် ရပ်မြဲ ရပ်နေဆဲသာ ဖြစ်သည်။
ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေခဲ့သော မီးပင်လယ်ကြီးမှာ စုမင်၏ ပါးစပ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ အဆုံးမရှိသော တွင်းကြီးတစ်ခုလိုပင်။ တစ်ချိန်တည်းမှာပင် စုမင်ကိုယ်ပေါ်ရှိ ရွှေရောင်သင်္ကေတများသည်လည်း မှိန်ဖျော့လာခဲ့ပြီး အဆုံး၌ အရည်ပျော်သွားသကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ သူ့ခေါင်းပေါ်ရှိ ဧရာမ ရွှေရောင်သင်္ကေတကြီးသည်လည်း အလျင်အမြန် မှိန်ဖျော့သွားပြီး အဆုံး၌ ရွှေရောင် အခိုးအငွေ့တစ်စု အဖြစ် ပြောင်းလျက် စုမင်၏ လည်ချောင်းထဲသို့ တိုးဝင်သွားလေသည်။
စုမင်၏ မျက်နှာမှာ ယခင်အတိုင်း တည်ငြိမ်နေဆဲပင် ဖြစ်သည်။ သူ့မျက်ဝန်းများအတွင်း လှောင်ပြောင်လိုဟန် အရိပ်အမြွက် ပေါ်လာပြီး အေးစက်စက် အပြုံးတစ်ခုနှင့်အတူ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အားနည်းလွန်းတယ်။ ငါ မင်းကို နောက်ထပ် တိုက်ခိုက်ဖို့ အခွင့်အရေး နှစ်ကြိမ်ပေးလိုက်မယ်"
စုမင်ကို စောင့်ကြည့်နေသော အဘိုးအို၏ အမူအယာမှာ ဆက်တိုက်ဆိုသလို ပြောင်းလဲနေပြီး သူ့နှလုံးသားထဲ၌ စတင်ငြီးတွားမိနေ၏။ ကံကြမ္မာ အကြောင်း ကောလဟာလ အချို့ ကြားဖူးသော်လည်း ယခုလောက်
ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟုတော့ သူတစ်ခါမှ ထင်မထားခဲ့ပေ။ သူ ယခု ထုတ်ဖော်ခဲ့သော လျှို့ဝှက်မီးတောက်သည် မာန်ဝိညာဉ်နယ်ပယ်မှ လူများကိုပင် တိုက်ခိုက်ရန် လုံလောက်နေပြီ ဖြစ်သော်ငြား
ဤကံကြမ္မာကတော့ လုံးလုံးလျားလျား လုံခြုံနေသေး၏။
"သေစမ်း။ သူက ဘာလို့ ကံကြမ္မာ ဖြစ်နေရတာလဲ။ သူသာ ကံကြမ္မာ မဟုတ်ရင် သူ့ကို ဒီနေရာမှာ အချိန်ဆွဲထားဖို့ ငါ့အသက်ကိုလည်း စွန့်စားနေစရာ လိုမှာ မဟုတ်တော့ဘူး။ ကောင်းကင်ဘုံ ဖြစ်စဉ်လည်း အခုပေါ်နေပြီဆိုတော့ ဂိုဏ်းက တစ်ခြားလူတွေ မကြာခင် ရောက်လာလောက်တော့မှာပါ..." အဘိုးအို၏ မျက်လုံးများက တောက်ပသွားပြီး နောက်ဆုတ်လိုသည့် ဆန္ဒတစ်ခု ပေါ်လာခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာပင် သူ့အရှေ့ရှိ စုမင်အပြုံးက ပိုမိုအေးစက်လာခဲ့ချေ၏။
"အသက်သုံးရှိုက်စာ အတွင်း မတိုက်ခိုက်ဘူးဆိုရင်တော့ မင်းကို ငါ့နတ်ဘုရားကျင့်စဉ်တွေအကြောင်း မြည်းစမ်းခိုင်းရမှာပေါ့" စကားဆုံးသည်နှင့် စုမင်သည် ညာလက်ကို မြှောက်၍ လက်သီးဆုပ်လိုက်ပြီး ထိုလက်သီးဆုပ်ကို အလျင်အမြန် ပြန်ဖြေလိုက်သည်။
ထို့နောက် လေထဲသို့ လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထုတ်လိုက်၏။
ထိုလက်ဝါးချက်သည် သူ့အောက်ရှိ မြေပြင်ကို တုန်ခါသွားစေပြီး အက်ကြောင်းများ ရုတ်ခြည်း ပေါ်လာစေသည်။ တစ်ချိန်တည်းမှာပင် ဝုန်းခနဲ မြည်ဟည်းသံ တစ်ချက်နှင့်အတူ လေလှိုင်းတစ်ခုအသွင် မြေအော်ရာများ တိုးထွက်လာပြီး စက်ဝိုင်းပုံ လီငါးထောင် ဧရိယာကို ချိပ်ပိတ်လျက် ထိုနေရာကို လှောင်အိမ်ကြီးတစ်ခု သဖွယ် ပြောင်းသွားစေ၏။
အဝေးမှ ကြည့်လျင် လူသူ အရိပ်အယောင် တစ်ခုတစ်လေပင် မမြင်ရတော့ချေ။ ထိုနေရာကို ဝန်းရံထားသည့် ကောင်းကင်သို့တိုင် ထိစပ်နေသော မှုန်ဝါးဝါး လေထုနံရံကြီး တစ်ခုကိုသာ သူတို့ တွေ့မြင်ရပေလိမ့်မည်။
မြေအော်ရာကို အသုံးပြုထားသော ဤကျင့်စဉ်၊ နတ်ဘုရား စွမ်းရည်မျိုးက အဘိုးအို၏ မျက်လုံးများကိုပင် ကျဉ်းမြောင်းသွားစေသည်။ သူသည် အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အလိုလို ဆုတ်လိုက်မိပြီး မျက်လုံးထဲတွင်လည်း ထိတ်လန့်မှုများ ပေါ်လာခဲ့၏။ ထို့နောက် သူ့နှလုံးသားထဲတွင် ငြီးတွားရင်း နံဖူးမှလည်း ချွေးစေးများ ပြန်လာခဲ့လေသည်။ သူ့လိုပင် ဖြူဖျော့နေပြီ ဖြစ်သော မျက်နှာဖြင့် ဆံပင်ရှည် အမျိုးသမီးကိုလည်း ပိုမို၍ပင် မုန်းတီးမိလာ၏။ သူမသာ ထိုလူ မည်သူမည်ဝါ ဖြစ်ကြောင်း မဖော်ထုတ်ခဲ့လျှင် သူလည်း တိုက်ခိုက်စရာ လိုခဲ့လိမ့်မည် မဟုတ်ပေ။
ယခုတော့ သူ ချောင်ပိတ်မိနေချေပြီ။ စုမင်၏ စကားဆုံးသည်နှင့် အဘိုးအိုသည် စုမင်ပြောခဲ့သော အသက်သုံးရှိုက်စာ အကြောင်း သတိရသွားပြီး သူ့တွင် ထပ်မံ တွေးတောနေရန် အချိန်မရှိတော့ကြောင်း နားလည်သွားရသည်။ သူသည် ညာလက်ကိုမြှောက်၍
လက်ဟန်သင်္ကေတများ အလျင်စလို ဖန်တီးလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့အရှေ့၌ တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေသကဲ့သို့ ပုံရိပ်ယောင်များ လျှပ်ပြက်သလို ထွက်ပေါ်လာခဲ့၏။
ထို လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်သည်နှင့် အဘိုးအို၏ မျက်နှာပေါ်ရှိ ဖောင်းကြွနေခဲ့သော သွေးကြောများမှာ စတင်၍ တွန့်လိမ်လှုပ်ရှားလာပြီး ကျားတစ်ကောင်၏ မျက်နှာပေါ်မှ အစင်းကြောင်းများ သဖွယ် ပုံစံကွက်တစ်ခု ပေါ်လာခဲ့သည်။
သူ့ကိုယ်မှလည်း အလွန်သန်မာသော အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ထိုအရှိန်အဝါ၏ စွမ်းအားကြောင့် လေပြင်းတို့ လှုပ်ခတ်သွားပြီး ဆံပင်ရှည် အမျိုးသမီး ထုတ်ဖော်ထားသော အကာအကွယ် အလင်းလွှာအပြင်ရှိ ရှာမန်နယ်မြေ၏ အထက်ကောင်းကင်ယံမှ တိမ်စိုင်များသည်ပင် ပြန့်ကျဲလွင့်မျောသွားခဲ့သည်။ ကောင်းကင်ယံမှာ မှုန်ဝါးဝါးဖြစ်လာပြီး ခပ်အုပ်အုပ် လေတိုးသံများ ထွက်ပေါ်လာ၏။
မကြာမီမှာပင် မည်းမှောင်နေသော မှုန်ဝါးဝါး ကောင်းကင်ထံမှ မိုးခြိမ်းသံတစ်ချက်နှင့် အတူ လျှပ်စီးကြောင်း တစ်ခု တိုးထွက်လာသည်။ သူတို့အထက်၌ ဧရာမ အက်ကြောင်းတစ်ခု ပေါ်လာပြီး ၎င်းပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် သူတို့အပေါ်သို့ ဖော်ပြခြင်းငှါ မစွမ်းသာသော ဖိအားတစ်ခုလည်း ဖြန့်ကျက်ကျဆင်းလာခဲ့သည်။
စုမင်သည် ထိုအက်ကြောင်းကို မော့ကြည့်လိုက်မိပြီး သူ့မျက်နှာထက်တွင်လည်း မြင်ရခဲသော လေးနက်တည်ကြည်သည့် အမူအယာမျိုး ပေါ်လာခဲ့သည်။ ထိုအခိုက်အတန့်တွင် အဘိုးအို၏ နှလုံးသားမှာတော့ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေခဲ့ချေပြီ။ သူ့အထက်ရှိ အက်ကြောင်းကို မြင်လိုက်သော်လည်း အံတင်းတင်းကြိတ်လျက် အခြား ကျင့်စဉ်တစ်ခု ထုတ်ဖော်ရန်အတွက် လက်ဟန် သင်္ကေတများကိုသာ ဆက်လက် ပြုလုပ်လိုက်သည်။
ဆံပင်ရှည် အမျိုးသမီးအား သွေးနီရောင် အလင်းလွှာတစ်ခု ဝန်းရံထားပြီး ၎င်းက သူမထံမှ တောက်ပနေခြင်း ဖြစ်သည်။ ထိုအလင်းလွှာသည် အဆုံးစွန်ထိ တောက်ပသေးပုံ မပေါ်သော်ငြား အလွန်သန်မာသော ခုခံကာကွယ်မှု စွမ်းရည်မျိုး ရှိနေခဲ့ချေပြီ။ မာန်စွမ်းအားရှင်တို့၏ ကောင်းကင်ကို ဖုံးကွယ်ပေးရန် ဂိုဏ်းမှ ရွေးချယ်ခံရသူ တစ်ဦးအတွက် ပုံမှန်အားဖြင့် ဆိုလျှင် ကျင့်စဉ်တိုက်ပွဲတစ်ခု၌ သူမ၏ လုံခြုံရေးမှာ အရေးကြီးဆုံး အရာဖြစ်၏။
သို့သော်လည်း ထိုအချိန်မှာပင် သူမမျက်နှာသည် ဖြူဖျော့သွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။ မာန်စွမ်းအားရှင်တို့၏ ကောင်းကင်အား ဖုံးကွယ်ရန် ကျင့်စဉ်ကို ထိန်းသိမ်းထားရခြင်းမှာ သူမ အချိန်ကြာကြာ မလုပ်နိုင်သော အရာမျိုးဖြစ်ကြောင်း ထင်ရှားနေ၏။
ပိုအရေးကြီးသည်မှာ သူမ အမူအယာက အနည်းငယ် ထူးဆန်းနေခြင်း ဖြစ်သည်။ သူမသည် အဘိုးအိုကို မကြည့်ပဲ စုမင်ကိုသာ စူးစိုက်ကြည့်နေလေ၏။ သူမ မျက်ဝန်းများထဲတွင်တော့ ရှုပ်ထွေးသော အမူအယာတစ်ခုသာ ရှိနေသည်။ ရံဖန်ရံခါ ဆိုသလိုပင် သူမသည် စုမင် မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်လိုက်မိခြင်းအား အမှား၊ အမှန် ခွဲခြားမရဟန်ဖြင့် တွေဝေနေတတ်လေသည်။
သူမ ဘယ်သောအခါမှ မေ့နိုင်လိမ့်မည် မဟုတ်သော အရာတစ်ခုရှိသည်။ သူမသည် ဖုံးကွယ်နဂါး ဂိုဏ်း၏ အပြင်စည်းတပည့်ဘဝ၌ အရွေးချယ်ခံခဲ့ရပြီး လျှို့ဝှက်တာဝန် ပေးအပ်ခံရသော အဖွဲ့တစ်ခု၏ အဖွဲ့ဝင် ဖြစ်လာခဲ့ရသည်။ ထိုအဖွဲ့ထဲတွင် မိန်းကလေး တစ်ရာနီးပါး ရှိလေသည်။ ထိုအချိန်က သူမမှာ သတ္တိ နည်းခဲ့သည့်အပြင် ချီသိပ်သည်းခြင်း အဆင့်(၆)တွင်သာ ရှိနေခဲ့သေး၏။ သူမမှာ အလွန် အားနည်းခဲ့လေသည်။ သူမသည် ကျင့်ကြံသူ တစ်ဦး မဖြစ်ချင်ပဲ အိမ်ပြန်၍သာ မိဘများနှင့် အတူရှိနေချင်ခဲ့သည်။
ဖုံးကွယ်နဂါးဂိုဏ်း၏ အပြင်စည်းတပည့် ဖြစ်လာဖို့ ဆိုသည်ကလည်း သူမဆန္ဒ မဟုတ်ခဲ့ချေ။ မိသားစုထဲ၌ သူမ တစ်ဦးတည်းတွင်သာ ကျင့်ကြံသူ တစ်ဦး၏ ခန္ဓာကိုယ် တည်ဆောက်ပုံမျိုး ရှိနေခဲ့ခြင်းကြောင့် သူမတို့ မိသားစု၏ ကျင့်ကြံသူ မျိုးဆက် ဆက်လက်တည်ရှိနိုင်ရန် ဖုံးကွယ်နဂါးဂိုဏ်းသို့ ဝင်ရောက်ခဲ့ရခြင်း ဖြစ်သည်။
ထိုအဖွဲ့သို့ ဝင်ရောက်ပြီးသည်နှင့် သူမသည် အဖွဲ့ဝင် ညီအစ်မများနှင့် အတူ ထူးဆန်းသော နေရာတစ်ခုဆီ အပို့ခံခဲ့ရသည်။ ထိုနေရာတွင် သူမတို့ လူတစ်ရာကြားမှ ခုနစ်ယောက်သာ အရွေးချယ်ခံခဲ့ရ၏။ သူမမှာ ရွေးချယ်ခံ ခုနစ်ဦးထဲမှ တစ်ဦးဖြစ်သည်။
သူမသည် ထိုထူးဆန်းသော နေရာမှာပင် နှစ်ပေါင်း ၁၈၀ခန့် နေထိုင်ခဲ့ရလေသည်...
ဆံပင်ရှည် အမျိုးသမီးသည် သူမနှုတ်ခမ်းကို ကိုက်ထားလိုက်မိ၏။ သူမပုံစံသည် အရာအားလုံးကို မေ့လျော့သွားသလိုပင် စုမင်အား ဗလာအကြည့်တို့နှင့် တွေဝေစွာ ငေးကြည့်နေခဲ့သည်။
ကောင်းကင်ယံမှ အက်ကြောင်းနှင့် ကြောက်မက်ဖွယ် ဖိအားတို့ ထွက်ပေါ်လာနေစဉ် အဘိုးအိုသည် ညာလက်ဖြင့် လက်ဟန်သင်္ကေများ ဆက်လက်ဖန်တီးနေခဲ့ပြီး ထို့နောက် ရုတ်ခြည်းဆိုသလို လက်မြှောက်၍ စုမင်ထံ ညွှန်ပြလိုက်၏။
"ဖုံးကွယ်နဂါး တတိယ တာအို၊ ချောင်းမြောင်းနေသော ကျား"
ထိုသို့ ညွှန်ပြလိုက်သည်နှင့် အဘိုးအို၏ မျက်နှာပေါ်ရှိ
လှုပ်ရှားနေသော ကျားမျက်နှာ အစင်းကြောင်းများမှာ
ကျားတစ်ကောင်၏ ပုံရိပ်ယောင် ဦးခေါင်းအသွင်ဖြင့် သူ့ရှေ့သို့ လွင့်မျောလာခဲ့သည်။ ထိုကျားသည် စုမင်ထံ ဟိန်းဟောက်လျက် တိုးဝင်သွားသည်နှင့် ၎င်း၏ ကိုယ်ထည်နှင့် ခြေလက်များမှာ အပြည့်အစုံ ပုံပေါ်လာပြီး တစ်ဝက်တစ်ပျက် ထွင်းဖောက်မြင်နေရသော ကျားတစ်ကောင် အဖြစ် ပြောင်းလဲသွားခဲ့လေသည်။ ၎င်း၏ ခန္ဓာကိုယ်သည်လည်း တိုက်ခတ်နေသော လေတို့ကြောင့် ပေရာပေါင်းများစွာ ဆန့်ထွက်ရှည်လျား လာခဲ့သည်။ ၎င်းက ဟိန်းဟောက်သံ တစ်ချက်ပြုလျက် စုမင်ထံ တိုးဝင်လာလေသည်။
"ဖုံးကွယ်နဂါး တတိယတာအို၊ ပုန်းလျိူးနဂါး"
စက်ဝိုင်းပုံ လီငါးထောင် ဧရိယာအတွင်း တိမ်နှင့် မြူခိုးများ စိမ့်ထွက်လာပြီး ထိုဧရိယာမှာ တိမ်ပင်လယ်တစ်ခု အသွင် ပြောင်းလဲသွားခဲ့သည်။ ထိုတိမ်ပင်လယ် လှုပ်ခတ် ရွေ့လျားလာသည်နှင့်အမျှ ၎င်းအတွင်းမှ ရံဖန်ရံခါဆိုသလို မြွေကိုယ်ထည်ကြီး တစ်ခု ထွက်ပေါ်လာတတ်သည်မှာ ၎င်းမြူများအတွင်း ဧရာမမြွေကြီးတစ်ကောင် ကူးခတ်လှုပ်ရှားနေသကဲ့သို့ပင်။
စုမင်အပေါ်သို့ ကျား ခုန်အုပ်လာသည့် အခိုက်အတန့်မှာပင် သူ့အနောက်ရှိ တိမ်မြူများ အတွင်းမှလည်း ဧရာမ ဦးခေါင်းကြီးတစ်ခု တိုးထွက်လာခဲ့သည်။ ထိုဦးခေါင်းကြီး ထွက်ပေါ်လာသည်နှင့် သွေးညှီနံ့တို့ ပြည့်နေသော လေပြင်းတစ်ခုက ထိုဧရိယာတစ်လျှောက် ဖြတ်သန်း တိုက်ခတ်သွားပြီး ရှည်လျားသော နှုတ်ခမ်းမွေးနှစ်ချောင်းက လေနှင့်အတူ လှုပ်ယမ်း ထွက်ပေါ်လာသည်။ ထိုအရာမှာ မြွေတစ်ကောင် မဟုတ်ပဲ သားရဲနဂါး တစ်ကောင်၏ ဦးခေါင်းပင် ဖြစ်သည်။
ထိုနဂါးကြီး၏ ဦးခေါင်း တစ်ခုတည်းသာ ထွက်ပေါ်လာပြီး ၎င်း၏ ခန္ဓာကိုယ်မှာတော့ တိမ်စိုင်များကြား ပုန်းကွယ်နေဆဲ ဖြစ်သည်။ ထွက်ပေါ်လာသော နဂါးဦးခေါင်းကြီးသည် စုမင်အား ဟိန်းဟောက်လျက် တိုးဝင်လာလေသည်။
သူ့အရှေ့တွင် တစ်ဝက်တစ်ပျက် ထွင်းဖောက်မြင်နေရသော ကျားတစ်ကောင်ရှိပြီး သူ့အနောက်တွင်တော့ တိမ်စိုင်များကြား ပုန်းကွယ်နေသည့် ရက်စက်ကြမ်းကြုတ်သော နဂါးတစ်ကောင် ရှိနေသည်။ ၎င်းတို့ကြား အလယ်တွင် ရပ်နေသော စုမင်၏ မျက်လုံးများထဲတွင်တော့ ထူးဆန်းသော အလင်းတစ်ဖြာ ရှိနေ၏။ သူသည် ရှောင်တိမ်းခြင်း မပြုပဲ ခန္ဓာကိုယ်အား ဘေးသို့လှည့်ကာ ဘယ်ဘက်လက်အား ဆန့်ထုတ်၍ ခုန်အုပ်လာသော ကျားကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် လက်နှစ်ချောင်းအား ပူးကပ်၍ သူ့ထံသို့ အနောက်ဘက်မှ ချဉ်းကပ်လာနေသော နဂါးကြီးထံ ညွှန်ပြလိုက်၏။
"ကြက်သွေးရောင် ပိုက်ကွန် ပြီးပြည့်စုံသော ပုံစံ၊ လောက ပြန်လည်မွေးဖွားခြင်း" စုမင်အသံက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
စုမင် ပါးစပ်ဟလိုက်သည်နှင့် တစ်ပြိုင်နက် သူ့အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး နဂါးနှင့် ကျားတို့၏ ဟိန်းဟောက်အော်မြည်သံများကိုပင် တိမ်မြုပ်သွားစေသည်။
သူသည် ဘယ်ဘက်လက်ကို လက်သည်းတစ်ခုအသွင် ပြောင်း၍ တိုးဝင်လာသော ကျားဦးခေါင်းပေါ် ရိုက်ချလိုက်သည်။ ထိုသို့လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် စုမင်၏ နှုတ်ခမ်းထက်၌ ကြောက်မက်ဖွယ် အပြုံးတစ်ခု တစ်စွန်းတစ်စ ထွက်ပေါ်လာခဲ့သည်။ သူ မည်သည့်နည်းလမ်းမျိုး အသုံးပြုလိုက်မှန်း မည်သူမှ မသိသော်ငြား စုမင် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် သူ၏ ဘယ်လက်သည် ထိုကျား၏ ခန္ဓာကိုယ်မှ စွမ်းအင်များကို စုပ်ယူ၍ ညာလက်ဆီ လွှဲပြောင်းပေးလိုက်လေသည်။ ချက်ချင်းဆိုသလိုပင် စုမင်၏ ညာလက်နှင့် လက်မောင်းတစ်ခုလုံးသည် သူ့အရှေ့ရှိ ကျားနှင့် တစ်ထပ်တည်းတူညီသည့် ကျားတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
အဝေးမှ ကြည့်လျှင် စုမင်အရှေ့ရှိ ကျားမှာ ဘာတစ်ခုမှ ပြောင်းလဲသွားခြင်း မရှိပေ။ ကျားတစ်ကောင်အဖြစ် ပြောင်းလဲသွားသော စုမင်၏ ညာလက်နှင့် နဂါးတို့ ထိပ်တိုက်တွေ့သွားသည်နှင့် တစ်ပြိုင်နက် တစ်ချိန်တည်းမှာပင် အလားတူမြင်ကွင်းမျိုး ထပ်မံ ပေါ်ပေါက်လာခဲ့သည်။ ကျားဦးခေါင်းပေါ် ဖိနှိပ်ထားသော စုမင်၏ ဘယ်လက်မှာ တွန့်လိမ်လျက် နဂါးတစ်ကောင် အသွင် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
ဤမြင်ကွင်းအရ ထိုနဂါးနှင့် ကျားတို့သည် စုမင်၏ ခန္ဓာကိုယ်ထဲမှ ဖြတ်သန်း တိုးထွက်လာခဲ့ကြသလိုပင်။ ထိုနဂါးနှင့် ကျားတို့သည် အချင်းချင်း တိုက်ခိုက်မိသွားကြပြီး လေထုအလယ်မှာပင် အဘိုးအို၏ နတ်ဘုရားစွမ်းရည်များမှ ဖြစ်ပေါ်လာသည့် နဂါးနှင့် ကျားတို့မှာ အချင်းချင်း တိုက်ခိုက်မိပြီးသား ဖြစ်သွားလေသည်။
***