← Chapters

ကောင်းကင်ဘုံ လှံပုဆိန်

Vol. 29 Ch. 397

ကောင်းကင်ဘုံ လှံပုဆိန်

Vol. 29 Ch. 397

"ငါမှတ်မိတာတော့ မင်းတို့ ဖုံးကွယ်နဂါး ဂိုဏ်းမှာ လျှို့ဝှက် တရားစီရင်ချက် ဆိုတဲ့ ရှေးဟောင်းကျင့်စဉ် တစ်ခုများ ရှိသလားလို့။ မင်းရော အဲဒါကို သိလား"

ပေါက်ကွဲ မြည်ဟည်းသံများကြောင့် ကောင်းကင်နှင့် မြေပြင်တို့ တုန်ခါနေစဉ် အဘိုးအိုသည်လည်း သွေးအန်လိုက်ရ၏။ သူသည် အနောက်သို့ ခြေလှမ်းအနည်းငယ် လွင့်စင်သွားပြီး ထိုအချိန်မှာပင် စုမင်၏ တည်ငြိမ် အေးဆေးသော အသံက သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။

အဘိုးအို၏ မျက်စိရှေ့မှာပင် နဂါးနှင့် ကျားတို့က အချင်းချင်း တိုက်ခိုက်မိသွားခြင်း ဖြစ်သည်။ ထို နဂါးနှင့် ကျားတို့ စူးစူးဝါးဝါး နာနာကျင်ကျင် အော်မြည်လျက် ပြိုကွဲပျောက်ကွယ် သွားသည်ကို သူမြင်တွေ့ခဲ့ရ၏။ စုမင်ကမူ ထိုအပျက်အစီးများကြားမှ ဖြည်းဖြည်းချင်း လျှောက်လှမ်း ထွက်ပေါ်လာခဲ့လေသည်။

စုမင်၏ အမူအယာမှာ ယခင်အတိုင်း အေးဆေး တည်ငြိမ်နေဆဲပင် ဖြစ်ပြီး မည်သည့် အပြောင်းအလဲမျိုးမှ မတွေ့ရပေ။ စုမင်သည် ထိုနေရာတွင် ရပ်လျက် အဘိုးအိုအား အေးစက်စက် စိုက်ကြည့်လို့နေ၏။

"မင်းမှာ အခွင့်အရေး တစ်ခု ကျန်သေးတယ်။ မင်းသာ အဲဒီ တိုက်ကွက်ကို ထုတ်ဖော်ပြီး ဖုံးကွယ်နဂါး ဂိုဏ်းရဲ့ ရှေးဟောင်းကျင့်စဉ်ကို ငါ မြင်ခွင့်ရမယ်ဆို ငါ မင်းကို မသတ်ဘူး"

"မင်း တစ်ကယ် ပြောတာလား"

အဘိုးအို၏ မျက်နှာမှာ ဖြူဖျော့နေခဲ့ချေပြီ။ ဤကံကြမ္မာသည် သူ အချိန်ဆွဲနေခြင်းမှန်း သိသော်ငြား ထိုအရာကို လုံးလုံးလျားလျား လျစ်လျူရှုထားလေ၏။ ထိုအကြောင်းကို သိလိုက်ရခြင်းက အဘိုးအိုအား အနည်းငယ် ထိတ်လန့်သွားစေသည်။ သူတို့နှစ်ဦးကြား တိုက်ကွက်များကြောင့် ဤကံကြမ္မာ၏ စွမ်းအားမှာ သူ မျှော်မှန်းထားခဲ့သည်ထက် ကျော်လွန်နေကြောင်းကိုလည်း အဘိုးအိုတစ်ယောက် အံ့သြထိတ်လန့်စွာ သိရှိခဲ့ရ၏။

ဤလူ၌ ယခုလို စွမ်းအားမျိုး ရှိနေပါလျက်နှင့် မာန်စွမ်းအားရှင်တို့၏ ကောင်းကင်မှ အက်ကြောင်းသည် ဤလူအား အနည်းငယ်မျှပင် အနှောင့်အယှက် ဒုက္ခမပေးပဲ အဘယ်ကြောင့် သူ့အပေါ်တွင်သာ ပစ်မှတ်ထားနေမှန်း အဘိုးအို နားမလည်နိုင်တော့ပါချေ။

ယခုတော့ သူ အလွန် နောင်တရနေခဲ့ချေပြီ။ သူ၏ တိုက်ခိုက်မှုများကို တုန့်ပြန်ရန်အတွက် မည်သည့်အားထုတ်မှုမှပင် လုပ်စရာ မလိုခဲ့သော ဤစုမင်နှင့် ရင်ဆိုင်ရသောအခါ သူ အလွန်အမင်း ကြောက်ရွံ့မိလာသည်။ စုမင်၏ စကားများကို ကြားသောအခါ အဘိုးအိုသည် တစ်ခဏတာ ငြိမ်ကျသွားခဲ့ပြီးနောက်မှ အံတင်းတင်းကြိတ်ကာ ပြန်လည် မေးမြန်းလိုက်ခြင်း ဖြစ်သည်။

စုမင်မှာ မျက်မှောင်ကြုတ်သွားရပြီး အေးတိအေးစက်ပင် ပြန်ဖြေလိုက်၏။ "မင်း ယုံဖို့ပဲ လိုတယ်"

အဘိုးအို၏ မျက်နှာထက်တွင် အမူအယာ အမျိုးမျိုး ဖြတ်ပြေးသွားသည်။ ယခင်တည်းကပင် သူ၏ နတ်ဘုရားစိတ်အာရုံကို ပတ်ဝန်းကျင် ဧရိယာ တစ်ဝိုက် ဖြန့်ကျက်ထားခဲ့သဖြင့် သူ့ပတ်လည်ရှိ အရာအားလုံး ချိပ်ပိတ်ခံထားရကြောင်း သိထားခဲ့ပြီးဖြစ်သည်။ ထိုချိပ်စည်း၏ စွမ်းအား တစ်ခုတည်းဖြင့်ပင် သူထွက်ပြေးနိုင်ရန် ခဲယဉ်းနေခဲ့ပြီ ဖြစ်၍ သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။ စုမင် ပြောသည်က အမှန် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ထိုအခွင့်အရေး တစ်ခုသာ ရှိမှန်း သူယုံကြည်နေမိသည်။ တစ်ခဏ အကြာတွင်တော့ သူ အံကိုသာ တင်းတင်း ကြိတ်လိုက်မိတော့သည်။

"မင်းရဲ့ စွမ်းအားနဲ့ဆိုရင် ကျုပ်ကို လှည့်စားဖို့အတွက် မင်းကိုယ်မင်း သိက္ခာကျအောင် မလုပ်လောက်မှာ အသေအချာပါပဲ  စီနီယာ။ မင်းက အဲဒါကို မြင်ချင်မှတော့ ကျုပ် အဲဒီ ကျင့်စဉ်ကို ထုတ်ဖော်ပါ့မယ်။ ဒါပေမယ့်

လျှို့ဝှက် တရားစီရင်ချက် ကျင့်စဉ်တစ်ခုလုံးကို ထုတ်ဖော်နိုင်ဖို့ကတော့ ကျုပ်အတွက် မလွယ်တာမို့ နည်းနည်းပဲ ပြနိုင်ပါလိမ့်မယ်..."

စကားဆုံးသည်နှင့် အဘိုးအိုသည် လက်နှစ်ဖက်ကို မြှောက်၍ သူ့ရင်ဘတ်အား အကြိမ်အနည်းငယ်ခန့် ဆက်တိုက် ပုတ်လိုက်ရာ သူ့မျက်နှာမှာ ချက်ချင်းပင် နီရဲလာခဲ့၏။ ထို့နောက် သူသည် ညာလြက်ဖင့် လက်ဟန်သင်္ကေတ အချို့ ဖန်တီးကာ အရှေ့သို့ ညွှန်ပြလိုက်ပြန်သည်။

"ဖုံးကွယ်နဂါး ဆဋ္ဌမတာအို၊ လျှို့ဝှက်မီးတောက်" အဘိုးအိုသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ညာလက်ရှိ လက်ဟန်သင်္ကေတများကို ထပ်မံပြောင်းလဲလိုက်ပြီး ညာဘက်မျက်လုံးအား လက်ဖြင့် ထိတွေ့လိုက်သည်။ အဘိုးအို၏ ညာဘက်မျက်လုံးထဲတွင် အဝါရောင် အလင်းတစ်ဖြာ ချက်ချင်း ထွက်ပေါ်လာခဲ့လေသည်။ ထွက်ပေါ်လာသော မီးတောက်များနှင့် အဘိုးအို၏ ဝတ်ရုံလက်ပေါ်တွင် ပေါ်လာသော မီးတောက်အချို့သည်ပင် သူ့ ညာဘက်မျက်လုံးထဲသို့ တိုက်ရိုက် စုပ်ယူခံလိုက်ရ၏။

"ဖုံးကွယ်နဂါး တတိယတာအို၊ ချောင်းမြောင်းနေသော ကျား၊ ပုန်းလျှိူး နဂါး"

အဘိုးအိုသည် ညာလက်မှ လက်ဟန်သင်္ကေတများကို ထပ်မံပြောင်းလဲလိုက်ပြန်၏။ သူ့အရှေ့တွင် လက်ဟန်သင်္ကေတ ပုံရိပ်ယောင်များစွာ ဖြစ်ပေါ်လာခဲ့သည်။ ထို ဧရိယာတစ်ဝိုက် မြူခိုးများ ဝန်းရံလာပြီး ၎င်းတို့အတွင်း၌ နဂါးတစ်ကောင် ကူးခတ်နေပုံရသည်။ အဘိုးအို၏ မျက်နှာထက်တွင်လည်း သွေးကြောများ ဖောင်းကြွလာပြီး ကျားအစင်းကြောင်းများ တစ်ဖန် ပေါ်လာပြန်သည်။ အဘိုးအို၏ မျက်နှာပေါ်ရှိ သွေးကြောများသည် အဝါရောင်အလင်းတို့ တောက်ပနေသော ညာမျက်လုံးအတွင်းသို့ စုပ်ယူခံနေရဟန်ဖြင့် စတင် ရွေ့လျားလာကြသည်။

၎င်းတို့ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် အဘိုးအို၏ ညာဘက်မျက်လုံးအတွင်း သွေးကြောမျှင်များစွာ ပေါ်လာခဲ့သည်။ သူ့မျက်လုံးထဲတွင် အနီရောင် ကျားအစင်းကြောင်းများ ဖြစ်တည်လာသည်နှင့် သူတို့အနီးရှိ မြူခိုးများသည်လည်း အဘိုးအိုထံ အလျင်အမြန် တိုးဝင်သွားကြ၏။ ၎င်းတို့အား ညာဘက်မျက်လုံး အတွင်းသို့ စုပ်ယူပြီးသည်နှင့် အဘိုးအို၏ ညာမျက်လုံးအတွင်း ဟိန်းဟောက်၊ လှုပ်ရှားနေသော နဂါးတစ်ကောင်ပါ ပေါ်လာခဲ့လေသည်။

"ဖုံးကွယ်နဂါး နဝမတာအို၊ ဆောင်းဦးရိတ်သိမ်း ဆောင်းသိုလှောင်" အဘိုးအိုမှာ တုန်ယင်သွားပြီး အံတင်းတင်းကြိတ်ထားရင်းမှပင် သူ့ပါးစပ်ထောင့်မှ သွေးတို့ စီးကျလာခဲ့သည်။ သူသည် ဘယ်လက်ဖြင့် လက်ဟန်သင်္ကေတများ ဖန်တီး၍ အရှေ့သို့ ညွှန်ပြလိုက်ပြန်သည်။

"ဖုံးကွယ်နဂါး အဋ္ဌမတာအို၊ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်"

"ဖုံးကွယ်နဂါး သတ္တမတာအို၊ အရိပ်၏ ခြေရာဖျောက်ခြင်း"

"ဖုံးကွယ်နဂါး ဒုတိယတာအို၊ ဟင်းလင်းပြင်မှ... လျှို့ဝှက်ချက်" အဘိုးအိုသည် နတ်ဘုရားစွမ်းရည် များစွာကို တစ်ဆက်တည်း ထုတ်ဖော်သွားခဲ့၏။ ၎င်း နတ်ဘုရား စွမ်းရည်များသည်လည်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အဘိုးအို၏ ညာဘက်မျက်လုံးအတွင်း ချက်ချင်း စုပ်ယူခံလိုက်ရလေသည်။

ထို နတ်ဘုရားစွမ်းရည် ခြောက်မျိုးအား ထုတ်ဖော်ပြီးနောက် အဘိုးအို၏ မျက်လုံးမှာ အလင်းရောင်ပင် မမြင်ရတော့ပေ။ သို့သော် မည်သူမဆို သေချာစိုက်ကြည့်မိလျှင်တော့ မျက်လုံးအတွင်း ယင်နှင့် ယန်အဖြစ် ကွဲထွက်နေကြောင်း မြင်ရပေလိမ့်မည်။ သူ့မျက်လုံးအတွင်း ရှစ်ထောင့် အစီအရင်ကွက် ပုံရိပ်တစ်ခုပင် ဝိုးတဝါး ပေါ်နေလေသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ ဧရာမအက်ကြောင်းကြီးထံမှ ဖိအားသည်လည်း ပိုမိုပြင်းထန်လာခဲ့၏။ ဝုန်းခနဲ အသံတစ်ခုနှင့်အတူ အက်ကြောင်း အတွင်းမှ အရာဝတ္တုတစ်ခု ဖြည်းဖြည်းချင်း ဆင်းသက်လာခဲ့သည်။

၎င်းက ထိပ်ဖျားတွင် ပုဆိန်သွား အကွေးတစ်ခုပါသော ကြေးရောင် လှံပုဆိန်တစ်လက် ဖြစ်သည်။ လှံပုဆိန်ထံမှ အေးစက်စက် အရှိန်အဝါတစ်ခု ထုတ်လွှတ်နေပြီး ၎င်းဆင်းသက်လာသည်နှင့် ကောင်းကင်ယံမှာ မှောင်မည်းလာခဲ့သည်။ တိမ်တိုက်တိမ်စိုင်တို့ ပျောက်ကွယ်သွားပြီး ထွက်ပေါ်လာသော အက်ကြောင်းများက ဟင်းလင်းပြင်သည်ပင် ကွဲအက်လာနေပြီ ဖြစ်ကြောင်း ညွှန်ပြလို့နေသည်။ ကမ္ဘာကြီး ကိုယ်တိုင်သည်ပင် ဤအရာ၏ ဆင်းသက်လာမှုကို ခံနိုင်စွမ်းမရှိ ပြိုကွဲသွားတော့မလိုပင်...

လှံပုဆိန်ထံမှ သန်မာသော နတ်ဘုရားစိတ်အာရုံတစ်ခု ဖြန့်ကျက်ထွက်ပေါ်လာပြီး တစ်ခဏအတွင်းမှာပင် ဧရိယာတစ်ခုလုံးအား ဖုံးအုပ်သွားခဲ့သည်။ လှံပုဆိန်သည် တစ်စုံတစ်ရာကို ရှာဖွေနေဟန်ဖြင့် ဖြည်းဖြည်းချင်း လှည့်လာ၏။

ထို လှံပုဆိန် ပေါ်လာသည်နှင့် တစ်ပြိုင်နက် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေတစ်ခုလုံး၏ ကောင်းကင်ယံရှိ တိမ်စိုင်များမှာ စတင်လွင့်ပျယ်လာကြပြီး ထူးဆန်းသော အူမြည်သံ တစ်ခုက ကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားခဲ့သည်။

ထိုအချိန်မှာပင် မာန်စွမ်းအားရှင် တို့၏ နယ်မြေ၊ အေးခဲကောင်းကင် မဟာမျိုးနွယ်စုကြီး အတွင်းရှိ အဘိုးအို၏ မျက်လုံးများမှာ ပွင့်လာခဲ့ပြီး စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စနှင့်အတူ ကောင်းကင်အား စိုက်ကြည့်နေလေသည်။

အေးခဲကောင်းကင် ကလန် ကောင်းကင်ဘုံ တံခါးဝ၏ ဆဋ္ဌမတံခါးတွင် ခန့်ညားချောမောသော သက်လတ်ပိုင်းလူ တစ်ဦး ရှိနေသည်။ ထိုသူသည် သူ့အရှေ့ရှိ ကောင်းကင်ဘုံ တံခါးဝမှ တပည့်ရှစ်ဦးထံ ပြုံးလျက် စကားဆိုနေခြင်း ဖြစ်သည်။ ၎င်းတို့ထံမှ ရယ်မောသံများပင် လေထဲသို့ ရံဖန်ရံခါ ပျံ့လွင့်လာတတ်သေးသည်။ ထိုတပည့်များသည်လည်း သူနှင့်အတူ တလေးတစား လိုက်ပါ ရီမောနေလေ၏။ သူတို့အားလုံး၏ ပုံစံမှာ အလွန်  လိုက်လျောညီထွေ ဖြစ်နေခဲ့ကြသော်လည်း ရုတ်ခြည်းဆိုသလိုပင် ပဲ့တင်ထပ်လာသော ထူးဆန်းသည့် အူသံနှင့် ကောင်းကင်ရှိ တိမ်စိုင်များ လွင့်ပျယ်သွားသည့် တစ်ခဏတွင် သက်လတ်ပိုင်းလူ၏ အမူအယာမှာ ပြောင်းလဲသွားပြီး သူ့အပြုံးသည်လည်း ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သော သူ့မျက်ဝန်းများထဲ၌ စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စ ရှိနေလေသည်။

အနောက်ပိုင်း ပင်လယ်ကလန်အတွင်း၌... ကောင်းကင်ထက်တွင် ကလန်ရှိ အစွမ်းထက် စစ်သည်တော်များ ဖန်တီးပြုလုပ်ထားသော

ပုံရိပ်ယောင် ပင်လယ်ကြီးတစ်ခု လွင့်မျောနေသည်။ ထိုပင်လယ် မျက်နှာပြင်ထက်တွင်မူ ကျွန်းပေါင်းများစွာ ရှိနေ၏။ သို့သော်ငြား ထိုပင်လယ်သည် ကောင်းကင်ထက်၌ ပုံရိပ်ယောင်တံလျှပ် တစ်ခုအသွင် ရှိနေခဲ့ခြင်းဖြစ်၍ မြင်ရသည်က ထူးဆန်းနေလေသည်။

ထိုအချိန်တွင် ပင်လယ်ပြင်အထက်ရှိ ကျွန်းတစ်ကျွန်းပေါ်၌ မျောက်ဝံတစ်ကောင် သဖွယ် အဘိုးကြီးတစ်ဦး ရှိနေ၏။ ကောက်ရိုးခါးမောက် တစ်လုံး ဆောင်းထားသော ထိုအဘိုးအို၏ ပါးစပ်ထောင့်၌ ငါးရိုးတစ်ချောင်း ကိုက်ထားလေသည်။ သူသည် လက်ထဲတွင် ငါးမျှားတံ တစ်ချောင်းကိုင်လျက် ကျောက်တုံးကြီး တစ်ခုအား မှီထိုင်လို့နေသည်။ သူသည် ထိုချောက်ကမ်းပါးအောက်ရှိ ပင်လယ်ပြင် တစ်နေရာ၌ စိုးရိမ်ကြောင့်ကြခြင်း အလျင်းမရှိပဲ ငါးဖမ်းနေခဲ့ခြင်း ဖြစ်သည်။

သူသည် တစ်ချက်တစ်ချက် ဆိုသလို သီချင်းတေးသွားတစ်ခုကို ထထညည်းတတ်ပြီး သူ့ပုံစံက အလွန်ပေါ့ပါး လွတ်လပ်လို့နေ၏။

သို့သော်လည်း များမကြာမီမှာပင် သူသည် ထိုငါးရိုးကို အလျင်အမြန် မြိုချ၍ ကောင်းကင်သို့ လှမ်းကြည့်လိုက်တော့သည်။ သူ့မျက်နှာထက်တွင် အမူအယာ အမျိုးမျိုး ဖြတ်ပြေးသွားပြီး အချိန်အတော်ကြာပြီးနောက် အတွေးထဲတွင် နစ်မြုပ်နေဟန်ဖြင့် မတ်တပ်ထရပ်လိုက်လေသည်။ တစ်ခဏ အကြာတွင်တော့ သက်ပြင်းရှည်ကြီး ချလိုက်ပြီး လှောင်ပြုံး တစ်ခုနှင့်အတူ ခေါင်းခါယမ်းလိုက်ကာ တစ်ဖန်ပြန်ထိုင်၍ ငါးမျှားခြင်းကိုသာ ဆက်လုပ်နေတော့သည်။ သို့သော်ငြား သူ့မျက်လုံးများထဲရှိ ရှုပ်ထွေးနေသော အကြည့်တို့မှာမူ ငါးဖမ်းရာတွင် စိတ်ပါဝင်စားခြင်း မရှိတော့ကြောင်း သိသိသာသာ ညွှန်ပြလို့နေသည်။

ကောင်းကင်မြူခိုး မြို့တော် မြေအောက် နန်းတော်အတွင်းရှိ ကောင်းကင်မြူခိုး ဘိုးဘေး အပါအဝင် လူသုံးဦးသည်လည်း တစ်ချိန်တည်းလိုလို လှမ်းကြည့်လိုက်မိကြသည်။ ကောင်းကင်မြူခိုး ဘိုးဘေး၏ နှုတ်ခမ်းများထက်တွင် အေးစက်စက် လှောင်ပြုံးတစ်ခု ဖြစ်တည်လာ၏။ အခြားနှစ်ဦး၏ မျက်နှာထက်တွင်တော့ ထိတ်လန့်တုန်လှုပ်ဟန်တို့ အထင်းသား ပေါ်လာခဲ့လေသည်။

"ဒါက အင်မော်တယ်တွေ သူတို့စွမ်းအားကို ထုတ်ပြလိုက်တာနဲ့ ဖြစ်လာမယ့် အရာပဲ။ ကဲ အခု ကျုပ်ရဲ့ တာအိုသူတော်စင် ညီနောင်တို့ နားလည်သွားပြီလား" ကောင်းကင်မြူခိုး ဘိုးဘေးမှ ဖြည်းညှင်းစွာ မေးသည်။

ကောင်းကင်ယံမှ ထိုဖြစ်စဉ် ပေါ်လာသောအခါ ရှာမန်နယ်မြေ၏ နေရာအနှံ့အပြားတွင်လည်း အလားတူ မြင်ကွင်းများ ပေါ်လာခဲ့သည်။ တောင်ပိုင်းအရုဏ်ဦး ကုန်းမြေအတွင်းတွင် အင်မော်တယ်များသည်သာ ၎င်းကို ခံစားမိလိုက်ခြင်း မဟုတ်ပေ။ ရှာမန်နှင့် မာန်စွမ်းအားရှင်တို့၏ မျိုးဆက်ဟောင်းမှ သန်မာသော စစ်သည်တော် အချို့သည်လည်း ဤထူးဆန်းသော အပြောင်းအလဲကို သတိပြုမိလိုက်ကြပြီး ၎င်းတို့အားလုံး၏ စိတ်ထဲတွင်တော့ မတူညီသော အတွေးအမျိုးမျိုးက သိမ်းပိုက်ထားလေသည်...

လှံပုဆိန်အောက်ရှိ ဆံပင်ရှည် အမျိုးသမီး၏ မျက်နှာမှာ ဖြူဖျော့လို့သွား၏။ အကာအကွယ် အပြင်ရှိ လှံပုဆိန်ကို ကြည့်ရင်း သူမမျက်ဝန်းထဲ၌ ထိတ်လန့်မှုတို့ ပေါ်လာခဲ့သည်။ အကာအကွယ်လွှာ အပြင်ရှိ ထိုလှံပုဆိန်ကို မြင်သောအခါ သူမထံမှ အနီရောင် အလင်းတစ်ဖြာ တောက်ပလာပြီး ထိုအနီရောင်အလင်းက သူတို့အား လှံပုဆိန်၏ နတ်ဘုရားစိတ်အာရုံထံမှ ဖုံးကွယ်ပေးလိုက်လေသည်။ လှံပုဆိန်သည် လှည့်ပတ်ရင်း ၎င်း၏ နတ်ဘုရား စိတ်အာရုံဖြင့် ကောင်းကင်နှင့် မြေပြင်တစ်ခွင် ရှာဖွေနေသော်လည်း သူ့အောက်ရှိ အင်မော်တယ်များကိုတော့ မမြင်နိုင်ခဲ့ချေ။

အဘိုးအိုသည်လည်း အလွန် စိတ်လှုပ်ရှားနေ၏။ သူသည် ညာလက်ဖြင့်  လက်ဟန်သင်္ကေတများကို ကြောက်လန့်တကြား ဖန်တီးကာ ညာဘက်မျက်လုံးအား ထိလိုက်ရင်း စုမင်ထံ လှမ်းကြည့်လိုက်သည်။

"စီနီယာ၊ ကျုပ်က နတ်ဘုရားစွမ်းရည် ခြောက်မျိုးကိုပဲ ပေါင်းစည်းနိုင်လို့ လျှို့ဝှက် တရားစီရင်ချက် ကျင့်စဉ်ရဲ့ စွမ်းအား တစ်ပိုင်းတစ်စပဲ ထုတ်ဖော်နိုင်တယ်။ ကျင့်စဉ်ကိုလည်း အကြာကြီး ထိန်းထားနိုင်မှာ မဟုတ်ဘူး..."

စကားဆုံးသည်နှင့် အဘိုးအိုသည် စုမင် သူ့ထံ လျှောက်လာသည်ကို မြင်လိုက်ရပြီး စိတ်လွန်ဆွဲမှုတို့ ဖြစ်ပေါ်လာရသည်။ သူနှင့် ပေငါးရာပင် မဝေးသော နေရာသို့ စုမင် ရောက်လာသောအခါ အဘိုးအို ရင်ထဲ၌ သတ်ဖြတ်လိုစိတ်တို့ မြင့်တက်လာရသော်လည်း သူ့စိတ်ကိုသူ ထိန်းချုပ်လို့ထားဆဲ ဖြစ်သည်။

"လျှို့ဝှက် တရားစီရင်ချက်" ထိုကြုံးဝါးသံနှင့်အတူ အဘိုးအို၏ နှုတ်ခမ်းမှ သွေးများ စီးကျလာခဲ့သည်။ သူ၏ ညာဘက်မျက်လုံးမှ အလင်းသည် ပေ ၁၀၀၀၀၀ ဧရိယာကိုပင် ထွန်းလင်းတောက်ပနေစေသည်။ ၎င်းက နေတစ်စင်းသဖွယ် တောက်တောက်ပပ ထွန်းလင်းနေပြီး အဘိုးအို၏ ညာဘက်မျက်လုံးထဲရှိ ရှစ်ထောင့် အစီအရင်အတွင်း၌ စုမင်၏ပုံရိပ် ပေါ်လာခဲ့သည်။

သို့သော်လည်း အဘိုးအိုသည် ထို ခပ်တိုးတိုး ကြုံးဝါးသံ ပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက် စူးရှနာကျင်စွာ ရုတ်တရက် အော်ဟစ်လိုက်ရ၏။ သူ့မျက်စိရှေ့ရှိ စုမင်သည် ရှေ့တစ်လှမ်းတက်၍ ပျောက်ကွယ်သွားသည်ကိုသာ သူမြင်လိုက်ရပြီး ပြန်ပေါ်လာချိန်တွင်တော့ သူ့အနီးသို့ ရောက်ရှိလို့နေခဲ့ချေပြီ။

စုမင်၏ မျက်နှာထက်တွင် မည်သည့် အမူအယာမှ ရှိမနေဘဲ သူသည် ညာလက်ကိုမြှောက်၍ အဘိုးအို ရှောင်တိမ်းခြင်း မပြုနိုင်မှာပင် အဘိုးအို၏ ညာဘက်မျက်လုံးကို ဆုပ်ကိုင်ကာ တစ်ချက်တည်း ဆွဲထုတ်လိုက်တော့သည်။

ထိုမျက်လုံးအိမ်နှင့် ချိတ်တွယ်နေသော အသားနှင့် သွေးကြောမျှင် အချို့ပင် ရှိနေသေးသည်။ စုမင် ဆွဲထုတ်လိုက်သည်နှင့် ထိုသွေးကြောမျှင်တို့မှာ ပျက်စီးသွားခဲ့သည်။ အဘိုးအိုသည်လည်း စူးရှနာကျင်စွာ အော်ဟစ်ရင်း အလျင်အမြန် နောက်ဆုတ်သွားခဲ့၏။

စုမင်သည် ဆုတ်ခွာသွားသော အဘိုးအိုအား အာရုံပင် စိုက်မနေခဲ့ချေ။ ထိုအစား ညာလက်ထဲရှိ သွေးသံရဲရဲ မျက်လုံးအိမ်ကိုသာ ငုံ့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထက်၌ ကျေနပ်နေသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

"မဆိုးဘူး။ ဒီအရည်အသွေးနိမ့် လျှို့ဝှက် တရားစီရင်ချက် နဲ့ဆို အင်မော်တယ် နယ်မြေကို ပြန်ရမယ့် ငါ့အခွင့်အရေးလည်း တိုးလာတာပေါ့" စုမင်သည် ခေါင်းမမော့ပဲ တီးတိုးရေရွတ်လိုက်ရင်း ဘယ်လက်ကိုမြှောက်၍ ကောင်းကင်အား ဆုတ်ဖြဲလိုက်သည်။

ထို ပေါ့ပေါ့ပါးပါး ဆုတ်ဖြဲမှုကြောင့်ပင် မာန်စွမ်းအားရှင်တို့၏ ကောင်းကင်ကို ဖုံးကာထားသော သွေးနီရောင် အကာအကွယ်လွှာမှာ ပေါက်ကွဲသံများနှင့်အတူ တုန်ခါသွားခဲ့သည်။ ထို့နောက် တစ်ပြိုင်တည်းလိုလိုပင် ၎င်းသည် တစ်လက်မချင်းစီ စတင် အက်ကွဲလာပြီး မျက်စိတစ်မှိတ်အတွင်း အစိတ်စိတ်အမြွှာမြွှာဖြစ်၍ ပျောက်ကွယ်သွားတော့၏။ ထိုအကာအကွယ်လွှာ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ထက်ရှိ လှံပုဆိန်၏ နတ်ဘုရားစိတ်အာရုံသည် သူတို့ထံ ချက်ချင်း ရောက်ရှိလာပြီး အဘိုးအိုအပေါ် ကျရောက်သွားခဲ့သည်။

"မင်းငါ့ကို မသတ်ဘူးလို့ ပြောထားတယ်လေ"

အဘိုးအိုမှာ အလွန်အမင်း ကြောက်ရွံ့နေခဲ့ပြီ ဖြစ်၍ သူ့စွမ်းအားတို့ကို အရူးအမူး ဖိနှိပ်ရင်း အင်မော်တယ် တစ်ယောက်ဟူသော သူ့အရှိန်အဝါကို ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်အား သွေးအရိပ်တစ်ခု အသွင် ပြောင်း၍ အဝေးသို့ ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် ဦးတည် ထွက်ပြေးလိုက်သည်။ သူသည် အလွန် လျင်မြန်လှသဖြင့် လေဟာနယ်အား ဖြတ်သန်း ပျောက်ကွယ်သွားခဲ့သလိုပင်။

ကောင်းကင်ထက်ရှိ လှံပုဆိန်သည် အဘိုးအို၏ ထွက်ပြေးမှုအား လုံးလုံးပင် ဂရုမစိုက်ခဲ့ချေ။ ၎င်း၏ ကိုယ်ထည်မှာ ဖြည်းညှင်းစွာ လှည့်လာပြီး အဘိုးအို ထွက်ခွာသွားရာဘက်ဆီသို့ ဦးတည်လိုက်သည်။ ထို့နောက် လှံပုဆိန်သည်လည်း ဝီကနဲ အသံမြည်လျက်

ကောင်းကင်အတွင်းသို့ တိုးဝင် ပျောက်ကွယ်သွားတော့သည်။

ထို့နောက် ၎င်းက လီတစ်သောင်း အကွာအဝေးရှိ လေထဲတွင် ပြန်ပေါ်လာခဲ့သည်။ ထို့နောက် အောက်ဘက်ရှိ ဧရိယာကို အသာအယာ ရိုက်ခတ်လိုက်သည်နှင့် စူးစူးဝါးဝါး အော်သံတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။ အဘိုးအို၏ ခန္ဓာကိုယ်မှာ လေထဲတွင် ပေါ်လာခဲ့ပြီး သွေးအန်လိုက်ရင်း သူ့မျက်လုံးများအတွင်း ရူးသွပ်မှုတို့ ပေါ်လာခဲ့သည်။ သူသည် ရှောင်တိမ်းရန် ထပ်မံ မကြိုးစားတော့ပဲ ရူးသွပ်စွာဖြင့် ကိုယ့်ကိုယ်ကို ဖျက်ဆီးရန် ရွေးချယ်လိုက်လေသည်။ သူ သေတော့မည်ဟု သိသော်လည်း မသေခင် ဆုပ်ကိုင်ထားခဲ့သော အငြိုး အာဃာတတို့ကြောင့် အကျိုးဆက်တို့ကိုပင် ဂရုမစိုက်ပဲ ကိုယ့်ကိုယ်ကို ဖျက်ဆီးဖို့ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

အဘိုးအို၏ ခန္ဓာကိုယ်မှာ ဝုန်းကနဲ ပေါက်ကွဲသွားသော်လည်း လှံပုဆိန်ကတော့ ထိုအရာကို ဂရုပင်မစိုက်ခဲ့ချေ။ ၎င်းသည် အောက်ဘက်ရှိ လေထုကို တစ်ဖန် ထပ်မံ ရိုက်ခတ်လိုက်ရာ အဘိုးအို၏ ပေါက်ကွဲနေသော ခန္ဓာကိုယ်မှာ ထူးဆန်းစွာပင် လေထုအလယ်၌ အေးခဲသွားတော့၏။ သူ့အချိန်တို့မှာ အေးခဲသွားပြီး သူ့ကိုယ်သူ ဖောက်ခွဲဖျက်ဆီးရန်ပင် ဆက်လက် လုပ်ဆောင်နိုင်စွမ်း မရှိတော့သလို ဖြစ်သည်။ ထိုအစား လှံပုဆိန်ထံမှ နောက်ထပ် ရိုက်ချက်တစ်ခု ကျရောက်လာသည်နှင့် သူ့ခန္ဓာကိုယ် တစ်ခုလုံး အရည်ပျော်သွားပြီး သွေးအိုင်တစ်ခုအသွင်ဖြင့် မြေပေါ် ပြန့်ကျဲသွားတော့သည်...

***

All Chapters