← Chapters

ဆေးဖော်စပ်မှုယှဉ်ပြိုင်ခြင်း

Vol. 102 Ch. 1020

ဆေးဖော်စပ်မှုယှဉ်ပြိုင်ခြင်း

Vol. 102 Ch. 1020

ပုံရိပ်နှစ်ခုက အလင်းအကာအတွင်းသို့ လုံးဝ ပျောက်ကွယ်သွားလေသည်။

တာအိုဆရာမုယန် ကိုယ်တိုင် ဖန်တီးထားသော ဤအစီအရင်က တစ်စုံတစ်ယောက်က ဝင်ရောက်ဖျက်ဆီးခြင်းမရှိပါက အစ်ကိုကြီးပင်လျှင် သာမန် မျက်လုံးတစ်စုံဖြင့် ဖောက်ထွင်းမမြင်နိုင်ဟု ယုံကြည်မှုအပြည့်ဖြင့် တောင်ထွတ်အားလုံး၏ ရှေ့မှောက်တွင်ခင်းကျင်းထားခြင်း ဖြစ်လေသည်။

တပည့်အများအပြားကြားတွင် နောက်တစ်ကြိမ် တိတ်ဆိတ်မှုတစ်ခုဝင်ရောက်လာလေသည်။

ယဲ့လန်နှင့် လျိုရွေ့ဖုန်းတို့နှင့် အဆင့်အတန်း တန်းတူဖြစ်သော ထိုတတိယမျိုးဆက် တပည့်များက ယနေ့ အခမ်းအနားအတွက် အဓိကပရိသတ်များဖြစ်ကြသည်။

တောင်ထွတ်သခင် နေရာကို ရယူရန်အတွက် ထူးကဲသောစွမ်းဆောင်ရည်များကို ပြသရမည် ဖြစ်လေသည်။ သို့မဟုတ်ပါက အခြားသူများ၏ လေးစားမှုကို မည်သို့ ရယူနိုင်မည်နည်းဟု တွေးတောစရာပင်။

သို့သော် သဘာဝ၏ဝိညာဉ်စွမ်းအင်နှင့် အာရုံခံနိုင်စွမ်းကို ဖုံးကွယ်ရန် ဆရာမုယန်၏ အစီအရင် အသုံးပြုမှုအပေါ် ၎င်းတို့ ကန့်ကွက်စရာ မရှိကြချေ။ ပုံမှန် ဆေးဖော်စပ်ခြင်း လုပ်ငန်းစဉ်မှာ စိတ်ဝင်စားစရာမကောင်းပေ၊ ဆေးလုံး ပုံပေါ်လာပြီးနောက်ထွက်ပေါ်လာမည့် ကပ်ဘေးစွမ်းအား၏တောက်ပသော အလင်းရောင်ကသာ အဓိက ဖြစ်လေသည်။

အရာအားလုံးကို အတုအယောင် လုပ်နိုင်သော်လည်း ဆေးလုံး၏တောက်ပမှုကိုတော့ အတုခိုး၍ မရနိုင်ချေ။

၎င်းတို့၏စိတ်ဝင်စားမှုကို အမှန်တကယ် ဆွဲဆောင်ခဲ့သည်မှာ ယဲ့လန်မည်သို့ တုံ့ပြန်မည်ဆိုခြင်းပင်။

နှစ်များတစ်လျှောက် ဆဋ္ဌမတောင်ထွတ်၏ လုပ်ရပ်များသည် တတိယမျိုးဆက် တပည့်များ၏ မျက်စိအောက်မှ မလွတ်ကင်းခဲ့ပေ။ ရှန်းရွှီတောင်မှ ယဲ့လန် ထွက်ခွာသွားခြင်းကို ဆေးလုံးတောင်ထွတ်အပေါ် ထိန်းချုပ်မှု စွန့်လွှတ်လိုက်ခြင်းအဖြစ် မှတ်ယူခဲ့ကြလေ၏။

သို့သော် ယခုအခါ ထိုသို့မဟုတ်ကြောင်း ထင်ရှားလာခဲ့လေပြီ။

သားအဖနှစ်ဦးက ဆဋ္ဌမတောင်ထွတ်ကို နှစ်ပေါင်းများစွာ စီမံအုပ်ချုပ်နေခဲ့သော်လည်း စီနီယာအစ်မယဲ့လန်က ၎င်းတို့၏အရေးကြီးသော အခိုက်အတန့်တွင် ရှေ့ထွက်လာခဲ့ဆဲ ဖြစ်လေသည်။

သို့သော် ယခုမှ ရပ်တည်ချက်တစ်ခု ယူရန် နောက်ကျလွန်းနေပြီလောဟု မေးစရာ ရှိလာလေသည်။

တတိယမျိုးဆက် တပည့်များက အသစ်ရောက်ရှိလာသော လူငယ်လေးအပေါ် မျှော်လင့်ချက် သိပ်မထားကြပေ။ အကြောင်းရင်းမှာ ရိုးရှင်းပါသည်၊ ဆဋ္ဌမတောင်ထွတ်မှ သားအဖ၏စရိုက်လက္ခဏာအရ ထိုလူငယ်၏အကြောင်းကို လုံလောက်အောင် နားလည်ထားခြင်း မရှိပါက သူ့အား ဆေးဖက်ဝင်အပင် တစ်ဝက်ကို ဘယ်သောအခါမှ ခွင့်ပြုပေးမည် မဟုတ်သောကြောင့်ဖြစ်လေသည်။

တပည့်များ၏အတွေးများက အခြား တောင်ထွတ်သခင်များ၏စဉ်းစားတွေးတောမှုများကို ထပ်တူကျနေပုံရလေသည်။

ဤအခိုက်အတန့်မှာတော့ ယဲ့လန်က တောင်ထိပ်၌မတ်မတ်ရပ်နေပြီး ခေါင်းကို အနည်းငယ်မော့ထားကာ သူမ၏ဖြူဖွေးနုနယ်သောမျက်နှာပေါ်တွင် ရှိနေကျမာနကိုပြသနေဆဲဖြစ်သော်လည်း ကြည့်ရှုနေသော လူကြီးသူမများ၏အမြင်တွင်မူ ၎င်းမှာ သနားစရာကောင်းလောက်အောင်ဟန်ဆောင်နေခြင်း သက်သက်အဖြစ်သာ ရှုမြင်ကြလေသည်။

ချန်းဖုန်း၊ တာအိုဆရာမကျင်းရွှီနှင့် ငယ်ရွယ်ပုံရသော်လည်းအဖြူရောင်ဆံပင်များရှိသည့် အဘိုးအိုတို့သည် တပည့်လက်ခံခြင်း အခမ်းအနားကို သက်သေအဖြစ် ကြည့်ရှုရန် ဆေးလုံးတောင်ထွတ်သို့ ရောက်ရှိလာခဲ့သော တောင်ထွတ်သခင် သုံးဦးထဲတွင် ပါဝင်လေသည်။

သူတို့က ယဲ့လန်နှင့် ပိုမို ရင်းနှီးသူများ ဖြစ်ကြသော်လည်း သူမ၏အနောက်တွင် အမှန်တကယ် ရပ်တည်ကာ ထောက်ခံမှုပေးရန်မတတ်နိုင်ကြချေ။

အထီးကျန်ပြီး အကူအညီမဲ့နေသည်ဟူသော စကားစုက ယဲ့လန်၏လက်ရှိ အခြေအနေကို အကောင်းဆုံး ဖော်ပြနေလေ၏။

သူမ မကြာခင်လေးတင်လက်ခံလိုက်သော တပည့်သစ်မှလွဲ၍ ကျယ်ပြောလှသော ရှန်းရွှီတောင်ကြီးတွင် သူမအားကိုးစရာ အခြား ဘာမှမရှိတော့ချေ။

သူမ၏အတိတ်က ကျောထောက်နောက်ခံများ အားလုံး သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း လူတိုင်း သိထားကြ၏။

ယနေ့ တောင်ပေါ်သို့ တက်လာခဲ့သော ယဲ့လန်၏ လုပ်ရပ်က သူမ၏နောက်ဆုံးကျန်ရှိနေသော ဂုဏ်သိက္ခာကိုပါ ဆုံးရှုံးသွားစေသည်ဟု ယူဆနိုင်လေသည်။ လူကြီးသူမများက သူမ၏တောင်ထွတ်သခင်ဘွဲ့ကို ဆက်လက်ထားရှိပေးရန် စိတ်ကူးရှိလျှင်ပင်မှ ရွယ်တူများ၏ထူးဆန်းသော အကြည့်များအောက်တွင် သူမအနေဖြင့် ထိုနေရာကို ဆက်လက် ကိုင်စွဲထားရန်ခက်ခဲပေလိမ့်မည်။

"..."

တာအိုဆရာမုယန်က မျက်လွှာကို တိတ်တဆိတ်ချလိုက်ပြီးနှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာလေသည်။

ယနေ့မမျှော်လင့်ထားသော ဤဝမ်းမြောက်က သူ ကြိုတင်မခန့်မှန်းထားခဲ့သော အရာပင်ဖြစ်လေ၏။

အရာအားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ဆေးဖော်စပ်ခြင်းကို စတင်ရန်သာကျန်ရှိတော့လေသည်။

"..."

ယဲ့လန်လည်း တိတ်ဆိတ်နေပါသည်။ သူမအပေါ်သို့ ကျရောက်နေသော စူးစိုက်ကြည့်မှုများကို သူမ သေချာပေါက်ခံစားသိရှိနိုင်သော်လည်း ရှန်းယီ ထိုအလင်းအစီအရင်‌အတွင်း ဖြတ်သန်းသွားသည့် အခိုက်အတန့်ကတည်းက သူမမျက်လုံးများကို တစ်ချက်မျှမခွာခဲ့ချေ။

ဤအချိန်တွင် ယုံကြည်ရန် ရွေးချယ်ခြင်းမှလွဲ၍ သူမတွင် အခြား ရွေးချယ်စရာ မရှိတော့ချေ။

မရေမတွက်နိုင်သော မျဉ်းကြောင်းများဖြင့် ယှက်နွယ်ထားသော အလင်းအကာအတွင်း၌

လျိုရွေ့ဖုန်းက သူ၏အသက်ရှူသံကို ထိန်းညှိလိုက်ပြီး သူနှင့် အလွန်ရင်းနှီးကျွမ်းဝင်နေသော ဆေးဖက်ဝင်အပင်များကို ပွတ်သပ်လိုက်ရာ သူလက်ဖဝါးများ အနည်းငယ် တုန်ရီနေလေသည်။

ဆေးဖော်စပ်ခြင်းသည် တည်ငြိမ်သောလက်တစ်စုံကိုလိုအပ်ပြီး အလျင်စလို လုပ်ဆောင်၍ မရနိုင်ချေ။

သို့သော် နှစ်ပေါင်းများစွာကြာမြင့်ခဲ့သော သူ၏ မျှော်မှန်းချက်များ ယနေ့တွင် အကောင်အထည်ပေါ်လာတော့မည်ကို တွေးမိတိုင်း သူ၏စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သလောက်ပင်ဖြစ်နေမိ၏။

"တစ်ချက်တည်းနဲ့ မင်းတို့ အားလုံးကို ငါ ချေမှုန်းပစ်မယ်"

အသက်ကိုပြင်းပြင်းရှူထုတ်လိုက်ပြီးနောက် လျိုရွေ့ဖုန်းက သူ့ဘာသာတိုးတိုးရေရွတ်ကာ ဝတ်ရုံလက်အိုးကို ဝှေ့ယမ်းလိုက်လေသည်။ မရေမတွက်နိုင်သောနေ့တာများစွာ၏ကြိုးစားအားထုတ်မှုများက သူ့အား ရွှီရတနာဆေးလုံး ဖော်စပ်သည့် လုပ်ငန်းစဉ်နှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်စေခဲ့လေသည်။

ကပ်ဘေးစွမ်းအားများ ပြည့်နှက်နေသော ထိုမိုးမြေ ရတနာများက အစီအစဉ်အလိုက် လွင့်တက်လာပြီး ရုတ်တရက်ပြင်းထန်လာသော မီးတောက်များကြားတွင် ဆေးမီးဖိုအတွင်းသို့ ဝင်ရောက်သွားကြ၏။

ဆေးဖက်ဝင်အပင်များ၏အနှစ်သာရကို သန့်စင်နေစဉ်အတွင်း ကပ်ဘေးစွမ်းအားကို အကောင်းဆုံးမည်သို့ထိန်းသိမ်းရမည်ဆိုသည်နှင့် ပတ်သက်၍ သူ့ထံတွင်လုံလောက်သော အတွေ့အကြုံများရှိပါသည်။

သို့သော် ဂနာမငြိမ်ဖြစ်နေသော သူ၏စိတ်အခြေအနေက သိမ်မွေ့သော လုပ်ငန်းစဉ်အပေါ်သက်ရောက်မှု ရှိသွားခဲ့၏။

"ဟင်"

လျိုရွေ့ဖုန်း၏လက်များ ရုတ်တရက်လှုပ်ရှားသွားပြီး ဆေးမီးဖိုထဲမှလျှံကျလာသော ကပ်ဘေးစွမ်းအားကိုကြည့်ကာ သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

ဤအဓိက ဆေးဖက်ဝင်အပင်ကို သန့်စင်ရာတွင် အမှားအယွင်းဖြစ်သွားမှုက ဆေးလုံးအရည်အသွေးကို ချက်ချင်းကျဆင်းသွားစေခဲ့၏။ နောက်ထပ် ပြဿနာများ မရှိတော့ဘဲ အစီအရင်၏အကူအညီကို ရရှိလျှင်အင် အကောင်းဆုံးအနေဖြင့် ကပ်ဘေးခြောက်ခုဆေးလုံး စံနှုန်းသို့သာရောက်ရှိနိုင်တော့မည် ဖြစ်လေသည်။

သူ၏မျက်နှာမှာ ပိုမို မည်းမှောင်သွားခဲ့၏။

ရှန်းယီကို အနိုင်ယူရန် ဤဆေးလုံးကို အသုံးပြုခြင်းမှာ ပြဿနာမရှိနိုင်သော်လည်း လူကြီးသူမများက နှုတ်မှမပြောလျှင်ပင် စိတ်ထဲတွင်တော့ သေချာပေါက် လှောင်ပြောင်ကြပါလိမ့်မည်။

အကယ်၍ သူက အစ်ကိုကြီးကို စိတ်ပျက်စေခဲ့မည်ဆိုပါက ယဲ့လန်နှင့် အခြားသူများ မရှိလျှင်တောင်မှ ဤကိစ္စပြီးဆုံးသွားသည်နှင့် သူ့နေရာတွင် အစားထိုးရန် အခြားဆေးဆရာ တစ်ဦးကို ၎င်းတို့ ရှာဖွေကြပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ တောင်ထွတ်သခင် နေရာကို ပြောင်းလဲသည့် အစဉ်အလာ တစ်ခု သတ်မှတ်ပြီးသွားပါက တစ်ကြိမ်ပြောင်းလဲနိုင်လျှင် နောက်တစ်ကြိမ်လည်းပြောင်းလဲနိုင်သည်သာဖြစ်လေသည်။

ထိုအတွေးနှင့်အတူ လျိုရွေ့ဖုန်းက သူ၏သိုလှောင်ရတနာထဲမှ အခြား ဆေးဖက်ဝင်အပင် နှစ်စုံကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။

ဤသည်မှာ ယနေ့အတွက် သူ၏အကြီးမားဆုံးသောယုံကြည်မှုပင်။

ဆေးလုံးတစ်လုံး ထုတ်လုပ်ရန်အတွက် ဆေးဖက်ဝင်အပင် သုံးစုံ အသုံးပြုရခြင်းဖြစ်ရာ ရှုံးနိမ့်ရန်မှာ ခက်ခဲလိမ့်မည်။

သူက အစားထိုးရန်ရည်ရွယ်ထားသော အဓိက ဆေးဖက်ဝင်အပင်တစ်ခုကို ကောက်ယူလိုက်ပြီး ဆေးမီးဖိုထဲသို့ ဂရုတစိုက်ထည့်လိုက်လေသည်။

လျိုရွေ့ဖုန်းက ဤသည်ကို လိမ်လည်လှည့်စားခြင်းဟု မမှတ်ယူခဲ့ချေ။

ဤအပို ဆေးဖက်ဝင်အပင် နှစ်စုံက ယနေ့ကဲ့သို့ အချိန်မျိုးအတွက် အထူးသိမ်းဆည်းထားခြင်းဖြစ်ပြီး ဆေးလုံးတောင်ထွတ်ကို နှစ်ပေါင်းများစွာကြိုးကြိုးစားစားစီမံခန့်ခွဲခဲ့မှုမှ ရထိုက်သော ဆုလာဘ်တစ်ခုသာ ဖြစ်လေသည်။

ကြီးမြတ်သောဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်နှင့်အမျှ လျိုရွေ့ဖုန်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည် ပေါ်လာလေသည်။

ထိုအချိန်တွင် အလင်းအကာ၏ အခြားတစ်ဖက်၌

ရှန်းယီက စနစ်တကျခွဲခြားထားသော ဆေးဖက်ဝင်အပင်များကိုမျက်နှာမူလျက် ဆေးမီးဖိုရှေ့တွင် လက်များကို ဘေးချကာ ရပ်နေလေသည်။

မတတ်နိုင်ချေ၊သူက စနစ်မျက်နှာပြင်မှတစ်ဆင့် ဆေးဖော်စပ်နည်းကို တွက်ချက်ဖော်ဆောင်ထားခဲ့သော်လည်း ဤဆေးဖက်ဝင်အပင်များကိုမူ ယခုမှ သူ အမှန်တကယ် ပထမဆုံးအကြိမ်မြင်တွေ့ရခြင်း ဖြစ်လေသည်။

ကပ်ဘေးစွမ်းအားမှာ ပြဿနာမဟုတ်ပေ၊ ၎င်းကို နတ်ဆိုးအသက်တမ်းဖြင့် ဖြည့်စွက်နိုင်လေ၏။

All Chapters