ကပ်ဘေးဆေးလုံး ၃
Vol. 102 Ch. 1011
သူမ၏အစ်မဖြစ်သူက အစ်ကိုရှန်း၏အကြည့်ကို အလိုအလျောက်ရှောင်လွှဲသွားသည်ကို မြင်လိုက်ရသောအခါ သူမ၏တူများသည် စားပွဲပေါ်သို့ခွပ်ကနဲပြုတ်ကျသွားလေသည်။
ကျွတ်..သူမက အစ်မဖြစ်သူနှင့် ငယ်စဉ်ကတည်းက အတူတကွကြီးပြင်းလာခဲ့ခြင်းဖြစ်ပြီး သူမ အစ်မအားနည်းချက် ပြသသည်ကို မည်သည့်အချိန်ကများ မြင်တွေ့ခဲ့ဖူးသနည်း ဟု တွေးမိလေသည်။
"ဒါပေမဲ့... ဒါပေမဲ့ တကယ်ကို အန္တရာယ်များလွန်းလို့ပါ"
ယဲ့လန် ကြမ်းပြင်ကိုစိုက်ကြည့်နေပြီး သူမ၏ကိုယ်ပိုင် အားနည်းချက်ကိုလည်း သတိပြုမိသွားလေသည်။ ဤမျှဖုံးကွယ်ထားခြင်းမရှိဘဲ ရန်လိုနေသော မျက်လုံးမျိုးကို သူမ ယခင်က တစ်ခါမျှတိုက်ရိုက် မရင်ဆိုင်ခဲ့ဖူးသဖြင့် သူမရှေ့ရှိ လူငယ်လေးသည် ရုတ်တရက် အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် ခံစားလိုက်ရလေသည်။
"တာအိုအနှစ်သာရနဲ့ ပတ်သက်ပြီးတော့ ငါ နင့်ကို တခြား စီနီယာတွေနဲ့ မိတ်ဆက်ပေးလို့ ရပါတယ်။ အဲဒီလောက် မကောင်းပေမဲ့..."
"ငါ အကောင်းဆုံးကိုပဲ လိုချင်တာ"
ရှန်းယီက ယဲ့လန်၏စကားကို တိုက်ရိုက် ဖြတ်ပြောလိုက်ပြီး ပြတ်သားစွာ မေးလိုက်လေသည်။
"မင်း အန္တရာယ် ရှိလာနိုင်လို့လား"
"မရှိပါဘူး၊ ငါက အခုထက်ထိ အမည်ခံအားဖြင့် ဆေးလုံးတောင်ထွတ်ရဲ့ တောင်ထွတ်သခင် ဖြစ်နေတုန်းပါ"
ယဲ့လန်က ခေါင်းခါလိုက်လေသည်။
"ဒါဆိုလည်း ပြီးတာပဲလေ။ ငါ အန္တရာယ်ရှိတာက မင်းနဲ့ ဘာဆိုင်လို့လဲ"
ရှန်းယီ နောက်ဆုံးတွင် သူ၏အကြည့်ကို ရုပ်သိမ်းလိုက်လေသည်။
ယခင်က ရတနာခုနစ်ပါး ဗောဓိသတ္တ၏ တရားဟောကြားမှုများက သူ သတိလက်လွတ် ဖြစ်နေချိန်အတွင်း သူ့အား သင်ခန်းစာတစ်ခု ပေးခဲ့လေသည်။
ယဲ့လန် နားမလည်နိုင်ခြင်းမှာ ပုံမှန်ပင်ဖြစ်လေသည်။ မည်သို့ပင်ဆိုစေကာမူ ဤအမျိုးသမီး ရှန်းရွှီတောင်တွင် မွေးဖွားခဲ့ပြီး သူမ၏ဘဝတွင် မည်သည့်အရာနှင့် ကြုံတွေ့ရပါစေ အမြဲတစေ ရွေးချယ်စရာအများအပြား ရှိနေခဲ့သောကြောင့် ဖြစ်လေသည်။
သို့သော် သူကမူ ကွဲပြားလေသည်။
အခြားသူများက သင့်အား ရွေးချယ်ရန် လုံလောက်သော အချိန်နှင့် လွတ်လပ်ခွင့်ကို အမြဲတမ်း ပေးလိမ့်မည် မဟုတ်ချေ။
ကျစ်လင် သေမျိုးလောကသို့ ရုတ်တရက် ဆင်းသက်လာခဲ့သကဲ့သို့ ပင်ဖြစ်သည်။
အကယ်၍ ထိုနေ့က ရတနာခုနစ်ပါး ဗောဓိသတ္တသည် ရွှေကြာပန်း နည်းစနစ်ကို မဟောကြားခဲ့ပါက၊ သို့မဟုတ် နတ်ဘုရားမင်းဆက်၏ ဖိအားအောက်တွင် အဆုံးတိုင်အောင် မဟောကြားနိုင်ခဲ့ပါက၊ ကိစ္စရပ်တစ်ခုလုံးသည် ရှန်းယီ လက်မခံနိုင်သော လမ်းကြောင်းတစ်ခုဆီသို့ တိုက်ရိုက် ဦးတည်သွားမည်သာ ဖြစ်လေသည်။
ချစ်ခင်ရသော မိတ်ဆွေများ ရက်စက်စွာ အသတ်ခံရမည်၊ ဟုန်ကျယ် တစ်ခုလုံး ရှင်းလင်းခံရမည်၊ အချိန်ကာလကိုဖြတ်သန်းခရီးသွားစဉ် သူ ချန်ရစ်ခဲ့သော အရိပ်အယောင်များ အားလုံး ဖျက်ဆီးခံရမည်ဖြစ်ပြီး သူကိုယ်တိုင်လည်း မသေမျိုးခုံရုံး၏ လိုက်လံဖမ်းဆီးခြင်းကို ခံရကာ အနားယူခွင့်မရသောဘဝမျိုးဖြင့် အဆုံးသတ်သွားမည် ဖြစ်လေသည်။
ထို့ကြောင့် သူက သူ၏စွမ်းဆောင်ရည် အကန့်အသတ်အတွင်း အကောင်းဆုံး လုပ်ဆောင်ရမည် ဖြစ်လေသည်။
အဆုံးတွင် မဖြစ်နိုင်သေးဘူး ဆိုလျှင်ပင် အနည်းဆုံးတော့ နောင်တရစရာ ရှိလာမည် မဟုတ်ချေ။
သေချာသည်မှာ ရှန်းယီက ရယူရန် ပိုမိုလွယ်ကူသော တာအိုအနှစ်သာရများကို ရှာဖွေနိုင်သော်လည်း တိုက်ပွဲဝင်ရမည့် အရေးကြီးသော အခိုက်အတန့်တွင် ထိုသေးငယ်သော ကွာဟချက်လေးက အဆုံးအဖြတ်ဖြစ်သွားမည်ဆိုပါက သူ မည်မျှ စိတ်ပျက်အားငယ်ရမည်ကို စိတ်ကူးပင် မကြည့်ရဲချေ။
"ကပ်ဘေးဆေးလုံး ဆိုတာ ဘာလဲ"
ရှန်းယီ ဆေးကျမ်းကိုနောက်တစ်ကြိမ် ကောက်ယူလိုက်ပြီး သူ၏မျက်နှာအမူအရာမှာ ပြန်လည်တည်ငြိမ်သွားလေသည်။
ယဲ့လန် လူငယ်လေး၏ဘေးတိုက်မျက်နှာကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး ဤအခိုက်အတန့်ကျမှသာ ကျင်းအာက သူ့အား နတ်ဆိုးသုတ်သင်ရေးအရာရှိအဖြစ် အဘယ်ကြောင့် အကြံပြုခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။
သူ၏ ခွန်အားမှာ သိပ်မကြီးမားလှလျှင်ပင် ထိုကဲ့သို့ကျောရိုး မတ်မတ်ရပ်တည်နိုင်သော စိတ်ဓာတ်မျိုးမှာ နေ့ချင်းညချင်းပြုစုပျိုးထောင်၍ ရနိုင်သောအရာ မဟုတ်ပေ။
၎င်းမှာ အလားတူအတွေ့အကြုံများစွာကို ဖြတ်သန်းကြုံတွေ့ခဲ့ရပြီးနောက် တုန်လှုပ်ခြင်းမရှိသော တည်ငြိမ်မှုတစ်ခုအဖြစ်သို့ အသားကျသွားခြင်း၏ ရလဒ်ပင်။
"နင်ပြောတာ မှန်ပါတယ်။ ငါ့ဆရာ ရထိုက်တဲ့ အရာအားလုံးကို ငါ ပြန်ယူချင်တယ်၊ ဒါကြောင့် နင့်ကို ဘေးကင်းအောင်ထားဖို့ ငါ အစွမ်းကုန် ကြိုးစားပါ့မယ်"
"အသက်ရှင်သည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ပါဘူး"
သူမ၏ဆရာကိုယ်စား တပည့်လက်ခံချိန်က သူမ ပြောဆိုခဲ့သော စကားလုံးများကို ယခုအခါ ယဲ့လန်က ထပ်မံပြောဆိုလိုက်ခြင်းဖြစ်သော်လည်း ထိုစကားလုံးများက သယ်ဆောင်ထားသော အလေးချိန်မှာ ယခင်အခိုက်အတန့်ကနှင့် လုံးဝ ကွဲပြားခြားနားနေလေပြီ။
"ကပ်ဘေးဆေးလုံး၊ ကပ်ဘေးဆေးလုံး..."
ရှန်းယီက နောက်ဆုံးတွင် ဆက်လက် သည်းမခံနိုင်တော့ဘဲ ဆေးကျမ်းကို ပေါ့ပေါ့ပါးပါးလိပ်လိုက်၏။ သူ သူမကိုအမှန်တကယ်မနိုင်လို့ဖြစ်သည်၊ သို့မဟုတ်ပါက သူမ၏ဦးခေါင်းထဲတွင် ဘာတွေများရှိနေသနည်းဆိုတာကို သိရအောင် ခေါက်ဖွင့်ကြည့်ရပေလိမ့်မည်။
ဤကဲ့သို့အချိန်ဆွဲနေခြင်းမှာ တကယ့်တကယ်လို့သာ ထိုက်ရွှီတာအိုအနှစ်သာရကြောင့် မဟုတ်ပါက ဤအမျိုးသမီးနှင့် သူအပြန်အလှန် ပြောဆိုခဲ့သော စကားလုံးတိုင်းက သူအားယားနေခြင်း၏သက်သေပြချက်ပင် ဖြစ်ပေလိမ့်မည်။
"တောင်းပန်ပါတယ်"
ယဲ့လန်၏လှပသော မျက်နှာပေါ်တွင် ရှက်ရွံ့မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး သူမ၏ အသံမှာ များစွာ ပိုမို နူးညံ့သွားလေသည်။
"အမှန်တော့၊ ကပ်ဘေးဆေးလုံး ဆိုတာက ယေဘုယျ အခေါ်အဝေါ် တစ်ခုပါ။ လောကကြီးထဲက ဝိညာဉ်ဆေးဖက်ဝင်အပင်အများအပြားဟာ ကျင့်ကြံသူတွေလိုပဲ ကပ်ဘေးတွေကို သယ်ဆောင်ထားတတ်ကြတယ်။ အဲဒီအပင်တွေကနေ ဖော်စပ်ထားတဲ့ ဆေးလုံးတွေ အားလုံးကို ကပ်ဘေးဆေးလုံးတွေလို့ ခေါ်လို့ရတယ်"
"ပြီးတော့ ရှန်းရွှီတောင်မှာ သူတို့ မကြာခဏ ရည်ညွှန်းလေ့ရှိတဲ့ ကပ်ဘေးဆေးလုံးဆိုတာက အခြေအနေအများစုမှာ ရွှီရတနာဆေးလုံးကို ဆိုလိုတာပါ"
"ဒီအရာက၊ ထိုက်ရွှီတာအိုအနှစ်သာရကို ဆွတ်ခူးတဲ့ ကျင့်ကြံသူတွေအတွက်တော့ သူရဲ့အကျိုးသက်ရောက်မှုက ဧကရာဇ်ချီနဲ့ ဘာမှ မကွာခြားပါဘူး၊ဆေးဖက်ဝင်အပင်တွေကို စုဆောင်းရတာ အရမ်းခက်ခဲပြီး ရှန်းရွှီဘိုးဘေးဆီကို ပူဇော်သက္ကာအဖြစ် ဦးစားပေး ပေးပို့ရတာလေးပဲ ရှိတာပါ..."
ထိုအချိန်မှာပင် တံခါးအပြင်ဘက်မှ ကျွတ်ခနဲ စုတ်သပ်သံတစ်ခု ထွက်ပေါ်လာလေသည်။
"ကျွတ်၊ စီနီယာအစ်မယဲ့၊ အစ်မက တောင်ထွတ်သခင် တစ်ယောက်အနေနဲ့ ဂုဏ်ပြုခံထားရတယ် ဆိုပေမဲ့ တတိယမျိုးဆက် တပည့် တစ်ယောက်အနေနဲ့ ဆရာ့ရဲ့ တာအိုဘွဲ့အမည်ကို တိုက်ရိုက် ခေါ်ဆိုလိုက်တာက နည်းနည်းလေးတောင် ရိုသေမှု မရှိလွန်းဘူး မထင်ဘူးလား"
ထိုစကားများနှင့်အတူ လျိုရွေ့ဖုန်းက အဘိုးအို နှစ်ဦးနှင့်အတူ အေးအေးလူလူလျှောက်လှမ်း ဝင်ရောက်လာပြီး တံခါးဝတွင်ရပ်လျက် နောက်ပြောင်နေသော အပြုံးတစ်ခုဖြင့်ပြောလိုက်၏။
"ဒါ့အပြင် ဒီဂျူနီယာညီလေးက ဆေးဖော်စပ်ခြင်း တာအိုကို စိတ်ဝင်စားနေမှတော့၊ စီနီယာအစ်မက ဘာလို့ ကျွန်တော့်ကို မခေါ်ရတာလဲ။ ဂျူနီယာညီလေး ဖြစ်တဲ့ ကျွန်တော်က မသင်ပေးဘဲ ငြင်းဆန်သွားမှာကိုများ စိုးရိမ်နေလို့လား"