မာန်မျိုးနွယ်စု၏ ထွတ်မြတ်မာန်အကြောမျှင်
Vol. 29 Ch. 398
အဘိုးအို သေဆုံးသွားသည်နှင့် ကြေးရောင် လှံပုဆိန်၏ ခန္ဓာကိုယ် မှာ ဖြည်းညှင်းစွာ လှည့်ပတ်လာပြီး ၎င်း၏ နတ်ဘုရား စိတ်အာရုံက အရပ်မျက်နှာ အနှံ့သို့ အလျင်အမြန် ဖြန့်ကျက်သွားသည်။ အလင်းတို့သည် ကောင်းကင်မြူခိုး မြို့တော်နှင့် အရှေ့၊ အနောက်၊ တောင်၊ မြောက်စသည့်... တောင်ပိုင်း အရုဏ်ဦး ကုန်းမြေ၏ ထောင့်လေးထောင့်ဆီသို့ ချက်ချင်း ဖုံးလွှမ်းသွား၏။
၎င်းက တောင်ပိုင်း အရုဏ်ဦး ကုန်းမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားခြင်း ဖြစ်သည်။
ထိုအချိန်တွင် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေအတွင်းရှိ မည်သည့် ကျင့်ကြံဆင့်တွင် မဆို ရှိနေသော အပြင်လူ အားလုံးနီးပါး၏ နှလုံးသားမှာ ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားခဲ့ရ၏။ အေးခဲကောင်းကင် မဟာမျိုးနွယ်စု အတွင်းရှိ အဘိုးအိုသည်ပင် တစ်ထပ်တည်း ခံစားလိုက်ရလေသည်။
အင်မော်တယ်များမှာ အစွမ်းထက်လှသည်ဟု မဆိုလိုချေ။ ၎င်းတို့သည် လှံပုဆိန် သက်ဆင်းလာသောအခါ ၎င်းတို့၏ အရှိန်အဝါ အရိပ်အမြွက်ကိုပင် ထုတ်ဖော်ပြသရဲခြင်း မရှိတော့ပေ။ သူတို့ မျက်လုံးများအတွင်း စိုးရိမ်ထိတ်လန့်မှု၊ အကြောက်တရားတို့ဖြင့် ပြည့်နေပြီး ထိုခံစားချက်များကပင် အတိတ်အချိန်က ဤလှံပုဆိန်ကို ချန်ထားရစ်ခဲ့သူ၏ စွမ်းအားကို ထင်ထင်ရှားရှား ပြသနေခြင်း ဖြစ်သည်။ အဆုံးတွင်တော့ မာန်စွမ်းအားရှင် ကုန်းမြေရှိ အပြင်လူများမှာ... အပြင်လူများသာ ဖြစ်နေဆဲပင်။
ကောင်းကင်ရှိ လှံပုဆိန်မှာ အရှေ့သို့ ဖြည်းဖြည်းချင်း ရွေ့လျားနေသည်။ ၎င်း၏ နတ်ဘုရား စိတ်အာရုံကို ဖြန့်ထုတ်လိုက်သည်နှင့် လှံပုဆိန်၏ ခန္ဓာကိုယ်မှ တဝီဝီမြည်သံတစ်ခုလည်း ရုတ်ခြည်း ထွက်ပေါ်လာခဲ့သည်။ ထိုမြည်သံသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်လျက် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ ၎င်းက... စိန်ခေါ်နေသကဲ့သို့ပင်။
လှံပုဆိန်သည် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေအတွင်း ပုန်းကွယ်နေသည့် အင်မော်တယ်များ အနေဖြင့် ၎င်းတို့၏ အရှိန်အဝါကို ထုတ်ဖော်ဝံ့ခြင်း ရှိမရှိ တွေ့လိုဟန်ဖြင့် စိန်ခေါ်နေခြင်း ဖြစ်သည်။
"အရမ်း သန်မာတာပဲ..." စုမင်၏ ဦးတည်ရာဖြစ်သည့် ရှာမန်တို့ သာမန်မျက်စိဖြင့် မမြင်နိုင်သော 'အင်မော်တယ် ဆင်းသက်ခြင်း တောင်ထွတ်' အပြင်ရှိ မြက်ခင်းပြင်တွင် အဘိုးအိုလေးဦး ရပ်နေသည်။ ၎င်းတို့အားလုံးသည် ကြောက်လန့်တကြား ဖြူဖျော့နေသော မျက်နှာများဖြင့် ကောင်းကင်အား ကြည့်နေကြခြင်း ဖြစ်သည်။
သူတို့သည် ကောင်းကင်မှ ထူးဆန်းသော မြင်ကွင်းကို သတိပြုမိသည်နှင့် ချက်ချင်း လှုပ်ရှားခဲ့ကြသော်လည်း နေရာမှ ထွက်ခွာလာပြီးနောက် ရွေးချယ်စရာမရှိပဲ မြေပေါ်သို့ ဆင်းသက်ခဲ့ရလေသည်။ သူတို့ ကောင်းကင်၌ ဆက်လက် မပျံသန်းဝံ့တော့ချေ။
"ဒါက မာန်မျိုးနွယ်စုပဲ... ကြောက်ဖို့ကောင်းပြီး လျှို့ဝှက်ဆန်းကြယ်တယ် ဆိုတဲ့ မာန်မျိုးနွယ်စုပေါ့"
"ဂိုဏ်းခေါင်းဆောင်က မာန်မျိုးနွယ်စုကို အရမ်းလိုချင်နေတာ မအံ့သြမိတော့ပါဘူး။ ဒါ့အပြင် သူက ငါတို့ရဲ့ အင်မော်တယ် အရှိန်အဝါတွေကိုတောင် အရမ်းကြီး ထုတ်မပြဖို့ မှာခဲ့သေးတယ်။ ငါတို့ အရှိန်ဝါကို တစ်ကယ် ထုတ်ပြဖို့လိုလာရင်တောင်မှ မာန်စွမ်းအားရှင်တွေရဲ့ ကောင်းကင်ကို ဖုံးကွယ်ဖို့အတွက် ငါတို့ဘေးမှာ အပျိုစင်နတ်မိမယ်တွေ ရှိနေရမယ်တဲ့..."
"ဒီတစ်ကြိမ်နဲ့ဆို အဲဒီအရာ ပေါ်လာတာကို ငါ သုံးကြိမ်မြောက် မြင်ဖူးတာပဲ။ မင်းတို့က နောက်ပိုင်းမှ ပေါ်လာတာမို့ ငါကတော့ အဲဒါကို အရင်က နှစ်ကြိမ် မြင်ဖူးသေးတယ်။ အကြိမ်တိုင်းလိုလိုပဲ အဲဒါဟာ ဒီနေရာရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို မယုံကြည်တဲ့ တာအိုသူတော်စင် ညီနောင်တစ်ယောက်က သူ့စွမ်းအားကို ထုတ်ပြမှုကြောင့် ထွက်ပေါ်လာခဲ့တာပေါ့။ သူတို့သေခြင်းတရားကို သူတို့ကိုယ်တိုင် ဆောင်ကျဉ်းခဲ့ကြတာလေ"
ကောင်းကင်မြူခိုး မြို့တော်အောက်ရှိ ကောင်းကင်မြူခိုး ဘိုးဘေးသည်ပင် ထိတ်လန့်နေ၏။ အခြား လူနှစ်ဦး၏ မျက်နှာများမှာလည်း သွေးဆုတ်ဖြူရော်နေပြီး သူတို့၏ စွမ်းအားနှင့် အရှိန်အဝါများကို အလျင်အမြန် ဖိနှိပ်ထားလိုက်ကြသည်။ ၎င်းတို့မျက်လုံးများ အတွင်း ထိတ်လန့်ကြောက်ရွံ့မှုများကို အထင်းသား မြင်နိုင်လေသည်။
"မာန်စွမ်းအားရှင်တွေမှာ အခုလို အစွမ်းထက်တဲ့ ပစ္စည်းမျိုး တစ်ကယ်ရှိနေတာပေါ့... အဲဒီလက်နက်ဆီက ရိုက်ချက်တစ်ချက်ကတင် ဒုတိယအဆင့်ရဲ့ အထွတ်အထိပ်နဲ့ ညီမျှနေပြီ။ ဂိုဏ်းခေါင်းဆောင်နဲ့ တစ်ခြားသူတွေ ရောက်လာရင်တောင် သူတို့ ဒီလက်နက်ရဲ့ အသတ်မခံရအောင် တားဆီးဖို့ ခက်နေဦးမှာပဲ"
"ဒီ... ဒီ... ဒီ ထွတ်မြတ် အကြောမျှင်က လုံးလုံး ယုတ္တိမတန်တော့ဘူး"
"တစ်ကယ်ကို ဒီနေရာက ဘာကြီးလဲ။ ဒီ အကြောမျှင်လေး တစ်ခုမှာတောင် အခုလို ရူးသွပ်စရာ စွမ်းအားမျိုး ရှိနေပြီ။ မာန်မျိုးနွယ်စုက အားနည်းပြီး ရှာမန်မျိုးနွယ်စုဆို ပိုလို့တောင် အရေးမပါသေးတာကို။ ဘာလို့ ဒီလို အားနည်းတဲ့ ကမ္ဘာတစ်ခုမှာ အခုလို မာန်အကြောမျှင်မျိုး ရှိနေရတာလဲ"
"ဒါကြောင့်များ ဂိုဏ်းခေါင်းဆောင်နဲ့ ဂိုဏ်း အကြီးအကဲတွေက မာန်စွမ်းအားရှင် ကုန်းမြေအပေါ် အရမ်း တန်ဖိုးထားနေကြတာ ဖြစ်နေမလား။ ဒါက တစ်ကယ်ကို ကြောက်ဖို့ကောင်းလွန်းနေပြီ။ အားနည်းတဲ့ မာန်မျိုးနွယ်စုက သူတို့ အဆင့်နဲ့ မဆိုင်တဲ့ အခုလို ထွတ်မြတ် အကြောမျှင်မျိုး ပိုင်ဆိုင်နေတယ်ဆိုတာ ကျုပ်တော့ တွေးကြည့်လို့တောင် မရဘူး။ အဲဒီ ထွတ်မြတ်အကြောမျှင်မှာ စိတ်ဝိညာဉ် အာရုံတောင် ရှိနေသေးတယ်။ ဘယ်သူ... ဘယ်သူကများ အဲဒါကို ချန်ထားရစ်ခဲ့တာ ဖြစ်မလဲ။ အဲဒါ... ဘယ်သူပိုင်တဲ့ အရာများလဲ"
"ပထမဆုံး မာန်နတ်ဘုရားများလား။ ငါတို့သမိုင်းရဲ့ အရှက်ရစရာ အပိုင်းကို ရေးထိုးခဲ့တဲ့သူ၊ ငါတို့ အင်မော်တယ်တွေကို ကျွန်ပြုခဲ့တဲ့သူ၊ ငါတို့လူမျိုး ခုနစ်ပုံကို သေဆုံးစေခဲ့ပြီး အစွမ်းထက် အင်မော်တယ်တွေကို မာန်မျိုးနွယ်စုဆီ ဦးညွှတ်စေခဲ့တဲ့
အင်မော်တယ်တွေ ကိုယ်ပိုင်ဂိုဏ်း ဖွဲ့ချင်တဲ့အခါ သူတို့ ခွင့်ပြုချက်ရမှ ဖြစ်နိုင်စေခဲ့တဲ့... ပထမဆုံး မာန်နတ်ဘုရားများလား"
"တာအိုသူတော်စင် ညီနောင် ထျန်းလန်၊ အကယ်လို့ တောင်ပိုင်းအရုဏ်ဦး ကုန်းမြေမှာတောင် ဒီအရာ ရှိနေတယ်ဆိုရင် မာန်စွမ်းအားရှင် ကုန်းမြေရဲ့ တစ်ခြား ကုန်းမြေတိုက်တွေမှာလည်း ဒီလို ထွတ်မြတ် မာန်အကြောမျှင်တွေ ရှိနေတယ်လို့ ဆိုလိုနေတာပဲ မဟုတ်လား"
လှံပုဆိန် ထွက်ပေါ်လာသောအခါ မြေအောက်နန်းတော် အတွင်းရှိ လူများမှာ တုန်လှုပ်ခြောက်ခြား သွားခဲ့ကြသည်။ အချိန်အတော်ကြာပြီးနောက်တွင်မှ ကောင်းကင်မြူခိုး ဘိုးဘေး၏ အသံခပ်တိုးတိုး ထွက်ပေါ်လာလေသည်။
"တစ်ခြား ကုန်းမြေတိုက် သုံးခုမှာလည်း မာန်မျိုးနွယ်စုရဲ့ အထွတ်အမြတ် မာန်အကြောမျှင်လို့ ခေါ်တဲ့အရာတွေ ကိုယ်စီ ရှိကြတယ်။ ဒါပေမယ့် သူတို့နဲ့ယှဉ်ရင် တစ်ကယ်
ကြောက်ဖို့ကောင်းတာက မဟာယုမင်းဆက်မှာရှိတဲ့ မာန်မျိုးနွယ်စုရဲ့ မျိုးနွယ်အကြောမျှင်... မဟာမြေရိုင်း ဆေးအိုးပဲ။ အဲဒီ အရာကိုမှ မျိုးနွယ်အကြောမျှင်လို့ ယူဆနိုင်တယ် ဆိုရင်... အဲဒါက ဘယ်လောက် အစွမ်းထက်မလဲ ဆိုတာ မင်းတို့ စိတ်ကူးကြည့်လို့ ရလောက်ရောပေါ့"
လှံပုဆိန်ထံမှ တဝီဝီ စိန်ခေါ်သံ ဆက်လက် ထွက်ပေါ်နေစဉ် ကောင်းကင်မြူခိုး မြို့တော်၏ မြေအောက်နန်းတော်မှ အပ မာန်စွမ်းအားရှင် နယ်မြေအတွင်းရှိ အခြားသော ကျန်အင်မော်တယ် အားလုံးမှာတော့ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ သူတို့၏ အင်မော်တယ် အရှိန်အဝါများကိုလည်း တစ်စွန်းတစ်စပင် မထုတ်လွှတ်ရဲကြချေ။
သူတို့အား တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သော မာန်မျိုးနွယ်စု၏ ထွတ်မြတ်အကြောမျှင်နှင့် ရင်ဆိုင်ရချိန်တွင်တော့ ၎င်းတို့ နှလုံးသားအတွင်း အကြောက်တရားများသာ ကြီးစိုးလာခဲ့လေသည်။ ယခုလို အစွမ်းထက်သော ထွတ်မြတ် အကြောမျှင်မျိုးက အင်မော်တယ်များ ကြားမှာပင် ရှားပါးလှ၏။ ဤကဲ့သို့ ထွတ်မြတ် အကြောမျှင်မျိုးကို ယဉ်ပါးအညံ့ခံလာစေရန် ကြိုးစားဖို့ကလည်း အလွန်ခက်ခဲလှပြီး မဖြစ်နိုင်သလောက်ပေ။
ကောင်းကင်တစ်ခွင် တဝီဝီ မြည်သံများ ပဲ့တင်ထပ်နေစဉ်
ကောင်းကင်မြူခိုး မြို့တော်ရှိ ကောင်းကင်ယံ၌ သွားလာနေသော အင်ပါယာ ဝတ်ရုံ၊ သရဖူတို့ဖြင့် သက်လတ်ပိုင်း ယောကျ်ားမှအပ တောင်ပိုင်းအရုဏ်ဦး ကုန်းမြေရှိ ကျန်အင်မော်တယ် အားလုံးမှာ သုဿန်တစပြင်သဖွယ် တိတ်ဆိတ်ငြိမ်သက်နေခဲ့ကြ၏။
ထို သက်လတ်ပိုင်းလူ၏ မျက်နှာမှာ ခံစားချက် အမူအယာ ကင်းမဲ့နေပြီး သူ့ကိုယ်ပေါ်တွင်လည်း အင်မော်တယ် တစ်ဦး၏ အရှိန်အဝါက အရိပ်အမြွက်တောင် ရှိမနေချေ။ သူ့ထံတွင် အသိဉာဏ်မရှိပဲ သဘာဝဗီဇ တစ်ခုသာ ရှိသဖြင့် စိန်ခေါ်နေသော တဝီဝီမြည်သံနှင့် ကောင်းကင်ယံမှ ဖိအားတို့ကို ကြားသိ ခံစားမိနေသော်လည်း ဂရုမစိုက်ပါချေ။
သူ့ထံ၌ သဘာဝဗီဇများသာ ရှိနေခြင်းကြောင့်လည်း သူလှုပ်ရှားနေချိန်မှာပင် သူ၏ အင်မော်တယ် အရှိန်အဝါက မပေါ်လွင်နေခြင်း ဖြစ်သည်။ ထို့အပြင် သူ့ကိုယ်ပေါ်တွင်လည်း လှံပုဆိန်ထံမှ လျစ်လျူရှုခံရစေနိုင်သည့် တစ်စုံတစ်ရာ ရှိနေ၏။ ၎င်းမှာ ယခင်က သေဆုံးသွားခဲ့သော အဘိုးအိုအား လှံပုဆိန်၏ နတ်ဘုရား စိတ်အာရုံထံမှ ဖုံးကွယ်ပေးထားခဲ့သည့် အကာအကွယ်လွှာလိုပင် ဖြစ်သည်။
လှံပုဆိန်သည် အဝေးရှိ ကောင်းကင်၌ ဖြည်းဖြည်းချင်း လွင့်မျောနေခဲ့ပြီးနောက် ထိုတဝီဝီ စိန်ခေါ်သံ ထုတ်လွှတ်နေခြင်းအား ရပ်တန့်လိုက်သည်။ ၎င်းသည် ကောင်းကင်ရှိ အက်ကြောင်းဆီ ပြန်သွားလိုက်ပြီး အတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက် ပျောက်ကွယ်သွားခဲ့၏။ ၎င်းပျောက်ကွယ်သွားသည်နှင့် အက်ကြောင်းသည် ပြန်လည်စေ့ပိတ်သွားပြီး ဖိအားလည်း ပျောက်ကွယ်သွားကာ ကမ္ဘာလောကမှာ ပုံမှန် ပြန်ဖြစ်သွားတော့သည်။
သို့သော်လည်း ထိုသို့ဆိုလျှင်တောင် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေရှိ အင်မော်တယ် အားလုံး၏ နှလုံးသားမှာ ကြောက်ရွံ့တုန်လှုပ် နေခဲ့ပြီဖြစ်၍ အနာဂါတ်တွင်တော့ အများစုမှာ အလွန်သတိကြီးစွာ ပြုမူကြတော့ပေလိမ့်မည်။
စုမင်သည် လှံပုဆိန် ပျောက်ကွယ်သွားချိန်အထိ ၎င်းအား စူးစူးစိုက်စိုက် မော့ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများသည် စူးစမ်းလိုစိတ်ဖြင့် တောက်ပလာခဲ့ပြီး အဆုံးတွင်တော့ စိတ်မကောင်းဟန်ဖြင့် သက်ပြင်းဖွဖွ ချလိုက်ချေ၏။
"ငါ ဒီလက်နက်ကို... အညံ့ခံလာအောင် မလုပ်နိုင်တာ စိတ်မကောင်းစရာပဲ။ အဲလိုမှ မဟုတ်ရင်တော့..." ဆံနီစုမင်သည် ခေါင်းခါယမ်းလိုက်ပြီး အနီးရှိ ဆံပင်ရှည် အမျိုးသမီးထံ လှည့်ကြည့်လိုက်သည်။
အဆုံးထိတိုင်အောင်ပင် ထိုအမျိုးသမီးသည် သူမ၏ အင်မော်တယ် အရှိန်အဝါအား များများစားစား မထုတ်ဖော်ခဲ့ချေ။ မာန်စွမ်းအားရှင်တို့၏ ကောင်းကင်ကို ဖုံးကွယ်ရန် ကျင့်စဉ်အား အသုံးပြုရာတွင် အများဆုံး လိုအပ်သည်က ပုလင်းထဲမှ သွေးသာ ဖြစ်သည်။ ထို့ကြောင့်လည်း လှံပုဆိန် ထွက်ပေါ်လာသောအခါ ၎င်းက အဘိုးအိုကိုသာ သတ်၍ သူမကို လျစ်လျူရှုသွားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်မှာပင် အမျိုးသမီးသည်လည်း စုမင်အား လှည့်ကြည့်လာ၏။ လေထုအလယ်ရှိ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးမှာ တုန်ရီနေပြီး စုမင် တစ်ချက်ကြည့်လိုက်သည်နှင့် သူမ အကြည့်ကို ပြန်လွှဲသွားလေသည်။
စုမင်သည် သူမထံသို့ အေးတိအေးစက် အမူအယာဖြင့်ပင် လျှောက်သွားလိုက်၏။ ဆံပင်ရှည် အမျိုးသမီး၏ မျက်နှာမှာ ဖြူရော်သွားပြီး အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်မိသော်လည်း သူမ နှလုံးသားထဲတွင်တော့ ဆုံးဖြတ်ချက် ချလိုက်မိပြီး ဖြစ်သည်။ ထို့နောက် သူမသည် နောက်ဆုတ်နေခြင်းကို ရပ်တန့်လိုက်ပြီး စုမင်ကို အားတင်း၍ မော့ကြည့်လိုက်သည်။
စုမင်သည် အမျိုးသမီးထံ လျှောက်သွားကာ သူမကို လေ့လာကြည့်လိုက်၏။ ထို့နောက် ညာလက်ညှိုးကို မြှောက်၍ အမျိုးသမီး၏ နံဖူးအလယ်သို့ လက်သည်းဖြင့် ထိကပ်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူ့လက်ချောင်းကို ပြန်ရုတ်လိုက်လေသည်။
"ငါ မင်းကို သတ်လိုက်သင့်ပေမယ့် မင်းက ငါ့လိုအပ်ချက်တွေနဲ့ ကိုက်ညီနေတာမို့ သက်ညှာပေးလိုက်မယ်" ဆံနီစုမင်၏ စကားသံက ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ ထို့နောက် သူ့လက်မောင်းကို တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် အနီရောင် လေပြင်းတစ်ခု ထွက်ပေါ်လာပြီး ဆံပင်ရှည် အမျိုးသမီးကို ပင့်တင်ကာ သူနှင့်အတူ အဝေးရှိ မိုးကုပ်စက်ဝိုင်းဆီ ဦးတည်ခေါ်ဆောင်သွားတော့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့နှစ်ဦးလုံး ပျောက်ကွယ်သွားခဲ့၏။
ရှာမန်နယ်မြေထဲရှိ ဆင်းသက်ခြင်း တောင်ထွတ်မှ လီသိန်းပေါင်းများစွာ အကွာအဝေးတွင် ၎င်း၏ အလှအပကြောင့် အလွန်ကျော်ကြားသော တောအုပ်တစ်ခုရှိသည်။
၎င်းက မီးလျှံနီတောအုပ် ဖြစ်သည်။ ထိုနေရာရှိ အနီရောင် မေပယ်ရွက်တို့၏ ထူးခြားချက်မှာ မည်သည့်ရာသီတွင်မဆို ၎င်းတို့၏ မီးလျှံသဖွယ် အနီရောင်ကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။ အဝေးမှကြည့်လျှင် တောအုပ်အတွင်းရှိ သစ်ရွက်များ လေအဝှေ့တွင် လှုပ်ခတ်နေသည်မှာ တောက်လောင်နေသော မီးလျှံများသဖွယ်ပင်။
ထိုအချိန်မှာပင် တောအုပ်အတွင်းရှိ အနီရောင် သစ်ရွက်တို့ကို လေပြင်းတစ်ခု ဖြတ်သန်းတိုက်ခတ်သွားပြီး တရှဲရှဲမြည်သံများ ထွက်ပေါ်လာခဲ့သည်။ ထိုလေပြင်းနှင့်အတူ အေးမြသော လေပြေညင်းတစ်ခုပါ ကပ်ပါလာပြီး သစ်ရွက်အချို့က လေအဝှေ့၌ လွင့်ဝဲ ကခုန်သွားကြလေသည်။
မြေပြင်တစ်ခွင် သစ်ရွက်ကြွေများ ဖုံးလွှမ်းနေသည်။ ထိုသစ်ရွက်အများစုသည် အနီရောင် ဖြစ်သော်လည်း အချို့မှာတော့ ခြောက်သွေ့ကာ အရောင်ပြယ်စ ပြုနေချေပြီ။ မြေပြင်တစ်ခွင် ထိုသစ်ရွက်နီများ ဖုံးလွှမ်းနေသဖြင့် ၎င်းတို့အပေါ် ခြေချလိုက်သူများအား မီးလျှံများအတွင်း လျှောက်လှမ်းနေရသကဲ့သို့ ခံစားချက်မျိုး ခံစားရစေသည်။
ဆံနီစုမင်သည် လွန်ခဲ့သော နှစ်နာရီကပင် ဆံပင်ရှည် အမျိုးသမီးကို သူနှင့်အတူ ခေါ်ဆောင်၍ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ လေတိုက်သံနှင့် သစ်ရွက်ခြောက်မြည်သံများ ကြားမှာပင် ပတ်ဝန်းကျင် ဧရိယာတစ်ဝိုက်ရှိ သစ်ရွက်များသည် လေထုအတွင်း အနီရောင်မြူခိုးများသဖွယ် ဝေ့ဝဲသွားပြီး တောအုပ်အလယ်တွင်တော့ ဧရာမ မေပယ်သစ်ရွက်လုံးကြီး တစ်ခု တိတ်တဆိတ် ဖြစ်ပေါ်လာခဲ့သည်။
အဝေးရှိ မိုးကုပ်စက်ဝိုင်းဆီ၌ နေကျလာသောအခါ နေဝင်ရီတရောအချိန် အလင်းရောင်သည် ထိုနေရာရှိ မီးလျှံနီရောင်တို့ကို ရွှေရောင်ခြယ်သလိုက်သဖြင့် မတူခြားနားသော အလှတစ်မျိုး ပေးစွမ်းလို့နေသည်။ တစ်ချိန်တည်းမှာပင် တောအုပ်ထဲရှိ မေပယ် သစ်ရွက်လုံးကြီးသည်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်လာ၏။ အောက်သို့ သစ်ရွက်များ ပြုတ်ကျသွားပြီး စုမင်က ၎င်းအတွင်းမှ လျှောက်လှမ်း ထွက်ပေါ်လာခဲ့လေသည်။
သူ၏ ဆံပင်နီတို့မှာ ထိုနေရာရှိ မေပယ်ရွက်တို့ဖြင့် ရောနှောသွားသလိုပင်... သူ့ဆံပင်ပေါ်သို့ မေပယ်ရွက်နီ အချို့ ကြွေကျခဲ့လျှင်တောင် မည်သူကမှ အကြည့်တစ်ချက်ဖြင့် သတိပြုမိမည် မဟုတ်ပေ။ သူ၏ အနီရောင် ဝတ်ရုံများသည်လည်း အလားတူပင် ဖြစ်သည်။ မေပယ်ရွက်များကြားမှ လျှောက်လှမ်းထွက်ပေါ်လာခဲ့သော သူ့ပုံစံမှာ ဤမီးတောက်နီ တောအုပ်အတွင်း မွေးဖွားခဲ့သူ တစ်ဦးလိုပင်...
သူ့မျက်နှာမှာ ဖြူဖျော့မနေတော့ပဲ အတန်ငယ် သွေးရောင်လွှမ်းနေခဲ့ချေပြီ။ သူ့နှုတ်ခမ်းများသည်လည်း ပုံမှန် ပန်းရောင်အဖြစ်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း သူ့နံဖူးအလယ်ရှိ ပန်းရောင် မက်မွန်ပွင့် အမှတ်အသားမှာတော့ ပိုမို၍ တောက်ပလာခဲ့၏။
စုမင် အနောက်ရှိ ပြန့်ကျဲသွားသော မေပယ်ရွက်များကြားတွင် အမျိုးသမီးတစ်ဦး တင်ပလ္လင်ခွေ၍ ထိုင်နေသည်။ သူမ၏ ဆံပင်ရှည်များမှာ ပုခုံးပေါ် ပြေလျော့ကျနေလေသည်။ ထိုအချိန်မှာပင် သူမ၏ မျက်လုံးတို့ ပွင့်လာခဲ့ပြီး ထွက်ခွာသွားနေသော ထိုယောကျ်ားအား လှမ်းကြည့်လိုက်၏။ သူမ မျက်ဝန်းများထဲရှိ ရှုပ်ထွေးသောအကြည့်မှာ ပိုမိုထင်ရှားလာခဲ့လေသည်။ သူမ၏ ဝတ်ရုံများမှာ နဂိုအတိုင်းပင် ရှိနေပြီး တစ်ခုတစ်လေပင် လွဲမှားပျောက်ဆုံးနေခြင်း မရှိသော်ငြား သူမမျက်နှာသည်တော့ အတော်လေး ပိုမိုဖြူရော်သွားခဲ့သည်။
"ကျွန်မ အမြဲတမ်းလိုလို ဒီနေ့ကို စောင့်နေခဲ့မိတာပဲ... ကိုယ့်ကိုယ်ကိုတောင် သေချာမသိခဲ့ဘူး... ကျွန်မက ဒီစုမင်ကို တွေ့ချင်ခဲ့ရုံပဲ နေမှာ... ရှင်က သူဆိုပေမယ့် သူ့ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ..."
"ရှင်က အခုထိ နိုးထမလာသေးဘူး..." သူမက တိုးညှင်းစွာ ရေရွတ်သည်။ သူမ၏ မျက်နှာအမူအယာမှာ စိတ်လွတ်နေသူ တစ်ယောက်လိုပင်။ သူမ စိတ်ထဲတွင်တော့ သူမသည် လွန်ခဲ့သော နှစ်ပေါင်း ၁၈၀ခန့်ဆီက မိသားစုငယ်လေးတစ်ခု၏ ကျင့်ကြံသူတစ်ဦး ဖြစ်လာရန် ခန္ဓာကိုယ် တည်ဆောက်ပုံမျိုး ပိုင်ဆိုင်ထားသော အားနည်း ကြောက်ရွံ့လွယ်သည့် မိန်းမငယ်လေးတစ်ဦး အဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သလိုပင်။
သူမ ဂိုဏ်းမှ လူများ၏ ညွှန်ကြားမှုအောက်တွင် ဂိုဏ်းတူ တပည့်ပေါင်း တစ်ရာကျော်နှင့်အတူ နေရာတစ်ခုဆီ သွားရောက်ခဲ့ရပြီး ထိုနေရာတွင် လူတစ်ဦးကို တွေ့ခဲ့ရ၏...
ဆံပင်ရှည် အမျိုးသမီး၏ စိတ်တို့ ပျံ့လွင့်နေစဉ် ဆံနီစုမင်သည်တော့ ပိုပိုဝေးသွားခဲ့ချေပြီ။ သူသည် တောအုပ်အတွင်းမှ တစ်ဖြည်းဖြည်း ထွက်ခွာသွားပြီး နေဝင်ချိန်ကောင်းကင်ဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
လေပြေညင်းတို့က လေအဝှေ့တွင် ကခုန်နေသော မေပယ်ရွက်နီ အချို့နှင့်အတူ သူ့အား လိုက်ပါပို့ဆောင်နေလေသည် ... ၎င်းက အမှန်တစ်ကယ်ပင်... အလွန်လှပသော မြင်ကွင်းတစ်ခု ဖြစ်သည်။
ဆံနီစုမင်သည် ဝမ်ချိုးအား ဖြစ်စေ၊ ဤ ဆံပင်ရှည် အမျိုးသမီးအား ဖြစ်စေ သူတို့ခန္ဓာကိုယ်များကို အမှန်တစ်ကယ် ထိတွေ့ခဲ့ခြင်း မရှိချေ။ ယင် ဖီးနစ်-နဂါး ကျင့်စဉ်အတွက် လိုအပ်သောအရာက ၎င်းတို့၏ ယင်အော်ရာ အငွေ့အသက်သာ ဖြစ်သည်။
အမှန်စင်စစ် သူ့အနေဖြင့် ဤနေရာသို့ လာရာလမ်း၌ လူပေါင်းများစွာ သတ်ဖြတ်မိခဲ့လျှင်တောင် ထိုအတွက် ဘာမှ ထူးထူးခြားခြား ခံစားနေရမှာ မဟုတ်ချေ။ သို့သော်ငြား အေးခဲကောင်းကင် မဟာမျိုးနွယ်စုကြီးထံမှ အဘိုးကြီးသာ ဤအကြောင်းကို သိသွားလျှင်တော့ စုမင်၏ လုပ်ရပ်များ အတွင်းမှ ကြောက်မက်ဖွယ် သဲလွန်စအချို့ကို ကျိန်းသေပေါက် ရှာတွေ့သွားပေလိမ့်မည်။ အမှန်စင်စစ် သူသာ ဤအကြောင်းကို ရှာတွေ့သွားသည်နှင့် သူ့ဆရာကို အသိပေးရန်အတွက် မည်သည့် အကျိုးဆက်ကိုမှ ဂရုမစိုက်ပဲ သူတတ်နိုင်သမျှ အစွမ်းကုန် လုပ်လိမ့်မည်မှာပင် သေချာသလောက် ဖြစ်လေသည်။
***