← Chapters

တိထျန်း

Vol. 29 Ch. 399

တိထျန်း

Vol. 29 Ch. 399

ဆံနီစုမင်သည် လေထဲမှ လျှောက်လှမ်းလာရင်း အင်မော်တယ် ဆင်းသက်ခြင်း တောင်ထွတ် တည်ရှိရာဘက်ဆီ လှမ်းကြည့်လိုက်သည်။ သူသည် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သူ့မျက်လုံးများက အနီရောင်အလင်းတစ်ဖြာ တောက်ပလာခဲ့လေသည်။

"တိထျန်း၊ ငါလာပြီ" သူသည် ရှေ့တစ်လှမ်းတက်လိုက်ပြီး ခြေပြန်ချသည်နှင့် သူ့ခန္ဓာကိုယ်မှာ တွန့်လိမ်ပုံပျက်သွားခဲ့သည်။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုတွန့်လိမ်ပုံပျက်နေသော ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း စတင် ပျောက်ကွယ်သွားခဲ့၏။

စုမင် ပျောက်ကွယ်သွားပြီးနောက် အသက်သုံးရှိုက်စာ အချိန်တွင်းမှာပင် ယခင်က သူရှိနေခဲ့သော လေထုနေရာအတွင်း လှိုင်းဂယက်ငယ်များ ဖြစ်ပေါ်လာပြီး ထိုလှိုင်းဂယက်များ အတွင်းမှ ဧကရာဇ်ဝတ်ရုံနှင့် သရဖူဆောင်းထားသော သက်လတ်ပိုင်း လူတစ်ဦး လျှောက်လှမ်း ထွက်ပေါ်လာခဲ့သည်။ သူ့မျက်နှာသည်တော့ ယခင်အတိုင်း အမူအယာ ကင်းမဲ့လို့နေဆဲပင်။ သူသည် စုမင် ရှိနေခဲ့ရာ နေရာသို့ တစ်ချက်ကြည့်လိုက်ပြီးနောက် ခြေတစ်လှမ်းလှမ်းကာ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။

ရှာမန်နယ်မြေထဲတွင် ပကတိမျက်စိဖြင့် မမြင်နိုင်သော တောင်တစ်လုံးရှိ၏။ တစ်စုံတစ်ဦးအနေဖြင့် ၎င်း၏ အရှေ့တည့်တည့်၌ ရပ်နေလျှင်ပင် ထိုတောင်အား မမြင်နိုင်ချေ။ အမှန်စင်စစ် ၎င်းတို့အနေဖြင့် တောင်အား ဝင်တိုက်မိလျှင်တောင် မည်သည့် ထိခိုက်မှုမျိုးမှ ခံစားရလိမ့်မှာ မဟုတ်ပေ။ ထိုအစား သူတို့ခန္ဓာကိုယ်များက  လေကိုသာ ဖြတ်သန်းသွားပေလိမ့်မည်။

ထိုတောင်သည်တော့ ရှာမန်နယ်မြေ၏ လျှို့ဝှက်ဆန်းကြယ်သော ရှာမန်နတ်ဘုရား ကျောင်းဆောင် တည်ရှိရာ နေရာပင်ဖြစ်သည်။ ထိုနေရာသည်ပင် ရှာမန်တို့ဘက်၌ အင်မော်တယ်များ ဆင်းသက်ရန် အကြိမ်တိုင်း ရွေးချယ်သော နေရာလည်း ဖြစ်၏။

စုမင် လေထုထဲမှ ပြန်လည် ထွက်ပေါ်လာသောအခါ သူ့အောက်တွင် ရှည်လျား၍ အရှိန်အဟုန် ပြင်းထန်သော မြစ်တစ်စင်း ရှိနေခဲ့သည်။ ရေစီးမှာ အလွန်လျင်မြန်လှပြီး ရေစီးသံ တဝုန်းဝုန်းပင် ကြားနေရသည်။ မည်သူမဆို ကောင်းကင်ထက်မှ ငုံ့ကြည့်မည်ဆိုလျှင် ထိုမြစ်မှာ သိပ်မကျယ်ဝန်းကြောင်း တွေ့ရမည် ဖြစ်သော်လည်း မြစ်တစ်ဖက်ကမ်း မြေပြင်မှ အခြားတစ်ဖက်ဆီ လှမ်းကြည့်လိုက်မည် ဆိုလျှင်တော့ ထိုမြစ်မှာ ပေသိန်းပေါင်းများစွာ ကျယ်ဝန်းကြောင်း တွေ့ရပေလိမ့်မည်။

မြစ်ရေများမှာ ကြည်လင်မနေပဲ အတန်ငယ် နောက်ကျိနေ၏။ မည်သူမှ ၎င်း မည်မျှနက်သည်ကို မမြင်နိုင်ချေ။ လက်ကိုသာ မြစ်ထဲနှစ်၍ ရေအချို့ကို ခပ်ယူကြည့်လိုက်မည် ဆိုလျှင် သူတို့လက်ထဲ၌  အနက်ရောင် သဲမှုန်တို့ဖြင့် ပြည့်နေကြောင်း တွေ့ရပေလိမ့်မည်။

စုမင်သည် မျက်လုံးများကို မှိတ်ကာ ရပ်နေပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ရှည်လျားလှသော မြစ်ကြီး၏ အလယ်တွင် မိုးထိုးနေသော ဧရာမတောင်ကြီးတစ်လုံးကို သူမြင်လိုက်ရ၏။ ၎င်းသည် မြစ်ထဲတွင် မားမားမတ်မတ် တည်ရှိနေသဖြင့် မြစ်အား ပိုင်းဖြတ်ခံလိုက်ရပုံ ပေါ်နေသော်လည်း အမှန်တွင်တော့ မြစ်ရေများကသာ တောင်ကို ဖြတ်သန်းလျက် ရေစုန်သို့ ဆက်လက်စီးဆင်းသွားခြင်း ဖြစ်သည်။

တောင်တစ်ခုလုံးမှာ မည်းမှောင်နေပြီး မြူခိုးတို့ ဖုံးလွှမ်းနေသည်။ တောင်၏ ထောင့်နေရာအချို့တွင် အနက်ရောင်ခန်းမဆောင်များ တည်ဆောက်ထားပြီး ၎င်းတို့က တစ်ခုနှင့်တစ်ခု နီးကပ်စွာ တည်ရှိလေသည်။ ထိုနေရာတွင် ၎င်းခန်းမဆောင်များ မည်မျှရှိနေမှန်း မည်သူမှ မသိနိုင်ချေ။ တောင်ပေါ်တွင် အကွေ့အကောက် လမ်းများစွာ ရှိနေပြီး ၎င်းတို့အားလုံးကို ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။ ထိုသည်က တောင်ပေါ်ရှိ အနက်ရောင်နှင့် သိသိသာသာပင် ကွဲပြားပေါ်လွင်နေလေသည်။

တောင်ထိပ်အနီးတွင်တော့ ခန်းမဆောင် အများဆုံးရှိပြီး ၎င်းတို့က တောင်ကို စက်ဝိုင်းပုံ ဝန်းရံထားခဲ့သည်။ ၎င်းတို့အထဲမှ အချို့ဆိုလျှင် တစ်စုံတစ်ဦးမှ တောင်ကိုတူးကာ ခန်းမဆောင်အသွင် ပြောင်းလဲ တည်ဆောက်ထားခြင်းမျိုး ဖြစ်သည်။

စုမင်သည် သူ၏ နတ်ဘုရားစိတ်အာရုံဖြင့် တောင်အနှံ့ စူးစမ်းလိုက်ပြီး နောက်ဆုံးတွင် တောင်ထိပ်သို့ အာရုံစိုက်လိုက်သည်။ တောင်ထိပ်တွင် ၁၈ထပ်ရှိသော မျှော်စင်မြင့်တစ်ခု ရှိနေ၏။ ၎င်းမျှော်စင်ထိပ်ဖျားမှာ ချွန်ထက်ခြင်းမရှိပဲ ရှစ်မြှောင့်ပုံ တည်ဆောက်ထားခြင်း ဖြစ်သည်။ ထိုထောင့်များသည် လူတစ်ဦး၏ လက်ချောင်းများကို ဖြန့်ကားထားသလိုပုံ ဖြစ်ပြီး ထိုလူက သူ၏ လက်ဖဝါးဖြင့် ကောင်းကင်အား တွန်းမြှောက်ထားသကဲ့သို့ပင်...

မျှော်စင်၏ အဋ္ဌဂံပုံထိပ်ဖျား အလယ်ဗဟို၌ ယဇ်ပလ္လင်ကဲ့သို့ စင်တစ်ခုရှိသည်။ ၎င်းယဇ်ပလ္လင်သည် ညီညာပြန့်ပြူးနေပြီး အလယ်ဗဟိုတည့်တည့်၌ ထောင့်မှန်စတုဂံပုံ အရာတစ်ခု ရှိနေလေသည်။

ထိုအရာတစ်ခုလုံးကို အနက်ရောင် ကျောက်တုံးများဖြင့် တည်ဆောက်ထားပြီး ယဇ်ပလ္လင်နှင့် တစ်သားတည်း ချိတ်ဆက်နေ၏။ ၎င်းက ခေါင်းတလား တစ်ခုနှင့် ဆင်တူလှပြီး... အတိအကျ ဆိုရလျှင် ခေါင်းတလားတစ်ခုပင် ဖြစ်နိုင်လေသည်။

ခေါင်းတလားထံမှ အနက်ရောင် လျှပ်စီးကြောင်းများ ရံဖန်ရံခါ ပျံ့နှံ့လာတတ်ပြီး ၎င်းတို့ကို မျှော်စင်၏ အဋ္ဌဂံပုံထိပ်ဖျားမှ စုပ်ယူသွားတတ်သည်။ တရှဲရှဲမြည်သံများ စတင်ထွက်ပေါ်လာပြီးနောက် ကောင်းကင်သို့ လျှပ်စီးကြောင်းများ တိုးဝင်သွားပြီး အဆုံး၌ ၎င်းတို့ကို ကောင်းကင်ရှိ တိမ်စိုင်များက ဝါးမြိုသွားကြ၏။

ထိုအပေါ်ရှိ ကောင်းကင်၌ တိမ်စိုင်များ အလွန်ထူထပ်စွာ

လွင့်မျောနေသည်ကိုပင် ဝိုးတဝါး မြင်နေရလေသည်။ သို့သော်ငြား ထိုအရာမှာ နတ်ဘုရားစိတ်အာရုံဖြင့်သာ သိနိုင်သော မြင်ကွင်းဖြစ်သည်။ မည်သူမဆို မျက်လုံးဖွင့်ကြည့်လိုက်မည် ဆိုလျှင်တော့ ကောင်းကင်ယံမှာ တိမ်ကင်းစင်နေပြီး မှောင်ရီဖျိူးဖျ အချိန်တွင် မှိန်ဖျော့ဖျော့ တောက်ပနေသော ကြယ်ပွင့်များကိုသာ တွေ့ရပေလိမ့်မည်။

စုမင်သည် သူ၏ နတ်ဘုရားစိတ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူ့အရှေ့ရှိ လေထုထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ့ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူ့အရှေ့လေထုထဲတွင် လှိုင်းအလွှာတစ်ခု ရုတ်ခြည်း ပေါ်လာခဲ့သည်။ ထိုလှိုင်းများသည် သူမဝင်ရောက်နိုင်ရေး တားဆီးလိုဟန်ဖြင့် အပြင်းအထန် လှုပ်ရှားသွားသော်လည်း ထိုလှိုင်းလွှာအတွင်းသို့ ခြေမချရသေးခင် တစ်ခဏမှာပင် စုမင်၏ ခန္ဓာကိုယ်မှာ ရှည်လျားသော မြစ်ပြင်ကျယ်အထက်မှ ပျောက်ကွယ်သွားတော့သည်။

စုမင် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ထက်တွင် ဧကရာဇ် ဝတ်ရုံနှင့် သရဖူဆောင်းထားသော ယောကျ်ား ပေါ်လာခဲ့သည်။ သူသည် တုန့်ဆိုင်းခြင်း အလျင်းမရှိပဲ စုမင် ထွက်ခွာသွားရာဘက်ဆီ ခြေလှမ်းလိုက်တော့၏။

စုမင် ပြန်ပေါ်လာသောအခါ သူသည် ကောင်းကင်တွင်သာ ရပ်နေဆဲ ဖြစ်သော်လည်း ယခုအခါ သူ့ခေါင်းအထက်တွင် လွင့်မျောနေသော တိမ်တိုက်များ ရှိနေပြီး သူ့အောက်ဘက်တွင် ပြင်းထန်စွာ စီးဆင်းနေခဲ့သော မြစ်ကြီးမှာတော့ ပျောက်ကွယ်သွားခဲ့ချေပြီ။ ယခု သူ့အောက်တွင် ရှိနေသည်မှာ သာမန်မျက်စိဖြင့် မမြင်နု်င်သော တောင်ကြီးပင် ဖြစ်သည်။

သူ ပေါ်လာသည်နှင့် တစ်ပြိုင်နက် တောင်တစ်ခုလုံးအား တိတ်ဆိတ်ငြိမ်သက်မှုတို့ လွှမ်းခြုံထားကြောင်း စုမင် တွေ့လိုက်ရသည်။ သို့သော်ငြား တောင်အတွင်းရှိ စိုးရိမ်ကြောင့်ကြနေဟန် အသက်ရှူသံများစွာကိုလည်း သူ သတိပြုမိလိုက်လေသည်။ သူသည် ထိုအရာများကို စိတ်ထဲထည့်မနေတော့ပဲ ထိုအစား တစ်ချက် လှုပ်ရှားလိုက်ပြီး အလင်းတန်းရှည် တစ်ခုအသွင်ဖြင့် တောင်ထိပ်ရှိ မျှော်စင်မြင့်ကြီးထံ ဦးတည်လိုက်သည်။ သို့သော် သူပျံတက်လိုက်သည့် တစ်ခဏမှာပင် စုမင်အနောက်၌ လှိုင်းဂယက် အလွှာများ ထပ်မံဖြစ်ပေါ်လာပြီး သူ့အနောက်သို့ တစ်ချိန်လုံး လိုက်ပါလာခဲ့သော ဧကရာဇ်ဝတ်ရုံ၊ သရဖူတို့ဖြင့် ယောကျ်ားက လျှောက်လှမ်း ထွက်ပေါ်လာခဲ့လေသည်။

စုမင်သည် လေထဲ၌ ချက်ချင်း ရပ်တန့်သွားပြီး လေထုထဲမှ ထွက်ပေါ်လာသည့် ဧကရာဇ်ဝတ်ရုံ၊ သရဖူတို့ဖြင့် လူထံ အလျင်အမြန် လှည့်ကြည့်လိုက်သည်။ စုမင်၏ အနီရောင်ဆံပင်ရှည်များက လေနှင့်အတူ လွင့်မျောလှုပ်ရှားသွားပြီး သူ၏ မျက်လုံးတို့က ကျဉ်းမြောင်းသွားကာ သတ်ဖြတ်လိုစိတ်များ ပေါ်လာခဲ့သည်။

"တိထျန်း" ဆံနီစုမင်၏ နှလုံးခုန်သံတို့ လျင်မြန်လာခဲ့သည်။ သူသည် ဤနေရာသို့ လာရာလမ်းတစ်လျှောက် နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ထားခဲ့သော်လည်း သူ့အနောက်သို့ လိုက်ပါလာသူအား သတိမပြုမိခဲ့ချေ။ လိုက်ပါလာသူ၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်နှင့် စုမင်၏ နှလုံးသားမှာ တင်းကြပ်သွားပြီး သတ်ဖြတ်လိုစိတ်တို့ ချက်ချင်း ပြည့်နှက်သွားခဲ့သည်။

ဤလူက သူ အသတ်ဖြတ်ချင်ဆုံးသူ... တိထျန်းပင် ဖြစ်သည်။

ဆံနီစုမင်အတွက်တော့ သူသတ်ဖြတ်ချင်နေသူက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့ခြင်းလောက် မည်သည့်အရာမှ အရေးမကြီးတော့ပေ။ ဤအရာက တိထျန်း၏ ကိုယ်ပွားတစ်ခု ဆိုလျှင်ပင်၊ အင်မော်တယ်နယ်မြေ၌ ရက်အနည်းငယ်အတွင်း တိထျန်းကို လိုက်ရှာရမည်နှင့် ယခုချက်ချင်း ဤကိုယ်ပွားကို တိုက်ခိုက်ရမည်တို့ ယှဉ်လာပါက စုမင်အနေဖြင့် ဒုတိယရွေးချယ်မှုကိုသာ တုန့်ဆိုင်းခြင်းမရှိ ရွေးချယ်မိပေလိမ့်မည်။

သူ၏ ဆင်ခြင်တုံတရားက သူ့အား ဤဆုံးဖြတ်ချက်မျိုး ချခွင့်မပြုခဲ့လျှင်ပင် ထိုအခိုက်အတန့်၌ သူ့စွမ်းအား အလုံးစုံသည် သူ့ကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာခဲ့ချေပြီ။ ပတ်ဝန်းကျင် ကမ္ဘာလောကသည်ပင် စုမင်စွမ်းအားကို ခံနိုင်စွမ်းမရှိဟန်ဖြင့် တဝုန်းဝုန်း ပေါက်ကွဲသံများ ပဲ့တင်ထပ် မြည်ဟည်းသွားသည်။

ထိုအခိုက်အတန့်တွင် တိထျန်း၏ ပေါ်ထွက်လာမှုကြောင့် စုမင်အနောက်ရှိ တောင်ထိပ်တွင် တည်ရှိနေသော အဋ္ဌဂံပုံ မျှော်စင်ထိပ်ဖျားရှိ ယဇ်ပလ္လင်ထက်မှ ခေါင်းတလား၏ အက်ကြောင်းများတစ်လျှောက် အလင်းတစ်ဖြာ တောက်ပသွားသည်ကိုတော့ ဆံနီစုမင် တစ်ယောက် သတိမပြုမိလိုက်ချေ။

ဧကရာဇ် ဝတ်ရုံနှင့် သရဖူဆောင်းထားသော တိထျန်း၏ မျက်နှာအမူအယာမှာ ရေခဲတမျှ အေးစက်နေ၏။ သူ့မျက်လုံးများအတွင်း ခံစားချက် တစ်စွန်းတစ်စပင် ရှိမနေခဲ့ချေ။ သူသည် ထွက်ပေါ်လာပြီးသည်နှင့် တစ်ခဏပင် ရပ်နားခြင်းမပြုပဲ ဆံနီစုမင်ထံ ဆက်လျှောက်သွားခဲ့၏။

သူ့ခန္ဓာကိုယ်မှ ထိတ်လန့် တုန်လှုပ်ဖွယ် အရှိန်အဝါတစ်ခု ဖြန့်ကျက် ထွက်ပေါ်လာသည်။ သူ့ပုံစံမှာ ကမ္ဘာလောကသို့ ဆင်းသက်လာသည့် အာဏာရှင် ဧကရာဇ်တစ်ပါးသဖွယ် ဖြစ်ပြီး သူ ရောက်ရှိသွားသမျှ နေရာတိုင်းက သူ၏ ပိုင်နက်နယ်မြေအဖြစ်သာ အဆုံးသတ်သွားပေလိမ့်မည်။ လောကတွင် သူ့အား တားဆီးနိုင်သော စွမ်းအား၊ လူပုဂ္ဂိုလ်ဟူ၍ တစ်ခုတစ်လေတောင် မရှိသကဲ့သို့ပင်။

သူသာ တစ်စုံတစ်ဦးကို သတ်ချင်လျှင် အမိန့်တစ်ချက် ပေးလိုက်ရုံဖြင့် ထိုသူက ကျိန်းသေပေါက် သေဆုံးရပေလိမ့်မည်။

သူသာ တစ်စုံတစ်ဦးကို တားဆီးချင်ပါကလည်း အလားတူပင် ဖြစ်ပြီး တစ်လောကလုံး သူ့အမိန့်ကို နာခံရပေလိမ့်မည်။

သူ ထိုနေရာတွင် ရှိနေသ၍ မာန်စွမ်းအားရှင် ဖြစ်စေ၊ ရှာမန်ဖြစ်စေ ကြောက်လန့်ရပေမည်။ သူ၏ အရှိန်အဝါသည် ထိုမျှ သြဇာလွှမ်းမိုးနိုင်စွမ်း ရှိသော အရှိန်အဝါတစ်ခုပင် ဖြစ်၏။

"ငါ့လက်ကို မြှောက်လိုက်ရုံနဲ့တင် ကောင်းကင်နဲ့ မြေပြင်ရဲ့ ချို့ယွင်းချက်တွေကို ပြင်ဆင်နိုင်တယ်။ မင်းမှာ ငါ့နာမည်ကို ခေါ်ဖို့ ဘာအခွင့်ရှိသလဲ။ ငါ့ လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ နေနဲ့ လကိုတောင် နှစ်မြုပ်ပစ်နိုင်တယ်။ ငါ့အရှေ့မှာ ဒူးမထောက်ပဲ နေရဲရအောင် မင်းမှာ ဘာအခွင့်ရှိလို့လဲ"

တိထျန်း၏ အသံက ပြတ်သားစွာ ထွက်ပေါ်လာသည်။ သူ့အသံသည် ကျယ်လောင်ခြင်း မရှိသော်ငြား သူ့ပါးစပ်မှ ထွက်ပေါ်လာသော စကားလုံးများသည် ကောင်းကင်ဘုံ၏ စကားသံလိုပင် အရပ်မျက်နှာအနှံ့ဆီသို့ မိုးခြိမ်းသံသဖွယ် ပျံ့လွင့်သွားခဲ့လေသည်။

***

All Chapters