အခန်း (၇၅၁-၇၅၃)
Vol. 51 Ch. 751-753
အခန်း (၇၅၁) နဂါးအသွင်ပြောင်း နတ်ဘုရားစွမ်းရည်။ နတ်ဘုရားမျိုးစေ့နှင့် နတ်ဘုရားလက်နက်။ (၄)
"ဒီကောင်းကင်နဂါး ရုပ်သေးရုပ်နဲ့ ထိပ်တိုက်ရင်ဆိုင်နေဖို့ မလိုဘူး။ နဂါးအသွင်ပြောင်း ဂိတ်တံခါးကိုပဲ ယူသွားလိုက်မယ်။"
ကုလေ့၏ မျက်လုံးများမှာ လောဘရိပ်များဖြင့် တောက်လောင်နေ၏။ ထိုတိုက်ပွဲဝင်ရုပ်သေးမှာ ကိုင်တွယ်ရခက်ခဲမည်ကို သူသိရှိထားသဖြင့် သူ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ တံခါးဦးကြီးသာ ဖြစ်သည်။ ဤဂိတ်တံခါးကိုသာ ရွှေ့ပြောင်းနိုင်ပြီး ကောင်းကင်ဂူနန်းအတွင်းမှ ထွက်ခွာနိုင်ပါက အကြီးမားဆုံး အောင်မြင်မှု ဖြစ်ပေလိမ့်မည်။
"ကြွစမ်း"
ကုလေ့၏ လည်ချောင်းထဲမှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး သူသည် လက်နှစ်ဖက်ကို ဘေးသို့ ကျယ်ပြန့်စွာ ဆန့်ထုတ်လိုက်သည်။ သဘာဝ၏ ဝိညာဉ်စွမ်းအင် မြောက်မြားစွာ စုစည်းလာပြီး ကြီးမားသော ရွှေရောင်လက်ဝါးကြီး နှစ်ခုအဖြစ် ပုံဖော်ကာ တံခါးဦး၏ ထောင့်တစ်ဖက်တစ်ချက်စီကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူသည် လက်မောင်းနှစ်ဖက်ရှိ ခွန်အားအားလုံးကို အသုံးပြုကာ ပေတစ်ရာကျော် မြင့်မားလှသော တံခါးဦးကြီးကို မတင်ရန် ကြိုးစားလိုက်သည်။
"ဝုန်း... ဝုန်း... ဝုန်း"
သို့သော်လည်း နဂါးအသွင်ပြောင်းလဲခြင်း တံခါးဦးမှာ အနည်းငယ်သာ တုန်ခါသွားသည်။ ၎င်းမှာ ပုရွက်ဆိတ်တစ်ကောင်က သစ်သီးကြီးတစ်လုံးကို မရန် ကြိုးစားနေသကဲ့သို့ပင်။
"မရွေ့ဘူးလား"
ကုလေ့၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်သွားသည်။ သူ၏ ကျင့်ကြံမှု အဆင့်ဖြင့်ပင် ဤဂိတ်တံခါးကို နည်းနည်းတောင် မရွှေ့နိုင်ဘူးလား။
"ငတုံး"
လှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာရာ ၎င်းမှာ မော့ကျွင်းလင်ပင် ဖြစ်သည်။
သူတို့နှစ်ဦးသည် ယခင်က 'ကောင်းကင်နဂါးဓား' အတွက် တိုက်ခိုက်ခဲ့ကြဖူးပြီး ဓားမှာ ကုလေ့လက်ထဲသို့ ရောက်သွားခဲ့သဖြင့် သူတို့မှာ ရန်သူများ ဖြစ်နေကြသည်။ ကုလေ့ အခက်တွေ့နေသည်ကို မြင်သောအခါ မော့ကျွင်းလင်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။
"နတ်ဘုရားရတနာဆိုတာ... အရှင်သခင် လိုအပ်တယ်။ ငါ့ရဲ့ သွေးနဲ့ အမှတ်အသားပြုပြီး ဒီဂိတ်တံခါးကို ငါ သိမ်းပိုက်ပြမယ်။"
မဆိုင်းမတွဘဲ မော့ကျွင်းလင်သည် သူ၏ သွေးများကို စုစည်းကာ ချွေးပေါက်များမှတစ်ဆင့် သွေးတစ်စက်ကို ထုတ်ယူလိုက်သည်။ ထို့နောက် လက်ချောင်းဖြင့် တောက်လိုက်ရာ ထိုသွေးစက်မှာ တံခါးဦးဆီသို့ ပျံသန်းသွားသည်။
"တောက် တောက်"
သို့သော်လည်း ဂိတ်တံခါးကြီးမှာ ဝိညာဉ်စွမ်းအင် အလင်းတန်းများဖြင့် ဖုံးလွှမ်းထားသဖြင့် မော့ကျွင်းလင်၏ သွေးစက်မှာ တံခါးမျက်နှာပြင်သို့ မရောက်ရှိဘဲ အလင်းလွှာပေါ်တွင်သာ လျှောကျသွားတော့သည်။
"ဒီလို လှည့်ကွက်လေးနဲ့ ဂိတ်တံခါးကို ရနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"
ဆန်းကြယ်ယင် မိစ္ဆာမက မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်နဂါး သိုင်းဝိဇ္ဇာသူတော်စင် ချန်ထားခဲ့သော စမ်းသပ်ချက်များကို ဤကဲ့သို့သော လှည့်ကွက်များဖြင့် ကျော်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ။
ကုလေ့ကတော့ မော့ကျွင်းလင်၏ လှောင်ပြောင်မှုကို ပြန်လည် တုံ့ပြန်ရန် အချိန်မရှိပေ။ အကြောင်းမှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု သူ၏ထံသို့ တိုးဝင်လာသောကြောင့် ဖြစ်သည်။ ၎င်းမှာ ကောင်းကင်နဂါး တိုက်ပွဲရုပ်သေးရုပ်ပင် ဖြစ်သည်။
တိုက်ပွဲရုပ်သေးသည် ဂိတ်တံခါးနှင့် အနီးဆုံးရှိသူကို ဦးတည်တိုက်ခိုက်ပုံရသည်။ ၎င်းသည် ယန်မိသားစုဝင် နှစ်ဦးကို ထားခဲ့ပြီး ကုလေ့ထံသို့ ပြေးဝင်လာကာ ချပ်ဝတ်တန်ဆာ လက်သီးဖြင့် ဒေါသတကြီး ထိုးနှံလိုက်သည်။
"ဂျိန်း"
လက်သီးချက် မရောက်လာမီမှာပင် ၎င်းဖြတ်သန်းသွားသော လေဟာပြင်မှာ ပြိုကွဲလုမတတ် ဖြစ်သွားသည်။
"ရွှေချပ်ဝတ်တန်ဆာ နတ်ဘုရားလမ်းစဉ်"
ကုလေ့သည် သူ၏ အစွမ်းများကို အသုံးချကာ သတိအပြည့်ထားလိုက်သည်။ သူက ချီစွမ်းအင်များကို လှုံ့ဆော်ကာ ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်တန်ဆာမှာ ပို၍ ဝင်းလက်လာပြီး သူ၏ အသားအရေမှာပင် ရွှေရောင်သို့ ပြောင်းလဲသွားသည်။ သူ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ မြေပြင်မှာ တုန်ခါသွားပြီး သူ၏ ညာလက်သီးဖြင့် တိုက်ပွဲရုပ်သေး၏ လက်သီးကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ ခွန်အားချင်း အားပြိုင်ခြင်းပင်။
"ဘုန်း"
ကြီးမားသော လက်သီးနှစ်ခု ထိတွေ့လိုက်သည့် ခဏတွင် ဥက္ကာခဲနှစ်လုံး အရှိန်အပြည့်ဖြင့် တိုက်မိကြသကဲ့သို့ ပြင်းထန်လှသည်။ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး ကောင်းကင်နဂါး သိုင်းဝိဇ္ဇာသူတော်စင် ကိုယ်တိုင် သွန်းလုပ်ထားသော ခိုင်ခံ့သည့် ရင်ပြင်မှာပင် အက်ကြောင်းများစွာ ဖြစ်ပေါ်သွားတော့သည်။
"ဒုန်း... ဒုန်း... ဒုန်း "
တိုက်ပွဲဝင်ရုပ်သေးမှာ ခဏတာမျှသာ တုံ့ဆိုင်းသွားသော်လည်း ကုလေ့မှာမူ ပြင်းထန်သော အားကြောင့် နောက်သို့ သုံးလှမ်းခန့် ဆုတ်ခွာလိုက်ရသည်။ ခြေလှမ်းတိုင်းမှာ မြေပြင်တွင် နက်ရှိုင်းသော ခြေရာများ ကျန်ရစ်ခဲ့သည်။
"စစ်သူကြီး ကုလေ့ကို တစ်ချက်တည်းနဲ့ သုံးလှမ်းဆုတ်အောင် လုပ်နိုင်တယ်လား"
မင်းသားဆယ့်သုံးပင် မျက်လုံးများ ပြူးသွားရသည်။ စစ်သူကြီး ကုလေ့၏ အစွမ်းမှာ အလွန်တရာ ကြီးမားလှပြီး သူသည် နတ်ဘုရားစွမ်းရည် သိုင်းပညာ တစ်မျိုးထက်မက တတ်မြောက်ထားသူ ဖြစ်သည်။ သူ၏ ခမည်းတော် ကောင်းကင်နတ်ဘုရားဧကရာဇ်၏ ပြောကြားချက်အရ သင့်တော်သော နတ်ဘုရားမျိုးစေ့သာ ရရှိပါက ကုလေ့မှာ မကြာမီ စစ်နတ်ဘုရား အဆင့်သို့ တက်လှမ်းနိုင်သူ ဖြစ်သည်။
သိုင်းဝိဇ္ဇာသူတော်စင် အဆင့်အောက်တွင် သူသည် အသန်မာဆုံးသူများထဲမှ တစ်ဦး ဖြစ်သည်။ ယခင်က မော့ကျွင်းလင်ကိုပင် ကောင်းကင်နဂါးဓားကို လက်လျှော့အောင် လုပ်နိုင်ခဲ့သူ ဖြစ်သည်။ သို့သော် ယခု ထိပ်တိုက် ရင်ဆိုင်မှုတွင်မူ တိုက်ပွဲဝင်ရုပ်သေးက သူ့ကို သုံးလှမ်းဆုတ်စေခဲ့သည်မှာ ကြောက်စရာ ကောင်းလှသည်။
စစ်သူကြီး ကုလေ့၏ မျက်နှာမှာ ဖြူလျော်သွားပြီး " သိုင်းဝိဇ္ဇာသူတော်စင်... ဒီတိုက်ပွဲဝင်ရုပ်သေးရဲ့ ခန္ဓာကိုယ် ခွန်အားက တကယ့် သိုင်းဝိဇ္ဇာသူတော်စင် တစ်ယောက်နဲ့ တူတူပဲ။"
ဤတိုက်ပွဲဝင်ရုပ်သေးမှာ ကောင်းကင်နဂါး သိုင်းဝိဇ္ဇာသူတော်စင်၏ တစ်သက်တာ ရန်သူဟောင်း ဖြစ်ခဲ့ပြီး နဂါးအသွင်ပြောင်း ဂိတ်တံခါး အတွင်း၌ နှစ်ပေါင်း ထောင်ချီ၍ စွမ်းအင်များ ရယူထားသဖြင့် ၎င်း၏ ခန္ဓာကိုယ်မှာ မူလနယ်ပယ် သိုင်းပညာရှင်အားလုံးထက် သာလွန်နေခြင်း ဖြစ်သည်။
ခန္ဓာကိုယ် ခွန်အားသက်သက် ဆိုလျှင်ပင် ၎င်းမှာ သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦးနှင့် ရင်ဘောင်တန်းနိုင်သည်။ အားအနည်းဆုံးသော သိုင်းဝိဇ္ဇာသူတော်စင်မှာပင် အသန်မာဆုံးသော မူလနယ်ပယ် သိုင်းပညာရှင်ကို အနိုင်ယူနိုင်စွမ်း ရှိရာ ၎င်းတို့ကြားတွင် ကြီးမားသော ကွာဟချက် ရှိနေသည်။
သိုင်းဝိဇ္ဇာသူတော်စင် အဆင့်ရှိသော ခန္ဓာကိုယ်ဖြင့် ဤတိုက်ပွဲရုပ်သေးသည် သိုင်းဝိဇ္ဇာသူတော်စင် အောက်ရှိ မည်သည့် ကျင့်ကြံသူကိုမဆို လက်သီးတစ်ချက်တည်းဖြင့် ချေမှုန်းနိုင်စွမ်း ရှိသည်။
ထို့ကြောင့် စစ်သူကြီး ကုလေ့က အော်ဟစ်လိုက်သည်။ "အားလုံးပဲ… ဒီတိုက်ပွဲရုပ်သေးက *ထျန်းလုံ သိုင်းဝိဇ္ဇာသူတော်စင် ချန်ထားခဲ့တဲ့ နောက်ဆုံး စမ်းသပ်ချက်ပဲ။ ငါတို့ ဒါကို အရင် အနိုင်ယူရမယ်။ မဟုတ်ရင် ဘယ်သူမှ ဂိတ်တံခါးကို ရမှာ မဟုတ်ဘူး။ အခု အရေးကြီးဆုံးက ငါတို့ အားလုံး ပူးပေါင်းပြီး ဒီရုပ်သေးကို အနိုင်တိုက်ဖို့ပဲ။"
"မဟုတ်ရင် သူက ငါတို့ကို တစ်ယောက်ပြီး တစ်ယောက် သတ်သွားလိမ့်မယ်။ အဲ့ဒီကျရင် ဘယ်သူမှ ဂိတ်တံခါးကို ထိနိုင်မှာ မဟုတ်တော့ဘူး။"
(T/N ထျန်းလုံ=ကောင်းကင်နဂါး)
အခန်း (၇၅၂) သိုင်းဝိဇ္ဇာသူတော်စင်အဆင့် ခန္ဓာကိုယ်။ စွမ်းရည် အဆင့်အတန်း။ (၁)
ထိုစကားများကို ကြားလိုက်ရသောအခါ လူတိုင်း၏ နှလုံးသားများ အေးစိမ့်သွားကြသည်။
နဂါးအသွင်ပြောင်း ဂိတ်တံခါးကို ပိုင်ဆိုင်ရန်အတွက် သူတို့သည် ပထမဦးစွာ ကောင်းကင်နဂါး တိုက်ပွဲရုပ်သေးကို ချေမှုန်းရမည်ဖြစ်သည်။ မဟုတ်ပါက မည်သူမျှ ဂိတ်တံခါးကို ယူဆောင်နိုင်မည် မဟုတ်သလို အသာကြည့်နေမည်ဆိုပါကလည်း ဤရုပ်သေး၏ တစ်ယောက်ချင်းစီ ချေမှုန်းခြင်းကို ခံရပေလိမ့်မည်။
ထို့ကြောင့် ဂိတ်တံခါး၏ ကံကြမ္မာကို မဆုံးဖြတ်မီ အားလုံး စုပေါင်း၍ ကောင်းကင်နဂါး တိုက်ပွဲဝင် ရုပ်သေးကို အရင် ဖြိုဖျက်ရန် ဆုံးဖြတ်လိုက်ကြသည်။
"တိုက်ကြ"
ပထမဆုံး တုံ့ပြန်သူမှာ မင်းသားဆယ့်သုံး ဖြစ်သည်။ သူ၏ မျက်လုံးများမှာ တောက်ပနေပြီး ရွှေရောင် နတ်ဘုရားဓားကို ကိုင်ဆောင်ကာ တိုက်ပွဲဝင် ရုပ်သေးထံသို့ ပထမဆုံး ပစ်မှတ်ထား တိုက်ခိုက်လိုက်သည်။
မော့ကျွင်းလင်၏ မျက်လုံးထဲတွင်လည်း အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သူကလည်း ဝင်ရောက်တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။ သူက အကျယ်ကြီး အော်ပြောလိုက်သည်။ "အားလုံး တိုက်ကြ…အခု အားမထုတ်ထားရင် နောက်မှ ဂိတ်တံခါးကို ခွဲဝေတဲ့အခါကျရင် အားထုတ်မှုမရှိတဲ့သူကို ငါတို့အားလုံး ပူးပေါင်းပြီး ဖယ်ရှားပစ်မယ်။"
မော့ကျွင်းလင်၏ စကားမှာ သွယ်ဝိုက်သော ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်။ တိုက်ခိုက်သူများသာ ဂိတ်တံခါးကို ရရန် အခွင့်အရေးရှိမည်ဖြစ်ပြီး ဘေးထိုင်နေသူများမှာ ဝေစုရရန် စိတ်ပင်မကူးသင့်ကြောင်း သတိပေးလိုက်ခြင်းပင်။
"လှုပ်ရှားကြစို့"
ကျန်လူများလည်း မဆိုင်းမတွဘဲ ကိုယ်စီ လှုပ်ရှားကြတော့သည်။ အကြောင်းမှာ တိုက်ပွဲဝင် ရုပ်သေးကို အနိုင်မရဘဲ မည်သူမျှ ဂိတ်တံခါးကို ရရန် အခွင့်အလမ်း မရှိသောကြောင့် ဖြစ်သည်။
ပါချန်နှင့် ပါယီတို့မှာ ကြောက်မက်ဖွယ် သားရဲကြီးနှစ်ကောင်ကဲ့သို့ တိုက်ပွဲဝင် ရုပ်သေးကို ဝိုင်းရံတိုက်ခိုက်ရန် ခုန်ဝင်သွားကြသည်။ စူးချန်ခုန်းနှင့် အလောင်းကောင် အဖိုးအိုတို့သည်လည်း ဝင်ရောက်တိုက်ခိုက်ရန် ရွေးချယ်လိုက်ကြသည်။
"ဘုန်း"
စူးချန်ခုန်း၏ ပုံရိပ်မှာ လျှပ်စီးကဲ့သို့ ပေါ်လာပြီး တိုက်ပွဲဝင် ရုပ်သေး၏ နောက်ကျောသို့ ရောက်ရှိသွားသည်။ သူ၏ ညာလက်သီးမှာ ကျားဖြူဟိန်းသံဖြင့် သတ်ဖြတ်ခြင်း အားမာန်များ ပါဝင်နေပြီး ရုပ်သေးရုပ်၏ ကျောပြင်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ထိုအားကြောင့် လေဟာပြင်မှာပင် လှိုင်းထသွားပြီး တိုက်ပွဲဝင်ရုပ်သေး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားကာ ၎င်း၏ ကျောဘက် ချပ်ဝတ်မှာ အက်ကြောင်းများ ပေါ်လာတော့သည်။
"ဝုန်း"
တိုက်ပွဲဝင်ရုပ်သေး၏ မျက်လုံးများမှာ သွေးရောင်များ လင်းလက်လာပြီး လက်သီးတစ်ချက်ဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။ ပြင်းထန်သော ဖိအားကြောင့် ဟင်းလင်းပြင်မှာ ပြိုကျလုမတတ် ဖြစ်သွားပြီး မခုခံနိုင်သော အင်အားတစ်ခု ပါဝင်နေသည်။
တိုက်ပွဲရုပ်သေး၏ ခန္ဓာကိုယ် ခွန်အားမှာ သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦးနှင့် တူညီနေသဖြင့် ၎င်း၏ တိုက်ခိုက်မှုတိုင်းမှာ ထိပ်တိုက်ရင်ဆိုင်ဖို့ မဖြစ်နိုင်လောက်အောင် ပြင်းထန်သည်။ စူးချန်ခုန်းမှာ ထိပ်တိုက်မတိုးဘဲ နောက်သို့ တစ်လှမ်းဆုတ်ကာ ဝှစ်ကနဲဖြင့် ပေသုံးဆယ်ကျော် ဝေးရာသို့ ရှောင်တိမ်းလိုက်သည်။
တိုက်ပွဲဝင်ရုပ်သေး၏ လက်သီးချက်ကြောင့် ဟင်းလင်းပြင်မှာ တုန်ခါသွားသော်လည်း စူးချန်ခုန်းကိုမူ အနည်းငယ်မျှ မထိခိုက်ခဲ့ပေ။
"ဘုန်း"
ထိုရုပ်သေးရုပ် လှည့်ကြည့်လိုက်စဉ်မှာပင် ကုလေ့၏ ရွှေရောင်လက်ဝါးမှာ စုစည်းသွားပြီး ရုပ်သေး၏ ဦးခေါင်းကို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။ ထိုဒဏ်ကြောင့် ခမောက်မှာ ချိုင့်ဝင်သွားပြီး ရုပ်သေး၏ ခြေထောက်နှစ်ဖက်မှာ မြေကြီးထဲသို့ နစ်ဝင်သွားတော့သည်။
"သတ်"
မော့ကျွင်းလင်၏ ဝိညာဉ်ခြွေလှံမှာလည်း ဘေးတိုက် ထိုးဝင်လာပြီး တိုက်ပွဲဝင်ရုပ်သေး၏ နံဘေးတဝိုက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်ရာ မီးပွားများ တဖျတ်ဖျတ် ထွက်ပေါ်လာသည်။
"ဒါပေမဲ့ မဖျက်ဆီးလိုက်ကြနဲ့ဦးလေ"
အလောင်းကောင် အဖိုးအိုက စိုးရိမ်နေပုံရသည်။ ဤကောင်းကင်နဂါး တိုက်ပွဲဝင်ရုပ်သေးမှာ သက်မဲ့အရာတစ်ခုသာ ဖြစ်ပြီး သူကိုယ်တိုင်၏ အလောင်းကောင် ခန္ဓာကိုယ်နှင့် ဆင်တူနေသော်လည်း ၎င်း၏ ခန္ဓာကိုယ်မှာ သိုင်းဝိဇ္ဇာသူတော်စင် အဆင့်တွင် ရှိနေသည်။ အကယ်၍သာ ဤရုပ်သေးရုပ်ကို သူရရှိပြီး သေချာလေ့လာနိုင်ပါက သူ၏ ကျင့်ကြံမှုမှာ အဆင့်တက်နိုင်မည်ဟု ခံစားနေရသည်။
သန်မာသော ကျင့်ကြံသူ ဆယ်ဦးတို့ ဝိုင်းရံတိုက်ခိုက်နေသဖြင့် တိုက်ပွဲဝင်ရုပ်သေးမှာ ဒေါသတကြီး ဟိန်းဟောက်နေသော်လည်း မည်သူ့ကိုမျှ သေစေလောက်သော ဒဏ်ရာ မပေးနိုင်ပေ။ အားလုံးမှာ တိုက်ခိုက်ပြီး ရှောင်တိမ်းခြင်း၊ အလှည့်ကျ တိုက်ခိုက်ခြင်းများဖြင့် ရုပ်သေးကို အင်အားကုန်အောင် ပြုလုပ်နေကြသည်။
"ငါတို့ ဆယ်ယောက် စုပေါင်းတိုက်ရင် သိုင်းဝိဇ္ဇာသူတော်စင် အစစ်ကိုတောင် ရင်ဆိုင်နိုင်မှာ။ ရိုးရိုးရုပ်သေးတစ်ရုပ်ကတော့ ဘာမှ မဟုတ်ပါဘူး။"
ပါယီက စိတ်ထဲမှ တွေးလိုက်သည်။ သူသည် ရက်စက်သော ဝံပုလွေတစ်ကောင်ကဲ့သို့ နောက်ကျောမှ ခုန်ဝင်ကာ သူ၏ လက်ဝါးဓားဖြင့် တိုက်ပွဲဝင်ရုပ်သေး၏ လည်ပင်းကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။ ရုပ်သေးက ပြန်မတိုက်မီမှာပင် သူက လျှပ်စီးကဲ့သို့ နောက်သို့ ပြန်ဆုတ်လိုက်သည်။
တိုက်ပွဲဝင်ရုပ်သေးမှာ အားနည်းနေ၍ မဟုတ်ပေ။ အကယ်၍ ဤနေရာရှိ မည်သူမဆို ၎င်းနှင့် တစ်ယောက်ချင်း တိုက်ရမည်ဆိုပါက သိုင်းဝိဇ္ဇာသူတော်စင် အဆင့် ခန္ဓာကိုယ်ရှိသော ရုပ်သေးတစ်ရုပ်ကို ရင်ဆိုင်ရခြင်းမှာ သေရေးရှင်ရေး တိုက်ပွဲ ဖြစ်ပေလိမ့်မည်။
သို့သော် ယခု ရောက်ရှိနေသူ ဆယ်ဦးစလုံးမှာ ၎င်းတို့၏ မျိုးနွယ်စုနှင့် နိုင်ငံတော်များတွင် ထိပ်တန်း အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့ ဆယ်ဦး ပူးပေါင်းလိုက်သောအခါ သိုင်းဝိဇ္ဇာသူတော်စင် အစစ်မပါဘဲနှင့်ပင် ရင်ဆိုင်ရန် မခက်တော့ပေ။ ကောင်းကင်နဂါး သိုင်းဝိဇ္ဇာသူတော်စင်သည်ပင် နှစ်ပေါင်း နှစ်ထောင်၊ သုံးထောင် ကြာပြီးနောက်တွင် ဤကောင်းကင်ဂူနန်းထဲသို့ ဝင်လာမည့်သူများမှာ ဤမျှအထိ ထိပ်တန်း အထူးချွန်ဆုံး ပါရမီရှင်များ ဖြစ်နေလိမ့်မည်ဟု တွေးထားမိမည် မဟုတ်ပေ။
"ဒီတိုက်ပွဲရုပ်သေးက စိတ်ဝိညာဉ်ကို တိုက်ခိုက်တဲ့ နည်းလမ်းတွေကို ကြောက်တယ်။ စိတ်ဝိညာဉ် သိုင်းပညာတွေနဲ့ သူ့ကို တိုက်ကြ"
ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားသော ယန်ကျုံးက သူ၏ ဓားအသိစိတ်ကို စုစည်းကာ တိုက်ပွဲဝင် ရုပ်သေး၏ ခန္ဓာကိုယ်ကို တိုက်ခိုက်ရင်း အော်ဟစ်လိုက်သည်။
တိုက်ပွဲဝင် ရုပ်သေးတွင် အလွန်သန်မာသော ခန္ဓာကိုယ် ရှိသော်လည်း ၎င်း၏ လှုပ်ရှားမှုများကို ထိန်းချုပ်ထားသည်မှာ သိစိတ်ပင်လယ်အတွင်းရှိ ဝိညာဉ်အကြွင်းအကျန် တစ်ခုသာ ဖြစ်သည်။ ၎င်းသည် များသောအားဖြင့် အိပ်ပျော်နေပြီး တိုက်ပွဲဖြစ်ချိန်မှသာ နိုးထလာခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုဝိညာဉ်အကြွင်းအကျန်ကို တိုက်ခိုက်ပြီး ဖျက်ဆီးပစ်နိုင်ပါက ရုပ်သေးမှာ လှုပ်ရှားနိုင်တော့မည် မဟုတ်ဘဲ အခွံသက်သက်သာ ဖြစ်သွားပေလိမ့်မည်။
"ဘုန်း"
အမှန်ပင် ကုလေ့၏ လက်ဝါးအသိစိတ်မှာ စုစည်းသွားပြီး သူ၏ ရွှေရောင်လက်ဝါးသည် ပြင်းထန်သော ဖိအားဖြင့် ရုပ်သေး၏ ခန္ဓာကိုယ်ကို ထိမှန်ကာ ၎င်း၏ သိစိတ်ပင်လယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုလက်ဝါးချက်ကြောင့် တိုက်ပွဲရုပ်သေး၏ သွေးရောင်မျက်လုံးများမှာ တုန်ခါသွားပြီး အတွင်းရှိ ဝိညာဉ်မှာလည်း ယိုင်နဲ့သွားတော့သည်။
ကျားဖြူဟိန်းသံနှင့် သတ်ဖြတ်ခြင်း။
စူးချန်ခုန်းသည် ရှေ့သို့ တစ်လှမ်းတက်လိုက်ရာ သူ၏ ကိုယ်တွင်းရှိ ဓားသွားဝိညာဉ်မှာ တုန်ခါသွားသည်။ ဝိညာဉ်မှ ပြောင်းလဲလာသော ဓားသွားအသိကို လက်သီးချက်အတွင်း ထည့်သွင်းကာ တိုက်ပွဲဝင်ရုပ်သေး၏ ကျောပြင်ကို ပြင်းထန်စွာ ထိုးနှံလိုက်သည်။ ပြင်းထန်သော ဓားအသိစိတ်မှာ ရုပ်သေးရုပ်၏ ဦးခေါင်းရှိ အသိစိတ်ပင်လယ်ထဲသို့ တိုက်ရိုက် ဦးတည်သွားပြီး ၎င်းကို ကွဲအက်မတတ် ဖြစ်သွားစေသည်။
တိုက်ပွဲဝင်ရုပ်သေးသည် အလောင်းကောင်နှင့် ဆင်တူပြီး ၎င်း၏ ခန္ဓာကိုယ်မှာ တံခါးဦး၏ စွမ်းအားကြောင့် ဖျက်ဆီးရန် မလွယ်ကူသော်လည်း စိတ်ဝိညာဉ်အဆင့် တိုက်ခိုက်မှုများကိုမူ ကြောက်ရွံ့ခြင်းမှာ အားနည်းချက်ပင် ဖြစ်သည်။
တိုက်ပွဲဝင်ရုပ်သေး၏ လှုပ်ရှားမှုများမှာ သိသိသာသာ နှေးကွေးသွားပြီး ၎င်း၏ ပြန်လည်တိုက်ခိုက်မှုများမှာ အားပါနေသေးသော်လည်း အကြိမ်အရေအတွက်မှာ လျော့နည်းသွားတော့သည်။ ဝိညာဉ်မဲ့နေသော ရုပ်သေးတစ်ရုပ်နှင့် တူလာသည်။
နောက်ထပ် စိတ်ဝိညာဉ် သိုင်းပညာများစွာ ပါဝင်သော တိုက်ခိုက်မှုများကို ခံလိုက်ရပြီးနောက် တိုက်ပွဲဝင် ရုပ်သေးမှာ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားကာ လှုပ်ရှားမှု မရှိတော့ပေ။ အတွင်းရှိ ဝိညာဉ်အကြွင်းအကျန်မှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သည်။
၎င်းတွင် ကြီးမားသော ခွန်အားနှင့် စစ်နတ်ဘုရားနှင့် ဆင်တူသော ခန္ဓာကိုယ် ရှိနေလျှင်ပင် ၎င်းမှာ သိုင်းဝိဇ္ဇာသူတော်စင် အစစ်မဟုတ်ပေ။ စွမ်းအားကြီး ကျင့်ကြံသူ ဆယ်ဦး၏ ဝိုင်းရံမှုကို ခံရသောအခါ ရှုံးနိမ့်ခြင်းမှာ ရှောင်လွှဲ၍ မရသော လမ်းပင် ဖြစ်သည်။
တိုက်ပွဲဝင်ရုပ်သေးရုပ် လဲကျသွားသည်နှင့် တပြိုင်နက် အလောင်းကောင် အဖိုးအိုသည် အချိန်မဆွဲဘဲ ၎င်းထံသို့ ခုန်အုပ်လိုက်သည်။ သူ၏ မီးခိုးရောင် မျက်လုံးများတွင် လိုချင်တပ်မက်မှုများ ပြည့်နှက်နေ၏။ သူ့အတွက်မူ ဤတိုက်ပွဲရုပ်သေးမှာ နတ်ဘုရားမျိုးစေ့ တစ်စေ့ထက်မနည်း အဖိုးတန်လှပေသည်။
အခန်း (၇၅၃) သိုင်းဝိဇ္ဇာသူတော်စင်အဆင့် ခန္ဓာကိုယ်။ စွမ်းရည် အဆင့်အတန်း။ (၂)
"ဝှူးရှ်"
ထိုစဉ်မှာပင် အေးစိမ့်သော အလင်းတန်းများ တဖျတ်ဖျတ် တောက်နေသည့် လှံရှည်တစ်ချောင်းသည် ဘေးဘက်မှ ပြင်းထန်စွာ ထိုးနှက်လာသည်။ ၎င်းတွင် ရဲရဲတောက် အရှိန်အဝါများ ပါဝင်နေပြီး ခဏချင်းအတွင်း ရောက်ရှိလာခြင်း ဖြစ်သည်။
"တောက်"
အလောင်းကောင် အဖိုးအိုက ဒေါသတကြီး ဆဲရေးလိုက်သည်။ သူ၏ လက်ဝါးတစ်ဖက်မှာ မီးခိုးရောင် မြူခိုးများ ဖုံးလွှမ်းသွားပြီး အသားအရေမှာ တွန့်လိမ်လျက် လက်သည်းများမှာ ဓားသွားများကဲ့သို့ ရှည်ထွက်လာကာ ထိုးနှက်လာသော လှံကို ခုခံလိုက်သည်။
"ဘုန်း"
လေထုမှာ တုန်ခါသွားပြီး အလောင်းကောင် အဖိုးအိုမှာ နောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာလိုက်ရသည်။ လှုပ်ရှားလိုက်သူမှာ အခြားသူမဟုတ်ဘဲ မော့ကျွင်းလင်ပင် ဖြစ်သည်။ သူ၏ မျက်လုံးထဲတွင် အေးစိမ့်သော အလင်းတန်းများ ဖြတ်ပြေးသွားပြီး "ဒီတိုက်ပွဲရဲ့ ရလဒ်က မင်းနဲ့ မဆိုင်ဘူး။"
ကောင်းကင်နဂါး တိုက်ပွဲဝင်ရုပ်သေးမှာ သိုင်းဝိဇ္ဇာသူတော်စင်အဆင့် ခန္ဓာကိုယ် ရှိနေခြင်း ဖြစ်သည်။ ၎င်းကို လေ့လာရန် မပြောနှင့် ၎င်းကို ရုပ်သေးရုပ်အဖြစ် ပြန်လည် ပြုပြင်နိုင်မည်ဆိုပါက အလွန်အစွမ်းထက်သော လက်ထောက်တစ်ဦး ရရှိခြင်းနှင့် တူပေလိမ့်မည်။ ထို့ပြင် မော့ကျွင်းလင်မှာ အလောင်းကောင် အဖိုးအိုနှင့် ရန်သူ ဖြစ်နေပြီးသား ဖြစ်ရာ အဖိုးအိုကို အောင်မြင်ခွင့် မပေးဘဲ တိုက်ပွဲဝင်ရုပ်သေးကို မယူနိုင်ရန် တိုက်ရိုက် တားဆီးလိုက်ခြင်း ဖြစ်သည်။
"ရှူး"
ထိုစဉ်မှာပင် မြွေဟောက်တစ်ကောင်ကဲ့သို့ လျင်မြန်လှသော အနီရောင် အင်္ကျီလက်တစ်ခုမှာ ထွက်ပေါ်လာပြီး တိုက်ပွဲဝင်ရုပ်သေး၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ ဆွဲယူရန် ကြိုးစားလိုက်သည်။ လှုပ်ရှားလိုက်သူမှာ မော့ကျွင်းလင်နှင့်အတူ လာသော ဆန်းကြယ်ယင် မိစ္ဆာမ ဖြစ်သည်။ မော့ကျွင်းလင်က အလောင်းကောင် အဖိုးအိုကို တားဆီးနေစဉ်တွင် သူမက အခွင့်ကောင်းယူကာ တိုက်ပွဲရုပ်သေးကို အရယူရန် ကြိုးစားလိုက်ခြင်းပင်။
"ဖတ်"
မြွေကဲ့သို့သော အင်္ကျီလက်စမှာ တိုက်ပွဲရုပ်သေး၏ အလောင်းကို တစ်ဝက်ခန့် ဆွဲယူရုံရှိသေးစဉ် အေးစိမ့်သော ဓားအလင်းတန်း တစ်ခုက ခုတ်ပိုင်းလိုက်သဖြင့် အင်္ကျီလက်စမှာ ပြတ်တောက်သွားတော့သည်။ ထိုသူသည် တိုက်ပွဲဝင်ရုပ်သေးကို ဖမ်းယူကာ သူ၏ ခါးရှိ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
"တာ့ဝူဖုန်း"
မော့ကျွင်းလင်၏ မျက်လုံးထဲမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူ့ကို ကြားဖြတ်နှောင့်ယှက်သူမှာ စူးချန်ခုန်းပင် ဖြစ်သည်။
"ညီလေးတာ့"
စူးချန်ခုန်းက လှုပ်ရှားပြီး တိုက်ပွဲဝင် ရုပ်သေးရုပ်ကို သူ၏ အိတ်ထဲ ထည့်လိုက်သည်ကို မြင်သောအခါ အလောင်းကောင် အဖိုးအိုက သက်ပြင်းချနိုင်တော့သည်။ မော့ကျွင်းလင်တို့ လက်ထဲ မရောက်သရွေ့ သူ စိတ်အေးရသည်။
"တာ့ဝူဖုန်း... မင်းကို ငါ တကယ် ကြောက်နေတယ်လို့ ထင်နေတာလား။ ပြီးခဲ့တဲ့ အခေါက်က အခက်အခဲသာ မရှိခဲ့ရင် မင်းရဲ့ ခေါင်းက ပြတ်နေပြီ။"
မော့ကျွင်းလင်၏ ခန္ဓာကိုယ်ပေါ်ရှိ မိစ္ဆာအမှတ်အသားများမှာ လင်းလက်လာပြီး သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် ပြောလိုက်သည်။
ယခင် တစ်ခေါက်က သူတို့နှစ်ဦး ခဏတာ ရင်ဆိုင်ခဲ့စဉ်တွင် မော့ကျွင်းလင်မှာ အမှောင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦး ရှိနေသည်ဟု ခံစားရသဖြင့် ဆုတ်ခွာခဲ့ခြင်း ဖြစ်သည်။ ယခင်က စူးချန်ခုန်းသည် သူ၏ အစီအစဉ်များကို ဖျက်ဆီးပြီး အလောင်းကောင် အဖိုးအိုကို ကယ်တင်ခဲ့ရုံသာမက ယခုလည်း သူ့ကို နှောင့်ယှက်ကာ တိုက်ပွဲဝင်ရုပ်သေးကိုပါ ယူသွားသဖြင့် မော့ကျွင်းလင်၏ သတ်ဖြတ်လိုစိတ်မှာ ထိန်းမနိုင် သိမ်းမရ ဖြစ်လာတော့သည်။
"စမ်းကြည့်ချင်ရင်တော့ ကြိုဆိုပါတယ်" စူးချန်ခုန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ သူသည် မော့ကျွင်းလင်နှင့် ရန်သူဖြစ်နေပြီးသား ဖြစ်ရာ ထပ်မံ စိတ်ဆိုးအောင် လုပ်ရန် မကြောက်ပေ။ လိုအပ်လာပါက ဤနေရာတွင်ပင် အသေအလဲ တိုက်ခိုက်ရန် သူ အသင့်ရှိနေသည်။
ဆန်းကြယ်ယင် မိစ္ဆာမ၏ မျက်နှာမှာ ပြုံးနေသော်လည်း မြင်ရသူကို ချမ်းစိမ့်သွားစေသည်မှာ အဆိပ်ပြင်းသော မြွေတစ်ကောင်နှင့် တူလှသည်။ အခြေအနေမှာ တင်းမာနေသော်လည်း ထိုအချိန်တွင် နဂါးအသွင်ပြောင်း ဂိတ်တံခါးထံမှ လှုပ်ရှားမှုတစ်ခု ထွက်ပေါ်လာသည်။
"ဝုန်း... ဝုန်း... ဝုန်း"
ဂိတ်တံခါးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ရွှေနဂါးကြီးမှာ တံခါးဦးအထက်တွင် တစ်ဖန် ပေါ်လာကာ ဝဲပျံနေတော့သည်။ ဤအရာက လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သဖြင့် မော့ကျွင်းလင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "ထားလိုက်တော့... မင်း ဘာကိုမှ အသက်ရှင်လျက်နဲ့ ယူသွားနိုင်မှာ မဟုတ်ဘူး။ အချိန်တန်ရင် မင်းရဲ့ ခေါင်းကို ငါ ကိုယ်တိုင် ဖြတ်မယ်။"
မော့ကျွင်းလင်သည် လောလောဆယ်တွင် လှုပ်ရှားလိုစိတ်ကို ယာယီ ထိန်းချုပ်ထားလိုက်သည်။
ရွှေနဂါးကြီးက သက်ပြင်းချလိုက်သည်။ "ကျောက်ကျွင်း... မင်းနဲ့ ငါကြားမှာ ရန်ငြိုးကြီးခဲ့ပေမဲ့ ငါလည်း မင်းကို ရုပ်သေးရုပ်အဖြစ် ပြောင်းပြီး နှစ်ပေါင်းထောင်ချီ ထိန်းချုပ်ခဲ့ပြီးပြီ။ အခုတော့ မင်းကို ငါ လွတ်လပ်ခွင့် ပေးလိုက်မယ်။ ကျေးဇူးတရားတွေ ရန်ငြိုးတွေအားလုံးကို... တစ်ချက်တည်းနဲ့ အဆုံးသတ်လိုက်ကြရအောင်။"
ကျောက်ကျွင်း ဆိုသည်မှာ တိုက်ပွဲဝင်ရုပ်သေး၏ နဂိုအမည်ဖြစ်ပြီး ကောင်းကင်နဂါး သိုင်းဝိဇ္ဇာသူတော်စင်နှင့် ကြီးမားသော ရန်ငြိုးရှိခဲ့သူ ဖြစ်သည်။ သိုင်းဝိဇ္ဇာသူတော်စင်သည် သူ့ကို ဂိတ်တံခါးအား ရယူရန်အတွက် စမ်းသပ်ချက်အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်သလို ယခုတွင်မူ သူ့ကို လွတ်မြောက်ခွင့် ပေးလိုက်ခြင်းလည်း ဖြစ်သည်။ မည်မျှပင် ရန်ငြိုးကြီးခဲ့ပါစေ နှစ်ဦးစလုံး ကွယ်လွန်သွားပြီ ဖြစ်ရာ မည်သည့် ရန်ငြိုးမှ မကျန်တော့ပေ။
တိုက်ပွဲဝင်ရုပ်သေးအတွင်းရှိ ဝိညာဉ်အကြွင်းအကျန် ပျက်စီးသွားပြီးနောက် ဂိတ်တံခါးအတွင်းမှ ရွှေနဂါးမှာ ပြန်လည် ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတွင် သိုင်းဝိဇ္ဇာသူတော်စင် ချန်ထားခဲ့သော စိတ်ကူးတစ်ခု ကျန်ရှိနေသေးသည်။
ရွှေနဂါးကြီးက ပြောလိုက်သည်။ "ဒီနဂါးအသွင်ပြောင်းလဲ ဂိတ်တံခါးဟာ ငါ့ရဲ့ အကောင်းဆုံး လက်ရာပဲ။ သာမန်လူတွေရဲ့ လက်ထဲကိုတော့ ရောက်မသွားစေရဘူး။ တကယ်လို့ သူတို့လက်ထဲ ရောက်သွားရင်တောင်... အဲ့ဒါကို ခံစားနိုင်လောက်တဲ့အထိ ကံကောင်းမှာ မဟုတ်ဘူး"
ရွှေနဂါးကြီး၏ စကားကြောင့် လူအုပ်ကြီးမှာ အသာအယာ ခေါင်းညိတ်လိုက်ကြသည်။ အမှန်ပင် သာမန်လူတစ်ယောက်သည် ဤဂိတ်တံခါးကို ရရှိလျှင်ပင် ၎င်းကို ကာကွယ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။
"သာမန်လူတွေတဲ့လား။ ဘယ်လိုလူမျိုးက သာမန်လူမဟုတ်တာလဲ" ယန်ရုက မျက်မှောင်ကြုတ်လိုက်သည်။ ဤနေရာသို့ ရောက်လာနိုင်သူများမှာ သာမန်လူများ မဟုတ်ကြသည်မှာ သေချာပါသည်။
"တစ်နေ့မှာ ငါ့ကို ကျော်လွန်သွားနိုင်မယ့် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာမယ့် စွမ်းရည် ရှိရမယ်။ အဲ့ဒီလို လူမှသာ ဒီဂိတ်တံခါးကို ပိုင်ဆိုင်ဖို့ ထိုက်တန်တာ။"
ရွှေနဂါးကြီးက လူသားကဲ့သို့ ပြောလိုက်သည်။ သိုင်းဝိဇ္ဇာသူတော်စင်၏ သာမန်လူ ဆိုသော အဓိပ္ပာယ်ကို ရှင်းပြလိုက်ရာ လူတိုင်း၏ နှုတ်ခမ်းများမှာ အနည်းငယ် တွန့်သွားကြသည်။
ထျန်းလုံ သိုင်းဝိဇ္ဇာသူတော်စင်မှာ ပါရမီထူးခြားသူ ဖြစ်ပြီး နတ်ဘုရားရတနာကိုပင် ဖန်တီးနိုင်သူ ဖြစ်သည်။ ရောက်ရှိနေသူများမှာ လူသန်းပေါင်းများစွာထဲမှ ပါရမီရှင်များ ဖြစ်ကြသော်လည်း မည်သူက ထိုသိုင်းဝိဇ္ဇာသူတော်စင်ကို ကျော်လွန်နိုင်မည့် စွမ်းရည် ရှိသည်ဟု ရဲရဲဝံ့ဝံ့ ပြောဝံ့ပါမည်နည်း။
"ဘိုးဘေး... အဲ့ဒီစွမ်းရည်ကို ဘယ်လို စမ်းသပ်မှာလဲ"
ပါချန်က မမေးဘဲ မနေနိုင်တော့ပေ။
"ဂိတ်ဒီတံခါးကို ဖြတ်သန်းသွားရမယ်... အဲ့ဒီလို ဖြတ်သန်းသွားတဲ့အခါ နဂါးချီစွမ်းအင်က မင်းတို့ရဲ့ ခန္ဓာကိုယ်ကို မြှင့်တင်ပေးမယ်။ ဉာဏ်ရည်နဲ့ အရိုးတည်ဆောက်ပုံကိုလည်း ကောင်းမွန်စေမယ်။ တစ်ချိန်တည်းမှာပဲ မင်းတို့ရဲ့ စွမ်းရည် ဘယ်အဆင့် ရှိသလဲဆိုတာကိုလည်း သတ်မှတ်ပေးလိမ့်မယ်။ ဒီဂိတ်တံခါးကို မရရင်တောင်မှ မင်းတို့ အထဲက ထူးခြားတဲ့ စွမ်းအားတွေကို ခံစားရမှာပါ"
ရွှေနဂါးကြီးက သူတို့ကို ငုံ့ကြည့်ကာ ထိုစမ်းသပ်မှု နည်းလမ်းကို ထုတ်ဖော်လိုက်သည်။
ဂိတ်တံခါးကို ဖြတ်သန်းခြင်း…. ထိုသို့ လုပ်ဆောင်စဉ်တွင် ဂိတ်တံခါး၏ နတ်ဘုရားစွမ်းရည်ဖြစ်သည့် နဂါးအသွင်ပြောင်းခြင်းက ဝင်ရောက်သူ၏ အရည်အချင်းကို မြှင့်တင်ပေးမည် ဖြစ်ပြီး အညံ့စားကို ပါရမီရှင် ဖြစ်စေကာ ပါရမီရှင်ကို ပို၍ ထူးချွန်သူ ဖြစ်စေမည် ဖြစ်သည်။
ဂိတ်တံခါးကို ပိုင်ဆိုင်ခွင့် မရလျှင်ပင် အကျိုးကျေးဇူးအချို့ ရရှိမည် ဖြစ်သည်။ လူတိုင်း၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်လောင်လာသည်။ မည်သူမျှ မိမိကိုယ်ကို သိုင်းဝိဇ္ဇာသူတော်စင်ဖြစ်လာမည့် စွမ်းရည် မရှိဟု မသတ်မှတ်ထားကြပေ။ အများစုမှာ လူငယ်များ ဖြစ်ကြပြီး ၎င်းတို့ နယ်ပယ်တွင် ထိပ်တန်း ပါရမီရှင်များ ဖြစ်ကြသည်။
"မင်း... မင်း အရင်သွား။ မင်းရဲ့ အမြန်ဆုံး အရှိန်နဲ့ ဂိတ်ဒီတံခါးကို ဖြတ်သွားကြည့်" ဟု ရွှေနဂါးကြီးက ပြောကာ အဖိုးတန် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်သည့် မင်းသားဆယ့်သုံးကို စိုက်ကြည့်လိုက်သည်။