အခန်း (၇၅၄-၇၅၆)
Vol. 51 Ch. 754-756
အခန်း (၇၅၄) သိုင်းဝိဇ္ဇာသူတော်စင်အဆင့် ခန္ဓာကိုယ်။ စွမ်းရည် အဆင့်အတန်း။ (၃)
မင်းသားဆယ့်သုံးသည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် အနည်းငယ် မောက်မာစွာဖြင့် ပြောလိုက်သည်။"ငါမင်းသားက ကောင်းကင်နတ်ဘုရားဧကရာဇ်ရဲ့ သားတော်... သိုင်းဝိဇ္ဇာသူတော်စင်ရဲ့ တိုက်ရိုက် သွေးရင်းပဲ။ ဒီနဂါးအသွင်ပြောင်း ဂိတ်တံခါးက ဒီမင်းသားလက်ထဲကိုပဲ ရောက်ရမှာ။"
သူ၏ ပါရမီကို ကိုယ်တိုင် ယုံကြည်မှုရှိသော မင်းသားဆယ့်သုံးသည် သူ၏ ခမည်းတော်မှာ ကောင်းကင်နတ်ဘုရား တောင်တန်းတွင် စံမြန်းနေသော လက်ရှိ ကောင်းကင်နတ်ဘုရား ဖြစ်ကြောင်း သိထားသည်။ သူသည် သိုင်းဝိဇ္ဇာသူတော်စင် အစစ်အမှန် တစ်ဦးဖြစ်သည်။ သိုင်းဝိဇ္ဇာသူတော်စင်၏ တိုက်ရိုက် သွေးသားဖြစ်သည့်အတွက် အခြားသူများထက် သာလွန်မည်ဟု သူ ယူဆထားလေ၏။
"သွားလိုက်ပါ" စစ်သူကြီး ကုလေ့က ပြောလိုက်သည်။ အကယ်၍ မင်းသားဆယ့်သုံးသာ ကောင်းကင်နဂါး သိုင်းဝိဇ္ဇာသူတော်စင်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပါက သူတို့၏ အင်ပါယာသည် နတ်ဘုရားရတနာကို တိုက်ရိုက် ပိုင်ဆိုင်ခွင့် ရရှိမည်ဖြစ်ပြီး ဤခရီးစဉ်၏ ရည်ရွယ်ချက်မှာလည်း ပြည့်မြောက်သွားမည် ဖြစ်သည်။
မင်းသားဆယ့်သုံးက ခေါင်းညိတ်ကာ မစောင့်နိုင်တော့ဘဲ ဧရာမ ဂိတ်တံခါးကြီး၏ ရှေ့သို့ ရောက်ရှိလာသည်။ သူသည် တံခါးအတွင်းသို့ ဖြည်းညှင်းစွာ လှမ်းဝင်လိုက်သည်။
"ဝုန်း... ဝုန်း"
နဂါးအသွင်ပြောင်း ဂိတ်တံခါးကြီးမှာ ရွှေရောင်နဂါး အမှတ်အသားများဖြင့် လင်းထိန်လာပြီး ရွှေရောင် ဓာတ်ငွေ့မျှင်များမှာ မင်းသားတဆယ့်သုံး၏ ခန္ဓာကိုယ်ကို ရစ်ပတ်သွားရာ သူ၏ မျက်နှာတွင် သာယာကြည်နူးသော အမူအရာ ပေါ်လာတော့သည်။
'ငါ မွေးကတည်းက ငါ့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ဖို့ သဘာဝနဲ့ ပိုပြီး လိုက်လျောညီထွေဖြစ်ဖို့ သိုင်းပညာ လေ့ကျင့်ရာမှာ ပိုပြီး သင့်တော်ဖို့အတွက် ကောင်းကင်နဲ့ မြေကြီးရဲ့ နတ်ဘုရားရတနာပေါင်းများစွာကို စားသုံးခဲ့ဖူးတယ်။ အဖိုးတန်ဆုံးဖြစ်တဲ့ ခြင်ဆီဆေးကြော ဝိညာဉ်ရည်တောင် ငါ့အပေါ်မှာ အာနိသင် မရှိတော့ဘူး။'
'ဒါပေမဲ့ ဒီဂိတ်တံခါးထဲမှာတော့ ငါဟာ အဲ့ဒီ ဝိညာဉ်ရည်ကို ပထမဆုံးအကြိမ် သုံးလိုက်ရသလိုမျိုး တစ်ကိုယ်လုံး အသစ်ပြန်ဖြစ်သွားတဲ့ ခံစားချက်မျိုး ရနေတယ်။ ဒါက နတ်ဘုရားရတနာရဲ့ စွမ်းအားလား။'
မင်းသားဆယ့်သုံးမှာ အံ့အားသင့်မဆုံး ဖြစ်နေမိသည်။ သူ၏ ခန္ဓာကိုယ် အနေအထားအရ မည်သည့် ဝိညာဉ်ဆေးလုံး၊ ဆေးဝါးမျိုးမဆို အကျိုးသက်ရောက်မှုမှာ အကန့်အသတ် ရှိသည်။ သို့သော် ဤဂိတ်တံခါးမှာမူ သူ့ကို အသစ်တစ်ဖန် ပြန်လည် မွေးဖွားလိုက်သကဲ့သို့ ခံစားရစေသည်မှာ အလွန်ပင် ဆန်းကြယ်လှပေသည်။
ကျင့်ကြံသူတစ်ဦး၏ ပါရမီကို မြှင့်တင်ပေးနိုင်စွမ်းမှာ ဤရတနာ၏ စွမ်းအားတစ်ခုသာ ရှိပါသေးသည်။ သာမန် ဆေးဖက်ဝင်အပင် တစ်ပင်ပင်လျှင် ဤတံခါးကို ဖြတ်သန်းသွားပါက ဝိညာဉ်မြက် သို့မဟုတ် ဝိညာဉ်ဆေးပင်နှင့် တူညီသော စွမ်းရည်များကို ရရှိနိုင်မည် ဖြစ်သည်။
နာရီဝက်ခန့် ကြာပြီးနောက် မင်းသားဆယ့်သုံးသည် တံခါးအတွင်းရှိ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ အခြားတစ်ဖက်သို့ ထွက်လာခဲ့သည်။ သူသည် တစ်ကိုယ်လုံး လန်းဆန်းနေပြီး စိတ်မှာလည်း ပို၍ ကြည်လင်နေကာ သဘာဝ၏ ဝိညာဉ်စွမ်းအင်များကို အာရုံခံနိုင်စွမ်းမှာလည်း ပို၍ ထက်မြက်လာသည်။ ဤသည်မှာ သူ၏ ပါရမီနှင့် အခြေခံမှာ နောက်ထပ် အဆင့်တစ်ခုသို့ မြင့်တက်သွားခြင်းပင် ဖြစ်သည်။
"ဒီဂိတ်တံခါးက အရမ်း အံ့သြဖို့ ကောင်းတာပဲ။ တကယ်ပဲ လူတစ်ယောက်ကို နဂါးအဖြစ် ပြောင်းလဲပေးနိုင်တာလား" ကျန်ရှိသူများမှာလည်း မင်းသား၏ ပြောင်းလဲမှုကို သိသိသာသာ ခံစားရသဖြင့် တအံ့တသြ ဖြစ်နေကြပြီး ဂိတ်တံခါးကို ပို၍ပင် လိုချင်တပ်မက်လာကြသည်။
"အရည်အချင်း မပြည့်မီဘူး” ရွှေနဂါးကြီးက ဖြည်းညှင်းစွာ ခေါင်းခါလျက် ပြောလိုက်သည်။ ထိုစကားက မင်းသားဆယ့်သုံး၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုများကို ခဲသွားစေသည်။
"ဒါပေမဲ့ ငါမင်းသားက သိုင်းဝိဇ္ဇာသူတော်စင်ရဲ့ တိုက်ရိုက် သွေးရင်းလေ။" မင်းသားဆယ့်သုံးမှာ မယုံနိုင်အောင် ဖြစ်နေသည်။
ပါချန်က ရယ်မောလျက် ခေါင်းခါလိုက်သည်။ "သိုင်းဝိဇ္ဇာသူတော်စင်ရဲ့ သွေးရင်းတဲ့လား။ မင်းရဲ့ ပါရမီက တခြားလူတွေထက် အများကြီး သာတာတော့ အမှန်ပဲ။ ဒါပေမဲ့ သိုင်းဝိဇ္ဇာသူတော်စင်ရဲ့ သွေးရင်း ဖြစ်နေရင်တောင် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာဖို့က အရမ်း ခက်ခဲတယ်။ အနည်းဆုံးတော့ အဲ့ဒီလို မြင့်မြတ်တဲ့ မိသားစုတွေထဲမှာတောင် သိုင်းဝိဇ္ဇာသူတော်စင်ရဲ့ သားသမီးတွေထဲက ဒုတိယမြောက် သိုင်းဝိဇ္ဇာသူတော်စင် ထွက်ပေါ်လာတာက အရမ်း ရှားတယ်။"
သိုင်းဝိဇ္ဇာသူတော်စင်၏ သားသမီးမှ သိုင်းဝိဇ္ဇာသူတော်စင် ထပ်ဖြစ်ရန်မှာ ဒဏ္ဍာရီလာ ဖီးနစ်ငှက်၏ အမွှေးအတောင်ကဲ့သို့ပင် ရှားပါးလှသည်။ သို့သော် သာမန်လူများနှင့် ယှဉ်လျှင်မူ အခွင့်အလမ်း ပိုများမည်မှာ သေချာသည်။
ထျန်းလုံ သိုင်းဝိဇ္ဇာသူတော်စင်အတွက်မူ မင်းသားဆယ့်သုံး၏ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာမည့် အခွင့်အလမ်းမှာ အလွန်နည်းပါးနေသေးသဖြင့် သူ၏ လိုအပ်ချက်ကို မမီခြင်း ဖြစ်သည်။ မင်းသားဆယ့်သုံး၏ မျက်နှာမှာ ပျက်သွားသော်လည်း ယခုအချိန်မှာ ရွှေနဂါးကြီးကို ရန်စရမည့် အချိန်မဟုတ်ကြောင်း သူ သိသည်။
"ငါက အရည်အချင်း မပြည့်မီဘူး ဆိုရင်တောင် သူတို့တွေက ငါ့ထက် ပိုသန်မာမယ်လို့ ငါ မယုံဘူး။" မင်းသားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ဟိုနားက တစ်ယောက်.. ဂိတ်တံခါးထဲကို လှမ်းဝင်လိုက်"
ထို့နောက် ရွှေနဂါးကြီးက အလောင်းကောင် အဖိုးအိုကို ကြည့်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ ဘိုးဘေး" အလောင်းကောင် အဖိုးအိုက ရိုသေစွာ ခေါင်းညိတ်ပြီး တံခါးဦးဆီသို့ တိုးကပ်သွားကာ ဖြည်းညှင်းစွာ ဝင်ရောက်သွားသည်။ တံခါးအတွင်းရှိ ဟင်းလင်းပြင်မှာ သေးငယ်သည်ဟု ထင်ရသော်လည်း သူ၏ ခန္ဓာကိုယ်ကို သန့်စင်ပေးသော ထူးခြားသော ခွန်အားများ ပြည့်နှက်နေသည်။
နာရီဝက်ကျော် ကြာပြီးနောက် အလောင်းကောင် အဖိုးအိုမှာ ဂိတ်တံခါး၏ အခြားတစ်ဖက်သို့ ထွက်လာခဲ့သည်။ သူသည်လည်း သူ၏ ဉာဏ်ရည်နှင့် အခြေခံမှာ သိသိသာသာ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ သူက စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။ "ငါသာ မွေးကတည်းက ဒီလို ပါရမီမျိုး ရှိခဲ့ရင်... ငါ့ကိုယ်ငါ အလောင်းကောင် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲဖို့ လိုမှာ မဟုတ်ဘူး။"
"အရည်အချင်း မပြည့်မီဘူး" ရွှေနဂါးကြီးက ခေါင်းခါကာ ကြေညာလိုက်သည်။
အလောင်းကောင် အဖိုးအိုက သက်ပြင်းချလိုက်သည်။ စိတ်ပျက်မိသော်လည်း ဤရလဒ်မှာ သူ မျှော်လင့်ထားပြီးသားပင်။ သူကိုယ်တိုင် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာမည့် အလားအလာသာ အမှန်တကယ် ရှိခဲ့ပါက ယခုကဲ့သို့ အလောင်းကောင် ခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းရန် လိုအပ်မည် မဟုတ်ပေ။
"ငါ့အလှည့်ပဲ"
ရွှေနဂါးကြီး၏ လမ်းညွှန်မှုဖြင့် လူတိုင်းသည် နဂါးအသွင်ပြောင်း ဂိတ်တံခါး၏ အရှင်သခင်ဖြစ်ရန် အရည်အချင်း ပြည့်မီခြင်း ရှိမရှိ အလှည့်ကျ စမ်းသပ်ခဲ့ကြသည်။ ခြွင်းချက်မရှိဘဲ မော့ကျွင်းလင် အပါအဝင် အားလုံးမှာ အရည်အချင်း မပြည့်မီကြောင်း ရွှေနဂါးကြီးက ဆုံးဖြတ်ခဲ့သည်။
မော့ကျွင်းလင်၏ မျက်နှာမှာ ပျက်သွားသော်လည်း စိတ်ထဲတွင်မူ "လူတစ်ယောက်က သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်မှာလား ထျန်းလုံ သိုင်းဝိဇ္ဇာသူတော်စင်ထက် ပိုတော်မှာလား ဆိုတာကို ဒီလို စမ်းသပ်ချက် တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ ရနိုင်ပါ့မလား" ဟု လှောင်ပြောင်လိုက်သည်။
ပါရမီဆိုသည်မှာ အရာအားလုံး မဟုတ်ပေ။ အခွင့်အလမ်းများနှင့် ပြင်ပ အကြောင်းတရားများကလည်း များစွာ သက်ရောက်မှု ရှိသည်။ သာမန်လူတစ်ဦးသည်လည်း သူ၏ ကြိုးစားအားထုတ်မှုနှင့် ကံတရားကြောင့် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာနိုင်သော သာဓကများ ရှိခဲ့ဖူးသည်။ လူတစ်ယောက်၏ အနာဂတ်မှာ မွေးကတည်းက လုံးဝ သတ်မှတ်ထားခြင်း မရှိပေ။ သို့သော် ပါရမီနည်းသူမှာ အခြားသူများ၏ အစမှတ်သို့ ရောက်ရန်ပင် ပို၍ ပင်ပန်းဆင်းရဲစွာ ကြိုးစားရမည်မှာ အမှန်ပင် ဖြစ်သည်။
ကိုးယောက်မြောက်အဖြစ် စစ်သူကြီး ကုလေ့ ဝင်ရောက်သွားသည်။
"စစ်သူကြီး ကုလေ့... သူက ကောင်းကင်နတ်ဘုရားဧကရာဇ် ကိုယ်တိုင် ရွေးချယ်ထားတဲ့သူပဲ။ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာဖို့ အလားအလာ အရှိဆုံးသူလည်း ဖြစ်တယ်။ သူဆိုရင်တော့... အခွင့်အရေး ရှိနိုင်တယ်" မင်းသားဆယ့်သုံး၏ နှလုံးသားထဲတွင် မျှော်လင့်ချက်ကလေးတစ်ခု ပေါ်လာသည်။
ကုလေ့မှာ အလွန် တည်ငြိမ်ပုံရသည်။ သူသည် အသက်ကို ပြင်းပြင်းရှူကာ နဂါးအသွင်ပြောင်း တံခါးအတွင်းသို့ လှမ်းဝင်လိုက်တော့သည်။
အခန်း (၇၅၅) သိုင်းဝိဇ္ဇာသူတော်စင်အဆင့် ခန္ဓာကိုယ်။ စွမ်းရည် အဆင့်အတန်း။ (၄)
ကုလေ့သည် အထက်သုံးနိုင်ငံထဲမှ ကောင်းကင်နတ်ဘုရား အင်ပါယာ၏ နတ်ဘုရားစစ်သူကြီး တစ်ဦးဖြစ်သည်။ သူသည် နိမ့်ကျသော သာမန် သိုင်းပညာရှင် မိသားစုမှ ဆင်းသက်လာသူ ဖြစ်သော်လည်း အဆင့်ဆင့် ကြိုးစားအားထုတ်ကာ ယနေ့တွင် မူလနယ်ပယ် တစ်ခုလုံးကို လွှမ်းမိုးနိုင်သည့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။
သူသည် အခွင့်အရေးသာ ရရှိပါက ထိုနောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ပြီး သာမန်လူသားဘဝမှ လွတ်မြောက်ကာ ကောင်းကင်သို့ ပျံတက်နိုင်မည်ဟု မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိသည်။
နဂါးအသွင်ပြောင်းဂိတ်တံခါးပေါ်ရှိ နဂါးပုံရိပ်များမှာ လင်းလက်လာပြီး ကုလေ့သည် ခြေလှမ်းမှန်မှန်ဖြင့် လှမ်းဝင်သွားသည်။ သူ၏ ရွှေရောင်ချပ်ဝတ်တန်ဆာကြောင့် သူသည် ကောင်းကင်နတ်ဘုရား တစ်ပါးနှင့်ပင် တူနေတော့သည်။
လက်ဖက်ရည်တစ်ခွက် သောက်စာခန့် ကြာပြီးနောက် ကုလေ့သည် တံခါးဦး၏ အခြားတစ်ဖက်မှ ထွက်လာခဲ့ပြီး သူ့အထက်တွင် ရှိနေသော ရွှေနဂါးကြီးကို မော့ကြည့်လိုက်သည်။
"မင်းဟာ... သာမန်အတိုင်း ကျင့်ကြံသွားမယ်ဆိုရင် မင်းရဲ့ သက်တမ်းမကုန်ဆုံးခင်မှာ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာဖို့ အခွင့်အလမ်း တော်တော်များများ ရှိတယ်။ မင်းက နဂါးအသွင်ပြောင်း ဂိတ်တံခါးကို ပိုင်ဆိုင်ဖို့ ထိုက်တန်တယ်။" ရွှေနဂါးကြီးက သြဇာအာဏာရှိသော အသံဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။ တည်ငြိမ်လှသော ကုလေ့ပင်လျှင် ထိုစကားကြောင့် ဝမ်းသာပီတိဖြစ်ကာ ပြုံးလိုက်မိသည်။
"ကုလေ့က... ဂိတ်တံခါးကို ရမှာလား။ ဒီနဂါးအသွင်ပြောင်း ဂိတ်တံခါးက ငါတို့ ကောင်းကင်နတ်ဘုရား အင်ပါယာရဲ့ အပိုင် ဖြစ်လာတော့မှာပဲ" မင်းသားဆယ့်သုံးသည်လည်း အားရပါးရ ရယ်မောလိုက်သည်။ ကုလေ့ ရရှိသော တံခါးဦးမှာ သူတို့ အင်ပါယာ၏ 'ကောင်းကင်နတ်ဘုရား တောင်တန်း' အတွက် ဖြစ်သည်။ သူတို့နိုင်ငံတွင် နောက်ထပ် နတ်ဘုရားရတနာတစ်ခု တိုးလာတော့မည် ဖြစ်သည်။
"ဒီအဖိုးကြီးက တကယ်ပဲ ဂိတ်တံခါးကို ရနိုင်တာလား" မော့ကျွင်းလင်၏ မျက်နှာမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ လက်ခံရန် ခက်ခဲနေသည်။
အားလုံးသာ အရည်အချင်း မပြည့်မီပါက ပြဿနာမရှိသော်လည်း သူနှင့် ရန်ငြိုးရှိသော ကုလေ့မှာမူ သိုင်းဝိဇ္ဇာသူတော်စင်၏ အသိအမှတ်ပြုခြင်းကို ခံရကာ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်နိုင်ခြေ ရှိသည်ဟု သတ်မှတ်ခံရခြင်းကို သူ မကျေမနပ် ဖြစ်နေသည်။
ဆန်းကြယ်ယင် မိစ္ဆာမက မေးခွန်းထုတ်လိုက်သည်။ "ဘိုးဘေးထျန်းလုံ…တစ်ခုခု မှားနေတာများလား။ ကုလေ့က အသက်ကြီးနေပြီလေ။ သူက သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာဖို့ စွမ်းရည် ရှိသေးလို့လား"
ရွှေနဂါးကြီး မဖြေကြားမီ မင်းသားဆယ့်သုံးက လှောင်ပြောင်လိုက်သည်။ "မင်းတို့ မိစ္ဆာမတွေက လူကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်တတ်ကြတာပဲ။ စစ်သူကြီး ကုလေ့က မူလနယ်ပယ်ထဲကို နောက်ကျမှ ဝင်ခဲ့လို့သာ အသက်ကြီးသလို ထင်ရတာ။ တကယ်တော့ သူက အခုမှ အသက်တစ်ရာ ပြည့်ရုံပဲ ရှိသေးတာ။"
မူလနယ်ပယ် သိုင်းပညာရှင် တစ်ဦးအတွက် အသက်တစ်ရာဆိုသည်မှာ မကြီးသေးပေ။ မူလနယ်ပယ်အဆင့်ရှိ မူလဓာတ်ငါးပါး သိုင်းပညာရှင်အဆင့် ကျင့်ကြံသူများသည် များသောအားဖြင့် အသက်နှစ်ရာဝန်းကျင်အထိ နေထိုင်နိုင်ကြသည်။ ထိုစံနှုန်းဖြင့်ဆိုလျှင် ကုလျဲ့မှာ လူပျိုအရွယ်သာ ရှိသေးသည်။
ကုလေ့မှာ ဘာမျှမပြောသော်လည်း သူ၏ ရင့်ကျက်သော မျက်နှာတွင် ဂုဏ်ယူရိပ် အနည်းငယ် ပေါ်နေသည်။
ကုလေ့မှာ ငယ်စဉ်ကတည်းက ထူးခြားသော ပါရမီရှိသူ ဖြစ်သည်။ သူ အသက်ကြီးသလို ထင်ရခြင်းမှာ မူလနယ်ပယ်သို့ မဝင်မီ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့သောကြောင့် ဖြစ်သည်။
သူသည် မူလချီစွမ်းအင်၏ အကူအညီကို မယူဘဲ မိမိ၏ ကိုယ်ပိုင်ကျင့်ကြံမှုသက်သက်ဖြင့် မူလနယ်ပယ်သို့ ရောက်ရှိရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သူ၏ မိသားစုနှင့် ဂိုဏ်း၏ အကြံပေးချက်များကိုပင် ငြင်းပယ်ကာ ပြီးပြည့်စုံမှုကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။
ဤသို့ဖြင့် သူသည် အချိန်များစွာ ပေးဆပ်ခဲ့ရပြီး အသက်ကြီးမှသာ သူ၏ ရည်မှန်းချက် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ မူလချီစွမ်းအင်၏ အကူအညီမပါဘဲ အာရုံအဆင့်သို့ ရောက်ရှိခြင်းမှာ အထက်သုံးနိုင်ငံရှိ ကောင်းကင်နတ်ဘုရား အင်ပါယာတွင်ပင် အလွန် ထူးခြားသည့် အောင်မြင်မှု ဖြစ်သည်။
မူလနယ်ပယ်သို့ ရောက်ရှိပြီးနောက် ကုလေ့၏ အဆင့်တက်လှမ်းမှုများမှာ ထမင်းစားရေသောက်သကဲ့သို့ လွယ်ကူသွားခဲ့သည်။ သူသည် မူလနယ်ပယ်သို့ မဝင်မီကတည်းက စိတ်ဝိညာဉ် သိုင်းပညာကို ပိုင်ဆိုင်ထားပြီးသား ဖြစ်သဖြင့် အဆင့်တက်ရန် မခက်ခဲခဲ့ပေ။
ကျင့်ကြံသူတစ်ဦး၏ မူလဓာတ်ငါးပါးမှာ အသိစိတ်ပင်လယ်တွင် စုစည်းသွားပါက ရုပ်ပိုင်းဆိုင်ရာ အိုမင်းရင့်ရော်မှုမှာ နှေးကွေးသွားသည်။ သို့သော် ကုလေ့မှာမူ ထိုအဆင့်သို့ မရောက်မီကပင် အချိန်များစွာ ယူခဲ့ရသဖြင့် အသက်ကြီးသော မျက်နှာပေါက် ဖြစ်နေရခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကုလေ့မှာ သူ၏ ရုပ်ရည်ကို ဂရုမစိုက်ပေ။ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာရန်မှာသာ သူ၏ တကယ့် ရည်မှန်းချက် ဖြစ်သည်။
'နဂါးအသွင်ပြောင်း ဂိတ်တံခါးက..ငါ့အတွက် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာဖို့အတွက် အခွင့်အရေးပဲ' ကုလေ့က စိတ်ထဲမှ တွေးလိုက်သည်။
"ဘိုးဘေး ထျန်းလုံ၊ ကျွန်တော် စမ်းသပ်ဖို့ အခွင့်အရေး မရသေးဘူး။ ကျွန်တော် တစ်ချက်လောက် စမ်းကြည့်လို့ ရမလား" ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။
ထိုသူမှာ အခြားသူမဟုတ်ဘဲ စူးချန်ခုန်းပင် ဖြစ်သည်။
"တာ့ဝူဖုန်း... သူကတော့ တကယ့်ကို ထူးခြားဆန်းပြားတဲ့ ပါရမီရှင်ပဲ။ ခန့်မှန်းလို့တောင် မရဘူး။"
အလောင်းကောင် အဖိုးအို ရုတ်တရက် လှုပ်ရှားသွားသည်။ တာ့ဝူဖုန်း၏ အသက်ရှူနှုန်းနှင့် သွေးသားလည်ပတ်မှုအရ သူသည် အလွန်ငယ်ရွယ်သေးကြောင်း အဖိုးအို သိထားသည်။ ဤမျှ တိုတောင်းလှသော အချိန်အတွင်း ဤမျှအဆင့်ထိ ကျင့်ကြံနိုင်ခြင်းမှာ ထူးခြားသော အလားအလာ ရှိရမည်ဖြစ်ရာ တာ့ဝူဖုန်းမှာ သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦး ပြန်လည်မွေးဖွားလာခြင်း ဖြစ်နိုင်သည်ဟုပင် အဖိုးအိုက သံသယရှိနေသည်။
"ဒီတာ့ဝူဖုန်းက ဘယ်ကလူလဲ။ သူက စစ်သူကြီး ကုလေ့နဲ့ ယှဉ်နိုင်မယ်လို့ ထင်နေတာလား" မင်းသားဆယ့်သုံးက မထီမဲ့မြင် ကြည့်လိုက်သည်။ ကုလေ့မှာ အထက်သုံးနိုင်ငံလုံးက အသိအမှတ်ပြုထားရသည့် ပါရမီရှင် ဖြစ်သော်လည်း ဤတာ့ဝူဖုန်း ဆိုသူကိုမူ သူ တစ်ခါမျှ မကြားဖူးပေ။
စူးချန်ခုန်းမှာ အလားအလာ ရှိကောင်းရှိနိုင်သော်လည်း မူလချီစွမ်းအင် အကူအညီမပါဘဲ ကိုယ်ပိုင်ကျင့်ကြံမှုဖြင့် သာမန်ယုတ္တိများကို ကျော်လွန်ကာ အဆင့်တက်ခဲ့သည့် ကုလေ့ကိုတော့ မမီနိုင်ဟု သူ ယူဆထားသည်။
"လူငယ်လေး... မင်း စမ်းကြည့်နိုင်ပါတယ်" ရွှေနဂါးကြီးက ခေါင်းညိတ်ကာ ခွင့်ပြုလိုက်သည်။
ရွှေနဂါးကြီးမှာ ထျန်းလုံ သိုင်းဝိဇ္ဇာသူတော်စင် ၏ ဝိညာဉ်အကြွင်းအကျန်သာ ဖြစ်ပြီး သူ၏ ယခင်အရှင်သခင် ချမှတ်ထားခဲ့သော ရည်မှန်းချက်များအတိုင်းသာ လုပ်ဆောင်နေခြင်း ဖြစ်သည်။
မော့ကျွင်းလင်၏ မျက်နှာမှာ မည်သည့် အမူအရာမှ မရှိပေ။ သူသည် သိုင်းဝိဇ္ဇာသူတော်စင် ၏ သားတစ်ဦးနှင့် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သဖြင့် စူးချန်ခုန်းမှာ သူ့ထက် ပို၍ ထူးခြားမည်ဟု သူ မယုံကြည်ပေ။
"တာ့ဝူဖုန်း... မကြာသေးခင်ကမှ နာမည်ကြီးလာပြီး ရှယန် မိသားစုရဲ့ ဧည့်သည်တော် အကြီးအကဲ ဖြစ်လာတဲ့သူပဲ" ဟု လူတစ်ယောက်က မှတ်ချက်ပေးလိုက်သည်။
ယန်ရု၊ ပါချန်နှင့် အခြားသူများမှာ စူးစိုက်ကြည့်နေကြသည်။ တာ့ဝူဖုန်းမှာ ထူးခြားသည်မှာ မှန်သော်လည်း ဤနေရာရှိ လူအားလုံးမှာ ထိပ်တန်း သိုင်းပညာ ပါရမီရှင်များ မဟုတ်ပါလား။
သို့သော် သူတို့အားလုံးထဲတွင် ကုလေ့တစ်ဦးတည်းသာ သက်တမ်းမကုန်မီ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာနိုင်မည့် စွမ်းရည် ရှိသည်ဟု အကဲဖြတ်ခြင်း ခံထားရသည်။
လူအုပ်ကြီး၏ စောင့်ကြည့်မှုအောက်တွင် စူးချန်ခုန်းသည် နဂါးအသွင်ပြောင်း ဂိတ်တံခါးဆီသို့ လျှောက်လှမ်းသွားသည်။ အတွင်း၌ ဝဲပျံနေသော ရွှေရောင်နဂါး အမှတ်အသားများကို ကြည့်ကာ သူသည် မဆိုင်းမတွဘဲ တံခါးအတွင်းသို့ လှမ်းဝင်လိုက်တော့သည်။
အခန်း (၇၅၆) ထူးကဲသာလွန်သော အလားအလာ။ နဂါးအသွင်ပြောင်း ဂိတ်တံခါး၏ အရှင်သခင် (၁)
"သူ ငါ့ထက် ပိုသန်မာဖို့ မဖြစ်နိုင်ဘူး။"
ကုလေ့က အလွန်တည်ငြိမ်နေပုံရသည်။ သူ၏ ကျင့်ကြံမှုခရီးတစ်လျှောက်တွင် သူသည် စမ်းသပ်မှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။ သာမန်မိသားစုမှ မွေးဖွားလာသော်လည်း ယခုအဆင့်သို့ ရောက်ရှိလာခြင်းမှာ ကုဋေကုဋာမကသော သူများထဲမှ တစ်ဦးတည်းသော ထူးခြားသည့် သိုင်းပညာ ပါရမီ ကြောင့်သာ ဖြစ်သည်။
နတ်ဘုရားဧကရာဇ် အင်ပါယာတစ်ခုလုံးတွင် သူသည် ထိပ်တန်းစာရင်းဝင်တစ်ဦး ဖြစ်သည်။
ယခုလည်း နဂါးအသွင်ပြောင်း ဂိတ်တံခါး အတွင်းတွင် သူသည် ထိုအချက်ကို သက်သေပြနိုင်ခဲ့ပြီး ကောင်းကင်နဂါး သိုင်းဝိဇ္ဇာသူတော်စင်၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ သာမန်အတိုင်း ကျင့်ကြံသွားမည်ဆိုပါက သူ၏ သက်တမ်းမကုန်ဆုံးမီ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာနိုင်ခြေရှိသည်ဟု သတ်မှတ်ခံရခြင်းမှာ ကောင်းကင်နတ်ဘုရား အင်ပါယာရှိ သိုင်းဝိဇ္ဇာသူတော်စင်က သူ့အပေါ် ထားရှိသော အမြင်နှင့် ထပ်တူပင် ဖြစ်သည်။
ကုလေ့သည် ဤနေရာရှိ မည်သူမျှ သူ့ထက် သန်မာမည်ဟု မယုံကြည်ပေ။ သိုင်းဝိဇ္ဇာသူတော်စင်၏ တိုက်ရိုက်သွေးရင်း ဖြစ်သော မင်းသားတဆယ့်သုံးပင်လျှင် သူ့ကို မမီနိုင်ဟု သူ ယူဆထားသည်။
"တာ့ဝူဖုန်း... ဝင်သွားပြီ" ပါယီနှင့် ပါချန် ညီအစ်ကိုနှစ်ဦးမှာ စူးချန်ခုန်း ဂိတ်တံခါးအတွင်းသို့ လှမ်းဝင်သွားသည်ကို စောင့်ကြည့်နေကြသည်။
မကြာသေးမီ နှစ်များအတွင်းမှသာ တဖြည်းဖြည်း နာမည်ကြီးလာသော ဤတာ့ဝူဖုန်း ဆိုသူမှာ လျှို့ဝှက်ချက်များစွာ ရှိနေသူ ဖြစ်သည်။ သို့သော် ကုလေ့သည်ပင် ကောင်းကင်နဂါး သိုင်းဝိဇ္ဇာသူတော်စင်၏ ဝိညာဉ်အကြွင်းအကျန်ထံမှ အသိအမှတ်ပြုမှုကို ရရှိထားပြီးဖြစ်ရာ စူးချန်ခုန်း ဝင်ရောက်သွားခြင်းမှာ အကျိုးထူးလှမည် မဟုတ်ဟု သူတို့ ထင်နေကြသည်။
ဂိတ်တံခါးအတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် စူးချန်ခုန်းသည် အတွင်း၌ စီးဆင်းနေသော ရွှေရောင်ဓာတ်ငွေ့ပေါင်းများစွာကို ခံစားလိုက်ရသည်။ ၎င်းမှာ နဂါးအသွင်ပြောင်းလဲခြင်း ဟုခေါ်သော နတ်ဘုရားစွမ်းရည်၏ စွမ်းအားများ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ကာ သန့်စင်ပေးနေခြင်း ဖြစ်သည်။
၎င်းက စူးချန်ခုန်းကို ရေပူစမ်းထဲတွင် စိမ်နေရသကဲ့သို့ တစ်ကိုယ်လုံး နွေးထွေးသွားစေသည်။
'ဟင်… ငါ့အပေါ်မှာ သိပ်ပြီး အကျိုးသက်ရောက်မှု မရှိသလိုပဲ။'
စူးချန်ခုန်းမှာ စိတ်ထဲမှ မျက်မှောင်ကြုတ်လိုက်သည်။ နဂါးအသွင်ပြောင်းလဲ ဂိတ်တံခါး၏ သက်ရောက်မှုမှာ သူ ထင်ထားသလောက် မကြီးမားပေ။ နဂါးငယ်လေးများကဲ့သို့သော ရွှေရောင်ဓာတ်ငွေ့များမှာ သူ၏ ခန္ဓာကိုယ်ကို သန့်စင်ပေးနေသော်လည်း ထိုသက်ရောက်မှုမှာ သာမန်မျှသာ ဖြစ်နေသည်။
'တံခါးကို ဖြတ်ကျော်ရမှာပဲ' ဟု စူးချန်ခုန်းက တွေးတောလိုက်သည်။ သူသည် အခြားတစ်ဖက်ရှိ ထွက်ပေါက်ဆီသို့ မော့ကြည့်လိုက်သည်။ ထိုအကွာအဝေးမှာ တိုတောင်းသည်ဟု ထင်ရသော်လည်း မဟုတ်ပေ။ မင်းသားဆယ့်သုံးမှာပင် ဖြတ်ကျော်ရန် နာရီဝက်ခန့် အချိန်ယူခဲ့ရသည်။
ဂိတ်တံခါးအတွင်း လျှောက်လှမ်းနေစဉ် စူးချန်ခုန်းသည် ထိုဓာတ်ငွေ့များ၏ နက်နဲမှုကို ခံစားနေရသည်။ ၎င်းတို့မှာ ဝိညာဉ်စွမ်းအင်နှင့် တူသော်လည်း သိသိသာသာ အဆင့်အတန်း မြင့်မားလှသည်။ ဤသည်မှာ အမှန်တကယ်ပင် နတ်ဘုရားစွမ်းရည်များမှ ဆင်းသက်လာသော စွမ်းအားပင် ဖြစ်သည်။
ဤစွမ်းအားမှာ အလွန်တရာ ဆန်းကြယ်လှပြီး အချိန်အကန့်အသတ် ရှိနေသဖြင့် စူးချန်ခုန်းအနေဖြင့် ၎င်း၏ ဖြစ်တည်မှု အစစ်အမှန်ကို ခွဲခြားရန် ခက်ခဲနေသည်။
"သူ လှုပ်ရှားနေတာ... အရမ်းမမြန်လွန်းဘူးလား"
စောင့်ကြည့်နေသူများမှာ အံ့အားသင့်ကုန်ကြသည်။ အကြောင်းမှာ ဂိတ်တံခါးအတွင်းရှိ ဟင်းလင်းပြင်တွင် စူးချန်ခုန်းမှာ မည်သည့်အတားအဆီးမှ မရှိသကဲ့သို့ မှန်မှန်နှင့် အရှိန်အဟုန်ဖြင့် လျှောက်လှမ်းနေသောကြောင့် ဖြစ်သည်။
ထိုရွှေနဂါးကြီးသည်လည်း တံခါးအတွင်းမှ မြင်ကွင်းကို အံ့သြစွာ ငုံ့ကြည့်နေသည်။ ၎င်း၏ ခန့်ညားသော မျက်လုံးများတွင် တုန်လှုပ်မှု အရိပ်အယောင်များ လက်ကနဲ။
"ရှူး"
မကြာမီမှာပင် စူးချန်ခုန်းသည် အတားအဆီးတစ်ခုကို ဖြတ်ကျော်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ရှေ့ရှိ မြင်ကွင်းမှာ ရှင်းလင်းသွားပြီး နောက်သို့ လှည့်ကြည့်လိုက်သောအခါ နဂါးအသွင်ပြောင်း ဂိတ်တံခါးမှာ သူ၏ နောက်ကျောတွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။
[ သက်တမ်း- နှစ် ၅၀၀ ]
[ စွမ်းရည်- ၉၃ မှတ် ]
စူးချန်ခုန်းသည် သူ၏ အရည်အချင်းပြဘောင်ကို ဖွင့်ကြည့်လိုက်ရာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ "စွမ်းရည်တန်ဖိုးက ၃ မှတ်ပဲ တက်တာလား"
လက်ရှိ စူးချန်ခုန်းအတွက် စွမ်းရည် ၃ မှတ် တိုးလာခြင်းမှာ သိပ်မများလှပေ။ အများဆုံးဆိုလျှင် သက်တမ်း နှစ် ၂၀ သို့မဟုတ် ၃၀ ခန့် မြှင့်တင်ခြင်းမှ ရရှိသော အကျိုးကျေးဇူးနှင့်သာ ညီမျှသည်။
'နဂါးအသွင်ပြောင်း ဂိတ်တံခါးရဲ့ အာနိသင်က... ငါ့အတွက် သိပ်ပြီး အသုံးမဝင်ဘူးပဲ။' စူးချန်ခုန်းသည် စိတ်ပျက်စွာဖြင့် တွေးလိုက်မိသည်။ ဤဂိတ်တံခါးက လူတစ်ယောက်ကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားပေးနိုင်သည် မဟုတ်ပါလား။ သူ တစ်ကိုယ်လုံး လန်းဆန်းသွားသည်မှာ အမှန်ဖြစ်သော်လည်း အလားအလာနှင့် စွမ်းရည် မြင့်တက်လာမှုမှာမူ အမှန်တကယ်ပင် အကန့်အသတ် ရှိနေသည်။
စူးချန်ခုန်းသည် လူအများ၏ မျက်လုံးထဲတွင် အံ့သြမှုများကို မြင်တွေ့နေရသည်။ အလောင်းကောင် အဖိုးအို၊ ကုလေ့နှင့် အခြားသူများမှာ သူ့ကို စိုက်ကြည့်နေကြသည်။
"ဘာတွေ ဖြစ်နေတာလဲ... နဂါးအသွင်ပြောင်း ဂိတ်တံခါးက တာ့ဝူဖုန်းအပေါ်မှာ ဘာသက်ရောက်မှုမှ မရှိတာလား။ သူ တံခါးထဲ ဝင်သွားပြီး စက္ကန့်တစ်ရာတောင် မပြည့်ခင် ပြန်ထွက်လာတယ်။"
"ဂိတ်တံခါးမှာ တစ်ခုခု ပြဿနာရှိနေတာလား"
လူတိုင်းက တိုးတိုးတိတ်တိတ် ရေရွတ်ရင်း မျက်မှောင်ကြုတ်နေကြသည်။ အကြောင်းမှာ စူးချန်ခုန်း အချိန်ယူခဲ့သည်မှာ အလွန်တိုတောင်းလှသောကြောင့် ဖြစ်သည်။ စက္ကန့် ၁၀၀ မပြည့်မီမှာပင် သူသည် လမ်းလျှောက်ထွက်လာသကဲ့သို့ အေးအေးဆေးဆေး ပြန်ထွက်လာခြင်း ဖြစ်သည်။ ၎င်းမှာ အခြားသူများ သိသိသာသာ အကျိုးကျေးဇူး ခံစားခဲ့ရသည်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
"မင်း... တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ မင်းရဲ့ စွမ်းရည်က တကယ်တော့ 'ထူးကဲသာလွန်' အဆင့်ကို ရောက်နေတာလား။ သာမန်အခြေအနေအရ မင်းရဲ့ သက်တမ်းမကုန်ဆုံးခင်မှာ... မင်းဟာ သိုင်းဝိဇ္ဇာသူတော်စင် တစ်ယောက် ဖြစ်လာကို ဖြစ်လာရမယ်။ မင်းက သူ့ထက်တောင် ဒီဂိတ်တံခါးကို ပိုင်ဆိုင်ဖို့ ပိုပြီး အရည်အချင်း ပြည့်မီတယ်။"
ရွှေနဂါးကြီး၏ မျက်လုံးများတွင် အံ့သြမှု အရိပ်အယောင်များ လင်းလက်နေသည်။ သြဇာအာဏာရှိသော ၎င်း၏ အသံတွင် မယုံကြည်နိုင်မှု အနည်းငယ် ပါဝင်နေပြီး စူးချန်ခုန်း၏ စွမ်းဆောင်ရည်အပေါ် အံ့အားသင့်နေပုံရသည်။
ထိုစကားများက လူအုပ်ကြီးကြားတွင် အမျိုးမျိုးသော အမူအရာများကို ဖြစ်ပေါ်စေသည်။
"သက်တမ်းမကုန်ခင်မှာ... သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်ကို ဖြစ်လာရမယ်" ယန်ကျုံးနှင့် ယန်ရုတို့က မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ကြသည်။ ဤအကဲဖြတ်ချက်က... အရမ်း မြင့်မားလွန်းမနေဘူးလား။
မည်သူက လူတစ်ယောက်ကို သိုင်းဝိဇ္ဇာသူတော်စင် 'ဖြစ်ကို ဖြစ်လာရမည်' ဟု အတတ်ဟောဝံ့ပါမည်နည်း။
လွန်ခဲ့သော ခေတ်ကာလများတွင် သတ္တဝါ ကုဋေပေါင်းများစွာ ရှိသော နိုင်ငံတစ်ခု၌ပင် နှစ်ပေါင်း တစ်ရာအတွင်း သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦးမျှ ပေါ်ထွက်မလာသည်မှာ ဖြစ်လေ့ရှိသည်။ သိုင်းဝိဇ္ဇာသူတော်စင် တိုင်းမှာ သူတို့ခေတ်၏ အထင်ကရ ပုဂ္ဂိုလ်များဖြစ်ပြီး ဒဏ္ဍာရီ ဖြစ်လာမည့်သူများသာ ဖြစ်သည်။
ရေတွက်မရနိုင်သော သိုင်းပညာ ပါရမီရှင်များမှာ ထိုတံခါးခုံ၏ အပြင်ဘက်တွင်သာ ကျန်ရစ်ခဲ့ရပြီး တစ်လှမ်းအလိုတွင်ပင် သေဆုံးသည်အထိ ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့ကြပေ။ ထိုတံခါးခုံကို ဖြတ်ကျော်နိုင်သူမှာ သာမန်လူသားဘဝမှ လွတ်မြောက်ကာ နယ်ပယ်အသစ်သို့ ရောက်ရှိသွားပြီး နှစ်ပေါင်း ထောင်ချီ ခိုင်မြဲမည့် မိသားစု သို့မဟုတ် အင်ပါယာကိုပင် တည်ထောင်နိုင်ခွင့် ရှိသည်။
သို့သော် ယခုတွင်မူ ဤရွှေနဂါးကြီးက သာမန်အခြေအနေအရ တာ့ဝူဖုန်းသည် သူ၏ သက်တမ်းမကုန်မီ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်ကို ဖြစ်လာရမည်ဟု ဆိုနေသည်။
"တာ့ဝူဖုန်းက တကယ်ပဲ သိုင်းဝိဇ္ဇာသူတော်စင် တစ်ယောက် ပြန်လည်မွေးဖွားလာတာလား" အလောင်းကောင် အဖိုးအိုသည်လည်း စိတ်ထဲမှ အံ့သြနေမိသည်။ စူးချန်ခုန်းတွင် ကြောက်မက်ဖွယ်ကောင်းသော ပါရမီ ရှိသည်ကို သူ သိထားသော်လည်း ရွှေနဂါးကြီး၏ အကဲဖြတ်ချက်က ဤမျှအထိ မြင့်မားနေကာ မတော်တဆမှု မရှိလျှင် သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာရမည်ဟု အခိုင်အမာ ပြောလိမ့်မည်ဟု သူ မထင်ထားမိပေ။
မင်းသားဆယ့်သုံးမှာမူ ငြိမ်မနေနိုင်တော့ပေ။ သူသည် ရွှေနဂါးကြီးကို ရန်စမိမည်ကိုပင် ဂရုမစိုက်တော့ဘဲ အော်ပြောလိုက်သည်။"ဘိုးဘေး ထျန်းလုံ၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီကောင်က အလယ်သုံးနိုင်ငံက ဘာမဟုတ်တဲ့ သိုင်းပညာရှင် တစ်ယောက်ပဲလေ။ သူက ဘယ်လိုလုပ်ပြီး နတ်ဘုရားစစ်သူကြီး ကုလေ့ထက် ပိုပြီး အရည်အချင်း ပြည့်မီနေရတာလဲ"
မင်းသားဆယ့်သုံးသည် နဂါးအသွင်ပြောင်း ဂိတ်တံခါးမှာ သူတို့ အင်ပါယာ၏ လက်ထဲသို့ ရောက်ရှိနေပြီဟု ထင်မှတ်ထားခဲ့သော်လည်း စက္ကန့်တစ်ရာအတွင်း အခြေအနေများက လုံးဝ ပြောင်းလဲသွားခဲ့သည်။ သူ တစ်ခါမျှ မကြားဖူးသော ဤကောင်လေးက ထျန်းလုံ သိုင်းဝိဇ္ဇာသူတော်စင်၏ အသိအမှတ်ပြုမှုကို ရရှိသွားသည်။ သူက တကယ်ပဲ ကုလေ့ထက် ပိုပြီး ထိုက်တန်နေတာလား။