အခန်း (၇၅၇-၇၅၉)
Vol. 51 Ch. 757-759
အခန်း (၇၅၇) ထူးကဲသာလွန်သော အလားအလာ။ နဂါးအသွင်ပြောင်း ဂိတ်တံခါး၏ အရှင်သခင် (၂)
အမြဲတမ်း တည်ငြိမ်လှသော ကုလေ့ပင်လျှင် ဤအချက်ကို ယုံကြည်ရန် ခက်ခဲနေသော်လည်း သူသည် စိတ်အေးလက်အေးဖြင့်ပင် လေးနက်စွာ မေးမြန်းလိုက်သည်။ "ဘိုးဘေး ထျန်းလုံ... ဒါက မတရားဘူးမလား။ သူက ကျွန်တော့်ထက် ပိုသန်မာတယ် ဒီနတ်ဘုရားလက်နက်ကို ပိုင်ဆိုင်ဖို့ ပိုထိုက်တန်တယ်ဆိုတာ ဘာကို အခြေခံပြီး အခိုင်အမာ ပြောနိုင်ရတာလဲ"
စူးချန်ခုန်းကတော့ ဘာမှမပြောဘဲ ငြိမ်နေလိုက်သည်။ သူ၏ အလားအလာနှင့် ပါရမီမှာ အလွန်မြင့်မားကြောင်း သူကိုယ်တိုင် သိထားသည်။ ၎င်းမှာ သာမန်လူသားများ အိပ်မက်ပင် မမက်ဝံ့သော အဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ အမှန်စင်စစ် သူသည် ယခုအချိန်အထိ အသက် ၃၀ ပင် မပြည့်သေးပေ။ သူ အသက်ရှင်သန်နေသရွေ့ သူ၏ အလားအလာမှာ ပို၍ မြင့်မားလာမည်ဖြစ်ပြီး သူ၏ ပါရမီနှင့် ဉာဏ်ရည်မှာလည်း ပို၍ ကြောက်မက်ဖွယ်ကောင်းလာမည် ဖြစ်သည်။
ဤမျှ ကြီးမားလှသော အလားအလာကြောင့်ပင် စူးချန်ခုန်းသည် သာမန် တတိယတန်းစား သိုင်းပညာရပ်များကိုပင် နတ်ဘုရားစွမ်းရည်တုအဆင့်အထိ ကျင့်ကြံနိုင်ခြင်း ဖြစ်ရာ ၎င်းမှာ သူ၏ စွမ်းရည်ကို သက်သေပြနေခြင်းပင် ဖြစ်သည်။
သူ၏ ပါရမီမှာ ကြီးမားကြောင်း သူသိသော်လည်း ရွှေနဂါးကြီးက ကုလေ့ကို သက်တမ်းမကုန်မီ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်နိုင်ခြေရှိသည်ဟု အကဲဖြတ်လိုက်စဉ်က စူးချန်ခုန်းမှာ အနည်းငယ် စိုးရိမ်ခဲ့မိသည်။ သို့သော် ရလဒ်ထွက်ပေါ်လာချိန်တွင်မူ စူးချန်ခုန်း၏ စွမ်းရည်နှင့် ပါရမီမှာ ကုလေ့ထက် အမှန်တကယ် သာလွန်နေခဲ့သည်။ ထို့ကြောင့် ရွှေနဂါးကြီးက သူ့ကို နဂါးအသွင်ပြောင်း ဂိတ်တံခါးဦး ရရှိရန် ပို၍ အရည်အချင်း ပြည့်မီသည်ဟု တိုက်ရိုက် ကြေညာလိုက်ခြင်း ဖြစ်သည်။
မင်းသားဆယ့်သုံးနှင့် ကုလေ့တို့၏ မေးခွန်းထုတ်မှုအပေါ် ရွှေနဂါးကြီးက ဒေါသမထွက်ပေ။ ၎င်းက ချီးကျူးဂုဏ်ပြုသော လေသံဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။ "မင်းမှာလည်း အတော်အတန် အထင်ကြီးစရာကောင်းတဲ့ ပါရမီ ရှိပါတယ်။ ဒါပေမဲ့ ဒီလူငယ်နဲ့ ယှဉ်ရင်တော့... ဒါဟာ သာမန် ပါရမီရှင်တစ်ယောက်က တကယ့် ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီထူးရှင်တစ်ယောက်နဲ့ ရင်ဆိုင်နေရသလိုပဲ။"
"မင်းရဲ့ စွမ်းရည်နဲ့ သိုင်းပညာ ပါရမီက မဆိုးပါဘူး။ ဒါပေမဲ့ အဲ့ဒါက သာမန်နယ်ပယ်ထဲမှာပဲ ရှိသေးတာ။ ဒီလူငယ်လေးရဲ့ သိုင်းပညာ ပါရမီကတော့ 'ထူးကဲသာလွန် အဆင့်' နဲ့ အရမ်း နီးစပ်နေပြီလို့ ခန့်မှန်းရတယ်" ဟု ရွှေနဂါးကြီးက ဆိုသည်။
"သာမန်… ထူးကဲသာလွန် အဆင့်…"
လူတိုင်းမှာ မျက်မှောင်ကြုတ်သွားကြသည်။ ဤအယူအဆကို တစ်ခါမျှ မကြားဖူးကြပေ။
ရွှေနဂါးကြီးက ဆက်လက်၍ ဖြေးဖြေးချင်း ရှင်းပြသည်။ "သာမန်နယ်ပယ် ဆိုတာ... သိုင်းဝိဇ္ဇာသူတော်စင် အဆင့်ကို ရောက်ဖို့ အလွန် ခက်ခဲတာကို ဆိုလိုတယ်။ မဖြစ်နိုင်ဘူးလို့ မပြောလိုပေမဲ့ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာဖို့ဆိုရင် ပြင်းထန်တဲ့ လေ့ကျင့်မှုအပြင် ကံတရားရဲ့ အကူအညီလည်း လိုအပ်တယ်။"
"သာမန်လူတွေထဲမှာတောင် နဂါးဂိတ်တံခါးကို ကျော်ဖြတ်ပြီး သာမန်ဘဝကနေ ရုန်းထွက်ပြီး သိုင်းဝိဇ္ဇာသူတော်စင် အဆင့်ကို တက်လှမ်းနိုင်သူတွေ ရှိပါသေးတယ်။"
အလောင်းကောင် အဖိုးအိုက ထိုစကားကို တိတ်တဆိတ် ထောက်ခံလိုက်သည်။ အမှန်ပင် သူ ငယ်စဉ်က ကောင်းကင်နတ်ဆိုးဂိုဏ်းတွင် သူ၏ ပါရမီမှာ အကောင်းဆုံးစာရင်းဝင် မဟုတ်ခဲ့ပေ။ သို့သော် သူ၏ ကြိုးစားမှုနှင့် ကံကောင်းမှုအချို့ကြောင့် သူသည် အလောင်းကောင် ခန္ဓာကိုယ်အဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပြီး ယခုအခါ ထိုပါရမီရှင်များထက်ပင် ပို၍ ခရီးပေါက်နေပြီ ဖြစ်သည်။ သာမန်လူများထဲတွင်ပင် 'နဂါးတံခါးကို ခုန်ကျော်သော ငါးကြင်းများ' ကဲ့သို့ သာမန်ဘဝထက် ကျော်လွန်သွားသူများ ရှိပေသည်။
"ထူးကဲသာလွန် အဆင့်ဆိုတာကတော့ သာမန်ထက် ကျော်လွန်နေတာပဲ။ မွေးကတည်းက ကြီးမားတဲ့ ခွန်အားတွေ ပါလာတဲ့ ဒဏ္ဍာရီလာ နတ်ဘုရားသားရဲတွေလိုပဲ။ လေ့ကျင့်ဖို့ မလိုဘဲ သူတို့ရဲ့ မွေးရာပါ ပါရမီကို အခြေခံပြီး အရွယ်ရောက်လာတာနဲ့ သိုင်းဝိဇ္ဇာသူတော်စင်နဲ့ တန်းတူညီမျှတဲ့ ခွန်အားကို ပိုင်ဆိုင်ဖို့ သေချာနေတဲ့သူတွေပေါ့။ ဒါဟာ သာမန်ထက် ကျော်လွန်တာကို ဆိုလိုတာပဲ" ဟု ရွှေနဂါးကြီးက ထပ်လောင်း ပြောကြားသည်။
ရွှေနဂါးကြီးသည် လူတိုင်းကို 'ထူးကဲသာလွန် အဆင့်' ပါရမီ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပေးလိုက်ခြင်း ဖြစ်သည်။ မွေးရာပါ ထူးကဲသာလွန်သော ပါရမီရှိသူမှာ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာရန် သေချာနေပေသည်။ ၎င်းမှာ ထူးကဲသာလွန် အဆင့် ပါရမီ၏ စွမ်းဆောင်ရည်ပင် ဖြစ်သည်။
ကုလေ့မှာမူ သက်တမ်းမကုန်မီ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာနိုင်ခြေရှိသော လူများထဲတွင် ပါဝင်ပြီး သာမန်အဆင့်ထဲတွင် အထူးချွန်ဆုံးဟု သတ်မှတ်နိုင်သော်လည်း သာမန်လူ ဖြစ်နေဆဲပင်။
သို့သော် စူးချန်ခုန်း၏ စွမ်းရည်နှင့် ပါရမီမှာ ထူးကဲသာလွန် အဆင့်နှင့် အလွန်နီးစပ်နေသည်။ မတော်တဆမှု တစ်စုံတစ်ရာ မရှိပါက သာမန်အတိုင်း ကျင့်ကြံရုံဖြင့် သူ၏ သက်တမ်းမကုန်မီ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာရန်မှာ သေချာသလောက် ရှိနေသည်။ ၎င်းမှာ သူတို့နှစ်ဦးကြားရှိ ကွာခြားချက်ပင် ဖြစ်သည်။
ရွှေနဂါးကြီးက စူးချန်ခုန်းကို ချီးကျူးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "မင်းက သိုင်းဝိဇ္ဇာသူတော်စင် တစ်ယောက် ပြန်မွေးဖွားလာတာလားလို့တောင် ငါ ခံစားနေရတယ်။ ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဘာသွေးမျိုးဆက် အမှတ်အသားမှ ရှိမနေဘူး...ရှေးဟောင်း မြင့်မြတ်သော နိုင်ငံရဲ့ အပြင်ဘက်မှာ ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ ပါရမီမျိုးကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။"
ရှေးဟောင်း မြင့်မြတ်သော နိုင်ငံသည် အခြား နိုင်ငံကိုးခုနှင့်အတူ လူသားမျိုးနွယ်၏ နိုင်ငံဆယ်နိုင်ငံဟု လူသိများသော်လည်း အမှန်စင်စစ်တွင် ထိုနိုင်ငံမှာ ကျန်ကိုးနိုင်ငံထက် များစွာ သာလွန်မြင့်မားသည်။ အမှန်တော့ ကျန်ကိုးနိုင်ငံလုံး ပေါင်းလျှင်ပင် ထိုနိုင်ငံကို မယှဉ်နိုင်ပေ။
ရှေးဟောင်း မြင့်မြတ်သော နိုင်ငံမှာ ရှေးဦးကတည်းက ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ပြင် အခြား နိုင်ငံကိုးခုတွင် သိုင်းဝိဇ္ဇာသူတော်စင်များ ပေါ်ထွက်လာပါက နောက်ဆုံးတွင် သူတို့သည် ထိုရှေးဟောင်း သန့်စင်သော နိုင်ငံသို့သာ သွားရန် ရွေးချယ်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုနိုင်ငံမှာ ပို၍ ပို၍ အားကောင်းလာတော့သည်။
ထိုနိုင်ငံတွင် 'ရှေးဟောင်းသူတော်စင်များ' ဟု ခေါ်သော သိုင်းဝိဇ္ဇာသူတော်စင်များ၏ သားစဉ်မြေးဆက်များထဲမှ မွေးရာပါ ထူးကဲသာလွန်သော ပါရမီရှင်များ မွေးဖွားလာတတ်ပြီး ထိုသူတို့မှာ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာရန် သေချာသလောက် ရှိကြသည်။
သို့သော် ၎င်းမှာလည်း အကြွင်းမဲ့တော့ မဟုတ်ပေ။ သာမန်လူများထဲတွင်ပင် နက်နဲသော အခြေခံအုတ်မြစ် ရှိပါက ရံဖန်ရံခါတွင် ထူးခြားသော ပါရမီရှင်များ မွေးဖွားလာတတ်ပေသည်။
တာ့ဝူဖုန်း၏ ခန္ဓာကိုယ်တွင် မည်သည့် သွေးမျိုးဆက် အမှတ်အသားမှ မရှိသဖြင့် သူသည် နတ်ဘုရား၏ သားတော် သို့မဟုတ် သိုင်းဝိဇ္ဇာသူတော်စင် လူဝင်စား မဟုတ်ကြောင်း သက်သေပြနေသည်။ သူသည် ထိုသို့သော ခြွင်းချက်များထဲမှ တစ်ဦး ဖြစ်နိုင်ပေသည်။
ကုလေ့၏ မျက်နှာတွင် မကျေမနပ် ဖြစ်သော အရိပ်အယောင်များ ပေါ်လာသည်။ ရွှေနဂါးကြီး၏ စကားအရဆိုလျှင် သူသည် တာ့ဝူဖုန်း၏ ရှေ့တွင် သာမန်လူတစ်ယောက်မျှသာ ဖြစ်နေသည် မဟုတ်ပါလား။
၎င်းက ကုလေ့ကို မေးခွန်းထုတ်စေခဲ့ပြီး လက်ခံရန် ခက်ခဲစေသည်။ "ဘိုးဘေးထျန်းလုံ... ပါရမီနဲ့ စွမ်းရည်အပေါ် ဘယ်လို အခြေခံပြီး ဆုံးဖြတ်နိုင်မှာလဲ။ ကျွန်တော်တို့ နှစ်ယောက်လုံး ဂိတ်တံခါးထဲ ဝင်ခဲ့တာပဲလေ။ ဒါပေမဲ့ ကျွန်တော်က သာမန်ဖြစ်ပြီး သူက ဘာလို့ ထူးကဲသာလွန် ဖြစ်နေရတာလဲ။ ဒါက ဘယ်လို ယုတ္တိရှိလို့လဲ"
အခြားသူများကလည်း ရွှေနဂါးကြီးမှာ မည်သည့်အချက်ကို အခြေခံ၍ ဆုံးဖြတ်သည်ကို ရှင်းရှင်းလင်းလင်း မသိသဖြင့် ခေါင်းညိတ် ထောက်ခံကြသည်။
ရွှေနဂါးကြီးက စိတ်ရှည်စွာ ရှင်းပြသည်။ "ဒါက အရမ်းရိုးရှင်းပါတယ်... မင်းတို့နှစ်ယောက်အပေါ်မှာ နဂါးအသွင်ပြောင်းလဲ ဂိတ်တံခါးရဲ့ သက်ရောက်မှုကို ကြည့်ပြီး ငါ ဆုံးဖြတ်တာပါ။"
"နဂါးအသွင်ပြောင်း ဂိတ်တံခါးက မင်းတို့အပေါ်မှာ သက်ရောက်မှု ပိုများလေလေ မင်းတို့ရဲ့ အလားအလာက ပိုနည်းလေလေပဲ။ အဲ့ဒါက တိုးတက်ဖို့ နေရာတွေ အများကြီး ကျန်သေးတယ်လို့ ဆိုလိုတာ။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ အလားအလာက ထူးကဲသာလွန်အဆင့်အထိ ရောက်နေပြီဆိုရင် နဂါးအသွင်ပြောင်းလဲခြင်းလို နတ်ဘုရားစွမ်းရည်တွေတောင်မှ အနည်းငယ်ပဲ သက်ရောက်မှု ရှိတော့တယ်။ ဒီလူငယ်လေးဟာ ဂိတ်တံခါးထဲကို ဝင်သွားပေမဲ့ သူ့အပေါ်မှာ ဘာသက်ရောက်မှုမှ မရှိသလောက်ပဲ။"
"ဒါဟာ သူ့ရဲ့ အလားအလာက အရမ်းကို ကြီးမားနေပြီး နတ်ဘုရားစွမ်းရည်တွေကတောင် သူ့ကို ထပ်ပြီး တိုးတက်အောင် မလုပ်ပေးနိုင်တော့ဘူးဆိုတာကို ပြနေတာပဲ" ရွှေနဂါးကြီးက ဖွင့်ဟလိုက်သည်။
ရွှေနဂါးကြီးသည် အဓိက အချက်ကို ထောက်ပြလိုက်ခြင်း ဖြစ်သည်။ အရိုးရှင်းဆုံး အကြောင်းမှာ ကျင့်ကြံမှုတစ်ခုတွင် ထိပ်ဆုံးသို့ နီးကပ်လေလေ သိသိသာသာ တိုးတက်ရန် ပို၍ ခက်ခဲလေလေ ဖြစ်သည်။
မင်းသားဆယ့်သုံးက နာရီဝက်ကြာ အချိန်ယူခဲ့ရခြင်းမှာ ဂိတ်တံခါးက သူ၏ အလားအလာကို များစွာ မြှင့်တင်ပေးခဲ့သောကြောင့် ဖြစ်သည်။ ကုလေ့မှာမူ လက်ဖက်ရည်တစ်ခွက် သောက်စာခန့်သာ ကြာမြင့်ခဲ့သဖြင့် သူ၏ အလားအလာမှာ မင်းသားထက် သာလွန်နေပြီး သာမန်နယ်ပယ်ထဲတွင် အထူးချွန်ဆုံးဖြစ်ကာ သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်နိုင်ခြေရှိသူ ဖြစ်သည်။
သို့သော် စူးချန်ခုန်းမှာမူ စက္ကန့်တစ်ရာ မပြည့်မီမှာပင် ပြန်ထွက်လာခဲ့ပြီး တံခါးဦးမှာ သူ့အပေါ် သက်ရောက်မှု မရှိသလောက် ဖြစ်နေသည်။ ၎င်းမှာ ထူးကဲသာလွန်သော ပါရမီ၏ ပြယုဂ်ပင် ဖြစ်သည်။
စူးချန်ခုန်းကို ကြည့်ကာ ရွှေနဂါးကြီးက နှမြောတသသော လေသံဖြင့် ပြောလိုက်သည်။ "ဂုဏ်ယူပါတယ်... နဂါးအသွင်ပြောင်း ဂိတ်တံခါးက မင်းအပိုင် ဖြစ်သွားပြီ။ ဒီဂိတ်တံခါးက မင်းကို အစစ်အမှန် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲပေးနိုင်ပြီး ကောင်းကင်ကိုးထပ်အထိ ပျံတက်ကာ ငါ့ထက်တောင် ပိုပြီး ခရီးပေါက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။"
အခန်း (၇၅၈) ထူးကဲသာလွန်အဆင့် စွမ်းရည်။ နဂါးအသွင်ပြောင်း ဂိတ်တံခါး၏ အရှင်သခင် (၃)
စူးချန်ခုန်းသည်လည်း စိတ်မလှုပ်ရှားဘဲမနေနိုင်ခဲ့။ နဂါးအသွင်ပြောင်းဂိတ်တံခါး ဆိုတာ နတ်ဘုရားမျိုးစေ့မှ သွန်းလုပ်ထားသော အကန့်အသတ်မရှိ အသုံးဝင်သည့် နတ်ဘုရားရတနာတစ်ခု ဖြစ်သည်။ ၎င်းသည် သူ၏ စွမ်းရည်နှင့် မွေးရာပါပါရမီကို မြှင့်တင်ပေးနိုင်စွမ်းမှာ အကန့်အသတ်ရှိသော်လည်း အခြားသော အသုံးချမှုများကမူ သူ၏ ခွန်အားကို အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်ပေါ်စေမည်မှာ သေချာပါသည်။
ကုလေ့၏ မျက်နှာမှာ ပျက်ယွင်းနေပြီး စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။ "ဘိုဘေးထျန်းလုံ... ကျွန်တော့်အမြင်အရတော့ စွမ်းရည်နဲ့ ပါရမီဆိုတာက မသေချာမရေရာဘဲ လက်ဆုပ်လက်ကိုင်ပြလို့ မရတဲ့အရာတွေပါ။ ခွန်အားကသာ အရာအားလုံးရဲ့ တကယ့် ပြယုဂ်ပါ။ ကျွန်တော့်ကို သူနဲ့ တိုက်ခိုက်ခွင့်ပေးပါ။ သူသာ နိုင်သွားမယ်ဆိုရင် ဒီရလဒ်ကို ကျွန်တော် စိတ်ရင်းနဲ့ လက်ခံပါ့မယ်။"
နတ်ဘုရားရတနာတစ်ခု အခြားသူ့လက်ထဲ ရောက်သွားသည်ကို ကုလေ့က မည်သို့ ကျေနပ်နိုင်ပါမည်နည်း။ သူသည် နဂါးအသွင်ပြောင်း ဂိတ်တံခါးနှင့် မည်သူ ပိုထိုက်တန်သနည်း ဆိုသည်ကို ခွန်အားချင်း စမ်းသပ်ကာ ဆုံးဖြတ်ရန် တိုက်ရိုက် အဆိုတင်သွင်းလိုက်ခြင်း ဖြစ်သည်။
မော့ကျွင်းလင်ကလည်း ထောက်ခံသောအားဖြင့် ခေါင်းညိတ်လိုက်သည်။ "မှန်ပါတယ်။ ကျွန်တော်တို့အားလုံး အဝေးကြီးကနေ လာခဲ့ကြတာ။ ဒီလို ရလဒ်မျိုးကို ကျွန်တော်တို့ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ နတ်ဘုရားရတနာတွေဆိုတာ သန်မာတဲ့သူတွေနဲ့ပဲ ထိုက်တန်တာပါ။"
ပါချန်နှင့် ပါယီတို့ပင် ခေါင်းညိတ်ပြကြပြီး ယန်မိသားစုမှ နှစ်ဦးမှာမူ နှုတ်ဆိတ်နေသော်လည်း သူတို့၏ သဘောထားမှာ ရှင်းလင်းနေသည်။ မည်သူကမျှ တာ့ဝူဖုန်း၏ လက်ထဲသို့ ဂိတ်တံခါး ရောက်သွားသည်ကို လက်မခံလိုကြပေ။
"မင်းတို့ လက်ခံတာ၊ လက်မခံတာက ဘာအရေးကြီးလို့လဲ။ ငါ့ရဲ့ ဆုံးဖြတ်ချက်က မင်းတို့ မေးခွန်းထုတ်စရာလား"
ရွှေနဂါးကြီး၏ ရွှေရောင်မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားသည်။ ၎င်း၏ ကြီးမားလှသော ဦးခေါင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကောင်းကင်ဂူနန်းအတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ ရုတ်ချည်းပင် သောင်းကျန်းလာပြီး ၎င်း၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများ အရိပ်ထင်လာသည်။
ကြီးမားလှသော ဖိအားကြောင့် လူတိုင်းမှာ အသက်ရှူရ ခက်ခဲလာပြီး ခြေထောက်များပင် တုန်ယင်လာကြသည်။ ဤသည်မှာ ပိုမိုမြင့်မားသော အတိုင်းအတာတစ်ခုမှ လာသော စွမ်းအားကြီးမားသည့် ဖိအားပင် ဖြစ်သည်။
ရွှေနဂါးကြီးအတွင်း၌ ထျန်းလုံ သိုင်းဝိဇ္ဇာသူတော်စင်၏ ဝိညာဉ်အကြွင်းအကျန် ကိန်းအောင်းနေသည်။ ၎င်းသည် ဤကောင်းကင်ဂူနန်းအတွင်းရှိ ဝိညာဉ်စွမ်းအင် အားလုံးကို ထိန်းချုပ်နိုင်သည်။ သိုင်းဝိဇ္ဇာသူတော်စင် အစစ်အမှန် ကိုယ်တိုင် လာရောက်လျှင်ပင် ဤနယ်မြေပိုင်နက် အားသာချက်ရှိသော ရွှေနဂါးကြီးကို အနိုင်ယူရန် မလွယ်ကူပေ။
ဤသည်မှာ ငွေလမင်း အင်ပါယာ၏ နယ်နိမိတ်အတွင်း ကောင်းကင်နဂါး ဂူနန်း တည်ရှိနေသော်လည်း တော်ဝင် ယန်မိသားစုက အင်အားသုံး၍ မတိုက်ခိုက်ရဲခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်သည်။
ပထမအချက်မှာ ကောင်းကင်ဂူနန်း ပျက်စီးသွားပြီး ဘာမှမရဘဲ ဖြစ်သွားမည်ကို စိုးရိမ်ခြင်း ဖြစ်သည်။ ဒုတိယအချက်မှာ ထျန်းလုံ သိုင်းဝိဇ္ဇာသူတော်စင် ချန်ထားခဲ့သော အစီအရင်များမှာ အလွန်တရာ အစွမ်းထက်လှသဖြင့် သိုင်းဝိဇ္ဇာသူတော်စင် ကိုယ်တိုင် လာရောက်လျှင်ပင် အောင်မြင်မှုရရန် မသေချာသောကြောင့် ဖြစ်သည်။
ထျန်းလုံ သိုင်းဝိဇ္ဇာသူတော်စင်၏ ဝိညာဉ်အကြွင်းအကျန်မှာ သူ၏ ယခင်ဘဝက ချမှတ်ခဲ့သော ရည်မှန်းချက်များအတိုင်းသာ လုပ်ဆောင်မည် ဖြစ်သည်။ သူသတ်မှတ်ထားသော စည်းမျဉ်းများကို အပြင်လူများ မေးခွန်းထုတ်ခွင့် မရှိပေ။ နဂါးအသွင်ပြောင်း ဂိတ်တံခါးမှာ အစကတည်းက သူ၏ အပိုင်ဖြစ်ရာ မည်သူ့ကို ပေးမည်ဆိုသည်မှာ သူ၏ ဆန္ဒသာ ဖြစ်သည်။ ဤလူငယ်များ လက်ခံသည်၊ မခံသည်ကို သူ ထည့်သွင်းစဉ်းစားဖို့ မလိုအပ်ပါပေ။
"မ... မဟုတ်ပါဘူး။ ကျွန်တော်တို့ မဝံ့ရဲပါဘူး။"
ထိုရက်စက်သော ရွှေရောင်မျက်ဝန်းများ၏ ရှေ့တွင် ကုလေ့နှင့် အခြားသူများမှာ နဖူးတွင် ချွေးစေးများ ထွက်လာကြပြီး ရိုသေစွာဖြင့် ခေါင်းငုံ့လိုက်ကြရသည်။ ထျန်းလုံ သိုင်းဝိဇ္ဇာသူတော်စင်၏ ဘုန်းတန်ခိုးကို မည်သူမျှ မဆန့်ကျင်ရဲကြပေ။ သူ၏ နယ်မြေတွင် မည်သူမျှ သူ၏ ဆန္ဒကို မလွန်ဆန်နိုင်ပေ။
"ကောင်းပြီ။ ဒီလူငယ်လေးကလွဲရင် ကျန်တဲ့သူတွေ အားလုံး ထွက်သွားကြတော့။ မင်းတို့ ရရှိခဲ့တဲ့ အကျိုးကျေးဇူးတွေကလည်း မနည်းလှပါဘူး။ ရောင့်ရဲတတ်အောင် သင်ယူရမယ်။"
ရွှေနဂါးကြီး၏ ဖိအားပေးနေသော အရှိန်အဝါမှာ တဖြည်းဖြည်း လျော့ပါးသွားပြီး သြဇာရှိသော အသံဖြင့် စူးချန်ခုန်းမှလွဲ၍ ကျန်သူအားလုံးကို ထိုနေရာမှ နှင်ထုတ်လိုက်တော့သည်။
"နဂါးအသွင်ပြောင်း ဂိတ်တံခါးက... တကယ်ပဲ ဒီကောင့်လက်ထဲ ရောက်သွားတော့မှာလား"
မင်းသားဆယ့်သုံးမှာ ဤရလဒ်ကို လုံးဝ လက်မခံနိုင်ဖြစ်နေသည်။ ထိုဂိတ်တံခါးမှာ သူတို့ပိုင်ဆိုင်ရမည့်အရာ ဖြစ်သော်လည်း ယခုအခါ ဘာမဟုတ်သည့် ကောင်တစ်ယောက်က လုယူသွားပြီ မဟုတ်ပါလား။
မော့ကျွင်းလင်၏ မျက်နှာမှာလည်း မသာမယာ ဖြစ်နေသည်။ ကောင်းကင်နဂါးဓားကို လုယူစဉ်က ကုလေ့နှင့် ရန်ငြိုးဖြစ်ခဲ့ပြီး ကုလေ့ လက်ထဲ တံခါးဦး ရောက်သွားမည်ကို မလိုလားခဲ့ပေ။ သို့သော် မော့ကျွင်းလင်နှင့် စူးချန်ခုန်းတို့၏ ရန်ငြိုးမှာ ပို၍ပင် ကြီးမားရာ စူးချန်ခုန်း လက်ထဲသို့ ဂိတ်တံခါး ရောက်သွားသည်ကိုလည်း သူ လုံးဝ မမြင်တွေ့လိုပေ။
"အခုတော့ သွားကြစို့ ဒီဂိတ်တံခါးကို... သူ ယူသွားနိုင်မှာ မဟုတ်ပါဘူး" လျှို့ဝှက်ယင် မိစ္ဆာမက အေးစက်စွာ ရယ်မောရင်း မော့ကျွင်းလင်ထံသို့ အသံလွင့်၍ စကားပါးလိုက်သည်။
"အင်း"
မော့ကျွင်းလင်က ခေါင်းညိတ်ကာ မိစ္ဆာမနှင့်အတူ လှည့်ထွက်သွားသည်။ ကောင်းကင်နဂါး ဂူနန်းထဲတွင်မူ သူတို့ စူးချန်ခုန်းကို ဘာမှလုပ်၍ မရသော်လည်း ဤနေရာမှ ထွက်သွားသည်နှင့် ထိုကန့်သတ်ချက်များ ရှိတော့မည် မဟုတ်ပေ။
"သွားကြစို့" ကုလေ့က မင်းသားတဆယ့်သုံးကို ပြောလိုက်သည်။ သူ၏ ရင့်ကျက်သော မျက်နှာတွင် မည်သည့် အမူအရာမှ မပေါ်သော်လည်း ဤမျှ အဖိုးတန်သော ဂိတ်တံခါးကို လက်လွှတ်လိုက်ရသဖြင့် သူသည်လည်း အလွယ်တကူ လက်လျှော့မည့်သူ မဟုတ်ပေ။ ထို့ပြင် သူသည် မိမိကိုယ်မိမိ စူးချန်ခုန်းထက် အားနည်းသည်ဟု မယုံကြည်သဖြင့် ယခုရလဒ်ကို အလွယ်တကူ လက်ခံမည် မဟုတ်ပေ။
ကုလေ့နှင့် မင်းသားဆယ့်သုံးတို့ ထွက်ခွာသွားပြီးနောက် ယန်မိသားစုမှ ယန်ကျုံးနှင့် ယန်ရုတို့လည်း နောက်မှ လိုက်သွားကြသည်။
"သွားကြစို့..." ပါယီနှင့် ပါချန်တို့မှာလည်း စိတ်ထဲမှ ရေရွတ်လိုက်ကြသည်။ သူတို့သည် တဖြည်းဖြည်းချင်း ဝေးရာသို့ ဆုတ်ခွာသွားကြသည်။ သူတို့မှာ ဤလူအုပ်စုထဲတွင် အားနည်းသောသူများ ဖြစ်ကြသဖြင့် ဂိတ်တံခါးအပေါ် စိတ်ဝင်စားမှု ရှိသော်လည်း ကိုယ့်ကိုယ်ကို နားလည်ကြသည်။ ဘာမှမရတာထက်စာရင် ရသင့်သလောက်ရသွားတာက ပိုကောင်းပြီ ဤအရာအတွက်နှင့် အသက်ပေးရန် မတန်ကြောင်း သူတို့ သိထားကြသည်။
အလောင်းကောင် အဖိုးအိုမှာ တစ်ခုခုပြောရန် ပါးစပ်ဟလိုက်သော်လည်း ပြန်ပိတ်လိုက်ရသည်။ သူသည် ကောင်းကင်နဂါး တိုက်ပွဲဝင် ရုပ်သေးရုပ်၏ ခန္ဓာကိုယ်ကို လိုချင်သော်လည်း ယခုအချိန်တွင် ထိုအကြောင်း ပြောလိုက်လျှင် စူးချန်ခုန်းထံမှ အငြင်းခံရမည်မှာ သေချာနေသဖြင့် သူသည်လည်း ဦးစွာ ထွက်ခွာသွားပြီး နောက်မှ တခြားနည်းလမ်း ရှာရန်သာ ဆုံးဖြတ်လိုက်တော့သည်။
အခန်း (၇၅၉) မူလနဂါးချီစွမ်းအင်။ ဓားသွားဝိညာဉ်အား စုစည်းခြင်း။ (၁)
"တာ့ဝူဖုန်း... မင်း နဂါးအသွင်ပြောင်း ဂိတ်တံခါးကို လွယ်လွယ်နဲ့ ယူသွားနိုင်မှာ မဟုတ်ဘူး"
မော့ကျွင်းလင်က မျက်လုံးများတွင် အေးစက်သော အလင်းတန်းများနှင့် ထွက်ခွာသွားသည်။
အားလုံး ထွက်ခွာသွားကြပြီဖြစ်ရာ စူးချန်ခုန်း တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
စူးချန်ခုန်းသည် 'ရတနာရှိသူမှာ အပြစ်ရှိသူဖြစ်သည်' ဟူသော အမှန်တရားကို ကောင်းစွာ နားလည်ထားသည်။ မျှော်လင့်ထားသည့်အတိုင်းပင် လူအများစုမှာ ကောင်းကင်ဂူနန်း၏ အပြင်ဘက်တွင် လက်မလျှော့ဘဲ စောင့်ဆိုင်းနေကြမည်ဖြစ်ရာ နဂါးအသွင်ပြောင်း ဂိတ်တံခါးကို ယူဆောင်သွားရန်မှာ သူ့အတွက် လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။
သို့သော် စူးချန်ခုန်းအနေဖြင့် လက်လျှော့ရန်မှာလည်း ပို၍ပင် မဖြစ်နိုင်ပေ။ မိမိလက်ထဲ ရောက်ရှိလာသော ရတနာကို အခြားသူ့လက်သို့ အပ်နှင်းလိုက်ရသည်ဟူသော အယူအဆမျိုးမှာ သူ၏ အဘိဓာန်တွင် မရှိပေ။
"ဘိုးဘေး... ဒီလက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်" စူးချန်ခုန်းသည် ရွှေနဂါးကြီးကို မော့ကြည့်ကာ ကျေးဇူးတင်စကားကို ဆိုလိုက်သည်။
ရွှေနဂါးကြီးက ခပ်ရေးရေး ပြုံးကာ ဆိုသည်။ "ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး။ ဒါဟာ မင်းရဲ့ ကံတရားပဲ။ ရှေ့လူတွေက လမ်းခင်းပေးခဲ့တာဟာ နောက်လူတွေ ပိုပြီး ခရီးပေါက်နိုင်ဖို့ပဲလေ။ သိုင်းပညာရှင်တွေရဲ့ လမ်းစဉ်က အမြဲတမ်း ဒီလိုပဲ ရှိခဲ့တာ။ ငါ ငယ်ငယ်ကလည်း စီနီယာတွေရဲ့ ကျေးဇူးကို ခံယူခဲ့ရတာပဲ။ နောင်တစ်ချိန်မှာ မင်းလည်း ဒီလိုပဲ ပြန်လုပ်ပေးနိုင်ရင် အဲ့ဒါက လုံလောက်ပါပြီ။"
စူးချန်ခုန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ယနေ့ခေတ်၏ သိုင်းပညာ ကျမ်းစာများမှာ ရှေ့လူများက နောက်လူများအတွက် ချန်ထားရစ်ခဲ့သော အဖိုးတန် ရတနာများဖြစ်ပြီး ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခြင်းကြောင့် သိုင်းပညာလောကမှာ ရှင်သန် ဖွံ့ဖြိုးနေခြင်း ဖြစ်သည် မဟုတ်ပါလား။
"ကဲ... မင်းရဲ့ သွေးကို နဂါးအသွင်ပြောင်း ဂိတ်တံခါးပေါ်မှာ ချပြီး မင်းရဲ့ အမှတ်အသားကို ရိုက်သွင်းလိုက်တော့။ နဂါးအသွင်ပြောင်း ဂိတ်တံခါးက မင်းအပိုင် ဖြစ်သွားပြီ။ မင်း အဲ့ဒါကို ကောင်းကောင်း အသုံးချနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။" ဟုရွှေနဂါးကြီးက ဆိုသည်။
"ဟုတ်ကဲ့။"
စူးချန်ခုန်းက သဘောတူလိုက်သည်။ ထျန်းလုံ သိုင်းဝိဇ္ဇာသူတော်စင်တွင် မကောင်းသော အကြံအစည်ရှိလိမ့်မည်ဟု သူ မသင်္ကာဖြစ်မနေပေ။ ဤကောင်းကင်ဂူနန်းအတွင်း၌ သိုင်းဝိဇ္ဇာသူတော်စင်၏ ဝိညာဉ်အကြွင်းအကျန်မျှသာ ရှိနေခြင်းဖြစ်ရာ သိုင်းဝိဇ္ဇာသူတော်စင် အစစ်အမှန် ကိုယ်တိုင် လာရောက်လျှင်ပင် ကောင်းကင်ဂူနန်း၏ အစီအရင်များကြောင့် ခက်ခဲစွာ ရုန်းကန်ရမည် ဖြစ်သည်။
တကယ်လို့သာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိခဲ့ရင် သူ့လို မျိုးဆက်သစ် လူငယ်လေးကို ကိုင်တွယ်ဖို့ အခုလိုမျိုး အချိန်ဆွဲနေစရာ မလိုတာ အမှန်ပင်။
နဂါးအသွင်ပြောင်း ဂိတ်တံခါးကို ရစ်ပတ်ထားသော တောက်ပသည့် အလင်းတန်းများ ပျောက်ကွယ်သွားပြီး စူးချန်ခုန်းသည် သူ၏ လက်ထိပ်မှ သွေးတစ်စက်ကို ညှစ်ထုတ်ကာ တံခါးဦးပေါ်သို့ ကျစေလိုက်သည်။
"ဝုန်း"
ဂိတ်တံခါးမှာ တုန်ခါသွားလေ၏။ ယခုအချိန်တွင် အရှင်သခင် မရှိသေးသဖြင့် စူးချန်ခုန်းက သူ၏ အမှတ်အသားကို ရိုက်နှိပ်လိုက်ခြင်းမှာ အလွန်ပင် ချောမွေ့ခဲ့ပြီး တံခါးဦးနှင့် သူ့အကြား ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယခုအခါ နဂါးအသွင်ပြောင်းလဲ ဂိတ်တံခါးမှာ စူးချန်ခုန်း၏ အပိုင် ဖြစ်သွားလေပြီ။ သူသည် စိတ်ကူးလိုက်ရုံဖြင့် တံခါးဦးကို ကြီးစေ၊ သေးစေ လုပ်နိုင်စွမ်း ရှိသွားပြီ ဖြစ်သည်။
"လူငယ်လေး... မင်း ငါ့ထက် ပိုပြီး ခရီးပေါက်နိုင်ပါစေ။ ဒီကမ္ဘာပေါ်ကို တစ်ခေါက် ရောက်လာတဲ့ ခရီးမှာ... နောက်ဆုံးတော့လည်း အမှတ်အသားတချို့ ချန်ထားရစ်ခဲ့ချင်တာပါပဲ..."
ရွှေနဂါးကြီး၏ အသံမှာ စူးချန်ခုန်း၏ နားထဲတွင် ပဲ့တင်ထပ်သွားပြီး ၎င်း၏ ဝိညာဉ်အကြွင်းအကျန်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ ဝမ်းနည်းမှုနှင့် စွန့်လွှတ်မှု ခံစားချက်များကို ခံစားလိုက်ရသည်။
ရွှေနဂါးကြီးက စတင် ပျက်စီးသွားပြီး ရွှေရောင် မြူခိုးလေးများအဖြစ် ပြောင်းလဲကာ နဂါးအသွင်ပြောင်း ဂိတ်တံခါးအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။ ဤရွှေနဂါးကြီး ကိုယ်တိုင်မှာလည်း ဂိတ်တံခါး၏ စွမ်းအင်များဖြင့် ဖန်တီးထားသော ပုံရိပ်တစ်ခုသာ ဖြစ်သည်။
တံခါးဦးကို သန့်စင်ပြီးနောက် စူးချန်ခုန်းသည် ၎င်း၏ အသုံးချမှုမှာ အကန့်အသတ်မရှိ မဟုတ်ကြောင်း အကြမ်းဖျင်း နားလည်လိုက်သည်။ တံခါးဦး၏ စွမ်းအင်များ ကုန်ခမ်းသွားပါက ပြန်လည် ဖြည့်တင်းရန် လိုအပ်ပြီး ဝိညာဉ်စွမ်းအင်များဖြင့် ဖြည့်နိုင်သော်လည်း မူလနဂါးချီစွမ်းအင်မှာ အကောင်းဆုံး ဖြစ်သည်။
မူလနဂါးချီစွမ်းအင် ဆိုသည်မှာ နိုင်ငံတစ်ခု၏ နဂါးကြောအတွင်း တည်ရှိသောအရာ ဖြစ်သည်။ ဤကောင်းကင် ဂူနန်းအတွင်းရှိ ဝိညာဉ်အကြောမှာ ယခင် ကောင်းကင်နဂါးနိုင်ငံတော်၏ နဂါးအကြောဖြစ်ရာ ထျန်းလုံ သိုင်းဝိဇ္ဇာသူတော်စင်သည် ၎င်းကို အသုံးပြု၍ နဂါးအသွင်ပြောင်း ဂိတ်တံခါးကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင်မူ စွမ်းအင် မလုံလောက်မည်ကို စိုးရိမ်စရာ မလိုပေ။ ဂိတ်တံခါးကို အသုံးမပြုရသေးသဖြင့် စွမ်းအင်များ အပြည့်အဝ ရှိနေပြီး လုံလောက်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။
'သိုင်းဝိဇ္ဇာသူတော်စင်တောင်မှ ထာဝရအသက်ကို မရနိုင်ပါလား...' ဟု စူးချန်ခုန်းက တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
ထျန်းလုံ သိုင်းဝိဇ္ဇာသူတော်စင်မှာ အမှန်တကယ်ပင် လူအများကြားမှ နဂါးတစ်ကောင် ဖြစ်ခဲ့ပြီး သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ ရောက်ရှိကာ နိုင်ငံတော်ကို တည်ထောင်ပြီး နတ်ဘုရားရတနာကို ဖန်တီးနိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ကံကြမ္မာ၏ အဆုံးသတ်ကို မလွန်ဆန်နိုင်ဘဲ ကောင်းကင်ဂူနန်းအတွင်း တရားထိုင်ရင်း ကွယ်လွန်ခဲ့ရသည်။
စူးချန်ခုန်း လုပ်နိုင်သည်မှာ သူ၏ ကိုယ်ပိုင်လမ်းစဉ်အတိုင်း ဆက်လက် တိုးတက်အောင်လုပ်ရန်သာ။
'အခုတော့... ငါ့ရဲ့ ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်ရမယ်’ စူးချန်ခုန်းက စိတ်ထဲမှ တွေးလိုက်သည်။
မော့ကျွင်းလင်၊ ကုလေ့နှင့် အခြားသူများမှာ ဂိတ်တံခါးကို လုယူရန် ကောင်းကင်ဂူနန်းအပြင်ဘက်တွင် စောင့်နေကြမည်မှာ သေချာကြောင်း သူ ကောင်းကောင်း သိထားသည်။ ပြင်းထန်သော တိုက်ပွဲတစ်ခုမှာ ရှောင်လွှဲ၍ မရနိုင်ဖြစ်ရာ စွမ်းအားကြီး ရန်သူများကို တွန်းလှန်ရန်အတွက် သူ၏ ခွန်အားကို အမြင့်ဆုံးအထိ မြှင့်တင်ထားရန် လိုအပ်သည်။
စူးချန်ခုန်းသည် သူ၏ ရှေ့မှ ကြီးမားလှသော နဂါးအသွင်ပြောင်း ဂိတ်တံခါးကို ကြည့်ကာ သူ၏ သံဖြတ်ဓားကို ထုတ်ယူပြီး ဂိတ်တံခါးအတွင်းသို့ ပစ်ထည့်လိုက်သည်။
နဂါးအသွင်ပြောင်း ဂိတ်တံခါးမှာ အမှိုက်ကို ရတနာအဖြစ် ပြောင်းလဲပေးနိုင်ပြီး သာမန်လက်နက်တစ်ခုကိုပင် နတ်ဘုရားလက်နက်အဖြစ် ပြောင်းလဲပေးနိုင်သည်။ စူးချန်ခုန်းသည် ဦးစွာ သူ၏ လက်နက်ကို အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ဝုန်း"
ခဏအကြာတွင် သံဖြတ်ဓားမှာ တံခါးအတွင်းမှ ပျံထွက်လာသည်။ ဓားမျက်နှာပြင်ပေါ်တွင် မှိန်ဖျဖျ နဂါးပုံရိပ်များ ပေါ်ပေါက်လာပြီး ၎င်း၏ အရောင်မှာ ပို၍ တည်ငြိမ်သွားကာ အရည်အသွေးမှာ တစ်ဆင့် မြင့်တက်သွားခဲ့သည်။
ကြယ်တာရာရွှေလေးကိုလည်း စူးချန်ခုန်းက ဂိတ်တံခါးအတွင်းသို့ ထည့်လိုက်သည်။
'ငါ့ရဲ့ ဓားသွားဝိညာဉ်ကိုလည်း... မြှင့်တင်လို့ ရနိုင်မလား' ဟု စူးချန်ခုန်းက တွေးတောလိုက်သည်။
ဝိညာဉ်ဆိုသည်မှာ ခန္ဓာကိုယ်အတွင်းရှိ အသိစိတ်ပင်လယ်တွင် ကိန်းအောင်းနေပြီး ဝိညာဉ်နယ်ပယ်သို့ ရောက်ရှိမှသာ ဝိညာဉ်၏ နက်နဲမှုများကို တဖြည်းဖြည်းချင်း ဖော်ထုတ်နိုင်ကာ ဝိညာဉ်ခန္ဓာကိုယ်မှ ခွဲထွက်ခြင်း ကဲ့သို့သော အစွမ်းများကို ရရှိနိုင်သည်။
စူးချန်ခုန်း၏ ဓားဝိညာဉ်ခွဲထွက်ခြင်းမှာ သူ၏ လျှို့ဝှက်ချက် လက်နက်ဖြစ်သော်လည်း ဓားဝိညာဉ် ကိုယ်တိုင်မှာမူ အလွန် ထိခိုက်လွယ်သည်။ အကယ်၍ ထိခိုက်ဒဏ်ရာ ရရှိပါက အကျိုးဆက်မှာ ကြီးမားလှသဖြင့် ၎င်းကို အလွယ်တကူ အသုံးမပြုသင့်ပေ။
စူးချန်ခုန်း ယခင်က ဂိတ်တံခါးအတွင်း ဝင်ရောက်စဉ်က ၎င်း၏ နတ်ဘုရားစွမ်းရည်များမှာ သူ၏ သိစိတ်ပင်လယ်အတွင်းရှိ ဓားဝိညာဉ်အပေါ် သက်ရောက်မှု မရှိခဲ့ပေ။ ယခုအခါ သူ၏ ဓားဝိညာဉ်ကို အပြင်သို့ ထုတ်ယူပြီး တံခါးဦးအတွင်း ထည့်သွင်းလိုက်ပါက နဂါးအသွင်ပြောင်း ဂိတ်တံခါးသည် သူ၏ ဓားဝိညာဉ်ကို တစ်ဆင့်မြင့်တက်အောင် ပြောင်းလဲပေးနိုင်မည်လား။
ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်မှာ စမ်းသပ်ကြည့်မှသာ သိပေမည်။
"ဝူး"
စူးချန်ခုန်း၏ စိတ်ကူးလိုက်ရုံဖြင့် ရှေးဆန်ပြီး ထူးခြားမှုမရှိသော ဓားပုံရိပ်တစ်ခုသည် သူ၏ နဖူးမှ ပျံထွက်လာသည်။ မူလဓာတ်ငါးပါးအရှိန်အဝါများမှာ ဓားဝိညာဉ်ကို ပိုးသားများကဲ့သို့ ရစ်ပတ်ထားပြီး စူးချန်ခုန်းသည် ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်သလို ဓားသွားဝိညာဉ်ကိုလည်း လိုသလို ထိန်းချုပ်နိုင်သည်။
ဓားသွားဝိညာဉ်သည် နဂါးအသွင်ပြောင်း ဂိတ်တံခါးအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားသည်။
"ဝုန်း"
ဂိတ်တံခါးမှာ တုန်ခါသွားပြီး နဂါးငယ်လေးများကဲ့သို့သော ရွှေရောင်ဓာတ်ငွေ့များမှာ စူးချန်ခုန်း၏ ဓားသွားဝိညာဉ်ကို ရစ်ပတ်ကာ ပျိုးထောင်ပေးနေတော့သည်။
"အလုပ်ဖြစ်တယ်ဟ"
စူးချန်ခုန်း၏ မျက်လုံးများမှာ ဝမ်းသာအားရ တောက်ပသွားသည်။ သူ၏ ဓားသွားဝိညာဉ်မှာ မွေးဖွားလာသည်မှာ မကြာသေးသဖြင့် နုနယ်သော အခြေအနေတွင်သာ ရှိသေးသည်။ သို့သော် ဂိတ်တံခါး၏ 'နဂါးအသွင်ပြောင်းလဲခြင်း' နတ်ဘုရားစွမ်းရည်အောက်တွင် ၎င်းမှာ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲတိုးတက်လာနေပြီ ဖြစ်သည်။
ဤပြောင်းလဲမှုမှာ အရေအတွက် တိုးတက်လာခြင်းမျှသာ မဟုတ်ဘဲ အရည်အသွေးပါ မြင့်မားလာခြင်းပင် ဖြစ်သည်။