← Chapters

တိထျန်းနှင့် တိုက်ပွဲ

Vol. 29 Ch. 400

တိထျန်းနှင့် တိုက်ပွဲ

Vol. 29 Ch. 400

တိထျန်း၏ တည်ငြိမ်စွာ ပြောဆိုလိုက်သော အထက်စီးဆန်သည့် စကားလုံးတို့မှာ ကောင်းကင်ဘုံ၏ စွမ်းအားတစ်ခုလိုပင်။ သူ စကားပြောသောအခါ ကောင်းကင်ဘုံမှ သက်ရှိအားလုံးအား စစ်ဆေးနေသကဲ့သို့ ခံစားရလေသည်။ အထူးသဖြင့် ထိုဧကရာဇ် ဝတ်ရုံနှင့် ထူးခြားသော သရဖူတို့ ဝတ်ဆင်ထားသော တိထျန်း၏ ပုံစံမှာ လောကအားလုံးကို အုပ်စိုး၍ စကြဝဠာအတွင်းရှိ သက်ရှိအားလုံးကို ထိန်းချုပ်ထားနိုင်သကဲ့သို့ပင် ဖြစ်သည်။

ကြီးကျယ်မြင့်မြတ်လှသော သူ့ပုံစံအရ စုမင်မှာ အရေးမပါလှသကဲ့သို့ပင်။ ကျယ်လောင်ခြင်း မရှိသော သူ့အသံထဲတွင် ငြင်းဆန်နိုင်စွမ်း မဲ့စေသည့် သဘောထားတစ်ခု ပါဝင်နေ၏။ ကမ္ဘာလောကသည်ပင် သူ့စကားကို နာခံရပေလိမ့်မည်။

သူ့စကားကို ကြားသည်နှင့် သက်ရှိအားလုံး တုန်လှုပ်စွာ ဒူးထောက် ကိုးကွယ်ရတော့မည် ကဲ့သို့ပင်။ သူတို့ နှလုံးသားအတွင်း အဆုံးမရှိသော လေးစားကြောက်ရွံ့မှုများလည်း ပေါက်ဖွား လာရပေလိမ့်မည်။

"အလိမ်အညာတွေ" တိထျန်း၏ မောက်မာ အထက်စီးဆန်သော စကားများအပေါ် ဆံနီစုမင်၏ အဖြေကတော့ ထိုစကားငါးလုံးမျှသာ... သူ၏ မီးလျှံ အနီရောင် ဆံပင်ရှည်များနှင့် မျက်လုံးများ အတွင်းရှိ ကြက်သွေးနီရောင် အလင်းတို့မှာ တိထျန်းကို စိုက်ကြည့်လိုက်ချိန်၌ အလွန်အမင်း ပိုမိုတောက်ပလာခဲ့၏။

ထို့နောက် စုမင်၏ စကားသံက ဖြည်းညှင်းစွာ ဆက်လက်ထွက်ပေါ်လာသည်။ "မင်းဘာသာ ကောင်းကင်နဲ့ မြေပြင်ရဲ့ ချို့ယွင်းချက်တွေကို ပြင်ဆင်နိုင်တာ ငါနဲ့ ဘာဆိုင်လို့လဲ။ ပစ္စည်းတွေ ပြင်ဆင်ရတယ်ဆိုတာ အလုပ်ကြမ်းသမားတွေ လုပ်ရတာလေ။ ဘာတွေများ ကြွားဝါနေသေးတာတုန်း။ မင်းဘာသာမင်း နေနဲ့လကို နစ်မြုပ်နိုင်တာကရော ငါနဲ့ ဘာဆိုင်နေလို့လဲ။ နေနဲ့လကရော ရေချိုးသန့်စင်နေစရာ လိုလို့လား။ အဲဒါနဲ့ပဲ မင်းကိုယ်မင်း တစ်ခြားသူတွေထက် ပိုပြီး ကြီးမြတ်သွားပါပြီ ထင်နေတာပေါ့"

"ဒါပေမယ့်လည်း မင်းက ဒီလို အဆင့်အတန်းတွေ ကြိုက်တယ်ဆိုမှတော့ ငါကပဲ မင်းအိပ်မက်တွေကို ဖြည့်ဆည်းပေးလိုက်ပါ့မယ်လေ" ဆံနီစုမင်သည် ချဉ်းကပ်လာသော တိထျန်းအား စိုက်ကြည့်လိုက်ပြီး ညာလက်ကိုမြှောက်၍ လက်ညှိုးနှင့် လက်မကို ဆက်ကာ အဝိုင်းပုံ လက်ဟန်သင်္ကေတ တစ်ခု အလျင်အမြန် ဖန်တီးလိုက်သည်။ စက်ဝိုင်းပုံ ဖြစ်ပေါ်လာသည်နှင့် သူသည် လေထဲမှတစ်ဆင့် မြေပြင်ကို ဆွဲယူဟန်ပြုလိုက်၏။

ထိုသို့ လုပ်လိုက်သည်နှင့် မြေပြင်မှာ ချက်ချင်းဆိုသလို အပြင်းအထန် စတင်တုန်ခါလာခဲ့သည်။

ထိုအချိန်တွင် တိထျန်းသည်လည်း ညာလက်မှ လက်နှစ်ချောင်းကို မြှောက်၍ စုမင်ထံ အေးအေးဆေးဆေး ညွှန်ပြလိုက်သည်။ သူ ထိုသို့ လုပ်လိုက်သည်နှင့် စုမင်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး မမြင်ရသော အားတစ်ခု၏ ရိုက်ထုတ်ခံလိုက်ရဟန်ဖြင့် နောက်သို့ ချက်ချင်း လွင့်စင်သွားခဲ့သည်။ သူသည် အနောက်သို့ ပေထောင်ပေါင်းများစွာ ဆုတ်ခွာသွားရပြီး တောင်ပေါ်မှ နှင်ထုတ်ခံလိုက်ရလေသည်။

စုမင်၏ အမြင်အာရုံများ ဝေဝါးသွားသည်။ ကျောက်တောင်ကြီးသည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး မြေပြင်ထက်တွင် စီးဆင်းနေသော မြစ်တစ်စင်းကသာ အစားထိုး ပြန်ပေါ်လာခဲ့သည်။ အရာအားလုံးမှာ သူ တောင်အကာအရံ အပြင်ဘက်တွင် ရှိခဲ့စဉ်က မြင်ကွင်းအဖြစ် ပြန်လည် ပြောင်းလဲသွားခဲ့ချေပြီ။

စုမင်၏ မျက်နှာမှာ မည်းမှောင်သွားပြီး နောက်သို့ လွင့်စင်သွားစဉ် လက်နှစ်ဖက်လုံးဖြင့် လက်ဟန်သင်္ကေတများ ဖန်တီးလိုက်သည်။ သူသည် မြေပြင်ကို ဖမ်းဆုပ်ဟန် ထပ်မံပြုလုပ်လိုက်ပြီး သူ့မျက်နှာအနှံ့ သွေးကြောများ ဖောင်းကြွ ပေါ်လာခဲ့သည်။ ထို့နောက် သူသည် ခပ်တိုးတိုး တစ်ချက် အော်ဟစ်လိုက်၏။

တစ်ချိန်တည်းမှာပင် တိထျန်းသည်လည်း စုမင် လွင့်ထွက်သွားရာဘက်ဆီ ခြေတစ်လှမ်းလှမ်း၍ တောင်၏ ပိုင်နက်ဧရိယာ အတွင်းမှ လျှောက်လှမ်း ထွက်ပေါ်လာခဲ့သည်။ သူ့အမူအယာမှာ ယခင်အတိုင်း တည်ငြိမ်နေဆဲ ဖြစ်ပြီး ခံစားချက် တစ်ခုတစ်လေပင် မတွေ့ရချေ။ သူသည် စုမင်ကိုကြည့်၍ ညာလက်ကို ထပ်မြှောက်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်တော့ လက်နှစ်ချောင်းသာ မသုံးတော့ပဲ လက်လေးချောင်းဖြင့် ခုတ်ချလိုက်သည်။

ထိုခုတ်ချက်ကြောင့် တိထျန်း အရှေ့ရှိ ကောင်းကင်မှ အက်ကွဲသံများ ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်မှာ ဧရာမ အက်ကြောင်းလေးခု အဖြစ် ကွဲထွက်သွားလေသည်။ တွန့်လိမ် လှုပ်ရှားနေသော ထို နဂါးနက်လေးကောင်သဖွယ် အက်ကြောင်းလေးခုသည် ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် စုမင်ထံသို့ ဦးတည်လာကြ၏။

အက်ကြောင်းလေးခုမှာ ပေတစ်ရာပင် မဝေးတော့သည့် အကွာအဝေးသို့  ရောက်လာသည်နှင့် တစ်ပြိုင်နက် စုမင်သည် ခေါင်းကို အလျင်အမြန် မော့လိုက်ပြီး မြေပြင်ကို ဖမ်းဆုပ်ဟန် ပြုထားသည့် လက်များကိုလည်း အပေါ်သို့ ဆွဲမြှောက်လိုက်သည်။

"ကမ္ဘာမြေ နိုးထလော့"

စုမင်၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတစ်ဖြာ တောက်ပနေပြီး သူ့လက်များအား ဆွဲမြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် အောက်ဘက်ရှိ မြေပြင်မှာ အပြင်းအထန် စတင်တုန်ခါလာပြီး အက်ကြောင်းများ အလျင်အမြန် ဖြစ်ပေါ်လာကာ ရှည်လျားသော မြစ်ကြီးသည်ပင် ပြိုကွဲသွားတော့မည့်ပုံ ပေါ်လာခဲ့သည်။ ထိုအက်ကြောင်းများအတွင်း ရေများ ကျွံဝင်သွားကြသော်လည်း ၎င်းက မြေပြင် တုန်ခါလာချိန်တွင် ဖြစ်ပေါ်လာခဲ့သော ပုံရိပ်ယောင်များနှင့် ယှဉ်ပါက ဘာမှ မဟုတ်လှပေ။

ပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာသည်နှင့် ကမ္ဘာမြေ၏ စိတ်ဝိညာဉ်သည်ပင် ၎င်း၏ ကိုယ်မှ လွတ်မြောက်၍ အပြင်သို့ လွင့်မျောလာပုံ ပေါ်သည်။ ဤမြင်ကွင်းသည် သူတို့နှစ်ဦး ပတ်ပတ်လည်ရှိ လီသောင်းပေါင်းများစွာ ဧရိယာအတွင်းမှ မြေပြင်ပေါ်တွင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

မြစ်ချောင်း၊ လွင်ပြင်တို့၏ ပုံရိပ်ယောင်များ ထင်ဟပ်လာသည်နှင့် စုမင်က သူ့လက်များကို မြှောက်လိုက်ရာ ကမ္ဘာမြေ၏ စိတ်ဝိညာဉ်သည် သူ့ရှေ့တွင် လွင့်မျော ထွက်ပေါ်လာပြီး ဧရာမ မြေသားထုကြီးတစ်ခု အဖြစ် ပြောင်းလဲသွားသည်။ ထိုမြေသားထုသည် ဧရာမ အကာအကွယ်တစ်ခု သဖွယ် ထောင်မတ်သွားပြီး အက်ကြောင်းလေးခုကို ပိတ်ဆို့တားဆီးလိုက်၏။

၎င်းသည် သာမန် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း ကာဆီးထားသော မြေသားထုကြီး၏ ပုံစံကပင် အံ့သြ ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်နေခဲ့ချေပြီ။

ကမ္ဘာမြေမှာမူ ၎င်း၏ စိတ်ဝိညာဉ် ဆုံးရှုံးသွားသဖြင့် ရှည်လျားသော မြစ်ကြီးမှာ ခြောက်သွေ့သွားပြီး မြေပြင်ထက်တွင်လည်း အက်ကြောင်းများ ပေါ်လာခဲ့သည်။ မြေဆီလွှာသည်ပင် ပြိုကျတော့မည့် အရိပ်အယောင်များ စတင်ပြသလာကာ တစ်စုံတစ်ဦးသာ ထိုနေရာသို့ ခြေချလိုက်သည်နှင့် မြေကြီးထဲကျွံဝင် နစ်မြုပ်သွားမည့်ပုံ ပေါ်နေချေသည်။

လွင်ပြင်ရှိ မြက်ပင်တို့မှာ ခြောက်သွေ့ သေဆုံးသွားပြီး ခြောက်ချား ထိုင်းမှိုင်းဖွယ် လေထုတစ်ခုက နယ်မြေတစ်ခွင် လွှမ်းမိုးလာခဲ့သည်။

စုမင်၏ အရှေ့တွင် ကမ္ဘာမြေ၏ စိတ်ဝိညာဉ်မှ ဖြစ်တည်လာသော အကာအရံ မြင့်တက်ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်တစ်ခွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက်  မြည်ဟည်းသွားသည်။ အက်ကြောင်းလေးခုသည် ကမ္ဘာမြေ၏ စိတ်ဝိညာဉ်နှင့် ထိပ်တိုက် တိုက်ခိုက်မိကြပြီး အဆုံးမရှိသော ပေါက်ကွဲသံများ ထွက်ပေါ်လာကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့၏။

အက်ကြောင်းလေးခု၏ ပုံစံသည် သာမန်ပင် ဖြစ်သော်လည်း ၎င်းတို့အတွင်း ပါဝင်နေသော စွမ်းအားမှာ အလွန် ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။ ကမ္ဘာမြေ၏ စိတ်ဝိညာဉ်ထံမှ မြေသားထုနှင့် တိုက်ခိုက်မိသည်နှင့် အက်ကြောင်းလေးခုအနက် သုံးခုမှာ ပျောက်ကွယ်သွားခဲ့၏။ နောက်ဆုံး အက်ကြောင်းသည်သာ ကမ္ဘာမြေ၏ စိတ်ဝိညာဉ်ထက်တွင် အရာထင်သွားပြီး ကျယ်လောင်သော မြေသားထုအား အနောက်သို့ ဆက်တိုက် တွန်းထုတ်လိုက်သည်။ အလားတူပင် စုမင်၏ ခန္ဓာကိုယ်သည်လည်း အနောက်သို့ ဆက်လက် ဆုတ်ခွာလိုက်ရလေသည်။

သို့သော်လည်း ဆံနီစုမင်၏ မျက်နှာထက်တွင်တော့ ထိတ်လန့်တုန်လှုပ်မှုဟူ၍ အရိပ်အမြွက်ပင် ပေါ်မလာခဲ့ချေ။ ထိုအစား မဲ့ပြုံးတစ်ခုနှင့်အတူ စကားနှစ်လုံးကိုသာ ကျယ်လောင်စွာ ကြုံးဝါးလိုက်လေသည်။

"မိုးကောင်းကင် ပြိုကျလော့"

သူ့ပါးစပ်မှ ထိုစကားလုံးတို့ ထွက်လာသည်နှင့် တစ်ပြိုင်နက်တည်းလိုလိုပင် မြေသားထုကြီး၏ နောက်သို့လွင့်စင်နေသော အရှိန်နှုန်းမှာ ပိုမိုတိုးမြင့်သွားပြီး စုမင်အား အနောက်သို့ ပေသောင်းပေါင်းများစွာ အကွာအဝေးထိ တွန်းထုတ်လိုက်ပြန်၏။ သူ့အနောက်မှလည်း ထိတ်လန့်ဖွယ် ပေါက်ကွဲသံများ ပျံ့လွင့်လာခဲ့သည်။

ထိုပေါက်ကွဲမြည်ဟည်းသံများ ထွက်ပေါ်လာရခြင်းမှာ စုမင်သည် ပုံရိပ်ယောင် မြေသားထု၏ တွန်းထုတ်ခြင်းကို ခံလိုက်ရပြီး လေထုနှင့် ဝင်ဆောင့်မိသွားခြင်းကြောင့် ဖြစ်သည်။ လေထုထဲတွင် အကာအရံလွှာ တစ်ခု ရှိနေဟန်ဖြင့် စုမင် ဝင်ဆောင့်လိုက်သောအခါ ကောင်းကင်ထက်မှာပင် တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုတွင်းပေါက် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကမ္ဘာမြေ၏ စိတ်ဝိညာဉ်ထံမှ အော်မြည်သံတစ်ချက် ထွက်ပေါ်လာပြီး ၎င်းသည်လည်း တွင်းပေါက်ကြီးထံ တိူးဝင်ကာ ဆုတ်ဖြဲ ဖျက်စီးလိုက်ပြန်သည်။ ထိုတိုက်ခိုက်မှုကြောင့် ကောင်းကင်ရှိ တွင်းပေါက်၏ အရွယ်အစားမှာ ပေတစ်သောင်းနီးပါးအထိ လျင်မြန်စွာ ကျယ်သွားခဲ့သည်။ အဝေးမှဆိုလျှင် ကောင်းကင်ယံမှာ ပေါက်ပြဲသွားပြီး ကုန်းမြေဆီသို့ ၎င်းအတွင်းရှိ လေအေးများ ယိုစိမ့်ပျံ့နှံ့လာသကဲ့သို့ပင် ဖြစ်သည်။

တွင်းပေါက်အတွင်းမှ အဆုံးမရှိသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး လွင့်မျောလာသော မြေသား၊ မြေဆီလွှာ များမှာ ချက်ချင်း ဝါးမြိုခံလိုက်ရ၏။ မူလက ပုန်းကွယ်နေခဲ့သော သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ကျောက်တောင်ကြီး ရှိရာနေရာသည်ပင် စတင်၍ တွန့်လိမ်ပုံပျက်လာလေသည်။ စုပ်အား၏ စွမ်းအားအောက်၌ ၎င်းသည်ပင် အနိုင်နိုင် ဖုံးကွယ်နေရကြောင်း ရှင်းလင်းလို့နေ၏။

'ငါ့ လက်ရှိ စွမ်းအားအရ ကောင်းကင်ကို မဖျက်ဆီးနိုင်ပေမယ့် ကမ္ဘာမြေရဲ့ စွမ်းအားနဲ့ ဆိုရင်တော့ သူ့ရဲ့ စိတ်ဝိညာဉ်ကို သုံးပြီး ကောင်းကင်ရဲ့ စိတ်ဝိညာဉ်ကို တိုက်ခိုက်လို့ ရနေသေးတယ်။ အဲဒါက ဆုတ်ဖြဲပေးနိုင်စွမ်းလောက်တော့ ရှိပါတယ်။ မင်းက ကောင်းကင်ကို ပြင်ချင်တာဆိုမှတော့ လုပ်လေ... သွားပြင်လိုက်တော့'

'ဒီ အမည်မသိ ကမ္ဘာမှာ မင်းရဲ့ ကိုယ်ပွားကိုတောင် ထားခဲ့တာဆိုမှတော့ ဒီနေရာက မင်းအတွက် အရမ်းအရေးပါတဲ့ နေရာပဲ ဖြစ်ရမယ်။ ဒီလိုဆိုမှတော့ မင်းသူ့ကို ပြန်ပြင်ပေးမလားဆိုတာ ကြည့်ရသေးတာပေါ့'

ဆံနီစုမင်သည် တစ်ချက်လှုပ်ရှားလျက် အခြားတစ်နေရာတွင် ပြန်ပေါ်လာ၏။ ထို့နောက် သူသည် လက်နှစ်ဖက်ဖြင့် မြေပြင်ကို ဖမ်းဆုပ်ဟန် ပြုလိုက်ပြန်သည်။ မြေပြင်မှာ တုန်ခါ မြည်ဟီးသွားပြီး လေထဲတွင် မြေစိတ်ဝိညာဉ်၏ ပုံရိပ်ယောင် မြေသားထုတစ်ခု ပေါ်လာခဲ့သည်။ စုမင်သည် အနောက်သို့ ဆုတ်ခွာလိုက်ပြီး သူ၏ စွမ်းအားများကို သုံး၍ လေထုကို တိုက်ခိုက်လိုက်ပြန်သည်။ ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး ပေတစ်သောင်းခန့် အကျယ်ရှိသော ဒုတိယမြောက် ဧရာမ တွင်းပေါက်ကြီး တစ်ခု ပေါ်လာပြန်၏။

ပိုမိုပြင်းထန်သော စုပ်အားတစ်ခု ထွက်ပေါ်လာပြီး ကျောက်တောင်အား ဖုံးကွယ်ထားသည့် ဧရိယာမှာ ပျက်စီးလာတော့သည်။ ၎င်းပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ ပုံပျက်လာပြီး သာမန်မျက်စိထံမှ နှစ်ပေါင်းများစွာကြာ ဖုံးကွယ်နေခဲ့သော တောင်ကြီး ထွက်ပေါ်လာခဲ့လေသည်။

ထိုတောင်အား မြေပြင်မှ ဆွဲနှုတ်၍ တွင်းပေါက်ထဲသို့ စုပ်ယူပစ်လိုဟန် ရှိနေသော ၎င်းစုပ်အားကြောင့် တောင်ကြီးသည်ပင် တုန်ခါသွားရသည်။

တိထျန်းသည်တော့ ခံစားချက်မရှိ မျက်နှာသေ ဖြစ်နေဆဲပင်။ သူသည် လေထဲတွင် ရပ်နေလျက်မှပင် ညာလက်ကို မြှောက်၍ လက်ဟန်သင်္ကေတ တစ်ခု ဖန်တီးလိုက်ပြီးနောက် ၎င်းလက်ကို လက်သီးဆုပ်လိုက်ချေ၏။ သူ ထိုသို့ ပြုလုပ်လိုက်သည်နှင့် စုမင်၏ ဝတ်ရုံနှင့် အနီရောင် ဆံပင်ရှည်များမှာ လေပြင်းတို့ကြောင့် တဖျပ်ဖျပ် စတင်လှုပ်ရှားလာခဲ့သည်။

အဝေးဆီမှ လောကစွမ်းအားများသည် သူတို့ ရှိနေရာဆီသို့ ထိတ်လန့်ဖွယ် နှုန်းဖြင့် ဦးတည် တိုးဝင်လာကြကြောင်း စုမင် ချက်ချင်း သတိပြုမိလိုက်၏။ ၎င်းတို့အား ကောင်းကင်ရှိ တွင်းပေါက်များမှ စုပ်ယူလိုက်ခြင်း မဟုတ်ပဲ တိထျန်း၏ လက်သီးဆုပ်လိုက်သော လှုပ်ရှားမှုကသာ ထိုလောကစွမ်းအားများကို သူတို့ထံ ဆွဲခေါ်လိုက်ခြင်း ဖြစ်သည်။

ဤမျှ ကျယ်ပြန့်သော ဧရိယာအတွင်းမှ လောကစွမ်းအားများ သူတို့ထံ တိုးဝင်လာခြင်းကြောင့် စုမင်၏ မျက်လုံးများပင် ကျဉ်းမြောင်းသွားခဲ့ရသည်။

'ဒီ ကိုယ်ပွားလေး တစ်ခုမှာတောင် ခုလောက် စွမ်းအင်ပမာဏမျိုး ရှိနေတာလား... သေစမ်း၊ နှစ်တွေ ဘယ်လောက်တောင် ကြာသွားတာလဲကွာ။ ငါ့မှတ်ဉာဏ်ထဲက တိထျန်းကတော့ ဒီလောက် မသန်မာတာ သေချာပါတယ်'

'တစ်ကယ်ပဲ... နှစ်တွေ ဘယ်လောက်တောင် ကြာသွားခဲ့တာလဲ...' ဆံနီစုမင်၏ မျက်နှာထက်တွင် တွေဝေနေဟန် အမူအယာ တစ်ခု ပေါ်လာခဲ့သော်လည်း သူသည် ထိုအတွေးမှ ချက်ချင်း ပြန်လည် ရုန်းထွက်လိုက်ပြီး မျက်လုံးများအတွင်း တောက်ပသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။

'ဘာဖြစ်ဖြစ်ကွာ ငါ သူ့ကိုယ်ပွားကိုတောင် မသတ်နိုင်ရင် သူ့ ခန္ဓာကိုယ်အစစ်ကို သတ်ဖို့ဆိုတာ မေ့ထားလို့ ရသွားတာပေါ့' စုမင်သည် ညာလက်ကို အလျင်အမြန် မြှောက်၍ လေထုထဲမှ တစ်စုံတစ်ရာကို ဆွဲယူလိုက်သည်။ သူ့လက်ထဲတွင် သွေးသံရဲရဲ မျက်လုံးအိမ်တစ်ခု ချက်ချင်း ပေါ်လာခဲ့လေသည်။

ဤသည်မှာ ဖုံးကွယ်နဂါးဂိုဏ်း၏ အဘိုးအိုထံမှ သူယူထားခဲ့သော လျှို့ဝှက် တရားစီရင်ချက် ပါဝင်နေသည့် မျက်လုံးဖြစ်သည်။

တိထျန်းသည် လက်သီးဆုပ်ကို ဖြေလျော့၍ ကောင်းကင်ရှိ ပထမတွင်းပေါက်ထံသို့ လက်ဝါးဖြင့် ဖိနှိပ်ကာ စုစည်းထားသော လောကစွမ်းအားတို့ဖြင့် ပြုပြင်ရန် ကြိုးစားနေချိန်၌ စုမင်သည်တော့ သူ့လက်ထဲရှိ မျက်လုံးအိမ်ကို ပစ်ထုတ်လိုက်သည်။ ထို့နောက် သူသည် လက်နှစ်ဖက်ဖြင့် လက်ဟန်သင်္ကေတများ အလျင်အမြန် ဖန်တီးကာ မျက်လုံးအိမ်ထံသို့ အစီအရင် အသစ်များ ဆက်တိုက် ပေါင်းထည့်လိုက်သည်။ သူ့အမူအယာမှာ အလွန်လေးနက်နေပြီး မတူကွဲပြားလှသော ချိပ်စည်း အစီအရင်အမျိုးမျိုးသည် ဖုံးကွယ်နဂါးဂိုဏ်းမှ အဘိုးအို ဖွဲ့စည်းနိုင်ခဲ့သည့် ပမာဏထက်ပင် ကျော်လွန်နေခဲ့သည်။

ဖုံးကွယ်နေရာမှ ထွက်ပေါ်လာသည့် မြေပြင်ပေါ်ရှိ တောင်ကြီးမှာလည်း ပိုမို၍ အပြင်းအထန် တုန်ခါလာသည်။ မြေသား မြောက်များစွာကို ကောင်းကင်မှ စုပ်ယူသွားခဲ့ပြီဖြစ်၍ တောင်ခြေရင်းသည်ပင် မြေပြင်ထက်မှ လက်မပေါင်းများစွာ မြောက်တက်လို့ နေခဲ့ချေပြီ။

တိထျန်းသည် ပထမတွင်းပေါက်အား လက်ဖဝါးဖြင့် ဖိကပ်၍ လောကစွမ်းအား ဆက်တိုက် ဖြည့်သွင်းပေးနေသဖြင့် ကောင်းကင်ရှိ ပထမ အက်ကွဲကြောင်းမှာ အလျင်အမြန်ပင် စေ့ပိတ်လာခဲ့သည်။ စုမင်သည် မျက်လုံးအိမ်အတွင်းသို့ ချိပ်စည်း အစီအရင်များစွာ  ပေါင်းထည့်နေစဉ်မှာပင် ပထမတွင်းပေါက်မှာ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းအား ပြုပြင်ပြီး ဖြစ်သွားခဲ့ချေသည်။ ၎င်း၏ အရိပ်အမြွက်ကိုပင် မမြင်ရတော့ပဲ ကောင်းကင်မှာ လုံးလုံးလျားလျား ပုံမှန် ပြန်ဖြစ်သွားခဲ့၏။

မကြာမီမှာပင် တိထျန်းသည် အလားတူ နည်းလမ်းမျိုးအား သုံး၍ ဒုတိယတွင်းပေါက်ထံ ညွှန်ပြလိုက်သည်။ တွင်းပေါက်ထဲသို့ လောကစွမ်းအားများ စတင်ဝင်ရောက်လာသည်နှင့် တိထျန်းသည် စုမင်အား လှည့်ကြည့်လာပြီး စုမင်ထံသွားရန် ခြေတစ်ဖက် ကြွလိုက်ချေသည်။

ထို့နောက် သူပျောက်ကွယ်သွားသည်နှင့် စုမင် အကြည့်တို့က တောက်ပသွားခဲ့သည်။ သူသည် အနည်းငယ်မျှပင် တုန့်ဆိုင်းမနေပဲ ထိုမျက်လုံးအိမ်နှင့် အတူ အနောက်သို့ ချက်ချင်း ဆုတ်ခွာလိုက်၏။ သူ ပေတစ်သောင်းခန့် အဝေးသို့ ဆုတ်ခွာလိုက်နိုင်သည်နှင့် တစ်ပြိုင်နက် ယခင်က စုမင်ရပ်နေခဲ့သော ဟင်းလင်းပြင် နေရာထံမှ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ ထိုနေရာသည် မမြင်ရသော လက်သီးတစ်ခု၏ ထိုးနှက်တိုက်ခိုက် ခံလိုက်ရဟန်ဖြင့် အက်ကြောင်းများစွာ ဖြစ်ပေါ်လာခဲ့လေသည်။

ထိုအက်ကြောင်းများမှာ အလျင်အမြန် ပြန်လည်ပျောက်ကွယ်သွားပြီး တိထျန်းသည် ၎င်းတို့အတွင်းမှ လျှောက်လှမ်းထွက်ပေါ်လာခဲ့၏။ ထို့နောက် သူသည် စုမင်ထံသို့ ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပြန်သည်။

သို့သော် ဤတစ်ကြိမ်တွင်တော့ တိထျန်း ခြေလှမ်းလိုက်သည်နှင့် ပေတစ်သောင်းအကွာအဝေးရှိ စုမင်၏ဦးခေါင်းက ရုတ်ခြည်း မော့လာခဲ့သည်။ သူ့မျက်ဝန်းများ အတွင်း သတ်ဖြတ်လိုစိတ်တို့ လျှပ်တပြက် ထွက်ပေါ်လာပြီး တိထျန်း ရှိနေခဲ့ရာဆီသို့ မျက်လုံးအိမ်အား လက်နှစ်ဖက်ဖြင့် တွန်းထုတ်လိုက်သည်။

"လျှို့ဝှက် တရားစီရင်ချက်"

***

All Chapters