← Chapters

အခန်း (၇၁၇-၇၁၈)

Vol. 67 Ch. 717-718

အခန်း (၇၁၇-၇၁၈)

Vol. 67 Ch. 717-718

အခန်း (၇၁၇) - လူသားဧကရာဇ်၏ သမီးတော်၊ သုံးကျန်းအရှည်ရှိသော ရွှေရောင်ကံကြမ္မာနဂါးနှင့် ကောင်းကင်ဘုံ၏ စောင့်ရှောက်မှု(၄)။

ဝုန်း...။

ချက်ချင်းပင် ထိုဝိညာဉ်ဆေးပင်များသည် အကောင်းဆုံးသော အားဆေးကို စားသုံးလိုက်ရသကဲ့သို့ အလျင်အမြန် ကြီးထွားလာကြလေသည်။

အချိန်တိုအတွင်းမှာပင် နှစ်ထောင်ချီ သက်တမ်းရှိသော ဆေးစွမ်းအာနိသင်များကို ပိုင်ဆိုင်သွားသည့်ပုံပင်။

ရှန်းဟိုင်ပုလဲ အတွင်းပိုင်းနယ်မြေတစ်ခုလုံး၌ ကြီးမားလှသော ဆေးရနံ့များ ထွက်ပေါ်လာကာ လူကို စိတ်ကြည်နူးလန်းဆန်းသွားစေသည်။

ဆေးရနံ့တစ်ချက် ရှူရှိုက်လိုက်ရုံဖြင့်ပင် မိမိကိုယ်ပေါ်ရှိ ကျင့်စဉ်အဆင့်မှာ တိုးတက်သွားနိုင်သည်ဟု ထင်မှတ်ရပေသည်။

“မဆိုးဘူး၊ မဆိုးဘူး...”

“နောက်ထပ် ဆယ်နှစ်လောက်ဆိုရင် ဒီဆဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်တွေက နှစ်တစ်သောင်းသက်တမ်းရှိ ဝိညာဉ်ဆေးပင်တွေ ဖြစ်လာတော့မှာပဲ...”

“အင်မော်တယ်လက်နက် ရှန်းဟိုင်ပုလဲရဲ့ အတွင်းပိုင်းနယ်မြေဆိုတဲ့အတိုင်း ဒီက မြေကြီးတွေအားလုံးက ဝိညာဉ်မြေဆီလွှာတွေ ဖြစ်နေတာပဲ...”

“ဝိညာဉ်ဆေးပင်တွေ ကြီးထွားဖို့အတွက် သိပ်ကို သင့်တော်တာပဲ...”

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်ရင်း ဆေးခင်းထဲရှိ ဝိညာဉ်ဆေးပင်များစွာကို ကြည့်ကာ ၎င်း၏စိတ်တွင်း၌ အလွန်ကျေနပ်သွားလေသည်။

ဤပဉ္စမအဆင့်၊ ဆဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်မျိုးစေ့များမှာ သဘာဝကျစွာပင် ပိုင်စုကျဲ့က သူ့အတွက် ရှာဖွေပေးခဲ့ခြင်းဖြစ်၏။

ထို့နောက် သူက ရှန်းဟိုင်ပုလဲ၏ အတွင်းကမ္ဘာတွင် စိုက်ပျိုးလိုက်ပြီး သန်စွမ်းစွာ ကြီးထွားလာခဲ့ပေသည်။

အမှန်အတိုင်းဆိုရလျှင် ဤသည်တို့မှာ မျိုးစေ့များသာဖြစ်လင့်ကစား၊ ဆဋ္ဌမအဆင့် ဝိညာဉ်ဆေးပင် မျိုးစေ့များဖြစ်သောကြောင့် တန်ဖိုးမှာ မနည်းလှပေ။

ထို့အပြင် ပိုက်ဆံရှိလျှင်ပင် ဝယ်၍ရနိုင်မည် မဟုတ်ချေ။

သို့ရာတွင် လူသားဧကရာဇ်၏ သမီးတော်ဖြစ်သော ပိုင်စုကျဲ့ကမူ မတူညီပေ။

သူမ၏ မွေးစားအစ်မမှာ ဖုန်းရှီးမြို့တော်၏ မြို့စားဖြစ်နေသောကြောင့် သူမ၏ ဇာတ်မြစ်နောက်ခံမှာ ကောင်းကင်အထိပင် ထိုးဖောက်နိုင်သည်ဟု ဆိုရပေမည်။

အခြားသော အဖိုးတန် ဝိညာဉ်ဆေးပင်များ၊ အဖိုးတန် ဆေးလုံးများကို လိုအပ်လျှင် ရှာမတွေ့နိုင်သည်မှာ ဖြစ်နိုင်သော်လည်း၊ ဝိညာဉ်ဆေးပင်မျိုးစေ့အချို့ကိုသာ လိုအပ်မည်ဆိုပါက သူမအတွက် ကလေးကစားစရာမျှသာဖြစ်ပြီး လုံးဝခက်ခဲမည် မဟုတ်ပေ။

ဤသည်မှာ ခိုင်မာသော ဇာတ်မြစ်နောက်ခံ ရှိခြင်း၏ အကျိုးကျေးဇူးဟုသာ ဆိုရမည်ဖြစ်၏။

အကယ်၍ ကျိုးစွေ့ကိုယ်တိုင် ရှာဖွေရမည်ဆိုပါက ရှာတွေ့နိုင်ခြင်း မတွေ့နိုင်ခြင်းကို အသာထား၊ တကယ်တမ်း ရှာတွေ့မည်ဆိုလျှင်ပင် အချိန်မည်မျှနှင့် အရင်းအမြစ်မည်မျှ ကုန်ဆုံးရမည်ကို ခန့်မှန်း၍မရနိုင်ပေ။

ဤသည်ကပင် ပိုက်ဆံရှိပြီး ဇာတ်မြစ်နောက်ခံကောင်းသော တာအိုလက်တွဲဖော်ရှိခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်၏။

၎င်းအတွက် အချိန်နှင့် ခွန်အားမည်မျှ သက်သာသွားစေသည်ကို မသိနိုင်လောက်အောင်ပင် အကျိုးကျေးဇူးများကား အဆုံးအစမရှိပေ။

သေချာသည်မှာ အခြားသော အမျိုးသားကျင့်ကြံသူများအနေဖြင့် ဤအချက်ကို သိထားလျှင်ပင် ပြုလုပ်နိုင်မည် မဟုတ်ချေ။

မိန်းမထမီနားကပ်စားရန် ဆိုလျှင်ပင် ကိုယ်ပိုင်အရည်အချင်း လိုအပ်ပေသည်။

မည်သူမဆို စွမ်းဆောင်နိုင်သည် မဟုတ်ချေ။

“ကျွတ်... ကျွတ်... ငါ့ကိုယ်ပေါ်က ကံကြမ္မာရွှေနဂါးက သုံးကျန်းအရှည်အထိတောင် ကြီးထွားလာပြီပဲ...”

“ဒါက နည်းနည်းတော့ လွန်မနေဘူးလား...”

“လူသားဧကရာဇ်ရဲ့ သမီးကို တာအိုလက်တွဲဖော်အဖြစ် ရလိုက်ရုံနဲ့တင် ကံကြမ္မာက ဒီလောက်အထိ ကြီးထွားလာရတယ်လို့...”

ကျိုးစွေ့က စိတ်အာရုံတစ်ချက် လှုပ်ရှားလိုက်၏။

သူသည် 'ကံကြမ္မာကူ' မှတစ်ဆင့် မိမိကိုယ်ပေါ်ရှိ ကံကြမ္မာများ အဆမတန် တိုးပွားလာသည်ကို ချက်ချင်း အာရုံခံမိလိုက်သည်။

ယခင်ကနှင့် နှိုင်းယှဉ်ပါက အဆပေါင်း ရာနှင့်ချီ၍ တိုးပွားလာခြင်းဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ယခင်က သူ၏ကံကြမ္မာရွှေနဂါးမှာ သုံးလက်မသာရှိခဲ့ပြီး မရှိတာထက်စာလျှင် တော်သေးသည်ဟု ဆိုရမည့်အခြေအနေမျိုးသာ ဖြစ်ပေသည်။

သို့သော် ဤသည်မှာလည်း အလွန်သဘာဝကျသော ကိစ္စဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူသည် ဝိညာဉ်ကမ္ဘာ၏ ဒေသခံမဟုတ်ဘဲ ပြင်ပမှ ရောက်လာသူတစ်ဦးသာ ဖြစ်သောကြောင့်ပင်။

သဘာဝကျစွာပင် ကောင်းကင်တာအို၏ စောင့်ရှောက်မှုကို ရရှိနိုင်မည် မဟုတ်ချေ။

ရွှေရောင်ကံကြမ္မာကို ပိုင်ဆိုင်ထားရခြင်းမှာ ရွှမ်ဟွမ်ကမ္ဘာလောကမှ ယူဆောင်လာသော ကံကြမ္မာများ အလွန်များပြားခြင်းကြောင့် သူ၏အစပြုချိန်တွင် ထိုမျှမြင့်မားသော အခြေအနေကို ပိုင်ဆိုင်ထားနိုင်ခဲ့ခြင်းဖြစ်ပြီး ဤသည်မှာပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်၏။

သို့ရာတွင် ယခု၌မူ သူ၏ခေါင်းပေါ်ရှိ ကံကြမ္မာရွှေနဂါးမှာ သုံးကျန်းအရှည်ထိ ရှိနေပေပြီ။

တစ်နည်းအားဖြင့် ဆိုရလျှင် ဤသည်မှာ ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့ ကံကောင်းမှုကြီးပင် ဖြစ်ပေသည်။

ကံကြမ္မာသားတော်တစ်ဦး၏ အခွင့်အရေးမျိုးနှင့်ပင် ခပ်ဆင်ဆင် တူနေချေပြီ။

ထို့ကြောင့် ပိုင်စုကျဲ့က သူ့ထံ ယူဆောင်လာပေးသော အကျိုးကျေးဇူးများမှာ ခန့်မှန်း၍ပင် မရနိုင်လောက်အောင် ကြီးမားလှကြောင်း တွေးကြည့်ရုံဖြင့် သိနိုင်ပေသည်။

“ကံကြမ္မာဆိုတာလည်း ပြောင်းလဲတတ်တယ်...”

“တစ်သမတ်တည်း ရှိနေတာ မဟုတ်ဘူး...”

“အကူအညီပေးမယ့် မိတ်ဆွေကောင်းနဲ့ တွေ့ရင် သဘာဝကျကျနဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်ပြီး ကိုယ်ပေါ်က ကံကြမ္မာကိုလည်း လှည့်စားနိုင်တယ်...”

ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။

ထင်ရှားသည်မှာ သူက လူသားဧကရာဇ်၏ သမီးဖြစ်သူ ပိုင်စုကျဲ့၏ နှစ်သက်မှုကို ရရှိခဲ့သောကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများမှာ ရေတွက်၍ပင် မကုန်နိုင်တော့ချေ။

ယခင်ဘဝက သူဋ္ဌေးမည်မျှလောက်သည် အတိတ်တွင် လူမွဲလေးများ ဖြစ်ခဲ့ကြသနည်း။

သို့သော် သူဋ္ဌေးသမီးလေးများ၏ အလေးပေးမှုကို ရရှိကာ ယောက္ခမအိမ်၏ အကူအညီဖြင့် တစ်ဟုန်ထိုး အောင်မြင်သွားကြသည် မဟုတ်ပါလော။

ဤသည်ကပင် မိတ်ဆွေကောင်း၏ အကူအညီဖြစ်၏။

“ဒါပေမယ့် ကံကောင်းခြင်းထဲမှာ ကံဆိုးခြင်းက ကိန်းအောင်းနေတတ်ပြီး ကံဆိုးခြင်းထဲမှာလည်း ကံကောင်းခြင်းက မှီခိုနေတတ်တယ်...”

“တစ်ခါတလေ ကံကြမ္မာ လွန်းကဲနေတာကလည်း ကောင်းတဲ့ကိစ္စ မဟုတ်ဘူး။ ကပ်ဘေးအငွေ့အသက်တွေပါ အတူပါလာတတ်တယ်...”

ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်ရာ အေးစက်သော အလင်းတန်းတစ်ခု ဖြာထွက်လာလေသည်။

မိမိကိုယ်ပေါ်တွင် ကံကြမ္မာရွှေနဂါး ထွက်ပေါ်လာရုံသာမက ကြီးမားများပြားလှသော ကပ်ဘေးအငွေ့အသက်များပါ ထွက်ပေါ်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။

တကယ့်ကို တိမ်မည်းများ ဖုံးလွှမ်းနေသည့်အလားပင်။

ကပ်ဘေးအငွေ့အသက် အမျှင်တန်းများသည် သူ၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့နေပြီး အချိန်မရွေး အသက်ဘေးအန္တရာယ်များ ရောက်ရှိလာတော့မည့်ပုံပင်။

သူနှင့် ပိုင်စုကျဲ့တို့ ပတ်သက်မိပြီးနောက်ပိုင်းတွင် နှစ်ဦးသားသည် တစ်သားတည်း ဖြစ်သွားခဲ့သည်မှာ ထင်ရှားသည်။

ပိုင်စုကျဲ့၏ ကံကြမ္မာကို ရရှိခဲ့သကဲ့သို့ ပိုင်စုကျဲ့ထံမှလာသော ကပ်ဘေးများကိုလည်း ရရှိမည်ဖြစ်၏။

ဤသည်မှာလည်း ရှောင်လွှဲ၍မရသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။

“မဖြစ်နိုင်တာ၊ ကပ်ဘေးအငွေ့အသက်တွေက ဒီလောက်တောင် ပြင်းထန်နေတာလား...”

“ဒီညပဲ ပေါက်ကွဲထွက်လာတော့မှာလား။ အဲ့ဒါကရော သေဘေးအန္တရာယ်များလား...”

ကျိုးစွေ့ မျက်ခုံးပင့်လိုက်မိ၏။

ဤကပ်ဘေးအငွေ့အသက်များမှတစ်ဆင့် အန္တရာယ်ကျရောက်လာမည့် ဇာစ်မြစ်ကို သူ ချက်ချင်း အာရုံခံမိလိုက်သည်။

ရန်သူတစ်ဦးက ဤညတွင်ပင် ပိုင်စုကျဲ့အပေါ် အန္တရာယ်ပြုချင်နေသည့်ပုံပင်။

ရွှစ်...။

ဤသို့ တွေးတောလိုက်ပြီးနောက် သူ၏ပုံရိပ်မှာ ရိပ်ခနဲ လှုပ်ရှားသွားပြီး ရှန်းဟိုင်ပုလဲ အတွင်းနယ်မြေအတွင်းမှ ချက်ချင်း ထွက်ခွာလိုက်လေသည်။

နှလုံးသားမျက်လုံး ထိုးထွင်းသိမြင်ခြင်း…။

မျက်တောင်တစ်ခတ်အတွင်း သူ၏နှလုံးသားမျက်လုံးစွမ်းအားမှာ အရပ်ရှစ်မျက်နှာသို့ ပျံ့နှံ့သွားပြီး အမှတ် (၈၈) တာအိုကျောင်းတော်တစ်ခုလုံးကို လွယ်လင့်တကူ လွှမ်းခြုံသွားတော့၏။

နေရာအနှံ့အပြားမှာ သူ၏နှလုံးသားမျက်လုံးအောက်တွင် ထင်ရှားနေသည်။

ထို့အပြင် နှလုံးသားမျက်လုံး၏ စွမ်းအားမှာ အလွန်တရာ အစွမ်းထက်လှပြီး နတ်ဘုရားအာရုံအစွမ်းထက်ပင် များစွာသာလွန်ပေရာ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူဖြစ်စေ၊ ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့် ပညာရှင်ကြီးဖြစ်စေ ဤစွမ်းအားကို သတိပြုမိနိုင်ခြင်း မရှိချေ။

သူသည် အခြားသူများကို တိတ်တဆိတ် ချောင်းကြည့်နိုင်သော်လည်း မည်သူကမျှ သူ၏တည်ရှိမှုကို သိနိုင်မည် မဟုတ်ပေ။

"ဟင်..."

ချက်ချင်းဆိုသလိုပင် ကျိုးစွေ့သည် တာအိုကျောင်းတော် အပြင်ဘက်၌ ပေါ်လာသော မသင်္ကာဖွယ်ရာ လူရိပ်သုံးခုကို သတိပြုမိလိုက်၏။

၎င်းတို့သည် တိတ်တဆိတ် ကျောင်းဆောင်အတွင်းသို့ ခိုးဝင်လာကြခြင်းဖြစ်ပြီး သူတို့၏ကျင့်ကြံခြင်း အဆင့်မှာလည်း နတ်ဘုရားအသွင်ပြောင်း ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေကြလေသည်။

ထိုသူများထဲမှ တစ်ဦးမှာ ကျူးမိသားစု၏ အကြီးဆုံးသား ကျူးလုံထင်ပင်။

ဤအချိန်တွင် ထိုသူသုံးဦးထံမှ သတ်ဖြတ်ခြင်း အရှိန်အဝါများ၊ ကပ်ဘေးအငွေ့အသက်များနှင့် ပြင်းထန်သော မလိုတမာစိတ်များ ထွက်ပေါ်နေသည်ကို သူ ခံစားလိုက်ရသည်။

သူတို့သည် မကောင်းသော ရည်ရွယ်ချက်ဖြင့် အမှတ် (၈၈) တာအိုကျောင်းတော်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာကြခြင်းဖြစ်ပေသည်။

ကပ်ဘေးအငွေ့အသက်များ၏ ရင်းမြစ်မှာ ဤလူသုံးဦးပင်ဖြစ်၏။

“နတ်ဘုရားအသွင်ပြောင်း ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူသုံးဦးတည်းပဲဟာ... အေးဆေး ရှင်းပစ်လိုက်လို့ ရတယ်...”

ကျိုးစွေ့ကမူ အေးအေးလူလူပင် ရှိနေသည်။

ယခင် သူ နတ်ဘုရားအသွင်ပြောင်း အစောပိုင်းအဆင့်၌သာ ရှိနေစဉ်ကပင် ဤအဆင့်ရှိ ကျင့်ကြံသူများကို အေးဆေးစွာ ရင်ဆိုင်နိုင်ခဲ့၏။

ယခုအခါ သူ၏ ကျင့်ကြံခြင်းမှာ နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့်သို့ တိုးတက်လာပြီ ဖြစ်ရာ သူ၏ ခွန်အားမှာ ယခင်ကထက် မည်မျှပို၍ အားကောင်းလာသည်ကိုပင် မခန့်မှန်းနိုင်တော့ချေ။ ထို့ကြောင့် နတ်ဘုရားအသွင်ပြောင်း ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူများကို သူ ကြောက်ရွံ့နေမည် မဟုတ်ပေ။

ဝှစ်...။

နောက်တစ်စက္ကန့်တွင် ကျိုးစွေ့သည် ရိပ်ခနဲ လှုပ်ရှားလိုက်ပြီး ကျူးလုံထင်တို့ သုံးဦးရှေ့သို့ ချက်ချင်း ရောက်ရှိသွားလေ၏။

"ဘယ်သူလဲ..."

ချက်ချင်းပင် ကျူးလုံထင်၊ မာဖျင်ရန်နှင့် ရှီဟုန်တုတို့ သုံးဦးမှာ အလွန်တရာ ထိတ်လန့်သွားကြ၏။ ၎င်းတို့သည် အမှတ် (၈၈) တာအိုကျောင်းတော်အတွင်းသို့ တိတ်တဆိတ် ခိုးဝင်ကာ မည်သူမျှ မရိပ်မိစေဘဲ ပိုင်စုကျဲ့ ရှိရာသို့ သွားရန် ရည်ရွယ်ထားကြခြင်း ဖြစ်သည်။

သို့သော် တာအိုကျောင်းတော်အတွင်း ဝင်လာရုံရှိသေး၊ ချက်ချင်းပင် တစ်စုံတစ်ဦး၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ဤသည်မှာ မစတင်ရသေးမီပင် နိဂုံးချုပ်သွားရသကဲ့သို့ ဖြစ်ပေသည်။

"ကျိုးစွေ့လား..."

ရောက်လာသူ၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ကျူးလုံထင်၊ မာဖျင်ရန်နှင့် ရှီဟုန်တုတို့ သုံးဦးမှာ ပို၍ပင် အံ့အားသင့်သွားကြ၏။

သူတို့သည် ဤလူ၏ ဇာတ်မြစ်ကို ကောင်းစွာ သိကြလေသည်။ ဤသူမှာ ပိုင်စုကျဲ့နှင့် နီးစပ်သည်ဟု သတင်းထွက်နေသော တာအိုလက်တွဲဖော် ဖြစ်ပေသည်။ ထို့ပြင် ၎င်းတို့ အမြန်ဆုံး ရှင်းပစ်ချင်နေသည့် လူလည်း ဖြစ်၏။

သို့သော် ယခုတစ်ခေါက် ၎င်းတို့၏ ပစ်မှတ်မှာ ဤကောင်လေးမဟုတ်ဘဲ ပိုင်စုကျဲ့သာ ဖြစ်သည်။ မိမိတို့၏ ခြေရာလက်ရာကို ဖော်ထုတ်လိုက်သူမှာ ကျိုးစွေ့ ဖြစ်နေလိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့မိပေ။

ခဏတာအတွင်း သူတို့မှာ ဘာပြောရမှန်းပင် မသိတော့ချေ။ ဤသည်မှာ ကောင်းကင်ဘုံ၏ အစီအမံများပင် ဖြစ်နေသည်လော။

အခန်း (၇၁၈) - လူသားဧကရာဇ်၏ သမီးတော်၊ သုံးကျန်းအရှည်ရှိသော ရွှေရောင်ကံကြမ္မာနဂါးနှင့် ကောင်းကင်ဘုံ၏ စောင့်ရှောက်မှု(၅)။

"တာအိုရောင်းရင်းကျိုး... တိုက်ဆိုင်လိုက်တာ၊ မင်းနဲ့ ဒီမှာတွေ့ရမယ်လို့ မထင်ထားခဲ့ဘူး..."

ကျူးလုံထင်သည် ချက်ချင်းပင် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ကျိုးစွေ့ကို နွေးထွေးစွာ နှုတ်ဆက်လိုက်၏။

မိမိတို့၏ ခြေရာလက်ရာများကို တစ်ဖက်လူက ရိပ်မိသွားခြင်းမှာ မကောင်းသော ကိစ္စဖြစ်သော်လည်း အကယ်၍ တစ်ဖက်လူကို ထိန်းချုပ်နိုင်ခဲ့လျှင် ကိစ္စများမှာ ကြီးထွားလာမည် မဟုတ်ပေ။

အဆုံးစွန်အနေဖြင့် သူတို့၏ မကောင်းသော အကြံအစည်များကို သိသွားခဲ့လျှင်ပင် ယခုအချိန်တွင် ၎င်းတို့မှာ အမှတ် (၈၈) တာအိုကျောင်းတော်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာရုံသာ ရှိသေးပြီး မည်သည့်အရာကိုမျှ မလုပ်ဆောင်ရသေးချေ။

"တိုက်ဆိုင်တာ မဟုတ်ဘူး..."

"ငါက မင်းတို့ကို တကူးတက လာရှာတာ..."

"တာအိုကျောင်းတော်ထဲကို ခိုးကြောင်ခိုးဝှက် ဝင်လာပြီး တစ်ကိုယ်လုံးမှာ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ထွက်နေတာဆိုတော့... စုကျဲ့ကို အန္တရာယ်ပြုဖို့ ကြံနေတာလား..."

"ငြင်းဖို့လည်း မကြိုးစားနဲ့..."

"မင်းတို့ ငြင်းရင်လည်း ငါက အယုံအကြည် ရှိမှာမဟုတ်ဘူး..."

"ညသန်းခေါင်ယံမှာ တာအိုကျောင်းတော်ထဲကို ကျူးကျော်ဝင်ရောက်လာတာက သေဒဏ်နဲ့ ထိုက်တန်တယ်..."

ကျိုးစွေ့က အေးစက်စွာ ပြောလိုက်၏။

သူသည် တစ်ဖက်လူနှင့် စကားအရှည်ကြီး ပြောမနေချင်တော့။ ဤသူများသည် ကပ်ဘေးအငွေ့အသက်များ၏ မြစ်ဖျားခံရာ ဖြစ်နေသောကြောင့် သူနှင့် ပိုင်စုကျဲ့အပေါ် မကောင်းသောရည်ရွယ်ချက် ရှိနေသည်မှာ သေချာလှသည်။

ထိုသို့သော ရန်သူမျိုးကို သူ ဘယ်သောအခါမှ အသက်ချန်ထားလေ့ မရှိပေ။

ဤစကားကို ကြားလိုက်ရချိန်တွင် ကျူးလုံထင်၊ မာဖျင်ရန်နှင့် ရှီဟုန်တုတို့ သုံးဦး၏ မျက်နှာများမှာ ပျက်ယွင်းသွားကြ၏။

သူတို့သည် တစ်ဖက်လူထံမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရပြီး ဤလူမှာ နောက်ပြောင်နေခြင်း မဟုတ်သည်ကို နားလည်လိုက်သည်။

ဤသူသည် ၎င်းတို့အား အမှန်တကယ်ပင် သတ်ဖြတ်ရန် ရည်ရွယ်နေခြင်း ဖြစ်ပေသည်။ သို့သော် အဘယ်ကြောင့်နည်း။

၎င်းတို့မှာ အမှတ် (၈၈) တာအိုကျောင်းတော်အတွင်းသို့ ဝင်လာရုံမျှဖြင့် ဤမျှအထိ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် တုံ့ပြန်ရခြင်းသည်ကား ဤလူမှာ အရူးတစ်ယောက်ပင်လော။

သို့မဟုတ် ဤလူအနေဖြင့် သူတို့၏ လျှို့ဝှက်ချက်များကို သိရှိသွားသောကြောင့် ဤမျှအထိ ရက်စက်နေခြင်းပင်လော။

မိမိတို့ မည်သည့်နေရာတွင် ပေါက်ကြားသွားသည်ကို မသိသော်ငြား ယခုအခြေအနေတွင် ဤလူကို သတ်ဖြတ်လိုက်မှသာ သူတို့ အစီအစဉ်များ ပေါက်ကြားခြင်းမှ ကာကွယ်နိုင်မည် ဖြစ်တော့သည်။

ဤသို့ တွေးတောလိုက်ပြီးနောက် သူတို့၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်လာပြီး သားရဲတစ်ကောင်ကဲ့သို့ စူးရှလာကြ၏။

"ဟဟ… မိုက်မဲလိုက်တဲ့ ငတုံးကောင်..."

"အောက်ကမ္ဘာကနေ တက်လာတဲ့ အောက်တန်းစားကောင်ကများ... နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့်လေးနဲ့ ငါတို့ရှေ့မှာ လာပြီး လေကြီးလေကျယ် ပြောနေသေးတယ်..."

"ငါက မင်းကို အရင်ဆုံး ပြဿနာမရှာသေးဘူးလို့ ကြံထားတာ... မင်းကိုယ်တိုင် သေတွင်းထဲ လာခုန်ဆင်းနေတာဆိုတော့လည်း..."

"ငါကပဲ မင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်တော့မယ်..."

ကျူးလုံထင်၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ်လာ၏။

သူသည် သူ၏ မှော်ရတနာကို ထုတ်ယူရန် ပြင်လိုက်သည်။ သို့သော် သူ၏စကားပင်မဆုံးသေး၊ ကျူးလုံထင် တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် ကျိုးစွေ့က ရုတ်တရက် လှုပ်ရှားလိုက်လေ၏။

သူ၏ဓားကို ဆွဲထုတ်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတစ်ခုမှာ ညအမှောင်အောက်တွင် လှပသော မျဉ်းကွေးတစ်ခုအဖြစ် ထွက်ပေါ်လာ၏။

ဤဓားအလင်းမှာ ကောင်းကင်နှင့် မြေကြီးကိုပင် ပိုင်းဖြတ်ပစ်နိုင်သကဲ့သို့ ရှိပြီး ၎င်း၏ အရှိန်မှာလည်း လူသားတို့ စိတ်ကူးနိုင်စွမ်းထက်ပင် ပို၍ မြန်ဆန်လှသည်။ နတ်ဘုရားအာရုံအစွမ်းဖြင့်ပင် ဤဓားအလင်း မည်သည့်အချိန်၌ ပေါ်ထွက်လာသည်ကို မသိလိုက်ရချေ။

ဖတ်...

နောက်တစ်စက္ကန့်တွင် ကျူးလုံထင်၏ နဖူး၌ သွေးစင်းကြောင်းတစ်ခု ပေါ်လာ၏။

မဟုတ်သေးချေ၊ သူ၏ ခန္ဓာကိုယ်အလယ်၌ သွေးစင်းကြောင်းတစ်ခု ဖြစ်ပေါ်လာခြင်းပင်။ ဦးခေါင်းမှ ခြေဖျားအထိရှိသော ဤသွေးစင်းကြောင်းမှာ သူ၏ခန္ဓာကိုယ်ကို နှစ်ပိုင်းခွဲလိုက်သကဲ့သို့ ရှိပေသည်။

"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ကျူးလုံထင်၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူငယ်အိမ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေသည်။

ထိုအချိန်မှသာ သူသည် ဓားချက်တစ်ချက် ထိမှန်သွားကြောင်း သိလိုက်ရသည်။ ထိုဓားချက်မှာ သူ၏ခန္ဓာကိုယ်ကို နှစ်ပိုင်းပိုင်းဖြတ်လိုက်ရုံသာမက ဝိညာဉ်ကိုပါ ပိုင်းဖြတ်သွားခဲ့ခြင်း ဖြစ်ပေသည်။

ဓားချက်၏အရှိန်မှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့် သူ၏ နာကျင်မှုကို ခံစားရသော အာရုံကြောများနှင့် အတွေးများထက်ပင် ကျော်လွန်နေခဲ့သည်။ သူ သတိထားမိလိုက်ချိန်တွင် သေဆုံးသွားခဲ့ပြီး ဖြစ်၏။

ပြင်းထန်သော နာကျင်မှုမှာ ဒီရေကဲ့သို့ သူ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေသည်။ ထို့နောက် သူ၏ အသိစိတ်မှာ အဆုံးမဲ့သော ချောက်နက်ကြီးအတွင်းသို့ ကျဆင်းသွားတော့၏။

ဘုန်းခနဲ အသံနှင့်အတူ ကျူးလုံထင်၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး များပြားလှသော သွေးများမှာ စီးကျလာကာ မြေကြီးကို နီရဲသွားစေသည်။

"ချီးတဲ့မှ..."

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မာဖျင်ရန်နှင့် ရှီဟုန်တုတို့ နှစ်ဦးမှာ အလွန်တရာ ထိတ်လန့်သွားကြပြီး တစ်ကိုယ်လုံး တုန်ယင်လာကြ၏။

သူတို့သည် ချက်ချင်း နားလည်လိုက်ရသည်မှာ သူတို့ရှေ့ရှိ နတ်ဘုရားအသွင်ပြောင်းအဆင့် လူသားမှာ မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်ကြောင်းပင်။

ထိုသူသည် လူသားမျိုးနွယ်၏ ထူးချွန်သော ဓားကျင့်ကြံသူတစ်ဦး ဖြစ်ရပေမည်။

သို့မဟုတ်ပါက ကျူးလုံထင်ကို ဓားတစ်ချက်တည်းဖြင့် ပိုင်းဖြတ်နိုင်မည် မဟုတ်ချေ။ ဤမျှ ပြင်းထန်သော စွမ်းအားမှာ စိတ်ကူးနိုင်စွမ်းထက်ပင် ကျော်လွန်နေသည်။

သူတို့သည် ကျူးလုံထင်၏ မိုက်မဲမှုကို အထင်သေးခဲ့ကြသော်လည်း ကျူးလုံထင်မှာ နတ်ဘုရားအသွင်ပြောင်း ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်ကိုလည်း ဝန်ခံရပေမည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အလွန်အစွမ်းထက်လှသည်။

လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများမှလွဲ၍ မည်သူက ကျူးလုံထင်ကို မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်နိုင်ပါမည်နည်း။

ယခုမူ သူတို့ရှေ့ရှိလူမှာ ကျူးလုံထင်ကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့လေပြီ။

ဤမျှအထိ စွမ်းအားကြီးမားခြင်းမှာ သူတို့၏ ထင်မြင်ချက်ထက် ကျော်လွန်နေ၏။ ဤလူအနေဖြင့် ၎င်းတို့ကိုလည်း လွယ်လင့်တကူ သတ်ပစ်နိုင်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ရွှစ်...

ချက်ချင်းပင် မာဖျင်ရန်နှင့် ရှီဟုန်တုတို့မှာ စကားတစ်လုံးမျှ မဆိုနိုင်တော့ဘဲ ရိပ်ခနဲ လှုပ်ရှားလိုက်ကြပြီး ဤနေရာမှ အသက်လုထွက်ပြေးရန် ကြိုးစားလိုက်ကြ၏။

သို့သော် ကံဆိုးသည်မှာ သူတို့၏အရှိန်ထက် ကျိုးစွေ့၏ ဓားချက်အရှိန်က ပို၍ မြန်ဆန်နေခြင်း ဖြစ်ပေသည်။

ဝုန်း...

နောက်ထပ်သော အနက်ရောင် ဓားအလင်းနှစ်စင်းမှာ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါများ ပေါင်းစပ်ကာ ပေါ်ထွက်လာပြန်သည်။

သို့သော် ထိုဓားဆန္ဒများကို တစ်နေရာတည်းတွင်ပင် စုစည်းထားပြီး အပြင်သို့ ယိုစိမ့်သွားစေခြင်း မရှိချေ။ ထို့ကြောင့် ဤအနက်ရောင် ဓားအလင်းနှစ်စင်းမှာ အရာရာကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားများ ပါရှိနေပေသည်။

ဘန်း...

မာဖျင်ရန်နှင့် ရှီဟုန်တုတို့မှာ ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းရသေးမီ ကျူးလုံထင်၏ လမ်းစဉ်အတိုင်း လိုက်သွားကြရလေသည်။

သူတို့၏ ခန္ဓာကိုယ်များမှာလည်း နှစ်ပိုင်း ပိုင်းဖြတ်ခံလိုက်ရ၏။ ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒမှာ သူတို့၏ ဝိညာဉ်များကိုလည်း ချက်ချင်းပင် ချေမှုန်းဖျက်ဆီးပစ်လိုက်လေသည်။ ဓားချက်သုံးချက်မျှဖြင့် ကျူးလုံထင်၊ မာဖျင်ရန်နှင့် ရှီဟုန်တုတို့ သုံးဦးလုံးမှာ အသတ်ခံလိုက်ရပြီး တစ်ယောက်မျှ အသက်မချန်နိုင်ခဲ့ချေ။

"ဟမ့်..."

"မင်းတို့ဆီမှာ တကယ်ကို ဝှက်ဖဲရှိနေတာပဲ..."

"ဒါပေမဲ့ ငါ့မျက်စိအောက်ကနေ ထွက်ပြေးဖို့ ကြိုးစားတာကတော့ စိတ်ကူးယဉ်နေတာပဲ..."

ကျိုးစွေ့သည် မျက်လုံးများကို မှေးကျဉ်းလိုက်၏။

မာဖျင်ရန်နှင့် ရှီဟုန်တုတို့ကို သတ်ဖြတ်လိုက်ပြီးနောက် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ အနက်ရောင် အလင်းနှစ်ခုမှာ အဝေးသို့ အလွန်မြန်သော အရှိန်ဖြင့် ပျံသန်းသွားသည်ကို သူ သတိပြုမိလိုက်သည်။

ထိုအရာများမှာ သူတို့နှစ်ဦး၏ ခန္ဓာကိုယ်အတွင်း၌ ပုန်းအောင်းနေသော ရုပ်သေးသက်ရှိများပင် ဖြစ်၏။

ဝုန်း...

ထိုအခိုက်တွင် သူသည် အတွေးတစ်ချက် လှုပ်ရှားလိုက်ပြီး ‘မိုးကြိုးကပ်ဘေးကူ’၏ စွမ်းအားကို ချက်ချင်း အသုံးပြုလိုက်လေသည်။

ကောင်းကင်ကပ်ဘေးမိုးကြိုး…။

ချက်ချင်းပင် မျက်စိဖြင့်မမြင်နိုင်သော မိုးကြိုးနှစ်စင်းမှာ ထိုအနက်ရောင်အလင်းနှစ်ခုကို ပစ်မှတ်ထားလိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အသံမဲ့စွာ ပြင်းထန်သော ဖျက်ဆီးခြင်းစွမ်းအားများဖြင့် ထိမှန်သွားတော့သည်။

"အား..."

ချက်ချင်းပင် ထိုအရာများမှာ နာကျင်စွာ အော်ဟစ်လိုက်ကြပြီး ခန္ဓာကိုယ်တစ်ခုလုံး ထိမှန်ပျက်စီးသွားကာ ပြင်းထန်သော ဖျက်ဆီးခြင်းစွမ်းအားများမှာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေသည်။

သူတို့မှာ မည်သို့မျှပင် ပြန်လည် မခုခံနိုင်ကြချေ။ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် ထိုအရာများမှာ အပြင်းအထန် ဒဏ်ရာရသွားကြပြီး ခုခံနိုင်စွမ်း ကင်းမဲ့သွားကြ၏။

"ငါတို့ကို ဖမ်းနိုင်မယ် ထင်မနေနဲ့..."

ထိုရုပ်သေးမျိုးနွယ် သက်ရှိနှစ်ခုမှာ ထိတ်လန့်ဒေါသထွက်သွားကြ၏။ သူတို့သည် ဤမျှအထိ ကံဆိုးလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသော လူသားကျင့်ကြံသူနှင့် တွေ့ဆုံရလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

၎င်းတို့သည် လူသားတို့၏ လက်ထဲသို့ အကျမခံလိုကြပေ။ သို့မဟုတ်ပါက ရုပ်သေးမျိုးနွယ်၏ ရည်ရွယ်ချက်နှင့် အစီအစဉ်များ ပေါက်ကြားသွားပေလိမ့်မည်။

ဤသည်မှာ အနာဂတ် ရုပ်သေးမျိုးနွယ်၏ အစီအစဉ်များကို ကြီးမားစွာ ထိခိုက်စေနိုင်သည်။ ချက်ချင်းပင် သူတို့သည် မိမိကိုယ်ကို ဖောက်ခွဲပြီး သတ်သေရန် ပြင်လိုက်ကြ၏။

"ဟဟ… ငါ့ရှေ့မှာ သေကြောင်းကြံဖို့ ကြိုးစားနေတာလား..."

"အလကားပဲ... မင်းတို့ သေသွားရင်တောင်မှ မင်းတို့ရဲ့ ဝိညာဉ်မှတ်ဉာဏ်တွေကို ငါ ရအောင်ယူနိုင်တယ်..."

ကျိုးစွေ့က အေးဆေးစွာ ပြောလိုက်၏။

ဝုန်း...

‘အိပ်မက်ဝိညာဉ်ကူ’မှာ ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး အိပ်မက်လောက၏ စွမ်းအားများမှာ လွှမ်းခြုံသွားကာ အိပ်မက်ဆိုး သားရဲကြီးတစ်ကောင်ကဲ့သို့ ထိုအနက်ရောင် ပုံရိပ်နှစ်ခုကို တစ်လုတ်တည်း ဝါးမျိုပစ်လိုက်ပြီး လျင်မြန်စွာ အစာချေဖျက်လိုက်လေသည်။

ထိုရုပ်သေးမျိုးနွယ် သက်ရှိနှစ်ခုမှာ မည်သို့မျှ မရုန်းကန်နိုင်ဘဲ ‘အိပ်မက်ဝိညာဉ်ကူ’၏ ဝါးမျိုခြင်းကို ခံလိုက်ရ၏။ များပြားလှသော ဝိညာဉ်မှတ်ဉာဏ်များမှာ ‘အိပ်မက်ဝိညာဉ်ကူ’၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားတော့သည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်မျိုးစေ့နှစ်ခုမှာ မြေပြင်ပေါ်သို့ ကျသွားပြီး ၎င်းတို့အပေါ်တွင် ရှုပ်ထွေးလှသော ရုပ်သေးမန္တန်အက္ခရာများမှာ ထူးခြားစွာ ပေါ်လွင်နေချေသည်။

All Chapters