အခန်း (၇၁၉-၇၂၀)
Vol. 67 Ch. 719-720
အခန်း (၇၁၉) - ကံကြမ္မာ၏ စောင့်ရှောက်မှု၊ နှစ်တစ်ရာကြာပြီးနောက် ရွှမ်ဟွမ်ကမ္ဘာ၊ လူသားပါရမီရှင်များ အဆက်မပြတ် ပေါ်ထွက်လာခြင်း(၁)။
ဝိညာဉ်ငြိုးခြေရာခံမန္တန်…။
ကျူးလုံထင်၊ မာဖျင်ရန်နှင့် ရှီဟုန်တုတို့ သုံးဦး သေဆုံးသွားသည့် အခိုက်အတန့်တွင်ပင် သွေးရောင်အလင်းတန်း သုံးခုက မျက်နှာဆီသို့ တိုးဝင်လာပြီး အရိုးတွင် တွယ်ကပ်နေသော အနာစိမ်းကဲ့သို့ ကျိုးစွေ့၏ ခန္ဓာကိုယ်ပေါ်သို့ တွယ်ကပ်ရန် ကြိုးပမ်းလာလေသည်။
သို့သော် ကျိုးစွေ့က မည်သည့်အဆင့်အတန်းရှိသူနည်း။ ဤကဲ့သို့သောအခြေအနေမျိုးကို အကြိမ်မည်မျှ ရင်ဆိုင်ခဲ့ရမှန်းပင် မသိတော့ရာ ဝိညာဉ်ငြိုးခြေရာခံမန္တန်၏ ကူးစက်မှုကို ခံရမည်မဟုတ်ပေ။
သူသည် ကိုယ်ပွားရုပ်သေးရုပ်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး ဤလျှို့ဝှက်ပညာရပ်ကို တားဆီးလိုက်၏။
ဘုန်း…။
ထို့နောက် သူသည် လက်တစ်ချက်ဝှေ့ယမ်းကာ မီးတောက်မန္တန်ကို အသုံးပြုလိုက်ပြီး ကျူးလုံထင်၊ မာဖျင်ရန်နှင့် ရှီဟုန်တုတို့ သုံးဦး၏ အလောင်းများကို မျက်စိတစ်မှိတ်အတွင်း ပြာအဖြစ် အပြီးတိုင် လောင်ကျွမ်းစေကာ အလောင်းဖျောက်ဖျက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင်ရှိ အငွေ့အသက်များနှင့် သဲလွန်စများစွာကို ရှင်းလင်းပစ်လိုက်လေသည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ကျိုးစွေ့သည် ထိုသုံးဦးထံမှ သိုလှောင်အိတ်များနှင့် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်မျိုးစေ့ သုံးစေ့ကို ယူဆောင်လိုက်ပြီး ကိုယ်ဟန်တစ်ချက် လှုပ်ရှားကာ သူ၏ခြံဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိသွား၏။
အစောပိုင်းက ဘာမှမဖြစ်ခဲ့သကဲ့သို့ပင်။
ခဏအကြာတွင် 'အိပ်မက်ဝိညာဉ်ကူ'သည် ယခုလေးတင် ရရှိခဲ့သော ဝိညာဉ်မှတ်ဉာဏ်များကို အဆုံးတွင် ချေဖျက်နိုင်သွားကာ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို သိရှိသွားချေပြီ။
“ဒီလိုကိုး...”
“ကျူးလုံထင်၊ မာဖျင်ရန်နဲ့ ရှီဟုန်တုတို့ သုံးယောက်က ရုပ်သေးမျိုးနွယ် သက်ရှိတွေရဲ့ ထိန်းချုပ်မှုကို ခံထားရတာပဲ...”
“ရုပ်သေးမျိုးနွယ်က လူသားမျိုးနွယ်အတွင်းမှာ သွေးခွဲပြီး ကမောက်ကမဖြစ်အောင် ဖန်တီးချင်နေတာပဲ...”
“ဒါကြောင့် သူတို့က ကျူးလုံထင်၊ မာဖျင်ရန်နဲ့ ရှီဟုန်တုတို့ သုံးယောက်ကို ထိန်းချုပ်ပြီး ပိုင်စုကျဲ့ကို ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့ကြတာ...”
“ဒီကိစ္စက အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ လေဟာနယ်သန့်စင်ခြင်းအဆင့် မိသားစုကြီးသုံးခုကို သေချာပေါက် အကြီးအကျယ် ထိခိုက်စေမှာပဲ...”
“ဒါကနေတစ်ဆင့် ဖုန်းရှီးမြို့ကို အင်အားဆုတ်ယုတ်စေမယ့် လမ်းကြောင်းကို ရောက်သွားစေတယ်...”
“တော်တော်လေး ကောင်းတဲ့ အကြံအစည်ပဲ...”
ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်ရာ အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာလေသည်။
မှန်ပေသည်၊ သူသည်လည်း တိုက်ဆိုင်စွာ ကြုံကြိုက်ခဲ့ပြီး ရုပ်သေးမျိုးနွယ်၏ အစီအစဉ်နှင့် လျှို့ဝှက်ကြံစည်မှုကို အမှတ်မထင် ဖျက်ဆီးမိသွားခြင်း ဖြစ်ပေသည်။
သို့မဟုတ်ပါက သူတို့ တကယ်ပင် အောင်မြင်သွားနိုင်ချေရှိ၏။
မည်သို့ပင်ဆိုစေ ရုပ်သေးမျိုးနွယ်၏ ဤကဲ့သို့သော နည်းလမ်းမျိုးသည် အမှန်တကယ်ပင် ကာကွယ်ရန် ခက်ခဲလှသည်။
ထို့ပြင် လျှို့ဝှက်နိုင်စွမ်းမှာလည်း အလွန်အားကောင်းလှရာ ၎င်းတို့၏ အစစ်အမှန်ခန္ဓာကိုယ်ကို ရှာမတွေ့ပါက ဤလူများ ထိန်းချုပ်ခံထားရသည်ကိုပင် သိနိုင်မည် မဟုတ်ချေ။
ကာယကံရှင်ကိုယ်တိုင် လုပ်ဆောင်ခဲ့သည်ဟုပင် ထင်မှတ်နေဦးမည် ဖြစ်လေသည်။
“ရုပ်သေးမျိုးနွယ်တဲ့လား... လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဝိညာဉ်လောကမှာ မဟာမျိုးနွယ်ကြီးတစ်ခု ဖြစ်ခဲ့တာပဲ...”
“မျိုးနွယ်တွင်းမှာ မဟာယာနအဆင့်ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့ဖူးတယ်...”
“သူတို့က တခြားသက်ရှိတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကပ်တွယ်ရှင်သန်နိုင်ပြီး တခြားသက်ရှိတွေရဲ့ ဝိညာဉ်နဲ့ အသွေးအသားကို စုပ်ယူနိုင်တယ်...”
“တခြားသက်ရှိတွေရဲ့ ခန္ဓာကိုယ်ကိုတောင် ထိန်းချုပ်နိုင်ပြီး တစ်ဖက်လူရဲ့ ဝိညာဉ်ကို ကျေးကျွန်အဖြစ် ခိုင်းစေနိုင်သေးတယ်...”
“အထွတ်အထိပ်အချိန်ကာလတုန်းက ရုပ်သေးမျိုးနွယ်ဟာ ကမ္ဘာကြီးကို စိုးမိုးနိုင်တဲ့ အရှိန်အဝါမျိုး ရှိခဲ့ဖူးတယ်...”
“နောက်ပိုင်းကျတော့ ရုပ်သေးမျိုးနွယ်က အတင့်ရဲလာပြီး အစစ်အမှန်ဝိညာဉ်တွေကို ကျေးကျွန်အဖြစ် ခိုင်းစေချင်လာသလို၊ အစစ်အမှန်ဝိညာဉ်အဆင့် သက်ရှိတွေကို ထိန်းချုပ်ချင်လာကြတယ်...”
“ဒါကြောင့် ဒီလုပ်ရပ်က အစစ်အမှန်ဝိညာဉ် ကောင်းကင်ဖီးနစ်တစ်ကောင်ကို လုံးဝ ဒေါသထွက်သွားစေခဲ့တယ်...”
“ဒီအစစ်အမှန်ဝိညာဉ် ကောင်းကင်ဖီးနစ်က ကိုယ်တိုင်ဆင်းလာပြီး ရုပ်သေးမျိုးနွယ်ကို ဖျက်ဆီးခဲ့သလို၊ ရုပ်သေးမျိုးနွယ်ရဲ့ မဟာယာနအဆင့်ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာနဲ့ မရေတွက်နိုင်တဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတွေ၊ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေကို သတ်ဖြတ်ခဲ့တယ်...”
“အတိတ်က မဟာမျိုးနွယ်ကြီးတစ်ခုဟာ မျက်စိတစ်မှိတ်အတွင်း လုံးလုံးလျားလျား ပျက်စီးသွားခဲ့ရတယ်...”
“ရုပ်သေးမျိုးနွယ်ဟာ အစစ်အမှန်ဝိညာဉ် ကောင်းကင်ဖီးနစ်ရဲ့ လိုက်လံသတ်ဖြတ်တာကိုတောင် ခံခဲ့ရပြီး မျိုးသုဉ်းသတ်ဖြတ်ဖို့ အမိန့်ထုတ်ခံခဲ့ရသလို၊ ရုပ်သေးမျိုးနွယ်ကို တစ်ယောက်မကျန် သတ်ပစ်ဖို့ အမိန့်ပေးခံခဲ့ရတယ်...”
“ရလဒ်ကတော့ တွေးကြည့်လို့တောင် ရနိုင်တယ်။ ရုပ်သေးမျိုးနွယ်က ဝိညာဉ်လောကမှာ လမ်းဘေးကြွက်လို ဖြစ်သွားပြီး လူတိုင်းက ဝိုင်းရိုက်ကြလို့ သေဆုံးဒဏ်ရာရတာတွေတောင် မရေမတွက်နိုင်အောင် ဖြစ်ခဲ့ရတယ်...”
“ဒါပေမဲ့ ရုပ်သေးမျိုးနွယ်ဆိုတာ ဘယ်လိုပဲပြောပြော ရုပ်သေးမျိုးနွယ်ပါပဲ။ ဒီလို အကျပ်အတည်းနဲ့ ရင်ဆိုင်ရချိန်မှာ ရုပ်သေးမျိုးနွယ်က နေရာအနှံ့ ပုန်းအောင်းခဲ့ပြီး ထူးခြားတဲ့စွမ်းအားကို အားကိုးခဲ့တယ်…. တစ်စုတစ်စည်းတည်းကနေ အစိတ်အပိုင်းလေးတွေအဖြစ် ခွဲထွက်သွားပြီး တခြားသက်ရှိတွေကို ကျေးကျွန်အဖြစ် ခိုင်းစေကာ ပုန်းအောင်းနေခဲ့ကြတယ်...”
“ဘယ်လိုပဲဖြစ်ဖြစ် တိုက်ခိုက်ရေးစွမ်းရည်အရဆိုရင် သူတို့က အစစ်အမှန်ဝိညာဉ်တွေကို ယှဉ်နိုင်မှာ မဟုတ်ပေမယ့် အသက်ရှင်သန်နိုင်စွမ်းကို ပြောရရင် အစစ်အမှန်ဝိညာဉ် ကောင်းကင်ဖီးနစ်က ရုပ်သေးမျိုးနွယ်သက်ရှိအားလုံးကို ကျူပင်ခုတ်ကျူငုတ်မကျန် သတ်ဖြတ်ပစ်ချင်ရင်တောင် မဖြစ်နိုင်တဲ့ကိစ္စပဲ...”
“ဒါကြောင့် ရုပ်သေးမျိုးနွယ်က အသက်ရှင်ကျန်ရစ်ခဲ့တာပဲ...”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။
သူသည် ဤရုပ်သေးမျိုးနွယ် သက်ရှိနှစ်ဦး၏ မှတ်ဉာဏ်များမှတစ်ဆင့် အတိတ်ကာလ ရုပ်သေးမျိုးနွယ်၏ ထွန်းတောက်မှုနှင့် ကျဆင်းမှု သမိုင်းကြောင်းကို သိရှိခဲ့ရလေသည်။
အတိတ်က မဟာမျိုးနွယ်ကြီးသည် အစစ်အမှန်ဝိညာဉ် ကောင်းကင်ဖီးနစ်ကို ပြစ်မှားမိသောကြောင့် မျက်စိတစ်မှိတ်အတွင်း ပြိုကွဲသွားကာ ပြာအဖြစ် ပျောက်ကွယ်သွားခဲ့ရ၏။
ထိုအချိန်မှစ၍ ၎င်းတို့သည် လမ်းဘေးကြွက်များအဖြစ် ပြောင်းလဲသွားကာ ဟိုပုန်းဒီရှောင် ဖြစ်ခဲ့ရလေသည်။
နောက်ပိုင်းတွင် ထိုကောင်းကင်ဖီးနစ်သည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားခဲ့သည်။
ထိုနောက်ပိုင်းတွင် ရုပ်သေးမျိုးနွယ်ကို လိုက်လံသတ်ဖြတ်သော သက်ရှိများလည်း တဖြည်းဖြည်း နည်းပါးလာခဲ့ပြီး၊ ဤသည်က ရုပ်သေးမျိုးနွယ်ကို အသက်ရှူချောင်စေခဲ့သည်။
ယနေ့အချိန်အထိ ရုပ်သေးမျိုးနွယ်သည် နှစ်ပေါင်းများစွာ အနားယူအားမွေးပြီးနောက် တဖြည်းဖြည်း ပြန်လည်နိုးထလာမည့် အရိပ်အယောင်များ ပြသလာခဲ့ချေပြီ။
မဟာယာနအဆင့် ရုပ်သေးမျိုးနွယ် သက်ရှိတစ်ဦးကိုပင် မွေးဖွားနိုင်ခဲ့သေး၏။
သို့ရာတွင် ရုပ်သေးမျိုးနွယ်၏နယ်မြေနှင့် လူသားမျိုးနွယ်၏နယ်မြေတို့က အတိအကျ ထပ်တူကျနေခဲ့၏။
နှစ်ပေါင်းများစွာ ကြာလာသောအခါ လူသားမျိုးနွယ်နှင့် ရုပ်သေးမျိုးနွယ်တို့၏ တိုက်ပွဲများမှာ မဆုံးနိုင်တော့ဘဲ အချင်းချင်းကြားတွင် သွေးစွန်းသော ရန်ငြိုးကြီးများ ဖြစ်ပေါ်လာခဲ့လေသည်။
မည်သည့်ဘက်ကဖြစ်စေ တစ်ဖက်လူကို ဖျက်ဆီးပြီး ဤဒေသကို သိမ်းပိုက်ကာ အကြွင်းမဲ့အုပ်စိုးသူ ဖြစ်လာချင်ကြသည်။
“ရုပ်သေးမျိုးနွယ်... အင်း… ထူးခြားတဲ့ သစ်သားဓာတ် သက်ရှိတစ်မျိုးပဲ...”
“အပင်အမျိုးအစား သက်ရှိတွေနဲ့ ညီမျှတယ်...”
“မျိုးနွယ်တွင်းမှာ ရုပ်သေးမိခင်သစ်ပင်တစ်ပင် ရှိတယ်...”
“ဒီသစ်ပင်က ပုရွက်ဆိတ်ဘုရင်မလိုပဲ ရုပ်သေးသက်ရှိ အမြောက်အမြားကို မွေးဖွားပေးနိုင်တယ်...”
“ရုပ်သေးသက်ရှိ အများစုက ဒီလိုမျိုး မွေးဖွားလာကြတာပဲ။ သူတို့ကိုယ်တိုင်ကတော့ မျိုးပွားနိုင်စွမ်း မရှိကြဘူး...”
“ရုပ်သေးမိခင်သစ်ပင် အန္တရာယ်နဲ့ ကြုံရတဲ့အခါ သစ်စေ့ပေါင်းများစွာကိုလည်း ခွဲထုတ်ပေးနိုင်သေးတယ်...”
“ဒီသစ်စေ့တွေက ယာယီအိပ်စက်နေနိုင်ပြီး နောက်ရက်တွေကျမှ ဆက်လက်ကြီးထွားနိုင်တယ်...”
ကျိုးစွေ့ မျက်လုံးများကို မှေးကျဉ်းလိုက်၏။
သူသည် ရုပ်သေးမျိုးနွယ်၏ အစွမ်းထက်မှုကို ခံစားသိရှိနိုင်လေသည်။
ဤအပင်သက်ရှိမျိုးသည် အသွေးအသားရှိသော သက်ရှိများပေါ်တွင် ကပ်တွယ်ရှင်သန်နိုင်ရုံသာမက၊ အမျိုးမျိုးသော အပင်များပေါ်တွင်လည်း ကပ်တွယ်ရှင်သန်နိုင်ပြီး အခြားမျိုးစိတ်များ၏ စွမ်းအားကို ခိုးယူကာ မိမိကိုယ်တိုင် လျင်မြန်စွာ ကြီးထွားလာစေရန် ကူညီပေးနိုင်သည်။
အခြားသက်ရှိများပေါ်တွင် ကပ်တွယ်မိသည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူ၏ စွမ်းအားကို ဆုပ်ကိုင်နိုင်ပြီး တစ်ဖက်လူ၏ဝိညာဉ်ကို ကျေးကျွန်အဖြစ် ခိုင်းစေကာ၊ တစ်ဖက်လူ၏ ဝိညာဉ်မှတ်ဉာဏ်များကို ရရှိနိုင်ခြင်း စသည်တို့ကို လုပ်ဆောင်နိုင်သည့်အပြင် အခြားလူများအဖြစ် ပြီးပြည့်စုံစွာ ဟန်ဆောင်၍ အောင်မြင်စွာ ပုန်းအောင်းနေနိုင်သည်။
ထို့ကြောင့် အတိတ်က ရုပ်သေးမျိုးနွယ်သည် ထိုမျှပင် ကြောက်ရွံ့တုန်လှုပ်ဖွယ်ကောင်းခဲ့ပြီး သဘာဝဘေးအန္တရာယ်တစ်ခုကဲ့သို့ တည်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။
ကံမကောင်းစွာဖြင့် သူတို့သည် သူတို့၏ကမ္ဘာ့ရန်သူဖြစ်သော အစစ်အမှန်ဝိညာဉ် ကောင်းကင်ဖီးနစ်နှင့် တွေ့ဆုံခဲ့ရ၏။
ထိုကဲ့သို့သော မီးတောက်သက်ရှိမျိုးသည် ရုပ်သေးမျိုးနွယ်ကို အတိအကျ နှိမ်နင်းနိုင်စွမ်းရှိပေသည်။
ထို့ပြင် ၎င်းတို့၏ ကပ်တွယ်ရှင်သန်သည့် နည်းလမ်းများသည် ကောင်းကင်ဖီးနစ်အတွက် မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိဘဲ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ချက်ချင်း လောင်ကျွမ်းသွားမည် ဖြစ်သည်။
မှန်ပေသည်၊ အခြားမျိုးနွယ်များအတွက်မူ ရုပ်သေးမျိုးနွယ်၏ နည်းလမ်းများက အတော်လေး ထိတ်လန့်ဖွယ် ကောင်းလှသည်။
လုံးဝ ကာကွယ်ရန် ခက်ခဲလှသော အမျိုးအစားပင် ဖြစ်ချေသည်။
“ရုပ်သေးမျိုးနွယ် သက်ရှိတွေ သေဆုံးပြီးနောက် ကျန်ရစ်ခဲ့တဲ့ မျိုးစေ့ကို ရုပ်သေးမျိုးစေ့လို့ ခေါ်တယ်...”
“တခြားကျင့်ကြံသူတွေက ရုပ်သေးမျိုးစေ့ကို သန့်စင်ပြီး ကိုယ့်ရဲ့ မှော်ရတနာအဖြစ် သုံးနိုင်တယ်...”
“ဒီလို ရုပ်သေးမျိုးစေ့မျိုးက တခြားလူတွေရဲ့ ခန္ဓာကိုယ်ထဲကိုလည်း ပေါင်းစည်းနိုင်ပြီးတော့ ထိန်းချုပ်မှု လုပ်နိုင်သေးတယ်...”
“ဒါပေမဲ့ အမှန်တကယ်တော့ ဒါကလည်း နောက်ဆက်တွဲ ပြဿနာတွေ ရှိတာပဲ...”
“အကယ်လို့ ရုပ်သေးမျိုးနွယ် သက်ရှိတွေနဲ့ တွေ့ရင် အချိန်မရွေး ထိန်းချုပ်ခွင့်ကို အလုခံရနိုင်တယ်...”
“ဒါကြောင့် ရုပ်သေးမျိုးနွယ်က ရုပ်သေးမျိုးစေ့တွေ ပေါက်ကြားသွားမှာကို စိုးရိမ်မနေတာပဲ… ဆန့်ကျင်ဘက်အနေနဲ့ အဆက်မပြတ် ပျံ့နှံ့သွားဖို့ကိုတောင် လိုလားနေသေးတယ်...”
“တကယ်ကို ဆိုးယုတ်တဲ့ မျိုးစိတ်ပဲ။ လူတိုင်းက ဝိုင်းသမကြတာ အံ့ဩစရာမရှိတော့ဘူး...”
ကျိုးစွေ့ မျက်လုံးများကို မှေးကျဉ်းလိုက်၏။
သူသည် ဤရုပ်သေးမျိုးနွယ်သက်ရှိ၏ မှတ်ဉာဏ်များမှတစ်ဆင့် ဆက်စပ်သတင်းအချက်အလက်များကို ရရှိခဲ့လေသည်။
ဤရုပ်သေးမျိုးနွယ် သက်ရှိများ၏ မှတ်ဉာဏ်များသာ မရှိပါက သူသည် ဤမျှများပြားသော သတင်းအချက်အလက်များကို သိရှိနိုင်မည် မဟုတ်ချေ။
သို့သော် သစ်သားဓာတ်သက်ရှိဆိုလျှင်မူ 'ဆေးဝါးကူ'၏ စွမ်းအားက ၎င်းတို့အပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သည်။
ဤသစ်သားဓာတ် သက်ရှိများကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိကောင်းရှိနိုင်ပေသည်။
ထိုအချိန်ရောက်လျှင် မည်သူက မည်သူ့ကို ထိန်းချုပ်မည်ဆိုသည်မှာ မသေချာတော့။
'ဆေးဝါးကူ'၏ စွမ်းအားကို အသုံးပြု၍ ထိုရုပ်သေးမိခင်သစ်ပင်ကို တိုက်ရိုက် ထိန်းချုပ်နိုင်ကောင်းပင် ထိန်းချုပ်နိုင်ပေလိမ့်မည်။
ထို့နောက် ရုပ်သေးမျိုးနွယ်တစ်ခုလုံးသည် သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ပြောရမည်ဆိုလျှင် ဤမျိုးနွယ်သည် အမှန်တကယ်ပင် အနှိုင်းမဲ့အောင် ဆိုးယုတ်လှသည်။ လူတိုင်းကို ကြောက်ရွံ့ထိတ်လန့်စေသော အမျိုးအစားပင် ဖြစ်၏။
သို့သော် အကယ်၍ မိမိလက်ထဲတွင် ချုပ်ကိုင်ထားနိုင်မည်ဆိုပါက အင်အားကြီးမားသော စွမ်းအားတစ်ခု ဖြစ်လာမည်ဖြစ်ပြီး မည်သည့်နေရာတွင်မဆို အောင်မြင်မှုရရှိစေမည်မှာ အသေအချာပင်။
အခန်း (၇၂၀) - ကံကြမ္မာ၏ စောင့်ရှောက်မှု၊ နှစ်တစ်ရာကြာပြီးနောက် ရွှမ်ဟွမ်ကမ္ဘာ၊ လူသားပါရမီရှင်များ အဆက်မပြတ် ပေါ်ထွက်လာခြင်း(၂)။
“အင်း...”
“လေဟာနယ်သန့်စင်ခြင်းအဆင့် မိသားစုကြီးရဲ့ သခင်လေးတွေ ပီသပါပေတယ်...”
“ခန္ဓာကိုယ်ပေါ်က ရတနာတွေကတော့ မနည်းလှဘူးပဲ...”
ဤအခိုက်တွင် ကျိုးစွေ့သည် ကျူးလုံထင်တို့၏ ကိုယ်ပေါ်ရှိ သိုလှောင်အိတ်များကို ဖွင့်ကြည့်လိုက်လေသည်။
သိုလှောင်အိတ်အတွင်းရှိ ရတနာများမှာ မျက်စိကျိန်းလောက်အောင် များပြားနေသည်ကို သူ ချက်ချင်းပင် ခံစားသိရှိလိုက်ရ၏။
ပထမဦးစွာ အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများ၏ အရေအတွက်ပင် ဖြစ်ပေသည်။ လူတိုင်း၏ ကိုယ်ပေါ်တွင် အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသိန်းကျော်စီ ရှိနေကြပြီး သုံးဦးပေါင်းလိုက်ပါက အထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်ပင် ရှိချေသည်။
ဤသည်မှာ မယုံနိုင်လောက်အောင် ကြီးမားသော ငွေပမာဏပင် ဖြစ်ပေသည်။
အကယ်၍ ဤအထွတ်အထိပ်အဆင့် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်ပါက ဆေးလုံးမည်မျှ၊ မှော်ရတနာမည်မျှ ဝယ်ယူနိုင်မည်ကိုပင် မသိနိုင်တော့ချေ။
အကယ်၍ တာအိုကျောင်းတော် ဆရာတစ်ဦး၏ လစာဖြင့် တွက်ချက်မည်ဆိုပါက နှစ်တစ်သိန်းကြာမှသာ ရှာဖွေနိုင်မည့် ပမာဏဖြစ်ပေသည်။
ဤအချက်ကိုကြည့်ခြင်းအားဖြင့် တာအိုကျောင်းတော် ဆရာတစ်ဦး၏ လစာသည် မည်မျှ နည်းပါးကြောင်းကို သိရှိနိုင်သည်။
သီးသန့် အခမဲ့ လုပ်အားပေးနေရခြင်းမျိုးပင် ဖြစ်၏။
မှန်ပေသည်၊ တာအိုကျောင်းတော် ဆရာဖြစ်ခြင်းတွင်လည်း အကျိုးကျေးဇူးတစ်ခု ရှိသည်။ ၎င်းမှာ လုံခြုံစိတ်ချရခြင်း၊ ဝင်ငွေမှန်မှန်ရရှိခြင်းနှင့် တောရိုင်းများသို့ထွက်၍ စွန့်စားရန် မလိုအပ်ခြင်းတို့ပင် ဖြစ်ပေသည်။
“အင်း... ဒါက ပဉ္စမအဆင့် ထိပ်တန်းဆေးလုံး နဂါးကျားဆေးလုံး ဖြစ်ပုံပဲ...”
“ဒီဆေးလုံးရဲ့ ဆေးအာနိသင်က အရမ်းပြင်းထန်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် နှောင်းပိုင်းကျင့်ကြံသူတွေ အကြိုက်ဆုံး ဆေးလုံးတွေထဲက တစ်ခုဖြစ်တယ်လို့ ကောလာဟလတွေ ရှိတယ်...”
“တစ်လုံး သောက်သုံးလိုက်ရင် အနည်းဆုံး နှစ်တစ်ရာစာ ကျင့်ကြံမှုစွမ်းအားကို တိုးစေနိုင်တယ်...”
“အခုဒီမှာ အနည်းဆုံး နဂါးကျားဆေးလုံး ဆယ်လုံးလောက် ရှိနေတာပဲ...”
“ဆေးလုံးတွေ အရမ်းများများသောက်ရင် ဆေးယဉ်ပါးမှု ဖြစ်လာနိုင်တယ်ဆိုပေမယ့် ဒီလောက်များတဲ့ နဂါးကျားဆေးလုံးတွေက အနည်းဆုံးတော့ နှစ်ရာပေါင်းများစွာစာ ကျင့်ကြံမှုစွမ်းအားကို တိုးလာစေနိုင်မှာ သေချာတယ်။ ဒီလူတွေက တကယ်ကို သူဌေးတွေပဲ...”
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်၏။
သူသည် သိုလှောင်အိတ်ထဲမှ ပဉ္စမအဆင့် ဆေးလုံးဆယ်လုံးကိုလည်း ရှာတွေ့ခဲ့လေသည်။
လေဟာနယ်သန့်စင်ခြင်းအဆင့် မိသားစုကြီး၏ သခင်လေးများအတွက် ပဉ္စမအဆင့် ထိပ်တန်းဆေးလုံးများ ရရှိခြင်းက အမှန်တကယ်တမ်း ခက်ခဲသောကိစ္စ မဟုတ်ကြောင်း သိသာထင်ရှားလှသည်။
ဤလူများ၏ ကျင့်ကြံမှုအမြန်နှုန်းက ဤမျှ မြန်ဆန်နေရခြင်းမှာလည်း ဆေးလုံးများ၏ အကူအညီကြောင့်ပင် ဖြစ်၏။
အကယ်၍ အပတ်တကုတ်ကျင့်ကြံခြင်းကိုသာ အားကိုးမည်ဆိုပါက နတ်ဘုရားအသွင်ပြောင်းအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိရန် မည်မျှကြာမည်ကိုပင် သိနိုင်မည် မဟုတ်ချေ။
“ကျွတ်ကျွတ်... ဒါက ဆဋ္ဌမအဆင့် ဝိညာဉ်ဖမ်းစားမန္တန်အဆောင်လား။ ပိုင်စုကျဲ့ကို ပြန်ပေးဆွဲဖို့ ပြင်ဆင်ထားတာ အတော်လေး ပြည့်စုံနေတာပဲ…”
“ဆဋ္ဌမအဆင့် အဆိပ်ဖြစ်တဲ့ တိဟူနံ့သာတောင် ပါသေးတယ်။ အဲဒါက ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ထဲက မန္တန်စွမ်းအားတွေကို ခြေဖျက်ပေးနိုင်ပြီး မူလဝိညာဉ်ကို မူးယစ်စေနိုင်တယ်…”
“ဒါက အတော်လေး ရှားပါးတဲ့ အဆိပ်မျိုးပဲ…”
“ရုပ်သေးမျိုးနွယ်က ဖုန်းရှီးမြို့တော်ကို အတွင်းရေးရှုပ်ထွေးသွားစေဖို့ အရင်းအနှီးကြီးကြီး စိုက်ထုတ်ထားပုံရတယ်…”
“ကံကောင်းတာက အခု ဒီရတနာတွေအားလုံး ငါ့လက်ထဲ ရောက်လာပြီပဲ…”
“ဒီအဆိပ်ကို ‘ရွှေအလင်းအဆိပ်တစ်ထောင်ကူ’ ဆီ ကျွေးလိုက်ရင် အဆင်ပြေမယ်။ ဒါဆို သူက နောက်ထပ် ပြင်းထန်တဲ့အဆိပ်တစ်မျိုးကို မွေးထုတ်ပေးနိုင်ကောင်းပါရဲ့…”
ကျိုးစွေ့မှာ အလွန် ကျေနပ်သွားလေသည်။
သူသည် သိုလှောင်အိတ်ထဲရှိ ရတနာများကို ဆက်လက် ရှာဖွေစစ်ဆေးလိုက်၏။
ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးများအပြင် ပဉ္စမအဆင့်ပစ္စည်းများ၊ ပဉ္စမအဆင့် ဝိညာဉ်ဆေးပင်များ စသည်တို့ကိုပါ အမြောက်အမြား ရှာတွေ့ခဲ့လေသည်။ ဤသည်တို့ကား ဝိညာဉ်လောကတွင်သာ ရရှိနိုင်သော သီးသန့်ရတနာများဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်ပေ။
နှမြောစရာကောင်းသည်မှာ မည်သည့်ကျင့်စဉ်၊ လျှို့ဝှက်ပညာရပ် စသည်တို့ကိုမျှ မတွေ့ရခြင်းပင်။
အဘယ်ကြောင့်ဆိုသော် လက်ရှိလူသားမျိုးနွယ်၏ ကျင့်စဉ်များနှင့် လျှို့ဝှက်ပညာရပ်များကို ပံ့ပိုးမှုအမှတ်ရှိရုံဖြင့် မည်သူမဆို လွယ်လင့်တကူ သင်ယူနိုင်သောကြောင့် ဖြစ်၏။
ရှေးဟောင်းခေတ်ကဲ့သို့ ဖုံးကွယ်ထားလိုသော အတွေးမျိုး လုံးဝမရှိတော့ချေ။
ယခု လူသားမျိုးနွယ်သည် မသင်ယူတတ်မည်ကိုသာ စိုးရိမ်ပြီး ခိုးယူသင်မည်ကို မကြောက်ကြပေ။
ဆိုရလျှင် ယခု လူသားမျိုးနွယ်သည် လူသားကျင့်ကြံသူတိုင်း၏ စွမ်းအားကို မြှင့်တင်ပေးနိုင်ရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုနေပြီ ဖြစ်သည်။
ထို့ကြောင့် လူသားကျင့်ကြံသူ အများစု၏ ခန္ဓာကိုယ်တွင် မည်သည့် ကျင့်စဉ်မန္တန်စာအုပ်ကိုမျှ သယ်ဆောင်ထားလေ့ မရှိကြချေ။
မှန်ပေသည်၊ လူတိုင်းဟု မဆိုလို အလွန်ရှားပါးသည်ဟုသာ ဆိုလိုခြင်းဖြစ်၏။
“စိတ်ဝင်စားစရာပဲ။ အောက်ခြေအဆင့် ကောင်းကင်ဝိညာဉ်ရတနာ သုံးခုတောင် ပါသေးတယ်…”
“ဒါတွေအကုန်လုံးက သူတို့ရဲ့ မူလသက်စောင့်မှော်လက်နက်တွေလား…”
“ဝိညာဉ်လောကမှာ ကောင်းကင်ဝိညာဉ်ရတနာတွေက သိပ်ပြီး တန်ဖိုးမကြီးတော့ဘူး ထင်ရတယ်…”
“ဒီလောက်အများကြီးကို အလွယ်တကူ ရှာတွေ့နိုင်နေတာပဲ…”
“မဟုတ်သေးဘူး၊ ဒီလိုပြောလို့လည်း မရဘူး။ ဆင်းရဲတဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတချို့ဆိုရင် အောက်ခြေအဆင့် ကောင်းကင်ဝိညာဉ်ရတနာကိုတောင် ဝယ်မသုံးနိုင်သေးဘူး…”
“ထိပ်တန်းအဆင့် ဝိညာဉ်ရတနာကိုပဲ သုံးနေရတုန်း…”
ကျိုးစွေ့က ဝိညာဉ်လောကရှိ များပြားလှသော ရတနာများ၏ တန်ဖိုးကို နားလည်သဘောပေါက်သွားလေသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများအတွက်ဆိုလျှင် အများအားဖြင့် အောက်ခြေအဆင့် ကောင်းကင်ဝိညာဉ်ရတနာများကို အသုံးပြုကြ၏။
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများက အလယ်အလတ်အဆင့် ကောင်းကင်ဝိညာဉ်ရတနာကို သုံးကြ၏။
ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများကမူ ထိပ်တန်းအဆင့် ကောင်းကင်ဝိညာဉ်ရတနာကို အသုံးပြုကြပေမည်။
ကောင်းကင်ဝိညာဉ်ရတနာများသည် အဆင့်တစ်ဆင့် တက်သွားတိုင်း စွမ်းအားများလည်း ထပ်မံ၍ ခုန်ပျံတိုးတက်သွားသည်ဟု ဆိုနိုင်သည်။
ကောင်းကင်နှင့်မြေကြီး မှောက်ခုံလန်သွားသကဲ့သို့သော ပြောင်းလဲမှုများကို ဖော်ထုတ်နိုင်ပြီး နက်နဲဆန်းကြယ်မှုများက အဆုံးအစမဲ့နေချေသည်။
သို့သော် နှမြောစရာကောင်းသည်မှာ ကျူးလုံထင်တို့ထံမှ ရရှိလာသော ဤအောက်ခြေအဆင့် ကောင်းကင်ဝိညာဉ်ရတနာများကိုလည်း လွယ်လွယ်ကူကူ အသုံးပြု၍မရခြင်းပင်။
သို့မဟုတ်ပါက သူ့ထံသို့ ချက်ချင်းပင် ခြေရာခံမိသွားမည်မှာ သေချာလှသည်။
“အကြောင်းအကျိုး ကံကမ္မတွေ ရှုပ်ထွေးနေတာပဲ…”
“လူသားမျိုးနွယ်မှာ ဗေဒင်တွက်ချက်တဲ့ ပုဂ္ဂိုလ်တချို့ ရှိတယ်လို့ ကြားဖူးတယ်…”
“အမျိုးမျိုးသော ထူးဆန်းတဲ့ပညာရပ်တွေကနေတစ်ဆင့် တကယ့်လူသတ်သမားကို တွက်ချက်နိုင်ကြတယ်တဲ့…”
“ဒါပေမဲ့ ဒီလိုထူးဆန်းတဲ့ပညာရပ်တွေက သာမန်လူတွေကို တွက်ချက်ဖို့ဆိုရင်တော့ အဆင်ပြေတယ်…”
“ကံတရား အလွန်မြင့်မားတဲ့သူကို တွက်ချက်မယ်ဆိုရင်တော့ အဲဒါက သက်သက်သေလမ်းရှာတာပဲ…”
“ကံကြမ္မာရဲ့ တန်ပြန်ရိုက်ခတ်မှုကို မလွဲမသွေ ခံရလိမ့်မယ်…”
“ရှေးခေတ်ကတည်းက ပညာသည်တွေ အကုန်လုံး အချိန်မတိုင်ခင် သေဆုံးခဲ့ကြတာချည်းပဲ…”
“ပြောနေစရာတောင် မလိုဘူး၊ ငါ့ဆီမှာ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို ကွယ်ဝှက်နိုင်တဲ့ ‘ကံကြမ္မာကူ’ ရဲ့ စွမ်းအားရှိသေးတယ်…”
“တကယ်လို့ လူတချို့က ငါ့ကို တွက်ချက်ဖို့ ကြိုးစားရင်တောင် အဲဒါက သူတို့ဘာသာ သေလမ်းရှာရုံသက်သက်ပဲ ဖြစ်လိမ့်မယ်…”
ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်၏။
သေချာစဉ်းစားကြည့်လိုက်ရာ မိမိဘက်မှ လစ်ဟင်းသွားသည့်နေရာ မရှိကြောင်း တွေ့လိုက်ရသည်။
ကျူးမိသားစုနှင့် အခြားသူများက မည်သို့ပင် စုံစမ်းစစ်ဆေးစေကာမူ မိမိထံသို့ ခြေရာခံမိနိုင်စရာ အကြောင်းမရှိချေ။
ဒေါက်… ဒေါက်… ဒေါက်…။
ထိုအချိန်တွင် ခြံဝင်းအပြင်ဘက်မှ မြေပြင်ပေါ်သို့ ခုံမြင့်ဖိနပ် နင်းလျှောက်လာသည့် ကြည်လင်သော အသံတစ်သံက ချက်ချင်း ထွက်ပေါ်လာ၏။ လူက မရောက်သေးသော်လည်း ကြည်လင်သော ခြေသံက ရောက်ရှိလာပြီး ဖြစ်သည်။
"အစ်ကိုကျိုး…"
စကားပြောလိုက်သူမှာ ပိုင်စုကျဲ့ပင် ဖြစ်ချေသည်။
ကျွီခနဲ့အသံနှင့်အတူ ကျိုးစွေ့က ကိုယ်တစ်ချက် လှုပ်ရှားလိုက်ကာ ခြံတံခါးကို ဖွင့်လိုက်၏။
ထိုခဏတွင် ပိုင်စုကျဲ့သည် ကြိုးတစ်လုံးအင်္ကျီကို ဝတ်ဆင်ထားပြီး ဂုဏ်ယူဝင့်ကြွားဖွယ်ကောင်းသော ရင်သားအလှနှင့် လုံးဝန်းသော ခန္ဓာကိုယ်အချိုးအစားများကို ပေါ်လွင်နေစေကြောင်း သူ မြင်လိုက်ရသည်။
(စကားချပ် - etran မှာကိုက spaghetti strap top လို့ ရေးထားတာပါ။ ရှန်းရှနဲ့ ကြိုးတစ်လုံးအင်္ကျီနဲ့ နည်းနည်းတော့ မလိုက်ဖက်ပေမဲ့ ကျွန်တော် မိန်းကလေးအသုံးဆောင်တွေကျ သိပ်မသိတော့ စဉ်းစားမရတော့လို့ပါဗျ။)
ထို့အပြင် ရွှေရောင်အမွေးအမျှင်များ ထူထပ်နေသည့် အမြီးတစ်ချောင်းနှင့် ဂုဏ်ယူဖွယ် ခြေတံရှည်များကိုလည်း တွေ့လိုက်ရ၏။
သူမ၏ ရွှေရောင်အမွေးအမျှင်များဖုံးလွှမ်းနေသော နားရွက်လေးများကလည်း တဖျတ်ဖျတ် လှုပ်ခါနေပြီး အလွန် ချစ်စရာကောင်းနေလေသည်။
လရောင်အလင်းအောက်တွင် သူမသည် လနတ်သမီးလေးတစ်ပါးအလား အလှတရားများ ပြည့်စုံလွန်းနေ၏။
"ညကြီးမိုးချုပ် ဘာလာလုပ်တာလဲ…"
ကျိုးစွေ့က အနည်းငယ် မကြည်မသာလေသံဖြင့် ပြောလိုက်လေသည်။
ဤမိန်းမသည် မြင်သာမြင် မကြင်ရသော မိစ္ဆာမလေးမှန်း သူ သိထားပေသည်။
သိသာထင်ရှားစွာပင် မိမိကို လာရောက်နှောင့်ယှက်ကာ မြူဆွယ်ခြင်းသာ ဖြစ်၏။
ကိုယ်ရောစိတ်ပါ ကျန်းမာသန်စွမ်းသည့် ယောက်ျားတစ်ယောက်အနေဖြင့် ဤကဲ့သို့သော ကိစ္စမျိုးကို မည်သို့ သည်းခံနိုင်မည်နည်း။
ဤမိန်းမကို နေရာတွင်ပင် အပိုင်သိမ်းလိုက်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာမိသည်။
"ဘာလို့မှန်းမသိဘူး၊ ဒီည အိပ်မပျော်ဘူးဖြစ်နေတယ်။ စိတ်ထဲမှာ ဂနာမငြိမ်ဖြစ်နေသလိုပဲမို့လို့ ရှင့်ဆီ စကားလာပြောတာ…"
"ဒါပေမဲ့ ရှင့်ကိုမြင်လိုက်ရတော့ စိတ်ထဲ အတော်လေး သက်သာသွားသလိုပဲ"
ပိုင်စုကျဲ့က လှပသောမျက်တောင်များကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်၏။
စိတ်ဂနာမငြိမ်ဖြစ်နေသည်တဲ့လော…။
ဤစကားကို ကြားလိုက်ရချိန်တွင် ကျိုးစွေ့ မျက်ခုံးပင့်လိုက်မိ၏။ ဤသည်မှာ ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးတို့၏ အကျိုးအမြတ်ကိုရှာဖွေပြီး အန္တရာယ်ကို ရှောင်ရှားနိုင်စွမ်းဟူသော ထူးခြားသည့်ဗီဇ သို့မဟုတ် သွေးမျိုးဆက် လျှို့ဝှက်စွမ်းအင်တစ်ခု ဖြစ်နိုင်ကြောင်း သူ ခပ်ရေးရေး ခန့်မှန်းမိသွားသည်။
သူတို့သည် အန္တရာယ်ကို ကြိုတင်သိရှိနိုင်ပြီး မဖြစ်လာမီ ကြိုတင်ကာကွယ်နိုင်ကြ၏။
ဖြစ်နိုင်သည်မှာ ပိုင်စုကျဲ့သည် အန္တရာယ်တစ်ခုခုကို အမှန်တကယ် အာရုံခံမိခဲ့ခြင်း ဖြစ်သော်လည်း၊ သူမကိုယ်တိုင်ပင် မသိလိုက်မသိဘာသာ ဗီဇအရ ကျိုးစွေ့အနီးသို့ ရောက်လာခြင်း ဖြစ်ပေမည်။
ပြောရမည်ဆိုလျှင် ဝိညာဉ်လောက၏ ထိပ်တန်း သွေးမျိုးဆက်ဖြစ်သော ရွှေမွေးကျောက်စိမ်းမျက်နှာ မြေခွေးသည် အမှန်တကယ်ပင် သာမန်မဟုတ်ပေ။
"ကောင်းပြီလေ၊ အရင် ဝင်လာခဲ့"
"ဒါပေမဲ့ ဒီမှာလာပြီးတော့ ပြဿနာတော့မရှာနဲ့နော်…"
ထိုသို့တွေးလိုက်မိပြီးနောက် ကျိုးစွေ့က ပိုင်စုကျဲ့ကို သူ၏ ခြံဝင်းအတွင်းသို့ ဝင်လာရန် ဖိတ်ခေါ်လိုက်လေသည်။
သူသည် ထိုရန်သူအချို့ကို ရှင်းလင်းလိုက်ပြီးဖြစ်သော်လည်း ယနေ့ညတွင် နောက်ထပ် ရန်သူအသစ်များ ပေါ်လာမည်၊ မပေါ်လာမည်ကို မည်သူက သိနိုင်မည်နည်း။
ထို့ကြောင့် မထင်မှတ်ထားသော အဖြစ်အပျက်များ မပေါ်ပေါက်လာစေရန် ပိုင်စုကျဲ့ကို သူ၏ အနားတွင် ထားရှိခြင်းကသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။
"ရှင်က တကယ် သဘောကောင်းတာပဲ..."
ဤစကားကို ကြားသောအခါ ပိုင်စုကျဲ့မှာ အလွန် စိတ်လှုပ်ရှားသွားပြီး ယုန်လေးတစ်ကောင်အလား ကျိုးစွေ့၏ ကိုယ်ပေါ်သို့ ခုန်အုပ်လိုက်လေသည်။
သူမသည် ယောက်ျားတစ်ယောက်အပေါ် သူမ၏ဆွဲဆောင်မှုက မည်မျှ အံ့မခန်းဖြစ်စေကြောင်းကို လုံးဝ သိမနေခဲ့ချေ။
ကျိုးစွေ့မှာမူ အလွန်တရာ ချွေးပြိုက်ပြိုက်ကျရလောက်သော သမာဓိဖြင့် မနည်း ချုပ်တည်းထားလိုက်ရ၏။
ယနေ့ညသည်ကား ကျော်ဖြတ်ရန် ခက်ခဲသော ညတစ်ညဖြစ်လာမည်မှာ သေချာလှပေသည်။
...