အခန်း (၁-၂)
Vol. 1 Ch. 1-2
အခန်း (၁)
အစားသောက်ပို့ဆောင်ခြင်း
ဒေါက်... ဒေါက်... ဒေါက်...
"လူကြီးမင်းရဲ့ အစားသောက်ရောက်ပါပြီဗျ။ အရသာရှိရှိ သုံးဆောင်ပါခင်ဗျာ။"
အဝါရောင် အစားသောက်ပို့ဆောင်သူ ယူနီဖောင်းကို ဝတ်ဆင်ထားသော လျန်ထျန်းသည် နွေးထွေး သော အပြုံး တစ်ခုဖြင့် ဖောက်သည်ထံသို့ အစားအသောက်ကို ကမ်းပေးလိုက်သည်။ သို့သော် ဖောက်သည်ဖြစ်သူ မှာ အစားသောက်ကို လက်ခံရယူပြီးနောက် မျက်မှောင်ကြုတ်လိုက်လေသည်။
"ဒီလောက် နောက်ကျမှ လာပို့နေတာ ဘယ်လိုလုပ် စိတ်ချမ်းသာနိုင်မှာလဲ... ဟေ့၊ ဟင်းရည်တွေ ဖိတ်ကုန်ပြီလေ…။"
လျန်ထျန်းက ပါဆယ်ထုပ်ကို အမြန်လှမ်းကြည့်လိုက်ရာ ဟော့ပေါ့ပါဆယ်ဘူးအဖုံးဘေးမှ ဟင်းရည် အနည်းငယ် စိမ့်ထွက်နေရုံသာဖြစ်ပြီး ဖိတ်ကျသည်ဟုပင် ပြော၍မရနိုင်ပေ။ ထို့အပြင် သူသည် အလွန် မြန်မြန်ဆန်ဆန် လာပို့ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသော နောက်ဆုံးအချိန်မတိုင်မီ ဆယ်မိနစ်နီးပါးပင် အချိန်ရနေသေးသည်။
သို့ရာတွင် လျန်ထျန်းသည် ဤကဲ့သို့သောအခြေအနေမျိုးကို အကြိမ်ကြိမ်ကြုံတွေ့ဖူးပြီးဖြစ်သည်။ သူ၏ဖောက်သည်များစွာထဲတွင် ဆိုးသွမ်းသူများထက် လူကောင်းများက ပိုများသော်လည်း အမြဲတမ်း လိုလို ဂျီးများသည့် ဖောက်သည် တစ်ယောက်စ နှစ်ယောက်စတော့ ရှိစမြဲပင်။
ထို့ကြောင့် သူက အလွန်ယဉ်ကျေးစွာဖြင့် ပြောလိုက်လေသည်။
"အို... တောင်းပန်ပါတယ်ဗျာ။ ဟင်းရည်နည်းနည်း ဖိတ်သွားတယ်။ ကျွန်တော့်အမှားပါ။ ခဏလောက် စောင့်ပေးပါဦးခင်ဗျာ…။"
ထိုသို့ပြောရင်း လျန်ထျန်းက သူအမြဲဆောင်ထားလေ့ရှိသော ကိုလာဘူးတစ်ဘူးကို အိတ်ကပ်ထဲမှ ထုတ်ယူလိုက်ပြီး အပြုံးလေးဖြင့် ပြူငှာစွာဆက်ပြောလိုက်လေသည်။
"ဒါက လျော်ကြေးအနေနဲ့ ကျွန်တော့်ဘက်က သီးသန့်ပေးတဲ့ လက်ဆောင်ပါ။ လူကြီးမင်းအနေနဲ့ ကျွန်တော့်ကို အဆိုးမြင်မှတ်ချက် (Bad Review) ပေးတာတို့၊ တိုင်တန်းတာတို့ မလုပ်ဖို့ မျှော်လင့်ပါ တယ်။ အရသာရှိရှိ သုံးဆောင်ပါခင်ဗျာ…။"
အစားအသောက်ပို့သည့်အလုပ်ကို နှစ်နှစ်ကျော် လုပ်ကိုင်လာခဲ့သည့် လျန်ထျန်းမှာ အတွေ့အကြုံများစွာ ရှိနေပြီဖြစ်၍ ဤအခြေအနေအတွက် ကောင်းစွာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ဤအချိန်မျိုးတွင် အနည်းငယ်မျှ နားလည်ပေးနိုင်စွမ်းရှိသူ မည်သူမဆို ဤမျှလောက် အသေးအမွှားကိစ္စလေးလောက်ကို ဆက်လက်ငြင်းခုံနေမည်မဟုတ်ဘဲ လျန်ထျန်းအား ကောင်းသောမှတ်ချက် (Good Review) ပင် ပေး ကောင်းပေးသွားနိုင်ပေသည်။
သို့သော် ထိုဖောက်သည်မှာ ကိုလာကို ယူပြီးနောက် နှာခေါင်းရှုံ့လိုက်လေသည်။
"နောက်တစ်ခါ ပိုသတိထား။ မင်းကို ငါ မတိုင်ဘဲ လွှတ်ပေးလိုက်လို့ရပေမယ့်၊ ကောင်းတဲ့ review ရဖို့တော့ စိတ်ကူးတောင်မယဉ်နဲ့…။"
"ဒိုင်း... "
ထိုသို့ပြောပြီးနောက် ဖောက်သည်ဖြစ်သူမှာ လျန်ထျန်းက သူ၏အပေါ်တွင်ငွေများကို အမြောက်အမြား အကြွေးတင်နေသည့်အလား တံခါးကို ဆောင့်ပိတ်လိုက်လေတော့သည်။ လျန်ထျန်း၏ အမြဲပြုံးနေ တတ်သော နှုတ်ခမ်းများ အနည်းငယ် တွန့်ချိတ်သွားပြီး အောက်ထပ်သို့ ဆင်းရန် လှည့်ထွက်လာရင်း မိမိကိုယ်မိမိ နှစ်သိမ့်သည့်စကားများကို တတွတ်တွတ် ရေရွတ်နေလေတော့သည်။
"ဒေါသမထွက်နဲ့... ဒေါသမထွက်နဲ့။ အတိုင်မခံရတာကပဲ အကောင်းဆုံးရလဒ်ပဲ။ စိတ်လျှော့... စိတ်လျှော့...။"
လွန်ခဲ့သော နှစ်နှစ်အတွင်း အလားတူအခြေအနေမျိုး မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပြီး အတွေ့အကြုံ များအရ သူလုပ်နိုင်သမျှမှာ မိမိစိတ်ကိုယ်မိမိ ထိန်းချုပ် ပြုပြင်ရန်သာရှိကြောင်း လျန်ထျန်း သိထား လေသည်။
"ငါ အရမ်းတွေးနေဖို့ အချိန်မရှိဘူး ပို့စရာ နောက်ထပ်အော်ဒါတစ်ခု ကျန်သေးတယ်…။"
လျှပ်စစ်စက်ဘီးပေါ် ခွတက်လိုက်ကာ အမြန်နှုန်းကိုအမြင့်ဆုံးသို့ တင်လိုက်ပြီး အချိန်နှင့်အမျှ အပြေး အလွှား သွားလေတော့သည်။ သို့သော် လမ်းတစ်ဝက်သို့ ရောက်သောအခါ မိုးခြိမ်းသံများနှင့်အတူ ကောင်းကင်ကြီးမှာ ရုတ်တရက် မှောင်မိုက်သွားခဲ့လေသည်။
"ဝေါ... "
ဇူလိုင်မိုးသည် အမြဲတမ်း မျှော်လင့်မထားဘဲ ရုတ်တရက် ရွာသွန်းလာတတ်လေသည်။ မိုးက သည်းထန် စွာရွာနေဆဲဖြစ်ပြီး မကြာမီမှာပင် ရှေ့မှမြင်ကွင်းများကို ဝေဝါးသွားစေခဲ့လေသည်။ သို့သော်လည်း လျန်ထျန်းအနေဖြင့် ရပ်တန့်နေ၍မရပေ။ အဘယ်ကြောင့်ဆိုသော် နောက်ထပ်အစားသောက်အော်ဒါကို ဆယ်မိနစ်အတွင်း ဖောက်သည်ထံ ပို့ဆောင်ပေးရမည်ဖြစ်သောကြောင့်ပင်။
သူသည် အရှိန်ကိုလျှော့ချလိုက်ကာ အလွန်ဂရုတစိုက် မောင်းနှင်နေခဲ့သော်ငြားလည်းပဲ လမ်းအကွေ့ တစ်ခုသို့ အရောက်တွင် သည်းထန်သောမိုးကြောင့် ဖြစ်ဟန်တူပေသည် ဘီးချော်သွားခဲ့လေတော့သည်။
"ဘုန်း …"
ထို့အဖြစ်အပျက်ကြောင့် လျန်ထျန်းနှင့် သူ၏လျှပ်စစ်စက်ဘီးလေးမှာ လမ်းဘေးရှိ မြက်ခင်းစိမ်းလေး များကြားသို့ လဲကျသွားခဲ့လေတော့သည်။ ထိုစဉ် ကောင်းကင်ယံတွင် လျှပ်စီးများလက်ကာ မိုးခြိမ်းသံ များက ဟိန်းထွက်လာလေသည်။ ထိုမိုးခြိမ်းသံများကြောင့် လမ်းသွားလမ်းလာများနှင့် ယာဉ်များမှာ မြက်ခင်းထဲသို့ လဲကျသွားသော သနားစရာ အစားသောက်ပို့ဆောင်သူလေးကို သတိမပြုမိနိုင်ခြင်းမရှိခဲ့ကြပေ။
လျန်ထျန်း အတော်ကြာမှ ခဲယဉ်းစွာဖြင့် ပြန်ထနိုင်ခဲ့၏။ သူ၏ အဝါရောင်ယူနီဖောင်းမှာ ရွှံ့များနှင့် သစ်ရွက်များ ကပ်ငြိကာ ပေပွနေခဲ့လေပြီ။
"ခြေကျင်းဝတ်က နည်းနည်းနာနေတယ်… လဲကျတုန်းက ခေါက်သွားတယ်ထင်တယ်…။"
သို့သော် ဤဒဏ်ရာအသေးစားလေးက လျန်ထျန်းကို မတားဆီးနိုင်ခဲ့ပေ။ သူက လျှပ်စစ်စက်ဘီးကို အတင်းအားယူထူမလိုက်ပြီး နောက်ဘောက်စ်ထဲမှ အစားသောက်များ အဆင်ပြေရဲ့လားဆိုသည်ကို ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။
ဘောက်စ်ကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် မြင်လိုက်ရသော မြင်ကွင်းကြောင့် လျန်ထျန်း၏ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားလေသည်။ ဘောက်စ်ထဲရှိ အစားသောက်အော်ဒါများအားလုံးမှာ ဖိတ်စင်ပြန့် ကျဲနေခဲ့ ပြီး အကောင်းပကတိအတိုင်း တစ်ခုမျှ မကျန်တော့ပေ။ ခဏတာ မှင်တက်အံ့ဩသွားပြီးနောက် လျန်ထျန်း သည် စိတ်ကိုပြန်လည်တည်ငြိမ်စေကာ ဖုန်းကိုထုတ်ရင်း မိမိကိုယ်မိမိ တီးတိုးရေရွတ် အားပေးလိုက် လေသည်။
"မလန့်နဲ့... မလန့်နဲ့။ ဖောက်သည်တွေဆီ အခုချက်ချင်း ဖုန်းဆက်ပြီး သူတို့နားလည်ပေးနိုင်အောင် ကြိုးစားကြည့်လိုက်...။"
မကြာမီ ပထမဆုံးဖုန်းခေါ်ဆိုမှု ဝင်သွားပြီး လျန်ထျန်းက ချက်ချင်းပင် ပြောလိုက်သည်။
"ဟဲလို… ကျွန်တော်က လူကြီးမင်းရဲ့ အစားသောက်ကို လာပို့တဲ့သူပါခင်ဗျာ…။"
"မိုးအရမ်းသည်းနေတော့ ကျွန်တော် ချော်လဲသွားလို့ လူကြီးမင်းရဲ့အစားသောက်တချို့ ဖိတ်ကျသွားပါ တယ်..။"
"ဒီလိုလုပ်ရင်ကော ဘယ်လိုလဲခင်ဗျ။ အဲဒီအစားသောက်ရဲ့ ကျသင့်တန်ဖိုးကို ကျွန်တော်ပဲ ရှင်းလိုက်တဲ့ အနေနဲ့ လူကြီးမင်းဆီကို ငွေပြန်လွှဲပေးပါ့မယ်။ ကျေးဇူးပြုပြီး ကုမ္ပဏီကိုတော့ မတိုင်လိုက်ပါနဲ့နော်…။"
လျန်ထျန်း၏ စကားကို ကြားပြီးနောက် ဖုန်းတစ်ဖက်ခြမ်းမှ ဒေါသတကြီး အော်ငေါက်သံက ထွက်ပေါ် လာလေတော့သည်။
"ဘာ! အစားသောက်တွေ ဖိတ်ကုန်ပြီ ဟုတ်လား။ မင်း ဘာတွေလုပ်နေတာလဲ….။"
"မင်း ငါ့ကို ငွေပြန်ပေးလည်း ဘာလုပ်ရမှာလဲ။ ဒီလောက်မိုးရွာနေတာ ငါက အပြင်ထွက်စားလို့ရမှာ တဲ့လား…။"
"အရေးအကြီးဆုံးက ငါ ထမင်းစားရမယ့်အချိန် လွတ်သွားပြီဆိုတာ မင်းသိလား။ မင်း အကြောင်း ပြချက်တွေ ငါ ဂရုမစိုက်ဘူး ငါ တိုင်တာကိုသာ စောင့်နေလိုက်တော့…။"
ထိုသို့ပြောပြီးနောက် တစ်ဖက်မှ ဖုန်းကိုချသွားလေတော့သည်။ ဖုန်းခွက်ထဲမှ တူ... တူ... မြည်သံကို ကြားလိုက်ရသဖြင့် လျန်ထျန်း၏ စိတ်အခြေအနေမှာ ပို၍ပင် ဆိုးရွားသွားလေသည်။ သို့သော် မကြာမီ ပင် သူ နောက်ထပ်တစ်ယောက်ကို ဖုန်းမခေါ်ရသေးမီမှာပင် လူတစ်ယောက်က သူ့ထံ ဖုန်းခေါ်လာလေ သည်။
ဖုန်းလက်ခံလိုက်ပြီးနောက် တစ်ဖက်လူ၏ ဒေါသတကြီးအသံက ထွက်ပေါ်လာခဲ့သည်။
"ဘယ်လောက်တောင် ကြာနေပြီလဲ။ ငါ့အစားသောက်က ဘာလို့ ခုထိမရောက်သေးတာလဲ…။"
"ငါမှာထားတာ အကင်တွေနော်။ အေးသွားရင် စားလို့ကောင်းပါဦးမလား။ မင်း နောက်ငါးမိနစ်အတွင်း ငါ့ဆီလာပို့။ မဟုတ်ရင်တော့ မင်းကို အဆိုးမြင်မှတ်ချက်တွေ ပေးပြီး တိုင်ပစ်မယ်သာ မှတ်လိုက်…။"
တစ်ဖက်လူ၏ စကားများမှာ စက်သေနတ်ပစ်သကဲ့သို့ တရစပ်ထွက်ပေါ်လာပြီး လျန်ထျန်းကို စကား ပြောရန် အခွင့်အရေး လုံးဝမပေးခဲ့ပေ။ လျန်ထျန်း ရှင်းပြမည်အပြုတွင် ဖုန်းမှာ ထပ်မံပြတ်ချသွားခဲ့ပြန် လေသည်။ ဤအချိန်တွင်တော့ လျန်ထျန်း၏ စိတ်ဓာတ်များ အောက်ဆုံးထိ ထိုးကျသွားလေတော့ သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကြားခံကုမ္ပဏီမှ မန်နေဂျာထံမှ ဖုန်းဝင်လာလေသည်။ လျန်ထျန်း ဘာဖြစ်မည်ဆိုတာကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။ သူ ဖုန်းကို လုံးဝမကိုင်ချင်သော်လည်း မိမိ၏ အသက်မွေးဝမ်းကျောင်းအတွက် မတတ်သာဘဲ ကိုင်လိုက်ရလေသည်။
ထင်ထားသည့်အတိုင်းပင် ဖုန်းချိတ်ဆက်မိသည်နှင့် ကြားခံကုမ္ပဏီမန်နေဂျာ၏ ဒေါသသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။
"မင်း ဘာတွေဖြစ်နေတာလဲ။ ဖောက်သည်တွေဆီက တိုင်စာရောက်နေပြီဆိုတာ မင်းမသိဘူးလား…။"
"အဲဒါ တစ်ယောက်တည်းလည်း မဟုတ်ဘူး။ မင်း ဒီလအတွက် အခြေခံလစာနဲ့ ရက်မှန်ကြေး လိုချင် သေးရဲ့လား…။"
"မင်းကို ငါပြောလိုက်မယ်နော် ဖောက်သည်တွေဆီက တိုင်စာတွေ အရမ်းများလာရင် မင်းတစ်ယောက် တည်းကိုသာမကဘဲ တစ်ကုမ္ပဏီလုံးရဲ့ စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေတယ်…။"
"ဒီဆုံးရှုံးမှုက မင်းရဲ့ဒီလ လစာကို ဖြတ်လိုက်ရင်တောင် အစားထိုးလို့ရမှာ မဟုတ်ဘူးဆိုတာ မင်းသိ လား…။"
"ငါ မင်းကို ထပ်ပြီးပြောလိုက်ဦးမယ်..."
ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းခံနေခဲ့ရပြီး ကြားခံကုမ္ပဏီမန်နေဂျာမှာလည်း ဆက်ပြောရန်သာ ဆုံးဖြတ်ထားပုံရကာ ရပ်တန့်မည့် အရိပ်အယောင်မရှိပေ။ တစ်နေ့လုံး မြိုသိပ်ထားခဲ့ရသည့် နာကြည်း ချက်များကို လျန်ထျန်း ဆက်လက်ထိန်းချုပ်မထားနိုင်တော့ပေ။
"ကောင်းပြီလေ ငါ အလုပ်ထွက်မယ် ရပြီလား…။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် ဖုန်းကိုချလိုက်ကာ လမ်းဘေးတွင်ထိုင်ရင်း သူ၏စိုရွှဲနေသော ဆံပင်များကို ဆုပ်ကိုင်လျက် အံကြိတ်ကာ မိမိကိုယ်မိမိ ရေရွတ်လိုက်သည်။
"အကောင်းဆုံးကတော့ ငါကိုယ်တိုင် ပို့ဆောင်ရေးသမားတွေ ငှားပြီး လုပ်ငန်းထောင်လိုက်မယ်။ ဒီလို ဦးနှောက်မရှိတဲ့ ကြားခံကုမ္ပဏီအောက်မှာ ဘယ်တော့မှ အလုပ်မလုပ်တော့ဘူး…။"
"ပြဿနာတစ်ခုခုဖြစ်တိုင်း သူတို့က အကြောင်းအရင်းကို မမေးဘဲ ငါတို့ပို့ဆောင်ရေးသမားတွေ အပေါ် ပဲ အပြစ်တွေပုံချနေတာ…။"
"ဒါပေမဲ့... အလွတ်တန်းအစားသောက်ပို့ဆောင်သူတွေက အခြေခံလစာတို့၊ ရက်မှန်ကြေးတို့ မရဘူး။ အချိန်ပိုင်း အလုပ်လိုပဲဆိုတော့ ပိုက်ဆံရတာပိုနည်းလိမ့်မယ်…။"
"ပြီးတော့ အခုက လကုန်တော့မယ် အော်ဒါပို့လို့ရတဲ့ ကော်မရှင်တွေချည်းပဲ တွက်ကြည့်ရင်တောင် ယွမ် ခုနစ်ထောင်ကျော် ရသင့်နေပြီ…။"
"အခြေခံလစာနဲ့ ရက်မှန်ကြေးကိုပါ ပေါင်းထည့်လိုက်ရင် ပြီးတော့ နောက်ဆုံးရက်နည်းနည်းကို ကြိုးစား လုပ်လိုက်ရင် ယွမ် တစ်သောင်းတောင် ကျော်သွားနိုင်တယ်…။"
"အခုနေ ကြားခံကုမ္ပဏီနဲ့ အဆင်မပြေဖြစ်ပြီး ထွက်လိုက်ရင် ငါ့ပိုက်ဆံတွေ ပြန်ရဖို့ ခက်သွားလိမ့်မယ်။ အမေ့ရဲ့ ဆေးဖိုးတွေ၊ အဖေ့ရဲ့ အကြွေးတွေကလည်း ရှိသေးတယ်...။"
"ဘာပဲဖြစ်ဖြစ်၊ အားလုံးက ဒီခွေးလောက်တောင် အဆင့်တန်းမရှိတဲ့ ဘဝကြီးကြောင့်ပဲ…"
ထိုသို့တွေးတောနေရင်း လျန်ထျန်းက ဖုန်းကို ပြန်ကောက်ကိုင်လိုက်ကာ သွားတင်းတင်းကြိတ်ပြီး ကြားခံကုမ္ပဏီမန်နေဂျာထံ ပြန်လည် ဖုန်းခေါ်ဆိုလိုက်လေသည်။
"မန်နေဂျာ... ကျွန်တော် တောင်းပန်ပါတယ်။ ခုနက ကျွန်တော်..."
လျန်ထျန်း၏ ပျော့ပျောင်းသွားသောအသံကို ကြားလိုက်ရသောအခါ ကြားခံကုမ္ပဏီမန်နေဂျာ၏ အသံ မှာ ချက်ချင်းပင် မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်သွားလေသည်။
"ဘာလဲ။ ခုနက မင်း အရမ်းမောက်မာနေတာ မဟုတ်ဘူးလား။ မင်းရဲ့ မောက်မာမှုကို ထပ်ပြစမ်းပါဦး…။"
"အခုမှ နောင်တရကောင်းမှန်း သိပြီလား။ ဟား... မင်းကို ငါပြောလိုက်မယ်၊ နောက်ကျသွားပြီ…။"
"ဒီလအတွက် မင်းရဲ့ အခြေခံလစာနဲ့ ရက်မှန်ကြေးကို မေ့လိုက်တော့။"
"ပြီးခဲ့တဲ့ ရက်နှစ်ဆယ်ကျော်အတွင်း အော်ဒါတွေပို့လို့ မင်းရထားတဲ့ ကော်မရှင်ခတွေထဲကနေ တစ်ပြား မှ ရမှာမဟုတ်ဘူးသာ မှတ်ထားလိုက်တော့….။"
အခန်း (၂)
အိမ်လခပေးချေခြင်း
"မန်နေဂျာ... ကျွန်တော် ရှင်းပြပါရစေခင်ဗျာ။ အရင်က ကျွန်တော်... အင်း… ခုနကလေ…။"
ရှင်းပြတော့မည့် လျန်ထျန်းသည် ကြားခံကုမ္ပဏီမန်နေဂျာ၏ နောက်ဆုံးစကားကို ကြားပြီးနောက် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ထို့နောက် သူက အံ့ဩဒေါသထွက်စွာဖြင့် ပြောလိုက်လေသည်
"ဒီရက်နှစ်ဆယ်ကျော်အတွင်း ပို့ခဲ့တဲ့ အော်ဒါတွေရဲ့ ကော်မရှင်ခ ဆိုတာ ဘာသဘောလဲ။ စုစုပေါင်းမှ ခုနစ်ပြားပဲ ရှိတာလား…။"
"ခင်ဗျား ဒေါသထွက်ပြီး ကျွန်တော့်ကို ဒုက္ခပေးချင်ရင်တောင် ကျွန်တော် ရသင့်ရထိုက်တဲ့ လုပ်အားခနဲ့ ပတ်သက်ပြီး လျှောက်ပြောလို့ မရဘူးလေ…။"
"ဒီလ ရက်နှစ်ဆယ်ကျော်အတွင်းမှာ ကျွန်တော် အရိုးကြေမတတ် အလုပ်လုပ်ခဲ့ရတာ။ တစ်နေ့ကို အော်ဒါ ငါးဆယ်ထက် မနည်း ပို့ခဲ့တယ်။ အခုဆိုရင် အနည်းဆုံး ယွမ် ခုနစ်ထောင်လောက်တော့ ရနေ သင့်ပြီ…။"
"အခြေခံလစာနဲ့ ရက်မှန်ကြေးကို ကျွန်တော် လက်လွှတ်လိုက်လို့ရပေမယ့် အဲဒီ ယွမ် ခုနစ်ထောင်ကျော် က အော်ဒါတစ်ကြောင်းချင်းစီအတွက် ကျွန်တော် ပင်ပင်ပန်းပန်း ရှာထားတာ။ ခင်ဗျားက ဘယ်လိုလုပ် အဲဒီငွေတွေကို ဒီလိုမျိုး အလွယ်တကူ ဖြတ်ပစ်လို့ရ ရမှာလဲ…။"
လျန်ထျန်း၏စကားကို ကြားပြီးနောက် တစ်ဖက်ရှိ ကြားခံကုမ္ပဏီမန်နေဂျာမှာ ခဏတာ မှင်တက်သွား ပြီးနောက် အော်ဟစ်ရယ်မောလိုက်လေသည်။
"မင်းကောင်စုတ်လေး... အပြင်မှာ မိုးအရမ်းသည်းနေလို့ မင်းဦးနှောက်ထဲ ရေဝင်သွားတာလား…။"
"ယွမ် ခုနစ်ထောင်ကျော် ဟုတ်လား။ အဲဒါက မိုးပေါ်ပျံနေတဲ့ ကိန်းဂဏန်းကြီးကွ။ ငါတို့ကုမ္ပဏီလိုမျိုး ရာနဲ့ချီတဲ့ ကုမ္ပဏီတွေကိုတောင် ဝယ်လို့ရတဲ့ ပမာဏပဲ…။"
"မင်းလို အောက်ခြေသိမ်း အစားသောက်ပို့ဆောင်သူလေးက ရက် (၂၀) ကျော်လေးအတွင်းမှာ ယွမ် (၇၀၀၀) ရှာနိုင်မယ်လို့ ထင်နေတာလား။ ဟားဟား... မင်းက ကမ္ဘာ့အချမ်းသာဆုံးသူဌေးထက်တောင် သောက် ရမ်း မိုက်နေပါလားကွ…။"
"ဆောရီးပဲကွာ၊ ငါတို့ကုမ္ပဏီက အရူးတွေကို မလိုအပ်ဘူး။ ဒါကြောင့် မင်းကို အလုပ်ဖြုတ်လိုက်ပြီ ဆိုတာ အခု တရားဝင် အသိပေးလိုက်တယ်…။"
ထိုသို့ပြောပြီးနောက် ကြားခံကုမ္ပဏီမန်နေဂျာက ဖုန်းချသွားလေသည်။
လျန်ထျန်းမှာ မှင်တက်သွားပြီး အတော်ကြာသည်အထိ ဘာမှ မတုံ့ပြန်နိုင်ခဲ့ပေ။
"သူပြောသွားတဲ့ စကားတွေက ဘာသဘောလဲ…။"
"ရက် (၂၀) ကျော်အတွင်း ယွမ် (၇၀၀၀) ရှာနိုင်တာက ကမ္ဘာ့အချမ်းသာဆုံးသူဌေးထက် ပိုသာတယ် ဟုတ်လား…။"
"သူ ရူးသွားပြီထင်တယ်။ ငါ့ကို ဒုက္ခပေးချင်ရင်လည်း ဒီတိုင်း ပြောလိုက်တာ မဟုတ်ဘူး။ ဘာလို့ ဒီလို အပိုတွေ ပြောနေရတာလဲ။ ရယ်စရာကောင်းလိုက်တာ...။"
လျန်ထျန်းက ကြားခံကုမ္ပဏီမန်နေဂျာ၏ စကားကို ဟာသတစ်ခုအဖြစ်သာ သဘောထားလိုက်ပြီး သိပ်ဂရုမစိုက်တော့ပေ။
သို့သော် သူ အလုပ်ဖြုတ်ခံရသည်မှာတော့ အမှန်ပင်ဖြစ်သည်။ မကြာမီမှာပင် လျန်ထျန်းသည် မိုဘိုင်း အက်ပ်ပေါ်တွင် သူ အချိန်ပြည့်ပို့သမားအဖြစ်မှ ရပ်စဲခံလိုက်ရကြောင်း တွေ့လိုက်ရသည်။
ထိုအရာကိုမြင်သော် လျန်ထျန်းက သက်ပြင်းချလိုက်သည်၊
"ဒီကနေ့ကစပြီး အလွတ်တန်းအစားသောက်ပို့ဆောင်သူ ဘဝနဲ့ တကယ် ရပ်တည်ရတော့မယ်ထင်တယ်... ဒါပေမဲ့လည်း အဆင်ပြေပါတယ်။ အလွတ်တန်းပို့သမားတွေက နေ့စားရတယ် ပြီးတော့ ပိုပြီး လွတ်လွတ်လပ်လပ် ရှိတယ်…။"
"အရေးအကြီးဆုံးက ငါ အဲဒီ စောက်ရူး ကြားခံကုမ္ပဏီတွေရဲ့ ဒဏ်ကို သည်းခံစရာ မလိုတော့ဘူး။ တစ်ခါတလေဆို သူတို့က ငါ့ဆီကနေတောင် ခေါင်းပုံဖြတ်လိုက်သေးတာ…။"
အခြေအနေတွေက ဒီလိုဖြစ်လာပြီဆိုတော့ လျန်ထျန်းသည် ကောင်းသည့်ဘက်မှ တွေးကာ မိမိကိုယ်မိမိ နှစ်သိမ့်ရန်သာ တတ်နိုင်တော့သည်။
ခြေကျင်းဝတ်က ပိုပိုနာလာပြီး မိုးကလည်း ပို၍ ပို၍ သည်းလာခဲ့သည်။
"ဒီနေ့ နားလိုက်ရင် ကောင်းမလား….။"
"အစားသောက်ပို့တဲ့အလုပ် စလုပ်ကတည်းက ငါ တစ်ရက်မှ မနားဖူးသေးသလိုပဲ…။"
"ပိုက်ဆံပိုရဖို့အတွက် မိုးရွာရွာ၊ လေတိုက်တိုက်၊ အားလပ်ရက်ဖြစ်ဖြစ် ငါ မနားတမ်း အလုပ်လုပ်ခဲ့ တာပဲ…။"
"ဒီနေ့တော့ ကိုယ့်ကိုယ်ကိုယ် နားခွင့်ပေးလိုက်ပါတော့မယ်။ ကံကောင်းလို့ ငါ့ဆီမှာ စုငွေနည်းနည်း ရှိသေးတယ်။ ဒါကြောင့် နောက်လ အမေ့ရဲ့ ဆေးဖိုးအတွက်တော့ အရမ်းကြီး ကျပ်တည်းသွားမှာ မဟုတ်ပါဘူးလေ...။"
နောက်တစ်နေ့ မနက်စောစော။
လျန်ထျန်းသည် လျှော်ဖွပ်ထားသော်လည်း ရွှံ့စွန်းရာအချို့ ကျန်နေသေးသည့် သူ၏ အဝါရောင် အစားသောက် ပို့သမားယူနီဖောင်းကို ဝတ်ဆင်ကာ လျှပ်စစ်စက်ဘီးကို စီးပြီး အိမ်မှ ထွက်လာခဲ့လေသည်။
ယနေ့မှစ၍ သူသည် အလွတ်တန်းပို့သမားတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ကာ ကြားခံကုမ္ပဏီ၏ စီမံခန့်ခွဲမှု အောက်တွင် မရှိတော့ပေ။ သို့ရာတွင် အခြေခံလစာနှင့် ရက်မှန်ကြေးများကိုလည်း မရရှိနိုင်တော့ပေ။
ရှေ့ဆက်ပြီး ပိုက်ဆံပိုရှာချင်သည်ဆိုပါလျင်တော့ အော်ဒါတွေ ပို၍ပို့မှ ရတော့မည်ဖြစ်သည်။
အချိန်ပြည့် အစားသောက်ပို့ဆောင်သူများနှင့် နှိုင်းယှဉ်လျှင် အလွတ်တန်းပို့သမားများသည် အော်ဒါရရှိမှုအတွက် ပို၍ ပူပန်ရတတ်ပေသည်။
အဘယ်ကြောင့်ဆိုသော် အချိန်ပြည့်ပို့သမားများမှာ စနစ်က အလိုအလျောက်ချပေးသည့် အော်ဒါများ ကို ရရှိသော်လည်း၊ အလွတ်တန်းပို့သမားများမှာမူ အော်ဒါများကို ကိုယ်တိုင် "လု" ရသောကြောင့် ဖြစ်သည်။
ဤနေရာတွင် အော်ဒါ "လု" သည်ဆိုသည်မှာ အော်ဒါစာမျက်နှာပေါ်ရှိ အသစ်ကျလာသော အော်ဒါများ ကို အဆက်မပြတ် Refresh လုပ်၍ ရွေးချယ်ရခြင်းကို ဆိုလိုလေသည်။
ဤလုပ်ငန်းစဉ်သည် အချိန်အနည်းငယ်ယူရမည်ဖြစ်ပြီး အော်ဒါတစ်ကြောင်းချင်းစီအတွက် ကြာမြင့်ချိန် ပိုများလာကာ တစ်နေ့တာပို့နိုင်သည့် အော်ဒါအရေအတွက်သည်လည်း ကျဆင်းသွားမည်ဖြစ်သည်။
ရိုးရိုးရှင်းရှင်းပြောရမည်ဆိုလျှင် ပထမတစ်မျိုးမှာ အလုပ်ကို သူများက ချပေးခြင်းဖြစ်ပြီး၊ ဒုတိယ တစ်မျိုးမှာ ကိုယ်တိုင် အလုပ်ရှာရခြင်းဖြစ်သောကြောင့် ပထမတစ်မျိုးက ပို၍ စိတ်အေးရသည်မှာ သေချာပေသည်။
ပုံမှန်နေ့များတွင် လျန်ထျန်းသည် အနည်းဆုံး အော်ဒါ ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့် ပို့နိုင်စွမ်းရှိ လေသည်။
သို့သော် အလွတ်တန်းပို့သမားအဖြစ် စတင်လုပ်ကိုင်သည့် ပထမဆုံးနေ့တွင် အော်ဒါလုရသည့် လုပ်ငန်း စဉ်နှင့် မရင်းနှီးသေးသောကြောင့်လားမသိ အော်ဒါ အခုလေးဆယ်ပင် ပြည့်အောင်သာ မပို့နိုင်ခဲ့ပေ။
ညဥ့်နက်ချိန်တွင် ငှားထားသောအခန်းလေးသို့ ပြန်ရောက်လာပြီး ခေါက်ဆွဲပြုတ်တစ်ဗူး ပြုတ်ကာ ဖုန်းစခရင်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
"ပျမ်းမျှအားဖြင့် တစ်ကြောင်းကို ကော်မရှင်ခက ယွမ် လေးငါးယွမ်ပဲ ရတယ်။ တစ်နေ့လုံး နေမှ ယွမ် နှစ်ရာတောင် မပြည့်ဘူး…။"
"အော်ဒါလုတဲ့ လုပ်ငန်းစဉ်ကို ကျွမ်းကျင်လာရင်တောင် တစ်နေ့ကို အော်ဒါ ငါးဆယ်ဆိုတာက ငါ့အတွက် အများဆုံးပဲလို့ ခန့်မှန်းလို့ရတယ်…။"
"အကြမ်းဖျင်းတွက်ကြည့်ရရင် အလွတ်တန်းပို့သမားတစ်ယောက်က တစ်လကို အများဆုံး ယွမ် ရှစ်ထောင် ကိုးထောင်လောက်ပဲ ရနိုင်တယ်။ ယွမ် တစ်သောင်းကျော်ဖို့ဆိုတာ တကယ်ကို ဖင်ပြဲအောင် အလုပ်လုပ်မှ ရမှာပဲ…။"
"ယှဉ်ကြည့်လိုက်ရင် အချိန်ပြည့်အစားသောက်ပို့ဆောင်သူတွေမှာက အခြေခံလစာနဲ့ ရက်မှန်ကြေးတွေ ရှိတဲ့ အတွက် အလွတ်တန်းပို့သမားတွေထက် ဝင်ငွေပိုများတာတော့ သေချာတယ်…။"
"ဟူး... အဲဒီတုန်းက ငါ တော်တော်လေး စိတ်လိုက်မာန်ပါ လုပ်ခဲ့မိတာပဲ။ မဟုတ်ရင် ဒီလရဲ့ နောက်ဆုံး ရက်တွေမှာ ကြိုးကြိုးစားစား လုပ်လိုက်ရင် ယွမ် တစ်သောင်းကျော်တောင် ရနိုင်တယ်…။"
"အခုတော့ ကြည့်စမ်း။ အလုပ်ဖြုတ်ခံရတာတင် မကဘူး ပြီးခဲ့တဲ့ ရက်နှစ်ဆယ်ကျော် လုပ်အားခက လည်း အလကားဖြစ်သွားပြီ။ တစ်လကို ယွမ် တစ်သောင်းကျော် ပြန်ရဖို့ဆိုတာ တော်တော်လေး ခက် သွားပြီ...။"
ထိုသို့ပြောရင်း လျန်ထျန်းက မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် သူ၏ခေါင်းကို တဗျင်းဗျင်း မြည်အောင် ကုတ်နေလေတော့သည်။
ထိုစဉ် တံခါးကို ပြင်းပြင်းထန်ထန် ခေါက်သံကြီး ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် အိမ်ရှင်အဒေါ်ကြီး၏ ကျယ်လောင်သောအသံသည်လည်း ထွက်ပေါ်လာခဲ့သည်။
"ရှောင်လျန်… တံခါးဖွင့်စမ်း… အိမ်လခပေးရမယ့် အချိန်ရောက်ပြီ….။"
အိမ်ရှင်အဒေါ်ကြီး၏အသံကို ကြားသည်နှင့် လျန်ထျန်းက တံခါးကို အမြန်ပင် သွားဖွင့်ပေးလိုက်သည်။
တံခါးအပြင်ဘက်တွင် ဆေးလိပ်သောက်နေသော အသက်ငါးဆယ်အရွယ် ဆံပင်ကောက်ကောက် ဝဝဖိုင့်ဖိုင့် အဒေါ်ကြီးတစ်ဦး ရပ်နေခဲ့ပြီး သူမ၏ ခေါင်းအစ ခြေအဆုံးမှာ အိမ်ရှင်မတစ်ယောက်၏ အငွေ့အသက်များ အပြည့်အဝ ထွက်ပေါ်နေလေသည်။
"ငွေသား ပြင်ထားပြီးပြီလား။ ဟိုအရင်ကောင်လေးက ငါ့ကို ငွေလွှဲမယ်၊ QR code ဖတ်မယ် လုပ်နေလို့ ငါ အသေအချာ ဆဲလွှတ်လိုက်သေးတယ်…။"
"အဲဒီ အွန်လိုင်းပေါ်က ဟာတွေကို ငါ ဘယ်တော့မှ မယုံဘူး၊ မသုံးဘူး။ လက်ငင်းငွေကမှ အစစ်အမှန်ပဲ။ အိမ်လခ ပေးတော့…။"
လျန်ထျန်းသည် ဤကျဉ်းမြောင်းသော အငှားအခန်းလေးတွင် နေထိုင်လာသည်မှာ နှစ်နှစ်ကျော်ပြီဖြစ်၍ အိမ်ရှင်၏ ဤကဲ့သို့သော စည်းမျဉ်းများကို ရင်းနှီးပြီးဖြစ်သည်။ ထို့ကြောင့် သူက ပိုက်ဆံအိတ်ကို အမြန်ထုတ်ကာ အချိုသာဆုံး ပြောလိုက်သည်။
"ဒါပေါ့ အစ်မကြီးရယ် ပြင်ထားပြီးသားပါ။ အစ်မကြီး ဒီရက်ပိုင်း အိမ်လခလာကောက်မယ်ဆိုတာ သိလို့ သုံးရက်ကြိုပြီး ငွေသားသွားထုတ်ထားပြီးတော့ စောင့်နေတာပါ…။"
"ဒါ့အပြင် အကြွေရော အနုတ်ရော အစုံရှိလို့ အစ်မကြီး ဘာမှ ပူစရာမလိုဘူး။ ရေဖိုးမီးဖိုးတွေကိုလည်း ကြိုတွက်ထားပြီးသားမို့ တစ်ပြားမှ လျော့မှာ မဟုတ်ပါဘူးခင်ဗျာ….။"
တကယ်တော့ အိမ်ရှင်၏အသက်အရွယ်အရ လျန်ထျန်းက သူမအား "အစ်မကြီး" ဟု ခေါ်လျှင်ပင် ငယ်လွန်းနေပြီဖြစ်ပြီး "အဘွား" ဟုသာ ခေါ်သင့်သည်။
သို့သော် ဤခေတ်ကြီးထဲတွင် ဆင်းရဲပြီး နှုတ်ချိုခြင်းက မည်သည့်အခါမှ အဆိုးမဖြစ်နိုင်ပေ။
ထင်ထားသည့်အတိုင်းပင် "အစ်မကြီး" ဟူသော စကားလုံးကို ကြားပြီးနောက် အိမ်ရှင်အမကြီး၏ ဝဝဖိုင့်ဖိုင့်မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာလေသည်။
"မင်းက တကယ်ကို လူရည်လည်တာပဲ။ ကောင်းပြီလေ။ ငါ ဒီနေ့ လာတာ အကြောင်းနှစ်ခုရှိတယ်။ ပထမတစ်ခုက အိမ်လခကောက်ဖို့၊ ဒုတိယတစ်ခုက အိမ်လခတိုးမယ့်အကြောင်း အသိပေးဖို့ပဲ…။"
"ဒါပေမဲ့ မင်းက စကားပြောကောင်းတော့ အိမ်လခတိုးတာကို နောက်တစ်လအထိ ရွှေ့ပေးလိုက်မယ်။ တိုးမယ့်ပမာဏကတော့ ဒီလောက်ပဲ…။"
ထိုသို့ပြောရင်း အိမ်ရှင်မကြီးက လက်နှစ်ချောင်း ထောင်ပြလိုက်သည်။
၎င်းကိုမြင်ပြီး လျန်ထျန်း၏ ရင်ထဲ ဒိတ်ခနဲဖြစ်သွားသော်လည်း နောက်တော့ တိတ်တဆိတ် သက်ပြင်းချ နိုင်ခဲ့သည်။
*ယွမ် နှစ်ရာတောင် တိုးတာလား။ အဲဒါက ငါ့ရဲ့ တစ်ပတ်စာ စားစရိတ်ကို ပြောင်သွားစေတာပဲ... ကံကောင်းလို့ ငါ စကားချိုချိုပြောလိုက်လို့ ယွမ် နှစ်ရာ သက်သာသွားတယ်…။*
*ဒါပေမဲ့ ငါ စိတ်လျှော့ထားလို့ မရဘူး။ နောက်လကစပြီး လစဉ် ပိုပေးရမယ့် ယွမ် နှစ်ရာကို ပြန်ကာမိ အောင် အော်ဒါတွေ ပိုရဖို့ အများကြီး ပိုကြိုးစားရမယ်…။*
*ဟူး... ဘဝကြီးက တကယ်ကို ခက်ခဲလိုက်တာ။ ကုန်ဈေးနှုန်းတွေက နှစ်တိုင်း တက်လာပေမယ့် ပိုက်ဆံကတော့ ရှာရတာ ပိုပိုပြီး ခက်ခဲလာတယ်...။*
ရင်ထဲတွင် လေးလံသော အတွေးများ ရှိနေသော်လည်း လျန်ထျန်းမှာ သူ၏အပြုံးကို အနည်းငယ်မျှပင် မလျှော့ရဲဘဲ ပိုက်ဆံအိတ်ကို အမြန်ဖွင့်လိုက်လေသည်။
သူသည် ပုံမှန်အားဖြင့် ပိုက်ဆံအိတ်ထဲတွင် စာရွက်စာတမ်းအချို့ကိုသာ ထည့်ထားလေ့ရှိပြီး ငွေသား ထည့်ထားလေ့ သိပ်မရှိပေ။
လတစ်လ၏ ဤရက်ပိုင်းများတွင် အိမ်ရှင်အစ်မကြီး လာရောက်၍ အိမ်လခကောက်ခံမည်ကို သူသိ ထားပြီး သူမက ငွေသားကိုသာ လက်ခံသောကြောင့် လိုအပ်သည့် ပမာဏကို ကြိုတင်တွက်ချက်ကာ ထည့်ထားခြင်းဖြစ်သည်။
ဤလအတွက် အိမ်လခနှင့် ရေဖိုးမီးဖိုး စုစုပေါင်းမှာ (၆၅၇.၂) ယွမ် ဖြစ်သည်။
လျန်ထျန်းသည် အိမ်ရှင်မကြီး မည်မျှစေ့စပ် တွက်ကပ်သည်ကိုလည်း ကောင်းစွာ သိထားသည်။ တစ်ပြားလေး လျော့သွားလျှင်ပင် သူမက ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် လျန်ထျန်းသည် တစ်ပြားစေ့ နှစ်စေ့ကိုပါ ကြိုတင်ပြင်ဆင်ထားပြီး ပိုက်ဆံအိတ်ကိုဖွင့်ကာ အိမ်ရှင်မကြီး ယူနိုင်စေရန် ကမ်းပေးလိုက်သည်။
သို့သော် ဤတစ်ကြိမ်တွင် အိမ်ရှင်မကြီး ငွေကိုလှမ်းယူမည့်ဆဲဆဲ သူမ၏လက်မှာ လမ်းတစ်ဝက်တွင် ရပ်တန့်သွားကာ မျက်လုံးပြူးကြီးဖြင့် လျန်ထျန်း၏ ပိုက်ဆံအိတ်ထဲမှ ငွေများကို စူးစူးစိုက်စိုက် ကြည့် နေလေသည်။
လျန်ထျန်းက အိမ်ရှင်မကြီး၏ တုံ့ပြန်မှုကို မြင်သောအခါ ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး သူ၏ ပိုက်ဆံအိတ် ကို အမြန်ငုံ့ကြည့်လိုက်သော်လည်း မကြာမီမှာပင် မိမိဘာသာ တီးတိုးရေရွတ်လိုက်သည်။
'ပိုက်ဆံပမာဏက မှန်ပါတယ်။ တစ်ပြားမှလည်း မလျော့ပါဘူး။ သူက ဘာပြဿနာ ထပ်ရှာချင်နေရပြန် တာလဲ...။'