အခန်း (၃-၄)
Vol. 1 Ch. 3-4
အခန်း (၃)
Blind Date
လျန်ထျန်း တစ်ယောက် ပို၍ပို၍ စိတ်လှုပ်ရှား ပူပန်နေစဉ်မှာပင်။
အိမ်ရှင်မကြီး၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မြှောက်ပင့်ဖားယားသော အပြုံး တစ်ခု အစားထိုးဝင်ရောက်လာကာ တစ်ချိန်တည်းမှာပင် လျန်ထျန်း ဖွင့်ထားသော ပိုက်ဆံအိတ်ထဲသို့ လက်နှိုက်လိုက်လေသည်။
သူမက အနီရောင် ယွမ် (၁၀၀) တန် ခြောက်ရွက်ကို မယူသလို၊ အစိမ်းရောင် (၅၀) ယွမ်တန် တစ်ရွက် ကိုလည်း ယူခဲ့ခြင်းမရှိချေ။
သူမသည် ငါးယွမ်တန်နှင့် တစ်ယွမ်တန်များကိုပင် ကျော်လွန်သွားကာ နောက်ဆုံးတွင် (၁၀ ပြား) စေ့ နှစ်စေ့ထဲမှ တစ်စေ့ကို လွန်စွာဂရုတစိုက် ထုတ်ယူလိုက်လေသည်။
ထို့နောက် ပါးစပ်နားရွက်တိတ်မတတ် ပြုံးဖြီးနေရင်း လျန်ထျန်းအား ပြောလိုက်သည်၊
"ဝါး... လူလေး မင်းထီပေါက်ထားတာပဲကွ…။"
"အချိန်လည်း လင့်နေပြီ။ ငါ ပြန်ပြီးတော့ ဒီပိုက်ဆံကို သွားအမ်းလိုက်ဦးမယ်။ ကျန်တဲ့အမ်းငွေကိုတော့ မနက်ဖြန်ညကျမှ မင်းဆီ လာပေးတော့မယ်နော်…။"
ထိုသို့ပြောပြီးနောက် အိမ်ရှင်အမကြီးမှာ လှည့်၍ ပျော်ရွှင်စွာ ပြေးထွက်သွားလေတော့သည်။
လျန်ထျန်းသည် သူမ၏ ထွက်ခွာသွားသော ကျောပြင်ကို နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်ရင်း မျက်တောင်တဖျတ်ဖျတ်ခတ်ကာ တစ်ကိုယ်ထဲနားမလည်နိုင်စွာ ရေရွတ်မိလိုက်သည်။
"ဘာတွေဖြစ်ကုန်တာလဲ။ ထီပေါက်တယ် ဟုတ်လား…။"
"အို... အိမ်ရှင်အမကြီးက ပရိုမိုးရှင်းတွေများ လုပ်နေတာလား၊ ဥပမာ - ဘယ်နှယောက်မြောက် ဖောက်သည်ကိုတော့ အလကားနေခွင့်ပေးမယ် ဆိုတာမျိုးပေါ့…။"
"ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ ငွေမက်တဲ့ ဒီအဒေါ်ကြီးက ဘယ်လိုလုပ် ရုတ်တရက် စိတ်ပြောင်းပြီး ဒီလို အစီအစဉ်မျိုး လုပ်ရမှာလဲ…။"
"ပြီးတော့ ပိုက်ဆံသွားအမ်းပြီး မနက်ဖြန်ညမှ လာပေးမယ်လို့တောင် ပြောသွားသေးတယ်...။"
"ဘာတွေဖြစ်နေတာလဲကွာ…."
လျန်ထျန်း တွေးလေတွေးလေ ပို၍ စိတ်မသက်မသာ ဖြစ်လာလေသည်။ ရုတ်တရက် သူ အသက်ရှူမှား သွားလေသည်။
"ဟိုက်... ငါ သဘောပေါက်ပြီ။ သူက... ငါ့ကိုများ သဘောကျနေတာလား…။"
"ပိုက်ဆံအမ်းပြီး မနက်ဖြန်ညမှ လာခဲ့မယ်ဆိုတာက အကြောင်းပြချက်သက်သက်ပဲ။ သူ တကယ်လိုချင် တာက... ငါတော့ သွားပြီထင်ပါတယ်…။"
"အသက် နှစ်ဆယ်ကျော် အရွယ်ကောင်းလေး၊ ရုပ်ကချောချော ငါ့လိုလူက အဒေါ်ကြီးတစ်ယောက်ရဲ့ ပစ်မှတ်ထားတာကို ခံလိုက်ရပြီလား…။"
"မဖြစ်ဘူး..မဖြစ်ဘူး…။ ငါ အခုချက်ချင်း ပြောင်းမှရမယ် မဟုတ်ရင် ငါ့ရဲ့ ဂုဏ်သိက္ခာတွေတော့ ပျက်စီးကုန်တော့မှာပဲ…။"
ထိုစဉ် ဖုန်းမြည်လာခဲ့သည်။ အမေ့ဆီမှ ဖုန်းလာခြင်းဖြစ်သည်။
ဖုန်းကို ကိုင်လိုက်ပြီးနောက် ဖုန်းထဲမှ အမေဖြစ်သူ၏ ချောင်းဆိုးနေသံကို ချက်ချင်း ကြားလိုက်ရသည်။
လျန်ထျန်းက စိုးရိမ်တကြီးဖြင့် အမြန်မေးလိုက်သည်၊
"အမေ... ဘာဖြစ်လို့လဲ။ အမေ့ရောဂါတွေ ထပ်ဆိုးလာပြန်ပြီလား…။"
မိခင်ဖြစ်သူက ချောင်းဆိုးရင်း ပြောလာသည်၊
"အမေ အဆင်ပြေပါတယ်... အဟွတ် အဟွတ်။ သား... ဒီလိုကွဲ့ သားရဲ့ ဒေါ်လေးချောင်က မိန်းကလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးထားတယ်။ မနက်ဖြန် သား သွားတွေ့လိုက်ပါဦး…။"
ထိုစကားကို ကြားသည်နှင့် လျန်ထျန်းက ချက်ချင်း ငြင်းလိုက်လေသည်။
"အမေကလည်း ဘာတွေပြောနေတာလဲဗျာ။ ကျွန်တော် နေ့တိုင်း အလုပ်တွေများနေတာ။ အဲဒီကိစ္စတွေ စဉ်းစားဖို့ အချိန်မရှိပါဘူး…။"
ဖုန်းထဲမှ အနည်းငယ် ခေါင်းမာနေသော အမေ့အသံကို ကြားလိုက်ရသည်။
"မရဘူး သား သွားကိုသွားရမယ်…။"
"အမေ့ကျန်းမာရေးအခြေအနေကို အမေသိပါတယ်။ အမေ့ဆေးဖိုးအတွက် သား ဒီလောက် အရိုးကွဲ မတတ် အလုပ်လုပ်နေစရာ မလိုပါဘူး။ မိန်းမယူဖို့အတွက် ပိုက်ဆံလေးနည်းနည်းပါးပါး စုထားသင့် တယ်…။"
"ပွင့်ပွင့်လင်းလင်းပြောရရင် အမေ့ရဲ့ အကြီးမားဆုံးဆန္ဒက သား မိန်းမရပြီး ကလေးရတာကို သက်ရှိ ထင်ရှား မြင်သွားချင်တာပဲ။ အဲဒါက အမေ့ရောဂါ ပျောက်ဖို့ထက် ပိုအရေးကြီးတယ်…။"
မိခင်၏ စကားကို ကြားသောအခါ မနေ့က အဖြစ်အပျက်တွေ အားလုံးကြုံခဲ့ရသော်လည်း မငိုခဲ့သည့် လျန်ထျန်း၏ မျက်လုံးများတွင် ရုတ်တရက် မျက်ရည်များ ဝဲတက်လာလေတော့သည်။
"အမေရယ်... အဲဒီလို မပြောပါနဲ့။ အမေ နေပြန်ကောင်းလာမှာပါ...။"
သို့သော် လျန်ထျန်း စကားမဆုံးမီမှာပင် မိခင်ဖြစ်သူ၏ ချောင်းဆိုးသံများ ထပ်မံထွက်ပေါ် လာခဲ့လေသည်။
နောက်ဆုံးတွင် လျန်ထျန်းသည် မိခင်၏ဆန္ဒကို မလွန်ဆန်နိုင်သဖြင့် ဒေါ်လေးချောင် မိတ်ဆက်ပေး ထားသော မိန်းကလေးနှင့် နောက်တစ်နေ့တွင် သွားရောက်တွေ့ဆုံရန် သဘောတူလိုက်ရလေသည်။
သို့သော်လည်း လျန်ထျန်းသည် ကြိုတင်အစီအစဉ်ချပြီးဖြစ်နေသည်။ သူသည် ပိုက်ဆံရှာရန်နှင့် အစားသောက် ပို့ရန် အချိန်တစ်မိနစ်မျှ အလဟဿ မဖြစ်စေရေးအတွက် သူ၏ အဝါရောင် အစားသောက်ပို့ဆောင်သူယူနီဖောင်း ကို ဝတ်ဆင်လျက် နေ့လယ်စာစားချိန် အားလပ်ချိန်လေးကိုယူ၍ သွားတွေ့မည်ဖြစ်သည်။
ထို့အပြင် မိန်းကလေးများအနေဖြင့် သူ့အား အစားအသောက်ပို့သမားတစ်ယောက်အဖြစ်သာ မြင်စေ ချင်ပြီး သူ့အပေါ် စိတ်ပျက်သွား မိစေရန် သူတွေးထားခဲ့သည်။
တစ်ချိန်တည်းမှာပင် မိမိ၏ လက်ရှိအခြေအနေအရ မိန်းကလေးတစ်ယောက်ကို တကယ်ပဲ ဒုက္ခတွင်း ထဲ ဆွဲမချ ချင်ခဲ့ပေ။
နောက်တစ်နေ့။
လျန်ထျန်းသည် မနက်ခင်းတစ်ပိုင်းလုံး အစားသောက်များပို့ကာ ချွေးသံတရွဲရွဲဖြင့် နောက်ဆုံးတွင် နေ့လယ် မတိုင်မီ သတ်မှတ်ထားသောနေရာသို့ ရောက်ရှိလာခဲ့လေသည်။
၎င်းသည် ဆိုင်အပြင်ဘက်တစ်ခုလုံးတွင် ကြမ်းပြင်မှ မျက်နှာကြက်အထိ မှန်ပြတင်းပေါက်များ တပ်ဆင်ထားသော တောက်ပသန့်ရှင်းသည့် အနောက်တိုင်းစားသောက်ဆိုင်တစ်ခုဖြစ်ပြီး အလွန် အဆင့်မြင့်သည့် ခံစားချက်ကို ခံစားရစေသည်။
လျန်ထျန်း ဝင်သွားသောအခါ ဧည့်ကြိုက ခံစားချက်ကင်းမဲ့သော မျက်နှာဖြင့် ပြောလိုက်သည်။
"ဘယ်နံပါတ်လဲ..။"
သေချာပေသည် စားပွဲထိုးက လျန်ထျန်းကို အစားသောက်လာယူသည့်သူဟု အထင်မှားသွားခြင်းဖြစ် သည်။
လျန်ထျန်းက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် သူလာရသည့်အကြောင်းရင်းကို ရှင်းပြလိုက်ပြီးနောက် ဒေါ်လေးချောင် မိတ်ဆက်ပေးထားသော မိန်းကလေး၏ နေရာကို ရှာတွေ့သွားခဲ့သည်။
ထိုမိန်းကလေးမှာ အလွန်လှပသည့်ပုံပေါ်သော်လည်း မိတ်ကပ်ကြောင့် လှနေခြင်းဖြစ်ကြောင်း သိသာ ထင်ရှားလှသည်။ သူမ၏ မိတ်ကပ်မှာ အလွန်ထူထဲပြီး တော်တော်လေး ဆွဲဆောင်မှုရှိအောင် ပြင်ဆင် ထားလေသည်။
သူမက အင်တာနက်ပေါ်က ဆယ်လီကောင်မလေးများ၏ ပုံစံမျိုးနှင့် အနည်းငယ် တူသယောက်ရှိလေ သည်။
သူမ၏ ဝတ်စားဆင်ယင်မှုပုံစံကလည်း "အထက်တန်းလွှာ" အငွေ့အသက်များ အပြည့်ရှိနေသည်။
လျန်ထျန်းကို ကြည့်လိုက်ရာ ထိုမိန်းကလေး၏ မျက်နှာပေါ်တွင် ဖုံးကွယ်မထားနိုင်သော ရွံရှာမှုများ ထင်ဟပ်လာခဲ့သည်၊
"ရှင်က Blind date ကို ဒီလိုပုံစံနဲ့ လာတာလား…။"
လျန်ထျန်းက သူ့ကိုယ်သူ အထင်သေးခံနေရမှန်း သိသော်လည်း ဒေါသမထွက်သလို ဟန်လည်းမဆောင် ပေ။ သူက လိုရင်းကိုသာ တန်းပြောလိုက်သည်။
"မစ္စရွှီ... ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ဒီနေ့ ကျွန်တော် လာခဲ့တာက Blind Date လုပ်ဖို့ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ အချိန်တွေကို ယူမိတဲ့အတွက် လျော်ကြေးအနေနဲ့ ကျွန်တော် ထမင်းတစ်နပ် ဒကာခံပါရစေ…။"
"အဲဒါပြီးရင်တော့ ကျွန်တော်တို့ သဘောထားမတိုက်ဆိုင်ဘူးဆိုပြီး ဒေါ်လေးချောင်ကို ပြန်ပြောလိုက်ကြ ရင်ကော ဘယ်လိုလဲဗျ…။"
ဤစကားများသည်ကား မလာမီကတည်းက လျန်ထျန်း ကြိုတွေးထားခဲ့သည့် စကားများပင်ဖြစ်သည်။
သူ တကယ်ကို Blind Date မလုပ်ချင်သော်လည်း ဖျားနာနေသော မိခင်ကို စိတ်မပျက်စေချင်သဖြင့် ဤကဲ့သို့ ဟန်ပြလုပ်ဆောင်ရန်သာ တတ်နိုင်တော့သည်။
သို့သော် ရွှီရှီယောင်၏ မျက်နှာမှာ ထိုစကားများကို ကြားပြီးနောက် ချက်ချင်းပင် အေးစက်သွား လေသည်၊
"ရှင်က ဘာသဘောလဲ။ ရှင့်လို အောက်ခြေသိမ်း အစားသောက်ပို့ဆောင်သူတစ်ယောက်ကများ ကျွန်မကို အထင်သေးနေတာလား…။"
ရွှီရှီယောင်၏စကားကို ကြားသောအခါ လျန်ထျန်းက လက်ကို အမြန်ခါပြကာ ပြောလိုက်သည်၊
"မစ္စရွှီ... ခင်ဗျား အထင်လွဲနေပါပြီ။ ကျွန်တော် ခင်ဗျားကို အထင်သေးတာ မဟုတ်ပါဘူး။ ကျွန်တော့် အပြစ်ကြောင့်ပါ။ ဒါကြောင့်မို့လို့..."
ရွှီရှီယောင်က လျန်ထျန်းကို ရှင်းပြခွင့်မပေးဘဲ အေးစက်စွာ ရယ်မောလျက် စကားဖြတ်ပြောလိုက်သည်၊
"ဒီခေတ်က အစားသောက်ပို့ဆောင်သူတွေက အဆင့်အတန်း အရမ်းမြင့်နေကြတာပဲ။ သူတို့ဘာသာ အရိုးကြေ မတတ် အလုပ်လုပ်လို့ တစ်လကို တစ်ပြားကျော်လေး ရတာနဲ့ပဲ သူတို့ကိုယ်သူတို့ အရမ်းမိုက်တယ်လို့ ထင်နေကြတာလား…။"
"ကောင်းပြီလေ... ရှင်က ကျွန်မကို လျော်ကြေးအနေနဲ့ ထမင်းကျွေးချင်တာပေါ့လေ။ ဝိတ်တာ... ဒီကိုလာ ကျွန်မ အော်ဒါမှာချင်တယ်…။"
ဒေါ်လေးချောင်က သူတို့နှစ်ဦးကို မိတ်ဆက်ပေးခဲ့ပြီး သဘာဝကျကျပင် ရွှီရှီယောင်ကို လျန်ထျန်း၏ အခြေအနေအကြောင်း ပြောပြထားခဲ့သည်။
ရွှီရှီယောင်က တစ်ဖက်လူမှာ အစားသောက်ပို့ဆောင်သူတစ်ယောက်ဖြစ်ကြောင်း ကြားသောအခါ ရွံရှာသွားခဲ့ သည်။
သို့သော် တစ်ဖက်လူက အစားသောက်ပို့ခြင်းဖြင့် တစ်လလျှင် တစ်ပြားကျော် ရှာနိုင်ကြောင်း ကြားပြီးနောက် သူမ သဘောတူလိုက်ခြင်းဖြစ်သည်။
အကြောင်းရင်းမှာ ရွှီရှီယောင်သည် အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော်လည်း ဤကဲ့သို့ သော အဆင့်မြင့် စားသောက်ဆိုင်များသို့ မကြာခဏ သွားရောက်လေ့ရှိသောကြောင့်ဖြစ်သည်။
တကယ်တမ်းတွင်မူ သူမ၏ လစဉ်ဝင်ငွေမှာ သုံးပြားတိတိသာ ရှိလေသည်။
ထို့အပြင် သူမ၏ "အထက်တန်းလွှာ" ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် သူမသည် ခရက်ဒစ်ကတ်များကို သုံးကာ အွန်လိုင်းမှ ငွေချေးခြင်းများ ပြုလုပ်၍ ငွေအမြောက်အမြားကို အလွန်အကျွံ သုံးစွဲထားခဲ့သည်။
ထို့ကြောင့် သူမသည် ဤကြွေးမြီများကို ဖာထေးပေးမည့်သူတစ်ဦးကို အရေးတကြီး ရှာဖွေနေရပြီး ယင်းကြောင့်ပင် လျန်ထျန်းနှင့် မတတ်သာဘဲ လာတွေ့ရခြင်းဖြစ်သည်။
သို့သော် လျန်ထျန်း၏ အစောပိုင်းစကားများက ရွှီရှီယောင်ကို သူ့အား အထင်သေးသည်ဟု ထင်စေခဲ့ပြီး ချက်ချင်း ဒေါသထွက်သွားစေခဲ့လေသည်။
သို့သော် သူမသည် ပါးနပ်သော မိန်းမတစ်ယောက်ဖြစ်ပြီး သူမ၏ ကလဲ့စားချေနည်းမှာလည်း အလွန် လိမ္မာပါးနပ်လှသည်။ သူမသည် အစားအသောက်မှာရန် စားပွဲထိုးကို လှမ်းခေါ်လိုက်လေသည်။
"ကျွန်မကို သုံးပေါင်ကျော်တဲ့ ဩစတြေးလျ ကျောက်ပုစွန် တစ်ပွဲပေးပါ။ ပြီးတော့ ခြောက်ပေါင်ကျော် တဲ့ ကင်းကဏန်းရယ်၊ ဩစတြေးလျ ကမာကောင်ရယ်၊ နှာမောင်းခရု ရယ် ပေးပါ..."
တစ်ထိုင်တည်းနှင့်ပင် ရွှီရှီယောင်သည် အလွန်ဈေးကြီးသော ဟင်းပွဲ ဆယ်ပွဲကျော်ကို မှာယူလိုက်ပြီး နောက်ဆုံးတွင် လျန်ထျန်းအား လက်ညှိုးထိုးပြကာ အေးစက်စက် အပြုံးတစ်ခုကို ထိန်းသိမ်းထားရင်း၊
"သူ့ကို အရင် ငွေရှင်းခိုင်းလိုက်ပါ။ ပြီးမှ ဟင်းပွဲတွေ ချပေးပါ…။"
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လျန်ထျန်းမှာ မှင်တက်သွားလေသည်။
သူသည် မူလက တစ်ဖက်လူအား လျော်ကြေးအနေဖြင့် ထမင်းတစ်နပ် ဒကာခံရန် စီစဉ်ထားခဲ့သည်။
ဤနေရာက ဈေးကြီးကြောင်း သူသိသော်လည်း ပုံမှန်ထမင်းတစ်နပ်သာဆိုလျှင် သူ တတ်နိုင်ပါသေး သည်။
သို့သော် ရွှီရှီယောင်၏ အဆက်မပြတ် မှာယူလိုက်သော ဟင်းပွဲများမှာ သူ့ကို ရှင်းရှင်းလင်းလင်း ဒုက္ခပေးနေခြင်းပင်ဖြစ်သည်။
သူ တစ်ခါမှ မစားဖူးသော်ငြားလည်း ဩစတြေးလျ ကျောက်ပုစွန်နှင့် ကင်းကဏန်းကဲ့သို့သော ပါဝင် ပစ္စည်းများမှာ မည်မျှ ဈေးကြီးကြောင်း လျန်ထျန်း ကြားဖူးနားဝတော့ရှိလေသည်။
ဤမျှဈေးကြီးသော ဟင်းပွဲ ဆယ်ပွဲကျော်ဆိုလျှင် ယွမ် သောင်းဂဏန်းလောက်တော့ ကျသင့်မည်ဖြစ် သည်။
လျန်ထျန်းက "ခဏနေပါဦး" ဟု ပြောမည့်ဆဲဆဲမှာပင် စားပွဲထိုးက သူ့ထံ ဘေလ်စာရွက်တစ်ရွက် ကမ်းပေးကာ ပြောလိုက်သည်၊
"မင်္ဂလာပါ လူကြီးမင်း... အမျိုးသမီးမှာသွားတဲ့ ဟင်းပွဲတွေက ၈.၆၂ ပြား ကျသင့်ပါတယ်။ လူကြီးမင်း ငွေသားနဲ့ ရှင်းမလား ကတ်နဲ့ ရှင်းမလား ခင်ဗျာ…။"
အခန်း (၄)
ငွေကြေးတန်ဖိုး ကျဆင်းသွားခြင်းကို သတိပြုမိခြင်း
စားပွဲထိုး၏ ကျသင့်ငွေကို ပြောသံကို ကြားလိုက်ရသောအခါ လျန်ထျန်း တစ်ယောက် မှင်တက်သွား လေသည်။
သူ အသိပြန်ဝင်လာရန် အချိန်အတော်ကြာယူလိုက်ရပြီးနောက် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်၊
"ခင်... ခင်ဗျားပြောတာ အဲဒီဟာတွေ အားလုံးပေါင်း ဘယ်လောက်ကျတယ်….။"
လျန်ထျန်း၏ တုံ့ပြန်မှုကို မြင်သောအခါ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရွှီရှီယောင်က လှောင်ပြုံး ပြုံးကာ ပြောလိုက်သည်။
"လန့်သွားပြီ မဟုတ်လား။ နင့်လို အောက်ခြေသိမ်း အစားသောက်ပို့ဆောင်သူက ဒီလောက် မောက်မာနေတာ တန်ပါတယ်…။"
ရွှီရှီယောင်နည်းတူ စားပွဲထိုးကလည်း လျန်ထျန်းကို ကျသင့်ငွေကြောင့် လန့်သွားသည်ဟု ထင်မှတ်သွား ပြီး ချက်ချင်းပင် သူ၏ဆက်ဆံရေးမှာ လေးစားမှု ကင်းမဲ့သွားကာ အထင်သေးသောအသံဖြင့် ပြော လိုက်သည်။
"လူကြီးမင်း... ခင်ဗျားဆီမှာ အဲဒီလောက် ပိုက်ဆံမရှိရင် ဒီကိုလာပြီး သူများအထင်ကြီးအောင် လာမလုပ်ပါနဲ့။ လမ်းတစ်ဖက်က Shaxian Snacks ဆိုင်က လူကြီးမင်းနဲ့ ပိုသင့်တော်ပါလိမ့်မယ်…။"
ရွှီရှီယောင်၏ လှောင်ပြောင်သော အပြုံးနှင့် စားပွဲထိုး၏ အထင်သေးသော မျက်နှာအမူအရာတို့ကို မြင်လိုက်ရပြီးနောက် လျန်ထျန်းသည် အိတ်ကပ်ထဲသို့ လက်နှိုက်ကာ သူ၏ ပိုက်ဆံအိတ်ကို စမ်းကြည့် လိုက်လေသည်။
ပိုက်ဆံအိတ်ထဲတွင် မနေ့က အိမ်လခပေးရန် ပြင်ဆင်ထားခဲ့သော ငွေသားများ ရှိနေသည်မဟုတ်ပါ လား။ အိမ်လခပေးပြီးနောက် (၆၅၇.၁) ယွမ် ကျန်နေသေးသည်ပင်။
မနေ့က ကြားခံကုမ္ပဏီမန်နေဂျာ ပြောခဲ့သည့်စကား အိမ်လခလာကောက်စဉ်က အိမ်ရှင်အမကြီး၏ ထူးဆန်းသော တုံ့ပြန်မှုနှင့် ယခု စားပွဲထိုး၏ ဈေးနှုန်းပြောဆိုမှုတို့ကို ပြန်လည်စဉ်းစားကြည့်လိုက်ရာ...
အဖြစ်အပျက်များစွာ ဆက်စပ်မိသွားပြီးနောက် လျန်ထျန်းသည် တစ်စုံတစ်ခုကို သဘောပေါက်သွား သလို ဖြစ်သွားသော်လည်း သူ သိပ်တော့ သေချာမှုရှိမနေသေးပေ။
ထို့ကြောင့် သူသည် ပိုက်ဆံအိတ်ကို ဂရုတစိုက် ထုတ်ယူကာ ဖွင့်လိုက်ပြီး မနေ့ညက အိမ်ရှင်မကြီးကို ပေးခဲ့သကဲ့သို့ပင် ကမ်းပေးလိုက်သည်။
"ခင်ဗျားဘာသာ ယူလိုက်ပါ။ လောက်ရဲ့လား ကြည့်လိုက်လေ…။"
ပိုက်ဆံအိတ်ထဲရှိ ငွေများကို မြင်လိုက်ရသောအခါ စားပွဲထိုး၏ အထင်သေးသော အကြည့်များမှာ အေးခဲသွားလေတော့သည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရွှီရှီယောင်မှာလည်း ပိုက်ဆံအိတ်ထဲရှိ "ရှုခင်း" ကို မြင်လိုက်ရသဖြင့် သူမ၏ လှောင်ပြောင်သော အမူအရာမှာ ချက်ချင်းပင် ရပ်တန့်သွားလေသည်။
နောက်တစ်စက္ကန့်တွင်တော့ စားပွဲထိုး၏ ဆက်ဆံရေးမှာ အပြည့်အဝ ပြောင်းလဲသွားပြီး (၁၈၀) ဒီဂရီ အမြန် ဦးညွှတ်ခါးညွှတ် လုပ်လေတော့သည်။
"ကျွန်တော် တကယ်ကို တောင်းပန်ပါတယ် လူကြီးမင်း... လမ်းတစ်ဖက်က Shaxian Snacks ဆိုင်က ပိုသင့်တော်မယ်ဆိုပြီး အဲဒီလို မိုက်မဲတဲ့ စကားမျိုးကို ကျွန်တော် တကယ် ပြောမိသွားတယ်။ ကျွန်တော် အရမ်းကို အသိဉာဏ်ကင်းမဲ့ပြီး မျက်ကန်းလိုဖြစ်သွားလို့ပါ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေး ပါ..."
ထိုသို့ပြောပြီးနောက် စားပွဲထိုးသည် ပိုက်ဆံအိတ်ထဲမှ (၁၀ ပြား) စေ့ ကို ဂရုတစိုက် ထုတ်ယူလိုက်ပြီး နောက် ရိုသေလေးစားစွာဖြင့် ထပ်မံပြောဆိုလိုက်သည်။
"လူကြီးမင်းရဲ့ ဟင်းပွဲတွေကို စားဖိုမှူးတွေဆီ အခုချက်ချင်း စီစဉ်ခိုင်းလိုက်ပါ့မယ်။ ပြီးရင် အမ်းငွေကို မကြာခင် ယူလာပေးပါ့မယ်ခင်ဗျာ…။"
ထိုသို့ပြောပြီးနောက် စားပွဲထိုးသည် (၁၀ ပြား) စေ့ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ရိုသေစွာဖြင့် နောက်ဆုတ်ထွက်ခွာသွားလေသည်။
ရွှီရှီယောင်ကို ပြန်ကြည့်လိုက်ရာ သူမ၏ ပြူးကျယ်နေသော မျက်လုံးကြီးများမှာ လျန်ထျန်း၏ ပိုက်ဆံ အိတ်ထဲရှိ ငွေများအပေါ်တွင် စူးစိုက်နေပြီး မျက်တောင်မခတ်နိုင်အောင်ပင် ဖြစ်နေလေသည်။
လျန်ထျန်းက သူ၏ပိုက်ဆံအိတ်ကို ပြန်သိမ်းလိုက်မှသာ ရွှီရှီယောင်သည် သူမ၏ အမူအရာ ပျက်ယွင်း သွားသည်ကို သတိပြုမိသွားသည်။ သူမက ပါးစပ်ထောင့်မှ ကျလာတော့မည့် တံတွေးများကို အမြန် သုတ်လိုက်ပြီးနောက် မက်မောဖွယ်ရာ အပြုံးတစ်ခုကို ဖန်တီးလိုက်လေသည်။
သူမ၏ အသံမှာလည်း နူးညံ့ချိုသာသွားလေတော့သည်။
"အစ်ကိုလျန်... ညီမက အစ်ကို့ကို နောက်နေတာပါအစ်ကိုရဲ့…။"
ခဏမျှရပ်တန့်သွားပြီးနောက် ရွှီရှီယောင်သည် ချွဲနွဲ့သောအမူအရာကို တမင်ဖန်တီးလိုက်သည်၊
"ဒါပေမဲ့ အစ်ကိုလျန်က တကယ်ကို အံ့ဩစရာကောင်းတာပဲ အစားသောက်ပို့ဆောင်သူ အယောင်ဆောင်ပြီး ညီမကို စမ်းသပ်နေတာပေါ့လေ…။"
လုံးဝပင် တစ်ခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ ဖြစ်နေသော ရွှီရှီယောင်ကို ကြည့်ရင်း လျန်ထျန်း၏ ရင်ထဲတွင်မူ အပြင်ပန်းကဲ့သို့ တည်ငြိမ်မနေခဲ့ပေ။
*မဖြစ်နိုင်ဘူး... ငါ အိပ်မက်မက်နေတာလား...*
*အ... နာလိုက်တာ။ ပေါင်ကို ဆိတ်ကြည့်တာ အရမ်းနာတယ် ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးပဲ…။*
*မနေ့က ကြားခံကုမ္ပဏီမန်နေဂျာ ပြောခဲ့တဲ့ စကားတွေရယ်၊ အိမ်လခလာကောက်တုန်းက အိမ်ရှင် အမကြီးရဲ့ ထူးဆန်းတဲ့ တုံ့ပြန်မှုရယ်၊ ပြီးတော့ ခုနက စားပွဲထိုးရဲ့ ကျသင့်ငွေပြောဆိုမှုရယ်...*
*ဘယ်လိုအကြောင်းကြောင့်မှန်း မသိပေမယ့် ကမ္ဘာတစ်ဝန်းက ကုန်ဈေးနှုန်းတွေ ရုတ်တရက် ထိုးကျသွားတာလား…*
*ဒါမှမဟုတ် ငါ့ရဲ့ ပိုက်ဆံတွေပဲ ရုတ်တရက် တန်ဖိုးတက်လာတာလို့ ပြောရမလား…*
*ဒါ... ဒါက မယုံနိုင်စရာပဲ... *
လျန်ထျန်း တစ်ယောက် မယုံကြည်နိုင်စွာဖြင့် မှင်တက်နေစဉ်မှာပင် အလွန်ကောင်းမွန်လှပသော ပင်လယ်စာ ဟင်းလျာများ တစ်ပွဲပြီးတစ်ပွဲ ရောက်ရှိလာလေတော့သည်။
တစ်ချိန်တည်းမှာပင် စားပွဲထိုးက ဘေလ်စာရွက်နှင့် အမ်းငွေများကို ရိုသေလေးစားစွာဖြင့် ယူဆောင် လာပေးခဲ့လေသည်။
တစ်ပြားစေ့ (၁)စေ့၊ သုံးပြားစေ့ (၃)စေ့နှင့် ရှစ်လီစေ့ (၁)စေ့ (လီသည် ပြားထက် ငယ်သော ယူနစ်ဖြစ် သည်)။
လျန်ထျန်းသည် တစ်ပြားစေ့များကို အရင်က မြင်ဖူးသော်လည်း တစ်ပြားအောက်ငယ်သော အကြွေစေ့ များမှာမူ သူ၏ဘဝတွင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်ဖြစ်သည်။
ဘေလ်စာရွက်ပေါ်တွင် ကျသင့်ငွေကို ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပါက လျန်ထျန်းသည် ဤ ပြားစေ့နှင့် လီစေ့များကို ဟာသတစ်ခုအဖြစ်သာ ထင်မှတ်မိမည်မှာ သေချာသလောက်ရှိပေသည်။
သို့သော် ဘေလ်စာရွက်ပေါ်တွင် ရှင်းလင်းစွာ ရေးသားထားသည်။
ကြက်သွန်ဖြူနှင့် ကြာဆံဖြင့် ပေါင်းထားသော ၃.၆ ကျင်း (၁.၈ ကီလိုဂရမ်ခန့်) အလေးချိန်ရှိသော ဩစတြေးလျ ကျောက်ပုစွန် – (၃.၆) ပြား (၀.၀၃၆ ယွမ်ခန့်)။
ခြောက်ကတ္တီနှင့် ကိုးတေးလ် အလေးချိန်ရှိသော နည်းလမ်းသုံးမျိုးဖြင့် ချက်ပြုတ်ထားသည့် ကင်းကဏန်း — တစ်ပြား၊ သုံးလီ၊ ရှစ်ဟောင်။
ရွှေနက်ရောင် ဩစတြေးလျ ကမာကောင်...
အတိုချုပ်ပြောရလျှင် ဤဟင်းပွဲ ဆယ်ပွဲကျော်ထဲတွင် အဈေးကြီးဆုံးဟင်းပွဲသည် တစ်ပြားကျော်လေး သာ ကျသင့်သဖြင့် လျန်ထျန်းကို အမှန်တကယ်ပင် မှင်တက်သွားစေခဲ့သည်။
အခြားတစ်ဖက်တွင်မူ ရွှီရှီယောင်မှာ ဆွဲဆောင်မှုအပြည့်နှင့် ဖြစ်နေပြီး အစောပိုင်းက လျန်ထျန်းအပေါ် ပြသခဲ့သော အထင်သေးမှုများမှာ လုံးဝ ပျောက်ကွယ်သွားလေပြီ။ ယခုအခါ သူမသည် လျန်ထျန်းအား အဖိုးတန်ရတနာတစ်ပါးကဲ့သို့ ကြည့်နေလေသည်။
ထိုစဉ် ရွှီရှီယောင်က သူမဘာသာ တွေးနေလိုက်သည်။
*ဒေါ်လေးချောင်က ငါ့ကို ပြောတာတော့ ဒီလျန်ထျန်းက သာမန်မိသားစုက ဆင်းသက်လာပေမယ့် အရမ်း ကြိုးစားပြီး တစ်လကို တစ်ပြားကျော်လေးပဲ ရတယ်ဆိုပါလား..။*
*ဒါပေမဲ့ အခုကြည့်ရတာ သူက သာမန်မိသားစုက လာတာ မဟုတ်လောက်ဘူး။ သူက သေချာပေါက် သူဌေးသားပဲ ဖြစ်ရမယ်…*
*မဟုတ်ရင် ဘယ်သူကများ ပိုက်ဆံအိတ်ထဲမှာ ယွမ်ရာတန်တွေ အများကြီးကို ပေါ့ပေါ့ပါးပါး ထည့်သွား ပြီး အသေးဆုံးငွေကြေးက (၁၀ ပြား) ဖြစ်နေရမှာလဲ…။*
*အို... ငါ သိပြီ။ သူက သေချာပေါက် ဟန်မထုတ်တတ်တဲ့ သူဌေးသားပဲ ဖြစ်ရမယ်။ ချမ်းသာပေမယ့် မကြွားဝါတတ်တဲ့သူပေါ့။ ငါ သူ့ကို တကယ် သဘောကျသွားပြီ…။*
*ဒီနေ့တော့ သူ့ကို ငါရအောင် ယူရမယ်…။ ဒီသူဌေးသားလေးနဲ့သာ ပတ်သက်ခွင့်ရရင် ငါ့ရဲ့ ငွေရေး ကြေးရေး ပြဿနာတွေ အားလုံး ပြေလည်သွားမှာပဲ... မဟုတ်ဘူး တစ်သက်လုံး ဘာမှ ပူစရာမလို တော့ဘူး…. ဟားဟားဟားဟား…*
လျန်ထျန်းသည် ရွှီရှီယောင်၏ အတွင်းစိတ်ထဲမှ တွေးတောသံများကို မကြားနိုင်သော်လည်း သူ့အပေါ် ထားရှိသော ရွှီရှီယောင်၏ သဘောထား အပြောင်းအလဲကိုမူ မြင်တွေ့နိုင်လေသည်။
ရွှီရှီယောင်က သူမ၏ ရင်ဘတ်ရှိ အင်္ကျီကြယ်သီးကို ဆွဲဟလိုက်၏။ ထို့နောက် လက်ကိုမြှောက်ကာ ဆံပင်ကို သပ်တင်လိုက်ရင်း ရွံစရာကောင်းလောက်အောင် ချိုသာလှသော အသံဖြင့် ဆက်ပြောလိုက် သည်။
"ညီမ သိသားပဲ… ဒေါ်လေးချောင် မိတ်ဆက်ပေးတဲ့သူက ဘယ်လိုလုပ် သာမန်လူ ဖြစ်နိုင်မှာလဲလို့…။"
"အခုတော့ ညီမ သိသွားပြီ။ အစ်ကိုလျန်... အစ်ကိုက ဇိမ်ခံကားကြီးနဲ့ အစားသောက်လိုက်ပို့ပြီး အပျော်လုပ် နေတဲ့ ဒုတိယမျိုးဆက် သူဌေးသားလေးပဲ ဖြစ်ရမယ်... အို မဟုတ်ဘူး ဘဝကို လေ့လာနေတာ ဖြစ်ရ မယ်…။"
ဤအချိန်တွင် လျန်ထျန်းသည်လည်း အခြေအနေကို သဘောပေါက်သွားပြီး ချက်ချင်းပင် ငြင်းဆိုလိုက် သည်။
"မဟုတ်ပါဘူး.. မဟုတ်ပါဘူး…။ ကျွန်တော့်မှာ ဇိမ်ခံကားလည်း မရှိပါဘူး။ ပြီးတော့ ကျွန်တော်က သူဌေးသားလည်း မဟုတ်ပါဘူး။ ကျွန်တော်က သာမန် အစားသောက်ပို့ဆောင်သူ တစ်ယောက်ပါပဲ…။"
ရွှီရှီယောင်က တခစ်ခစ် ရယ်မောလိုက်လေသည်။
"အို... အစ်ကိုက ဟန်ဆောင်နေတုန်းပဲ။ အစ်ကိုသာ အစားသောက်ပို့ဆောင်သူ အစစ်ဆိုရင် တစ်သက်လုံး အလုပ် လုပ်ရင်တောင် အစ်ကို့ပိုက်ဆံအိတ်ထဲက ပိုက်ဆံရဲ့ တစ်ရာခိုင်နှုန်းလောက်တောင် ရှာနိုင်မှာ မဟုတ်ဘူး လေ…။"
"ဒါပေမဲ့ အစ်ကိုက ဒီလိုပုံစံမျိုးကို သဘောကျတယ်ဆိုရင် ညီမလည်း အဆင်ပြေပါတယ်။ ညီမ အစားသောက် ပို့သမား ယူနီဖောင်းတစ်စုံ သွားဝယ်ပြီး အစ်ကိုနဲ့အတူတူ အစားသောက်လိုက်ပို့ပေးမယ်လေ။ ဘယ်လိုလဲ…။"
ထိုသို့ပြောပြီးနောက် ရွှီရှီယောင်က လျန်ထျန်းအား မျက်ခုံးပင့်ပြလိုက်ရာ သူမ၏ သွေးဆောင် ဖြားယောင်းမှုမှာ ဤမျှထက် ပို၍ သိသာထင်ရှားစရာ မရှိနိုင်တော့ပေ။
သို့သော် လျန်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။
"အစားသောက်ပို့တယ်ဆိုတာ တရားဝင် အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုပါ။ ကစားစရာ ဒါမှမဟုတ် အပျော်လုပ်စရာ မဟုတ်ပါဘူး…။"
"ကောင်းပြီလေ... ကျွန်တော် ငွေရှင်းပြီးသွားပြီဆိုတော့ ခင်ဗျား ဆက်စားလို့ ရပါတယ်။ ကျွန်တော့်မှာ လုပ်စရာရှိသေးလို့ ဆက်ပြီး အဖော်မလုပ်ပေးနိုင်တော့ပါဘူး…။"
ထိုသို့ပြောပြီးသည်နှင့် လျန်ထျန်းသည် ထိုင်ရာမှထကာ ထွက်သွားလေသည်။
ရွှီရှီယောင်က သူ့အား နေပါဦးရန် အမြန်ဆွဲဆောင် ပြောဆိုလိုက်လေသည်။
"အစ်ကို... အရမ်းမလောပါနဲ့ဦး။ ထမင်းစားပြီးမှ သွားပါလား... အနည်းဆုံးတော့ WeChat လေး အက်ဒ်သွားပါဦး...။"
သို့သော် လျန်ထျန်းက သူမကို လုံးဝ လျစ်လျူရှုထားလိုက်လေတော့သည်။
အဘယ်ကြောင့်ဆိုသော် သိုက်တူးချင်သော မိန်းမတစ်ယောက်ထက် ယခုအခါ သူ့အတွက် ပို၍ အရေးကြီးသော ဂရုစိုက်စရာ ကိစ္စများ ရှိနေသောကြောင့်ဖြစ်သည်။
လျှပ်စစ်စက်ဘီးကို ခဏမျှ မောင်းနှင်ပြီးနောက် သူ ရပ်လိုက်ကာ ဖုန်းကို အမြန်ထုတ်၍ အော်ဒါ စာမျက်နှာကို ဖွင့်လိုက်ပြီး ၎င်းတွင် ဖော်ပြထားသော အော်ဒါအချက်အလက်များနှင့် ကော်မရှင်များကို ကြည့်လိုက်သည်။
"ကမ္ဘာတစ်ဝန်းက ကုန်ဈေးနှုန်းတွေ ပြုတ်ကျသွားတယ်ဆိုရင် အစားသောက်ပို့တဲ့ ကော်မရှင်တွေလည်း ကျသွားရမှာပေါ့ ဒါပေမဲ့...။"
"ငါ့ရဲ့ အစားသောက်ပို့တဲ့ ကော်မရှင်တွေက ဘာလို့ ပြောင်းလဲမသွားတာလဲ…။"
"မနေ့က ရခဲ့တဲ့ ကော်မရှင် ယွမ် နှစ်ရာနီးပါးလောက်က ငါ့အကောင့်ထဲကို အပြည့်အဝ ဝင်လာခဲ့တာပဲ လေ…။"