အခန်း (၅-၆)
Vol. 1 Ch. 5-6
အခန်း (၅)
အိမ်သွားကြည့်ခြင်း
လျန်ထျန်း နားမလည်နိုင်သော အရာများစွာ ရှိနေသော်လည်း အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှ အရာများ အားလုံးမှာ အမှန်ဖြစ်ခဲ့ကြောင်း သူ ခံစားနေရသည်။
အချိန်အနည်းငယ်ကြာ စိတ်ကို ပြန်လည်တည်ငြိမ်စေပြီးနောက် သူသည် နောက်ထပ် အော်ဒါတစ်ခုကို စမ်း၍ လက်ခံကြည့်လိုက်သည်။
စားသောက်ဆိုင်မှ အစားသောက်ကို သွားယူသောအခါ သူက အစားသောက်ဘူးတွင် ကပ်ထားသော စာရွက်ပေါ်ရှိ အော်ဒါအချက်အလက်များကို သေချာစွာ ဖတ်ကြည့်လိုက်သည်။
ထိုတစ်ချက်ကြည့်လိုက်ခြင်းက အတော်လေး ထူးခြားသွားစေခဲ့ပြီး သူ၏မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားလေတော့သည်။
ေ"ဒါ... ဒါက..."
ထိုစက္ကူစာရွက်ပေါ်တွင် အောက်ပါအချက်အလက်များကို ပရင့်ထုတ်ထလေသည်၏။
[ ခေါက်ဆွဲပြား ပန်းကန်ကြီး - ၁ မိုက်ခရို (၁ မိုက်ခရိုသည် ပြားထက် ငယ်သော ယူနစ်ဖြစ်သည်)
ဝက်အူချောင်းကင် ထည့် - ၅ ချန် (၁ ချန်သည် ပြားထက် ငယ်သော ယူနစ်ဖြစ်သည်)
ပို့ဆောင်ခ - ၃ ဖန် (၁ ဖန်သည် ပြားထက် ငယ်သော ယူနစ်ဖြစ်သည်)
စုစုပေါင်း – ၁ မိုက်ခရို ၈ ချန် ]
လျန်ထျန်းသည် သူ၏ဖုန်းထဲရှိ အော်ဒါများကို အမြန်ပြန်စစ်ကြည့်လိုက်သည်။
[ ခေါက်ဆွဲပြား ပန်းကန်ကြီး - ၁၀ ယွမ်
ဝက်အူချောင်းကင် တစ်ချောင်းထည့် - ၅ ယွမ်
ပို့ဆောင်ခ - ၃ ယွမ်
စုစုပေါင်း - ၁၈ ယွမ် ]
ဆိုလိုသည်မှာ လျန်ထျန်း၏ ဖုန်းထဲရှိ အော်ဒါများနှင့် စက္ကူစာရွက်ပေါ်ရှိ အော်ဒါများမှာ ဟင်းပွဲများနှင့် အခြားအချက်အလက်များ တူညီနေသော်လည်း ငွေပမာဏများမှာမူ လုံးဝ ကွာခြားနေခြင်းဖြစ်သည်။
လျန်ထျန်း တစ်ယောက် မှင်တက်ကာ ရပ်နေသည်ကို မြင်သောအခါ ခေါက်ဆွဲဆိုင်ပိုင်ရှင် ဦးလေးဝူက အော်ပြောလိုက်သည်။
"ဟေ့… ဘာရပ်လုပ်နေတာလဲ။ မြန်မြန်သွားပို့လေ… ခေါက်ဆွဲတွေ ပွကုန်ရင် ဖောက်သည်က ငါ့ကို အဆိုးမြင်မှတ်ချက်တွေ ပေးနေဦးမယ်…။"
လျန်ထျန်းမှာ အများကြီးတွေးနေရန် အချိန်မရှိတော့ဘဲ အစားသောက်ကို အမြန်သွားပို့လိုက်ရတော့သည်။
အော်ဒါပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကော်မရှင်သည် သူ၏ ငွေစေအကောင့်ထဲသို့ အပြည့်အဝ ဝင်လာမည်ဖြစ်ပြီး မနက်ဖြန်တွင် ထုတ်ယူနိုင်မည်ဖြစ်သည်။
ဖုန်းထဲရှိ WeChat လက်ကျန်ငွေနှင့် Alipay လက်ကျန်ငွေကဲ့သို့သော အချက်အလက် အမျိုးမျိုးကို ကြည့်လိုက်ရာ ဘာမျှ ပြောင်းလဲသွားခြင်းမရှိနေပေ။
ထိုအခိုက်အတန့်တွင် လျန်ထျန်းသည် ကမ္ဘာကြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဟု ခံစားလိုက်ရသည်။
သို့သော် သူ စတိုးဆိုင်ကြီးတစ်ခုထဲသို့ ဝင်သွားပြီး စင်ပေါ်ရှိ ဈေးနှုန်းတံဆိပ်များကို ကြည့်လိုက် သောအခါတွင်မူ...
[ကိုလာ... ပုလင်းကြီး တစ်ပုလင်းကို (၆) ဖန်…။]
[ခေါက်ဆွဲခြောက်... ငါးထုပ်ပါ တစ်ထုပ်ကို (၁) မိုက်ခရိုနဲ့( ၂) နာနို…။]
[မော်ထိုင်အရက်... (၂.၅၉၉၉) ဖန်...။]
ပုလင်းများပေါ်ရှိ ဈေးနှုန်းများကို ကြည့်ရင်း လျန်ထျန်းမှာ ပို၍ပို၍ အံ့ဩလာခဲ့သည်။ ထို့နောက် သူက တုန်ယင်နေသော လက်များဖြင့် စင်ပေါ်မှ မော်ထိုင်အရက် တစ်ပုလင်းကို ယူကာ ဈေးဝယ်ခြင်းတောင်း ထဲသို့ ထည့်လိုက်လေသည်။
ငွေရှင်းသောအခါ လျန်ထျန်းသည် သူ၏မိုဘိုင်းဖုန်းဖြင့် QR code ဖတ်ကာ ငွေရှင်းရန် ကြိုးစားခဲ့သည်။
ငွေရှင်းကောင်တာမှ ဝန်ထမ်းက သူပြသော QR code ကို ဘားကုဒ်ဖတ်စက်ဖြင့် ဖတ်လိုက်သည်။
"တီ…"
"ဂျိ... ဂျိ... "
ငွေရှင်းပြေစာ ထွက်လာခဲ့လေသည်။
လျန်ထျန်းက ၎င်းကို ယူပြီး စင်ပေါ်ရှိ ဈေးနှုန်းတံဆိပ်နှင့် တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ရာ လုံးဝ တူညီမှု ရှိနေခဲ့လေသည်။
ဖုန်းကို ပြန်ကြည့်လိုက်သောအခါ လက်ကျန်ငွေ၏ ဒသမဂဏန်းနောက်တွင် ထူးဆန်းသော ဂဏန်းများ အစီအရီ ပေါ်လာပြီး စုစုပေါင်း ဂဏန်းခြောက်လုံး ရှိနေသည်။
"တကယ် အလုပ်လုပ်တာပဲဟ..."
အကြိမ်ကြိမ် အတည်ပြုပြီးနောက် လျန်ထျန်းသည် နောက်ဆုံးတွင် သေချာသွားခဲ့သည်။
*ဘယ်လိုအကြောင်းကြောင့်မှန်း မသိပေမယ့် ကုန်ဈေးနှုန်းတွေ ရုတ်တရက် ကျသွားတယ်။ ဒါပေမဲ့ ငါ့ရဲ့ ပိုက်ဆံနဲ့ ဖုန်းကလွဲရင် ကျန်တာတွေ အားလုံး သက်ရောက်မှု ရှိသွားတယ်…။*
*ပြီးတော့ ကုန်ဈေးနှုန်းတွေက အဆတစ်သန်းလောက်တောင် ကျဆင်းသွားတာပဲ…*
*တစ်နည်းပြောရရင် ငါ့ဆီမှာရှိတဲ့ တစ်ယွမ်က ကုန်ဈေးနှုန်းမကျခင်က ယွမ် တစ်သန်းနဲ့ ညီမျှတယ်…။*
*ဒါဆိုရင် ငါ့ပိုက်ဆံအိတ်ထဲမှာ ကျန်နေသေးတဲ့ ငွေသား ယွမ် ခြောက်ရာကျော်က... သန်းခြောက်ရာ ကျော်နဲ့ ညီမျှနေတာ မဟုတ်ဘူးလား….။*
လျန်ထျန်းသည် ဆက်လက်တွက်ချက်နေရင်း သူကိုယ်တိုင်ပင် အံ့ဩသွားခဲ့သည်။
ပိုက်ဆံအိတ်ကို ထုတ်ယူလိုက်ပြီး အထဲရှိ အနီရောင် ငွေစက္ကူ ခြောက်ရွက်ကို မြင်သောအခါ သူ အနည်းငယ် ဝေခွဲမရ ဖြစ်နေဆဲပင်။
"ဒီပိုက်ဆံပမာဏက ကုန်ဈေးနှုန်းမကျခင်ကဆိုရင် တစ်လစာ အိမ်လခနဲ့ ရေဖိုးမီးဖိုးအတွက်ပဲ လောက် ပေမယ့် အခုတော့...။"
"ဒါကြောင့်လည်း အိမ်ရှင်မကြီးက ငါ ထီပေါက်တယ်လို့ ထင်သွားတာကိုး။ ပြီးတော့ စားပွဲထိုးနဲ့ ဟိုသိုက်တူးတဲ့ မိန်းမရဲ့ ငါ့အပေါ်ဆက်ဆံရေး ရုတ်တရက် ပြောင်းလဲသွားတာလည်း မဆန်းတော့ ပါဘူးလေ…။"
"ကုန်ဈေးနှုန်းမကျခင်ကဆိုရင် ငါ့ရဲ့လုပ်ရပ်တွေက ငွေသားတွေ အပြည့်တင်ထားတဲ့ သံချပ်ကာ ကားကြီးကို မောင်းနေတာနဲ့ တူတူပဲ…။"
"ဒါပေမဲ့ ပိုအရေးကြီးတာက..."
ထိုသို့ပြောရင်း လျန်ထျန်းသည် ဖုန်းကို ထပ်မံထုတ်ယူကာ အော်ဒါစာမျက်နှာကို ဖွင့်လိုက်ပြီး အစားသောက်ပို့ ရန် အော်ဒါအမျိုးမျိုးနှင့် ကော်မရှင်နှုန်းထားများကို ကြည့်လိုက်သည်။
"ဂလု…"
လျန်ထျန်းသည် မသိမသာ တံတွေးမြိုချလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ တီးတိုးရေရွတ် လိုက်လေသည်။
"အခုဆို ငါ အစားသောက်တစ်ကြောင်းကို အေးအေးဆေးဆေး ပို့လိုက်ရုံနဲ့ ကော်မရှင်က အရင်အတိုင်းပဲ ရမှာ။ ဆိုလိုတာက အော်ဒါတစ်ကြောင်းတည်းကနေ ငါ ယွမ် သုံးသန်းကနေ ငါးသန်းအထိ ရှာနိုင်တယ်ပေါ့..။"
"ဘုရားရေ… ဒါက ကမ္ဘာ့အချမ်းသာဆုံးသူဌေးထက်တောင် ပိုပြီး ဝင်ငွေကောင်းနေပြီပဲ…"
ပထမဆုံး စိတ်လှုပ်ရှားမှုအပြီးတွင် လျန်ထျန်းသည် အခြားတစ်စုံတစ်ရာကို ရုတ်တရက် သတိရသွား သည်။
*နေဦး…။*
*ဘာလို့ ဒီလိုဖြစ်သွားတာလဲဆိုတာကို ငါ နားမလည်သေးဘူး။*
*ဒါဆိုရင် ကမ္ဘာကြီးက တစ်နေ့ကျရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားနိုင်တဲ့ အလားအလာ ရှိတယ်…။*
*အဲဒီအချိန်ကျရင် ငါ့ပိုက်ဆံတွေက အဆတစ်သန်း တန်ဖိုးတက်လာမယ့် ဝယ်ယူနိုင်စွမ်းကို ဆုံးရှုံးသွား လိမ့်မယ်…။*
*ဒါကြောင့် အခုအချိန်မှာ ပိုက်ဆံရှာတာက အရေးအကြီးဆုံး မဟုတ်ဘူး အရေးအကြီးဆုံးက... *
ဤသို့တွေးလိုက်မိစဉ် လျန်ထျန်းသည် ဘေးနားရှိ အိမ်ရာအရောင်းပြခန်းတစ်ခုကို လှမ်းမြင်လိုက်ရလေ သည်။
ဤအိမ်ခြံမြေစီမံကိန်းသည် အယ်လ် (L) မြို့တော်တွင် အကျော်ကြားဆုံးနေရာတစ်ခုဖြစ်ပြီး ၎င်း၏ အချက်အချာကျသော နေရာနှင့် မြင့်မားသော ဈေးနှုန်းတို့ကြောင့် သဘာဝကျကျပင် နာမည်ကြီးခြင်း ဖြစ်သည်။
ယခင်ကဆိုလျှင် လျန်ထျန်းသည် ထိုနေရာသို့ ဝင်ရောက်ကြည့်ရှုရန်ပင် စဉ်းစားခဲ့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဝင်ကြည့်လျှင်ပင် သူ ဝယ်နိုင်မည် မဟုတ်သောကြောင့်ဖြစ်သည်။
သို့သော် ယခုအခါမှာတော့...
သိပ်ပြီး တုံဆိုင်းမနေတော့ဘဲ လျန်ထျန်းသည် သူ၏လျှပ်စစ်စက်ဘီးကို လှည့်ကာ အရောင်းပြခန်းဆီသို့ ဦးတည်သွားလိုက်လေတော့သည်။
အရောင်းပြခန်းထဲသို့ ခြေချလိုက်သည်နှင့် ဧည့်ကြိုကောင်တာမှ အမျိုးသမီးတစ်ဦးက သူ့ကို အေးစက် သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဘာလို့ ဒီလောက် နောက်ကျရတာလဲ။ ရှင်တို့ အစားသောက်ပို့ဆောင်သူတွေက လိပ်လိုပဲအမြဲ နှေးကွေးနေကြ တာလား…။"
လျန်ထျန်းသည် အိမ်ဝယ်ရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းဖြစ်သော်လည်း အရှက်ရဖွယ် ဆူပူကြိမ်း မောင်းခြင်းကို ခံလိုက်ရသဖြင့် အတော်လေး ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
သို့သော် မိမိကိုယ်မိမိ ငုံ့ကြည့်လိုက်ပြီး အဝါရောင် အစားသောက်ပို့ဆောင်သူယူနီဖောင်းကို ဝတ်ဆင်ထားဆဲ ဖြစ်ကြောင်း သတိပြုမိသွားသောအခါ လျန်ထျန်း သဘောပေါက်သွားလေသည်။
ဧည့်ကြိုကောင်တာမှ အမျိုးသမီးက အစားသောက်မှာထားပြီး သူ့ကို အစားသောက်လာပို့သူဟု ထင်မှတ်သွားခြင်း ဖြစ်ရပေမည်။
ထို့ကြောင့် လျန်ထျန်းက လက်ကို အမြန်ခါပြကာ ရှင်းပြလိုက်သည်။
"မဟုတ်ပါဘူး ညီမ အထင်လွဲနေပါပြီ။ ကျွန်တော် အစားသောက်လာပို့တာ မဟုတ်ပါဘူး၊ အိမ်လာကြည့်တာ ပါ…။"
လျန်ထျန်းက အိမ်လာကြည့်ခြင်းဖြစ်ကြောင်းကို ကြားသောအခါ ဧည့်ကြိုအမျိုးသမီးမှာ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ့အား လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ရှင်က အိမ်လာကြည့်တာ ဟုတ်လား။ ဒါက ဒီမြို့ရဲ့ ထိပ်တန်း ဇိမ်ခံလူနေအိမ်ရာတွေထဲက တစ်ခုလေ။ ရှင်က ဝယ်နိုင်လို့လား…။"
"ဟက်... ဒီခေတ်ကြီးမှာ ထူးဆန်းတာတွေ အစုံမြင်ရတာပဲ။ အစားသောက်ပို့ဆောင်သူတစ်ယောက်က ဇိမ်ခံအိမ်ရာကို လာကြည့်တယ်တဲ့.. မယုံနိုင်စရာပဲ...။"
ဧည့်ကြိုအမျိုးသမီးက အဝါရောင် အစားသောက်ပို့ဆောင်သူယူနီဖောင်းကို ဝတ်ဆင်ထားသော လျန်ထျန်းအား အထင်သနေကြောင်း သိသာထင်ရှားလှပေသည်။
လျန်ထျန်းသည် စိတ်သဘောထား ပြည့်ဝသူဖြစ်သော်လည်း ယခုကဲ့သို့ အကြိမ်ကြိမ် အရှက်ခွဲခံရပြီး နောက်၌ဒေါသထွက်လာလဲ့ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"အစားသောက်ပို့တာ ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ အစားသောက်ပို့လို့ရတဲ့ ပိုက်ဆံတစ်ပြားချင်းစီက ကိုယ်ပိုင် လုပ်အားနဲ့ ချွေးနှဲစာတွေချည်းပဲ…"
"ဒီမိုးမျှော်တိုက်ကြီးတွေလိုပဲ ဒါတွေ အားလုံးက အလုပ်ကြိုးစားတဲ့သူတွေက အုတ်တစ်ချပ်ချင်းစီ စီပြီး တည်ဆောက်ခဲ့တာလေ။ ခင်ဗျားက ဘာအခွင့်အရေးရှိလို့ ကြိုးစားပမ်းစား အလုပ်လုပ်တဲ့သူတွေကို လှောင်ပြောင်နေရတာလဲ…။"
ဤစကားကို ကြားသော်လည်း ဧည့်ကြိုအမျိုးသမီးက နှာခေါင်းရှုံ့ကာ ဆက်ပြောလိုက်သည်။
"ကာယလုပ်အားကိုပဲ သုံးတတ်တဲ့သူတွေက အောက်ခြေအကျဆုံး လူတန်းစားတွေပဲ။ သူတို့ကို ဘာလို့ လှောင်လို့ မရရမှာလဲ…။"
"ဒါ့အပြင် ရှင်လို အစားသောက်ပို့ဆောင်သူတစ်ယောက်က ကျွန်မကို ဒီလိုစကားမျိုးပြောဖို့ ဘာအခွင့်အရေး ရှိလို့လဲ။ ရှင်က ရှင့်ကိုယ်ရှင် တကယ်ပဲ ဖောက်သည်တစ်ယောက်လို့ ထင်နေတာလား။ ဒီမှာ အိမ်ဝယ်နိုင် မယ်လို့ရော ရှင်ကထင်နေတာလား…။"
"ကောင်းပြီလေ... ဒါဆိုရင် ကျွန်မ ရှင့်ကို ဒီက အိမ်ဈေးတွေ ကြိုပြောပြထားမယ်။ ဒါမှ ရှင် ဒီလိုစိတ်ကူး ယဉ်နေတာတွေကို စောစောစီးစီး လက်လျှော့သွားအောင်လို့…။"
"ဒါက ဇိမ်ခံလူနေအိမ်ရာလေ ဒီမှာ တိုက်ခန်းကျဉ်းလေးတွေ မရှိဘူး။ အသေးဆုံးအခန်းကတောင် စတုရန်းမီတာ (၁၆၀) ကျော်တယ်…။"
"ပြီးတော့ တစ်စတုရန်းမီတာကို အနည်းဆုံး ငါးပြားလောက် ရှိတယ်…။"
"ဆိုလိုတာက ဒီက အပေါဆုံးအိမ်က အနည်းဆုံး ရှစ်ယွမ်လောက် ကျတယ်…။"
"ဘယ်လိုလဲ၊ ရှင် လန့်သွားပြီလား…။"
"ရှစ်ယွမ်နော်…။ ရှင်လို အစားသောက်ပို့ဆောင်သူတစ်ယောက် တစ်သက်လုံး အစားသောက်ပို့ရင်တောင် အဲဒီလောက် ငွေကို ရှာနိုင်မှာ မဟုတ်ဘူး…။"
"ကောင်းပြီ၊ အခု ရှင် ဈေးကို သိသွားပြီဆိုတော့ ပြောစရာ ဘာမှမရှိတော့ဘူးဆိုရင် ဒီကနေ ထွက်သွား တော့။ ကျွန်မ အလုပ်လုပ်တာကို လာမနှောင့်ယှက်နဲ့တော့…။"
ဧည့်ကြိုအမျိုးသမီးက လျန်ထျန်းအား နှင်ထုတ်တော့မည့်ဆဲဆဲမှာပင် ဘေးနားရှိ ရုံးခန်းတစ်ခုထဲမှ လှပသော အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။
"လျန်ထျန်းလား…"
တစ်စုံတစ်ယောက်က သူ၏နာမည်ကို ရုတ်တရက် ခေါ်လိုက်သောအခါ လျန်ထျန်းက အလိုလို လှည့်ကြည့်လိုက်ပြီး နာမည်တစ်ခုကို ယောင်ယမ်း ခေါ်လိုက်မိသည်။
"ဝမ်ရှောင်ရို့…"
အခန်း (၆)
အိမ်ဝယ်ခြင်း
ရုံးခန်းထဲမှ ထွက်လာသော အမျိုးသမီးမှာ ဧည့်ကြိုအမျိုးသမီးနှင့် တူညီသော ဝန်ထမ်းယူနီဖောင်းကို ဝတ်ဆင်ထားသည့် ခပ်ငယ်ငယ်ကောင်မလေးတစ်ဦး ဖြစ်သည်။
ဧည့်ကြိုအမျိုးသမီးနှင့် ယှဉ်ကြည့်လျှင် ထိုကောင်မလေးသည် ပို၍လှပပြီး ရိုးသားဖြူစင်ကာ အရပ်အမောင်းလည်း ပို၍မြင့်မားလေသည်။
ခပ်ပါးပါးလေးသာ ပြင်ဆင်ထားသော သူမ၏မျက်နှာလေးမှာ သဘာဝအလှတရားများ ထွက်ပေါ်နေပြီး အထူးသဖြင့် သူမ၏ တောက်ပပြီး ဝိုင်းစက်သော မျက်လုံးများမှာ စကားပြောတတ်သည့်အလား မျက်တောင်တဖျတ်ဖျတ် ခတ်နေလေသည်။
"ဝမ်ရှောင်ရို့..ဟုတ်တယ်မလား..။"
သူတို့နှစ်ယောက်သည် အထက်တန်းကျောင်းတွင် အတန်းဖော်ဖြစ်ခဲ့ကြသောကြောင့် လျန်ထျန်းက ထိုကောင်မလေး၏ နာမည်ကို ရုတ်တရက် ယောင်ယမ်း ခေါ်လိုက်မိခြင်းဖြစ်သည်။
နှစ်အတော်ကြာသွားခဲ့ပြီဖြစ်ရာ ဝမ်ရှောင်ရို့သည် အထက်တန်းကျောင်းတုန်းကနှင့် ယှဉ်ကြည့်လျှင် အနည်းငယ် ပြောင်းလဲသွားပြီး ပို၍ လှပကာ ရင့်ကျက်တည်ငြိမ်လာခဲ့သည်။
သို့သော် သူမ၏ ဖြူစင်ရိုးသားသော အလှတရားမှာ ပြောင်းလဲမသွားဘဲ သူမ၏ အသွင်အပြင်ကို အလွယ်တကူ မှတ်မိနိုင်ဆဲပင် ဖြစ်သည်။
လျန်ထျန်း၏ နာမည်ကို ဝမ်ရှောင်ရို့က အရင်စခေါ်ခဲ့ခြင်းဖြစ်ရာ သူမကလည်း လျန်ထျန်းကို မှတ်မိ နေသည်မှာ သေချာပါသည်။
လျန်ထျန်းက သူမ၏နာမည်ကို ပြန်ခေါ်လိုက်သည်ကို ကြားသောအခါ ဝမ်ရှောင်ရို့သည် ချိုသာစွာ ပြုံးလိုက်ပြီး အလွန်ပျော်ရွှင်သွားသည့်ပုံရလေသည်။
သို့သော် အတန်းဖော်ဟောင်း နှစ်ဦး ပြန်လည်တွေ့ဆုံကြသည့် ဤလှပသော မြင်ကွင်းလေးကို ဘေးနား ရှိ ဧည့်ကြိုအမျိုးသမီးက ဖျက်ဆီးပစ်လိုက်တော့သည်။
"အို... ဝမ်ရှောင်ရို့... နင်က ဒီအစားသောက်ပို့ဆောင်သူကို သိနေတာကိုး…။"
"ဒါဆိုရင် ပိုလွယ်သွားတာပေါ့။ အလုပ်ဆင်းဖို့ အချိန်မလောပါနဲ့ဦး။ နင်က နင့်ရဲ့ အသိဟောင်းကို အရင်မြန်မြန် ပြန်လွှတ်လိုက်သင့်တယ်…။"
"မဟုတ်ရင် ဒီအချိန်မှာ တခြားဖောက်သည်တွေ လာပြီး ဒီမှာ အစားသောက်ပို့ဆောင်သူတစ်ယောက် အလုပ်မရှိ အကိုင်မရှိ ရစ်သီရစ်သီ လုပ်နေတာကို မြင်သွားရင် ငါတို့ အဆောက်အအုံရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်ကို ထိခိုက်စေလိမ့်မယ်…။"
"ဒီလရဲ့ အရောင်းသတ်မှတ်ချက်တွေက တော်တော်လေး များတယ်။ ဒီလိုကိစ္စမျိုးကြောင့် ကုမ္ပဏီရဲ့ စွမ်းဆောင် ရည်ကို ထိခိုက်သွားရင် နင်လဲ တာဝန်ယူနိုင်မှာ မဟုတ်ဘူး…။"
ဤစကားကို ကြားသောအခါ ဝမ်ရှောင်ရို့က ဧည့်ကြိုအမျိုးသမီးကို ကြည့်ကာ အနည်းငယ် ဒေါသ ထွက်စွာဖြင့် ပြောလိုက်လေသည်။
"အစ်မဖီအန်... အစ်မက ဘယ်လိုလုပ် အဲဒီလိုမျိုး ပြောထွက်ရတာလဲ…။"
"ဒါက ကျွန်မရဲ့ အတန်းဖော်ဟောင်းပါ။ သူက အစားသောက်ပို့ဆောင်သူတစ်ယောက် ဖြစ်နေပေမယ့်လည်း ကျွန်မ တို့ အိမ်ရာရဲ့ အဆင့်အတန်းနဲ့ ပုံရိပ်ကို ဘယ်လိုများ ထိခိုက်သွားစေလို့လဲ…။"
အစ်မဖီအန်ဟု ခေါ်သော ဧည့်ကြိုအမျိုးသမီးက လှောင်ပြောင်လိုက်သည်။
"ငါပြောတာ မှားနေလို့လား။ အစားသောက်ပို့ဆောင်သူတစ်ယောက်က အိမ်လာကြည့်တာပါဆိုပြီး ဆက်တိုက် ပြောနေတာ။ သူ တကယ် ဝယ်ရော ဝယ်နိုင်လို့လား..။"
"တခြားဖောက်သည်တွေသာ ဒါကိုကြားသွားရင် ဒီမှာ အိမ်ဝယ်တာက အစားသောက်ပို့ဆောင်သူတစ်ယောက်နဲ့ အိမ်နီးချင်းဖြစ်ဖို့လို့ အထင်မှားသွားနိုင်တယ် မဟုတ်ဘူးလား…။"
"ဒီမှာ အိမ်ဝယ်နိုင်တဲ့သူတွေ အားလုံးက အရေးပါအရာရောက်တဲ့ သူဌေးတွေချည်းပဲ။ ကိုယ့်နေရာကိုယ် မသိတဲ့ အစားသောက်ပို့ဆောင်သူတစ်ယောက်ဆီကနေ နင်က ဘာများ မျှော်လင့်ထားလို့လဲ…။"
ဤစကားကို ကြားပြီးနောက် ဝမ်ရှောင်ရို့သည် လျန်ထျန်းကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက် သော်လည်း တစ်စုံတစ်ခုကို အမြန်သတိရသွားပြီး လျန်ထျန်းဘက်မှ ကာကွယ်ပြောဆိုလိုက်လေသည်။
"အိမ်လာကြည့်တာ ဘာဖြစ်လို့လဲ…။"
"ကျွန်မရဲ့ အတန်းဖော်ဟောင်းက ဒီက ကောင်းမွန်တဲ့ အိမ်တွေကို ကြည့်ပြီး ပိုကြိုးစားဖို့ သူ့ကိုယ်သူ ခွန်အားယူချင်လို့ နေမှာပေါ့…။"
"ဒါ့အပြင် ကျွန်မတို့ရဲ့ အရောင်းပြခန်းက လာကြည့်တဲ့ ဖောက်သည်တွေကို အိမ်ရာအကြောင်း မိတ်ဆက်ပေးဖို့ ဖွင့်ထားတာလေ။ ဒီကိုလာတဲ့သူတိုင်းကို ကျွန်မတို့က လေးလေးစားစား ဆက်ဆံသင့် တယ်ထင်တယ်…။"
အစ်မဖီအန်က ခါးကိုင်းသွားသည်အထိ အားရပါးရ ရယ်မောလိုက်လေသည်။
"ကောင်းပြီ၊ ကောင်းပြီ။ ဒါဆိုလည်း နင့်ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို နင့်အတန်းဖော်ဟောင်းအတွက် ဖြုန်းတီးလိုက်ပါအုန်း…။"
"ဒါနဲ့ စကားမစပ်... နင်က ဒီလရဲ့ အရောင်းသတ်မှတ်ချက်ကို မပြည့်သေးဘူး။ ပြီးခဲ့တဲ့လကလည်း မပြည့်ဘူးဆိုတာ ငါ ရုတ်တရက် သတိရသွားတယ်…။"
"နှစ်လဆက်တိုက် အရောင်းသတ်မှတ်ချက် မပြည့်ရင် နင် အလုပ်ဖြုတ်ခံရနိုင်တယ်နော်။ နင့်ရဲ့ အတန်းဖော်ဟောင်းကို အကူအညီတောင်းပြီး အရောင်းသတ်မှတ်ချက် ပြည့်အောင် လုပ်ခိုင်းလိုက် ပါလား။ ဟားဟား….။"
ရယ်သံများ... ထိန်းမနိုင်သိမ်းမရ ရယ်သံများ။
ဝမ်ရှောင်ရို့၏ စကားပြောစွမ်းရည်မှာ အစ်မဖီအန်ကဲ့သို့သော ဝါရင့်ဝန်ထမ်းတစ်ဦးကို မယှဉ်နိုင်သည်မှာ သေချာလှပြီး သူမမှာ မျက်နှာမှာနီရဲလာကာ စကားတစ်ခွန်းမျှပင် မပြောနိုင်တော့ပေ။
သို့သော် ထိုအချိန်တွင် လျန်ထျန်းက ရှေ့သို့တက်လာပြီး ပြောလိုက်သည်။
"ရှောင်ရို့... နင်က အရောင်းသတ်မှတ်ချက် ပြည့်ဖို့ လိုနေတာလား။ အတော်ပဲ... ငါလဲ ဒီနေ့ အိမ်လာဝယ် တာ…။"
"ဒီလိုလုပ်... နင့်ရဲ့ ဒီလအတွက် အရောင်းသတ်မှတ်ချက် အားလုံးကို ငါ ပြည့်အောင် လုပ်ပေးမယ်... မဟုတ်ဘူး၊ ဒီတစ်နှစ်စာလုံးအတွက် အရောင်းသတ်မှတ်ချက်ကို ငါ ဖြည့်ပေးမယ်…။"
လျန်ထျန်း၏ စကားကို ကြားသောအခါ ဝမ်ရှောင်ရို့မှာ မှင်တက်သွားပြီး မျက်နှာချင်းဆိုင်၌ ရှိနေသော အစ်မဖီအန်မှာမူ ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"ဟားဟားဟား…။ မဝပါဘူးဆိုမှ လေနဲ့ဖောင်းပြနေပြန်ပြီ…။"
"ကောင်လေး... မင်းက မင်းရဲ့ အတန်းဖော်ဟောင်းရှေ့မှာ ဟန်လုပ်ချင်ရင်တောင် အတိုင်းအတာတစ်ခု တော့ ရှိသင့်တယ် မဟုတ်ဘူးလား…။"
"မင်းက ငါတို့အိမ်ရာထဲက အိမ်သာတစ်လုံး ဝယ်ဖို့တောင် ရုန်းကန်နေရတဲ့သူကများ သူမရဲ့ တစ်နှစ်စာ အရောင်းသတ်မှတ်ချက်ကို လက်ဝါးကြီးအုပ်ပေးနိုင်မယ်လို့ မျှော်လင့်နေတာလား…။"
"ကောင်းပြီလေ... ဒါဆိုရင် တစ်နှစ်စာ အရောင်းသတ်မှတ်ချက်က ဘယ်လောက်ရှိတယ်ဆိုတာ သူမ ကိုယ်စား ငါပဲ ပြောပြလိုက်မယ်…။"
"ငါတို့ကုမ္ပဏီရဲ့ စည်းမျဉ်းတွေအရ တစ်လစာ အရောင်းသတ်မှတ်ချက်က အိမ်တစ်လုံး ရောင်းရမှာ ဖြစ်တယ်…။"
"အနည်းဆုံးတော့ နှစ်လအတွင်းမှာ အိမ်တစ်လုံး ရောင်းရမယ် မဟုတ်ရင် အလုပ်ဖြုတ်ခံရနိုင်တယ်…။"
"သူမရဲ့ တစ်နှစ်စာ အရောင်းသတ်မှတ်ချက်ကို ဖြည့်ပေးချင်တယ်ဆိုရင် မင်းက အနည်းဆုံး အိမ်(၆)လုံး ဝယ်ရလိမ့်မယ်။ ဒါပေမဲ့ မင်းက ဟန်လုပ်တာ အရမ်းတော်တယ်ဆိုတော့ အနည်းဆုံး စံနှုန်းလောက် နဲ့တော့ မလုပ်ပါနဲ့…။"
"မင်း တကယ်ပဲ သူမကို ကူညီချင်တယ်ဆိုရင် အိမ်(၁၂)လုံးကို တစ်ပြိုင်တည်း ဝယ်လိုက်ပေါ့။ ပြီးတော့ အပေါဆုံးအိမ်တွေကို မဝယ်နဲ့ စတုရန်းမီတာ (၂၀၀) ကျော်ပြီး တစ်လုံးကို ယွမ်ဆယ်ဂဏန်းလောက် တန်တဲ့အိမ်မျိုးကို ဝယ်လိုက်လေ…။"
"မင်းအတွက် ငါ အကြမ်းဖျင်း တွက်ပြမယ်။ ဆယ့်နှစ် အမြှောက် ဆယ့်ငါးဆိုတော့..."
ထိုသို့ပြောရင်း အစ်မဖီအန်က ဂဏန်းပေါင်းစက်ကို ထုတ်ကာ အမှန်အကန် တွက်ချက်နေဟန် ဆောင်လိုက်သည်။
သို့သော် ဤကဲ့သို့ ပြုမူခြင်းဖြင့် သူမသည် လျန်ထျန်းနှင့် ဝမ်ရှောင်ရို့တို့ကို အဆုံးစွန်ထိ အရှက်ခွဲရန် ရည်ရွယ်ထားကြောင်း သိသာလှပေသည်။
ဝမ်ရှောင်ရို့၏ မျက်နှာလေးမှာ သွေးထွက်မတတ် နီရဲလာလေသည်။ သူမက လျန်ထျန်းကို ဆွဲကာ တီးတိုးပြောလိုက်သည်။
"သွားရအောင် သူ့ကို ဂရုမစိုက်နဲ့တော့…။"
သို့သော် လျန်ထျန်းက မသွားခဲ့ပေ။ ယင်းအစား သူက ဝမ်ရှောင်ရို့ကို ပြုံးပြလိုက်၏။ ထို့နောက် သူ၏ အိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို အေးအေးဆေးဆေး ထုတ်ယူကာ ယွမ် (၁၀၀) တန် နှစ်ရွက်ကို ထုတ်ပေး လိုက်လေသည်။
"သူမရဲ့ သင်္ချာက အရမ်းညံ့တာပဲ။ ဆယ့်နှစ်နဲ့ ဆယ့်ငါး မြှောက်တာကိုတောင် ဂဏန်းပေါင်းစက် သုံးနေရ သေးတယ်။ သူမက အရမ်းညံ့တဲ့ အရောင်းဝန်ထမ်းပဲ…။"
"ရော့... ဒါက ယွမ် နှစ်ရာ။ သူမတွက်ပြတဲ့ တစ်ရာ့ရှစ်ဆယ်ထက် ယွမ် နှစ်ဆယ် ပိုတယ်။ နင်ပဲ ငါ့ အတွက် စီစဉ်ပေးလိုက်ပါ…။"
"နောက်ထပ် အိမ်နှစ်လုံး ထပ်ဝယ်မယ် ဒါမှမဟုတ် ပိုကြီးတဲ့အိမ် အလုံးအနည်းငယ် ဝယ်မယ်။ ဘယ်လို ပဲဖြစ်ဖြစ် ဒီ ယွမ် (၂၀၀) လုံးကို ကုန်အောင်သာ သုံးလိုက်ပါ။ ငါ့အတွက် ပိုက်ဆံချွေတာပေးဖို့ မကြိုးစား နဲ့နော်…။"
တောက်ပနေသော အနီရောင် ယွမ် (၁၀၀) တန် နှစ်ရွက်ကို မြင်လိုက်ရသောအခါ ဝမ်ရှောင်ရို့မှာ ကြက်သေ သေသွားလေတော့သည်။
ဧည့်ကြိုကောင်တာအနောက်တွင် (၁၈၀) ဟူသော ရလဒ်ကို ဂဏန်းပေါင်းစက်ဖြင့် တွက်ချက်ပြီးကာစ အစ်မဖီအန်မှာလည်း ယင်းကို မြင်လိုက်ရသောအခါ မှင်တက်သွားလေသည်။
အရောင်းပြခန်း ဧည့်ခန်းမတစ်ခုလုံးသည် ရုတ်တရက် အလွန်တိတ်ဆိတ်သွားပြီး အပ်ကျသံကိုပင် ကြားနိုင်လောက်အောင်ပင် တိတ်ဆိတ်သွားလေတော့သည်။
နောက်တစ်စက္ကန့်တွင် အစ်မဖီအန်သည် ဧည့်ကြိုကောင်တာအနောက်မှ အရူးမတစ်ယောက်ကဲ့သို့ တွားသွား၍ ထွက်လာခဲ့ပြီး အော်ဟစ်လိုက်သည်။
"ဒီဖောက်သည်ကို ငါ အရင်စပြီး ဝန်ဆောင်မှုပေးခဲ့တာ…။"
"အဲဒီ ယွမ် နှစ်ရာ အရောင်းဝင်ငွေက ငါ့ဟာပဲ…။"
သို့သော် လျန်ထျန်းက သူမ အလိုကျ မည်ကဲ့သို့ ခွင့်ပြုနိုင်ပါမည်နည်း။ သူသည် လက်ထဲရှိ ယွမ် နှစ်ရာကို ချက်ချင်း မြှောက်ကိုင်လိုက်ပြီး သူ၏ပေါင်ကို လာဖက်ထားရန် တွားသွားလာနေသော အစ်မဖီအန်ကို ငုံ့ကြည့်လိုက်သည်။
"ခင်ဗျားက တကယ်ကို အရှက်မရှိတာပဲ။ ခုနကကျတော့ ကျွန်တော့်ကို လှောင်ပြောင် သရော်နေပြီး အခုကျတော့ ရှောင်ရို့ရဲ့ အရောင်းသတ်မှတ်ချက်ကို လုချင်နေပြန်ပြီလား…။"
"ခင်ဗျားရဲ့ မျက်နှာကို ဘာနဲ့ လုပ်ထားလဲဆိုတာ ကျွန်တော် တကယ် သိချင်တယ်။ နွားသားရေထက် တောင် ဘယ်လိုလုပ် ပိုထူနေရတာလဲ…။"
လျန်ထျန်းက စော်ကားပြောဆိုနေသော်လည်း အစ်မဖီအန်က လုံးဝ ဂရုမစိုက်ပေ။ သူမသည် အရှက်မရှိ စွာဖြင့် လျန်ထျန်း၏ ခြေထောက်ကိုပင် ဖက်ထားခဲ့ပြီး မလွှတ်ပေးတော့ပေ။
"မောင်လေး... အရင်က အစ်မ အသိဉာဏ်ကင်းမဲ့ခဲ့ပါတယ်။ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါနော်…။"
"မင်း အဲဒီ ယွမ် နှစ်ရာ အရောင်းကို ငါ့ဆီပေးမယ်ဆိုရင် ငါ မင်းအတွက် ဘာမဆို လုပ်ပေးပါ့မယ်…။"
"ဒါနဲ့... မင်း အဲဒါကို ဝမ်ရှောင်ရို့ဆီ လုံးဝ မပေးလိုက်နဲ့နော်။ အဲဒီမြေခွေးမလေးက အလုပ်လုပ်တာ အရမ်းညံ့တာ…။"
"ပြီးခဲ့တဲ့တစ်ခေါက်က ဖောက်သည်တစ်ယောက်က အတူတူ ထမင်းစားပေးရုံနဲ့ စာချုပ်ချုပ်ပြီး ငွေချေ မယ်လို့ ပြောတာကို ဝမ်ရှောင်ရို့က ငြင်းလိုက်တယ်…။"
"သူမကို ဒီ ယွမ် နှစ်ရာ ပေးလိုက်လို့ မင်း ဘာမှ ပြန်ရမှာ မဟုတ်ဘူး။ ငါ့ကိုသာ ပေးလိုက်ပါ... ငါ မင်းကို သေချာပေါက် စိတ်ကျေနပ်အောင် လုပ်ပေးပါ့မယ်…။"
ထိုသို့ပြောရင်း အစ်မဖီအန်က သူမ၏ ရင်ဘတ်ရှိ အင်္ကျီကြယ်သီးကို ဆွဲဟလိုက်လေသည်။
အပေါ်မှ ငုံ့ကြည့်နေသော လျန်ထျန်းသည် ဤရှုထောင့်မှနေ၍ မတူညီသော ရှုခင်းတစ်ခုကို တမင်တကာ မြင်တွေ့နိုင်အောင်ဖြစ်လေသည်။
သို့သော် လျန်ထျန်းက အမြန်မျက်နှာလွှဲလိုက်ပြီး သူမကို ရက်ရက်စက်စက်ပင် ခါထုတ်လိုက်သည်။
ထို့နောက် စကားတစ်ခွန်း ပြောလိုက်သည်။
"အရမ်း ညစ်ပတ်တာပဲ... ရွံစရာကောင်းလိုက်တာကွာ…။"