အခန်း (၇-၈)
Vol. 1 Ch. 7-8
အခန်း (၇)
သေချာပေါက် အမြတ်ရမည်
အစ်မဖီအန်၏ မျက်ရည်လည်ရွဲဖြစ်နေသော မျက်နှာထားကြားတွင် လျန်ထျန်းက ယွမ်တစ်ရာတန် ငွေစက္ကူနှစ်ရွက်ကို ဝမ်ရှောင်ရို့ထံ ကမ်းပေးလိုက်ပြီး တစ်ချိန်တည်းမှာပင် အိမ်ခန်းပေါင်း (၁၀)ခန်း ကျော် အတွက် အရောင်းအဝယ် စာချုပ်များကို လက်မှတ်ရေးထိုးလိုက်လေတော့သည်။
ထိုနေရာမှာပင် အရောင်းမန်နေဂျာက ဝမ်ရှောင်ရို့အတွက် ဦးဆောင်၍ လက်ခုပ်တီးပေးလိုက်ရာ သူ၏ နောက်မှ အရောင်းဝန်ထမ်းများကလည်း အားကျမှု၊ မနာလိုမှုများ ရောယှက်ကာ လက်ခုပ်တီးပေးကြ လေသည်။
တီးတိုးစကားသံများကြားတွင် အချို့က ယင်းကိစ္စကို ဆွေးနွေးနေကြဆဲဖြစ်သည်။
"ဟေ့... နင်တို့ ကြားပြီးပြီလား။ ယွမ်နှစ်ရာ ထုတ်ပေးပြီး အိမ်ဆယ်ခန်းကျော်ကို တစ်ခါတည်း ဝယ်သွား တဲ့ အဲဒီ VVIP ဧည့်သည်ကို အစက အစ်မဖီအန် ဝန်ဆောင်မှုပေးတာတဲ့လေ…။"
"ဟင်… ဒါဆို ဘယ်လိုလုပ်ပြီး ဝမ်ရှောင်ရို့ရဲ့ အရောင်းမှတ်တမ်း ဖြစ်သွားတာလဲ။ ဝမ်ရှောင်ရို့ကများ... မဟုတ်သေးပါဘူး အဲဒီလို လှည့်ကွက်မျိုးက အစ်မဖီအန်က ပိုကျွမ်းကျင်တာ မဟုတ်ဘူးလား…။"
"ဒီတစ်ခါတော့ အစ်မဖီအန် ခံလိုက်ရပြီလေ။ အဲဒီ VIP ဧည့်သည်က အစားသောက်ပို့ဆောင်သူ ယူနီဖောင်း ဝတ်ထားတာကိုမြင်တော့ ရင့်ရင့်သီးသီးတွေပြောပြီး မောင်းထုတ်ဖို့တောင် ကြိုးစားခဲ့သေးတာ…။"
"အဲဒီအချိန် ကွက်တိ ဝမ်ရှောင်ရို့က ထွက်ချလာတာ။ သူနဲ့ အဲဒီဧည့်သည်က အတန်းဖော်ဟောင်းတွေ ဆိုလားပဲ။ ဒါကြောင့် အရောင်းမှတ်တမ်းက ဝမ်ရှောင်ရို့ဆီ ရောက်သွားတာ…။"
"ကျွတ် ကျွတ်... ဝမ်ရှောင်ရို့တော့ ဒီတစ်ခါ ထီပေါက်တာပဲ။ အရောင်းပမာဏ ယွမ်နှစ်ရာဆိုတော့ ကော်မရှင် နှစ်ယွမ်ကျော်တောင် ရမှာနော်…။"
"မပေါက်ဘဲ နေပါ့မလား။ ထီပေါက်တာနဲ့ အတူတူပဲလေ။ သနားစရာ အစ်မဖီအန်... ဒီထီလက်မှတ်က သူ့ဟာဖြစ်ရမှာကို သူ့ဘာသာ လွှင့်ပစ်ခဲ့တာ။ အခုတော့ နောင်တရလွန်းလို့ သေချင်နေလောက်ပြီ…။"
"ဟားဟား... ခံပေါ့..။ ပြီးခဲ့တဲ့တစ်ခေါက်က ငါ့ဖောက်သည်နဲ့ စျေးတည့်ခါနီးဖြစ်နေတာကို သူက မြှူဆွယ်ပြီး လုယူသွားခဲ့တာလေ။ အဲဒီလိုလူမျိုးက ဝဋ်လည်တာ တန်ပါတယ်…။"
"ဟုတ်တယ်။ အဲဒီနည်းတွေနဲ့ ငါ့ဖောက်သည်တွေကိုလည်း လုသွားဘူးသေးတယ်...။"
ဤအိမ်ရာစီမံကိန်းရှိ အိမ်များအားလုံးမှာ ချက်ချင်းတက်နေနိုင်သည့် အသင့်နေအိမ်များ ဖြစ်သော ကြောင့် ငွေချေပြီး စာချုပ်ချုပ်ပြီးသည်နှင့် ဝမ်ရှောင်ရို့က လျန်ထျန်းအား ပိုင်ဆိုင်မှုအထောက်အထား စာချုပ် သွားရောက်ချုပ်ဆိုရန် ခေါ်သွားခဲ့လေသည်။
ညနေမစောင်းမီမှာပင် ပိုင်ဆိုင်မှုအထောက်အထားစာချုပ် ဆယ်ခုကျော် လုပ်ဆောင်ပြီးစီးသွားခဲ့လေ သည်။ ဤမျှ မြန်ဆန်ထိရောက်ရခြင်းမှာ အရောင်းမန်နေဂျာက စာချုပ်လုပ်ဆောင်ရေးဌာနနှင့် ကြိုတင် ညှိနှိုင်းပေးထားသောကြောင့်ပင်ဖြစ်သည်။
အိမ်ခန်းပေါင်း ဆယ်ခန်းကျော်ကို တစ်ပြိုင်နက်တည်း ဝယ်ယူသွားသည့် အထူးဧည့်သည်တော်ကို အရောင်းမန်နေဂျာအနေဖြင့် သဘာဝကျကျ အလေးထားရမည်သာဖြစ်သည်။
တစ်ချိန်တည်းမှာပင် အရောင်းမန်နေဂျာသည် တစ်ခုခုကို သဘောပေါက်သွားသဖြင့် ဝမ်ရှောင်ရို့ကို လျန်ထျန်းအား စာချုပ်သွားလုပ်ရန် ခိုင်းစေပြီး ညွှန်ကြားချက်တစ်ခု ပေးလိုက်သည်။
"ရှောင်ရို့... မွန်းလွဲပိုင်း အလုပ်ပြီးရင် ရုံးပြန်လာပြီး လက်ဗွေနှိပ်စရာ မလိုတော့ဘူး။ မစ္စတာလျန်ကိုသာ သေချာ ဂရုစိုက် ဧည့်ခံပေးလိုက်ပါ…။"
"ပြီးတော့ ဒီနေ့ကစပြီး မင်းက ကြီးကြပ်ရေးမှူးပဲ။ ကြိုးစားလုပ်ပါ မင်းအပေါ် ငါ အများကြီးမျှော်လင့် ထားတယ်…။"
နေဝင်ချိန်တွင် လျန်ထျန်းနှင့် ဝမ်ရှောင်ရို့တို့ ဝန်ဆောင်မှုရုံးခန်းထဲမှ ထွက်လာခဲ့ကြသည်။
လျန်ထျန်းက ပိုင်ဆိုင်မှုစာချုပ်များ အထပ်လိုက်ကြီးကို ကိုင်ထားကာ ဝမ်ရှောင်ရို့ကို ကြည့်လိုက်ပြီး နောက် ဘာဆက်ပြောရမှန်း အကြောင်းအရင်းမှာမရပဲ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
သူ့ရှေ့မှ ဝမ်ရှောင်ရို့မှာ အနည်းငယ် ရှက်ရွံ့နေဟန်ရှိပြီး နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။
"ကျောင်းပြီးကတည်းက ကျွန်မတို့ မတွေ့ရတာ အတော်ကြာပြီနော်။ ကျွန်မတို့... အတူတူ ထမင်း သွားစားကြမလား…။"
လျန်ထျန်း ပြန်မဖြေရသေးမီမှာပင် ဝမ်ရှောင်ရို့က ချက်ချင်း ရှင်းပြလိုက်သည်။
"ကျွန်မတို့က မတွေ့ရတာကြာပြီဖြစ်တဲ့ အတန်းဖော်ဟောင်းတွေအနေနဲ့ ထမင်းအတူတူစားရုံ သက် သက်ပါ။ ရှင် စိတ်ခုနေမယ်ဆိုရင် ဒါမှမဟုတ် ကျွန်မကို ဟိုအစ်မဖီအန်လို မိန်းမမျိုးလို့ ထင်နေမယ် ဆိုရင်လည်း... ထားလိုက်ပါတော့…။"
လျန်ထျန်းက ချက်ချင်းပင် ပြောလိုက်သည်၊
"ဘယ်လိုလုပ် အဲဒီလိုဖြစ်နိုင်မှာလဲ။ မင်းရဲ့ စိတ်သဘောထားကို ငါ အသိဆုံးပါ။ လာပါ... မင်းပဲ ဆိုင်ရွေး လိုက်။ ဒီတစ်နပ်တော့ ငါ ဒကာခံပါ့မယ်…။"
လျန်ထျန်းနှင့် ဝမ်ရှောင်ရို့တို့သည် အတန်းဖော်နှင့် ခုံဖော်ဟောင်းများဖြစ်ရုံသာမက အလွန်ရင်းနှီးသော သူငယ်ချင်းကောင်းများလည်း ဖြစ်ခဲ့ကြသည်။
ကျောင်းပြီးသွားသောအခါ တက္ကသိုလ်တက်ရန် မြို့အသီးသီးသို့ ရောက်သွားကြပြီး တဖြည်းဖြည်း အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြလေသည်။
ယခုလို ပြန်တွေ့ရချိန်တွင်တော့ ရင်းနှီးသလိုလို စိမ်းသက်နေသလိုလို ခံစားရသည်။ တစ်ဖက်လူကို ပြောစရာတွေ အများကြီးရှိနေပါသော်လည်း ဘယ်ကစပြောရမှန်း မသိသလို ခံစားနေရသည်။
ဝမ်ရှောင်ရို့က အလွန်ရိုးရှင်းသော စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်ခဲ့ပြီး ဟင်းအများကြီးလည်း မမှာခဲ့ပေ။ သူတို့နှစ်ဦးအတွက် ဟင်းသုံးပွဲနှင့် ဟင်းချိုတစ်ခွက်သာ မှာခဲ့လေသည်။
ထမင်းစားနေစဉ်အတွင်း နှစ်ဦးသား တဖြည်းဖြည်းချင်း ပွင့်လင်းစွာ စကားပြောလာကြပြီး ခဏတာမျှ အထက်တန်းကျောင်းသားဘဝသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့နှစ်ဦးသည် ကျောင်းတုန်းက ပျော်စရာအမှတ်တရများကို အဓိကထား ပြောဖြစ်ခဲ့ကြပြီး ပေါ့ပေါ့ ပါးပါးနှင့် ပျော်ရွှင်ဖွယ်ကောင်းသော စကားဝိုင်းလေးတစ်ခု ဖြစ်ခဲ့လေသည်။
သို့သော် စကားဝိုင်းရှည်လာသည်နှင့်အမျှ မလွှဲမရှောင်သာ ထိုအကြောင်းအရာဆီသို့ ရောက်သွားခဲ့ကြ သည်။
ဘဝဆိုသည်မှာ ထိုကဲ့သို့ပင်ဖြစ်သည်။ ဘယ်သောအခါမှ အတိတ်သို့ ပြန်သွား၍မရနိုင်ပေ။
ဝမ်ရှောင်ရို့က ပြောလိုက်သည်။
"လျန်ထျန်း... ရှင် အခုလို အောင်မြင်နေတာကို မြင်ရလို့ ကျွန်မ တကယ် ဝမ်းသာပါတယ်။ ရှင့်အတွက် တကယ်ကို ဝမ်းသာတာပါ..။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ တူကိုင်ထားရင်း မှင်တက်သွားပြီး တူကို ပြန်ချကာ သက်ပြင်းချလျက် ခါးသက်သက် ပြုံးလိုက်သည်။
"အောင်မြင်တယ် ဟုတ်လား။ မကြာသေးခင်ကမှ... ငါ အလုပ်နဲ့ အိမ်လခအတွက် ပူပန်နေရတုန်းပဲ။ အခုချိန်ထိလည်း ငါက အစားသောက်ပို့နေရတုန်းလေ...။"
စကားခဏရပ်လိုက်ပြီးနောက် လျန်ထျန်းသည် မိမိအကြောင်း ဆက်ပြောနေလျှင် ကြွားလုံးထုတ်နေ သလို ဖြစ်သွားမည်ကို သတိထားမိလိုက်သည်။ ပြီးတော့ ရှင်းပြ၍မရနိုင်သေးသည့် ကိစ္စများစွာလည်း ရှိနေသေးသည်မဟုတ်ပါလား။
ထို့ကြောင့် သူတို့ စကားလမ်းကြောင်း လွှဲလိုက်ကြသည်။
"ငါ့အကြောင်း မပြောကြရအောင်။ ဒါနဲ့ ရှောင်ရို့... မင်းတို့မိသားစုက အတော်လေး ပြည့်စုံတယ်လို့ ထင်ထားတာ။ မင်း ဘာလို့ မင်းဦးလေးရဲ့ ကုမ္ပဏီမှာ သွားအလုပ်မလုပ်ဘဲ အိမ်ခြံမြေ အရောင်း ကိုယ်စားလှယ် လာလုပ်နေရတာလဲ…။"
လျန်ထျန်း၏ မှတ်ဉာဏ်ထဲတွင် ဝမ်ရှောင်ရို့မှာ အလွန်ပြည့်စုံသော မိသားစုမှ ဆင်းသက်လာသူဖြစ် သည်။ မိသားစုက ကုမ္ပဏီတစ်ခုပိုင်ဆိုင်ပြီး မိဘများက Mercedes-Benz များနှင့် BMW များ စီးကြ သည်။ အထက်တန်းလွှာမိသားစုထဲတွင် သေချာပေါက် ပါဝင်လေသည်။
ထို့ကြောင့် ဝမ်ရှောင်ရို့ အိမ်ခြံမြေရောင်းနေသည်ကို တွေ့လိုက်ရသောအခါ လျန်ထျန်း အတော်လေး အံ့သြသွားခဲ့ခြင်းဖြစ်သည်။
သူမ၏ မိသားစုအကြောင်း ပြောလိုက်သောအခါ ဝမ်ရှောင်ရို့၏ အပြုံးများ ပျောက်ကွယ်သွားပြီး ခေါင်းတဖြည်းဖြည်း ခေါင်းကို အောက်ငုံ့သွားခဲ့လေသည်။
"ကျွန်မ အဖေကုမ္ပဏီ ဒေဝါလီခံလိုက်ရတယ်။ မိသားစုမှာလည်း အကြွေးတွေ အများကြီး တင်နေလို့... အဲဒါကြောင့် ကျွန်မ...။"
ထိုစကားကို ကြားလိုက်ရသောအခါ လျန်ထျန်းသည် စကားဝိုင်းကို လေးလံသောအကြောင်းအရာဆီသို့ ဆွဲခေါ်မိသွားပြီဖြစ်ကြောင်း သတိပြုမိသွားပြီး ချက်ချင်း တောင်းပန်လိုက်လေသည်။
"အော်... အဲဒီလိုလား။ ဆောရီးပါဟာ... ငါ တမင်ရည်ရွယ်ပြီး မေးတာမဟုတ်ပါဘူး...။"
ဝမ်ရှောင်ရို့က ခေါင်းပြန်မော့လာပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည်ဖန်တီးနိုင်ရန် ကြိုးစား လိုက်သည်။
"ရပါတယ်... အခက်ခဲဆုံးအချိန်တွေကို ကျော်ဖြတ်လာခဲ့ပြီးပါပြီ။ ကျွန်မကို ကူညီပေးခဲ့လို့ ရှင့်ကို ကျေးဇူးတင်ချင်တာပါ။ ရောင်းအားပြည့်သွားအောင် ကူညီပေးရုံတင်မကပါဘူး…။"
"ကော်မရှင်ကြေးလည်း ရသေးတယ်လေ။ ရှင့်ကို မဖုံးကွယ်ပါဘူး။ အရောင်းပမာဏ ယွမ် (၂၀၀) အတွက် ကျွန်မ ကော်မရှင်( ၂) ယွမ်လောက် ရတယ်လေ…။"
"ဒီငွေနဲ့ဆိုရင် မိသားစုရဲ့ အကြွေးတော်တော်များများကို ဆပ်ပေးနိုင်ပြီ။ ကျန်တာတွေကိုတော့ ဖြည်း ဖြည်းချင်း ဆပ်သွားလို့ရပါပြီ…။"
ဟန်လုပ်ကာ ကြံ့ခိုင်ချင်ယောင်ဆောင်နေသော ဝမ်ရှောင်ရို့ကို မြင်လိုက်ရသောအခါ လျန်ထျန်းက ချက်ချင်းပင် ပြောထွက်ချင်သွားခဲ့သည်။
*မင်းမှာ အကြွေး စုစုပေါင်း ဘယ်လောက်ရှိလို့လဲ။ ငါ အကုန်ဆပ်ပေးမယ်လေ…*
သို့သော် ထိုသို့မလုပ်သင့်ကြောင်း သူ၏ဆင်ခြင်တုံတရားက သတိပေးနေသည်။ မဟုတ်ပါက ဝမ်ရှောင်ရို့ လန့်သွားနိုင်ပြီး သူ၏ရည်ရွယ်ချက်များကိုပင် မရိုးသားဟု သံသယဝင်သွားနိုင်သည်။
ထို့ကြောင့် ခဏတာ စဉ်းစားပြီးနောက် လျန်ထျန်းက ပြုံးကာ ပြောလိုက်သည်။
"ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး တကယ်ပြောတာပါ။ ဘာလို့လဲဆိုတော့ ငါက ငွေကြေးဖောင်းပွမှုကို ကာကွယ်ဖို့အတွက် အိမ်တွေ ပိုဝယ်ထားချင်လို့ပါ…။"
"အင်း... ငါ သေချာပြန်စဉ်းစားကြည့်တာ အိမ်ခန်းဆယ်ခန်းကျော်ဆိုတာ နည်းလွန်းနေသေးတယ်။ မနက်ဖြန် မင်း အလုပ်ရောက်ရင် မင်းဆီလာပြီး နောက်ထပ် ဆယ်ခန်းကျော်လောက် ထပ်ဝယ်ဦးမယ်။"
"နေဦး... တစ်ခါဝယ်ရင် ဆယ်ခန်းကျော်လောက်စီ ဝယ်နေရတာ အလုပ်ရှုပ်တယ်။ တစ်တိုက်လုံးကိုပဲ အကုန်ဝယ်လိုက်တော့မယ်…။"
"မင်းတို့ရဲ့ အိမ်ရာစီမံကိန်းက ဓာတ်လှေကားပါတဲ့ တိုက်ခန်းတွေဆိုတော့ တစ်တိုက်လုံးမှာ အခန်း(၂၀)၊ (၃၀)လောက်တော့ ရှိမယ်မလား…။"
ထိုစကားကို ကြားသောအခါ မူလကတည်းက ဝိုင်းစက်နေသော ဝမ်ရှောင်ရို့၏ မျက်လုံးများမှာ ပို၍ပင် ပြူးကျယ်သွားလေတော့သည်။
ချက်ချင်းပင် သူမက လက်နှစ်ဖက်ကို အကြိမ်ကြိမ်ခါယမ်းကာ ငြင်းဆန်လိုက်သည်။
"မလုပ်ပါနဲ့... အိမ်ခြံမြေစျေးကွက်က အရင်ကလို မဟုတ်တော့ဘူး။ ဝယ်လိုက်တာနဲ့ စျေးတက်လာပြီး ပြန်ရောင်းရလွယ်တဲ့ ခေတ် မဟုတ်တော့ဘူး…။"
"အခုခေတ်မှာ ငွေပေးပြီး အိမ်ဝယ်ဖို့ လွယ်ပေမယ့် အိမ်ကို ငွေပြန်ဖော်ဖို့ဆိုတာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကနဲ့စာရင် အများကြီး ပိုခက်သွားပြီ…။"
"တကယ်ပြောတာပါ။ ရှင်က ငွေကြေးဖောင်းပွမှုကို ကာကွယ်ချင်တယ်ဆိုရင်တောင် အခုချိန်မှာ အိမ်ဝယ်တာက အကြံကောင်းမဟုတ်ဘူး။ ကျွန်မ ရှင့်ကို နောက်နေတာ မဟုတ်ဘူးနော်...။"
ဝမ်ရှောင်ရို့၏ ရိုးသားစစ်မှန်သော မျက်နှာအမူအရာကို ကြည့်ရင်း လျန်ထျန်းက ရင်ထဲမှ တွေးလိုက် မိလေသည်။
*နှစ်တွေအများကြီး ကြာသွားပေမယ့်လည်း ဒီကောင်မလေးက ရိုးအအနဲ့ နည်းနည်းလေးမှ မပြောင်းလဲ သေးပါလား။*
*ဒါပေမဲ့ မင်းက ဒီလိုလေးဖြစ်နေလို့ ငါက ပိုပြီး ကူညီပေးချင်လာတာ။ စိတ်မပူပါနဲ့ ငါရှုံးသွားမှာကို မင်းက စိုးရိမ်နေပေမယ့် ငါ သေချာပေါက် ရှုံးမှာမဟုတ်ပါဘူး…။*
*ဘာပဲဖြစ်ဖြစ် ကုန်ဈေးနှုန်းတွေ တစ်သန်းဆ ပြုတ်ကျသွားတာမျိုးနဲ့ ကြုံလာရင် ငါက ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ်လေ။ အိမ်ခြံမြေစျေး မတက်ရင်တောင် အမြတ်ရဖို့ကတော့ သေချာသလောက် ပါပဲ…။*
*စျေးကျသွားရင်တောင်မှ အဆတစ်သန်းအထိတော့ ဘယ်လိုမှ ကျမသွားနိုင်ပါဘူးလေ...။*
အခန်း (၈)
မိခင်ဖြစ်သူ၏ ဖုန်းခေါ်ဆိုမှု
လျန်ထျန်းက ဝမ်ရှောင်ရို့၏ အကြံပေးစကားကို ကြားဖြတ်ပြောလိုက်သည်။
"ရပါပြီ... ငါ့အတွက် စိတ်မပူပါနဲ့။ မင်းဆီကနေ အိမ်မဝယ်ရင်တောင် တခြားတစ်ယောက်ဆီကနေ ဝယ်ရမှာပဲလေ…။"
"ဘယ်လိုပဲဖြစ်ဖြစ် ဝယ်ရမယ့်အတူတူ အတန်းဖော်ဟောင်းကို ကူညီပေးတဲ့အနေနဲ့ မင်းဆီကပဲ ဝယ်လိုက်တာပေါ့။ ကဲ... ဒါဆို ဒီလိုပဲ သဘောထားလိုက် မနက်ဖြန်မှ တွေ့ကြတာပေါ့…။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းက ကျသင့်ငွေကို ရှင်းလိုက်ပြီး အရင်ထထွက်လာခဲ့လေသည်။
နောက်တစ်နေ့မနက် လျန်ထျန်း နိုးနိုးချင်း ပထမဆုံးလုပ်သည့်အရာမှာ အောက်ထပ်သို့ဆင်းကာ သောက်စရာရေတစ်ဘူးဝယ်ရင်း ကုန်ဈေးနှုန်းများ ပုံမှန်ပြန်ဖြစ်သွားသလားဆိုသည်ကို စစ်ဆေးကြည့် ခြင်းပင်ဖြစ်သည်။
စိုးရိမ်မှု၊ စိတ်လှုပ်ရှားမှုတို့ ရောယှက်နေစဉ် ငွေရှင်းကောင်တာမှ ငွေချေသည့် QR code ကို စကင်ဖတ် ပြီး (၅)နာနိုသာ ဖြတ်သွားသောအခါမှ လျန်ထျန်း သက်ပြင်းချနိုင်တော့သည်။
အဘယ်ကြောင့်ဆိုသော် ယနေ့တွင်သာ ကုန်ဈေးနှုန်းများ ပုံမှန်ပြန်ဖြစ်သွားခဲ့ပါက မနေ့ညတုန်းက ဝမ်ရှောင်ရို့ကို သူ ကြွားလုံးထုတ်... အဲလေ သူ ပေးထားခဲ့သည့် ကတိကို တည်နိုင်တော့မည် မဟုတ် သောကြောင့်ပင်ဖြစ်သည်။
ချိန်းဆိုထားသည့်အတိုင်း အရောင်းရုံးခန်းသို့ ရောက်ရှိသွားသောအခါ အရောင်းမန်နေဂျာက ဝန်ထမ်း အားလုံးကို ဦးဆောင်၍ ဝမ်ရှောင်ရို့အတွက် ရာထူးတိုး ဂုဏ်ပြုပွဲ ကျင်းပပေးနေသည်ကို တွေ့လိုက် ရလေသည်။
လျန်ထျန်း ရောက်လာသည်ကို မြင်သည်နှင့် အရောင်းမန်နေဂျာက အမြန်လျှောက်လာကာ ကိုယ်တိုင် ကိုယ်ကျ ကြိုဆိုနှုတ်ခွန်းဆက်ပြီး စင်ပေါ်တက်၍ စကားအနည်းငယ် ပြောကြားပေးရန် လျန်ထျန်းအား ဖိတ်ခေါ်လိုက်လေသည်။
လျန်ထျန်းလည်း အားနာမနေတော့ဘဲ စင်ပေါ်သို့တက်ကာ လည်ချောင်းတစ်ချက်ဟန့်ပြီး စကားစပြော လိုက်သည်။
"ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ အတန်းဖော်ဟောင်းတစ်ယောက်အနေနဲ့ ဝမ်ရှောင်ရို့ ကြီးကြပ်ရေးမှူးရာထူး တိုးသွားတဲ့အတွက် ဂုဏ်ပြုကြောင်း ပြောကြားချင်ပါတယ်…။"
"ပြီးတော့ ဒီနေ့ ကျွန်တော် လာခဲ့တာက ဝမ်ရှောင်ရို့ဆီကနေ နောက်ထပ် တစ်တိုက်လုံးစာ အိမ်တွေ ထပ်ဝယ်ဖို့ ချိန်းထားလို့ပါ…။"
ထိုစကားကို ကြားလိုက်ရသောအခါ အောက်ဘက်မှ အံ့သြသံများ တညီတညွတ်တည်း ထွက်ပေါ်လာ လေတော့သည်။
အထူးသဖြင့် အရောင်းဝန်ထမ်း ကောင်မလေးများဆိုလျှင် အော်ဟစ်ဆူညံနေကြလေတော့သည်။
"ဘုရားရေ… တစ်တိုက်လုံးစာတဲ့… အဲဒါဆို ဘယ်လောက်တောင် ကုန်မလဲ…"
"အဲဒီတိုက်မှာ အဆောင်(၃)ခုပါတယ်၊ တစ်ဆောင်မှာ (၈) ခန်းဆိုတော့ စုစုပေါင်း အခန်း (၂၄) ခန်းတောင်…"
"မနေ့ကမှ (၁၂) ခန်းဝယ်သွားတာ ဒီနေ့ နောက်ထပ် (၂၄) ခန်း ထပ်ဝယ်တယ်တဲ့။ ဘုရားရေ... ဒါက သူဌေးတွေရဲ့ ကမ္ဘာကြီးလား…။"
"ဝမ်ရှောင်ရို့မှာ ဒီလောက်ချမ်းသာတဲ့ အတန်းဖော်ဟောင်း ရှိနေတာကို ငါတော့ တကယ် အားကျမိ တာပဲ...။"
အချို့မှာ အားကျရုံ၊ မနာလိုဖြစ်ရုံသာ ရှိသော်လည်း ထိုစကားကို ကြားပြီးနောက် မေ့လဲသွားသူ အချို့ လည်း ရှိလေသည်။ ထိုအထဲတွင် အစ်မဖီအန်လည်း ပါဝင်လေသည်။
မနေ့ညက အစ်မဖီအန်တစ်ယောက် တစ်ညလုံး နောင်တရနေခဲ့ခြင်းဖြစ်သည်။
နေ့လယ်က လျန်ထျန်းအပေါ် ရင့်သီးသောစကားများ မပြောခဲ့မိဘူးဆိုပါလျှင် ယွမ်( ၂၀၀) ဖိုး အရောင်း မှတ်တမ်းက သူမအတွက် ဖြစ်လာမလား ဆိုသည်ကိုသာ သူမ တွေးနေမိခဲ့သည်။
ပို၍အရေးကြီးသည်မှာ ထိုကော်မရှင်ကြေး နှစ်ယွမ်နှင့် ကြီးကြပ်ရေးမှူးရာထူးကို ဆုံးရှုံးလိုက်ရသဖြင့် သူမ ရင်ကွဲမတတ် ခံစားနေရခြင်းဖြစ်သည်။
နောင်တရလွန်းသဖြင့် ငိုကြွေးခဲ့ရာ ခေါင်းအုံးပင် မျက်ရည်များဖြင့် စိုရွှဲနေခဲ့လေသည်။
သို့သော် လျန်ထျန်းသည် ယနေ့နံနက်စောစောတွင် ထပ်မံရောက်ရှိလာခဲ့ပြီး၊ သူပြောလိုက်သည့် ပထမ ဆုံးစကားမှာ ဝမ်ရှောင်ရို့ထံမှ တစ်တိုက်လုံးစာ အိမ်ခန်းများကို ဝယ်ယူလိုသည်ဟူ၍ ဖြစ်သည်။
ဤသည်မှာ အနည်းဆုံး အရောင်းပမာဏ ယွမ် (၄၀၀) ကို ဖန်တီးပေးမည်ဖြစ်ပြီး ကော်မရှင် ယွမ် (၄) ယွမ်ကျော်ကို ရရှိနိုင်မည်ဖြစ်သည်။
စုစုပေါင်းဆိုလျှင် အရောင်းပမာဏ ယွမ် (၆၀၀) နှင့် ကော်မရှင် (၆) ယွမ်ကျော် ရရှိသွားခြင်းဖြစ်သည်။
သာမန် အိမ်ခြံမြေအရောင်းဝန်ထမ်းတစ်ဦးအနေဖြင့် တစ်သက်လုံး အလုပ်လုပ်လျှင်ပင် ဤမျှမြင့်မား သော စွမ်းဆောင်ရည်နှင့် ကော်မရှင်ကို ရရှိနိုင်မည်မဟုတ်ပေ။
ထိုအောင်မြင်မှုများနှင့် ကော်မရှင်အားလုံးမှာ သူမ၏အရာများ ဖြစ်သင့်သော်လည်း ယခုအခါ အရာ အားလုံး ပျောက်ကွယ်သွားပြီဆိုသည့် အတွေးက အစ်မဖီအန်ကို မူးမေ့လဲကျသွားစေခဲ့သည်။
သို့သော် လက်ရှိအခြေအနေတွင် သူမ မူးလဲနေသည်ကို မည်သူကမျှ ဂရုမစိုက်အားကြပေ။
လျန်ထျန်းက တစ်တိုက်လုံးစာ အိမ်ခန်းများကို ဝယ်ယူချင်ကြောင်း ကြားလိုက်ရသောအခါ အရောင်း မန်နေဂျာမှာ အလွန်ဝမ်းသာသွားပြီး စာချုပ်ချုပ်ဆိုရန် လျန်ထျန်းအား သူ၏ရုံးခန်းသို့ ခေါ်သွားရန် ဝမ်ရှောင်ရို့ကို ချက်ချင်း ညွှန်ကြားလိုက်တော့သည်။
ကျယ်ဝန်းပြီး လင်းထိန်နေသော မန်နေဂျာရုံးခန်းထဲတွင် ဝမ်ရှောင်ရို့နှင့် လျန်ထျန်းတို့သည် ထိုင်ကာ စာချုပ်လက်မှတ်ရေးထိုးနေကြပြီး အရောင်းမန်နေဂျာကိုယ်တိုင်ကမူ ဘေးမှရပ်ကာ ရိုရိုသေသေဖြင့် လက်ဖက်ရည်နှင့် ရေများကို ဧည့်ခံပေးနေခဲ့လေသည်။
"မစ္စတာလျန်... စာချုပ် နှစ်ဆယ့်လေးစောင်ဆိုတော့ တော်တော်များသားပဲ။ လက်မှတ်ထိုးရတာ ညောင်းလာရင် ခဏနားပြီး ကျွန်တော့်ရဲ့ အကောင်းဆုံး ဟွမ်ရှန်းမောက်ကျန်း လက်ဖက်ရည်လေးကို သုံးဆောင်ကြည့်ပါဦးခင်ဗျာ…။"
"ရှောင်ရို့... မနေ့က မင်းကို ကြီးကြပ်ရေးမှူးရာထူး တိုးပေးလိုက်တာက နည်းနည်း လောသွားသလိုဖြစ် သွားတယ်...။"
ထိုစကားကို ကြားသောအခါ ဝမ်ရှောင်ရို့နှင့် လျန်ထျန်းတို့ နှစ်ယောက်စလုံး မန်နေဂျာကို ပြိုင်တူ မော့ကြည့်လိုက်ကြသည်။
မန်နေဂျာက ချက်ချင်း ဆက်ပြောလိုက်သည်။
"ဒုတိယမန်နေဂျာ ရာထူးနေရာ လစ်လပ်နေတာ အတော်ကြာပြီဆိုတော့ မနက်ဖြန်... အဲလေ၊ မနက်ဖြန် မှ မဟုတ်ဘူး ဒီနေ့ မွန်းလွဲပိုင်းပဲ လုပ်လိုက်ကြတာပေါ့…။"
"မင်းနဲ့ မစ္စတာလျန်တို့ ပိုင်ဆိုင်မှုစာချုပ်တွေ လုပ်ပြီးတာနဲ့ မင်း ဒုတိယမန်နေဂျာရာထူး တိုးတဲ့အထိမ်း အမှတ် ဂုဏ်ပြုပွဲကို ချက်ချင်း ကျင်းပပေးမယ်…။"
"မစ္စတာလျန်အနေနဲ့လည်း အဲဒီပွဲကို ဂုဏ်ပြုတက်ရောက်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ အကောင်းဆုံး ဂုဏ်ပြုဧည့်ခံပေးသွားမှာပါ…။"
စာချုပ်ချုပ်ဆိုပြီးနောက် စာရွက်စာတမ်းများ လုပ်ဆောင်ရန် ဝန်ဆောင်မှုရုံးခန်းသို့ သွားခဲ့ကြလေသည်။ မန်နေဂျာက ကြိုတင်အကြောင်းကြားပေးထားသောကြောင့် မွန်းတည့်ချိန်မတိုင်မီ အရာအားလုံး ပြီးစီး သွားခဲ့လေသည်။
မနေ့ကထက် နှစ်ဆပိုထူနေသော ပိုင်ဆိုင်မှုစာချုပ်များကို ကိုင်ထားရင်း လျန်ထျန်းသည် ဝမ်ရှောင်ရို့ကို ပြုံးရွှင်စွာ ကြည့်လိုက်သော်လည်း တစ်ဖက်လူ၏ အပြုံးမှာ သိပ်ပြီးမနွေးထွေးလှကြောင်း တွေ့လိုက်ရ သည်။
"ရှောင်ရို့... ဘာဖြစ်လို့လဲ…။"
လျန်ထျန်း၏ ညင်သာသော အမေးစကားကို ကြားသောအခါ ဝမ်ရှောင်ရို့က သူ့ကိုကြည့်ပြီး အားတင်း ပြုံးပြလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့..."
ခဏရပ်ပြီး နှုတ်ခမ်းကို ကိုက်ကာ ဝမ်ရှောင်ရို့က ဆက်ပြောလိုက်သည်။
"လျန်ထျန်း... နောက်ဆိုရင် ကျွန်မကို တမင်ကူညီချင်လို့ ဒီလိုနည်းလမ်းမျိုး သုံးတာကို ရပ်ပေးလို့ ရမလားဟင်။"
"ကျွန်မ တကယ် ကျေးဇူးတင်ပေမယ့် ရှင် အခုလိုလုပ်တာက တခြားလူတွေအမြင်မှာ ကျွန်မတို့ရဲ့ ပတ်သက်မှုက သိပ်ပြီး... အင်း... ဟိုလိုမျိုး..."
ဝမ်ရှောင်ရို့ စကားမဆုံးသေးသော်လည်း သူမ ဆိုလိုချင်သည်ကို လျန်ထျန်း နားလည်လိုက်သည်။
လျန်ထျန်းက ဝမ်ရှောင်ရို့ထံမှ အိမ်များကို အများအပြား နှစ်ကြိမ်တိုင်တိုင် ဝယ်ယူခဲ့ခြင်းက အရောင်း ရုံးရှိ အခြားလူများ သူမအပေါ် သံသယဝင်လာခြင်းကို မတားဆီးနိုင်ခဲ့သည်မှာ ထင်ရှားသည်။
သူမအနေဖြင့် "သူဌေးနဲ့ငြိစွန်းနေတယ်"၊ "တိတ်တိတ်ပုန်း ဇာတ်လမ်းရှိနေတယ်"၊ "ခန္ဓာကိုယ်ကို ရင်းလိုက်တယ်" စသည့် ကောလာဟလများနှင့် အတင်းအဖျင်းများမှလွဲ၍ အခြားမရှိနိုင်ပေ။
ဤခေတ်ကြီးထဲတွင် အချို့သော မိန်းကလေးများက ထိုကဲ့သို့သော ကိစ္စများကို ဂရုမစိုက်သည့်အပြင် မိမိတို့ကိုယ်တိုင် ထိုသို့ ကြုံတွေ့ရရန်ပင် အသေအလဲ မျှော်လင့်တတ်ကြသည်။
ထိုသို့ဖြစ်လာစေရန်အတွက် အထက်တန်းလွှာအဖြစ် ဟန်ဆောင်ခြင်း၊ တိုက်ရိုက်ထုတ်လွှင့်မှုများ ပြုလုပ်ခြင်းနှင့် အရှက်အသိက္ခာကို ဘေးဖယ်ထားသည့် အပြုအမူများကိုပင် ပြုလုပ်ကြလေသည်။
သို့သော် ဝမ်ရှောင်ရို့မှာမူ အရှက်အကြောက်ကြီးပြီး ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတတ်သော အနည်း ငယ် ရှက်တတ်ကြောက်တတ်သည့် မိန်းကလေးမျိုးဖြစ်သောကြောင့် ယင်းကိစ္စများကို ဂရုစိုက်ခံစားရ လေသည်။
လျန်ထျန်းသည် သူမကို နားလည်ပြီး သူမ၏အကြောင်းကို ကောင်းကောင်းသိထားသဖြင့် ခဏမျှ စဉ်းစားပြီးနောက် သူ၏လုပ်ရပ်များမှာ အမှန်တကယ်ပင် အနည်းငယ် မသင့်လျော်ကြောင်း သဘော ပေါက်သွားခဲ့သည်။
"ရှောင်ရို့... ငါ တောင်းပန်ပါတယ်။ ငါ တကယ်ကို သေချာ မစဉ်းစားမိလိုက်ဘူး။ ငါ..."
ဝမ်ရှောင်ရို့က ပြုံးကာ ခေါင်းခါရင်း သူ၏စကားကို ဖြတ်ပြောလိုက်သည်။
"ရပါတယ်... ရှင် ကျွန်မကို တောင်းပန်စရာ မလိုပါဘူး။ ရှင် ကျွန်မကို ကူညီခဲ့တာက အမှန်တရားပဲလေ၊ ပြီးတော့ ရှင့်ရဲ့ အကူအညီကို ကျွန်မ လက်ခံခဲ့တာကလည်း အမှန်တရားပဲ…။"
"ဒါပေမဲ့ နောက်နောင်ကို အခုလိုမျိုး ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်နော် ဟုတ်ပြီလား…။"
ဝမ်ရှောင်ရို့၏ ရိုးသားဖြူစင်သော မျက်နှာလေးကို ကြည့်ရင်း လျန်ထျန်းသည် ရင်ထဲ ဆစ်ခနဲ နာကျင် သွားပြီးနောက် ခေါင်းညိတ်ပြလိုက်လေသည်။
လျန်ထျန်းသည် မိမိကြောင့် ဝမ်ရှောင်ရို့အတွက် နောက်ထပ် ပြဿနာများ မဖြစ်စေလိုတော့သဖြင့် မွန်းလွဲပိုင်းတွင် ကျင်းပမည့် ဂုဏ်ပြုပွဲသို့ မတက်ရောက်ခဲ့တော့ပေ။
ထူထဲလှသော ပိုင်ဆိုင်မှုစာချုပ်များကို အခန်းသို့ ပြန်ထားပြီးနောက် လျန်ထျန်းသည် အဝါရောင် အစားသောက်ပို့ဆောင်သူ ယူနီဖောင်းကို ဝတ်ဆင်ကာ ပုံမှန်အတိုင်း အော်ဒါများလက်ခံရန်နှင့် ပို့ဆောင်ရန် အပြင်သို့ ထွက်လာခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် အလုပ်များနေမှသာ စိတ်ထဲတွင် လေးလံနေသော အကြောင်းအရာများကို မတွေးမိဘဲ နေနိုင်မည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။
အော်ဒါ ဆယ်ခုကျော် ပို့ပြီးသွားချိန်၌ မိခင်ဖြစ်သူထံမှ ဖုန်းဝင်လာခဲ့လေသည်။
ဖုန်းချိတ်ဆက်မိသည်နှင့် တစ်ပြိုင်နက် မိခင်ဖြစ်သူ၏ ရင်းနှီးနေသော ချောင်းဆိုးသံကို ကြားလိုက်ရ သဖြင့် လျန်ထျန်း ချက်ချင်း ပြောလိုက်သည်။
"မေမေ... ချောင်းဆိုးတာ ဘာလို့ ပိုဆိုးလာပြန်ရတာလဲ…။"
"ဒီတိုင်းထားလို့ မဖြစ်တော့ဘူး။ မနက်ဖြန် သား အိမ်ပြန်လာခဲ့မယ် ပြီးရင် မေမေ့ကို ဆေးရုံခေါ်သွားပြီး အကောင်းဆုံးဆရာဝန်နဲ့ ကုပေးမယ်…။"
မိခင်ဖြစ်သူက ချောင်းဆိုးချင်နေသည်ကို အတင်းအောင့်ထားရင်း ခေါင်းမာစွာဖြင့် ပြောလေသည်။
"ဆေးရုံမသွားပါဘူး... ဘာလို့ ပိုက်ဆံတွေ အလဟဿ အကုန်ခံမှာလဲ…။"
"အမေ ဆေးကုလာတာလည်း ကြာပြီ ပိုက်ဆံတွေလည်း အများကြီးကုန်နေပြီ။ ဒါပေမဲ့ မသက်သာပါ ဘူး…။ အမေ့ခန္ဓာကိုယ်အကြောင်း အမေ အသိဆုံးပါ…။ ပိုက်ဆံတွေ ထပ်ပြီး မဖြုန်းချင်တော့ဘူး သားရယ်…။"
သို့သော် ဤတစ်ကြိမ်တွင် လျန်ထျန်းသည် မိခင်၏စကားကို နားမထောင်တော့ဘဲ ပြတ်ပြတ်သားသား ပင် ပြောလိုက်သည်။
"မရဘူး မေမေ… ဒီတစ်ခါတော့ သားစကားကို နားထောင်ရမယ်။ သားတို့ ဆေးရုံသွားမယ်..။"
"ပိုက်ဆံအတွက် စိတ်မပူနဲ့။ သားမှာ ပိုက်ဆံတွေ အများကြီး ရှာထားပြီးပြီ။ ဒီတစ်ခါ မေမေ့ရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် သေချာပေါက် ကုပေးမယ်…။"
မိခင်ဖြစ်သူက လျန်ထျန်း၏စကားကို သဘာဝကျကျပင် မယုံကြည်ဘဲ ချောင်းဆိုးသံများကြားမှ ပြောလိုက်လေသည်။
"အမေ မသွားဘူးဆိုရင် မသွားဘူးပဲ... အဟွတ် အဟွတ်... သားလည်း အရွယ်ရောက်နေပြီဆိုတော့ ရှေ့လျှောက် ငွေလိုမယ့်နေရာတွေ အများကြီးရှိဦးမှာ…။"
"ဟိုတစ်ခေါက်က ဒေါ်လေးချောင် မိတ်ဆက်ပေးတဲ့ ကောင်မလေးက ပြန်အကြောင်းပြန်တယ်။ သူက သားကို သဘောကျတယ်တဲ့…။"
"ဒါကြောင့် သားရယ်... သား အိမ်ထောင်ကျရင် သုံးဖို့အတွက် ပိုက်ဆံကို စုထားလိုက်ပါ...။"