← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃)

အတန်းဖော်များနှင့် ပြန်လည်ဆုံတွေ့ရသော အစားအသောက်ပို့ဆောင်သူ

လျန်ထျန်းသည် သူ၏ G-Wagon ကားကြီးကို မောင်းနှင်ကာ မြို့လယ်ရှိ ထိပ်တန်းဆေးရုံကြီးသို့ လျင်မြန် စွာ ရောက်ရှိလာခဲ့လေသည်။ မိခင်ဖြစ်သူကို ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ယခင်က ငွေကုန်ကြေးကျ များမည်စိုး၍ မစစ်ဆေးခဲ့ရသော စစ်ဆေးမှုအားလုံးကို စေ့စေ့စပ်စပ် ပြုလုပ်စေခဲ့သည်။

စစ်ဆေးမှုရလဒ်များအရ မိခင်ဖြစ်သူ ထျန်းဝန်ဝန်တွင် ပြင်းထန်သော ရောဂါကြီးကြီးမားမား မရှိ သော်လည်း ရောဂါအသေးအဖွဲများစွာ ရှိနေကြောင်း သိရှိရသည်။ အကယ်၍ ထိုရောဂါများကို ဆက်လက် လျစ်လျူရှုထားပါက နောင်တွင် စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိသွားနိုင်ပေသည်။ အထူးကု ဆရာဝန်ကြီးက ခန္ဓာကိုယ်အတွင်းရှိ အကျိတ်အချို့ကို ကင်ဆာအသွင် မပြောင်းလဲမီ ဖယ်ရှား ရန် အသေးစား ခွဲစိတ်မှုအချို့ ပြုလုပ်ရန် အကြံပြုခဲ့လေသည်။

ယခုအခါ လျန်ထျန်းတွင် ငွေကြေးဓန ပြည့်စုံနေပြီဖြစ်ရာ အကောင်းဆုံးသော ကုသမှုအစီအစဉ်ကို တွန့်ဆုတ်မနေဘဲ ရွေးချယ်လိုက်သည်။ သို့သော် မိခင်ဖြစ်သူမှာ ဆေးရုံတွင် အချိန်အတန်ကြာသည် အထိ တက်ရောက်၍ ကုသမှုခံယူရမည်ဖြစ်သည်။ လျန်ထျန်းသည် ဆေးကုသမှု ကတ်ပြားထဲသို့ (၁၀) ယွမ် (လက်ရှိကာလတွင် ၁၀ သန်းနှင့် ညီမျှသော တန်ဖိုး) ကို ထည့်သွင်းကာ မိခင်အတွက် အကောင်းဆုံး သီးသန့်ခန်းကို စီစဉ်ပေးခဲ့လေသည်။ ထို့ပြင် မိခင်ကို (၂၄) နာရီပတ်လုံး ပြုစုရန် အမျိုးသမီး သူနာပြု နှစ်ဦးကိုလည်း ငှားရမ်းပေးခဲ့လေသည်။

မူလက လျန်ထျန်းကိုယ်တိုင် ပြုစုပေးချင်သော်လည်း သူ၏မိခင်မှာ လျန်ထျန်း ကုမ္ပဏီထောင်ထားသည် ဟု သိကတည်းက သူ့ကို ဆေးရုံ၌ အချိန်မဖြုန်းစေတော့ချေ။

"သား... မင်းက အခု သူဌေးတစ်ယောက် ဖြစ်နေပြီ အလုပ်တွေ ရှုပ်နေမှာပေါ့။ ဒီမှာ အချိန်မဖြုန်းပါနဲ့ ကွယ်…။"

"ဒါ့အပြင် ကုမ္ပဏီက အခြားသူနဲ့ ရှယ်ယာစပ်ထားတာဆိုတော့ လူတွေ အတင်းမပြောရအောင် အလုပ် ကို အမြန်ပြန်သွားပါ နော်သား…။"

"အမေ ကတိပေးပါတယ်။ ဒီတစ်ခါတော့ ဆေးကုသမှုကို သေချာခံယူပါ့မယ်။ နောင်ကျရင် မြေးလေးကို ထိန်းပေးဖို့အတွက် ဒီအရိုးတွေကို ကျန်းမာအောင် ထားရဦးမှာပဲ မဟုတ်လား ရှင်..."

မိခင်၏ စိတ်နေစိတ်ထား ပြောင်းလဲသွားသည်ကို မြင်သောအခါ လျန်ထျန်းမှာ စိတ်သက်သာရာ ရသွား လေသည်။ သို့သော် မထွက်ခွာမီ သူနာပြု အမျိုးသမီးနှစ်ဦးအား တစ်စုံတစ်ရာ ဖြစ်ပျက်ပါက သူ့ထံ ချက်ချင်း အကြောင်းကြားရန် မှာကြားခဲ့သည်။ လျန်ထျန်းသည် သူမတို့နှစ်ဦးကို (၁၀ ပြား) စီ မုန့်ဖိုးပေး ခဲ့လိုက်ရာ သူမတို့မှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး လူနာကို မိခင်အရင်းကဲ့သို့ ပြုစုပါမည်ဟု ကတိ ကဝတ် ပြုကြလေတော့သည်။

အရာအားလုံး စီစဉ်ပြီးနောက် လျန်ထျန်းသည် မိခင်ဖြစ်သူကို နှုတ်ဆက်ကာ ဆေးရုံမှ ထွက်ခွာလာခဲ့ လိုက်သည်။ ကားပေါ်သို့ ရောက်သောအခါ သူ သက်ပြင်းတစ်ချက် ချလိုက်သည်။ မိခင်ဖြစ်သူ ဆေးကုသမှု ခံယူရန် သဘောတူလိုက်ခြင်းမှာ သူ့အတွက် အကြီးမားဆုံးသော အောင်မြင်မှုပင် ဖြစ် သည်။

နောက်တစ်ဆင့်အနေဖြင့် လျန်ထျန်းသည် သူ၏ဖခင် လျန်သရှန်း တင်ရှိခဲ့သော ကြွေးမြီများကို ဆပ်ရန် ပြင်ဆင်တော့သည်။ "သားသမီးဆိုသည်မှာ မိဘ၏ ကြွေးကို ဆပ်ရမည်" ဟူသော စကားအတိုင်း ဖခင်၏ ကြွေးမြီများကို သူ အမြဲ နှလုံးသွင်းထားခဲ့သည်။ ငွေကြေးတန်ဖိုး မကျဆင်းမီက ဖခင်တင်ခဲ့ သော ကြွေးမြီ (၃) သိန်းကျော်မှာ ယခုအခါ (၃၀ ပြား) သာ ရှိတော့သည်။ လျန်ထျန်း၏ ပိုက်ဆံအိတ်ထဲရှိ အကြွေစေ့များဖြင့်ပင် ထိုကြွေးမြီအားလုံးကို အတိုးအရင်းပါ ဆပ်ရန် လုံလောက်လှသည်။

ကြွေးရှင်များမှာ လျန်ထျန်းက ကြွေးမြီများကို အကျေအလည် လာရောက်ပေးဆပ်သည်ကို မြင်သော အခါ အံ့အားသင့်ကာ မယုံနိုင်အောင် ဖြစ်နေကြလေသည်။ လျန်ထျန်းသည် လူသိထင်ရှား မဖြစ်စေရန် အစားအသောက် ပို့ဆောင်သူ ဝတ်စုံကို ဝတ်ဆင်၍သာ သွားရောက်ခဲ့သည်။ ကြွယ်ဝမှုကို ထုတ်ပြပါက နောက်ထပ် အနှောင့်အယှက်များ ကြုံရမည်ကို သူ စိုးရိမ်သောကြောင့် ဖြစ်သည်။

မိဘများကိစ္စ အေးချမ်းသွားပြီးနောက် လျန်ထျန်း၏ အဓိက ပန်းတိုင်မှာ အစားအသောက် ဆက်လက် ပို့ဆောင်ရင်း ရရှိလာသော ငွေများဖြင့် ပိုင်ဆိုင်မှုများကို စုဆောင်းရန် ဖြစ်သည်။ အော်ဒါ တစ်ခုလျှင် (၄) -(၅) ယွမ် ရနေသည့် ဤအခွင့်အရေးမှာ မည်မျှကြာရှည်မည်ကို သူ မသိပေ။ ထို့ကြောင့် ကုန်ဈေးနှုန်း များ မူလအတိုင်း ပြန်ဖြစ်မသွားမီ အချိန်ကို အမိအရ အသုံးချကာ ကျောင်းနှင့်နီးရာ အိမ်များနှင့် ဘဏ်မှ ရွှေတုံးများကို ဝယ်ယူစုဆောင်းနေခဲ့သည်။

နံနက်ပိုင်းတွင် ဝတ်စုံဝါကို ဝတ်ဆင်ကာ လျှပ်စစ်စက်ဘီးဖြင့် အစားအသောက် ပို့ဆောင်ပြီး၊ မွန်းလွဲပိုင်း တွင်မူ G-Wagon ကို မောင်းနှင်ကာ ပိုင်ဆိုင်မှုများကို ဝယ်ယူရင်း သူသည် ကမ္ဘာနှစ်ခုကြားတွင် နေထိုင် နေသကဲ့သို့ ခံစားနေရသည်။ ဝတ်စုံဝါကို ဝတ်ထားချိန်တွင် လူအချို့၏ နှိမ်ချမှုကို ခံရသော်လည်း G-Wagon ကို မောင်းချိန်တွင်မူ လူတိုင်းက ပြုံးရွှင်စွာ ဆက်ဆံကြသည်။ ဤကဲ့သို့ ကွာခြားချက်များက လျန်ထျန်းကို လောကသဘာဝကို ပိုမို နားလည်စေခဲ့သည်။

တစ်နေ့တွင် လျန်ထျန်းသည် ပို့ခ ၁၀ ယွမ် (၁၀ သန်းနှင့် ညီမျှသည်) ရမည့် ကိတ်မုန့် အော်ဒါတစ်ခုကို လက်ခံရရှိခဲ့သည်။ သူသည် ကိတ်မုန့်ကို ယူကာ မြို့ပေါ်ရှိ အဆင့်မြင့် ဟိုတယ်ကြီးတစ်ခုသို့ ရောက်ရှိ လာခဲ့သည်။ အော်ဒါတွင် အခန်းထဲအထိ လာပို့ရန် မှာကြားထားသဖြင့် ဟိုတယ်ဝန်ထမ်းများက သူ့ကို အခန်းအတွင်းသို့ လွှတ်ပေးလိုက်သည်။

လျန်ထျန်းသည် သတ်မှတ်ထားသော အခန်းတံခါးကို ခေါက်ကာ အတွင်းသို့ ဝင်လိုက်သည်။

"ဟယ်လို... အစားအသောက် ပို့ဆောင်သူပါ ခင်ဗျာ။ ပျော်ရွှင်ပါစေ..."

သူ၏ နှုတ်ဆက်စကားမှာ ရုတ်တရက် ရပ်တန့်သွားရသည်။ အကြောင်းမှာ အခန်းအတွင်းရှိ စားပွဲတွင် ထိုင်နေသော ဆယ်ယောက်ကျော်သော လူများမှာ သူ၏ အထက်တန်းကျောင်းက အတန်းဖော်များ ဖြစ်နေသောကြောင့်ပင်။ ထိုသူများမှာ ကျောင်းတုန်းကတည်းက နာမည်ကြီးသော သူဌေးသားများ ဖြစ်ကြပြီး မောက်မာဝင့်ကြွားသူများလည်း ဖြစ်လေသည်။

လျန်ထျန်းကို မြင်လိုက်ရသောအခါ သူတို့မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် ဟားတိုက် ရယ်မောကြ လေတော့သည်။

"ဝိုး... ကိတ်မုန့် မှာလိုက်တာ အတန်းဖော်ဟောင်းနဲ့ လာတိုးနေပါလား…။"

"တိုက်ဆိုင်လိုက်တာကွာ…။ ငါတို့ အခုပဲ အတန်းဖော်စုံညီပွဲ လုပ်နေတာ။ မင်းလည်း အတန်းဖော် ဟောင်းတစယောက်ပဲဆိုတော့ ဒီမှာထိုင်ပြီး အရက်လေး ဘာလေး သောက်သွားပါဦးလား…။"

"ဟုတ်တယ်... ဒါနဲ့ ဒီနေ့က ချာရှင်းလုံ (သခင်လေးချာ) ရဲ့ မွေးနေ့ကွ။ ငါတို့က အစားအသောက်လာပို့တဲ့ သူကို သခင်လေးချာအတွက် မွေးနေ့သီချင်း ဆိုခိုင်းမလို့ စောင့်နေတာ…။"

"ဟားဟား... အစားအသောက် ပို့တဲ့သူက အတန်းဖော်ဟောင်း ဖြစ်နေမှတော့ ဒီသီချင်းကို ပိုပြီး ဆိုပေး သင့်တာပေါ့။ မြန်မြန်... မြန်မြန် ဆိုစမ်းပါ...။"

ထိုသူဌေးသားများမှာ လျန်ထျန်းကို ဖော်ရွေစွာ ဆက်ဆံနေခြင်း မဟုတ်ဘဲ အရှက်ခွဲရန် လှောင်ပြောင်နေ ကြခြင်းသာ ဖြစ်လေတော့သည်။

အခန်း (၁၄)

ကျောင်းတုန်းက ဒုတိယမျိုးဆက် သူဌေးသားများ

လျန်ထျန်းမှာ ဤအခိုက်အတန့်တွင် အနည်းငယ် ရှက်နေမိခဲ့သည်။ အစားအသောက် လာပို့ရင်းနှင့် အတန်းဖော်စုံညီပွဲတစ်ခုနှင့် လာတိုးလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ထို့ပြင် အခန်းအတွင်းရှိ ဆယ်ယောက်ကျော်သော အတန်းဖော်များမှာ ကျောင်းတုန်းကတည်းက နာမည်ကြီးသော သူဌေးသား ဒုတိယမျိုးဆက်များ ဖြစ်ကြသည်။

ကျောင်းတက်စဉ်ကာလက လျန်ထျန်းနှင့် သူတို့သည် လမ်းကြောင်းချင်း မတူခဲ့ကြသလို ကျောင်းပြီး ကတည်းကလည်း အဆက်အသွယ် လုံးဝ မရှိခဲ့ကြပေ။ ယခုမူ ထိုသူများက စားပွဲ၏ ထိပ်ဆုံးနေရာတွင် ထိုင်နေသော ကျောင်းသားအတွက် မွေးနေ့သီချင်း ဆိုပေးရန် သူ့ကို ဝိုင်း၍ အကျပ်ကိုင်နေကြသည်။ ဤသည်မှာ လျန်ထျန်း အစားအသောက် ပို့ဆောင်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း တစ်ခါမျှ မကြုံဖူး ခဲ့သော အခြေအနေပင် ဖြစ်သည်။

လျန်ထျန်းအနေဖြင့် အခြားပို့ဆောင်စရာ အော်ဒါများ ရှိသေးသည်ဟု အကြောင်းပြကာ ဤစိတ်ဓာတ် နှင့် ခံယူချက်ချင်း မတူညီသော သူဌေးသားများကြားမှ အမြန်ဆုံး ထွက်ခွာသွားချင်နေမိသည်။ သို့သော် ဗလတောင့်တောင့်နှင့် အတန်းဖော်တစ်ဦးက သူ၏လက်မောင်းကို ဆွဲကိုင်လိုက်ပြီး (၁ ပြား) ငွေစက္ကူ တစ်ရွက်ကို လျန်ထျန်း၏ မျက်နှာသို့ တည့်တည့် ပစ်ပေါက်လိုက်သည်။

ထို့နောက် သူက အမိန့်ပေးသည့် လေသံဖြင့် ဆိုလိုက်သည်။

"မြန်မြန်ဆိုစမ်း…ငါ ဆိုခိုင်းရင် ဆိုရမယ်…။"

"ဒီတစ်ပြားက မင်း အစားအသောက် ပို့နေရတဲ့ ရက်ပေါင်းများစွာစာ ဝင်ငွေထက်တောင် ပိုများတယ် မဟုတ်လား…။"

"အခု မင်းရဲ့ အရေးကြီးဆုံး တာဝန်က သခင်လေးချာ အတွက် မွေးနေ့သီချင်း ဆိုပေးဖို့ပဲ။ ငါက မင်းကို အခွင့်အရေး ပေးနေတာနော် ကျေးဇူးကန်းတဲ့သူ မဖြစ်စေနဲ့…။"

သူ၏မျက်နှာကို ထိမှန်ပြီး မြေပြင်ပေါ်သို့ ကျသွားသော တစ်ပြားတန် ငွေစက္ကူကို ကြည့်ရင်း လျန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤမောက်မာဝင့်ကြွားလှသော သူဌေးသားများသည် ကျောင်းတုန်းက အတိုင်း ဘာမှမပြောင်းလဲသေးဘဲ ငွေရှိလျှင် အရာရာကို ခိုင်းစေနိုင်သည်ဟု ထင်မှတ်နေကြဆဲ ဖြစ် သည်။

ထိပ်ဆုံးနေရာတွင် ထိုင်နေသော သခင်လေးချာ မှာမူ ပြုံးလျက် လက်ကို မြှောက်ကာ တားဆီးဟန် ပြုလိုက်သည်။

"ထားလိုက်ပါတော့... သူက အတန်းဖော်ဟောင်းပဲဟာ သူ့ကို သိပ်ပြီး အကျပ်မကိုင်ကြပါနဲ့ဦး…။"

ခေတ္တမျှအကြာတွင် သခင်လေးချာသည် လျန်ထျန်းကို ကောက်ကြစ်သော လအပြုံးဖြင့် စိုက်ကြည့် ကာ ဆက်ပြောလိုက်သည်။

"မင်း သီချင်းမဆိုချင်လည်း ရပါတယ်။ ဒါပေမဲ့ အတန်းဖော်ချင်းပဲဟာ... အနည်းဆုံးတော့ ဒီမှာ ခဏ ထိုင်ပြီး အရက်တစ်ခွက်လောက်တော့ သောက်သွားသင့်တယ် မဟုတ်လား…။။"

လျန်ထျန်း ပြန်မပြောနိုင်မီမှာပင် ဗလတောင့်တောင့် သူဌေးသားက သူ့ကို ထိုင်ခုံပေါ်သို့ အတင်းအကျပ် တွန်းချလိုက်သည်။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသော သူဌေးသား အတန်းဖော်များမှာလည်း သခင်လေးချာဖြစ်သူ ချာရှင်းလုံကို ဖားယားသော အပြုံးများဖြင့် ဝိုင်းရံနေကြသည်။

"သခင်လေးချာက တကယ်ကို မြင့်မြတ်တဲ့သူပဲ။ ဘာပတ်သက်မှုမှ မရှိတော့တဲ့ အတန်းဖော်ဟောင်း တစ်ယောက်အပေါ်မှာတောင် ဒီလောက် သဘောထားကြီးပေးနိုင်တယ်….။"

"ဟုတ်ပါ့... သခင်လေးချာက ကျောင်းတုန်းကတည်းက ထူးချွန်တဲ့သူဆိုတာ ငါ သိပြီးသားပါ။ အခုတော့ အခွင့်အလမ်းကောင်းတွေနဲ့ ကြုံပြီး တကယ်ကို အောင်မြင်တဲ့လူ ဖြစ်နေပြီပဲ။ လာ... သခင်လေးချာကို ငါ အရင်ဆုံး ဂုဏ်ပြုပါရစေ...။"

သူဌေးသားများအားလုံးက ချာရှင်းလုံကို ဝိုင်းဖားနေကြသည်ကို ကြည့်ပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေ သော လျန်ထျန်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ လျန်ထျန်း၏ မှတ်ဉာဏ်ထဲတွင် ချာရှင်းလုံ ၏ မိသားစုနောက်ခံမှာ အခြားသူဌေးသားများလောက် မကြွယ်ဝပေ။ ထို့ပြင် အထက်တန်းကျောင်း တုန်းက ချာရှင်းလုံမှာ ဤသူဌေးသားများ၏ နောက်လိုက်နှင့် လက်ပါးစေသဖွယ် နေခဲ့ရသူ ဖြစ်သည်။

ယခင်က သူဌေးသားများကို ဖားခဲ့ရသော ချာရှင်းလုံမှာ ယခုအခါ ဘာကြောင့် အရာရာ ပြောင်းပြန် ဖြစ်နေရသနည်း။ လျန်ထျန်း စဉ်းစားမရဖြစ်နေစဉ် ဗလတောင့်တောင့် သူဌေးသားက သူ၏ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ဟေး…သခင်လေးချာ ပြောတာ မကြားဘူးလား။ မင်းကို အရက်သောက်ခိုင်းတာဟာ မင်းကို မျက်နှာ သာ ပေးနေတာကွ…။"

"မင်း သိထားဖို့က သခင်လေးချာက အရင်လို မဟုတ်တော့ဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတင် သခင်လေးချာရဲ့ ဖခင်က ဘဏ်မန်နေဂျာ အဖြစ် ရာထူးတိုးသွားတာကွ…။"

ထိုစကားကို ကြားမှ လျန်ထျန်း သဘောပေါက်သွားတော့သည်။ ချာရှင်းလုံ ကျောင်းတုန်းက သူဌေးသား များကို ဖားခဲ့ရခြင်းမှာ သူ၏ဖခင်မှာ ဘဏ်ဝန်ထမ်းတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏ဖခင်က သားဖြစ်သူမှတစ်ဆင့် သူဌေးသားများ၏ မိဘများနှင့် ဆက်သွယ်မှုရရန် ခိုင်းစေခဲ့ခြင်း ဖြစ်သည်။ ထိုမှ တစ်ဆင့် သူဌေးသားများ၏ မိဘများကို ထမင်းဖိတ်ကျွေးကာ အပ်ငွေများ၊ ချေးငွေများနှင့် အခြားသော စီးပွားရေးလုပ်ငန်းများ ရရှိရန် ဖားယားခဲ့ကြခြင်း ဖြစ်သည်။

ထိုအကြောင်းမှာ ကျောင်းတစ်ခုလုံး သိထားကြသဖြင့် ချာရှင်းလုံ သားအဖကို "သူဌေးဖားများ" ဟု ကွယ်ရာတွင် ခေါ်ဝေါ်ခဲ့ကြသည်။ မထင်မှတ်ဘဲ ယခုအခါ ချာရှင်းလုံ၏ ဖခင်မှာ ဘဏ်မန်နေဂျာ ဖြစ်သွားခဲ့လေပြီ ဖြစ်သည်။ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသော ဤသူဌေးသားများ၏ မိသားစုများ အတွက် ဘဏ်မန်နေဂျာနှင့် ရင်းနှီးရခြင်းမှာ အလွန်ပင် အရေးပါလှသည် မဟုတ်ပါလား။

သို့သော် လျန်ထျန်းအတွက်မူ ဤကိစ္စများမှာ သူနှင့် ဘာမှမသက်ဆိုင်ပေ။ သူသည် စီးပွားရေးလုပ်ငန်း လည်း မလုပ်သလို၊ ဘဏ်မှ ချေးငွေလည်း ယူစရာ မလိုသဖြင့် ဘဏ်မန်နေဂျာကို ဖားနေစရာလည်း အကြောင်းမရှိပေ။

ပြောရလျှင် ယနေ့ခေတ်တွင် ဘဏ်မန်နေဂျာများကသာ သူ့ကို ပြန်၍ ဖားရမည့် အခြေအနေတွင် ရှိနေ သည်။ သူသည် နေ့စဉ် မွန်းလွဲပိုင်းတိုင်းတွင် (၁) ယွမ်၊ (၂) ယွမ်ခန့် (ယခင်တန်ဖိုးအရ သန်းနှင့်ချီသော ပမာဏ) သုံးစွဲနေသူ ဖြစ်သည်။ အထူးသဖြင့် ဘဏ်တွင် ရွှေတုံးများစွာ ဝယ်ယူထားသဖြင့် သူသည် ဘဏ်၏ အရေးကြီးဆုံး ဖောက်သည် (VIP Client) တစ်ဦးပင် ဖြစ်နေသည်။

ထိုသို့တွေးရင်း လျန်ထျန်းသည် အရက်တစ်ခွက်ကို သောက်လိုက်ကာ ဝတ်ကျေတန်းကျေ နှုတ်ဆက် စကား ပြောပြီး ထွက်ခွာရန် ပြင်လိုက်သည်။ သူသည် ယနေ့ မွန်းလွဲပိုင်းတွင် ဘဏ်သို့သွားကာ ရွှေတုံး များ ထပ်မံဝယ်ယူရန် ချိန်းဆိုထားပြီး ဖြစ်သည်။

သို့သော် ချာရှင်းလုံက တားမြစ်လိုက်သည်။

"နေဦး… ငါက မင်းကို သွားလို့ ရပြီလို့ ပြောလို့လား…။"

လျန်ထျန်း မတ်တတ်ရပ်လိုက်သည်နှင့် ဗလတောင့်တောင့် သူဌေးသားက သူ့ကို ထိုင်ခုံပေါ်သို့ ပြန်၍ တွန်းချလိုက်သည်။ လျန်ထျန်း မျက်မှောင်ကြုတ်ကာ -

"ချာရှင်းလုံ... မင်းက ဘာသဘောလဲ…။"

ထိုစကားကို ကြားသောအခါ အခြားသူဌေးသားများက ချက်ချင်းပင် ထ၍ အော်ဟစ်ကြတော့သည်။

"မင်းက ဘယ်လို သတ္တိမျိုးနဲ့ သခင်လေးချာရဲ့ နာမည်ကို အပြည့်အစုံ ခေါ်ရဲတာလဲ…။"

"ဟုတ်တယ်… မင်းက မင်းကိုယ်မင်း ဘာမှတ်နေတာလဲ။ ငါတို့ သူ့ကို ပညာပေးလိုက်ရမလား…။"

သူဌေးသားများက လျန်ထျန်းကို ဝိုင်းရန် ပြင်လိုက်စဉ် ချာရှင်းလုံက တစ်ဖန် လက်ကာ၍ တားလိုက် ပြန်လေသည်။

"ဟေး... အတန်းဖော်ဟောင်းတွေပဲဟာ၊ ဘာလို့ ဒီလောက် စိတ်တိုနေကြတာလဲ…။"

သူဌေးသားများ ငြိမ်ကျသွားသောအခါ ချာရှင်းလုံက လျန်ထျန်းကို ကြည့်ကာ လှောင်ပြုံးဖြင့် ဆိုလိုက် သည်။

"ဟေး... အတန်းဖော်ဟောင်း၊ မင်းက ဘာဖြစ်နေတာလဲ…။"

"ကျောင်းတုန်းကဆိုရင် မင်းက အဘက်ဘက်မှာ ထူးချွန်လို့ ဆရာတွေရဲ့ ချီးကျူးတာကို ခံခဲ့ရတဲ့သူ မဟုတ်လား…။"

"အထူးသဖြင့် ငါတို့ တစ်ခုခု မှားယွင်းတဲ့အခါ ဆရာတွေက မင်းကို စံပြအဖြစ်ထားပြီး ငါတို့ကို ဆူပူ ကြတာ။ မင်းရဲ့ မိသားစုက ဆင်းရဲပေမဲ့ မင်းက စာကြိုးစားတယ်၊ ရိုးသားဖြောင့်မတ်တယ် ဆိုပြီးတော့ ပေါ့…။"

"နောက်နှစ်အနည်းငယ်ကြာရင် မင်းနဲ့ ငါတို့ကြားက ကွာခြားချက်က ကြီးမားသွားလိမ့်မယ်။ မိဘကိုပဲ အားကိုးနေတဲ့ ငါတို့က ဘာမှ မဟုတ်တော့ဘူးလို့တောင် ဆရာတွေက ပြောခဲ့ကြတာ…။"

"ဒါပေမဲ့ အခု ကြည့်စမ်း... ဆရာတွေရဲ့ မျက်စိထဲက အောင်မြင်ရမယ့် ကျောင်းသားကောင်းကြီးက ဘာလို့ အခုတော့ အနိမ့်ဆုံးအဆင့်မှာ ရောက်နေရတာလဲ…။"

"ဟဲဟဲ... ဒါကြောင့် ဆရာတွေ ပြောခဲ့တာတွေက အပိုတွေပဲလို့ ငါ ထင်တယ်။ ဆရာ့စကား နားထောင် ရင် လမ်းမှားရောက်တတ်တယ်ဆိုတာ မင်းကိုကြည့်ရင် သိနိုင်တာပဲ…။"

"လျန်ထျန်း... ငါပြောတာ မှန်တယ် မဟုတ်လား…။"

ထိုစကားများကို ကြားရသောအခါ လျန်ထျန်းသည် ခေါင်းငုံ့လျက် ဘာမှ ပြန်မပြောဘဲ ထိုင်နေမိသည်။ ဘေးရှိ သူဌေးသားများကလည်း တစ်ဖန် ဟားတိုက် ရယ်မောကြပြန်သည်။

"ဆင်းရဲတဲ့သူကတော့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဆင်းရဲမြဲပါပဲကွာ…။"

"ဟုတ်တယ်၊ ငါတို့ မိသားစုတွေက ဒီလို ချမ်းသာကြွယ်ဝမှုမျိုး ရဖို့ မျိုးဆက်ပေါင်းများစွာ ကြိုးစားခဲ့ ကြတာ။ ဘာမှမရှိတဲ့ မြို့ငယ်လေးက ကောင်တစ်ယောက်က (၁၀) နှစ်လောက် စာကြိုးစားရုံနဲ့ ငါတို့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ…။"

"ဒါနဲ့... စကားမစပ်၊ အတန်းထဲက အလှပဂေးလေး ဝမ်ရှောင်ရို့တောင် ကျောင်းတုန်းက လျန်ထျန်းကို စိတ်ဝင်စားခဲ့သလိုပဲနော်။ သူတို့နှစ်ယောက်က ထိုင်ခုံချင်းတောင် ကပ်ထိုင်ခဲ့ကြတာ…။"

"အေးလေ... အဲ့ဒီတုန်းက ငါတို့ကို ဝမ်ရှောင်ရို့က လုံးဝ လျစ်လျူရှုခဲ့ကြတာ။ သူ့မိသားစုက အဲ့ဒီတုန်းက ချမ်းသာပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပဲ ဒေဝါလီခံလိုက်ရတယ်လို့ ငါ ကြားတယ်…။"

"ဟဲဟဲ... 'ငှက်ချင်းတူရင် အတူတူပျံကြတယ်' ဆိုတာ တကယ်ပဲ။ ဆင်းရဲတဲ့သူကို ကြိုက်တဲ့သူကလည်း နောက်ဆုံးတော့ ဆင်းရဲသွားတာပဲ မဟုတ်လား…။"

"ဟားဟား...လျန်ထျန်း မင်း ကြားလား။ ဝမ်ရှောင်ရို့ ဘဝပျက်သွားတာဟာ မင်းကြောင့်ပဲ ဖြစ်မှာပေါ့...။"

All Chapters