အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း (၁၅)
သည်းခံနိုင်စွမ်း ကုန်ဆုံးသွားခြင်း
နောက်ဆုံးတွင်တော့ ထိုသူဌေးသားများမှာ သူတို့၏ ယုတ်မာသော ပင်ကိုယ်စရိုက်ကို အထင်အရှား ထုတ်ဖော်ပြသလာကြလေတော့သည်။
ဤသူဌေးသား ဒုတိယမျိုးဆက်များက လျန်ထျန်းကို နည်းမျိုးစုံဖြင့် အရှက်ခွဲကာ လှောင်ပြောင်နေ ရခြင်း၏ အကြောင်းရင်းမှာ ရှင်းလင်းလှသည်။ အဓိက အရင်းခံအကြောင်းတရားမှာ ကျောင်းတုန်းက သူတို့အားလုံး စိတ်ဝင်စားခဲ့ကြသော အတန်းဖော်အလှလေး ဝမ်ရှောင်ရို့က သူတို့အားလုံးကို လျစ်လျူ ရှုကာ လျန်ထျန်းအပေါ်တွင်သာ စိတ်ကူးယဉ် အာရုံရှိခဲ့သောကြောင့် ဖြစ်သည်။ ဤအချက်က သူတို့၏ မာနကို ထိခိုက်စေခဲ့ပြီး ကျောင်းပြီး၍ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် အငြိုးအတေး ထားနေကြ ခြင်းပင် ဖြစ်သည်။
ယခုအခါ အစားအသောက် လိုက်ပို့နေရသော လျန်ထျန်း၏ နိမ့်ကျသည့် အခြေအနေကို မြင်လိုက်ရ သောအခါ သူတို့၏ အထက်စီးဆန်လိုသော စိတ်များမှာ ချက်ချင်းပင် နိုးကြားလာပြီး လျန်ထျန်းကို ထပ်မံ၍ နင်းခြေရန် အခွင့်အရေးကို အရယူကြတော့သည်။ ဝမ်ရှောင်ရို့အကြောင်း စကားစမိသည်နှင့် သူတို့၏ စကားလုံးများမှာ ပို၍ ယုတ်မာရိုင်းစိုင်းလာသည်။
"ဟေ့... ငါ ပြီးခဲ့တဲ့ရက်ကပဲ ဆန်လန်ဖီနို အိမ်ရာဘက်ကို အိမ်ကြည့်ဖို့ သွားသေးတယ် အဲ့ဒီမှာ ဘယ်သူနဲ့ တွေ့ခဲ့လဲ သိလား။ ဝမ်ရှောင်ရို့က အခု အိမ်ခြံမြေ အရောင်းဝန်ထမ်း ဖြစ်နေပြီကွ…။"
"ဟုတ်တယ်၊ ဟုတ်တယ်... ငါလည်း လွန်ခဲ့တဲ့ လဝက်လောက်က သွားကြည့်သေးတယ်။ အဲ့ဒီ ဆန်လန်ဖီနို ဆိုတာက မြို့ပေါ်မှာ အဆင့်မြင့်ဆုံး ဇိမ်ခံအိမ်ရာပဲလေ။ ငါလည်း အဲ့ဒီမှာ ဝမ်ရှောင်ရို့က လူတစ်ယောက်ကို အိမ်အကြောင်း ရှင်းပြနေတာ တွေ့ခဲ့သေးတယ်…။"
"တောက်... အရင်က အတန်းထဲက အလှလေးက အခုတော့ ဒီလောက်အထိ နိမ့်ကျသွားပြီပေါ့။ ဟေ့... မင်းတို့ ဘယ်လိုထင်လဲ…။ ငါတို့ နောက်ကျရင် သူ့ဆီသွားပြီး အားပေးရမလား ဟဲဟဲ…။"
"ဟေ့... မသွားနဲ့ဦး။ အဲ့ဒီ ဝမ်ရှောင်ရို့ဆိုတဲ့ မိန်းမက ဘာကောင်မှ မဟုတ်ဘဲနဲ့ ဘဝင်မြင့်နေတာ။ ပြီးခဲ့ တဲ့တစ်ခါ ငါ သူ့ဆီက အိမ်ဝယ်ဖို့ သွားတုန်းက သူ့ကို ကူညီချင်လို့ ထမင်းတစ်နပ်လောက်ပဲ ဖိတ်တာကို သူက ငြင်းခဲ့သေးတယ်ကွ…။"
"ဘာ... သူ့မိသားစု အခြေအနေက ဒီလောက်ဖြစ်နေတာတောင် ငါတို့ရှေ့မှာ မာနကြီးချင်နေသေးတာ လား…။"
"မင်းတို့ သိလား... ဆန်လန်ဖီနိုမှာ အချိုသာဆုံး အခန်းတောင် (၈) ယွမ် (ယခင်တန်ဖိုးအရ ၈ သန်း) ကျော်တန်တာ။ တစ်လုံးရောင်းရရင် ကော်မရှင်ခက အနည်းဆုံး (၁၀) ကျောင့်၊ (၈) ကျောင့်လောက် ရမှာ မဟုတ်ဘူးလား…။"
"အတိအကျပဲ... ငါထင်တာတော့ သူက အသားလည်းစားချင်၊ ဟင်းရည်လည်း မလောင်းချင်တဲ့ ပုံစံမျိုး နေမှာပေါ့..."
ယခင်က မိမိကိုယ်တိုင် မည်မျှပင် အလှောင်ပြောင်ခံရစေကာမူ လျန်ထျန်းက ဂရုမစိုက်ဘဲ လျစ်လျူရှု ထားနိုင်ခဲ့သည်။ သို့မဟုတ် လျန်ထျန်း၏ လက်ရှိ ဓနအင်အားနှင့်ဆိုလျှင် မိဘကိုသာ အားကိုးနေရသော ဤသူဌေးသားလေးများကို ငြင်းခုံနေရန်ပင် အဆင့်မရှိဟု ယူဆထားခြင်း ဖြစ်သည်။ အဆင့်အတန်းချင်း ကွာခြားသွားလျှင် အတွေးအခေါ်ချင်းလည်း ကွာခြားသွားသည် မဟုတ်ပါလား။
သို့သော် ယခုမူ ဝမ်ရှောင်ရို့အပေါ်တွင် ယုတ်မာရိုင်းစိုင်းစွာ စွပ်စွဲပုတ်ခတ်နေကြသော စကားများကို လျန်ထျန်း ဆက်လက်သည်းမခံနိုင်တော့ပေ။
"ဒုန်း…"
"ပါးစပ်ပိတ်ထားလိုက်ကြစမ်း… မင်းတို့ ရှောင်ရို့အကြောင်း ဘာမှ မသိဘဲနဲ့ မပြောနဲ့…။"
လျန်ထျန်းက စားပွဲကို လက်သီးဖြင့် ဒုန်းခနဲ မြည်အောင် ထုလိုက်ကာ ဒေါသတကြီး အော်ဟစ်လိုက် သောအခါ အခန်းတွင်းရှိ လေထုမှာ တစ်စက္ကန့်ခန့် တိတ်ဆိတ်သွားသည်။ သို့သော် ထိုတိတ်ဆိတ်မှုမှာ ခေတ္တမျှသာ ဖြစ်ပြီး နောက်တစ်စက္ကန့်တွင် အားလုံးက တဟားဟား ရယ်မောကြတော့သည်။ အထူးသဖြင့် ထိပ်ဆုံးနေရာတွင် ထိုင်နေသော ချာရှင်းလုံမှာ လျန်ထျန်းကို လှောင်ပြုံးဖြင့် စိုက်ကြည့်နေ ခဲ့သည်။
"ဟေး... လျန်ထျန်း၊ မင်းက အစားအသောက် ပို့တဲ့အဆင့်အထိ နိမ့်ကျနေတာတောင် ဝမ်ရှောင်ရို့ကို ဒီလောက်အထိ ကာကွယ်ချင်နေသေးတာလား…။"
"မင်းရဲ့ အခုလို အခြေအနေနဲ့ ဝမ်ရှောင်ရို့ကြားမှာ တစ်ခုခု ဖြစ်လာနိုင်သေးတယ်လို့ မင်း တကယ်ပဲ စိတ်ကူးယဉ်နေတာလား…။"
"ထားလိုက်ပါတော့... အတန်းဖော်ဟောင်းတစ်ယောက်အနေနဲ့ ငါ မင်းကို အကြံပေးပါရစေ။ ဒီစိတ်ကူး ကို အမြန်ဆုံး စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲ…။"
"ငါ့အဖေ ဘဏ်မန်နေဂျာ ဖြစ်လာပြီးတဲ့နောက် ဒေသခံ စီးပွားရေးလောကအကြောင်း ငါ အများကြီး သိလာရတယ်။ အဲ့ဒီထဲမှာ ဝမ်ရှောင်ရို့နဲ့ ပတ်သက်တဲ့ သတင်းလည်း ပါတယ်ကွ…။"
"ဆန်လန်ဖီနိုမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးကြီးတစ်ယောက်က အိမ်ကြီးတစ်လုံးခွဲ (ဗီလာနှစ်လုံး) ကို (၆၀၀) ယွမ် (ယခင်တန်ဖိုးအရ သန်း ၆၀၀) ပေးပြီး ဝယ်ခဲ့တယ်လို့ ကြားတယ်…။"
"အဲ့ဒီ သူဌေးကြီးက ဆန်လန်ဖီနို မန်နေဂျာကိုတောင် သူဘယ်သူလဲဆိုတာ ထုတ်မပြောခိုင်းသလို၊ ဘဏ် ကနေလည်း ချေးငွေမယူဘဲ လက်ငင်းငွေသားနဲ့ အပြတ်ဝယ်ခဲ့တာ…။"
"ဒါပေမဲ့ ငါ့အဖေ စုံစမ်းသိရှိရတာကတော့ အဲ့ဒီ လျှို့ဝှက်သူဌေးကြီးက ဝမ်ရှောင်ရို့နဲ့ တစ်ခုခု ပတ်သက် မှုရှိလို့ အဲ့ဒီမှာ အိမ်ဝယ်ခဲ့တာပဲ…။"
"လျန်ထျန်း... မင်း သေချာ စဉ်းစားကြည့်စမ်း။ (၆၀၀) ယွမ်ဆိုတဲ့ ငွေပမာဏကို ဘာမှမဟုတ်သလို သုံးနိုင်ဖို့ဆိုတာ... ဝမ်ရှောင်ရို့အနေနဲ့ တစ်ခုခုကို အလဲအထပ် မလုပ်ဘဲနဲ့ ဒီလို အရောင်းစာရင်းမျိုး ရနိုင်ပါ့မလား…။"
"ဒါကြောင့် ဝမ်ရှောင်ရို့ဟာ အဲ့ဒီ လျှို့ဝှက်သူဌေးကြီးရဲ့ အမြှောင်မယား ဖြစ်နေလောက်ပြီ…။"
"အဲ့ဒီ သူဌေးကြီး အိမ်တွေအများကြီး ဝယ်လာအောင် သူ ဘယ်နှစ်ခါလောက် အဖျော်ဖြေခံခဲ့ရမလဲ ဆိုတာ မင်း စဉ်းစားကြည့်ပေါ့…။"
"မင်းလို နိမ့်ကျတဲ့ အစားအသောက်ပို့သမားက ဘာတွေ စိတ်ကူးယဉ်နေတာလဲ။ အဲ့ဒါက မင်း စားလို့ ရမယ့် အစားအစာ မဟုတ်ဘူး။ မင်းက အနံ့ခံဖို့တောင် အဆင့်မရှိဘူး၊ ဟားဟားဟား…။"
ချာရှင်းလုံ၏ စကားအဆုံးတွင် ဘေးရှိ သူဌေးသားများကလည်း လျှာထုတ်ကာ နှုတ်ခမ်းသပ်ရင်း ဝိုင်း၍ ဖားကြတော့သည်။
"ချာသခင်လေးကတော့ တကယ်ကို ဩဇာရှိတာပဲ ဒီလို ကိစ္စတွေကိုပါ အကုန်သိနေတာ။ ငါတို့ကတော့ ဒါမျိုးတွေကို လုံးဝ မသိခဲ့ဘူး…။"
"ဟုတ်ပါ့... ချာသခင်လေးက ဘဏ်မန်နေဂျာရဲ့ သားပဲလေ။ မကြာခင်မှာလည်း သူ့ဦးလေးရဲ့ အကူအညီ နဲ့ ဘဏ်လောကထဲ ဝင်တော့မှာဆိုတော့ နောင်ကျရင် သူလည်း မန်နေဂျာ ဖြစ်မှာ သေချာတာပေါ့…။"
"လာပါ... ဒီအခွင့်အရေးမှာ ငါတို့ရဲ့ အနာဂတ် ဘဏ်မန်နေဂျာကြီးကို ကြိုတင်ပြီး ဂုဏ်ပြုရအောင်။ နောင်ကျရင် ငါတို့ကို သေချာ စောင့်ရှောက်ပေးပါဦး ခင်ဗျာ...။"
ဘေးပတ်ဝန်းကျင်မှ မြှောက်ပင့်စကားများကို ကြားရသောအခါ ချာရှင်းလုံမှာ အလွန်ပင် ကျေနပ်သွား ရသည်။ သူသည် စိတ်ထဲတွင် ပျော်ရွှင်နေသော်လည်း ဟန်မပျက်ဘဲ အရက်ခွက်ကို မြှောက်ကာ -
"စိတ်မပူကြပါနဲ့ သူငယ်ချင်းတို့။ ငါ့အဖေ အာဏာရှိနေသရွေ့ မင်းတို့ရဲ့ အဖေတွေကို သေချာ စောင့်ရှောက်ပေးမှာပါ…။"
"အဖိုးကြီးတွေ အနားယူလို့ ငါ ရာထူးဆက်ခံတဲ့အခါကျရင်လည်း မင်းတို့ကို ငါ မေ့မှာ မဟုတ်ဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့... အဲ့ဒါက မင်းတို့ရဲ့ အပြုအမူအပေါ်မှာပဲ မူတည်လိမ့်မယ်…။"
ထိုစကားကို ကြားသောအခါ သူဌေးသား ဒုတိယမျိုးဆက်များမှာ နားလည်မှုရှိရှိ ခေါင်းညိတ်လိုက်ကြ လေသည်။
"နားလည်ပါပြီ... နားလည်ပါပြီ ချာသခင်လေး။ ဒါက ချာသခင်လေးအတွက် ငါ့ရဲ့ မွေးနေ့လက်ဆောင် Rolex နာရီပါ ဘာမှတော့မဟုတ်ပါဘူး... အသေးအဖွဲလေးပါ..။"
"ချာသခင်လေး... ဒါကတော့ ငါ့ရဲ့ မွေးနေ့လက်ဆောင် BMW ကားအသစ်တစ်စီးပါ။ အခု အောက်က ကားပါကင်မှာ ရပ်ထားတယ် ခဏနေရင် မောင်းသွားလို့ ရပါပြီ…။"
"ချာသခင်လေး... ဒါကတော့ ကျွန်တော့်ရဲ့ မွေးနေ့လက်ဆောင်ပါ..."
လက်ဆောင်ပေးသည့် အစီအစဉ်မှာ မျက်စိပြူးလောက်စရာပင်။ မည်သည့်လက်ဆောင်မဆို သာမန်လူ တစ်ယောက် တစ်သက်လုံး မရရှိနိုင်မည့် အရာများ ဖြစ်သည်။ ယနေ့တွင် ချာရှင်းလုံသည် ထိုအရာ အားလုံးကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။
နောက်ဆုံးတွင် သူသည် လျန်ထျန်းကို လှောင်ပြောင်သော မျက်နှာပေးဖြင့် ကြည့်ကာ တမင် အကျပ် ကိုင်လိုက်သည်။
"လျန်ထျန်း... ကြည့်စမ်း၊ အတန်းဖော်တွေ အကုန်လုံး လက်ဆောင်ပေးနေကြပြီ။ မင်းကော ငါ့ကို ဘာပေးမလဲ…။"
"အော်... မေ့လို့။ မင်းက အစားအသောက် ပို့သမားပဲဆိုတော့ ပေးစရာ လက်ဆောင်လည်း ရှိမှာ မဟုတ် ဘူးနော်…။"
"ဒါဆို ဒီလိုလုပ်မလား…။ မင်းနဲ့ ဝမ်ရှောင်ရို့နဲ့က ရင်းနှီးတယ် မဟုတ်လား။ အခုလို အချိန်အထိ မင်းတို့ ကြားမှာ တစ်ခုခု ဖြစ်ဦးမယ်လို့ မင်း စိတ်ကူးယဉ်နေတုန်းပဲလေ…။"
"မင်းရဲ့ နာမည်နဲ့ ဝမ်ရှောင်ရို့ကို အပြင်ကို ခေါ်ပေးပါလား။ အဲ့ဒီ မိန်းမကို မင်း ခေါ်ထုတ်နိုင်ရင် အဲ့ဒါကို မင်းဆီက ရတဲ့ လက်ဆောင်လို့ ငါ သတ်မှတ်ပေးမယ်…။"
"အကယ်၍ မင်း ခေါ်မထုတ်ပေးနိုင်ရင်တော့ လူအများကြီးရှေ့မှာ ငါ့ကို ‘အဖေ’ လို့ ခေါ်လိုက်စမ်းပါ။ ငါ သဘောကျသွားရင် မင်းရဲ့ လက်ဆောင်ကို မယူဘဲ လွှတ်ပေးလိုက်မယ်…။"
"ငါ့ရဲ့ အကြံပေးချက်ကို မင်းတို့ ဘယ်လိုထင်လဲ…။"
ထိုစကားကို ကြားသောအခါ ဘေးရှိ သူဌေးသားများက လက်မထောင်ကာ အော်ဟစ် အားပေးကြ တော့သည်။ ယခုအခါ ချာရှင်းလုံ ဘာပြောပြော သူတို့က ထောက်ခံနေကြပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် လျန်ထျန်း၏ လက်သီးများမှာ တင်းတင်းဆုပ်ထားပြီး လက်ဖမိုးမှ အကြောများ မှာ ထောင်ထွက်နေသည်။ သူသည် လေသံကို နှိမ့်ကာ ပြောလိုက်သည်။
"ရှောင်ရို့အကြောင်း အဲ့ဒီလို ထပ်မပြောဖို့ ငါ မင်းကို ထပ်သတိပေးလိုက်မယ်…။"
"ရှောင်ရို့က ဘယ်သူ့ရဲ့ အမြှောင်မယားမှ မဟုတ်ဘူး။ အဲ့ဒီ အိမ်တွေအားလုံးကို ငါ ကိုယ်တိုင် ဝယ်ခဲ့ တာ..။"
ထိုစကားကို ကြားလိုက်ရသောအခါ အခန်းတွင်းရှိ လေထုမှာ တစ်စက္ကန့်ခန့် ထပ်မံ၍ တိတ်ဆိတ်သွား ပြန်သည်။ သို့သော် ယခင်တစ်ခါကဲ့သို့ပင် ထိုတိတ်ဆိတ်မှုမှာ ခေတ္တမျှသာ ဖြစ်ပြီး နောက်တစ်စက္ကန့်တွင် ရယ်သံများ ပေါက်ကွဲထွက်လာတော့သည်။
"ဟားဟားဟား… သူ ဘာပြောလိုက်တာလဲ..။ ဝမ်ရှောင်ရို့ ရောင်းခဲ့တဲ့ အိမ်တစ်လုံးခွဲလုံးကို သူ ဝယ်ခဲ့ တာတဲ့လား…။"
"ဟမ်… ဘာလို့ ကောင်းကင်ကြီး ရုတ်တရက် မှောင်သွားတာလဲ။ ဪ... ကျွဲတွေ ကောင်းကင်မှာ ပျံနေ တာကိုး။ ကျွဲတွေက ဘာလို့ ပျံနေတာလဲဆိုတော့ လျန်ထျန်းက အောက်ကနေ မှုတ်ထုတ် (လေလုံးထွား) နေလို့ပဲ ဟားဟားဟား…။"
"လျန်ထျန်း... မင်း ဝမ်ရှောင်ရို့ကို ကာကွယ်ချင်ရင်တောင် ဒီလောက်ကြီးတော့ မကြွားသင့်ဘူးကွာ။ မင်း ကိုယ်မင်း ဒီမြို့ရဲ့ လျှို့ဝှက်သူဌေးကြီးလို့ပဲ ပြောလိုက်ပါလား ဟားဟားဟား...။"
လျန်ထျန်းမှာ ဆူညံလှသော ရယ်သံများကြားတွင် တည်ငြိမ်စွာပင် ရှိနေသည်။ ယခုလေးတင် သူသည် မည်ကဲ့သို့ တုံ့ပြန်ရမည်ကို အကြံရသွားသကဲ့သို့ တစ်ခုခုကိုလည်း သတိရသွားခြင်းကြောင့်ဖြစ်လေ သည်။
အခန်း (၁၆)
ဖုန်းခေါ်ဆိုမှုတစ်ခု
လျန်ထျန်းသည် မကြာသေးမီက ရွှေတုံးများ သွားဝယ်သည့် အချိန်တိုင်း သူ့ကို ဝန်ဆောင်မှုပေးခဲ့သော ဘဏ်ဝန်ထမ်းကို သတိရသွားခဲ့သည်။ ထိုဘဏ်ဝန်ထမ်း၏ ဖားလျားနိုင်စွမ်းမှာ တကယ့်ကို ထိပ်တန်း အဆင့်ပင်။ ဘဏ်ရှိ ရွှေတုံးဈေးနှုန်းမှာ ပုံသေဖြစ်ပြီး ဈေးဆစ်၍မရသောကြောင့် လျန်ထျန်းအနေဖြင့် ထိုအချက်ကို သိပ်ဂရုမစိုက်ခဲ့မိပေ။ အလုပ်ရှုပ်သက်သာစေရန် ထိုလူကိုသာ အမြဲတမ်း ကိုင်တွယ် ဖြေရှင်းခိုင်းခဲ့လေသည်။
သို့သော် ယခု ထိုဘဏ်ဝန်ထမ်း၏ မျိုးရိုးအမည်ကို စဉ်းစားကြည့်ရာမှ ချာရှင်းလုံ၏ဖခင်သည် လွန်ခဲ့ သော ရက်အနည်းငယ်ကမှ ဘဏ်မန်နေဂျာအဖြစ် ရာထူးတိုးသွားသည်ကို ပြန်လည်အမှတ်ရမိသွား သည်။ ဖြစ်ပျက်သမျှ အကြောင်းအရာများကို ဆက်စပ်ကြည့်ပြီးနောက် လျန်ထျန်းမှာ ဖြစ်နိုင်ခြေ တစ်ခုကို တွေးမိသွားသည်။ ထို့ကြောင့် သူက ချာရှင်းလုံကို ဦးစွာ မေးခွန်းထုတ်လိုက်၏။
"ချာရှင်းလုံ... မင်းအဖေ ဘဏ်မန်နေဂျာအဖြစ် ရာထူးတိုးသွားတာက မကြာသေးခင်က ရွှေတုံးတွေ အများကြီးဝယ်တဲ့ ဖောက်သည်ကြီးတစ်ယောက်နဲ့ တွေ့ခဲ့လို့ မဟုတ်လား….။"
ထိုစကားကို ကြားလိုက်ရသောအခါ ချာရှင်းလုံ၏ ရယ်သံများ ရုတ်ချည်းရပ်တန့်သွားပြီး လျန်ထျန်းကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ သို့သော် သူ၏အံ့သြမှုမှာ ခဏတာသာဖြစ်ပြီး မထီမဲ့မြင်ပြုသော လေသံဖြင့် ပြန်ပြောလာသည်။
"ငါ့အဖေရဲ့ စီးပွားရေးအမြင်က လူတိုင်းသိပြီးသားပါ။ မကြာသေးခင်ကတော့ ရွှေတုံးတွေ အများကြီး ဝယ်တဲ့ ဖောက်သည်ကြီးတစ်ယောက်နဲ့ တကယ်ပဲ တွေ့ခဲ့တယ်။ အဲဒီဖောက်သည်ကြီးက သတင်းမပြန့် အောင်နဲ့ သူ့ရဲ့ အထောက်အထားကို လျှို့ဝှက်ထားဖို့ ငါ့အဖေကို မှာထားတာ။ မင်းမှာ ငါ့အဖေဘဏ်မှာ အလုပ်လုပ်နေတဲ့ အမျိုးတစ်ယောက်ယောက်ရှိလို့ ဒီသတင်းကို ကြားထားတာနေမှာပေါ့... ဟုတ်တယ် မလား…။"
"ဒါပေမဲ့ ဘာဖြစ်လဲ... ငါ့အဖေက အဲဒီလို ဖောက်သည်ကြီးမျိုးနဲ့ အဆက်အသွယ်ရခဲ့တာဟာ သူရဲ့ အရည်အချင်းကို သက်သေပြနေတာပဲ။ မင်းက အစားအသောက်ပို့တဲ့ကောင်ပဲ... အဲဒီလို အဆင့်မြင့် ဖောက်သည်ကြီးတွေနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ။ ငါ့အဖေရဲ့ အမှားကို လိုက်ရှာဖို့ ကြိုးစားနေတယ် ဆိုလဲ အပိုပဲ…။"
လျန်ထျန်း၏ နှုတ်ခမ်းအစုံမှာ အပြုံးတစ်ခု ပေါ်လွင်လာသည်။ သူ အတည်ပြုချင်သောအချက်ကို အတည်ပြုပြီးပြီမို့ နောက်တစ်ဆင့်မှာ လက်စားချေရန်သာ ရှိတော့သည်။
"ငါက အဲဒီဖောက်သည်ကြီးတွေနဲ့ အဆက်အသွယ်ရှိတာ မဟုတ်ဘူး... ငါကိုယ်တိုင်က အဲဒီဖောက်သည် ကြီးပဲ…။"
ထိုစကားကို ကြားသောအခါ တစ်ခန်းလုံး ခဏတာ ငြိမ်ကျသွားပြီးမှ ယခင်ထက် ပိုကျယ်လောင်သော ရယ်သံများ ထွက်ပေါ်လာသည်။ ချာရှင်းလုံမှာ မျက်ရည်ထွက်သည့်တိုင်အောင် ရယ်မောနေတော့သည်။
"လျန်ထျန်း... မင်းက ဒီလောက်အထိ လေလုံးထွားတတ်မယ်လို့ ငါမထင်ထားခဲ့ဘူး။ ငါ့အဖေကို ရာထူး တိုးစေခဲ့တဲ့ ဖောက်သည်ကြီးက ဘယ်လောက်ဖိုး ရွှေဝယ်ခဲ့တယ်ဆိုတာ မင်းသိလား…။ သုံးထောင်... အပြည့်အဝ သုံးထောင်ယွမ်တောင်ကွ…။"
"ဒါ့အပြင် ဒီနေ့မွန်းလွဲပိုင်းမှာလည်း အဲဒီဖောက်သည်ကြီးက ငါ့အဖေဆီကနေ နောက်ထပ် နှစ်ထောင် ယွမ်ဖိုး ရွှေဝယ်ဖို့ ချိန်းထားပြီးသား။ ဆိုလိုတာက အဲဒီဖောက်သည်ကြီးဆီမှာ အနည်းဆုံး ငါးထောင်ယွမ် လောက် လက်ငင်းငွေရှိနေတာ။ အဲဒီလိုလူမျိုးက ဒီမြို့ရဲ့ အချမ်းသာဆုံးသူဌေးကြီးဖြစ်မှာ သေချာတယ်။ မင်းလို နိမ့်ကျတဲ့ အစားအသောက်ပို့တဲ့ကောင်ကတော့... ဟားဟား...။"
ချာရှင်းလုံ၏ စကားကြောင့် ဘေးနားရှိ သူဌေးလေးများမှာလည်း အလွန်အံ့အားသင့်သွားကြသည်။
"ဘုရားရေ... ရွှေဝယ်ဖို့ ငါးထောင်ယွမ်တောင် သုံးတာလား…။ အဲဒီလူက ဘယ်လောက်တောင် ချမ်းသာ နေလို့လဲ…။"
"ငါးထောင်ယွမ်... ငါတို့မိသားစုတွေအားလုံးရဲ့ ပိုင်ဆိုင်မှုတွေကို ပေါင်းလိုက်ရင်တောင် ငါးထောင်ယွမ် မပြည့်လောက်ဘူး။ သူကတော့ ဒါကို လက်ငင်းငွေသားနဲ့ သုံးနေတာ…။"
"ဟုတ်တယ်... ဒီလောက်ငွေပမာဏကို သုံးနိုင်တဲ့သူက မြို့ရဲ့ အချမ်းသာဆုံးသူဌေးပဲ ဖြစ်ရမယ်။ သခင်လေးချာရဲ့အဖေက အဲဒီလိုလူမျိုးနဲ့ သိကျွမ်းနေတာဆိုတော့ သူ့ရဲ့ အနာဂတ်က အများကြီး တောက်ပတော့မှာပဲ..."
လူတိုင်းက ချာရှင်းလုံကို ပို၍ပင် ဖားကြပြီး လျန်ထျန်းကိုမူ ဝိုင်းဝန်းလှောင်ပြောင် အရှက်ခွဲနေကြ လေတော့သည်။
"လျန်ထျန်း... မင်းရဲ့ လေလုံးက အရမ်းကြီးသွားပြီ။ မင်းကိုယ်မင်း အဲဒီဖောက်သည်ကြီးလို့ ပြောရဲတယ် ပေါ့။ သူတို့က ငါးထောင်ယွမ်တောင် သုံးနိုင်တာ... မင်းအိတ်ထဲမှာ ငါးပြားတောင် ရှိရဲ့လား…။"
"ငါးထောင်ယွမ်ဆိုတာ ထားလိုက်ပါဦး... သူ့မှာ ငါးယွမ်သာ ရှိရင် အစားအသောက်ပို့တဲ့ အလုပ်ကို လုပ်နေမှာ မဟုတ်ဘူး…။"
"ဟုတ်ပ... မင်း တစ်သက်လုံး အစားအသောက်ပို့ရင်တောင် ငါးယွမ်ရမှာ မဟုတ်ဘူး။ အောက်ခြေလူ တန်းစားဆိုတာ ကိုယ့်ဘဝကိုယ် သိသင့်တယ်…။"
ရယ်မောသံများ ပြန်လည်ထွက်ပေါ်လာသော်လည်း လျန်ထျန်း၏ နောက်ထပ်လုပ်ရပ်က သူတို့၏ ရယ်သံများကို ရပ်တန့်သွားစေခဲ့သည်။ လျန်ထျန်းက ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်ပြီး စပီကာဖွင့်လိုက်သည်။ ဖုန်းထဲမှ လူလတ်ပိုင်းအမျိုးသားတစ်ဦး၏ ရိုသေကိုင်းရှိုင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မစ္စတာလျန်... ခင်ဗျား အခု ဘဏ်ကို ရောက်နေပြီလား…။ ခဏလောက် စောင့်ပေးပါဦး... ကျွန်တော် ကိုယ်တိုင် ခင်ဗျားအတွက် နှစ်ထောင်ယွမ်တန်ဖိုးရှိတဲ့ ရွှေတုံးတွေကို ဘဏ်ကို လိုက်ပို့နေပါတယ်။ ကျွန်တော်တို့ မကြာခင် ရောက်လာတော့မှာပါ...။"
ဖုန်းထဲမှ ထွက်ပေါ်လာသော အသံမှာ ချာရှင်းလုံ၏ ဖခင် ချာကျီရှန့်၏ အသံပင် ဖြစ်သည်။ ထိုအခိုက် တွင် ချာရှင်းလုံ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွမ်းသော မျက်နှာပေးဖြင့် ဖြစ်သွား သည်။ မိမိအဖေ၏ အသံကို သူ ဘယ်လိုလုပ် မမှတ်မိဘဲ နေမည်နည်း။
ဘေးနားရှိ အခြားသူများလည်း အခြေအနေကို သဘောပေါက်သွားကာ မှင်တက်သွားခဲ့ကြလေသည်။ တိတ်ဆိတ်နေသော အခန်းအတွင်း လျန်ထျန်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"မန်နေဂျာချာ... ကျွန်တော် ဒီနေ့မွန်းလွဲပိုင်းမှာ ရွှေလာဝယ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ အခုလေးတင် သတင်းတစ်ခု ကြားလိုက်ရတယ်... ချာရှင်းလုံက ခင်ဗျားရဲ့သားလား…။"
ချာကျီရှန့်မှာ ခဏတာ မှင်တက်သွားပြီးမှ
"မစ္စတာလျန်... ချာရှင်းလုံက ကျွန်တော့်သား ဟုတ်ပါတယ်။ ဒါနဲ့ ရွှေဝယ်မယ့်ကိစ္စနဲ့ ဘာပတ်သက်လို့လဲ ခင်ဗျာ...။"
ခဏအကြာတွင် သူ တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့် ပျာပျာသလဲ ဆက်ပြောလာသည်။
"မဟုတ်မှလွဲရော... အဲဒီကောင်လေးက ခင်ဗျားကို တစ်ခုခု စော်ကားမိလို့လား…။"
ချာရှင်းလုံမှာ သူ၏ဖခင်က "အဲဒီကောင်လေး" ဟု ဒေါသတကြီး ခေါ်လိုက်သံကို ကြားရသောအခါ ကြောက်လန့်တကြား တုန်ရင်သွားတော့သည်။
လျန်ထျန်းက ပြုံးပြီး ဆက်ပြောသည်။
"အဲဒီ နှစ်ထောင်ယွမ်ဖိုး ရွှေဝယ်မယ့်ကိစ္စကို ခဏဘေးဖယ်ထားလိုက်ပြီး ထပ်စဉ်းစားရဦးမယ် ထင် တယ်…။"
"မလုပ်ပါနဲ့ မစ္စတာလျန်ရယ်…။"
ချာကျီရှန့်မှာ အလွန်ထိတ်လန့် သွားသည်။
"ကျွန်တော်တို့ ကြိုတင်သဘောတူထားကြတာလေ။ ခင်ဗျားက အရင်တုန်းက သုံးထောင်ယွမ်ဖိုးတောင် အရစ်ကျ ဝယ်ထားပေးလို့ ဌာနချုပ်က ကျွန်တော့်ကို ယုံကြည်ပြီး အခု နှစ်ထောင်ယွမ်ဖိုးကို တစ်ခါ တည်း အတည်ပြုပေးလိုက်တာပါ။ ခင်ဗျားသာ အခု စိတ်ပြောင်းသွားရင်... ကျွန်တော့်ရဲ့ မန်နေဂျာ ရာထူးလည်း ပြုတ်သွားနိုင်သလို ဌာနချုပ်ကလည်း ကျွန်တော့်ကို အပြစ်ပေးပါလိမ့်မယ်...။"
လျန်ထျန်းက အေးစက်စွာ ပြောလိုက်သည်။
"ကျွန်တော် ဝယ်ပေးလို့ရပါတယ်... ဒါပေမဲ့ ခင်ဗျားရဲ့ လုပ်ဆောင်ချက်အပေါ်မှာပဲ မူတည်မယ်။ ကျွန်တော် အခု ဟွားရုန်ဟိုတယ်မှာ ရှိနေတယ်။ ခင်ဗျားသားနဲ့ ခင်ဗျားရဲ့ ဖောက်သည်ဟောင်းတွေရဲ့ သားတွေလည်း ဒီမှာရှိနေကြတယ်... ကျွန်တော် ဘာဆက်လုပ်ရမယ်ဆိုတာ ခင်ဗျားကို ပြောပြနေဖို့ မလိုတော့ဘူး မဟုတ်လား…။"
"နားလည်ပါပြီ... နားလည်ပါပြီ။ ခဏလောက် စောင့်ပေးပါ... ကျွန်တော်နဲ့ အဲဒီလူကြီးတွေ အခုချက်ချင်း ရောက်လာခဲ့ပါ့မယ်...။"
ဖုန်းချသွားပြီးနောက် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ချာရှင်းလုံနှင့် ကျန်ရှိနေသော သူဌေးလေး များမှာ လျန်ထျန်းကို သရဲတစ္ဆေတစ်ကောင်ကဲ့သို့ မယုံနိုင်စဖွယ် ငေးကြည့်နေကြလေတော့သည်။