အခန်း (၁၇-၁၈)
Vol. 2 Ch. 17-18
အခန်း (၁၇)
မစ္စတာလျန် ပြောတာ မှန်တယ်
နာရီဝက်ခန့် ကြာပြီးနောက်...
ချာကျီရှန့်နှင့်အတူ မာစီးဒီး၊ ဘီအမ်ဒဗလျူ၊ လန်းရိုဗာ စသည့် ကားကောင်းများကိုယ်စီ စီးနှင်းလာ ကြသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်စုသည် ဟွားရုန်ဟိုတယ်သို့ အပြေးအလွှား ရောက်ရှိလာ ကြခဲ့သည်။ အခန်းထဲသို့ ရောက်သည်နှင့် သူတို့သည် မိမိတို့၏ သားများကို ကိုယ်စီ တွေ့လိုက်ရသော် လည်း အားလုံးက တိုင်ပင်ထားသည့်အလား သားဖြစ်သူများကို လျစ်လျူရှုကာ တစ်စုံတစ်ယောက်ကို ပျာပျာသလဲ ရှာဖွေနေကြတော့သည်။
နောက်ဆုံးတွင် ချာကျီရှန့်သည် ခဏတာ ကြောင်အသွားပြီးမှ မျက်လုံးကို ပွတ်ကာ အသေအချာ ပြန်ကြည့်လိုက်သည်။ ထို့နောက် ထိပ်ဆုံးနေရာ၌ ထိုင်နေသော သားဖြစ်သူ ချာရှင်းလုံကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"မင်း ဒီကောင်လေး... မစ္စတာလျန်ကို အစားအသောက်ပို့တဲ့ ယူနီဖောင်း ဝတ်ခိုင်းထားရဲတယ်ပေါ့… မင်း တကယ်ကို အတင့်ရဲတာပဲ…။"
သားဖြစ်သူကို ရှင်းပြခွင့်ပင်မပေးဘဲ ချာကျီရှန့်က ချာရှင်းလုံ၏ ပါးကို ဖြတ်ခနဲ ရိုက်လိုက်သည်။ ပါးရိုက် ခံလိုက်ရသော ချာရှင်းလုံမှာ ပါးကိုအုပ်ကာ နာကျင်စွာဖြင့် ပြောလိုက်၏။
"အဖေ... ကျွန်တော် ဝတ်ခိုင်းတာ မဟုတ်ပါဘူး သူ လာကတည်းက ဒီလိုပဲ ဝတ်လာတာ...။"
"ဖြန်း…"
စကားမဆုံးခင်မှာပင် ချာကျီရှန့်က သားဖြစ်သူ၏ မျက်နှာကို နောက်ထပ် လက်ဝါးတစ်ချက်ဖြင့် ရိုက် လိုက်ပြီး ဆက်လက် ဆဲဆိုတော့သည်။
"နွားစကား ပြောမနေနဲ့…။"
"မစ္စတာလျန်က ဘယ်လိုလူမျိုးလဲသိလား…။ သူက လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ ရွှေတုံးတွေကို ငါးထောင်ယွမ်ဖိုးအထိ ရင်းနှီးမြှုပ်နှံနိုင်တဲ့ သူဌေးကြီးတစ်ယောက်ပဲ။ ဒီလို အရေးပါတဲ့ ပုဂ္ဂိုလ်ကြီး တစ်ယောက်က အစားအသောက်ပို့တဲ့ ဝတ်စုံကို ဝတ်ပါ့မလား။ မင်းက မစ္စတာလျန်က မင်းဆီ ပါဆယ် လာပို့တယ်လို့ ပြောချင်နေတာလား…။"
ချာရှင်းလုံမှာ ပါးနှစ်ဖက်လုံးကို အုပ်ထားရင်း အမှန်အတိုင်း ပြောပြချင်သော်လည်း သူ၏ဖခင်မှာ အလွန်ဒေါသထွက်နေသဖြင့် တစ်ခွန်းမှ မဟရဲတော့ပေ။ ထိုအချိန်တွင် လျန်ထျန်းက တည်ငြိမ်စွာဖြင့် ဝင်ပြောလိုက်သည်။
"သူ ပြောတာ မှန်ပါတယ်... ကျွန်တော် လာကတည်းက ဒီဝတ်စုံနဲ့ လာခဲ့တာပါ။ ခင်ဗျား ခန့်မှန်းတာ လည်း မှန်ပါတယ် ကျွန်တော် သူတို့ဆီ ပါဆယ်လာပို့တာပါ…။"
လျန်ထျန်း၏ စကားကို ကြားသောအခါ ချာကျီရှန့်မှာ မှင်တက်သွားသည်။ ပါးအုပ်ထားသော ချာရှင်းလုံ မှာလည်း လျန်ထျန်းကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်သော်လည်း စကားပြောရန် အခွင့်မသာခဲ့ပေ။
"ဖြန်း…"
တတိယမြောက် လက်ဝါးချက်မှာ ချာရှင်းလုံ၏ မျက်နှာပေါ်သို့ ထပ်မံ ကျရောက်လာပြန်သည်။ ချာကျီရှန့်က ဆက်လက် မာန်မဲလိုက်၏။
"မင်း ဒီကောင်လေး…။ မစ္စတာလျန်က အစားအသောက်ပို့တဲ့ ဝတ်စုံ ဝတ်ထားလို့ မင်းက ရိုင်းရိုင်း စိုင်းစိုင်း ဆက်ဆံခဲ့တာ မဟုတ်လား…။ မင်း အရိုက်ခံရတာ တန်တယ်…။"
ထို့နောက် ချာကျီရှန့်သည် လျန်ထျန်းထံသို့ အပြုံးမျက်နှာဖြင့် အပြေးအလွှား ရောက်လာပြီး ဖားယား ပြောဆိုလိုက်သည်။
"ကျွန်တော် ချာကျီရှန့်ကတော့ မစ္စတာလျန်လို သူဌေးကြီးတစ်ယောက်က သာမန်လူတွေရဲ့ ဆင်းရဲ ပင်ပန်းမှုကို သိအောင် အစားအသောက်ပို့ပြီး အတွေ့အကြုံယူနေတာကို တကယ်ပဲ လေးစားမိပါတယ် ခင်ဗျား…။"
ထိုစကားကို ကြားသောအခါ ဘေးနားရှိ အခြားသူဌေးကြီးများကလည်း ချက်ချင်းပင် လျန်ထျန်းကို ဝိုင်းဝန်းမြှောက်ပင့်ကြတော့သည်။
"ဟုတ်ပ... ဟုတ်ပ... မစ္စတာလျန်က ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိရုံတင်မကဘဲ လူတန်းစား မရွေး ဆက်ဆံတတ်တာက တကယ့်ကို လေးစားစရာပဲ…။"
"လူကြီးလူကောင်းတွေဆိုတာ လက်တွေ့ဘဝကို ပိုပြီး တန်ဖိုးထားတတ်ကြတယ်လို့ ကျွန်တော် ကြားဖူး ပါတယ်။ ဒီနေ့ မစ္စတာလျန်နဲ့ တွေ့မှပဲ ဒါဟာ တကယ့်အမှန်တရားဆိုတာ နားလည်သွားတော့တယ်…။"
"ဟုတ်တယ်... ကမ္ဘာကျော် သူဌေးကြီးတွေလည်း သူတို့ လုပ်ငန်းတွေ စလုပ်တုန်းက ဒီလိုပဲ လက်တွေ့ ဆင်းလုပ်ခဲ့ကြတာလေ။ ကျွန်တော်တို့တွေ မစ္စတာလျန်ဆီကနေ အများကြီး သင်ယူရဦးမယ်…။"
ထိုသို့ မြှောက်ပင့်နေကြသော လူလတ်ပိုင်း သူဌေးကြီးများကို ကြည့်ရင်း လျန်ထျန်း စဉ်းစားမိသည်မှာ သူတို့သည် သူတို့၏ သားများထက် အဆပေါင်းများစွာ ပို၍ လည်ပတ်သူများ ဖြစ်ကြသည်။ "ချင်းပင် သီးလေ အစပ်တိုးလေ" ဆိုသော စကားမှာ အလကား မဟုတ်ပေ။ လျန်ထျန်းက အေးစက်စက် လေသံ ဖြင့် ပြန်ပြောလိုက်သည်။
"အားလုံးပဲ... ဒီလောက်အထိ မြှောက်ပင့်နေဖို့ မလိုပါဘူး။ တကယ်တော့ ကျွန်တော်နဲ့ ခင်ဗျားတို့ရဲ့ သားတွေက အတန်းဖော်ဟောင်းတွေပါ။ ဒါကြောင့် ခင်ဗျားတို့ကို ဦးလေးလို့ ခေါ်ရမှာပေါ့…။"
"ဒါပေမဲ့ ကျောင်းတုန်းကလည်း သူတို့က ကျွန်တော့်ကို အထင်သေးခဲ့သလို အခုလည်း ထပ်တူပါပဲ။ ကျွန်တော် အစားအသောက်ပို့တဲ့ ဝတ်စုံ ဝတ်ထားတာကို မြင်တော့ နည်းမျိုးစုံနဲ့ လှောင်ပြောင် စော်ကား ကြတယ်။ ဒီမှာမရှိတဲ့ တခြားကျောင်းသူတစ်ယောက်ကိုလည်း အခြေအမြစ်မရှိတဲ့ စကားတွေနဲ့ စော်ကားခဲ့ကြသေးတယ်။ ဒါတွေကို ကြားရတာ ကျွန်တော် တကယ် စိတ်မကောင်းဖြစ်မိသလို သူတို့နဲ့ အတန်းဖော် ဖြစ်ခဲ့တာကိုတောင် ရှက်မိပါတယ်…။"
ထိုစကားကို ကြားသောအခါ သူဌေးကြီးများမှာ ခဏတာ ဆွံ့အသွားပြီးနောက် ချက်ချင်းပင် မိမိတို့၏ သားများကို ဖမ်းဆွဲကာ ရိုက်နှက်ဆုံးမကြလေတော့သည်။
"မင်းကို ငါ ဘယ်လိုသင်ပေးထားလဲ။ မစ္စတာလျန်ကို အခုချက်ချင်း တောင်းပန်စမ်း နောက်နောင် အပြင်မှာ မစ္စတာလျန်နဲ့ အတန်းဖော်လို့ မပြောနဲ့... 'ဦးလေးလျန်' လို့ပဲ ခေါ်ရမယ် ကြားလား…။"
စီးပွားရေးလောကတွင် ကျင်လည်နေသော ဤသူဌေးကြီးများမှာ လျန်ထျန်း၏ နောက်ခံအင်အားကို ကြောက်လန့်နေကြသည်။ ထို့ကြောင့် မိမိတို့ထက် အသက်( ၂၀) ခန့် ငယ်သော်လည်း လျန်ထျန်းကို ရိုသေပြနေကြခြင်းဖြစ်သည်။ စီးပွားရေးသမားများအတွက် အကျိုးအမြတ်ကသာ အဓိကဖြစ်သဖြင့် သားဖြစ်သူကို "ဦးလေး" ဟု ခေါ်ခိုင်းရရုံမက "အဖေ" ဟု ခေါ်ခိုင်းရမည်ဆိုလျှင်ပင် သူတို့ ဝန်လေး ကြမည် မဟုတ်ပေ။
အရိုက်ခံလိုက်ရသော သူဌေးလေးများမှာ ယခင်က မောက်မာမှုများ ပျောက်ကွယ်သွားပြီး လျန်ထျန်းရှေ့ တွင် ဦးညွှတ်ကာ "ဦးလေး" ဟု ခေါ်ရန် ပြင်လိုက်ကြ၏။ လျန်ထျန်းက ရှောင်ထွက်လိုက်ပြီး လက်ကာပြ လိုက်လေသည်။
"ကျွန်တော် အဲဒီလောက် မအိုသေးပါဘူး ဦးလေးလို့ ခေါ်ဖို့ မလိုပါဘူး။ ခင်ဗျားတို့ သားတွေကို စနစ် တကျ ပြန်ဆုံးမပေးဖို့ပဲ မျှော်လင့်ပါတယ်။ စကားပုံတစ်ခု ရှိတယ်မဟုတ်လား... 'သားသမီးမကောင်း မိဘခေါင်း' တဲ့။ စီးပွားရေးလုပ်ပြီး ပိုက်ဆံရှာတာကိုပဲ အာရုံစိုက်မနေဘဲ သားသမီးတွေကို ဆုံးမဖို့လည်း မမေ့ပါနဲ့…။"
လျန်ထျန်း၏ စကားကို ကြားသောအခါ သူဌေးကြီးများက တညီတညွတ်တည်း ခေါင်းညိတ်ကြသည်။
"ဟုတ်ကဲ့ပါ... မစ္စတာလျန် ပြောတာ မှန်ပါတယ်။ ပြန်ရောက်ရင် ဒီကောင့်ကို အသေရိုက်နှက်ပြီး ဆုံးမ လိုက်ပါ့မယ်။ မစ္စတာလျန်... ဒါဆိုရင် ကျွန်တော်တို့ သားတွေကို ခေါ်ပြီး ပြန်ခွင့်ပြုပါဦး။ ခင်ဗျားနဲ့ မန်နေဂျာချာတို့ ဆွေးနွေးစရာတွေ ရှိနေဦးမှာမို့ ကျွန်တော်တို့ မနှောင့်ယှက်တော့ပါဘူး..။"
သူတို့လူတစ်စု အခန်းထဲမှ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် လျန်ထျန်းက ပြန်ခေါ်လိုက်သည်။
"နေဦး... ခဏစောင့်ကြပါဦး…။"
သူတို့အားလုံး ထိတ်လန့်သွားကာ စိတ်မပါသော်လည်း အတင်းပြုံးပြီး ပြန်လှည့်လာကြရလေသည်။
"မစ္စတာလျန်... ဘာများ ခိုင်းစရာ ရှိလို့ပါလဲ ခင်ဗျာ…။"
လျန်ထျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒီနေ့ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို တခြား ဘယ်သူ့ကိုမှ မပြောစေချင်ဘူး။ အထူးသဖြင့် တခြား ကျောင်းနေဖက်ဟောင်းတွေဆီလည်း ဒီသတင်း မရောက်ပါစေနဲ့…။"
ထိုစကားကြောင့် သူဌေးကြီးများမှာ သက်ပြင်းချနိုင်သွားပြီး ကတိအထပ်ထပ် ပေးကာ အမြန်ထွက်ခွာ သွားကြလေတော့သည်။ နောက်ဆုံးတွင် အခန်းထဲ၌ လျန်ထျန်း၊ ချာကျီရှန့်နှင့် ချာရှင်းလုံတို့ သုံးယောက် သာ ကျန်ရစ်လေတော့သည်။
ချာကျီရှန့်မှာ လျန်ထျန်းကို ဖားချင်သော အပြုံးဖြင့် ငေးကြည့်နေပြီး ချာရှင်းလုံမှာမူ မြေကြီးထဲသို့သာ ငုပ်လျှိုးသွားချင်စိတ် ပေါက်နေတော့သည်။ လျန်ထျန်းကတော့ အေးဆေးစွာပင် ထိုင်နေရင်း သူတို့သား အဖ ဘာဆက်လုပ်မလဲဆိုသည်ကို စောင့်ကြည့်နေလိုက်သည်။
ခဏအကြာတွင် ချာကျီရှန့်က တုန်တုန်ရင်ရင်ဖြင့် မေးလိုက်၏။
"မစ္စတာလျန်... အခုလို ကိုင်တွယ်ဖြေရှင်းတာကို စိတ်ကျေနပ်မှု ရှိပါရဲ့လား ခင်ဗျာ…။"
လျန်ထျန်းက အသာခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်လေသည်။
"ရပါတယ်... ဒါပေမဲ့ အဲဒီ နှစ်ထောင်ယွမ်ဖိုး ရွှေဝယ်မယ့်ကိစ္စကိုတော့ နောက်ထပ် ခဏလောက်တော့ ထပ်စောင့်ကြည့်ရဦးမယ် ထင်တယ်...။"
အခန်း (၁၈)
ရွှေတုံးများ ပြည့်နှက်နေသော ကြည်ကာသေတ္တာ
လျန်ထျန်း၏ စကားကြောင့် ချာကျီရှန့်မှာ အကြီးအကျယ် ထိတ်လန့်သွားလေတော့သည်။
"မစ္စတာလျန်... နှစ်ထောင်ယွမ်ဖိုး ရွှေရင်းနှီးမြှုပ်နှံဖို့က ကျွန်တော်တို့ ကြိုတင်သဘောတူထားပြီးသား လေဗျာ နောက်ဆုတ်လို့ မရပါဘူး…။"
"ခင်ဗျား မကျေနပ်သေးတာ ရှိရင်လည်း ကျွန်တော့်ကို ပြောပါ။ ကျွန်တော် တတ်နိုင်သမျှ ဖြေရှင်းပေး ပါ့မယ်။ တကယ်ပါ... ကျွန်တော် ခင်ဗျားကို တောင်းပန်ပါတယ်။ နှစ်ထောင်ယွမ်ဆိုတာ ရွှေရင်းနှီးမြှုပ်နှံ မှုဆိုတာ သေးငယ်တဲ့ ပမာဏ မဟုတ်ပါဘူး။ ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့ဗျာ…။"
"ဒါမှမဟုတ်... ကျွန်တော့်ရဲ့ မိုက်မဲတဲ့ သားကို ခင်ဗျားရှေ့မှာ ဒူးထောက်ပြီး ကျေနပ်သည်အထိ တောင်းပန်ခိုင်းရမလား...။"
ဘေးနားတွင် ရပ်နေသော ချာရှင်းလုံမှာ ဖခင်ဖြစ်သူ၏ စကားကို ကြားသောအခါ လန့်ဖျန့်သွားပြီး မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် "အဖေ... အဖေက တကယ်ပဲ ကျွန်တော့်အဖေ ဟုတ်ရဲ့လား" ဆိုသည့် အဓိပ္ပာယ်များ ပြည့်နှက်နေခဲ့လေသည်။
လျန်ထျန်းက လက်ကာပြလိုက်ပြီး ပြောလိုက်၏။
"ဒူးထောက်တောင်းပန်ဖို့အထိတော့ မလိုပါဘူး။ အဲဒါက လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အရမ်းထိခိုက် စေတယ်။ ကျွန်တော်က အဲဒီလို လုပ်ရပ်မျိုးကို အားမပေးပါဘူး...။"
လျန်ထျန်း၏ စကားကြောင့် ချာရှင်းလုံမှာ သက်ပြင်းအသာချနိုင်သွားသည်။ သို့သော် သူ သက်ပြင်းချရုံ ရှိသေး... လျန်ထျန်းက ဆက်ပြောလိုက်သည်။
"သူ့ကို ကျွန်တော့်ကို 'အဖေ' လို့ပဲ ခေါ်ခိုင်းလိုက်ပါ။ အဲဒီအသံကို ကြားရရင် ကျွန်တော် စိတ်ကြည်သာ သွားပြီး အဲဒီ နှစ်ထောင်ယွမ်ဖိုး ရွှေကို ဝယ်လိုက်မိမှာပါ…။"
ထိုစကားကို ကြားရသောအခါ ချာကျီရှန့်၏ မျက်နှာ ပျက်သွားသည်။ ဖခင်တစ်ယောက်အနေဖြင့် မိမိ ရှေ့တွင် မိမိသားက တခြားတစ်ယောက်ကို "အဖေ" ဟု ခေါ်သည်ကို လက်ခံရန် ခက်ခဲလှသည်။ သို့သော် သူ၏ ဘဏ်မန်နေဂျာ ရာထူးနှင့် နှစ်ထောင်ယွမ်ဖိုး ရွှေရောင်းရလျှင် ရမည့် ကော်မရှင်ခကို တွေးမိသော အခါ...
"မြန်မြန်လုပ်... လုံအာ ဒီကိုလာပြီး သူ့ကို အဖေလို့ ခေါ်စမ်း…။"
ချာရှင်းလုံမှာ ကြောင်အမ်းအမ်းဖြင့် ရပ်နေမိသည်။
"အဖေ... အဖေ အတည်ပြောနေတာလား…။"
ချာကျီရှန့်က ဘာမှပြန်မပြောဘဲ သားဖြစ်သူကို လျန်ထျန်းရှေ့သို့ ဆွဲခေါ်သွားသည်။
"အော်ခေါ်စမ်း…။ အခုချက်ချင်း အော်ခေါ်…။"
"မစ္စတာလျန်က လက်ငင်းငွေ ငါးထောင်တောင် သုံးပြီး ရွှေရင်းနှီးမြှုပ်နှံနိုင်တာ... သူ့ရဲ့ ပိုင်ဆိုင်မှုက အနည်းဆုံး တစ်သောင်းကျော်မှာပဲ။ သူက တကယ့် သန်းကြွယ်သူဌေးပဲဟ…။"
"ဒီလို ပုဂ္ဂိုလ်ထူးက မင်းကို သားအဖြစ် အသိအမှတ်ပြုတာဟာ ဂုဏ်ယူစရာပဲ။ သူက ငါတို့ မိသားစုတစ် ခုလုံးကို ထမင်းကျွေးမယ့်သူပဲလေ။ သူ့ကို အဖေလို့ ခေါ်ရတာက မင်းအတွက် အရှက်ရစရာလား…။"
"မင်း အခုချက်ချင်း မခေါ်ရင် ငါကပဲ သူ့ကို အဖေလို့ အရင်ခေါ်လိုက်ရမလား။ အဲဒီကျရင် မင်းက သူ့ကို အဘိုးလို့ ခေါ်ရလိမ့်မယ်။ ဘယ်လိုလုပ်မလဲဆိုတာ မင်းဘာသာမင်း ဆုံးဖြတ်…။"
ပြောပြီးသည်နှင့် ချာကျီရှန့်သည် လျန်ထျန်းကို "အဖေ" ဟု ခေါ်ရန် ပြင်လိုက်သည်။ ထိုသည်ကို မြင် သောအခါ ချာရှင်းလုံမှာ ပျာပျာသလဲ ရှေ့တိုးလာပြီး...
"ကျွန်တော် ခေါ်ပါ့မယ်... ခေါ်ပါ့မယ်... ဟုတ်ပြီလား…။"
သူ ခဏတာ တုံ့ဆိုင်းသွားပြီးမှ လျန်ထျန်းကို ကြည့်ကာ ခေါင်းငုံ့ပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက် သည်။
"အ…အဖေ... အဖေ..."
လျန်ထျန်းက နားကို လက်သန်းဖြင့် ကလော်လိုက်ပြီး အနားသို့ တိုးကာ ပြောလိုက်၏။
"ဘာပြောလိုက်တာလဲ…။ အသံက သိပ်တိုးနေတော့ ငါမကြားရဘူး…။"
ချာရှင်းလုံမှာ ဒေါသကြောင့် အံကြိတ်ထားရသော်လည်း အသံကိုမြှင့်ကာ အော်ပြောလိုက်တော့သည်။
"အဖေ…."
"အေး... သား"
လျန်ထျန်းက မဆိုင်းမတွပင် ထူးလိုက်သည်။ ချာရှင်းလုံသည် ယခင်က ဝမ်ရှောင်ရို့ကို စော်ကားမော် ကား ပြောဆိုရာတွင် ခေါင်းဆောင်ခဲ့သူ ဖြစ်သဖြင့် ဤ "အဖေ" ဟု ခေါ်ခိုင်းခြင်းမှာ သူ၏ လက်စားချေ မှုပင် ဖြစ်သည်။
ဘေးတွင် ရပ်နေသော ချာကျီရှန့်မှာမူ ပြုံးပြုံး ပြုံးပြုံးဖြင့်သာ ကြည့်နေတော့သည်။ မည်သို့ပင်ဆိုစေ လျန်ထျန်းသည် သူ၏ အကြီးဆုံး ဖောက်သည်ဖြစ်သဖြင့် မည်သည့်နည်းနှင့်မျှ အငြိုအငြင် မခံနိုင်ပေ။
အခြေအနေများ ပြီးဆုံးသွားပြီးနောက် ချာရှင်းလုံမှာ အိမ်ပြန်ကာ နောင်တရရန် စေလွှတ်ခြင်း ခံလိုက်ရ သည်။ ချာကျီရှန့်ကမူ လျန်ထျန်းကို ဘဏ်သို့ ရိုရိုသေသေ ဖိတ်ခေါ်ကာ နှစ်ထောင်ယွမ်ဖိုး ရွှေတုံးများကို အရောင်းအဝယ် ပြုလုပ်ပေးခဲ့လေသည်။
ငွေကြေးဖောင်းပွမှု မဖြစ်ခင်က ရွှေတစ်ဂရမ်လျှင် ယွမ်လေးရာနီးပါး ရှိခဲ့သော်လည်း ယခုအခါတွင် ကုန်ဈေးနှုန်းများ အဆတစ်သန်း ကျဆင်းသွားသဖြင့် ရွှေတစ်ဂရမ်မှာ လေးပြား (၀.၀၄ ယွမ်) သာ တန်ဖိုးရှိလေတော့သည်။ ထို့ကြောင့် နှစ်ထောင်ယွမ်သည် ရွှေဂရမ်ပေါင်း ငါးသန်း (သို့မဟုတ်) ရွှေပိဿာချိန် တစ်သောင်းခန့် ဝယ်ယူနိုင်လေသည်။
လျန်ထျန်းအနေဖြင့် ရွှေပိဿာချိန် တစ်သောင်းကို မသယ်နိုင်သော်လည်း စိုးရိမ်စရာမရှိပေ။ ချာကျီရှန့် က သယ်ယူပို့ဆောင်ရေးအတွက် ကားများ စီစဉ်ပေးခဲ့လေသည်။ ချာရှင်းလုံမှာ လူရှုပ်လေး ဖြစ်သော် လည်း သူ၏ဖခင် ချာကျီရှန့်မှာမူ အလုပ်ကိစ္စတွင် အလွန်စိတ်ချရသူ ဖြစ်သည်။
လက်နက်ကိုင် အစောင့်အရှောက် နှစ်ဦး ပါဝင်သော ငွေသယ်ကားဖြင့် ရွှေပိဿာချိန် တစ်သောင်းကို လျန်ထျန်း၏ "ထာ့ကျိယွီ ရိပ်သာ" ရှိ အိမ်သို့ ပို့ဆောင်ပေးခဲ့သည်။ လျန်ထျန်းသည် ထိုရပ်ကွက်တွင် အိမ်နှစ်လုံးဝယ်ထားပြီး တစ်လုံးကို သူ၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းရန် "လုံခြုံရေးအိမ်" အဖြစ် ပြောင်းလဲထားသည်။
ထိုအိမ်အတွင်း၌ အခြား ပရိဘောဂများ မရှိဘဲ ကျည်ကာ သံမဏိပြားများဖြင့် ပြုလုပ်ထားသော ကြည်ကာသေတ္တာကြီးများသာ ရှိသည်။ ရွှေပိဿာချိန် တစ်သောင်းကို ထည့်လိုက်သောအခါ ယခင်က ရှိပြီးသား တစ်သောင်းငါးထောင်နှင့်ပေါင်း၍ စုစုပေါင်း ရွှေပိဿာချိန် နှစ်သောင်းငါးထောင် ဖြစ်သွား လေသည်။
ရွှေသည် ထုထည်သိပ်သည်းသဖြင့် နှစ်သောင်းငါးထောင် ဆိုသော်လည်း ဗီရိုခန့်ရှိသော ကြည်ကာ သေတ္တာ တစ်လုံးစာသာ ရှိသည်။ ဤသည်မှာ ရွှေတုံးများကို လေလုံအိတ်များဖြင့် စနစ်တကျ ထုပ်ပိုး ထားသောကြောင့် ဖြစ်သည်။ သို့သော် ကြည်ကာသေတ္တာအတွင်း ပြည့်နှက်နေသော ရွှေတုံးများကို ကြည့်ရသည်မှာ အလွန်ပင် ခန့်ညားလှသော မြင်ကွင်းပင်ဖြစ်သည်။
*ဒီလိုဆိုရင် တစ်နေ့နေ့မှာ ကုန်ဈေးနှုန်းတွေ ပုံမှန်ပြန်ဖြစ်သွားရင်တောင် ငါက ရွှေအနည်းငယ် ရောင်း လိုက်ရုံနဲ့ အေးဆေး လူကုံထံဘဝနဲ့ နေလို့ရပြီ…။*
လျန်ထျန်းက စိတ်အေးလက်အေး တွေးလိုက်မိသည်။
သူ၏ ပိုင်ဆိုင်မှုများကို ကြည့်ပြီးနောက် လျန်ထျန်းက ဖုန်းထဲမှ ငွေလက်ကျန်ကို စစ်ဆေးလိုက်သည်။
*ဒါပေမဲ့ အခုတော့ အစားအသောက်ပို့ပြီး ပိုက်ဆံပြန်ရှာရဦးမယ်။ အိမ်ခြံမြေနဲ့ ရွှေတွေ ဝယ်လိုက်တာ ငါ့ရဲ့ စုဆောင်းငွေ အတော်များများ ကုန်သွားပြီ…။*
"ငါ့လက်ထဲမှာ ငွေသား ရာဂဏန်းပဲ ကျန်တော့ပေမဲ့ လက်ရှိ အခြေအနေအရ ဒါကလည်း အများကြီးပဲ။ ဒါပေမဲ့ ဝင်ငွေထက် သုံးငွေက ပိုများနေတာက ငါ့ကို စိတ်မသက်မသာ ဖြစ်စေတယ်။ အရင်တုန်းက ဆင်းရဲခဲ့ရတာကို ငါ တကယ် တွေးပြီး ကြောက်နေတုန်းပဲ...။"
ထိုသို့ တွေးတောရင်း လျန်ထျန်းသည် အချိန်စောနေသေးသဖြင့် သူ၏ လျှပ်စစ်စကူတာလေးကို စီးကာ အစားအသောက်ပို့ရန် ထွက်လာခဲ့သည်။ ပါဆယ်တစ်ခု ပို့လျှင် လေးငါးယွမ်၊ တစ်ခါတရံ ခြောက်ယွမ်၊ ခုနစ်ယွမ် ရတတ်သဖြင့် ငွေများ တိုးလာသည်ကို ကြည့်ကာ လျန်ထျန်းမှာ အလွန်ပျော်ရွှင်နေမိသည်။
ည (၉) နာရီအထိ အလုပ်လုပ်လိုက်ရာ တစ်နေ့တာအတွက် ဝင်ငွေ ယွမ် (၃၀၀) ရရှိခဲ့သည်။ ထို့နောက်မှ သာ သူ အိမ်ပြန်နားရန် ဆုံးဖြတ်လိုက်၏။ အဓိက ပြဿနာမှာ သူ၏ စကူတာ ဘက်ထရီ ကုန်သွားခြင်း ကြောင့်ပင်ဖြစ်သည်။
အိမ်အပြန်လမ်းတွင် လမ်းဘေးရှိ ဟော့ပေါ့ဆိုင်တစ်ဆိုင်ကို ဖြတ်အသွားတွင်...
ဆိုင်အတွင်းမှ ပစ္စည်းများ ရိုက်ခွဲသံ၊ အော်ဟစ်သံနှင့် ဆဲဆိုသံများ ကြားလိုက်ရသည်။ လျန်ထျန်းသည် ပုံမှန်အားဖြင့် သူတစ်ပါးကိစ္စတွင် ဝင်ပါလေ့မရှိသူ ဖြစ်သော်လည်း ဆိုင်အတွင်းမှ ထွက်ပေါ်လာသော မိန်းကလေးတစ်ဦး၏ ငိုသံကြောင့် သူ ရုတ်တရက် ရပ်တန့်သွားမိလိုက်သည်။
ထိုမိန်းကလေးမှာ ငိုရှိုက်ရင်း ပြောနေရှာသည်။
"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး သူ့ကို မရိုက်ကြပါနဲ့တော့... ကျွန်မအဖေကို မရိုက်ကြပါနဲ့...။"
ချက်ချင်းဆိုသလိုပင် ကြမ်းတမ်းသော အမျိုးသားအချို့၏ အသံများ ထွက်ပေါ်လာသည်။
"တောက်…။ မင်းအဖေက ငါတို့ဆီမှာ ပိုက်ဆံတွေ အများကြီး အကြွေးတင်ထားတာတောင် အပြင်မှာ ဟော့ပေါ့စားဖို့ ပိုက်ဆံရှိသေးတယ်ပေါ့။ ဒီနေ့ သူ့ကို ဒီဟော့ပေါ့အိုးထဲ ထည့်မပြုတ်လိုက်ရရင် ငါ့နာမည်ကို ဖျက်လိုက်မယ်…။"
"ဟုတ်တယ်... ဟော့ပေါ့စားဖို့ ပိုက်ဆံရှိပြီး အကြွေးဆပ်ဖို့ မရှိဘူးလား။ သူက မင်းအဖေဆိုတော့ မင်းပဲ အကြွေးတွေ အကုန်ဆပ်လိုက်တော့လေ…။"
"အဖေကြွေး သမီးဆပ်ဆိုတာ တရားမျှတပါတယ်။ ပိုက်ဆံမရှိရင်လည်း... ဟဲဟဲ... တခြားနည်းလမ်းနဲ့ အတိုး အရင်ပေးလို့ ရပါတယ်…။"
မိန်းကလေး၏ ငိုရှိုက်သံမှာ ထပ်မံ ထွက်ပေါ်လာပြန်သည်။
"အဖေ... အကြွေးတွေ အကုန်ဆပ်ဖို့ဆိုပြီး သမီးဆီက ပိုက်ဆံတွေ ယူသွားတာ မဟုတ်လား..။ ဘာလို့ အခုလို ထပ်လုပ်ရတာလဲ...။"
လျန်ထျန်းသည် ထိုမိန်းကလေး၏ အသံကို ချက်ချင်း မှတ်မိသွားသည်။ နောက်တစ်စက္ကန့်တွင် သူ၏ စကူတာကို ဆိုင်ရှေ့တွင် ရပ်ထားခဲ့ပြီး ဆိုင်ထဲသို့ အပြေးအလွှား ဝင်သွားလိုက်တော့သည်...။