အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း (၂၁) နင့်လို အစားအသောက်ပို့တဲ့သူက ဘာလို့ ဓာတ်လှေကား စီးချင်ရတာလဲ
လျန်ထျန်းသည် ဝမ်မိသားစု၏ ကုမ္ပဏီ၌ ရှယ်ယာများပိုင်ဆိုင်ရန် စိတ်ကူးမရှိခဲ့သော်လည်း ဝမ်ချန်ကျွင်း က အတင်းအကျပ် ပေးအပ်နေသဖြင့် သူ မငြင်းသာတော့ဘဲ လက်ခံလိုက်ရလေသည်။ ၎င်း၏ စေတနာ ကို ငြင်းပယ်ရန် ခက်ခဲလှသည် မဟုတ်ပါလား။
ထိုစဉ်က သူသည် ဤသို့သော အစပြုမှုလေးတစ်ခုကြောင့် နောင်တွင် အောင်မြင်မှု၏ ချိုမြိန်သော အရသာကို မြည်းစမ်းရကာ ကုမ္ပဏီများစွာ၌ ရင်းနှီးမြှုပ်နှံသူ ဖြစ်လာမည်ကိုတော့ မသိသေးချေ။
နောက်ပိုင်းတွင် စီးပွားရေးလောကထဲသို့ ခြေစုံပစ်ဝင်ခြင်းသည် သူ၏ ပိုင်ဆိုင်မှုတန်ဖိုးများကို မြှင့်တင် ရန် အကောင်းဆုံးသော နည်းလမ်းဖြစ်ကြောင်း လျန်ထျန်း သဘောပေါက်လာလိမ့်မည်။ သို့သော် ထို အကြောင်းမှာ နောင်မှပြောရမည့် ဇာတ်လမ်းပင် ဖြစ်လေသည်။
နောက်ရက်အနည်းငယ်အတွင်း လျန်ထျန်းသည် ပုံမှန်အတိုင်းပင် ငွေရှာရန်အတွက် အစားအသောက်ပို့ ဆောင်သူအဖြစ် ကြိုးစားပမ်းစား လုပ်ကိုင်နေခဲ့လေ၏။
ယခင်က အစားအသောက် အော်ဒါတစ်ခု ပို့ဆောင်လျှင် ကော်မရှင်ခ (၄) ယွမ် သို့မဟုတ် (၅) ယွမ်သာ ရရှိပြီး ခရီးဝေးလျှင် (၆ )ယွမ်၊ (၇) ယွမ်ခန့်သာ ရရှိတတ်သည်။ ထိုငွေများမှာ သွေးနှင့်ချွေးရင်းကာ မဖြစ် စလောက် ရှာဖွေရသော ငွေကြေးများသာ ဖြစ်၏။
လုံ့လစိုက်ထုတ်၍ တစ်ပြားတစ်ချပ်ချင်း စုဆောင်းမှသာ ဝမ်းရေးကို မနည်းဖြေရှင်းနိုင်ကြသည် မဟုတ် ပါလား။
သို့သော် ယခုမူ လျန်ထျန်းသည် ယခင်အတိုင်းပင် ကော်မရှင်ခ ရရှိနေသော်လည်း အကြောင်းရင်းမသိရ ဘဲ တစ်ကမ္ဘာလုံး၏ ကုန်ဈေးနှုန်းများမှာ အဆပေါင်း တစ်သန်းမျှ ထိုးဆင်းသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သူ၏ အော်ဒါတစ်ခုမှ ရရှိသော ပို့ဆောင်ခမှာ ယခင်ကထက် အဆပေါင်းတစ်သန်းမျှ ပိုမို တန်ဖိုးရှိနေလေသည်။ အော်ဒါတစ်ခု ပြီးဆုံးတိုင်း ထီပေါက်သကဲ့သို့ တန်ဖိုးရှိသော ငွေကြေးကို ရရှိနေ ခြင်းမှာ အံ့ဩဖွယ်ရာပင်။
ထိုတက်ကြွဖွယ်ရာ ခံစားချက်ကို မြတ်နိုးနေမိသော လျန်ထျန်းသည် အစားအသောက် ပို့ဆောင်ရာတွင် ပို၍ပင် စိတ်အားထက်သန်လာပြီး ပထမဆုံး ပန်းတိုင်အဖြစ် သူယခင်က သုံးစွဲခဲ့သမျှသော စုဆောင်း ငွေများကို ပြန်လည်ရရှိရန် ဆုံးဖြတ်လိုက်လေသည်။
ထိုနေ့ မွန်းလွဲပိုင်းတွင် လျန်ထျန်းသည် အော်ဒါလက်ခံသည့် စာမျက်နှာတွင် (၁၂) ယွမ်တန် အော်ဒါ အကြီးစားတစ်ခုကို ရရှိလိုက်သဖြင့် အလွန်ဝမ်းသာသွားသည်။ သို့သော် အခကြေးငွေ များပြားသည့် အတိုင်း ခရီးမှာလည်း (၁၀) ကီလိုမီတာခန့် ဝေးကွာလှသည်။
မည်သို့ပင်ဖြစ်စေ (၁၀) ကီလိုမီတာ ဝန်းကျင်အတွင်း ဖြစ်သဖြင့် လမ်းကြုံအော်ဒါလေးများကိုပါ တွဲယူ နိုင်သောကြောင့် လျန်ထျန်းအတွက် တွက်ခြေကိုက်လှပေသည်။ သူသည် ဤအလုပ်၌ ကျွမ်းကျင်လာ သည်နှင့်အမျှ မည်သည့်လမ်းကြောင်းကို အသုံးပြုရမည်၊ မည်မျှသော အော်ဒါများကို တစ်ပြိုင်နက် တွဲယူနိုင်မည် စသည်တို့ကို ကောင်းစွာ သိရှိလာပြီ ဖြစ်လေ၏။
တစ်ခါတစ်ရံတွင် လျန်ထျန်းက မိမိကိုယ်ကိုယ် ဤသို့ပင် နောက်ပြောင်ပြောဆိုတတ်သေး၏။
"အစားအသောက် ပို့ရတာက ငါ့ကို အချိန်စီမံခန့်ခွဲမှု ဆရာကြီး တစ်ယောက်ဖြစ်အောင် လုပ်ပေးနေ သလိုပဲ…။"
အစားအသောက်ပို့သူများအတွက် အချိန်သည် အရာအားလုံးပင်။ အချိန်တိုအတွင်း အော်ဒါများများ ပို့ဆောင်နိုင်မှသာ ငွေများများ ရနိုင်သည် မဟုတ်ပါလား။ လူအများက ပို့ဆောင်သူများ ငွေရလွယ် သည်ဟု ဆိုကြသော်လည်း သူတို့ မည်မျှပင်ပန်းဆင်းရဲစွာ လုပ်ကိုင်နေရသည်ကိုမူ မြင်တွေ့နိုင်မည် မဟုတ်ချေ။
ခရီးဝေးသော ဤအော်ဒါအတွက် အချိန် (၅၀) မိနစ်ကျော် ပေးထားသည်။ လျန်ထျန်းသည် လမ်းတစ် လျှောက်တွင် (၄) ယွမ်၊ (၅)ယွမ်တန် အော်ဒါငယ် နှစ်ခုကို အရင်ပို့ခဲ့လေသည်။ အချိန်ကို ကြည့်လိုက်ရာ နောက်ဆုံးအော်ဒါအတွက် မိနစ် (၂၀) ခန့် ကျန်သေးကြောင်း တွေ့လိုက်ရ၏။
အကွာအဝေးကို ပြန်လည်တွက်ချက်ကြည့်လျှင်လည်း သတ်မှတ်ချိန်အတွင်း ရောက်နိုင်ပြီး အဆင်ပြေ ပါက (၇) မိနစ်၊ (၈) မိနစ်ခန့် စော၍ပင် ရောက်နိုင်ပေသည်။ သို့သော် လျန်ထျန်းက အရှိန်မြှင့်၍ သွားနေ စဉ်မှာပင် ဝယ်ယူသူထံမှ ဖုန်းခေါ်ဆို၍ လောဆော်ခဲ့လာလေသည်။
ဖုန်းဖြေလိုက်သည်နှင့် တစ်ဖက်မှ စိတ်မရှည်သော အသံတစ်ခု ထွက်ပေါ်လာ၏။
"ဟဲ့... ပို့ဆောင်တဲ့သူ ရှင် ဘာဖြစ်နေတာလဲ။ ဒီလောက်ကြာနေတာ ကျွန်မ အစားအသောက်တွေ ဘာလို့ ရောက်မလာသေးတာလဲ….။"
လျန်ထျန်းသည် ထိုသို့သော အခြေအနေမျိုးကို ကျွမ်းကျင်စွာပင် ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။
"တောင်းပန်ပါတယ် ခင်ဗျား၊ ကျွန်တော် အမြန်ဆုံး ပို့ပေးနေပါတယ်။ နောက် (၁၀) မိနစ်လောက်ဆို ရောက်ပါပြီ ခေတ္တလောက် စိတ်ရှည်ပေးပါဦးခင်ဗျာ…။"
ယေဘုယျအားဖြင့် တစ်ဖက်လူက ဤအခြေအနေကို နားလည်ပေးနိုင်စမြဲ ဖြစ်သည်။ လျန်ထျန်း၏ တောင်းပန်စကားနှင့် ရောက်ရှိမည့် အချိန်ကို ပြောပြခြင်းမှာ ကျိုးကြောင်းဆီလျော်သော တုံ့ပြန်မှုပင်။ သို့သော် လျန်ထျန်း၏ စကားကို ကြားပြီးနောက် ထိုအမျိုးသမီးမှာ ဒေါသတကြီး အော်ဟစ်လေ တော့သည်။
"ဘာ... နောက် (၁၀) မိနစ်ဟုတ်လား…။ နင် ဘာတွေ လုပ်နေတာလဲ…။"
"နာရီဝက်ကျော်နေပြီ…၊ နင်တို့လို ပို့ဆောင်သူတွေက ဒီလောက်တောင် အလုပ်မတွင်ကျယ်ကြ ဘူးလား…။"
"ကျွန်မက စားဖို့ စောင့်နေတာ…၊ ဆာလွန်းလို့ ရောဂါရသွားရင် နင် တာဝန်ယူမှာလား…။"
၎င်းကို ကြားသောအခါ လျန်ထျန်း စိတ်ပျက်သွားမိသည်။ သူသည် စိတ်ရှည်သူ ဖြစ်သော်လည်း အနည်းငယ်တော့ ဒေါသထွက်လာ၏။ သို့သော် အလုပ်ကျင့်ဝတ်အရ စိတ်ကို ထိန်းချုပ်ထားပြီး -
"အမျိုးသမီး... ခင်ဗျားရဲ့ အော်ဒါက တော်တော်ဝေးပါတယ်၊ သတ်မှတ်ချိန်အတွင်း ရောက်အောင် ပို့ပေးမယ်လို့ ငါ ကတိပေးပါတယ်။ စိတ်ရှည်ပေးပါဦး...။"
သို့သော် ထိုအမျိုးသမီးမှာ စိတ်မရှည်တော့ဘဲ လျန်ထျန်း၏ စကားကို ဖြတ်ပြောကာ အော်ဟစ် လေတော့သည်။
"ဘာ သတ်မှတ်ချိန်လဲ။ နင်တို့လို ပို့ဆောင်သူတွေက ဒီလောက်တောင် တာဝန်မဲ့တာလား။ ဘာလို့ နောက်ဆုံးမိနစ်အထိ စောင့်ပို့နေရတာလဲ…။"
"ကျွန်မ ဘာမှနားမလည်ဘူး၊ (၅) မိနစ်အတွင်း ရောက်အောင်လာခဲ့၊ မဟုတ်ရင် နင့်ကို တိုင်ပစ်မယ်…။"
ထိုသို့ပြောပြီးနောက် အမျိုးသမီးက ဖုန်းချသွားလေသည်။ လျန်ထျန်း ခေတ္တမျှ မှင်တက်သွားပြီး မြေပုံ ပေါ်ရှိ အကွာအဝေးကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။
"(၅) မိနစ်... ဒါက မဖြစ်နိုင်တာပဲ။ ပြီးတော့ ငါ အချိန်နောက်ကျနေတာလည်း မဟုတ်ဘူး။ လမ်းမှာ အော်ဒါငယ် နှစ်ခု ပို့ခဲ့ပေမဲ့ အချိန်အများကြီး မကုန်ပါဘူး…။။"
"ထားလိုက်ပါတော့၊ အချိန်မီရောက်ရင် သူတိုင်ပေမဲ့လည်း အထမြောက်မှာ မဟုတ်ပါဘူး…။"
"သူက ငါ့ကို အမြန်လာပို့အောင် ခြိမ်းခြောက်တာပဲ ဖြစ်မှာပါ၊ ငါ အမြန်ဆုံး ရောက်အောင်ပဲ သွားလိုက် မယ်…။"
"ဒါနဲ့... သူ့အသံက ဘာလို့ ဒီလောက် ရင်းနှီးနေရတာလဲ။ ငါ သိတဲ့သူလား... ဘယ်မှာ ကြားဖူးပါလိမ့်…။"
လျန်ထျန်းသည် ထိုအသံကို ရင်းနှီးသလို ရှိသော်လည်း သေချာစွာ မမှတ်မိချေ။ ဖုန်းထဲမှ အသံမှာ အနည်းငယ် ကွဲပြားနေသဖြင့် သူ မမှတ်မိနိုင်ခြင်း ဖြစ်သည်။ သို့သော် ထိုအရာက အရေးမကြီးတော့ဘဲ အမြန်ရောက်ရန်သာ အဓိက ဖြစ်သည်။ လျန်ထျန်းတွင်လည်း စိုးရိမ်စရာ တစ်ခုရှိနေသေးသည်။
သူ၏ ပို့ဆောင်ခသည် ငွေကြေးတန်ဖိုး ကျဆင်းမှုဒဏ်ကို မခံရသော်လည်း အကယ်၍ သူ တိုင်ကြား ခံရ၍ ဒဏ်ကြေးဆောင်ရလျှင် ထိုဒဏ်ကြေးမှာလည်း ငွေကြေးတန်ဖိုး ကျဆင်းမှုဒဏ်ကို မခံရဘဲ မူလ အတိုင်း ဖြစ်နေမလားဟု သူ စိုးရိမ်နေမိသည်။ လတ်တလောတွင် သူ အတိုင်ခံရခြင်း မရှိသေးသဖြင့် မည်သို့ဖြစ်မည်ကို မသိနိုင်သေးချေ။
လျန်ထျန်းအနေဖြင့် ဤအခြေအနေကို စွန့်စား၍ အစမ်းသပ်မခံလိုပါ။ ဒဏ်ကြေးသာ ငွေကြေးဖောင်းပွ မှုဒဏ် မခံရဘဲ မူလအတိုင်း ရှိနေပါက ထိုဒဏ်ကြေးသည် ယခင်ကထက် များစွာ ပိုမိုနာကျင်စရာ ကောင်းပေလိမ့်မည်။ ထို့ကြောင့် ထိုဝယ်ယူသူမှာ သူသိသည့်သူ ဖြစ်နိုင်သဖြင့် တိုင်ကြားမည်မဟုတ် ဟုသာ သူ မျှော်လင့်နေမိသည်။
(၁၀) မိနစ်မပြည့်မီမှာပင် လျန်ထျန်းသည် ထိုအိမ်ရာဝန်းသို့ ရောက်ရှိသွားသည်။ အိမ်ရာ၏ အဝင်ဝကို ကြည့်ရုံဖြင့် ၎င်းမှာ လုံခြုံရေးအစောင့်များဖြင့် အဆင့်မြင့်အိမ်ရာတစ်ခု ဖြစ်ကြောင်း သိနိုင်ပေသည်။
လျန်ထျန်း အထဲသို့ ဝင်ရန် ကြိုးစားသော်လည်း လုံခြုံရေးအစောင့်က တားဆီးကာ ပြင်ပလူများ ဝင်ခွင့် မရှိကြောင်း ပြောဆိုလေသည်။ အခြားနည်းလမ်းမရှိသဖြင့် လျန်ထျန်း ဝယ်ယူသူထံ ဖုန်းခေါ်၍ အခြေ အနေကို ရှင်းပြရပြန်သည်။ သို့သော် ပြန်လည်ကြားလိုက်ရသည်မှာ ထိုအမျိုးသမီး၏ ဟိန်းဟောက် သံပင် ဖြစ်၏။
"ဘာ... အထဲဝင်လို့ မရဘူးဟုတ်လား…။"
"တခြားသူတွေ အကုန်ဝင်လို့ရနေတာ၊ ရှင်က ဘာလို့ မရရမှာလဲ…။"
"ရှင်က အလုပ်နှေးယုံတင်မကဘူး၊ အပေါ်တက်မပို့ချင်လို့ ဆင်ခြေပေးနေတာပဲ။ ကျွန်မကို တမင်သက် သက် ဒုက္ခပေးနေတာ မဟုတ်လား…။"
"ဘာမှ ထပ်မပြောနဲ့တော့၊ အခုပဲ တိုင်ကြားတဲ့ ဖုန်းကို ခေါ်လိုက်ပြီ…။"
ထိုသို့ပြောကာ အမျိုးသမီးက ဖုန်းပြန်ချသွားပြန်သည်။ လျန်ထျန်းသည် လုံခြုံရေးအစောင့်အား ကောင်း ကောင်းမွန်မွန် ပြောဆိုကာ ချော့မော့ရတော့သည်။ နောက်ဆုံးတွင် လုံခြုံရေးအား ကုတ်တစ်ဗူး ပေးလိုက်မှသာ အထဲသို့ ပေးဝင်လေတော့သည်။
သို့သော်လည်း အဆောက်အအုံအတွင်းရှိ ဓာတ်လှေကားဆီသို့ ရောက်သောအခါ လျန်ထျန်း အံ့အား သင့်သွားရပြန်သည်။ အဘယ်ကြောင့်ဆိုသော် ဤဓာတ်လှေကားမှာ ကတ်ရှိမှသာ စီးနင်း၍ ရသော ကြောင့် ဖြစ်လေ၏။
လျန်ထျန်းသည် အံကြိတ်ကာ ဝယ်ယူသူထံ နောက်တစ်ကြိမ် ဖုန်းခေါ်ရပြန်သည်။ ထိုအခါ အမျိုးသမီး၏ ဒေါသတကြီး အော်သံကို ထပ်မံကြားလိုက်ရ၏။
"ဓာတ်လှေကား… နင်က အစားအသောက်ပို့တဲ့သူပဲ ဘာလို့ ဓာတ်လှေကား စီးချင်ရတာလဲ။ ဓာတ်လှေ ကားဆိုတာ ကျွန်မတို့လို အိမ်ပိုင်ရှင်တွေ စီးဖို့ပဲလေ...။"
အခန်း (၂၂) ဒေါ်လေး
"ဟိုဘက်မှာ လှေကားရှိတယ်မဟုတ်လား တက်လာခဲ့လေ။ (၆) ထပ်ဆိုတာ ရှင်တို့အတွက် ဘာမှ မြင့်တာ မဟုတ်ပါဘူး…။"
"ဒီဘက်ခေတ် ပို့ဆောင်သူတွေက တော်တော် ပျင်းကြတာပဲ။ ပို့ခလည်း ရသေးတယ်၊ လှေကားတက်ဖို့ ကျတော့ အပင်ပန်း မခံချင်ကြဘူး။ ရှင်တို့က ဓာတ်လှေကားတောင် စီးချင်နေကြသေးတယ်ပေါ့…။"
"ကျွန်မ သတိပေးလိုက်မယ်၊ အမြန်လာခဲ့။ နင်က ကျွန်မ ပေးထားတဲ့ အချိန်ကျော်နေပြီ။ နောက် (၂) မိနစ် အတွင်း ကျွန်မဆီ မရောက်လာရင် တိုင်ပစ်မယ်လို့သာ မှတ်ထားလိုက်…။"
ထိုသို့ပြောပြီးနောက် အမျိုးသမီး၏ အသံမှာ ဖုန်းချသွားသဖြင့် ပြတ်တောက်သွားလေတော့သည်။ လျန်ထျန်းသည် ပို့ဆောင်ချိန်ကို ကြည့်လိုက်ရာ (၅) မိနစ်ခန့် ကျန်သေးကြောင်း တွေ့ရသဖြင့် အချိန်ဆွဲ မနေတော့ဘဲ လှေကားဆီသို့ ပြေးတက်သွားရတော့သည်။
ခြောက်ထပ်ဆိုသည်မှာ အလွန်မမြင့်သော်လည်း နိမ့်လှသည်တော့ မဟုတ်ချေ။ အချိန်လုရန်အတွက် လျန်ထျန်းသည် လှေကားထစ်များကို တစ်လှမ်းကျော် တက်ခဲ့ရာ (၂) မိနစ်ပင် မပြည့်မီ အပေါ်သို့ ရောက်ရှိသွား၏။ ခေတ္တမျှ ပြင်းထန်သော လှုပ်ရှားမှုကြောင့် သူသည် အမောတကော ဖြစ်နေပြီး အင်္ကျီမှာလည်း ချွေးများဖြင့် စိုရွှဲနေတော့သည်။
သို့သော် ဝယ်ယူသူ၏ တံခါးရှေ့သို့ ရောက်သောအခါ သူသည် အသက်ရှူနှုန်းကို အတတ်နိုင်ဆုံး ထိန်းညှိပြီး ပြုံးပြုံးလေးဖြင့် တံခါးကို အသာအယာ ခေါက်လိုက်လေသည်။
"ဝုန်း... "
တံခါးမှာ ဝုန်းခနဲ ပွင့်လာပြီး ဒေါသမျက်နှာဖြင့် အမျိုးသမီးတစ်ဦး ထွက်လာကာ အံကြိတ်၍ ဆဲဆိုလေ တော့သည်။
"နှေးလိုက်တာ။ နင်က လိပ်လား။ ကျွန်မကတော့..."
သို့သော် ထိုအမျိုးသမီး၏ ဆဲဆိုသံမှာ ယခုတစ်ကြိမ်တွင် ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် လျန်ထျန်းက သူမကို မှတ်မိသွားပြီး "ဒေါ်လေး..." ဟု ခေါ်လိုက်သောကြောင့် ဖြစ်သည်။
ထိုအမျိုးသမီးမှာ မှင်တက်သွားပြီး လျန်ထျန်းကို သေချာစိုက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
"ဩော်... ထျန်းဝန်ဝန်ရဲ့ သားကိုး။ ဘာလဲ... နင်က စာကောင်းကောင်း မသင်ခဲ့လို့ အခု အစားအသောက် လိုက်ပို့နေရတာလား…။"
ထျန်းဝန်ဝန်မှာ လျန်ထျန်း၏ မိခင်ဖြစ်သည်။ လျန်ထျန်း၏ ဦးလေးမှာ မိခင်၏ မောင်အရင်း ဖြစ်သဖြင့် ထိုဒေါ်လေးဖြစ်သူက လျန်ထျန်း၏ မိခင်ကို အစ်မဟု ခေါ်ဆိုရမည် ဖြစ်သော်လည်း လျန်ထျန်းတို့ မိသားစုမှာ ဆင်းရဲသဖြင့် သူမက တစ်ခါမျှ အရေးမလုပ်ခဲ့ချေ။ သူမသည် လျန်ထျန်း၏ မိခင်ကို အစ်မ ဟု မခေါ်ဘဲ အမြဲတမ်း နာမည်တပ်၍သာ ခေါ်ဆိုတတ်လေသည်။
ဦးလေးဖြစ်သူမှာလည်း သူ၏ စီးပွားရေးမှာ ဇနီးသည်ဘက်မှ မိသားစု၏ အကူအညီကြောင့် ချမ်းသာ လာခြင်း ဖြစ်သဖြင့် ဇနီးဖြစ်သူအား မလွန်ဆန်နိုင်ချေ။ ဦးလေး၏ စီးပွားရေးမှာ ဒေါ်လေးဖြစ်သူ၏ မိသားစုပိုင် သံမဏိလုပ်ငန်းပေါ်တွင် မှီခိုနေရသဖြင့် အိမ်တွင် ဒေါ်လေးဖြစ်သူကသာ အမြဲ အာဏာစက် ပြင်းထန်နေခြင်း ဖြစ်သည်။
လျန်ထျန်းသည် ဒေါ်လေးဖြစ်သူ၏ ကဲ့ရဲ့မှုကို အံ့ဩခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ငယ်စဉ် ကတည်းက ထိုဒေါ်လေးမှာ သူတို့မိသားစုကို အဖက်ဖက်မှ နှိမ့်ချဆက်ဆံခဲ့ပြီး ယခုထက် ပိုမိုဆိုးရွား သော စကားများကိုပင် မျက်နှာပြောင်တိုက်၍ ပြောဆိုလေ့ရှိသောကြောင့် ဖြစ်သည်။
လျန်ထျန်းသည် ဒေါသကို ထိန်းကာ အစားအသောက်ထုပ်ကို ကမ်းပေးလိုက်လေသည်။
"ဒေါ်လေး... အစားအသောက် ရောက်ပါပြီ။ ကျွန်တော် တခြားအော်ဒါတွေ ပို့ဖို့ ရှိသေးလို့ သွားလိုက် ပါဦးမယ်...။"
ထိုသို့ပြောပြီး လျန်ထျန်း အမြန်ထွက်ခွာရန် ပြင်လိုက်သော်လည်း ဒေါ်လေးဖြစ်သူက လှမ်းခေါ်လိုက် ၏။
"နေဦး…။"
ဒေါ်လေးဖြစ်သူက အစားအသောက်ထုပ်ကို လက်တစ်ချောင်းတည်းဖြင့် ကိုင်ကာ ရွံရှာဖွယ် အမူအရာ ဖြင့် ကြည့်လိုက်လေသည်။
"ဘာလို့ ဒီအိတ်က အပြင်မှာ စိုနေရတာလဲ။ ပြီးတော့ အနံ့ကလည်း ချဉ်စော်နံနေတာပဲ။ ဒါမျိုးကို ဘယ်သူက စားနိုင်မှာလဲ….။"
လျန်ထျန်း ကြည့်လိုက်ရာ အိတ်ပေါ်တွင် အရည်အစက်အချို့ကို တွေ့ရသည်။ ၎င်းမှာ ခြောက်ထပ်အထိ အမြန်ပြေးတက်လာစဉ်က သူ၏ ချွေးစက်အချို့ အိတ်ပေါ်သို့ မတော်တဆ ကျသွားခြင်းပင် ဖြစ်၏။
"လှေကားတက်တာ အမြန်လိုလို့ ချွေးထွက်သွားတာပါ။ ဒါပေမဲ့ အိတ်ကို သေချာချည်ထားလို့ အတွင်း ထဲကိုတော့ ချွေးမဝင်ပါဘူး...။"
သို့သော် လျန်ထျန်း စကားမဆုံးမီမှာပင် ဒေါ်လေးဖြစ်သူက အိတ်ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ရာ ဟင်းရည်များ လျန်ထျန်းအပေါ်သို့ စင်သွားလေတော့သည်။
"နင်က အစားအသောက်တောင် စနစ်တကျ မပို့တတ်ဘူးလား။ မလုပ်နိုင်ရင်လည်း မလုပ်နဲ့…။"
"ငယ်ငယ်ကလည်း စာမသင်၊ ကြီးလာတော့လည်း အလုပ်ကို ကောင်းကောင်းမလုပ်။ နင်က ဘာလုပ်စား မှာလဲ။ ငါက အမျိုးချင်းမို့လို့ သင်ခန်းစာပေးတဲ့ အနေနဲ့ တိုင်ပစ်မယ်။ ဒါမှ နင် ဒီလောကကြီးအကြောင်း သိမှာ…။"
ဒေါ်လေးဖြစ်သူက ဖုန်းထုတ်၍ တိုင်ကြားရန် ပြင်နေစဉ်မှာပင် ဓာတ်လှေကား ပွင့်လာပြီး ဦးလေးဖြစ်သူ ထွက်လာလေသည်။
"ရှောင်ထျန်း… မင်း ဒီကို ဘယ်လိုရောက်နေတာလဲ…။"
ဦးလေးဖြစ်သူက လျန်ထျန်းကို ချက်ချင်းမှတ်မိသွားပြီး မြေပြင်ပေါ်ရှိ အခြေအနေကို ကြည့်ကာ ဇနီး ဖြစ်သူကို အမြန်တားလိုက်လေသည်။
"အို... မင်း ဘာတွေ လုပ်နေတာလဲ။ ဒါ ငါတို့ တူလေးပဲလေ…။"
ဒေါ်လေးဖြစ်သူက ဦးလေးဖြစ်သူကို အံကြိတ်၍ ပြန်အော်လေသည်။
"ဒါ ရှင့်အပြစ်တွေပဲ…။"
"ရှင်က အချိန်မီပြန်မလာဘဲ စီးပွားရေးအကြောင်း ပြောနေလို့ ကျွန်မ အော်ဒါမှာလိုက်ရတာ။ ရှင့်မှာ ဘာစီးပွားရေး ပြောစရာ ရှိလို့လဲ။ ကျွန်မ မိသားစုက ပေးထားတဲ့ လုပ်ငန်းတွေနဲ့တင် မလောက်သေး ဘူးလား…။"
"ပြီးတော့ ရှင့်တူက အစားအသောက်ပေါ် ချွေးတွေ တစက်စက်ကျအောင် လုပ်ထားတာ။ ဘယ်သူက စားမှာလဲ။ ဘယ်သူလာလာ ကျွန်မတော့ ဒီနေ့ တိုင်ကို တိုင်မယ်…။"
ဦးလေးဖြစ်သူက အမျိုးမျိုး ချော့မော့ပြောဆိုကာ ချက်ချင်း ဟင်းချက်ပေးမည်ဟု ပြောမှသာ ဒေါ်လေး မှာ ငြိမ်ကျသွားလေတော့သည်။ ဦးလေးဖြစ်သူက လျန်ထျန်းကို အိမ်ထဲသို့ ဆွဲခေါ်ကာ -
"ရှောင်ထျန်း... ဒီနေ့ ညစာ ဒီမှာပဲ စားသွား။ ငါ မင်းကို ပြောစရာ ရှိတယ်…။"
လျန်ထျန်းက ငြင်းဆိုရန် ကြိုးစားသော်လည်း ဦးလေးက လက်မလွှတ်ဘဲ -
"စားသွားပါ။ အချိန်အများကြီး မကုန်ပါဘူး။ ဒီလို အစားအသောက် လိုက်ပို့နေတာက ရေရှည်အတွက် မကောင်းဘူး။ ငါ မင်းနဲ့ တကယ် ပြောစရာ ရှိလို့ပါ...။"