← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃) ဦးလေးဖြစ်သူ၏ မတတ်သာမှု

အမှန်အတိုင်းဆိုရသော် ဦးလေးဖြစ်သူမှာ ဟင်းချက် အလွန်ကောင်းသူ ဖြစ်၏။ သူ၏ ရုပ်ရည်မှာလည်း အသက် (၄၀) ကျော် အရွယ်ဖြစ်သော်လည်း အရပ်ရှည်ရှည်၊ ခန့်ခန့်ညားညားနှင့် ဆွဲဆောင်မှုရှိနေဆဲပင်။ ရုပ်ရည်ပိုင်းတွင် လျန်ထျန်းသည် သူ၏ဦးလေးနှင့် အတော်ပင် တူလှပေသည်။

ဟင်းလေးမျိုးနှင့် စွပ်ပြုတ်တစ်ခွက်ကို ခေတ္တအတွင်း ပြင်ဆင်ပြီးစီးသွားလေသည်။ ဒေါ်လေးဖြစ်သူမှာ စိတ်တိုနေဆဲဖြစ်သော်လည်း အရင်ဆုံးပင် တူကိုကောက်ကိုင်ကာ စားသောက်လေတော့သည်။

လျန်ထျန်းသည်လည်း ဦးလေး၏ လက်ရာကို မမြည်းစမ်းရသည်မှာ ကြာပြီဖြစ်၍ တူကိုကိုင်ကာ စတင်စားသောက်လိုက်၏။

ဦးလေးဖြစ်သူ ထျန်းကျန့်က လျန်ထျန်းအား ကြင်နာစွာ ကြည့်ရှုနေသော်လည်း မကြာမီပင် သက်ပြင်း ရှည်ကြီး တစ်ချက်ကို ချလိုက်လေသည်။

"ရှောင်ထျန်း... မင်း အလုပ်ကောင်းကောင်း မရသေးဘူးလား။ အရင်က မင်း အစားအသောက် ပို့နေ တယ်ဆိုတာ ငါ တစ်ခါမှ မကြားမိပါဘူး... အား... မင်းက အရမ်းကို ရိုးသားအေးဆေးလွန်းတာပဲ…။"

စကားတဝက်တွင် လျန်ထျန်းက ဘာမှပြန်မပြောရသေးခင်မှာပင် ဦးလေးဖြစ်သူမှာ လျန်ထျန်း၏ ပြော မထွက်သော အခက်အခဲများကို ကိုယ်ချင်းစာကာ ခန့်မှန်းမိသွားပုံရသည်။ အဘယ်ကြောင့်ဆိုသော် လျန်ထျန်းကသာ သူ့ကို အကူအညီတောင်းခဲ့လျှင် သူ၏ဇနီးသည်က မည်သို့မျှ သဘောတူမည်မဟုတ် ကြောင်း သူကိုယ်တိုင် ကောင်းစွာသိနေသောကြောင့် ဖြစ်၏။ ထိုမှတစ်ဆင့် အခြေအနေမှာ ပိုမိုဆိုးရွား သွားနိုင်ပေသည်။

သူ၏တူဖြစ်သူမှာ သူအား အခက်မတွေ့စေလိုသဖြင့် ဤနှစ်များအတွင်း ပင်ပန်းစွာ အလုပ်လုပ်နေရ သော်လည်း သူ့အား တစ်ခွန်းမျှ မဟခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထိုစဉ် ဒေါ်လေးဖြစ်သူက မျက်လုံးစောင်း ကြည့်ကာ ကဲ့ရဲ့လိုက်လေသည်။

"ရှင်တို့က ရိုးလေလေ၊ အသုံးမကျလေလေပဲ။ အစားအသောက် ပို့ရတာနဲ့ပဲ တန်ပါတယ်…။"

ဦးလေးနှင့် လျန်ထျန်းတို့မှာ ဘာမှပြန်မပြောဘဲ နေလိုက်ကြသည်။ ဤအမျိုးသမီး၏ နှုတ်သီးကောင်း လျှာပါးနိုင်မှုကို မည်သူမျှ ယှဉ်နိုင်မည်မဟုတ်ကြောင်း သူတို့သိကြပေသည်။ ဦးလေးဖြစ်သူက ဆက်ပြောပြန်လေသည်။

"ရှောင်ထျန်း... ငါ့အစ်မရော အခုတလော ဘယ်လိုနေသေးလဲ။ ငါလည်း အလုပ်တွေနဲ့ ရှုပ်နေလို့ သွားမကြည့်ဖြစ်တာ ကြာပြီကွာ…။"

"သူက ငယ်ငယ်က အလုပ်တွေ အရမ်းလုပ်ခဲ့တော့ ကျန်းမာရေး သိပ်မကောင်းဘူး။ သတိထားရမယ်။ အကယ်၍ မင်း ငါ့ဆီက အကူအညီ လိုတာရှိရင် သေချာပေါက် ပြောရမယ်နော်…။"

ဦးလေး၏ စိတ်ရင်းမှန်သော အမူအရာကို မြင်သော် လျန်ထျန်း ပြုံးလိုက်မိသည်။

"စိတ်မပူပါနဲ့ ဦးလေး။ ကျွန်တော် အမေကို ဆေးရုံမှာ စစ်ဆေးမှုတွေ လုပ်ပေးထားပါတယ်။ သူ အဆင်ပြေပါတယ်၊ စိတ်မပူပါနဲ့…။"

ဒေါ်လေးဖြစ်သူက ကြားဖြတ်၍ -

"အဆင်ပြေနေရင်လည်း ကောင်းတာပေါ့။ ဒါပေမဲ့ တစ်ခုခုဖြစ်လာရင်လည်း ငါတို့ဆီက အကူအညီကို လာမျှော်လင့်မနေနဲ့။ ငါတို့ ပိုက်ဆံတွေက ဒီအတိုင်း အလကား ရလာတာ မဟုတ်ဘူး…။"

"ကျွန်မ ပြောသားပဲ၊ ထျန်းဝန်ဝန်လို ဖျားနာနေတဲ့ အမျိုးသမီးက တစ်နေ့ကျရင် အဆုံးမရှိတဲ့ ကျင်းကြီး တစ်ခုလို ဖြစ်လာမှာလို့။ ဒါပေမဲ့ ဒါကလည်း သူ့ကံပဲလေ။ လူမှားပြီး လက်ထပ်မိတာရော၊ ဆေးကုဖို့ ပိုက်ဆံမရှိတာရောက သူကိုယ်တိုင် အသုံးမကျလို့ပဲ…။"

ထိုစကားကို ကြားသောအခါ ဦးလေးဖြစ်သူမှာ သည်းမခံနိုင်တော့ဘဲ အသံမာမာဖြင့် -

"တော်တော့... ဒါတွေက ပြောဖို့ လိုအပ်လို့လား…။"

သို့သော် ဦးလေးက တစ်ခွန်းသာ ပြောရသေးသည် ဒေါ်လေးဖြစ်သူက ဆယ်ခွန်းမက ပြန်အော်တော့ သည်။ ၎င်းအပြင် စားပွဲကို ရိုက်ကာ ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်။

"ဘာလဲ... ကျွန်မ ပြောတာ မှားလို့လား…။"

"ထျန်းဝန်ဝန် လက်ထပ်ခဲ့တဲ့ လူက အရူးတစ်ယောက်လိုပဲ။ သူများပြောသမျှ ယုံပြီး ပိုက်ဆံတွေ ချေးငှား ပြီး အလိမ်ခံခဲ့ရတာလေ…။"

"ကျွန်မသာ အချိန်မီ တားလိုက်လို့ မဟုတ်ရင် ရှင် ပိုက်ဆံချေးလိုက်ရင် အခုချိန်မှာ အဲဒီလူကို ဘယ်မှာ သွားရှာရမှန်းတောင် သိမှာမဟုတ်ဘူး…။"

"အကယ်၍ သူသာ တကယ်ချေးခဲ့ရင် အခု အဲဒီကြွေးတွေကို သားဖြစ်သူက ဆပ်ရမှာပေါ့။ ရှင့်တူကို ကြည့်ဦးလေ သူက ဘယ်လိုဆပ်မှာလဲ။ အစားအသောက် ပို့ပြီး ဆပ်မှာလား။ တစ်သက်လုံး ဆပ်ရင် တောင် ကျေမှာမဟုတ်ဘူး…။"

စက်သေနတ်ဖြင့် ပစ်သကဲ့သို့ ရက်ရက်စက်စက် ပြောဆိုနေသော စကားများကြောင့် ဦးလေးဖြစ်သူမှာ အကြိမ်ကြိမ် ကြားဖြတ်ပြောရန် ကြိုးစားသော်လည်း အခွင့်အရေးမရခဲ့ချေ။

"ထျန်းကျန့်… အခုတော့ ရှင်က ကျွန်မကို ကျေးဇူးကန်းတဲ့ အမူအရာတွေ ပြချင်နေပြီပေါ့လေ…။"

"ရှင်က တကယ့်ကို ကျေးဇူးကန်းတဲ့ လူပဲ။ အခု ကိုယ်ပိုင်ကုမ္ပဏီလေး ထောင်နိုင်ပြီး သူဌေးဖြစ်လာ တော့ ဘယ်သူ့ကျေးဇူးကြောင့်လဲဆိုတာ မေ့သွားပြီလား…။"

"ကျွန်မတို့ သားတောင်မှ ကျွန်မမိသားစု ကျေးဇူးကြောင့် နယ်မြေမန်နေဂျာ ဖြစ်လာပြီး တစ်နှစ်ကို လစာ (၁) ယွမ်ကျော် ရနေတာ…။"

"ကျွန်မ ဒီနေ့ အပြတ်ပြောလိုက်မယ် ထျန်းကျန့်... အကယ်၍ ရှင်သာ ကျွန်မမိသားစုဆီက ရတဲ့ ပိုက်ဆံ တွေကို သုံးပြီး ရှင့်ရဲ့ ထျန်းမိသားစုဝင်တွေကို ကူညီဖို့ ကြိုးစားရင်...။"

"ကျွန်မတို့မိသားစု ပေးထားသမျှ အရာအားလုံးကို အကုန်ပြန်သိမ်းပစ်မယ်….။"

"အတိုချုပ်ပြောရရင် ရှင့်ရဲ့ ထျန်းမိသားစုဝင် တစ်ယောက်မှ ကျွန်မတို့ရဲ့ ဩဇာအာဏာကို အလကား လာသုံးလို့ မရဘူး။ အဲဒါကို သေသေချာချာ မှတ်ထား…။"

မိမိ၏ တူဖြစ်သူရှေ့တွင် ဇနီးသည်၏ ကဲ့ရဲ့ရှုတ်ချမှုကို ခံလိုက်ရသော ဦးလေး ထျန်းကျန့်မှာ ဒေါသ ကြောင့် တစ်ကိုယ်လုံး တုန်ရင်နေသော်လည်း နောက်ဆုံးတွင် ကုလားထိုင်ပေါ်သို့သာ အားလျှော့ကာ ခွေကျသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ဒေါ်လေးဖြစ်သူ ပြောသည်မှာ မှန်နေသောကြောင့်ပင်။

သူဌေးအောက်က လက်ခွဲကုမ္ပဏီ တစ်ခုအဖြစ် လုပ်ကိုင်နေရသရွေ့ အရာရာတိုင်းမှာ သူတစ်ပါး လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်နေပေသည်။ ထျန်းကျန့်သည် ဤချုပ်ကိုင်မှုများမှ လွတ်မြောက်ရန် ကြိုးစားခဲ့ဖူးသော်လည်း အဓိက ကုမ္ပဏီကြီးမှာ နည်းပညာနှင့် အရင်းအမြစ်များကို လက်ဝါးကြီးအုပ် ထားသဖြင့် ရုန်းထွက်ရန် မလွယ်ကူခဲ့ချေ။

လတ်တလောတွင် ထျန်းကျန့်သည် စီးပွားရေးအခွင့်အလမ်းသစ်များကို ရှာဖွေရန် ကြိုးစားနေသော် လည်း ၎င်းအတွက် ငွေကြေးအမြောက်အမြား လိုအပ်နေသည်။ ထို့ကြောင့် အမှီအခိုကင်းသော လမ်းစ မတွေ့မချင်း သူသည် ဇနီးဖြစ်သူ၏ မိသားစုနှင့် အဆက်အသွယ် ဖြတ်တောက်ရဲခြင်း မရှိသေးချေ။ ယခု အခါ ဒေါ်လေးဖြစ်သူ မည်မျှပင် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုပါစေ သူသည် မတတ်သာဘဲ ငြိမ်ခံနေရတော့ သည်။

မူလက ထျန်းကျန့်သည် လျန်ထျန်းအား သူ၏ကုမ္ပဏီတွင် အလုပ်ခန့်ရန် စိတ်ကူးထားသော်လည်း ဒေါ်လေးဖြစ်သူက ဦးလေး၏ စိတ်ကူးကို ကြိုတင်သိရှိနေသဖြင့် စကားဦးသန်းကာ ပိတ်ပင်လိုက်ခြင်း ဖြစ်ပေသည်။

ထိုစဉ်မှာပင် တံခါးပွင့်လာပြီး လျန်ထျန်းနှင့် ရွယ်တူ လူငယ်နှစ်ဦး ဝင်လာကြသည်။ ထိုလူငယ်နှစ်ဦးကို မြင်သည်နှင့် တစ်ပြိုင်နက် စောစောက ဒေါသတကြီး ဖြစ်နေသော ဒေါ်လေးမှာ မျက်နှာထား ချက်ချင်း ပြောင်းသွားလေတော့သည်။

"အို... သားနဲ့ တူလေး ရောက်လာပြီပဲ….။ အလုပ်တွေနဲ့ ရှုပ်နေတာ မဟုတ်လား အခု အားသွား ပြီလား…။"

လူငယ်နှစ်ဦးလုံးမှာ ဝတ်စုံအပြည့်နှင့် နက်ကတိုင်များ စည်းထားကြပြီး ထောင်ထောင်လွှားလွှား အမူ အရာများ ရှိကြလေသည်။ လူငယ်တစ်ဦးမှာ လျန်ထျန်းကို မြင်သော် ခေတ္တမျှ ကြောင်ကြည့်နေပြီးမှ ပြုံးလိုက်သည်။

"ဒီ အစားအသောက် ပို့တဲ့သူက ဘယ်သူပါလိမ့်လို့ ငါ စဉ်းစားနေတာ၊ ငါ့အိမ်ကို ဘယ်လိုရောက်နေတာ လဲ။ ဩော်... ဝမ်းကွဲအစ်ကို လျန်ထျန်းကိုး…။"

"အစ်ကို... ဘယ်လိုဖြစ်လို့ ဒီလိုအခြေအနေ ရောက်သွားတာလဲ။ အရင်ကဆို အဖေက အစ်ကို့ကို စံပြ အဖြစ်ထားပြီး ငါ့ကို သင်ယူခိုင်းခဲ့တာ…။"

"ဒါပေမဲ့ အစ်ကိုက စံပြဖြစ်ဖို့တော့ အတော်လေး ဝေးနေသေးပုံပဲ။ ဘယ်လိုလဲ... မင်းအတွက် ဦးလေးရဲ့ ကုမ္ပဏီမှာ နေရာလေးတစ်ခုရအောင် ညီလေးက ကူညီပေးရမလား…။"

ဤလူငယ်မှာ လျန်ထျန်း၏ ဝမ်းကွဲညီအစ်ကို ဖြစ်သူ ထျန်းလဲ့ ဖြစ်၏။ ငယ်စဉ်က သူသည် လျန်ထျန်း၏ နောက်သို့ တကောက်ကောက် လိုက်ခဲ့ဖူးသော်လည်း ကြီးလာသောအခါ မိခင်ဖြစ်သူ၏ အကျင့်အတိုင်း စိတ်ကြီးဝင်ကာ လျန်ထျန်းကို အထင်သေးလာသူ ဖြစ်၏။

ထျန်းလဲ့ စကားအဆုံးတွင် ဒေါ်လေးဖြစ်သူက ဝင်ပြောပြန်လေသည်။

"သားရယ်... အသုံးမကျတဲ့ အစ်ကို့ကို ဂရုမစိုက်ပါနဲ့။ သူက အစားအသောက်တောင် စနစ်တကျ မပို့တတ်တဲ့သူ။ ကုမ္ပဏီထဲ ထည့်ထားရင် ပြဿနာတွေပဲ တက်လိမ့်မယ်…။"

"သားက အခုမှ တိုးတက်နေတဲ့ အချိန်ဆိုတော့ ဒီလို လူစားမျိုးတွေနဲ့ မပတ်သက်တာ အကောင်းဆုံးပဲ။"

"ပြီးတော့ အမေ့ရဲ့ တူကြီး... သားရဲ့ ဝမ်းကွဲကို သေသေချာချာ စောင့်ရှောက်လိုက်ဦးနော်။ သားကုမ္ပဏီ ကို လွှဲယူပြီးရင် သူက သားရဲ့ လက်ရုံးဖြစ်လာမှာ…။"

"ဟင်.. တူလေး... ဘာဖြစ်လို့လဲ။ ဘာကို အဲဒီလောက် စိုက်ကြည့်နေတာလဲ…။"

ဒေါ်လေးဖြစ်သူသည် မိမိ၏ တူဖြစ်သူ (မိသားစုကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌ) မှာ အံ့ဩတုန်လှုပ်သော မျက်နှာထားဖြင့် တစ်ဖက်သို့ စိုက်ကြည့်နေသည်ကို သတိပြုမိသွားသည်။ ထိုသူ စိုက်ကြည့်နေသည်မှာ အစားအသောက် ပို့ဆောင်သူ ယူနီဖောင်း ဝတ်ဆင်ထားသည့် လျန်ထျန်း ဖြစ်နေလေတော့သည်။

အခန်း (၂၄) တကယ့်ဆွေမျိုးအရင်းအချာများ

"လျန်... လျန်ထျန်း…။"

ဒေါ်လေးဖြစ်သူ၏ တူကြီးဖြစ်သူ ရှီကျင်းသည် လျန်ထျန်းအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး အတော်ကြာမှ တုန်ရီနေသော အသံဖြင့် ခေါ်လိုက်လေသည်။ ထိုအသံကို ကြားသောအခါ လျန်ထျန်းက မော့ကြည့်လိုက်ပြီး ခေတ္တမျှ ကြောင်သွားကာမှ -

"ရှီကျင်းလား... တိုက်ဆိုင်လိုက်တာ…။"

မှန်ပေသည်။ သူတို့နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး သိကြပေသည်။ ၎င်းအပြင် လွန်ခဲ့သော ရက်အနည်းငယ် က ကျင်းပခဲ့သော သူဌေးသားများ၏ အတန်းဖော်ဟောင်း ပြန်လည်ဆုံဆည်းပွဲတွင်မှ တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ ရှီကျင်းမှာ ဒေါ်လေးဖြစ်သူ၏ ဆွေမျိုးတော်စပ်ပြီး သူမ၏ တူအရင်း ဖြစ်နေလိမ့်မည်ဟု လျန်ထျန်း အိပ်မက်ပင် မမက်ခဲ့ချေ။

သူတို့နှစ်ဦး သိနေသည်ကို မြင်သောအခါ ဒေါ်လေးဖြစ်သူမှာ အံ့ဩသွားပြီး -

"တူလေး... မင်းက ဒီကလေးကို သိလို့လား…။"

"အိုး... သူ့ကို ဂရုစိုက်မနေပါနဲ့။ သူက ထျန်းမိသားစုရဲ့ သာမန်ဆွေမျိုးတစ်ယောက်ပဲ၊ အစားအသောက် ပို့တဲ့သူ သက်သက်ပါ…။"

ရှီကျင်းက သူမအား သုတ်ခွင့်မပေးဘဲ လက်ကို အမြန်ဝှေ့ယမ်းကာ လျန်ထျန်းအား ဖားချင်သော အပြုံးဖြင့် ကြည့်လိုက်သည်။

"လျန်... လျန်ထျန်း... မင်းကလည်း ဒီမိသားစုရဲ့ ဆွေမျိုးဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး။ ဒါဆိုရင် ငါတို့လည်း ဆွေမျိုးတွေ ဖြစ်သွားပြီပေါ့…။"

၎င်းကို ကြားသောအခါ ဒေါ်လေးဖြစ်သူက မကျေမနပ်ဖြင့် -

"တူလေး... ဘာတွေ ပြောနေတာလဲ…။"

"ဒီကလေးရဲ့ မိသားစုက အရမ်းဆင်းရဲတာ။ အဒေါ်တို့က သူတို့နဲ့ အဆက်အသွယ် ဖြတ်ထားတာ ကြာပြီ၊ ဆွေမျိုးတောင် မဟုတ်ဘူး…။"

"သူနဲ့ မင်းနဲ့က ဘာမှ မသက်ဆိုင်ဘူး။ ဒီလို လူဆင်းရဲတွေနဲ့ မပတ်သက်ပါနဲ့ မဟုတ်ရင် သူက ခွာရခက် တဲ့ မျှော့တစ်ကောင်လို ကပ်နေလိမ့်မယ်...။"

ဒေါ်လေးဖြစ်သူမှာ လျန်ထျန်းက သူမတို့မိသားစုအပေါ် တစ်ခုခု အမြတ်ထုတ်မည်ကို စိုးရိမ်သဖြင့် အဆက်အသွယ် ဖြတ်ရန်သာ ကြိုးစားနေခြင်း ဖြစ်သည်။ သူမ မသိသည်မှာ သူမ ဤသို့ ပြောလိုက်တိုင်း ရှီကျင်း၏ နဖူးမှ ချွေးများမှာ ပို၍ စီးကျလာပြီး နောက်ဆုံးတွင် ရှီကျင်းက ဒေါသတကြီး အော်ဟစ် လိုက်လေတော့သည်။

"ဒေါ်လေး… ပါးစပ်ပိတ်ထားစမ်းပါ…။"

သူမတူ၏ အော်ဟစ်မှုကို ခံလိုက်ရသဖြင့် ဒေါ်လေး၏ စကားများမှာ ရပ်တန့်သွားတော့သည်။ ရှီကျင်းမှာ လူငယ်တစ်ဦး ဖြစ်သော်လည်း သူသည် ရှီမိသားစုလုပ်ငန်း၏ အနာဂတ် ဆက်ခံသူ ဖြစ်သဖြင့် ဒေါ်လေး မှာ သူ့အား အမြဲ ဖားနေရခြင်းပင် ဖြစ်သည်။

ရှီကျင်းမှာ အလွန်တုန်လှုပ်နေပုံရပြီး လျန်ထျန်းအား ပြန်လည်ဖားလိုက်လေသည်။

"လျန်ထျန်း... ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုပတ်သက်မှု ရှိနေမှတော့ ငါတို့ကို ဆွေမျိုးတွေလို့ သတ်မှတ်လို့ ရပါတယ်…။"

"အရင်က ငါ လုပ်ခဲ့မိတဲ့ အမှားတွေအတွက် စိတ်ထဲမထားပါနဲ့။ အဲဒါကြောင့်... ဝိုင်ရှိလား။ ငါ့ကိုယ်ငါ အပြစ်ပေးတဲ့အနေနဲ့ အရင်ဆုံး တစ်ခွက် သောက်ပါရစေ…။"

ရှီကျင်းမှာ စားပွဲပေါ်ရှိ ဝိုင်ခွက်ကို လောလောလောလော ရှာဖွေနေခဲ့သည်မှာ အမှားလုပ်ထားမိသော လက်အောက်ငယ်သား တစ်ဦးကဲ့သို့ပင်။ နောက်ဆုံးတွင် သူ၏ဦးလေး သောက်လက်စ ဘီယာပုလင်း ဝက်ကို ကောက်ကိုင်ကာ တစ်ခါတည်း မော့ချလိုက်လေတော့သည်။

တစ်မိသားစုလုံးမှာ ထိုအခြေအနေကို ကြည့်ပြီး မှင်တက်နေကြသည်။ ဒေါ်လေးဖြစ်သူမှာဆိုလျှင် သရဲ မြင်လိုက်ရသကဲ့သို့ပင်။ သူမ၏တူမှာ မည်မျှ မာနကြီးကြောင်း သူမ ကောင်းစွာ သိသည်။ သို့သော် ယခု မူ မည်သည့်အတွက်ကြောင့် လျန်ထျန်းရှေ့တွင် ဤမျှ နှိမ့်ချနေရသနည်း။ ဤလူဆင်းရဲမှာ အစား အသောက် ပို့တဲ့သူ မဟုတ်ပါလား။

ရှီကျင်းကတော့ ဟွာရုံဟိုတယ်မှ အဖြစ်အပျက်ကို ယနေ့တိုင် မေ့နိုင်ခြင်း မရှိသေးချေ။ ထိုစဉ်က လျန်ထျန်းအား အစားအသောက်ပို့သူဟု ထင်မှတ်ကာ အမျိုးမျိုး ကဲ့ရဲ့ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဘဏ်မန်နေဂျာနှင့် သူတို့၏ ဖခင်များပင် လျန်ထျန်းအား ရိုသေစွာ ဆက်ဆံနေရသည်ကို တွေ့လိုက်ရ သောအခါ သူတို့ မည်မျှ သေးနုပ်ကြောင်း သိရှိသွားခဲ့ကြသည်။

လျန်ထျန်း၏ နောက်ခံကို သေချာမသိရသော်လည်း ဘဏ်မန်နေဂျာ၏ အမူအရာနှင့် ယွမ် (၅,၀၀၀) တန် ရင်းနှီးမြှုပ်နှံမှု ရွှေများကို ဝယ်ယူနိုင်စွမ်းကို ကြည့်ရုံဖြင့် သူသည် သာမန်လူ မဟုတ်ကြောင်း သိနိုင်ပေ သည်။ ထိုသို့သောသူကသာ ရန်ငြိုးထားခဲ့လျှင် အကျိုးဆက်မှာ မတွေးဝံ့စရာပင်။

ထို့ကြောင့် ရှီကျင်းသည် ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ဒေါ်လေး ဖြစ်သူက လျန်ထျန်းအား နှင်ထုတ်ကာ စော်ကားနေခြင်းမှာ မီးလောင်ရာ လေပင့်နေသကဲ့သို့ ဖြစ်နေ သဖြင့် သူ ချွေးပြန်နေရခြင်း ဖြစ်၏။

"ပါးစပ်ပိတ်ထား" ဟု ပြောလိုက်ခြင်းမှာပင် ဒေါ်လေးအား မျက်နှာသာ ပေးလိုက်ခြင်း ဖြစ်ပေသည်။

သို့သော် အခြေအနေကို နားမလည်သော လူအချို့ ရှိနေသေးသည်။ ထျန်းလဲ့က လျန်ထျန်းအား ကြည့် ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဘာလို့လဲ…။"

"အဖေက အရင်က မင်းကို စံပြအဖြစ် ထားခဲ့ပေမဲ့ အခုတော့ မင်းက အစားအသောက် ပို့တဲ့သူ သက် သက်ပဲလေ။ ဒါကို ငါ့ဝမ်းကွဲက ဘာလို့ မင်းကို ဒီလို ဆက်ဆံနေရတာလဲ…။"

"ငါက မင်းထက် ဘာနိမ့်ကျလို့လဲ။ ဝမ်းကွဲ... အစ်ကို ရူးသွားပြီလား။ ဘာလို့ ဒီလို အနံ့အသက်မကောင်း တဲ့ ပို့ဆောင်သူကို ဒီလောက်အထိ ဆက်ဆံနေရတာလဲ…။"

"ဖြောင်း... "

ရှီကျင်းက လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်လိုက်ရာ ထျန်းလဲ့မှာ ပါးကိုကိုင်ကာ စကားပင် မပြောနိုင်တော့ ချေ။ ၎င်းကို မြင်သောအခါ ဒေါ်လေးဖြစ်သူက သူမ၏ သားကို အပြေးအလွှား သွားရောက် ဖက်ထား သော်လည်း သူမတူ၏ ဒေါသတကြီး မျက်နှာထားကြောင့် စကားကို မဝံ့မရဲ ပြောရှာလေသည်။

"တူလေး... ဘာလို့ ဒီလို လုပ်ရတာလဲ...။ "

"ဒီလို အစားအသောက် ပို့တဲ့ ဆွေမျိုးအဝေးကြီး တစ်ယောက်အတွက်နဲ့ ကိုယ့်မိသားစုဝင်ကို ရိုက်ရတာ တန်လို့လား...။"

ရှီကျင်းက ထပ်မံ မာန်မဲလိုက်ပြန်သည်။

"ပါးစပ်ကို ပိတ်ထားစမ်း…။"

"လျန်ထျန်းက ဘယ်လိုလုပ် ဆွေမျိုးအဝေးကြီး ဖြစ်မှာလဲ…။"

"ငါ ပြောလိုက်မယ်... အခုကစပြီး လျန်ထျန်းက ငါ့ရဲ့ အစ်ကိုအရင်းပဲ…။"

"ဘယ်သူမဆို ငါ့အစ်ကိုကို ထပ်ပြီး မရိုမသေ လုပ်ရင် ဒေါ်လေးဖြစ်နေပါစေ ငါ အားနာမှာ မဟုတ်ဘူး၊ နားလည်လား…။"

ဒေါ်လေး၏ မိသားစုမှာ တစ်ကယ့်ကို မှင်တက်သွားကြတော့သည်။ လျန်ထျန်းအား ဘာကြောင့် ရှီကျင်း က ဤမျှအထိ ရိုသေနေရသလဲဆိုသည်ကို သူတို့ မည်သို့မျှ တွေးမရနိုင်ချေ။

ထိုစဉ် လျန်ထျန်းက သက်ပြင်းချလိုက်ပြီး -

"ကဲ... အခြေအနေတွေက ဒီလိုဖြစ်လာမှတော့ ငါ ဟန်ဆောင်နေတာတွေကို ရပ်တန်းက ရပ်လိုက် တော့မယ်...။"

All Chapters