အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း (၂၉) မင်းကို အခွင့်အရေးတစ်ခု ပေးမယ်
အလုပ်မှ ထုတ်ပယ်ခံလိုက်ရပြီဟူသော စကားကို ကြားလိုက်ရချိန်တွင် ကုန်းစွန်းကျစ်၏ လက်များ တုန်ရီသွားပြီး သူအသစ်စက်စက် ဝယ်ယူထားသော iPhone ဖုန်းကြီးမှာ လက်ထဲမှ လွတ်ကျကာ မြေပြင်ပေါ်သို့ "ဒေါက်" ခနဲ ကျသွားလေတော့သည်။
နောက်တစ်စက္ကန့်တွင်မူ ကုန်းစွန်းကျစ်သည် မြေပေါ်ကျသွားသော ဖုန်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လျန်ထျန်း၏ ရှေ့တွင် "ဘုန်း" ခနဲ ဒူးထောက်ကာ ခြေထောက်ကို ဖက်တွယ်လေတော့သည်။
"လျန်ထျန်း... ငါ မှားသွားပါတယ်။ တောင်းပန်ပါတယ်….။"
"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ငါ့အတွက် ဘဏ်မန်နေဂျာချာကို အသနားခံပေးပါဦး။ ငါ့ကို အလုပ်က နေ မထုတ်ဖို့ ပြောပေးပါဦး…။"
"ဒီဘဏ်ခွဲမန်နေဂျာ ရာထူးကို ရဖို့ ငါ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲဆိုတာ မင်း သိမှာ မဟုတ် ပါဘူး…။"
"အကယ်၍ အခုသာ အလုပ်ပြုတ်သွားရင် ငါ ရင်းထားတာတွေ အကုန်ဆုံးရှုံးရုံတင်မကဘူး၊ ကြွေးမြီ တွေပါ အပုံအပင် တက်လာလိမ့်မယ်..။"
"မင်းကို တောင်းပန်ပါတယ်။ မင်းသာ ငါ့ကို မကူညီရင် ငါ ဆက်အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး။ မင်းက ငါ့ကို ဒီအတိုင်း အသေခံခိုင်းမှာ မဟုတ်ပါဘူးနော်...။"
သူ၏ခြေထောက်ကို ဖက်တွယ်ကာ နှပ်ချေးတရွဲရွဲ၊ မျက်ရည်တစမ်းစမ်းဖြင့် အသနားခံနေသော ကုန်းစွန်းကျစ်ကို ကြည့်ပြီး လျန်ထျန်း၏ စိတ်ထဲတွင် သနားစိတ် စိုးစဉ်းမျှ မရှိချေ။
သူသည် ကုန်းစွန်းကျစ်အား ခြေထောက်ဖြင့် ခါထုတ်လိုက်ပြီး -
"မင်းက ချေးငွေတွေ ရဖို့ လှည့်ကွက်တွေ သုံးပြီးမှ ဘဏ်ခွဲမန်နေဂျာ ဖြစ်လာတာပဲ၊ အဲဒါက ငါ့နဲ့ ဘာဆိုင်လို့လဲ…။"
"မင်းဟာ နှိမ့်ချမှု ဆိုတာကို မသိဘူး။ ငါ့ကို အစားအသောက် ပို့တဲ့သူဆိုပြီး မင်း စိတ်ကြိုက် စော်ကား ခဲ့တယ်၊ လှောင်ပြောင်ခဲ့တယ်၊ ခြိမ်းခြောက်ခဲ့တယ်…။"
"ပြီးတော့ ရှောင်ရို့... သူ့မိသားစုက စီးပွားရေးလုပ်နေတာ သိလို့ မင်းရဲ့ ရာထူးကို သုံးပြီး သူ့ကို အကျပ် ကိုင်ဖို့ ကြိုးစားခဲ့သေးတယ် မဟုတ်လား…။"
"ဒါတွေအားလုံးကို လုပ်ခဲ့တုန်းက အခုလို အကျိုးဆက်တွေ ကြုံရမယ်ဆိုတာ မင်း တွေးမိရဲ့လား…။"
ကုန်းစွန်းကျစ်မှာ ငိုယိုနေသော်လည်း လျန်ထျန်း၏ ခွင့်လွှတ်မှုကို ရရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့သဖြင့် မိမိပါးကို အကြိမ်ကြိမ် ပြန်ရိုက်လေတော့သည်။
သူသည် ပါးကို ရိုက်ရင်း ဤသို့ ပြောလေသည်။
"ငါ့အပြစ်တွေပါ။ ငါ မျက်စိမရှိလို့ လူမှားစော်ကားမိတာပါ။ ငါ လူကို အထင်သေးမိခဲ့တာပါ...။"
ကုန်းစွန်းကျစ် မိမိကိုယ်ကိုယ် နှိပ်စက်နေသည်ကို မြင်သောအခါ လျန်ထျန်းသည် အနည်းငယ် စိတ်မ သက်မသာ ဖြစ်သွားသဖြင့် တားလိုက်သည်။
"ကဲ... တော်ပြီ၊ တော်ပြီ။ ငါ ချာကျီရှန့်ဆီကို ဖုန်းပြန်ဆက်ပြီး မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်…။"
ထိုသို့ပြောကာ လျန်ထျန်းသည် ချာကျီရှန့်ထံသို့ ဖုန်းပြန်ခေါ်လိုက်သည်။
"ဘဏ်မန်နေဂျာချာ... ကုန်းစွန်းကျစ်က ငါ့ကို အမှန်တကယ် နောင်တရပြီး တောင်းပန်နေပါပြီ။ သူ့ရဲ့ စိတ်ရင်းကို ထောက်ထားပြီး သူ့ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးလိုက်ရအောင်…။"
ခေတ္တမျှ ရပ်ပြီးနောက် လျန်ထျန်းက ဆက်ပြောသည်။
"အဲဒီတော့...၊ သူက ဒီနေ့ကစပြီး ဘဏ်ခွဲအားလုံးရဲ့ အိမ်သာသန့်ရှင်းရေးကို တာဝန်ယူရမယ်။ နေ့တိုင်း အိမ်သာအားလုံးကို ပြောင်စင်နေအောင် သူကိုယ်တိုင် ဆေးရမယ်…။"
ပထမဆုံး စကားအနည်းငယ်ကို ကြားစဉ်က ကုန်းစွန်းကျစ်မှာ ပြုံးပျော်သွားခဲ့သော်လည်း အိမ်သာဆေး ရမည်ဟူသော အပိုင်းသို့ ရောက်သောအခါ မျက်နှာပျက်သွားပြီး ဒေါသတကြီး ထရပ်လိုက်သည်။
"ဘာ... အိမ်သာဆေးရမယ်ဟုတ်လား ငါ့ကို ဒီလို အရှက်ခွဲမယ့်အစား သေလိုက်တာကမှ ကောင်းဦးမယ် …။ ငါ..."
သို့သော် ကုန်းစွန်းကျစ်၏ စကားမဆုံးမီမှာပင် လျန်ထျန်းက ဆက်ပြောလိုက်သည်။
"သူ့ရဲ့ လစာကိုတော့ ဘဏ်ခွဲမန်နေဂျာ လစာအတိုင်းပဲ တစ်နှစ်ကို (၁) ယွမ် ပေးထားလိုက်ပါ…။"
၎င်းကို ကြားလိုက်ရသောအခါ ကုန်းစွန်းကျစ်သည် ပါးစပ်ဖျားသို့ ရောက်နေသော စကားဆိုးများကို ချက်ချင်း မျိုချလိုက်ပြီး မျက်နှာကို ဖားယားသော အပြုံးဖြင့် ပြောင်းလိုက်ကာ လက်နှစ်ဖက်ကို ပွတ် သပ်လေတော့သည်။
"ငါ အိမ်သာဆေးတာ တော်တော်ကျွမ်းကျင်ပါတယ်၊ စိတ်ချပါ။ ဒီနေ့ကစပြီး ဘဏ်ခွဲအားလုံးရဲ့ အိမ်သာ တွေကို စင်ကြယ်နေအောင် ငါ ကိုယ်တိုင် ဆေးပါ့မယ် ခင်ဗျား…။"
လျန်ထျန်းသည် ဖုန်းချလိုက်ပြီး သူ့အား ဖားယားနေသော ကုန်းစွန်းကျစ်ကို ကြည့်လိုက်သည်။
"ကောင်းပြီလေ...၊ ဒါဆိုရင် သေသေချာချာ လုပ်ပါ။ အကယ်၍ အိမ်သာတွေ မပြောင်ရင်တော့ ဒဏ်ကြေး ဆောင်ရလိမ့်မယ်…။"
"ပြီးတော့ တစ်ယောက်ယောက်ကို ငှားပြီး ဆေးခိုင်းလို့လည်း မရဘူး၊ မင်းကိုယ်တိုင် ဆေးရမယ်။ ဒါတွေကို ချာကျီရှန့်ကို ပြောထားပြီးပြီ၊ သူက လူလွှတ်ပြီး စောင့်ကြည့်လိမ့်မယ်…။"
ယခုအခါ ကုန်းစွန်းကျစ်သည် လျန်ထျန်း၏ ရှေ့တွင် စောစောက မာနများကို လုံးဝ ဖျောက်ပစ်လိုက်ပြီး ခါးညွှတ်ကာ ကတိအမျိုးမျိုး ပေးနေတော့သည်။ သူ ဤမျှ မြန်မြန်ဆန်ဆန် စိတ်ပြောင်းသွားသည်မှာ လည်း မဆန်းချေ။
အိမ်သာဆေးရုံဖြင့် ဘဏ်ခွဲမန်နေဂျာ၏ လစာနှင့် အကျိုးခံစားခွင့်များကို ရရှိမည်ဆိုသည်မှာ မည်သည့် နေရာတွင်မှ ရှာမရနိုင်သော အခွင့်အရေး မဟုတ်ပါလား။ ၎င်းအပြင် သူပေးဆပ်ရန် ရှိနေသော ချေးငွေ များအတွက်လည်း ဤလစာကောင်းသော အလုပ်ကို သူ အသည်းအသန် လိုအပ်နေခြင်း ဖြစ်သည်။
အရှက်နှင့် သိက္ခာဆိုသည်မှာ အသက်ရှင်သန်ရေးရှေ့တွင် ပြောစရာမလိုတော့ချေ။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ကုန်းစွန်းကျစ်သည် တစ်ဖန်ပြန်၍ ဖားယားတတ်သူ ဖြစ်လာပြန်သည်။ သို့သော် ယခုတစ်ကြိမ် သူဖားနေရသူမှာ နတ်သမီးလေး ဝမ်ရှောင်ရို့ မဟုတ်တော့ဘဲ လျန်ထျန်း ဖြစ်နေ လေတော့သည်။
လျန်ထျန်းသည် သူ့ကို ဂရုမစိုက်တော့ဘဲ သူ၏ဖုန်းကို ပြန်ယူကာ ဝမ်ရှောင်ရို့နှင့်အတူ စားသောက်ဆိုင် မှ ထွက်လာခဲ့တော့သည်။ လမ်းတွင် လမ်းဘေး၌ ကန်စွန်းဥဖုတ် ရောင်းနေသော အဖိုးအိုတစ်ဦးကို တွေ့ လိုက်ရသည်။ ညဉ့်နက်နေပြီ ဖြစ်သဖြင့် လမ်းသွားလမ်းလာ မရှိသလောက်ပင်။ သို့သော် အဖိုးအိုမှာ ထိုနေရာ၌ပင် ရှိနေဆဲ ဖြစ်ပြီး ရံဖန်ရံခါ အော်ရောင်းနေတတ်သည်။
"ကန်စွန်းဥဖုတ်... မွှေးကြိုင်နေတဲ့ ကန်စွန်းဥဖုတ်ပူပူလေးတွေ ရပါမယ်...။"
၎င်းကို မြင်သောအခါ လျန်ထျန်းက ဝမ်ရှောင်ရို့အား ပြောလိုက်သည်။
"စောစောက လူကြောင့် ငါ ကောင်းကောင်း မစားလိုက်ရဘူး။ ငါတို့ ကန်စွန်းဥဖုတ်လေး ဝယ်စားရ အောင်..။"
ဝမ်ရှောင်ရို့က ပြုံးလျက် ခေါင်းညိတ်ပြရာ လျန်ထျန်းက အဖိုးအိုအနားသို့ သွားပြီး မေးလိုက်သည်။
"ဦးလေး... ကန်စွန်းဥဖုတ်က ဘယ်လောက်လဲ ခင်ဗျား။"
အဖိုးအိုသည် ဧည့်သည်ကို မြင်သော် သူ၏ တွန့်လိပ်နေသော မျက်နှာထက်တွင် ကြင်နာသော အပြုံး တစ်ခု ပေါ်လာပြီး လက်နှစ်ချောင်း ထောင်ပြလိုက်သည်။
"ကန်စွန်းဥ အသေးလေး နှစ်လုံးပဲ ကျန်တော့တယ်၊ လိုချင်ရင် အကြွေစေ့ နှစ်စေ့ (၂ ပြား) ပဲ ပေးပါ။ အဘလည်း သိမ်းပြီး အိမ်ပြန်ရအောင်ပါ…။"
ငွေကြေးတန်ဖိုး မကျဆင်းမီကဆိုလျှင် ၂ ပြား (အကြွေစေ့နှစ်စေ့) မှာ ၂ ယွမ်နှင့်သာ ညီမျှပေသည်။ အဖိုးအို ထုတ်ပြလိုက်သော ကန်စွန်းဥနှစ်လုံးမှာလည်း အသေးစား မဟုတ်ဘဲ အတော်လေးပင် ကြီးမား လှသည်။ အခြားသူသာဆိုလျှင် ဤထက် အဆပေါင်းများစွာ ပိုတောင်းပေလိမ့်မည်။
လျန်ထျန်းက အနည်းငယ် နားမလည်သဖြင့် မေးလိုက်သည်။
"ဦးလေး... ဒါလေးပဲ ကျန်တော့တာကို ဦးလေးဘာသာ စားလိုက်ပြီး ဆိုင်သိမ်းလိုက်ပါလား။ ဘာလို့ ဒီလောက်ကြာအောင် စောင့်နေရတာလဲ…။"
အဖိုးအိုက ပြုံးလျက် ကြင်နာစွာ ပြန်ဖြေသည်။
"အကြွေစေ့ တစ်စေ့ဆိုရင်တောင် ငွေပဲလေ။ အဘလို လူကြီးက ဒါကို စားလိုက်ရင် အလကား ဖြစ်သွား မှာပေါ့…။"
"ပြီးတော့ အိမ်က ကလေးက နေမကောင်းလို့ ဆေးကုဖို့ ပိုက်ဆံ လိုနေတာ။ ပိုက်ဆံမပြည့်ရင် ဆေးရုံက ဆေးမထိုးပေးဘူးလေ…။"
၎င်းကို ကြားလိုက်ရသောအခါ ဤအဖိုးအိုသည် ညဉ့်နက်သန်းခေါင်အထိ သူ၏မြေးလေး ဆေးကုသခ အတွက် ငွေအနည်းငယ်ရရန် မည်မျှ ပင်ပန်းစွာ စောင့်ဆိုင်းနေရသည်ကို တွေးမိကာ လျန်ထျန်း ရင်ထဲ တွင် တဆစ်ဆစ် နာကျင်သွားရသည်။ သူကိုယ်တိုင်လည်း အမေ၏ ဆေးကုသခအတွက် နေ့ညမနား အလုပ်လုပ်ခဲ့ရသည် မဟုတ်ပါလား။ ထိုခံစားချက်ကို သူ အပြည့်အဝ ကိုယ်ချင်းစာမိသည်။
လျန်ထျန်းသည် လူငယ်ဖြစ်၍ အလုပ်ကြမ်း လုပ်နိုင်သေးသော်လည်း ရှေ့မှ အဖိုးအိုမှာမူ ကန်စွန်းဥ ရောင်းခြင်းမှတစ်ပါး အခြားအတတ်ပညာ ရှိပုံမရချေ။ လျန်ထျန်းသည် ချက်ချင်းပင် သူ၏ ပိုက်ဆံ အိတ်ကို ထုတ်လိုက်လေသည်။
အရင်တစ်ခါ ဦးလေးကို ပိုက်ဆံတွေ အကုန်ပေးခဲ့ပြီးနောက် သူသည် နောက်ပိုင်းသုံးရန်အတွက် အကြွေအချို့ကို ထည့်ထားခဲ့သည်။ သူသည် (၁) ယွမ်တန် ငွေစက္ကူတစ်ရွက်ကို ပြတ်သားစွာ ထုတ်ယူ ကာ အဖိုးအိုအား ကမ်းပေးလိုက်ပြီး -
"ဦးလေး...၊ ကျွန်တော့်မှာ အကြွေမပါလို့ပါ။ ဒါပေမဲ့ ဒီကန်စွန်းဥဖုတ်တွေကို ကျွန်တော် တကယ် ကြိုက် ပါတယ်။ ဒီပိုက်ဆံကိုပဲ ယူထားပါ၊ အကြွေပြန်အမ်းဖို့ မလိုပါဘူး….။"
ထိုသို့ပြောပြီး လျန်ထျန်းသည် ပိုက်ဆံကို ချထားခဲ့ကာ ကန်စွန်းဥနှစ်လုံးကို ယူ၍ ဝမ်ရှောင်ရို့ကို ဆွဲကာ အမြန်ထွက်လာခဲ့တော့သည်။ အဖိုးအိုသည် သူ၏လက်ထဲမှ ယွမ် ၁ ယွမ် (လက်ရှိပေါက်ဈေးအရ ယွမ် တစ်သန်းတန်ဖိုး) ကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး လျန်ထျန်းအား လှမ်းခေါ်ရန် ကြိုးစားသော်လည်း လျန်ထျန်းတို့မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြပြီ ဖြစ်သည်။
အဖိုးအိုသည် တုန်ရီနေသော လက်များဖြင့် ထိုငွေစက္ကူကို ဆုပ်ကိုင်ထားပြီး မျက်ရည်များ ဝဲလျက် တစ်ကိုယ်တည်း ရေရွတ်နေတော့သည်။
"တကယ့်ကို စိတ်ကောင်းရှိတဲ့သူပဲ...၊ တကယ့်ကို သူတော်ကောင်းလေးပါပဲ...။ ငါ့မြေးလေး အသက် ဆက်ဖို့ မျှော်လင့်ချက် ရှိသွားပြီ...။"
အခြားတစ်ဖက်တွင်မူ လျန်ထျန်းနှင့် ဝမ်ရှောင်ရို့တို့သည် ပန်းခြံတစ်ခုသို့ ရောက်သည်အထိ ပြေးလာခဲ့ ကြလေသည်။ ပန်းခြံအတွင်းရှိ သစ်ပင်ရိပ်အောက်မှ ခုံတန်းလျားတစ်ခုတွင် ထိုင်ကာ ကန်စွန်းဥများကို အခွံနွှာ၍ စားကြလေတော့သည်။
"အင်း...၊ ဒီ ကန်စွန်းဥဖုတ်က အဆင့်မြင့် စတိတ်အမဲသားပြားထက်တောင် ပိုပြီး မွှေးနေသလိုပဲနော်…။"
ဟု လျန်ထျန်းက မြိန်ရည်ယှက်ရည် စားရင်း ပြောလိုက်လေတော့သည်။
အခန်း (၃၀) ရင်ဖွင့်ခြင်း
"တကယ်ပဲ အဲဒီလောက်တောင် စားလို့ကောင်းနေတာလား။ ကြည့်ပါဦး...၊ စားနေတာ မျက်နှာတစ်ခုလုံး လည်း ပေပွနေတာပဲ…။"
ဝမ်ရှောင်ရို့က ပြုံးလျက် သူမ၏ အိတ်ထဲမှ တစ်ရှူးတစ်ရွက်ကို ထုတ်ကာ လျန်ထျန်း၏ မျက်နှာပေါ်တွင် ပေကျံနေသော ကန်စွန်းဥဖတ်လေးများကို အသာအယာ သုတ်ပေးလိုက်လေသည်။
သူမ၏ နူးညံ့သော လက်ချောင်းလေးများက မျက်နှာပေါ်သို့ ထိတွေ့သွားချိန်၊ လမ်းမီးရောင်အောက်တွင် ဝင်းပနေသော သူမ၏ လှပသည့် မျက်နှာလေးကို အနီးကပ် မြင်လိုက်ရချိန်တွင် လျန်ထျန်းမှာ ခေတ္တမျှ မှင်တက်သွားရလေသည်။
ဝမ်ရှောင်ရို့သည် သုတ်ပေးပြီးနောက် လျန်ထျန်းက သူမအား ငေးကြည့်နေသည်ကို သတိပြုမိသွားရာ သူမ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။ သူမသည် ခေါင်းလေးငုံ့ကာ တိုးတိုးလေး ပြောလိုက်၏။
"ဘာလို့ ကျွန်မကို အဲဒီလို ကြည့်နေတာလဲ။ ကျွန်မ မျက်နှာမှာလည်း တစ်ခုခု ပေနေလို့လားဟင်...။"
လျန်ထျန်းက အသိပြန်ဝင်လာပြီး အလျင်အမြန်ပင် -
"ဟင့်အင်း...၊ မဟုတ်ပါဘူး၊ မင်း မျက်နှာလေးက အရမ်းသန့်ရှင်းတယ်၊ အရမ်းဖြူစင်တယ်၊ ပြီးတော့... အရမ်းလည်း လှတယ်...။"
ထိုစကားအဆုံးတွင် နှစ်ဦးသား တိတ်ဆိတ်သွားကြပြီး ပန်းခြံအတွင်းရှိ လေထုမှာလည်း တစ်မျိုးတစ်ဖုံ ထူးခြားဆန်းပြားလာတော့သည်။ အတော်ကြာအောင် တိတ်ဆိတ်နေပြီးနောက် လျန်ထျန်းသည် နောက်ဆုံးတွင် သတ္တိကို မွေးမြူကာ ဖွင့်ပြောလိုက်လေသည်။
"ရှောင်ရို့...၊ တကယ်တော့ ငါ မင်းကို နှစ်သက်နေတာပါ။ ကျောင်းတုန်းကတည်းက ငါ မင်းကို သဘောကျခဲ့တာ...။"
"ဒါပေမဲ့ အဲဒီတုန်းက ငါ့ရဲ့ မိသားစု အခြေအနေက မင်းတို့နဲ့ အရမ်းကို ကွာခြားလွန်းခဲ့တယ်...။"
လျန်ထျန်း ဤသို့ ရင်ဖွင့်လိုက်ချိန်တွင် သူ၏ အမှတ်တရများမှာ အထက်တန်းကျောင်းသား ဘဝသို့ ပြန်လည်ရောက်ရှိသွားသည်။ ထိုစဉ်က သူသည် ဝမ်ရှောင်ရို့ကို အမှန်တကယ် စွဲလန်းခဲ့သော်လည်း မိမိ၏ ဆင်းရဲနွမ်းပါးလှသော ဘဝကို ပြန်တွေးမိတိုင်း အလိုလိုနေရင်း အားငယ်စိတ် ဝင်ခဲ့ရလေသည်။ ဝမ်ရှောင်ရို့၏ ဘဝကိုလည်း မိမိကြောင့် အနှောင့်အယှက် ဖြစ်မည်စိုးသဖြင့် ထိုခံစားချက်များကို ရင်ထဲ မှာပင် နက်နက်ရှိုင်းရှိုင်း မြှုပ်နှံထားခဲ့ခြင်း ဖြစ်၏။
ကျောင်းဆင်းပြီးနောက်တွင်လည်း သူ၏ မိသားစုမှာ ရုတ်တရက် အခက်အခဲနှင့် ကြုံခဲ့ရလေသည်။ ဖခင်ဖြစ်သူမှာ အလိမ်ခံရပြီး ကြွေးမြီများဖြင့် ထွက်ပြေးသွားခဲ့ကာ၊ မိခင်ဖြစ်သူမှာလည်း ပြင်းထန်စွာ ဖျားနာသဖြင့် ဆေးကုသခ အရေးပေါ် လိုအပ်လာခဲ့သည်။
မိသားစုကို ကူညီရန်အတွက် စာတော်သော လျန်ထျန်းသည် သူဝါသနာပါသော တက္ကသိုလ်လျှောက်လွှာ ကို စွန့်လွှတ်ကာ ပညာသင်ဆုပေးသည့် သက်မွေးဝမ်းကျောင်း ကောလိပ်သို့သာ တက်ရောက်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က လျန်ထျန်းအတွက် အမေ့ရောဂါ ကုသနိုင်ရန်မှာ အရေးအကြီးဆုံး ဖြစ်နေသောကြောင့်ပင်။
ဘွဲ့ရပြီးနောက်တွင်လည်း မိသားစုကို ထောက်ပံ့ရန် ငွေရှာသည့် အလုပ်ကိုသာ သူ ချက်ချင်း စတင်ခဲ့ ရသည်။ သာမန်ဘွဲ့လက်မှတ်လေးဖြင့် အလုပ်ရှာရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး နောက်ဆုံး တွင် သူသည် အစားအသောက် ပို့ဆောင်သူအဖြစ် လုပ်ကိုင်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ပင်ပန်းသော်လည်း အနည်းဆုံးတော့ ငွေရသည် မဟုတ်ပါလား။ သို့သော် ထိုငွေမှာလည်း မိသားစု စားဝတ်နေရေးနှင့် အမေ့ဆေးဖိုးအတွက်သာ မနည်း ဖြေရှင်းနေရခြင်း ဖြစ်သဖြင့် အခြားအရာများကို လျန်ထျန်း မမျှော်လင့်ရဲခဲ့ချေ။
ရင်ထဲမှ အချစ်ကို ညဉ့်နက်သန်းခေါင်ယံများတွင်သာ တိတ်တဆိတ် သတိရနေခဲ့ရလေသည်။
သို့သော် ယခုမူ အကြောင်းရင်းမသိရဘဲ တစ်ကမ္ဘာလုံး၏ ကုန်ဈေးနှုန်းများမှာ အဆပေါင်း တစ်သန်းမျှ ကျဆင်းသွားခဲ့သော်လည်း သူ၏ ငွေကြေးများနှင့် ပို့ဆောင်ခ ကော်မရှင်များမှာမူ မူလအတိုင်း ရှိနေခဲ့ ၏။ ငွေကြေးအင်အား ရှိလာသောအခါတွင်မှ လျန်ထျန်းသည် ဝမ်ရှောင်ရို့အပေါ် ထားရှိသော ခံစားချက် များကို ဖွင့်ပြောရန် သတ္တိရှိလာခြင်း ဖြစ်၏။ သူသည် ရင်ထဲရှိသမျှကို ဖွင့်ဟပြီးနောက် သူမ၏ အဖြေကို ရင်တထိတ်ထိတ်ဖြင့် စောင့်ဆိုင်းနေမိခဲ့သည်။
ဝမ်ရှောင်ရို့သည် လျန်ထျန်း၏ ရင်ဖွင့်စကားကို ကြားသောအခါ သူမ၏ လှပသော မျက်နှာလေးမှာ ပို၍ပင် နီမြန်းသွားသော်လည်း တဖြည်းဖြည်းနှင့် စိတ်မကောင်းဖြစ်နေသော အမူအရာ ပေါ်လာတော့ သည်။ နောက်ဆုံးတွင် သူမက စိတ်ပျက်လက်ပျက် အသံဖြင့် ပြောလိုက်လေသည်။
"လျန်ထျန်း... ရှင် ပြောသလိုပါပဲ၊ ကျွန်မတို့ရဲ့ မိသားစု အခြေအနေတွေက အရမ်းကို ကွာခြားလွန်း နေတယ်...။"
"ကျွန်မအဖေက ရှင်နဲ့ ပိုပြီး ရင်းနှီးအောင် လုပ်ဖို့ ကျွန်မကို အထူးမှာကြားခဲ့ပေမဲ့ အဲဒီလို လုပ်ရတာက ရှင့်ဆီကနေ အခွင့်အရေး ယူနေသလိုမျိုး ကျွန်မ ခံစားနေရတယ်…။"
"ဒီလို အခြေအနေမျိုးမှာ ရှင့်ကို နှစ်သက်တယ်လို့ ပြောဖို့ရော၊ ရှင့်ရဲ့ အချစ်ကို လက်ခံဖို့ရော ကျွန်မမှာ အခွင့်အရေး မရှိသလို ခံစားနေရတယ်...။"
ထိုသို့ပြောရင်း ဝမ်ရှောင်ရို့၏ အသံမှာ တုန်ရီလာပြီး သူမ၏ လှပသော မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲလာတော့သည်။ လျန်ထျန်းသည် ၎င်းကို မြင်သော် ရင်ထဲတွင် တဆစ်ဆစ် နာကျင်သွားရကာ အလျင် အမြန်ပင် ရှင်းပြလိုက်သည်။
"ရှောင်ရို့... မင်း နားလည်မှု လွဲနေပြီ။ ငါ ဆိုလိုတာက အရင်က ငါ့မိသားစု ဆင်းရဲခဲ့တုန်းက ငါ့ကိုယ် ငါ မင်းနဲ့ မတန်ဘူးလို့ ခံစားခဲ့ရတာပါ…။"
"အခုတော့ ငါ့မှာ ငွေရှိပြီ၊ အိမ်ရှိပြီ၊ ရွှေတွေရှိပြီ၊ ပြီးတော့ မင်းတို့ ကုမ္ပဏီရဲ့ ရှယ်ယာတွေလည်း ရှိနေပြီ။ ဒါကြောင့် မင်းကို ငါ ကောင်းကောင်း စောင့်ရှောက်နိုင်ပြီလို့ ယုံကြည်တဲ့အတွက် အခုလို ဖွင့်ပြောဖို့ သတ္တိရှိလာတာပါ…။"
"အကယ်၍ မင်းလည်း ငါ့ကို တကယ် ချစ်တယ်ဆိုရင် ငါတို့ အတူတူ ရှိကြရအောင်နော်...။"
ဝမ်ရှောင်ရို့က ခေါင်းခါပြလိုက်ပြီး လျန်ထျန်း၏ စကားကို ဖြတ်ပြောလိုက်သည်။
"ရှင် နားမလည်သေးဘူး။ ရှင်က အရမ်းကို ချမ်းသာလွန်းနေပြီ။ ဒါကြောင့် ကျွန်မအဖေကတောင် ရှင်နဲ့ နီးစပ်ဖို့ ကျွန်မကို တိုက်တွန်းနေတာ…။"
"ဒါပေမဲ့ ဒီလိုမျိုးဆိုရင် ကျွန်မတို့ရဲ့ ဆက်ဆံရေးက စီးပွားရေးအရ အပေးအယူ လုပ်သလိုမျိုး ဖြစ်သွား လိမ့်မယ်။ ခံစားချက်တွေက လက်နက်တစ်ခုလို ဖြစ်သွားမှာ...။"
"ကျွန်မ အဲဒီလိုမျိုး မဖြစ်ချင်ဘူး၊ တကယ်ကို မဖြစ်ချင်တာပါ...။"
ယခုတစ်ကြိမ်တွင်မူ လျန်ထျန်းက ဝမ်ရှောင်ရို့ကို ဖြတ်ပြောလိုက်ပြီး သူမအား သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းကျပ်စွာ ပွေ့ဖက်လိုက်လေသည်။
"ငါ နားလည်ပါတယ်...၊ ငါ နားလည်ပါတယ် ရှောင်ရို့။ ငါ မင်းကို ကောင်းကောင်း နားလည်ပေး နိုင်ပါတယ်…။"
"မင်း အိမ်တွေ ရောင်းနေတုန်းက တချို့လူတွေက ငွေနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တာကို မင်း အပြတ်ငြင်းခဲ့တယ် မဟုတ်လား…။"
"ပြီးတော့ မင်းက စီးပွားရေးသမား မိသားစုက လာတာဆိုတော့ ဒီလိုမျိုး အပေးအယူတွေကို ငယ်ငယ် ကတည်းက မြင်တွေ့ခဲ့ရမှာပဲ။ ဒါပေမဲ့ မင်းက အဲဒီလိုမျိုး အကျင့်ပျက်မသွားဘဲ အဲဒီအရာတွေကို မုန်းတီးနေခဲ့တာပဲ…။"
"အခု ဦးလေးပြောတဲ့ စကားအချို့ကြောင့် မင်းမှာ ဖိအားတွေ ရှိနေပြီး ငါတို့ရဲ့ ဆက်ဆံရေးက မဖြူစင် တော့ဘူးလို့ မင်း ထင်နေတာ မဟုတ်လား…။"
"တောင်းပန်ပါတယ်၊ အရင်က ငါလည်း မျှော်လင့်ချက်တွေ ရှိခဲ့ပေမဲ့ အခုတော့ ငါ နားလည်သွားပါပြီ။ မင်းက အဲဒီလို မိန်းကလေးမျိုး မဟုတ်ဘူးဆိုတာကိုပေါ့…။"
"အကယ်၍ မင်း ငါ့နဲ့ ရှိနေရင် အဲဒါက တကယ့်ကို ဖြူစင်တဲ့ ချစ်ခြင်းကြောင့်ပဲ ဖြစ်ရမယ်…။"
"ငါလည်း တူတူပါပဲ ငါ မင်းကို ချစ်တာဟာ ချစ်ခြင်းသက်သက်ပဲ တခြား ဘာမှ မပါဘူးဆိုတာကို ငါ ကတိပေးပါတယ်...။"
ထိုအခါမှ ဝမ်ရှောင်ရို့သည် ငိုနေသည်ကို ရပ်တန့်သွားပြီး လျန်ထျန်း၏ ရင်ခွင်ထဲတွင် ခေါင်းလေးကို မှီထားကာ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ လျန်ထျန်းမှာ အတိုင်းမသိ ဝမ်းသာသွားရသည်။
အဘယ်ကြောင့်ဆိုသော် ဝမ်ရှောင်ရို့သည် သူ့ကို လက်ခံလိုက်ပြီဖြစ်ကြောင်း သိလိုက်ရသောကြောင့် ပင်။ သို့သော် သူ၏ ဝမ်းသာမှုမှာ ကြာရှည်မခံလိုက်ချေ။ ဝမ်ရှောင်ရို့၏ နောက်ထပ်စကားကြောင့် သူ မှင်တက်သွားရပြန်သည်။
"ဒါဆိုရင်...၊ ရှင် ကျွန်မကို စောင့်နိုင်မလားဟင်…။"
လျန်ထျန်းမှာ သုံးစက္ကန့်ခန့် ကြောင်သွားပြီးမှ -
"မင်း...၊ ဘယ်ကို သွားမှာမလို့လဲ…။"
ဝမ်ရှောင်ရို့က ပြန်ဖြေသည်မှာ -
"အရင်က မိသားစု စီးပွားရေး အခက်အခဲရှိနေလို့ ကျွန်မ ကျောင်းခေတ္တနားပြီး အလုပ်ထွက်လုပ်ခဲ့တာ။ အခု အခြေအနေတွေ ပြန်ကောင်းသွားပြီဆိုတော့ ကျွန်မ နိုင်ငံခြားမှာ ပညာဆက်သင်ချင်တယ်။ နောက်ထပ် နှစ်နှစ်ကျော်လောက် လိုသေးတယ်လေ…။"
"ကျွန်မအဖေကတော့ ပညာသင်တာထက် ရှင်နဲ့ ဆက်ဆံရေး တည်ဆောက်ဖို့က ပိုအရေးကြီးတယ်လို့ ပြောပေမဲ့...။"
"အကယ်၍ ကျွန်မတို့ရဲ့ ခံစားချက်တွေက တကယ်ပဲ ဖြူစင်တယ်ဆိုရင် ကျွန်မ ပညာသင်ပြီးတဲ့အထိ ရှင် စောင့်နိုင်မှာ မဟုတ်လား…။"
၎င်းကို ကြားသောအခါ လျန်ထျန်းက ဝန်မလေးဘဲ -
"စောင့်နိုင်တာပေါ့၊ သေချာပေါက် ငါ မင်းကို စောင့်နေမှာပါ…။"
လျန်ထျန်း၏ ပြတ်သားသော အဖြေကို ကြားသော် ဝမ်ရှောင်ရို့ ချိုသာစွာ ပြုံးလိုက်လေသည်။
"ကောင်းပြီလေ။ ဒီနှစ်နှစ်ကို ရှင့်အတွက် စမ်းသပ်မှုလို့ သတ်မှတ်လိုက်မယ်။ အကယ်၍ ရှင်သာ ဒီစမ်းသပ်မှုကို အောင်မြင်ခဲ့ရင် ကျွန်မ ပြန်လာတဲ့အခါ ရှင့်ကို လက်ထပ်ပါ့မယ်…။"
"အကယ်၍ ရှင်က ကျွန်မနဲ့ မခွဲနိုင်လို့ ကျွန်မနဲ့အတူ နိုင်ငံခြားကို လိုက်ချင်တယ်ဆိုရင်လည်း ရပါတယ်။ ရှင် လိုက်ချင်ရဲ့လား…။"
လျန်ထျန်းသည် "လိုက်ချင်တာပေါ့" ဟု ပြောရန် ပြင်လိုက်သော်လည်း ဆေးရုံတွင် ရှိနေသော သူ၏ မိခင်ကို ချက်ချင်း သတိရသွားလေသည်။ သူ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ -
"ရှောင်ရို့...၊ အိမ်မှာ အားလုံး အဆင်ပြေနေရင်တော့ ငါ မင်းနဲ့အတူ သေချာပေါက် လိုက်ချင်တာပေါ့…။"
"ဒါပေမဲ့ ငါ့အမေက ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေရသေးတယ်၊ ခွဲစိတ်မှုတွေလည်း ထပ်လုပ် ဖို့ လိုသေးတယ်…။"
"ငါ အမေ့အတွက် ပြုစုစောင့်ရှောက်မယ့်သူတွေ ငှားထားပေးပေမဲ့ အမေ ခွဲစိတ်ခန်းထဲက ထွက်လာလို့ မျက်လုံးဖွင့်လိုက်တာနဲ့ ငါ့ကို မြင်စေချင်သေးတယ်လေ…။"
"ဒါပေမဲ့ ငါ့ကို ယုံကြည်ပါ..။ ငါ ဒီမှာ မင်းပြန်လာမယ့်အချိန်ကို စောင့်နေပါ့မယ်။ အဲဒီအချိန်ကျရင် အမေ့ ရောဂါလည်း လုံးဝ ပျောက်ကင်းသွားလောက်ပါပြီ…။"
"အဲဒီအချိန်ကျရင်တော့ ငါ မင်းကို အခမ်းနားဆုံးနဲ့ အတင့်တယ်ဆုံး လက်ထပ်ယူပါ့မယ်…။"
ဝမ်ရှောင်ရို့သည် ထိုစကားကို ကြားသော် အနည်းငယ် စိတ်မကောင်းဖြစ်သွားသော်လည်း နားလည်ပေး နိုင်သည့် အပြုံးလေးဖြင့် ပြန်ပြောလိုက်လေ၏။
"ကောင်းပါပြီ...၊ ဒါဆိုရင် ကျွန်မ နိုင်ငံခြားမသွားခင် ဆေးရုံက ဒေါ်လေးဆီကို အချိန်ပေးပြီး လာတွေ့ပါ့ မယ်...။"