← Chapters

နတ်ဘုရား ကွပ်မျက်ပြစ်ဒဏ်

Vol. 29 Ch. 401

နတ်ဘုရား ကွပ်မျက်ပြစ်ဒဏ်

Vol. 29 Ch. 401

စုမင်၏ စကားဆုံးသည်နှင့် အရှေ့သို့ ဆက်လက် တိုးဝင်သွားနေသော မျက်လုံးအိမ်မှာ လက်သီးဆုပ် အရွယ်အစားအထိ အလျင်အမြန် ကြီးထွားလာသည်။ ၎င်း၏ မျက်နှာပြင်အနှံ့ အနီရောင် သွေးကြောမျှင်များ ပျံ့နှံ့သွားပြီး ထိုမျက်လုံးအိမ်ပေါ်၌ ရှစ်ထောင့်အစီအရင်ကွက် တစ်ခု ခပ်ဖျော့ဖျော့ ပေါ်လာခဲ့၏။ ၎င်း၏ ထူးခြားသော ပုံစံကြောင့် မျက်လုံးအိမ်ထံမှ ထူးဆန်း ကြီးမြတ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေလေသည်။

ထိုမျက်လုံးအိမ်ကို စုမင် တွန်းထုတ်လိုက်သည့် တစ်ခဏ၌ တိထျန်းသည် မျက်လုံးများ တောက်ပသွားခဲ့သော်လည်း  တစ်ခဏပင် ရပ်တန့်သွားခြင်း မရှိခဲ့ချေ။ တိထျန်းသည် သူ၏ လှုပ်ရှားမှုကိုသာ ဆက်လက် ပြုလုပ်လိုက်ပြီး သူသာ ရှေ့ဆက်တိုးချင်ပါက ဤလောကရှိ မည်သည့်စွမ်းအား၊ မည်သူ တစ်ဦးတစ်ယောက်ကမျှ သူ့အား တားဆီးနိုင်စွမ်း မရှိသကဲ့သို့ပင်။

ဖုံးကွယ်နဂါးဂိုဏ်း၏ ရှေးဟောင်းကျင့်စဉ်မှာလည်း အလားတူပင် ဖြစ်၏။

ထို့အပြင် ရှေးဟောင်းကျင့်စဉ်၏ စွမ်းအားမှာ ဂုဏ်သတင်း ကျော်ကြားလှသော်ငြား ဖုံးကွယ်နဂါးဂိုဏ်းမှ အဘိုးအိုသည်တော့ ၎င်းကျင့်စဉ်၏ တစ်စွန်းတစ်စကိုသာ ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်၏။ ဆံနီစုမင်သည် ၎င်း ကျင့်စဉ်အား ပြီးပြည့်စုံလုနီးပါး အခြေအနေ ရောက်သည်အထိ အတန်ငယ် တွန်းပို့နိုင်ခဲ့သော်လည်း ၎င်းက ရှေးဟောင်းကျင့်စဉ်၏ အစစ်အမှန်ပုံစံနှင့်တော့ နှိုင်းယှဉ်နိုင်စွမ်း မရှိသေးချေ။ သို့သော်ငြား ၎င်းသည် ရှေးဟောင်းကျင့်စဉ် တစ်ခုဖြစ်၍ နတ်ဘုရား စွမ်းရည်၊ ကျင့်စဉ်များကြားမှာပင် အလွန်အမင်း မြင့်မားသော အဆင့်တစ်ခု၌ ရှိနေလေသည်။ ၎င်းတွင် ပါဝင်နေသော စွမ်းအားကပင် ကောင်းကင်နှင့် မြေပြင်အား ဖျက်စီးပစ်ရန် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

မျက်လုံးအိမ် ဖောင်းကားလာသည်နှင့် အမျှ ရှစ်ထောင့်အစီအရင်သည်လည်း တောက်ပလာပြီး ၎င်းအတွင်းမှ နက်မှောင်သော စွမ်းအားတစ်ခု တိုးထွက်လာသည်။ ထိုစွမ်းအား ဖြန့်ကျက် ထွက်ပေါ်လာသည်နှင့် မူလက လင်းထိန်နေခဲ့သော ကောင်းကင်မှာ ရုတ်ခြည်း မှောင်မည်းလာတော့၏။  လေထဲတွင်လည်း ရှင်းရှင်းလင်းလင်း မကြားရသော မပီမသ တတွတ်တွတ် ရေရွတ်သံများ ပဲ့တင်ထပ်လာခဲ့သည်။

ထိုအသံတို့မှာ ပိုမို ကျယ်လောင်လာပြီး အသံ အရေအတွက်များလည်း တိုးပွားလာခဲ့သည်။ အဆုံးတွင်တော့ ၎င်းတို့သည် ထိတ်လန့်ဖွယ် အသံပမာဏတစ်ခုအထိ ရောက်ရှိသွားပြီး ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေကာ နားများ အူသွားစေ၏။ ၎င်းအသံများက ထိုနယ်မြေအတွင်း မမြင်ရသော လူပေါင်းများစွာ ရှိနေသကဲ့သို့ပင်။ ထို့နောက် မျက်လုံးအိမ် အတွင်းရှိ ရှစ်ထောင့်အစီအရင်မှာ စတင်လည်ပတ်လာပြီး တဖြည်းဖြည်း မြန်ဆန်လာကာ မျက်စိတစ်မှိတ်အတွင်း မျက်လုံးအိမ်ကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ချေ။

တိထျန်းသည် ယခင်အတိုင်းပင် တည်ငြိမ်နေဆဲ မျက်နှာထားဖြင့် လျှောက်လှမ်းလာနေပြီး သူ့ပုံစံက မျက်လုံးအိမ်၏ ထူးဆန်းမှုနှင့် သူ့ပတ်ဝန်းကျင်ရှိ တီးတိုးရေရွတ်သံများကို လုံးလုံးလျားလျား ဂရုမစိုက်သကဲ့သို့ပင်။ သူသည် ညာလက်ဖြင့် လက်ဟန်သင်္ကေတ တစ်ခုသာ ပြုလုပ်လိုက်ပြီး ရှေ့ဆက်လျှောက်ရင်း မျက်လုံးအိမ်ထံ ထိုသင်္ကေတဖြင့် ညွှန်ပြလိုက်၏။

"ငါက မိုးကောင်းကင်ပဲ။ သက်ရှိအားလုံးရဲ့ ဖြစ်တည်မှုဟာ မိုးကောင်းကင် အောက်မှာပဲ တည်ရှိရတယ်။ ငါ့ အုပ်ချုပ်မှုအောက်မှာ သက်ရှိအားလုံးဟာ မတူကွဲပြားတဲ့ စိတ်ဝိညာဉ်တွေ ရရှိကြတယ်။ ငါသာ ဆန္ဒမပါရင် အဲဒီ စိတ်ဝိညာဉ်တွေကို ပြန်လည် ရိတ်သိမ်းနိုင်တယ်... ကောင်းကင်ဘုံ၏ ပျောက်ဆုံးစိတ်ဝိညာဉ်များ"

တိထျန်းသည် ထိုစကားတို့ကို ခံစားချက် အရိပ်အမြွက်ပင် မပါပဲ တည်ငြိမ်စွာ ပြောဆိုလိုက်ပြီး ညာလက်ညှိုးဖြင့် လေထဲရှိ မျက်လုံးအိမ်ထံ ညွှန်ပြလိုက်သည်။

သူ ထိုသို့ လုပ်လိုက်သည်နှင့် မျက်လုံးအိမ် အတွင်းရှိ ရှစ်ထောင့်အစီအရင် လှည့်ပတ်နေသော အရှိန်နှုန်းမှာ တစ်ဖြည်းဖြည်း လျော့ကျလာခဲ့၏။ သူတို့ ပတ်ဝန်းကျင်ရှိ တီးတိုးရေရွတ်သံများသည်လည်း အကန့်အသတ် တစ်ခုထံ ရောက်ရှိပြီးသွားဟန်ဖြင့် အားပျော့သည့် အရိပ်အယောင်များ စတင်ပြသလာပြီး ယခင်လောက် ကြမ်းတမ်းခြင်း မရှိတော့ချေ။

၎င်းတို့ပုံစံအရ လုံးလုံးလျားလျား ပျောက်ကွယ်သွားရန် အသက်ရှူကြိမ် အနည်းငယ်သာ ကြာမြင့်လိမ့်မည့်ပုံပင်။

စုမင်၏ မျက်နှာအမူအယာမှာ ချက်ချင်း မည်းမှောင်သွားခဲ့သည်။ သူသည် တိထျန်း၏ စွမ်းအားကြောင့် ထပ်မံ ထိတ်လန့်သွားခဲ့ရခြင်း ဖြစ်၏။

ထို့နောက် သူသည် ချက်ချင်းပင် လျှာကိုကိုက်ကာ သွေးတစ်ငုံ ထွေးထုတ်လိုက်ပြီး ခပ်တိုးတိုး ကြုံးဝါးလိုက်သည်။

"လျှို့ဝှက်ချက် ပျက်စီးလော့"

"တရားစီရင်ချက် ပေါက်ကွဲလော့"

စုမင်၏ စကားသံ ထွက်ပေါ်လာသည်နှင့် မျက်လုံးအိမ်ရှိ သွေးကြောမျှင်များထံမှ အနီရောင်အလင်းတစ်ဖြာ တောက်ပလာပြီး မျက်လုံးအိမ်တစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။ ၎င်းသည် ရုတ်တရက် ပေါက်ကွဲသွားပြီး အတွင်းမှ လှုပ်ရှားနေသည့် ရှစ်ထောင့်အစီအရင်မှာလည်း  တစ်ခုစီ ကွဲထွက်သွား၏။ ၎င်းတို့သည် မျက်လုံးအိမ်၏ ပေါက်ကွဲအားကို စုပ်ယူသွားပြီး အစီအရင် ရှစ်ခုမှာ ဆက်လက် လှုပ်ရှားလို့နေ၏။ ထို့နောက် ၎င်းတို့သည် ကျယ်လောင်စွာ အော်မြည်လျက် တိထျန်းထံ တိုးဝင်သွားကြလေသည်။

တစ်ချိန်တည်းမှာပင် ပတ်ဝန်းကျင် ဧရိယာအတွင်းရှိ တီးတိုးရေရွတ်သံများမှာလည်း အဆပေါင်းများစွာ ကျယ်လောင်လာခဲ့သည်။ ၎င်းတို့အားလုံးသည် တိထျန်းထံ တိုးဝင်သွားကြပြီး တိထျန်း၏ ပတ်ပတ်လည်၌ လှိုင်းဂယက်များနှင့် လေဟာနယ် ပုံပျက်မှုတို့ ဖြစ်ပေါ်လာခဲ့သည်။

ဤကျင့်စဉ်ဖြင့် တိထျန်းအပေါ် ကြီးကြီးမားမား မသက်ရောက်နိုင်မှန်း စုမင် သိနေ၏။ သို့သော် သူ့အား အသက်ရှူကြိမ် များစွာတော့ အချိန် ဆွဲထားနိုင်လောက်ပေလိမ့်မည်။ သို့ဖြစ်၍ ရှေးဟောင်းကျင့်စဉ်၏ ရလဒ်ကိုပင် စုမင် စောင့်ကြည့်မနေတော့ချေ။

သူသည် အလျင်အမြန်ပင် နောက်သို့ ဆုတ်ခွာလိုက်ရင်း လက်နှစ်ဖက်ဖြင့် လက်ဟန်သင်္ကေတများ စတင်ပြုလုပ်လိုက်သည်။ သူ၏ အနီရောင် ဆံပင်ရှည်တို့မှာ စွဲမက်ဖွယ်ကောင်းစွာ တောက်ပနေပြီး သူ့မျက်လုံးများ အတွင်းရှိ ကြက်သွေးနီရောင်တို့မှာလည်း ပိုမိုတောက်ပလာခဲ့သည်။ အမှန်စင်စစ် သူ့အရေပြားတို့ အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးသည်ပင် တောက်ပသော အနီစူးစူး အလင်းတို့ တောက်ပနေပြီး ကောင်းကင်အား ရောင်ပြန်ဟပ်နေလေသည်။

ထိုအနီရောင် အလင်းတို့မှာ သွေးနှင့် ဆင်တူလှပြီး ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခုသဖွယ် ဖြစ်ပေါ်လာခဲ့၏။

'ငါ မင်းရဲ့ ကိုယ်ပွားကိုတောင် မသတ်နိုင်ဘူး ဆိုတာတော့ မယုံဘူး' စုမင်၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာတစ်ခု ထွက်ပေါ်လာသည်။ သူသည် လက်ဟန်သင်္ကေတများ ပြုလုပ်နေရင်း ခန္ဓာကိုယ်အား ရုတ်တရက် လှည့်ပတ်လိုက်ကာ အနီရောင်လေပွေတစ်ခု အသွင် ပြောင်းလဲသွားသည်။ လေထုအတွင်း ညည်းညူကြုံးဝါးသံများ ပဲ့တင်ထပ်သွားပြီး စုမင်၏ အရေပြားပေါ်၌ သွေးသံရဲရဲ နေရာပေါင်းများစွာ ပေါ်လာခဲ့၏။

၎င်းတို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် စုမင်၏ အရေပြားမှ ပူပူနွေးနွေး သွေးတို့ စိမ့်ထွက်လာပြီး ၎င်းတို့အား လေပွေမှ စုပ်ယူသွားလေသည်။ အသက်ရှူကြိမ်ပေါင်း များစွာကြာပြီးနောက် လေပွေ၏ အပြင်ဘက် ဧရိယာတစ်ခုလုံးတွင် သွေးမြူ အလွှာတစ်ခု ပြည့်လာခဲ့သည်။

၎င်းတို့က စုမင်သွေးများ ဖြစ်သည်။

"သွေး ကျင့်စဉ်" စုမင် အသံက လေပွေအတွင်းမှ ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် စုမင်၏ မျက်နှာမှာ ဖြူဖျော့နေခဲ့ချေပြီ။ သူ့အခြေအနေ အထွတ်အထိပ်တွင် ရှိနေစဉ်ကသာ အသုံးပြုနိုင်ခဲ့သော ထို တားမြစ်ကျင့်စဉ်အား ထုတ်ဖော်နိုင်ရန်အတွက် သူ့ခန္ဓာကိုယ်မှ သွေးအများစုကို အတင်းအကြပ် တွန်းထုတ်ခဲ့ရလေ၏။

စုမင်ထံမှ စကားဆုံးသည်နှင့် အတွင်း၌ သူရှိနေခဲ့သော လေပွေမှာ ရုတ်ခြည်း ရပ်တန့်သွားသည်။ ၎င်း တစ်ခဏတာ အေးခဲရပ်တန့်သွားသည်နှင့် သွေးမြူများသည် လေပွေ၏ လည်ပတ်အားကို သုံး၍ ဖြန့်ကျက် ပျံ့နှံ့သွားကြ၏။ ၎င်းတို့က ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားပြီး မိုးကောင်းကင်မှာ ချက်ချင်း နီရဲသွားခဲ့သည်။ တစ်ချိန်တည်းလိုလိုပင် စုမင်သည်လည်း ညာခြေကိုဆောင့်၍ ပိုမိုမြင့်မားသော နေရာဆီ ခုန်တက်လိုက်ပြီး သွေးမြူများအတွင်း ဝင်ရောက် ပျောက်ကွယ်သွားခဲ့၏။

"ကောင်းကင်ဘုံ သန့်စင်ခြင်း"

ကောင်းကင်ထဲသို့ စုမင် တိုးဝင် ပျောက်ကွယ်သွားခဲ့သဖြင့် ၎င်း၏ ထွက်ပေါ်လာသော အသံက ကောင်းကင်ဘုံ၏ ကြုံးဝါးသံလိုပင်။ တဝီဝီ ဆူညံသံများ ပျံ့လွင့်လာပြီး သွေးမြူများ တဟုန်ထိုး များပြားလာသည်။ အချိန်တစ်ခဏသာ ကြာမြင့်ခဲ့ပြီးနောက် ၎င်းသွေးမြူများမှာ သွေးလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားချေသည်။

ကောင်းကင်တစ်ခွင်လုံးမှာ အဆုံးအစ မရှိသော သွေးပင်လယ်ကြီး တစ်ခုသဖွယ် ပြောင်းလဲသွားသည်။ ကောင်းကင်ယံရှိ ထိုသွေးပင်လယ်သည် ဒေါမာန်တကြီး အော်မြည်နေပြီး ပြင်းထန်သော လှိုင်းလုံးကြီးများအား ယူဆောင်လာ၏။ ဤမြင်ကွင်းသည် ကမ္ဘာပျက်နေသကဲ့သို့ ဖြစ်ပြီး အဝေးမှ မြင်ရသူတို့၏ စိတ်နှလုံးအား မယုံကြည်နိုင်မှုတို့ဖြင့် တုန်လှုပ်ချောက်ခြား သွားစေနိုင်လေသည်။

ကောင်းကင်တစ်ခွင် ပြည့်လျှံနေသော သွေးပင်လယ်ထဲမှ ဧရာမ မျက်နှာကြီးတစ်ခု ထွက်ပေါ်လာ၏။ သွေးပင်လယ် တစ်ဝက်လောက်ကို ဖုံးလွှမ်းနေသော ထိုမျက်နှာကြီးမှာ စုမင်၏ မျက်နှာပင် ဖြစ်သည်။

သွေးပင်လယ်သည် သူ၏ ဆံပင်များဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာတော့ တိုင်းတာ မရနိုင်သည်အထိ အလွန်ကြီးမား သွားသကဲ့သို့ပင်။ သူသည် ထိုနေရာတွင် ကောင်းကင်ဘုံ၏ စွမ်းအားသဖွယ် ရပ်လျက် တိထျန်းအား ဟိန်းဟောက်လိုက်၏။ ထို့နောက် သွေးပင်လယ်အား သူနှင့်အတူ သယ်ဆောင်၍ တိထျန်းထံ ပြေးဝင်သွားလေသည်။

ထိုအချိန်တွင်မူ တိထျန်း၏ ပတ်လည်ရှိ လေဟာနယ် ပုံပျက်မှုနှင့် လှိုင်းဂယက်များမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၍ အတွင်းရှိ သူ့ခန္ဓာကိုယ်က ထွက်ပေါ်လာခဲ့ချေပြီ။ သူသည် ညာလက်ကို မြှောက်လိုက်ရာ လက်ဖဝါးပေါ်တွင်တော့ သူ့ထံသို့ ယခင်က လည်ပတ်လျက် တိုးဝင်လာခဲ့သော ရှစ်ထောင့်အစီအရင် ရှိနေ၏။

တိထျန်းသည် ရှစ်ထောင့် အစီအရင်အား လက်ထဲတွင် ဆုပ်ကိုင်၍ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထို့နောက် သူသည် ညာလက်အား လက်သီးဆုပ်အဖြစ် ပြောင်းလိုက်ရာ ရှစ်ထောင့်အစီအရင်သည် အပိုင်းအစ များစွာအဖြစ် ပြိုကွဲပျက်စီးလျက် ပြုတ်ကျ ပြန့်ကျဲသွားတော့သည်။ ၎င်းတို့သည် တလက်လက် တောက်ပနေသော အလင်းမှုန် အလင်းစက်များ အဖြစ် ပြောင်းလဲသွားပြီး တစ်ခဏတာ တောက်ပနေပြီးနောက်မှ မှေးမှိန် ပျောက်ကွယ်သွားခဲ့ကြ၏။

"ငါ့လက်တစ်ချက် ဝှေ့ယမ်းလိုက်ရင်တောင် နေနဲ့လကို နှစ်မြုပ်ပစ်နိုင်တာကို မင်းကများ ငါ့အရှေ့မှာ ကောင်းကင်ကို စွန်းထင်းစေဖို့ သွေးတွေကို အသုံးပြုရဲတယ်ပေါ့"

တိထျန်းသည် ဖြည်းဖြည်းချင်း ပြောဆိုလိုက်ပြီး သူ့လက်အား ကောင်းကင်သို့ ဝှေ့ယမ်းလိုက်သည်။

ထို လှုပ်ရှားမှုကြောင့်ပင် သူ၏ ဧကရာဇ်ဝတ်ရုံမှာ ပိုမို တောက်ပလာခဲ့ပြီး ထို့နောက် အတန်ငယ် ပြန်လည်မှိန်ဖျော့သွားခဲ့၏။ သူ့မျက်နှာ ထက်တွင်လည်း အရေးအကြောင်း အချို့ ထွက်ပေါ်လာသော်ငြား ဂရုတစိုက် မကြည့်သရွေ့ ၎င်းတို့အား သတိပြုမိနိုင်ရန် ခဲယဉ်းလေသည်။

နေနှင့်လကို နှစ်မြုပ်ရန် ရည်ရွယ်ထားခဲ့သော ဤလှုပ်ရှားမှုသည် လွယ်ကူဟန် ထင်ရသော်လည်း အမှန်စင်စစ် တိထျန်း အတွက်ပင် ဤသည်က သာမန် လက်ဝှေ့ယမ်းမှုမျိုး ဟုတ်မနေခဲ့ချေ။

သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတို့ တိုးထွက်လာသည်။ ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများသည် သူ့အထက်ရှိ ကောင်းကင်ယံ၌ အလျင်အမြန် ပျံ့နှံ့သွားပြီး စုမင်၏ သွေးပင်လယ်ကြီးအောက်မှာပင် ဧရာမရွှေရောင်ပင်လယ်ကြီး တစ်ခုသဖွယ် ပြောင်းလဲသွား၏။ ထို ဧရာမ ရွှေပင်လယ်အတွင်း များပြားလှသော စွမ်းအင်ပမာဏတစ်ခု ပါဝင်နေလေသည်။

အကယ်၍ သွေးပင်လယ်သည် အခြားသူများအား ဆီနီစုမင်မှာ နတ်ဆိုးမိစ္ဆာတစ်ကောင်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေသည် ဆိုပါက သွေးပင်လယ်၏ ထူးခြားဆန်းကြယ်မှုနှင့် မတူညီသော တိထျန်းထံတွင်တော့ ဖြောင့်မတ်ခြင်း နှင့် တရားမျှတမှုများသာ ရှိနေသည်ဟု ခံစားရပေလိမ့်မည်။

ရွှေပင်လယ်အတွင်း လှိုင်းလုံးများ တဝုန်းဝုန်း ရိုက်ခတ်နေပြီး သွေးပင်လယ်နှင့် နီးကပ်လာသည်နှင့်

၎င်း၏ အသွင်အပြင်က ဝတ်ရုံလက် တစ်ခုအသွင် ပြောင်းလဲသွားသည်။ ရွှေပင်လယ်မှ ဖြစ်ပေါ်လာသော ရွှေရောင် ဝတ်ရုံလက်ကြီးက ၎င်းထံ တိုးဝင်လာသော သွေးပင်လယ်ထံ ဝှေ့ယမ်းလိုက်လေသည်။

၎င်းတို့နှစ်ခုသည် တစ်ခဏအတွင်းမှာပင် အချင်းချင်း တိုက်မိသွားကြ၏။ ကောင်းကင်ယံတွင် ကြောက်မက်ဖွယ် ပေါက်ကွဲသံတစ်ချက် မြည်ဟည်းသွားပြီး ရှာမန်နယ်မြေ၏ နေရာအနှံ့ဆီ ပျံ့နှံ့သွားပြီး ၎င်းက မြေပြင်ကိုပင် တုန်ခါသွားစေသည်။ ရှာမန်နယ်မြေထဲရှိ အစွမ်းထက် စစ်သည်တော်အားလုံးသည် ထိုအသံကို သတိပြုမိလိုက်ကြသလို မာန်စွမ်းအားရှင် နယ်မြေထဲရှိ အစွမ်းထက် စစ်သည်တော်များသည်လည်း ၎င်းအား ခံစားမိလိုက်ချေသည်။ ထို့နောက် ၎င်းတို့၏ စိတ်ဝိညာဉ်အထိပင် တုန်လှုပ်သွားခဲ့ကြ၏။

လေထုအတွင်း ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ကောင်းကင်ရှိ သွေးပင်လယ်မှာ ဖျက်စီးခံလိုက်ရသည်။ ရွှေရောင် ဝတ်ရုံလက်ကြီး ဝှေ့ယမ်းလိုက်သည်နှင့် သွေးပင်လယ်မှာ ပြိုကွဲသွားပြီး သွေးမြူများအဖြစ် ပြန်လည် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းသွေးမြူတို့သည်လည်း ထပ်မံ ပြိုကွဲသွားပြန်၏။ အဆုံးသတ်တွင်တော့ အစိတ်စိတ်အပိုင်းပိုင်း သွေးမြူများသည် လေထဲမှာပင် ပြန်လည်စုဝေးသွားပြီး စုမင်အဖြစ် ပြန်လည် ပြောင်းလဲသွားကြလေသည်။

စုမင်၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ သူ့မျက်နှာမှာ ဖြူဖျော့နေပြီး သူ၏ မီးလျှံနီရောင် ဆံပင်များသည်ပင် အရောင် မှိုင်းသွားခဲ့ချေပြီ။ သူ၏ ဝတ်ရုံများမှာ စုတ်ပြဲနေပြီး စုမင်မှာ ပြန်ပေါ်လာသည်နှင့် အနောက်သို့ ပေထောင်ပေါင်းများစွာ လွင့်စင်သွားခဲ့သည်။ ထို့နောက် ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး သူ့မျက်ဝန်းများအတွင်း စိန်းစိန်းဝါးဝါး အကြည့်တစ်ခု ပေါ်လာခဲ့၏။

'ငါ လက်မခံနိုင်ဘူး။ ငါက ကိုယ်ပွားတစ်ကောင်နဲ့တောင်

မတိုက်နိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး'

စုမင်သည် အဝေးတွင်ရပ်နေသော တိထျန်းအား စိုက်ကြည့်လိုက်၏။ ဤ တိထျန်း၏ ခွန်အားသည် သူ၏ မှေးမှိန်နေခဲ့ပြီဖြစ်သော မှတ်ဉာဏ်များထဲမှထက် ကျော်လွန်နေခဲ့၏။ ၎င်းက စုမင်အား ခါးသီးမှုကို ခံစားလိုက်မိစေသလို တစ်ချိန်တည်းမှာလည်း အလွန် စိတ်တိုသွားစေခဲ့သည်။

တိထျန်း၏ မျက်နှာမှာ ယခင်အတိုင်း အေးစက်မောက်မာနေဆဲ ဖြစ်သည်။ ထို့နောက် သူသည် ခြေကိုကြွ၍ စုမင်ထံ လျှောက်လှမ်းလာလေသည်။

အစကတည်းကပင် သူသည် ကိုယ်ပိုင်ကမ္ဘာအတွင်း လျှောက်လှမ်းနေသည့် ဧကရာဇ် တစ်ပါးသဖွယ် အရာရာကို အချိန်ယူ လုပ်ဆောင်ခဲ့၏။ ကောင်းကင်နှင့် မြေပြင်တို့ ပြိုကွဲပျက်စီးသွားလျှင်ပင် သူ့ထံမှ ခံစားချက် တစ်စွန်းတစ်စ ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။ လောကတွင် သူ့အား အနည်းငယ်မျှပင် ထိခိုက်စေနိုင်သည့် အရာဟူ၍ တစ်ကယ် မရှိသလိုပင်။

"အသင်ဟာ ချိပ်ပိတ်ခံဖို့ ဆန္ဒမရှိမှတော့ သင့်ဆန္ဒကို ငါဖြည့်ဆည်းပေးလိုက်မယ်။ သင်၏ စိတ်ဝိညာဉ်နဲ့ ဝိညာဉ်ကို သည်ခန္ဓာကိုယ်ကနေ ခွဲထုတ်ပြီး ပြန့်ကျဲ ပျောက်ကွယ်သွားစေမယ်... သင်၏ နောက်ဆုံးထွက်သက်ကို ဝဝ မရှူရှိုက်ရသေးတာဟာ ယခင်က ငါရဲ့ ချိပ်စည်းကြောင့် ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ကနေ လွတ်မြောက်ခွင့် ရထားခဲ့လို့ပဲ။ ဒါပေမယ့် ယခုတော့ စိတ်ဝိညာဉ် ပြန့်ကျဲသွားတာနဲ့ သင်ဟာ ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ကို တစ်ဖန် ပြန်လည်ခံစားရတော့မယ်"

"ငါဟာ ကောင်းကင်ဘုံ ဖြစ်ပြီး အသင့်အား ကောင်းကင်ဘုံ၏ ပြစ်ဒဏ်ကို အပ်နှင်းလိုက်သည်"

တိထျန်းသည် စုမင်ထံ လျှောက်လှမ်းလာရင်း ဖြည်းဖြည်းချင်း ပြောဆိုလိုက်ပြီး ညာလက်ကိုမြှောက်၍ ကောင်းကင်အား ဝှေ့ယမ်းလိုက်သည်။

"အသင်သည် ဤကုန်းမြေ၏ ဝိညာဉ်တစ်ခု မဟုတ်။ သင့်အား ပြစ်ဒဏ်ခတ်ရန် အတွက် မာန်စွမ်းအားရှင်တို့၏ ကောင်းကင်အား မလိုအပ်။ အချိန်ကာလများ ပြောင်းလဲ၍ ယခုအခါ အင်မော်တယ်များ၏ ကောင်းကင် ဖြစ်တည်လော့" တိထျန်း၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ယံတွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်ယံမှာ ရုတ်ခြည်း မှောင်မည်းသွားသော်ငြား ၎င်းက ဖုံးအုပ် ခံလိုက်ရခြင်း မဟုတ်ပေ။ ထိုအစား နေနှင့် လတို့ နေရာလဲသွားဟန်ဖြင့် နေ့အချိန် ကောင်းကင်ယံသည် ညအချိန်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။

ကောင်းကင်ယံတွင် ကြယ်များ လင်းလက်နေသော်ငြား ထိုကြယ်များသည် မှုန်ဝါးလာခဲ့ပြီး အချို့ဆိုလျှင် စတင် လှုပ်ရှားလာကြ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်၌ ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုကြယ်များအား မော့ကြည့်မိသည့် မည်သည့် ရှာမန်၊ မာန်စွမ်းအားရှင် မဆို အစိမ်းသက်သက်သာ ခံစားရပေလိမ့်မည်... ဤသည်က မာန်မျိုးနွယ်စု၏ ကောင်းကင် မဟုတ်တော့ချေ။

သို့သော်ငြား ထိုကောင်းကင်ယံကြောင့် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေရှိ အင်မော်တယ် အားလုံးထံတွင်တော့ ကြောက်ရွံ့မှု၊ ရှုပ်ထွေးမှု ခံစားချက်များ ပေါ်လာခဲ့လေသည်။ ၎င်းသည်ကား... သူတို့ အင်မော်တယ်များ၏ ကောင်းကင်ပင် ဖြစ်သည်။

စုမင်အစစ်သည်သာ ဤအခိုက်အတန့်၌ နိုးနေခဲ့ပါက

ဤကောင်းကင်သည် အတိတ်အချိန်က သူ၏ အကြီးအကဲ အလံတိုင်ကို သုံး၍ ကောင်းကင်ကို ပြောင်းလဲလိုက်သောအခါ နက်မှောင်တောင်အထက်တွင် ပေါ်လာသည့် ကြယ်ရောင်စုံ ပုံရိပ်ယောင် ကောင်းကင်ကြီးနှင့် တစ်ထပ်တည်းနီးပါး တူညီနေကြောင်း သူ သေချာပေါက် မှတ်မိသွားပေလိမ့်မည်။

***

All Chapters