ကမ္ဘာမြေပြင်၏ နဂါးသွေးကြောများ
Vol. 29 Ch. 402
တိထျန်း၏ ဝတ်ရုံလက် တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကောင်းကင်အား ပြောင်းလဲသွားစေသည့် မြင်ကွင်းကို မြင်သောအခါ စုမင်၏ မျက်နှာအမူအယာမှာ အလွန်အမင်း ခါးသီးမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
'ဒါဆို သူ့စွမ်းအားက ဒီအဆင့်ကိုတောင် ရောက်နေခဲ့ပြီပေါ့... ဒီစွမ်းအားက လောကဘုံ အရှင်သခင် တစ်ယောက်ရဲ့ စွမ်းအားနဲ့တောင် ညီနေပြီပဲ... ဒါပေမယ့် အဲဒီလိုဆိုရင်တောင် ငါကတော့ လက်မလျှော့နိုင်ဘူး။ သူ့ဘာသာ လောကဘုံ အရှင်သခင် ဆိုတော့ရော ဘာဖြစ်သေးလဲကွာ'
ဆံနီစုမင်သည် အသက်ကို ပြင်းပြင်းရှူသွင်း၍ နှလုံးသားအတွင်းမှ ခါးသီးမှုများကို ဖိနှိပ်လိုက်ပြီး သူ့မျက်နှာထက်တွင် ပြတ်သားသော အမူအယာတစ်ခု ပေါ်လာခဲ့သည်။
သူသည် တိထျန်းတစ်ယောက် ကျင့်စဉ် ထုတ်ဖော်နေသည်ကို ဂရုစိုက် မနေတော့ပဲ ထိုအစား ပေသောင်းပေါင်းများစွာ အဝေးရှိ မြေပြင်ပေါ်သို့ ခြေတစ်လှမ်းလှမ်းကာ ဆင်းသက်လိုက်၏။ မြေသားတို့မှာ ပျော့ပျောင်းနေပြီး ၎င်း၏ စိတ်ဝိညာဉ် အချို့ကိုလည်း ဆုံးရှုံးထားရသဖြင့် စုမင်တစ်ယောက် မြေပေါ် ခြေချလိုက်သည်နှင့် ရွှံ့နွံများပေါ် နင်းရသလို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်တစ်ဝက်သည်လည်း မြေကြီးထဲသို့ နစ်ဝင်သွားခဲ့ရသည်။
ထို့နောက် သူသည် တင်ပလ္လင်ခွေ ထိုင်ချလိုက်၏။ သူ့လက်နှစ်ဖက်ကို နံဘေးရှိ မြေပြင်ပေါ် တင်ထားလိုက်ပြီး မျက်လုံးများကို မှိတ်၍ တတွတ်တွတ် စတင်ရေရွတ်လိုက်သည်။
ထိုအချိန်တွင် တိထျန်းမှာ စုမင်၏ လုပ်ရပ်များကို အေးစက်စွာ လိုက်ကြည့်နေခဲ့သည်။ တိထျန်းသည် ညာလက်အား ဝှေ့ယမ်း၍ ကောင်းကင်ယံကို ပြောင်းလဲပြီးသည်နှင့် သူ့လက်ငါးချောင်းဖြင့် ကောင်းကင်အား တွန်းကာ မ ထားလေသည်။
"ကောင်းကင်ရဲ့ ပြစ်ဒဏ်ကို ယန်ကိုးဆင့်နဲ့ ယင် ကိုးဆင့်အဖြစ် ခွဲခြားထားတယ်။ အသင့်ရဲ့ အပြစ်တွေကြောင့် ယန် အဆင့် (၆) နဲ့ ယင် အဆင့် (၇) ပြစ်ဒဏ်များကို မင်း ခံစားရလိမ့်မယ်။ ပြစ်ဒဏ်ကာလ ခြောက်ရက်၊ ခုနစ်ရက်အတွင်း တတိယနေ့မှာတင် သေခြင်းတရားဟာ သေချာပေါက် ရောက်ရှိလာလိမ့်မယ်။ ပြစ်ဒဏ်၏ ပထမဆုံးနေ့... ယင်နဂါး၏ ပြစ်ဒဏ်"
တိထျန်း ပြောဆိုနေစဉ်မှာပင် အင်မော်တယ်တို့၏ ကောင်းကင်တွင် ယင်စွမ်းအင် လေပြင်းများ ချက်ချင်း လှုပ်ရှားလာခဲ့သည်။ ထို ယင်စွမ်းအင် လေတို့သည် ရုပ်ကိုယ်ထည် ရှိနေပြီး စိမ်းဖန့်ဖန့် အရောင်ဖျော့တစ်ခု ပါဝင်နေ၏။ ကောင်းကင်တွင် ၎င်းတို့ စုဝေးလာသည်နှင့် စိမ်းဖန့်ဖန့် အရောင်သည် ကြယ်အလင်းတို့ ထင်ဟပ်ကာ ရှည်လျားသော နဂါးကြီးတစ်ကောင် အသွင် ပြောင်းလဲသွားခဲ့သည်။ ၎င်းသည် ခပ်တိုးတိုး ဟိန်းသံများ ပြုလုပ်လိုက်ပြီး ကောင်းကင်ယံ၌ အရှိန်အဟုန်ဖြင့် စတင်လှုပ်ရှားလိုက်သည်။
ယင်နဂါးတစ်ကောင် ထွက်ပေါ်လာပြီးသည်နှင့် ယင်စွမ်းအင် လေထုတို့မှာ ဆက်လက် စုဝေးလာပြီး စိမ်းဖန့်ဖန့် အရောင်နှင့် ကြယ်တာရာအလင်းတို့ ထင်ဟပ်လျက် ယင်နဂါးများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ အဆုံးတွင်တော့ ယင်နဂါးကိုးကောင် ရှိလာပြီး ၎င်းတို့က ကောင်းကင်ထက်မှနေ၍ မြေပြင်ဆီ ဟိန်းဟောက်လိုက်လေသည်။ ၎င်းတို့၏ အသံများမှာ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ၎င်းတို့ ခန္ဓာကိုယ်ထံမှ အဖျက်စွမ်းအားများသည်လည်း အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့သည်။
ဂရုတစိုက် လေ့လာကြည့်မည် ဆိုလျှင် ယင်နဂါး ကိုးကောင်၏ ခန္ဓာကိုယ်အား ပြုလုပ်ထားသော ယင်စွမ်းအင်လေထုမှာ မျက်နှာပေါင်း မြောက်များစွာဖြင့် ပြုလုပ်ထားကြောင်း တွေ့ရပေလိမ့်မည်။ ထိုမျက်နှာများအား ယင်နဂါးတို့၏ ကိုယ်ပေါ်တွင် တံဆိပ်ရိုက်နှိပ် ထားသကဲ့သို့ပင်။ ၎င်းတို့ ခန္ဓာကိုယ်မှ ကျယ်ပြန့်သော အစိတ်အပိုင်းများကိုမူ ရုန်းကန်နေသော ခြေ၊လက် အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားလေသည်။ ၎င်း မျက်နှာများပေါ်တွင် နာကျင်မှုများ ရှိနေပြီး ယင်နဂါးတို့၏ ဟိန်းဟောက်သံများသည် ၎င်းတို့ထံမှ ငိုကြွေးမြည်တမ်းသံများ စုဖွဲ့ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
စုမင်သည် ဖြူဖျော့နေသော မျက်နှာဖြင့် မြေပြင်ထက်တွင် ထိုင်နေ၏။ သူ့နှုတ်ခမ်းထောင့်စွန်းမှလည်း သွေးများ စီးကျနေဆဲ ဖြစ်သည်။ စုမင် ဆက်လက်၍ တီးတိုး ရေရွတ်နေသည်နှင့် အမျှ မြေပြင်၏ ပျော့ပျောင်းမှုမှာလည်း တစ်ဖြည်းဖြည်း လျော့ပါးလာခဲ့ပြီး မြေပြင်ထံမှ ခပ်ဖျော့ဖျော့ အရှိန်အဝါ တစ်ခု စိမ့်ထွက်လာခဲ့သည်။
"ဤကမ္ဘာ၏ မြေပြင်၊ မင်းရဲ့ ပျက်စီးမှု၊ အာဃာတတို့ကို ငါခံစားမိတယ်။ အပြင်းအထန် ဒဏ်ရာရထားတဲ့ မင်းခန္ဓာကိုယ်နဲ့ မင်းကြားက ဆက်နွှယ်မှုတွေ မှိန်ဖျော့ ပျောက်ကွယ်သွားနေတာကိုလည်း ငါခံစားမိတယ်... မင်းရဲ့ စွမ်းအားကို ငါ ငှါးယူချင်တယ်... ကျေးဇူးပြုပြီး ငါ့ကို မင်းပိုင်ဆိုင်တဲ့ နဂါးသွေးကြောတွေရဲ့ စွမ်းအားကို ငှါးပေးပါ"
စုမင်အသံက လေထဲ၌ ပဲ့တင်ထပ်နေသည်။ သူ့ပတ်ပတ်လည်ရှိ မြေပြင်ထံမှ အရှိန်အဝါများသည်လည်း ပိုမိုပြင်းထန်လာ၏။ မည်သူမဆို ကောင်းကင်ထက်မှ ငုံ့ကြည့်လိုက်မည် ဆိုပါက စုမင် ရှိနေရာ မြေပြင်သည် မြူဆိုင်းသော ရွှံ့နွံအိုင်တစ်ခု သဖွယ် ပြောင်းလဲသွားကြောင်း တွေ့ရပေလိမ့်မည်။
တောင်ပိုင်း အရုဏ်ဦး ကုန်းမြေတစ်ခုလုံးနှင့် ယှဉ်လျှင်တော့ မြူခိုး စိမ့်မြေငယ်လေး တစ်ခုအတွင်း ပါဝင်သည့် မြေစွမ်းအင် အရှိန်အဝါမှာ အသေးအဖွဲမျှသာ ဖြစ်၏။
တိထျန်းသည် ညာလက်ဖြင့် လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်ပြီး ကောင်းကင်သို့ ထပ်မံ ညွှန်ပြလိုက်ပြန်သည်။
"ခုနစ်ရက်ကာလ ပြစ်ဒဏ် ခြောက်ပါးမှ ဒုတိယ ပြစ်ဒဏ်... ပုံရိပ်ယောင် ဒဏ်ရာ အနာများ"
တိထျန်း၏ အသံက တည်ငြိမ်လို့နေသည်။ သူ့အသံ ဖြတ်သန်းသွားသောအခါ အင်မော်တယ်တို့၏ ကောင်းကင်ယံ၌ ဆူညံသံများ ချက်ချင်းထွက်ပေါ်လာပြီး ဧရာမ အနာဖုကြီးများသည် ကောင်းကင်မှ ဆင်းသက်လာဟန်ဖြင့် ဖြည်းဖြည်းချင်း ဖြစ်တည်လာကြ၏။ ထိုအနာဖု တစ်ခုစီတိုင်း၏ အတွင်းပိုင်းတို့မှာ မှောင်မည်းနေပြီး ၎င်းတို့အတွင်း၌ လောကရှိ မသန့်စင်ဆုံး အညစ်အကြေးများ ပါဝင်နေဟန်ဖြင့် အနံ့ဆိုးတစ်ခုလည်း ပျံ့နှံ့လာခဲ့သည်။
ဤမြင်ကွင်းသည် လူတစ်ယောက်အား ကြက်သီးမွေးညင်းများပင် ထသွားစေနိုင်၏။ ကောင်းကင် တစ်ခွင်လုံးမှာ ဖားပြုပ်တစ်ကောင်၏ အရေခွံသဖွယ် ပြောင်းလဲသွားသကဲ့သို့ပင်။ ဤအရာများ ဖြစ်ပေါ်လာပြီးသည်နှင့် အနာဖုများ အတွင်းမှ အနက်ရောင် အလင်းတစ်ဖြာ တောက်ပလာခဲ့သည်။ သေချာဂရုတစိုက် ကြည့်လိုက်မည်ဆိုလျှင် ဤ အနာဖုကြီးများ၏ အရေအတွက်မှာ ခြောက်ဆယ့်ခုနစ်ခု ရှိကြောင်း တွေ့ရပေလိမ့်မည်။
စုမင်၏ မျက်နှာမှာ ပိုမို ဖြူဖျော့လာခဲ့သည်။ သူ့မျက်လုံးများမှာ ပွင့်နေပြီး ထိုအချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ ငှါးယူထားခဲ့သော မြေစွမ်းအင် အရှိန်အဝါတို့မှာ အလွန်များပြားနေပြီ ဖြစ်သကဲ့သို့ ပုံပေါ်နေသော်လည်း အမှန်စင်စစ်တော့ ၎င်းက လုံလောက်မှု မရှိသေးချေ။ စုမင်၏ မျက်နှာထက်၌ ခါးသီးမှုများ ပေါ်လာခဲ့သည်။
"ဤကမ္ဘာ၏ မြေပြင်၊ ငါ၏ အမည်နာမဖြင့် အသင့်အား ဆင့်ခေါ်လိုက်သည်။ မြေစွမ်းအင် အရှိန်အဝါတို့ နဂါးအဖြစ်သို့ ပြောင်းလဲလော့။ မင်းဟာ ခေတ်အဆက်ဆက် ကမ္ဘာမြေရဲ့ သွေးကြောအဖြစ် ပြောင်းလဲပြီး ပျိုးထောင်ခံခဲ့ရပြီးပြီမို့ ငါမင်းရဲ့ အကူအညီကို လိုအပ်နေပြီ။ ကမ္ဘာမြေ၏ သွေးကြောတို့ နိုးထကြလော့။ ကမ္ဘာမြေပြင်၏ စွမ်းအင်များ နိုးထလော့"
"ငါ၏ အမည်နာမအရ၊ နိုးထကြလေလော့"
မြေပြင်အား ဖိကပ်ထားသော စုမင်၏ လက်တို့တွင် သွေးကြောများ ဖောင်းကြွလာသည်။ ၎င်းတို့သည် မြေပြင်အား တင်းတင်းကြပ်ကြပ် ဖိကပ် ဆုပ်ကိုင်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် စုမင်၏ ပတ်ဝန်းကျင်၌ မြူခိုးများ တစ်လွှာပြီး တစ်လွှာ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့သည် လီပေါင်း တစ်ဆယ် ဧရိယာ၊ ထို့နောက် တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း စသည့် ဧရိယာများမှ ပျံ့နှံ့ ထွက်ပေါ်လာကြခြင်း ဖြစ်သည်။ စတင် ထွက်ပေါ်လာပြီးသော မြူခိုးများသည် မြူခိုးပင်လယ် တစ်ခုအသွင်ဖြင့် လီပေါင်း တစ်သောင်းဧရိယာကို ဖုံးလွှမ်းသွားခဲ့ပြီး ထိုဧရိယာမှာလည်း အပြင်သို့ ဆက်လက် ကျယ်ပြန့်လာနေဆဲ ဖြစ်သည်။
သို့သော်လည်း စုမင်၏ အမူအယာမှာ ခါးသီးမှုအပြည့် ဖြစ်နေဆဲပင်။ သူငှါးယူခဲ့သော မြေစွမ်းအင် အရှိန်အဝါများမှာ များပြားကောင်း များပြားနိုင်ပြီး မြူခိုးပင်လယ်သည်လည်း အပြင်သို့ ဆက်လက် ပျံ့နှံ့နေသေးသော်ငြား ၎င်းတို့အားလုံးမှာ အပိုင်းအစများသာ ဖြစ်၏။ ထိုမြေစွမ်းအင် အရှိန်ဝါတို့သည် သူ၏ နတ်ဘုရား စိတ်အာရုံအောက်၌ နဂါးတစ်ကောင်အဖြစ် စုဝေးနိုင်ခဲ့လျှင်တောင် ၎င်းသည် သူ လွန်ခဲ့သော ရက်အနည်းငယ်က ဆင့်ခေါ်ခဲ့ဖူးသည့် မြေစွမ်းအင် အရှိန်ဝါများကဲ့သို့ ပုံရိပ်ယောင် တစ်ခုသာ ဖြစ်နေပေလိမ့်ဦးမည်။ ၎င်းသည် သာမန်လူများနှင့် ရင်ဆိုင်ရန် လုံလောက်သော်လည်း တိထျန်းအား တိုက်ခိုက်ရန်မှာမူ ကျောက်တုံးအား ဥတစ်လုံးနှင့် ပစ်ပေါက်လိုက်သလိုသာ ဖြစ်နေပေလိမ့်မည်။
တောင်ပိုင်းအရုဏ်ဦး ကုန်းမြေရှိ နဂါးသွေးကြော အားလုံးအား နိုးထစေနိုင်ခဲ့လျှင်တော့ တိထျန်းအား တိုက်ခိုက်ရန် အခွင့်အရေး တစ်ခု ရှိကောင်း ရှိလာနိုင်သည်။ ထိုသို့ မဟုတ်လျှင်တော့ တိထျန်းအား အနိုင်ယူမည့် အတွေးများမှာ အိပ်မက်တစ်ခု အဖြစ်သာ ကျန်ရစ်တော့ပေလိမ့်မည်။
"ခုနစ်ရက်တာကာလ ပြစ်ဒဏ်ခြောက်ပါးမှ တတိယ ပြစ်ဒဏ်... ဝိညာဉ်များ မွေးဖွားခြင်း" တိထျန်း၏ အသံက ကောင်းကင်ယံ၌ ပဲ့တင်ထပ်လာပြန်သည်။ သူ့စကားများထဲတွင် တည်ငြိမ်မှုနှင့် ခွန်အားများ ပြည့်နှက်နေ၏။ သူ့ပုံစံမှာ ဆံနီစုမင် ထွက်ပြေးလွတ်မြောက် သွားမည်ကို မစိုးရိမ်သကဲ့သို့ပင်။ အတိအကျ ဆိုရလျှင်တော့ တိထျန်းသည် ယခုအချိန်တွင် ကမ္ဘာပေါ်ရှိ အရာအားလုံးအား သူ ထိန်းချုပ်နိုင်သည်ဟု ယုံကြည်နေခြင်း ဖြစ်သည်။
သူ၏ စကားဆုံးသည်နှင့် ခြောက်ဆယ့် ခုနစ်ခုသော အနာဖုကြီးများ၏ မှောင်မည်းနေသော အတွင်းပိုင်းမှ စူးရှတောက်ပသော အနက်ရောင် အလင်းတစ်ဖြာ ရုတ်ခြည်းတောက်ပလာခဲ့သည်။ ထို့နောက် အနာဖုများ အတွင်း၌ ပုစဉ်းရင်ကွဲသဖွယ် သတ္တဝါများ ထွက်ပေါ်လာခဲ့၏။ ထိုသတ္တဝါများမှာ ပုစဉ်းရင်ကွဲနှင့် တူသော်လည်း တစ်ကိုယ်လုံး အနက်ရောင်များ ဖြစ်သည်။ ၎င်းတို့၏ အသွင်အပြင်များမှာ ရက်စက်ကြမ်းကြုတ်လှပြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပြည်တည်နာ အဖုများကို အတွင်းမှ ဝင်တိုက်နေလေသည်။ ၎င်းတို့ထံမှ ထွက်ပေါ်လာသော စူးစူးဝါးဝါး အော်မြည်သံများကိုပင် ကြားနေရလေသည်။
အနာဖု တစ်ခုတွင် သတ္တဝါ တစ်ကောင်သာ ရှိ၍ အားလုံးပေါင်း ခြောက်ဆယ့် ခုနစ်ကောင် ရှိနေသည်။
ထိုအချိန်တွင် စုမင်သည်တော့ ကောင်းကင်ယံရှိ ထူးဆန်းသော မြင်ကွင်းအား ထိုင်နေလျက်မှ စိုက်ကြည့်နေခဲ့သည်။ စက်ဝိုင်းပုံ လီတစ်သိန်း ဧရိယာအတွင်းတွင် မြူခိုးများမှာ ပင်လယ်တစ်ခု သဖွယ် ထူထပ်နေပြီး ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသော်ငြား ဤသည်မှာ လုံးဝ မလုံလောက်သေးကြောင်း စုမင် သေချာသိနေ၏။
"စုမင်ဟူသော ငါ၏ အမည် နာမအရ၊ ကမ္ဘာမြေ၏ သွေးကြောတို့ နိုးထကြလော့" ဆံနီစုမင်သည် မြေပြင်အား လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း အသံတိုးတိုးဖြင့် ကြုံးဝါးလိုက်သည်။
သူကြုံးဝါးလိုက်သည်နှင့် အချိန်အတော်ကြာသည် အထိ သူ မနှိုးထစေနိုင်ခဲ့သော ကမ္ဘာမြေ၏ နဂါးသွေးကြောများမှာ သူ့အား တုန့်ပြန်စ ပြုလာ၏။
ထိုအခိုက်အတန့်မှာပင် တောင်ပိုင်းအရုဏ်ဦး ကုန်းမြေတစ်ခုလုံး၏ မြေပြင်မှာ အသာအယာ တုန်ခါလာခဲ့သည်။ ထိုတုန်ခါမှုများသည် ကုန်းမြေတိုက် တစ်ခုလုံးအား သက်ရောက်ခဲ့ပြီး အထူးတလည်ပင် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သော နေရာများမှာ လေးခုရှိလေသည်။
တောင်ပိုင်း အရုဏ်ဦးတွင် နဂါးသွေးကြောများ လေးခုနှင့် တစ်ပိုင်း ရှိ၏။ ကုန်းမြေ၏ အရှေ့ဘက်အစွန်းတွင် တည်ရှိသော မပြည့်စုံသည့် ထိုနဂါးသွေးကြော အပြင် ရှာမန်နယ်မြေထဲတွင် နဂါးသွေးကြောနှစ်ခုနှင့် မာန်စွမ်းအားရှင်နယ်မြေထဲ၌ နဂါးသွေးကြောနှစ်ခု ရှိလေသည်။
ထိုအခိုက်အတန့်တွင် စုမင်အား တုန့်ပြန်လိုက်သော နဂါးသွေးကြောမှာ သူရှိနေရာမှ လီသောင်းပေါင်းများစွာ အဝေးရှိ နဂါးသွေးကြောတစ်ခု ဖြစ်သည်။ ၎င်းသည် ရှာမန်နယ်မြေအတွင်း တည်ရှိနေသော နဂါးသွေးကြောတစ်ခု ဖြစ်ပြီး တောင်စဉ်တန်းတစ်ခု မဟုတ်ပဲ... ရှည်လျားသော မြစ်ကြီးတစ်စင်း ဖြစ်သည်။
ထိုမြစ်ကြီးသည် စုမင်နှင့် မနီးမဝေးရှိ ခန်းခြောက်နေပြီ ဖြစ်သော မြစ်ကြီးနှင့် အတူတူပင် ဖြစ်၏။ ခမ်းခြောက်သွားခဲ့ပြီ ဖြစ်သော မနီးမဝေးရှိ မြစ်သည် ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးထံမှ အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်၏။ စင်စစ်အားဖြင့် ထိုမြစ်သည်လည်း မြစ်ရေများ လုံးလုံးလျားလျား ခမ်းခြောက်သွားရန် ဆိုသည်က ခဲယဉ်းလှပေသည်။ မကြာမီမှာပင် ၎င်းက အလိုအလျောက် ပြန်ကောင်းသွားပေလိမ့်မည်။
ရှည်လျားလှသော ထိုမြစ်ကြီးသည် ရှာမန်နယ်မြေ တစ်ခုလုံးအား ဖြတ်သန်းစီးဆင်းနေ၏။ စုမင်ထံမှ စကားဆုံးသည်နှင့် နဂါးသွေးကြော မြစ်ကြီးသည် သူ့အား တုန့်ပြန်လာပြီး တစ်ချိန်တည်းလိုလိုပင် ၎င်းအတွင်းမှ မြေစွမ်းအင် အရှိန်ဝါများစွာ တိုးထွက်လာကာ စုမင် ရှိရာဆီသို့ တိုးဝင်လာကြလေသည်။
ကောင်းကင်ထက်မှ ငုံ့ကြည့်လိုက်မည်ဆိုလျှင် စုမင်၏ ပတ်ဝန်းကျင်ရှိ မြေစွမ်းအင် အရှိန်ဝါများမှာ ပိုမိုထူထပ်လာကြောင်း တွေ့ရပေလိမ့်မည်။ ၎င်းက စုမင်၏ ပတ်ပတ်လည် ဧရိယာအတွင်း မြေစွမ်းအင် အရှိန်ဝါတို့ဖြင့် ပြုလုပ်ထားသော မိုးပြာရောင်နဂါးတစ်ကောင် ဖြစ်တည်လာသကဲ့သို့ပင်။
"ခုနစ်ရက်တာ ပြစ်ဒဏ် ကာလမှ ခြောက်ရက်တာအား ယခု လက်ခံယူလော့" ကောင်းကင်ထက်မှ တိထျန်းသည် စုမင်အား အေးစက်စွာ စိုက်ကြည့်လျက် ညာလက်ဖြင့် ညွှန်ပြလိုက်သည်။
ကောင်းကင်ယံရှိ ယင်နဂါးကိုးကောင်သည် စတင် ဟိန်းဟောက်လာကြပြီး အောက်သို့ ထိုးဆင်းလာကြ၏။ ယင်နဂါး ကိုးကောင်၏ အပြင်းအထန် ဟိန်းဟောက်သံများနှင့် ၎င်းတို့ ကိုယ်ပေါ်ရှိ အဆုံးမရှိသော မျက်နှာတို့မှ ငိုကြွေး မြည်တမ်းသံများကြောင့် ကောင်းကင်ယံတွင် ထိတ်လန့်ဖွယ် လေထုတစ်ခုဖြင့် ပြည့်နှက်သွားပြီး ကြယ်တာရာများသည်ပင် မှုန်ဝါးသွားခဲ့သည်။
၎င်းတို့ ချဉ်းကပ်လာသည်နှင့် စုမင်၏ ဦးခေါင်းက မော့လာပြီး လက်များကို မြေပြင်မှကြွ၍ လက်ဟန်သင်္ကေတများ ပြုလုပ်လိုက်သည်။ သူသည် ညာလက်ပေါ်တွင် ဘယ်လက်အား ထပ်၍ ထိုးဆင်းလာသော ယင်နဂါးကိုးကောင်ထံ လက်တစ်ချောင်းဖြင့် ညွှန်ပြလိုက်သည်။
"ကမ္ဘာမြေ၏ နဂါးသွေးကြော၊ မြေနဂါး... ကောင်းကင်အား မြေပြင်နှင့် ဖျက်ဆီးလော့"
စုမင်၏ ပါးစပ်မှ သွေးများ စီးကျလာသည်။ တစ်ချိန်တည်းမှာပင် သူ့ပတ်လည်၌ လဲလျောင်းနေသော မြေစွမ်းအင် အရှိန်ဝါတို့၏ မိုးပြာရောင် နဂါးကြီးသည်လည်း ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်၏။ ၎င်းသည် ခန္ဓာကိုယ် တစ်ခုလုံးအား လှုပ်ရှားခြင်း မပြုပဲ ဦးခေါင်းကိုသာ မော့၍ ယင်နဂါးကိုးကောင်နှင့် ရင်ဆိုင်လိုက်လေသည်။
မိုးပြာရောင် နဂါးနှင့် ယှဉ်ပါက ယင်နဂါး ကိုးကောင်မှာ နဂါးဟုပင် ခေါ်ဆို၍ မရနိုင်ချေ။ ၎င်းတို့အား မြွေများအဖြစ်သာ ယူဆ၍ ရနိုင်ပေသည်။ နှစ်ဖက်စလုံးသည် တစ်ခဏအတွင်းမှာပင် လေထဲ၌ တိုက်မိသွားကြ၏။ ထိုနေရာမှ ကျယ်လောင်သော မြည်ဟည်းသံများ ပေါက်ကွဲထွက်ပေါ်လာပြီး အပြင်သို့ အလျင်အမြန် ပျံ့နှံ့သွားကြသည်။ လှိုင်းဂယက်များနှင့် ပေါက်ကွဲအား လှိုင်းများလည်း ထွက်ပေါ်လာပြီး ကောင်းကင်ယံ၌ ငါးအကြေးခွံသဖွယ် အက်ကြောင်းများ အထပ်ထပ် ဖြစ်ပေါ်လာခဲ့ပြီး ထို အက်ကြောင်းများမှာ ဆက်လက် ပျံ့နှံ့သွားခဲ့လေသည်။
ယင်နဂါးကိုးကောင်မှာ မြေနဂါးနှင့် တိုက်ခိုက်မိသည်နှင့် စတင် ပျောက်ကွယ်လာကြပြီး စိမ်းဖန့်ဖန့် အမျှင်တန်း ကိုးခုအဖြစ်ပြောင်းကာ မြေနဂါး၏ ကိုယ်ထဲသို့ တိုးဝင်သွားကြသည်။ ၎င်းတို့သည် မြေနဂါး၏ ကိုယ်ထဲ၌ ကူးခပ်လှူပ်ရှားနေကြသဖြင့် မြေနဂါးထံမှ နာနာကျင်ကျင် အော်မြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
စုမင်၏ ပတ်ပတ်လည်ရှိ လီသိန်းပေါင်းများစွာ ဧရိယာအတွင်းမှ မြေစွမ်းအင် အရှိန်ဝါတို့သည် ၎င်းထံ တိုးဝင်သွားကြပြီး အဆုံးတွင်မှ ၎င်းကိုယ်ထဲရှိ အမျှင်တန်းကိုးခုကို ပျောက်ကွယ်သွားစေနိုင်ခဲ့လေသည်။
သို့သော် ထိုအခိုက်အတန့်မှာပင် စုမင် ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ယင်သွားပြီး ပါးစပ်အပြည့် သွေးအန်လိုက်ရ၏။ သူ့ကိုယ်ပေါ်တွင် အမျှင်တန်း ကိုးခု ပေါ်လာပြီး ၎င်းတို့က သူ့အရေပြားအောက်တွင် လှုပ်ရှားနေသဖြင့် စုမင်အား ဖော်ပြခြင်းငှါ မစွမ်းသာသည့် နာကျင်မှုတစ်ခုထံ ကျရောက်သွားစေသည်။ သူ့တစ်ကိုယ်လုံး ချွေးစေးများပင် ပြန်လာခဲ့၏။ ထိုနာကျင်မှုမျိုးသည် နှလုံးသားထဲသို့တိုင် စိမ့်ဝင်နိုင်ပြီး အစွမ်းထက် စစ်သည်တော်များကိုပင် စိတ်ဓာတ်လဲပြို သွားစေနိုင်သော အရာမျိုး ဖြစ်သည်။ သို့သော်ငြား စုမင်မှာမူ ထိုနာကျင်မှုနှင့် ရင်ဆိုင်ရချိန်တွင် ရယ်မောရုံသာ ရယ်မောလိုက်ချေ၏။
၎င်းက အသာအယာ ရယ်သံတစ်ခုတော့ မဟုတ်ပဲ ခေါင်းမော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်ခြင်း ဖြစ်သည်။
"ဒီနာကျင်မှုက ဘာမှ မဟုတ်ဘူးကွ။ တိထျန်း မင်းတတ်နိုင်တာရှိရင် အကုန် ထုတ်လာခဲ့စမ်း"
စုမင်၏ မျက်နှာမှာ သွေးဆုတ် ဖြူရော်နေခဲ့ချေပြီ။ ရယ်မောနေစဉ်မှာပင် သူ့ကိုယ်အတွင်းရှိ နာကျင်မှုက ပိုမိုပြင်းထန်လာခဲ့သည်။ အမျှင်တန်းကိုးခုသည် သူ့အရေပြားပေါ်မှ ပျောက်ကွယ်သွားပြီး ကိုယ်တွင်းသို့ စိမ့်ဝင်သွားခဲ့ကြချေပြီ။
ထိုအခြေအနေသို့ ရောက်လာသောအခါ စုမင်သည် နာကျင်မှုကို တောင့်မခံတော့ပဲ သူ့ခန္ဓာကိုယ် တစ်လျှောက် ဖြန့်ကျက်ပစ်ရန် ဆုံးဖြတ်လိုက်တော့၏။ သူသည် လက်နှစ်ဖက်အား ကြိုးစားရုန်းကန်၍ မြှောက်လိုက်ပြီး တိထျန်းဆီ ညွှန်ပြလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ့အနီးရှိ မြေနဂါးမှာ ဟိန်းဟောက်သံပြု၍ အထက်သို့ ထိုးတက်သွားခဲ့၏။
တိထျန်း၏ အမူအယာမှာ ယခင်အတိုင်း အေးစက်တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် ထိုနေရာတွင် ရပ်လျက် မြေနဂါးအား ရှောင်တိမ်းရန် အနည်းငယ်ပင် မလှုပ်ရှားခဲ့ချေ။ သို့သော်လည်း တိထျန်းအနီးသို့ မြေနဂါး ချဉ်းကပ် မသွားနိုင်မီမှာပင် ကောင်းကင်ရှိ အနာဖု ခြောက်ဆယ့် ခုနစ်ခုမှာ ဆက်တိုက် ပွင့်ထွက်သွားကြပြီး အရည်များသည် ကောင်းကင်ထက်မှ မိုးရွာသလို ကျဆင်းလာခဲ့၏။
အညစ်အကြေး မိုးရေများ ကျဆင်းလာသည်နှင့် တစ်လောကလုံး အနံ့အသက်ဆိုးများ လွှမ်းခြုံသွားပြီး မြေနဂါးအား ရွှဲစိုသွားစေသည်။ ၎င်းသည် တုန်ရီသွားပြီး စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။ မြေနဂါး၏ ခန္ဓာကိုယ်သည် ဆက်တိုက် ကျုံ့ဝင်သွားပြီး စုမင်၏ ပတ်လည်ရှိ မြေအော်ရာတို့မှာလည်း အလျင်အမြန်ပင် စတင်ကျုံ့လာတော့သည်။
***