အင်မော်တယ်အဖြစ်အား စွန့်လွှတ်ခြင်း
Vol. 29 Ch. 403
စုမင်တစ်ယောက် သူ့နှလုံးသားအတွင်းသို့ တိုးဝင်လာနေသော အမျှင်တန်းတို့၏ နာကျင်မှုအား ဖြတ်ကျော်နေရစဉ်မှာပင် သူ့ခန္ဓာကိုယ် နေရာအနှံ့၌ အနာဖုများ ပေါ်လာခဲ့သည်။
ထို အနာဖုများသည် ယခင်က ပေါက်ကွဲသွားခဲ့သော ကောင်းကင်ရှိ အရာများနှင့် အတူတူပင် ဖြစ်ပြီး စုမင်အား လူရုပ်ပင် မပေါ်စေတော့ချေ။
နာကျင်မှုကြောင့် စုမင် ရယ်သံများက ပိုမို ကျယ်လောင်လာသည်။ ထို့နောက် သူသည် လေထဲသို့ ခုန်တက်လိုက်ပြီး မြေနဂါး၏ ကိုယ်ထည် အဆက်မပြတ် သေးငယ်လာနေစဉ်မှာပင် လက်ဟန်သင်္ကေတများ ဖန်တီးလိုက်ပြန်၏။ သူသည် နဂါးဦးခေါင်းထဲသို့ ဝင်ရောက်သွားပြီး မြေနဂါးအား သူနှင့်အတူ ခေါ်ဆောင်၍ အင်မော်တယ်တို့၏ ကောင်းကင်ထံ ဦးတည် တိုးဝင်သွားလေသည်။
ကောင်းကင်ရှိ ခြောက်ဆယ့်ခုနစ်ခုသော အနာဖုများ ပေါက်ကွဲသွားသည်နှင့် ကျောပေါ်တွင် အတောင်ပံများဖြင့် ပုစဉ်းရင်ကွဲသဖွယ် ပိုးမွှား ခြောက်ဆယ့် ခုနစ်ကောင်သည်လည်း တဟုန်ထိုး တိုးထွက်လာကြသည်။
ထို ထူးဆန်းသော ပိုးမွှားများသည် စူးစူးဝါးဝါး အော်မြည်လျက် မြေနဂါးထံ တိုးဝင်သွားကြ၏။ ၎င်းတို့သည် ကောင်းကင်ထက်၌ နှစ်ဦးနှစ်ဖက် တိုက်ခိုက်လိုက်မိကြပြန်သည်။ လေထဲတွင်လည်း ပေါက်ကွဲဆူညံသံများ ပဲ့တင်ထပ်သွားပြန်၏။ မြေပေါ်မှ လုံးလုံးလျားလျား ပျံတက်လာပြီဖြစ်သော မြေနဂါးသည် ၎င်းကိုယ်တွင်းသို့ တိုးဝင်လာနေသော ထိုပိုးမွှားများအား ဂရုမစိုက်သလို စုမင်သည်လည်း သူ့ကိုယ်တွင်းရှိ ပြင်းထန်လှသော နာကျင်မှုကို ဂရုမစိုက်ခဲ့ချေ။ သူသည် မြေနဂါးနှင့်အတူ အင်မော်တယ်တို့၏ ကောင်းကင်ဆီသို့သာ ဦးတည်တိုးဝင်နေလေသည်။
"တိထျန်း၊ မင်းက ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ကို ချမှတ်နိုင်တယ်ဆိုရင် ငါက ကောင်းကင်ဘုံကို ဖျက်ဆီးပစ်လိုက်မယ်။ အင်မော်တယ် တစ်ယောက်အဖြစ် ငါ့သွေးတွေကိုလည်း ထာဝရ ဖျက်ဆီးပြီး အင်မော်တယ်အဖြစ်ကို စွန့်လွှတ်လိုက်မယ်ကွ"
ဆံနီစုမင်သည် ကြမ်းကြုတ်စွာ ကြုံးဝါးလိုက်ပြီး မြေနဂါးနှင့် ကောင်းကင်အား ဝင်တိုက်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံများမှာ လေထုအား ဖြတ်သန်းပျံ့လွင့်လာသည်။ ကောင်းကင်တွင် လှိုင်းဂယက်ငယ်များ၊ လှိုင်းလုံးကြီးများနှင့် အက်ကြောင်းများပင် ထွက်ပေါ်လာခဲ့သည်။
အလားတူပင် မြေနဂါး၏ ခန္ဓာကိုယ်မှာလည်း တစ်လက်မချင်းစီ ပြိုကွဲပျက်စီးလာလေသည်။ ၎င်းသည် ကောင်းကင်အား ခန္ဓာကိုယ်ဖြင့် ဝင်တိုက်ပြီးသည်နှင့် စတင်ကာ ပျက်စီး ပျောက်ကွယ်လာခဲ့သည်။ စုမင်သည်လည်း သွေးများစွာ အန်လိုက်ရ၏။ သူ့ကိုယ်ပေါ်တွင်လည်း မနာကျင်သည့် နေရာဟူ၍ တစ်ခုတစ်လေပင် မကျန်ရှိတော့ချေ။ သူ့ တစ်ကိုယ်လုံးတွင် ပိုးကောင်များ ဖုံးလွှမ်းနေပြီး သူ့ခန္ဓာကိုယ်မှ သေဆုံးခြင်း အငွေ့အသက်များပင် စတင် ထွက်ပေါ်လို့ လာခဲ့ချေပြီ။
အင်မော်တယ်တို့၏ ကောင်းကင်မှာမူ အက်ကြောင်းများသာ ဖြစ်ပေါ်ခံစားခဲ့ရပြီး ၎င်းတို့သည်လည်း မျက်စိရှေ့မှာပင် အလျင်အမြန် ပြန်လည် ကောင်းမွန်သွားခဲ့ကြသည်။
"မင်းရဲ့ ပေါ်ထွက်လာမှုဟာ အဖြစ်အပျက် တစ်ခုသာသာပဲ။ ဒါဟာ ပြီးဆုံးသွားခဲ့ပြီ။ မင်းရဲ့ ဝိညာဉ်ဟာ ခုနစ်ရက်တာကာလရဲ့ ခြောက်ရက်မြောက်နေ့မှာပဲ ပျောက်ကွယ်သွားပြီး အရာအားလုံးဟာလည်း မူလ အခြေအနေကို ပြန်လည် ရောက်ရှိသွားလိမ့်မယ်"
"ပြီးဆုံးတာလား။ အခုထိ မပြီးသေးဘူးကွ"
တိထျန်း၏ စကားဆုံးသည်နှင့် ဆံနီစုမင်က ထူးဆန်းသော အသံဖြင့် အော်ဟစ်လိုက်သည်။ သူသည် အနက်ရောင် ပိုးမွှားတို့၏ ကိုက်ဖဲ့မှုများ၊ သူ့ကိုယ်ပေါ်ရှိ ပေါက်ထွက်နေသော အနာဖုများနှင့် အမျှင်တန်းကိုးခု၏ သူ့ကိုယ်တွင်းအင်္ဂါများအား ဆုတ်ဖြဲနေမှုတို့ကို ခံစားနေရပြီး သူ့ခန္ဓာကိုယ်မှ သေဆုံးခြင်း အငွေ့အသက်တို့ ထူထပ်စွာ ထွက်ပေါ်နေသည့် ကြားမှပင် ထိုစကားကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
"ငါ မှတ်မိသွားပြီ။ ငါဟာ စုမင် မဟုတ်ဘူး... ငါက ဟုန်လော့... ဘိုးဘေး ဟုန်လော့ပဲ"
မူလက ပိတ်နေခဲ့သော စုမင်၏ မျက်လုံးတို့မှာ ထိုအခိုက်အတန့်တွင် ပွင့်လာခဲ့ပြီး ၎င်းတို့အတွင်း၌ စူးရှတောက်ပသော အလင်းတစ်ဖြာ ရှိနေလေသည်။ သူ့ဝိညာဉ် ပျောက်ကွယ် မသွားမီလေးမှာပင် သေခြင်းတရားဆီ တွန်းပို့ခံရမှုကြောင့် မူလက မှေးမှိန်နေခဲ့သော မှတ်ဉာဏ်များမှာ ရုတ်ခြည်း ရှင်းလင်းကြည်လင်လာခဲ့၏။
သူ့ကိုယ်သူ မှတ်မိသွားခဲ့ချေပြီ။ သူ၏ အမည်ရင်းကိုလည်း မှတ်မိသွားခဲ့၏။
"ငါဟာ အင်မော်တယ် ဧကရာဇ်ရဲ့ သားတော်၊ ဘိုးဘေး ဟုန်လော့ပဲ။ ဟုတ်တယ်မလား၊ ကျုပ်ရဲ့ ချစ်လှစွာသော စီနီယာ အစ်ကိုကြီး တိထျန်း" စုမင် မျက်လုံးတို့သည် တောက်ပသွားပြီး သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားခဲ့၏။ ချက်ချင်းဆိုသလိုပင် သူ၏ နတ်ဘုရား စိတ်အာရုံမှာ ပေါက်ကွဲထွက်လာပြီး သူ့ကိုယ်ပေါ်ရှိ ပိုးမွှားများအား အနောက်သို့ ဆယ်ပေခန့် တွန်းထုတ်လိုက်သည်။ သို့သော်ငြား ၎င်းပိုးမွှားတို့မှာ ဒဏ်ရာမရရှိကြပဲ စုမင်ထံသို့ တစ်ဖန် ပြန်လည် တိုးဝင်လာကြပြန်သည်။
"ငါ အခု သတိရသွားပြီ။ အတိတ်တုန်းက မင်း အစိုးရိမ်လွန်ခဲ့ပြီး ငါ့ကို မသတ်ရဲတာကြောင့် ကံကြမ္မာရဲ့ ကိုယ်ထဲမှာ ချိပ်ပိတ်ထားခဲ့တာပဲ... ငါမှတ်မိပြီ။ ကံကြမ္မာပဲ... ဟားဟား။ ဒါက ကံကြမ္မာရဲ့ ခန္ဓာကိုယ် ဟုတ်တယ်မလား"
"ငါ အခု မှတ်မိပြီ။ ဒီနေရာကလည်း မာန်စွမ်းအားရှင်ကုန်းမြေပဲ။ ဒါက ပထမဆုံး မာန်နတ်ဘုရားရဲ့ မွေးရပ်မြေပဲ... ပထမဆုံး မာန်နတ်ဘုရား ဆုံးပါးသွားပြီးတဲ့နောက် မင်းဟာ ဒုတိယ မာန်နတ်ဘုရားကို သတ်ဖြတ်ဖို့ အကြံအစည်နဲ့ ဒီနေရာကို တစ်ခြားသူတွေနဲ့အတူ ကျူးကျော်ခဲ့တာပဲ။ မင်း ပြန်လာတဲ့အခါ မင်းနဲ့အတူ ကလေးနှစ်ယောက်ကို ခေါ်ဆောင်လာခဲ့တယ်။ တစ်ယောက်ကတော့ သေဆုံးနေပြီ ဆိုပေမယ့် တစ်ယောက်ကတော့ အသက်ရှင်နေခဲ့တယ်။ အသက်ရှင်နေခဲ့တဲ့ တစ်ယောက်က အခု ငါ့ဝိညာဉ် မှီတွယ်နေရတဲ့ လူပဲ ဖြစ်လိမ့်မယ်"
"သူက ငါ့ဖခင်ကိုယ်တိုင် စစ်ဆေးပြီး အမည်ပေးအပ်ခဲ့တဲ့ ကလေးပဲ ဖြစ်ရမယ်" ဆံနီစုမင်သည် ချောက်ချားဖွယ် လေသံဖြင့် ပြောဆိုလိုက်၏။
တိထျန်း၏ အမူအယာမှာ အေးစက် တည်ငြိမ်နေဆဲ ဖြစ်သည်။ သူသည် မည်သည့်စကားမှ ခွန်းတုံ့ပြန်ခြင်း မပြုပဲ ညာလက်ကိုသာ မြှောက်၍ ဆံနီစုမင်ထံ ညွှန်ပြလိုက်သည်။ စုမင်ကိုယ်ပေါ်ရှိ အနာဖုတို့မှာ ချက်ချင်း ပုပ်ပွလာပြီး သူ့ပတ်ဝန်းကျင်ရှိ ပိုးမွှားများသည် သူ့ထံ ဝိုင်းအုံလာကာ ပုပ်ပွနေသော နေရာများထဲသို့ တိုးဝင်လာကြသည်။ ၎င်းတို့ အရူးအမူး ကိုက်ဖြတ် စားသောက်နေစဉ်မှာပင် စုမင်၏ ခန္ဓာကိုယ်ထဲရှိ အမျှင်တန်း ကိုးခုသည်လည်း သူ့နှလုံးသားကို ထိုးဖောက်သွားခဲ့သည်။
ဆံနီစုမင်အား သေဆုံးခြင်း အငွေ့အသက်တို့ ဖုံးလွှမ်းလာပြီး သူ့နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ချစ်လှစွာသော စီနီယာ အစ်ကိုကြီးက ကျုပ်မှာရှိတဲ့ ကျင့်စဉ်တစ်ခုကို မေ့နေခဲ့တာများလား... အဲဒါကြောင့်ပဲ မင်းကျုပ်ကို မသတ်နိုင်ခဲ့တာလေ... အင်မော်တယ် တော်ဝင်မိသားစုရဲ့ မိသားစုဝင်တွေမှာပဲ ရှိတဲ့ မူရင်း ရှေးဟောင်းကျင့်စဉ်ကြောင့်ပေါ့..."
"ဆယ်ဘဝ ကျင့်စဉ်"
ဆံနီစုမင်၏ နှုတ်ခမ်းများထက်တွင် အပြုံးတစ်ခု ပေါ်လာပြီးသည်နှင့် သူ၏ အသက်ဓာတ်တို့မှာ ရုတ်ခြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံးထွက်သက်အား ရှူထုတ်လိုက်ရလေသည်။ သို့သော် သူသေဆုံးသွားသည်နှင့် တစ်ပြိုင်နက် သူ၏ ပျောက်ကွယ်သွားခဲ့သော အသက်ဓာတ်တို့မှာ ချက်ချင်း ပြန်လည် ထွက်ပေါ်လာပြီး ဤတစ်ကြိမ်တွင်တော့ သူ၏ အရှိန်အဝါများက ယခင်ထက်ပင် ပိုမိုအားကောင်း လာခဲ့သည်။
သူ့ကိုယ်တွင်းသို့ တိုးဝင်လာနေခဲ့သော အနက်ရောင် ပိုးမွှားတို့သည် အနောက်သို့ ချက်ချင်း တွန်းထုတ်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ် အပြင်၌ ပေါက်ကွဲသွားကြ၏။ ထို့နောက် ၎င်းတို့သည် အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး အနောက်သို့ လွင့်စင်သွားကြသည်။ သူ့ခန္ဓာကိုယ်မှာ အလျင်အမြန် ပြန်လည်ကောင်းမွန်လာပြီး အနာဖုများနှင့် ပုပ်ပွနေသော ဒဏ်ရာများမှာလည်း ချက်ချင်း အနာကျက်လာကြသည်။ သူ့ကိုယ်ထဲရှိ အမျှင်တန်းကိုးခုသည်ပင် အရေပြားအောက်သို့ ရောက်သည်အထိ တွန်းထုတ်ခံလိုက်ရပြီး ၎င်းတို့ပုံစံက မကြာမီပင် စုမင်၏ ကိုယ်ထဲမှ တွန်းထုတ်ခံရတော့မည့်ပုံ ပေါ်နေချေသည်။
"မင်း သေရမယ်လို့ ငါပြောတဲ့အခါ သေကို သေရမှာပဲ။ လောကမှာ အုပ်ချုပ်သူ အရှင်သခင်ဟာ နှစ်ယောက် မရှိနိုင်ဘူး" တိထျန်း၏ အမူအယာမှာ ပြောင်းလဲမှု မရှိသေးပေ။ သူသည် ထိုစကားတို့ကို ဖြည်းဖြည်းချင်းသာ ပြောဆိုလိုက်သော်လည်း သူ၏ စကားဆုံးသည်နှင့် ဆံနီစုမင်၏ အသက်ဓာတ်များ ပြန်လည် ရရှိလာနေမှုက ရုတ်ခြည်း ရပ်တန့်သွားခဲ့သည်။
၎င်းက ရပ်တန့်သွားရုံမျှမက ပြန်လည် ဆိုးဝါးလာသည့် အရိပ်အယောင်များပင် ပြလာလေသည်။ သက်သာနေပြီ ဖြစ်သော ဒဏ်ရာများလည်း ပြန်ပေါ်လာပြီး အရေပြားအောက်ရှိ အမျှင် ကိုးခုသည်လည်း စုမင်ကိုယ်ထဲသို့ တိုးဝင်သွားကြပြန်သည်။ အနက်ရောင် မြူခိုးများအဖြစ် ပျက်ဆီးပျောက်ကွယ်သွားခဲ့သော အနက်ရောင် ပိုးမွှားများသည်လည်း နေရာအနှံ့မှ ပြန်ပေါ်လာပြီး ခြောက်ဆယ့် ခုနစ်ကောင်သော ပိုးမွှားများအဖြစ် ပြန်လည်စုဝေးသွားကြသည်။ အချိန်တို့မှာ နောက်ပြန်ဆုတ်သွားဟန်ဖြင့် ၎င်းတို့က စုမင်ထံ တိုးဝင်လာကြလေသည်။
"ဒါက အင်မော်တယ် တော်ဝင်မိသားစုရဲ့ သွေးမျိုးတက် ပိုင်ဆိုင်ထားတဲ့ သူတွေပဲ အမွေဆက်ခံခွင့်ရှိတဲ့ ရှေးဟောင်း ကျင့်စဉ်ပဲ။ မင်းက ဒါကို တစ်ကယ် တတ်မြောက်သွားပြီပေါ့။ ကြည့်ရတာတော့ ငါ့ဖခင်ရဲ့ ကံတရားကလည်း ခါးသီးသွားရတဲ့ပုံပဲ..." ဆံနီစုမင်၏ မျက်နှာမှာ ဖြူရော်သွားပြီး ထိုစကားတို့ကို ခါးခါးသီးသီး ပြောဆိုလိုက်သည်။
"မင်းက နိုးထ မလာခဲ့သင့်ဘူး။ ချိပ်စည်း ပြေလျော့ဖို့က အချိန်တွေ အကြာကြီး လိုသေးတယ်။ အခု ဒါတွေကို ငါ အစီအစဉ်တကျ ပြန်လည် ထိန်းသိမ်းလိုက်တာနဲ့ အရာအားလုံး မူလအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်" တိထျန်းသည် တည်ငြိမ်စွာ ပြောဆိုလိုက်ပြီး ညာလက်ကိုမြှောက်၍ ဆံနီစုမင်ထံ ဝှေ့ယမ်းလိုက်သည်။
စုမင်အရှေ့ရှိ လေဟာနယ်မှ လေပြင်းတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့လေသည်။ သူ့ခန္ဓာကိုယ်သည် ၎င်းအား ထိလိုက်မိသည်နှင့် တစ်ပြိုင်နက် စုမင်အား သေဆုံးခြင်း အငွေ့အသက်များ ဝန်းရံလာခဲ့သည်။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်း အများစုမှာလည်း စတင်၍ ပုပ်သိုး ဆွေးမြေ့လာကြသည်။ အနက်ရောင် ပိုးမွှားများသည် သူ၏ အသားတို့ကို ဆုတ်ဖြဲနေပြီး သူ၏ ကိုယ်တွင်းအင်္ဂါများမှာမူ အမျှင်တန်းတို့၏ ထိုးဖောက်ခြင်းကို ခံနေရလေသည်။
စုမင်ကိုယ်ပေါ်သို့ တိထျန်းထံမှ လေပြင်း ကျရောက်လာသည်နှင့် စုမင်၏ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် နားတို့မှ အနီရောင် လေများ ထွက်ပေါ်လာပြီး သူ့အနောက်တွင် ပုံရိပ်ယောင် အသွင်သဏ္ဍာန်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုပုံရိပ်၏ ရုပ်ဆင်းသွင်ပြင်က စုမင်နှင့် ကွဲပြားခြားနားလို့နေ၏။ ထိုသူတွင် ထူးထူးခြားခြား စွဲမက်ဖွယ်ကောင်းသော ချောမောသည့် မျက်နှာတစ်ခု ရှိသည်။ ဤသည်ကမှ... ဟုန်လော့ အစစ်အမှန်ပင်။
ထိုအချိန်တွင် သူ၏ ပုံရိပ်ယောင် ခန္ဓာကိုယ်မှာ အလျင်အမြန် ပျောက်ကွယ်သွားနေ၏။ သူ့စိတ်ဝိညာဉ်အား စုမင်ကိုယ်ထဲမှ တွန်းထုတ်ခံလိုက်ရသည်နှင့် စုမင်ကိုယ်ထဲရှိ ပိုးမွှားတို့သည် အပြင်သို့ တစ်ပြိုင်တည်း တိုးထွက်လာကြပြီး ဟုန်လော့၏ စိတ်ဝိညာဉ်ထံ ဦးတည်လိုက်ကြသည်။ အမျှင်ကိုးခုသည်လည်း ပျံထွက်လာပြီး ဟုန်လော့၏ ပျောက်ကွယ်နေသော စိတ်ဝိညာဉ်ထဲသို့ စိမ့်ဝင်သွားကြ၏။ တစ်ချိန်တည်းလိုလိုပင် ဟုန်လော့၏ ပုံရိပ်ယောင် ရုပ်သွင်ပေါ်တွင် အနာဖု ခြောက်ဆယ့်ခုနစ်ခု ပေါ်လာပြီး အလျင်အမြန် ပေါက်ထွက်ကုန်ကြသည်။
"ငါ သေရတော့မှာတဲ့လား... ဒီတော့ ဒါက သေခြင်းတရား ဆိုတာပေါ့... ဒါပေမယ့်... ငါ နောင်တမရဘူး" ဟုန်လော့၏ ပုံရိပ်ယောင်သဏ္ဍာန် စိတ်ဝိညာဉ်တွင် တွေဝေသော အမူအယာတစ်ခု ပေါ်လာပြီး ထို့နောက် ကျယ်လောင်စွာ စတင် ရယ်မောလိုက်လေသည်။
စုမင်၏ ခန္ဓာကိုယ်မှ ဟုန်လော့၏ စိတ်ဝိညာဉ် ခွဲထွက်သွားသည်နှင့် စုမင်ထံ တိုက်ခတ်လာသော လေပြင်းသည် သူ့ကိုယ်ထဲသို့ တိုးဝင်သွားပြီး ကိုယ်တွင်းအင်္ဂါများရှိ ဒဏ်ရာတို့ကို ချက်ချင်း ပြန်လည် သက်သာလာစေသည်။ သူ့ကိုယ်ပေါ်ရှိ ပုပ်ပွမှုများသည်လည်း ချက်ချင်း ပျောက်ကွယ်သွားပြီး ဒဏ်ရာမရမီ ပုံစံသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သူ့ကိုယ်ထဲရှိ စွမ်းအားများသည် သူ့အား အလျင်အမြန် အစွမ်းထက်လာစေခဲ့သည့် ဟုန်လော့၏ စွမ်းအားများကို စတင်ဖယ်ရှားလိုက်သည်။
ဤအရာအားလုံးမှာ တိထျန်း စကားဆုံးသည်နှင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူသည် ကိစ္စရပ်များကို အစီအစဉ် တကျ ပြန်လည်ထိန်းသိမ်းလို၏။ သူသည် အရာအားလုံးကို ဤမတော်တဆမှု မဖြစ်စဉ်ကအတိုင်း ပြန်ဖြစ်သွားစေချင်ပြီး အရာရာတိုင်းကို သူ့ဆန္ဒအတိုင်း အတင်းအကြပ် ပြုလုပ်လိုက်လေသည်။ မည်သည့် မတော်တဆမျိုးမှ ထပ်မံ ဖြစ်ပွားလာခွင့် မပြုနိုင်တော့ပေ။
တိထျန်း၏ စွမ်းအားသည် စုမင် ခန္ဓာကိုယ်အား မူလအခြေအနေသို့ ပြန်လည် ထိန်းသိမ်းနေစဉ်မှာပင် ပျောက်ကွယ်သွားနေရင်း တွေဝေငေးငိုင်နေခဲ့သော ဟုန်လော့သည် တစ်စုံတစ်ရာကို တွေ့မြင်သွားဟန်ဖြင့် သူ့မျက်နှာထက်၌ ဗလာအကြည့်တစ်ခု ပေါ်လာခဲ့သည်။ ဟုန်လော့၏ မျက်လုံးများမှာ တောက်ပသွားပြီး မျက်လုံးတို့အား တင်းတင်းကြပ်ကြပ် မှိတ်ထားသော စုမင်ထံ ချက်ချင်း လှမ်းကြည့်လိုက်၏။
"ကံကြမ္မာ... ကံကြမ္မာ... ငါ နားလည်သွားပြီ။ တိထျန်း၊ ငါ အခု နားလည်သွားပြီကွ။ ဒီတော့ ဒါက မင်းရဲ့ အကြံအစည်ကြီးပေါ့လေ။ အဲဒီလို ဆိုမှတော့လည်း ငါ မသေခင် သူ့ကို ကူညီပေးသွားရမှာပေါ့" ဟုန်လော့သည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။ သူ့မျက်လုံးများအတွင်း ထူးဆန်းသော အလင်းတစ်ခု ပေါ်လာပြီး သူ့စိတ်ဝိညာဉ်၏ ပုံရိပ်ယောင်သဏ္ဍာန်မှ မီးတောက်မီးလျှံများ ရုတ်ခြည်း တိုးထွက်လာခဲ့သည်။
"အင်မော်တယ် သွေးမျိုးဆက် ရှေးဟောင်း အမွေအနှစ်... ဘဝ လမ်းကြောင်း"
ရယ်မောနေသော ဟုန်လော့၏ စိတ်ဝိညာဉ် ပုံရိပ်ယောင်မှာ ဆက်လက် တောက်လောင်နေ၏။ သူ့ဦးခေါင်းသာ ကျန်ရစ်တော့ချိန်တွင် ဟုန်လော့၏ မျက်လုံးများအတွင်းမှ အနက်ရောင် အလင်းတန်းနှစ်ခု တိုးထွက်လာပြီး စုမင်ကိုယ်ပေါ် ကျရောက်သွားခဲ့သည်။
ဤအဖြစ်အပျက်များမှာ မြန်ဆန်လှပြီး ပထမဆုံးအကြိမ်အဖြစ် တိထျန်း၏ အမူအယာပင် ပြောင်းလဲသွားခဲ့ရသည်။ သူသည် ညာလက်ကိုမြှောက်၍ အရှေ့သို့ ညွှန်ပြလိုက်၏။ အနက်ရောင် အလင်းတန်းနှစ်ခုသည် စုမင်အနီးသို့ ချဉ်းကပ်လာမိသည်နှင့် အနက်ရောင် အလင်းစက်များအဖြစ် ချက်ချင်း ပြိုကွဲ ပြန့်ကျဲသွားကြသည်။
သို့သော် ထိုအခိုက်အတန့်မှာပင် ပြန့်ကျဲသွားသော အနက်ရောင် အလင်းစက်တို့သည် တစ်ဖန် ပြန်လည်စုစည်းသွားပြီး တိထျန်း မတားဆီးနိုင်သည့် အမြန်နှုန်းဖြင့် စုမင်၏ နံဖူးအလယ်သို့ တိုးဝင်သွားခဲ့သည်။
အနက်ရောင် အလင်းစက်တို့၏ စွမ်းအင်များသည် စုမင်ကိုယ်ထဲသို့ တိုးဝင်သွားပြီးသည်နှင့် စုမင် ကိုယ်ထဲရှိ စွမ်းအားများကို ရှင်းလင်းနေသော တိထျန်း၏ စွမ်းအားတို့အား တိုက်ခိုက်လိုက်သည်။ ထိုအားလှိုင်းနှစ်ခုသည် စုမင်ကိုယ်ထဲတွင် ရင်ဆိုင်မိကြပြီး သတိလစ်မေ့မျောနေသော စုမင်၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာခဲ့စေ၏။ သူ့ခန္ဓာကိုယ်မှာလည်း မြေပြင်ထက်သို့ ပြုတ်ကျသွားခဲ့သည်။ ထိုအချိန်တွင် ဟုန်လော့ ချန်ထားရစ်ခဲ့သော အနက်ရောင် အလင်း၏ လမ်းညွှန်မှုကြောင့် စုမင်သည် အောက်ဘက်ရှိ ရှစ်မြှောင့် ယဇ်ပလ္လင်နှင့် ကျောက်သား ခေါင်းတလားရှိရာ တောင်ပေါ်ဆီ တည့်တည့်ပြုတ်ကျသွားခဲ့ခြင်း ဖြစ်ကြောင်းကိုတော့ တိထျန်းတစ်ယောက် သတိမပြုမိခဲ့ပါချေ။
လေထဲရှိ ဟုန်လော့၏ ပုံရိပ်ယောင် သဏ္ဍာန်သည် တစ်ဖြည်းဖြည်း လောင်ကျွမ်း ပျောက်ကွယ်သွားသော်ငြား သူ၏ ရယ်မောသံနှင့် စကားသံများမှာမူ လောကတစ်ခွင် အတောမသတ် ပဲ့တင်ထပ် ကျန်ရစ်ခဲ့လေသည်။
"ငါဟာ တာအိုလမ်းစဉ်ကို အနှစ်သုံးသောင်း ကျင့်ကြံခဲ့ပြီးပြီ... အခုတော့ ငါဟာ အင်မော်တယ် တစ်ယောက် မဟုတ်တော့ပဲ သေမျိုး လူသားတစ်ယောက်ပဲ ပြန်ဖြစ်လာတော့မယ်" ဟုန်လော့၏ အသံသည် တစ်ဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားသော်လည်း တိထျန်း၏ နားထဲနှင့် စုမင်၏ စိတ်နှလုံးထဲ၌ ပဲ့တင်ထပ်သွားခဲ့သည်။
စုမင်၏ ခန္ဓာကိုယ်သည် အဋ္ဌဂံပုံ မျှော်စင်ထိပ်ရှိ ခေါင်းတလားပေါ် ပြုတ်ကျသွားခဲ့သည်။ သူသည် ပါးစပ်ထောင့်မှ သွေးများ စီးကျလာပြီး ခေါင်းတလားပေါ် လဲပြိုကျသွားလေသည်။
တိထျန်းသည် အမူအယာ ကင်းမဲ့နေသော မျက်နှာဖြင့် ပြန်လှည့်လာပြီး မြေပြင်ရှိ တောင်ထိပ်ပေါ်သို့ လျှောက်လာခဲ့၏။ အတိအကျ ဆိုရလျှင် သူသည် ရှစ်မြှောင့်ယဇ်ပလ္လင် အလယ်ရှိ ခေါင်းတလား အဖုံးပေါ်တွင် လဲလျောင်းနေသော စုမင်ထံ လျှောက်လာခဲ့ခြင်းပင် ဖြစ်သည်။
သူ့ ဧကရာဇ်ဝတ်ရုံ၏ အရောင်အဆင်းသည်ပင် မှုန်မှိုင်းလို့နေပြီး သူ့သရဖူမှာလည်း ရွှေရောင် တောက်ပမှုတို့ ပျောက်ဆုံးသွားခဲ့ချေပြီ။ သူ့မျက်နှာထက်တွင်လည်း အရေးအကြောင်း များစွာ ရှိနေခဲ့၏။ ထိုအချိန်တွင်တော့ သူ့ပုံစံက လူလတ်ပိုင်းတစ်ယောက်နှင့် မတူတော့ပါချေ။ ဟုန်လော့နှင့် တိုက်ပွဲသည် သူပြုမူခဲ့သည်လောက် မလွယ်ကူလှကြောင်း သိသာထင်ရှားလှ၏။
"အားလုံး ပြီးဆုံးသွားပြီ"
တိထျန်းသည် ရှစ်မြှောင့် ယဇ်ပလ္လင်ပေါ် ဆင်းသက်လိုက်၏။ သို့သော် စုမင်အနီးသို့ ချဉ်းကပ်သွားမိသည့် တစ်ခဏမှာပင် တိထျန်း၏ မျက်နှာအမူအယာက ပထမဆုံးအကြိမ်အဖြစ် သိသိသာသာ ပြောင်းလဲသွားခဲ့တော့သည်။
ထိုသည်က မျက်လုံးတစ်စုံအား သူ တွေ့လိုက်ရသောကြောင့်ပင် ဖြစ်သည်။
စုမင်၏ မျက်လုံးတို့က ပွင့်နေနှင့်ခဲ့ချေပြီ။
***