အစ်ကိုကြီး
Vol. 29 Ch. 404
ပြာလွင်လွင် ကောင်းကင်ယံတွင် တိမ်စိုင် ဖြူလွလွတို့ လွင့်မျောနေ၏။ ဤမြင်ကွင်းက လှပလွန်းချေသည်...
သို့သော် သူ့ကိုယ်အောက်ရှိ ရေခဲတမျှ အအေးဓာတ်၊ သူ့အနီးရှိ လေအေးများနှင့်၊ မဖွင့်နိုင်သော သူ၏မျက်လုံးများ၊ သူ့ခန္ဓာကိုယ် တစ်လျှောက် ပျံ့နှံ့နေသော စူးစူးဝါးဝါး နာကျင်မှုများကြောင့် ပြာလွင်လွင် ကောင်းကင်သည်သာ သူ၏ မှတ်ဉာဏ်များဆီမှ တစ်ခုတည်းသော အရောင်ဖြစ်ပြီး တိမ်စိုင်ဖြူဖြူ တို့မှာမူ သူ့စိတ်ကူးတို့၏ တစ်ပိုင်းတစ်စသာ ဖြစ်ခဲ့လေသည်။
အရာအားလုံး ပျက်စီးသွားသောအခါ ကျန်ရှိခဲ့သည်က အထီးကျန်မှု၊ ဝမ်းနည်း ပူဆွေးမှုနှင့် စကားဖြင့်ပင် မဖော်ပြနိုင်သော အကြောက်တရားတို့သာ ဖြစ်သည်။
"ဒီနေ့က သာယာတဲ့နေ့လေးပဲ။ အစ်ကိုကြီး ကောင်းကင်က ကြည်လင်ပြီး ပြာနေတဲ့ အပြင် တိမ်စိုင်ဖြူဖြူတွေလည်း အများကြီးရှိနေတယ်။ ကြည့်လိုက်... ကြည့်လိုက် အဲဒီတိမ်က ယုန်လေးနဲ့ တူတယ်။ ပြီးတော့ အဲဒီတစ်ခု၊ အဲဒါကတော့ အမ်း... မီးခိုးရောင် ဝံပုလွေကြီးနဲ့ တူတယ် ထင်တာပဲ"
သူ့နားထဲရှိ နူးနူးညံ့ညံ့ အသံလေးကြောင့် သူ့မျက်လုံးများ အရှေ့ရှိ အမှောင်ထုတို့ပင် တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သလိုပေ။ ထိုအသံသည် အရိပ်မည်းတို့ကို ဆုတ်ဖြဲလိုက်ပြီး ပြာလွင်လွင် ကောင်းကင်ကြီးအား တစ်ဖန် ပြန်ပေါ်လာစေ၏။ ကောင်းကင်ထက်တွင် ယုန်ပုံစံ တိမ်တစ်ခု ရှိနေပြီး ၎င်း၏ နံဘေးတွင်တော့ ဝံပုလွေ ပုံသဏ္ဍာန် တိမ်တိုက်တစ်ခု ရှိနေလေသည်။
"အာ... အစ်ကိုကြီး အဲဒီတိမ်တိုက်က အစ်ကိုနဲ့ တူတာပဲ။ တစ်ကယ်ကြီးကို တူတာနော်။ သူ့နံဘေးက တိမ်တိုက်ကတော့... အဲတစ်ခုက ငါနဲ့ တူတာပဲ" ထိုအသံသေးသေးလေးသည်သာ သူ့အမှောင်ကမ္ဘာထဲရှိ တစ်ခုတည်းသော နွေးထွေးမှုလေး ဖြစ်ခဲ့သည်။ ထိုအသံလေးသည်ပင် သူ့အား အရောင်အဆင်းတို့၏ ကွဲပြားခြားနားမှုအကြောင်း ရှင်းပြခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် သူ့အား မည်သည်က အနက်၊ မည်သည်က အပြာနှင့် မည်သည်က အဖြူဖြစ်ကြောင်း ပြောပြနေခဲ့၏။
ထို အသံလေး ထွက်ပေါ်လာချိန်တိုင်း သူ၏ အေးစက်ခြင်း၊ အထီးကျန်ခြင်း ခံစားချက်တို့မှာ ပျောက်ကွယ်သွားခဲ့ပြီး ဤအဆုံးမဲ့ အမှောင်ထုကြီးအတွင်း ညအချိန် တစ်ခုတည်းသာ ရှိနေသည့် နေ့ရက်ပေါင်းများစွာအား ဖြတ်သန်းနေရသလို ခံစားချက်ကြီးလည်း ရပ်တန့်သွားခဲ့ရ၏။
သူ့ခန္ဓာကိုယ်ရှိ နာကျင်မှုများသည် ခံနိုင်ရည်ရှိရန် ပိုမိုခက်ခဲလာသော်ငြား၊ တစ်စုံတစ်ယောက်သည် သူ့အား ဖြတ်တောက်၍ သူ့သွေးတို့ကို ညှစ်ထုတ်ယူနေသလို ခံစားရသော်ငြား ၎င်းတို့ကို ခံနိုင်ရည် မရှိတော့သကဲ့သို့ သူ မခံစားမိခဲ့ချေ။ ထိုအသံလေးအား မကြာခဏ ကြားနေရသ၍ သူသာ ထိုအသံလေးကို ထာဝရ နားထောင်နေနိုင်ခဲ့မည် ဆိုလျှင်...
"အစ်ကိုကြီး ကျင့်ကြံရတာက အရမ်းပင်ပန်းလွန်းတယ်။ ငါ ကျင့်ကြံသူ ဆက်မဖြစ်ချင်တော့ဘူး။ ဒါပေမယ့် အဖက ပြောတယ်... ငါတို့ ကျင့်ကြံသူတွေ ဖြစ်လာမှ ရမယ်၊ မဟုတ်ရင် အစ်ကိုက သေဆုံးသွားမှာတဲ့။ အစ်ကိုကြီး မသေပါနဲ့နော်။ ငါ ဆက်ပြီးတော့ ကျင့်ကြံပါ့မယ်။ အဲဒါက လုံးဝကို မပင်ပန်းဘူး သိလား..."
'မပင်ပန်းဘူးတဲ့လား။ အဲဒါဆို ဘာလို့ သူမအသံက ဒီလောက် အားပျော့နေရတာလဲ။ ငါ မမြင်ရပေမယ့် ခံစားမိနေတယ်။ သူမ အရမ်း ပင်ပန်းနေတာပဲ... ငါ့ရဲ့ သေခြင်းတရားက သူမရဲ့ ကျင့်ကြံမှုနဲ့ ဆက်စပ်နေတာလား။ အဖဆိုတာက... အဲဒီ အေးစက်စက် အသံများလား။ အဲဒါသာ ဆိုရင်တော့ သူ့ကို နားထောင် မနေပါနဲ့။ သူလာတဲ့ အချိန်တိုင်း ငါ သေလုမျောပါး နာကျင်မှုတွေပဲ ခံစားရတာ"
'သူက ငါ့ကို ကံကြမ္မာလို့ ခေါ်တယ်။ အဲဒါက ငါ့နာမည်များ ဖြစ်နေမလား။ ဟုတ်ပါ့မလား၊ မဟုတ်လောက်ပါဘူး...'
"အစ်ကိုကြီး၊ ဒီနေ့က အပြင်မှာ သာယာတဲ့နေ့လေးပဲ။ အာ ရာသီဥတု သာယာနေတာ တော်တော်ကြာခဲ့ပါပြီလေ။ အစ်ကိုက တစ်ကယ်ကို နေသာတဲ့နေ့တွေကို သဘောကျတာပဲ ဖြစ်ရမယ်။ အဲဒါကြောင့်လည်း ရာသီဥတုက အခုလို သာယာနေတာနေမှာ"
'ရာသီဥတုက သာယာနေတာလား။ အရူးမလေး၊ ငါ့ခန္ဓာကိုယ်မှာ ကျန်ရစ်နေတာဆိုလို့ အကြားအာရုံနဲ့ အထိအတွေ့တွေပဲလေ။ မင်းက ထီးကိုင်ထားတယ် ဆိုပေမယ့် ငါ့ခြေထောက်ကိုမှ ဖုံးမထားပေးနိုင်တာ။ ငါ့ခြေထောက်ပေါ်က ရေစက်တွေက မိုးရေစက်တွေပဲ ဖြစ်ရမယ် ဟုတ်တယ်မလား။ မိုးရွာနေတာ တစ်လလောက်ရှိပြီလို့ ငါ သူများတွေပြောတာ ကြားခဲ့ပါတယ်'
"အစ်ကိုကြီး ငါ တစ်ခြားအစ်မကြီးတွေကို တွေ့လိုက်တယ်... ဟွန်း သူတို့က တစ်ကယ်ကို အရမ်းလှတာပဲ။ ဒါပေမယ့် ဘာလို့ ငါ့ကျတော့ အရမ်းသေးနေရတာလဲ။ ငါက သူတို့ထက် တစ်နှစ်ကလေးပဲ ငယ်တာကို။ ဒါပေမယ့် ငါ့ပုံစံက ကလေးတစ်ယောက်နဲ့ တူနေတုန်းပဲ"
"ဒါပေမယ့် အစ်ကိုကြီး၊ အစ်ကိုကြီးကတော့ တစ်ကယ့်ကို ချောတာနော်။ ဟဲဟဲ၊ ငါ စီနီယာအစ်မဆီက ကြားလာတာ၊ သူမက အစ်ကို့ဘေးမှာ နေရတာကို သဘောကျတယ်တဲ့။ အစ်ကိုကြီး... အစ်ကိုကြီးက မကြာခင် နိုးလာတော့မှာ ဟုတ်တယ်မလား"
"အဖက ပြောတယ်။ အစ်ကိုက မကြာခင် နိုးလာတော့မှာတဲ့။ ဒါပေမယ့် သူအဲဒီလိုပြောနေတာက ငါ ငယ်ငယ်လေးတည်းကပဲ"
'သူတို့က ငါ့အနားမှာ နေရတာ ကြိုက်တယ်တဲ့လား။ ဒါပေမယ့် မင်းရဲ့ အဲဒီ စီနီယာ အစ်မတွေ လာတဲ့အချိန်တိုင်း ငါ့အရှိန်အဝါတွေ အများကြီး ပျောက်ကွယ်သွားရတယ်လေ။ အရူးမလေး၊ သူတို့က ငါ့ကို သဘောကျတာ မဟုတ်ပါဘူး။ သူတို့က ဒီနေရာကို လာပြီး ငါ့ခန္ဓာကိုယ်က အင်မော်တယ်ချီတွေ စုပ်ယူရတာကိုပဲ သဘောကျကြတာပါ။ အဲဒီအကြောင်း သူတို့ စကားစမြည် ပြောတုန်းက ငါကြားခဲ့ဖူးတယ်။ သူတို့ကတော့ ငါ့ကို မကြားနိုင်ဘူးလို့ ထင်ကြတာပေါ့"
'အရူးမလေး၊ ဒီနေရာကို လာတဲ့ သူအားလုံးက ငါတို့အပေါ် ယုတ်မာချင်တဲ့ သူတို့စိတ်ထားတွေကို ဖုံးကွယ်ထားကြတာချည်းပဲ။ ငါ သူတို့စကားတွေကို အများကြီး ကြားခဲ့ဖူးတယ်...'
"အစ်ကိုကြီး အဖက အခုနောက်ပိုင်း အရမ်းထူးဆန်းနေတယ်။ သူက... ငါ့ကို ခဏခဏ ရိုက်တယ်။ ငါ တစ်ကယ် အရမ်း ကြိုးကြိုးစားစား ကျင့်ကြံနေတာကို။ ငါက... သူ့တောင်းဆိုမှုတွေကို လက်ခံပြီးတော့တောင် တစ်ခြား ဂိုဏ်းဝင်တွေ လေ့ကျင့်ဖို့ ကူညီပေးနေသေးတာ။ သူတို့က အကြိမ်တိုင်း ငါ့ကို ဝန်းရံထားကြပြီး သူတို့နဲ့ လေ့ကျင့်ပြီးတဲ့ အခါတိုင်း ငါ့ခန္ဓာကိုယ်က ပိုပိုပြီး အားနည်းလာသလို ခံစားရတယ်..."
"သူတို့ ငါ့ကို ကြည့်တဲ့ အကြည့်တွေက မတူတော့တာကိုလည်း ငါခံစားမိတယ်။ အဲဒါ... အဲဒါက သူတို့က ငါ့ကို ဆေးတောင့်တစ်ခုလို ကြည့်နေကြတာ"
'သောက် အင်မော်တယ်တွေ၊ ငါ့ မျက်လုံးတွေသာ ဖွင့်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားနိုင်လာတာနဲ့ မင်းတို့အားလုံးကို ငါသတ်ပစ်မယ်။ မင်းတို့ ငါ့အင်မော်တယ်ချီတွေ စုပ်ယူနေတာကို ငါဂရုမစိုက်ပေမယ့် မင်းတို့ကများ သူမကို ထိရဲတယ်ပေါ့'
'သူမက ကလေးလေးပဲ ရှိသေးတာကွ။ မင်းတို့ရဲ့ ကျင့်ကြံဆင့်အတွက်နဲ့များ ဒါကို ဘယ်လိုတောင် လုပ်နိုင်ရက်ကြတာလဲ။ ငါ့ချီတွေကို စုပ်ယူနေရတာနဲ့တင် မလုံလောက်ကြသေးလို့လား။ မင်းတို့အားလုံးရဲ့ ကိုယ်ထဲမှာတောင် ငါ့အင်မော်တယ် ချီတွေ ရှိနေတာကွ'
'ငါ ကျိန်ဆိုတယ်။ ငါသာ မတ်တပ်ရပ်နိုင်တာနဲ့ မင်းတို့အားလုံး ကျိန်းသေပေါက် ပေးဆပ်ရစေမယ်'
"အစ်ကိုကြီး ငါ ဒီနေ့ အရမ်းပင်ပန်းနေတယ်... အစ်ကိုကြီး နံဘေးမှာပဲ လှဲနေလိုက်ဦးမယ်။ ငါ တစ်ကယ်ကို အရမ်းပင်ပန်းနေလို့..."
'အိပ်လိုက်တော့။ ငါမင်းကို ကာကွယ်ပေးပါ့မယ်။ ငါ့ရဲ့ အင်မော်တယ် စွမ်းအင်တွေကိုလည်း မင်းကိုယ်ထဲ လွှဲပြောင်းပေးထားမယ်။ အဲဒါမှ မင်းမနက်ဖြန် မပင်ပန်းတော့မှာ'
'ငါသာ မြင်နိုင်ခဲ့မယ်ဆိုရင် နေ့နဲ့ ည ဘာကွာလဲဆိုတာကို ပြောပြနိုင်လိမ့်မှာ။ ငါသာ မြင်နိုင်ခဲ့မယ် ဆိုရင် ငါတို့ပတ်ဝန်းကျင်က လူတွေအများကြီးထဲမှာ မင်းကို ရှာဖွေပြီး မင်းလက်ကို ဆုပ်ကိုင်ထားနိုင်လိမ့်မှာ... အဲဒါဆို အရမ်း ပျော်ဖို့ကောင်းမှာပဲ'
'ငါသာ မတ်တပ်ရပ်နိုင်ရင် မင်းနဲ့အတူ ကောင်းကင်မှာ ပျံသန်းနိုင်ပြီး ငါတို့အတူတူ ကောင်းကင်နဲ့မြေပြင် အဆုံးထိ သွားလို့ရမှာ... အဲဒါဆို ပျော်ဖို့ ကောင်းလိမ့်မှာမလား'
'ငါသာ စကားပြောနိုင်ခဲ့ရင် မင်းနဲ့အတူ ရယ်မောပေးနိုင်ပြီး ကောင်းကင်ကို ညွှန်ပြလို့ ကောင်းကင်ပြာနဲ့ တိမ်စိုင်ဖြူဖြူတွေ ရေးဆွဲပေးနိုင်မှာ... အဲဒါဆိုလည်း အရမ်း ပျော်ဖို့ကောင်းလိမ့်မှာပဲ'
'ဒါပေမယ့် ငါ မလုပ်နိုင်ဘူးလေ။ ငါက မမြင်ရသလို၊ မလှုပ်ရှားနိုင်၊ စကားမပြောနိုင်ဘူး။ ငါမြင်နေရတဲ့ ကမ္ဘာကြီးဟာလည်း ဘာအရောင်အဆင်းမှ ရှိမနေတဲ့ အမှောင်ထုကြီး တစ်ခုပဲ။ ငါ ခံစားမိသမျှဟာလည်း နာကျင်မှုနဲ့ အထီးကျန်ဆန်မှုတွေပဲ'
"အစ်ကိုကြီး၊ ငါ အခုနောက်ပိုင်း အရမ်းအိပ်ငိုက်လာသလို ခံစားရတယ်။ ငါ့အရပ်လည်း ပိုပုလာသလိုပဲ။ ငါ လှလည်း မလှတော့ဘူး... ဘယ်သူကမှ ငါ့ကို သဘောမကျကြတော့ဘူး။ အစ်ကိုကြီးကတော့ ငါ့ဘေးမှာ ရှိနေပေးမယ် မဟုတ်လားဟင်..."
"အစ်ကိုကြီး၊ အရမ်း နာနေလား။ စိတ်မညစ်နဲ့နော်။ ငါ့မှာ အိပ်မက်တစ်ခု ရှိတယ်။ ငါ့ကျင့်ကြံဆင့် မြင့်လာတာနဲ့ အစ်ကို့ကို အဝေးခေါ်သွားပေးပါ့မယ်"
'အရူးမလေးရယ် အဲဒါ အသုံးမဝင်ပါဘူး။ ငါ သူတို့ကို သိတယ်။ သူက မင်းဖခင် မဟုတ်သလို ငါ့ဖခင်လည်း မဟုတ်ဘူး။ သူ့နာမည်က တိထျန်းတဲ့'
"အစ်ကိုကြီး၊ အစ်ကိုကြီးကို ခဏလောက် လာတွေ့နိုင်တော့မှာ မဟုတ်ဘူး။ သူတို့... သူတို့ ငါ့ကို နေရာတစ်ခုဆီ ခေါ်သွားကြမလို့တဲ့။ ပြန်ရောက်တာနဲ့ နောက်တစ်ခေါက် လာတွေ့လှည့်ပါ့မယ်"
"အစ်ကိုကြီး၊ အစ်ကိုကြီး မကြာခင် နိုးထလာရမယ်နော်..."
'ငါ့ကိုယ်ပေါ်က မင်းရဲ့ မျက်ရည်စက်တွေကို ခံစားမိတယ်။ မင်းငိုနေတုန်းမှာ ငါ့ကို ကြည့်နေတဲ့ အေးစက်စက် အကြည့်တစ်ခုကိုလည်း ငါခံစားမိတယ်'
"ဖေးအာ၊ အခု သွားရတော့မယ်"
'လေထဲမှာ ပဲ့တင်ထပ်နေခဲ့တဲ့ အဲဒီ အေးစက်စက်အသံဟာ တစ်ဖြည်းဖြည်း တိမ်ဝင် ပျောက်ကွယ်သွားခဲ့တယ်။ ငါ့ကမ္ဘာဟာလည်း နောက်ထပ်တစ်ဖန် မှောင်မိုက်သွားခဲ့ရပြန်တယ်။ ငါ သူမလေးရဲ့ အသံကိုလည်း နောက်ထပ်မကြားရတော့ဘူး။ ကောင်းကင်ပြာတွေ မရှိတော့သလို တိမ်စိုင်ဖြူဖြူတွေလည်း မရှိတော့ဘူး'
'အထီးကျန်မှု၊ အေးစက်မှု၊ မိုးရေစက်တွေနဲ့ ဆီးနှင်းတွေ၊ လေအေးတွေနဲ့ အဆုံးမရှိတဲ့ နာကျင်မှုတွေ၊ ငါ့စွမ်းအင်တွေကို စုပ်ယူနေတဲ့ အဲဒီ ရွံစရာလူတွေနဲ့ သူတို့ရဲ့ စက်ဆုပ်ဖွယ် အရှိန်အဝါတွေပဲ ရှိနေတော့တယ်'
'အချိန်တွေ ကုန်ဆုံးသွားတာကို ငါခံစားမိတယ်။ နှစ်တွေ ဘယ်လောက် ကြာသွားခဲ့ပြီမှန်း ငါမသိတော့ဘူး။ ငါ့နားထဲမှာ ကြားခဲ့ဖူးတဲ့ အသံလေးဟာလည်း ဘယ်တော့မှ ထပ်ပေါ်မလာခဲ့တော့ဘူး... ငါ့အချိန်တွေဟာ ဟိုးယခင်လိုပဲ မှောင်မိုက်နေခဲ့တယ်'
'ငါ့ မျက်လုံးတွေကို ဖွင့်ချင်တယ်။ ငါ့မျက်လုံးတွေ ဖွင့်နိုင်မှ ဖြစ်မယ်။ ငါ မင်းကို ရှာချင်တယ်... ငါ ပိုင်ဆိုင်တဲ့ ကောင်းကင်ပြာကို ငါရှာဖွေချင်တယ်။ ကောင်းကင်ပြာဟာ ဘယ်လိုအရောင်အသွေးမျိုးလဲ ဆိုတာ ငါမြင်ချင်တယ်။ ရွှင်မြူးမှု အပြည့်နဲ့ အသံလေးကို ငါရှာတွေ့ချင်တယ်'
'ငါအချိန်တွေကို နောက်ပြန်ဆုတ်ချင်မိတယ်။ နှစ်တွေ အကြာကြီး မင်းနဲ့ အဆက်အသွယ် ပြတ်နေခဲ့တာပဲ။ မင်း ဘယ်တွေများ ရောက်နေခဲ့တာလဲ။ ငါ့ညီမလေး မင်း နေရော ကောင်းပါ့မလား'
'ငါ စကားပြောနိုင်ချင်တယ်။ မင်း အခု ဘယ်လိုဖြစ်နေလဲဆိုတာ သူတို့အားလုံးကို မေးကြည့်ချင်မိတယ်။ မင်း... မင်း ငါ့လိုတော့ အဆုံးသတ်သွားလို့ မဖြစ်ဘူးနော်'
'ဘာလို့ဆို... မင်းက ငါ့မျက်လုံးတွေ ဖြစ်နေခဲ့တာကြောင့်ပဲ။ တိထျန်း သူနဲ့အတူ ကလေးနှစ်ယောက်ကို ခေါ်လာခဲ့တုန်းက မင်းဟာ အသက်ရှင်နေတဲ့သူ ဖြစ်ပြီး၊ ငါကတော့ သေဆုံးနေတဲ့ တစ်ယောက်ပဲလေ'
အိပ်မက်ရှည်ကြီး တစ်ခု...
စုမင် မျက်လုံးများကို ဖွင့်လိုက်သည်နှင့် ကောင်းကင်ယံ၊ တိမ်စိုင်များနှင့် အရောင်အသွေး စုံလင်သည့် လောကကြီးကို မြင်လိုက်ရသည်။ သူ့စိတ်ထဲတွင်တော့ ထိုအိပ်မက်ကြောင့် ဖြစ်ပေါ်လာခဲ့သော ဝမ်းနည်းပူဆွေးမှုများ ရှိနေဆဲပင်။ သူ့မျက်ဝန်းများ အတွင်း ရှုပ်ထွေးမှုတို့ ပေါ်လာသော်ငြား ၎င်းတို့က အေးစက်တည်ငြိမ်မှု အဖြစ် ပြောင်းလဲမသွားခင် တစ်ခဏသာ ကြာမြင့်ခဲ့လေသည်။
ထိုသည်က အလွန်အမင်း တည်ငြိမ်လှသော ကြောက်မက်ဖွယ် အေးစက်စက် မျက်ဝန်းတစ်စုံပင် ဖြစ်သည်။
ထိုမျက်လုံးများကို မြင်လိုက်သည်နှင့် တိထျန်း၏ ထာဝစဉ် တည်ငြိမ်နေခဲ့သော နှလုံးသားမှာ တုန်ယင်သွားခဲ့သည်။
စုမင်သည် တိထျန်းအား ကြည့်လျက် ခေါင်းတလားပေါ် လဲပြိုနေရာမှ ဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။ ထိုအခိုက်အတန့်တွင် နက်မှောင်တောင်မှ ရရှိခဲ့သော သူ့မျက်နှာပေါ်ရှိ အမာရွတ်မှာ သွေးနီရောင် အလင်းတစ်ဖြာ တောက်ပနေလေသည်။ ထိုအလင်းကြောင့် စုမင်ထံတွင် ထူးဆန်း ကြောက်မက်ဖွယ် လေထုတစ်ခု ပြည့်နှက်လာခဲ့၏။
တိထျန်းကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် စုမင်မျက်ဝန်းတို့ ကျဉ်းမြောင်းသွားခဲ့သည်။ သူ့မျက်လုံးထဲတွင် မရေမတွက်နိုင်သော ရုပ်ပုံလွှာများ လျှပ်ပြက်သလို ထွက်ပေါ်လာပြီး အဆုံးတွင်မတော့ အဆုံးမဲ့ အမှောင်ထုကြီး ရှိနေသည့် လေဟာနယ် ဟင်းလင်းပြင် တစ်ခုထံ၌ ရပ်တန့်သွားခဲ့လေသည်။ ထိုနေရာရှိ ဧရာမ ဦးခေါင်းကြီးပေါ်တွင် ဧကရာဇ် ဝတ်ရုံ မဟုတ်ပဲ ဝတ်ရုံရှည်တစ်ထည်သာ ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူတစ်ဦး တင်ပလ္လင်ခွေ ထိုင်နေခဲ့၏။
ယခု သူ့အရှေ့ရှိ ဧကရာဇ်ဝတ်ရုံဖြင့် လူမှာ ထိုဟင်းလင်းပြင်ထဲမှ သက်လတ်ပိုင်း လူနှင့် အလွန်ပင် တူနေချေသည်။
"တိထျန်း၊ ငါတို့ ပြန်တွေ့ကြပြန်ပြီနော်"
စုမင်သည် ခေါင်းငုံ့ကာ သူ့နံဖူးအလယ်သို့ လက်ဖြင့် ပွတ်လိုက်၏။ သူ့မျက်ဝန်းများ အတွင်း သတိပြုမိနိုင်ရန် ခဲယဉ်းသည့် အလင်းတစ်ဖြာ တောက်ပသွားပြီးနောက် ခေါင်းတလားပေါ် ထိုင်ချလိုက်လေသည်။ သူ၏ ဆံပင်တို့မှာ အနီရောင် မဟုတ်တော့ပဲ မူလ အရောင်အသွေး ပြန်ဖြစ်သွားခဲ့ချေပြီ။ မက်မွန်ပွင့် အမှတ်အသားသည် သူ့နံဖူးအလယ်တွင် ရှိနေဆဲ ဖြစ်သော်ငြား အတော်လေး မှိန်ဖျော့လို့ နေခဲ့ချေပြီ။
တိထျန်း၏ မျက်လုံးတို့မှာ ပထမဆုံးအကြိမ်အဖြစ် ကျဉ်းမြောင်းသွားခဲ့သည်။ သူသည် စကားပြန်မပြောပဲ စုမင်အား လေ့လာနေဟန်ဖြင့် စိုက်ကြည့်ရုံသာ စိုက်ကြည့်နေခဲ့လေသည်။
စုမင်သည် သူ့နံဖူး အလယ်သို့ ဘယ်လက်ဖြင့် ပွတ်သပ်ရင်း နံဘေးရှိ ခေါင်းတလားထံသို့ ဝေ့ကြည့်လိုက်မိသည့် တစ်ခဏ သူ့နှလုံးသားမှာ အမျိုးအမည်မသိ အကြောင်းတစ်ရပ်ကြောင့် တုန်လှုပ်သွားရတော့သည်။ သူ့နှလုံးသားမှာ ဗလာကျဉ်းသွားခဲ့ပြီး သူ့ရင်ထဲ၌ အသက်ရှူရပ်မတတ် နာကျင်မှုတစ်ခု တိုးထွက်လာခဲ့သည်။
အမှောင်ထုတို့ ပြည့်နှက်နေသည့် ထိုမြင်ကွင်းများကို သူပြန်မြင်လိုက်ရ၏။ အိပ်မက်ထဲမှ အရာအားလုံးနှင့် ထိုအသံငယ်လေး... စုမင် နှလုံးသားမှာ တုန်ယင်သွားခဲ့လေပြီ။ သူသည် သူ့အရှေ့ရှိ အရာများကြောင့် အလွန်အမင်း စိတ်ရှုပ်ထွေးနေခဲ့ရခြင်း ဖြစ်သည်။ သူသည် မဒမ်ကျိ၏ မိစ္ဆာ မက်မွန်ပွင့်နှင့် တိုက်ခိုက်ခံလိုက်ရပြီး သူ့ကိုယ်ထဲရှိ လိုအင်ရမ္မက်များ လှုံ့ဆော်ခံလိုက်ရသည်ကို မှတ်မိနေခဲ့၏။
နွားသိုးဖြူ မျိုးနွယ်စုထံ သွားမိသည်နှင့် သူ့ကိုယ်သူ ထိန်းချုပ်၍ လှိုဏ်ဂူရှိရာဆီ ပြန်လာခဲ့သည်။ သူ အသိစိတ် လွတ်မသွားခင် သူ့ကိုယ်သူ ချိပ်ပိတ်ထားရန် အတွက် ဟန်တောင်တန်းခေါင်းလောင်းအား အသုံးပြုခဲ့ပြီး ထို့နောက်တော့ အချိန်ကြာမြင့်စွာ မေ့မြောသွားခဲ့သည်။ သူ တစ်ခါတစ်ရံ နိုးထလာချိန်တွင်လည်း ဟန်တောင်တန်း ခေါင်းလောင်းထဲတွင်သာ ရှိနေခဲ့သေးကြောင်း မှတ်မိနေ၏။
သူ နောက်ဆုံးတစ်ကြိမ် မေ့မြောသွားခဲ့ပြီး မျက်လုံးဖွင့်လိုက်ချိန်တွင်တော့ သူ့နှလုံးသားအား တုန်လှုပ်ချောက်ချား စေခဲ့သူကို မြင်လိုက်ရလေသည်။ ဧကရာဇ် ဝတ်ရုံဖြင့် ထိုလူသည် သူ့အား ဟန်တောင်တန်း ဘိုးဘေး ထိန်းချုပ်ခဲ့စဉ်က မည်သည့် အချိန်ကာလကမှန်း မသိသော ထို ဟင်းလင်းပြင်အတွင်းရှိ ဦးခေါင်းပေါ်တွင် ထိုင်နေခဲ့သူ ဖြစ်နေသည်။
ဤလူ ပေါ်ထွက်လာမှုက စုမင်၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။ သူသည် ဤ ရုတ်တရက် အပြောင်းအလဲ အတွက် သူ့ခံစားချက်များကို မထိန်းချုပ် နိုင်သင့်သော်ငြား အမျိုးအမည် မဖော်နိုင်သော အကြောင်းရင်း တစ်ခုကြောင့် သူ၏ မသိစိတ်မှ အလိုလိုပင် ပါးပါးနပ်နပ် ထိန်းချုပ်သွားခဲ့လေသည်။ ထိုအရာက သူနှင့်အတူ နိုးထလာသော သဘာဝ စွမ်းရည် တစ်ရပ်လိုပင်။
၎င်းက အကုန်မဟုတ်သေးချေ။ သူ့ခေါင်းထဲတွင်လည်း ယခင်ထက် ပိုမို၍ ရှင်းလင်း ကြည်လင်နေကြောင်း စုမင် သတိထားမိလိုက်၏။ သူ့ခေါင်းထဲတွင် လျှပ်ပြက်သလို ထွက်ပေါ်လာနေသည့် သူ မသိသော်လည်း ထူးထူးဆန်းဆန်းပင် ရင်းနှီးနေသော မြင်ကွင်းများလည်း ရှိနေသေးသည်။ ၎င်းတို့မှာ သူ့ထံ၌ ဟိုယခင်ကတည်းက ရှိနေခဲ့သော်လည်း ချိပ်ပိတ်ခံထားခဲ့ရသည့် မှတ်ဉာဏ်များသဖွယ် ခံစားလိုက်ရသည်။ ယခုတော့ သူ့နိုးထလာမှုနှင့်အတူ ထိုမှတ်ဉာဏ်များအား ပြန်လည် ရရှိလာခဲ့သလိုပင်။
အထူးသဖြင့် ခေါင်းတလားကို မြင်လိုက်သည့် အခိုက်အတန့်ပင် ဖြစ်သည်။ ထိုသန်မာသော ခံစားချက်ကြောင့် သူသည် အပြင်ပန်း၌ တည်ငြိမ်နေသော်လည်း ခေါင်းတလားအား အသာအယာ ပုတ်လိုက်မိ၏။ ထိုသို့ ပုတ်လိုက်သည်နှင့် ခေါင်းတလား၏ အဖုံးမှာ ချက်ချင်း ကွဲကြေသွားပြီး အပိုင်းအစများ ဖြစ်ကာ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် ခေါင်းတလားအတွင်းရှိ အရာမှာ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခဲ့လေသည်။
ခေါင်းတလားအတွင်း ကျောက်ရုပ်တု တစ်ခု လဲလျောင်းနေပြီး ထိုရုပ်တုက မိန်းကလေးတစ်ဦးပင် ဖြစ်သည်။ သူမတွင် ဆံပင်ရှည်ကြီးများ ရှိနေသော်လည်း အလွန်အမင်း ချောမောလှသည်တော့ မဟုတ်ပေ။ သူမ မျက်နှာထက်တွင် နာကျင်မှု တစ်စွန်းတစ်စ ရှိနေပြီး ထိုသည်ကပင် အခြားသူများအား သူမအပေါ် သနားလာစေရန် ပြုလုပ်ပေးနေ၏။
သူမ၏ သေးသွယ်သွယ် အသွင်လေးမှာ လုံးလုံးလျားလျား အရွယ်ရောက်သေးပုံ မပေါ်ချေ။ သူမသည် ၁၅၊ ၁၆ ဝန်းကျင်သာ ရှိသေးဟန်တူသော်လည်း သူမမျက်နှာပေါ်ရှိ အိုမင်းရှေးကျသော အသွင်အပြင်ကိုတော့ ဖုံးကွယ်မရနိုင်ချေ။ ၎င်းကပင် သူမ၏ အသက် အစစ်အမှန်အား သေချာ ဖော်ပြလို့နေသည်။
ထိုရုပ်တုသည် အလွန်အသက်ဝင်လှပြီး မိန်းကလေးထံတွင် တွေ့နိုင်သမျှ အရာအားလုံး ပါဝင်နေ၏။ ဤသည်က သာမန်လူတစ်ဦး၏ လက်ရာမျိုး မဟုတ်ကြောင်း ထင်ရှားလို့နေသည်။
ယခုလေးပင် နိုးထလာခဲ့သော စုမင်သည် ခေါင်းတလားအတွင်းရှိ ကျောက်ရုပ်ထုအား ကြည့်ကာ နှလုံးသားအတွင်းမှ ကျယ်ကျယ်လောင်လောင် အော်ဟစ် ကြုံးဝါးလိုက်မိသည်။ သူသည် ဤမိန်းကလေးအား ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သော်လည်း သူမသိသော အကြောင်းရင်း တစ်ချို့ကြောင့် သူမအား မြင်လိုက်သည်နှင့် သူ့နှလုံးသားက စူးစူးဝါးဝါး နာကျင်လာရ၏။ သူ့နားထဲတွင်လည်း သူ၏ အိပ်မက်များထဲမှ အသံငယ်လေးကို တစ်ဖန် ပြန်လည် ကြားယောင်လိုက်မိလေသည်။
"အစ်ကိုကြီး ကောင်းကင်ကြီးက ပြာနေတာပဲ..."
"အစ်ကိုကြီး ငါ နည်းနည်း ပင်ပန်းနေတယ်..."
"အစ်ကိုကြီး သူတို့ ငါ့ကို နေရာတစ်ခုဆီ ခေါ်သွားကြတော့မယ်။ ပြန်ရောက်တာနဲ့ အစ်ကိုကြီးကို လာတွေ့လှည့်မယ်နော်..."
"အစ်ကိုကြီး မြန်မြန်လေး ထပါတော့..."
***