အန်လင်း၏ သူရဲကောင်းဆန်လှသောသေဆုံးခြင်း
Vol. 24 Ch. 326
ရှင်းကျင်းတောင်မှာ ကျန်းချီ ကုန်းမြေကြီးတစ်လွှား ကျော်ကြားသော တောင်တစ်ခုဖြစ်၏။
ကျောက်ဆောင်များမှာ အလွန်အမင်း ချောမွေ့နေပြီး အဆင့်မြင့် ကျောက်စိမ်းများအသွင် ဖြစ်နေလေသည်။
တောင်ထိပ်တွင် အဝေးက ကြည့်ပါက အပြာရောင် ကျောက်မြတ်တစ်ခုကဲ့သို့ အေးချမ်းလှသော ရေကန်ပြာတစ်ခုရှိလေ၏။
တောင်ကုန်း၏ အသိသာဆုံးသော သရုပ်မှာ တိုက်ပွဲချီများက ဤနေရာတွင် လွန်စွာ သိပ်သည်းနေခြင်းပင်။ ထို့ကြောင့် ထိုသည်မှာ တိုက်ပွဲနတ်ဘုရား ရှုမင် ကျင့်ကြံသော နေရာဖြစ်ပြီး သာမန်လူများဝင်ရောက်ခြင်းမှ တားမြစ်ထား၏။
တောက်ပနေသော ညကောင်းကင်ယံ၏ အောက်တွင် အရာအားလုံးက ငြိမ်းချမ်း တိတ်ဆိတ်နေ၏။
“ဟုတ်ပြီ။ ဒီဟာက တောင်ရဲ့ အကာအကွယ် ဖွဲ့စည်းခြင်း နယ်နမိတ်ပဲ။ ဒီမှာရပ်ကြရအောင်။”
ဖွဲ့စည်းခြင်း၏ နယ်နမိတ်တွင် ရပ်တန့်ပြီးနောက် အန်လင်း၏ မျက်လုံးများက နှင်းကဲ့သို့ အဖြူရောင်ပြောင်းသွားပြီးနောက် လေထဲရှိ မတူညီသော နေရာသုံးခုကို ရိုက်ခတ်သွားသည့် စွမ်းအင် စီးကြောင်း သုံးခုကို ထုတ်လွှတ်လိုက်သည်။ သူတို့ရှေ့ရှိ နေရာလပ်မှာ လှိုင်းဂယက်များ စတင်ထလာကာ သူတို့ရှေ့၌ အပေါက်တစ်ခု ပေါ်လာတော့သည်။
ခွမ်း…
အန်လင်း၏ အသွင်မယူမီ ရေများက လေထုထဲတွင် ခဲသွားတော့သည်။
ထိုသည်မှာ စုချန်းရန်နှင့် တခြားသူများက အန်လင်း၏ ရေကိုယ်ပွားနည်းလမ်းကို မြင်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်၏။ သူတို့သည် ကိုယ်ပွားက အန်လင်းနှင့် မည်မျှအထိ ထပ်တူကျသည်ကို ကြည့်ရင်း အံ့အားသင့်နေကြ၏။
“ငါက အခု စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်ရောက်နေပြီ။ အဲ့တာမို့ ငါ့ရဲ့ ကိုယ်ပွားကို တစ်နာရီလောက်ထိ ထိန်းထားနိုင်ပြီးတော့ ကိုယ်ပွားက ငါ့စွမ်းအင်ရဲ့ ဆယ်ပုံတစ်ပုံ အစွမ်းရှိတယ်။” အန်လင်းက လူတိုင်းကို အပြုံးနှင့် မိတ်ဆက်လာ၏။
ရွှမ်ယွမ်ချန်က ကိုယ်ပွား၏ လက်တွင် သိုလှောင်လက်စွပ်တစ်ခုကို စွပ်ပေးလိုက်ပြီးနောက် “ပထမဆုံး ပစ်မှတ်ကို အရင်အတည်ပြုတာ သေချာအောင်လုပ်။ ပြီးရင် နီးနိုင်သမျှနီးအောင်သွားပြီး တိုက်ခိုက်တော့။ ပေါက်ကွဲမှုရဲ့ အလယ်ဗဟိုက အပူချိန်တွေက ကြောက်စရာအကောင်းဆုံးပဲ။”
အန်လင်း၂ က ယုံကြည်မှုအပြည့်နှင့် ပြုံးပြလာပြီး “ကျွန်တော့်ကိုသာ အားကိုးလိုက် စမ်းပါ…”
ထို့နောက် သူက သူ့၏ သစ်သားဓားပေါ်သို့ ခုန်တက်ကာ သူစိတ်ပိုင်းဖြတ်ထားသော ပုံစံနှင့် တစ်ထပ်တည်းပင် ရှင်းကျင်းတောင်၏ နှလုံးသားဆီသို့ ပျံသန်းသွားတော့၏။
ဟူကွမ်နှင့် ယောင်မင်ရှီတို့ နှစ်ဦးစလုံးက ပူပြင်းတောက်လောင်နေသော အချစ်စိတ်များ အပြည့်နှင့် မျက်လုံးများဖြင့် အန်လင်းဆီသို့ လှည့်ကြည့်ကာ “အန်ကိုကြီး အန်ရဲ့ ကိုယ်ပွားကတောင် ဒီလောက်ထိ ချောလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ ငါသဘောကျတယ်။”
အန်လင်း၏ ခန္ဓာကိုယ်က သူတို့၏ စကားများကြောင့် တုန်သွားပြီး သူက ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်လေသည်။ “ဒီနားကနေ နည်းနည်း ဝေးဝေးသွားကြရအောင်။ ငါတို့က အန္တရာယ်ဇုံထဲက မလွတ်သေးဘူး။”
လူတိုင်းက သူ့၏ ညွှန်ကြားချက်ကို ချက်ချင်းပင် အာရုံစိုက်လိုက်ကြပြီး ခပ်ဝေးဝေးဆီသို့ စတင်ရွှေ့လိုက်ကြ၏။ နောက်ဆုံးတွင်တော့ ဝမ်နည်းရသည်ထက် ဘေးကင်းသည်မှာ ပိုမိုကောင်းမွန်လှသည်။ အထူးအဖြင့် နောက်ဆုံး စီရင်ချက် ကိရိယာမှာ စိုးရိမ်ဖွယ်ပင်။
ထိုအခိုက်၌ ရေကန်ဘေးရှိ ရှေးဟောင်းနန်းတော် တစ်ခုထဲတွင်…
နဖူးပေါ်တွင် အနီရောင် မှဲ့တစ်ခုနှင့် ချောမောလှသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက မြက်ခင်းပြင်ပေါ်တွင်ထိုင်ကာ တရားကျင့်နေလေ၏။
ကြယ်ကြွေကျသကဲ့သို့ စူးရှရှ အဖြူရောင် အလင်းတန်းတစ်ခုက လေထဲတွင် ရုတ်တရက် ပေါ်လာတော့သည်။
အမျိုးသားက မျက်လုံးဖွင့်ကြည့်လိုက်ပြီးနောက် သူ့၏ ပေါင်ပေါ်ရှိ ဓားပေါ်သို့ လက်လှမ်းလိုက်သည်။ ကံခေမှု အနည်းအကျဉ်း ရှိလာပါက သူက အံ့ချီး လက်နက် ငါးခုထဲမှ တစ်ခုဖြစ်သော သူ၏ ဓားကိုဆွဲထုတ်ကာ အကြီးအကျယ် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ရပေမည်။
သူ့၏ မြင်ကွင်းတွင် ခရမ်းရောင်ဝတ်ရုံနှင့် ခန့်ညားထင်ရှားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ပေါ်လာတော့သည်။
“ဟား… ဟား… မတွေ့တာကြာပြီ။ ရှုမင်…” ခရမ်းရောင်အမျိုးသားက သူ့ရှေ့မှ လူအား နှစ်လိုဖွယ် မျက်နှာဖြင့် လက်ယမ်းပြလိုက်၏။
တိုက်ပွဲ နတ်ဘုရား ရှုမင်က မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီးနောက် အေးစက်သောလေသံနှင့် တုံ့ပြန်လာ၏။ “ဇီယန်… မင်းက ဒီမှာ ဘာလုပ်နေတာလဲ။”
“ငါက မင်းရဲ့ လာမဲ့တိုက်ပွဲကို ကြည့်လို့မရဘူးလား…” ခရမ်းရောင် အမျိုးသားက ရှုမင်၏ မလိုလားသော သဘောထားကို လစ်လျူရှုကာ သူ့ရှေ့တွင် အပြုံးမျက်နှာလေးနှင့် ထိုင်ချလာ၏။
တိုက်ပွဲနတ်ဘုရား ရှုမင်က ခပ်ဖွဖွ ရယ်မောကာ “အဖြေသိနေပြီးသား တိုက်ပွဲကို စိတ်ဝင်စားတာက မင်းနဲ့မှမတူတာ။ မဟုတ်မှ… မင်းက ငါ့ကို ရှုံးမယ်လို့ထင်နေတာလား။”
“မဟုတ်ဘူး… မဟုတ်ဘူး… ငါက မင်းအဲ့နှစ်ယောက်ကို မတော်တဆ သတ်လိုက်မိမှာ စိုးလို့ပါ။” တိုက်ပွဲနတ်ဘုရား ဇီယန်က အလျင်အမြန်ပြောလာ၏။
“အို… ငါက သူတို့ကို မသတ်သင့်ဘူးလို့ မင်းက သွယ်ဝိုက်ပြီးပြောနေတာလား။” တိုက်ပွဲနတ်ဘုရား ရှုမင်က သူ့ရှေ့မှ အမျိုးသားကို ကြည့်ကာ သူ့အသံက တဖြည်းဖြည်းနိမ့်လာတော့သည်။
တိုက်ပွဲနတ်ဘုရား ဇီယန်က သူ့၏လက်ကို ယမ်းပြရင်း အလေးအနက်အမူအရာဖြင့် “မင်းလဲ ငါ့လိုပဲ သူတို့ရဲ့သတင်းတွေ ကြားပြီးပြီလို့ ငါထင်တယ်။ အဲ့တာကြောင့်မို့ သူတို့က တစ်ခြားကမ္ဘာက လူတွေဖြစ်နိုင်တယ်ဆိုတာကို စိတ်ထဲထည့်ထားသင့်တယ်။ အဲ့တာကြောင့်မို့ သူတို့အသက်ရှင်နေတာက သေသွာတာထက်ပိုပြီး အသုံးဝင်တယ်။ ပြီးတော့… မင်းရော နောက်တစ်ဆင့်ကို မတက်ချင်ဘူးလား။”
တိုက်ပွဲနတ်ဘုရား ရှုမင်က အေးစက်စွာ တုံ့ပြန်လာ၏။ “ငါက သူတို့ရဲ့ စိတ်ဝိညာဉ် ကို တွန်းအားပေး ရှာဖွေပြီးတော့ သူတို့ဆီကနေ ငါလိုချင်တဲ့ ဘယ်သတင်းမဆို ရနိုင်တယ်။ တကယ်လို့ သူတို့က ငါတို့မျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းထဲက မဟုတ်ဘူးဆိုရင်တော့ ငါက သူတို့ကို သတ်ဖို့ ပိုသေချာ သွားပြီ။ ဒီမှာ ဘယ်သူက ထိပ်ဆုံးခွေးလဲဆိုတဲ့အကြောင်း သူတို့ကို ငါက သင်ခန်းစာပေးရမယ်။”
တိုက်ပွဲနတ်ဘုရား ဇီယန်၏အတွေးများက လွန်ခဲ့သော နှစ်တစ်ထောင်က အမျိုးသားဆီသို့ ပြန်လည်ရောက်ရှိသွားပြီးနောက် တောင့်တောင့်တတနှင့် သက်ပြင်းချလိုက်လေ၏။ “ဟင်း… မင်းသဘောပါ။ မင်းရဲ့ ဝိညာဉ္ရှာဖွေခြင်းနည်းလမ်းက အသုံးဝင်တဲ့ သတင်းအချက်အလက်တွေရှာနိုင်မယ်လို့ မျှော်လင့်ရတာပဲ။”
ထိုအချိန်မှာပင် အသံတစ်ခုက သူတို့ဘေးမှ ထွက်ပေါ်လာ၏။ “ဟင်… ငါက အနှောက်အယှက် ဖြစ်သွားလား။”
တိုက်ပွဲနတ်ဘုရားနှစ်ယောက်က လှည့်ကြည့်လိုက်သောအခါ သူတို့ဆီသို့ ခပ်မှန်မှန်လျှောက်လာသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
အမျိုးသားမှာ အစွမ်းထက်လှသော်လည်း သူက မြင်ကွင်း၏ တစ်စိတ်တပိုင်းကဲ့သို့ လျော့နည်းနေသော အရှိန်အဝါနှင့် နူးညံ့ကောင်းမွန်သော သွင်ပြင်ရှိလေ၏။ အစွမ်းထက်လှသော တိုက်ပွဲနတ်ဘုရားများပင် သူ့၏ စွမ်းအားအဆင့်ကို မထောက်လှမ်းနိုင်ပါပေ။
မနှစ်မျို့သော အမူအရာက တိုက်ပွဲနတ်ဘုရား ရှုမင်၏ မျက်နှာထက်တွင် ပေါ်လာပြီး ဤယူဆချက်က အနည်းငယ် ကို့ယို့ကားယားနိုင်သည်ကို သိသော်လည်း မေးခွန်းကို ထုတ်မမေးပဲ မနေနိုင်ပါချေ။ “မင်းက ဓားအင်မော်တယ် အန်လင်းလား။”
အန်လင်းက အပြုံးလေးဖြင့် ခေါင်းညိမ့်ပြပြီး “ဟုတ်တယ်။ မင်းက တိုက်ပွဲနတ်ဘုရား ရှုမင်လား။”
တိုက်ပွဲနတ်ဘုရား ရှုမင်က သူ့၏ တုံ့ပြန်မှုတွင် မရယ်ပဲ မနေနိုင်တော့ပါ။ “ငါပဲ သေချာတာပေါ့။ ညနက်ကြီးမှာ ငါ့ဆီလာလည်တာ ဘာကိစ္စလဲ။ မင်းက သဘက်ခါအထိ မစောင့်နိုင်တော့လို့ ဒီမှာပဲ ငါနဲ့ချက်ချင်း တိုက်ပွဲစချင်တယ်လို့တော့ မပြောနဲ့နော်။”
တိုက်ပွဲနတ်ဘုရား ရှုမင်းက မိတ်ဆွေဟောင်းတစ်ယောက်ကို စကားပြောနေသကဲ့သို့ ပြောလာ၏။ သူ့စကားလုံးများတွင် မုန်းတီးမှုအရိပ်အယောင် လုံးဝ မပါပဲ တည်ငြိမ်သည့် ခံစားချက်များသာရှိလေ၏။
အန်လင်းက ချက်ချင်း အဖြေပြန်မပေးလာပါ။ ထိုအစားသူက တခြားတစ်ယောက်အား သိလိုစိတ်နှင့် ကြည့်ရှုလာ၏။ “ဒါနဲ့ ဒီစီနီယာက ဘယ်သူလဲဆိုတာ မေးလို့ရမလား။”
တိုက်ပွဲနတ်ဘုရား ဇီယန်က ရယ်ကာ သူ့၏လက်များနှင့် အရိုအသေပေးလာ၏။ “ငါက ဇီယန်ပါ။ ဓားအင်မော်တယ် အန်လင်းကို ကျက်သရေအပြည့်နဲ့ တွေ့ခွင့်ရတာ ဂုဏ်ယူဝမ်းသာမိပါတယ်။”
အန်လင်းက စိတ်ထဲတွင် မျက်လုံးလှန်လိုက်၏။ ငါက အန်လင်းမဟုတ်ဘူး။ ဒီအတိုင်း ကိုယ်ပွားတစ်ခုပဲ။
သို့သော်လည်း သူ့၏ တည်ရှိမှုနှင့် တွေ့ခွင့်ရတာ သူတို့အတွက်တော့ တကယ့်ကို ဂုဏ်ယူစရာပင်။ ထိုအချက်မှာတော့ သေချာပေါက် မှန်ကန်လေသည်…
ထိုဇီယန်က ပေးဟောင်အင်ပါယာ၏ တိုက်ပွဲနတ်ဘုရား ဇီယန် ဖြစ်ရမည်။ တိုက်ပွဲနတ်ဘုရား နှစ်ဦးဆိုသည်မှာ ဆန်ကျင်ဖို့ရာ အလွန်အမင်းကြောက်မက်ဖွယ် အားအင်ဖြစ်၏။ ကံကောင်းလှစွာ သူက သဖက်ခါတိုက်ပွဲအတွက် အမှန်တကယ် ရည်ရွယ်မထားပါပေ။ သို့မဟုတ်ပါက သူသည် အသက်ရှန်ရန် အခွင့်အရေး အလွန်နည်းလှ၏။
ရှုမင်နှင့် ဇီယန်တို့မှာ အန်လင်းက တိုက်ပွဲနတ်ဘုရား နှစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ရသည်ကိုပင် အကြောက်လွန် သို့မဟုတ် ထိတ်လန့်တကြား ဖြစ်သည့်ပုံ မပေါ်သည်ကို အတော်လေး အံ့ဩနေကြ၏။
“ဟင်… တစ်ခုဝယ် တစ်ခုလက်ဆောင်ပေါ့။ အတော်ကောင်းတဲ့ သဘောတူညီချက်ပဲ။” အန်လင်းက သူ့ကိုယ်သူ ရေရွတ်လိုက်၏။
“တစ်ခုဝယ် တစ်ခုလက်ဆောင်။ မင်း ဘာတွေပြောနေတာလဲ။” တိုက်ပွဲနတ်ဘုရား ရှုမင်က အရာများသည် သူထင်ထားသလောက် မရိုးရှင်း ဟူသည်ကို ရုတ်တရက် သဘောပေါက်သွား၏။
“အို… အဲ့တာက ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်တယ်လို့ ဆိုလိုတာ။ ငါက မင်းတို့ကိုလက်ဆောင်ပေးဖို့ လာခဲ့တာ။” အန်လင်း၏ သိုလှောင်လက်စွပ်က လင်းလာပြီးနောက် အပြင်ဘက်အဖုံးတွင် မန္တန်ဖွဲ့စည်းခြင်း အမြောက်အများနှင့် ကြီးမားလှသော အဏုမြူ စွမ်းအင်သုံး လက်နက်တစ်ခုက နန်းတော်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာတော့သည်။
“ဒါက အဏုမြူဗုံးပဲ။ သီးခြားအခေါ်အဝေါ်အနေနဲ့ ဆိုရင်တော့…”
ဘန်း…
အန်လင်းက စကားဆုံးအောင် ပြောခွင့် မရမီမှာပင် သူ့ပတ်လည်မှ နေရာလပ်က ထူးဆန်းလာပြီး သူက များပြားလှသော ရေစက်များအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုသည်မှာ စတင်တိုက်ခိုက်လာသော တိုက်ပွဲနတ်ဘုရား ရှုမင်မှလွဲ၍ တခြားမဟုတ်ပါ။ မြေပြင်ပေါ်သို့ ကျနေသော ရေစက်များကို ကြည့်နေရင်း သူ့၏ အမူအရာက အပြင်းအထန် ပြောင်းလဲသွား၏။ “အဲ့တာက အတုကြီး…”
သူတို့နှစ်ဦးက ကြီးမားသော အဏုမြူဗုံးလက်နက်ကြီးဆီသို့ အကြည့်ပို့လိုက်ပြီးနောက် သူတို့၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားတော့၏။
တိုက်ပွဲနတ်ဘုရား ဇီယန်က ချက်ချင်းပင် ထိုအရာအား တတ်နိုင်သမျှ ဖယ်ရှာရန် ပူပြင်းလှသော မီးဘောလုံးတစ်ခုကို အမည်မသိ အရာဝတ္ထုဆီသို့ ပစ်လွှတ်လိုက်တော့သည်။
ဘုန်း…
အလွန်အင်မတန် ကြီးမားလှသော ပေါက်ကွဲမှုကြီးက ရလာဒ်အဖြစ် ထွက်ပေါ်လာတော့သည်။
ဂျိန်း…
ကောင်းကင်နှင့် မြေကြီးက ဆုတ်ဖြဲခြင်း ခံနေရလေပြီ။
ပေါက်ကွဲမှုကြီးက ချက်ချင်းပင် နန်းတော်နှင့် ရေကန်အား ဝါးမျိုသွားတော့သည်။
ရှင်းကျင်းတောင်ကြီးတစ်ခုလုံးက အကန့်အသတ်မရှိသော အလင်းရောင်နှင့် အပူရှိန်များအောက်တွင် ပြာကျသွားလေပြီ။
အင်အားကြီးမားလှသော ငလျှင်တစ်ခုဖြစ်ပေါ်လာပြီး စွမ်းအားကြီးလှသော တုန်ခါမှုကြီးက မြေပြင်ကို ဖြတ်သန်းကာ မရေမတွက်နိုင်သော ရှေးဟောင်းသားရဲများ နိုးထလာသကဲ့သို့ အော်မြည်သံကြီး ထွက်ပေါ်လာပြီး ရာပေါင်းများစွာသော ကီလိုမီတာ ပတ်ဝန်းကျင်မှ လူများအား ကြားစေနိုင်တော့သည်။
တစ်မြို့လုံး၏ ညကောင်းကင်ယံသည် တောက်ပလှသောအလင်းဖြင့် ထိန်းလင်းသွား၏။
မြို့သူ၊ မြို့သားများနှင့် တိုက်ပွဲကြည့်ရှုရန် ခရီးထွက်လာကြသော စွမ်းအားကြီး စစ်သည်တော်များက ရှင်းကျင်းတောင်ကို အထိတ်တလန့် ကြည့်ရှုလာကြ၏။
ထိုနေရာ၏ ကောင်းကင်တွင် နေမင်း အသစ်တစ်စင်းပေါ်ထွက်လာပြီး ထိုနေမင်းက လူတိုင်းအား ကြောက်လန့်တုန်ရီစေသည်။ နေမင်း၏ ထိပ်ပိုင်းမှာ လူတိုင်းကို မကောင်းဆိုးဝါး ဆန်ဆန် ပြုံးပြနေပုံရသော မှိုပွင့်တစ်ပွင့်ပင်ဖြစ်၏။
***