← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း(၃၁) ဇနီးဖြစ်သူအတွက် အားလုံး စုဆောင်းထားခြင်း

၎င်းကို မြင်သောအခါ ချီလန်က ကမန်းကတန်း ပြောလိုက်၏။

"ကျွန်မ ကူလုပ်ပေးမယ်..."

လဲ့ချန်က သူမကို တားလိုက်သည်။

"မင်း ရှောင်ရှောင်နဲ့ လဲ့ချင်းကို ခေါ်ပြီး အိမ်နီးချင်းတွေဆီ သွားလည်ပါလား... ဒီအလုပ်က ပေပွတယ်... မင်း ပင်ပန်းမခံပါနဲ့..."

ချီလန်မှာ သူ့ကို နားချ၍ မရသဖြင့် ရှောင်ရှောင်ကို ခေါ်ကာ ဘေးအိမ်မှ အဒေါ်ကျိုး၏ အိမ်သို့ သွားရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။

လဲ့ချန်က အင်္ကျီလက်များကို ခေါက်တင်၍ အလုပ်စတင် လုပ်ကိုင်လေ၏။

သူက နွားတင်းကုပ်ကို အတွင်းအပြင် သန့်ရှင်းရေး အရင်လုပ်ပြီး ပင့်ကူအိမ်များကို ဖယ်ရှားကာ နွားချေးများ စုပုံနေသော ထောင့်များကို ရှင်းလင်းလိုက်သည်။

ထို့နောက် သူက လေတဖြူးဖြူး ဝင်နေသော နေရာများကို သစ်သားပြားများဖြင့် ရိုက်ပိတ်လိုက်ပြီး ကျန်နေသော အထည်စအချို့ဖြင့် ရိုးရှင်းသော ကန့်လန့်ကာ အချို့ကို ပြုလုပ်ကာ စူးရှသော နေရောင်ခြည်ကို ကာကွယ်လိုက်၏။

တစ်နေ့တာလုံး အလုပ်လုပ်ပြီးနောက် နွားတင်းကုပ်မှာ နောက်ဆုံးတွင် လုံးဝ ပြောင်းလဲသွားလေသည်။

၎င်းက ရိုးရှင်းသော်လည်း နောက်ဆုံး၌ လေမိုးဒဏ်ကို ကာကွယ်ပေးနိုင်ပြီဖြစ်ကာ ယခင်ကထက် များစွာ ပို၍ သပ်ရပ်ပြီး သက်တောင့်သက်သာ ရှိလာသဖြင့် အိမ်တစ်လုံး၏ ခံစားချက်မျိုးကို နောက်ဆုံးတွင် ပေးစွမ်းနိုင်ပြီ ဖြစ်၏။

လဲ့အားကော်က လဲ့ချန်၏ အိမ်ကို တစ်နေကုန်နီးပါး စောင့်ကြည့်ပေးခဲ့သည်။ လဲ့ချန်က သူ့ကို အနားယူစေချင်သော်လည်း လဲ့အားကော်က ငြင်းဆန်ခဲ့၏။

သူက လဲ့ချန်၏ အလုပ်များကို ကူညီပေးရန် အတင်းအကြပ် တောင်းဆိုခဲ့သည်။

အလုပ်များ ပြီးစီးသွားသောအခါ လဲ့ချန်က သူ့ကို ညစာ အတူစားရန် ဖိတ်ခေါ်လိုက်၏။

လဲ့အားကော် အပါအဝင် မိသားစုက အသစ် ပြင်ဆင်ထားသော နွားတင်းကုပ်ထဲတွင် ဝိုင်းထိုင်၍ ရိုးရှင်းသော ညစာကို စားသောက်နေကြသည်။

ယခင် တောဝက်သားပင် ဖြစ်သော်လည်း သုံးလေးတုံးခန့်သာ ကျန်တော့၏။

စားသောက်နေစဉ် ရှောင်ရှောင်လေးက နွားတင်းကုပ်၏ ခေါင်မိုးတွင် အသစ် တပ်ဆင်ထားသော ကန့်လန့်ကာများကို လက်ညှိုးထိုး၍ သူမ၏ ကလေးဆန်သော အသံလေးဖြင့် ပြောလိုက်လေသည်။

"အဖေ... ဒီဟာလေးက လှတယ်..."

လဲ့ချန်က သူမ၏ ခေါင်းလေးကို ပွတ်သပ်ကာ ပြုံး၍ ပြောလိုက်၏။

"လှတယ်ဆိုရင် အများကြီး စားနော်... ဒါမှ အရပ်ပိုရှည်လာမှာ..."

ချီလန်က လဲ့ချန်ကို ကြည့်ရင်း သူမ၏ ရင်ထဲတွင် ချိုမြိန်သော နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။

လဲ့ချန်က ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး သူက ပို၍ တာဝန်ယူ တာဝန်ခံတတ်လာလေ၏။

သူက မိသားစုကို လျစ်လျူရှုထားတတ်သော ယခင်ကအမျိုးသား မဟုတ်တော့ချေ။

ညဉ့်နက်လာသောအခါ မိသားစုက အသစ် ဝယ်လာသော အိပ်ရာခင်းများပေါ်တွင် လှဲလျောင်းလိုက်ကြရာ နူးညံ့သော အထိအတွေ့က တစ်နေ့တာလုံး၏ ပင်ပန်းနွမ်းနယ်မှုများကို ပျောက်ကွယ်သွားစေ၏။

ရှောင်ရှောင်လေးက ချီလန်၏ ရင်ခွင်ထဲတွင် တိုးဝှေ့နေပြီး သူမ၏ လက်သေးသေးလေးများက လဲ့ချန် ဝယ်ပေးထားသော အရုပ်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ သူမ၏ အသက်ရှူသံများက မှန်မှန်နှင့် နက်ရှိုင်းနေပြီး အိပ်မောကျနေပြီ ဖြစ်သည်။

လဲ့ချင်းမှာလည်း ပင်ပန်းလွန်းသဖြင့် အိပ်မောကျနေပြီး တိုးညင်းသော ဟောက်သံများ ထွက်ပေါ်နေ၏။

သို့သော်လည်း ချီလန်ကမူ လုံးဝ နိုးကြားနေလေသည်။ သူမ ဘေးတွင် ရှိနေသော အမျိုးသား၏ နွေးထွေးပြီး သဲ့သဲ့မျှ လွင့်ပျံနေသော ဆေးဖက်ဝင်အပင် အနံ့လေးများကို သူမ ခံစားနေရ၏။

လဲ့ချန်၏ လက်က သူမ၏ လက်မောင်းကို မတော်တဆ ထိမိသွားရာ သူမ၏ တစ်ကိုယ်လုံးသို့ လျှပ်စစ်စီးကြောင်းတစ်ခု ချက်ချင်း ပြန့်နှံ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူမ၏ ပါးပြင်များ အနည်းငယ် နီရဲလာပြီး ရင်ခုန်သံများ မြန်ဆန်လာ၏။

ဘယ်လောက်တောင် ကြာခဲ့ပြီလဲ... သူတို့ အတူမနေဖြစ်တာ…။

လဲ့ချန်က ယခုအခါ ပိုက်ဆံရှာနေပြီး ပစ္စည်းများ ဝယ်ယူကာ စုတ်ပြတ်နေသော နွားတင်းကုပ်ကိုပင် ပြုပြင်ပေးနေသဖြင့် ၎င်းက သူမကို ပျော်ရွှင်စေသကဲ့သို့ စိုးရိမ်ပူပန်မှုများကိုလည်း ဖြစ်ပေါ်စေလေသည်။

သူ၏ မှန်မှန် အသက်ရှူနေသော လေငွေ့များက ချီလန်၏ လည်ပင်းပေါ်သို့ ကျရောက်နေသဖြင့် သူမကို ယားကျိကျိ ဖြစ်စေ၏။

သူမက အလိုအလျောက်ပင် ဘေးသို့ အနည်းငယ် ရွှေ့လိုက်သော်လည်း နောက်သို့ တိတ်တဆိတ် အနည်းငယ် မှီချလိုက်မိသည်ကို မတားဆီးနိုင်ခဲ့ချေ။

အမှောင်ထုထဲတွင် လဲ့ချန်၏ သန်မာသော ခန္ဓာကိုယ်ကို သူမ ခံစားနိုင်ပေသည်။

ချီလန်၏ ရင်ခုန်သံများက ပိုပို၍ မြန်ဆန်လာပြီး သူမ၏ ပါးပြင်များက အနည်းငယ် နီရဲနေ၏။

သူတို့၏ အိမ်ထောင်သက် အစပိုင်းကာလက ချိုမြိန်မှုများနှင့် လဲ့ချန်၏ ယခင်က ပြင်းပြလှသော စိတ်ဆန္ဒများကို သူမ ပြန်လည် မအောက်မေ့ဘဲ မနေနိုင်ခဲ့ချေ။

လဲ့ချန်က တစ်စောင်းလှည့်လိုက်ပြီး ချီလန်၏ ခါးကို လက်တစ်ဖက်ဖြင့် ဖက်လိုက်လေသည်။

ချီလန်က အသက်ရှူအောင့်၍ မျက်လုံးများကို မှိတ်ထားလိုက်ပြီး နောက်ထပ် ဘာဖြစ်လာမည်ကို စောင့်ဆိုင်းနေလိုက်၏။

လဲ့ချန်က သူမ၏ နားနားကပ်၍ တိုးညင်းစွာ ပြောလိုက်သည်။

"လန်လန်... အိပ်ပျော်နေပြီလား..."

"ဟင့်အင်း... မအိပ်သေးဘူး…”

ချီလန်၏ အသံက သဲ့သဲ့မျှသာ ကြားရ၏။

လဲ့ချန်က သူ၏ အိတ်ကပ်ထဲမှ ငွေစက္ကူထပ်ကို ထုတ်ယူ၍ ချီလန်၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

"ဒါက ဒီနေ့စျေးဝယ်ပြီးလို့ ကျန်တဲ့ ယွမ်သုံးရာကျော်ပဲ... မင်း သိမ်းထားလိုက်..."

ချီလန်မှာ မှင်တက်သွား၏။ သူမက မျက်လုံးဖွင့်၍ လက်ထဲရှိ ထူထဲသော ငွေစက္ကူထပ်ကို ကြည့်ကာ တစ်ခဏမျှ အံ့အားသင့်သွားလေသည်။

ထို့နောက် ကျေးဇူးတင်မှု၊ စိတ်ပျက်မှုနှင့် ဝေခွဲမရမှု စသည့် ခံစားချက်များက ရောပြွမ်းလျက် ဖြစ်ပေါ်လာ၏။

"ရှင်... ရှင်ပဲ သိမ်းထားလိုက်ပါ..."

"ယူထားလိုက်ပါ... အိမ်မှာရှိတဲ့ ပိုက်ဆံ အားလုံးကို မင်းပဲ စီမံခန့်ခွဲရမှာ..."

လဲ့ချန်က ပြုံး၍ သူမ၏ နဖူးကို ညင်သာစွာ ထပ်မံ နမ်းရှိုက်လိုက်လေသည်။

"အိပ်တော့လေ... မနက်ဖြန် ငါတို့ စောစော ထရဦးမယ်..."

ချီလန်က ငွေများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော်လည်း ရင်ထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသကဲ့သို့ ခံစားနေရ၏။

ဘာလို့... ဘာလို့ သူက ငါ့ကို မထိတွေ့တော့တာလဲ...။

ငါ အသက်ကြီးလာလို့များလား... ဒါမှမဟုတ်... သူ ငါ့အပေါ် စိတ်ဝင်စားမှု ကုန်ဆုံးသွားလို့လား...။

သူမ၏ စိတ်ထဲတွင် အတွေးပေါင်းစုံ လည်ပတ်နေသဖြင့် အိပ်ပျော်ရန် ခက်ခဲနေလေသည်။

သူမက ဘေးရှိ လဲ့ချန်ကို တိတ်တဆိတ် ခိုးကြည့်လိုက်၏။

ချီလန်က သက်ပြင်းချလိုက်သည်။ သူမ အများကြီး တွေးလွန်နေတာ ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။

သူ ယနေ့ သိပ်ကို အလုပ်ကြိုးစားထားတာဆိုတော့ သေချာပေါက် ပင်ပန်းနေလောက်ပြီ။

သူမက မျက်လုံးများကို အတင်း မှိတ်ထားလိုက်ပြီး တဖြည်းဖြည်းနှင့် အိပ်မောကျသွားလေတော့သည်။

လဲ့ချန်က အိပ်ရာခင်းများ၊ သကြားလုံးများ၊ ကစားစရာများ၊ အဝတ်အစားများနှင့် အထည်စများကို အသစ်ဝယ်ယူခဲ့ပြီး နွားတင်းကုပ်ကိုလည်း ပြုပြင်ခဲ့၏။ ဤအရာများက ရွာလေးထဲရှိ အတင်းအဖျင်း စကားဝိုင်းများကို လျင်မြန်စွာ မီးတောက်သွားစေခဲ့သည်။

သဘာဝကျကျပင် ထိုသတင်းက လျိုတာကျူး၏ နားထဲသို့လည်း ရောက်ရှိသွားလေသည်။

"ဘာ... အဲ့အသုံးမကျတဲ့ကောင်က တကယ်ကြီး ပိုက်ဆံတွေ အဲ့လောက်အများကြီး ရှာနိုင်ခဲ့တယ်ပေါ့..."

ထိုအချိန်၌ လျိုတာကျူး၏အိမ်တွင် ပြင်းထန်သော မိသားစု ပြဇာတ်တစ်ခု ကပြ တင်ဆက်နေ၏။

စွင်းယန်မေက တံတွေးများ လွင့်စဉ်မတတ် လျိုတာကျူး၏ နှာခေါင်းကို လက်ညှိုးထိုးကာ အော်ဟစ်နေလေသည်။

"အသုံးမကျတဲ့ကောင်... လဲ့ချန်ကို ကြည့်လိုက်စမ်း... အိမ်တွေ ဆောက်ပြီး ပစ္စည်းတွေ ဝယ်နေတာ... နင်ကရော... စားတာ၊ သောက်တာ၊ အိမ်သာတက်တာကလွဲရင် နင် ဘာလုပ်တတ်သေးလဲ... နင်က အသုံးမကျတဲ့ အမှိုက်ကောင်ပဲ..."

လျိုတာကျူးက လည်ပင်းကို ပု၍ ရှုံးမဲနေသော ကြက်ဖတစ်ကောင်ကဲ့သို့ တိတ်တဆိတ် နေလိုက်၏။

"နင်ကတကယ်ဖြစ်နေတာလား... စကားကို သေချာပြောစမ်းပါ... ငါက နင့်ကို ပြောနေတာ..."

လျိုတာကျူးက တိတ်ဆိတ်နေဆဲ ဖြစ်သည်ကို မြင်သောအခါ စွင်းယန်မေမှာ ပို၍ ဒေါသထွက်လာလေသည်။ သူမက တံမြက်စည်းကို ဆွဲယူ၍ သူ့ကို ရိုက်နှက်ကာ အော်ဟစ်တော့၏။

"ဒီနေရာကနေ ထွက်သွားပြီး နင့်အလုပ်မှတ်တွေ သွားယူချေ... နင် ချမ်းသာလာမယ်လို့ မျှော်လင့်နေတာလား... နောက်ဘဝမှပဲရမယ်..."

လျိုတာကျူးမှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး အိမ်ထဲမှ ထွက်ပြေးလွတ်မြောက်သွားလေသည်။

လမ်းပေါ်တွင် လျှောက်လာရင်း သူက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။ အလုပ်မှတ်အတွက် အလုပ်လုပ်ရသည်က ပင်ပန်းသော်လည်း အိမ်တွင် အဆဲခံရသည်ထက်တော့ ပိုကောင်းသေးသည်။

သူက အလုပ်မှတ်အတွက် အလုပ်လုပ်ရသည်ကို အမုန်းဆုံး ဖြစ်သည်။ စူးရှသော နေရောင်အောက်တွင် ပေါက်ပြား ပေါက်ရပြီး အဝတ်အစားများ ချွေးရွှဲကာ တစ်နေကုန် ခါးနာရသော်လည်း အလုပ်မှတ် အနည်းငယ်သာ ရရှိလေသည်။

"ဟေ့... တာ့ကျူး... အလုပ်မှတ် သွားယူမလို့လား..."

အရက်မူးနေသော အသံတစ်သံက အနောက်ဘက်မှ ထွက်ပေါ်လာ၏။

လျိုတာကျူးက ခေါင်းမော့ကြည့်လိုက်ရာ လိုင်ကျားမင်ကို တွေ့လိုက်ရသည်။

လိုင်ကျားမင်က လျိုတာကျူးအနီးသို့ ယိမ်းထိုး လျှောက်လာပြီး သူ၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ အရက်နံ့များ ဟောင်နေသော လေသံဖြင့် ပြောလိုက်လေသည်။

"မင်းတို့မိသားစု ငါ့ကိုအကြွေးတင်နေတဲ့ ဝက်သားကျင်းတစ်ဝက်ကို ဘယ်တော့ ပြန်ဆပ်မှာလဲ... လဲ့ချန်က အခု ချမ်းသာနေပြီပဲ... သူ့ကို ပြန်ဆပ်ခိုင်းလိုက်လေ..."

လျိုတာကျူးက စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။

"ငါ့အမေက လဲ့ချန်ဆီမှာ သွားတောင်းဆိုပြီး ပြောထားတယ် မဟုတ်လား..."

လဲ့ချန်ကို ဖော်ပြလိုက်သောအခါ လိုင်ကျားမင်၏ မျက်လုံးများတွင် နာကြည်းမှု အရိပ်အယောင်များ လက်လွတ်သွားလေသည်။

ပြီးခဲ့သည့် အကြိမ်က သူ လဲ့ချန်နှင့် ဆုံမိစဉ် လဲ့ချန်ကို အနိုင်ကျင့်ရန် ကြိုးစားခဲ့သော်လည်း လဲ့ချန်က သူ့ကို မြောင်းထဲသို့ ကန်ချလိုက်သဖြင့် သူ အအေးလွန်ကဲ၍ သေမတတ် ဖြစ်ခဲ့ရသည်။

ယခုအခါ ရွာထဲရှိ လူတိုင်းက လဲ့ချန်တွင် သေနတ်တစ်လက်ရှိနေကြောင်း ပြောဆိုနေကြရာ သူက လဲ့ချန်ကို ဘယ်လိုလုပ် သွားစရဲမည်နည်း။

လိုင်ကျားမင်၏ မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ကြည့်နေပြီး လျိုတာကျူးကို ကြည့်ကာ ပြောလိုက်၏။

"မင်းက သူ့အစ်ကိုပဲ... သူ့ကို မထိန်းချုပ်နိုင်ဘူးလား... သူ့ကို ငါ့အတွက် အသားတွေ ပြန်ပေးခိုင်းလိုက်..."

လျိုတာကျူးက စိတ်မရှည်စွာဖြင့် လက်ကာပြ၍ ထွက်ခွာရန် ပြင်လိုက်သည်။

လိုင်ကျားမင်က လျင်မြန်စွာ တုံ့ပြန်၍ သူ့ကို ဆွဲကိုင်ကာ ပြောလိုက်လေသည်။

"မသွားပါနဲ့ဦး... ငါတို့ အတူတူ ကစားကြရအောင်..."

"ဘာကစားချင်လို့လဲ..."

လျိုတာကျူးက သတိထား၍ မေးလိုက်၏။

လိုင်ကျားမင်က မျက်စိမှိတ်ပြကာ ပြောလိုက်သည်။

"စိတ်လှုပ်ရှားစရာ ကောင်းတာတစ်ခုခု ကစားကြမှာပေါ့... လဲ့ချန်ကိုကြည့်စမ်း... စည်းစိမ်တွေ ခံစားနေတာ မင်း မနာလိုဘူးလား... ငါတို့ သွားပြီး ပိုက်ဆံရှာ သုံးကြမယ်..."

လျိုတာကျူး၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားလေ၏။

ရိုးရိုးသားသား ပြောရလျှင် သူက လဲ့ချန်ကို အမှန်တကယ်ပင် မနာလိုဖြစ်နေမိသည်။

ယခင်က အသုံးမကျသော ထိုလူက အခု ဘာကြောင့် သူ့ထက် ပိုကောင်းသော ဘဝကို ပိုင်ဆိုင်နေရသနည်း။

လိုင်ကျားမင် ပြောသော "စိတ်လှုပ်ရှားစရာ"ဆိုသည်မှာ သူ ဆိုလိုသည့်အတိုင်းပင် ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။ ၎င်းက ငွေကြေး လောင်းကစားခြင်းအကြောင်း သက်သက်သာ ဖြစ်၏။

လျိုတာကျူးက တစ်ခဏမျှ ချီတုံချတုံ ဖြစ်နေသော်လည်း နောက်ဆုံးတွင် သွေးဆောင်ဖြားယောင်းမှုကို မခံနိုင်တော့ဘဲ လိုင်ကျားမင်၏ နောက်သို့ လိုက်သွားလေတော့သည်။

"ဟီးဟီး... မင်း လာမယ်ဆိုတာ ငါ သိပါတယ်..."

လိုင်ကျားမင်က အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြုံး၍ ပြောလိုက်၏။

"လာ... ငါ မင်းကို နေရာကောင်း တစ်ခုဆီ ခေါ်သွားမယ်..."

သူတို့နှစ်ယောက်က ရွာအဝင်ဝရှိ သစ်ပင်ကြီး တစ်ပင်အောက်သို့ ရောက်ရှိသွားရာ ထိုနေရာတွင် လူအချို့ စုဝေးနေပြီးဖြစ်ကာ စုတ်ပြတ်နေသော စားပွဲတစ်လုံးကို ဝိုင်း၍ လောင်းကစား လုပ်နေကြသည်။

အခန်း (၃၂ )လဲ့အားကော်ကို တိုက်ခိုက်ရေးပညာ သင်ပေးခြင်း

လျိုတာကျူးမှာ သူတို့လက်ထဲရှိ ပိုက်ဆံများကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေမိ၏။ သူသည် တုန်ယင်နေသော လက်များဖြင့် အိတ်ကပ်ထဲမှ တွန့်ကြေနေသည့် ငွေစက္ကူအချို့ကို ထုတ်ယူကာ လောင်းကစားဝိုင်းထဲသို့ ဝင်ပါလိုက်တော့သည်။

...

နောက်တစ်နေ့ နံနက်ခင်းတွင် တောင်ပေါ်ရွာလေးမှာ မြူပါးလေးများ ဖုံးလွှမ်းနေ၏။ လဲ့ချန်သည် စောစောထ၍ ခြံဝင်းထဲတွင် ကိုယ်လက်လှုပ်ရှား ခြေဆန့်လက်ဆန့် လုပ်နေသည်။ နံနက်ခင်း လေ့ကျင့်ခန်း လုပ်ပြီးသောအခါ မနေ့က အားကော်ကို ပေးထားသည့် ကတိကို သတိရသွားပြီးနောက် သူသည် အားကော်၏ အိမ်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့၏။

အားကော်၏ အိမ်မှာ ရွာအနောက်ဘက် အစွန်ဆုံးတွင် တည်ရှိပြီး လေတစ်ချက် တိုက်လိုက်ရုံနှင့်ပင် ပြိုလဲသွားတော့မည့် သက်ငယ်မိုး အိမ်အိုလေးတစ်ခုဖြစ်သည်။ အမိုးပေါ်ရှိ သက်ကယ်များမှာ ကျဲပါးနေပြီး နေရာအနှံ့တွင် အပေါက်များ ဖြစ်နေကာ ထိုအပေါက်များကြားမှတစ်ဆင့် နေရောင်ခြည်များက အိမ်ထဲသို့ တိုးဝင်နေပြီး ဖုန်မှုန့်များကို လွင့်ပျံနေစေသည်။

လဲ့ချန် အိမ်ထဲသို့ မဝင်ရခင်မှာပင် အထဲမှ "တဂျွတ်ဂျွတ်" ဟူသော အသံကို ကြားလိုက်ရ၏။ တံခါးကို တွန်းဖွင့်လိုက်သောအခါ အားကော်မှာ မြေအုတ်ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ လဲ့ချန် မနေ့က ဝယ်ပေးထားသည့် မုန့်များကို အားရပါးရ စားနေသည်ကို တွေ့လိုက်ရသည်။

လဲ့ချန်ကို မြင်သည်နှင့် အားကော်၏ ရိုးသားသော မျက်နှာပေါ်တွင် ကလေးတစ်ယောက်ကဲ့သို့ အပြုံးများ ဝေဆာသွားပြီး ဖြူဖွေးသော သွားနှစ်တန်း ပေါ်လာ၏။ သူက ပါးစပ်ထဲတွင် မုန့်များ အပြည့်နှင့်ပင် "အစ်ကိုချန်... ဘာကိစ္စရှိလို့ ဒီနေရာကို ရောက်လာတာလဲ..." ဟု ဗလုံးဗထွေး မေးလိုက်သည်။

လဲ့ချန်က သူ့ရှေ့တွင် ဝင်ထိုင်လိုက်ပြီး "မနေ့က မင်းကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့ နည်းစနစ်တချို့ သင်ပေးမယ်လို့ ကတိပေးထားတယ် မဟုတ်လား... ဒီနေ့ စကြတာပေါ့" ဟု ဆိုလိုက်၏။

"တကယ်... တကယ်ကြီးလား..."

အားကော်၏ မျက်လုံးများ ပြူးကျယ်သွားပြီး လက်ထဲမှ တစ်ဝက်တစ်ပျက် စားလက်စ မုန့်ကိုပင် စားရန် မေ့သွားရှာသည်။ သူသည် ငယ်စဉ်ကတည်းက အမြဲတမ်း အနိုင်ကျင့် ခံခဲ့ရသူဖြစ်သဖြင့် ပညာတစ်ခုခု သင်ယူချင်သည်မှာ အိပ်မက်တစ်ခုလို ဖြစ်ခဲ့ရ၏။ လဲ့ချန်က သူ့ကို တကယ် သင်ပေးလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

"တကယ်ပေါ့"

လဲ့ချန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း "ကဲ... အရင်ဆုံး မတ်တတ်ရပ်လိုက်ဦး" ဟု ဆိုသည်။

အားကော်က မုန့်ကို ကမန်းကတန်း ချထားလိုက်ပြီး ကိုးရိုးကားယားဖြင့် မတ်တတ်ရပ်ကာ လဲ့ချန်ကို မျှော်လင့်တကြီး ကြည့်နေ၏။ အတိတ်ဘဝတွင် လဲ့ချန်မှာ ထိပ်တန်းအထူးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သဖြင့် တိုက်ခိုက်ရေး ပညာရပ်မျိုးစုံကို ကျွမ်းကျင်သူ ဖြစ်သည်။ သူက အားကော်ကို အလှပြ သိုင်းကွက်များမဟုတ်ဘဲ အရှိကိုအရှိအတိုင်း လက်တွေ့အကျဆုံးနှင့် ထိရောက်ဆုံး နည်းစနစ်များကိုသာ သင်ကြားပေးရန် ဆုံးဖြတ်ထား၏။

"အရင်ဆုံး မင်းက ခြေလှမ်းအနေအထားကို သင်ရမယ်"

လဲ့ချန်က စံပြ စစ်သားတစ်ဦး၏ အနေအထားကို ယူပြလိုက်၏။

"ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်အတိုင်း ထားရမယ်၊ ခန္ဓာကို မတ်မတ်ထားပြီး မျက်လုံးက ရှေ့ကို တည့်တည့်ကြည့်ရမယ်..."

အားကော်က လဲ့ချန်၏ အမူအရာကို အတုခိုးလိုက်သော်လည်း သူ၏ ပုံစံမှာ ကိုးရိုးကားယားဖြစ်နေသည့် ပင်ဂွင်းငှက် တစ်ကောင်ကဲ့သို့ အလွန်ရယ်စရာ ကောင်းနေသည်။ လဲ့ချန်က ရယ်ချင်စိတ်ကို အောင့်ထားပြီး သူ၏ ပုံစံကို ပြုပြင်ပေးကာ အခြေခံလက်သီးနှင့် ခြေကန်ချက် နည်းစနစ်များကို စတင် ရှင်းပြလေတော့သည်။

"မင်းရဲ့ လက်သီးချက်က မြန်ရမယ်၊ ပြင်းရမယ်၊ ပြီးတော့ တိကျရမယ်"

လဲ့ချန်က လက်တွေ့ ပြသရင်း ရှင်းပြ၏။

"မှတ်ထား... ရန်သူရဲ့ အချက်အချာကျတဲ့ နေရာတွေကို တိုက်ခိုက်တာက အောင်ပွဲရဖို့ သော့ချက်ပဲ"

အားကော်မှာ အလွန်စိတ်ဝင်တစား နားထောင်နေပြီး လဲ့ချန်၏ လှုပ်ရှားမှု တစ်ခုချင်းစီကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကာ အသေးစိတ် အချက်အလက် တစ်ခုကိုမျှ လွတ်သွားမည်ကို စိုးရိမ်နေပုံ ရသည်။ လဲ့ချန်က အလွန်တည်ကြည်စွာ သင်ကြားပေးသကဲ့သို့ အားကော်ကလည်း အလွန် ကြိုးစား၍ သင်ယူသည်။ အားကော်မှာ ကိုးရိုးကားယားနိုင်ပြီး တုံ့ပြန်မှု နှေးသော်လည်း ပင်ပန်းဆင်းရဲခံနိုင်မှုနှင့် ဝီရိယရှိမှုတွင်မူ မည်သူ့ကိုမျှ မရှုံးပေ။ ပထမတစ်ကြိမ်တွင် မတတ်ပါက နှစ်ကြိမ်၊ ဒုတိယတစ်ကြိမ်တွင် မတတ်ပါက သုံးကြိမ်၊ သူ တတ်သွားသည်အထိ ထပ်ခါတလဲလဲ လေ့ကျင့်လေသည်။

"ကောင်းပြီ... မင်း တိုးတက်မှုက သိပ်မြန်တာပဲ"

လဲ့ချန်က အားကော်၏ ပခုံးကို ပုတ်၍ အားပေးလိုက်၏။

"ဆက်ကြိုးစား... ဒါဆိုရင် နောက်ဆို မင်းကို ဘယ်သူမှ အနိုင်မကျင့်ရဲတော့ဘူး"

အားကော်က ဖြူဖွေးသော သွားနှစ်တန်း ပေါ်အောင် ပြုံးပြလိုက်ပြီး "အစ်ကိုချန်... ကျေးဇူးတင်ပါတယ်! ကျွန်တော် သေချာပေါက် အပြင်းအထန် လေ့ကျင့်ပါ့မယ်" ဟု ရိုးသားစွာ ပြောလိုက်သည်။

နောက်ရက်အနည်းငယ်အတွင်း လဲ့ချန်မှာ မိုးရွာရွာ နေပူပူ နံနက်တိုင်း အားကော်၏ အိမ်တံခါးဝသို့ ရောက်ရှိလာသည်။ လဲ့ချန်က အထူးတပ်ဖွဲ့တွင် သင်ယူခဲ့သော တိုက်ခိုက်ရေး ပညာရပ်များကို အားကော် နားလည်နိုင်စေရန် ရိုးရှင်းအောင် ပြုပြင်၍ တစ်ဆင့်ချင်း သင်ပေးလေသည်။

"မှတ်ထား... လက်သီးထိုးတယ်ဆိုတာ အင်အား သက်သက်ပဲ မဟုတ်ဘူး၊ မင်းရဲ့ ခါးအားကို သုံးပြီး ပေါက်ကွဲအား ထွက်လာအောင် လုပ်ရမှာ"

လဲ့ချန်က အားကော်၏ အနေအထားကို ပြုပြင်ပေးရင်း အားထုတ်နည်း နည်းစနစ်များကို ရှင်းပြသည်။

"ပြီးတော့ ခြေကန်ချက်တွေက လျင်မြန်ပြီး အမျိုးမျိုး ပြောင်းလဲနိုင်ရမယ်၊ ခွန်အား တစ်ခုတည်းကိုပဲ မကြည့်နဲ့၊ အလျင်နဲ့ ထောင့်မှန်ဖို့ကလည်း အတူတူပဲ အရေးကြီးတယ်"

အားကော်မှာ ရိုးအအ ပုံစံရှိသော်လည်း သိုင်းပညာ သင်ယူသည့်အခါတွင်မူ မမျှော်လင့်ထားလောက်အောင် တည်ကြည်ပြီး ကြိုးစားမှု ရှိသူဖြစ်သည်။ တစ်ခါတစ်ရံတွင် လဲ့ချန်က အားကော်၏ တုံ့ပြန်မှု အရှိန်နှင့် တိုက်ခိုက်ရေး စွမ်းရည်ကို စမ်းသပ်ရန်အတွက် တမင်တကာ "ချောင်းမြောင်း တိုက်ခိုက်" တတ်သည်။ အစပိုင်းတွင် အားကော်မှာ လဲ့ချန်၏ လက်ချက်ဖြင့် အမြဲတမ်း အလွယ်တကူ ရှုံးနိမ့်ခဲ့သော်လည်း လေ့ကျင့်မှု များလာသည်နှင့်အမျှ သူသည် လဲ့ချန်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်လာပြီး တစ်ခါတစ်ရံတွင် ပြန်လည်တိုက်စစ်ပင် ဆင်နိုင်လာခဲ့၏။

"သိပ်တော်တာပဲ... မင်း တိုးတက်မှုက သိပ်ကို မြန်တယ်"

လဲ့ချန်က လေးစားအားကျသော မျက်လုံးများဖြင့် အားကော်ကို ကြည့်လိုက်သည်။ အားကော်မှာ သိုင်းပညာပိုင်းတွင် ဤမျှဉာဏ်ရည် မြင့်မားလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

ရက်အနည်းငယ် ကြာပြီးနောက် အားကော်မှာ အခြေခံကိုယ်ခံပညာ နည်းစနစ်အချို့ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်လာပြီ ဖြစ်သည်။ သူသည် ပရော်ဖက်ရှင်နယ် သိုင်းဆရာများနှင့် ယှဉ်နိုင်ရန် လိုသေးသော်လည်း သာမန် လူမိုက်များနှင့် လူရမ်းကားများကို ရင်ဆိုင်ရန်အတွက်မူ လုံလောက်နေပြီ ဖြစ်၏။

ဤသို့ဆိုလျှင် ကျားအမဲလိုက်ရန် အစီအစဉ်ကို စတင်ရန် အချိန်ကျပြီ ဖြစ်သည်။

"ကဲ... ဒီနေ့အတွက် ဒီလောက်ပဲ"

လဲ့ချန်က အားကော်၏ သန်မာသော ပခုံးကို ပုတ်လိုက်၏။

"မင်း ပြန်ပြီး ငါ့ကို စောင့်နေဦး၊ ခဏနေရင် ငါ မင်းကို တောင်ပေါ်ခေါ်သွားပြီး ကျားအမဲလိုက်ကြမယ်”

ဤစကားကို ကြားသောအခါ အားကော်မှာ ဝမ်းသာလွန်းသဖြင့် ခုန်ပင် ပေါက်မိတော့မည့်ဆဲဆဲတွင် "အစ်ကိုချန်... တကယ်... တကယ်ကြီး ကျားနဲ့ တိုက်လို့ ရမှာလား" ဟု တွန့်ဆုတ်စွာ မေးရှာသည်။ သူ့စိတ်ထဲတွင် ကျားဆိုသည်မှာ တောတောင်၏ ဘုရင်ဖြစ်ပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှကာ မြင်သူတိုင်းက ဝေးဝေးက ရှောင်ကြရသော အကောင်ဖြစ်သည်။

လဲ့ချန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ရင်း ဖြူဖွေးသော သွားနှစ်တန်းကို ပြလိုက်၏။

"စိတ်မပူပါနဲ့... ငါ့နောက်ကို လိုက်ခဲ့၊ မင်းကို စည်းစိမ်တွေ ခံစားစေရမယ်လို့ ငါ အာမခံတယ်၊ ပြီးတော့ ကျားသားရေကော်ဇောဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုလည်း မင်း မြင်ရစေရမယ်"

အားကော်၏ အိမ်မှ ထွက်လာပြီးနောက် လဲ့ချန်သည် တောင်ပေါ်သို့ တိုက်ရိုက်မသွားဘဲ ရွာရှိ ဆေးခန်းသို့ အရင်သွားလိုက်သည်။ သူ အမဲလိုက်မည်ဟု ပြောထားသော်လည်း ပြင်ဆင်စရာ အချို့ ရှိနေသေးသောကြောင့် ဖြစ်၏။ ဆေးခန်းထဲတွင် မျက်မှန်အဝိုင်းကြီး တပ်ထားပြီး ဆံပင်ဖရိုဖရဲနှင့် လူလတ်ပိုင်း ဆရာဝန်တစ်ဦးမှာ သတင်းစာကို အေးအေးလူလူ ဖတ်နေလေသည်။ လဲ့ချန် ဝင်လာသည်ကို မြင်သောအခါ သူက ပျင်းရိပျင်းတွဲနှင့် မော့ကြည့်ပြီး "ဘာဖြစ်လို့လဲ… နေမကောင်းလို့လား.." ဟု မေးလိုက်၏။

"ဆရာဝန်ဝမ်... ကျွန်တော် တောင်ပေါ်မှာ အမဲလိုက်ဖို့ စီစဉ်ထားလို့ပါ၊ သားကောင်ကို ဖမ်းတဲ့နေရာမှာ ကူညီပေးနိုင်မယ့် ဆေးမျိုး ရှိမလားလို့ လာမေးတာပါ"

လဲ့ချန်က တိုက်ရိုက်ပင် ပြောလိုက်သည်။

ဆရာဝန်ဝမ်မှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်တွင်မူ "သဘောပေါက်ပြီ" ဟူသော အမူအရာမျိုးဖြင့် သူ၏ မျက်မှန်ကို ပြင်တပ်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။

“လူလေးလဲ့... မဆိုးပါဘူး၊ အခုဆို အကွက်ဆန်းတွေ သုံးနေပြီပေါ့"

လဲ့ချန်က အနေရခက်စွာဖြင့် ခေါင်းကုတ်လိုက်မိသည်။

ဆရာဝန်ဝမ်က ဘာတွေတွေးနေပါလိမ့်။

သူက ကမန်းကတန်းပင် "ဆရာဝန်ဝမ်... ခင်ဗျား အထင်လွဲနေပါပြီ၊ ကျွန်တော်က တောလိုက်ဖို့ အဆင်ပြေအောင် ပြောတာပါ" ဟု ရှင်းပြလိုက်၏။

ဆရာဝန်ဝမ်က ဆက်မမေးတော့ဘဲ ဆေးဘီရိုထဲမှ ဆေးမြစ်အချို့ကို ထုတ်ယူကာ ထုပ်ပိုးပေးရင်း "ဒီဆေးမြစ်တွေကို ရောပြီး ထောင်းလိုက်၊ ပြီးရင် သားကောင် ကြိုက်တတ်တဲ့ စားစရာမှာ လိမ်းထားလိုက်၊ အဲဒါက သူ့ရဲ့ အာရုံကြောတွေကို ထုံသွားစေလိမ့်မယ်၊ ဒါပေမဲ့ ပမာဏကိုတော့ သတိထားဦး၊ များသွားရင် ပြဿနာ တက်နိုင်တယ်" ဟု ဆိုသည်။ သူက လဲ့ချန်ကို ဆေးအသုံးပြုနည်းနှင့် သတိထားရမည့် အချက်များကို သေချာစွာ မှာကြားပြီးနောက် "လူလေးလဲ့... ဒီဆေးက သိပ်ပြင်းတယ်နော်၊ သုံးတဲ့အခါ သတိထားဦး၊ မဟုတ်ရင် မင်းကိုယ်တိုင်ပါ မှိန်းသွားလိမ့်မယ်" ဟု ထပ်လောင်း သတိပေးလိုက်၏။

လဲ့ချန်မှာ ရယ်လည်းရယ်ချင်၊ စိတ်လည်းပျက်သွားရ၏။ ဆရာဝန်ဝမ်က ဘာတွေ တွေးနေသနည်း။ သူက ဆရာဝန်ဝမ်ကို ကျေးဇူးတင်စကားပြောကာ ဆေးမြစ်များကို အိမ်သို့ ယူလာခဲ့သည်။

အိမ်ပြန်ရောက်သောအခါ လဲ့ချန်မှာ မီးဖိုချောင်သို့ တန်းတန်းမတ်မတ် သွား၍ ပစ္စည်းများ ရှာတော့၏။ ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သော ရက်အနည်းငယ်က အမဲလိုက်ရလာသည့် တောယုန်သား အပိုင်းအစတစ်ခု ကျန်နေသေးပြီး ဆီစိမ်စက္ကူနှင့် ပတ်ထားသဖြင့် အသားနံ့ သင်းသင်းလေး ထွက်နေသည်။ သူက ဆီစိမ်စက္ကူကို ညင်သာစွာ ဖြန့်လိုက်ရာ အဆီနှင့် အသား မျှတနေသော ယုန်သားကို တွေ့လိုက်ရ၏။ လဲ့ချန်မှာ ဆေးခန်းမှ ယူလာသော ဆေးမြစ်များကို သေချာစွာထောင်းလိုက်ရာ စူးရှသော အနံ့တစ်ခုက လေထဲတွင် ပြည့်နှက်သွားသဖြင့် သူ၏ နှာခေါင်းကို အလိုအလျောက် ရှုံ့လိုက်မိသည်။

သူသည် စိမ်းဖန့်ဖန့် ဆေးအနှစ်များကို ယုန်သားပေါ်တွင် အနှံ့ လိမ်းလိုက်ပြီးနောက် ဆရာဝန်ဝမ် ပြောသကဲ့သို့ အလုပ်ဖြစ်ပါစေရန် စိတ်ထဲမှ ဆုတောင်းနေမိ၏။

"အစ်ကို... အစ်ကို ဘာတွေ လုပ်နေတာလဲ။ ဒီစိမ်းဖန့်ဖန့် အရာတွေက ကြည့်ရတာ အရမ်းကြောက်စရာ ကောင်းတယ်"

All Chapters