အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း (၃၅)လဲ့ချန်ကို အလုပ်မှတ်များ ယူရန် တောင်းဆိုခြင်း
စွင်းယန်မေက ပြောပြောဆိုဆိုနှင့်ပင် လျိုတာကျူးကိုဆွဲကာ ထွက်သွား၏။
သူမ၏ စားပွဲပေါ်တွင် မွှေးကြိုင်နေသော ကျားသားများ တည်ခင်းထားသည်ကို မြင်ယောင်နေသကဲ့သို့ရှိပြီး သူမ၏ နှုတ်ခမ်းထက်တွင် ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာသည်။
အားကော်၏ ဒဏ်ရာကို ပတ်တီးစည်းပေးပြီးသောအခါ လဲ့ချန်နှင့် အဘိုးလင်တို့က သူ့ကို အိမ်သို့ ပြန်ပို့ပေးလိုက်ကြ၏။
သူတို့ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ချီလန်နှင့် လဲ့ချင်းတို့မှာ ဘေးတစောင်း လဲကျနေသော အစင်းကျားကြီးကိုမြင်ပြီး ကြက်သေ သေသွားကြသည်။ သူတို့၏ ပါးစပ်များ ဟသွားကြပြီး အချိန်အတော်ကြာသည်အထိ ပြန်မပိတ်နိုင်တော့ချေ။
ရှောင်ရှောင်ကမူ ချီလန်၏ နောက်တွင် ပုန်းကွယ်ကာ စပ်စုချင်သော မျက်နှာဖြင့် သူမ၏ ခေါင်းလုံးလုံးလေးကို ပြူထွက်၍ ဧရာမသတ္တဝါကြီးကို ကြောက်ရွံ့တုန်လှုပ်စွာ အကဲခတ်နေ၏။
ထိုမြင်ကွင်းကို မြင်သောအခါ လဲ့ချန်က ပြုံးလိုက်ပြီး ရှောင်ရှောင်ကို ပွေ့ချီကာ ကျားကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။
"ရှောင်ရှောင်... ကြည့်စမ်း... ဒီအကောင်က အဖေ သတ်လာတဲ့ ကျားကြီးလေ... အဲဒါနဲ့ဆို အဖေက သမီးအတွက် ပစ္စည်းကောင်းတွေ အများကြီး ဝယ်ပေးလို့ရပြီ..."
ထိုစကားကို ကြားသောအခါ ရှောင်ရှောင်က စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်၏။
“ရေး... အဖေက သိပ်တော်တာပဲ..."
ချီလန်နှင့် လဲ့ချင်းတို့က နောက်ဆုံးတော့မှ သတိပြန်ဝင်လာကြသည်။ ချီလန်က လဲ့ချန်၏ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး သူမ၏ မျက်နှာက ဖြူလျော့နေ၏။
"ရှင် ဒီနေ့မနက်က ကျားသွားဖမ်းတာလား... ရူးနေပြီလား... အဲဒါက သိပ်အန္တရာယ်များတာကို..."
လဲ့ချင်းက ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်သည်။
"အစ်ကို... နောက်တစ်ခါ ကျွန်မတို့ကို ဖုံးကွယ်မထားနဲ့နော်... အစ်ကို တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..."
သူတို့၏ စိုးရိမ်ပူပန်နေသော မျက်နှာထားများကို မြင်သောအခါ လဲ့ချန်၏ ရင်ထဲတွင် နွေးထွေးသွားပြီး အပြုံးဖြင့် နှစ်သိမ့်လိုက်၏။
"ကိစ္စမရှိပါဘူး... အစ်ကိုက သေနတ်ပစ် သိပ်တော်တာ... ကျားဆိုတာ စိုးရိမ်စရာကို မလိုတာပါ..."
အဘိုးလင်က တခစ်ခစ် ရယ်မောလိုက်ပြီး ဝင်ပြောလိုက်သည်။
"ချန်ဇီက တကယ်ပါပဲ... သေနတ်တစ်ချက်တည်းနဲ့ အသေပစ်ချနိုင်တာ..."
ထိုစကားများက ချီလန်နှင့် လဲ့ချင်းတို့ကို အနည်းငယ် စိတ်သက်သာရာ ရသွားစေသော်လည်း သူတို့မှာ စိုးရိမ်နေကြဆဲ ဖြစ်၏။
အခြေအနေများက နောက်ဆုံးတော့ အနည်းငယ် ကောင်းမွန်စပြုလာပြီ ဖြစ်သည်။ အကယ်၍ လဲ့ချန်သာ တကယ်တစ်ခုခု ဖြစ်သွားပါက ဤမိသားစုလေး ဘာဆက်ဖြစ်သွားမည်နည်း။
ချီလန်က ဆက်၍ မတွေးရဲတော့ဘဲ ရှောင်ရှောင်ကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ရာ ကြောက်ရွံ့မှု လှိုင်းတံပိုးက သူမ၏ ရင်ထဲသို့ ရိုက်ခတ်လာ၏။
လဲ့ချန်က ကျားကို အရေခွံခွာ၍ အသားပိုင်းလိုက်ပြီး ကျားသားအချို့ကို အားကော်နှင့် အဘိုးလင်တို့အား ဝေပေးလိုက်ကာ သူ့မိသားစုအတွက် အနည်းငယ် ချန်ထားပြီး ကျန်သည်များကို အထက်လူကြီးများထံ လွှဲပြောင်းပေးရန် စီစဉ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ကိုယ်တိုင်သတ်ခဲ့ကြောင်း သက်သေပြနိုင်သရွေ့ မည်မျှကျန်ရှိနေသည်က အရေးမကြီးပေ။
လဲ့ချန်က ကျားရေကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆွဲခွာလိုက်ရာ သူ၏ ထက်မြက်သော အမဲလိုက်ဓားက လျင်မြန်ပြတ်သားစွာ လှုပ်ရှားနေ၏။
ကျားရေတစ်ခုလုံးကို ခွာချလိုက်သောအခါ အောက်ဘက်ရှိ နီရဲနေသော ကျားသားများကို မြင်တွေ့လိုက်ရသည်။
ထို့နောက် သူက ကျား၏ ခန္ဓာကိုယ်ကို စတင် အပိုင်းပိုင်း ဖြတ်တောက်လိုက်ပြီး အရိုးနှင့် အသားများကို သန့်စင်ရန် လျင်မြန်စွာ ဖယ်ရှားနေမှုမှာ နွားတစ်ကောင်ကို ခုတ်ထစ်နေသော သားသတ်သမား တစ်ဦးကဲ့သို့ ကျွမ်းကျင်နေ၏။
အဘိုးလင်မှာ မျက်လုံးများ ပြူးကျယ်၍ ကြည့်နေသည်။
ဤကောင်လေးက သိပ်ကို လွန်လွန်းနေပြီ။
ဤသည်က အတွေ့အကြုံမရှိသော မုဆိုးအသစ်တစ်ယောက်နှင့် လုံးဝ မတူဘဲ အတွေ့အကြုံရင့် ကျက်စားနေသော သားသတ်သမားတစ်ဦး ဖြစ်နေသည်မှာ ရှင်းလင်းနေ၏။
သူ အသက်ရှူကြပ်သွားပြီး ရင်ထဲတွင် တွေးလိုက်မိသည်။ ဤလဲ့ချန်ကို ကလေးဘဝကတည်းက ကျားနောက်သို့ လိုက်နေခဲ့သည်ဟု ပြောလျှင်ပင် လူတိုင်း ယုံကြည်ကြလိမ့်မည် ဖြစ်၏။
အဘိုးလင်က မနေနိုင်တော့ဘဲ မေးလိုက်သည်။
"ချန်ဇီ... မင်း... မင်း အရင်က တကယ်ပဲ အမဲမလိုက်ဖူးတာလား..."
လဲ့ချန်က ခေါင်းမော့မကြည့်ဘဲ ပြန်ဖြေလိုက်၏။
"အဘိုးလင်... ကျွန်တော့်ကို မနောက်ပါနဲ့... ကျွန်တော်က အရင်က လယ်သမားတစ်ယောက်ပါ... အမဲလိုက်ဖို့ အခွင့်အရေးတစ်ခါမှ မရခဲ့ဘူး..."
"ဒါက ကျွန်တော် ကျားနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်ဖူးတာပါပဲ..."
အဘိုးလင်က သံသယအနည်းငယ်ဖြင့် ခေါင်းညိတ်လိုက်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရဆဲဖြစ်၏။
ဤနည်းစနစ်၊ ဤကျွမ်းကျင်မှု အဆင့်အတန်းက ပထမဆုံးအကြိမ်နှင့် လုံးဝ မတူချေ။
ထိုအခိုက်တွင် ခြံဝင်းအပြင်ဘက်မှ ဆဲရေးတိုင်းထွာသံ တစ်ခု ထွက်ပေါ်လာသည်။
"လဲ့ချန်… ခွေးကောင်လေး....နင်အခုချက်ချင်း ထွက်ခဲ့စမ်း..."
ထိုချက်ချင်းဆိုသလိုပင် စွင်းယန်မေ၊ လျိုတာကျူးနှင့် လိုင်ကျားမင်တို့က ရန်လိုစွာဖြင့် ပြေးဝင်လာကြ၏။
သူတို့၏ နောက်တွင် တပ်မဟာခေါင်းဆောင် လဲ့ကျီမင်နှင့် ရွာသားအချို့ ပါလာကြသည်။
ခြံဝင်းထဲတွင် လဲကျနေသော ကျားသေကြီးကို မြင်သောအခါ သူတို့ သုံးယောက်မှာ တစ်ခဏမျှ သိသာစွာ ကြက်သေ သေသွားကြ၏။ ထို့နောက် စွင်းယန်မေက ခါးထောက်ကာ လဲ့ချန်ကို လက်ညှိုးထိုး၍ မာနတကြီး အော်ဟစ်လိုက်သည်။
"ဟဲ့... လဲ့ချန်… နင် အလုပ်မှတ်တွေကို အခုချက်ချင်း ဘာလို့မလွှဲပေးရတာလဲ..."
“နင်က ကျားရေကိုတောင် ခွာထားသေးတယ်... အလုပ်မှတ်တွေ မယူတော့ဘူးလို့ စီစဉ်နေတာလား... သတိထားစမ်း... တပ်မဟာခေါင်းဆောင်က နင်ကို ဖမ်းသွားလိမ့်မယ်..."
လျိုတာကျူးက ဝင်ပြောလိုက်၏။
"ဟုတ်တယ်... အဲဒီကျားဆီကရမယ့် အလုပ်မှတ်တွေက ငါတို့တစ်ရွာလုံး ဇိမ်ကျကျနေဖို့ လုံလောက်တယ်... မင်း အခုချက်ချင်း လွှဲပေးတာ အကောင်းဆုံးပဲ..."
လိုင်ကျားမင်က မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ပြီး ချီလန်ဆီသို့ လျှောက်သွားကာ သူမ၏ မျက်နှာကို လှမ်းကိုင်ရန် လက်လှမ်းလိုက်သည်။
"ပြောပါဦး... မင်းက လဲ့ချန်နောက်ကို ဘာလို့ လိုက်နေရတာလဲ... အမဲလိုက်ပြီးရင်တောင် တပ်မဟာဆီကို သားကောင်တွေ အပ်ရဦးမယ်မလား... သူက မင်းကို ကောင်းကောင်းမွန်မွန် ကျွေးမွေးနိုင်လို့လား... အစ်ကို့နောက်ကို လိုက်လာတာ ပိုကောင်းမယ်..."
ချီလန်က အထိတ်တလန့်ဖြင့် လဲ့ချင်း၏ နောက်သို့ ပုန်းကွယ်သွားပြီး လဲ့ချင်းက လိုင်ကျားမင်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
"နင်ရဲလား… နင် နောက်တစ်ခါ လက်ဖျားနဲ့တောင် လာထိရဲရင် ငါကတော့..."
လဲ့ချန်က မျက်လုံးကို မှေးလိုက်ပြီး စွင်းယန်မေကို အန္တရာယ်ရှိစွာ စိုက်ကြည့်လိုက်ကာ သူ၏ လေသံက အေးစက်နေ၏။
"မင်းတို့က နောက်တစ်ခါ လာရဲသေးတာလား... ပြီးခဲ့တဲ့ အကြိမ်က သင်ခန်းစာ မရသေးဘူးလား..."
စွင်းယန်မေက သူမ၏ လည်ပင်းကို မတ်ထားပြီး အကြောက်တရားကြောင့် တုန်ယင်နေသော အသံဖြင့် အော်ဟစ်လိုက်သည်။
"ငါ့ကို လာမခြောက်နဲ့... နင်ကတော့ ပြီးသွားပြီ… နင်က ကျားကို သတ်ခဲ့ပြီး အလုပ်မှတ်တွေကို မလွှဲပေးဘူးဆိုတော့ နင့်ရဲ့ အကြွေးတွေကို ငြင်းချင်နေတာလား... အဖွဲ့ခေါင်းဆောင်... သူ့ကို သေချာ စောင့်ကြည့်ထားတာ ကောင်းမယ်..."
လဲ့ကျီမင်နှင့် သူ၏ အနောက်မှ ရွာသားများမှာ ကြက်သေသေသွားကြ၏။ လဲ့ချန် ကျားသတ်ခဲ့သည်ကို သူတို့အားလုံး ကြားခဲ့ရသော်လည်း ဤမျှလောက် ကြီးမားသော ကျားသေကြီးကို လူကိုယ်တိုင် မြင်တွေ့ရသည်မှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သည်။
လဲ့ကျီမင်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး လဲ့ချန်ကို အလုပ်မှတ်များ လွှဲပြောင်းပေးရန် တောင်းဆိုတော့မည့်ဆဲဆဲ ဖြစ်၏။
စွင်းယန်မေ အကျယ်လောင်ဆုံး အော်ဟစ်နေချိန်တွင်ပင် အဘိုးလင်က သူ၏ ဆေးတံကို ဖြည်းညင်းစွာ တစ်ဖွာ ဖွာလိုက်ပြီး မျက်လုံးကို မှေးကာ ပြောလိုက်သည်။
"လဲ့ကြီး... မင်း မေ့သွားပြီလား... အရင်က တောင်ပေါ်မှာ လူတွေကို ရန်ပြုတဲ့ ကျားတစ်ကောင်ရှိခဲ့တယ်လေ... အထက်လူကြီးတွေ အကြိမ်ပေါင်းများစွာ လာခဲ့ပေမဲ့ ကျားကို မဖမ်းနိုင်ခဲ့ကြဘူး..."
"အဲဒီနောက် သူတို့က ညွှန်ကြားချက်တွေ ပေးခဲ့တယ်... အကယ်၍ တစ်ယောက်ယောက်ကများ ကျားကို သတ်နိုင်ရင် ကိုယ့်ဘာသာကို စီစဉ်ခွင့် ရှိတယ်ဆိုပြီးတော့လေ..."
သူက စကားရပ်လိုက်ပြီး မြေပြင်ပေါ်ရှိ ကျားကို သူ၏ ဆေးတံဖြင့် လက်ညှိုးထိုးပြလိုက်၏။
“ဒါက ချန်ဇီ ပစ်ချလိုက်တဲ့ ကျားပဲ..."
ထိုစကားကို ကြားသောအခါ ခြံဝင်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားချေသည်။
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။
လဲ့ကျီမင်က မျက်မှောင်ကြုတ်လိုက်ပြီး အစွမ်းကုန် ပြန်လည်မှတ်မိရန် ကြိုးစားလိုက်သည်။ ကျားရန်ပြုသည့် ကိစ္စက တကယ်ဖြစ်ခဲ့ပြီး အထက်လူကြီးများကလည်း သက်ဆိုင်ရာ ညွှန်ကြားချက်များကို အမှန်တကယ် ထုတ်ပြန်ခဲ့၏။
သူက သူ့နဖူးကို ခပ်ပြင်းပြင်း ရိုက်လိုက်ပြီး ရုတ်တရက် မှတ်မိသွားသည်။
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... အဲဒီလိုကိစ္စမျိုး ရှိခဲ့တာပဲ... အဲဒီလို တရားဝင် စာရွက်စာတမ်းမျိုး ရှိခဲ့တယ်... အဲဒီတုန်းက ငါတွေးခဲ့မိတာက ဒီကျားက သိပ်ကြမ်းကြုတ်တာ ဘယ်သူကများ သွားဖမ်းနိုင်မှာလဲဆိုပြီးတော့လေ... ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး..."
သူက လဲ့ချန်ကို ကြည့်ကာ ပြောလိုက်၏။
"ဒါဆို လဲ့ချန်က ဒီအလုပ်မှတ်တွေကို တပ်မဟာဆီ ပေးဖို့ တကယ် မလိုတော့ဘူးပေါ့..."
ထိုစကားကို ကြားသောအခါ စွင်းယန်မေမှာ ချက်ချင်းပင် ဒေါသပေါက်ကွဲသွားပြီး အမြီးနင်းခံရသော ကြောင်တစ်ကောင်ကဲ့သို့ ခုန်ပေါက်သွားတော့သည်။
"ဘာ... အဲဒီလို စည်းမျဉ်းမျိုး ရှိတယ်ဟုတ်လား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီကျားက သိပ်ကြီးတာ... ပိုက်ဆံအများကြီး တန်တာကို... ဘာလို့ သူက အကုန်ယူရမှာလဲ... ဒါမျိုးတော့ မရဘူး... အဲဒီလိုမျိုးတော့ လုံးဝ မရဘူး..."
လျိုတာကျူးမှာလည်း စိုးရိမ်လာပြီး သူ၏ မျက်လုံးများက ကြေးခေါင်းလောင်းများကဲ့သို့ ပြူးကျယ်လာ၏။
"ဟုတ်ပါ့... လဲ့ချန်က ဘယ်လိုလုပ်ပြီး ဒီလောက် ကံကောင်းရတာလဲ... သူက ကျားကို ဖမ်းမိပြီး လွှဲပြောင်းပေးစရာတောင် မလိုဘူးတဲ့... ကောင်းကင်ဘုံက သိပ်ကို မတရားတာပဲ..."
လိုင်ကျားမင်၏ မျက်နှာက မကောင်းဆိုးဝါးဆန်နေသည်။ သူက လဲ့ချန်ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်၏။
ဒီကောင်လေးက သိပ်ကို ကံကောင်းလွန်းတာပဲ... အကယ်၍များ ငါသာ သိခဲ့ရင် ငါလည်း ကျား သွားဖမ်းတာပေါ့...။
"တိတ်တိတ်နေကြစမ်း..."
လဲ့ကျီမင်က အော်ဟစ်လိုက်ပြီး သူတို့၏ ဆူညံနေမှုများကို ဖြတ်ပြောလိုက်သည်။
"တရားဝင် စာရွက်စာတမ်းဆိုတာ တရားဝင် စာရွက်စာတမ်းပဲ... အဖြူပေါ် အမည်း တိတိကျကျ ရေးထားတာ... အထက်လူကြီးတွေက ကိုယ့်ဘာသာကိုယ် စီစဉ်ခွင့်ရှိတယ်လို့ ပြောထားကတည်းက လဲ့ချန်က အလုပ်မှတ်တွေကို လွှဲပေးဖို့ မလိုတော့ဘူး... မင်းတို့မှာ တခြားအမြင်တွေရှိရင် အထက်လူကြီးတွေဆီ သွားတိုင်ကြ..."
ရွာသားများက ပြဇာတ်ကို လာကြည့်ကြခြင်း ဖြစ်သော်လည်း ယခု ကြည့်စရာ မရှိတော့သည်ကို မြင်သောအခါ လူစုကွဲသွားကြတော့၏။
စွင်းယန်မေ၊ လျိုတာကျူးနှင့် လိုင်ကျားမင်တို့မှာ ဆန္ဒမရှိကြသော်လည်း တရားဥပဒေကို မလွန်ဆန်နိုင်ကြောင်း သိထားကြသည်။
သူတို့က လဲ့ချန်ကို စူးရဲစွာ စိုက်ကြည့်လိုက်ကြပြီး သွားကြိတ်ကာ လဲ့ချန်၏ ခြံဝင်းထဲမှ လှည့်ထွက်သွားကြ၏။
ထွက်သွားသော သူတို့သုံးယောက်၏ ပုံရိပ်များကို ကြည့်ရင်း လဲ့ချန်က အေးစက်စွာ နှာမှုတ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်။
အခန်း (၃၆) မီးသွေးမီးဖိုလေးတစ်ခု ပြုလုပ်ရန် စီစဉ်ခြင်း
မြို့ပေါ်သို့ အမြန်ဆုံး ပြောင်းရွှေ့ရန် လိုအပ်နေသေးသည်ဟု သူ၏ စိတ်ထဲတွင် တွေးတောနေမိ၏။
လျိုတာကျူးနှင့် သူ၏ လူရမ်းကားအုပ်စုက ပီကေကဲ့သို့ပင်။ သူတို့က အနံ့ရလိုက်သည်နှင့် ပြဿနာရှာရန် ရောက်လာကြမည်သာ ဖြစ်သည်။
သူ အိမ်မှာမရှိခိုက်တွင် သူတို့တစ်ခုခု ကြံစည်လာခဲ့လျှင် မည်သို့ လုပ်မည်နည်း။ ချီလန်နှင့် လဲ့ချင်းတို့ ဘာဖြစ်သွားမည်နည်း။
ယင်းက ကြိုတင်ကာကွယ်ထားနိုင်ရန် မဖြစ်နိုင်သောအရာပင်။
ဤအကြောင်းကို တွေးမိသောအခါ လဲ့ချန်၏ ရင်ထဲတွင် အရေးတကြီး လုပ်ဆောင်ရမည့် ခံစားချက်တစ်ခု ပြင်းထန်စွာ ဖြစ်ပေါ်လာ၏။
"မိန်းမ... ကိုယ်တို့ မြို့ပေါ်ကို ပြောင်းရွှေ့ချင်တယ်..."
ချီလန်မှာ တစ်ခဏမျှ အံ့အားသင့်သွားပြီး မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"မြို့ပေါ်ကို ပြောင်းမယ်... ဘာဖြစ်လို့လဲ... ကျွန်မတို့ ရွာမှာ နေရတာ အဆင်ပြေနေတာပဲကို..."
"လျိုတာကျူးနဲ့ သူတို့ လူရမ်းကားတစ်သိုက်အကြောင်း မင်းလည်း သိသားပဲ..."
လဲ့ချန်က စကားရပ်လိုက်၏။
"သူတို့ ထပ်ပြီး ပြဿနာလာရှာမှာကို ကိုယ် စိုးရိမ်တယ်... ကိုယ်အိမ်မှာမရှိတဲ့အချိန်ဆိုရင် ဘယ်လိုလုပ်မလဲ..."
ချီလန်၏ မျက်နှာက ဖြူလျော့သွား၏။ လဲ့ချန်၏ စိုးရိမ်ပူပန်မှုများကို သူမ နားလည်ပါသည်လေ။
လျိုတာကျူးနှင့် သူ၏ အုပ်စုက မည်သည့်အရာကိုမဆို လုပ်ရဲကြသူများ ဖြစ်သည်။
လဲ့ချန်က သူ့ကို အကြိမ်ကြိမ် သတိပေးထားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့၏။
ယနေ့လည်း ကြည့်လေ။ သူတို့ ပြဿနာ လာရှာကြပြန်ပြီ မဟုတ်ပါလား။
"ဒါပေမဲ့..."
ချီလန်က တွေဝေသွားသည်။
"ကျွန်မတို့ မြို့ပေါ်ကို ပြောင်းသွားရင် ဘယ်မှာ နေကြမလဲ... ဒါ့အပြင် ဒီခေတ်ကြီးမှာ ပြောင်းရွှေ့ဖို့ဆိုတာ သိပ်လွယ်တဲ့ကိစ္စ မဟုတ်ဘူးလေ..."
ချီလန်၏ စိုးရိမ်ပူပန်မှုများကို လဲ့ချန် နားလည်ပါသည်။ နောင်လာမည့် ခေတ်ကာလများနှင့် မတူဘဲ ၁၉၆၀ ပြည့်လွန်နှစ်များတွင် ပြောင်းရွှေ့ခြင်းဆိုသည်မှာ ဖြစ်သလို လုပ်ဆောင်၍ရသောအရာမျိုး မဟုတ်ချေ။
ထိုခေတ်အခါက ကျေးလက်နေပြည်သူများသည် မြေယာနှင့် ခိုင်မာစွာ ချည်နှောင်ခံထားရပြီး အိမ်ထောင်စုစာရင်း ကိစ္စရပ်များကလည်း အလွန်တရာ တင်းကျပ်လှ၏။
ပြောင်းရွှေ့ရန်အတွက် တပ်မဟာနှင့် ကွန်မြူနစ်ရုံးတို့ထံမှ ခွင့်ပြုချက် ရယူရမည်ဖြစ်ပြီး၊ ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ခွင့်ပြုချက်ရရန် မဖြစ်နိုင်လောက်အောင် ရှုပ်ထွေးသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
"လွယ်မှာမဟုတ်ဘူးဆိုတာ ကိုယ် သိပါတယ်..."
လဲ့ချန်က ပြောလိုက်၏။
"နောက်တစ်ခါ ဆေးသွားရောင်းဖို့ မြို့ပေါ်တက်ရင် ကျောက်ချန်ဟယ်နဲ့ သွားဆွေးနွေးပြီး ဖြေရှင်းစရာ နည်းလမ်းများ ရှိမလားဆိုတာ ကြည့်ရမယ်..."
ချီလန်က သက်ပြင်းချလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
လဲ့ချန်က သူမနှင့် ရှောင်ရှောင်တို့၏ ကောင်းကျိုးအတွက် ဤသို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သူမ သိထား၏။
လဲ့ချန်က ချီလန်၏ ပခုံးကို ဖက်၍ ညင်သာစွာ နှစ်သိမ့်လိုက်သည်။
"စိတ်မပူပါနဲ့ မိန်းမရယ်... ကိုယ်အားလုံးကို စီစဉ်ပါ့မယ်..."
"မြို့ပေါ်ကို ပြောင်းပြီးသွားရင် ကျွန်တော်တို့ ဘေးကင်းသွားမှာပါ... ကြောက်ရွံ့ပြီး နေစရာ မလိုတော့ဘူးပေါ့..."
ချီလန်က လဲ့ချန်၏ ပခုံးပေါ်သို့ ညင်သာစွာ မှီချလိုက်ပြီး သူ၏ထံမှ ထွက်ပေါ်လာသော နွေးထွေးမှုကို ခံစားလိုက်ရ၏။
တစ်ချိန်က သူမကို အကြောက်တရားများ ပြည့်နှက်စေခဲ့သော အသုံးမကျသူသည် ယခုအခါ သူမ အားကိုးအားထားပြုနိုင်သည့် မဏ္ဍိုင်ကြီးတစ်ခု ဖြစ်လာခဲ့ချေပြီ။
ကောင်းကင်က တဖြည်းဖြည်း မှောင်မိုက်လာပြီး ဆောင်းဦးလေက တိုက်ခတ်လာကာ လေထုထဲတွင် အအေးဓာတ်က စိမ့်ဝင်လာသည်။
"ရာသီဥတုက ပိုပိုအေးလာတယ်..."
ချီလန်က သူမ၏ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်၏။
"ဒီဆောင်းရာသီကတော့ အတော့်ကို ကြမ်းတမ်းလောက်တယ်..."
"ဟုတ်တယ်..."
လဲ့ချန်ကလည်း အအေးဓာတ်ကို ခံစားလိုက်ရသည်။
"အိမ်ကို သေချာပြုပြင်ပြီး ဒီဆောင်းရာသီကို အရင်ကျော်ဖြတ်ရမယ်..."
ယခုအချိန်တွင် အရေးအကြီးဆုံးအရာမှာ ဆောင်းရာသီကို ကျော်ဖြတ်နိုင်ရန်ပင်။
ရာသီဥတုက ပိုပို၍ အေးစက်လာပြီး အေးစိမ့်လှသော မြောက်လေက ဝူးဝူးဝါးဝါး တိုက်ခတ်ကာ မျက်နှာကို စူးရှနာကျင်စေ၏။
နွားတင်းကုပ်က ယိုယွင်းပျက်စီးနေပြီး လေတဖြူးဖြူး ဝင်နေကာ ဆောင်းရာသီတွင် ရေခဲသေတ္တာတစ်လုံးကဲ့သို့ အေးစက်နေသည်။
လဲ့ချန်က အနည်းဆုံးတော့ နွေးထွေးသွားစေရန်အတွက် အိမ်ကို အရင်ပြုပြင်ရန် ဆုံးဖြတ်လိုက်၏။
ဆောင်းရာသီတွင် မီးသွေးများ ဖို၍ အိမ်ကို ပိုမို နွေးထွေးစေရန်အတွက် မီးသွေးမီးဖိုလေးတစ်ခု ပြုလုပ်ရန် သူ တွေးတောနေသည်။
လဲ့ချန်က သူ၏ စိတ်ထဲတွင် မီးသွေးဖို၏ ဖွဲ့စည်းပုံကို အစီအစဉ်ဆွဲနေ၏။
ဤအရာက တစ်ချို့နေရာများတွင် ရိုးရှင်းသော်လည်း တချို့နေရာများတွင် ရှုပ်ထွေးလှသည်။
အခြေခံသဘောတရားမှာ မီးသွေးများကို ဖြည်းညင်းစွာ လောင်ကျွမ်းစေပြီး မီးခိုးအနည်းဆုံး ထွက်စေကာ အပူငွေ့ ထုတ်လွှတ်ပေးရန်ပင်။
အောက်ဘက်တွင် လေဝင်ပေါက်၊ အပေါ်ဘက်တွင် မီးခိုးထွက်ပေါက် ပါရှိသော လုံခြုံသည့် ဖိုကိုယ်ထည်နှင့် လေဝင်ပေါက်ကို ချိန်ညှိနိုင်သည့် ကိရိယာတစ်ခုရှိရုံဖြင့် အခြေခံအားဖြင့် လုံခြုံပြီဖြစ်၏။
သို့သော်လည်း ရိုးရှင်းပုံရသော ဤအရာက ကြီးမားသည့် အန္တရာယ်တစ်ခုကို ဖုံးကွယ်ထားသည်။
မီးသွေး လောင်ကျွမ်းမှု မပြည့်စုံပါက ကာဗွန်မိုနောက်ဆိုဒ်ကို ထွက်ပေါ်စေပြီး ၎င်းက အရောင်အဆင်း၊ အနံ့အသက် မရှိသလို အလွန်အကျွံ ရှူရှိုက်မိပါက အသက်အန္တရာယ် ရှိစေနိုင်သည်။
ထို့ကြောင့် လေဝင်လေထွက် ကောင်းမွန်ရန် အရေးကြီး၏။ မီးခိုးပြွန်များ ပိတ်ဆို့နေ၍ မဖြစ်သကဲ့သို့ အခန်းကိုလည်း လုံးဝ လုံခြုံအောင် ပိတ်လှောင်ထား၍ မရဘဲ လတ်ဆတ်သော လေများ ဝင်ရောက်နိုင်ရန် ကွက်လပ်အချို့ ချန်ထားပေးရမည် ဖြစ်သည်။
ဤခေတ်ကြီးတွင် ကာဗွန်မိုနောက်ဆိုဒ် တိုင်းတာသည့် ကိရိယာကဲ့သို့သော အဆင့်မြင့် နည်းပညာသုံး ပစ္စည်းများ မရှိသေးချေ။
ထိုအကြောင်းကို တွေးမိသောအခါ လဲ့ချန်က ထရပ်လိုက်ပြီး ရေဇလုံကိုယူကာ အပြင်သို့ ထွက်သွား၏။
"မိန်းမ... ကိုယ် မင်းခြေထောက်စိမ်ဖို့နဲ့ နွေးသွားအောင် ရေနွေးသွားယူပေးမယ်..."
ချီလန်က အဝတ်အစားများ ဖာထေးနေရင်း လဲ့ချန်၏ ဂရုစိုက်မှုကို မြင်သောအခါ ရင်ထဲတွင် နွေးထွေးသွားသော်လည်း သူမက ပြောလိုက်သည်။
"သိပ်အေးတာပဲ... မသွားပါနဲ့... ဒုက္ခများပါတယ်..."
"ဒုက္ခမများပါဘူး... ကိုယ် ခဏလေးနဲ့ ပြန်လာခဲ့မယ်..."
လဲ့ချန်က ပြုံးလိုက်ပြီး အလျင်အမြန် ထွက်သွား၏။
လဲ့ချန်က အငွေ့တထောင်းထောင်းခနေသော ရေဇလုံနှင့် ပြန်လာသောအခါ ချီလန်က မျက်နှာသုတ်ပုဝါတစ်ထည်ကို ဖြန့်ချထားပြီး ဖြစ်သည်။
"သတိထားနော်... ပူတယ်..."
သူမက ရေဇလုံကို ယူ၍ သူမ၏ ခြေထောက်များကို ရေနွေးထဲသို့ နှစ်လိုက်ပြီး ကျေနပ်စွာ သက်ပြင်းချလိုက်၏။
သူမက လဲ့ချန်၏ ပခုံးပေါ်သို့ ညင်သာစွာ မှီချလိုက်ပြီး သူ၏ထံမှ ထွက်ပေါ်လာသော လုံခြုံမှု ခံစားချက်ကို ခံစားလိုက်ရသည်။
...
ချီလန် နိုးလာသောအခါ မိုးလင်းစ ပြုနေပြီ ဖြစ်၏။ လဲ့ချန်က သူမ၏ ဘေးတွင် မရှိတော့ဘဲ စောင်ထဲမှ ကျန်ရစ်နေသော နွေးထွေးမှုကသာ သူ ထိုနေရာတွင် ရှိနေခဲ့ကြောင်း သက်သေပြနေသည်။
သူမက အကြောဆန့်လိုက်ပြီး ခြံဝင်းထဲမှ တရှဲရှဲ အသံများကို ကြားလိုက်ရ၏။
အဝတ်အစားများ ဝတ်ဆင်ပြီး အပြင်သို့ ထွက်လာသောအခါ လဲ့ချန်က ခြံဝင်းထောင့်တွင် ဆောင့်ကြောင့်ထိုင်ကာ တစ်စုံတစ်ခုကို အလုပ်ရှုပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
"စောစောစီးစီး ထနေတာလား..."
ချီလန်က သူမ၏ မျက်လုံးများကို ပွတ်သပ်ကာ အိပ်ချင်မူးတူးဖြင့် မေးလိုက်၏။
"အင်း... တစ်ခုခု လုပ်စရာရှိလို့..."
လဲ့ချန်က ခေါင်းမော့မကြည့်ဘဲ ပြန်ဖြေလိုက်ပြီး သူ၏ လက်များကလည်း ဆက်၍ လှုပ်ရှားနေသည်။
ချီလန်က အနီးသို့ လျှောက်သွားသောအခါ လဲ့ချန်၏ အရှေ့တွင် ပုလင်းများနှင့် အိုးအချို့ ရှိနေသည့်အပြင် မနေ့က ကျား၏ ဧရာမ အရိုးကြီးကိုပါ မြင်တွေ့လိုက်ရ၏။
ပြင်းထန်သော ဆေးအရက်နံ့က လေထုထဲတွင် ပျံ့နှံ့နေသဖြင့် ချီလန်မှာ နှာခေါင်းရှုံ့သွားသည်။
"ဒါက..."
“ကျားရိုးအရက်လေ”
လဲ့ချန်က ခေါင်းမော့၍ ပြုံးလိုက်၏။
"ဒါက သိပ်ကောင်းတာ... နောက်နောင် အကြောလွဲတာ၊ ပွန်းပဲ့ဒဏ်ရာ ရတာမျိုး ရှိလာရင် လိမ်းလိုက်ရုံနဲ့ ကောင်းသွားလိမ့်မယ်..."
ချီလန်က ရုပ်ဆိုးဆိုး ကျားရိုးကြီးကို ကြည့်ရင်း သူမ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ပစ္စည်းကောင်းမှန်း သိသော်လည်း သူမမှာ အနည်းငယ် ကြောက်ရွံ့နေဆဲ ဖြစ်၏။
"ကျားအသားတွေကော ဘယ်မှာလဲ..."
ချီလန်က မေးလိုက်သည်။
"မနက်ဖြန် မြို့ပေါ်တက်ပြီး ရောင်းမလို့..."
လဲ့ချန်က ပြောလိုက်၏။
"အဲ့ပစ္စည်းတွေက တန်ဖိုးရှိတယ်... ဝယ်သူကောင်းကောင်းတစ်ယောက်ကို ရှာဖို့ လိုတယ်..."
လဲ့ချန်က မနက်ခင်းတစ်ခုလုံးကို ကျားရိုးအရက် ဖော်စပ်ရင်း အချိန်ကုန်ဆုံးလိုက်သည်။
အသုံးပြုသော ဆေးဖက်ဝင်အပင်များမှာ ယခင်က တောင်ပေါ်မှ ခူးဆွတ်လာခဲ့သည့် လက်ကျန်များ ဖြစ်၏။
ဤခေတ်ကြီးတွင် အတွေ့ရအများဆုံး ဆေးဖက်ဝင်အပင်များပင်လျှင် အရိုင်းအတိုင်း ပေါက်ရောက်နေကြသည်။
၎င်း၏ ဆေးစွမ်းက နောင်လာမည့် ခေတ်များတွင် လူသားများ စိုက်ပျိုးထားသော ဆေးဖက်ဝင်အပင်များထက် အဆပေါင်းများစွာ ပိုမို ကောင်းမွန်၏။
ဤသည်က အသက်ကယ် ရတနာတစ်ခုပင်။
အိမ်မှုကိစ္စများ ပြီးစီးသွားသောအခါ ချီလန်ကလည်း အစားအစာများကို ပြင်ဆင်လိုက်သည်။ လဲ့ချန်က ထမင်းစားပြီးနောက် ဇနီးဖြစ်သူကို နှုတ်ဆက်ကာ လဲ့အားကော်၏ အိမ်သို့ ခပ်သုတ်သုတ် ထွက်လာခဲ့၏။
တစ်နေ့ထက်တစ်နေ့ ပိုပို၍ အေးလာသည်။
မီးသွေးမီးဖိုတစ်ခုကို အမြန် မတည်ဆောက်ပါက သူ၏ ဇနီး၊ သမီးလေးနှင့် ချင်းချင်းတို့က ဤယိုယွင်းနေသော နွားတင်းကုပ်ထဲတွင် သေချာပေါက် အအေးမိကြတော့မည် ဖြစ်၏။
အားကော်၏ အိမ်သို့ လျှောက်သွားသောအခါ သူက နွေးထွေးစေရန် မီးဖိုဘေးတွင် ကွေးကွေးလေး ထိုင်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်ကို မြင်တွေ့လိုက်ရသည်။
လဲ့ချန်က တံခါးဝမှ အလျင်အမြန် လှမ်းခေါ်လိုက်၏။
"အားကော်... ငါနဲ့ တောင်ပေါ် လိုက်ခဲ့..."
လဲ့အားကော်က တုန်ယင်စွာဖြင့် တွေဝေစွာ ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ အစ်ကိုချန်... အေးခဲနေတာပဲကို..."
"မီးသွေးမီးဖိုလုပ်ဖို့... ပစ္စည်းတချို့ လိုနေတယ်..."
လဲ့ချန်က ရှင်းပြလိုက်၏။
မီးသွေးမီးဖို လုပ်မည်ဆိုသည်ကို ကြားသောအခါ လဲ့အားကော်မှာ ချက်ချင်းပင် တက်ကြွသွားသည်။
"အစ်ကိုချန်... အစ်ကိုက အဲ့ဒါတွေပါ လုပ်တတ်တယ်လား... တကယ် အံ့ဩစရာပဲ..."
သူ၏ မိဘများက စောစီးစွာ ကွယ်လွန်သွားခဲ့ပြီး သူက တစ်ယောက်တည်း ဒုက္ခမျိုးစုံ ကြုံတွေ့ကာ ရုန်းကန် ကြီးပြင်းလာခဲ့ရသူ ဖြစ်၏။
နွေးနွေးထွေးထွေး နေရဖို့ဆိုတာ မပြောနှင့်၊ ဝဝလင်လင် စားရဖို့ပင် မလွယ်ကူခဲ့ချေ။
အခါတိုင်း အခြားလူများ၏ ပျားလပို့ကျောက်မီးသွေးများ၊ မီးဖိုများနှင့် အပူပေးကန်ခုတင်များကို သူက အားကျစွာဖြင့်သာ ကြည့်နေနိုင်ခဲ့ရသည်။
သူတို့နှစ်ယောက်က အနောက်ဘက်တောင်ဆီသို့ လျှောက်သွားရင်း ရယ်မောစကားပြောလာခဲ့ကြ၏။
သူတို့က မီးသွေးကြမ်းများနှင့် မီးခံရွှံ့စေးများကို ရှာဖွေနေကြခြင်း ဖြစ်သည်။ မီးသွေးကြမ်းဆိုသည်မှာ မီးသွေးဖုတ်ရာမှ ကျန်ရစ်သော အကြွင်းအကျန်များ ဖြစ်၏။
၎င်းတို့ကို မီးသွေးဖုတ်သူများက စွန့်ပစ်ပစ္စည်းများအဖြစ် လွှင့်ပစ်လေ့ရှိကြသော်လည်း မီးသွေးမီးဖိုများ ပြုလုပ်ရန်အတွက်မူ အလွန် အသုံးဝင်ပေသည်။
မီးခံရွှံ့စေးကို မီးသွေးမီးဖို၏ အပြင်ဘက်နံရံတွင် သုတ်လိမ်းရန် အသုံးပြုပြီး၊ ဖိုကိုယ်ထည် အလွန်အမင်း ပူပြင်းလာကာ ကွဲအက်သွားခြင်းကို ကာကွယ်ရန် ဖြစ်၏။
သူတို့က တောင်ပေါ်တွင် တစ်နေကုန်နီးပါး လှည့်လည်သွားလာနေခဲ့သော်လည်း တောယုန် အနည်းငယ်နှင့် တောင်ကြွက်အသိုက် အချို့မှလွဲ၍ ဘာမျှ ရှာမတွေ့ခဲ့ကြပေ။