အခန်း (၃၉-၄၀)
Vol. 4 Ch. 39-40
အခန်း (၃၉) ရင်နွေးစေတဲ့ နေ့စဉ်ဘဝ
သူက ဘေးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ချီလန် မနိုးသွားစေရန် သတိထား၍ ထလိုက်၏။
မှိန်ပျပျ အလင်းရောင်အောက်တွင် ချီလန်၏ မျက်နှာပေါ်၌ မီးသွေးပြာများ ပေကျံနေဆဲ ဖြစ်သည်ကို သူ မြင်တွေ့နိုင်သော်လည်း သူမက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး သူမ၏ ရှည်လျားသော မျက်တောင်များက မျက်ခွံအောက်တွင် အရိပ်တစ်ခု ကျနေစေသည်။
သူ့ရင်ထဲတွင် သနားကြင်နာစိတ်များ ဖြစ်ပေါ်လာပြီး ချီလန်၏ မျက်နှာပေါ်မှ ဖုန်မှုန့်များကို ညင်သာစွာ ဖယ်ရှားပေးလိုက်၏။
မနေ့ညက မိသားစုတစ်စုလုံး ဝိုင်းဝန်း၍ မီးသွေးကြမ်းများကို ပြုပြင်ခဲ့ကြရာ တကယ့်ကို ပင်ပန်းနွမ်းနယ်စရာပင်။
သူတို့က ထုရိုက်ကာ ဇကာချကြပြီး အမှိုက်များကို ရွေးထုတ်ခဲ့ကြသဖြင့် တစ်ကိုယ်လုံး ဖုန်မှုန့်များနှင့် အညစ်အကြေးများ ပေကျံသွားကြသည်။
ရှောင်ရှောင်က အစပိုင်းတွင် ကူညီရန် စိတ်လှုပ်ရှားနေခဲ့သော်လည်း မကြာမီမှာပင် အိပ်ချင်လာသဖြင့် သမ်းဝေနေပြီး နောက်ဆုံးတွင်တော့ ချီလန်၏ ရင်ခွင်ထဲ၌ အိပ်ပျော်သွားတော့၏။
အိပ်မောကျနေသော ဇနီးနှင့် သမီးဖြစ်သူကိုကြည့်ရင်း သူတို့အား ကောင်းမွန်သော ဘဝတစ်ခု ပေးစွမ်းနိုင်ရန် လဲ့ချန်က တိတ်တဆိတ် ကတိပြုလိုက်သည်။
သူက အိမ်ထဲမှ ခြေဖျားထောက်၍ ထွက်လာခဲ့ပြီး မျက်နှာသစ်လိုက်ရာ ချက်ချင်းပင် လန်းဆန်းသွားသလို ခံစားလိုက်ရ၏။
ယနေ့ မီးသွေးဖို စတင်တည်ဆောက်ရန် လိုအပ်သည်။ မီးသွေးကြမ်းများကို ပြုပြင်ပြီးသွားပြီ ဖြစ်သဖြင့် အသုံးပြု၍ရသော မီးသွေးများ ဖြစ်လာစေရန် အမြန်ဆုံး ပြောင်းလဲရမည်ဖြစ်၏။
သူက ခြံဝင်းထောင့်ဆီသို့ လျှောက်သွားလိုက်ရာ ထိုနေရာတွင် မနေ့က ပြုပြင်ထားသော မီးသွေးကြမ်းများ ပုံထားသည်ကို တွေ့လိုက်ရသည်။
မည်းနက်နေသော ထိုအပုံကြီးများကိုကြည့်ရင်း လဲ့ချန်၏ ရင်ထဲတွင် ရှင်းပြ၍မရသော ယုံကြည်မှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ၏။
သူ၏ ယခင်ဘဝ စစ်တပ်ထဲတွင်ရှိစဉ်က တာဝန်မျိုးစုံကို ထမ်းဆောင်ခဲ့ရပြီး တောတွင်း ရှင်သန်ရေး စွမ်းရည်များကို အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ခဲ့ရသည်။
မီးသွေးဖုတ်ရန်အတွက် ရိုးရှင်းသော မြေမီးဖိုတစ်ခု တည်ဆောက်ခြင်းက သူ့အတွက် ကလေးကစားစရာ တစ်ခုလိုပင်။
မီးသွေးဖုတ်သည့် ရိုးရာနည်းလမ်း အချို့ကို သူ မှတ်မိနေပြီး တိကျသော သဘောတရားများကို ပြန်လည် မမှတ်မိနိုင်တော့သော်လည်း လှုပ်ရှားမှုများနှင့် အဆင့်များက သူ၏ သွေးသားထဲတွင် စွဲမြဲနေကာ မေ့ဖျောက်၍ မရနိုင်ချေ။
ချက်ချင်းပင် အလုပ်စတင်လိုက်၏။
လဲ့ချန်က အနောက်ဘက်တောင်ဆီသို့ အရင်သွား၍ မြေဝါအချို့ကို တူးယူလာပြီးနောက် မြစ်ထဲမှ ရေခပ်လာကာ စေးကပ်သော ရွှံ့နှစ်အဖြစ် ရောနယ်လိုက်သည်။
ထို့နောက် သူက မြေပြင်ပေါ်တွင် မြေမီးဖိုကို စတင်တည်ဆောက်တော့၏။
သူက အရင်ဆုံး ကျောက်ခဲများဖြင့် စက်ဝိုင်းပုံ အောက်ခံတစ်ခုကို တည်ဆောက်လိုက်ပြီး ထိုအပေါ်တွင် ရွှံ့များ အထပ်ထပ်တင်ကာ လက်ဖြင့် သေချာ ရိုက်ပုတ်လိုက်သည်။
မြေမီးဖိုက တဖြည်းဖြည်း မြင့်မားလာပြီး ၎င်း၏ ပုံသဏ္ဌာန်ကလည်း မှောက်ထားသော ပန်းကန်လုံး တစ်လုံးနှင့် တူလာကာ တဖြည်းဖြည်း ပီပြင်လာ၏။
လဲ့ချန်က အလုပ်လုပ်ရင်း သံစဉ်မမှန်သော သီချင်းတစ်ပုဒ်ကို ညည်းတွားနေသည်။
ရှောင်ရှောင် နိုးလာပြီး အိပ်ချင်မူးတူး မျက်လုံးများကို ပွတ်သပ်ကာ သူ၏ အနားသို့ လျှောက်လာပြီး သူမ၏ ကလေးသံလေးဖြင့် မေးလိုက်၏။
"အဖေ... ဘာလုပ်နေတာလဲ..."
"အဖေက အိမ်ဆောက်နေတာ... ရှောင်ရှောင် နေဖို့အတွက် အိမ်ကြီးတစ်လုံး ဆောက်နေတာ..."
လဲ့ချန်က ပြုံး၍ ပြောလိုက်ပြီး ရှောင်ရှောင်၏ ပါးမို့မို့လေးကို ဆွဲညှစ်လိုက်သည်။
ရှောင်ရှောင်က တခစ်ခစ် ရယ်မောလိုက်ပြီး လဲ့ချန် ရွှံ့သုတ်ရာတွင် ကူညီရန် သူမ၏ လက်သေးသေးလေးများကို ဆန့်တန်းလိုက်၏။
လဲ့ချန်က ရွှံ့တစ်တုံးကို ယူကာ သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး သူမ စိတ်ကြိုက် ဆော့ကစားခွင့် ပြုထားလိုက်သည်။
ချီလန်နှင့် လဲ့ချင်းတို့လည်း ထလာကြပြီး လဲ့ချန် မြေမီးဖို တည်ဆောက်နေသည်ကို မြင်သောအခါ စပ်စုချင်စိတ် ဖြစ်လာကြ၏။
"အစ်ကို... မီးသွေးဖုတ်မလို့လား..."
လဲ့ချင်းက မေးလိုက်သည်။
"အင်း..."
လဲ့ချန်က ခေါင်းညိတ်လိုက်၏။
"ဒီမီးသွေးကြမ်းတွေကို မပြုပြင်ဘူးဆိုရင် မီးမလောင်နိုင်ဘဲ အချည်းနှီး ဖြစ်သွားလိမ့်မယ်..."
ချီလန်က လဲ့ချန်၏ ကျွမ်းကျင်သော လှုပ်ရှားမှုများကို တိတ်ဆိတ်စွာ ကြည့်နေသည်။
သို့သော်လည်း သူမက ဘာမှ မပြောဘဲ နံနက်စာ ပြင်ဆင်ရန် တိတ်တဆိတ် ထွက်သွား၏။
လဲ့ချန်မှာ မနက်ခင်းတစ်ခုလုံး အလုပ်ရှုပ်နေခဲ့သဖြင့် အလွန်ဆာလောင်နေပြီ ဖြစ်သည်။
နောက်ဆုံးတွင်တော့ မြေမီးဖို ပြီးစီးသွားပြီး လဲ့ချန်က သစ်ကိုင်းများနှင့် မြက်ခြောက်များကို အသုံးပြု၍ မီးဖို၏ အောက်ခြေတွင် မီးမွှေးလိုက်၏။
မီးတောက်များ ပြင်းထန်လာသည်နှင့် သူက ပြင်ဆင်ထားသော မီးသွေးကြမ်းများကို ဂရုတစိုက် ထည့်သွင်းလိုက်သည်။
ထို့နောက် သူက မီးဖိုဝကို မြေဝါဖြင့် ပိတ်လိုက်ပြီး လေဝင်လေထွက်ပေါက် အသေးလေးတစ်ခုသာ ချန်ထားလိုက်၏။
"ကောင်းပြီ... အခုတော့ မီးသွေးဖြစ်လာဖို့ စောင့်ရုံပဲ..."
လဲ့ချန်က သူ၏ လက်ပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
"အစ်ကို... ဒီမီးသွေးဖြစ်လာဖို့ အချိန်ဘယ်လောက် ကြာမလဲ..."
လဲ့ချင်းက စပ်စုချင်သော မျက်နှာဖြင့် မေးလိုက်၏။
"တစ်နေကုန်လောက်တော့ အချိန်ယူရမှာပဲ..."
လဲ့ချန်က ခန့်မှန်း၍ ပြောလိုက်သည်။
"ဒီနေ့ညဆိုရင် အသုံးပြုလို့ ရလောက်ပြီ..."
ထို့နောက်ပိုင်း အချိန်များတွင် လဲ့ချန်က အလကား မနေခဲ့ချေ။
သူက တောင်ပေါ်သို့ တက်သွားပြီး မီးသွေးဖုတ်ရာတွင် လောင်စာအဖြစ် အသုံးပြုရန် သစ်ကိုင်းအချို့ကို ခုတ်ယူခဲ့၏။
မွန်းတည့်ချိန်တွင် ချီလန်က မွှေးကြိုင်သော တောဟင်းရွက် ဆန်ပြုတ်တစ်အိုးကို ချက်ပြုတ်လိုက်ပြီး မိသားစုလိုက် ခြံဝင်းထဲရှိ ကျောက်စားပွဲတွင် ဝိုင်းထိုင်၍ စားသောက်ကြသည်။
ရှောင်ရှောင်က ဆန်ပြုတ်များကို ပါးစပ်အပြည့် ငုံ၍ စားနေပြီး ချီးကျူးရန်လည်း မမေ့ခဲ့ချေ။
"အမေ့ ဆန်ပြုတ်က အရမ်းအရသာရှိတာပဲ..."
ချီလန်က ပြုံးလိုက်ပြီး သူမ၏ ပါးစပ်ကို သုတ်ပေးလိုက်၏။
"ဖြည်းဖြည်း စားပါ... သီးနေဦးမယ်..."
သူ၏ ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း လဲ့ချန်၏ ရင်ထဲတွင် ကြီးမားသော ကျေနပ်ရောင့်ရဲမှု တစ်ခုကို ခံစားလိုက်ရသည်။
သူ၏ ယခင်ဘဝက ဤမြင်ကွင်းကို သူ အကြိမ်ရေ မရေမတွက်နိုင်အောင် စိတ်ကူးယဉ်ခဲ့ဖူး၏။
သူ၏ နောက်ပိုင်းနှစ်များတွင် ကြုံတွေ့ခဲ့ရသော ဆင်းရဲဒုက္ခများကြောင့် ကောင်းကင်ဘုံက သူ့ကို သနားသွားပြီး အခွင့်အရေးတစ်ခု ပေးလိုက်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ထမင်းစားပြီးနောက် လဲ့ချန်က မြေမီးဖိုရှေ့တွင် ပြန်လည် ဆောင့်ကြောင့်ထိုင်လိုက်၏။
သူက မြက်ခြောက်အချို့ကို မီးရှို့ကာ လေဝင်ပေါက်ထဲသို့ ထိုးထည့်လိုက်သည်။ မီးတောက်များက လေဝင်ပေါက်မှတစ်ဆင့် မီးဖိုထဲသို့ ဝင်ရောက်သွားပြီး ထင်းများကို မီးစွဲသွားစေ၏။
ထူထပ်သော မီးခိုးလုံးကြီးများ လိမ့်ထွက်လာပြီး လူများကို အသက်ရှူကြပ်ကာ ချောင်းဆိုးသွားစေသည်။
"အဟွတ် အဟွတ်... ဒီမီးခိုးတွေက သိပ်များတာပဲ..."
လဲ့ချင်းက နှာခေါင်းကို အုပ်ကာ ပြောလိုက်၏။
"ဒါ ပုံမှန်ပါပဲ... ခဏနေရင် ကောင်းသွားမှာပါ..."
လဲ့ချန်က ရှင်းပြလိုက်သည်။ သူ၏ ယခင်ဘဝက မီးသွေးဖုတ်ခဲ့သည့် မြင်ကွင်းအချို့ကို သူ မှတ်မိနေသေးပြီး ဤထူထပ်သော မီးခိုးများမှာ ရှောင်လွှဲ၍မရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်၏။
နောက်နာရီအနည်းငယ် အကြာတွင် လဲ့ချန်က မြေမီးဖိုဘေးတွင်နေကာ မီးဖိုတွင်းရှိ အပူချိန်ကို ထိန်းချုပ်ရန်အတွက် လေဝင်လေထွက်ပေါက်များ၏ အရွယ်အစားကို အခါအားလျော်စွာ ချိန်ညှိပေးနေခဲ့သည်။
ချီလန်နှင့် လဲ့ချင်းတို့ကလည်း မီးထဲသို့ ထင်းများ ထည့်ပေးကာ ကူညီပေးကြ၏။
ရှောင်ရှောင်က ခြံဝင်းထဲတွင် ဆော့ကစားနေပြီး တစ်ခါတစ်ရံ မြေမီးဖိုဆီသို့ ပြေးသွားကာ စပ်စုချင်သော မျက်နှာဖြင့် အကဲခတ် ကြည့်ရှုနေသည်။
ညနေစောင်းလာသည်နှင့်အမျှ မီးခိုးများ တဖြည်းဖြည်း ကင်းစင်သွားပြီး လေထုထဲတွင် ခပ်သင်းသင်း မီးသွေးနံ့တစ်ခု ပျံ့လွင့်လာ၏။
လဲ့ချန်က ပေါက်ပြားဖြင့် မီးဖိုဝကို ဂရုတစိုက် တူးဖော်ဖွင့်လိုက်ရာ အပူလှိုင်းတစ်ခု တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။
မီးဖိုထဲတွင် တလက်လက် တောက်ပနေသော မည်းနက်သည့် မီးသွေးပုံကြီးက ဆွဲဆောင်မှုရှိသော အရောင်အဝါတစ်ခုကို ထုတ်လွှတ်လျက် တိတ်ဆိတ်စွာ ရှိနေ၏။
"ပြီးသွားပြီ..."
လဲ့ချန်က ပြုံးလိုက်သည်။
လဲ့ချင်းနှင့် ချီလန်တို့လည်း ကြည့်ရှုရန် အနားသို့ လျှောက်လာကြပြီး သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။
သူတို့အံ့အားသင့်သွားရသည်မှာ လဲ့ချန်က မီးသွေးများကို အမှန်တကယ် ဖုတ်နိုင်ခဲ့ပြီး အရည်အသွေး အတော်လေး ကောင်းမွန်ပုံရသောကြောင့်ပင်ဖြစ်သည်။
ရှောင်ရှောင်က ချီလန်၏ ခြေထောက်ကို တင်းကျပ်စွာ ဖက်ထားပြီး သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။
"အဖေ... အဲဒါ ဘာကြီးလဲ..."
မီးဖိုထဲရှိ မီးသွေးများက တောင်ငယ်လေး တစ်လုံးကဲ့သို့ ပုံနေပြီး ၎င်း၏ မျက်နှာပြင်က မည်းနက်ကာ တလက်လက် တောက်ပနေပြီး ဆွဲဆောင်မှုရှိသော အရောင်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။
လဲ့ချန်က မီးသွေးများကို ဂရုတစိုက် ကျောက်ဖြုန်းတူးထုတ်လိုက်ပြီး အအေးခံရန် ဘေးဖယ်ထားလိုက်သည်။
အထွက်နှုန်းက မများပြားလှသော်လည်း အိမ်တွင် သိုလှောင်ထားသော ထင်းများနှင့် ပေါင်းစပ်လိုက်လျှင် မိသားစုတစ်စုလုံး ဆောင်းရာသီကို ကျော်ဖြတ်ရန် လုံလောက်ပြီ ဖြစ်၏။
"အစ်ကို...အရမ်းတော်တယ်..."
လဲ့ချင်းက စိတ်ရင်းမှန်ဖြင့် ချီးကျူးလိုက်ရာ သူမ၏ မျက်လုံးများထဲတွင် အားကျမြတ်နိုးမှုများ ပြည့်နှက်နေသည်။
အရင်က လယ်ထဲဆင်းရုံကလွဲပြီး ဘာမှ မလုပ်တတ်တဲ့ ငါ့အစ်ကိုက အခုတော့ မီးသွေးပါ ဖုတ်တတ်နေပြီ။ အဲဒါကိုတောင် သိပ်ကောင်းကောင်း လုပ်နိုင်သေးတယ်။
လဲ့ချန်က ရယ်မောလိုက်ပြီး ခေါင်းကုတ်လိုက်၏။
“ရွာထဲက တခြားလူတွေ မီးသွေးဖုတ်တာကို အရင်က မြင်ဖူးတော့ နည်းနည်းပါးပါး သင်ယူထားတာပါ..."
ဘေးတွင် ရပ်နေသော ချီလန်ကလည်း ပြုံးလိုက်သည်။
သူမမှာ သံသယအချို့ ရှိနေဆဲ ဖြစ်သော်လည်း လဲ့ချန်က သူမနှင့် သမီးဖြစ်သူအပေါ် မည်မျှ ကောင်းမွန်ကြောင်းကို မြင်သောအခါ တဖြည်းဖြည်း စိတ်သက်သာရာ ရသွား၏။
လဲ့ချန်၏ ကြီးမားသော အပြောင်းအလဲ နောက်ကွယ်ရှိ အကြောင်းရင်းက မည်သို့ပင်ဖြစ်စေ ယခု သူမအပေါ် ကောင်းမွန်စွာ ဆက်ဆံနေသရွေ့ သူမ ဆက်လက် မေးခွန်းထုတ်နေစရာ မလိုတော့ပေ။
ညဘက်သို့ ရောက်သောအခါ မိသားစုက မီးဖိုဘေးတွင် ဝိုင်းထိုင်ကြပြီး ထိုနေရာတွင် လဲ့ချန်ကိုယ်တိုင် ပြုလုပ်ထားသော မီးသွေးများ လောင်ကျွမ်းနေ၏။
ရှောင်ရှောင်က ချီလန်၏ ရင်ခွင်ထဲတွင် ကွေးကွေးလေးနေရင်း သူမ၏ မျက်နှာလေး နီရဲကာ ပြောလိုက်သည်။
"အမေ... သမီး မအေးတော့ဘူး..."
ချီလန်က သမီးဖြစ်သူ၏ ဆံပင်များကို ညင်သာစွာ ပွတ်သပ်ပေးလိုက်၏။
"အင်း... သမီး မအေးတော့ဘူးပေါ့..."
လဲ့ချန်က ကင်ထားသော ယုန်သားကို ရှောင်ရှောင်ထံ ကမ်းပေးလိုက်သည်။
"ရော့... အသားလေးစားဦး..."
ရှောင်ရှောင်က ယုန်သားကို ယူ၍ မြုံ့လိုက်ရာ သူမ၏ ပါးစပ်တွင် ဆီများ ပေကျံနေ၏။
"အစ်ကို... ဒီမီးသွေးမီးက တကယ့်ကို နွေးတာပဲ... ထင်းမီးရှို့တာထက် အများကြီး ပိုကောင်းတယ်..."
လဲ့ချင်းက အာလူးဖုတ်ရင်း ပြောလိုက်သည်။
"သေချာတာပေါ့... မီးသွေးက ပိုပြီး အပြည့်အဝ လောင်ကျွမ်းနိုင်တော့ အပူငွေ့ ပိုထွက်တာလေ..."
လဲ့ချန်က ရှင်းပြလိုက်၏။
သူက လဲ့ချင်းထံမှ ဖုတ်ထားသော အာလူးကို ယူလိုက်ပြီး ကြွပ်ရွနေသော အခွံကို ခွာလိုက်ရာ အတွင်းရှိ ရွှေရောင်အသားများကို မြင်တွေ့လိုက်ရပြီး အငွေ့တထောင်းထောင်း ထနေကာ ဆွဲဆောင်မှုရှိသော မွှေးရနံ့တစ်ခု ပျံ့လွင့်နေသည်။
သူက တစ်ကိုက် အကြီးကြီး ကိုက်လိုက်ရာ နူးညံ့သော အာလူးနှင့် မီးသွေးရနံ့တို့က ပေါင်းစပ်သွားပြီး ထူးခြားသော အရသာတစ်ခုကို ဖန်တီးပေးလိုက်၏။
အခန်း (၄၀) အားကော်ကို ကိုယ်ခံပညာ လေ့ကျင့်ပေးခြင်း
"ဒီအာလူးတွေက တကယ် ကောင်းကောင်းကျက်တာပဲ... ချင်းချင်း... မင်းရဲ့ ဟင်းချက်စွမ်းရည်တွေ တိုးတက်လာပြီ..."
လဲ့ချင်းက မာနတကြီးဖြင့် မေးကိုပင့်လိုက်၏။
"ဒါပေါ့... ဘယ်သူဖုတ်တာလဲ ကြည့်လေ..."
ထို့နောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူမက မေးလိုက်သည်။
“အစ်ကို... မီးသွေးတွေ အများကြီး ဖုတ်ထားတာ အကုန်လုံး ညီမတို့ သုံးလို့ကုန်မှာ မဟုတ်ဘူးမလား..."
လဲ့ချန်က ပြုံးလိုက်ပြီး ပြောလိုက်၏။
"အားကော်ကို နည်းနည်း သွားပေးမလို့..."
"အစ်ကိုအားကော်..."
လဲ့ချင်းက အံ့အားသင့်သွားသည်။
"ဟုတ်တယ်... အားကော်ဆီ သွားပို့ပေးသင့်တာပေါ့..."
"အားကော်က ငါတို့ကို ကိစ္စတွေ အများကြီး ကူညီပေးထားတာ... ကျေးဇူးတင်ဖို့ ကောင်းပါတယ်..."
လဲ့ချန်က ပြောလိုက်၏။
"မကြာခင် ဆောင်းတွင်းရောက်တော့မယ်... သူက တစ်ယောက်တည်းနေရတော့ အေးနေမှာ အသေအချာပဲ..."
"သူလည်း ဒီဆောင်းတွင်းကို နွေးနွေးထွေးထွေး ကျော်ဖြတ်နိုင်အောင်လို့ မီးသွေးနည်းနည်းလောက် သွားပို့ပေးဖို့ အစ်ကို စဉ်းစားနေတာ..."
ချီလန်ကလည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။
"ရှင်ပြောတာ မှန်တယ်... အားကော်ဇီက တစ်ကောင်ကြွက်မို့ သနားစရာ ကောင်းတယ်... ကျွန်မတို့လည်း အဲဒီလောက် အများကြီး မလိုတာ... ပိုပြီး သွားပေးလိုက်ပါ..."
ရှောင်ရှောင်ကလည်း သူမ၏ ကလေးသံလေးဖြင့် ဝင်ပြောလိုက်၏။
"အဖေက အရမ်းကောင်းတယ်.. ရှောင်ရှောင်လည်း ဦးလေးအားကော်ကို သဘောကျတယ်..."
တောင်ပေါ်ရွာလေးပေါ်သို့ ညဉ့်မှောင်ကျလာသည်။ လဲ့ချန်က မီးသွေးများ အပြည့်ပါသော ခြင်းတောင်းကြီးကို ကျောပိုးကာ လဲ့အားကော်၏ အိမ်ဆီသို့ ဦးတည်နေသည့် လမ်းကျဉ်းလေးအတိုင်း လျှောက်သွားလိုက်၏။
အေးစက်သော လေက ဝူးဝူးဝါးဝါး တိုက်ခတ်နေပြီး သစ်ရွက်များကလည်း တရှဲရှဲ မြည်တွန်နေသည်။ လဲ့ချန်က အဝတ်အစားများကို တင်းကျပ်စွာ ပတ်လိုက်ပြီး ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်သွားလိုက်၏။
လဲ့အားကော်က ခေါင်မိုးတွင် အပေါက်များစွာ ရှိနေပြီး အေးစက်သော လေများ တဖြူးဖြူး ဝင်နေသည့် ယိုယွင်းနေသော သက်ကယ်မိုး တဲအိမ်လေးတစ်လုံးတွင် နေထိုင်သည်။
လဲ့ချန် ရောက်သွားသောအခါ လဲ့အားကော်က အခန်းထောင့်တွင် ကွေးကွေးလေးထိုင်ကာ တုန်ယင်နေ၏။
"အားကော်..."
လဲ့ချန်က လှမ်းခေါ်လိုက်သည်။
လဲ့အားကော်က ခေါင်းမော့ကြည့်လိုက်ရာ လဲ့ချန် ဖြစ်နေသည်ကို မြင်သောအခါ သူ၏ မျက်နှာပေါ်တွင် ရိုးရိုးအအ အပြုံးတစ်ခု ပေါ်လာ၏။
"အစ်ကိုချန်... ဘယ်လေနှင်လို့ ရောက်လာရတာလဲ..."
"ငါ မင်းကို မီးသွေးနည်းနည်း လာပေးတာ..."
လဲ့ချန်က ကျောပေါ်မှ ခြင်းတောင်းကို ချလိုက်သည်။
"အေးလာပြီ... အအေးမမိစေနဲ့..."
လဲ့အားကော်က တလက်လက် တောက်ပနေသော မည်းနက်သည့် မီးသွေးများ အပြည့်ပါသော ခြင်းတောင်းကို မျက်လုံးပြူး၍ ကြည့်လိုက်၏။
"ဒါက... ဒါက အရမ်းများတယ်... ကျွန်တော် ဒီလောက် အများကြီး သုံးလို့ကုန်မှာ မဟုတ်ဘူး..."
"ရပါတယ်... သုံးသာ သုံးပါ..."
လဲ့ချန်က သူ့ပခုံးကို ပုတ်လိုက်သည်။
"ထပ်လိုရင် ငါ့ကို လာရှာပေါ့..."
"အဲဒါက... အဲဒါက အရမ်းများတာကို..."
လဲ့အားကော်မှာ အားနာနေသေး၏။
"ကဲပါ... အချိန်မဆွဲနဲ့တော့..."
လဲ့ချန်က လက်ဝှေ့ယမ်းလိုက်သည်။
"အေးခဲနေတာပဲ... မြန်မြန် မီးဖိုပြီး နွေးအောင် နေတော့... မင်းအခန်း တစ်နေကုန် နွေးနေစေမယ့် နည်းလမ်းတစ်ခုကို ငါ သင်ပေးမယ်..."
လဲ့ချန်က ပြောပြောဆိုဆိုနှင့်ပင် လဲ့အားကော်၏ အိမ်ထဲရှိ မီးလင်းဖိုကို ကူညီရှင်းလင်းပေးလိုက်၏။
သူက အရင်ဆုံး မီးလင်းဖိုထဲမှ ပြာများကို ရှင်းထုတ်လိုက်ပြီး ကျောက်ခဲများဖြင့် ရိုးရှင်းသော မီးဖိုတစ်ခုကို တည်ဆောက်ကာ မီးသွေးများကို ထည့်လိုက်ပြီး မြက်ခြောက်အချို့ကို မီးရှို့၍ မီးမွှေးလိုက်သည်။
"ကြည့်ထား... ဒီလိုမျိုး မီးသွေးဖိုတာက မီးသွေးလည်း သက်သာသလို နွေးလည်း နွေးတယ်..."
လဲ့ချန်က လက်တွေ့ ပြသရင်း ရှင်းပြလိုက်၏။
"မီးကို အရမ်းမကြီးစေနဲ့... ပုံမှန်လေးပဲထား... ညဘက် အိပ်ခါနီးရင် မီးလင်းဖိုကို မြေကြီးနည်းနည်းနဲ့ ဖုံးထားလိုက်... တစ်ညလုံး နွေးနေစေလိမ့်မယ်..."
လဲ့အားကော်က အာရုံစိုက်ကာ ကြည့်နေပြီး ခေါင်းကို အဆက်မပြတ် ညိတ်လိုက်သည်။
သူက အရင်က ထင်းများကိုသာ မီးရှို့ခဲ့သဖြင့် မီးခိုးများ အများကြီး ထွက်သော်လည်း အိမ်က သိပ်မနွေးခဲ့ချေ။
ယခု လဲ့ချန်၏ မီးသွေးဖိုသည့် နည်းလမ်းကို မြင်သောအခါ ဤမျှလောက် ကောင်းမွန်သော နည်းလမ်းများ ရှိကြောင်းကို သူ သိသွားတော့၏။
"အစ်ကိုချန်... အစ်ကိုက ဘာလို့ အကုန်လုံးကို လုပ်တတ်နေရတာလဲ..."
လဲ့အားကော်က လဲ့ချန်ကို အားကျမြတ်နိုးသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
လဲ့ချန်က ပြုံး၍ သူ့ပခုံးကို ပုတ်လိုက်၏။
“ဒါက သိပ်ခက်ခဲတာ မဟုတ်ပါဘူး... များများ လေ့လာပြီး အကဲခတ်ရင် တတ်လာမှာပါ... နောက်မှ မီးသွေးဖုတ်တဲ့ နည်းလမ်းကိုပါ မင်းကို ငါ သင်ပေးမယ်... ဒါဆို မင်းဘာသာ မင်း လုပ်နိုင်သွားလိမ့်မယ်..."
"တကယ်လား... အစ်ကိုချန်... အစ်ကိုက အရမ်းသဘောကောင်းတာပဲ..."
လဲ့အားကော်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် လေထဲသို့ပင် ခုန်တက်မိမတတ် ဖြစ်သွား၏။
"ကဲပါ... အရမ်းစိတ်မလှုပ်ရှားနဲ့ဦး..."
လဲ့ချန်က ပြုံးစစ မျက်နှာထား ပျောက်ကွယ်သွားပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
“မင်းကို ဒီဆောင်းတွင်းမှာ နွေးနွေးထွေးထွေး နေနိုင်အောင် မီးသွေးဖုတ်တဲ့ နည်းလမ်းကို သင်ပေးတာ... ဒါပေမဲ့ ငါ မင်းကို သင်ပေးဖို့ ပိုပြီး အရေးကြီးတဲ့ကိစ္စတစ်ခု ရှိသေးတယ်..."
လဲ့အားကော်က အံ့အားသင့်သွား၏။
"ဘာကိစ္စလဲ အစ်ကိုချန်..."
လဲ့ချန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ပြောလိုက်သည်။
"ငါ မင်းကို ကိုယ်ခံပညာ သင်ပေးဖို့ စီစဉ်ထားတယ်..."
ထိုစကားကို ကြားသောအခါ လဲ့အားကော်၏ မျက်လုံးများက ချက်ချင်း တောက်ပသွား၏။
"ကိုယ်ခံပညာ လေ့ကျင့်မယ်ဟုတ်လား... အစ်ကို့လိုမျိုးလား... အစ်ကိုက မုဆိုးကျော်ကြီးလေ..."
"အင်း..."
လဲ့ချန်က ခေါင်းညိတ်လိုက်သည်။
"နောင်ကျရင် မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်လာအောင်နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင်လို့ အခြေခံကိုယ်ခံပညာ သိုင်းကွက်တချို့ကို ငါ သင်ပေးမယ်..."
"အစ်ကိုချန်... ကျွန်တော်... ကျွန်တော်ကော လုပ်နိုင်ပါ့မလား..."
လဲ့အားကော်က တွေဝေစွာ မေးလိုက်သည်။ သူက သိပ်ဉာဏ်မကောင်းကြောင်း သူ့ကိုယ်သူ သိထား၏။
ငယ်စဉ်ကလည်း သူ အနိုင်ကျင့်ခံခဲ့ရဖူးသည်။
သူက ခန္ဓာကိုယ်က ထွားကျိုင်းသော်လည်း ရွာထဲရှိ ကလေးများ၏ အလိမ်အညာများကို အမြဲခံခဲ့ရ၏။
ကိုယ်ခံပညာ လေ့ကျင့်ခြင်းဆိုသည်မှာ သူ့အတွက် လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခုကဲ့သို့ပင်။
"လုပ်နိုင်၊ မလုပ်နိုင်ဆိုတာ လေ့ကျင့်ကြည့်မှ သိမှာပေါ့..."
လဲ့ချန်က သူ့ကို နှစ်သိမ့်လိုက်သည်။
"ငါ သေချာသင်ပေးပါ့မယ်... ဒါပေမဲ့ မင်းကလည်း ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိဖို့ ပြင်ဆင်ထားရမယ်... ကိုယ်ခံပညာ လေ့ကျင့်တာက ကလေးကစားစရာ မဟုတ်ဘူး... ငါက သိပ်တင်းကျပ်မှာနော်... မင်း ခံနိုင်ရည် ရှိပါ့မလား..."
လဲ့အားကော်က သူ၏ ရင်ဘတ်ကို ကော့လိုက်ပြီး ခပ်ပြင်းပြင်း ပုတ်လိုက်၏။
"အစ်ကိုချန်... အစ်ကိုက ကျွန်တော့်ကောင်းကျိုးအတွက် ခုလို လုပ်ပေးနေတယ်ဆိုတာကို ကျွန်တော် သိပါတယ်... ဘယ်လောက်ပဲ ခက်ခဲပြီး ပင်ပန်းပါစေ ကျွန်တော် တောင့်ခံနိုင်ပါတယ်..."
လဲ့ချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... မနက်ဖြန်ကစပြီး မနက်တိုင်း ငါ့အိမ်ကိုလာခဲ့... ငါ မင်းကို ကိုယ်ခံပညာ သင်ပေးမယ်..."
လဲ့အားကော်က သူ၏ ရင်ဘတ်ကို စိတ်လှုပ်ရှားစွာဖြင့် ပုတ်လိုက်၏။
"အစ်ကိုချန်... အချိန်မီ သေချာပေါက် ရောက်လာခဲ့ပါ့မယ်..."
...
နောက်တစ်နေ့ နံနက် မိုးမလင်းမီမှာပင် လဲ့အားကော်တစ်ယောက် လဲ့ချန်၏ အိမ်ပေါက်ဝသို့ ရောက်ရှိနေပြီဖြစ်၏။
လဲ့အားကော်က အေးခဲနေသဖြင့် နီရဲနေသော သူ၏ လက်များကို ပွတ်သပ်လိုက်ပြီး ဖြူဖွေးသော လေငွေ့များကို မှုတ်ထုတ်လိုက်သည်။
သူ့အရှေ့မှ နိမ့်ကျသော နွားတင်းကုပ်လေးသည် လဲ့ချန်အစ်ကို၏ အိမ်ပင်။
သူ စောစော ရောက်လာခဲ့ခြင်းဖြစ်ပြီး အမှောင်ကျနေဆဲဖြစ်ကာ နွားတင်းကုပ်လေးက တိတ်ဆိတ်ငြိမ်သက်နေ၏။
သူက သူ့ကိုယ်သူ စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး စောလွန်းစွာ ရောက်လာခဲ့ခြင်းအတွက် စိတ်ဆိုးကာ လဲ့ချန်အစ်ကို မိသားစု၏ အနားယူချိန်ကို အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်နေမိသည်။
လူအ လဲ့အားကော်မှာ ကိုယ်ခံပညာ လေ့ကျင့်ရန် အခွင့်အရေးကို လက်လွတ်သွားမည်ကို စိုးရိမ်သဖြင့် တံခါးလည်း မခေါက်ရဲ၊ ပြန်လည်း မပြန်ရဲဘဲ တံခါးစောင့် နတ်မင်းကြီး တစ်ပါးကဲ့သို့ တံခါးဝတွင် မတ်တတ်ရပ်နေ၏။
အေးစက်သော လေက သူ၏ မျက်နှာကို ဓားဖြင့် မွှန်းသကဲ့သို့ တိုက်ခတ်နေပြီး နှာခေါင်းပင် ပြုတ်ကျမတတ် အေးခဲနေသည်။
သူက နွေးထွေးလာစေရန် ခြေဆောင့်လိုက်သော်လည်း သူ၏ ခြေထောက်များလည်း အေးခဲပြီး ထုံကျင်နေပြီဖြစ်ကြောင်း သိလိုက်ရ၏။
အချိန်များ ကုန်ဆုံးသွားပြီး ကောင်းကင်က တဖြည်းဖြည်း လင်းထိန်လာသည်။
နောက်ဆုံးတွင်တော့ နွားတင်းကုပ်၏ တံခါးက ကျွီခနဲ ပွင့်လာ၏။
ကျစ်ဆံမြီးလေးနှင့် ခေါင်းသေးသေးလေး တစ်ခု ပြူထွက်လာသည်။
လဲ့ချင်းပင်။
"အစ်ကိုအားကော်... ဘာလို့ ဒီလောက် စောစော ရောက်နေတာလဲ... မျက်နှာကြီးလည်း အေးခဲနေပြီ..."
လဲ့ချင်းက အံ့ဩတကြီး အော်ဟစ်လိုက်၏။
လဲ့အားကော်က ဝါကြန့်ကြန့် သွားများကို ပေါ်လာသည်အထိ သွားဖြီးပြလိုက်သည်။
"ဟီးဟီး… အစ်ကို နောက်ကျမှ ရောက်လာရင် အစ်ကိုချန်ရဲ့ ကိုယ်ခံပညာ လေ့ကျင့်တာကို အနှောင့်အယှက် ဖြစ်သွားမှာ စိုးလို့ပါ..."
လဲ့ချင်းက သူ့ကို အိမ်ထဲသို့ အလျင်အမြန် ဆွဲခေါ်သွား၏။
"အိမ်ထဲဝင်ပြီး မီးဖိုမှာ လာနွေးလိုက်... အပြင်မှာ အေးခဲနေတာကို..."
နွားတင်းကုပ်လေးက ရိုးရှင်းသော်လည်း အံ့ဩစရာကောင်းလောက်အောင် နွေးထွေးနေသည်။
မီးသွေးဖိုတစ်ခုက တဟုန်းဟုန်း လောင်ကျွမ်းနေပြီး နွေးထွေးသော အလင်းရောင်ကို ထုတ်လွှတ်နေ၏။
လဲ့ချန်က အပူပေး ကန်ခုတင်ပေါ်တွင်ထိုင်ကာ ရှောင်ရှောင်ကို ပုံပြင်ပြောပြနေပြီး ချီလန်က သူ၏ ဘေးတွင် ညင်သာသော အပြုံးတစ်ခုဖြင့် ထိုင်နေသည်။
လဲ့အားကော် ဝင်လာသည်ကို မြင်သောအခါ ချီလန်က ကမန်းကတန်း ထရပ်လိုက်ပြီး သစ်သားထွန်ခြစ်တစ်ခုကို ယူကာ လဲ့အားကော်ကို မီးသွေးဖိုဆီသို့ ဆွဲခေါ်သွား၏။
"အားကော်... လာ... မီးလာလှုံ... ဒီလောက် အေးခဲနေတဲ့ ရာသီဥတုမှာ အပြင်ဘက်မှာ ဘာလို့ အကြာကြီး မတ်တတ်ရပ်နေရတာလဲ..."
လဲ့ချန်ကလည်း ပုံပြင်ပြောခြင်းကို ရပ်လိုက်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။
"အားကော်... နောက်နောင်ဆိုရင် မင်း တန်းဝင်လာလို့ ရတယ်... အပြင်ဘက်မှာ စောင့်နေဖို့ မလိုဘူး..."
လဲ့အားကော်က အနေရခက်စွာဖြင့် ခေါင်းကုတ်လိုက်၏။
"ဟီးဟီး... အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ..."
လဲ့အားကော်ကိုကြည့်ရင်း လဲ့ချင်း၏ ရင်ထဲတွင် နွေးထွေးသွားပြီး သူမက တွေးလိုက်သည်။
အစ်ကိုအားကော်က သိပ်သဘောကောင်းတာပဲ။ နောင်ကျရင် အစ်ကိုအားကော်ကို ငါ ကောင်းကောင်း ဆက်ဆံရမယ်။
ရှောင်ရှောင်လေးက လဲ့ချန်၏ ရင်ခွင်ထဲမှ ပြူထွက်လာပြီး သူမ၏ ကလေးသံလေးဖြင့် ပြောလိုက်၏။
"ဦးလေးအားကော်... သမီး မျက်နှာကို သုတ်ပေးမယ်..."
လက်သေးသေးလေးက ညစ်ပတ်နေသော လက်ကိုင်ပုဝါတစ်ထည်ကို ကိုင်ထားပြီး လဲ့အားကော်၏ မျက်နှာကို လှမ်းသုတ်ပေးနေသည်။
လဲ့အားကော်မှာ အံ့အားသင့်သွား၏။ ရှောင်ရှောင်၏ နူးညံ့သော မျက်နှာလေးနှင့် အပြစ်ကင်းစင်သော အပြုံးလေးကို ကြည့်ရင်း သူ၏ ရင်ထဲတွင် အလွန် ဝမ်းသာကြည်နူးသွားသည်။
သူက ရှောင်ရှောင်၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး လက်ကိုင်ပုဝါကို ယူကာ သူ၏ မျက်နှာကို ဖြစ်သလို နှစ်ချက်၊ သုံးချက်လောက် သုတ်လိုက်တော့သည်။