← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁) ဆေးဖက်ဝင်အပင်များကို အခြောက်လှန်းခြင်းနှင့် ၎င်းတို့၏ အသွင်အပြင် ကောင်းမွန်လာခြင်း

ခဏမျှ ရှင်းလင်းသိမ်းဆည်းပြီးနောက် လဲ့ချန်က ချီလန်နှင့် ရှောင်ရှောင်တို့အား ပြောလိုက်သည်။

“အားကော်ကို ဒီနေရာ ခေါ်လာတာက သူ့ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် သိုင်းကွက်အချို့ သင်ပေးမလို့..."

ချီလန်နှင့် လဲ့ချင်းတို့ နှစ်ယောက်စလုံးက သဘောတူကြ၏။

ချီလန်က ပြောလိုက်သည်။

"အားကော်က ရိုးသားတဲ့ ကလေးပါ... နောင်ကျရင် အနိုင်ကျင့် မခံရအောင် သူ ကိုယ်ခံပညာ သင်ထားတာ ကောင်းပါတယ်..."

လဲ့ချင်းကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။

"ဟုတ်တယ်... အစ်ကိုအားကော်က ခွန်အားကြီးတာဆိုတော့ ကိုယ်ခံပညာ သင်ပြီးသွားရင် သေချာပေါက် အံ့ဩစရာ ကောင်းလာမှာပဲ..."

လဲ့ချန်က လဲ့အားကော်ကို နွားတင်းကုပ်အပြင်ဘက်ရှိ ရှင်းလင်းနေသော နေရာတစ်ခုသို့ ခေါ်သွားလိုက်သည်။

အေးစက်သော ဆောင်းရာသီ နံနက်ခင်းတွင် လေက ဝူးဝူးဝါးဝါး တိုက်ခတ်နေပြီး မျက်နှာကို စူးရှနာကျင်စေ၏။

လဲ့ချန်က သူ၏ ထူထဲသော ဝါဂွမ်းအင်္ကျီကြီးကို ချွတ်လိုက်ရာ အတွင်း၌ အရောင်လွင့်နေသော အင်္ကျီပါးတစ်ထည်သာ ကျန်ရစ်တော့သည်။

အေးစိမ့်လှသော လေက ဖြတ်တိုက်သွားပြီး သူ၏ ပါးလွှာသော အဝတ်အစားများက အချိန်မရွေး စုတ်ပြဲသွားတော့မည့်အလား ဖြစ်နေသော်လည်း သူက လေနှင့် နှင်းများကို မကြောက်ရွံ့သော ထင်းရှူးပင်ကြီး တစ်ပင်ကဲ့သို့ မတ်မတ် ရပ်နေ၏။

"အားကော်... သေချာ ကြည့်ထား..."

လဲ့ချန်က နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။

သူ၏ ယခင်ဘဝမှ လေ့ကျင့်ရေးနှင့် တိုက်ခိုက်ရေး မြင်ကွင်းများက သူ၏ စိတ်ထဲတွင် တစ်မုဟုတ်ချင်း ဖြတ်ပြေးသွား၏။

သူ၏ အစပြုဟန်က ရိုးရှင်းပြီး အနည်းငယ် ပေါ့ပျက်ပျက် နိုင်ပုံရသော်လည်း လှုပ်ရှားမှုများ စတင်လာသည်နှင့် ဖော်ပြ၍မရနိုင်သော စွမ်းအားလှိုင်းတစ်ခုက သူ၏ထံမှ ထွက်ပေါ်လာသည်။

ဤသည်က စစ်သားများ၏ ဘုရင်ပင်။

ဝိညာဉ်ထဲတွင် စွဲမြဲနေသော ကြွက်သားမှတ်ဉာဏ်များက ယခုလက်ရှိ စံမမီသေးသော ခန္ဓာကိုယ်ဖြင့်ပင် ဤမျှလောက် ပြင်းထန်သော လက်သီးချက်ကို ထုတ်လွှတ်နိုင်စေ၏။

ထိုချက်ချင်းဆိုသလိုပင် သူက လျှပ်စီးကဲ့သို့ လှုပ်ရှားသွားပြီး လေကဲ့သို့ လျင်မြန်ကာ သူ၏ လက်သီးချက်များနှင့် ခြေကန်ချက်များက ရက်စက်ကြမ်းကြုတ်ပြီး အားပါလှသည်။

တရွှီရွှီ အသံများနှင့်အတူ ၎င်းက လေထုကို ခွဲထွက်သွားပြီး အရိပ်များ ကျန်ရစ်နေစေ၏။

နွားတင်းကုပ်ထဲတွင် ချီလန်နှင့် လဲ့ချင်းတို့က တံခါးအက်ကွဲကြောင်းမှတစ်ဆင့် မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေကြသည်။

ချီလန်က မနေနိုင်တော့ဘဲ သူမ၏ ပါးစပ်ကို အုပ်လိုက်မိပြီး သူမ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေ၏။ သူမက လဲ့ချန် ဤမျှလောက် ကြမ်းကြုတ်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူက လုံးဝ မတူညီသော လူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။

မည်သည့် ရုပ်ပြစာအုပ်များတွင်မျှ ထိုသိုင်းကွက်များကို သူမ မမြင်ဖူးခဲ့ပေ။

လဲ့ချင်း၏ မျက်လုံးများက တလက်လက် တောက်ပသွားပြီး မျက်နှာလေး နီရဲကာ ချီလန်၏ လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်၏။

“ယောင်းမ.. အစ်ကိုက အရမ်းတော်တာပဲ..."

ရှောင်ရှောင်က အပူပေး ကန်ခုတင်ပေါ်မှ ဆင်းလာပြီး တံခါးဆီသို့ ယိမ်းယိုင်ယိမ်းယိုင် လျှောက်သွားကာ တံခါးဘောင်ကို ကိုင်၍ သူမ၏ ကလေးသံလေးဖြင့် အော်ဟစ်လိုက်သည်။

"အဖေက သိပ်တော်တာပဲ... အဖေ အားတင်းထား..."

လဲ့ချန်၏ လှုပ်ရှားမှုတိုင်းက ခွန်အားနှင့် ကျွမ်းကျင်မှုများ ပြည့်နှက်နေပြီး အထွတ်အထိပ် ကျွမ်းကျင်မှုအဆင့်တစ်ခုသို့ ရောက်ရှိနေ၏။

လဲ့အားကော်မှာ သူမြင်လိုက်ရသောအရာကြောင့် မျက်စိသူငယ် နားသူငယ် ဖြစ်သွားသည်။ လဲ့ချန်အစ်ကို၏ ကိုယ်ခံပညာက သူ မျှော်လင့်ထားသည်ထက် များစွာ ပိုမိုနက်နဲပြီး ခန့်မှန်းရ ခက်ခဲလှ၏။

"သေချာမြင်လိုက်ရဲ့လား..."

လဲ့ချန်က သူ၏ တိုက်ခိုက်မှုကို ရပ်တန့်၍ မတ်မတ် ရပ်လိုက်ကာ သူ၏ လေသံက တည်ငြိမ်မှုဆီသို့ ပြန်လည် ရောက်ရှိသွားသည်။

လဲ့အားကော်က ကြက်သေသေဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းခါလိုက်၏။

"အစ်ကိုချန်က... အရမ်းမြန်လွန်းတယ်... ကျွန်တော် အရိပ်ပဲ မြင်လိုက်ရတယ်..."

လဲ့ချန်က ပြုံး၍ ပြောလိုက်သည်။

“ဖြည်းဖြည်း လုပ်ပါ... မင်းကို အခြေခံအကျဆုံး ကိုယ်နေဟန်ထား လေ့ကျင့်မှု အရင်သင်ပေးမယ်..."

ထို့ကြောင့် လဲ့ချန်က လဲ့အားကော်ကို တစ်ကွက်ချင်းစီ စတင်သင်ပေးတော့၏။ လဲ့အားကော်က ကိုးရိုးကားရား နိုင်သော်လည်း သင်ယူလေ့ကျင့်ရန် ဆန္ဒရှိသည်။

သူက အကြိမ်ကြိမ်အခါခါ လေ့ကျင့်နေပြီး သူ၏ အဝတ်အစားများက ချွေးများဖြင့် စိုရွှဲနေသော်လည်း သုတ်ဖယ်ရန် ဂရုမစိုက်နိုင်ခဲ့ချေ။

လဲ့ချန်က ဘေးမှနေ၍ လမ်းညွှန်မှုပေးကာ လဲ့အားကော်၏ လှုပ်ရှားမှုများကို အခါအားလျော်စွာ ပြုပြင်ပေးနေ၏။

"အားကော်... မင်းရဲ့ ကိုယ်နေဟန်ထားက မှားနေတယ်... ဆွဲငင်အား ဗဟိုချက်ကို တည်ငြိမ်အောင်ထားပြီး အားပါပါနဲ့ လက်သီး ထိုးရမယ်..."

"အားကော်... မင်းက နှေးလွန်းတယ်... ပိုမြန်ဖို့၊ ပိုရက်စက်ဖို့နဲ့ ပိုတိကျဖို့ လိုတယ်..."

"အားကော်... မင်းရဲ့ အသက်ရှူပုံ မှားနေတယ်... အသက်ပြင်းပြင်းရှူပြီး မင်းရဲ့ အသက်ရှူနှုန်းကို ချိန်ညှိဖို့ လိုတယ်..."

လဲ့အားကော်မှာ ချွေးများဖြင့် ရွှဲနှစ်သွားသည်အထိ အဆူခံရသော်လည်း ညည်းညူသံတစ်ခွန်းမျှ မထွက်ရဲချေ။

လဲ့ချန်က သူ၏ ကောင်းကျိုးအတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သူ သိထားသဖြင့် အံကြိတ်ကာ တောင့်ခံထားပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်၍ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်အထိ အကြိမ်ကြိမ်အခါခါ လေ့ကျင့်နေခဲ့၏။

"အစ်ကိုချန်... ကျွန်တော် ဆက်မလုပ်နိုင်တော့ဘူး... သေမတတ် ပင်ပန်းနေပြီ..."

လဲ့အားကော်က အမောတကော အသက်ရှူနေပြီး သူ၏ ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ပြုတ်ထွက်တော့မည့်အလား ခံစားနေရသည်။

လဲ့ချန်က ရေဘူးတစ်ဘူး ကမ်းပေးလိုက်၏။

"ရေနည်းနည်းသောက်ပြီး နားလိုက်ဦး..."

လဲ့အားကော်က ရေဘူးကို ယူ၍ ဂလုခနဲ အကြိမ်အနည်းငယ် မျိုချလိုက်ပြီးမှ အနည်းငယ် သက်သာသွားတော့သည်။

နေမင်းက ခေါင်းပေါ်သို့ တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ အအေးဓာတ်က အတော်လေး လွင့်စင်သွား၏။

ချွေးများဖြင့် ရွှဲနှစ်နေပြီး လှုပ်ရှားမှုများ ပို၍ပို၍ ပုံပျက်လာသော လဲ့အားကော်ကို ကြည့်ရင်း လဲ့ချန်က သူ၏ ပခုံးကို ပုတ်လိုက်သည်။

"ကောင်းပြီ အားကော်... ခဏနားလိုက်... မင်းရဲ့ ကျန်းမာရေးကို မထိခိုက်စေနဲ့..."

လဲ့အားကော်က အနေရခက်စွာ သွားဖြီးပြလိုက်ပြီး သူ၏ မျက်နှာပေါ်မှ ချွေးများကို သုတ်ကာ ခေါင်းမာစွာဖြင့် ပြောလိုက်၏။

"အစ်ကိုချန်... ကျွန်တော် မပင်ပန်းပါဘူး... ဆက်လေ့ကျင့်နိုင်ပါသေးတယ်..."

လဲ့ချန်က သူ့ကို အပြစ်မတင်တော့ဘဲ စိတ်ထဲမှ တိတ်တဆိတ် ရယ်မောလိုက်သည်။

*ကောင်လေးက အရမ်းခေါင်းမာတာပဲ... တောင်ပေါ်ရောက်သွားရင် သူ ဘယ်လောက် ခံနိုင်ရည်ရှိမလဲဆိုတာ ကြည့်ရသေးတာပေါ့*

သူက နွားတင်းကုပ်ဆီသို့ လှည့်သွားပြီး ချီလန်ကို လုပ်စရာရှိသည်များကို မှာကြားကာ ဆေးဖက်ဝင်အပင်များ ခူးဆွတ်ရန် တောင်ပေါ်သို့တက်ရန် သူ၏ ခြင်းတောင်းနှင့် ပေါက်ပြားကို ကောက်ယူလိုက်၏။

"အစ်ကိုချန်... ကျွန်တော့်ကို စောင့်ပါဦး..."

လဲ့ချန်ထွက်သွားတော့မည်ကို မြင်သောအခါ လဲ့အားကော်က ကမန်းကတန်း လိုက်သွားသည်။

သူ၏ အတင်းအကြပ် တောင်းဆိုမှုကို မြင်သောအခါ လဲ့ချန်က အများကြီး မပြောတော့ဘဲ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ရုံသာ ပြုံးလိုက်၏။

ဆောင်းလယ်ကာလ၏ တောင်ပေါ်လမ်းများက သွားလာရန် ခက်ခဲပြီး နှင်းများ ဖုံးလွှမ်းနေသဖြင့် မည်သည့်နေရာကိုမဆို လျှောက်သွားရန် ခက်ခဲလှသည်။

လဲ့ချန်က ကြမ်းတမ်းသော တောင်ပေါ်လမ်းတစ်လျှောက် ယုံကြည်နိုင်စရာ မရှိလောက်အောင် လျင်မြန်ပေါ့ပါးစွာဖြင့် လျှောက်သွား၏။

၎င်းနှင့် ဆန့်ကျင်ဘက်တွင် လဲ့အားကော်မှာ အချိန်တိုအတွင်း လျှောက်ပြီးသည်နှင့် အမောတကော အသက်ရှူလာရပြီး သူ၏ ခြေလှမ်းများက ပို၍ပို၍ လေးလံလာသည်။

အစပိုင်းတွင် လဲ့အားကော်က တိတ်တဆိတ်နေရန် ကြိုးစားခဲ့သော်လည်း လျှောက်သွားရင်းနှင့် သူ၏ ခြေထောက်များ နာကျင်လာပြီး တစ်ကိုယ်လုံးရှိ ကြွက်သားများ ကိုက်ခဲလာ၏။

နောက်ဆုံးတွင် သူ မအောင့်ထားနိုင်တော့ဘဲ လဲ့ချန်ကို ငိုမဲ့မဲ့ မျက်နှာဖြင့် ပြောလိုက်သည်။

"အစ်ကိုချန်... ကျွန်တော့်... ကျွန်တော့် ခြေထောက်တွေ သိပ်နာနေပြီ... တစ်ကိုယ်လုံးလည်း ကိုက်ခဲနေတာပဲ... ကျွန်တော် သေတော့မှာလား..."

ထိုစကားကို ကြားသောအခါ လဲ့ချန်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရ၏။

ဤကောင်လေးက တကယ့်ကို ဉာဏ်မကောင်းချေ။ ဤမျှလောက် လေ့ကျင့်ခန်းလုပ်ရုံလေးဖြင့် သူ သေတော့မည်ဟု ထင်နေသည်။

သူက ရပ်တန့်၍ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။

"အားကော်... မင်းရဲ့ ကြွက်သားတွေ နာကျင်နေတာ ပုံမှန်ပါပဲ... ခဏနားလိုက်ရင် ကောင်းသွားမှာပါ..."

"ပထမဆုံးအကြိမ် လေ့ကျင့်ရင် အမြဲတမ်း ဒီလိုပါပဲ... ရက်အနည်းငယ်နေရင် ကောင်းသွားလိမ့်မယ်..."

လဲ့အားကော်က နောက်ဆုံးတော့မှ သက်ပြင်းချနိုင်သွားပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲ ထိုင်ချကာ အမောတကော အသက်ရှူလိုက်သည်။

လဲ့ချန်က သူ့ကို ရေဘူး ကမ်းပေးလိုက်၏။

"ရေသောက်လိုက်ဦး..."

လဲ့အားကော်က ရေဘူးကို ယူ၍ ဂလုခနဲ အကြိမ်အနည်းငယ် မျိုချလိုက်ပြီးမှ အနည်းငယ် သက်သာသွားတော့သည်။

သူက လဲ့ချန်ကိုကြည့်ကာ အနည်းငယ် အနေရခက်စွာဖြင့် ပြောလိုက်၏။

"အစ်ကိုချန်... ကျွန်တော်က သိပ်အသုံးမကျတာလား..."

လဲ့ချန်က သူ၏ ပခုံးကို ပုတ်၍ ပြောလိုက်သည်။

"လူတိုင်းမှာ ကိုယ်ပိုင်အားသာချက်နဲ့ အားနည်းချက်တွေ ရှိကြတာပဲလေ... မင်းက ခွန်အားကြီးပြီး အလုပ်ကြိုးစားချင်စိတ်ရှိတယ်... အဲဒါ မင်းရဲ့ အားသာချက်တွေပဲ..."

"ကိုယ်ခံပညာ လေ့ကျင့်တာက ညတွင်းချင်း အောင်မြင်နိုင်တဲ့ ကိစ္စမျိုး မဟုတ်ဘူး... ဇွဲရှိဖို့လိုတယ်... ဖြည်းဖြည်းချင်းလုပ်ပါ... စိတ်ဓာတ်မကျနဲ့..."

လဲ့အားကော်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်၏။

လဲ့ချန် တောင်ပေါ်သို့ ဆက်လျှောက်သွားသည်ကို ကြည့်ရင်း သူ အနည်းငယ် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။

"အစ်ကိုချန်... အစ်ကို ခဏလောက် နားသင့်တယ်... ကျွန်တော့်ဘာသာနေလို့ ရပါတယ်..."

လဲ့ချန်က လက်ဝှေ့ယမ်းလိုက်၏။

“ရပါတယ်... ငါ မပင်ပန်းသေးပါဘူး... မင်းသာ နားလိုက်ပါ..."

ထွက်သွားသော လဲ့ချန်၏ ပုံရိပ်ကို ကြည့်ရင်း လဲ့အားကော်၏ ရင်ထဲတွင် လှိုက်ဖိုသွားသည်။

အစ်ကိုလဲ့ချန်က သူ့အပေါ် တကယ် ကောင်းပါသည်။ ကိုယ်ခံပညာ သင်ပေးရုံသာမက သူ့အတွက် နည်းလမ်းပေါင်းစုံဖြင့် စဉ်းစားပေးသေး၏။

အစ်ကိုချန် စိတ်မပျက်စေရန်အတွက် သူ၏ စွမ်းရည်များကို ကြိုးစား လေ့ကျင့်မည်ဟု သူ စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

လဲ့ချန်က တောင်ပေါ်တွင် ဆေးထက်ဝင်အပင် အချို့ကို ခူးဆွတ်ခဲ့ပြီး နေဝင်သွားပြီ ဖြစ်သဖြင့် တောင်အောက်သို့ ဆင်းလာခဲ့၏။

"အားကော်... သွားကြမယ်... ငါ့အိမ်မှာ ထမင်းလာစား..."

လဲ့ချန်က မြေပြင်ပေါ်တွင် ထိုင်နေဆဲဖြစ်သော လဲ့အားကော်ကို လှမ်းခေါ်လိုက်သည်။

လဲ့အားကော်က အလျင်အမြန် ထရပ်လိုက်ပြီး လဲ့ချန်၏ နောက်မှ လိုက်သွား၏။

လဲ့ချန်၏ အိမ်သို့ ရောက်သောအခါ ချီလန်က ထမင်းဟင်းများ ပြင်ဆင်ထားပြီး ဖြစ်သည်။

အငွေ့တထောင်းထောင်း ထနေသော ဟင်းရနံ့များက ပျံ့လွင့်လာသဖြင့် လဲ့အားကော်၏ ဗိုက်ထဲမှ အသံများ မြည်လာတော့၏။

"အားကော် ရောက်လာပြီလား... ထိုင်ပြီး စားလေ..."

ချီလန်က နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

လဲ့အားကော်က အနည်းငယ် အနေရခက်စွာဖြင့် ထိုင်လိုက်ပြီး စားပွဲပေါ်ရှိ အစားအစာများကို ကြည့်ကာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။

"အားမနာနဲ့... များများစား..."

လဲ့ချန်က သူ့အတွက် အသားတစ်ဖဲ့ ခပ်ထည့်ပေးလိုက်သည်။

လဲ့အားကော်က ဆက်၍ အားနာမနေတော့ဘဲ အားပါးတရ စတင်စားသောက်တော့၏။

ညစာ စားပြီးနောက် သူတို့နှစ်ယောက်က ဆေးဖက်ဝင်အပင်များကို ပြန်လည်ရွေးချယ် စီစဉ်နေကြသည်။

မီးသွေးဖိုက တဟုန်းဟုန်း လောင်ကျွမ်းနေပြီး အခန်းကို နွေးထွေးသက်သောင့်သက်သာ ရှိစေ၏။

လဲ့ချန်က ရွေးချယ်ထားသော ဆေးဖက်ဝင်အပင်များကို ဝါးကပ်ပေါ်တွင် တစ်ခုချင်းစီ ဖြန့်ခင်းလိုက်ပြီး မီးသွေးမီး၏ အပူငွေ့ဖြင့် ကင်လိုက်သည်။ ဤသို့ ပြုလုပ်ခြင်းက ဆေးဖက်ဝင်အပင်များ၏ အသွင်အပြင်ကို ပိုမို ကောင်းမွန်စေပြီး စျေးကောင်းရစေမည် ဖြစ်၏။

အခန်း (၄၂) ခင်ပွန်းသည်ကို လုပ်ကြံသတ်ဖြတ်ခြင်းလော

လဲ့အားကော်က ဘေးမှနေ၍ ကူညီပေးနေပြီး ကိုးရိုးကားရား နိုင်သော်လည်း တက်ကြွနေ၏။

"အားကော်... တော်လောက်ပြီ... မိုးလည်း ချုပ်နေပြီဆိုတော့ အိမ်ပြန်တော့..."

လဲ့ချန်က ပြတင်းပေါက်အပြင်ဘက်ရှိ မှောင်မိုက်လာသော ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ပြီး လဲ့အားကော်ကို ပြောလိုက်သည်။

"အစ်ကိုချန်... ဒါကို ပြီးအောင် ကူလုပ်ပေးပြီးမှ ကျွန်တော် ပြန်ပါ့မယ်..."

လဲ့အားကော်က ရိုးအစွာ ပြုံးလိုက်၏။

"မလိုပါဘူး... ဒါတွေကို ငါ့ဘာသာငါ လုပ်နိုင်ပါတယ်... မင်း အိမ်ပြန်ပြီး စောစော နားလိုက်တော့... မနက်ဖြန် လေ့ကျင့်ရဦးမယ်လေ..."

လဲ့ချန်က သူ၏ ပခုံးကို ပုတ်၍ ပြောလိုက်သည်။

လဲ့အားကော်က ခေါင်းညိတ်လိုက်ပြီး နှုတ်ဆက်ရန် ထရပ်လိုက်၏။

လဲ့အားကော်ကို နှုတ်ဆက်ပြီးနောက် လဲ့ချန်က သူ၏ အလုပ်ကို ဆက်လုပ်နေသည်။ ဆေးဖက်ဝင်အပင်များ အားလုံးကို ရွေးချယ် စီစဉ်ပြီးသွားသောအခါမှသာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေကြောင်း သူ ခံစားလိုက်ရပြီး အထူးသဖြင့် သူ၏ ခြေထောက်များက ခဲများ ဖြည့်ထားသကဲ့သို့ လေးလံနေ၏။

သူက နာကျင်နေသော ခြေသလုံးကြွက်သားများကို ပွတ်သပ်လိုက်ပြီး ခြေထောက်စိမ်ရန် ရေနွေးသွားယူတော့မည့်ဆဲဆဲတွင် ချီလန်က အငွေ့တထောင်းထောင်း ထနေသော ရေဇလုံကို ကိုင်၍ ဝင်လာသည်။

"ရော့... ခြေထောက်ဆေးလိုက်ဦး..."

ချီလန်၏ အသံက ကြားရုံလေးသာ တိုးညင်းနေပြီး သူမ၏ ပါးပြင်များက အနည်းငယ် နီရဲနေ၏။

ဤအချိန်ကာလအတွင်း လဲ့ချန်၏ ကြိုးစားအားထုတ်မှုများ အားလုံးကို သူမ မြင်တွေ့ခဲ့ရသည်။

လဲ့ချန်မှာ တစ်ခဏမျှ အံ့အားသင့်သွားပြီးနောက် သွားဖြီးပြလိုက်ကာ ပြောလိုက်၏။

"ကျေးဇူးပါ မိန်းမရယ်... ကိုယ့်ကို ဂရုအစိုက်ဆုံးက မင်းပါပဲ..."

သူက မိန်းမဟု ခေါ်လိုက်သောကြောင့် ချီလန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။

"စကားပြောတာတော့ သိပ်တတ်သားပဲ..."

ထိုမြင်ကွင်းကို မြင်သောအခါ ရှောင်ရှောင်က ချက်ချင်းပင် လက်ခုပ်တီးလိုက်ပြီး သူမ၏ ကလေးသံလေးဖြင့် အော်ဟစ်လိုက်၏။

"အဖေက အမေ့ကို ချစ်တယ်... အဖေက အမေ့ကို ချစ်တယ်..."

ထို့နောက် သူမက ခေါင်းလေးကို စောင်း၍ အပြစ်ကင်းစင်စွာ မေးလိုက်သည်။

"အမေ... သမီးတို့ မောင်လေးတစ်ယောက် မကြာခင် ရတော့မှာလား..."

ချီလန်၏ မျက်နှာက နားရွက်များအထိ နီရဲသွား၏။ သူမက ရှောင်ရှောင်၏ ပါးစပ်ကို အုပ်လိုက်ပြီး အသံကို နှိမ့်ကာ ဆူပူလိုက်သည်။

"ကလေးပေါက်စ... အရမ်းအာခံတတ်နေပြီဟုတ်လား... အဲဒါတွေ ဘယ်ကနေ ကြားလာတာလဲ..."

ရှောင်ရှောင်က သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်၍ အပြစ်ကင်းစင်စွာ ပြန်ဖြေလိုက်၏။

"ကလေးတွေ အားလုံးက အဲဒီလိုပဲ ပြောကြတာကို..."

လဲ့ချန်က အားရပါးရ ရယ်မောလိုက်သည်။ ဤကောင်မလေးက သူမ၏ အသက်အရွယ်ထက် တကယ့်ကို ပို၍ ရင့်ကျက်နေ၏။

သို့သော်လည်း ချီလန် လန့်သွားမည်ကို သူ စိုးရိမ်နေဆဲဖြစ်သဖြင့် ရှောင်ရှောင်ကို အိပ်ရန် အလျင်အမြန် ချော့သိပ်လိုက်သည်။

ရှောင်ရှောင်က ကုတင်ပေါ်သို့ လိမ်မာစွာ တက်သွားပြီး ချီလန်က သူမကို စောင်ခြုံပေးလိုက်၏။

မှိန်ပျပျ အလင်းရောင်အောက်တွင် ချီလန်၏ ဘေးတစောင်း မျက်နှာလေးက အထူး ညင်သာနေပုံရပြီး သူမ၏ ရှည်လျားသော မျက်တောင်များက မျက်လုံးအောက်တွင် အရိပ်များ ကျနေစေကာ သူမ၏ အသားအရေကို ပိုမို နူးညံ့ပြီး အပြစ်အနာအဆာ ကင်းမဲ့နေစေသည်။

ရှောင်ရှောင် အိပ်ပျော်သွားပြီးနောက် ချီလန်ကလည်း သူမ၏ ကုတင်ဆီသို့ ပြန်သွား၏။

လဲ့ချန်က ကုတင်ပေါ်တွင် လှဲလျောင်းကာ မျက်လုံးများကို မှိတ်ထားလိုက်သော်လည်း မည်သို့မျှ အိပ်မပျော်နိုင်ခဲ့ပေ။

ချီလန်၏ ပုံရိပ်က သူ၏ စိတ်ထဲတွင် ပေါ်လာ၏။ ယနေ့ည သူမက အထူး ညင်သာနေပြီး သူမ၏ ရှက်သွေးဖြာနေသော ဟန်ပန်က သူ့ရင်ကို လှိုက်ဖိုသွားစေသည်။

မည်သို့ပင်ဖြစ်စေ သူ၏ ယခင်ဘဝက ချီလန် သေဆုံးသွားပြီးကတည်းက သူက မိန်းမတစ်ယောက်ကိုမျှ အထိအတွေ့ မရှိခဲ့ချေ။

ယခု သူ အချစ်ရဆုံးသူနှင့် မျက်နှာချင်းဆိုင် တွေ့နေရချိန်တွင် သူ ဘယ်လိုလုပ် မတွေးဘဲ နေနိုင်မည်နည်း။

မှိန်ပျပျ အလင်းရောင်အောက်တွင် သူက ဘေးရှိ ချီလန်ကို ခိုးကြည့်လိုက်၏။

သူမက ဘေးစောင်းလှဲလျောင်းနေပြီး သူမ၏ ရှည်လျားသော မျက်တောင်များက မျက်နှာပေါ်တွင် နူးညံ့သော အရိပ်များကို ကျနေစေသည်။ သူမ၏ သွယ်လျသော နှာတံလေးနှင့် ပန်းရောင်သန်းနေသော နှုတ်ခမ်းများက အိပ်ပျော်နေစဉ်တွင်ပင် ဆွဲဆောင်မှုရှိသော အလှတရားတစ်ခုကို ထုတ်လွှတ်နေ၏။

လဲ့ချန်က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ချီလန်ကို လက်ထပ်ခဲ့ရသည်မှာ သူ မည်မျှ ကံကောင်းကြောင်း တွေးတောလိုက်မိသည်။

သူက တိတ်တဆိတ် လက်လှမ်းလိုက်ပြီး သူမ၏ ပါးပြင်ကို ပွတ်သပ်ချင်ခဲ့သော်လည်း သူမ၏ အသားအရေနှင့် မထိမီလေးတွင်ပင် ရပ်တန့်သွား၏။

ယခင်ဘဝတွင် သူက မရေမတွက်နိုင်သော သေရေးရှင်ရေး စမ်းသပ်မှုများကို ဖြတ်သန်းခဲ့ရသည့် ထိပ်တန်းစစ်သားတစ်ဦး ဖြစ်ခဲ့သဖြင့် ထက်မြက်သော ထိုးထွင်းသိမြင်မှုကို ရရှိထားသည်။

ထို့ကြောင့် ချီလန် အိပ်မပျော်သေးဘဲ ဟန်ဆောင်နေခြင်းသာ ဖြစ်ကြောင်းကို ချက်ချင်း သိလိုက်၏။

သူက ညင်သာစွာ တစ်ပတ်လှည့်လိုက်ပြီး ချီလန်၏ အနားသို့ တိုးကပ်သွားကာ အသံကို နှိမ့်၍ မေးလိုက်သည်။

“မိန်းမ... မအိပ်သေးဘူးလား..."

ချီလန်၏ ခန္ဓာကိုယ်က တစ်ခဏမျှ သိသာစွာ တောင့်တင်းသွားပြီးနောက် သူမက ခပ်တိုးတိုး ညည်းတွား၍ ပြန်ထူးလိုက်၏။

ခဏအကြာတွင် ချီလန် အနည်းငယ် လှုပ်ရှားသွားသည်ကို သူ ခံစားလိုက်ရပြီး နူးညံ့သော လက်သေးသေးလေးတစ်ဖက်က တိတ်တဆိတ် ဆန့်တန်းလာကာ သူ၏ ခါးပေါ်သို့ ညင်သာစွာ တင်လာသည်။

လဲ့ချန်၏ ခန္ဓာကိုယ်တစ်လျှောက်တွင် နွေးထွေးမှု လှိုင်းလုံးကြီးတစ်ခု စီးဆင်းသွားကြောင်း ခံစားလိုက်ရ၏။

*ဘာများပါလိမ့်... ဘာလဲဟ…*

ဇနီးဖြစ်သူကလည်း ဤအကြောင်းကို တွေးနေတာများလားဟု သူ စဉ်းစားလိုက်၏။

ဤသည်က သူမ သူ့ကို ခွင့်လွှတ်လိုက်ပြီဆိုသည့် အဓိပ္ပာယ်ပင်။

ချီလန်က အစပြုလာခြင်းကြောင့် သူ အတိုင်းမသိ အံ့အားသင့်သွားရ၏။

ထို့ကြောင့် တစ်ခဏမျှ သူ ကြက်သေသေသွားပြီး ငြိမ်သက်နေမိသည်။

မီးလုံးကြီးတစ်လုံးက သူ၏ ဝမ်းဗိုက်ဆီသို့ ထိုးတက်သွားသကဲ့သို့သာ ခံစားလိုက်ရ၏။

ချီလန်၏ လက်က သူ၏ ခါးကို ညင်သာစွာ ပွတ်သပ်နေပြီး တစ်စုံတစ်ခုကို စမ်းသပ်နေသကဲ့သို့ ရှိသည်။

လဲ့ချန်၏ နှလုံးခုန်သံများက ပိုပို၍ မြန်ဆန်လာပြီး သူ ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရ၏။

ရုတ်တရက် ချီလန်က သူမ၏ လက်ဖြင့် သူ၏ ခါးကို ခပ်ပြင်းပြင်း ဆွဲလိမ်လိုက်သည်။

"အား..."

လဲ့ချန်က နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားပြီး အသက်ရှူမှားသွား၏။

သူက ခါးကို ဖက်၍ ဇဝေဇဝါ အမူအရာဖြင့် ချီလန်ကို ကြည့်ကာ မေးလိုက်သည်။

"မိန်းမ... ဘာလုပ်တာလဲ... ကိုယ့်လင်ကို လုပ်ကြံသတ်ဖြတ်မလို့လား..."

ချီလန်၏ မျက်နှာက ပို၍ပင် နီရဲသွားပြီး မှည့်နေသော ပန်းသီးတစ်လုံးကဲ့သို့ ဖြစ်သွားကာ လဲ့ချန်ကို မျက်နှာချင်း မဆိုင်ရဲတော့ချေ။

သူမက အချိန်အတော်ကြာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသော်လည်း ခိုင်လုံသော ရှင်းပြချက်တစ်ခုကိုမျှ စဉ်းစား၍ မရနိုင်ခဲ့ပေ။

လဲ့ချန်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွား၏။ ဤအချိန်ကြီးမှာ ဘာတွေ ကစားနေကြတာများလဲ။

သူက ချီလန်၏ အနားသို့ တိုးကပ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။

"မိန်းမ... မင်း... အိပ်မက်မက်ပြီး ယောင်တာလား..."

အမှောင်ထုထဲတွင် လဲ့ချန်က သူ၏ ဘေးမှ အနည်းငယ် လှုပ်ရှားသွားသည်ကို ခံစားလိုက်ရပြီးနောက် ဘာအသံမျှ မကြားရတော့ချေ။

တကယ်ပဲ အိပ်မက်မက်ပြီး ယောင်တာများလားဟု သူ စိတ်ထဲမှ တွေးတောလိုက်မိ၏။

သို့သော်လည်း သူမ ဆွဲလိမ်လိုက်ပုံက သိပ်ကို တိကျသဖြင့် အိပ်မက်မက်ပြီး ယောင်နေသည်နှင့် မတူပေ။

ထိုအခိုက်တွင် တစ်ဖက်မှ နူးညံ့သော အသက်ရှူသံတစ်ခု ထွက်ပေါ်လာ၏။

လဲ့ချန်က ခေါင်းလှည့်ကြည့်လိုက်ရာ လဲ့ချင်း ဖြစ်နေသည်ကို မြင်လိုက်ရသည်။

မှိန်ပျပျ အလင်းရောင်အောက်တွင် လဲ့ချင်းက သူတို့နှင့် မျက်နှာလွှဲ၍ အိပ်နေပြီး သူမ၏ ခန္ဓာကိုယ်က မလှုပ်မယှက်ဖြင့် အိပ်ပျော်နေသကဲ့သို့ ရှိသည်ကို သူ မြင်လိုက်ရ၏။

လဲ့ချန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။

*ဒုက္ခပါပဲ... ညီမလေးကိုများ နှိုးလိုက်မိပြီလား…*

သူက အသံကို အလျင်အမြန် နှိမ့်လိုက်ပြီး ချီလန်ကို ပြောလိုက်၏။

"မိန်းမ... ညီမလေး နိုးသွားမှာစိုးလို့ အသံတိုးတိုးလေး ပြောကြရအောင်နော်..."

ချီလန်က ခေါင်းငုံ့ထားပြီး ဘာမှမပြောချေ။ လဲ့ချန်က သူမ၏ ခန္ဓာကိုယ် အနည်းငယ် တောင့်တင်းနေသည်ကို ခံစားလိုက်ရသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး အခန်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေ၏။

လဲ့ချန်က လေထုမှာ အနည်းငယ် အနေရခက်နေကြောင်း ခံစားလိုက်ရသည်။ သူက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး တစ်စုံတစ်ခု ပြောတော့မည့်ဆဲဆဲတွင် ချီလန်က နောက်ဆုံး၌ စကားစပြောလာ၏။

"ကျွန်မ... ကျွန်မ စမ်းကြည့်ချင်ရုံပါ..."

ချီလန်၏ အသံက ကြားရုံလေးသာ တိုးညင်းနေသည်။

"ဘာစမ်းကြည့်တာလဲ..."

လဲ့ချန်က အဖြေရရန် အတင်းမေးလိုက်၏။

ချီလန်က ခေါင်းကို ပို၍ ငုံ့ချလိုက်ပြီး အချိန်အတော်ကြာမှသာ မနည်းကြိတ်၍ ပြောထွက်လာသည်။

“ရှင်... ရှင် လဲ့ချန် ဟုတ်သေးရဲ့လားဆိုတာ... ကြည့်မလို့..."

လဲ့ချန်မှာ အံ့အားသင့်သွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်၏။

သူ၏ ခါးအောက်ပိုင်းက အထိခိုက်မခံဆုံး နေရာဖြစ်ပြီး သူက အနာခံနိုင်ရည်မရှိချေ။

ဤအကြောင်းကို ချီလန် တစ်ယောက်တည်းကသာ သိထား၏။

သို့သော်လည်း သူ၏ ယခင်ဘဝက စစ်သားများ၏ ဘုရင်တစ်ယောက် ဖြစ်လာပြီးနောက် ဤအားနည်းချက်ကို သူ ဖျောက်ဖျက်ပစ်ခဲ့သည်။

သို့သော် ဤခန္ဓာကိုယ်က အထိအတွေ့ မခံနိုင်သေးပေ။

သူက ချီလန်ကို သူ၏ ရင်ခွင်ထဲသို့ ညင်သာစွာ ဆွဲသွင်းလိုက်၏။ ချီလန်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသော်လည်း သူမက မငြင်းဆန်ခဲ့ချေ။

"အရူးမလေး... ကိုယ်က လဲ့ချန်ပါပဲ..."

လဲ့ချန်က သူမ၏ နားနားသို့ ကပ်၍ တိုးတိုးလေး ပြောလိုက်သည်။

"ကိုယ်က လဲ့ချန်မဟုတ်ဘဲ ဘယ်သူ ဖြစ်ရမှာလဲ... ကိုယ် မှတ်မိနေသေးတယ်... မင်းကို ကိုယ် မှတ်မိနေသေးတယ်လေ..."

သူ၏ အသံက တဖြည်းဖြည်း ပိုပို၍ တိုးညင်းသွား၏။

"မင်းရဲ့ တောက်ပနေတဲ့ မျက်နှာလေးကို ကိုယ် မှတ်မိနေသေးတယ်..."

"အာ..."

ချီလန်က အသက်ရှူမှားသွားပြီး လဲ့ချန်ကို ရုတ်တရက် တွန်းထုတ်လိုက်ရာ သူမ၏ မျက်နှာက သွေးထွက်မတတ် နီရဲသွား၏။

သူမက မျက်နှာကို အုပ်ကာ ရှက်ရွံ့ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။

"ရှင်... ရှင် ဘာတွေ လျှောက်ပြောနေတာလဲ..."

သူမ၏ ရှက်သွေးဖြာနေသော ဟန်ပန်ကိုကြည့်ရင်း လဲ့ချန်၏ ရင်ထဲတွင် လှိုက်ဖိုသွား၏။

ယခု ဒုတိယအကြိမ် ဘဝကို ပြန်လည်ရရှိထားပြီ ဖြစ်သဖြင့် သူ ချစ်ရသော အမျိုးသမီးနှင့် ရင်းနှီးသော အထိအတွေ့ကို သဘာဝကျကျပင် တောင့်တနေမိသည်။

သူက လက်ဆန့်တန်းကာ ချီလန်ကို သူ၏ ရင်ခွင်ထဲသို့ ထပ်မံ ဆွဲသွင်းချင်ခဲ့သော်လည်း ချီလန်က သူ့ကို ရှောင်တိမ်းသွား၏။

"မလုပ်နဲ့... အဲ့လို မလုပ်ပါနဲ့... ညီမလေး... ညီမလေး ရှိနေသေးတယ်လေ... ရှောင်ရှောင်... ရှောင်ရှောင်လည်း ရှိတယ်..."

လဲ့ချန်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်၏။ ချီလန်၏ စိုးရိမ်ပူပန်မှုများကို သူ သိပါသည်။

သူမကို စိတ်မကွက်စေချင်ပေ။ သူက သူ၏ ဆန္ဒများကို မြိုသိပ်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

"ကိုယ် ရေအေးသွားချိုးလိုက်ဦးမယ်..."

ထိုသို့ပြောပြီးနောက် သူက ထရပ်ကာ အခန်းထဲမှ ထွက်သွားတော့၏။

All Chapters