← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉)ခေတ်မီသော ဒီဇိုင်းများ

ထို့နောက် အဘိုးကြီးချန်က သတင်းစာကို ချထားလိုက်ပြီး ပုံကြမ်းများကို ကောက်ယူကာ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်၏။

သူက စာမျက်နှာများကို လှန်လှောကြည့်လိုက်သည်နှင့်အမျှ သူ၏ မျက်နှာအမူအရာက တဖြည်းဖြည်း ပြောင်းလဲသွားပြီး အစပိုင်းတွင် မထီမဲ့မြင် ပြုနေရာမှ အံ့အားသင့်သွားကာ နောက်ဆုံးတွင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတော့သည်။

"ဒါက... ဒါက..."

အဘိုးကြီးချန်က ပုံကြမ်းများကို လက်ညှိုးထိုး၍ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

"တောင်ပိုင်းမှာ ဒီဒီဇိုင်းမျိုးကို ငါ မြင်ဖူးတယ်... ဒါပေမဲ့ မင်းရဲ့ ဒီဇိုင်းက သူတို့ဟာထက် ပိုကောင်းနေတာပဲ..."

လဲ့ချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"အလုပ်ရုံမှူးချန်... ဘယ်လိုထင်လဲ..."

အဘိုးကြီးချန်က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ပုံကြမ်းများကို စားပွဲပေါ်သို့ ဂရုတစိုက် ပြန်ချကာ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"မန်နေဂျာလဲ့... မင်းရဲ့ ဒီဇိုင်းတွေက တကယ့်ကို အံ့ဩစရာကောင်းတာပဲ... ဒီအဝတ်အထည်တွေကနေ ကြီးကျယ်တဲ့ အောင်မြင်မှု ရလာမယ်လို့ ငါ အာမခံတယ်..."

"ဒါဆိုလည်း ကောင်းတာပေါ့..."

လဲ့ချန်က ခေါင်းညိတ်လိုက်၏။

"မနက်ဖြန်ကစပြီး ဒီမော်ဒယ်သစ်တွေကို စတင်ထုတ်လုပ်ကြတာပေါ့..."

အဘိုးကြီးချန်က အလုပ်ရုံထဲရှိ အလုပ်သမားများကို ချက်ချင်း စုဝေးစေလိုက်ပြီး လဲ့ချန်၏ ဒီဇိုင်းပုံကြမ်းများကို ဝေငှကာ ထုတ်လုပ်မှု၏ အဓိက အချက်အလက်များကို အသေးစိတ် ရှင်းပြလေ၏။

...

အချိန်သည် မြားတစ်စင်းကဲ့သို့ လျင်မြန်လှပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် လဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

အဝတ်အထည် အလုပ်ရုံထဲတွင် အပ်ချုပ်စက်များ၏ စည်းချက်ကျကျ တဒက်ဒက်အသံများက သိပ်သည်းသော ဗုံသံများကဲ့သို့ မြင့်တက်လာလိုက်၊ ကျဆင်းသွားလိုက်နှင့် အလုပ်သမားများ၏ အာရုံကြောများကို ရိုက်ခတ်နေ၏။

အလုပ်သမားများက မနားမနေ အလုပ်လုပ်နေကြပြီး အထည်စများကို အဝတ်အထည်သစ်များအဖြစ် ချုပ်လုပ်ရာတွင် သူတို့၏ အပ်နှင့် ချည်ကြိုးများက လျင်မြန်စွာ လှုပ်ရှားနေကြသည်။

အစပိုင်းတွင် ရောင်းအားက သိပ်မကောင်းခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ရှားပါးသော ထိုခေတ်ကာလတွင် လူများက လက်တွေ့ကျမှုကိုသာ ပိုမိုအာရုံစိုက်ကြပြီး ဆန်းသစ်သော ဒီဇိုင်းများအပေါ် အထူးတလည် စိတ်ဝင်စားမှု မရှိကြချေ။

သို့သော်လည်း လဲ့ချန်က ဤအခြေအနေကို ကြိုတင်မျှော်လင့်ထားပြီး ဖြစ်၏။

သူက စက်ရုံ၏ အရောင်းဝန်ထမ်းများကို ချဉ်းကပ်ကာ အဝတ်အထည်သစ်များကို အနီးနားရှိ စက်ရုံများ၊ ကျေးလက်ဒေသများနှင့် ကျောင်းများသို့ပင် ယူဆောင်သွားစေပြီး လက်တွေ့ ပြသခြင်းနှင့် ဝတ်ဆင်ကြည့်စေခြင်းများကို ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

ဤနည်းဗျူဟာက ပြီးပြည့်စုံစွာ အလုပ်ဖြစ်ခဲ့၏။ ရိုးရှင်းပြီး လက်တွေ့ကျကာ ခိုင်ခံ့၍ အစွန်းအထင်း ခံနိုင်သော အလုပ်သမားဝတ်စုံများက အလုပ်သမားများအကြား ချက်ချင်းပင် ရေပန်းစားလာခဲ့သည်။

ထိုခေတ်မီသော ဒီဇိုင်းများကလည်း လူငယ် အများအပြား၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့၏။

သတင်းက အလျင်အမြန် ပြန့်နှံ့သွားပြီး အမှာစာများက နှင်းပွင့်များကဲ့သို့ ကျဆင်းလာကာ မကြာမီမှာပင် စက်ရုံ၏ ဂိုဒေါင်ထဲ၌ တင်ပို့ရန် အသင့်ဖြစ်နေသော အဝတ်အထည်များဖြင့် ပြည့်နှက်သွားတော့သည်။

ကုန်တိုက်များ၏ ကောင်တာများပေါ်တွင် ဤအဝတ်အထည်များကို အထင်ရှားဆုံး နေရာများ၌ ပြသထားသဖြင့် မရေမတွက်နိုင်သော ဖောက်သည်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့၏။

တစ်ချိန်က လူသူကင်းမဲ့နေခဲ့သော အဝတ်အထည် ကောင်တာများမှာ ယခုအခါတွင် လူများဖြင့် စည်ကားသိုက်မြိုက်နေပြီ ဖြစ်သည်။

စက်ရုံမှူးရုံးခန်းထဲတွင် ကျောက်ချန်ဟယ်က နောက်ဆုံးရ စွမ်းဆောင်ရည် အစီရင်ခံစာကို လက်ထဲတွင် ကိုင်ထားပြီး သူ၏ မျက်လုံးများက ပန်းကန်ပြားများကဲ့သို့ ပြူးကျယ်နေ၏။

အစီရင်ခံစာပေါ်ရှိ ကိန်းဂဏန်းများက တစ်ဟုန်ထိုး မြင့်တက်နေသဖြင့် သူ့ကို အတိုင်းမသိ ဝမ်းသာသွားစေသည်။

လဲ့ချန် ဤနေရာသို့ ရောက်ရှိနေသည်မှာ မည်မျှကြာပြီလဲဆိုတာကို သူ အလျင်အမြန် တွက်ချက်ကြည့်လိုက်၏။

သူတို့က ဤမျှလောက် အံ့ဩစရာကောင်းသော ရလဒ်များကို အမှန်တကယ် ရရှိခဲ့ကြသည်ပါလား။

"အဘိုးကြီးချန်... ဒီအစီရင်ခံစာ ပုံနှိပ်တာ မှားနေလို့လား..."

သူက မနေနိုင်တော့ဘဲ မျက်လုံးများကို ပွတ်သပ်ကာ ထပ်မံ စစ်ဆေးကြည့်လိုက်၏။

မည်သို့ပင်ဖြစ်စေ အဝတ်အထည် စက်ရုံက နှစ်ပေါင်းများစွာ အရှုံးပေါ်နေခဲ့ပြီး ပြန်လည် တည်ဆောက်ရန် အလွန်အမင်း လိုအပ်နေခဲ့ရာ အမြတ်အစွန်း ရရှိလာလျှင်ပင် လုံလောက်နေပြီ ဖြစ်သည်။

သို့သော် အမှန်တရားက သူ၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။ လဲ့ချန် ဆိုသည့် ထိုကောင်လေးက တကယ့်ကို ပါရမီရှင် တစ်ယောက်ပဲ။

ဆယ်ရက်တည်းနှင့်ပင် စီးပွားရေး အကျိုးအမြတ်များက ၁၀,၀၀၀ ကို ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး ဆက်လက် တိုးတက်နေဆဲ ဖြစ်၏။

"ဒါက... ဒါက... ဒါက တကယ်ပဲ..."

ကျောက်ချန်ဟယ်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားသည်။ သူ အမြင်မှားနေမည်ကို စိုးရိမ်သဖြင့် မျက်လုံးများကို ခပ်ပြင်းပြင်း ပွတ်သပ်လိုက်၏။

"စက်ရုံမှူး... ဒါတွေ အားလုံးက ကြီးကြပ်ရေးမှူးလဲ့ရဲ့ ကျေးဇူးတွေကြောင့်ပါ..."

အဘိုးကြီးချန်က လဲ့ချန်၏ ဒီဇိုင်းပုံကြမ်းများကို ကျောက်ချန်ဟယ်ထံ ကမ်းပေးလိုက်ပြီး လွန်ခဲ့သည့် ကာလအတွင်း ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများကို စတင် ပြောပြတော့၏။

ကျောက်ချန်ဟယ်က ပုံကြမ်းများကို ယူကာ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ပြီး ကြည့်ရင်းနှင့် အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်..."

ကျောက်ချန်ဟယ်က "ကောင်းတယ်" ဟု သုံးခွန်း ဆက်တိုက် ရေရွတ်လိုက်၏။

"လဲ့ချန်က တကယ့်ကို အရည်အချင်းပဲ... အဘိုးကြီးချန်... အဝတ်အထည်သစ်တွေ ရောင်းလိုအား သေချာစေဖို့အတွက် အလုပ်သမားတွေကို အချိန်ပိုလုပ်ဖို့ ချက်ချင်း အသိပေးလိုက်..."

၁၉၆၀ ပြည့်လွန်နှစ်များက အလုပ်သမားများသည် ရိုးရှင်းသော "ရုံးဝန်ထမ်းများ" မဟုတ်ကြပေ။

သူတို့က နေ့စဉ် ထုတ်လုပ်မှု တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ရသည့်အပြင် နိုင်ငံရေး လေ့လာမှုအမျိုးမျိုး၊ စေတနာ့ဝန်ထမ်း လုပ်ငန်းများတွင် ပါဝင်ရပြီး စိုက်ပျိုးရေး လုပ်ငန်းများကို ကူညီရန် ကျေးလက်သို့ပင် သွားရောက်ရသေး၏။

ကြီးမားသော အလုပ်တာဝန်များ၊ ပျင်းရိဖွယ်ကောင်းသော ဘဝနှင့် နိမ့်ကျသော လစာများက အလုပ်သမားများအကြား ညည်းညူမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေခဲ့သည်။

သူတို့ အချိန်ပို လုပ်ရမည်ဟု သိလိုက်ရသောအခါ အလုပ်သမားများမှာ ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

"အချိန်ပို ထပ်လုပ်ရဦးမလို့လား... ဒါက ဘယ်တော့မှ အဆုံးသတ်မှာလဲ..."

"ငါ နေ့တိုင်း အချိန်ပို လုပ်နေရတာ... သေမတတ်ပင်ပန်းနေပြီ... လစာကလည်း မိသားစုကို ကျွေးမွေးဖို့တောင် မလုံလောက်ဘူး..."

"ငါ့မိန်းမနဲ့ ကလေးတွေက အိမ်မှာ ထမင်းစားဖို့ စောင့်နေကြတာ... ငါ အချိန်ပိုလုပ်တာ ဘယ်တော့မှ ပြီးမှာလဲ..."

ညည်းညူသံများက ဆက်တိုက် ထွက်ပေါ်လာပြီး အလုပ်ရုံတစ်ခုလုံး ဆူညံသွားတော့သည်။

ထိုအခြေအနေကို မြင်သောအခါ အဘိုးကြီးချန်က အလျင်အမြန် ရှေ့ထွက်၍ ရှင်းပြလိုက်၏။

"အားလုံးပဲ... စိတ်အေးအေး ထားကြပါဦး... မင်းတို့အားလုံး အလုပ်ကြိုးစားကြတယ်ဆိုတာ ငါ သိပါတယ်... ဒါပေမဲ့ ဒီအချိန်ပိုက အကြောင်းပြချက်ကောင်း ရှိလို့ပါ..."

"စက်ရုံရဲ့ အကျိုးအမြတ်တွေ တိုးတက်လာလို့ လဝက်စာ ကြွေးတင်နေတဲ့ လစာတွေကို ယနေ့ ပေးနိုင်ပြီ... ဒါ့အပြင် ဒီတစ်ကြိမ် အားလုံးကို စွမ်းဆောင်ရည် ဆုကြေးငွေတွေပါ ပေးသွားဦးမှာ..."

"လစာ" နှင့် "စွမ်းဆောင်ရည် ဆုကြေးငွေ" ဟူသော စကားလုံးများကို ကြားလိုက်ရသည်နှင့် အလုပ်သမားများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြ၏။

"တကယ်လား... အဘိုးကြီးချန်... ကျုပ်တို့ကို နောက်နေတာ မဟုတ်ပါဘူးနော်..."

"ဟုတ်တယ်... ငါတို့အားလုံးက အသက်ဆက်ဖို့ အဲ့ပိုက်ဆံတွေကို စောင့်နေကြတာ..."

အဘိုးကြီးချန်က သူ၏ ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်၏။

"ငါ မင်းတို့ကို ဘယ်တုန်းက လိမ်ဖူးလို့လဲ... အားလုံးက ကြိုးကြိုးစားစား အလုပ်လုပ်ကြသရွေ့ လစဉ် လစာကို အချိန်မီ ရမယ့်အပြင် စွမ်းဆောင်ရည် ဆုကြေးငွေတွေပါရမယ်လို့ စက်ရုံမှူးက ပြောထားတယ်..."

ရက်ရောသော ဆုလာဘ်က ရဲရင့်သူများကို သေချာပေါက် ဆွဲဆောင်နိုင်မည်သာ ဖြစ်သည်။

ပိုက်ဆံရမည်ဟု ကြားလိုက်ရသည်နှင့် အလုပ်သမားများ၏ စိတ်အားထက်သန်မှုက ချက်ချင်းပင် မီးတောက်လောင်သွား၏။

ယခင်က ပျင်းရိဖွယ်ကောင်းသော လေထုက လွင့်စင်သွားပြီး စည်ကားသိုက်မြိုက်သော မြင်ကွင်းတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။

အပ်ချုပ်စက်များ၏ အသံက ယခင်ကထက် ပိုမို အရေးတကြီးနှင့် အားပါပါဖြင့် ပြန်လည် ထွက်ပေါ်လာတော့၏။

...

ကျောက်ချန်ဟယ်၏ ရုံးခန်း။

စားပွဲပေါ်ရှိ တယ်လီဖုန်းက ကျောက်ချန်ဟယ်၏ ဝမ်းမြောက်နေသော စိတ်ခံစားချက်ကို ဖောက်ထွင်း၍ စူးရှစွာ မြည်လာသည်။

သူက အနည်းငယ် စိတ်မရှည်စွာဖြင့် ဖုန်းကို ကောက်ကိုင်လိုက်၏။

"ဟလို..."

"ဒါ ရဲဘော်ကျောက်ချန်ဟယ်လား... ငါက မြို့တော် အပေါ့စား စက်မှုလုပ်ငန်းဗျူရိုက လျုကျန်းကော်ပါ..."

နက်ရှိုင်းသော အသံတစ်ခုက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာ၏။

ကျောက်ချန်ဟယ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး သူက အလျင်အမြန် မတ်မတ် ထိုင်လိုက်သည်။

"ဒါရိုက်တာလျု... မင်္ဂလာပါ... ကျွန်တော် ကျောက်ချန်ဟယ်ပါ…”

"ရဲဘော်ချန်ဟယ်... မင်းတို့ ဟုန်ရှင်း အထည်အလိပ်စက်ရုံက မကြာသေးခင်က အတော်လေး အဆင်ပြေနေပြီး အဝတ်အထည်သစ်တွေက အရမ်း ရောင်းကောင်းနေတယ်လို့ ကြားတယ်..."

လျုကျန်းကော်၏ လေသံတွင် ရယ်သံများ ရောယှက်နေ၏။

ကျောက်ချန်ဟယ်က နှိမ့်ချစွာ ပြုံးလိုက်သည်။

"ဒါရိုက်တာလျု... ခင်ဗျားက မြှောက်လွန်းပါပြီ... ကျွန်တော်တို့က အခုမှ စတင်ရုံပဲရှိသေးပြီး တိုးတက်ဖို့ လိုအပ်တဲ့ နေရာတွေ အများကြီး ရှိပါသေးတယ်..."

"နှိမ့်ချမနေပါနဲ့…”

လျုကျန်းကော်က အားရပါးရ ရယ်မောလိုက်၏။

"အခု စျေးကွက်ထဲမှာ အရောင်းရဆုံး အဝတ်အထည်တွေက မင်းတို့ ဟုန်ရှင်း အထည်အလိပ်စက်ရုံကဆိုတာ တစ်မြို့လုံး ကြားနေရပြီ... ချစ်ကြည်ရေးစတိုးမှာတောင် ကုန်သွားပြီလို့ ကြားတယ်... နိုင်ငံခြား ဧည့်သည် အများအပြားကလည်း တကူးတက လာဝယ်ကြတယ်တဲ့..."

ကျောက်ချန်ဟယ်မှာ အတိုင်းမသိ ဝမ်းသာသွားသော်လည်း သူက နှိမ့်ချစွာပင် နေပြီး ပြောလိုက်သည်။

"ဒါတွေ အားလုံးက အလုပ်သမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့ မြို့တော် ခေါင်းဆောင်တွေရဲ့ ပံ့ပိုးကူညီမှုတွေကြောင့်ပါ..."

"ရဲဘော်ချန်ဟယ်... မြို့တော်က မင်းတို့ စက်ရုံရဲ့ အဝတ်အထည် ဒီဇိုင်းသစ်တွေကို အထူးအလေးထားတယ်... အဲ့တာက ငါတို့ မြို့ရဲ့ အပေါ့စား စက်မှုလုပ်ငန်းအတွက် ကြီးမားတဲ့ ရှေ့တိုးခြေလှမ်းတစ်ခုပဲ... ငါတို့ ဆက်လက် ကြိုးပမ်းအားထုတ်ပြီး ဒီထက်ပို ကြီးမားတဲ့ အောင်မြင်မှုတွေ ဖန်တီးနိုင်ဖို့ ကြိုးစားရမယ်..."

လျုကျန်းကော်၏ အသံက အားပေးစကားများဖြင့် ပြည့်နှက်နေ၏။

"စိတ်ချပါ ဒါရိုက်တာလျု... မြို့တော်ရဲ့ မျှော်လင့်ချက်တွေကို ကျွန်တော်တို့ သေချာပေါက် အကောင်အထည်ဖော်မှာပါ..."

ကျောက်ချန်ဟယ်က စိတ်လှုပ်ရှားစွာဖြင့် အာမခံလိုက်သည်။

ဖုန်းချပြီးနောက် ကျောက်ချန်ဟယ်က သူ၏ ရုံးခန်းထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။

မြို့တော်ခေါင်းဆောင်များထံမှ အသိအမှတ်ပြုမှုက သံသယဝင်စရာမလိုဘဲ သူ့ကို ယုံကြည်မှုများ တစ်ဟုန်ထိုး တက်ကြွလာစေသည်။

ဟုန်ရှင်း အထည်အလိပ်စက်ရုံက နှစ်ပေါင်းများစွာ အရှုံးပေါ်နေခဲ့ပြီး စက်ရုံမှူး တစ်ယောက်အနေဖြင့် သူက ကြီးမားသော ဖိအားများအောက်တွင် ရှိနေခဲ့ရ၏။

ယခုစက်ရုံက နောက်ဆုံးတွင် အမြတ်အစွန်း ရရှိလာပြီး မြို့တော်၏ အာရုံစိုက်မှုကိုပင် ရရှိလာပြီဖြစ်ရာ သူ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

ပို၍ အရေးကြီးသည်မှာ လျုကျန်းကော်၏ စကားများက သူ ဆက်လက် ရာထူးတက်ရန် အခွင့်အရေးရှိကြောင်း ရှင်းလင်းစွာ အရိပ်အမြွက် ပြသနေခြင်းပင်။

အခန်း (၅၀)လဲ့ချန်ကို သေချာပေါက် ဆုပ်ကိုင်ထားရမယ်

ထိုအကြောင်းကို တွေးမိသောအခါ ကျောက်ချန်ဟယ်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။

"လဲ့ချန်... အဲ့ကောင်လေးက တကယ့်ကို ငါ့ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ..."

ကျောက်ချန်ဟယ်က စိတ်ထဲမှ တွေးလိုက်သည်။

ဤအောင်မြင်မှု အားလုံးက လဲ့ချန်၏ ကျေးဇူးကြောင့်ဖြစ်ကြောင်း သူ သိထား၏။

လဲ့ချန်၏ အဝတ်အထည် ဒီဇိုင်းသစ်များသာ မရှိခဲ့ပါက ဟုန်ရှင်းအထည်အလိပ်စက်ရုံက အချိန်အတော်ကြာကတည်းက ဒေဝါလီခံသွားရလောက်ပြီ ဖြစ်သည်။

ဤလူငယ်လေးက အလွန်တရာ ထက်မြက်ပြီး အမြော်အမြင် ကြီးမားလှ၏။

ထိုအကြောင်းကို တွေးမိသောအခါ ကျောက်ချန်ဟယ်က လဲ့ချန်ကို ပို၍ပင် တန်ဖိုးထားလာသည်။ အကယ်၍ အခြား ခေါင်းဆောင်များသာ သူ့ကို တွေ့သွားပါက သူ၏ လက်ထဲမှ သေချာပေါက် လုယူသွားကြမည် ဖြစ်၏။

"မဖြစ်ဘူး... လဲ့ချန်ကို အခုချက်ချင်း ဆုပ်ကိုင်ထားမှ ဖြစ်မယ်..."

သူက စားပွဲပေါ်ရှိ တယ်လီဖုန်းကို ကောက်ကိုင်လိုက်ပြီး အလုပ်ရုံ၏ နံပါတ်ကို ခေါ်ဆိုလိုက်၏။

"အဘိုးကြီးချန်... လဲ့ချန်ကို ငါ့ရုံးခန်းဆီ အခုချက်ချင်း လာခဲ့ဖို့ ပြောလိုက်..."

ဖုန်းချပြီးနောက် ကျောက်ချန်ဟယ်က ပြတင်းပေါက်နားသို့ လျှောက်သွားပြီး စက်ရုံထဲရှိ စည်ကားသိုက်မြိုက်နေသော မြင်ကွင်းကို ကြည့်လိုက်ရာ သူ အလွန် ဝမ်းသာနေသဖြင့် ပြုံးစိစိ ဖြစ်နေတော့သည်။

၁၉၆၀ ပြည့်လွန်နှစ်များတွင် အရင်းအမြစ်များက ရှားပါးလှပြီး ခွဲတမ်းချစနစ်က နေရာအနှံ့ လွှမ်းမိုးနေ၏။

အထည်လက်မှတ်၊ ဆန်လက်မှတ်၊ ဆီလက်မှတ်၊ အသားလက်မှတ်... အမျိုးအစားစုံလင်လှသော လက်မှတ်များက လူတို့၏ ဘဝအတွက် မရှိမဖြစ် လိုအပ်ချက်များ ဖြစ်သည်။

လက်မှတ်မရှိပါက ငွေရှိလျှင်ပင် မည်သည့်အရာကိုမျှ ဝယ်ယူ၍ မရနိုင်ချေ။

ထိုအချိန်က လူများ၏ အဝတ်အစားများက အတော်လေး ရိုးရှင်းပြီး မီးခိုးရောင်၊ အပြာရောင်နှင့် အနက်ရောင်တို့ကို အဓိက အရောင်များအဖြစ် အသုံးပြုကြ၏။

ဒီဇိုင်းများကလည်း ရိုးရှင်းလှပြီး ကျုံးရှန်ဝတ်စုံများ၊ လီနင်ဝတ်စုံများနှင့် စစ်ဝတ်စုံများသာ အများဆုံး ဖြစ်သည်။

ထိုအချိန်က ဟုန်ရှင်းအထည်အလိပ်စက်ရုံမှ ထုတ်လုပ်သော ပိုလီစတာ(ပိတ်စနာမည် လီနင်သားနဲ့ ခပ်ဆင်ဆင်ပဲ) ရှပ်အင်္ကျီများမှာ ရှားပါးပစ္စည်းများဖြစ်ပြီး လူအနည်းငယ်သာ ဝတ်ဆင်နိုင်စွမ်း ရှိကြ၏။

လဲ့ချန်၏ အဝတ်အထည် ဒီဇိုင်းသစ်များက ပုံစံဆန်းသစ်ရုံသာမက အရောင်အသွေးလည်း ပိုမို တောက်ပသဖြင့် ဈေးကွက်သို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် စားသုံးသူများ၏ စိတ်အားထက်သန်စွာ လက်ခံအားပေးမှုကို ရရှိခဲ့သည်။

ခဏအကြာတွင် လဲ့ချန်က တံခါးခေါက်၍ ဝင်လာ၏။

"စက်ရုံမှူး... ကျွန်တော့်ကို ခေါ်တယ်ဆို..."

"လဲ့ချန်... ဒီကာလအတွင်း မင်းရဲ့ အလုပ်စွမ်းဆောင်ရည်ကို ငါ အတော်လေး ကျေနပ်တယ်..."

ကျောက်ချန်ဟယ်က လဲ့ချန်ကို ပြုံး၍ ကြည့်လိုက်၏။

"စက်ရုံရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်လာတာက မင်းရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပါပဲ..."

လဲ့ချန်က နှိမ့်ချစွာ ပြုံးလိုက်သည်။

"ဒါတွေ အားလုံးက စက်ရုံမှူးရဲ့ အကောင်းဆုံး ဦးဆောင်မှုကြောင့်ပါ... ကျွန်တော်က တာဝန်ကျေရုံလေး လုပ်ခဲ့တာပါ..."

"နှိမ့်ချမနေပါနဲ့..."

ကျောက်ချန်ဟယ်က လက်ဝှေ့ယမ်းလိုက်၏။

"စက်ရုံအတွက် မင်းရဲ့ ပေးဆပ်မှုတွေကို အားလုံး မြင်တွေ့ပြီးသားပါ... မင်းရဲ့ ထူးချွန်တဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုတဲ့အနေနဲ့ စက်ရုံက မင်းကို မြို့ပေါ်မှာ အိမ်အသစ်တစ်လုံး ချထားပေးဖို့ ဆုံးဖြတ်လိုက်တယ်..."

လဲ့ချန်မှာ ကြက်သေသေသွား၏။ စက်ရုံက သူ့ကို ဤမျှလောက် ကြီးမားသော ဆုလာဘ်တစ်ခု ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

၁၉၆၀ ပြည့်လွန်နှစ်များတွင် အိမ်များက ရှားပါးသော အရင်းအမြစ်တစ်ခုဖြစ်ပြီး အထူးသဖြင့် မြေနေရာ အလွန် တန်ဖိုးကြီးလှသော မြို့ပေါ်တွင် ပို၍ပင် ရှားပါးပေသည်။

အိမ်တစ်လုံး ချထားပေးခံရခြင်းက အလွန်တရာ အံ့ဩဝမ်းသာဖွယ် ကောင်းသော ကိစ္စတစ်ခု ဖြစ်၏။

"ဒါ့အပြင် မင်းအတွက် အိမ်ထောင်စုစာရင်း ပြောင်းရွှေ့စာကိုလည်း ငါ ပြင်ဆင်ပြီးသွားပြီ... ဒါကြောင့် မင်းရဲ့ အိမ်ထောင်စုစာရင်းကို မြို့ပေါ်ကို အချိန်မရွေး ပြောင်းရွှေ့လို့ ရပြီ..."

ကျောက်ချန်ဟယ်က ထပ်ဖြည့်ပြောလိုက်သည်။

ကျောက်ချန်ဟယ်က ကြိုတင် ပြင်ဆင်ထားသော မိတ်ဆက်စာတစ်စောင်ကို ထုတ်ယူကာ လဲ့ချန်ထံ ကမ်းပေးလိုက်၏။

"ရော့... ဒီဟာက မိတ်ဆက်စာပဲ... လုပ်ထုံးလုပ်နည်းတွေ အပြီးသတ်ဖို့ မြို့ပေါ်ကို သွားလိုက်တော့..."

၁၉၆၀ ပြည့်လွန်နှစ်များတွင် မြို့ပြ အိမ်ထောင်စုစာရင်းက လူအများ အလွန်လိုလားတောင့်တကြသောအရာ ဖြစ်သည်။

မြို့ပြအိမ်ထောင်စုစာရင်း ရှိထားခြင်းက နိုင်ငံတော်မှ ပံ့ပိုးပေးသော စားနပ်ရိက္ခာ ထောက်ပံ့မှု၊ အိမ်ရာ ချထားပေးမှု၊ ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု စသည့် အကျိုးခံစားခွင့် အမျိုးမျိုးကို ရရှိနိုင်စေခြင်းပင်။

ကျေးလက်အိမ်ထောင်စုစာရင်း ရှိသူများမှာမူ ပိုမို ခက်ခဲကြမ်းတမ်းသော ဘဝကို ဖြတ်သန်းကြရပြီး ပင်ပန်းဆင်းရဲသော စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ရရုံသာမက အခွန်အခ အမျိုးမျိုးကိုလည်း ပေးဆောင်ကြရ၏။

ထို့ကြောင့် မြို့ပြအိမ်ထောင်စုစာရင်းကို ရရှိခြင်းက မရေမတွက်နိုင်သော ကျေးလက်နေပြည်သူများ၏ အိပ်မက်တစ်ခု ဖြစ်ပေသည်။

လဲ့ချန်က မိတ်ဆက်စာကို လက်ခံယူလိုက်ရာ ယခင်က စစ်သားများ၏ ဘုရင်တစ်ယောက် ဖြစ်ခဲ့သော်လည်း သူ အနည်းငယ် စိတ်လှုပ်ရှားသွားမိ၏။

ဤမျှလောက် မြန်မြန်ဆန်ဆန် မိတ်ဆက်စာ ရရှိလိမ့်မည်ဟု တကယ် မမျှော်လင့်ထားခဲ့ချေ။

"ကျေးဇူးတင်ပါတယ် စက်ရုံမှူး..."

"ကြိုးစားပါ... နောင်ကျရင် စက်ရုံက မင်းရဲ့ အကူအညီတွေကို လိုအပ်လာဦးမှာပါ..."

ကျောက်ချန်ဟယ်က လဲ့ချန်၏ ပခုံးကို ပုတ်၍ တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

ထိုညနေတွင် လဲ့ချန်က အိမ်ပြန်ရောက်သည်နှင့် ချီလန်ကို ထိုသတင်းကောင်း ပြောပြရန် မစောင့်ဆိုင်းနိုင်တော့ချေ။

"လန်လန်... ကိုယ်တို့ ပြောင်းရွှေ့ကြရတော့မယ်... စက်ရုံက ကိုယ်တို့ကို မြို့ပေါ်မှာ အိမ်အသစ်တစ်လုံး ချထားပေးတဲ့အပြင် ကိုယ့်ရဲ့ အိမ်ထောင်စုစာရင်းကိုပါ အဲဒီကို ပြောင်းပေးလိုက်ပြီ..."

လဲ့ချန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

ချီလန်မှာ ကြက်သေသေသွားပြီး သူမ၏ နားကိုပင် မယုံနိုင်အောင် ဖြစ်သွားသည်။

"တကယ်လား... ရှင် ကျွန်မကို လိမ်နေတာ မဟုတ်ပါဘူးနော်..."

"တကယ်ပေါ့... ဒီဟာက မိတ်ဆက်စာပဲ..."

လဲ့ချန်က မိတ်ဆက်စာကို ထုတ်ယူကာ ချီလန်ထံ ကမ်းပေးလိုက်၏။

ချီလန်က မိတ်ဆက်စာကို ယူကာ သေချာစွာ ကြည့်ရှုလိုက်ပြီးနောက် သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့် ဝမ်းသာနေသော အပြုံးတစ်ခု ပေါ်လာသည်။

"အရမ်းကောင်းတာပဲ... ဒါ တကယ့်ကို အံ့ဩစရာပဲ..."

သူမက လဲ့ချန်နှင့် လက်ထပ်ခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ ဖြစ်၏။

သူမ၏ ဘဝတွင် ဤမျှလောက် ကောင်းမွန်သော အရာမျိုး ကြုံတွေ့ရလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ချေ။

အကယ်၍ လဲ့ချန်က သူမနှင့်အတူ မြို့ပေါ်သို့ မပြောင်းရွှေ့ခဲ့လျှင်ပင် သူ အလုပ်တစ်ခု ရသွားသည်နှင့်တင် သူမ ကျေးဇူးတင်နေပြီ ဖြစ်သည်။

အနီးတွင် ရပ်နေသော ညီမဖြစ်သူ လဲ့ချင်းကလည်း ထိုသတင်းကို ကြားလိုက်ရသဖြင့် ဝမ်းသာအားရ ခုန်ပေါက်နေတော့၏။

"အစ်ကို... ကျွန်မတို့ မြို့သူမြို့သားတွေ ဖြစ်သွားပြီပေါ့..."

လဲ့ချန်၏ သမီးငယ်လေး ရှောင်ရှောင်က လက်ခုပ်တီးကာ အော်ဟစ်လိုက်သည်။

"အဖေ... သမီးတို့ အိမ်ကြီးကြီးမှာ သွားနေရတော့မှာလား..."

သမီးဖြစ်သူ၏ အပြစ်ကင်းစင်သော စကားများကို ကြားသောအခါ လဲ့ချန်၏ ရင်ထဲတွင် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရ၏။

သူတို့မိသားစုက ယိုယွင်းနေသော နွားတင်းကုပ်ထဲတွင် ဆင်းရဲကျပ်တည်းစွာ နေထိုင်နေကြရဆဲ ဖြစ်သည်။

"စိတ်မပူပါနဲ့ ရှောင်ရှောင်ရယ်... သမီး အိမ်ကြီးကြီးမှာ နေရအောင် အဖေ သေချာပေါက် လုပ်ပေးမှာပါ..."

လဲ့ချန်က သမီးဖြစ်သူကို ပွေ့ချီကာ သူမ၏ ပါးပြင်ကို နမ်းလိုက်၏။

ချီလန်၏ ဝမ်းမြောက်မှုထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ရောယှက်နေသည်။

"ဒီသတင်းကို အပြင်မှာ မပြောကြနဲ့ဦးနော်..."

ဇနီးဖြစ်သူ၏ ဆိုလိုရင်းကို လဲ့ချန် နားလည်ပါသည်။

ဤခေတ်ကြီးတွင် ကြွယ်ဝချမ်းသာမှုကို ကြွားလုံးထုတ်ခြင်းက ကောင်းသောအရာ မဟုတ်ဘဲ မနာလိုမှုများနှင့် ပြဿနာများကို အလွယ်တကူ ဆွဲဆောင်နိုင်၏။

"ကိုယ်သိပါတယ်... ကိုယ်သတိထားပါ့မယ်..."

လဲ့ချန်က ခေါင်းညိတ်လိုက်သည်။

မီးသွေးမီး၏ ခပ်သင်းသင်း ရနံ့က အခန်းထဲတွင် ပျံ့နှံ့နေပြီး ည၏ အအေးဒဏ်ကို လွင့်စင်သွားစေ၏။

လဲ့ချန်က မီးပွားများ လွင့်စင်မထွက်စေရန်နှင့် အပူငွေ့များ စုစည်းနေစေရန် အဝတ်ဟောင်းများဖြင့် ချုပ်လုပ်ထားသော ယာယီ အကာအရံကို အသုံးပြု၍ မီးသွေးဖိုကို ဝန်းရံထားလိုက်သည်။

လဲ့ချင်းက ထောင့်တစ်နေရာတွင် ကွေးကွေးလေးနေရင်း မှန်မှန် အသက်ရှူကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။

ရှောင်ရှောင်က ချီလန်၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး နေရင်း သူမ၏ မျက်နှာလေး နီရဲကာ အိပ်ချင်မူးတူးဖြင့် ရေရွတ်နေသည်။

"အိမ်ကြီးကြီး... အိမ်ကြီးကြီး..."

ရှောင်ရှောင် လုံးဝ အိပ်ပျော်သွားသောအခါ လဲ့ချန်က သူမကို ကုတင်ပေါ်သို့ ညင်သာစွာ ချသိပ်လိုက်ပြီး စုတ်ပြဲနေသော စောင်တစ်ထည်ကို ခြုံပေးလိုက်၏။

ထို့နောက် သူက ချီလန်ဘက်သို့ လှည့်ကာ အသံကို နှိမ့်၍ ပြောလိုက်သည်။

“လန်လန်... ကိုယ် မနက်ဖြန် ထောက်ပံ့ရေးနဲ့ ဈေးကွက်ရှာဖွေရေး သမဝါယမမှာ ပစ္စည်းတချို့ သွားဝယ်မလို့... မင်း လိုချင်တာ ရှိလား..."

ချီလန်မှာ တစ်ခဏမျှ အံ့အားသင့်သွားပြီး ခေါင်းခါလိုက်၏။

“မလိုပါဘူး... မလိုပါဘူး... အိမ်မှာ အကုန်လုံး လုံလောက်နေပါပြီ..."

လဲ့ချန်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။

ထိုခေတ်အခါက အမျိုးသမီးများသည် မျက်နှာလိမ်းခရင်မ်နှင့် ရေမွှေးကဲ့သို့သော ပစ္စည်းများကို အသုံးပြုရသည်ကို သဘောကျကြောင်း သူ ခပ်ရေးရေး မှတ်မိနေ၏။

ယခင်က သူက ဤအမျိုးသမီး အသုံးအဆောင်များကို လုံးဝ စိတ်ဝင်စားမှု မရှိခဲ့သော်လည်း ယခုအခါတွင် အခြေအနေများ ပြောင်းလဲသွားပြီဖြစ်ရာ ချီလန်ကိုလည်း ကောင်းမွန်သော ဘဝတစ်ခု ခံစားစေချင်သည်။

"ကိုယ် မင်းအတွက် မျက်နှာလိမ်းခရင်မ် ဒါမှမဟုတ် ကမာဆီ လိမ်းဆေးလေး ဝယ်ပေးချင်လို့... အဲဒါက အမျိုးသမီးတွေရဲ့ အသားအရေကို ပိုကောင်းစေတယ်လို့ ကြားတယ်..."

လဲ့ချန်က စမ်းသပ်ကြည့်သည့် သဘောဖြင့် မေးလိုက်၏။

ချီလန်၏ မျက်နှာက မှည့်နေသော ပန်းသီးတစ်လုံးကဲ့သို့ ချက်ချင်းပင် နီရဲသွားသည်။

ဘဝက အလွန်ကျပ်တည်းနေချိန်တွင် ဤအရာများအကြောင်းကို သူမ တစ်ခါမှ မတွေးဖူးခဲ့ချေ။

ဝဝလင်လင် စားရပြီး နွေးနွေးထွေးထွေး နေရခြင်းကပင် ကောင်းချီးတစ်ခုဖြစ်နေပြီ ဖြစ်၏။

"မလိုပါဘူး... တကယ် မလိုပါဘူး... အဲဒီဟာတွေက သိပ်စျေးကြီးတာ... ပိုက်ဆံတွေကို နောက်မှ သုံးဖို့ ချန်ထားပါ..."

ချီလန်က ဆက်လက် ငြင်းဆန်နေဆဲပင်။ သူမက ချွေတာစွာ နေထိုင်တတ်နေပြီ ဖြစ်သဖြင့် လဲ့ချန်၏ ရုတ်တရက် အပြောင်းအလဲကို လက်ခံရန် သူမအတွက် တကယ်ကို ခက်ခဲလှ၏။

လဲ့ချန်က သူ့ရှေ့မှ အမျိုးသမီးကို ကြည့်လိုက်သည်။ ကြမ်းတမ်းသော ဘဝ၏ ဒဏ်ရာဒဏ်ချက်များက သူမ၏ မျက်နှာပေါ်တွင် အမာရွတ်များ ထားရစ်ခဲ့သော်လည်း သူမ၏ မူလ အလှတရားကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ချေ။

အထူးသဖြင့် ယခု ရှက်သွေးဖြာနေသဖြင့် အနည်းငယ် နီရဲနေသော သူမ၏ ပါးပြင်များက သူမကို ပို၍ပင် ဆွဲဆောင်မှု ရှိစေ၏။

"လန်လန်... မင်းကို ကိုယ်ဆက်ပြီး ပိုက်ဆံ မချွေတာစေချင်တော့ဘူး... ကိုယ်တို့ရဲ့ ဘဝတွေက အခုကစပြီး ပိုပိုကောင်းလာတော့မှာ..."

လဲ့ချန်၏ အသံက နွေဦးလေညင်းလေးကဲ့သို့ ညင်သာနေပြီး ချီလန်၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။

"အရင်က ကိုယ်မှားခဲ့တာပါ... မင်းကို ဒုက္ခရောက်စေခဲ့တယ်..."

ချီလန်၏ လက်က အနည်းငယ် တုန်ယင်သွား၏။ လဲ့ချန်၏ ညင်သာသော လေသံနှင့် သူမ အနည်းငယ် အစိမ်းသက်သက် ဖြစ်နေသည်။

All Chapters