အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
၃၁။ လရောင်အောက်က သံစဉ်
ချင်းမင်ပွဲတော် (သင်္ချိုင်းကန်တော့ပွဲ) နီးကပ်လာပြီ ဖြစ်၏။
ယခုခေတ်တွင် လူများမှာ အယူအဆ အစွဲများပိတ်ပင်ထားသည်ဖြစ်ရာ ပိုမိုသတိထားနေထိုင်ကြသော်လည်း လူတိုင်းတွင် ဆွေမျိုးသားချင်းများ ရှိကြသည်ဖြစ်၍ လူအများအပြားမှာ စက္ကူငွေများကို တိတ်တဆိတ် မီးရှို့နေကြဆဲဖြစ်သည်။ ယခင်နှစ်များတွင် အဘွားကြီးကျောက်သည် တိတ်တဆိတ် သွားရောက်ဝယ်ယူလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ချန်ချင်းယွီကိုယ်တိုင် သွားရန် ဆုံးဖြတ်လိုက်၏။
အဘွားကြီးကျောက်၏ ကပ်စေးနှဲတွန့်တိုတတ်သော သဘာဝကို သိထားသဖြင့် သူမ ဝယ်လျှင် အများကြီးဝယ်မည်မဟုတ်ဟု ချန်ချင်းယွီ တွေးမိသည်။ ထို့ကြောင့် သူမ၏ မိခင်၊ အဘိုးအဘွားနှင့် ဦးလေးတို့အတွက် ပိုဝယ်ပြီး မီးရှို့ပေးချင်နေသည်။ လူများမှာ ကွယ်လွန်သွားကြပြီဖြစ်သော်လည်း ကျန်ရစ်သူများမှာမူ မိမိတို့၏ သံယောဇဉ်များကို ဖော်ပြရန်အတွက် တစ်ခုခုပြုလုပ်ပေးဖို့လိုအပ်နေဆဲပင်။
ခေတ်သစ်ဘဝတွင် မိဘမဲ့တစ်ဦးဖြစ်ခဲ့သည့် ချန်ချင်းယွီသည် သင်္ချိုင်းသို့သွားခြင်း သို့မဟုတ် စက္ကူငွေမီးရှို့ခြင်းမျိုး တစ်ခါမျှ မလုပ်ခဲ့ဖူးပေ။ ဤသည်မှာ သူမအတွက် ပထမဆုံးအကြိမ် အမှန်တကယ် ဖြစ်နေသောကြောင့် တစ်မျိုးတစ်ဖုံ ခံစားနေရ၏။
သူမမှာ အသက်ငယ်လွန်း၍ သို့မဟုတ် အတွေ့အကြုံမရှိ၍ မဟုတ်ဘဲ ထိုအရာများကို တစ်ခါမျှ မလုပ်ခဲ့ဖူးခြင်းကြောင့်တည်း။
သို့သော်လည်း ချင်းမင်ပွဲတော် နီးကပ်လာသည်နှင့်အမျှ လူအများအပြားမှာ ဤကိစ္စရပ်များကို စောင့်ကြည့်နေကြသည်။
ဘာအကျိုးအမြတ်မှ မရလျှင်တောင် သူတစ်ပါးကို စိတ်မသက်မသာဖြစ်အောင် လုပ်တတ်သည့် ဖားတတ်သော လူစားမျိုးများ အမြဲရှိနေတတ်၏။
နံနက်စောစောအချိန်တွင်...
ချန်ချင်းယွီမှာ အဘွားကြီးကျောက်ကို မေးမြန်းလိုက်သည်။
"အမေ ဘယ်လောက်လိုလဲ? ကျွန်မ တစ်ခါတည်း ဝယ်လာပေးမယ်"
အဘွားကြီးကျောက်က ခေါင်းခါရင်း
"မလိုဘူး! အဲ့ဒီ သေနာကြီးက မိသားစုကို ဘာမှ မစောင့်ရှောက်ဘူး။ ဒီနှစ် ငါ ဘာမှ မရှို့တော့ဘူး။ သူ့ကို ပိုက်ဆံမပေးသင့်ခဲ့တာ၊ သူ့ဘာသာ ငတ်နေပါစေ။ ပိုက်ဆံယူပြီး ဘာမှမလုပ်ပေးဘူး ငါတော့ ပိုက်ဆံကုန် သက်သာတာပေါ့။ သူက တကယ့်ကို လူလိမ်ကြီးပဲ"
ချန်ချင်းယွီ နှုတ်ခမ်းများ တွန့်လိမ်သွားမိကာ “ဪ” ဟုသာ အာမေဍိတ်သံ ထွက်နိုင်ပြီး မိမိ၏ ယောက္ခမှာ တစ်ခုခုတော့ တစ်ခုခုပင်ဟု တွေးတောလိုက်မိ၏။
အဘွားကြီးကျောက်: "နင် အပြင်သွားဝယ်တဲ့အခါ ကလေးတွေကို ခေါ်မသွားနဲ့၊ မဟုတ်ရင် ထွက်ပြေးရတာ ခက်လိမ့်မယ်။ ဒါ့အပြင် ကလေးနှစ်ယောက်နဲ့ဆိုရင် လူများတော့ သိပ်သိသာလွန်းတယ်"
ချန်ချင်းယွီ: "ကျွန်မ သိပါတယ်"
အဘွားကြီးကျောက်မှာ ဆက်၍
"အပြင်ထွက်ရင် ငါတို့ဝင်းထဲက လူတွေကို သတိထားဦး။ လူတိုင်းက ကွယ်ရာမှာ ခိုးလုပ်နေကြတာဆိုပေမဲ့ ဘယ်သူကမှ နောက်ကျောကို ဓားနဲ့မထိုးဘူးလို့ မပြောနိုင်ဘူး"
ချန်ချင်းယွီ ထပ်မံခေါင်းငြိမ့်ပြလိုက်သည်။
အဘွားကြီးကျောက်သည် ပါးစပ်မှနေ၍ တတွတ်တွတ်မှာနေသော်လည်း အမှန်တကယ်တွင်မူ သူမသည် ချန်ချင်းယွီကို တော်တော်လေး ယုံကြည်နေ၏။ ချန်ချင်းယွီမှာ မျက်နှာနှစ်မျိုးရှိပြီး ရူးကြောင်ကြောင်နိုင်သော မိန်းမတစ်ဦးဖြစ်သော်လည်း ကိစ္စအဝဝကို ကိုင်တွယ်ရာတွင်မူ အလွန်ထိရောက်ပြီး ပြတ်သားသူဖြစ်သည်။ ထို့အပြင် အဘွားကြီးကျောက် ဝန်မခံချင်သော်လည်း ချန်ချင်းယွီ၏ နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်ပုံရသော ရုပ်ရည်သည် လူအများကို လှည့်စားနိုင်သည်ကိုတော့ အသိအမှတ်ပြုရမည်ဖြစ်၏။
ဒါက တကယ်ကို ရယ်စရာကောင်းလိုက်တာ!
‘မိမိကဲ့သို့ ပွင့်လင်းရိုးသားပြီး စိတ်ထားဖြောင့်သူကျတော့ အမြဲတမ်း သံသယအကြည့်ခံနေရပြီး၊ ဟန်ဆောင်ကောင်းသည့် ထိုအရူးမကျမှ ဘာကြောင့် လူတိုင်းယုံကြည်မှုကို ရနေရတာလဲ တရားမျှတမှုကိုမရှိဘူး!’
ဟွန်း!
ကံကောင်းထောက်မစွာဖြင့် ထိုအရူးမသည် သရုပ်ဆောင်ကောင်းသော်လည်း သူမ၏ မိသားစုဝင်ဖြစ်နေသဖြင့် မိသားစုသည်ကား နစ်နာမည်မဟုတ်ပေ။ အပြင်လူအားလုံး သူမ၏ လှည့်စားမှုကို ခံနေရသည်ကို တွေးမိသောအခါ အဘွားကြီးကျောက်သည် လူအများ မူးနေချိန်တွင် သူမတစ်ယောက်တည်းသာ သတိရှိနေသကဲ့သို့ ကျေနပ်အားရမှုကို ခံစားလိုက်ရသည်။
ပူအိုက်သော နွေရာသီတွင် ရေခဲမုန့်စားရသလိုမျိုး သို့မဟုတ် အလွန်အေးသော ဆောင်းရာသီတွင် မီးဖိုဘေး၌ ထိုင်နေရသလိုမျိုး ရင်ထဲတွင် တကယ်ကို နေလို့ကောင်းသွား၏။
အမှန်တရားအားလုံးကို သူမတစ်ယောက်တည်းသာ သိနေသည်မဟုတ်ပါလား။
အဘွားကြီးကျောက်သည် နံနက်စောစောစီးစီး တခိခိရယ်မောရင်း လက်နှစ်ဖက်ကို အိတ်ကပ်ထဲထည့်ကာ အလုပ်သွားရန် ထွက်ခွါသွားလေတော့၏။
ယနေ့ သူမသည် စက်ရုံသို့သွားကာ အဘိုးကြီးကျန်း သူမကို ကြိုက်နေသည့်အကြောင်း သတင်းဖြန့်ေတာ့မည်။
ဟွန်း..ငါပြောပစ်လိုက်မယ် အဘိုးကြီးကျန်း!! ငါ့လက်က လွတ်မယ်မထင်နဲ့!
ယုံကြည်မှုအပြည့်နှင့် မနက်စောစောစီးစီး ထွက်ခွါလာသော အဘွားကြီးကျန်းမှာ လမ်းတွင် လီချန်ရွှမ်းတစ်ယောက်နှင့် တိုးမိလေသည်။ လီချန်ရွှမ်းက တစ်ချက်တုံ့သွားပြီးနောက် သူမကို ကြည့်ကာ ခါးသီးသော အပြုံးဖြင့် ပြုံးပြလိုက်၏။ အဘွားကြီးကျောက်မှာ ဂုဏ်ယူဝင့်ကြွားစွာ နှာခေါင်းတစ်ချက်ရှုံ့ပြီး မေးကို မော့ကာ ခပ်ပါးပါးလေး ပြုံးနေလေသည်။
သူမကတော့ တကယ့်ကို ထူးခြားဆန်းပြားလွန်းသူပင်…
ပုံမှန်ဆိုလျှင် သူတို့နှစ်ဦးမှာ အတူတူ လမ်းလျှောက်လေ့မရှိသော်လည်း ယနေ့တွင် ဆုံမိကြသဖြင့် အလိုအလျောက်အတိုင်း အတူတူသွားရန် ဆုံးဖြတ်လိုက်ကြ၏။
"လီလေး! နင့်ကို မနက်ပိုင်းတွေမှာ တစ်ခါမှ မမြင်မိပါလား။ နင်က ငါ့လောက် ဘယ်တော့မှ မစောဘူး။ ငါကတော့ အလုပ်အပေါ် တကယ့်ကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားတဲ့သူလေ။ ငါ့မှာ အမြဲတမ်း ယုံကြည်ချက်တစ်ခု ရှိတယ်၊ အဲ့ဒါကတော့ 'ပြည်သူ့အတွက် အလုပ်အကျွေးပြုဖို့' ပဲ။ အလုပ်တွေ တတ်နိုင်သလောက် အများကြီး ပြီးချင်တာမို့ ငါက အမြဲတမ်း စောစောထွက်လေ့ရှိတယ်"
လီချန်ရွှမ်း: "..."
‘ကျုပ်တို့သာ ထမင်းစားဆောင် တစ်ခုတည်းမှာ အတူတူ အလုပ်လုပ်နေကြတာ မဟုတ်ရင် ခင်များကြီးရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ယုံမိမှာ အမှန်ပဲဗျာ..’
‘ဒါပေမဲ့ အခုတော့ ကျုပ်ယုံမယ် ထင်နေလား!!’
လီချန်ရွှမ်း ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အဘွားကြီးကျောက်မှာ သူမကိုယ်သူမ အပြည့်အဝ ယုံကြည်နေပြီး သူမ၏ ဂုဏ်ယူလွန်းနေသော မျက်နှာပေးကို ကြည့်ရသည်မှာပင် တော်တော်လေး အခံရခက်လှသည်။
ထိုမျှတင်မကသေး ယခင်နေ့မှ အဘိုးကြီးကျန်း သူမကိုကြိုက်နေသည်ဟူသော ကိစ္စရပ်ကြောင့် ဆိုရမည်လားမသိ၊ အဘွားကြီးကျောက်မှာ အလွန်အမင်း ယုံကြည်ချက်များ မြင့်မားနေကာ
"ဒါပေမဲ့ နင် ငါနဲ့ အတူတူ လမ်းလျှောက်လေ့ မရှိတာကပဲ ကောင်းပါတယ်။ မဟုတ်လို့ အမြဲတမ်း အတူတူ သွားနေကြရင် ကောလာဟလတွေ ထွက်လာရင် ဘယ်လိုလုပ်မလဲ? နင့်မှာက မိသားစုနဲ့၊ ငါကတော့ အဲ့ဒီလို အရှက်ကွဲရမယ့် အဖြစ်မျိုးကို အဖြစ်မခံနိုင်ဘူး"
လီချန်ရွှမ်း: "!!!"
သူ့မျက်လုံးအိမ်များမှာ အံ့အားသင့်လွန်းသဖြင့် ပြူးကျယ်သွားရသည်!
နေပါဦး၊ မဟုတ်သေးပါဘူး!
နေပါဦး၊ မဟုတ်သေးဘူးဆို!
ခင်ဗျား... ခင်ဗျား... ခင်ဗျားကြီးကလေ!
ခင်ဗျားရဲ့ အဲ့ဒီ ယုံကြည်မှုတွေက ဘယ်ကနေ ရောက်လာတာလဲ!!
ဒီလောက်ကြီးမားတဲ့ ယုံကြည်မှုတွေ ဘယ်ကနေ ရောက်လာတာလဲဗျာ…
ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူလို့ ထင်နေတာလဲ!!
လီချန်ရွှမ်း အဘွားကြီးကျောက်ကို ကြည့်ပြီး ရင်ထဲမှာတင် အော်ဟစ်ညည်းတွားမိ၏။
တကယ်ပါပဲ... တကယ်ပါပဲ... ကျုပ်သာ မျက်စိကန်းမနေရင် ခင်များကို စိတ်ဝင်စားဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စပဲ!
"အော့... အု..."
အဘွားကြီးကျောက်
မျက်မှောင်ကြုတ်လိုက်ပြီး
"နင် ဘာဖြစ်နေတာလဲ? နံနက်စောစောစီးစီး ဘာလို့ အော့အန်နေရတာလဲ? တခြားလူတွေသာဆို နင် ကိုယ်ဝန်ရှိနေတယ်လို့ ထင်ကြဦးမယ်"
လီချန်ရွှမ်း: "!!!"
သူ့မျက်လုံးများ နောက်တစ်ကြိမ် ထပ်ပြူးသွားရပြန်သည်!
လီချန်ရွှမ်းမှာ ဖျစ်ညှစ်ရယ်မောလိုက်ပြီး တောင်းပန်လိုက်ရသည်။
“ဒေါ်လေးကျောက် ဟာသတွေမလုပ်ပါနဲ့ဗျာ”
သူသည် စကားပြောရင်း နောက်သို့တိတ်တဆိတ် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။
အဘွားကြီးကျောက်: "ဟဲ့... နင် အခု ဘာလုပ်နေတာလဲ!"
ဒီလူကတော့ ရှောင်ဖယ်ရှောင်ဖယ်နဲ့ လုပ်နေတာ ယောက်ျားတစ်ယောက်နဲ့တောင် မတူတော့ဘူး…
သို့တိုင် လီချန်ရွှမ်း၏ အပြုအမူများမှာ နဂိုကပင် ယောကျာ်းတစ်ယောက်အလား ပြုမူမနေရာ အဘွားကြီးကျောက်မှာ တုတ်ထိုးအိုးပေါက် ပြောချလိုက်ပြန်သည်။
"အမလေး... နင်သာ နင့်ဘာသာနင် ကိုယ်ဝန်ရနိုင်တယ်ဆိုရင် သဘာဝအတိုင်း မွေးနိုင်မှာပေါ့၊ ဒါဆိုရင် ပိုတောင် လွယ်သေးတာပေါ့"
အဘွားကြီးကျောက်မှာ လီချန်ရွှမ်းကို မိန်းမအိမ်၌သမက်တက်၍ အလကားစားပြီး ဟန်ကိုယ်ဖို့ လုပ်နေသူဟု သတ်မှတ်ကာ အမြင်ကတ်နေခြင်းဖြစ်၏။
ဟွန်း! ရွံစရာကောင်းလိုက်တာ!
လီချန်ရွှမ်း: "..."
ဒီအဘွားကြီးကတော့ တကယ့်ကို ဒုက္ခပဲ!
သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ထပ်ဆုတ်လိုက်ပြန်သည်။ လူများမှာ ရှေ့ကိုလျှောက်ကြသော်လည်း သူခမျာနောက်ပြန်လျှောက်နေရသည်—ဤကဲ့သို့သော အဖြစ်မျိုး တစ်ခါမှ မကြားဖူးပေ။
အဘွားကြီးကျောက်မှာ ပို၍ပင် ရွဲ့စောင်းပြောဆိုလာ၏။
"နင် ငါ့ထက် အမြဲတမ်း နောက်ကျနေတာ မဆန်းပါဘူး။ နင့်ရဲ့ လမ်းလျှောက်ပုံကလည်း နည်းနည်းတော့ ထူးဆန်းသားပဲ! အို... နေပါဦး၊ နင် ဒီလောက်တောင် တွန့်ဆုတ်နေပုံထောက်ရင်... နင် ငါ့ကို တိတ်တဆိတ် သဘောကျနေပြီး အပြင်မှာ ထုတ်မပြောရဲတာများလား?"
လီချန်ရွှမ်းသည် ထိုစကားကြောင့် ခြေချော်သွားပြီး ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ 'ဗုန်း' ခနဲ လဲကျသွားလေတော့သည်။
အဘွားကြီးကျောက်: "အလိုလေး... နင် ဘာဖြစ်သွားတာလဲ...???"
သူမသည် ထူးထူးခြားခြား လီချန်ရွှမ်းကို ကူညီရန် ကြိုးစားလိုက်သော်လည်း သူမ၏လက်မှာ သူ့ကို မထိရသေးခင်မှာပင် လီချန်ရွှမ်း အလန့်တကြား အော်ဟစ်လိုက်၏။
"အနားမလာနဲ့! ကျုပ်ကို မထိနဲ့! ကျုပ်ဘာသာ ကျုပ်ထနိုင်တယ်!!!"
မထနိုင်ရင်တောင် ထနိုင်အောင် ကြိုးစားရမည်!
သူသည် အဘွားကြီးကျောက်ကို ပေးမထူရဲပေ၊ သူ၏ အပြစ်ကင်းစင်မှုကို အညစ်အကြေး အတင်မခံနိုင်ပေ!! လီချန်ရွှမ်းဆိုသည့် အမည်မှာ အနည်းငယ် တောဆန်သံပေါက်နေသော်လည်း သူ့ရုပ်ရည်မှာ တော်တော်လေး ချောမောသည်ကိုမူ မေ့ထား၍မရပေ။ အမှန်တွင် သူသည် တခြားမြို့မှ ပြောင်းရွှေ့လာသည့် ဒုက္ခသည်တစ်ဦးသာ ဖြစ်သော်လည်း ဇနီးသည်ဘက်မှ မိသားစုနှင့် အတူနေထိုင်နိုင်သည့် သားမက်တစ်ဦး ဖြစ်လာခဲ့သည်။ လင်စန်းရှင်း၏ မိသားစုမှာ ဒေသခံ အလုပ်သမားလူတန်းစား ဖြစ်ပြီး သူမကိုယ်တိုင်လည်း အထက်တန်း ကျောင်းတက်နိုင်သူဖြစ်၏။ ထိုသို့မိသားစုမှာ လီချန်ရွှမ်းကို ရွေးချယ်ခံခဲ့ရခြင်းမှာ အကြောင်းရင်း တစ်ခုခုတော့ ရှိရမည် မဟုတ်လော့။
မိန်းမဘက်မှအိမ်သို့ လိုက်နေရသည့် သားမက်ဖြစ်လာသူတိုင်းသည် ယေဘုယျအားဖြင့် ရုပ်ရည်သန့်ပြန့်ကြသည်။
‘မဟုတ်ရင် သူတို့က မင်းဆီက ဘာကို လိုချင်မှာလဲ? ဆင်းရဲတာလား? ရုပ်ဆိုးတာလား? စာမတတ်တာလား? ဒါမှမဟုတ် စကားကောင်းကောင်း မပြောတတ်တာလား?’
ရုပ်ရည်ပေါ့ဟ!! ရုပ်ရည်!!
အကြောင်းရင်း တစ်ခုခုတော့ ရှိကိုရှိရမည်!
လီချန်ရွှမ်းသည် အတော်လေး ရုပ်ရည်သန့်ပြန့်သူဖြစ်ပြီး မိမိကိုယ်ကိုယ် အမြဲတမ်း သပ်သပ်ရပ်ရပ်နှင့် သန့်သန့်ရှင်းရှင်း နေတတ်သူဖြစ်၏။ အခြားသူများမှာ စည်းကမ်းမရှိ ပေတေနေတတ်သည့် ထမင်းစားဆောင်တွင် မီးဖိုချောင်ကူညီသူအဖြစ် အလုပ်လုပ်နေရသော်လည်း လီချန်ရွှမ်းမှာမူ အလုပ်ဆင်းတိုင်း အမြဲတမ်း သပ်သပ်ရပ်ရပ် ပြန်ပြင်လေ့ရှိသည်။ သူ၏သမီးဖြစ်သူ လီလင်းလင်းနှင့် အဘွားကြီးကျောက်၏သားဖြစ်သူ ကျန့်ဝမ်တို့မှာ အသက်အရွယ် အလွန်အမင်း ကွာခြားခြင်းမရှိသဖြင့် ယေဘုယျအရဆိုလျှင် အဘွားကြီးကျောက်နှင့် လီချန်ရွှမ်းတို့မှာ အသက်ချင်း နီးစပ်သင့်၏။ သို့သော် အမှန်တကယ်တွင်မူ ထိုသို့မဟုတ်ဘဲ သူတို့နှစ်ဦးမှာ အသက် (၁၀) နှစ်ခန့် ကွာခြားကြသည်။
သူ၏ ဝါစဉ်အရ လူတိုင်းမှာ သူ့ကို ဦးလေးလီဟု ခေါ်ကြသော်လည်း အမှန်စင်စစ် သူသည် ရွှီကောင်းမင်၊ အဘိုးကြီးကျန်းနှင့် အဘွားကြီးကျောက်တို့ထက် အတော်လေး အသက်ငယ်သူဖြစ်၏။
အဘွားကြီးကျောက်သည် လင်းကျန့်ဝမ်ကို မွေးဖွားချိန်တွင် အသက်သိပ်မငယ်တော့ပေ။ တစ်ဖက်တွင်လည်း လီချန်ရွှမ်းသည် အိမ်ထောင်စောစောကျကာ ကလေးစောစောရခဲ့သဖြင့် အဘွားကြီးကျောက်နှင့် လီချန်ရွှမ်းတို့မှာ အသက်ချင်း မတူညီကြခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးကြား ကောလာဟလတစ်ခုခု ထွက်လာမည်ဆိုလျှင် လီချန်ရွှမ်းမှာ အကြီးအကျယ် ဒေါသထွက်ရပေလိမ့်မည်။
သူ၏ ကောင်းမွန်သော ဂုဏ်သတင်းမှာ လုံးဝကို အမည်းစက် အတင်မခံနိုင်ပေ။
"ဒေါ်လေးကျောက်... အရင်သွားနှင့်ပါ၊ အရင်သွားနှင့်ပါ။ ကျုပ်လဲကျသွားလို့ နည်းနည်းနာနေလို့ပါ၊ ဖြည်းဖြည်းပဲ လျှောက်ပါတော့မယ်"
အဘွားကြီးကျောက်: "နင်ကတော့..."
သူမ လီချန်ရွှမ်းကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်၏။
လီချန်ရွှမ်း: "အရင်သွားနှင့်ပါ၊ အလုပ်နောက်ကျနေပါဦးမယ်"
အဘွားကြီးကျောက်သည် အိမ်နီးနားချင်းများအပေါ် အထူးတလည် ဖော်ရွေတတ်သူမျိုး မဟုတ်သဖြင့် ခေါင်းညိတ်ပြကာ ထွက်ခွါသွားလေသည်။
"အေးအေး၊ ဒါဆို ငါ အရင်သွားနှင့်ပြီ"
အဘွားကြီးကျောက် သူစကားကို နားထောင်ပြီး ထွက်သွားသည်ကို မြင်သောအခါမှ လီချန်ရွှမ်းမှာ သက်ပြင်းချနိုင်ရှာ၏။ သို့သော် သူ စိတ်အေးလိုက်ရသည်မှာ စောလွန်းသွားသည်။ အဘွားကြီးကျောက်သည် သူထက်အရင် ထမင်းစားဆောင်သို့ ရောက်နှင့်နေပြီး လက်လှမ်းပြလိုက်ရာ အဘွားကြီးစွန်းမှာ အပြေးအလွှား ရောက်လာကာ စပ်စုလေ၏။
"နင်တို့ဝင်းထဲမှာ ပြန်ပြီး စည်ကားနေပြန်ပြီလား?"
အစပိုင်းတွင် အဘွားကြီးကျောက်ကို သဘောမကျခဲ့သည့် အဘွားကြီးစွန်းသည် ရက်အနည်းငယ်မျှ အတင်းအဖျင်း ပြောဖြစ်ကြပြီးနောက်တွင်မူ သူမနှင့် ဘဝများစွာက ရင်းနှီးသော သူငယ်ချင်းများနှယ် ဖြစ်သွားကြသည်။
အဘွားကြီးကျောက်: "ကဲ... ငါ ပြောပြမယ်..."
သူမ စကားမဆုံးသေးခင်မှာပင် နောက်ထပ် အမျိုးသမီးတစ်ဦးဖြစ်သူ အစ်မရွှီက ကြားဖြတ်၍
"ဟဲ့... နင်က လီချန်ရွှမ်းနဲ့ တစ်ဝင်းတည်း နေတာမဟုတ်လား၊ အခုလည်း နင်က သူ့ထက်အရင် ရောက်နေပါလား..."
အဘွားကြီးကျောက်မှာ ခပ်ပါးပါးလေး ပြုံးလိုက်ရာ လူတိုင်း ခဏတာ ငြိမ်ကျသွားပြီးနောက် "ဘာဖြစ်လို့လဲ? နင် ဘာသိထားလို့လဲ?" ဟု အလုအယက် မေးကြတော့သည်။
"အေးလေ၊ ပြောပြစမ်းပါဦး"
အဘွားကြီးကျောက် တခိခိရယ်ရင်း အတင်းအဖျင်းများ ဖြန့်ဝေလေ၏။
"ဒီမနက် ငါတို့ ဝင်းထဲကနေ အတူတူ ထွက်လာကြတာလေ၊ စက်ရုံကိုတောင် မရောက်သေးဘူး၊ အဲ့ဒီ လူရှုပ်က ခြေချော်ပြီး မှောက်ရက်ကြီး လဲကျသွားရော။ မြေပြင်က ညီညီလေးပါပဲ၊ ငါကိုယ်တိုင် ကြည့်နေတာ။ ဘာအတားအဆီးမှ မရှိဘဲနဲ့ သူ့ခြေထောက်တွေက ခွေကျသွားပြီး လဲသွားတာပဲ။ ငါ့အထင်တော့ သူ မနေ့ညက တော်တော်လေး အားသွန်ခွန်စိုက် လုပ်လိုက်ပုံရတယ်၊ အားအင်တွေ အကုန်ကုန်ခမ်းသွားတာ နေမှာပေါ့"
ထိုအခါ အဘွားကြီးများမှာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ကြပြီး အခြေအနေကို ကောင်းကောင်းကြီး နားလည်သွားကြသည်။
"သူက သားရဖို့အတွက် တကယ့်ကို အားမာန်အပြည့်နဲ့ ကြိုးစားနေတာပဲ။ ငါတို့ ထမင်းစားဆောင်က အစားအသောက်တွေကို ကြည့်ဦး၊ မဆိုးပါဘူး။ သူလည်း အတူတူ စားနေတာပဲ၊ ဒါပေမဲ့ သူကတော့ ပိန်ညှော်နေတာပဲ။ ညဘက်တွေမှာ သားရဖို့အတွက် အလုပ်ကြိုးစားလွန်းလို့ အားအင်တွေ ကုန်နေတာ ဖြစ်ရမယ်"
"သူ့ခန္ဓာကိုယ်ကတော့ အားပြတ်နေပြီပေါ့"
"ဟုတ်တယ်၊ ဟုတ်တယ်"
အဘွားကြီးများမှာ ဘာအရှက်အကြောက်မှ မရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုနေကြသဖြင့် အသက်အနည်းငယ် ငယ်သူများမှာမူ ဝင်မပြောရဲဘဲ ရှက်ကိုးရှက်ကန်း ဖြစ်နေကြသည်။ လီချန်ရွှမ်း ထမင်းစားဆောင်သို့ ရောက်လာသောအခါတွင်မူ လူတိုင်း သူ့ကို ဝိုင်းကြည့်ကြလေ၏။
လီချန်ရွှမ်း: "???"
သူ လန့်သွားပြီးမှ အတင်းပြုံးကာ
"ကျွန်တော် နောက်မကျသေးဘူး မဟုတ်လား?"
"မကျသေးပါဘူး"
"မကျသေးဘူး"
လူတိုင်း တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြကာ အဘွားကြီးစွန်းမှာ စတင်ပြောကြားလိုက်၏။
"လီလေး... မင်းက အသက်လတ်ပိုင်း အရွယ်ကောင်းတုန်းမို့ အားအင်တွေ ရှိတယ်ဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံ အသုံးမချသင့်ဘူး။ ရှေးလူကြီးတွေ ပြောတဲ့ စကား မကြားဖူးဘူးလား? 'လယ်ကွင်းက ဘယ်တော့မှ ပျက်စီးမသွားဘူး၊ လယ်ထွန်တဲ့ နွားပဲ အလုပ်ပင်ပန်းပြီး သေသွားတတ်တာ' တဲ့။ ဖြည်းဖြည်းချင်းပဲ လုပ်ပါ။ မင်းရဲ့ ခြေထောက်တွေက ဘယ်လောက်တောင် အားနည်းနေလဲဆိုရင် မှောက်ရက်ကြီး လဲကျတဲ့အထိ ဖြစ်နေပြီ၊ ဒါကတော့ မဖြစ်သင့်ဘူး"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ကြည့်ဦး... မင်း ဘယ်လောက်တောင် ပိန်သွားပြီလဲ။ လူပျိုလူရည်သန့် အရွယ်ကောင်းတုန်းမှာတောင် ဒီလိုမျိုး မဆင်မခြင် မလုပ်သင့်ဘူး"
"မှန်တာပေါ့!"
လီချန်ရွှမ်း: "…………………………???"
သူမ ဆိုလိုသည့်အဓိပ္ပာယ်ကို သူ ချက်ချင်းသဘောပေါက်သွားပြီး မျက်နှာတစ်ခုလုံး ရဲခနဲ ဖြစ်သွားကာ စိတ်ထဲမှနေ၍ အဘွားကြီးကျောက်ကို ကျိန်ဆဲပစ်လိုက်သည်။
သူမပဲ... ဒါ အသေအချာကို သူမလက်ချက်ပဲ! အဲ့ဒီ ပါးစပ်သရမ်းတဲ့ အဘွားကြီးကတော့ တကယ့်ကို ရူးနေတာပဲ!
လီချန်ရွှမ်း: "ခင်ဗျားတို့ နားလည်မှုလွဲနေတာပါ၊ တကယ်ကြီး နားလည်မှုလွဲနေတာ... ကျွန်တော်က..."
"ရှင်းပြမနေပါနဲ့တော့၊ ဘာတွေ နားလည်မှုလွဲစရာ ရှိလို့လဲ? ငါတို့လည်း ငယ်ရာက ကြီးလာကြတာပဲ၊ အကုန်လုံး နားလည်ပါတယ်"
"ဟုတ်တာပေါ့"
အဘွားကြီးအချို့ဆိုလျှင် သူ၏ ခန္ဓာကိုယ်အောက်ပိုင်းကိုပင် အကဲခတ်သည့် အကြည့်ဖြင့် ကြည့်လိုက်ကြသေးသည်။
ဟင်း... လီချန်ရွှမ်းက ဒီလောက်တောင် ပိန်လှီနေတာ၊ သိပ်ပြီး သန်မာပုံမရဘူး။ ဒါကြောင့်လည်း သားမရနိုင်တာ နေမှာပေါ့ မထူးဆန်းပါဘူး…
လီချန်ရွှမ်းသည် နှုတ်ခမ်းကို လှုပ်ရုံမျှသာ လှုပ်နိုင်ရှာပြီး ထပ်မံရှင်းပြချင်သော်လည်း ခဏမျှ စဉ်းစားပြီးနောက် ခါးသီးစွာ ပြုံးလိုက်ရုံမှတစ်ပါး ဘာမှ ဆက်မပြောတော့ပေ။ ကံကောင်းထောက်မစွာဖြင့် ဤကောလာဟလများမှာ အလွန်အမင်း ပြင်းထန်ခြင်းမရှိပေ။ မဟုတ်လျှင် သူ အကြီးအကျယ် ဒေါသထွက်မိမည်မှာ အသေအချာပင်။
ဒီမနက် အဘွားကြီးကျောက်နှင့် အတူတူ လမ်းလျှောက်မိရအောင် ဘာအပြစ်တွေများလုပ်ခဲ့မိပါလိမ့်!!
သူ ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ?
တောက်!
ကံကိုက ဆိုးလွန်းတာ!
လီချန်ရွှမ်းသည် အဘွားကြီးကျောက်ကို အမြဲတမ်း သဘောမကျခဲ့သူဖြစ်ပြီး ယခုအခါတွင်မူ ပို၍ပင် သဘောမကျ ဖြစ်သွားရလေသည်။
သူမကတော့ တကယ့်ကို ဘယ်သူ့စကားမှ နားမထောင်ဘဲ ခေါင်းမာလွန်းတဲ့ သောက်အဘွားကြီး…
အဘွားကြီးကျောက်မှာ ဘာမှမသိရှာပေ၊ သို့သော် အဖြစ်မှန်ကို သိသူတိုင်းသည် သူမမှာ လီချန်ရွှမ်းကို တမင်တကာ ရန်စလို၍ မဟုတ်ဘဲ အမှန်တကယ် ထိုသို့ ထင်မြင်မိခြင်းဖြစ်ကြောင်း သူမဘက်မှ မဖြစ်မနေ ရှေ့နေလိုက်ပေးရပေလိမ့်မည်။
မဟုတ်လျှင်... သူ အဘယ်ကြောင့် ရုတ်တရက် ခြေကုန်လက်ပန်းကျပြီး ဒူးခွေကျသွားရသည်ကို မည်သူကများ ရှင်းပြနိုင်မည်နည်း။
လီချန်ရွှမ်းသည် အဘွားကြီးကျောက်ကို အကြီးအကျယ် အမြင်ကတ်နေပြီဖြစ်၏။ သူ၏ မျက်လုံးများက ဟိုဟိုဒီဒီ ကစားနေပြီးနောက်
"ဒေါ်လေးကျောက်... မနေ့က ရန်ဖြစ်ထားတာ ဘယ်လိုလဲ? နေလို့ကောင်းရဲ့လား? နာနေသေးလား?"
ဟဲဟဲ... သူခမျာ အဘွားကြီးကျောက်ကို တကယ်ပင် အရှက်ခွဲလိုက်နိုင်ပြီဟု ထင်နေရှာသည်။
သူသည် ရေဖန်ခွက်ကို မပြီး လှောင်ပြုံး ခပ်ပါးပါးလေး ပြုံးလိုက်၏။
သို့သော် သူ၏စကားမှာ အခြေအနေကို ပို၍ပင် ဆိုးရွားသွားစေသည်။ သူ ထိုအကြောင်းကို ပြောလိုက်သည်နှင့် အဘွားကြီးကျောက်မှာ စိတ်လှုပ်ရှားစွာဖြင့် ပေါင်ကို 'ဖြန်း' ခနဲ ရိုက်လိုက်ပြီး အာမေဍိတ်သံဖြင့် ပြောချလိုက်၏။
"ပြောရဦးမယ်... ငါ့ရဲ့ ဖူးစာကတော့ တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ! ဒီအသက်အရွယ်ကြီးမှာတောင် ငါ့ကို လာပြီး သဘောကျနေတဲ့သူ ရှိသေးတယ်!"
လီချန်ရွှမ်းမှာ ပါးစပ်ထဲက ရေတွေပင် ပန်းထွက်သွားရလေသည်။
ဖူး !
အဘွားကြီးစွန်းနှင့် အခြားသူများမှာ "ဘာ...?!?"
တစ်ခဏအတွင်းမှာပင် ထမင်းစားဆောင်တစ်ခုလုံး တိတ်ဆိတ်သွားလေ၏။ ပျံသန်းလာသော ငှက် သို့မဟုတ် ယင်ကောင်တစ်ကောင်ပင် ထူးဆန်းနေမည်ဟု ထင်ရလောက်အောင်ကို တိတ်ဆိတ်သွားခြင်းဖြစ်သည်။
"တစ်ယောက်ယောက်က... နင့်ကို... သဘောကျနေတာလား?"
ထိုမေးခွန်းမှာ တကယ့်ကို ခြောက်ကပ်ကပ်နိုင်ပြီး နေရခက်လှသော မေးခွန်းပင်။
အဘွားကြီးကျောက် ရယ်မောရင်း
"ဟုတ်တာပေါ့! သူက ငါ့ကို သဘောကျနေတာ! ငါကိုယ်တိုင်လည်း ဒါမျိုး တစ်ခါမှ မမျှော်လင့်ထားဘူး။ သူက ငါ့ရဲ့ အာရုံစိုက်မှုကို ရဖို့အတွက် တမင်တကာ ရန်လာဖြစ်တာလေ။ ရန်ဖြစ်တာက ချစ်ခြင်းရဲ့ လက္ခဏာပဲဆိုတာ လူတိုင်းသိကြတာပဲ မဟုတ်လား! သူက ငါ့အနားကို ခဏခဏ ရောက်လာတယ်၊ ငါက ဂရုမစိုက်တဲ့အခါကျတော့ သူက ရန်စတော့တာပဲ။ ဒါဟာ အချစ်မဟုတ်ရင် ဘာဖြစ်နိုင်ဦးမလဲ?"
အာ...
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခဏမျှ ပြောစရာ စကားကုန်ခမ်းသွားကြသည်။
နင်ပြောနေတဲ့ အချက်တွေက တစ်ခုခုတော့ မဟုတ်သေးသလိုပဲ။
နင်က တကယ်ကြီး အဲ့ဒီလို ထင်နေတာလား?
အဘွားကြီးကျောက်: "နင်တို့လည်း ဒါမျိုး မမျှော်လင့်ထားကြဘူး မဟုတ်လား? အမလေး... ငါကိုယ်တိုင်လည်း မမျှော်လင့်ထားပါဘူး! အဲ့ဒီ အဘိုးကြီးက ဒီလို စိတ်ကူးမျိုး ရှိလိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး။ ဒါပေမဲ့ တစ်ယောက်ယောက်က ငါ့ကို သဘောကျတယ်ဆိုတာကလည်း သိပ်တော့ မထူးဆန်းပါဘူးလေ၊ ပြောရရင် ငါ့မှာကလည်း ကိုယ်ပိုင်ဆွဲဆောင်မှုလေးတော့ ရှိတာကိုး"
"အော့!"
"ဝေါ့~"
"အဟွတ် အဟွတ်... အဟွတ် ဟွတ် ဟွတ်..."
တစ်ယောက်တည်း အတင်းချောင်းဆိုးနေသူမှာ လီချန်ရွှမ်းပင် ဖြစ်သည်။
သူ ရေမသောက်ခဲ့သင့်ဘူး!
အဘွားကြီးကျောက်မှာ သူမ၏ မျက်လုံးမှေးလေးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း
"ဘာဖြစ်ကြတာလဲ? နံနက်စောစောစီးစီး ဘာလို့ အကုန်လုံး နေလို့မကောင်း ဖြစ်နေကြတာလဲ? မနေ့ညက ထမင်းကောင်းကောင်း မစားခဲ့ကြဘူးလား?"
"မဟုတ်ပါဘူး..."
"အဟွတ် ဟွတ် ဟွတ်!"
ဤအဘွားကြီး၏ မသိနားမလည်နိုင်မှုအပေါ် လူတိုင်း အကြီးအကျယ် တုန်လှုပ်သွားကြ၏။
မိမိကိုယ်ကိုယ် အထင်ကြီးလွန်းသူများကို မြင်ဖူးကြသော်လည်း ဤမျှလောက်ထိ အသိတရားကင်းမဲ့သူမျိုးကိုတော့ တစ်ခါမျှ မတွေ့ဖူးကြပေ။
ဤလူကတော့ တကယ့်ကို... တကယ့်ကို... တကယ်ပါပဲ...
သူမကို ဘယ်လို ဖော်ပြရမှန်းပင် ဘယ်သူမှ မသိတော့ပေ။
"အကြောင်းပြချက်မရှိဘဲ ယုံကြည်မှုလွန်ကဲနေသူ" ဟုပင် ခေါ်၍မရတော့။
အဘယ်ကြောင့်ဆိုသော် ဤအခြေအနေမှာ "ယုံကြည်မှု" ဆိုသည့် စကားလုံးတစ်လုံးတည်းနှင့် အကျုံးမဝင်တော့သောကြောင့်တည်း။
တကယ့်ကို ထူးဆန်းတဲ့လူပဲ!
အဘွားကြီးကျောက်: "ငါ တစ်ခါတစ်လေ ပြောလေ့ရှိသလိုပဲ၊ မိန်းမတစ်ယောက်အတွက် ရုပ်ချောဖို့က အရေးမကြီးဘူး၊ အရေးကြီးတာက စိတ်ဝင်စားဖို့ကောင်းတဲ့ ပင်ကိုယ်စရိုက်ရှိဖို့ပဲ၊ ငါကတော့ အဲ့ဒါရဲ့ စံပြဥပမာပေါ့။ မနေ့က မတိုင်ခင်အထိတော့ ငါ ဒါတွေကို မတွေးမိပါဘူး၊ ဒါပေမဲ့ အခုတော့ တစ်ယောက်ယောက်က ငါ့ကို တိတ်တဆိတ် တကယ် ချစ်နေတယ်ဆိုတာ ငါ သိသွားပြီ..."
"ဝေါ့..."
"ကျွန်မ... ကျွန်မ... အိမ်သာ သွားဦးမယ်"
"အလုပ်တွေ မြန်မြန်လုပ်ကြရအောင်၊ အချိန်မရှိတော့ဘူး"
"ငါ ကုန်လှောင်ရုံဘက် သွားကြည့်လိုက်ဦးမယ်၊ ဘာတွေ ကျန်သေးလဲလို့..."
လူတိုင်းမှာ နောက်ထပ် စကားတစ်လုံးမှ မကြားရဲတော့ဘဲ အလုပ်ကိုယ်စီနှင့် ရှုပ်နေကြတော့သည်။ နောက်ထပ် စကားတစ်ခွန်း ထပ်ကြားရမည်ဆိုလျှင် သူတို့အတွက် စော်ကားခံရသလို ခံစားရတော့မည် မဟုတ်လော့။
တောက်! ဒီမနက်တော့ ငါ မနက်စာ စားနိုင်တော့မှာ မဟုတ်ဘူး။
တကယ့်ကို ကံဆိုးတဲ့ အခြေအနေပဲ!
အဘွားကြီးကျောက်သည် ထမင်းစားဆောင်တွင် လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ဖြစ်စေခဲ့ပြီး လူတိုင်းမှာ သူမကို ရှောင်ဖယ်ကာ အော့အန်နေကြရ၏။ ၎င်းမှာ တကယ့်ကို သည်းခံရခက်သော အဖြစ်အပျက်ပင်။
နံနက်စောစောအချိန်တွင် ချန်ချင်းယွီသည် အိမ်၌ ပုံမှန်ထက် ပို၍ ငြိမ်သက်နေသည်။ မနက်စာစားပြီးနောက် ချန်ချင်းယွီ သူမ၏ကလေးနှစ်ယောက်နှင့် တိုင်ပင်လိုက်၏။
"မေမေ အပြင်ကို ခဏသွားစရာရှိတယ်။ သားတို့နှစ်ယောက်တည်း အိမ်မှာနေခဲ့ရဲလား?"
ယခင်ဆိုလျှင် လင်းကျန့်ဝမ် အိမ်မှာရှိသည့်အချိန်မှလွဲ၍ ချန်ချင်းယွီသည် သူမ၏ကလေးများကို ဘယ်သွားသွား တစ်ဖဝါးမခွာ ခေါ်သွားလေ့ရှိသည်။ ထိုသို့မဟုတ်လျှင်လည်း ကလေးများကို လွတ်လွတ်လပ်လပ် သွားလာခွင့်မပေးချေ။ အဓိကအချက်မှာ သူမ၏ယောက္ခမကို မယုံကြည်သောကြောင့်ဖြစ်၏။
ကလေးများမှာလည်း မေမေဖြစ်သူမှ အမြဲတမ်း အဝင်အထွက်ခေါ်သွားလေ့ရှိသဖြင့် ချန်ချင်းယွီအပေါ် အလွန်ပင် သံယောဇဉ်တွယ်ကြသည်။
နောက်ပိုင်းတွင် လင်းကျန့်ဝမ် ကွယ်လွန်သွားပြီး ချန်ချင်းယွီ ကြွက်သတ်ဆေးသောက်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးစားခဲ့ခြင်းသည် ကလေးနှစ်ယောက်ကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့၏။ ကလေးများမှာ သုံးနှစ်သားအရွယ်သာ ရှိသေးသော်လည်း အတော်လေး ဉာဏ်ကောင်းကြသဖြင့် မိခင်ဖြစ်သူ သေလုမျောပါးဖြစ်ခဲ့သည်ကို အလိုလို သိရှိကြသည်။ ထိုအချိန်မှစ၍ သူတို့သည် ချန်ချင်းယွီအပေါ် ပို၍ပင် တွယ်ကပ်လာကြလေ၏။ ချန်ချင်းယွီ ရှေ့ဝင်းထဲတွင် စကားပြောနေသည့်အချိန်မျိုး၌ပင် တံခါးဝမှာ ဆော့ကစားနေသည့် ကလေးများသည် သူမ အခြေအနေ လာလာကြည့်တတ်ကြပြီး အလွန်ပင် စိုးရိမ်စိတ်ရှိနေကြသည်။
ဤကလေးငယ်နှစ်ဦးမှာ စိတ်လုံခြုံမှု အလွန်နည်းပါးရှာသော ကလေးလေးများပင်။
ထင်ထားသည့်အတိုင်းပင် ချန်ချင်းယွီ သူတို့ကို နားဝင်အောင် ပြောပြသောအခါ ကလေးနှစ်ယောက်လုံး မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းစူလိုက်ကြပြီး မပျော်မရွှင်ဖြစ်သွားကြ၏။ ရှောင်ကျားမှာ သူ့မေမေကို သတိထားကာ တစ်ချက်ကြည့်ပြီး ချန်ချင်းယွီ၏အင်္ကျီကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း လွှတ်မပေးတော့ပေ။
"မေမေ... သားတို့ကို ခေါ်သွားပါ!"
သူဘေးရှိ ရှောင်ယွမ်သည်လည်း ခေါင်းညိတ်ရင်း
"ရှောင်ယွမ်လည်း လိုက်ချင်တယ်၊ ရှောင်ယွမ် မေမေနဲ့အတူ လိုက်ချင်တယ်"
ကလေးငယ်နှစ်ဦး၏ မျက်လုံးများမှာ ရဲတက်လာပြီး သူတို့ကို ထားပစ်ခဲ့မည်စိုးသဖြင့် ချန်ချင်းယွီကို တောင်းပန်တိုးလျှိုးသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
သူတို့ မေမေနဲ့ မခွဲချင်ကြပါ!
ချန်ချင်းယွီ ကလေးငယ်များ၏ ဦးခေါင်းကို နူးညံ့စွာ ပွတ်သပ်ပေးရင်း
"မေမေ သားတို့ကို ခေါ်သွားလို့ မဖြစ်လို့ပါ။ သွားရတာ အဆင်မပြေလို့။ ရှောင်ကျားနဲ့ ရှောင်ယွမ်က မေမေ့ကို အချစ်ဆုံးဆိုတာ မေမေသိတယ်၊ မေမေကလည်း ရှောင်ကျားနဲ့ ရှောင်ယွမ်ကို အချစ်ဆုံးပဲ။ မေမေ သားတို့သမီးတို့ကို ဘယ်တော့မှ ပစ်မသွားဘူး၊ ဘာပဲဖြစ်ဖြစ် ဘယ်တော့မှ ထားမသွားဘူး။ ဒါပေမဲ့ အခုအပြင်သွားဖို့က တကယ်ကို အဆင်မပြေလို့ပါ။ မေမေ့ကို နားလည်ပေးပါနော်။ မေမေသိတယ်... သားတို့က တခြားကလေးတွေနဲ့မတူဘဲ အများကြီးပိုပြီး တော်တဲ့၊ ဉာဏ်ကောင်းတဲ့ ကလေးလေးတွေဆိုတာ။ သားတို့ နားလည်တယ် မဟုတ်လား? မေမေ ခဏပဲ သွားမှာပါ၊ နေ့လယ်ကျရင် ပြန်လာပြီး သားတို့ကို နေ့လယ်စာ လိုက်ကျွေးမယ်။ ဟုတ်ပြီလား?"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ချန်ချင်းယွီ၏ လက်ကလေးများကို ဆုပ်ကိုင်ထားဆဲပင်။ ချန်ချင်းယွီ ဆက်ချော့မော့လိုက်၏။
"မေမေ သားတို့ကို အခု သေချာပေါက် ခေါ်မသွားနိုင်ဘူး။ တကယ်လို့ မေမေ့ကို အခု မသွားစေချင်ရင် မေမေ မသွားတော့ဘူး။ အဲ့ဒါလည်း အဆင်ပြေပါတယ်။ အဘွားအိမ်ပြန်လာတဲ့အထိ စောင့်လိုက်မယ်။ အဲ့ဒီကျမှ သမီးတို့ အဘွားနဲ့နေခဲ့၊ မေမေ သွားမယ်လေ"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားကြသည်။
ကလေးငယ်များ၏ စိတ်ထဲတွင် သူတို့သာ မိခင်နောက်ကို အတင်းလိုက်မည်ဆိုလျှင် မိခင်မှာခေါ်သွားလိမ့်မည်ဟု ထင်နေကြခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမြဲတမ်း ထိုသို့ပင် ဖြစ်ခဲ့သောကြောင့်ပင်။ မေမေ ဘယ်သွားသွား သူတို့ကို အမြဲခေါ်သွားလေ့ရှိ၏။
ဒါပေမဲ့!
ဒါပေမဲ့! ဒါပေမဲ့လည်း!
သမီးငယ်လေးမှာ နှုတ်ခမ်းကိုကိုက်ကာ မျက်မှောင်ကို ပို၍ပင် ကြုတ်ထားလိုက်သည်။
ရှောင်ယွမ်လေးသည် သူမအစ်ကိုဘေးသို့ ကပ်သွား၏။ သူမ အဘွားနှင့် မနေချင်ပေ။ အဘွားမှာ သူမကို အော်ငေါက်လိမ့်မည်၊ ထိုအော်ငေါက်သံများမှာလည်း တကယ့်ကို နားမခံသာစရာပင်။ အဘွားမှာ ရှောင်ယွမ်ကို "အလကား အပိုကောင်မလေး" ဟု ခေါ်လေ့ရှိသည်။
အဘွားကြီးကျောက်သည် မကြာသေးမီမှစ၍ ယခင်လောက် ရိုင်းရိုင်းစိုင်းစိုင်း မလုပ်တော့သော်လည်း ကလေးများမှာမူ သူမ၏ ယခင်ဆဲဆိုမှုများနှင့် အပ်ဖြင့်ထိုးကာ နှိပ်စက်တတ်သည့် ရက်စက်ပုံများကို ကောင်းကောင်းကြီး မှတ်မိနေကြဆဲဖြစ်၏။
ကလေးနှစ်ယောက်လုံးမှာ သူတို့အဘွားနှင့် လုံးဝ လုံးဝ မနေချင်ကြပေ။
ချန်ချင်းယွီ: "ကဲ... ဒါဆို မေမေ မသွားတော့ဘူး၊ လက်လွှတ်လိုက်တော့၊ ငါ..."
"မေမေ!"
ရှောင်ကျား သွားကိုတင်းတင်းကြပ်ကြပ်စေ့ရင်း သူ၏ခွန်အားအားလုံးကို အသုံးချလိုက်သကဲ့သို့ "မေမေ... သွားပါ" ဟု သနားစဖွယ် ပြောလိုက်သည်။
ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။ ရှောင်ကျားနှင့် ရှောင်ယွမ်၊ ကလေးငယ်လေးနှစ်ယောက်မှာ သူမကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေကြသည်။ ရှောင်ကျားမှာ မိမိကိုယ်ကိုယ် အားပေးသည့်အနေဖြင့် လက်သီးလေးကို တင်းတင်းဆုပ်ကာ
"ရှောင်ကျားနဲ့ ညီမလေး အိမ်မှာနေခဲ့မယ်၊ သားတို့ လုပ်နိုင်ပါတယ်!"
ချန်ချင်းယွီ သူတို့ကိုကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ပေ။ သူမ ရှောင်ကျား၏ ခေါင်းကို ပွတ်သပ်ပေးကာ ချီးကျူးပေးလိုက်သည်။
"သားတို့သမီးတို့နှစ်ယောက်က တကယ့်ကို သတ္တိရှိတာပဲ"
ရှောင်ယွမ်သည်လည်း သူမ၏ခေါင်းလေးကို ချန်ချင်းယွီ၏လက်ဆီသို့ တိတ်တဆိတ် တိုးကပ်လိုက်သည်။ ချန်ချင်းယွီ သဘောကျကာ ပို၍ပင် အားရပါးရ ရယ်မောရင်း ရှောင်ယွမ်၏ခေါင်းကိုလည်း ထပ်မံပွတ်သပ်ပေးလိုက်ရာ ရှောင်ယွမ်မှာ ချက်ချင်းပင် ကျေနပ်သွားရှာ၏။
ချန်ချင်းယွီ; "သားတို့က တကယ့်ကို လိမ္မာပြီး သတ္တိရှိတဲ့ ကလေးတွေပဲ။ မေမေ ကတိပေးတယ်၊ နေ့လယ်စာ မတိုင်ခင် ပြန်လာခဲ့မယ်။ သားတို့ အိမ်ထဲမှာပဲ ဆော့နေကြ၊ အပြင်ကို ထွက်မသွားနဲ့နော်။ ခဏနေရင် ဝင်းထဲက ဒေါ်လေးမေ့ကို မေမေ ပြောထားပေးမယ်။ တကယ်လို့ အိမ်သာသွားချင်ရင် ဒေါ်လေးမေ့ကိုသွားရှာ၊ သူ လိုက်ပို့ပေးလိမ့်မယ်။ အိမ်သာမသွားချင်ရင်တော့ အိမ်ထဲမှာပဲ ဆော့နေကြ။ မေမေ နို့တစ်ပုလင်း ဖျော်ပေးခဲ့မယ်၊ ပြီးတော့ မုန့် သုံးခုစီလည်း ပြင်ပေးထားမယ်၊ ဟုတ်ပြီလား?"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြကြသည်။
"အိမ်မှာ မီးတို့၊ ရေတို့နဲ့ မဆော့ရဘူးနော်။ ပြီးတော့ တံခါးကို အတွင်းကနေ ဂျက်ထိုးထား၊ သူစိမ်းတွေ လာရင်လည်း တံခါးမဖွင့်ပေးနဲ့ဦး"
သူမ ကလေးများကို သေချာမှာကြားလိုက်သည်။ သူတို့ဝင်းထဲသို့ ပြင်ပလူများ မသိမသာဝင်လာရန် မဖြစ်နိုင်သလောက် ရှိသော်လည်း ဤကဲ့သို့ မှာကြားထားရန်မှာ လိုအပ်သည်ပင်။
"ဒါ သားတို့ ပထမဆုံးအကြိမ် အိမ်မှာ နှစ်ယောက်တည်း နေခဲ့ရတာနော်။ မေမေ အမြန်ပြန်လာခဲ့မယ်၊ သားတို့လည်း သတိထားနေကြနော်၊ ဟုတ်ပြီလား?"
"ဟုတ်ကဲ့ပါ!"
ကလေးနှစ်ယောက်လုံး ပြိုင်တူပင် ပြန်တုံ့ပြန်ကြ၏။
ချန်ချင်းယွီ: "ဒါဆို အားတင်းထားကြရအောင်!"
သူမ လက်ကိုဆန့်ထုတ်ကာ တည်ကြည်သောမျက်နှာပေးဖြင့်
"တို့ကလေးတွေက အတော်ဆုံးနဲ့ အသတ္တိဆုံးပဲ၊ ဟေး... ဟေး... ဟေး!"
"ဟေး... ဟေး... ဟေး!"
ကလေးနှစ်ယောက်လုံးမှာလည်း ချန်ချင်းယွီနှင့်အတူ လိုက်အော်ကြသည်။
ချန်ချင်းယွီ ပြုံးလျက်
"လိမ္မာတယ်!"
သူမ လုံးဝကြီး စိတ်မအေးနိုင်သေးသော်လည်း အတိုင်းအတာတစ်ခုအထိတော့ ယုံကြည်မှုရှိ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ဝင်းထဲရှိ အိမ်ရှင်မများမှာ ရှေ့ဝင်းတွင် ထိုင်ကာ အတင်းပြောနေကြသူများဖြစ်ရာ ခြင်တစ်ကောင် ပျံသွားလျှင်ပင် ရပ်ကြည့်ပြီး စစ်ဆေးမည့်သူများ ဖြစ်သောကြောင့်ပင်။
ချန်ချင်းယွီ ကလေးများအတွက် နို့မှုန့်ဖျော်ပေးခဲ့ပြီး မုန့်အချို့ကိုလည်း ပြင်ဆင်ပေးခဲ့သည်။
"မေမေ... အမြန်ပြန်လာနော်!"
ရှောင်ကျား မျှော်လင့်တကြီး ကြည့်နေ၏။
"မေမေ ခဏနေရင် ပြန်ရောက်လာမှာပါ"
ရှောင်ယွမ်လေးမှာ တိုးတိုးလေး ရေရွတ်နေသည်။
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"မေမေ အမြန်ဆုံး ပြန်လာခဲ့မယ်၊ စိတ်မပူနဲ့နော်။ တို့ကလေးနှစ်ယောက်က အတော်ဆုံးပဲ!"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ အနည်းငယ် စိုးရိမ်ထိတ်လန့်နေသော်လည်း မကြာမီ တည်ငြိမ်သွားကြပြီဖြစ်သည်။
ဤသည်မှာ အမြွှာဖြစ်ခြင်း၏ အားသာချက်ပင်။ အကယ်၍ ကလေးတစ်ယောက်တည်းသာဆိုလျှင် ချော့မြှူရန် ခက်ခဲနိုင်သော်လည်း နှစ်ယောက်ရှိနေသဖြင့် တစ်ဦးကိုတစ်ဦး အဖော်ပြုနိုင်ကာ ပို၍ စိတ်အေးလက်အေး ရှိကြသည်။ ချန်ချင်းယွီလည်း အချိန်မဆွဲရဲတော့ဘဲ ဝါးခြင်းတောင်းကို အမြန်လွယ်ကာ ထွက်လာခဲ့၏။ တောင်ပေါ်တက်သည့်အခါမှလွဲ၍ မြို့ပြတွင် နေထိုင်သူအနည်းငယ်သာ ဤခြင်းတောင်းမျိုးကို သုံးလေ့ရှိပြီး လူအများစုမှာ ဤဝါးခြင်းတောင်းများကို တောဆန်သည်ဟု ထင်ကြသော်လည်း ချန်ချင်းယွီမှာ အမှန်တကယ် သဘောကျသည်။ ဤပခုံးလွယ်ခြင်းတောင်းများမှာ အလွန်အသုံးတည့်၏။ တောဆန်သည်၊ မဆန်သည်ကိုမူ ချန်ချင်းယွီ ဂရုမစိုက်ပေ။
"ငါက ချောပြီးသားပဲ၊ ဘာဝတ်ဝတ်၊ ဘာလွယ်လွယ် ဘာဂရုစိုက်ရမှာလဲ? ရုပ်မချောမှသာ ဟိုဟာပြင်၊ ဒီဟာဆင် လုပ်နေရမှာ၊ ရုပ်ချောနေရင်တော့ ဘာကိုမှ ကြောက်စရာမလိုဘူး"
ချန်ချင်းယွီသည် အမြန်ထွက်လာပြီး အဒေါ်ကြီးမေ့တို့အိမ်သို့ ရောက်သွားပြီး
"ဒေါ်လေးမေ့... ဒေါ်လေးမေ့..."
အဒေါ်ကြီးမေ့: "ဘာကိစ္စရှိလို့လဲ?"
သူမ၏ မိသားစုမှာလည်း လူဦးရေများပြီး ကလေးများမှာ ကျောင်းတက်နေကြသဖြင့် မနက်စောစောကတည်းက အလုပ်ရှုပ်နေလေသည်။
ချန်ချင်းယွီ သူမလာရခြင်းအကြောင်းကို ရှင်းပြပြီးနောက် အားနာဟန်ဖြင့်
"ကျွန်မမှာ အခု အလုပ်မရှိသေးတော့ ယောက္ခမအပေါ်မှာပဲ မှီခိုနေရတာပါ။ အဲ့ဒါ မိဘတွေအိမ်ပြန်ပြီး ပိုက်ဆံလေး ဘာလေး ချေးလို့ရမလား သွားကြည့်ချင်လို့ပါ။ ပြီးခဲ့တဲ့တစ်ခေါက် သွားတုန်းက အခြေအနေ သိပ်မကောင်းခဲ့တော့ ဒီတစ်ခေါက် တောင်းပန်ဖို့ သွားမလို့ပါ"
ချန်ချင်းယွီ မိဘအိမ်သွားစဉ်က အဆင်မပြေဖြစ်ခဲ့သည့် ကောလာဟလမှာ ရပ်ကွက်ထဲတွင် ပျံ့နှံ့နေပြီးသား ဖြစ်၏။
အဒေါ်ကြီးမေ့: "ရပါတယ်၊ ငါ အိမ်မှာ ရှိနေမှာပါ။ ကလေးတွေ အပြင်ထွက်ချင်ရင် ငါ့ကို လှမ်းခေါ်ခိုင်းလိုက်။ အိမ်နီးနားချင်းတွေပဲ၊ ဘာမှ အလုပ်မရှုပ်ပါဘူး"
ချန်ချင်းယွီ: "ကျေးဇူးတင်ပါတယ်"
သူမက ရှက်ပြုံးလေး ပြုံးလိုက်လိုက်၏။ သူမ၏ ထိုပုံစံကိုမြင်တော့ ဒေါ်လေးမေ့က သက်ပြင်းချကာ
"ညည်းလည်း တော်တော်လေး ရုန်းကန်နေရတာပဲ။ သွားပါ၊ သွားပါ"
ချန်ချင်းယွီ ခေါင်းညိတ်ကာ အမြန်ထွက်လာခဲ့သည်။ ကလေးများကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရသဖြင့် သူမ စိတ်မအေးနိုင်ပေ။ ချန်ချင်းယွီသည် အနီးနားရှိ အများသုံးအိမ်သာသို့ အမြန်သွားကာ အထဲမှ ပြန်ထွက်လာသောအခါ အဝတ်အစားများ လဲလှယ်ပြီးဖြစ်၏။ သူမသည် မျက်နှာတွင် အနက်ရောင်ဆေးများ အများအပြား သုတ်လိမ်းလိုက်ပြီးနောက် နန်းလော်ကူရှန့်ဘက်သို့ အမြန်ဦးတည်လိုက်သည်။ အဘွားကြီးကျောက် ပြောခဲ့သည့်နေရာမှာ ဤနေရာနှင့် မဝေးသဖြင့် ချန်ချင်းယွီ ခပ်သွက်သွက် လျှောက်လာခဲ့၏။ ထိုနေရာသို့ ကွေ့တော့မည့်ဆဲဆဲတွင် ရှီကျန့်ရှန်းကို ရုတ်တရက် မြင်လိုက်ရသည်။
ချန်ချင်းယွီ ချက်ချင်းပင် ရပ်လိုက်ပြီး လူမိသွားမည်စိုးသဖြင့် အမြန်ပုန်းလိုက်၏။ သူမ၏ ရိုးရှင်းသော ရုပ်ဖျက်မှုမှာ အနားကပ်ကြည့်လျှင် သိသာနိုင်သောကြောင့် ချန်ချင်းယွီ ရှောင်လိုက်စဉ်မှာပင် ရှီကျန့်ရှန်းသည်လည်း ခိုးကြောင်ခိုးဝှက်ဖြင့် ဘေးနားရှိ အိမ်ဝင်းတစ်ခုထဲသို့ လူမမြင်စေရန် အမြန်ဝင်သွားသည်ကို တွေ့လိုက်ရသည်။
ချန်ချင်းယွီ: "???"
ဘာမှမစဉ်းစားတော့ဘဲ သူမ အနောက်မှ အမြန်လိုက်သွားလိုက်၏။ သိပ်မဝေးခင်မှာပင် သူမကို အနီးအနားမှ တစ်စုံတစ်ယောက်သည် စောင့်ကြည့်နေသည်ကို သတိထားမိလိုက်သည်။ ၎င်းမှာ ခြောက်နှစ်သားအရွယ်ခန့် ရှိမည့် ကောင်လေးတစ်ယောက်ဖြစ်ပြီး သူမ ရုတ်တရက် ပေါ်လာသောကြောင့် ထိုကောင်လေးမှာ ချန်ချင်းယွီကို မျက်တောင်မခတ် စိုက်ကြည့်နေခြင်း ဖြစ်ပုံရ၏။
ချန်ချင်းယွီသည် သူမ၏ မျက်နှာကို ဘယ်သူမှ သေချာမမြင်စေရန် ခေါင်းကို ချက်ချင်း ငုံ့လိုက်သည်။
သူမသည် ရှီကျန့်ရှန်းနောက်သို့ ဆက်မလိုက်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်၏။ ဘာတွေဖြစ်နေမှန်း သူမ မသိသော်လည်း ချန်ချင်းယွီမှာ အမြဲတမ်း သတိထားတတ်သူတည်း။
သူမသည် အိမ်နံပါတ်ကို အမြန်ဝေ့ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူမသွားရမည့် လမ်းအမည်နှင့် အတူတူပင်ဖြစ်နေ၏။ အိမ်နံပါတ်ကို မှတ်သားပြီးနောက် သတိကြီးစွာဖြင့် ရှေ့သို့ လျှောက်သွားလိုက်ရာ "ဘယ်သူ့ကို ရှာတာလဲ?" ဟု မေးသံကြားလိုက်ရသည်။
နောက်ထပ် ကလေးတစ်ယောက် ပေါ်လာပြန်၏။
သူသည် အသက် (၁၀) နှစ်ခန့်ရှိပုံရသည်။
ချန်ချင်းယွီ: "ဒေါ်လေးကွမ်ကိုပါ၊ ဒေါ်လေးကွမ်ကို ရှာနေတာ"
ထိုကလေးသည် ခုန်ပေါက်ရင်း ထွက်သွားကာ ချန်ချင်းယွီ ဝင်းထဲသို့ ဝင်ရုံရှိသေး၊ အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ထွက်လာပြီး သူမကို မေးမြန်းလာ၏။
"ငါ့ကို ရှာတာလား?"
ချန်ချင်းယွီ ခေါင်းငုံ့ထားပြီး
"ဒေါ်လေးကျောက် လွှတ်လိုက်တာပါ"
ဒေါ်လေးကွမ်သည် ထူးထူးခြားခြား အမူအရာမပြဘဲ "ဝင်ခဲ့လေ" ဟု ဆိုလေသည်။
ချန်ချင်းယွီသည် သူမနောက်မှ လိုက်ဝင်သွား၏။ ဤအိမ်သည် သူတို့အိမ်များကဲ့သို့ပင် ရိုးရိုးရှင်းရှင်း မိသားစုအိမ်လေးတစ်ခုသာ ဖြစ်သည်။
ဒေါ်လေးကွမ်: "ဘာလိုချင်လို့လဲ?"
ချန်ချင်းယွီ: "စက္ကူငွေ လိုချင်ပါတယ်၊ တကယ်လို့ ရထားလုံးတွေ၊ မြင်းတွေ ရှိရင်လည်း ရပါတယ်"
ဒေါ်လေးကွမ်: "……………………"
သူမသည် ချန်ချင်းယွီကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ပြီး
"အဲ့ဒါတွေတော့ မရှိဘူး။ ညည်းနဲ့ ဘာတွေ အိပ်မက်မက်နေတာလဲ? တော်တော်လည်း သတ္တိရှိတာပဲ။ စက္ကူငွေတော့ ရှိတယ်။ ဘယ်လောက် လိုချင်တာလဲ?"
ချန်ချင်းယွီ: "ဒါ ကျွန်မ ပထမဆုံးအကြိမ် ဝယ်တာမို့ ဘယ်လောက်ယူရမလဲ မသိဘူး။ စုစုပေါင်း လူ ခြောက်ယောက်အတွက်ပါ။ တစ်ယောက်ချင်းစီအတွက် လုံလောက်အောင်ဆိုရင် ဘယ်လောက်ကုန်မလဲဟင်?"
ဒေါ်လေးကွမ်: "……………………………………………………"
ဤတစ်ကြိမ်တွင်မူ တိတ်ဆိတ်မှုမှာ ပို၍ပင် ကြာမြင့်သွားသည်။
ခြောက်ယောက်တောင်!
နင့်မိသားစုမှာ လူသေတာ တော်တော်များတာပဲ!
သူမ ချန်ချင်းယွီကို အသေအချာ ထပ်ကြည့်သော်လည်း ချန်ချင်းယွီမှာ ခေါင်းငုံ့ထားဆဲပင်။
ဒေါ်လေးကွမ်: "လူတိုင်းအတွက် တစ်ထုပ်စီဆိုရင်တော့ လုံလောက်ပါတယ် တစ်ထုပ်ကို တစ်ပြားနှုန်းနဲ့ ခြောက်ထုပ်ဆိုရင် ခြောက်ပြား ကုန်မယ်"
ချန်ချင်းယွီ: "တစ်ယောက်ကို နှစ်ထုပ်စီ ပေးပါ"
ချန်ချင်းယွီ လက်ဖွာသည်ကို တွေ့ရသောအခါ ဒေါ်လေးကွမ်မှာ စတင်၍ စျေးရောင်းတော့သည်။
"ရွှေတုံးပုံစံ ခေါက်ထားတဲ့ စက္ကူတွေရော လိုချင်လား? ဒါမျိုးက ပုံမှန်ဆိုရင် ဖောက်သည်ဟောင်းတွေကိုပဲ ပေးတာ။ တစ်ထုပ်ကို သုံးပြားပဲ၊ ဒါပေမဲ့ အရည်အသွေးကတော့ တကယ့်ကို အကောင်းစားပဲ။ ငါ့ကို ဈေးကြီးတယ်လို့ မထင်နဲ့ဦး၊ အခုခေတ်မှာ ဒါမျိုးတွေ ရောင်းခွင့်မရှိဘူး၊ အကုန် တိတ်တဆိတ် လုပ်နေရတာ။ ငါလည်း အဖမ်းခံရမှာ ကြောက်ရတယ်"
ချန်ချင်းယွီ ခေါင်းညိတ်ပြီး "ဟုတ်ကဲ့၊ ယူပါ့မယ်"
သူမအတွက် ပထမဆုံးအကြိမ် ဖြစ်နေသဖြင့် မည်သည်ကိုမှ ကောင်းကောင်းနားမလည်သောကြောင့် ဒေါ်လေးကွမ်ကိုပင် ပြန်မေးနေရသည်။
ဒေါ်လေးကွမ်: "???"
ဒီလောက်အူအူအေးအေး ကောင်မလေးမျိုးလည်း ရှိသေးတာလား?
ထို့နောက် သူမသည် ချန်ချင်းယွီအတွက် အခြားသော အသေးအဖွဲ ပစ္စည်းလေးများကိုပါ ထည့်ပေးရာ ချန်ချင်းယွီ အားလုံးဝယ်ယူလိုက်ပြီး စုစုပေါင်း (၅) ယွမ် (၉၀) ပြား ကုန်ကျသွားသည်။ ယခုခေတ်တွင် ဤကဲ့သို့သော အရာများအတွက် ဤမျှလောက် ပိုက်ဆံအကုန်အကျခံနိုင်သူမှာ အလွန်နည်းပါး၏။
ချန်ချင်းယွီတွင် အတွေ့အကြုံ မရှိသဖြင့် ဒေါ်လေးကွမ်မှာ ပိုက်ဆံပိုရအောင် လုပ်နေသည်ကို သိသော်လည်း သူမတွင် ပိုက်ဆံရှိနေသဖြင့် သိပ်ပြီး ဂရုမစိုက်မိပေ။ ဤသည်မှာ သူမ၏ သံယောဇဉ် အလေးထားမှုကို ပြသခြင်းဖြစ်ပြီး ဤအတိုင်းသာ လုပ်ချင်နေ၏။
သူမသည် သူတစ်ပါးထံမှ အကျိုးကျေးဇူးတရားများစွာ ရရှိခဲ့သည်။ အဘိုးအဘွားများ ချန်ထားခဲ့သည့် ပိုက်ဆံသာ မရှိလျှင် သူမတွင် ပြားပြားမှ မရှိဘဲ ဘာမှလုပ်နိုင်မည်မဟုတ်ရာ ယခုလုပ်နေသည်မှာ ဘာမှပြောပလောက်သည့် အရာမဟုတ်ပေ။
ဘာမှမဟုတ်ပါဘူးလေ..
ချန်ချင်းယွီ ပြန်ထွက်လာသောအခါ သူမ၏ ခြင်းတောင်းမှာ ပြည့်နေပြီဖြစ်ပြီး ဒေါ်လေးကွမ်မှာ သူမကို တိုးတိုးလေးမှာလိုက်၏။
"နောက်တစ်ခါ ရထားလုံးတို့၊ လူရုပ်တို့ လိုချင်ရင်တော့ တစ်လကြိုမှာထား။ ငါ ပြင်ပေးထားမယ်။ ပိုက်ဆံ ပိုပေးနိုင်ရင်တော့ မြို့ပြင်အထိ လာပို့ပေးမယ့်လူ စီစဉ်ပေးလို့ရတယ်၊ ဒါဆိုရင် နင့်အတွက် အန္တရာယ်ပိုနည်းတာပေါ့"
ချန်ချင်းယွီ: "..."
တကယ်ပါပဲ၊ ပိုက်ဆံက ဘယ်နေရာမှာမဆို အသုံးဝင်တာပဲ။
သူမ ခေါင်းညိတ်ပြလိုက်ပြီး
"နားလည်ပါပြီ၊ သွားပါဦးမယ်"
သူမသည် စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက်မိသည်။
ဒေါ်လေးကွမ်မှာ ပြုံးရင်း
"မကြောက်ပါနဲ့၊ ဘာမှမဖြစ်ပါဘူး။ ဒီလမ်းက သိပ်မကြီးပေမဲ့ တကယ်ကို ဘေးကင်းပါတယ်။ အဆင်ပြေသွားမှာပါ"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ အိမ်ဝင်းထဲမှ ခြေဖျားထောက်၍ ထွက်လာခဲ့သည်။ လမ်းပေါ်ရောက်သောအခါ ဘေးဘီကို ဝေ့မကြည့်တော့ဘဲ ခြင်းတောင်းကို အမြန်လွယ်ကာ ထွက်လာခဲ့၏။ ထင်ထားသည့်အတိုင်းပင် သူမကို ဘယ်သူမှ စောင့်ကြည့်မနေပေ။ ချန်ချင်းယွီသည် ရှီကျန့်ရှန်း ထွက်သွားပြီလား၊ မထွက်သွားဘူးလားဆိုသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အမြန်သာ ထွက်လာခဲ့၏။ ပစ္စည်းများစွာ သယ်လာရသည်မှာ တကယ်ပင် မလုံခြုံလှပေ။
ထိုနေရာမှ ထွက်လာသည်နှင့် ချန်ချင်းယွီသည် အဝတ်အစားလဲရန်နှင့် မျက်နှာသစ်ရန် နေရာတစ်ခုကို အမြန်ရှာလိုက်သည်။ သူမသည် ဤအတွက်ကြောင့်ပင် စိုစွတ်နေသော လက်ကိုင်ပုဝါတစ်ထည်ကို အသင့်သယ်လာခဲ့ခြင်းဖြစ်၏။
ချန်ချင်းယွီသည် အိမ်သို့ အမြန်ပြန်လာရင်း လမ်းတစ်လျှောက် စဉ်းစားလာမိသည်။ ဒေါ်လေးကွမ်တို့လမ်းထဲမှ လူအများစုမှာ စီးပွားရေးအသေးစား လုပ်ကိုင်သူများ ဖြစ်ပုံရပြီး လမ်းကြားထဲရှိ လူငယ်များမှာ သူတို့ကို စောင့်ကြည့်ပေးနေကြခြင်း ဖြစ်
နိုင်၏။ သူမသာ အစောကြီး သွားမဝယ်ခဲ့လျှင် ဝင်သွားကတည်းက စောင့်ကြည့်ခံရနိုင်ခြေရှိသည်။
သူမ ခေါင်းခါလိုက်မိသည်၊ နောက်နောင် ဤကဲ့သို့သော နေရာမျိုးကို ရှောင်ရပေမည်၊ ကြည့်ရသည်မှာ သိပ်မဘေးကင်းလှပေ။
အစောင့်အရှောက်များ ရှိနေသော်လည်း လုပ်ငန်းကြီးလာလျှင် ကိစ္စများ ရှုပ်ထွေးသွားနိုင်သည် မဟုတ်လော့။
ချန်ချင်းယွီသည် ဝင်းထဲသို့ အမြန်ပြန်ရောက်လာသည်။ ရှေ့ဝင်းတွင် လူအများအပြား စုထိုင်ကာ အတင်းပြောနေကြ၏။ ချန်ချင်းယွီ သူတို့ကို တစ်ချက်ကလေးမှ မနှုတ်ဆက်ဘဲ တစ်စုံတစ်ယောက် နောက်ကလိုက်နေသည့်အလား ခေါင်းငုံ့ကာ ဘေးမှ အမြန်ဖြတ်လျှောက်သွားလေသည်။
"ဘာဖြစ်တာလဲ?"
"ဘာတွေ ဖြစ်လာတာလဲ?"
"တကယ်ပါပဲ၊ သူကတော့ အလိုက်အထိုက်ကို မရှိဘူး။ အိမ်နီးချင်းတွေကိုတောင် နှုတ်မဆက်သွားဘူးလား?"
"ဟဲ့... သူ ငိုနေတာလား? သူ့မျက်နှာက ပေရေနေသလိုပဲ"
အဘွားကြီးအချို့မှာ စတင်ဆွေးနွေးနေကြသည်။ ဒေါ်ကြီးမေ့မှာ တိုးတိုးလေးပြောပြလိုက်၏။
"သူ့မိဘအိမ်ကို ပိုက်ဆံချေးဖို့ ပြန်သွားတာလေ၊ မရဘဲနဲ့ အဆူခံထိလာတာ ဖြစ်ရမယ်။ သိပ်ပြီး စိတ်ထဲမထားပါနဲ့။ နင်တို့သာဆိုရင်လည်း ဒီလိုမျိုး ငိုနေတာကို ဘယ်သူ့ကိုမှ အမြင်ခံချင်မှာ မဟုတ်ဘူးမလား"
အဒေါ်ကြီးမေ့သည် အတင်းပြောရသည်ကို ဝါသနာထုံလှသော်လည်း စိတ်ပုပ်သူတစ်ယောက်မဟုတ်ချေ။
"သူ့မိဘအိမ်ကို ပြန်သွားပြန်ပြီလား? သူကတော့ တကယ့်ကို အူလွန်းအလွန်းတာပဲ။ သူ့မိသားစုက ဘာမှအားကိုးရတာမဟုတ်ဘူး။ လင်းကျန့်ဝမ် ဆုံးတုန်းကတောင် တစ်ယောက်မှ ပေါ်မလာကြတာ၊ အခုမှ ဘာလို့ ပိုက်ဆံချေးပေးမှာလဲ?"
"ဒါကြောင့် ငါအမြဲပြောတာပေါ့၊ အိမ်ထောင်ဖက်ရှာရင် မိန်းကလေးဘက်က မိသားစုအခြေအနေကိုပါ ကြည့်ရတယ်ဆိုတာ၊ မဟုတ်ရင် ဘာမှ အားကိုးလို့မရဘူး"
"မှန်တာပေါ့..."
လူတိုင်း ကိုယ့်ဘာသာကိုယ် အတင်းပြောနေကြသည်။ ထိုအချိန်တွင် ချန်ချင်းယွီမှာ တံခါးခေါက်ပြီး အိမ်ထဲသို့ ရောက်နှင့်နေပြီဖြစ်၏။ ရှောင်ကျားနှင့် ရှောင်ယွမ် ကလေးနှစ်ယောက်မှာ မေမေထွက်သွားကတည်းက စိတ်မအေးနိုင်ကြဘဲ ဆော့ချင်စိတ်ရှိမနေပေ။ သူတို့နှစ်ယောက်လုံး ပြတင်းပေါက်ကိုသာ အငေးသားကြည့်ရင်း မိခင်ပြန်လာမှာကို စောင့်နေကြခြင်းဖြစ်သည်။
သူတို့မှာ မုန့်လေးတွေတောင် မစားရက်ကြရှာပေ…
ချန်ချင်းယွီ အပြင်သွားသည့်အချိန်မှာ မကြာလှဘဲ အမြန်ပြန်ရောက်လာသည်။ ချန်ချင်းယွီ ဝင်လာသည်ကို မြင်သည်နှင့် ကလေးများမှာ ခုန်ပေါက်ကာ မိခင်အတွက် တံခါးအမြန်ဖွင့်ပေးကြ၏။
ချန်ချင်းယွီ: "မေမေ့အသည်းကျော်လေးတွေ"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ချန်ချင်းယွီ၏ ခြေထောက်တစ်ဖက်စီကို ဖက်ထားရင်း
"မေမေ... သားတို့ မေမေ့ကို အရမ်းသတိရနေတာ!"
"အရမ်းသတိရတာ!"
ချန်ချင်းယွီ ပြုံးလိုက်ပြီး
"မေမေ သိတာပေါ့၊ ဒါကြောင့်လည်း မေမေက စိတ်ပူပြီး အမြန်ဆုံး ပြန်လာခဲ့တာပေါ့!"
သူမသည် ဝါးခြင်းတောင်းကို ချထားလိုက်ပြီး "သမီးတို့ ဒီမှာ ခဏနေဦး၊ မေမေ မျက်နှာသွားသစ်လိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ~"
ချန်ချင်းယွီသည် ပေရေနေသော သူမ၏မျက်နှာကို အလျင်အမြန် သုတ်လိုက်သည်။ ဆပ်ပြာဖြင့် သေချာစင်ကြယ်အောင် သစ်ပြီးနောက် မျက်နှာလိမ်းခရင်မ် အနည်းငယ် လိမ်းလိုက်သည်။ သူမသည် တယိုယီ တံဆိပ်၊ ကြီးမားလုံးဝန်းသော ကြွေပုလင်းကြီးကို သုံးနေခြင်းဖြစ်ပြီး ကုန်ခါနီးပင် ဖြစ်နေပြီဖြစ်၏။
လင်းကျန့်ဝမ် ပြီးခဲ့သည့်နှစ် ဇွန်လ သူမမွေးနေ့တွင် ဝယ်ပေးခဲ့ခြင်းဖြစ်ပြီး တစ်နှစ်နီးပါး သုံးခဲ့ရသည်။
သူမသည် ၎င်းကို အလွန်နှမြောခဲ့သဖြင့် အတော်လေး ချွေတာသုံးစွဲနေခဲ့လေ၏။ မျက်နှာသစ်ပြီးနောက် ချန်ချင်းယွီမှာ ကလေးများကို မေးလိုက်သည်။
"မုန့်တွေ မစားကြဘူးလား?"
"မစားရသေးဘူး"
ချန်ချင်းယွီ: "ဒါဆိုရင် မစားနဲ့တော့"
ကလေးများမှာ မုန့်ကိုသာမက ဖျော်ပေးထားသော နို့ကိုလည်း မသောက်ရသေးပေ။ ကလေးနှစ်ယောက်မှာ မိခင်မရှိသဖြင့် အတော်လေး စိတ်လေနေကြသည်မှာ သိသာလှသည်။ ကောင်းနိုးရာရာ အစားအသောက်များကိုတောင် ပစ်ထားခဲ့ကြသည် မဟုတ်လော့။
ချန်ချင်းယွီ: "ကဲ... အဲ့ဒါတွေ မေမေ့ကိုပေး၊ မေမေ ပြန်သိမ်းထားလိုက်မယ်"
"မေမေ!"
ကလေးနှစ်ယောက်မှာ အံ့ဩသွားကြသည်။
ဘာလို့ ပေးပြီးသားကို ပြန်တောင်းနေရတာလဲ?
သူတို့၏ အံ့အားသင့်နေသော မျက်နှာလေးများကို မြင်သောအခါ ချန်ချင်းယွီ ရှင်းပြလိုက်၏။
"မေမေက ပြန်ယူတာမဟုတ်ပါဘူး။ သမီးတို့ကို ပေးထားတာဆိုတော့ သမီးတို့ဟာပေါ့။ အခုတော့ မေမေ ခဏသိမ်းပေးထားမယ်၊ မနက်ဖြန်မှ ပြန်ပေးမယ်လေ။ ဒီနေ့ နေ့လယ်စာကို ဝိုက်နျန်မှာ သွားစားကြမယ်။ အခု မုန့်တွေစားလိုက်ရင် အသားစားနိုင်မှာ မဟုတ်တော့ဘူး"
"အာ... မေမေ! အပြင်သွားကြမှာလား?"
"အပြင်မှာ အသားသွားစားကြမှာလား?"
သူတို့နှစ်ယောက်လုံး မေးလာလျှင် ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"ဟုတ်တယ်"
သူမသည် ပြီးခဲ့သည့်တစ်ခေါက် မှောင်ခိုဈေးတွင် အစားအသောက် ရိက္ခာလက်မှတ်အချို့ လဲလှယ်ထားခဲ့သဖြင့် ယနေ့ နေ့လယ်စာကို အပြင်မှာ သွားစားရန် အစီအစဉ်ရှိနေခြင်း ဖြစ်သည်။
ချန်ချင်းယွီ: "အပြင်မှာ သွားစားချင်ကြလား?"
"စားချင်တယ်!"
ချန်ချင်းယွီ: "ဒါဆို မုန့်တွေကို သိမ်းလိုက်တော့"
"ဟုတ်ကဲ့!"
ဤတစ်ကြိမ်တွင်မူ သူတို့မှာ ထူးထူးခြားခြား ပြတ်သားနေကြ၏။
ကလေးတွေဆိုတာလည်း သိတတ်ကြသည်ပင်၊ သူတို့က အသားကို ပိုကြိုက်ကြသည် မဟုတ်ပါလား…
ချန်ချင်းယွီသည် ဆံပင်ကို ဖြန့်ချလိုက်ပြီး ဆံပင်ပုံစံ အသစ်ပြောင်းလိုက်သည်။ အပြင်ထွက်စဉ် ကျစ်ဆံမြီး နှစ်ဖက်ကျစ်ထားသော်လည်း ယခုအခါ အကုန်လုံးကို စုစည်းကာ စည်းနှောင်လိုက်၏။
ထို့နောက် "သွားကြစို့" ဟု ဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ~"
ကလေးငယ်နှစ်ဦးမှာ အလွန်ပင် ပျော်ရွှင်စွာဖြင့် ချိုသာသော အသံလေးများပြုကာ တုံ့ပြန်လာကြ၏။
ချန်ချင်းယွီသည် သူမ၏ကလေးများကို ဦးဆောင်ကာ အပြင်သို့ထွက်လာပြီး ယခုတစ်ကြိမ်တွင်မူ လူတိုင်းကို နှုတ်ဆက်လိုက်သည်။
အဒေါ်ကြီးမေ့: "ချင်းယွီလေး... ဘာလို့ ဒီလောက်အစောကြီး ပြန်လာတာလဲ? ညည်းမိဘအိမ်မှာပဲ နေ့လယ်စာ စားခဲ့မယ် ထင်နေတာ"
ချန်ချင်းယွီသည် အနည်းငယ် အနေရခက်ဟန်ဖြင့် ခါးသီးသော အပြုံးတစ်ခုကို အတင်းလုပ်ပြကာ
"ဟိုဘက်မှာက သိပ်ပြီး အဆင်မပြေလို့ပါ"
သူမသည် စိတ်မသက်မသာဖြစ်နေပုံကို အနည်းငယ် အရိပ်အယောင်ပြလိုက်ရာ ထင်ထားသည့်အတိုင်းပင် လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သနားဂရုဏာသက်သွားကြ၏။
ချန်ချင်းယွီ; "ကလေးတွေကို ပစ္စည်းတချို့ ဝယ်ပေးဖို့ ခေါ်သွားမလို့ပါ။ သွားလိုက်ပါဦးမယ်"
"ပစ္စည်းဝယ်ဖို့ သွားမလို့လား?"
ချန်ချင်းယွီ ခေါင်းညိတ်ပြကာ
"ဟုတ်ကဲ့၊ ဟင်းသီးဟင်းရွက်လေးတွေ စိုက်ဖို့ ပန်းအိုးနဲ့ မျိုးစေ့တချို့ ဝယ်မလို့ပါ။ အခု စိုက်ထားရင် ဆောင်းဦးကျရင် ရိတ်သိမ်းလို့ရပြီး ဆောင်းတွင်းမှာ ဟင်းခတ်အမွှေးအကြိုင်လေးတွေ ထည့်စားလို့ရတာပေါ့"
"ဟေး... အဲ့ဒါ စိတ်ကူးကောင်းပဲ"
"ဟုတ်တယ်၊ အကြံကောင်းပဲ"
လူတိုင်းမှာ မြို့ပြတွင် နေထိုင်သူများ ဖြစ်ကြသော်လည်း ဤသို့စိုက်ပျိုးခြင်းကို မည်သူမှ ကပ်စေးနှဲသည်ဟု မပြောကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် အားလုံးက ထောက်ခံကာ ခေါင်းညိတ်ကြသည်။ အရာအားလုံးကို ခွဲတမ်းနှင့် ဝယ်နေရသည့်ခေတ်တွင် ပိုလျှံသည်ဆိုပါက အလွန်ကောင်းသည် မဟုတ်လော့။သို့သော် သူတို့မှာ မြို့ထဲတွင် နေထိုင်ကြသဖြင့် စိုက်ပျိုးရန် မြေကွက်မရှိသည့်အပြင် သူတို့၏ အိမ်ဝင်းထဲတွင်လည်း ပို၍ပင် နေရာမရှိပေ။
သို့သော် ပန်းအိုးလေးများထဲတွင် စိုက်ပျိုးခြင်းသည်ကား အတော်လေး အဆင်ပြေလှ၏။
"အကြံကောင်းပဲ။ ဘာတွေ စိုက်ဖို့ စဉ်းစားထားလဲ?"
ချန်ချင်းယွီ: "ကြက်သွန်မြိတ်၊ နံနံပင်နဲ့ ငရုတ်သီးတွေ စိုက်မလို့ပါ။ တကယ်တော့ ကျွန်မလည်း တစ်ခါမှ မစိုက်ဖူးပါဘူး၊ ရှင်ပါ့မလားတော့ မသိဘူး"
အဘွားကြီးဝမ်မှာ တိုးတိုးလေး ဝေဖန်လိုက်၏။
"ဒီလောက် အနည်းအကျဉ်းလေးက ပန်းအိုးဖိုးတောင် ပြန်မရပါဘူး။ ပိုက်ဆံအလကား ဖြုန်းတီးတာပဲ"
ချန်ချင်းယွီ သိမ်မွေ့နူးညံ့စွာ ပြုံးလိုက်ပြီး
"ပန်းအိုးက ကွဲမသွားပါဘူး။ တကယ်လို့ စိုက်လို့မရရင်လည်း သိမ်းထားပြီး နောက်မှ တခြားဟာနဲ့ လဲလို့ရတာပဲ။ အဆိုးဆုံးဖြစ်ရင်တောင် ပန်းလေးတွေ စိုက်လို့ရသေးတာပဲလေ၊ မရှုံးပါဘူး"
"ဟုတ်သားပဲ၊ အဲ့ဒါလည်း ဟုတ်တာပဲ"
ချန်ချင်းယွီသည် ပြုံးပြကာ ကလေးနှစ်ယောက်ကို လက်ဆွဲပြီး တံခါးပြင်သို့ ထွက်လာခဲ့သည်။
ချန်ချင်းယွီ: "တို့တွေ အရင်ဆုံး သွားစားကြမယ်၊ ပြီးမှ ပန်းအိုးသွားဝယ်ကြမယ်၊ ဟုတ်ပြီလား?"
"ဟုတ်ကဲ့!"
ကလေးများမှာ သူတို့မိခင်ပြောသမျှကို နားထောင်ကြ၏။
ချန်ချင်းယွီ: "တို့တွေ ဘာလို့ အပြင်မှာ သွားစားကြတာလဲဆိုတာ သမီးတို့ သိလား?"
ကလေးနှစ်ယောက်မှာ ဘာမှနားမလည်ကြောင်း ပြသသည့်အနေဖြင့် မျက်လုံးအဝိုင်းသားလေးများဖြင့် စိုက်ကြည့်နေကြသည်။
ချန်ချင်းယွီ ပြုံးလိုက်ပြီး
"ဒါက သားတို့နှစ်ယောက်ကို ဆုပေးတာလေ! သားတို့က တကယ့်ကို တော်လွန်းလို့၊ အိမ်မှာ နှစ်ယောက်တည်း နေခဲ့နိုင်ပြီး မေမေ့ကို အလုပ်မရှုပ်အောင် ကူညီပေးလို့ပေါ့။ ဒါက သားတို့အတွက် ဆုလာဘ်ပဲ!"
ရှောင်ကျား: "!!!"
ရှောင်ယွမ်: "!!!"
ကလေးနှစ်ယောက်လုံး အံ့ဩလွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။
ချန်ချင်းယွီ: "ဒါနဲ့... ဒီနေ့ နေ့လယ်စာအတွက် ဒေသပိုင် စားသောက်ဆိုင်မှာ ဘာဟင်းတွေ ရှိမယ် ထင်လဲ?"
"သမီး မသိဘူး"
"ရှောင်ယွမ်က တစ်ခါမှ မရောက်ဖူးဘူး"
ရှောင်ယွမ်အတွက် ဒေသပိုင် စားသောက်ဆိုင်သို့ ပထမဆုံးအကြိမ် သွားရခြင်းဖြစ်သဖြင့် သမီးငယ်လေးမှာ အလွန်ပင် စိတ်လှုပ်ရှားနေရှာသည်။
ချန်ချင်းယွီ: "မေမေလည်း အပြင်မှာ မစားဖြစ်တာ တော်တော်ကြာပြီ၊ တကယ်ကို အကြာကြီးပဲ။ အမှန်တော့ ဒေသပိုင် စားသောက်ဆိုင်က ဘယ်လိုမျိုးလဲဆိုတာ မေမေလည်း မသိဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ တို့ သုံးယောက် အတူတူ သွားကြတာပေါ့။ တစ်ခါ ရောက်ဖူးသွားရင် သိသွားမှာပဲ မဟုတ်လား?"
"ဟုတ်တယ်!"
ချန်ချင်းယွီသည် သူတို့အိမ်ဝင်းအနီးရှိ ဒေသပိုင် စားသောက်ဆိုင်တွင် မစားဘဲ ချန်းမန်လမ်းဘက်သို့ ဘတ်စ်ကားစီးကာ သွားခဲ့၏။
ပေကျင်းမြို့သည် အခြားနေရာအများစုထက် ယေဘုယျအားဖြင့် အခြေအနေ ပိုကောင်းသည်ဟု ဆိုရမည်၊ ဒေသပိုင် စားသောက်ဆိုင်များမှာလည်း လူပြည့်လုနီးပါး ဖြစ်နေသည်။ သူတို့ သုံးယောက်အထဲဝင်သွားပြီး နောက်ဆုံးကျန်သည့် စားပွဲဝိုင်းလေးတစ်ခုမှာ နေရာယူလိုက်ကြ၏။
ချန်ချင်းယွီ: "တော်သေးတာပေါ့ တို့တွေ အချိန်မီ ရောက်လာလို့၊ မဟုတ်ရင် ထိုင်စရာနေရာတောင် ရှိမှာမဟုတ်ဘူး"
ကလေးငယ်နှစ်ဦးမှာလည်း ခေါင်းကို အားရပါးရ ငြိမ့်ပြကြသည်။ ချန်ချင်းယွီသည် ယနေ့မီနူးများကို ရေးထားသည့် ကျောက်သင်ပုန်းလေးရှိရာ ကောင်တာဘက်သို့ အမြန်ကြည့်လိုက်ပြီး မှာယူလိုက်၏။
"ဝက်သားသုံးထပ်သား ဟင်းတစ်ပွဲ၊ ခုံးကောင်နဲ့ ကြက်ဥကြော်တစ်ပွဲ၊ ခရမ်းသီးအနှစ်ကြော်တစ်ပွဲနဲ့ ထမင်းသုံးပန်းကန် ပေးပါ"
သူမသည် ပိုက်ဆံနှင့် ကူပွန်ကို ချက်ချင်းထုတ်ပေးလိုက်သည်။
စားပွဲထိုးသည် ဘေလ်ကို လက်မှတ်ထိုး၊ ပိုက်ဆံကိုယူပြီးနောက် မာန်ပါပါဖြင့် လှည့်ထွက်သွားလေ၏။
ချန်ချင်းယွီ တွေးမိသည်မှာ
‘ခေတ်ဟောင်းဝတ္ထုတွေထဲကအတိုင်းပါပဲလား။ ဒေသပိုင် စားသောက်ဆိုင်တွေက တကယ့်ကို မာန်ကြီးကြတာပဲ၊ သူတို့ရဲ့ ဆက်ဆံရေးက နောက်ပိုင်းခေတ်က ဆိုင်တွေနဲ့ လုံးဝနှိုင်းယှဉ်လို့မရဘူး။ ဒါကြောင့်လည်း ခေတ်ဟောင်းဝတ္ထု တော်တော်များများမှာ ဇာတ်လိုက်တွေက သူတို့ရဲ့ အာဏာကို ပြဖို့နဲ့ တစ်ဖက်လူကို ပညာပေးဖို့အတွက် ဒီလိုဆိုင်မျိုးတွေမှာ ပြဿနာရှာကြတာ ဖြစ်ရမယ်။’
သို့သော် ချန်ချင်းယွီသည် ဤခေတ်သို့ ရောက်လာသည်မှာ မကြာသေးသော်လည်း ဤကဲ့သို့သော နေရာမျိုးမှ လူများကို သွားရောက် မထိပါးသင့်ကြောင်း သဘောပေါက်လေသည်။
မမြင်ဘူးလား!!
နံရံမှာတောင် ရေးထားသေးတယ်..
"စားသုံးသူများမှ အကြောင်းမဲ့ ကိုယ်ထိလက်ရောက် မစော်ကားရ!"
တွေ့လား?
သူတို့က အဲ့ဒီလောက်အထိကို မာန်တက်နေကြတာ!
ချန်ချင်းယွီ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ချန်းမန်လမ်းတွင် လာစားကြသူများမှာ သူတို့ရပ်ကွက်မှ လူများထက် အခြေအနေ ပိုကောင်းကြပြီး ဝတ်စားဆင်ယင်မှုမှာလည်း ပိုပြီး သပ်ရပ်ကြ၏။ သူတို့ရပ်ကွက်မှာ အလုပ်သမား မိသားစုများ အများစုရှိသော်လည်း ပေကျင်းမြို့စံနှုန်းနှင့်ဆိုလျှင် သူတို့ကို ချမ်းသာသည်ဟု မသတ်မှတ်နိုင်ပေ။
ပေကျင်းမှာ ချမ်းသာသည့်သူများ အတော်လေး များပြားလှသည်။
အစားအသောက်များကို နံပါတ်စဉ်အတိုင်း ချပေးခြင်းဖြစ်ပြီး မကြာခင်မှာပင် သူတို့အလှည့် ရောက်လာ၏။ ချန်ချင်းယွီက အမြန်သွားယူလိုက်ပြီး ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ စားပွဲပေါ်ရှိ အစားအသောက်များကို ကြည့်ကာ တံတွေးများကို အကြိမ်ကြိမ် မျိုချနေကြသည်။
ချန်ချင်းယွီ; "ကဲ... စားကြရအောင်"
သူမသည် အစားအသောက် အတော်စားနိုင်သူ ဖြစ်သော်လည်း အပြင်၌မူ အလွန်အကျွံ မစားရဲပေ။ သူတို့ သုံးယောက် အားရပါးရ စားလိုက်ကြပြီး ရှောင်ကျားသည် အသားကို အားပါးတရ စားနေသော်လည်း ချန်ချင်းယွီက မတားမြစ်ပေ။ ကလေးများမှာ လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် အဆီအဆိမ့်များကို စားထားကြပြီးသား ဖြစ်သည်။ သူမ စတင်ကူးပြောင်းရောက်ရှိလာစကသာဆိုလျှင် ဤကဲ့သို့ စားရန် မဝံ့ရဲပေ၊ သူတို့အစာအိမ်က ခံနိုင်ရည်ရှိဦးမည်မဟုတ်သောကြောင့်တည်း။ သို့သော် မကြာသေးမီက သူမသည် အစားအသောက်ကို ပိုကောင်းအောင် ပြင်ဆင်ပေးပြီး တဖြည်းဖြည်း ချဲ့စားလာခဲ့သဖြင့် ကလေးများအတွက် ပြဿနာ မဖြစ်တော့ပေ။ ကလေးများမှာ သုံးနှစ်သားအရွယ်သာ ရှိသေးသော်လည်း အစားအတော်စားနိုင်ကြပြီး ထမင်း တစ်ဝက်ကျော်စီလောက် ကုန်အောင် စားနိုင်ကြသည်။
အကယ်၍ သူတို့သည် ကြက်ဥကြော်နှင့် အသားများကို အဝမစားထားရလျှင် ထိုကလေးလေးများမှာ ထမင်းတစ်ပန်းကန်လုံး ကုန်အောင် စားနိုင်လောက်၏။
ကလေးများ ချန်ထားသည့် အကြွင်းအကျန်များကို ချန်ချင်းယွီ အကုန်စားလိုက်ရာ အလုံးစုံ ဗိုက်မပြည့်လျှင်ပင် တကယ့်ကို နေလို့ကောင်းသွားသည်။
ဒေသပိုင် စားသောက်ဆိုင်
ကတော့ တကယ်ကို ချက်တတ်ပြုတ်တတ်ပါပေတယ်…သာမန်လူတွေ ချက်တာထက် အများကြီး ပိုကောင်းနေရော!!
အရသာကတော့ တကယ့်ကို ရှယ်ပင်။
"အီး...!"
ရှောင်ကျား လေချဉ်တစ်ချက် တက်လိုက်ပြီး သူ၏ မျက်နှာလေးမှာ စိတ်ကျေနပ်မှုကြောင့် ဝင်းပနေသည်။ သို့သော်လည်း ထိုကလေးလေးက စိုးရိမ်စိတ်အနည်းငယ်ဖြင့် မေးရှာ၏။
"မေမေ... သားတို့ ဒီလောက်ကောင်းကောင်း စားထားတာကို အဘွားသိရင် စိတ်ဆိုးပြီး ရိုက်မလားဟင်?"
ချန်ချင်းယွီ; "မရိုက်ပါဘူး၊ မေမေ ရှိတယ်လေ။ သားတို့အဘွားလည်း ထမင်းစားဆောင်မှာ ဒီလောက်ကောင်းတာတွေ စားနေတာပဲ၊ သူ မေမေတို့ကို လာပြီး ထိန်းချုပ်လို့မရပါဘူး"
ယင်းမှာ အလကားပြောခြင်း မဟုတ်ပေ။ ထမင်းစားဆောင်ရှိအစားအသောက်များမှာ ထူးထူးခြားခြားကြီး မကောင်းလှသော်လည်း ဆီပြန်ဟင်းများဖြစ်၍ အရသာလည်း ရှိလှသည်။ သူတို့မှာ မီးဖိုချောင်ကူညီသူများဖြစ်သောကြောင့် အစားအသောက်များကို ချွေတာပြီး ချက်ပြုတ်ရင်း ကိုယ်တိုင်လည်း ပိုကောင်းကောင်း စားနိုင်ကြ၏။
မမြင်ဘူးလား? အဘွားကြီးကျောက်က အလုပ်သွားရတာကို မပျော်မရွှင် ဖြစ်နေပေမဲ့ ရက်အနည်းငယ်ကြာပြီးနောက်တော့ ချက်ချင်းပဲ ညည်းညူတာတွေ ရပ်သွားတော့တာလေ..
ဘယ်လောက်အကျိုးအမြတ်ရှိလဲဆိုတာကို သူမ အသိဆုံးပဲလေ..
မီးဖိုချောင်ကူညီသူအလုပ်သည် ရုံးဝန်ထမ်းများနှင့် မနှိုင်းယှဉ်နိုင်သော်ငြား သူ့အားသာချက်နှင့်သူ ရှိနေသည်။ အထူးသဖြင့် အဘွားကြီးကျောက်ကဲ့သို့ တခြားကျွမ်းကျင်မှု သို့မဟုတ် ပညာရပ်ပိုင်းဆိုင်ရာ ဘာမှမရှိသည့် အဘွားကြီးများအတွက် ဤအလုပ်မှ ရရှိသည့် အကျိုးခံစားခွင့်လေးများမှာ တကယ့်ကို အဆင်ပြေလှသည်။
ရှောင်ကျား: "သားတို့မိသားစုက ဒီလိုတွေ အများကြီး စားနေရင် ပိုက်ဆံတွေ ကုန်သွားမှာ မဟုတ်ဘူးလား?"
ချန်ချင်းယွီ: "ကလေးတွေက အဲ့ဒါတွေ စိတ်ပူစရာမလိုပါဘူး။ အိမ်ကကိစ္စတွေကို အဘွားနဲ့ မေမေက အကုန်စီစဉ်နေတာပဲ။ သားတို့က စိတ်ပူစရာမလိုဘူးနော်"
"ဪ~"
ရှောင်ကျား ပါးလေးဖောင်းပြီး ချန်ချင်းယွီနောက်မှ လိုက်လာပြီး သူတို့ သုံးယောက် အတူတူ ဈေးဝယ်ထွက်ကြသည်။ ပန်းအိုးများမှာမူ ခွဲတမ်းနှင့်မဟုတ်၍ လက်မှတ်မလိုပေ။ တချို့မိသားစုမှာ စားရန်ပင် မလောက်မငဖြစ်နေကြရာ ပန်းစိုက်ရန်ဆိုတာ မတွေးအားကြသဖြင့် ပန်းအိုးများမှာ သိပ်ပြီး အရောင်းမသွက်လှပေ။
ချန်ချင်းယွီ ပန်းအိုးအကြီး ရှစ်လုံးနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့တချို့ကို ဝယ်လိုက်ပြီးနောက် သူတို့ အိမ်ပြန်လာခဲ့၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ချန်ချင်းယွီသည် ရှီကျန့်ရှန်းကို နောက်တစ်ကြိမ် ထပ်တွေ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ရှီကျန့်ရှန်းသည်လည်း ချန်ချင်းယွီနှင့် ဆုံမိလိမ့်မည်ဟု မထင်ထားသဖြင့် သူမကို သံသယအကြည့်ဖြင့် ကြည့်ကာ
"ဘာလို့... ပန်းအိုးတွေ အများကြီး ဝယ်လာတာလဲ?"
ချန်ချင်းယွီ: "ဒါတွေနဲ့ ဟင်းသီးဟင်းရွက် စိုက်မလို့ပါ။ ဒေါ်လေးရော... ဘယ်က ပြန်လာတာလဲ?"
ရှီကျန့်ရှန်း; "ဆေးသွားယူတာပါ။ နင့်ဦးလေးရွှီ ခြေထောက်ကျိုးသွားတာလေ၊ မဟုတ်ဘူးလား? ငါတို့ကလည်း အမြန်သက်သာစေချင်တာပေါ့။ ဝင်းထဲကလူတွေကို ထမင်းဖိတ်ကျွေးမယ်လို့ ကတိပေးထားပေမဲ့ သူ့ခြေထောက်က ဒီလိုဖြစ်နေတော့ အဆင်မပြေဘူးလေ။ နင့်ဦးလေးရွှီက စိတ်နှလုံးကောင်းရှိတဲ့သူဆိုတော့ အမြန်ပြန်ကောင်းပြီး အားလုံးကို ဧည့်ခံချင်နေတာ။ မဟုတ်ရင် လူတိုင်းက စိုးရိမ်နေကြဦးမယ်! နင့်ဦးလေးက ဒီဝင်းထဲကလူတွေအပေါ် အမြဲငဲ့ညှာတတ်တာ။ ကြည့်လေ... ဒါကြောင့်လည်း ငါ့ကို ဆေးရုံအထိသွားပြီး မေးခိုင်းတာပေါ့။ ဆေးရုံကလည်း ဘာမှထူးထူးခြားခြား မလုပ်ပေးနိုင်ပါဘူး၊ အရိုးအက်တာဆိုတော့ အနားယူရုံပဲတဲ့။ တကယ့် အလိမ်အညာ ဆရာဝန်တွေ! ဒါနဲ့ ငါလည်း တခြားဆရာဝန်တစ်ယောက်ဆီ သွားမေးကြည့်တာ၊ ကြည့်ဦး... ဆေးညွှန်းအသစ် ရလာတယ်လေ။ မကြာခင် ပြန်ကောင်းလာမယ်လို့ ပြောတယ်"
ရှီကျန့်ရှန်းသည် အဘွားကြီးကျောက်နှင့် အကြိမ်ကြိမ် ရန်ဖြစ်ဖူးသော်လည်း ချန်ချင်းယွီနှင့်မူ တစ်ခါမျှ ထိပ်တိုက်မတွေ့ဖူးသဖြင့် ပုံမှန်အတိုင်း စကားပြောနိုင်ခြင်းပင်။ ထို့ပြင် သူမသည် ချန်ချင်းယွီကို ဤအကြောင်းများအား တစ်ဆင့်စကားပြောစေချင်သည်၊ သူမယောက်ျား၏ စရိုက်မှာ တကယ့်ကို အပြစ်ပြောစရာမရှိအောင် ကောင်းမွန်ကြောင်း သိစေချင်နေ၏။
"နင့်ဦးလေးကတော့ ဘာမှထူးခြားတာ မဟုတ်ပါဘူး၊ ရိုးသားပြီး စိတ်ကောင်းရှိရုံပါပဲ"
ချန်ချင်းယွီ ပြုံးပြီး ထောက်ခံပေးလိုက်သည်။
"ဟုတ်ကဲ့ပါ"
ရှီကျန့်ရှန်းက; "နင့်ဦးလေး ပြန်ကောင်းလာရင် အားလုံးကို ကျွေးမွေးဧည့်ခံမှာပါ။ နင့်မိသားစုလည်း အကုန်လာခဲ့၊ အများကြီးစားနော်။ နင့်ယောက္ခမကတော့ တကယ့်ကို လူယုတ်မာပဲ။ နင်လည်း တော်တော်လေး ဒုက္ခရောက်ရှာပါတယ်။ ငါ့အမြင်ပြောရရင်တော့ နင် နောက်အိမ်ထောင်ပြုသင့်တယ်။ ဒီမှာနေပြီး ဘာလုပ်မှာလဲ? နင် ခံစားနေရတာ တော်တော်များနေပြီ"
ချန်ချင်းယွီ နူးညံ့စွာပြုံးလိုက်ပြီး
"အဲ့ဒါကတော့ မဖြစ်နိုင်ပါဘူး! ကိုကိုကျန့်ဝမ်အပေါ်ထားတဲ့ ကျွန်မရဲ့အချစ်က ပင်လယ်ထက်နက်ပြီး ကျောက်ဆောင်ထက် ခိုင်မာပါတယ်။ အခု သူ မရှိတော့ပေမဲ့ ရှောင်ကျားနဲ့ ရှောင်ယွမ်ကို သေချာစောင့်ရှောက်ဖို့ ဒီမှာပဲ ဆက်နေမှာပါ။ ကျွန်မနှလုံးသားထဲမှာတော့ ကိုကိုကျန့်ဝမ်က ဘယ်တော့မှ မသေပါဘူး..."
ရှီကျန့်ရှန်းမှာ သူမပါးစပ်ကို သူမ ပြန်ရိုက်ချင်စိတ် ပေါက်သွားသည်။
ငါ ဘာလို့ ဒီအကြောင်းတွေကို သွားပြောမိတာလဲ?!
ငါတော့ ဒုက္ခတွေ့ပြီလားမသိဘူး။
သူမသည် စကားလမ်းကြောင်းလွှဲရန် ချန်ချင်းယွီ၏ စကားကို အမြန်ဖြတ်လိုက်သည်။
"ကြည့်ဦး!"
"ဒါက...?"
"ဒါက အရိုးအကြီးကြီးလေ။ နင့်ဦးလေး ခြေထောက်နာနေတာဆိုတော့ အရိုးအက်တာ သက်သာအောင် အရိုးပြုတ်ရည် များများသောက်ဖို့ လိုတယ်လေ။ ဒါ ငါဝယ်လာတာ၊ မကောင်းဘူးလား? ပြောပြဦးမယ်၊ ငါက အသားဝယ်တဲ့နေရာမှာ အတွေ့အကြုံရှိတယ်..."
ချန်ချင်းယွီ: "ဪ၊ ဟုတ်ကဲ့ပါ"
သူတို့အုပ်စု အတူတူ လမ်းလျှောက်ပြန်လာကြရာ နေ့လယ်စာစားချိန်ပင် ကျော်နေပြီဖြစ်သည်။ ရှီကျန့်ရှန်းလည်း ထမင်းမစားရသေးသဖြင့် ချန်ချင်းယွီနှင့် စကားအများကြီး မပြောတော့ဘဲ အိမ်ထဲသို့ တန်းဝင်သွား၏။ သို့သော် ခဏချင်းမှာပင် သူမသည် အိမ်ထဲအပြင်ထွက်ကာ အလုပ်များနေလေသည်။
ချန်ချင်းယွီသည် အိမ်ပြန်ရောက်သောအခါ ကလေးများကို နေ့လယ်ခင်း တစ်ရေးအိပ်ရန် ပြင်ဆင်ပေးလိုက်ပြီး သူမကိုယ်တိုင် နေ့လယ်စာ ဗိုက်မပြည့်သေးသဖြင့် တံခါးဝတွင်ထိုင်ကာ ဟင်းမပါဘဲ ဂျုံနှစ်မျိုးစပ်ထားသည့် ပေါက်စီအလွတ်ကိုသာ စားနေလိုက်၏။
အဒေါ်ကြီးမေ့ ထွက်လာပြီး သူမကို မြင်သောအခါ
"အမလေး... ချင်းယွီလေး၊ ညည်း နေ့လယ်စာကို ဒါပဲ စားနေတာလား?"
ချန်ချင်းယွီ ခေါင်းညိတ်ပြီး ရှက်ပြုံးလေးဖြင့်
"ကျွန်မ နည်းနည်းပင်ပန်းနေလို့ ဟင်းမချက်ချင်တော့တာနဲ့ ညကျမှပဲ ချက်စားတော့မယ်။ အခုတော့ ပေါက်စီလေး နှစ်လုံး၊ သုံးလုံးလောက်ပဲ စားလိုက်တော့မယ်"
ဒေါ်လေးမေ့ ခဏမျှ တွေဝေနေပြီးမှ ညည်းတွားလိုက်၏။
"ညည်းလို ဇနီးသည်လေးရဲ့ ဘဝက တကယ်ကို ခက်ခဲရှာပါတယ်"
သူမလည်း ဘာပြောနိုင်မည်နည်း?
သူမအိမ်ကို ခေါ်ကျွေးရန်မှာလည်း အဆင်မပြေပေ။
လူတိုင်းတွင် ကိုယ်စီရုန်းကန်မှုများ ရှိကြသည် မဟုတ်ပါလား။
အဘွားကြီးကျောက် အလုပ်လုပ်နေသဖြင့် ချန်ချင်းယွီ ဒုက္ခရောက်နေသည်မှာ သဘာဝကျသည်ဟု လူတိုင်း ထင်နေကြလေသည်။
"ဒီအလုပ်ကို နင့်ယောက္ခမကို မပေးသင့်ဘူး"
အဒေါ်ကြီးမေ့မှာ တိုးတိုးလေး ပြောလိုက်၏။
ချန်ချင်းယွီ ခပ်တိုးတိုးလေသံဖြင့်
"ကိစ္စမရှိပါဘူး။ ဒါ ကျွန်မ လုပ်သင့်လုပ်ထိုက်တာပဲလေ၊ ကျွန်မ ဝမ်းသာအားရ လုပ်ပေးတာပါ"
ထို့နောက် ပြုံးလျက် ပေါက်စီကိုသာ ဆက်စားနေလိုက်သည်။
တကယ်တမ်း သူမသည် နေ့လယ်ခင်း၌ ဒေသပိုင်စားသောက်ဆိုင်တွင် ကောင်းကောင်းစားခဲ့ပြီးဖြစ်၍ တကယ်ပင် ပျင်းနေခြင်းဖြစ်၏။ သို့သော် ဤသို့နေခြင်းကပင် ကောင်းသည်ဟု သူမခံစားရသည်၊ ယခုခေတ်တွင် ချမ်းသာကြောင်း မကြွားဝါခြင်းမှာ အကောင်းဆုံးပင်။
ပိုဆင်းရဲလေ၊ ပိုပြီး ဂုဏ်ရှိလေပင်!
သူမ ခေါင်းငုံ့ပြီး ဆက်စားနေစဉ်မှာပင် တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။
ဒါ ဘာအနံ့လဲ?
အနံ့က ပိုပိုပြီး ပြင်းလာသည်!
ဒီအနံ့ကတော့...
ချန်ချင်းယွီ ချက်ချင်း ထရပ်၍ အနံ့ခံကြည့်လိုက်ရာ အန်ပင် ထွက်ချင်သွား၏။
ဒါ ဘယ်လိုငရဲလို အနံ့လဲ!! သောက်ခွေးပဲ..
သူမ ခေါင်းမော့ကြည့်လိုက်ရာ ရှီကျန့်ရှန်း၏ အိမ်ဘက်မှ ထွက်လာခြင်းဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
ချန်ချင်းယွီ စကားမပြောရသေးခင်မှာပင် ရှေ့ဝင်းမှ အဘွားကြီးဝမ် ဆဲဆိုကာ ရောက်လာတော့၏။
"ဘယ်သူလဲဟဲ့? ခွေးချေးတွေ ချက်နေတာလား? သေချင်နေကြတာလား?!"
လင်းစန်းရှင်းမှာလည်း နှာခေါင်းကိုပိတ်ကာ အဘွားကြီးဝမ်နောက်မှ လိုက်လာသည်။ အဒေါ်ကြီးမေ့ ခါးထောက်လျက် ထွက်လာပြီး အော်မေးလိုက်၏။
"ရှီကျန့်ရှန်း! နင် ဘာတွေလုပ်နေတာလဲ?"
"ဒေါ်လေးရှီ!"
အလယ်ဝင်းထဲမှ လူတချို့လည်း ထွက်လာကြသည်။
ချန်ချင်းယွီသည် နှာခေါင်းကိုပိတ်ကာ လူအုပ်ထဲတွင် ရပ်နေရင်း အားလုံးနှင့်အတူ ရှီကျန့်ရှန်းကို စိုက်ကြည့်နေ၏။
"သူ ဘာလို့ ထွက်မလာတာလဲ? အနံ့ကြောင့် မေ့လဲသွားတာများလား?"
"ဟင်? မဟုတ်လောက်ပါဘူးနော်?"
ချန်ချင်းယွီ ဟိုဟိုဒီဒီ လှမ်းကြည့်ရင်း
"သူ ဘာလုပ်နေတာလဲ? တို့တွေ အထဲဝင်ပြီး သူ့ကို ကယ်ကြရအောင်!"
လူတိုင်းမှာ စပ်စုချင်စိတ်များ ပြည့်နှက်နေကြသည်။
သူမ တိုးတိုးလေး ဝါဒဖြန့်လိုက်၏။
"သူ တရုတ်တိုင်းရင်းဆေးတချို့ ဝယ်လာတယ်လေ"
"မဖြစ်နိုင်တာ! ဒါက တရုတ်ဆေးအနံ့ လုံးဝမဟုတ်ဘူး! တရုတ်ဆေးက ဒီလိုအနံ့မျိုး မထွက်ဘူး!"
"ဟုတ်တယ်!"
"ဒေါ်လေးရှီ..."
"သွားကြည့်ကြရအောင်..."
ထိုစဉ်မှာပင် ရှီကျန့်ရှန်းသည် နှာခေါင်းကို ညှစ်ပိတ်လျက် ထွက်လာပြီး လူတိုင်းကို အားနာသလို ပြုံးပြလိုက်လေသည်။
"ဝက်အူတွေ ဆေးနေတာပါ... နားလည်မှုလွဲတာပါ၊ တကယ် နားလည်မှုလွဲတာပါ၊ အားလုံးကို တောင်းပန်ပါတယ်!"
သူမသည် တံခါးကို အတင်းပိတ်ထား၏။
ချန်ချင်းယွီ: "???"
ရှင်က တံခါးကို ပိတ်ထားလေလေ၊ ကျွန်မက ပိုပြီး စပ်စုချင်လေလေပဲ!
တကယ်ပါ၊ ကျွန်မ တကယ်ကို သိချင်နေတာ!
_
၃၂။ သည်းမခံနိုင်ဖွယ် အပုပ်နံ့
ဝက်အူတွေ ဟုတ်လား??
ရှင်ပြောတိုင်း ယုံမယ်များထင်နေလား!!
ရှီကျန့်ရှန်း တခြားလူများကို အရူးလုပ်နေခြင်းမဟုတ်ဘဲ သူမကို တမင်ရည်ရွယ်ပြီး အရူးလုပ်နေခြင်း ဖြစ်မည်ဟု ချန်ချင်းယွီ တွေးမိသည်။
သူတို့နှစ်ဦး အပြင်မှ အတူတူပြန်လာခဲ့ကြခြင်းဖြစ်ပြီး လမ်းတစ်လျှောက်လုံးမှာလည်း သူမအကုန်မြင်ခဲ့ရ၏။
ဝက်အူတူတာဆိုလို့ အပ်တိုတစ်ချောင်တောင်မပါဘူး…ဝေးလာဝေး... လုံးဝမပါဘူး… အဘွားကြီး ဘယ်သူ့ကိုလာအယုံသွင်းနေတာလဲ!
အရိုးတစ်ချောင်း၊ အရည်အပြည့်ပါသော အိုးကြီးတစ်လုံး၊ တရုတ်တိုင်းရင်းဆေးထုပ်တစ်ထုပ်အပြင် ခြင်းတောင်းလေးထဲတွင် တခြားပစ္စည်း အနည်းအကျဉ်းသာ ရှိ၏။
ကျွန်မ မျက်လုံးကြီးနဲ့ အသေအချာ မြင်လိုက်တာပါ၊ တခြား ဘာမှမရှိပါဘူး။
ဝက်အူတဲ့လား!!
ရှင်ပဲ ဝက်ကို ကိုယ်တိုင်သတ်လိုက်လို့လား!!
မဟုတ်ရင် အဲ့ဒီအူတွေက ဘယ်ကနေ ရောက်လာမှာလဲ!!
သို့သော် အဘွားကြီးရှီမှာ ရိုးသားလှချည်ရဲ့ဆိုသည့် မျက်နှာပေးနှင့်လိမ်ညာနေဆဲပင်။
"ငါ သေသေချာချာ မဆေးကြောမိလို့ပါအေ၊ အားလုံးကို ဒုက္ခပေးမိပြီ။ အခုချက်ချင်းပဲ သွားရှင်းလိုက်ပါ့မယ်"
ရရှိလာသောအနံ့မှာ အတော်လေး ပြင်းထန်ပြီး ညှီစော်နံလှသော်လည်း သူမ၏ တောင်းပန်တိုးလျှိုးနေသော မျက်နှာကြောင့် တခြားသူများမှာ ဘာမှမပြောသာတော့ပေ။ ခေတ်ကာလအရ တစ်ခါတရံ အနံ့ပြင်းတာမျိုး စားမိတတ်သည်သာပင်။
သို့သော်လည်း... လူတိုင်းမှာ ဘုရားတမိကြသည်။ ဤမျှလောက်အထိ ညှီစော်နံခြင်းမျိုး သူတို့တစ်သက်မှာ တစ်ခါမှ မကြုံဖူးကြချေ။
တစ်ခါမှကို မကြုံဖူးတာပါ!
အဘွားကြီးဝမ် မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။
"ဒီအနံ့က တကယ်ကို ပြင်းလွန်းတယ်။ သေချာမဆေးရင် တကယ်ကို ညစ်ပတ်တာနော်၊ သတိထားဦးမှပေါ့"
"ဟုတ်ပါ့တော်!"
အဒေါ်ကြီးမေ့သည်လည်း နှာခေါင်းကို အုပ်ထားရင်း ထောက်ခံလေသည်။
ရှီကျန့်ရှန်းခမျာ အောင့်သက်သက် အပြုံးတစ်ခုနှင့်
"သိပါတယ်အေ၊ ကဲ... အားလုံးပဲ သွားကြပါတော့"
ထိုအနံ့ဆိုးသက်ရောက်နေရာတွင် မည်သူမှ ဆက်မနေချင်ကြပေ။ အဘွားကြီးဝမ် ပွစိပွစိ ပြောရင်း ထွက်သွားကာ တခြားသူများလည်း ထိုနည်းတူပင်။
ကျုပ်တို့ တကယ်ကို မခံနိုင်တော့တာပါ!!
လူတော်တော်များများမှာ အတော်လေး စပ်စုချင်ကြသော်လည်း ထွက်ပေါ်လာတဲ့ အပုပ်နံ့မှာ အလွန်အမင်း ပြင်းထန်လွန်းနေ၏။
ချန်ချင်းယွီလည်း အမြန်ပဲ အိမ်ထဲဝင်သွားခဲ့သည်။ ရှီကျန့်ရှန်းစကားကို သူမ လုံးဝမယုံပေ။
ဒီမိန်းမကြီး ဘာတွေ ကြံစည်နေလဲ ဘယ်သူသိမှာလဲ!!
သူမ ပုန်းလျှိုပုန်းကွယ် လုပ်နေသော အမူအယာကို ကြည့်ရသည်မှာ တစ်ခုခုတော့ မဟုတ်တာ သေချာနေ၏။ တကယ်ကို စိုးရိမ်စရာပင်။
"လိုရင်တော့ ဒီညကျမှ ခိုးပြီး သွားချောင်းရမယ်"
လူများ အကုန်ထွက်သွားခါမှ ရှီကျန့်ရှန်းမှာ သက်ပြင်းချနိုင်တော့သည်။ အိမ်ထဲဝင်ပြီး အိုးအဖုံးကို ဖွင့်ကြည့်လိုက်ရာ အရိုးပြုတ်ရည်ကို ကြည့်ပြီး စိတ်ညစ်သွားရပြန်၏။ အမှန်တကယ်ပင် ထိုအပုပ်နံ့မှာ တခြားအရာကြောင့်
မဟုတ်ဘဲ ဤအရိုးကြီးကြောင့် ဖြစ်နေခြင်းပင်။
အရိုးပြုတ်လိုက်ရင် ဒီလောက်တောင် နံသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ!! သောက်ခွေးပဲ!
စားလို့တောင် ရပါတော့မလား! ကိုယ်ကျိုးနည်းပြီထင်ပါရဲ့?
ယနေ့ သူမ အပြင်ထွက်ရသော အကြောင်းရင်းမှာ ခင်ပွန်းဖြစ်သူအတွက် ဆေးဝယ်ဖို့တင်မကဘဲ မှောင်ခိုဈေးမှ အသားရောင်းသူနှင့် ချိတ်ဆက်ရန်လည်း ပါဝင်သည်။ သူမ၏ ခင်ပွန်းမှာ ဝင်ငွေကောင်းသူဖြစ်၍ အသားကို ခိုးဝယ်လေ့ရှိသော်လည်း အသားလက်မှတ်မှာ အကန့်အသတ်ရှိနေသဖြင့် မှောသ်ခိုစျေးရှိ လူများနှင့် ဆက်သွယ်မိရင်း ဤဝင်းထဲမှ တခြားသူများထက် အဆက်အသွယ် ပိုရှိလာခြင်းဖြစ်၏။
သူမမှာ ကြိုတင်မှာထားရပေမည်။ မဟုတ်လျှင် ပွဲလုပ်ရန်အတွက် အသားအများကြီး ရနိုင်မည်
မဟုတ်ပေ။ ပမာဏများများရရန်
ခက်ခဲသလို ဈေးပေါပေါနှင့် ရဖို့ရန်မှာ ပို၍ခက်သေးသည်။ သို့သော် ပစ္စည်းကောင်းမှာ ဈေးကြီးသည် မဟုတ်လော့။
သူမ ဈေးသက်သာရာကို ရှာခဲ့ရာမှ ပုံမှန်ဈေးထက် ငါးပုံတစ်ပုံလောက်သာရှိသည့် ပစ္စည်းကို တကယ်ပဲ ရှာတွေ့ခဲ့၏။ အတော်လေး တွက်ခြေကိုက်ပြီး အနံ့လေး နည်းနည်းနံနေခြင်းကို သူမ ဂရုမစိုက်ဘဲ စရန်ငွေပင် ပေးချေခဲ့ပြီးဖြစ်သည်။
ဤအရိုးသည်ကား အပိုလက်ဆောင်အဖြစ် ကြိုပေးတောင်းလာခြင်းပင်။
သူမ အတော်လေး ဝမ်းသာသွားပြီး အနံ့လေး နည်းနည်းပြင်းသော်လည်း ဟင်းရည်ပြုတ်လိုက်လျှင် ပျောက်သွားမည်ဟုသာ သူမ တွေးခဲ့မိ၏။
ဟင်းရည်ပြုတ်လိုက်တာ... သောက်ကျိုးနည်းပါပဲ။
"ဟင်းရည်ပြုတ်လိုက်မှ အနံ့က ဘာလို့ ပိုပြင်းလာရတာလဲ"
မည်သူမှ ရှင်းမပြနိုင်ပေ။ မူလတွင် အနံ့လေး သဲ့သဲ့သာရှိပြီး ချက်ပြုတ်လိုက်တော့မှ အရိုးထဲမှ အပုပ်နံ့များ အကုန်ထွက်လာပြီး သူမထံ လွင့်ပျံ့လာတော့သည်။
ရှီကျန့်ရှန်းမှာ ကူရာကယ်ရာမဲ့စွာဖြင့် ခုံတန်းလျားပေါ် ထိုင်နေမိ၏။
ချန်ချင်းယွီတစ်ယောက် သူမအိမ်မှ ရှီကျန့်ရှန်းတို့အိမ်ဘက်ကို ခိုးကြည့်နေသည်။ အနံ့အသက်များ မပျောက်သေးကာ ရှီကျန့်ရှန်းမှာလည်း အပြင်ထွက်မလာသေးပေ။ချန်ချင်းယွီ စူးစမ်းစွာ ကြည့်နေမိပြီး အဒေါ်ကြီးမေ့သည်လည်း အိမ်ရှေ့တွင် ဟင်းသီးဟင်းရွက် သင်နေရင်း ရှီကျန့်ရှန်းတို့အိမ်ဘက်ကို ခဏခဏ လှမ်းကြည့်နေ၏။
"ဘာနံကြီးလဲဟ! အိမ်ထဲမှာ မစင်တွေ ချက်နေကြတာလား"
ရှီရှောင်ဝေနှင့် သူငယ်ချင်းများ ကျောင်းမှပြန်ရောက်လာပြီး ဝင်းထဲကို ခြေချလိုက်သည်နှင့် အော်ဟစ်လိုက်မိလေသည်။ အနံ့အသက်မှာ တကယ်ကို မခံမရပ်နိုင်အောင် ပြင်းလွန်းနေ၏။
ယန်ဟောက်ရွှယ်မှာ လက်ကိုင်ပုဝါကို ထုတ်ပြီး သူမနှာခေါင်းကို ချက်ချင်းအုပ်လိုက်မိသည်။ သူ၏ နတ်ဘုရားမလေး မပျော်မရွှင် ဖြစ်သွားသည်ကို မြင်သည်နှင့် ရှီရှောင်ဝေမှာ ထပ်မံအော်ဟစ်လေ၏။
“ဘယ်လူလဲ? ခင်များတို့ ဘာတွေလုပ်နေကြတာလဲ? လူအများနဲ့နေပြီး အားနာရကောင်းမှန်းမသိဘူးလား? အသိတရားတွေ ခွေးစားသွားတာလား? ဒါက ဘယ်လိုအပြုအမူမျိုးလဲ? လွန်လွန်းအားကြီးသွားပြီ!!”
အဒေါ်ကြီးမေ့မှာ ရှီရှောင်ဝေကို လှမ်းပြောလိုက်လေသည်။
“ရှောင်ဝေ၊ မင်းနှယ့်ကွယ် ဘာတွေအော်ဟစ်နေတာလဲ။ ဒေါ်လေးရှီက ဝက်အူတွေချက်နေတာပါအေ၊ ခဏနေရင် အနံ့ပျောက်သွားမှာပေါ့။ ယောကျ်ားလေးဖြစ်ပြီးတော့ အပိုတွေလုပ်မနေနဲ့၊ ဘာတွေညည်းညည်းညူညူ လုပ်နေတာလဲ”
ရှီရှောင်ဝေမှာ မထေမဲ့မြင်ဟန်ဖြင့်
“ဒေါ်လေးတို့ကတော့ သည်းခံနိုင်တာပေါ့၊ ကျွန်တော်တို့ကတော့ မရဘူး။ အပုပ်နံ့ကို မကြောက်ရဘူးလို့ ဘယ်သူမှ စည်းကမ်းမထုတ်ထားပါဘူး။ တကယ် စိတ်ရှုပ်ဖို့ကောင်းတာပဲ။ ဟောက်ရွှယ်... ငါတို့ အပြင်မှာ ခဏသွားလမ်းလျှောက်ကြမလား၊ အနံ့ပျောက်မှ ပြန်လာခဲ့ကြတာပေါ့”
သူ ယွမ်ဟောက်ရွှယ်ကို တောင်းဆိုကာ ကြည့်လိုက်သော်လည်း ယွမ်ဟောက်ရွှယ်သည် ခေါင်းခါပြကာ
“မသွားတော့ဘူး၊ ငါ အိမ်ပြန်ရင် အဝတ်လျှော်ရဦးမယ်။ အိမ်မှာ လုပ်စရာတွေ အများကြီးပဲ၊ ငါ့မိဘတွေကလည်း အလုပ်လုပ်နေရတာ ငါက ကလေးမဟုတ်တော့ဘူးလေ၊ အိမ်ကို ဝိုင်းကူရမှာပေါ့”
ရှီရှောင်ဝေ; “နင့်အိမ်က ရှောင်ချွေက ကျောင်းမတက်ဘူး မဟုတ်လား။ သူက ဘာလို့ ဘာမှမလုပ်တာလဲ၊ အလကား ထိုင်စားနေတာပဲဟာ! နင့်အမေကလည်း စိတ်ကောင်းရှိလွန်းလို့ အဲ့ဒီလို တောသူမလေးကို အိမ်မှာ ပေးနေတာ။ ကြည့်စမ်းပါဦး၊ ဘယ်လောက်တောင် အဆင့်မရှိလိုက်သလဲ။ နင်တစ်ယောက်ပဲ သူ့ကို ညီမအရင်းလို သဘောထားပြီး နေရာတိုင်း ခေါ်သွားနေတာ၊ သူက နင့်အနားမှာ နေဖို့ တန်၊ မတန်တောင် သူကိုယ်တိုင် သိရဲ့လားမသိဘူး”
ယောကျ်ားလေးတစ်ယောက် ဖြစ်ပါလျက် ထိုမျှအထိ ထေ့ငေါ့ပြောဆိုခြင်းမှာ အတော်လေး ရိုင်းစိုင်းလှ၏။ ချန်ချင်းယွီ ဝေ့ဝဲကြည့်လိုက်ရာ ယွမ်ရှောင်ချွေသည် ဒုတိယဝင်းနှင့် တတိယဝင်းကြားတွင် မျက်လုံးများ နီမြန်းလျက် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမမှာ ရှီရှောင်ဝေကို စိုက်ကြည့်နေ၏။
ချန်ချင်းယွီ မြင်သကဲ့သို့ တခြားသူများလည်း မြင်ကြလေသည်။ ယွမ်ဟောက်ရွှယ် အမြန်ရှေ့တိုးသွားပြီး ရှီရှောင်ဝေကို လှည့်ကြည့်ကာ ငေါက်ငမ်းလိုက်၏။
“နင် ဘာတွေပြောနေတာလဲ! တကယ်ကို ရုပ်ပေါက်လွန်းတယ်။ ငါတို့က ဝင်းတစ်ခုတည်းနေတဲ့သူတွေပဲဟာ၊ အဲ့ဒီလို စကားမျိုးပြောတာ ဘယ်လောက် စိတ်နာဖို့ကောင်းလဲ။ တော်ပြီ! နင်နဲ့ မပြောတော့ဘူး!”
ထို့နောက် ရှောင်ချွေကို ဆွဲခေါ်ရင်း ချော့မော့ဖြောင်းဖျလိုက်လေသည်။
“ရှောင်ချွေ၊ ရှီရှောင်ဝေရဲ့ စကားမရှိ၊ ဓားမရှိ ပြောတာတွေကို နားမယောင်နဲ့နော်။ သူက ပါးစပ်သရမ်းရုံပဲ၊ မကောင်းတဲ့ စိတ်နဲ့ ပြောတာမဟုတ်ပါဘူး။ ခွေးဟောင်တာက မနာပါဘူးဟာ၊ စိတ်ထဲမထားနဲ့တော့နော်။ သွားကြစို့၊ အပြင်လူတွေ ဘယ်လိုပဲပြောပြော နင်က ငါ့ညီမလေးပါပဲ။ ငါက နင့်ကို ညီမလေးတစ်ယောက်လို ချစ်ပါတယ်”
ယွမ်ရှောင်ချွေ ချက်ချင်း မထွက်သွားသေးချေ။ ယွမ်ဟောက်ရွှယ် သူမကို ကြည့်ပြီး အသံကြည်ကြည်အေးအေးလေးဖြင့် ထပ်မံနှစ်သိမ့်ပြန်၏။
“ရှောင်ချွေ၊ နင်က ငါ့ကိုပါ စိတ်ဆိုးနေတာလား။ ငါပဲ တောင်းပန်ပါတယ်နော်၊ ဟုတ်ပြီလား။ ငါ့မှာ ကလစ်လှလှလေးရှိတယ်၊ နင့်ကို ပေးမယ်လေ၊ နင်နဲ့ဆို သေချာပေါက် လှနေမှာပဲ။ အဲ့ဒီလို ကောင်လေးတစ်ယောက်ကို ဘာလို့ စိတ်ဆိုးနေမှာလဲ၊ ရှောင်ဝေက ဘယ်လိုလူလဲဆိုတာ နင်လည်း သိတာပဲကို...”
ယွမ်ဟောက်ရွှယ် ထိုသို့လုပ်လိုက်မှ ယွမ်ရှောင်ချွေ၏ မျက်နှာပေးမှာ အနည်းငယ် ပျော့ပျောင်းသွားသည်။ သူမ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ရှီရှောင်ဝေကို အေးစက်စက်တစ်ချက်ကြည့်ကာ ယွမ်ဟောက်ရွှယ်၏လက်ကို ဆွဲပြီး အလယ်ဝင်းဘက်သို့ ပြန်သွားကြ၏။
ချန်ချင်းယွီ တံခါးဝတွင် ထိုင်၍ပွဲကြည့်နေရင်း ရှီရှောင်ဝေ၏ ပွစိပွစိ ပြောသံကို ကြားလိုက်ရသည်။
“ဟောက်ရွှယ်ကတော့ တကယ်ကို စိတ်ထားကောင်းလွန်းတာပဲ”
အဒေါ်ကြီးမေ့မှာ ထိုမြင်ကွင်းကို ကြည့်ပြီး “ဒီလူငယ်တွေနှယ်...” ဟု သက်ပြင်းချရင်း ခေါင်းခါလေ၏။
ရှီကျန့်ရှန်းမှာ ရှီရှောင်ဝေကို မထေမဲ့မြင်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
“မျက်နှာလိုမျက်နှာရ လုပ်တဲ့ကောင်၊ ဘယ်လိုများ ကောင်းစားဦးမှာလဲ။”
“ဟွန့်!!”
“မိသားစုဝင်ကိုတောင် နှိမ့်ချနေသေးတာလား။ ခံရမှာပဲ!”
ရှီကျန့်ရှန်းလည်း ခိုးကြည့်နေခြင်းပင်။ သူမ ရှီရှောင်ဝေကို တံတွေးတစ်ချက် ထွေးလိုက်ပြီးနောက် တွေဝေသွားဟန်ဖြင့် ခေါင်းငုံ့သွားသည်။ သို့သော် ချက်ချင်း လက်လျှော့လိုက်ပြီး၊ အခြေအနေ တကယ် မဟန်တော့ဘူးဆိုလျှင် နောက်မှခင်ပွန်းဖြစ်သူကို ရှင်းခိုင်းတော့မည်ဟု တွေးလိုက်၏။
သူမ အရိုးဟင်းရည်များကို ခပ်ထုတ်လိုက်သည်။ အပူပေးလိုက်သော အရိုးဟင်းရည်မှာ တကယ်ကို နံလွန်းလှ၏။
တကယ်ကို မခံမရပ်နိုင်အောင် နံနေခြင်းပင်။
အရိုးတောင် ဒီလောက်နံနေရင် အသားကလည်း သိပ်ကောင်းမှာမဟုတ်တော့ဘူး…
သူမက ဒီနေ့မှ စရန်ငွေ ပေးခဲ့တာဆိုတော့ ဘယ်လိုလုပ်ရပါ့မလဲ…
အဘွားကြီးရှီ စိတ်မအေးနိုင်စွာဖြင့် အရိုးဟင်းရည်များကို ခပ်ထုတ်နေရင်း တံခါးနှင့်ပြတင်းပေါက်များကို အကုန်ဖွင့်ထားသော်လည်း အနံ့သည်ကား လုံးဝမပြယ်သွားပေ။
ဒီလောက်ပြင်းထန်တဲ့ အနံ့ဆိုးကို ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး…
ရှီကျန့်ရှန်းတစ်ယောက် စိတ်ညစ်နေတုန်းမှာပင် သူမယူလာသည့် တိုင်းရင်းဆေးထုပ်များကို ရုတ်တရက် သတိရသွား၏။
ကြားဖူးတာတော့ ဒီဆေးမြစ်တွေကလည်း ဆေးနံ့ရှိတယ်တဲ့!!
"ဟုတ်ပြီ... ဒီဆေးနံ့နဲ့ပဲ အပုပ်နံ့ကို ဖုံးပစ်လိုက်ရင် မကောင်းဘူးလား"
ထိုသို့တွေးလိုက်မိသောအခါ အဘွားကြီးရှီမှာ စိတ်အားတက်ကြွသွားပြီး ဆေးကျိုအိုးကို စတင်ရှာဖွေလိုက်သည်။ ဤတစ်ကြိမ် သူမသွားပြခဲ့သည် တရုတ်သမားတော်ကြီးမှာ အတော်လေး နာမည်ကြီးပြီး တော်သူဖြစ်၏။ လွန်ခဲ့တဲ့နှစ်များမှဆိုလျှင် ဇာတာခွင်ကြည့်ခြင်း၊ ဗေဒင်ဟောခြင်း အစရှိသည်တို့ကိုပါ လုပ်နိုင်သော တကယ့်ဆေးဆရာကြီးပင်။
ဤနောက်ပိုင်း ခေတ်စနစ်များ ပြောင်းလဲသွား၍သာ ဆက်မလုပ်တော့ခြင်းဖြစ်၏။
သို့သော် ဆေးကုသခြင်းကိုမူ ဆက်လုပ်ကိုင်နေဆဲပင်။ ခေါင်းကိုက်၊ ဖျားနာဆိုလျှင် သူ၏ဆေးတစ်ဖုံကို တစ်ပတ်လောက်သောက်ရုံဖြင့် ယူပစ်သလို ပျောက်ကင်းသွားရသည်။
သူမ ဆေးစတင်ကျိုလေ၏။ ဆေးထုပ်ကြီးမှာ အတော်လေးကြီးပြီး ဆေးမြစ်များကလည်း အစုံအလင်ပင်။ ရှီကျန့်ရှန်းခမျာ ထိုဆေးမြစ်များကို ခွဲခြားမသိသော်လည်း ဤမျှများပြားသော ဆေးမြစ်များနှင့်သာဆို ရောဂါမှာ သေချာပေါက် ပျောက်မှာပဲဟု ယုံကြည်နေရှာ၏။
ရှီကျန့်ရှန်း ဆေးမြစ်များကို ငါးပုံပုံလိုက်သည်။ ငါးပုံပုံထားသည့်တိုင် တစ်ခါကျိုလျှင် အိုးတဝက်ကျော်နေပြီ ဖြစ်၏။ ရှီကျန့်ရှန်း ရေကို ဂရုတစိုက် ထည့်လိုက်ပြီးနောက် ကန်တော့ဗူးလေးထဲမှ ရေ ငါးပုံတစ်ပုံကို ထပ်လောင်းထည့်လိုက်သည်။
သူမ ပြုံးလိုက်မိ၏။
ဤဗူးထဲရှိ ရေမှာ ရိုးရိုးရေမဟုတ်ဘဲ "မြေမခတဲ့ရေ" ဖြစ်သည့် မိုးရေပင်တည်း။
အဆင့်မြင့်ဆေးဆိုတာမျိုးက အဆင့်မြင့်တဲ့အရာနဲ့ပဲ ပေါင်းစပ်ဖော်စပ်ရတာမလား!!
တကယ်တမ်း ကိုယ့်ဘာသာကိုယ် ရေခံထားလျှင် ရသော်ငြား ဤရက်ပိုင်း မိုးမရွာသောကြောင့် ဆရာကြီးထံမှ နည်းနည်းတောင်းလာခဲ့ခြင်း ဖြစ်သည်။ ဆရာကြီးက သူမအား ဆေးကျိုသည့်အခါ ဤရေ နည်းနည်းထည့်ကျိုဖို့ မှာထား၏။
သူမ အမြန် ပြင်ဆင်စရာရှိသည်များ လုပ်ပြီးနောက် မီးအေးအေးလေးနှင့် စတင်ကျိုချက်လေသည်။
ထိုအချိန်တွင် ချန်ချင်းယွီမှာ မုန့်ဖုတ်နေ၏။
ဟင်းတစ်မျိုးတည်းကိုပဲ ခဏခဏ စားနေရတာ ငြီးငွေ့စရာကောင်းလှချည်ရဲ့…
ယခုခေတ်ကာလမှာ စားနပ်ရိက္ခာရှာပါးနေသည့်တိုင် ချန်ချင်းယွီမှာ မိမိကိုယ်ကို မညှင်းဆဲလိုပေ။ လူ့ဘဝဆိုသည်မှာ ရခဲလှသည့်အတွက် မိမိကိုယ်ကို ပင်ပန်းဆင်းရဲခံနေခြင်းမှာ အဖြေမဟုတ်ဟု သူမ ယူဆလေသည်။ သူမသည် သကြားပန်ကိတ်ပြားကို ဖုတ်နေခြင်းပင်။
အသုံးပြုနေသော တန်ဆာပလာမှာ ယခင်ရက် မှောင်ခိုစျေးသွားပြီးဝယ်လာခဲ့သော သကြားဖြူများပင်ဖြစ်၏။
ယနေ့ခေတ်ကာလတွင် ပန်ကိတ်ပြားများကို သိပ်မဖုတ်ကြပေ၊ အကြောင်းအရင်းမှာ ဆီကုန်လွန်းသောကြောင့်တည်း။ သို့သော် ချန်ချင်းယွီမှာမူ စားရဖို့ဆိုလျှင် လက်တွန့်မနေပေ။
ရှောင်ကျားနှင့် ရှောင်ယွမ်သည်လည်း အပြင်ထွက်မဆော့ကြဘဲ မီးဖိုဘေးခုံတန်းတွင်ထိုင်၍ ချန်ချင်းယွီ မုန့်ဖုတ်နေသည်ကို ကြည့်နေကြသည်။
မုန့်မှာ အတော်လေးကို မွှေးကြိုင်ချိုမြိန်လှ၏။ အဖြူရောင် ပန်ကိတ်ပြားလေးများမှာ ဖောင်းဖောင်းအိအိနှင့် ကြည့်ရသည်မှာ အတော်လေး အရသာရှိမည့်ပုံပင်။ သေချာပေါက် ထူးကဲသည့် အရသာ ရှိမည်ပင်။
"အရသာရှိတဲ့ မုန့်လေး၊ အရသာရှိတဲ့ သကြားပန်ကိတ်လေးက ဘယ်သူ့အိမ်ကလဲဟင်"
"ငါတို့အိမ်ကပေါ့!"
ကလေးနှစ်ယောက်စလုံး ခေါင်းလေးများစောင်းပြီး အိုးကို စိုက်ကြည့်ကာ သွားရည်ကျနေကြ၏။မုန့် ကျက်ခါနီးလာချိန်တွင် အပြင်ဘက်မှ အနံ့တစ်မျိုးမှာ တဖြည်းဖြည်း လွင့်ပျံ့လာသည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ သကြားမုန့်နံ့လေးထဲ နစ်မျောနေဆဲ ရှိသေး... ခဏနေသောအခါ ထူးဆန်းလှသည့် အနံ့ဆိုးတစ်ခုက ရောက်လာတော့၏။
ဒီအနံ့ကတော့ တကယ့်ကို... တကယ့်ကိုပဲ။
ရှောင်ကျားမှာ နှာခေါင်းကို ရှုံ့ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် လက်ဖြင့် အုပ်လိုက်လေသည်။ သူသည် ချန်ချင်းယွီကို အံ့ဩတကြီး ကြည့်လျက် မေးမြန်းလိုက်မိ၏။
"မေမေ၊ အပြင်က ဘာနံကြီးလဲဟင်"
ချန်ချင်းယွီသည်လည်း ထိုအနံ့ကို ရရှိလိုက်သဖြင့် အဝတ်စများကို ယူ၍ တံခါးအကြိုအကြားများကို အမြန်ပိတ်ဆို့လိုက်ရတော့သည်။
အမလေး!
ခဏအတွင်းမှာပင် ထိုအနံ့ဆိုးသည် တစ်မဟုတ်ချင်း ပျံ့နှံ့သွားလေ၏။ပုပ်စော်နံသည်မျိုးလည်း မဟုတ်ဘဲ ဖော်ပြရန် ခက်ခဲလှသည့်...
အချုပ်အားဖြင့်ဆိုရသော် တကယ်ကို ထူးဆန်းလွန်းသော အနံ့ဆိုးကြီး ဖြစ်နေ၏။
ဝင်းအတွင်း၌ ဝက်ရိုးပြုတ်အပုပ်နံ့မှာ ဖုံးလွှမ်းလျက်ရှိနေပြီးဖြစ်ရာ ယခုအခါ အခြားသောအနံ့အသက်ဆိုးများပါ ထပ်မံရောနှောသွားသဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသော အဆိုးဝါးဆုံး အခြေအနေသို့ ရောက်ရှိသွားလေသည်။ ချန်ချင်းယွီသည် အပြင်ဘက်မှ အနံ့အသက်များကို မနှစ်မြို့သဖြင့် တံခါးကို ပိတ်ထားခဲ့သော်လည်း ဤမျှအထိ ဆိုးရွားလာလိမ့်မည်ဟုကား ထင်မှတ်မထားခဲ့ပေ။
ဤအနံ့သည် ယခင်ကရရှိသော အပုပ်နံ့ထက်ပင် သာလွန်ဆိုးရွားနေတော့၏။
ရှေးဦးစွာရရှိသော အနံ့မှာ ဝက်ရိုးပြုတ်သည့် အပုပ်နံ့သက်သက်သာ ဖြစ်သော်လည်း ယခုမူ ပျို့အန်ချင်စိတ်ကို ဖြစ်ပေါ်စေသည့် အနံ့မျိုးစုံရောပြွမ်းနေသော အနံ့ဆိုးကြီး ဖြစ်နေချေပြီ။
ချန်ချင်းယွီခမျာ “သောက်ကျိုးနည်း... ရှီကျန့်ရှန်းတစ်ယောက် ဘာတွေလျှောက်လုပ်နေတာလဲ” ဟု ရေရွတ်လိုက်မိသည်။
ထိုအနံ့ဆိုးကြီးမှာ ရှီကျန့်ရှန်းတို့အိမ်ဘက်မှ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခြင်းပင် ဖြစ်၏။
ချန်ချင်းယွီသည် စက္ကူစအချို့ကိုယူ၍ နှာခေါင်းထဲသို့ ထိုးထည့်လိုက်ပြီး ကလေးနှစ်ယောက်ကိုလည်း ထိုနည်းတူ ပြုလုပ်ပေးလိုက်လေသည်။ သူတို့သားအမိသုံးဦးမှာ နှာခေါင်း၌ စက္ကူစများ တပ်ဆင်ထားကြသော်လည်း အနံ့ကို မခံနိုင်ကြသဖြင့် မျက်နှာလေးများမှာ ဖြူဖျော့ကာ ရွံရှာစက်ဆုပ်ဖွယ် အမူအယာများ ဖြစ်ပေါ်နေကြ၏။
ချန်ချင်းယွီက “!!!”
“ငါက အားကိုးရာမဲ့တဲ့ မုဆိုးမလေးအဖြစ် ဟန်ဆောင်မနေသင့်ဘူး။ တကယ်လို့သာ ငါက အာပေါင်အာရင်းသန်တဲ့ မိန်းမကြီးတစ်ယောက်ဆိုရင် အခုချက်ချင်း အပြင်ထွက်ပြီး ဆဲဆိုပစ်လိုက်မှာ”
“အခုချက်ချင်းပဲ ထွက်ဆဲမိတော့မယ်!”
“ဒါက ဘာတွေဖြစ်နေတာလဲ”
ချန်ချင်းယွီ ပျို့တက်လာသည်ကို အောင့်ထားရင်း တစ်ကိုယ်တည်း ရေရွတ်နေမိ၏။
“သူမ တစ်ခုခုတော့ မဟုတ်တာလုပ်နေပြီ။ ဒါ လူတွေကို လက်စားချေချင်လို့ တမင်သက်သက် မစင်တွေကို ကျိုချက်နေတာလား။ မဟုတ်ရင် ဘာလို့ ဒီလောက်တောင် နံနေရတာလဲ”
သူမသည် ဒုတိယဝင်းအတွင်း နေထိုင်သူဖြစ်ရာ အဒေါ်ကြီးမေ့နှင့် အစ်မကြီးဖန်တို့ မိသားစုနည်းတူ အနံ့ကို ဦးစွာခံစားလိုက်ရသူ ဖြစ်သည်။ အလုပ်ဆင်းချိန် မဟုတ်သေးသဖြင့် ဝင်းအတွင်း၌ အိမ်ထောင်စု သုံးစုသာ ရှိနေသေး၏။
သို့မဟုတ်ပါက ဘေးသင့်သူဦးရေမှာ ယခုထက် ပိုမိုများပြားနိုင်ပေသည်။
သို့သော်လည်း ရှီရှောင်ဝေမှာမူ ထပ်မံသည်းမခံနိုင်တော့ဘဲ အပြင်သို့ပြေးထွက်ကာ အော်ဟစ်လိုက်လေ၏။
“ဒေါ်လေးရှီ... ဘာတွေလုပ်နေတာလဲဗျ။ ကျွန်တော်တို့ကို အနံ့နဲ့ သတ်မလို့လား”
ဤတစ်ကြိမ်တွင်မူ သူသည် တမင်သက်သက် ပြဿနာရှာခြင်းမဟုတ်ဘဲ အနံ့မှာ တကယ်ပင် သည်းမခံနိုင်လောက်အောင် ပြင်းထန်နေခြင်း ဖြစ်၏။ နံသည်ဟု ဆိုရမည်ဖြစ်သော်လည်း ပုံမှန်အနံ့မျိုး မဟုတ်ဘဲ အနံ့ဆိုးကြီးတစ်ခုအတွင်း၌ ထူးဆန်းသော အနံ့အသက်တစ်ခု ကိန်းအောင်းနေသကဲ့သို့ ဖြစ်နေသည်။ ၎င်းမှာ... လအတော်ကြာ ပစ်ထားသဖြင့် ပုပ်သိုးနေသော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များရှိသည့် ရေမြောင်းပုပ်ထဲသို့ တစ်စုံတစ်ဦးက မစင်များ သွန်ချလိုက်သကဲ့သို့ပင် ဖြစ်၏။
ညှိုးနွမ်းပုပ်သိုးနေသော သစ်ရွက်များနှင့် သစ်သီးနံ့များ ရောယှက်နေသော်လည်း... ထိုအထဲ၌ အလွန်ညှီစော်နံသော အနံ့ဆိုးကြီးလည်း ပါဝင်နေလေသည်။
ရှီရှောင်ဝေသည် အထက်တန်းကျောင်းပြီးခါနီးအထိ စာသေချာမလုပ်ကာ၊ ဝေလေလေလုပ်လာခဲ့သူ ဖြစ်သဖြင့် ဤထူးဆန်းလှသော အနံ့အသက်ကို စာဖြင့် ရှင်းလင်းစွာ မဖော်ပြတတ်သော်လည်း ပုပ်သိုးနေသော သစ်သီးသစ်ရွက်နံ့နှင့် အခြားအရာတစ်ခုခု ရောနှောနေခြင်းဖြစ်ကြောင်းကိုမူ သိရှိနေ၏။
တကယ်ကို ဆိုးရွားလှချေပြီ
“တကယ်ကို ဆိုးလွန်းတယ်!”
အဘွားကြီးရှီသည် သူအိမ်ရာထဲဝင်လာစဉ်က မစင်ချက်နေသလားဟု မေးမြန်းခဲ့သည်ကို မကျေနပ်သဖြင့် တမင်သက်သက် လက်စားချေရန် ဤအနံ့ဆိုးကြီးကို ဖန်တီးနေခြင်းဖြစ်သည်ဟု ရှီရှောင်ဝေ သံသယဝင်နေမိသည်။
သူသည် နားထင်ကို ဖိထားရင်း
“ဒေါ်လေးရှီ... ဘာတွေလုပ်နေတာလဲဗျာ! ကျွန်တော့်ကို မကျေနပ်ရင်လည်း တည့်တည့်သာ ပြောလိုက်ပါ!”
ရှီကျန့်ရှန်း ကိုယ်တိုင်မှာလည်း ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သူမသည်လည်း ထိုအနံ့ဆိုးကြောင့် ခေါင်းများ မူးဝေနေချေပြီ။ သူမသည်လည်း လူသားတစ်ဦးသာ ဖြစ်သဖြင့် ဤမျှဆိုးရွားလှသော အနံ့ကို သည်းမခံနိုင်သည်မှာ ဓမ္မတာပင်တည်း။
သူမသည် တိုင်းရင်းဆေးနံ့ဖြင့် အရိုးဟင်းရည်၏ အပုပ်နံ့ကို ဖုံးအုပ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သော်လည်း ဆေးနံ့မှာလည်း ထိုမျှပင် ပြင်းထန်နေလိမ့်မည်ဟု မတွေးမိခဲ့ပေ။ ထို့ထက် ပို၍ဆိုးသည်မှာ ဆေးနံ့နှင့် အရိုးဟင်းရည်နံ့တို့မှာ တစ်သားတည်း ရောယှက်သွားပြီး ဖော်ပြ၍မရနိုင်သော အနံ့ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခြင်းဖြစ်၏။
ဤကဲ့သို့ အနံ့အသက်များ ရောနှောသွားမှုမှာ မြန်ဆန်လွန်းလှသဖြင့် ရှီကျန့်ရှန်းမှာ ကြိုတင်ပြင်ဆင်ခွင့်ပင် မရလိုက်ချေ။
သူမသည် မည်မျှပင် စိတ်ဓာတ်ဖောက်ပြန်နေပါစေဦးတော့၊ မိမိကိုယ်ကိုယ် ဤကဲ့သို့ ဒုက္ခပေးမည့်သူမျိုး မဟုတ်ပေ။
ဘဝက တကယ်ကို ခါးသီးလှချည်လား!!
ရှီကျန့်ရှန်းသည် စက္ကူစုတ်တစ်ချက်ကိုပင် ရှာဖွေရန် အချိန်မရတော့ဘဲ စုတ်ပြတ်နေသော အဝတ်စုတ်တစ်ခုဖြင့် မျက်နှာတစ်ဝက်ကို အုပ်လျက်၊ အပြင်သို့ ယိုင်တိယိုင်တိုင် ထွက်လာပြီး တဟွတ်ဟွတ်နှင့် မရပ်မနား ချောင်းဆိုးလေတော့သည်။
"အမလေး... ရှီကျန့်ရှန်း အဆင်ပြေရဲ့လားအေ"
အဒေါ်ကြီးမေ့သည် တစ်စုံတစ်ဦးကို ရန်တွေ့ရန် ပြင်ဆင်နေစဉ် အဘွားကြီးရှီ၏ တစ်ပိုင်းသေဖြစ်နေသော ပုံစံကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားရ၏။ အပြင်သို့ ထွက်လာသော ရှီကျန့်ရှန်းမှာလည်း ခြေလှမ်းမှားကာ ဒူးထောက်ကျသွားပြီး ထိုနေရာ၌ပင် ဦးချတော့မည့်အလား ဖြစ်သွား၏။
အဒေါ်ကြီးမေ့: သောက်ကျိုးနည်း!!
တကယ့်ကို ခန့်ညားကြီးကျယ်လှသော ကန်တော့ခန်းပင်တည်း!!
အနံ့ဆိုးမှာ တစ်မဟုတ်ချင်း ပျံ့နှံ့သွားရာ ရှေ့ဝင်းနှင့် အလယ်ဝင်းမှ လူများမှာလည်း မကြာမီ ရောက်ရှိလာကြ၏။ အဘွားကြီးဝမ်မှာ အစဉ်အမြဲအတိုင်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"ရှီကျန့်ရှန်း... နင် ဒါကို တမင်လုပ်တာလား။ အမလေး... အု!”
သူမသည် နောက်ထပ် စကားတစ်လုံးပင် မပြောချင်တော့သဖြင့် ပါးစပ်နှင့် နှာခေါင်းကို အမြန်ပိတ်လိုက်ရလေသည်။ ဤအချိန်၌ အိမ်မှာရှိနေသော လူအားလုံးမှာ အပြင်သို့ ထွက်လာကြပြီး ဤမျှအထိ ဆိုးရွားလှသော အနံ့အသက်ကို ထုတ်လွှတ်နိုင်သည့် အရာမှာ ဘာဖြစ်နိုင်သနည်းဟု စူးစမ်းကြည့်ရှုကြတော့၏။
"ဟဲ့... ဒေါ်လေးရှီ..ဘာတွေလုပ်နေတာလဲ။ ဒါက အဆိပ်တွေလား"
"အမလေး... ဒီအနံ့က တောက အပုပ်နံ့နံနေတဲ့ ရေကန်ကြီးတွေအတိုင်းပဲ မဟုတ်လား"
"မဟုတ်တာ... ဒါက အဲ့ဒါထက် အများကြီး ပိုပြင်းတာပေါ့။
ဘုရား... ဘုရား... အု!!
လူတိုင်းမှာ စကားပြောရန်ပင် ကြောက်ရွံ့နေကြရ၏။ ပါးစပ်ဟလိုက်တိုင်း ပျို့အန်ချင်စိတ်မှာ ထိန်းမရအောင် ဖြစ်ပေါ်လာသောကြောင့်တည်း။
လူတိုင်း အဘွားကြီးရှီကို ပြစ်တင်ရှုံ့ချသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။ ရှေ့ဝင်းနှင့် အလယ်ဝင်းသာမက စတုတ္ထဝင်းနှင့် နောက်ဝင်းအထိပင် ထိုအနံ့ကို ရရှိနေကြပြီ ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးဝင်းမှာ ဘေးဒဏ် အနည်းဆုံးဖြစ်ခဲ့ရသည်။
တခြားသူများမှာမူ... ဝေဒနာကို အလူးအလဲ ခံစားနေကြရပြီး အပြင်ဘက်တွင် လူများမှာ ဆူညံပွက်လောရိုက်နေကြသော်လည်း ချန်ချင်းယွီမှာမူ တံခါးကို မြဲမြံစွာ ပိတ်ထားပြီး အပြင်သို့ လုံးဝမထွက်ရန် ဆုံးဖြတ်ထား၏။
ရှီကျန့်ရှန်းကို ပြစ်တင်ပြောဆိုချင်သော်လည်း အပြင်ထွက်၍ ဝေဒနာမခံစားချင်ပေ။ သူတို့အားလုံးမှာ ဒုတိယဝင်းအတွင်း၌ ရှိနေကြသဖြင့် အပြင်ထွက်ခြင်းမှာ နှိပ်စက်မှုကို ဖိတ်ခေါ်ခြင်းပင် ဖြစ်ပေလိမ့်မည်။ ချန်ချင်းယွီသည် တံခါးနား၌ ရပ်ကြည့်နေသော်လည်း တံခါးကိုမူ လုံးဝမဖွင့်ချေ။
"ဒေါ်လေးရှီ... အမှန်အတိုင်းပြောစမ်းပါ၊ ဘာတွေလုပ်နေတာလဲ"
"အမလေး... ဒီအနံ့က မစင်ချက်တာထက်တောင် ဆိုးသေးတယ်။ အနည်းဆုံးတော့ အဲ့ဒါက နံရုံပဲနံတာ၊ အခုဟာကတော့... ဘုရားရေ... ဒီအနံ့ကြီး!"
"ဘုရားသခင်... ဒီအနံ့နဲ့ဆိုရင်တော့ ငါ သေရချေရဲ့။ အနံ့နံလို့ သေရတာမျိုးတော့ မဖြစ်ချင်ပါဘူး"
"ငါ... ငါ တမင်လုပ်တာ မဟုတ်ပါဘူးအေ..."
ရှီကျန့်ရှန်းသည် လူတိုင်း၏ ဒေါသကို ခံနေရသဖြင့် ငိုချင်စိတ်ပင် ပေါက်လာတော့သည်။ သူမသည် တကယ့်ကို မတရားခံနေရခြင်းပင်။
ကျွန်မလည်း ဒီလိုဖြစ်ချင်ပါ့မလားလို့!!
သူမကိုယ်တိုင်လည်း ဝေဒနာ ခံစားနေရသည် မဟုတ်လော့။ ဒဏ်ရာအပြင်းထန်ဆုံး ရနေသူမှာ သူမကိုယ်တိုင် ဖြစ်၏။
ကောင်းကင်ကြီးရယ်... လူတစ်ယောက်ကို ဒီလိုမျိုး ဘယ်လိုလုပ် ရက်ရက်စက်စက် ပြုမူနိုင်ရတာလဲ…
"ဒီလောက်အထိ နံလိမ့်မယ်လို့ ငါလည်း မသိခဲ့ဘူးအေ! အု..ဝေါ့”
သူမ စကားတစ်လုံးပင် ဆက်မပြောနိုင်တော့ပေ။ ပါးစပ်ဟလိုက်တိုင်း အနံ့ဆိုးကြီးမှာ သူမကို တိုက်ခိုက်နေသဖြင့် လွန်ခဲ့သောရက်အနည်းငယ်က စားထားသမျှ အရာအားလုံးမှာ ဝမ်းဗိုက်ထဲ၌ ခုန်ပေါက်အော်ဟစ်ကာ "ငါ အန်ချင်ပြီ! ငါ အန်ချင်ပြီ!" ဟု ပြောနေသကဲ့သို့ ခံစားနေရသည်။
"ဝါး... ငါ... အု... ဒါက တိုင်းရင်းဆေးပါအေ... အု!"
ရှီကျန့်ရှန်းသည် ပါးစပ်ကိုအုပ်လျက် မြေပြင်ပေါ်တွင် ဝပ်ဆင်းနေပြီး အပုပ်နံ့ကြောင့် ပြန်လည်မထနိုင်တော့ဘဲ ဖြစ်နေရှာ၏။
“နင်...”
“အုတ္...”
အန်ချင်သံများမှာ တစ်သံပြီးတစ်သံ ထွက်ပေါ်နေရာ ချန်ချင်းယွီသည် ထိုမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်နေမိ၏။ “တံခါးကို လုံးဝမဖွင့်နဲ့... သေချာပေါက်ကို မဖွင့်နဲ့နော်” ဟု မိမိကိုယ်ကိုယ် သတိပေးနေမိလေသည်။
ရှောင်ကျားသည် ခုံပုလေးတစ်လုံးကို တိတ်တဆိတ် ဆွဲယူလာပြီး မောင်နှမနှစ်ယောက်စလုံး ခုံပေါ်တက်ကာ တံခါးမှန်မှတစ်ဆင့် အပြင်သို့ ချောင်းကြည့်နေကြ၏။
“မေမေ... အဘွားရှီက အီးတွေကျိုနေတာလားဟင်”
ကလေးငယ်များမှာ အလွန်အမင်း သံသယဝင်နေကြ၏။
ချန်ချင်းယွီ; “မဟုတ်ပါဘူး၊ သူက အဲ့ဒီလို ဝါသနာမျိုး ရှိမှာမဟုတ်ပါဘူး။ ဆေးမြစ်တချို့ကို စုဆောင်းနေပုံရတယ်”
ရှီကျန့်ရှန်း ပြောခဲ့သည့် စကားကို သူမ မှတ်မိနေခြင်း ဖြစ်၏။ ခင်ပွန်းသည်အတွက် တရုတ်တိုင်းရင်းဆေးများ ဝယ်ယူလာသည်ဟု ဆိုခဲ့သည်။ ဤကဲ့သို့ ပြင်းထန်လှသော ဆေးနံ့မှာ ထိုဆေးမြစ်များကြောင့် ဖြစ်တန်ရာ၏။ သို့သော် အမှန်တကယ်ပင် ဤဆေးများက အရိုးကျိုးသည့်ဒဏ်ရာကို ကုသနိုင်ပါမည်လော့။
ယခုမူ ရှီကျန့်ရှန်းသည်ရွှီကောင်းမင်ကို သတ်ချင်နေခြင်းဖြစ်မည်ဟုပင် သူမ သံသယဝင်မိလေသည်။
သို့မဟုတ်ပါက ဤကဲ့သို့သောအရာကြီးကို သောက်ရုံဖြင့် မည်သို့လျှင် အမြန်ပျောက်ကင်းနိုင်ပါမည်နည်း။
မပျောက်ကင်းဘဲ အမြန်သေသွားသည်မှာ ပိုဖြစ်နိုင်ချေရှိ၏။
ချန်ချင်းယွီသည် သက်ပြင်းချလျက်
“သူကတော့ တကယ်ကို လူစွမ်းကောင်းပဲ”
ဤအချိန်၌ ရှီကျန့်ရှန်းသည်လည်း ရွံရှာစက်ဆုပ်နေသည့်ကြားမှ အားယူ၍ ရှင်းပြနေရရှာသည်။ အကယ်၍သာ မရှင်းပြပါက လူများ၏ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံရမည်ကို စိုးရိမ်နေရ၏။ အနံ့မှာ တကယ်ပင် ပြင်းထန်လှသဖြင့် ထွက်လာသော လူများမှာလည်း တစ်စတစ်စ ပိုမိုများပြားလာနေ၏။ ဘေးပတ်ဝန်းကျင်ရှိ ဝင်းနှစ်ဝင်းမှ လူများသည်ပင် ပြဿနာရှာရန် ရောက်ရှိလာကြသည်။
နွေဦးလေပြေမှာ ပြင်းထန်စွာ တိုက်ခတ်နေသဖြင့် အနံ့ဆိုးမှာ အဝေးသို့ ပျံ့နှံ့သွားရာ ဘေးအိမ်နီးချင်းများပင် အနံ့ရရှိပြီး မျက်နှာများ ဖြူဖျော့ကုန်ကြ၏။ ဤသည်ကို မရှင်းပြဘဲ မနေသာတော့ချေ။ လွတ်လပ်ရေးရပြီးခါစ ခေတ်ကာလဖြစ်သဖြင့် တော်သေးသည်ဟု ဆိုရမည်၊ သို့မဟုတ်ပါက ဂျပန်များ အဆိပ်ငွေ့ဖြင့် တိုက်ခိုက်နေသည်ဟုပင် ထင်မှတ်သွားကြပေလိမ့်မည်။
“တကယ်ကို ဆိုးလွန်းတာပဲ!”
ရှီကျန့်ရှန်းသည် ရှိုက်ကြီးတငင် ငိုကြွေးရင်း
“ကျွန်မ တကယ်ကို မတရားခံနေရတာပါအေ! ဒီလိုဖြစ်လာလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး၊ တကယ်ကို မထင်ထားခဲ့တာပါ။ ဒီတိုင်းရင်းဆေးက ဒီလောက်အထိ နံလိမ့်မယ်လို့ ကျွန်မ ဘယ်လိုလုပ် သိမှာလဲ။ ဆရာဝန်ကတော့ အနံ့ပြင်းတယ်လို့ပဲ ပြောတာ၊ ကျွန်မကလည်း သာမန်ဆေးနံ့ပြင်းတာမျိုးပဲ ထင်နေတာပေါ့၊ ဒီလောက်အထိ ဖြစ်လိမ့်
မယ်လို့ မထင်ခဲ့ဘူး။ သိခဲ့ရင် ဒီလိုလုပ်ပါ့မလားအေ.. အု..အု”
“မထင်ထားဘူးဆိုရင်တောင် ဒီလိုမျိုးတော့ မလုပ်သင့်ဘူးလေ။ အိမ်နီးနားချင်းတွေကိုလည်း ငဲ့ကွက်ဦးမှပေါ့။ အခုက ထမင်းစားချိန်ကြီးလေ၊ လူတွေကို ထမင်းတောင် အေးအေးဆေးဆေး ချက်စားခွင့် မပေးတော့ဘူးလား”
“ဟုတ်ပါ့... တစ်နေ့ကုန် အလုပ်လုပ်ပြီး ပြန်လာကာမှ ဒီအနံ့ကြီးကို ခံနေရတာ၊ ခင်များကတော့ ကျုပ်တို့ကို သတ်နေတာပဲ။ အစကတည်းက သေသေချာချာ မမေးခဲ့ဘူးလား။ ဒီအနံ့ကြောင့် ကျုပ်တို့ ဖျားနာကုန်ရင် ဘယ်သူက တာဝန်ယူမှာလဲ”
“ဟုတ်တယ်! ဒါတွေက တကယ်ကို ရွံစရာကောင်းလွန်းတယ်။”
“အု... ဘာလို့ အနံ့က ဒီလောက်တောင် ပြင်းနေရတာလဲ!”
“အနံ့က နည်းနည်းလေးတောင် လျော့မသွားဘူးနော်။”
“မြန်မြန် သွားလွှင့်ပစ်လိုက်တော့၊ နင်က နှမြောနေသေးတာလား။”
မိမိဝင်းအတွင်းရှိ လူများမှာ အလိုက်အထိုက် နေပေးနိုင်ကြသော်လည်း ဘေးဝင်းကလူများကတော့ ထိုသို့မဟုတ်ပေ။
“ဟဲ့... မဟုတ်သေးဘူး၊ အနံ့က မပျောက်တဲ့အပြင် ပိုပိုပြီးတောင် ပြင်းလာသလိုပဲ။”
“ဝေါ့”
ချန်ချင်းယွီသည် အိမ်ထဲမှနေ၍ တိတ်တဆိတ် ခေါင်းညိတ်မိသည်။ အမှန်ပင် အနံ့မှာ ပိုမိုပြင်းထန်လာနေ၏။ ရုတ်တရက်ဆိုသလို သူမ၏စိတ်ထဲ၌ အတွေးတစ်ခု လက်ခနဲ ပေါ်လာလေသည်။ မီးမငြိမ်းရသေးသည်များလား။ သူမသည် အပြင်သို့မထွက်ရဲသဖြင့် အိမ်ထဲမှပင် “မီးငြိမ်းပြီးပြီလား” ဟု လှမ်းအော်မေးလိုက်၏။
အပြင်ဘက်တွင် လူများ ဆူညံနေကြသဖြင့် ချန်ချင်းယွီသည်လည်း ဒုတိယဝင်း၌သာ ရှိနေသော်လည်း မည်သူကမျှ သူမ၏အသံကို သတိမထားမိကြချေ။
ချန်ချင်းယွီသည် တံခါးမှန်ကို ခေါက်လိုက်ပြီး တစ်ဖန်ထပ်မံ၍ “မီးငြိမ်းပြီးပြီလား” ဟု အော်မေးလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်မူ တစ်စုံတစ်ဦးက သတိပြုမိသွား၏။
“ဘုရားရေ! ရှင် မီးမငြိမ်းရသေးဘူးလား!”
“အမလေး... ဒါကြောင့်မို့လို့ အနံ့က ပိုပိုပြင်းလာပြီး မပျောက်နိုင်တာကိုး... ရှီကျန့်ရှန်း နင်ကတော့ တကယ်ပဲ! မြန်မြန်လုပ်ပါ၊ မီးကို အမြန်ငြိမ်းပြီး ဒါတွေကို အမြန်ရှင်းလိုက်တော့။”
“ဟုတ်တယ်! မြန်မြန်လုပ်စမ်းပါ။”
အပြင်ဘက်၌ပင် ဤမျှအထိ အနံ့ပြင်းထန်နေပါက အိမ်တွင်း၌မူ မည်မျှပင် ဆိုးရွားနေမည်နည်း။ မည်သူမျှ အသက်စွန့်၍ အထဲသို့မဝင်ရဲကြဘဲ ရှီကျန့်ရှန်းကိုသာ ဝိုင်းဝန်းတိုက်တွန်းနေကြလေသည်။
ရှီကျန့်ရှန်းခမျာလည်း “အို... ဒါက...” ဟူ၍သာ ဆိုနိုင်ရှာ၏။
သူမသည် မီးငြိမ်းရန် အမှန်တကယ်ပင် မေ့လျော့နေခဲ့ခြင်းဖြစ်သော်လည်း ဤအနံ့ဆိုးကြီးကိုကား သူမကိုယ်တိုင်လည်း သည်းမခံနိုင်ချေ။
ဒါက တကယ်ရော ဆေးတွေဟုတ်ရဲ့လား.. အဆိပ်တွေများလား!!
သူမသည် တွေဝေနှောင့်နှေးလျက် မလှုပ်မယှက် ရှိနေသဖြင့် လူအားလုံးချက်ချင်းပင် ဝိုင်းဝန်းပြစ်တင်ကြ၏။ သူမသည် တရားခံဖြစ်ရာ သူမကိုယ်တိုင် မရှင်းလင်းလျှင် မည်သူက ရှင်းလင်းပေးမည်နည်း။
ငါတို့ကတော့ သေချာပေါက် မသွားနိုင်ဘူးဟေ့!
“ဒါက ခင်များအိမ်လေ။ ကျုပ်တို့ဝင်သွားလို့ တစ်ခုခု ပျောက်ရှသွားရင် ရှင်းရခက်ကုန်ဦးမယ်။ မြန်မြန်သွားစမ်းပါ!”
“ဟုတ်တယ်! မြန်မြန်လုပ်! နင့်အိမ်ကထွက်တဲ့ အနံ့က ပိုပိုပြင်းလာပြီ။ တစ်လမ်းလုံး ပျံ့သွားမှပဲ နင်က ကျေနပ်တော့မှာလား”
“အေးလေ... ခင်များကလည်း ဒီလောက်အထိတော့ နှလုံးသားမရှိရာမကျပါနဲ့။ ဒါတွေက တကယ်ကို ဆိုးလွန်းတယ်!”
“ဒေါ်လေးရှီ ... ရှင် ဒါကို တမင်သက်သက် လုပ်တာတော့ မဟုတ်ပါဘူးနော်”
အမှန်စင်စစ် ရှီကျန့်ရှန်း တမင်လုပ်သည်ဟုလည်း မည်သူမျှ မထင်ကြပေ။ သူမကိုယ်တိုင် အသက်ရှူကျပ်နေသည့် ပုံစံကိုကြည့်ခြင်းဖြင့် အနံ့မှာဤမျှ ပြင်းထန်လိမ့်မည်ဟု သူမကိုယ်တိုင်လည်း သိရှိပုံမရပေ။ သို့သော် အနံ့သည်ကား တကယ်ပင် ရွံရှာဖွယ်ကောင်းလှ၏။
အကယ်၍ အဘွားကြီးရှီအား အတင်းအကျပ် မရှင်းခိုင်းပါက သူတို့သည်သာ သည်းခံနေကြရတော့မည်လော။ သူတို့ အဘယ်ကြောင့် သည်းခံရမည်နည်း။
လူတိုင်း ရှီကျန့်ရှန်းကို ဝိုင်း၍ စိုက်ကြည့်နေကြသည်။
ရှီကျန့်ရှန်းမှာမူ စိတ်နှလုံး ကြေကွဲရုံမက အကြီးအကျယ် စိတ်ပျက်အားငယ်နေရ၏။
ဤအရာသည် အဘယ်ကြောင့် ဤမျှအထိ ပြဿနာကြီးထွားသွားရသည်ကို သူမ လုံးဝနားမလည်နိုင်ပေ။
သို့သော် လူအများ ဝိုင်းအုံနေကြသဖြင့် သူမမှာ မတတ်သာတော့ပေ။ သူမ ညည်းတွားလျက်
“ငါ မီးသွားငြိမ်းပါ့မယ်၊ ငြိမ်းပါ့မယ်... ဟုတ်ပြီလား။ ဒါပေမဲ့ မီးငြိမ်းလိုက်ရင်လည်း အနံ့က ရှိနေဦးမှာပဲလေ! ငါ ဘာလုပ်ရမလဲ!”
အကယ်၍ ဤအရာများသာ နေရာ၌ပင် ရှိနေဦးမည်ဆိုပါက အနံ့မှာ ခဏလေးအတွင်း ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။
ရှီကျန့်ရှန်း; “ငါ ဘယ်လိုလုပ်ရမလဲ။ ငါ့ကို နည်းလမ်းလေးတွေ ပေးကြပါဦး၊ ဒါတွေကို ဘယ်မှာ သွားထားရမလဲ”
“ဘယ်သူသိမှာလဲ!”
“ဒါကြီးက ပျောက်မသွားဘူးဆိုရင်တောင် အဆင်ပြေပါ့မလား”
ရှီကျန့်ရှန်း စိတ်လှုပ်ရှားစွာဖြင့်
“မရဘူး... အနံ့မပျောက်ရင် မဖြစ်ဘူး! နင်တို့ ငါ့ကို တစ်ခုခု ကူညီစဉ်းစားပေးကြပါဦး!”
အကယ်၍ အနံ့မပျောက်ပါက သူမ၏မိသားစုမှာ မည်သို့ဖြစ်သွားမည်နည်း။
ခင်ပွန်းသည် ပြန်လာသည့်အခါ မည်သို့ ရင်ဆိုင်ရပါမည်နည်း။
“အိမ်နီးချင်းတို့ရယ်... ကျွန်မကို နည်းလမ်းလေးပေးကြပါ၊ တကယ်ကို တခြားလမ်းမရှိတော့လို့ပါ။ ကျွန်မ.. အို... ကျွန်မ တကယ်ကို ဒုက္ခရောက်နေပါပြီ!”
ရှီကျန့်ရှန်းသည် အလွန်အမင်း ဝမ်းနည်းပူဆွေးကာ ငိုကြွေးလေသည်။ သူမသည် တကယ်ပင် မတရားခံနေရခြင်း ဖြစ်၏။
တခြားသူများကဲ့သို့ပင် ဆေးဝယ်ခဲ့ခြင်းဖြစ်ပါလျက် အဘယ်ကြောင့် ဤကဲ့သို့ ကြုံတွေ့နေရသနည်း။
ယနေ့တွင် သူမအတွက် အရာရာတိုင်း လွဲချော်နေသည်။
စိတ်ဆင်းရဲလိုက်တာ!! ကယ်ကြပါ!!
သူမ ဘာဆက်လုပ်ရပါမည်နည်း။
ရှီကျန့်ရှန်း; “ငါ ဘာလို့ ဒီလိုမျိုးတွေနဲ့ ကြုံနေရတာလဲ”
လူတိုင်းသည် သူမ၏ မျက်ရည်၊ နှပ်ချေးများဖြင့် ငိုယိုနေသောပုံကို မြင်သော်လည်း မည်သူမျှ သနားဂရုဏာ မသက်ကြပေ။ သူတို့သည် နှလုံးသားမရှိသူများ မဟုတ်ကြသော်လည်း အပုပ်နံ့မှာ ရှိနေဆဲဖြစ်ပြီး အလွန်ပင် ပြင်းထန်နေ၏။ လူတိုင်းမှာ ထိုအနံ့ကြောင့် ခေါင်းများ ကိုက်ခဲနေကြရရာ မည်သို့ သည်းခံနိုင်ကြပါမည်နည်း။
ထို့ကြောင့် ရှီကျန့်ရှန်းအပေါ် အကြီးအကျယ် စိတ်အနှောင့်အယှက် ဖြစ်နေကြခြင်းမှာ ဓမ္မတာပင်တည်း။ သူမသာ မလုပ်ခဲ့ပါက ဤကဲ့သို့သော အမှုကိစ္စများလည်း ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။
သူတို့အားလုံးမှာ စကားပင် မပြောနိုင်အောင် ဖြစ်နေကြရ၏။
“ရှီကျန့်ရှန်း... တော်လောက်ပြီ၊ မငိုနဲ့တော့! နင်သာ မြန်မြန်မလုပ်ရင် နင့်အိမ်တစ်ခုလုံး အပုပ်နံ့ စွဲသွားတော့မယ်!”
“ဟုတ်တယ်! ဒီအနံ့က ဘယ်လိုမျိုးလဲဆိုတာ နင်ကိုယ်တိုင်လည်း ကြည့်ဦးလေ! အု! နင် ဘာဆေးတွေ ကျိုနေတာလဲ။ နောက်ဆိုရင် ဒီလိုမျိုးတွေကို ငါ အဝေးက ရှောင်တော့မယ်။ အကယ်၍ တစ်စုံတစ်ယောက်က ငါ့ကို ဒီဆေးမျိုး ပေးခဲ့ရင်တော့ ငါ အဲ့ဒီလူကို သေအောင် ပြောဆိုပစ်မယ်၊ အနံ့က တကယ်ကို သည်းမခံနိုင်စရာပဲ...”
“အု... အု... အု...”
အန်ချင်စိတ်ကြောင့် လူတိုင်းမှာ ဆက်တိုက်ပင် ပျို့တက်နေကြလေသည်။
အမှန်တကယ် အန်ထုတ်ခြင်း မရှိကြသော်လည်း ရွံရှာဖွယ်ကောင်းလှသည်မှာကား အမှန်ပင် ဖြစ်၏။
“မြန်မြန်လုပ်စမ်းပါ!”
“အေးလေ... တခြားဟာတွေထက် အရင်ဆုံး မီးကို အမြန်ငြိမ်းလိုက်ဦးမှ ဖြစ်မယ်။”
အကယ်၍ ဤထူးဆန်းလှသော အပုပ်နံ့ဆိုးကြီးတွင်သာ အရောင်အသွေးရှိပါက အစိမ်းရောင်မီးခိုးငွေ့များ တလိမ့်လိမ့်တက်နေမည်ကို လူတိုင်း မြင်တွေ့ကြရပေလိမ့်မည်။ ဤကဲ့သို့သော အနံ့ဆိုးမျိုးနှင့်ဆိုလျှင် အစိမ်းပုပ်ရောင်မှလွဲ၍ အခြားအရောင်နှင့် မလိုက်ဖက်နိုင်တော့ချေ။
နှာခေါင်းကို ပိတ်ထားကြသော်လည်း အနံ့အသက်များစွာကို ရရှိနေကြဆဲပင်။ တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ဆို့ကာ နှာခေါင်းကိုပါ ပိတ်ထားကြသည့်တိုင် အနံ့ကို ရရှိနေကြရသည်ဆိုလျှင် အပြင်ဘက်ရှိ အခြေအနေမှာမူ ဆိုဖွယ်ရာမရှိပေ။
ချန်ချင်းယွီ; “ဒီအနံ့ကတော့ တကယ်ကို အသက်အန္တရာယ် ပေးနိုင်လောက်တယ်”
သူမသည် ဘေးနားရှိ ကလေးငယ်နှစ်ဦး၏ ခေါင်းကို ပွတ်သပ်ပေးရင်း
“တော်သေးတာပေါ့၊ တို့တွေ တံခါးမဖွင့်မိလို့”
ကလေးငယ်များမှာလည်း အလွန်အမင်း တည်ကြည်လေးနက်သော မျက်နှာပေးများဖြင့် ခေါင်းညိတ်ထောက်ခံကြသည်။
ကလေးတို့သဘာဝ အလွန်ပင် နံသည်ဟု ခံစားနေကြရရှာ၏။
တကယ်ကို နံလွန်းလှသည် မဟုတ်ပါလား…
အပြင်ဘက်ရှိ လူကြီးများကို ကြည့်ပြန်လျှင်လည်း အချို့မှာ အနံ့ကြောင့် ယိုင်တိယိုင်တိုင်ဖြစ်ကာ မေ့လဲတော့မည့်အလား ဖြစ်နေကြပြီး၊ အချို့မှာလည်း မရပ်မနား ပျို့တက်နေကြရာ မကြာမီပင် အန်ထုတ်တော့မည့်အတိုင်း ဖြစ်နေသည်။ အပြင်ဘက်တွင် ပရမ်းပတာ ဖြစ်နေကြသော်လည်း မည်သူမျှ ရှေ့သို့ မတိုးရဲကြချေ။ အပြင်ဘက်တွင်ပင် ဤမျှနံနေပါက အနံ့ဆိုး၏ ဗဟိုချက်ဖြစ်သော အဘွားကြီးရှီ အိမ်တွင်းမှာ မည်သို့ရှိမည်နည်း။
မည်သူမျှ စွန့်စား၍ မစမ်းသပ်ရဲကြပေ။
ရှီကျန့်ရှန်း၏ မျက်နှာမှာလည်း နာကျင်ခါးသီးမှုတို့ဖြင့် ပြည့်နှက်နေသော ကြက်ဟင်းခါးသီးမျက်နှာ ဖြစ်နေ၏။ သို့သော် သူမသည် အားတင်းကာ ပါးစပ်နှင့် နှာခေါင်းကို အလုံပိတ်လျက် အိမ်ထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေသည်။ ဤအချိန်၌ ဆေးအိုးထဲမှ ရေများမှာ ခန်းခြောက်နေပြီဖြစ်ရာ အိုးတူးနံ့မှာလည်း ပို၍ပင် နှာခေါင်းရှုံ့စရာ ဖြစ်နေ၏။ ရှီကျန့်ရှန်းမှာ အနံ့ကြောင့် မျက်ဖြူလန်ကာ လဲကျလုနီးပါး ဖြစ်သွားသဖြင့် မတတ်သာသည့်အဆုံး ခေါင်းကို ရေစည်ပိုင်းထဲသို့ အတင်းနှစ်လိုက်ရရှာသည်။
"ဝူး... ဝူး... ဝူး..."
အမှန်တကယ်ပင် ရေနှင့်ထိတွေ့လိုက်မှ စိတ်အနည်းငယ် ကြည်လင်လာသဖြင့် ရှီကျန့်ရှန်းသည် မီးကို အမြန်ငြိမ်းသတ်လိုက်ရ၏။ တခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ အိမ်ထဲမှ ပြန်လည်ပြေးထွက်လာစဉ်— ဘုန်း!
သူမသည် မြေပြင်ပေါ်သို့ ဖားပျံကြီးနှယ် မှောက်လျက် တုံးလုံးကြီး လဲကျသွားတော့၏။
“အမလေး ဗျာ!”
“ဒါက တကယ့်ကို အဆိပ်ငွေ့ဗုံးပဲ မဟုတ်လား”
“ဒါကြီးက တကယ်ကို ကြောက်စရာကြီးပါလား”
လင်စန်းရှင်းသည် အမြန်ရှေ့တိုး၍ ရှီကျန့်ရှန်းကို တွဲကူလိုက်ပြီး
“ဒေါ်လေးရှီ... အဆင်ပြေရဲ့လားဟင်။ ခြေကုန်လက်ပန်းကျနေရင် ထိုင်လိုက်ပါဦး”
ရှီကျန့်ရှန်း၏ မျက်နှာမှာ စက္ကူဖြူတစ်ချပ်ကဲ့သို့ ဖြူဖျော့နေပြီး မရပ်မနား ပျို့နေလေသည်။ လင်စန်းရှင်းမှာ ရှီကျန့်ရှန်း၏ ကျောကို ပွတ်ပေးရင်း
“ရပါတယ်... ရပါတယ်။ မီးငြိမ်းသွားပြီဆိုတော့ အနံ့က မကြာခင် ပျောက်သွားမှာပါ။ သိပ်မစိုးရိမ်ပါနဲ့။ လဲကျသွားတာ ဘာဖြစ်သွားသေးလဲဟင်။ မသက်မသာဖြစ်ရင် ဆေးရုံသွားရမယ်နော်၊ အသက်ကြီးလာရင် အရိုးအဆစ်တွေ ထိခိုက်လွယ်တတ်တယ်”
သို့သော် ရှီကျန့်ရှန်းမှာမူ လင်စန်းရှင်း၏ စကားကို နှစ်သိမ့်မှုဟု မယူဆဘဲ သူမအား တမင်ထည့်ပြောခြင်းဟုသာ ထင်မှတ်နေ၏။ သူမသည် မျက်စောင်းထိုးလျက် မကျေမနပ် ဖြစ်နေပြီး လင်စန်းရှင်း၏ စေတနာကို အနည်းငယ်မျှပင် အသိအမှတ်မပြုချေ။
“စေတနာကို အဝိဇ္ဇာနဲ့ တုံ့ပြန်နေတာပဲ၊ သူ့ကို သွားပြီး ဂရုစိုက်မနေနဲ့တော့”
အဘွားကြီးဝမ် ပွစိပွစိ ပြောလိုက်ပြီး သူမသည်လည်း နှာခေါင်းကို အုပ်ထားရင်း ထိုအနံ့ကို သည်းမခံနိုင်တော့သဖြင့်
“နာ့နာ... နာ့နာရေ၊ တံခါးကို အမြန်ပိတ်လိုက်တော့။ အဘွားက နင်တို့အဖေနဲ့ အမေ အလုပ်ဆင်းတာကို သွားကြိုမယ်”
ကံကောင်းထောက်မစွာဖြင့် သူမသည် ဤနေရာ၌ နေထိုင်သူမဟုတ်သဖြင့် ဆင်းရဲဒုက္ခခံနေမည့်အစား အိမ်သို့ စောစောပြန်မည်ပင်။ အမြန်ဆုံး ပြန်ရမည်သာ ဖြစ်၏။
ဤဝင်းကြီးအတွင်း၌ တစ်မိနစ်မျှပင် ဆက်မနေနိုင်တော့လောက်အောင် အနံ့ဆိုးမှာ ပြင်းထန်လွန်းလှသည်။
ဤအချိန်၌ လူတိုင်းမှာ ဤအနံ့ထက်စာလျှင် မစင်ပုပ်နံ့ကမှ ပို၍ တော်ဦးမည်ဟု တွေးနေကြမိ၏။ အကယ်၍ မစင်ပုပ်နံ့သာဆိုပါက အနည်းဆုံးတော့ သည်းခံနိုင်ပေဦးမည်။ ယခုမူ... သစ်မြစ်ပုပ်နံ့၊ သစ်သီးသိုးနံ့များနှင့် ညှီစော်နံသော အပုပ်နံ့များ ရောယှက်နေသဖြင့် တကယ်ပင် အသက်ရှူကျပ်လှသည်။
“မရတော့ဘူး... ဒီနေ့တော့ ငါ့မိဘအိမ်ကိုပဲ ခဏပြန်တော့မယ်”
“ငါ... ငါကတော့ သွားစရာ နေရာမရှိဘူးလေ... အား”
“ရှီကျန့်ရှန်း... နင့်မိသားစုကတော့ တကယ်ကို လူတွေကို ဒုက္ခပေးတာပဲ”
“ကိုယ့်ဝင်းထဲမှာကိုယ် ဆူညံတာကို ထားပါဦး၊ အခုတော့ အနံ့က ငါတို့ဝင်းအထိတောင် ပျံ့လာပြီ”
“ဟုတ်ပါ့တော်!”
လူအများ၏ ပြစ်တင်ရှုံ့ချသံများမှာ မရပ်မနား ထွက်ပေါ်နေသော်လည်း ရှီကျန့်ရှန်းမှာမူ ဂရုမစိုက်နိုင်အားတော့ဘဲ အခြေအနေကို လက်လျှော့ထားလိုက်ရပြီဖြစ်၏။ အဓိကမှာ အပုပ်နံ့ကြောင့် ဦးနှောက်များပင် တအုန်းအုန်း မြည်ဟည်းနေရသဖြင့် သူတစ်ပါး ဘာပြောပြော နားထဲမဝင်တော့ခြင်းတည်း။ ယခုအခါ သူမ အာရုံစိုက်နေသည်မှာ ဤအပုပ်နံ့ထွက်နေသော အရာများကို မည်သည့်နေရာသို့ သွားရောက်စွန့်ပစ်ရမည်နည်း ဟူ၍ပင်။ အကယ်၍သာ အပြင်သို့ မထုတ်ပစ်နိုင်ပါက ယနေ့ည သူမတို့အိမ်၌ လူနေနိုင်တော့မည်မဟုတ်ပေ။
အဘွားကြီးရှီမှာ အခြားသူများ၏ စကားကို နားမယောင်နိုင်ဘဲ စိုးရိမ်ပူပန်မှု အပြည့်ဖြင့် ရှိနေ၏။
ထိုအချိန်မှာပင် အဘွားကြီးကျောက် အလုပ်မှ ပြန်ရောက်လာလေသည်။ သူတို့၏ ထမင်းစားဆောင်မှာ ညစာအတွက် တာဝန်ယူစရာမလိုသဖြင့် အချိန်မှန် အလုပ်ဆင်းနိုင်ခြင်း ဖြစ်၏။ အဘွားကြီးကျောက်သည် အမြဲတမ်း တစ်ယောက်တည်းသာ ပြန်လေ့ရှိပြီး သူမသည် လီချန်ရွှမ်းနှင့် လုပ်ငန်းခွင်တစ်ခုတည်း ဖြစ်သော်လည်း အတူမပြန်ကြပေ။လီချန်ရွှမ်းမှာ အပြင်ပန်း ရုပ်ရည်ကို အလေးထားသူပီပီ အလုပ်ဆင်းလျှင် မိမိကိုယ်ကိုယ် သေသေချာချာ ပြန်လည်ပြင်ဆင်ပြီးမှသာ ထွက်လာလေ့ရှိသည်။
အဘွားကြီးကျောက်မှာ ထိုသို့မဟုတ်ပေ။ အလုပ်ဆင်းသည်နှင့် ချက်ချင်းပင် အိမ်သို့ အပြေးပြန်တတ်သူ ဖြစ်ပြီး အဝတ်အစား လဲလှယ်နေဖို့ဆိုသည်မှာ သူမအတွက် မဖြစ်နိုင်သော အရာပင်။ ယခုအရွယ် မဆိုထားနှင့်၊ ငယ်ရွယ်စဉ်ကပင် ထိုကဲ့သို့ အပိုအလုပ်များကို စိတ်မဝင်စားခဲ့သူ ဖြစ်၏။
အပိုတွေ လုပ်မနေချင်ပါဘူး..
အလှပြင်နေတာကလည်း အပိုအလုပ်တစ်မျိုးပဲ…
လီချန်ရွှမ်းမှာ နေ့တိုင်း နောက်ကျမှ ပြန်လာလေ့ရှိသဖြင့် အဘွားကြီးကျောက်မှာ တစ်ယောက်တည်းသာ ဝင်းကြီးအတွင်းသို့ ပြန်လာခဲ့သည်။ လမ်းကြားထဲသို့ ရောက်ရှိလာပြီး အိမ်ရှေ့သို့ပင် မရောက်သေးမီ ဟင်းသီးဟင်းရွက်ပုပ်နံ့နှင့် ရောနှောနေသော အနံ့ဆိုးတစ်ခုကို သူမ ရရှိလိုက်လေသည်။
အင်း... ရေဆိုးနံ့တွေပါ ပါနေသလိုပဲ!
ဆိုရသော် ထိုအနံ့မှာ ဖော်ပြရန် အလွန်ခက်ခဲလှသဖြင့် လူတိုင်း တိတိကျကျ မပြောနိုင်ကြသော်လည်း ရိုးရိုးအပုပ်နံ့ထက်စာလျှင် ပို၍ဆိုးရွားနေသည်မှာကား အမှန်ပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ရိုးရိုးအပုပ်နံ့ဆိုသည်မှာ အနံ့စစ်စစ်သာ ဖြစ်ပြီး ဤအနံ့ဆိုးကြီးမှာကား ဘာမှန်းမသိရသဖြင့် ဝေဖန်ရန်ပင် ခက်လှသည်။
အဘွားကြီးကျောက်သည် နှာခေါင်းကို အုပ်ထားလျက် တစ်လှမ်းချင်း ရှေ့သို့ တိုးလာခဲ့ရာ ဝင်းကြီး၏ တံခါးဝသို့ နီးကပ်လာလေလေ အနံ့မှာ ပို၍ပြင်းထန်လာလေလေ ဖြစ်၏။ တံခါးဝတွင်လည်း လူများ စုရုံးကာ အခြေအနေကို စောင့်ကြည့်နေကြသဖြင့် သူမတို့ဝင်းထဲမှ တစ်စုံတစ်ယောက် ပြဿနာရှာပြန်ပြီဖြစ်ကြောင်း သဘောပေါက် လိုက်ရသည်။
အဘွားကြီးကျောက် ဝင်းထဲသို့ ဝင်လိုက်သည်နှင့် “အု…သောက်ခွေးပဲ”
သောက်ကျိုးနည်း အနံ့ကြီးပါလား?
"ဖယ်ကြစမ်းပါဦး၊ အားလုံးပဲ ဖယ်ပေးကြပါဦး။"
"အဘွားရယ်... မဖယ်ခိုင်းပါနဲ့တော့၊ အတွင်းထဲရောက်လေ အနံ့က ပြင်းလေပဲ။ ဝင်သွားရင် တောင့်ခံနိုင်မှာ မဟုတ်ဘူး!"
"ဟုတ်တယ်အဘွား... အဘွားအရွယ်နဲ့ ဒါကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။"
"ငါ့နှယ်... နင်တို့ သေသေချာချာ ကြည့်ကြစမ်းပါ။ ငါလေ၊ ကျောက်တာ့ရာလေ! ငါ့အိမ်က ဒုတိယဝင်းထဲမှာ ရှိတာ၊ ငါ အထဲမဝင်ရင် ဘယ်မှာ သွားနေရမှာလဲ"
"ဟာ!"
"ဒေါ်လေးကျောက်ပါလား!"
"ကျွန်တော်လည်း အနံ့ကြောင့် မူးဝေနေလို့ ဒေါ်လေးမှန်း မသိလိုက်ဘူး..."
"ဒေါ်လေးကျောက်... ခင်များတို့အိမ်မှာ ညကျရင် ဘယ်လိုနေကြမလဲ မသိဘူး။ ဒါက ခင်များတို့ ဒုတိယဝင်းရဲ့ ကိစ္စပဲလေ၊ ကြည့်ဦး... ဒေါ်လေးရှီတို့အိမ်က လုပ်လိုက်တာ။"
အဘွားကြီးကျောက်၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်များ တက်သွားတော့၏။ "!!!"
အဘွားကြီးကျောက်; “ရှီကျန့်ရှန်း... နင် ရူးနေတာလား! အိမ်ထဲမှာ မစင်တွေ ကျိုနေတာလား!”
"ဒီအနံ့က မစင်နံ့လောက်တောင် မမွှေးပါဘူးတော်။"
"ဟုတ်တယ်၊ ဟုတ်တယ်။"
"မစင်နံ့ထက်တောင် ဆိုးတဲ့အနံ့မျိုး ရှိလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။"
"အု... အု~"
လူတိုင်း၏ ပြောဆိုသံများကြားတွင် မရပ်မနား ပျို့အန်သံများမှာ နောက်ခံတေးသံတစ်ခုကဲ့သို့ ထွက်ပေါ်နေလေသည်။
အဘွားကြီးကျောက်သည် ပုံမှန်အားဖြင့် စကားအပြောအဆို ကျွမ်းကျင်သူဖြစ်သော်လည်း ယခုအခါတွင်မူ ပြန်လည်တုံ့ပြန်ရန် စကားလုံးပင် ရှာမတွေ့တော့ချေ။ အဘယ်ကြောင့်ဆိုသော် လူတိုင်းပြောနေသည်မှာ အမှန်တရားများ ဖြစ်နေသောကြောင့်တည်း။
တကယ်ကို အမှန်တရားကြီးပင်!
ဤအနံ့မှာ မစင်နံ့ထက်ပင် ဆိုးရွားနေသည် မဟုတ်ပါလား။ ဤကဲ့သို့သောအနံ့မျိုး မည်သို့ဖြစ်ပေါ်လာရသနည်းဆိုသည်မှာ စဉ်းစားမရနိုင်စရာပင်။
အဘွားကြီးကျောက်သည် ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားရင်း မြေပြင်ပေါ်၌ မျှော်လင့်ချက်ကင်းမဲ့စွာ ထိုင်နေသော ရှီကျန့်ရှန်းကို ကြည့်လိုက်သည်။ အဘွားကြီးရှီ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်ကာ ရေစက်များပင် တစက်စက်ကျနေပြီး သေလုမျောပါး ဖြစ်နေရှာ၏။ ဤမြင်ကွင်းကို မြင်လိုက်ရသည့် အဘွားကြီးကျောက် စိတ်ထဲတွင် ကျေနပ်သွားမိကာ
"နင်လည်း ဒီလိုနေ့မျိုး ကြုံရပြီကိုး!!!"
သူတို့မိသားစုမှာ တစ်နေ့တစ်နေ့ သူတစ်ပါးကို မည်သို့ချောက်ချရမလဲဟု ကြံစည်နေသူများ ဖြစ်ရာ ယခုကဲ့သို့ ဖြစ်ရသည်မှာ ထိုက်တန်လှပေသည်။
သို့သော်... နေပါဦး!
သူမကိုယ်တိုင်လည်း ဤဝင်းထဲမှာပဲ နေရသည် မဟုတ်လား။ သူမတို့ မိသားစုပါ ဝေစုခွဲခံနေရပြီလေ!
အဘွားကြီးကျောက်သည် ဒေါသတကြီးဖြင့် ဆဲဆိုတော့၏။
“နင်တို့အိမ်က ဘာတွေလုပ်နေတာလဲ။ ဧည့်ခံကျွေးမွေးရမှာကို မလိုလားလို့ ငါတို့ကို အနံ့နဲ့ သတ်ဖို့ ကြိုးစားနေတာလား။ ကြည့်စမ်း... ဒီလောက်အနံ့ပြင်းနေတာ၊ ငါတို့ ဘယ်လိုအိပ်ရမှာလဲ။ စိတ်ပျက်ဖို့ တကယ်ကောင်းတယ်။ တစ်နေ့တစ်နေ့ အမြဲတမ်း ပြဿနာရှာနေတာပဲ၊ အိမ်နီးချင်းဆိုတာကိုလည်း နည်းနည်းလေးမှ မငဲ့ကွက်ဘူး၊ လူတွေကို ဒီလောက်အထိ နှိပ်စက်ရသလား!”
အဘွားကြီးကျောက်မှာ အားနာနေမည့်သူ မဟုတ်ပေ။
သူမသည် ပုံမှန်အားဖြင့်လည်း "ငါ့မှာ ယဉ်ကျေးမှုမရှိဘူး" ဟု ပွင့်ပွင့်လင်းလင်း ပြုမူတတ်သူ ဖြစ်ရာ ယခုကဲ့သို့ အခွင့်အရေးရချိန်တွင်မူ အပြတ်အသတ်ပင် ပြောဆိုနေသည်။
“နင် တမင်လုပ်တာ မဟုတ်လား။ မဟုတ်ရင် ဒီလောက်အနံ့ပြင်းတဲ့အရာကို ရှာရင်တောင် မတွေ့နိုင်ပါဘူး။ နင် တမင်သက်သက် လုပ်တာပဲ ဖြစ်ရမယ်! နင်က လူလိုမှ မကျင့်တာ၊ တကယ်ကို လူစိတ်မရှိတဲ့ အလုပ်တွေကိုပဲ လုပ်တာပဲ။”
“ပြောစမ်းပါ... နင်တို့အိမ်က ဧည့်ခံပွဲလုပ်ရမှာကို မကျေနပ်လို့ လူတွေကို တမင်သက်သက် စိတ်အနှောင့်အယှက် ပေးနေတာ မဟုတ်လား။ ပြောစမ်း!!!”
သောက်အဘွားကြီး... သူများတွေ မရိပ်မိရင်တောင် ငါ ကျောက်တာ့ရာကတော့ အကုန်သိတယ်!
နင့်ရဲ့ ပရိယာယ်တွေကို ငါ အစကတည်းက သိပြီးသား၊ ငါ့ကိုတော့ လိမ်လို့မရဘူး!
_
အဘွားကြီးကျောက် တစာစာအော်ဟစ်နေသဖြင့် လူအားလုံးမှာလည်း သံသယစိတ်များဖြင့် ရှီကျန့်ရှန်းကို လှမ်းကြည့်ကြတော့သည်။ မူလ၌ မည်သူမျှ ထွေထွေထူးထူး မတွေးမိကြသော်လည်း အဘွားကြီးကျောက်မှာ ဤမျှအထိ အထောက်အထားခိုင်လုံစွာ ပြောဆိုနေသဖြင့် လူအများမှာ ဇဝေဇဝါဖြစ်လျက် အဘွားကြီးရှီကို အကဲခတ်လာကြ၏။
လင်စန်းရှင်း အခြေအနေကို ထိန်းရန်အတွက် အမြန်ဝင်ပြောပေးလိုက်၏။
“မဖြစ်နိုင်တာ... ဒေါ်လေးရှီကိုယ်တိုင်လည်း မသက်မသာ ဖြစ်နေတာပဲဥစ္စာ...”
အဘွားကြီးကျောက်မှာ မျက်စောင်းထိုးလိုက်ပြီး
“စကားတစ်ခွန်း ရှိတယ်လေ၊ ဘာတဲ့... ရန်သူ့ကို သုံးထောင်သတ်ဖို့ ကိုယ့်ဘက်က ရှစ်ရာ အသေခံရတယ် ဆိုလား။ အဲ့ဒါမျိုးနေမှာပေါ့! သူမက အဲ့ဒီလိုမျိုး လုပ်တာလည်း ဖြစ်နိုင်တာပဲ!”
ရှီကျန့်ရှန်းမှာ မနေနိုင်တော့ဘဲ ပြန်ဆဲဆိုလိုက်သည်။
“နင်ကတော့ မစင်မွှေတဲ့ တုတ်ပဲ၊ ပါးစပ်ပိတ်ထားစမ်းပါ”
အဘွားကြီးကျောက် ခါးထောက်လိုက်ကာ တရစပ်ဆဲဆိုတော့၏။
“ငါက မစင်မွှေတဲ့ တုတ်ဆိုရင် နင်ကတော့ အဲ့ဒီ မစင်တွေပဲ! ကြည့်စမ်း... ဒီဝင်းတစ်ခုလုံးကို ဘယ်လိုတွေ လုပ်ထားသလဲဆိုတာ၊ နင်က အသံကျယ်ကျယ်နဲ့ ပြန်ပြောရဲသေးတယ်ပေါ့။ ငါသာ နင့်နေရာမှာဆိုရင် အိမ်တိုင်းစေ့ လိုက်တောင်းပန်နေပြီ၊ အခုတော့ နင်က ဘာလဲ... မာန်တင်းပြီး ပြန်ပြောနေသေးတယ်လား။ ကြည့်ရုံနဲ့တင် နင်က လူကောင်းမဟုတ်မှန်း သိသာတယ်။ ဘာလဲ... နင်က မှန်တယ်လို့ ထင်နေတာလား။ ဒီအနံ့က နင်လုပ်တာ မဟုတ်ဘူးလား။ ငါ့အိမ်က နင်တို့နဲ့ ဒီလောက်နီးတာ၊ ငါတို့တွေ အနံ့ကြောင့် မူးလဲကုန်မှာကို ကြောက်နေရတာ။ ငါ့မှာ ဝေဖန်ပိုင်ခွင့် မရှိဘူးလား”
“အဘွားကြီးကျောက် ပြောတာ မှန်တယ်။”
“ဒေါ်လေးကျောက်က ဒီရက်ပိုင်း အတော်လေး ကျိုးကြောင်းဆီလျော်အောင် ပြောတတ်လာသလိုပဲ။”
“ဒေါ်လေးရှီကတော့ ဒီနောက်ပိုင်း ဘာဖြစ်နေမှန်း မသိဘူး၊ အမြဲတမ်း အလွဲအချော်တွေပဲ လုပ်နေတာ။”
“အသက်ကြီးလာလို့ ဇရာထောင်းလာတာ ဖြစ်မှာပါ။”
...
ရှီကျန့်ရှန်းသည် ထိုစကားများကို ကြားလိုက်ရသောအခါ ဒေါသကြောင့် လဲကျမတတ် ဖြစ်သွားရသည်။
သူမသည် မည်သည့်အချိန်တွင်မဆို ဤဝင်းကြီးအတွင်း၌ အဘွားကြီးကျောက်ထက် အဆပေါင်းတစ်ရာ သာလွန်သည်ဟု မိမိကိုယ်ကိုယ် ယူဆထားသူ ဖြစ်သော်လည်း၊ ယခုအခါတွင်မူ လူတကာ၏ အနှိမ်ခံရရုံမက အဘွားကြီးကျောက်ထက်ပင် အဆင့်နိမ့်သွားသည်ဟု အပြောခံရသဖြင့် မည်သို့လျှင် သည်းခံနိုင်ပါမည်နည်း။
သည်းမခံနိုင်ပေ…
သူမ ဒေါသတကြီးဖြင့်
“နင်တို့ ဘာသိလို့လဲ! ငါတို့အိမ်က စေတနာအပြည့်နဲ့ လူတွေကို ထမင်းကျွေးမလို့လေ၊ အဲ့ဒါက အမှားလား။ နင်တို့က ကျေးဇူးတင်ရမယ့်အစား ဒီအဘွားကြီးဘက်ကနေ ကူပြောနေကြတယ်ပေါ့။ တကယ့်ကို ကျေးဇူးမသိတဲ့ လူတွေပဲ”
အဘွားကြီးကျောက်; “နင် လျှောက်မပြောနဲ့! နင်တို့အိမ်က ထမင်းကျွေးရတာက နင်တို့လင်မယား နှစ်ယောက်လုံး အဆိပ်ရှိတဲ့ မှိုတွေစားမိလို့ မဟုတ်လား။ ဒါက နင်တို့ကျွေးသင့်ကျွေးထိုက်တဲ့ အရာပဲလေ။ အခု ထမင်းလည်း မစားရသေးဘူး၊ အဆိပ်ငွေ့ဗုံးဒဏ်ပဲ ခံနေရသေးတာ၊ အဲ့ဒါကို နင်က ငါတို့ကို ကျေးဇူးမသိတဲ့လူတွေလို့ ဆဲနေသေးတယ်လား။ ငါပြောသားပဲ... နင်က ထမင်းမကျွေးချင်လို့ တမင်ပြဿနာရှာနေတာလို့။ ကြည့်ကြစမ်းပါဦး... လူတို့ရေ၊ ကြည့်ကြစမ်းပါဦး! သူတို့အိမ်က တကယ်ကို အဲ့ဒီလိုပဲ။ ငါပြောတာ ကွက်တိပဲ မဟုတ်လား။ သူမက ထမင်းမကျွေးချင်လို့ အကြောင်းပြချက် ရှာနေတာလေ၊ တကယ်ကို ကောက်ကျစ်လွန်းတာပဲ”
လူတိုင်းမှာ အစက အနည်းငယ်သာ သံသယရှိခဲ့သော်လည်း ယခုမူ ပို၍ပင် ယုံကြည်သွားကြ၏။
လူတိုင်း ရှီကျန့်ရှန်းကို မလိုလားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။ ဟုတ်သည်လေ၊ ထမင်းကျွေးမည်ဟု မိမိတို့ဘာသာ စတင်ပြောဆိုခဲ့ပြီး ယခု စားပင်မစားရသေးမီမှာ လူများကို ကျေးဇူးမသိသူများဟု ဆဲဆိုနေသည် မဟုတ်လော့။ အလကားကျွေးခြင်းမဟုတ်ဘဲ ကျေးဇူးတုံ့ပြန်သည့် ပွဲဖြစ်၍ အဘယ်မှာ စိတ်မခုဘဲ ရှိမည်နည်း။
ရှီကျန့်ရှန်းသည် စိတ်ထဲမှ အဘွားကြီးကျောက်ကို အကြီးအကျယ် ကျိန်ဆဲနေမိသည်။ ဤကမ္ဘာပေါ်တွင် ဤမျှ ယုတ်ညံ့သည့်လူမျိုး ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။သူမကို အမြဲတမ်း ဆန့်ကျင်နေသည့် ဤအဘွားကြီးမှာ တကယ်ကို မကောင်းဆိုးဝါးမကြီးပင်။
ရှီကျန့်ရှန်း; “နင်တို့က ဘာမျက်လုံးနဲ့ ကြည့်နေကြတာလဲ။ ဒီအဘွားကြီး စကားကို ဘယ်လိုလုပ် ယုံနိုင်ကြတာလဲ။ ငါတို့အိမ်က ဘယ်လိုလဲဆိုတာ နင်တို့လည်း သိတာပဲကို။ ငါ့ကို မယုံရင်တောင် နင်တို့ ဦးလေးရွှီကိုတော့ ယုံသင့်တာပေါ့။ ဒါက ငါတမင်လုပ်တာ မဟုတ်ပါဘူးဆိုတာ အသေအချာပဲ။ ငါသာ တမင်လုပ်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလောက် ဒုက္ခပေးပါ့မလား။ ကြည့်စမ်းပါဦး... ငါ ဘယ်လောက်တောင် ဝေဒနာခံစားနေရသလဲဆိုတာ”
“ဟဲဟဲ... နင်က ဘယ်လိုလူလဲဆိုတာ ဘယ်သူသိမှာလဲ။ နင်က အမြဲတမ်း ပရိယာယ်တွေ များတတ်တာပဲဟာ။”
“ငါတို့လို သာမန်လူတွေကတော့ နင်တို့မိသားစုကို မယှဉ်နိုင်ပါဘူးအေ၊ နင်တို့ ဘာတွေတွေးနေလဲဆိုတာ ဘယ်သူသိမှာလဲ။ ဉာဏ်မမီပါဘူး... ဉာဏ်မမီပါဘူး”
အဘွားကြီးကျောက်မှာ ထပ်လောင်းပြောဆိုလိုက်၏။
ရှီကျန့်ရှန်း “!!!”
သူမ စိတ်ကို အတတ်နိုင်ဆုံး ထိန်းလိုက်ပြီး
“ငါတို့က အဲ့ဒီလိုလူတွေ မဟုတ်ဘူး၊ နင်ပဲ ပါးစပ်ပိတ်ထားစမ်းပါ”
“နင်က ဒီလောက်အမှုကြီး လုပ်ထားပြီးတော့ သူများကိုတောင် စကားမပြောခိုင်းဘူးပေါ့။ နင်က ဘာလဲ... ကောင်းကင်ကြီးက နံပါတ်တစ်ဆိုရင် နင်က နံပါတ်နှစ်လား။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦးမှပေါ့။”
“ငါက မထိုက်တန်ရင် နင်က ထိုက်တန်လို့လား။ နင်က ပြန်ရောက်တာနဲ့ ပြဿနာရှာတာပဲ မဟုတ်လား။ ဒါက ငါဖြစ်ချင်လို့ ဖြစ်တာလား၊ ငါကိုယ်တိုင်လည်း ဝေဒနာ ခံစားနေရတာပဲလေ။”
အဘွားကြီးနှစ်ဦးမှာ အပြင်းအထန် ငြင်းခုံနေကြရာ တခြားသူများမှာလည်း ဝင်ရောက်ပြောဆိုချင်ကြသော်လည်း ယခုအချိန်၌ ဤအနံ့ဆိုးကြီးကို အမြန်ဆုံး ရှင်းလင်းရန်သာ ဆန္ဒရှိနေကြသည်။ ထိုအနံ့မှာ တကယ်ပင် သည်းမခံနိုင်လောက်အောင် ဖြစ်နေလေ၏။
“တော်ကြပါတော့ဗျာ၊ အရင်ဆုံး ဒီအနံ့ကို ရှင်းလင်းဖို့ပဲ လုပ်ကြပါဦး။ အမလေး... တကယ်ကို နံလွန်းလို့ပါ။”
“ဟုတ်ပါ့... တခြားစကားတွေကိုတော့ နောက်မှပဲ အေးအေးဆေးဆေး ပြောကြတာပေါ့၊ မလောပါဘူး။ ဒေါ်လေးရှီ... အရင်ဆုံး ဒီအနံ့ကို တစ်ခုခုလုပ်ပေးပါဦး၊ မဟုတ်ရင် ကျွန်တော်တို့ တကယ် မခံနိုင်တော့ဘူး။ နေပါဦး... ဒီအနံ့က အဆိပ်မဖြစ်နိုင်ဘူးလား။ ရပ်ကွက်ရုံးကိုပဲ အကူအညီတောင်းရမလား”
“ရပ်ကွက်ရုံးကို တောင်းလို့လည်း ဘာထူးမှာလဲ။ သူတို့ကလည်း အနံ့ကို ပျောက်အောင် မလုပ်နိုင်ပါဘူး။”
“ဒါဆို ဒီအနံ့ကို ဘယ်လိုရှင်းရမလဲဆိုတာ မေးကြည့်လို့ရတာပဲလေ!”
“ဟုတ်တယ်၊ ဒေါ်လေးကျောက်... ခင်များတို့လည်း မငြင်းကြပါနဲ့တော့။ ဒါကို ဘယ်လိုရှင်းမလဲဆိုတာပဲ အရင်စဉ်းစားကြရအောင်။ မဟုတ်ရင် အားလုံး ဒုက္ခရောက်ကုန်မယ်။”
“ဟုတ်ပါ့တော်။”
အဘွားကြီးကျောက်; “ငါကတော့ မဝင်ပါဘူးအေ၊ မဟုတ်ရင် တစ်ခုခုဖြစ်တာနဲ့ ငါ့အပေါ်ပဲ အကုန်ပုံချနေကြမှာ။ ဟဲဟဲ... ငါကတော့ မပတ်သက်ချင်ဘူး။ ဖယ်ကြ... ဖယ်ကြ၊ ငါ အိမ်ပြန်တော့မယ်”
သူမသည် ဝေ့ဝဲကြည့်လိုက်ရာ သူမ၏ ချွေးမနှင့် မြေးနှစ်ယောက်ကို မတွေ့ရသဖြင့် မြေခွေးကဲ့သို့ ပါးနပ်လှသော ချွေးမဖြစ်သူမှာ မိမိကိုယ်ကို ဒုက္ခရောက်ခံမည် မဟုတ်ကြောင်း သိလိုက်သည်။ ဤကဲ့သို့သော ဆူညံပွဲမျိုးကို သူမ လာကြည့်လိမ့်မည်မဟုတ်ပေ။ အဘွားကြီးကျောက်သည် လူအုပ်ကြားမှ “ဖယ်ကြဦး” ဟုဆိုကာ တိုးထွက်သွား၏။
သူမ မိမိအိမ်ရှေ့သို့ ရောက်ရှိသွားချိန်တွင် တံခါးမှန်၌ ခေါင်းကြီးတစ်လုံးနှင့် ခေါင်းလေးနှစ်လုံးကို မြင်လိုက်ရသည်။
သူမသည် တံခါးကို ခေါက်လိုက်ပြီး “ချွေးမရေ... တံခါးဖွင့်ပါဦး” ဟု လှမ်းခေါ်လိုက်၏။
ချန်ချင်းယွီ “...”
သူမမှာ နှုတ်ခမ်းကို တွန့်လိုက်မိပြီး တကယ်ပင် တံခါးမဖွင့်ချင်ပေ။ သူမတို့သည် အစကတည်းက တံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထားသဖြင့် အနံ့ဆိုးဒဏ်မှ အတော်အတန် လွတ်ကင်းနေခြင်း ဖြစ်ပြီး အကယ်၍ ယခု တံခါးဖွင့်လိုက်ပါက... အင်း!
သို့သော်လည်း အဘွားကြီးကျောက်ကို အပြင်ဘက်မှာ ထားပစ်ခဲ့၍ မရချေ။ ထိုသို့လုပ်ခြင်းမှာ သူမ၏ ပုံရိပ်နှင့်လည်း ကိုက်ညီမှုမရှိပေ။
ဤပုံရိပ်ကောင်းကို ထိန်းသိမ်းနေရသည်မှာ တကယ်ကို ဒုက္ခများလှချေပြီ!
ချန်ချင်းယွီသည် လှည့်ကြည့်ကာ
“ရှောင်ကျား၊ ရှောင်ယွမ်... သားတို့ ဖယ်ပေးကြဦး”
ထို့နောက် ခဏစဉ်းစားလိုက်ပြီး
“သားတို့ အထဲခန်းထဲကို အရင်ဝင်နေကြနော်”
“ဟုတ်ကဲ့ပါ!”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ယခုတစ်ကြိမ်တွင်မူ မိခင်ဖြစ်သူ၏စကားကို အငြင်းမပွားဝံ့ကြချေ။ အနည်းငယ်မျှ သတိလွတ်သွားရုံဖြင့် အနံ့ဆိုးကြောင့် မှောက်ရက်လဲသွားနိုင်သည်ကို ထိုကလေးငယ်နှစ်ဦးမှာ ကောင်းစွာနားလည်သဘောပေါက်နေကြသည်။ ကလေးနှစ်ယောက်သည် ခြေတိုလေးများဖြင့် ခပ်သွက်သွက်ပြေးလွှားကာ အထဲခန်းသို့ ဝင်ရောက်သွားကြပြီး တံခါးကိုလည်း သေသေချာချာ ပြန်လည်ပိတ်ဆို့ပေးခဲ့ကြ၏။
ချန်ချင်းယွီသည် တံခါးကြား၌ ထိုးထားသော အဝတ်စုတ်များကို ဖယ်ရှားလိုက်ပြီး အသက်ကို ဝဝရှူကာ အဘွားကြီးကျောက်အား အချက်ပြလိုက်သည်။
“သုံး... နှစ်... တစ်!”
သူမသည် တံခါးကို ဝုန်းခနဲ ဖွင့်လိုက်စဉ် အဘွားကြီးကျောက်မှာ အထဲသို့ အလျှင်အမြန် တိုးဝင်လာပြီး လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသော အချိန်အတွင်းမှာပင် တံခါးကို ပြန်လည်ပိတ်ချလိုက်၏။ ချန်ချင်းယွီသည် မိမိကိုယ်ကိုယ် အနည်းငယ်မျှပင် အထိခိုက်မခံနိုင်သဖြင့် တံခါးအကြိုအကြားများကို အဝတ်များဖြင့် တစ်ဖန်ပြန်လည် ပိတ်ဆို့လိုက်ပြန်သည်။ သို့သော်လည်း အဘွားကြီးကျောက်၏ စွမ်းဆောင်ရည်ကိုမူ သူမ အံ့ဩမိသွား၏။ ဤမျှပြင်းထန်လှသော အနံ့ဆိုးကြီးအတွင်း၌ပင် အားရပါးရ ရန်ဖြစ်နိုင်သည်မှာ တကယ့်ကို မချီးကျူးဘဲ မနေနိုင်စရာပင်။
အဘွားကြီးကျောက်; “မြန်မြန်... မြန်မြန်... ငါ့ကို စက္ကူတစ်ချက်လောက် ပေးစမ်းပါဦး။ နှာခေါင်းကို ပိတ်ထားမှဖြစ်မယ်၊ တကယ်ကို အသက်အန္တရာယ် ပေးနိုင်တဲ့အရာပဲ။ သူတို့အိမ်ကတော့ တကယ့်ကို ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ၊ ငါ့အထင်တော့ ဒါ တမင်လုပ်တာပဲ ဖြစ်ရမယ်”
ချန်ချင်းယွီ; “ကျွန်မနဲ့ နည်းနည်းဝေးဝေးမှာ နေပေးပါဦး။ အမေနဲ့အတူ အနံ့တွေပါ ပါလာသလိုပဲ”
အဘွားကြီးကျောက်သည် မိမိကိုယ်ကိုယ် ပြန်လည်နမ်းရှုံ့ကြည့်ရာ အခြေအနေမှာ သိပ်မဆိုးလှသေးဟု ခံစားရသည်။ အပြင်ဘက်ရှိ လူများနှင့်စာလျှင် သူမမှာ အတော်လေး ကံကောင်းသည်ဟု ဆိုရပေမည်။
အပြင်ဘက်တွင်မူ အခြေအနေမှာ ဆိုးရွားလှချေပြီ။ အဘွားကြီးကျောက်သည် အိမ်ထဲသို့ ရောက်ရှိသွားသော်လည်း တံခါးနား၌ ကပ်လျက် အပြင်ဘက်ကို ချောင်းကြည့်နေဆဲပင်။ ချန်ချင်းယွီမှာမူ အဘွားကြီးကျောက်အနား၌ မနေချင်သဖြင့် အတွင်းခန်းသို့ ဝင်သွားကာ ပြတင်းပေါက်ဘောင်များကိုလည်း အဝတ်ဟောင်းများဖြင့် ထပ်မံပိတ်ဆို့လိုက်၏။လေဝင်လေထွက် မကောင်းတော့သော်လည်း တတ်နိုင်သမျှ ကာကွယ်ထားရမည်သာ။
ကလေးငယ်နှစ်ဦးမှာလည်း ပြတင်းပေါက်မှနေ၍ အပြင်ဘက်ရှိ ထူးခြားဖြစ်စဉ်များကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။
ပြောရမည်ဆိုလျှင် သူတို့အိမ်သည် ဒုတိယဝင်းအတွင်း၌ ရှိနေသဖြင့် အနံ့ဆိုး၏ ဗဟိုချက်နှင့် နီးကပ်နေသော်လည်း အားသာချက်တစ်ခုတော့ ရှိနေ၏။ ၎င်းမှာ အပြင်သို့ ထွက်စရာမလိုဘဲ ဝင်းအတွင်းရှိ အခြေအနေအရပ်ရပ်ကို အိမ်ထဲမှနေ၍ ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်ခြင်းပင်။
အခြားသူများမှာမူ ပထမလက်ဦး သတင်းအချက်အလက်များကို သိရှိနိုင်ရန်အတွက် ဝေဒနာကို အလူးအလဲ ခံစားကာ စောင့်ကြည့်နေကြရရှာသည်။
အပြင်ဘက်တွင်မူ ဤတိုင်းရင်းဆေးရည်များကို မည်သည့်နေရာ၌ သွားရောက်စွန့်ပစ်ရမည်နည်းဟု တိုင်ပင်နေကြဆဲ ဖြစ်၏။ ဤအရာမှာ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ဖြစ်စေ ဇီဝလက်နက်တစ်ခုကဲ့သို့ပင် ဖြစ်ချေလိမ့်မည်။ အဘွားကြီးရှီသည် စိတ်ကောင်းရှိသူတစ်ဦး မဟုတ်သော်လည်း လူများက သူမ၏အိမ်ရှေ့အထိ လာရောက်ရန်တွေ့မည်ကို စိုးရိမ်နေရရှာသည်။
အဘွားကြီးကျောက်; “ဒီအဘွားကြီးကတော့ တကယ်ကို ပြဿနာရှာတတ်တာပဲ။ သူမရဲ့ ယောကျာ်း အဘိုးကြီးရွှီကို ဒီဆေးတွေ တိုက်ပြီး သေသွားမှာတောင် မကြောက်ဘူးလား မသိဘူး”
ဤအချိန်၌ အဘွားကြီးကျောက်မှာ အကြောင်းစုံကို သိရှိသွားပြီ ဖြစ်၏။
အလုပ်ဆင်းချိန်ဖြစ်သဖြင့် လူများမှာလည်း တစ်ဦးပြီးတစ်ဦး ပြန်လည်ရောက်ရှိလာကြရာ လူတိုင်းမှာ အနံ့ဆိုးကြောင့် ယိုင်တိယိုင်တိုင် ဖြစ်ကုန်ကြတော့သည်။
မာကျန့်ယီခမျာ “ငါပဲ ဘာလို့ အမြဲတမ်း နစ်နာနေရတာလဲ!” ဟု ညည်းတွားလိုက်မိ၏။
ဝင်းကြီး၏ တာဝန်ခံတစ်ဦးအနေဖြင့် ဤကိစ္စကို သူပင် ကိုင်တွယ်ဖြေရှင်းရမည် မဟုတ်ပါလား။
မာကျန့်ယီမှာ ယနေ့ အချိန်မှန် အလုပ်ဆင်းမိသည့် မိမိကိုယ်ကိုယ်ပင် မကျေမနပ် ဖြစ်နေမိသည်။
အခြားသူများမှာလည်း တတွတ်တွတ် ပြောဆိုနေကြရာ မာကျန့်ယီက
“ဦးလေးရွှီ... ဦးလေးရွှီ ပြန်ရောက်ပြီလား”
“မရောက်သေးဘူး!”
“သူက ခြေထောက်မကောင်းတော့ ခပ်ဖြည်းဖြည်းပဲ လာတာနေမှာ။”
မာကျန့်ယီ “...”
သူသည် အသက်ကို ဝဝရှူလိုက်ပြီး
“ဒီအနံ့က အိမ်သာနံ့နဲ့ မခြားနားပါဘူး။ လမ်းကြားထဲက အများသုံးအိမ်သာထဲမှာပဲ သွားသွန်ပစ်လိုက်ကြရအောင်”
လူတိုင်း ထိုအကြံကို လက်မခံကြချေ။
“ဦးလေးမာရယ်... အိမ်သာနံ့က ဒီလောက်အထိ မနံပါဘူး။ ဒါတွေကို အထဲသွန်လိုက်ရင် တခြားသူတွေ ဘယ်လိုလုပ်ကြမလဲ။ အိမ်သာတောင် သွားလို့မရတော့ဘူးလား”
“ဟုတ်တယ်လေ... အိမ်သာထဲမှာ အနံ့ကြောင့် မူးလဲသွားရင် ကိစ္စက ပိုကြီးကုန်ဦးမယ်။”
“တခြားဝင်းက လူတွေကလည်း သဘောတူမှာ မဟုတ်ဘူး။”
မာကျန့်ယီသည် နှာခေါင်းကို အုပ်ထားရင်း
“ဒါကို မရှင်းပစ်ရင်တော့ ငါတို့တွေ အနံ့ဒဏ်ကို ဆက်ခံနေရဦးမှာပဲ”
သူ၏ မျက်လုံးများမှာလည်း အနံ့ကြောင့် ပြူးတူးပြူးတဲ ဖြစ်နေပြီတည်း။
“အဲဒါဆိုရင်လည်း... အိမ်သာထဲမှာပဲ သွားသွန်လိုက်ကြတာပေါ့။ ကျွန်တော်တို့လည်း တကယ် မခံနိုင်တော့လို့ပါ။”
“ဒါက အပူပေးထားလို့သာ အနံ့ပြင်းနေတာ၊ လေထဲပျံ့သွားရင်တော့ အဆင်ပြေသွားမှာပါ။”
“ဟုတ်တယ်... ဟုတ်တယ်!”
“အပြင်ဘက်ဆိုရင် အနံ့က မြန်မြန်ပျောက်တတ်တယ်လေ~”
မာကျန့်ယီ: “မင်းတို့ပြောတာ မှန်တယ်။ ငါလည်း အဲ့ဒီအတိုင်းပဲ တွေးနေတာ။ လမ်းကြားထဲက လူတွေကို မငဲ့တာမဟုတ်ဘူး၊ ကိုယ့်ဝင်းသားတွေကိုပဲ ငဲ့တာမဟုတ်ဘူး... ဒါပေမဲ့ အပြင်ဘက်က ဟာလာဟင်းလင်း ဖြစ်နေသလို လေလည်း တိုက်နေတော့ အနံ့က မြန်မြန်ပျောက်သွားမှာပေါ့။ စဉ်းစားကြည့်လေ... အများသုံးအိမ်သာဆိုတာ ပုံမှန်ဆိုရင် အနံ့က ပိုမပြင်းသင့်ဘူးလား။ ဘာလို့ သိပ်မသိသာရတာလဲ။ အပြင်ဘက်မှာ ရှိနေလို့ မဟုတ်လား။ အပြင်ဘက်မှာဆို အနံ့က မြန်မြန်ပြယ်သွားတာ။ ဒီတိုင်းရင်းဆေးနံ့က ဘာမှမဟုတ်ပါဘူး။ ခဏနေရင် ပျောက်သွားမှာပါ။ အိမ်ထဲမှာပဲ ဆက်ထားနေရင်တော့ ဘယ်လိုလုပ် အနံ့ပျောက်ပါ့မလဲ။ လေတိုးတဲ့နေရာမှာ ဆိုတော့ အနံ့က စွဲနေမှာပေါ့။ ညကျရင် ဘယ်လိုထမင်းစား၊ ဘယ်လိုအိပ်ကြမလဲ။ မနက်ဖြန် ဘယ်လိုအလုပ်သွားကြမလဲ”
“ဟုတ်ပါ့... ဟုတ်ပါ့။”
“ဒါလည်း အဟုတ်ပဲနော်။”
“မြန်မြန်ပဲ ရှင်းလိုက်ကြရအောင်၊ တခြားဟာတွေ ပြောမနေနဲ့တော့! တကယ် မခံနိုင်တော့ဘူး။ ကြာရင် အဆိပ်တောင် ဖြစ်ကုန်ဦးမယ်။ ဦးလေးမာ ပြောသလိုပဲ လုပ်ကြရအောင်။”
လူတိုင်းမှာ ထိုအစီအစဉ်ကို တညီတညွတ်တည်း ထောက်ခံလိုက်ကြသည်။
မာကျန့်ယီသည် ထိုသို့အကြံပြုလိုက်သော်လည်း သူကိုယ်တိုင်ကား လက်ဖျားနှင့်ပင် မတို့လိုပေ။
"အဘွားကြီးရှီ … ကျုပ်က ဝင်းတာဝန်ခံဆိုပေမဲ့ ဒါက ခင်ဗျားတို့အိမ်ကိစ္စပဲလေ။ ခင်ဗျားကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ပါ။ အဆင်ပြေမယ်ဆိုရင်တော့ အပြင်က အများသုံးအိမ်သာထဲမှာ သွားသွန်ပစ်လိုက်ရအောင်"
ရှီကျန့်ရှန်း; "အဘိုးကြီးမာရယ်... ကျွန်မ ရှင် ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်။ ကျွန်မကို ကူညီပါဦးရှင်၊ ကျွန်မက မိန်းမသားတစ်ယောက်တည်းမို့လို့..."
သူမသည် မိမိ၏ ခင်ပွန်းနှင့် သားသမီးများကို ဒုက္ခမပေးလိုသဖြင့် အခမဲ့ခိုင်းစေနိုင်မည့် အလုပ်သမားများကို ရှာဖွေနေခြင်းဖြစ်၏။ ရှီကျန့်ရှန်းမှာ ထိုသို့ အမြတ်ထုတ်ရန် အမြဲကြံစည်နေသူဖြစ်သည်။
သို့သော်လည်း!
မာကျန့်ယီမှာ အလျှော့မပေးပေ။
ဤကဲ့သို့သော အမှုကိစ္စများကို ကိုင်တွယ်နေရသည်မှာပင် သူ့အတွက် အလွန်နာကျင်စရာကောင်းလှပြီဖြစ်၏။
သူသည် ဝင်းကြီးအတွင်းရှိ အရှုပ်အထုပ်များကို ဖြေရှင်းပေးရန် အလွန်ပင် ဝန်လေးသူဖြစ်ရာ အနှီပြဿနာအိုးများအား တကယ်ကို စိတ်ပျက်စရာကောင်းလှသည်ဟု မှတ်ယူထား၏။
မာကျန့်ယီ မျက်လုံးအစုံကို ပြူးကြည့်လျက်
"မိန်းမသားဖြစ်တာနဲ့ ဒါကိုလုပ်ဖို့ ဘာမှမဆိုင်ပါဘူး။ ခင်ဗျားကိုယ်တိုင် မသွန်ချင်ရင်လည်း ခင်ဗျားယောကျ်ားနဲ့ ကလေးတွေ ပြန်လာတဲ့အထိ စောင့်နေလိုက်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက်ကြာမှတော့ ခဏတဖြုတ် ထပ်စောင့်ရတာ ဘာမှမထူးတော့ပါဘူး။ အကယ်၍ သူတို့ကို မပင်ပန်းစေချင်ရင်တော့ ကိုယ့်ဘာသာကိုယ်ပဲ သွားသွန်လိုက်ပါ!"
သူသည် နားဝင်ချိုမည့် စကားတစ်လုံးမျှပင် မပြောတော့ပေ။
သူ၏ သဘောထားမှာ အလွန်ပင် အေးစက်ပြတ်သားလှ၏။
ချန်ချင်းယွီသည် ပြတင်းပေါက်၌ ကပ်၍ ကြည့်နေရင်း အဘိုးကြီးမာ၏ဘဝမှာ တကယ်ပင် မလွယ်ကူလှကြောင်း စိတ်ရင်းဖြင့် ခံစားနေမိသည်။ ဝင်းကြီးအတွင်းရှိ အမှုကိစ္စများမှာ တကယ်ပင် စိတ်ကုန်စရာကောင်းလှရာ အဘိုးကြီးမာအနေဖြင့် မည်မျှ စိတ်ဒုက္ခရောက်နေသည်ကို ကြည့်ရုံဖြင့် သိနိုင်ပေသည်။
သနားစရာပဲ!
ဝင်းတာဝန်ခံ လုပ်ရတာ တကယ်ပဲ မလွယ်ကူလှပါလား!
အဘွားကြီးကျောက် နှာခေါင်းရှုံ့လိုက်ပြီး
"သူမရဲ့ ပုံစံကို ကြည့်ဦးလေ... သူများကိုတောင် အကူအညီတောင်းချင်သေးတယ်! ကိုယ့်မျက်နှာကိုယ်လည်း ပြန်မကြည့်ဘူး၊ အမြဲတမ်း နေရာလုဖို့ပဲ ကြံစည်နေတာ။ မာကျန့်ယီက မသိဘူးလို့ ထင်နေတာလား။ စိတ်ကူးယဉ်နေတာပဲ! နေပါဦး... အော့! ဒီအနံ့ကတော့ တကယ်ကို ဆိုးလွန်းတယ်။ သူမက တစ်ဝင်းလုံးကို သတ်ချင်နေတာလား၊ ဒါက တကယ်ပဲ တိုင်းရင်းဆေး ကျိုနေတာရောဟုတ်ရဲ့လား"
သူမသည် အိမ်ထဲ၌ ပုန်းနေသော်လည်း အနံ့ကို ပြင်းပြင်းထန်ထန် ရရှိနေသဖြင့် တကယ်ပင် စိတ်တိုနေမိ၏။
ချန်ချင်းယွီ: "ဟုတ်ပါတယ်၊ သူမ အပြင်ကနေ သယ်လာတာကို ကျွန်မ မြင်လိုက်တယ်။ သူမ နှစ်ခါတောင် လုပ်နေတာ၊ ဒုတိယအကြိမ်ကတော့ သေချာပေါက် ဆေးမြစ်တွေပဲ ဖြစ်မှာပါ။ လမ်းမှာ ကျွန်မတို့ ဆုံခဲ့ကြသေးတယ်"
အဘွားကြီးကျောက်သည် ထိုစကားကို ကြားသောအခါ ချန်ချင်းယွီကို တစ်ချက်ကြည့်လိုက်သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အဓိပ္ပာယ်ပါပါဖြင့် နောက်တစ်ကြိမ် ထပ်ကြည့်ပြန်၏။ အတော်ကြာမှ မျက်နှာလွှဲလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"တကယ့်ကို နိမိတ်မရှိတဲ့ မိန်းမပဲ! ဘယ်သူနဲ့ပဲ ပတ်သက်မိမိ ပက်သက်မိတဲ့သူ ဒုက္ခရောက်တာပဲ!"
ချန်ချင်းယွီ: "???"
ရန်လာရှာနေတာလား... အဘွားကြီး!
ရိုက်ခံချင်ပြန်ပြီထင်တယ်!