← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

၃၃။ ခိုးနားထောင်ခြင်း

ချန်ချင်းယွီ၏ အကြည့်များမှာ ရုတ်ခြည်းပြင်းထန်လာသဖြင့် အဘွားကြီးကျောက်မှာ တစ်ခဏချင်းပင် ကြောက်လန့်တုန်လှုပ်သွားကာ လေသံပျော့ပျော့လေးဖြင့် တောင်းပန်တိုးလျှိုချောမော့လိုက်ရ၏။ အဘွားကြီးကျောက်သည် အခြေအနေကို အကဲခတ်ရာတွင် တစ်ဖက်ကမ်းခပ် ထူးချွန်နေပြီဖြစ်ကာ တခြားသော အရည်အချင်းများ ဘာဆိုဘာမျှ မရှိသော်လည်း ဤအချက်တွင်မူ အတော်လေး ထက်မြက်လှပေသည်။

အိမ်ထဲတွင် စကားများပြောဆိုနေကြစဉ် အိမ်ရာဝန်းအတွင်းသို့ ရွှီကောင်းမင် ပြန်ရောက်လာပြီဖြစ်၏။

သူသည် ချိုင်းထောက်ဖြင့် အလုပ်ဆင်းတက် လုပ်နေရသူဖြစ်၍ လမ်းလျှောက်နိုင်စွမ်းမှာ တခြားသူများထက် နှေးကွေးနေလေသည်။ သားဖြစ်သူ ရှောင်စန်းမှ ဖေးမတွဲကူ၍ လမ်းကြားထဲသို့ချိုးဝင်လိုက်စဉ် မိမိတို့အိမ်ရာ၏တံခါးဝတွင် လူအုပ်ကြီး ပြုံခဲနေသည်ကို မြင်လိုက်ရ၏။ ထိုလူအုပ်ကြီးမှာ သူတို့သားအဖနှစ်ယောက်ကို မြင်သည်နှင့် တစ်ပြိုင်နက် လမ်းဖယ်ပေးလိုက်ကြရာ သားအဖနှစ်ဦးမှာ လူများစွာကြည့်ရှု့နေသော ဂုဏ်သရေရှိ ပွဲသို့ ပွဲတက်လာကြရသည့်အလား ဘဝင်ခိုက်နေကြရှာသည်။

ဘေးတစ်ဖက်တစ်ချက်မှ လူများမှာ အမြန်ဖယ်ပေးကြသဖြင့် တကယ့်ကို မျက်နှာပွင့်လှ၏။

ဘဝင်ခိုက်နေသော ရွှီကောင်းမင် ပြုံးစိစိဖြင့် အသံတိုးတိုးဆိုလိုက်လေသည်။

“ကြည့်စမ်း၊ မင်းအဖေက လူမှုရေးနယ်ပယ်မှာ ဘယ်လောက် မျက်နှာပွင့်သလဲဆိုတာ။ တခြားသူသာဆိုရင် ဒီလိုမျိုး လမ်းဖယ်ပေးပါ့မလား? ငါက လူထုနဲ့ တစ်သားတည်းနေတာလေ၊ ဒီခြံဝင်းထဲမှာ ငါ့ရဲ့ လူချစ်လူခင်ပေါများမှုကတော့ လုံးဝကို မေးခွန်းထုတ်စရာ မလိုဘူး။ ဟို မာကျန့်ယီဆိုတဲ့ကောင်တောင် ငါ့ကို မယှဉ်နိုင်ပါဘူး။ သူ မနာလိုဖြစ်လည်း အပိုပဲ၊ ငါတို့ကတော့ တကယ့်ကို ထိပ်တန်းပဲဟေ့!”

ရှောင်စန်းမှာလည်း သူ့အဖေကို မြှောက်ပင့်လိုက်၏။

“အဖေ၊ အဖေ့ရဲ့ အဆင့်အတန်းကို သားက မသိဘဲ နေမလား? ကျွန်တော်တို့ မိသားစုက ဒီခြံဝင်းထဲမှာ အထက်တန်းလွှာတွေပဲ၊ အဓိကကတော့ အထာကျဖို့ပဲလေ။ ကျွန်တော်ကတော့ အဖေ့အကြောင်း ကောင်းကောင်းသိပါတယ်။ မာကျန့်ယီက ဘာမို့လို့လဲ၊ ထောက်ပံ့ရေး ဒု-ညွှန်ကြားရေးမှူး ဆိုတဲ့ နာမည်ကို သုံးပြီး အဖေ့ဆီက ခြံဝင်းအုပ်ချုပ်သူ ရာထူးကို လုသွားတာပဲဟာ။ စောစောနဲ့ နောက်နောက်တော့ သူ ပြုတ်မှာပဲ၊ အဲဒီနေရာက အဖေနဲ့ပဲ ထိုက်တန်တာ။”

ရွှီကောင်းမင်မှာ သားဖြစ်သူ၏ စကားကြောင့် အကြီးအကျယ် ဘဝင်ခိုက်သွားကာ ကျေနပ်စွာပြုံးလျက် သူ၏သားအငယ်ဆုံးကောင်မှာ အတော်လေးပင် အကဲခတ်တော်ပြီး အမှန်တရားများကို ပြောတတ်သူဟု ထင်မြင်မိသွားလေသည်။

ရှောင်စန်း သူ့အဖေကိုတွဲကူလျက် အိမ်ရာထဲသို့ဝင်လာစဉ် လူတိုင်းမှာ အော်ဟစ်ပြောဆိုလိုက်ကြ၏။

“ရွှီကောင်းမင်တို့သားအဖ ပြန်လာပြီဟေ့”

“မြန်မြန် မြန်မြန်!! ဦးလေးရွှီ ပြန်လာပြီလား”

ရွှီကောင်းမင်:; “ငါ... အော့... ဒါ ဘာအနံ့ကြီးလဲဟ?”

အစောပိုင်းကတည်းက တစ်စုံတစ်ရာကို အနံ့ရနေသော်လည်း သူ သိပ်ဂရုမစိုက်မိခဲ့ပေ။ သို့သော် ခြံဝင်းထဲ ရောက်လာသည်နှင့် အနံ့ဆိုးကြီးမှာ ပို၍ပြင်းထန်လာကာ နှာခေါင်းထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝင်လာလေသည်။

“အော့!”

ရှောင်စန်း အလန့်တကြား အော်ဟစ်လိုက်မိ၏။

“ဘယ်ကောင် လုပ်တာလဲဟ! အီးစားနေကြတာလား!!!”

ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။

ချန်ချင်းယွီ: “……”

ခြံဝန်းထဲဝင်လာသူတိုင်း မကျိန်ဆဲသူ မရှိသလောက်ဆိုသော်ငြား ရွှီရှောင်စန်းလောက်မူ ဟာသမြောက်အောင် မပြောနိုင်ကြရှာပေ။

ဟေ့... မင်း ထင်တောင် ထင်မှာ မဟုတ်ဘူး…

အဲဒါ မင်းတို့အိမ်ကလေ!

ရှောင်စန်း; “အမလေး... ဦးလေးမာ ခင်ဗျားလည်း ဘာလို့ မတားတာလဲ။ ဒီအနံ့ကို ကြည့်ဦး၊ တကယ့်ကို အသက်အန္တရာယ် ပေးနိုင်တဲ့အနံ့ပဲ။ ကျွန်တော်တို့ မိသားစုကို ညစာတောင် မစားစေချင်တော့ဘူးလား?”

မာကျန့်ယီ: “……”

သူသည် ထိုကောင်လေးကို စူးစိုက်ကြည့်ကာ ခနဲတဲ့တဲ့ လေသံဖြင့် ဆိုလိုက်၏။

“ဒါ မင်းတို့အိမ်က လုပ်တာ၊ မင်းအမေ လုပ်နေတာ။”

ရှောင်စန်း;“…………………………???”

သူ့၏ ကြည်လင်နေသော မျက်ဝန်းအစုံမှာ နားမလည်နိုင်သော အူကြောင်ကြောင် အမူအရာများဖြင့် ပြည့်နှက်သွားရှာလေသည်။

အတန်ကြာမှ သူ အော်ဟစ်လိုက်မိကာ

“ဘာ! ကျွန်တော့်အမေ ဟုတ်လား???”

သူ လုံးဝ မမျှော်လင့်ထားခဲ့မိ၍ မယုံကြည်နိုင်ဟန်ဖြင့် ချက်ချင်းပင် ထပ်မံအော်ဟစ်ပြန်၏။

“အမေ! ဘာတွေ လုပ်နေတာလဲ! သားတို့ အိမ်မှာ မရှိတုန်း အိမ်ထဲမှာ အီးချက်နေတာလား!”

“ဖူးးး!”

တကယ့်ကို သားအမိတွေလို့ ဆိုရမှာပဲ…

ရှီကျန့်ရှန်း: “ဟဲ့ ကလေး... ဘာတွေ လျှောက်ပြောနေတာလဲ!”

“ဒါဆို ဒါက ဘာဖြစ်တာလဲ ပြောလေ!”

ရှောင်စန်း ခါးထောက်လျက် မေးခွန်းထုတ်လိုက်လေသည်။

ရွှီကောင်းမင်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အခြေအနေကို ရိပ်မိသွားပုံရကာ

“ကဲပါ ကဲပါ၊ ဘာပဲဖြစ်ဖြစ်ပေါ့... မိန်းမ၊ မင်း ဒါက ဘာလုပ်တာလဲ...?”

ရှီကျန့်ရှန်းသည် မိမိခင်ပွန်းကို မြင်သည်နှင့် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ငိုယိုကာ

“အို... ယောကျာ်းရဲ့၊ ကျွန်မကို ကူညီပါဦး။ ရှင် သောက်ဖို့ ဆေးမြစ်လေးတွေ ပြုတ်ပေးချင်ရုံတင်ပါ၊ ဒါကြီးက ဒီလောက်အနံ့ဆိုးမယ်လို့ ဘယ်သူ သိမှာလဲ။ အီးဟီး... ကျွန်မ ရင်ထဲမှာ တော်တော် ခံစားရပါတယ်၊ အားလုံးကလည်း ကျွန်မကိုပဲ ဝိုင်းဆဲနေကြတယ်၊ ကျွန်မမှာ တော်တော် မတရားသဖြင့် အပြောခံနေရတာပါရှင်။”

သူမ ရင်ဖွင့်နေသော်လည်း အိမ်ထဲရှိ အဘွားကြီးကျောက်မှာ

“ရှီကျန့်ရှန်း၊ နင် လာပြီး သနားစရာ ကောင်းပြမနေနဲ့၊ နင့်သားငယ်ကို အဲဒါကြီး အမြန်သွားသွန်ခိုင်းလိုက်တော့! ဘာလဲ... တစ်နာရီလောက် ထပ်ပြီး စကားစစ်ထိုးနေဦးမှာလား? ငါတို့ကို အသက်ရှင်ခွင့်လေး ပေးပါဦး!”

“ဟုတ်တယ်၊ ဒေါ်လေးကျောက် ပြောတာ မှန်တယ်။ မြန်မြန် လုပ်လိုက်ပါတော့။”

“အမလေး... ကျွန်မတော့ ခေါင်းတွေတောင် ကိုက်လာပြီ။ ဒါနဲ့ပဲ ညစာ တစ်နပ်တော့ သက်သာသွားပြီ၊ ဒီအနံ့ကြီး ရနေတာ ဘာမှ စားလို့မရတော့ဘူး။”

“သက်သာတာပေါ့၊ သက်သာတာပေါ့။”

“စကားနာမထိုးစမ်းနဲ့၊ ငါကတော့ အဲဒီလိုမျိုး မသက်သာချင်ဘူး။”

လူအများ၏ တစ်ယောက်တစ်ပေါက် ပြောဆိုမှုများကို နားထောင်ပြီးနောက် ရွှီကောင်းမင်နှင့် ရှောင်စန်းမှာ အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားကြ၏။ ရွှီကောင်းမင်မှာ ခြေထောက်တစ်ဖက် မသန်မစွမ်းဖြစ်နေ၍ ဤအလုပ်ကို မလုပ်နိုင်သော်ငြား ကံကောင်းထောက်မစွာဖြင့် သူ့သားရှောင်စန်းမှာ ခြေကောင်းလက်ကောင်း ရှိနေသေးသည်။ ရှောင်စန်းမှာ မယုံနိုင်ဖြစ်နေရှာ၏။ ဤသို့ ချီးစော်နံနေသည် အလုပ်သည် သူ့ခေါင်းပေါ်ကျလာသည် မဟုတ်လော့။

ခင်များတို့… ကောင်းတဲ့ကိစ္စကြ ကျုပ်နဲ့မဆိုင်ဘဲ မကောင်းတဲ့ဟာကြီးကြတော့ ကျုပ်ခေါင်းပေါ်ပုံချတယ်ပေါ့!!

“ကျွန်တော် မလုပ်နိုင်ဘူး!!”

“မင်းက ဘာဖြစ်နေတာလဲ? မင်းတို့မိသားစုက ပြဿနာရှာထားတာကို အခုတော့ မင်းကပဲ မှန်နေသလိုလိုနဲ့။”

“ဟုတ်တယ်၊ ငါ့အထင်တော့ မင်းတို့မိသားစုက တမင်သက်သက် လုပ်တာနေမှာ။ ဘယ်သူကများ ဒီလိုမျိုးတွေ လျှောက်လုပ်နေလို့လဲ? ငါကြည့်ရသလောက်တော့……”

“ရှောင်စန်း မင်းက ဘာတွေ ဂျောက်ဂျက်လုပ်နေတာလဲ? မြန်

မြန်လုပ်စမ်း!”

ရွှီကောင်းမင် ငေါက်ငမ်းလိုက်သည်။ မည်သို့ပင်ဆိုစေ ဤကိစ္စသည် သူတို့မိသားစုကိုယ်တိုင် ရှင်းလင်းရမည့် ကိစ္စဖြစ်ပြီး၊ လူပြောသူပြောခံရကာ မျက်နှာပျက်ရသည်ထက် အမြန်ဆုံး အဆုံးသတ်လိုက်ခြင်းမှာ ပို၍ကောင်းပေမည်။

ရွှီကောင်းမင် အလေးအနက် ဖြစ်သွားသည်နှင့် ရှောင်စန်းတစ်ယောက် ကြောက်ရွံ့သွားရသည်။

ရွှီကောင်းမင်သည် အပြင်လူများအပေါ် ကြင်နာယဉ်ကျေးသူအဖြစ် ပုံရိပ်ဖော်ထားသော်လည်း သူ၏သားများမှာ ဖခင်ဖြစ်သူသည် မည်သို့သော လူစားမျိုးဖြစ်သည်ကို ကောင်းကောင်းသိကြ၏။ အရေးကြီးသော ကိစ္စရပ်များတွင်မူ သူတို့သည် ဖခင်ကို မဆန့်ကျင်ရဲဘဲ အလွန်ပင် နားထောင်ကြရသည်။ ရွှီကောင်းမင် စိတ်မရှည်ဖြစ်နေသည်ကို မြင်သောအခါ ရှောင်စန်းမှာ ဖခင်ကို မလွန်ဆန်ရဲတော့ဘဲ တိုးတိုးလေး ညည်းတွားလိုက်မိ၏။

“အမေကလည်း အလုပ်လည်းမလုပ်ဘဲ တစ်နေ့ကုန် အိမ်မှာ အချည်းနှီးနေတာ၊ အိမ်အလုပ်တောင် သိပ်မလုပ်ဘဲနဲ့ အခုတော့ ပြဿနာတွေ ရှာနေပြန်ပြီ။ သားတို့မှာ အလုပ်ထဲမှာ နေ့တိုင်း ပင်ပန်းနေရတာကို အမေကတော့ အခုလိုတွေ လျှောက်လုပ်ပြီး သားတို့ကို အနားမယူရအောင် တမင်သက်သက် လုပ်နေတာပဲ၊ ဟုတ်တယ်မလား?”

ရွှီကောင်းမင်: “လျှောက်မပြောနဲ့၊ မြန်မြန်လုပ်စမ်း!”

သူသည် “မြန်မြန်လုပ်” ဟု ဒုတိယအကြိမ် ထပ်မံအမိန့်ပေးလိုက်ရာ ဤတစ်ကြိမ်တွင်မူ ရှောင်စန်းမှာ ထပ်မံမငြင်းဆန်ရဲတော့ပေ။ သူသည် တစ်စုံတစ်ဦးထံမှ စက္ကူစုတ်အချို့ကို တောင်းခံကာ နှာခေါင်းထဲသို့ ထိုးထည့်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူ၍ မိမိအိမ်ဘက်သို့ လူသေကဲ့သို့ မျက်နှာပေးဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် အသက်ကို အောင့်ထားလျက် အိမ်ထဲသို့ တစ်ဟုန်ထိုး ပြေးဝင်သွားလေ၏။

အော့!

ထူးဆန်းလှသော အနံ့ဆိုးကြီးမှာ သူ့ကို ရိုက်ခတ်သွားသဖြင့် ထိုလူငယ်လေး ယိုင်တိယိုင်တိုင်ပင် ဖြစ်သွားရသည်။ အိမ်ထဲမှ အနံ့အသက်မှာ အပြင်ဘက်ထက် အဆပေါင်းသန်းချီ၍ ပြင်းထန်လှ၏။

အဆိုးဆုံးမှာ ထိုအနံ့သည် ရိုးရိုးအနံ့ဆိုးရုံတင်မဟုတ်ချေ၊ အမျိုးအမည်မသိသော အနံ့အမျိုးမျိုး ရောနှောနေခြင်းဖြစ်ပြီး ရှောင်စန်းအမြန်အကဲခတ်လိုက်ရာ အနံ့များမှာ အဓိကအားဖြင့် နေရာနှစ်ခုမှ လာနေခြင်းဖြစ်သည်ကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ ဆေးမြစ်အိုးနှင့် မီးဖိုပေါ်မှ အရိုးကြီးတို့ပင် ဖြစ်၏။ ထိုအနံ့နှစ်ခု ပေါင်းစပ်သွားမှုမှာ လူတစ်ယောက်ကို ချက်ချင်း အသက်ထွက်သွားစေရန် လုံလောက်လှပေသည်။

ရှောင်စန်းသည် မိမိပါးစပ်ကို ပိတ်ထားလျက် စိတ်ထဲမှ တိတ်တဆိတ် အားပေးနေလိုက်ကာ

“မင်း လုပ်နိုင်ပါတယ်! ရှောင်စန်းမင်း သေချာပေါက် လုပ်နိုင်မှာပါ!”

သူသည် အားရှိသမျှ စုစည်း၍ ဆေးအိုးကို မလျက် အပြင်ဘက်သို့ အပြင်းအထန် ပြေးထွက်လိုက်၏။

“လမ်းဖယ်ကြဦး!”

ရင်နာစရာကောင်းသော မချိမဆန့် အော်ဟစ်သံကြီးနှင့်အတူ ရှောင်စန်းသည် အပြင်ဘက်သို့ အရူးအမူး ပြေးထွက်သွားလေသည်။

ချန်ချင်းယွီမှာ ပြတင်းပေါက်တွင် ကပ်နေသော်လည်း ၎င်းကို ဖွင့်ရန်မဝံ့ဘဲ သက်ပြင်းချလျက် ဆိုမိ၏။

“တကယ့်ကို သံမဏိလူသားလေးပဲ!”

သုံးနှစ်အရွယ် ရှောင်ကျားနှင့် ရှောင်ယွမ်တို့ပင် ထိုမြင်ကွင်းကို နားလည်နေကြသည်။

မည်သို့ပင်ဆိုစေ ကလေးငယ်များမှာ ဤကဲ့သို့သော ဇာတ်လမ်းဇာတ်ကွက်များတွင် အမြဲတမ်း ရှေ့တန်းမှရှိနေသူများ ဖြစ်သဖြင့် အခြေအနေကို ကောင်းစွာ သဘောပေါက်ကြ၏။

ရှောင်ကျားတစ်ယောက် ပြေးလွှားနေသော ပုံရိပ်ကို ကြည့်ကာ သနားကရုဏာဖြင့်

“သူ့ကိုကြည့်ရတာ နည်းနည်းတော့ သနားစရာကောင်းသား။”

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ရင်း

“ဟုတ်တာပေါ့၊ ဒါကြောင့်မို့လို့ မေမေက သားတို့အပေါ် ဘယ်လောက်ကောင်းသလဲဆိုတာ တွေ့ပြီမလား။ မေမေက သားတို့ကို ဒီလိုမျိုးအလုပ်တွေ ဘယ်တုန်းကမှ မခိုင်းခဲ့ဘူးနော်။”

ရှောင်ကျားသည် ချက်ချင်းပင် ချန်ချင်းယွီကို ဖက်တွယ်လိုက်ကာ

“မေမေက အကောင်းဆုံးဆိုတာ သားသိပါတယ်”

ရှောင်ယွမ်သည်လည်း လာရောက်ပူးပေါင်းကာ ချွဲနွဲ့ချင်နေလေ၏။

ချန်ချင်းယွီ နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း မောက်မာဟန်ဖြင့်

“ဒါပေါ့၊ ငါက အကောင်းဆုံးပဲ။ ငါက ဒီကမ္ဘာပေါ်မှာ အကောင်းဆုံးပဲလေ။”

အဘွားကြီးကျောက်မှာ သူမ မကြားစေရန် တိုးတိုးလေး ရေရွတ်၍

“……တော်တော်လေးကို လည်တဲ့ မိန်းမ.. မြေခွေးမ”

ချန်ချင်းယွီသည် အခွင့်အရေးကို အမိအရဖမ်းဆုပ်၍ မိမိကိုယ်မိမိ အင်မတန် ကောင်းမွန်သော မိခင်

ဖြစ်ကြောင်း ကင်ပွန်းတပ်လိုက်လေသည်။ ထိုအချိန်တွင် ရှောင်စန်းမှာ မိဘများ၏ နှိုးဆော်မှုအရ ထိုအရာကြီးကို အများသုံးအိမ်သာထဲသို့ ရှင်းထုတ်ပစ်ရန် ကြိုးစားနေရှာ၏။

သူ၏ သူရဲကောင်းဆန်ဆန် ပြေးလွှာနေမှုမှာ လူများစွာ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။ မည်သူမျှ ရှေ့သို့ မလှမ်းဝံ့ကြဘဲ လူအုပ်ကြီးတစ်ခုလုံး ပုံမှန်ထက်ထူးကဲစွာ တိတ်ဆိတ်နေ၏။ ထိုစဉ် ရှောင်စန်း ပြသနေသော သတ္တိဗျူဟာကို လူတိုင်းမှာ အသိအမှတ်ပြုနေကြပုံရသည်။ မည်သို့ပင်ဆိုစေ ဤအလုပ်မျိုးမှာ လူအများစု လုပ်ရန် ဝံ့ရဲကြသည့် အလုပ်မျိုး မဟုတ်ပေ။ သူသည် ဆေးအိုးကို ကိုင်ဆောင်ထားရာ အထဲမှ အနှစ်အဖတ်တို့သည် လေထဲ၌ လွင့်စင်နေပြီး လူအုပ်ကြီးထံမှ ပျို့အန်သံများ တသီတတန်းကြီး ထွက်ပေါ်လာစေ၏။ ဤအရာမှာ လူအများစု တောင့်ခံနိုင်စွမ်းထက် ကျော်လွန်နေပြီဖြစ်သည်။ ရှောင်စန်း အိမ်သာဆီသို့ ဦးတည်ပြေးလွှားရင်း ဟစ်အော်လိုက်၏။

“တစ်ယောက်ယောက်လောက် အိမ်သာအဖုံးလေး ဖယ်ပေးကြပါဦးဗျို့!”

“ဟင်?”

“ဒါကတော့……”

ခဏတာ တုံ့ဆိုင်းသွားပြီးနောက် မည်သူမျှ စကားမဆိုကြပေ။

အမှန်တကယ်ပင်…အကူအညီတောင်းခံသံကို မည်သူတစ်ဦးတစ်ယောက်မျှ ပြန်လည်တုံ့ပြန်ခြင်း မရှိကြချေ။

ရှောင်စန်း ဒေါသတကြီး ဆဲရေးလိုက်လေသည်။

“ခင်ဗျားတို့ လူတွေက တော်တော်အတ္တကြီးတာပဲ! ခင်ဗျားတို့ အတ္တကြီးမှန်း ကျွန်တော် သိပြီးသားပါ။ ဒီလိုကိစ္စသေးသေးလေးတောင် ဝိုင်းကူမပေးနိုင်ကြဘူးလား။ ခင်ဗျားတို့က လူတွေမှ ဟုတ်ရဲ့လား?”

အကူအညီပေးရန် လူတိုင်း နှုတ်ဆိတ်နေကြသော်လည်း ရှောင်စန်းသည်ကား ဆက်လက်၍……

သို့သော် လူအုပ်ကြီမှာ ပြန်လည်တုံ့ပြန်လိုက်ကြ၏။

“မင်းက ဘာတွေ လျှောက်ပြောနေတာလဲ? အဲဒီအိမ်သာက အနံ့ကောင်းနေလို့လား? ဒီပြဿနာကို ငါတို့က ရှာထားတာလည်း မဟုတ်ဘူး။ ဘာလို့ ငါတို့က မင်းတို့မိသားစုအတွက် ဒီလောက်ရွံစရာကောင်းတဲ့ အလုပ်ကို ဝိုင်းလုပ်ပေးရမှာလဲ?”

“ဟုတ်တာပေါ့! မင်းတို့ဘာသာ ပြဿနာရှာထားပြီး ဘာလို့ ငါတို့ကို အပြစ်လာတင်နေတာလဲ? ငါတို့ကို အတ္တကြီးတယ်လို့ ပြောဖို့တောင် မင်းမှာ သတ္တိရှိသေးတယ်ပေါ့လေ? မင်းတို့မိသားစုသာ အတ္တမကြီးရင် တစ်ခြံလုံး ဒီလိုမျိုး ဒုက္ခရောက်ပါ့မလား? ငါတို့တွေ အဆိပ်မိမလားတောင် မသိဘူး။ အဲဒါကို မင်းက လာပြောနေသေးတယ်!”

“ဘယ်သူက မဟုတ်ဘူးလို့ ပြောလို့လဲ?”

ရှောင်စန်း ဒေါသပုန်ထသွားကာ ကျိန်ဆဲလိုက်လေသည်။

“ကောင်းပြီလေ၊ ကောင်းပြီ။ ခင်ဗျားတို့ စောင့်ကြည့်နေလိုက်၊ ခင်ဗျားတို့ရဲ့ စိတ်ဓာတ်အစစ်အမှန်ကို ကျွန်တော် မြင်သွားပြီ။”

သူသည် အိမ်သာအဖုံးကို ကိုယ့်

ဘာသာကိုယ် ဖယ်လိုက်စဉ် လူအများမှာ ဘာဖြစ်မလဲဆိုသည်ကို ကြည့်ရန် ဝိုင်းအုံလာကြသည်ကို မြင်သောအခါ သူသည် ချက်ချင်းပင် အတင့်ရဲသွား၍

“ဝိုင်းလည်း မကူကြဘဲ ပွဲကြည့်ဖို့တော့ လူစုနေကြတယ်ပေါ့လေ! ဟား! ခင်ဗျားတို့ကို ပြလိုက်မယ်!”

သူသည် ဆေးအိုးကို အားကုန်လွှဲယမ်းလိုက်ပြီး အိမ်သာကျင်းထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်၏။

ဗြန်း!

စင်ထွက်လာသော အညစ်အကြေးများ !!!

သောက်ကျိုးနည်း!!

အညစ်အကြေးများမှာ မများလှသော်လည်း ပတ်ဝန်းကျင်ရှိ လူများမှာ ထိတ်လန့်သွားကြပြီး အလန့်တကြား ရှောင်တိမ်းကုန်ကြရသည်။

“အား! အမလေးဗျ!”

“ဒီကောင်စုတ်လေး၊ မင်းကတော့ တကယ့်ကို ရွံစရာကောင်းတဲ့ကောင်ပဲ!”

“ငါတော့ ပြောစရာတောင် မရှိတော့ဘူး၊ မင်း ရူးနေတာလား?!”

“ဒီလူယုတ်မာလေး……”

ရှောင်စန်း ခါးထောက်လျက် ကျယ်လောင်စွာ ရယ်မောရင်း

“ကဲ... ပြောကြဦးလေ! အခုတော့ ကျုပ် ဘယ်လောက်စွမ်းသလဲဆိုတာ သိပြီမလား?”

ဘေးပတ်ဝန်းကျင်မှ လူများ“……”

သောက်ဦးနှောက်မရှိတဲ့ကောင်!!

သို့သော်လည်း!

သူ ပစ်ချလိုက်သော်လည်း ဝေးဝေးလံလံသို့ မရောက်ရှိပေ။ အညစ်အကြေးအချို့ စင်ထွက်သွားသော်လည်း အမြင့်ကြီးအထိ မရောက်ဘဲ အနည်းငယ်သာ ဖြစ်သည်။ ကြည့်ရသည်မှာ ရွံစရာကောင်းလှသော်လည်း အမှန်တကယ်တွင် မည်သူ့အပေါ်သို့မျှ စင်မသွားပေ။ လူတိုင်း ရင်ဘတ်ကို ဖိလျက် ထိတ်လန့်နေကြဆဲဖြစ်ပြီး ပြောစရာစကား မရှိအောင် ဖြစ်သွားကြရ၏။

ဤရှောင်စန်း၏ အဓိကဗျူဟာမှာ လူကို ပြန်ကိုက်ခြင်းမရှိဘဲ ရွံရှာအောင်သာ လုပ်ခြင်းပင် ဖြစ်ပေသည်။

လူတိုင်း…… လူတိုင်းမှာ တကယ့်ကို ရွံရှာစက်ဆုပ်နေကြပြီး မြင်ရသည်မှာလည်း တကယ်ပင် ပျို့အန်ချင်စရာ ကောင်းလှပေသည်!

ရှောင်စန်းမှာ လူများကို အမှန်တကယ် နစ်နာမှုမဖြစ်စေသော်လည်း အလွန်ပင် ဘဝင်ခိုက် ဂုဏ်ယူနေဟန်ဖြင့် ခေါင်းကို မော့ကာ ခါးထောက်လျက်

“ဒါက သင်ခန်းစာပဲ!”

သူသည် အောင်နိုင်သူတစ်ဦးကဲ့သို့ ခန့်ခန့်ညားညား ပြန်လျှောက်လာသော်လည်း သူ့နောက်ကျောဘက်တွင် လူမည်မျှက တံတွေးဖြင့် ထွေးနေကြသည်ကိုမူ သတိမထားမိပေ။

ခွေးမသား!! လွန်လွန်းလိုက်တာ…

ရှောင်စန်းခြံဝင်းထဲသို့ ပြန်

ရောက်လာစဉ် စိတ်ထင်၍လားပင် မသိ၊ အနံ့ဆိုးထွက်နေသည့် အရာကြီးကို အပြင်သို့ ယူထုတ်သွားပြီးနောက် ခြံဝင်းအတွင်း၌ အနံ့အသက်မှာ အများကြီး ပို၍ကောင်းမွန်သွားသည်ဟု သူ ခံစားလိုက်ရ၏။

သူသည် နှာမှုတ်၍ ဘဝင်မြင့်စကား ဆိုလိုက်လေသည်။

“ဟွန့်! ကျုပ်မိသားစု ပြဿနာကို ဖြေရှင်းပေးပြီးပြီ.. ဘာမှမဟုတ်တဲ့ ကိစ္စလေးကို ပြောပစရာကိုမရှိတာ”

ရွှီကောင်းမင်; “တော်တယ် ငါ့သား!”

သူသည် ချက်ချင်းလက်ခုပ်တီး၍ သားအား ချီးကျူးထောပနာ ပြူလိုက်လေသည်။

ဘေးရှိလူများမှာ တစ်ဦးမျက်နှာတစ်ဦးကြည့်လျက် ဝေခွဲမရဟန်ဖြင့် ဆွံ့အနေကြရှာ၏။

???

လက်ခုပ်တီးနေတယ်!! ဒါကြီးက ဘာများ ဂုဏ်ယူစရာကောင်းနေလို့လဲ!!

သို့သော်လည်း လူအများမှာ အားနာသမှုဖြင့် လက်ခုပ်တီးပေးကြလေသည်။ လူတိုင်းသည်လည်း စိတ်လှုပ်ရှားမှုနောက်သို့ ပါသွားကြပြီး တဖြည်းဖြည်းနှင့် လက်ခုပ်သံများမှာ ဟိုတစ်စ သည်တစ်စမှသည် တစ်ခြံလုံး ဆူညံသွားသည်အထိ ဖြစ်လာ၏။ ရှောင်စန်းတစ်ယောက် ပို၍ပင် ဘဝင်မြင့်သွားကာ

“တွေ့ပြီမလား! ဒီခြံဝင်းထဲက လူငယ်မျိုးဆက်သစ်ထဲမှာ ငါမှလွဲရင် ဘယ်သူရှိဦးမလဲ!”

တခြားသူတွေလား! မယှဉ်နိုင်ပါဘူး!

လုံးဝကို မယှဉ်နိုင်တာ!

ရှောင်စန်းမှာ မိမိကိုယ်ကို အလုပ်ကြီးအကိုင်ကြီးတစ်ခု လုပ်ဆောင်နိုင်ခဲ့သည့်အလား ပျော်ရွှင်မြူးတူးနေဆဲဖြစ်ပြီး ပြုံးစိစိဖြင့် မေးစေ့ကိုမော့ကာ လက်ကို ဝေ့ယမ်းလျက်

“အဖေနဲ့အမေ၊ စိတ်ချလက်ချ အိမ်ထဲဝင်လို့ ရပါပြီ။”

ရှီကျန့်ရှန်း: “……”

ရွှီကောင်းမင်: “…… ခဏလောက် ထပ်စောင့်ကြည့်ပါဦး။”

အနည်းဆုံး အနံ့ဆိုးထွက်ရာအရင်းအမြစ် မရှိတော့သဖြင့် တဖြည်းဖြည်း သက်သာလာသည်မှာ အမှန်ပင်။ သို့သော်လည်း အဘယ်ကြောင့်မှန်းမသိ၊ ဆေးဖတ်များ မရှိတော့၍ ပုပ်သိုးနေသည့် ဟင်းရွက်နံ့များ လျော့သွားသော်လည်း ထိုအနံ့ဆိုးမှာ ပို၍ပင် ပြင်းထန်လာသကဲ့သို့ ရှိနေ၏။

ရွှီကောင်းမင် မအောင့်အီးနိုင်တော့ဘဲ မေးလိုက်မိရှာသည်။

“မင်း အကုန်လုံး အပြင်ထုတ်လိုက်တာ တကယ်ပဲလား? ငါရတဲ့အနံ့က တစ်မျိုးကြီးပဲ?”

သူသည် နှာခေါင်းကို ရှုံ့ကြည့်ကာ ဝေခွဲမရဖြစ်နေ၏။ တခြားသူများသည်လည်း ခေါင်းညိတ်၍ ထောက်ခံကြလေသည်။

ရှောင်စန်း: “အပြင်ထုတ်လိုက်တာပေါ့! ဒါပေမဲ့ အနံ့ဆိုးထွက်နေတဲ့ အရိုးအိုးတစ်လုံး ကျန်သေးတယ်၊ အဲဒါကတော့ မလွှင့်ပစ်ရသေးဘူး။”

ရှီကျနိ့ရှန်း၏ မျက်နှာမှာ ချက်ချင်းပင် မူမမှန် ဖြစ်သွားရ၏။

ဒီငတုံးလေးကတော့... ဘာလို့ အကုန်လျှောက်ပြောနေတာလဲ၊ ဒါက ပြောသင့်တဲ့ကိစ္စလား?

သူမသည် ရွှီကောင်းမင်ကို စိုးရိမ်တကြီး ကြည့်လိုက်စဉ် ရွှီကောင်းမင်နှင့် ဇနီးဖြစ်သူမှာ ကြာမြင့်စွာ ပေါင်းသင်းလာသူများပီပီ တစ်ချက်ကြည့်ရုံဖြင့် ဘာဖြစ်နေသည်ကို ရိပ်မိသွားပြီး အမြန်ပင် အာရုံလွှဲလိုက်၏။

“ဒီတိုင်းရင်းဆေးက တော်တော်လေး ပြင်းတာပဲ။ အရိုးတွေတောင် အနံ့စွဲကုန်ပြီထင်တယ်၊ စားလို့မရတော့ဘူး။ ကဲ... အားလုံးရဲ့ ကျန်းမာရေးအတွက် အဲဒါကိုလည်း သွားလွှင့်ပစ်လိုက်တော့။”

ရှောင်စန်း: “……”

“အဖေက ကျွန်တော့်ကိုပဲ ထပ်ခိုင်းဦးမလို့လား?”

သူ့မျက်ဝန်းများထဲတွင် မိဘများအပေါ် အပြစ်တင်သည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။

ရွှီကောင်းမင်: “ရှောင်စန်း မင်းပဲ တစ်ခေါက် ထပ်သွားလိုက်ပါဦး။”

“ကျွန်တော်ပဲ ထပ်သွားရမှာလား?”

ရှောင်စန်း၏ အသံမှာ တုန်ယင်သွား၏။

“မင်းပဲပေါ့၊ ခုနက မင်း ဘယ်လောက်တောင် ဂုဏ်တက်သွားသလဲဆိုတာ ကြည့်ဦး။ အခုလိုအလုပ်လေး နည်းနည်းပါးပါး လုပ်ပေးတာက မင်းရဲ့တာဝန်ပဲ မဟုတ်လား? ပြီးတော့ ဆေးဖတ်တွေလည်း မရှိတော့ဘူးဆိုတော့ တခြားအရာတွေက ဘယ်လောက်များ အနံ့ပြင်းဦးမှာမလို့လဲ? မြန်မြန်သွားစမ်း၊ လူတွေကို အနှောင့်အယှက် မဖြစ်စေနဲ့။”

ရှောင်စန်းမှာ ငိုချင်စိတ်ပင် ပေါက်သွားပြီး မိမိ၏ဘဝမှာ ဤထက် ပို၍ဆိုးစရာ မရှိတော့ဟု ခံစားလိုက်ရသည်။ သို့သော်လည်း အားနည်းသူမှာ အားကြီးသူကို မဆန့်ကျင်နိုင်သဖြင့် ဖခင်ဖြစ်သူကို မလွန်ဆန်ရဲဘဲ အိမ်သာရှိရာသို့ ဒုတိယအကြိမ် ထပ်မံပြေးလွှားရပြန်သည်။

ချန်ချင်းယွီ: “တွေ့ကြပြီမလား? တွေ့ကြပြီမလား?”

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ပါးနပ်စွာဖြင့် အော်ဟစ်လိုက်ကြ၏။

“မေမေက အကောင်းဆုံး၊ မေမေက သားတို့ကို အချစ်ဆုံး။”

အမွှာလေးနှစ်ယောက်၏ တူညီသော တုံ့ပြန်မှုမှာ ထပ်တူညီနေသည်။

ချန်ချင်းယွီသည်လည်း ဘဝင်မြင့်စွာဖြင့်

“ဒါပေါ့”

ချန်ချင်းယွီတို့ မိသားစုမှာ အိမ်ထဲတွင်ရှိနေ၍ အနံ့ကို သိပ်မခံစားရသော်လည်း အပြင်၌ရှိနေသူများမှာ သိသိသာသာ ခံစားနေရ၏။ညစ်ညမ်းမှုအရင်းအမြစ်ကို ဖယ်ထုတ်လိုက်ပြီးနောက်တွင် အမှန်တကယ်ပင် အနံ့သက်သာသွားသဖြင့် လူတိုင်းမှာ သေဘေးမှ လွတ်မြောက်လာသကဲ့သို့ ခံစားနေရသည်။

ထိုစဉ် မာကျန့်ယီ စိတ်ဝင်တစား မေးမြန်းလိုက်၏။

“ဒီဆေးတွေကို ဘယ်က ဝယ်တာလဲ? တခြားသူတွေ ဆေးသောက်တာက ပိုက်ဆံကုန်တာ၊ မင်းတို့ ဆေးသောက်တာကတော့ အသက်ပါ ထွက်သွားနိုင်တယ်။ ဒါကြီးကိုသာ ရွှီကောင်းမင် သောက်လိုက်ရင်တော့ သူ့ခြေထောက်က ကောင်းဖို့နေနေသာသာ အသက်ထွက်မသွားရင် ကံကောင်းနေပြီ”

“ဟုတ်သားပဲ၊ ဒေါ်လေးရှီ၊ ဘယ်သူ့ဆီက ဆေးနည်းလဲဆိုတာ ပြောပါဦး။”

လူတိုင်းမှာ ဝိုင်းမေးမြန်းကြပြီး ၎င်းနေရာသို့ လုံးဝမသွားရန် ဆုံးဖြတ်ချက် ချလိုက်ကြသည်။

အဘွားကြီးရှီမှာ ရှက်ကိုးရှက်ကန်းဖြင့်

“ဟို... ရှေ့လမ်းမကြီးဘက်ကလေ……”

သူမ သွားခဲ့သည်မှာ ပုံမှန်ဆေးရုံမဟုတ်ဘဲ “ဗိန္ဒောဆရာ” တစ်ဦးထံတွင် ဖြစ်သဖြင့် ထုတ်ဖော်ပြောရန် ခက်ခဲနေခြင်း ဖြစ်သည်။ လူတိုင်းအနံ့ဆိုးသည်ဟု ပြောနေကြသော်လည်း သူမသည် ဆေးခါးမှ ရောဂါပျောက်သည်ဟု ယုံကြည်နေဆဲပင်။ ဤမျှအနံ့ပြင်းသည်ဆိုလျှင် အာနိသင်လည်း တကယ်ထက်မြက်မည်ဟု သူမ ထင်နေမိ၏။ ရှေးလူကြီးများ ပြောသကဲ့သို့ ‘ဆေးခါးမှ ရောဂါပျောက်’ ဟူသောဆိုရိုးကို သူမမှာ အကြီးအကျယ် ထောက်ခံလေသည်။

ရှီကျန့်ရှန်း မတင်မကျ ပြောနေသည်ကို ရွှီကောင်းမင် ရိပ်မိသွားသဖြင့် အမြန်ပင် ကြားဖြတ်ပြောလိုက်၏။

“အချိန်မစောတော့ဘူး၊ လူစုခွဲကြပါတော့။ တစ်နေ့ကုန် အလုပ်ပင်ပန်းလာကြတာကို ကျုပ်တို့ကြောင့် ဒုက္ခရောက်ကုန်ကြတာ တကယ်ပဲ အားနာပါတယ်။ ကျုပ်တောင်းပန်ပါတယ်၊ နောက်နောင် ဒီလိုမျိုး မဖြစ်စေရဘူးလို့ အာမခံပါတယ်……”

“အား! အားးး!”

ရွှီကောင်းမင်၏ စကားကို စူးရှသော အော်ဟစ်သံကြီးက ဖြတ်တောက်လိုက်သည်။ ရှီကျန့်ရှန်းမှာ တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ကာ

“ငါ့ရဲ့ ဆေးအိုးကော? ငါ့ရဲ့ အိုးကော?”

ရှောင်စန်းသည် နှစ်ကြိမ်စလုံး လက်ဗလာဖြင့် ပြန်လာခဲ့သည် မဟုတ်ပါလား!

အို... ဒါက???

“ရှောင်စန်း ငါ့ပစ္စည်းတွေ ဘယ်မှာလဲ?”

ရှောင်စန်း: “……???”

သူသည် မိမိပေါင်ကို တစ်ချက်ပုတ်ကာ ဆိုလိုက်ရှာ၏။

“အမလေး... ကျွန်တော် မေ့သွားတယ်၊ အကုန်လုံး အိမ်သာကျင်းထဲ ပစ်ချလိုက်ပြီ!”

“ဟိုက်!”

“အမလေးဗျာ!”

“ဒီကောင်ကတော့……”

“ဟောဗျာ! အဲဒါတွေက ဈေးမနည်းဘူးလေ၊ ဝယ်ဖို့အတွက် စက်မှုလက်မှတ်တွေတောင် လိုတာကို။”

“တကယ့် အိမ်ဖျက်မယ့်ကောင်ပဲ၊ အဲဒါတွေက အကောင်းစားတွေလေ။”

ရှီကျန့်ရှန်းတင်မကဘဲ ခြံဝင်းထဲမှအိမ်နီးချင်းများပါ နှမြောတသ ဖြစ်ကုန်ကြသည်။ ယခုခေတ်တွင် ပစ္စည်းတစ်ခုခုဝယ်ရန်မှာ လက်မှတ်မပါဘဲ မရနိုင်၍ ဆေးအိုးဖြစ်စေ၊ ဇလုံဖြစ်စေ အားလုံးမှာ စက်မှုပစ္စည်းလက်မှတ်များ လိုအပ်သည်ဖြစ်ရာ ဤအိမ်ဖျက်

မည့် သားမိုက်သည်ကား အားလုံးကို အိမ်သာကျင်းထဲ ပစ်ချလိုက်လေပြီ!

ရှီကျန့်ရှန်း: “အားးးးး!”

သူမသည် တွေးလေလေ နှမြောလေလေ ဖြစ်လာကာ နောက်ဆုံးတွင် အပြင်သို့ ဝုန်းခနဲ ပြေးထွက်သွား၏။

ရွှီကောင်းမင်: “မြန်မြန်... သူ့ကို တားကြဦး!”

ရှောင်စန်းမှာ သူ့မိခင်ကို အမြန်

ဖက်ထားလိုက်ပြီး

“အမေ... အမေ! အိမ်သာကျင်းထဲ ခုန်မချပါနဲ့ဦး!”

ရှီကျန့်ရှန်း: “ဖယ်စမ်းပါဟဲ့! ဘာအိမ်သာကျင်းထဲ ခုန်ချမှာလဲ၊ ငါက ပြန်ဆယ်လို့ရမလား သွားကြည့်မလို့!”

လူအုပ်ကြီး: “!!!”

ချန်ချင်းယွီမှာမူ ပြတင်းပေါက်တွင် ကပ်လျက် အားရပါးရ ရယ်မောနေမိသည်။

အဘွားကြီးကျောက်မှာ ရွဲ့တဲ့တဲ့လေသံဖြင့်

“အမယ်လေး… လာကြည့်ကြပါဦးရှင်၊ အားလုံးပဲ လာကြည့်ကြပါဦး! တို့ခြံဝင်းထဲမှာ အရှိန်အဝါ အရှိဆုံးဆိုတဲ့ ရှီကျန့်ရှန်းတစ်ယောက် အိမ်သာကျင်းထဲက ပစ္စည်းကိုတောင် လက်မလွှတ်နိုင်ရှာဘူးတဲ့။ ညစ်ပတ်တာတွေကိုတောင် ဂရုမစိုက်နိုင်တော့ဘူးပေါ့လေ! တကယ့်ကို အောချပါပေတယ်! မြင်ဖူးသမျှထဲမှာတော့ ရှီကျန့်ရှန်း... နင်က တကယ့်ကို အသည်းမာတဲ့ မိန်းမပဲ။ မဟုတ်မှလွဲရော... ငါတို့ရှေ့တင်တောင် ဒါမျိုးတွေလုပ်နေတာ၊ ကွယ်ရာမှာဆိုရင်တော့ ဘယ်လောက်တောင် လုပ်ထားဦးမလဲ မသိဘူး။”

ရှီကျန့်ရှန်း: “ပါးစပ်ပိတ်ထားစမ်း!”

အဘွားကြီးကျောက်: “ငါ့ပါးစပ်နဲ့ ငါပြောတာပဲ၊ ငါပြောချင်သလို ပြောမှာပေါ့၊ နင်နဲ့ ဘာဆိုင်လို့လဲ။”

အဘွားကြီးကျောက်မှာ အလျှော့ပေးမည့်သူ မဟုတ်ပေ။ သူမသည် အလွန်ပင် လက်ပေါက်ကပ် အပေါက်ဆိုးသူဖြစ်ပြီး အိမ်တွင် အမျိုးသားမရှိသော်လည်း သူမတစ်ယောက်တည်းနှင့်ပင် တခြားအိမ်များမှ ယောကျ်ားအတော်များများကို ယှဉ်နိုင်စွမ်းရှိ၏။ သူမသည် မည်သူ့ကိုမျှ မကြောက်ရွံ့ဘဲ ရန်ပွဲရှာရာတွင် ထိပ်တန်းအဆင့်တည်း။

တကယ့်ကို ရန်တွေ့ရာမှာတော့ သူမက အတော်ဆုံးပဲ!

“ဘာလဲ? နင်ကတောင် ဒီလိုရွံစရာကောင်းတဲ့ အလုပ်တွေကို လုပ်ဝံ့သေးတာပဲ၊ ငါတို့က ဘာလို့ မပြောနိုင်ရမှာလဲ? နင်သာ အပြင်ထွက်ပြီး စုံစမ်းကြည့်လိုက်၊ အိမ်သာထဲ ပစ်ချပြီးသား ပစ္စည်းကိုမှ ပြန်ဆယ်ချင်တဲ့သူ ဘယ်နှယောက်ရှိမလဲလို့။ အမလေး... တကယ့်ကို ရွံစရာကောင်းလိုက်တာ!”

ရှီကျန့်ရှန်း: “နင်…နင်!”

အဘွားကြီးရှီတစ်ယောက် စကားပြန်မပြောနိုင်တော့ဘဲ ရှုံးနိမ့်သွားရလေသည်။

“ဒေါ်လေးရှီ... အဲဒါကြီးကိုတော့ ပြန်မဆယ်ပါနဲ့တော့။ ဒေါ်လေးကျောက်က စကားပြောရိုင်းတယ်ဆိုပေမဲ့ သူပြောတာလည်း အမှန်ပဲလေ။”

လင်စန်းရှင်းမှာ ဝင်ရောက်ဖျန်ဖြေပေးလိုက်၏။

အဘွားကြီးကျောက်; “လင်စန်းရှင်း၊ ညည်းကကော ဘာတွေ လာပြီး လေပေါနေတာလဲ? ငါက စကားပြောရိုင်းတယ်ဟုတ်လား? ငါပြောတာ ဘယ်နေရာက ရိုင်းလို့လဲ? ငါက အမှန်တရားကို ပြောတာလေ။ ဘာလဲ... အမှန်တရားက ရိုင်းတယ်ပေါ့? ဒါဆိုရင်တော့ ညည်းလို ပျော့ညံ့တဲ့မိန်းမမျိုးကို လူတွေက အမြတ်ထုတ်နေတာလည်း အမှန်

တရားပဲပေါ့။ ညည်းအဖေနဲ့အမေက ညည်းအတွက် ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်ပေးခဲ့ပါစေ၊ လူသာ သေသွားတယ်၊ ညည်းကတော့ ဒီလို အရည်မရ အဖတ်မရ ပုံစံမျိုး ဖြစ်နေတုန်းပဲ၊ တကယ့်ကို အသုံးမကျတဲ့ မိန်းမ! ငါ့ကို လာမပတ်သက်နဲ့၊ ဖယ်စမ်း!”

လူတစ်ယောက်ကို ဆဲလျှင် အားနည်းချက်ကို မပြောရဟု ဆိုကြသော်လည်း အဘွားကြီးကျောက်မှာ အားနည်းချက်ကိုသာ ရွေး၍ ဆဲဆိုတတ်သူဖြစ်သည်။

လင်စန်းရှင်းမှာ ချက်ချင်းပင် မျက်ရည်ဝဲလာရှာ၏။

အမျိုးသမီးတစ်ယောက်အနေဖြင့် မိမိခင်ပွန်းကို ဦးထိပ်ထားခြင်းမှာ အမှားတစ်ခုလား?

သူမသည် မိသားစုအဆင်ပြေစေရန်သာ ကြိုးစားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူမ၏ ခင်ပွန်းသည်လည်း မိသားစုအပေါ် အလွန်ပင် ဂရုစိုက်သူပင်။

“ရှင် ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ? လင်စန်းရှင်းက ရှင့်ကို ဘာမှမလုပ်ဘဲနဲ့ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း ပြောစရာလိုလို့လား?”

အစ်မကြီးဖန် မခံမရပ်နိုင်ဖြစ်ကာ ဝင်ပြောလိုက်မိ၏။

အဘွားကြီးကျောက် ခါးထောက်လျက် အော်ဟစ်လိုက်ကာ

“ညည်းနဲ့ရော ဘာဆိုင်လို့လဲ၊ ညည်းက ဘာလို့ ကြားထဲက ခုန်ထွက်လာတာလဲ? ညည်းကိုယ်ညည်းကော လူကောင်းမှတ်လို့လား? ဟောဒီခြံထဲမှာ ကြည့်လိုက်စမ်း၊ ဘယ်အိမ်မှာမဆို ယောကျ်ားတွေက အလုပ်လုပ်ပြီး အိမ်ကို ကျွေးမွေးနေကြတာ၊ ညည်းအိမ်ကျမှ မိန်းမဖြစ်တဲ့သူက အလုပ်လုပ်ပြီး မိသားစုကို ကျွေးနေရတာလေ။ အိမ်ပြန်ရောက်ရင်လည်း အိမ်အလုပ်တွေ လုပ်ရသေးတယ်၊ အဲဒါကိုမှ ‘အမျိုးသမီးတွေက ကမ္ဘာကြီးရဲ့ တစ်ဝက်ကို မိုးထားနိုင်တယ်’ ဆိုပြီး ဘဝင်မြင့်နေလိုက်တာ၊ တော်တော်ကို ငတုံးမပဲ! ညည်းလို ဦးနှောက်မျိုးနဲ့တော့ ရှေ့တန်းထွက်ပြီး တိုက်ပွဲမဝင်ပါနဲ့ဦး၊ လူကြားထဲမှာ ရှက်စရာကောင်းလွန်းလို့!”

အစ်မကြီးဖန်; “ရှင်…ရှင်…!!”

သူမမှာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရင်နေကာ

“ကျွန်မအိမ်ကိစ္စ ကျွန်မဘာသာ စီစဉ်တာ၊ ရှင်နဲ့ ဘာဆိုင်လို့လဲ!”

အဘွားကြီးကျောက်; “ဒါဆိုလည်း ပြီးတာပဲလေ! ငါ့ကိစ္စကျတော့ရော ညည်းနဲ့ ဘာဆိုင်လို့လဲ? ကိုယ့်အိမ်ကိစ္စတောင် ကိုယ်နိုင်အောင် မစီစဉ်နိုင်ဘဲနဲ့ လူကြားထဲ ထွက်ပြီး လူကောင်းလာမလုပ်နဲ့။ ဟန်ဆောင်ကောင်းလိုက်တာ!”

အစ်မကြီးဖန်: “ရှင်…ရှင်ကရော ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေတာလား? ရှင်ကမှ တကယ့်ကို ပါးစပ်ကြမ်းတဲ့ မိန်းမကြီးပဲ!”

အဘွားကြီးကျောက်: “ညည်းကော ပါးစပ်မကြမ်းလို့လား? ညည်းလည်း ပါးစပ်ကြမ်းတာပဲ၊ ငါက အသက်ကြီးတဲ့ ပါးစပ်ကြမ်းတဲ့သူ၊ မင်းက အသက်လတ်ပိုင်း ပါးစပ်ကြမ်းတဲ့သူ! ငါ့ရှေ့မှာ လာပြီး ဟန်ဆောင်မနေနဲ့!”

အစ်မကြီးဖန်: “ရှင်က တကယ့်ကို စိတ်ပုပ်တဲ့ အဘွားကြီးပဲ၊ တစ်နေ့ကုန် ကိုယ့်ချွေးမကိုပဲ နှိပ်စက်ဖို့ ကြည့်နေတာ။ ရှင့်ရဲ့ အတွေးအခေါ်တွေက ခေတ်ဟောင်းက အယူအဆတွေပဲ၊ ရှင်က တကယ့်ယုတ်မာပက်စက်တဲ့သူပဲ။”

ဤ “ခေတ်ဟောင်းအယူအဆ” ဟူသော စကားမှာ မည်သူမျှ ပေါ့ပေါ့တန်တန် ပြောဆိုဝံ့သည့် စကားမျိုး မဟုတ်ပေ။

အဘွားကြီးကျောက် အနံ့ဆိုးကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တံခါးကို ဝုန်းခနဲ ဆွဲဖွင့်ကာ အစ်မကြီးဖန်ကို လက်ညှိုးငေါငေါထိုးလျက် ဆဲရေးလေတော့သည်။

“ညည်းကော ခေတ်ဟောင်းအယူအဆ မရှိလို့လား? ညည်းက ယောကျ်ားလေးကို အလိုလိုက်ပြီး မိန်းကလေးကို နှိမ်တဲ့သူလေ။ သမီးကိုကျတော့ မြက်ပင်တစ်ပင်လို သဘောထားပြီး သားကိုကျတော့ ရွှေခဲလို တန်ဖိုးထားနေတာ မဟုတ်လား! ညည်း သမီးလေး ကျောင်းတက်တုန်းက စာဘယ်လောက်တော်သလဲဆိုတာ အားလုံးသိတယ်။ ဒါတောင်မှ ဘယ်လိုလဲ? အလယ်တန်းတောင် ဆုံးအောင်မထားဘဲ ကျေးလက်

ဆင်းရမယ့် စီမံကိန်းပေါ်လာတာနဲ့ သူ့နာမည်ကို အရင်ဆုံး သွားပေးခဲ့တာလေ။ ညည်းအတွက် ဂုဏ်သတင်းကောင်းရဖို့ သမီးကို ရောင်းစားခဲ့တာ မဟုတ်လား? အခုတော့ ညည်းက ရှေ့တန်းရောက် ပုဂ္ဂိုလ်ကြီး ဖြစ်နေတာပေါ့။ ဒီလောက်နှစ်တွေအကြာကြီး တောထဲမှာ ဒုက္ခရောက်နေတဲ့ သမီးကို ညည်း တစ်ခါလေးများ လှည့်ကြည့်ဖူးရဲ့လား? ဒါတောင် သမီးဆီက ပို့ပေးတဲ့ တောထွက်ပစ္စည်းတွေကိုတော့ နှစ်တိုင်း မျက်နှာပြောင်ပြောင်နဲ့ စားနေသေးတယ်။ အပင်းဆို့ပြီး သေမသွားတာ ကံကောင်းတယ်မှတ်! ညည်းလို လူစားမျိုးက သူများကို လာပြောနေသေးတယ်? ကိုယ့်ကိုယ်ကိုယ် အရင်ကြည့်ဦး၊ ကိုယ့်တင်ပါးမှာ အီးတွေ ပေနေတာတောင် လူကောင်းလာလုပ်မနေနဲ့။ ဖွီ... ဟန်ဆောင်ကောင်းလိုက်တာ!”

အဘွားကြီးကျောက်တစ်ယောက် တကယ့်ကို အညှာအတာမရှိ ပြောဆိုလေသည်။

“ငါက စိတ်ပုပ်တယ်ဆိုတာ ငါဝန်ခံတယ်။ ညည်းကော ညည်းရဲ့ ဟန်ဆောင်မှုကို ဝန်ခံရဲလား? ဘယ်သူ့ကို အရူးလုပ်ချင်နေတာလဲ။”

အစ်မကြီးဖန်မှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေ၏။ သူမသည် သားများအပေါ် အမြဲတမ်း ဘက်လိုက်ခဲ့သူဖြစ်ရာ ယခုကဲ့သို့ ဗူးပေါ်သလို ပေါ်သွားသည့်အခါ အလွန်ပင် အရှက်ရသွားပြီး ရန်မူရန် ပြေးဝင်လိုက်သည်။

“ကျွန်မ ရှင့်ကို သတ်ပစ်မယ်!”

အဘွားကြီးကျောက်သည်လည်း အလျှော့မပေးဘဲ

“လာလေ... လာစမ်းပါ။ ငါက ညည်းကို ကြောက်နေမယ် ထင်သလား? စကားနိုင်မလုနိုင်တော့ ကိုယ်ထိလက်ရောက် ကျူးလွန်ချင်တာပေါ့လေ? ဘက်လိုက်တတ်တဲ့ အကျင့်ကို လူပြောခံရမှာကျတော့ ကြောက်နေသေးတယ်၊ ရယ်စရာကြီး!”

“ကဲပါ... ကဲပါ၊ အစ်မဖန်ရယ်... ဒီအဘွားကြီးနဲ့ ဖက်ပြီး ရန်မလုပ်ပါနဲ့တော့။ ရန်ဖြစ်လို့ ဒဏ်ရာရသွားရင် မနက်ဖြန် အလုပ်ဘယ်လိုတက်မလဲ? ရှက်စရာကြီးလေ။ ခင်များက စက်ရုံရုံးခန်းမှာ လုပ်တာမဟုတ်

လား။”

မာကျန့်ယီ လူအကဲခတ်ကာ ဖြန်ဖြေပေးလိုက်သဖြင့် အခြေအနေမှာ အနည်းငယ် ငြိမ်သက်သွား၏။

တကယ်တမ်း ရန်ဖြစ်ကြ၍ နှာခေါင်းသွေးထွက် မျက်နှာဖူးယောင်ကုန်လျှင်ပင် အဘွားကြီးကျောက် ဂရုစိုက်မည်မဟုတ်ပေ။ သူမသည် ထမင်းစားဆောင်ကို ကူညီပေးရသည့် အဘွားကြီးတစ်ဦးဖြစ်၍ အရှက်ရစရာမရှိသော်လည်း အစ်မကြီးဖန်မှာမူ စက်ရုံရုံးခန်းမှ ဝန်ထမ်းဖြစ်ရာ လူတောမတိုးနိုင် ဖြစ်သွားပေမည်။

အစ်မကြီးဖန် ထိုအချက်ကို နားလည်သော်လည်း မခံချင်စိတ်ကြောင့် ဒေါသတကြီး အော်ဟစ်လိုက်ကာ

“သောက်အဘွားကြီး... နင် စောင့်ကြည့်နေလိုက်၊ မကြာခင် နင် ဝဋ်လိုက်တော့မှာ!”

အဘွားကြီးကျောက်: “ညည်းက ကိုယ့်သမီးအရင်းအပေါ် ဒီလောက်ရက်စက်တာတောင် ဝဋ်မလိုက်သေးတာ၊ ငါက ဘာလို့ ဝဋ်လိုက်ရမှာလဲ? ထွီ!!”

အဘွားကြီးကျောက်၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ပင် ပြင်းထန်လှသည်တကား။

သူမအော်ဟစ်၍

“ငါ ကျောက်တာ့ရာကတော့ ဘယ်သူ့ကိုမှ မကြောက်ဘူးဟေ့!”

“ကဲပါ... တော်ကြပါတော့၊ ဘယ်သူ့ကိုမှ မကြောက်ဘူးဆိုရင်လည်း နည်းနည်းလောက် ငြိမ်ငြိမ်နေပေးကြပါ။ ကျုပ်တို့ခြံဝင်းထဲမှာ ပြဿနာတွေက မများသေးဘူး ထင်လို့လား? အားလုံးပဲ တစ်ဦးပေါ်တစ်ဦး သည်းခံကြပါဦး။ ဝေးတဲ့ဆွေမျိုးထက် နီးတဲ့အိမ်နီးချင်းက ပိုအားကိုးရတယ် ဆိုသလိုပေါ့၊ ကျုပ်တို့တွေက ချစ်ချစ်ခင်ခင်နေကြရမယ့် မိသားစုဝင်တွေ မဟုတ်လား။”

မာကျန့်ယီသည် မိမိကိုယ်တိုင်ပင် မယုံကြည်သော စကားများကို အတည်ပေါက် ပြောဆိုနေသော်လည်း အနံ့ဆိုးထွက်ရာ အရင်းအမြစ် မရှိတော့သဖြင့် ခြံဝင်းထဲရှိ အနံ့မှာ အတော်လေး သက်သာသွားခဲ့လေသည်။

မဟုတ်လျှင်လည်း အပြင်မှာ ဤမျှကြာအောင် ရပ်နေရသဖြင့် သူပင် ပျို့အန်မိတော့မည် ဖြစ်၏။

ယခုမူ လူအများကို ဆက်လက်ဖြန်ဖြေပေးနိုင်နေပြီဖြစ်သည်။

“အားလုံးပဲ သည်းခံကြပါ၊ ဘယ်အချိန်ဖြစ်ဖြစ် အိမ်နီးချင်းဆိုတာ တစ်ဦးကိုတစ်ဦး ကူညီရမှာလေ၊ အခုလို တစ်ယောက်နဲ့တစ်ယောက် အားနည်းချက်တွေကို ဖော်ပြီး ရန်ဖြစ်နေကြရမှာ မဟုတ်ဘူး။ ကဲ... အားလုံးပဲ လူစုခွဲကြတော့။ အချိန်လည်း မစောတော့ဘူး၊ အိမ်ပြန်ပြီး ထမင်းချက်ကြတော့။”

“ဦးလေးမာရယ်... ဒီအနံ့ကြီးနဲ့ ဘယ်လိုလုပ် ထမင်းချက်နိုင်မှာလဲ။”

“စားတောင် မဝင်ပါဘူးရှင်။”

“အမလေး... ဦးလေးမာ ကျွန်တော်ကတော့……”

“ဒါနဲ့... ခင်ဗျားတို့ အိမ်သာဘက် သွားကြည့်ကြသေးလား? အဲဒီဘက်က အနံ့ကတော့ တကယ့်ကို မသက်သာဘူးနော်။ အမလေး... ကြိုတင်ပြင်ဆင်မှုမရှိဘဲ သွားမိရင်တော့ အနံ့ကြောင့် ယိုင်လဲသွားနိုင်တယ်!”

“အပိုတွေ ပြောနေတာလား?”

“အပိုဟုတ်မဟုတ် ကိုယ်တိုင်သွားနမ်းကြည့်လေ၊ နည်းနည်းလေးမှ မပိုဘူး၊ တကယ်ကို အနံ့ဆိုးတာ။”

“လေတိုက်သွားရင် သက်သာသွားမှာပါလေ။”

“သက်သာပါစေလို့ပဲ ဆုတောင်းရမှာပဲ။”

လူအများမှာ တတွတ်တွတ် ပြောဆိုနေကြစဉ်၊ အဘွားကြီးကျောက်မှာမူ အောင်ပွဲခံလာသူတစ်ဦးကဲ့သို့ ခေါင်းမော့ရင်အုပ်ကာ အိမ်ထဲသို့ ဝင်လိုက်လေသည်။ သူမက နှာခေါင်းတစ်ချက်ရှုံ့ကာ တံခါးကို ဘုန်းခနဲ ပိတ်လိုက်ရင်း

“ငါ့ကို လာပြီး စိန်ခေါ်ချင်သေးတယ်? ငါက အနိုင်ကျင့်ခံရမယ့်သူလား ဆိုတာ အရင်ကြည့်ဦး။ ဒီလောက်နှစ်တွေအကြာကြီးမှာ ငါ ကျောက်တာ့ရာက သူများကိုပဲ ပြောခဲ့တာ၊ ငါ့ကို လာပြီး စော်ကားချင်တယ်? အိပ်မက်ပဲ မက်နေလိုက်!”

ချန်ချင်းယွီ: “……”

သူမ မကျေမနပ် ညည်းတွားလိုက်မိ၏။

“ခုနက အပြင်ထွက်တုန်းက ဘာလို့ တံခါးမပိတ်တာလဲ? စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ ကြည့်ဦး... အနံ့တွေ အကုန်အိမ်ထဲ ဝင်ကုန်ပြီ။”

ကံကောင်း၍ အတွင်းခန်းတံခါး ပိတ်ထားသဖြင့် တော်သေးသည်ဟု ဆိုရမည်။ မဟုတ်လျှင် အနံ့မှာ ပိုဆိုးလာပေတော့မည်။

အဘွားကြီးကျောက် မျက်လုံးပြူးကာ ဆဲဆိုရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် သတိဝင်သွား၏။ ဤမိန်းမမှာ အိမ်ရာထဲရှိ လူများကဲ့သို့ မဟုတ်ဘဲ ရူးသွပ်စွာ လုပ်တတ်သူဖြစ်ရာ သူမ မျက်နှာပျက်ပျက်ဖြင့် ဆိုလိုက်ရရှာသည်။

“ငါက ဖန်မျိုးရိုးကောင်မရဲ့ စွပ်စွဲမှုကို ခံရမှာ စိုးလို့ အပြေးအလွှား ထွက်သွားတာလေ။”

မိမိကိုယ်တိုင် ရန်စခဲ့သည်ကိုမူ သူမ လုံးဝထုတ်မပြောပေ။

ချန်ချင်းယွီ နှာခေါင်းတစ်ချက် ရှုံ့လိုက်မိပြီး ဤကဲ့သို့သော အရေးကြီးသည့် အချိန်မျိုးတွင် သူမသည် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ဘေးမှ ရုပ်ရှင်ကြည့်သည့်အလား ငြိမ်ငြိမ်လေး နေလိုက်မည်ပင်။

ဒီအဘွားကြီး လုပ်ချင်တာ လုပ်ပစေ!! ဒင်း ဒါမျိုး မလုပ်ဘူးဆိုရင်သာ ထူးဆန်းနေမှာ!!

အခြားတစ်ဖက်မှကြည့်လျှင်လည်း အဘွားကြီးကျောက် ဤသို့ ရန်လိုနေခြင်းမှာ မဆိုးလှပေ။ ယခုခေတ်ကာလတွင် သူတို့အိမ်၌ မုဆိုးမနှစ်ယောက်နှင့် ကလေးငယ်နှစ်ဦးသာ ရှိသဖြင့် အဘွားကြီးကျောက်ကဲ့သို့ ရန်လိုတတ်သူတစ်ဦး ရှိနေခြင်းမှာ သူတို့အတွက် ပို၍လုံခြုံမှုရှိစေသည်။ သူမမှာ အရင်ဆုံး တိုက်ခိုက်တတ်သူဖြစ်

သဖြင့် တခြားသူများအနေနှင့် သူတို့ကို အနိုင်ကျင့်ရန် ကြံစည်တိုင်း အဘွားကြီးကျောက်ကို ရင်ဆိုင်ရမည်ဖြစ်ရာ အတော်လေး သက်သာလှ၏။

ချန်ချင်းယွီသည် ပြတင်းပေါက်မှ အပြင်သို့ ကြည့်နေဆဲပင်။ အနံ့များ အနည်းငယ် သက်သာသွားသော်ငြား ရွှီကောင်းမင် မိသားစု သုံးယောက်မှာ အိမ်မဝင်ကြသေးပေ။ ရှီကျန့်ရှန်းခမျာ ညည်းတွားနေလျက်

“ငါ့ရဲ့ အကောင်းစား ဆေးအိုးနဲ့ ဇလုံကြီးကို မင်းကတော့ အကုန်ဖျက်ဆီးပစ်တာပဲ။ မင်းကတော့ အိမ်ထောင်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ လုံးဝကို မသိဘူး။ ကြည့်ဦး... ငါ့မှာတော့ စိတ်ဆင်းရဲရလိုက်တာ။”

ရှောင်စန်းတစ်ယောက် မျက်မှောင်ကြုတ်လျက် စိတ်အနှောင့်အယှက်ဖြစ်နေလေသည်။အနံ့ဆိုးများကြားထဲမှ မိသားစုတစ်ခုလုံးကို ကယ်တင်ခဲ့ရသော်လည်း ဆဲဆိုခံနေရသဖြင့် သူ မျက်မှောင်ကြုတ်ကာ

“အမေ... စကားနည်းနည်းလောက် လျှော့ပါတော့၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ။”

“ဒီကလေးကတော့……”

တခြားသူများမှာလည်း ကိစ္စပြီးသွားသဖြင့် အိမ်ပြန်ကုန်ကြပြီဖြစ်သော်လည်း ယနေ့ညတွင် ထိုခြံဝင်းအတွင်း၌ ထမင်းချက်သည့်အိမ်မှာ မရှိသလောက်ပင်။ အနံ့မှာ အလွန်ပြင်းသဖြင့် စားချင်စိတ် လုံးဝမရှိကြပေ။ သို့သော် ကလေးများမှာ လူကြီးများကဲ့သို့ မဟုတ်ရာ၊ ရှောင်ကျားတစ်ယောက် ဗိုက်ကိုပွတ်လျက် -

“မေမေ... သား ဗိုက်နည်းနည်း ဆာနေပြီ။”

ချန်ချင်းယွီ: “အော်... ဟုတ်သားပဲ၊ ငါ မုန့်ဖုတ်ထားတယ်!”

ကံကောင်းထောက်မစွာဖြင့် သူမမုန့်များကို အတွင်းခန်းထဲသို့ ရွှေ့ထားခဲ့သည်။

ချန်ချင်းယွီ: “ကဲ... ရော့၊ တစ်ယောက် တစ်ခုစီ။”

အဘွားကြီးကျောက် မျက်လုံးလေး ကလည်ကလည်လုပ်ကာ

“နင်တို့ ဘာစားနေတာလဲ? ငါကော နည်းနည်းလောက် မြည်းကြည့်လို့ ရမလား?”

နေထိုင်စားသောက်စရိတ်အားလုံးကို ချန်ချင်းယွီက တာဝန်ယူမည်ဟု သဘောတူထားသော်လည်း အဘွားကြီးကျောက်မှာမူ ချန်ချင်းယွီသည် သူမကို အလွန်ပင် မုန်းတီးနေမှန်း ကောင်းကောင်းသိထားသည်။ ထို့ကြောင့် စားစရာကောင်းကောင်းတစ်ခုခုတွေ့တိုင်း သူမသည် ချက်ချင်းပင် ချော့မော့ပြောဆိုရကာ၊ မဟုတ်လျှင် ထိုအရူးမသည် သူမကို တစ်လုပ်ပင် ကျွေးမည်မဟုတ်ပေ။

ထိုမိန်းမမှာ ထိုမျှအထိ စိတ်ပုပ်လှပေသည်။

လူတိုင်း သူမ ကျောက်တာ့ရာကို စိတ်ပုပ်သည်ဟု ဆိုကြသော်လည်း သူမသည် ချန်ချင်းယွီသာလျှင် အစစ်အမှန် စိတ်ပုပ်သူဟု ထင်မြင်မိ၏။

သူမသည် ယောက္ခမလည်းဖြစ်၊ လူကြီးလည်းဖြစ်ပါလျက်နှင့် ကြက်ဖင်ဆီဘူးကိုသာ စားရထိုက်သည်တဲ့လား?

ဤအရူးမသည် လူရောဟုတ်ပါလေစ?

သို့သော်လည်း သူမသည် မာန်မတက်ဝံ့ပေ။ အတူနေချိန် ကြာလာလေလေ သူမ၏ သတ္တိတို့မှာ နည်းပါးလာလေလေ ဖြစ်နေသည်။ ထိုအရူးမသည် ယခုအခါ သေမထူးနေမထူး စိတ်ဓာတ်မျိုး ရှိနေပုံရပြီး တကယ့်ကို ရင်ဆိုင်ရခက်လှ၏။

“တစ်ခြမ်းပဲ့လေးကိုပဲ ဝါးစားကြည့်လို့ရမလား?”

ချန်ချင်းယွီ: “……”

သူမသည် အဘွားကြီးကျောက်ကို ကြည့်ကာ

“ကိုယ့်ဘာသာကိုယ် တစ်ခုယူစားလိုက်။”

အဘွားကြီးကျောက်မှာ မျက်လုံးများ အရောင်တောက်သွားကာ

“အိုဟိုး... နင်က တကယ့်ကို လိမ္မာတဲ့ ချွေးမကောင်းလေးပဲ။”

အမှန်အတိုင်း ဆိုရလျှင် ထိုစားစရာမှာ တကယ့်ကို အရသာရှိလှပေသည်။

အဘွားကြီးကျောက်မှာ ပျော်ရွှင်နေသော်လည်း အများကြီး မစားပေ။ ၎င်းမှာ သူမ စိတ်ကောင်းရှိလွန်း၍မဟုတ်ဘဲ ယနေ့တွင် ဗိုက်သိပ်မဆာသောကြောင့်တည်း။ နေ့လယ်စာစားချိန် ထမင်းချက်ခန်းမှ ကျန်ကြွင်းသော ဟင်းဖတ်များတွင် ဆီပါသဖြင့် သူမ အဝစားခဲ့ပြီး ဖြစ်ရာ တကယ့်တမ်း ဗိုက်မဆာပေ။

အကြောင်းမှာ ဆီနည်းလေလေ အစားအစာကို ပိုစားနိုင်လေလေ ဖြစ်ရာ ၎င်းမှာ တွက်ချေမကိုက်ပေ။

ချန်ချင်းယွီ မျက်လုံးတစ်ချက် လှန်လိုက်ရင်း

“ကျွန်မကို လာပြီး မြှောက်ပင့်မနေပါနဲ့!”

သူမ နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း မကြာမီမှာပင် အဘွားကြီးကျောက်နှင့် တိုးတိုးတိတ်တိတ် တိုင်ပင်လိုက်၏။

“ခုနက သူတို့ လွှင့်ပစ်တဲ့အထဲမှာ ဝက်အူတွေ ပါသလား?”

အဘွားကြီးကျောက်: “ဟင်?”

စကားဝိုင်းက ဝက်အူဘက်သို့ ဘယ်လိုရောက်သွားရတာလဲ!

သို့သော် သေချာပေါက် မပါခဲ့သည်ကို သူမ မြင်လိုက်သည်။

“မပါဘူး၊ သေချာပေါက် မပါဘူး။”

“ဘာလို့လဲ?”

အဘွားကြီးကျောက် အမြန်ပင် မေးမြန်းလိုက်၏။

ချန်ချင်းယွီ ခေတ္တမျှ စဉ်းစားပြီးနောက် ဇာတ်လမ်းအစအဆုံးကို ပြန်ပြောပြလေသည်။ ယောက္ခမနှင့် ချွေးမကြား အပြန်အလှန် မုန်းတီးနေကြပြီး စိတ်ထဲမှ ဆဲဆိုနေကြသော်လည်း အရေးကြီးကိစ္စများတွင်မူ အတူတကွ တိုင်ပင်ကြဆဲပင်။

ချန်ချင်းယွီ; “သူတို့ဆီမှာ ဝက်အူတွေ လုံးဝမရှိဘူး။ ဒါပေမဲ့ သူမကတော့ ပထမဆုံးရတဲ့ အနံ့ဆိုးက ဝက်အူကလာတာလို့ ပြောတယ်။ ကျွန်မ သံသယဖြစ်တာကတော့ အဲဒီအနံ့ဆိုးက အရိုးကြီးတွေဆီက လာတာပဲ။ အကယ်၍ သူမက အရိုးပုပ်တွေ ဝယ်မိတာဆိုရင်တော့ ရောင်းသူကို အလွယ်တကူ ပြဿနာရှာမှာလေ..ဒါပေမဲ့ သူမက ဘာမှမလုပ်ဘူး။ အဲဒါက ဘာကြောင့် ဖြစ်နိုင်မလဲ?”

“သူတို့ရဲ့ အရိုးတွေကို ဘယ်သူ့ကိုမှ မပြဝံ့လို့ ဖြစ်မှာပေါ့။”

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ပြိုင်နက်

တည်း ဆိုလိုက်မိကြသည်။

“သူတို့ ဧည့်ခံပွဲလုပ်မလို့ပဲ!!”

၎င်းမှာ လူတစ်စုကို ထမင်းကျွေးကာ ဧည့်ခံနေခြင်းနှင့် သက်ဆိုင်နိုင်ပေသည်။

ချန်ချင်းယွီ: “သူတို့ တစ်ခုခုတော့ ကြံစည်နေပြီ။”

အဘွားကြီးကျောက်: “ငါကတော့ သူတို့က တို့ကို ထမင်းအကြီးအကျယ် ကျွေးမလားလို့ မျှော်လင့်နေတာ! တကယ်လို့ သူတို့က ညံ့ဖျင်းတဲ့ ပါဝင်ပစ္စည်းတွေကို သုံးတာဆိုရင်တော့ ငါက…… သူတို့က တကယ့်ကို စိတ်ကောင်းမရှိတဲ့ လူတွေပဲ! မရဘူး၊ ငါ တခြားသူတွေကို သွားပြောရမယ်။”

ချန်ချင်းယွီ အဘွားကြီးကျောက်ကို တားလိုက်ကာ

“ရှင် သွားပြောရင်တောင် သူတို့ ယုံမှာမဟုတ်ဘူး။ ဟိုဘက်က ဆင်ခြေတစ်ခုခု ပေးလိုက်ရင် ရှင်ပဲ အမှားဖြစ်သွားလိမ့်မယ်။ ခဏစောင့်ဦး!”

အဘွားကြီးကျောက်: “ဒါဆို…… ဒါကို တစ်ဆင့်စကားနဲ့ ဖြန့်လိုက်ရင်ကော အဆင်ပြေမလား?”

သူမမှာ တစ်ခုခုကို အလကားရချင်နေဆဲဖြစ်ပြီး ပိုလျှံသည်များကို အိမ်သို့ ယူဆောင်လာချင်နေ၏။

ချန်ချင်းယွီက အဘွားကြီးကျောက်အနားသို့ တိုးကပ်ကာ တိုးတိုးလေး ဆိုလိုက်သည်။

“ဒီည သူတို့ ပြတင်းပေါက်အောက် သွားပြီး ဘာတွေ ကြံစည်နေသလဲဆိုတာ ကျွန်မ ချောင်းနားထောင်လိုက်မယ်။”

အဘွားကြီးကျောက်၏ မျက်လုံးများ အရောင်တောက်သွားကာ လက်မထောင်လျက်

“ကောင်းတဲ့ အကြံပဲ!”

ချန်ချင်းယွီ ဆက်၍

“ကျွန်မတို့ ကြိုတင်ပြီး စုံစမ်းကြည့်လို့ ရတာပေါ့၊ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ကောလာဟလ ဖြန့်ရုံနဲ့တော့ သိပ်ပြီး ထိရောက်မှာ မဟုတ်ဘူး။ သူတို့က ဒီလိုအသားပုပ်တွေကို မသုံးတော့ဘဲ အသစ်လဲလိုက်ရင်တောင်၊ နောက်တစ်ကြိမ်ကျရင် ဒီလိုမျိုးတွေ ထပ်မလုပ်ဘူးလို့ ကျွန်မ မယုံဘူး။”

အဘွားကြီးကျောက်: “အင်း……”

ချန်ချင်းယွီ: “ရှင်စဉ်းစားကြည့်၊ သူတို့က တွက်ကပ်စိစစ်မှာ သေချာတယ်။ တွက်ကပ်စိစစ်တဲ့သူတွေက ဘယ်မှာ အကောင်းစားတွေ သုံးပါ့မလဲ? သူတို့မိသားစုက အားလုံးအပေါ် ရိုးသားဖြောင့်မတ်တဲ့သူတွေလို့ ကျွန်မ မထင်ဘူး။”

အဘွားကြီးကျောက်သည် ခေါင်းငိုက်စိုက်ကျသွားကာ ချန်ချင်းယွီ ပြောသည်မှာ မှန်ကန်ကြောင်း ဝန်ခံလိုက်ရ၏။

“ဒါဆို သူတို့အိမ်က အသားတွေကို စားလို့မရဘူးပေါ့၊ ဒါက……”

ချန်ချင်းယွီ: “အရင်ဆုံး ကျွန်မ သွားစုံစမ်းပါရစေဦး၊ ပြီးမှ ဆက်တိုင်ပင်ကြတာပေါ့။”

“အေး... အဲဒါ ကောင်းတယ်။”

အကယ်၍ အခြားအိမ်သာဆိုလျှင် ချန်ချင်းယွီသည် ဤမျှအထိ အားစိုက်ထုတ်မည်မဟုတ်ပေ။ သို့သော် ရွှီကောင်းမင်တို့ မိသားစုသည် သူမတို့အိမ်အပေါ် အမြဲတမ်း နှိပ်ကွပ်ရန် ကြံစည်နေသူများဖြစ်သဖြင့်၊ သူမသည်လည်း တုံ့ပြန်လိုစိတ်ဖြင့် ထိုမိသားစု၏ လှုပ်ရှားမှုမှန်သမျှကို မိမိလက်ခုပ်ထဲမှ ရေကဲ့သို့ သိရှိထားလိုခြင်း ဖြစ်သည်။

အနည်းဆုံးတော့ အကြမ်းဖျင်း သိထားရမယ်!!

ဘာမှမသိဘဲ နေ၍မရပေ၊ မဟုတ်လျှင် မသိလိုက်မသိဘာသာဖြင့် အနိုင်ကျင့်ခံရပေလိမ့်မည်။

ယောက္ခမနှင့် ချွေးမနှစ်ဦးသား ပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ ယခုအခါ ပြင်ပတွင် မှောင်ရီပျိုးစပြုနေပြီ ဖြစ်သော်လည်း ထိုမိသားစု သုံးဦးမှာ အိမ်ထဲသို့ မဝင်ကြသေးပေ။

ရွှီကောင်းမင်က စိတ်ကို တည်ငြိမ်အောင် ထိန်းထားသော်လည်း၊ ရှီကျန့်ရှန်းမှာမျက်နှာပျက်ပျက်ဖြင့် တတွတ်တွတ် ညည်းတွားနေကာ ရှောင်စန်းသည်လည်း တစာစာ ကျိန်ဆဲနေလေ၏။ အခြားအိမ်နီးချင်းများမှာလည်း မိမိတို့တံခါးများကို လုံအောင်ပိတ်ထားကြပြီး၊ အိမ်ထဲ၌ တိတ်တဆိတ် အဘယ်အကြောင်းအရာများ ဆွေးနွေးနေကြသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

သူတို့ခြံဝင်းအတွင်း၌မူ အနံ့ဆိုးထွက်ရာ အရင်းအမြစ်ကို ရှင်းလင်းပြီးဖြစ်၍ သက်သာသွားပြီ ဖြစ်သော်လည်း၊ အပြင်ဘက်တွင်မူ ထိုသို့မဟုတ်ပေ။

ခြံဝင်းထဲတွင် အခြေအနေ ကောင်းမွန်သွားသော်လည်း၊ ပစ္စည်းအားလုံးကို အများသုံးအိမ်သာကျင်းထဲသို့ ပစ်ချလိုက်သဖြင့်၊ အနံ့အမျိုးမျိုး ရောနှောကာ ထွက်ပေါ်လာသော အနံ့ဆိုးမှာမူ အနည်းငယ်မျှ လျော့ပါးသွားခြင်း မရှိချေ။

အိမ်ထဲ၌ကဲ့သို့ နှာခေါင်းကို စူးစူးရှရှ ရိုက်ခတ်ခြင်းမျိုး မရှိတော့သော်လည်း၊ အိမ်သာသို့ သွားသူတိုင်းမှာမူ ထိုအနံ့ဆိုး၏ ဒဏ်ကို အပြည့်အဝ ခံစားရမည်သာ။

လမ်းကြားထဲရှိ လူတိုင်းက တတွတ်တွတ် ကျိန်ဆဲနေကြလေသည်၊ အနံ့ဆိုးမှာ အလွန်ပင် ပြင်းထန်လှသဖြင့် အိမ်သာသွားမည့်အစား အောင့်ထားခြင်းကမှ တော်ဦးမည်ဟုပင် ထင်မှတ်ရသည်။

တကယ့်ကို ရွံစရာကောင်းလှပေစွ!

တကယ့်ကို ဆိုးရွားလိုက်တာ!!

“ဒီအိမ်သာက အစကတည်းက အနံ့ကောင်းတာမဟုတ်ပါဘူး၊ အခုတော့ ပိုတောင်ဆိုးသွားပြီ။ သွားမိတိုင်း အနံ့က ခေါင်းကို တည့်တည့်ရိုက်နေတာပဲ။”

“ဘယ်သူက မဟုတ်ဘူးလို့ ပြောလို့လဲ? တော်တော်ကို ဆိုးတာ။”

“ငါ့အမြင်တော့ ဒါက တကယ့်ကို ယုတ်မာတာပဲ။ အဲဒီအဘွားကြီးရှီကတော့ သူ့မျိုးရိုးနာမည်နဲ့ လိုက်အောင်ကို လုပ်နိုင်လွန်းတယ်။”

“သူတို့မိသားစု ခုတလော ဘာဖြစ်နေမှန်းကို မသိပါဘူး၊ ပြဿနာတွေ တစ်ခုပြီးတစ်ခု ရှာနေကြတာ။ ငါတော့ ပြောစရာတောင် မရှိတော့ဘူး။”

“ငါကြည့်ရသလောက်တော့ သူတို့ခြံထဲမှာ ခုတလော နမိတ်မကောင်းဘူးထင်တယ်၊ တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာတွေ ရနေကြတာ။”

“အမှန်တော့ ကျန်းရှင်းဖှ တစ်ယောက်ပဲ ဒဏ်ရာရတာပါ၊ တခြား ဘယ်သူရှိသေးလို့လဲ?”

“သူ့အဖေရော၊ ရွှီကောင်းမင်ရောလေ၊ နှစ်ယောက်လုံး ဒဏ်ရာရထားတာ မဟုတ်လား?”

“အဲဒါကတော့ တူမှမတူတာ။ ရွှီကောင်းမင်က သူ့ဘာသာ မှိုအဆိပ်မိတာလေ၊ အဘိုးကြီးကျန်းကကျတော့ အဘွားကြီးကျောက်ဆီမှာ အရိုက်ခံရတာ။”

“ဟေး... နင်တို့ ကြားပြီးပြီလား? အဘိုးကြီးကျန်းက အဘွားကြီးကျောက်ကို စိတ်ဝင်စားနေတာတဲ့! ဖြစ်ရလေ... အဘိုးကြီးကျန်းက မျက်စိကန်းနေတာလား? ဘယ်လို အမြင်အာရုံမျိုး ရှိနေတာလဲ? သူ့မိန်းမ အဘွားကြီးဟွမ်က နတ်မိမယ်မဟုတ်ရင်တောင် အဲဒီပါးစပ်ကြမ်းပြီး မျက်လုံးစောင်းတဲ့ အဘွားကြီးကျောက်ထက်တော့ အများကြီး သာပါသေးတယ်။ အဘွားကြီးကျောက်ကတော့ တကယ့်ကို ဆိုရွားတာကြီးပဲ၊ ဘယ်သူကများ သူမလောက် စောင်းမြောင်းပြောနိုင်မှာလဲ? သူမရုပ်ကို ကြည့်ရတာ တံခါးစောင့်နတ်ရုပ်နဲ့တောင် တူနေပြီ။ ဦးလေးကျန်းကတော့ တကယ်ကို မျက်စိကန်းတာပဲ။”

“အင်းလေ... ဘာတတ်နိုင်မှာလဲ၊ အချစ်ကတော့ မျက်စိမရှိဘူးဆိုတာ ဒါမျိုးပေါ့။”

“ဒါကို ငါလည်း သိတယ်၊ ဒါက စိတ်ကူးယဉ်နေရုံတင် မဟုတ်လား? ငါ့အထင်တော့ ဦးလေးကျန်းက ဒီလိုပုံစံမျိုးကိုမှ ကြိုက်တာထင်တယ်။ အဲဒီလို ခက်ထန်တဲ့ အဘွားကြီးတွေကိုမှ ဆွဲဆောင်မှုရှိတယ်လို့ မြင်နေတာလား?”

“ဖြစ်နိုင်တာပဲ!”

...

အဘိုးကြီးကျန်း: “……”

အဘွားကြီးဟွမ်: “……”

အဘိုးကြီးကျန်းသည် ယခင်နေ့မှ ဒုက္ခရောက်ခဲ့ရသဖြင့်၊ ယနေ့ အလုပ်ဆင်းချိန်တွင် အိမ်သို့ တန်းမပြန်ဘဲ အခြေအနေများ ပြေလည်စေရန် အဘွားကြီးဟွမ်ကို ဆေးရုံသို့ သွားရောက်ကြိုဆိုခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ လမ်းကြားထိပ်သို့ ရောက်သည်နှင့် လူတိုင်း ထိုကောလာဟလကို အတည်ဟု ယုံကြည်နေကြသည်ကို တွေ့လိုက်ရ၏။

တောက်... ကျုပ် မျက်စိကန်းနေတာ မဟုတ်ဘူးဗျ!!

အဘွားကြီးဟွမ်မှာ ပို၍ပင် ဒေါသထွက်သွားကာ နှာခေါင်းပိတ်လျက် အတင်းအဖျင်းပြောနေကြသော အဘွားကြီးတစ်စုကို အော်ဟစ်

လိုက်တော့သည် ။

“နင်တို့တွေကတော့ သေချင်နေကြတာပဲ! ကွယ်ရာမှာ ဒီလိုမျိုးတွေ လျှောက်ပြောနေကြတာပေါ့! ငါ့ယောကျ်ားက အဲဒီ အဘွားကြီးကျောက်တာ့ရာကို ဘယ်လိုလုပ် စိတ်ဝင်စားမှာလဲ? သူက ငါ့ယောကျ်ားလေ! အဲဒီမိန်းမက ငါ့ယောကျ်ားကို လုဖို့ ကြံနေတာ! နင်တို့ကလည်း ဝိုင်းပြီး အတင်းပြောနေကြတယ် မဟုတ်လား? ငါ့ယောကျ်ားကို နောက်တစ်ခါ ထပ်စော်ကားရင်တော့ နင်တို့အိမ်က ပြတင်းပေါက်တွေကို ခဲနဲ့ထုပစ်မယ်။ တကယ့် ငတုံးမတွေပဲ!”

“အဘွားကြီးဟွမ်ရယ်... ကျုပ်တို့ချည်းပဲ ပြောနေတာ မဟုတ်ပါဘူး။ ရှင်က အဲဒီလောက် သတ္တိရှိရင် အဘွားကြီးကျောက်ကိုပဲ သွားရှာလေ!”

“ဟုတ်သားပဲ၊ ရှင့်ယောကျ်ားအကြောင်းကို ကျုပ်တို့က ဘာသိမှာလဲ? ရှင်တို့ လင်မယားက ကွာရှင်းထားတာ မဟုတ်ဘူးလား? ပြန်ညားသွားကြပြီလား? ကျုပ်တို့ကတော့ အဲဒီသတင်း မကြားမိပါဘူး။”

“အော်... အဘွားကြီးဟွမ် ပြောပုံအရဆိုရင်တော့ သူတို့က တစ်နှစ်ကို ၃၆၅ ကြိမ်လောက် ပြန်ညားနေတာပေါ့၊ ဒါပေမဲ့ လက်ထပ်စာချုပ်ကိုတော့ ကျုပ်တို့တစ်ခါမှ မမြင်ဖူးဘူး။ ဟီးဟီး……”

“နင်တို့လို မိန်းမယုတ်တွေ၊ ငါ နင်တို့ပါးစပ်တွေကို ဆွဲဖြဲပစ်မယ်၊ ငါ……”

အဘွားကြီးဟွမ်မှာ ဒေါသတကြီးဖြင့် ရန်မူရန် ပြင်သော်လည်း အဘိုးကြီးကျန်း အမြန်ပင် တားဆီးလိုက်ရသည်။ သူတို့မိသားစုမှာ ယခုတလော ကံဇာတာ နိမ့်နေသဖြင့် သားအဖနှစ်ယောက်လုံး ဒဏ်ရာရထားပြီးဖြစ်ရာ၊ အကယ်၍ သူမပါ ဒဏ်ရာရသွားလျှင် အိမ်ထောင်ကို မည်သူမျှ ထိန်းသိမ်းနိုင်တော့မည် မဟုတ်ပေ။

“တော်ကြပါတော့၊ ဒီလိုတွေ ဖြစ်နေလို့ ဘာထူးမှာလဲ?”

သူ တားမြစ်လိုက်ပြီး လူအုပ်

ဘက်သို့ လှည့်ကာ

“အမျိုးသမီးတို့ခင်ဗျာ၊ ကျွန်တော်ကတော့ အဘွားကြီး​ေကျာက်အပေါ်မှာ ဘာခံစားချက်မှ မရှိပါဘူး။ ဒါတွေအားလုံးက နားလည်မှုလွဲတာပါ၊ တကယ့်ကို အကြီးအကျယ် နားလည်မှုလွဲတာ။ ကျွန်တော်ကတော့ အဘွားကြီးကျောက်ကို ဘယ်တော့မှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။”

အဘွားကြီးဟွမ်: “ဒါပေါ့!”

အဘိုးကြီးကျန်း: “ကဲ... ကဲ... အိမ်ပြန်ကြစို့။ ဟေး... နေပါဦး၊ ဒီအနံ့ဆိုးက ဘယ်ကလာတာလဲ?”

လမ်းလျှောက်နေရင်းပင် သူ မခံမရပ်နိုင် ဖြစ်လာမိလေသည်။

“ဟေး... ရှင်မသိသေးဘူးလား၊ ရှင့်တို့ခြံထဲက ရှီကျန့်ရှန်းလေ၊ သူမက သူ့ယောကျ်ားအတွက် အိမ်မှာ ဆေးမြစ်တွေ ပြုတ်နေတာ။ ဘာတွေပြုတ်နေလဲတော့ ကျုပ်တို့လည်းမသိဘူး၊ ဒါပေမဲ့ ဦးလေးရွှီသာ အဲဒါကို သောက်လိုက်ရင်တော့ ထိပ်ပြောင်သွားမလားပဲ။ ဒီအနံ့ကို ကြည့်ဦး။ ရှင်တို့ အမြန်ပြန်ကြတာ ပိုကောင်းမယ်၊ ခြံထဲမှာဆို အနံ့က ပိုပြင်းသေးတယ်။”

“ဒါက ရှီကျန့်ရှန်းက ရွှီကောင်းမင်အတွက် ပြုတ်ပေးတာလား?”

အဘိုးကြီးကျန်းမှာ မယုံနိုင်အောင် ဖြစ်သွားရသည်။

အမယ်လေး..ဒီနေ့ခေတ် လူတွေက ဒီလောက်အထိ ရက်စက်နေကြပြီလား? ဒီလောက်ကြီး သိသိသာသာကြီး သေအောင် လုပ်ဝံ့တာလား?

အဘွားကြီးဟွမ်: “အမလေး! ဒီမိန်းမကတော့ တကယ့်ကို သတ္တိရှိတာပဲ! သူမက သူ့ယောကျ်ားကို လုပ်ကြံဖို့ ကြံနေတာလား?”

ထိုလင်မယား၏အပြုအမူမှာ ပုံမှန်ထက် လွန်ကဲလာသည်ကို မြင်လိုက်ရသဖြင့် ဘေးရှိအဒေါ်ကြီးများမှာ ဝင်ပြောလိုက်ရ၏။

“ကျုပ်တို့က စနောက်နေကြတာပါ၊ ဘာလုပ်ကြံတာလဲ။ သူမလည်း ဒီအနံ့က ဒီလောက်ပြင်းမယ်မှန်း သိရှာမှာမဟုတ်ပါဘူး။ ရှင်တို့လည်း အိမ်ပြန်ကြပါတော့။”

“အမလေး... တော်သေးတာပေါ့၊ ကျုပ်တို့က ရှင့်တို့နဲ့ တစ်ခြံတည်း မနေရလို့။ မဟုတ်ရင်တော့ တို့လည်း ဘာလုပ်ရမှန်း သိမှာမဟုတ်ဘူး။”

“အိမ်သာသွားရင်လည်း နှာခေါင်းကို ဂရုစိုက်ကြဦးနော်။”

အဘိုးကြီးကျန်းနှင့် အဘွားကြီးဟွမ်တို့မှာ ခြံဝင်းထဲသို့ပင် မဝင်ရသေး၊ အိမ်သာလည်း မသွားရသေးသော်လည်း လမ်းကြားထဲရှိ အနံ့မှာပင် တော်တော်လေး ပြင်းနေချေပြီ။ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ခြံဝင်းထဲသို့ အတူတူ ပြန်ဝင်လာကြသည်။

အော့! ထင်ထားသည့်အတိုင်းပင် ခြံဝင်းထဲက အနံ့က ပို၍ပင် ပြင်းထန်နေတော့သည်!

အဘွားကြီးဟွမ်သည် ခြံထဲတွင် ထိုင်နေသော ရှီကျန့်ရှန်းကို မြင်

သောအခါ လှောင်ပြောင်သရော်

လိုက်လေသည်။

“အို... ရှီကျန့်ရှန်း၊ နင်ကတော့ အခု တကယ်ကို စွမ်းနေပြီပဲလား? ဒီလိုမျိုးတွေတောင် လုပ်နိုင်နေပြီပေါ့? လူမရှိတဲ့အချိန်မှာ အီးတွေကို ထိုင်ပြုတ်နေတာလား?”

ရှီကျန့်ရှန်းသည် ဒေါသကို အောင့်အီးထားလျက် သူမကို စိုက်ကြည့်နေသော်လည်း ထပ်မံ၍ စကားနိုင်မလုချင်တော့ပေ။

သူမသည် ယနေ့တွင် ဒုက္ခအမျိုးမျိုး ကြုံတွေ့ခဲ့ရပြီး မိမိကိုယ်မိမိ ဘာကြောင့် ဤမျှ ကံဆိုးနေရသည်ကိုလည်း နားမလည်နိုင်အောင် ဖြစ်နေရ၏။

အရိုးတွေက အညံ့စားတွေမို့လို့ပဲ ပြောရမလား၊ ဒါပေမဲ့ ဈေးပေါတဲ့ပစ္စည်းဆိုတာ ဘယ်တော့မှ မကောင်းတာတော့ အမှန်ပင်!

ဒီဆေးမြစ်တွေကကော ဘာလို့ ဒီလောက်နံနေရတာလဲ? တကယ့်ကို ဆိုးရွားလိုက်တာ!!

အချုပ်အားဖြင့်ဆိုရသော် ရှီကျိန်းရှန်းမှာ အလွန်ပင် စိတ်မသက်မသာဖြစ်ကာ ပင်ပန်းနွမ်းနယ်နေ၏။

ရန်ဖြစ်ဖို့လား? သူမမှာ ခွန်အားမရှိတော့ပေ။

အဘိုးကြီးကျန်းနှင့် အဘွားကြီးဟွမ်တို့မှာ အပြင်မှ ပြန်လာကာစဖြစ်၍ ခြံဝင်းထဲမှ အနံ့ကို မခံမရပ်နိုင် ဖြစ်နေကြသော်လည်း၊ ၎င်းနေရာတွင် အတန်ကြာရှိနေသည့် ရှီကျန့်ရှန်းအတွက်မူ အနံ့မှာ အတော်လေး လျော့ပါးသွားပြီဖြစ်၍ တော်သေးသည်ဟုပင် ခံစားနေရသည်။

သူမမှာ စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင် ပင်ပန်းနေရ၏။

ရှီကျန့်ရှန်းမှာ မည်သို့မျှ တုံ့ပြန်နိုင်စွမ်းမရှိဘဲ ရန်ဖြစ်လိုစိတ် မရှိသည်ကို မြင်သောအခါ၊ အဘွားကြီးဟွမ်သည် အဘွားကြီးကျောက်၏ အိမ်တံခါးဝသို့ သွားကာ အော်ဟစ်လိုက်လေသည်။

“ကျောက်တာ့ရာ!!နင် အပြင်ထွက်ခဲ့စမ်း! နင်လို အဘွားကြီးက ငါ့ယောကျ်ားကို လုဖို့ ကြံစည်ရဲတယ်ပေါ့လေ?”

အဘွားကြီးကျောက်သည် ဝုန်းခနဲ ပြေးထွက်လာကာ သူမ၏ လက်သည်းများဖြင့် ကုတ်ခြစ်ရန် ရွယ်လိုက်သည်။ အဘွားကြီးဟွမ်က အမြန်ပင် နောက်ဆုတ်လိုက်ပြီး ရယ်မောလျက်

“ငါက ကြိုတင်ပြင်ဆင်ထားပြီးသားဟဲ့!”

သူမ ရယ်မော၍ပင် မဆုံးသေးမီမှာပင် အဘွားကြီးကျောက်က အားပါလှသော လက်ဝါးချက်ဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။

အဘွားကြီးဟွမ် ထပ်မံရှောင်တိမ်းလိုက်ကာ ပို၍ပင် ဘဝင်မြင့်သွားပြီး

“ဟီးဟီး... နင် ငါ့ကို မထိပါဘူး!”

အဘွားကြီးကျောက်: “နင်လို အဘွားကြီးစုတ်!”

အဘိုးကြီးကျန်း: “!!!”

ကဲ... ကြည့်ကြပါဦးဗျာ!! ဒီအဘွားကြီးတွေကတော့ တကယ့်ကို စွမ်းကြတာပဲ!

အဘွားကြီးကျောက်: “လျှောက်မပြောနဲ့စမ်း! ငါက နင့်ယောကျ်ားကို လုတယ်ဟုတ်လား? နင့်ရဲ့ လင်ရုပ်ကို ကြည့်ဦး၊ ဘယ်သူကများ သူ့ကို လှည့်ကြည့်မှာလဲ? ငါ ကျောက်တာ့ရာဆိုတာ စင်ကြယ်ပြီး အကျင့်စာရိတ္တကောင်းတဲ့ မိန်းမဟဲ့။ ဒီလို အမှိုက်မျိုးကိုတော့ စိတ်ထဲတောင် ထည့်မှာမဟုတ်ဘူး။ နင် တကယ်ပဲ စိတ်ကောင်းရှိတယ်ဆိုရင် သူ့ကို နင့်နားပဲ ထားလိုက်ပါ၊ ငါ့အနားကို လာမပတ်သက်ခိုင်းနဲ့။ သူ့ကို မြင်ရတာကိုက ရွံစရာကောင်းလှပြီ။ သူက ဘယ်လိုလူစားမျိုးလဲ? ငါနဲ့ တန်မတန်တောင် သူ မသိဘူးလား? သူက ဘယ်သူမို့လို့ ငါ့ကို စိတ်ဝင်စားရဲတာလဲ? ငါ ကျောက်တာ့ရာဆိုတာ အမြင်ရှိတဲ့သူဟဲ့! နင်တို့ နှစ်ယောက် စွမ်းတယ်ဆိုရင်လည်း သွားပြီး ပြန်ညားကြစမ်းပါ၊ တခြားသူတွေကို ဒုက္ခမပေးနဲ့တော့!”

“ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်မနေနဲ့။ ငါ့ယောကျ်ားက နင့်ကို လှည့်တောင်မကြည့်ဘူး။”

“သူက ငါ့ကို မကြိုက်ဘဲ ငါ့ဆီ လာရှာပါ့မလား? ဟင်း... ငါ သူ့အကွက်တွေကို မြင်ပြီးသားပါ။ သူက ငါ့ကို မျက်စိကျနေတာ။”

“နင်... အား! ငါ နင်ကို သတ်ပစ်မယ်!”

“မရိုက်ကြနဲ့! မရိုက်ပါနဲ့!”

အဘိုးကြီးကျန်း ထပ်မံတားဆီးလိုက်ပြန်ကာ၊ သူသည် ခေါင်းထဲတွင် အုန်းအုန်းမြည်နေသကဲ့သို့ ခံစားရပြီး ဆိုလိုက်မိ၏။

“ငါ မင်းကို ပြန်ခေါ်လာတာ ရန်ဖြစ်ဖို့မဟုတ်ဘူး၊ ဒဏ်ရာရရင် နာကျင်ရမှာက မင်းပဲလေ။ ပြဿနာမရှာစမ်းနဲ့တော့၊ အရှက်ကွဲရတာ မဝသေးဘူးလား? မင်းကိစ္စတွေက ဟိုရောက်ဒီရောက်နဲ့ ဘယ်လိုတွေ သတင်းထွက်ကုန်မလဲ မသိဘူး၊ ငါကတော့ အဲဒီမိန်းမနဲ့ နာမည်တွဲပြီး သတင်းအထွက်မခံနိုင်တော့ဘူး။”

ယနေ့တင် သူ့ကိုလာမေးသူများ အတော်များနေပြီဖြစ်ရာ သူ တကယ်ကို ဒေါသထွက်နေမိသည်။

ဘယ်သူကများ အဲဒီမိန်းမနဲ့ နာမည်တွဲချင်ပါ့မလဲ။ အရှက်ကွဲစရာကြီး!!

“ထားလိုက်ပါတော့... ထားလိုက်ပါတော့။”

“ဒါပေမဲ့……”

“ဒါပေမဲ့တွေ လုပ်မနေနဲ့တော့။”

အဘိုးကြီးကျန်း ရန်မဖြစ်ချင်တော့သဖြင့်

“အဘွားကြီးကျောက်၊ ကျုပ် ခင်ဗျားအပေါ် ဘာစိတ်မှမရှိဘူး၊ ကျုပ်တို့ ပြန်မညားရင်တောင် ခင်ဗျားကိုတော့ စိတ်မဝင်စားဘူး၊ လျှောက်မပြောနဲ့တော့။ လာ... အဘွားကြီးဟွမ်၊ အိမ်ပြန်ကြစို့။ ရန်မဖြစ်နဲ့တော့၊ မင်းဒဏ်ရာရရင် ဘယ်လိုလုပ်မလဲ!”

ဒဏ်ရာရရင် ဘယ်သူအလုပ်လုပ်ပေးတော့မှာလဲ!!

အဘွားကြီးဟွမ်သည် ထိုစကားကို ကြားသောအခါ ကြောင်အသွားကာ ပီတိဖြာလျက်၊ လင်ဖြစ်သူ၏ အတွင်းစိတ်ကို သူမ မသိဘဲ အထင်မှားကာ စိတ်လှုပ်ရှားစွာဖြင့်

“ကဲ... အိမ်ပြန်ကြစို့ရှင်”

အဘွားကြီးကျောက် တောက်တစ်

ချက်ခေါက်ကာ

“တကယ့်ကို အသုံးမကျတဲ့ အကောင်တွေ။”

သူမမှာ အခွင့်အရေးရတုန်း သူတို့ကို တစ်ချက်လောက် ပညာပေးချင်နေခြင်း ဖြစ်သည်။

သူတို့အိမ်မှ လူပေလူတေ ကျန်းရှင်းဖှသည် သူမချွေးမကို မျက်စိကျနေသည် မဟုတ်ပါလား?

အဘိုးကြီးကျန်းကိုယ်တိုင်လည်း မရိုးသားမှန်း ငါ မရိပ်မိဘူး ထင်နေသလား?

အဘွားကြီးဟွမ်ကိုယ်တိုင်ပင်လျှင် အတွင်းသိ အစင်းသိရှိပြီးသား ဖြစ်ပေလိမ့်မည်၊ မဟုတ်လျှင် ကျန်းရှင်းဖှ ပထမဆုံးအကြိမ် အရိုက်ခံရသည့်ည၌ သူမ (အဘွားကြီးကျောက်) လက်ချက်ဟု ချက်ချင်း အဘယ်ကြောင့် ထင်ရမည်နည်း။ သူမသားတွင် မရိုးသားသော အကြံရှိမှန်း သူမ သေချာပေါက် သိနေ၍သာ ဖြစ်မည်။

ဒါမျိုးတော့ ငါ ကျောက်တာ့ရာက သည်းမခံနိုင်ဘူးဟေ့…

ချန်ချင်းယွီက အခု အရမ်းတော်နေပြီဆိုရင်တောင်၊ အရင်လို နုနုနယ်နယ် ဟန်ဆောင်နေဦးမှာ ဆိုရင်တောင်၊ ငါ ကျောက်တာ့ရာကတော့ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး၊ ဒါက ငါအိမ်က ချွေးမလေ!!

ထို့ကြောင့် အဘွားကြီးကျောက်သည် အခွင့်အရေးရသည်နှင့် သူတို့ကို အားရပါးရ ဆော်ပလော်တီးရန်သာ ချောင်းနေ၏။

နှမြောစရာကောင်းသည်မှာ ယနေ့တွင် သူတို့က ပြေးမဝင်လာခဲ့ကြပေ!

နှမြောစရာ... နှမြောစရာကြီးပါပဲ!

ရန်ပွဲတစ်ခု ဖြစ်မလာခဲ့ပေ။

ကာယကံရှင်မှာလည်း နှမြောသလို၊ ဘေးမှကြည့်နေသူများကလည်း နှမြောနေကြသည်။

ရွှီကောင်းမင်သည်လည်း အဘယ်ကြောင့် ရန်မဖြစ်ကြသနည်းဟု တွေးနေမိပြီး၊ ရှောင်စန်းမှာ ရယ်မောကာ ပြောလိုက်၏။

“အဘွားကြီးဟွမ်လည်း အရိုက်ခံရတော့မယ်လို့ ထင်နေတာ၊ သူတို့အိမ်က ခုတလော ကံတကယ် ဇောက်ထိုးကျနေတာပဲ။”

“ဒါပေါ့၊ အဘိုးကြီးကျန်းရော၊ ကျန်းရှင်းဖှရော ဒီလိုပုံစံ ဖြစ်နေတာလေ။”

“အမှန်တော့ တို့အိမ်လည်း ခုတလော နည်းနည်းတော့ ကံဆိုးနေသလိုပဲ……”

ရှီကျန့်ရှန်း စကားစပ်မိ၍ ပြောလိုက်ရာ ရွှီကောင်းမင်မှာ ကြောင်အသွားပြီး အတန်ကြာအောင် စဉ်းစားခန်း ဝင်နေတော့သည်။

မှောင်ရီပျိုးလာချိန်တွင် ရွှီမိသားစုမှာ အိမ်ထဲသို့ ဝင်သွားကြပြီး အခြားအိမ်များလည်း အနားယူရန် ပြင်ဆင်နေကြ၏။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ခုတင်ပေါ်တွင် ကြိုးကျစ်တမ်း ကစားနေကြပြီး၊ ချန်ချင်းယွီမှာမူ သူမခင်ပွန်း၏ အပေါ်ဝတ်င်္အကျီကို ဝတ်ဆင်ကာ ဦးထုပ်ဆောင်းလျက် အပြင်ထွက်ရန် ပြင်လိုက်ပြီး အဘွားကြီးကျောက်ကို ခေါင်းညိတ်ပြလိုက်သည်။

အဘွားကြီးကျောက်မှာ ပြတင်းပေါက်တွင် ကပ်လျက် လိုက်ကာကြားမှ အပြင်ကို အကဲခတ်ပေးနေ၏။

ချန်ချင်းယွီ အပြင်ရောက်သောအခါ အဘွားကြီးကျောက်၏ အချက်ပြမှုကို ကြည့်ကာ ထောင့်တစ်နေရာမှတစ်ဆင့် ခေါင်မိုးပေါ်သို့ ဖျတ်ခနဲ တက်သွားသည်။ ချန်ချင်းယွီ ဤမျှ သွက်လက်သည်ကို အဘွားကြီးကျောက် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ မှင်တက်ကာ တိတ်ဆိတ်သွားတော့၏။

“………………”

ဒီအရူးမကတော့ တကယ်ကို သရုပ်ဆောင်ကောင်းတာပဲ!

ငါ့ကိုတောင် လှည့်စားနိုင်ခဲ့တာပဲ!!

ညည်းနဲ့ပေါ့ပါးလှချည်လား!!

ချန်ချင်းယွီသည် ရွှီကောင်းမင်တို့အိမ် ခေါင်မိုးပေါ်သို့ ခြေဖွဖွနင်းကာ ရောက်ရှိလာသည်။ အမှန်စင်စစ် သူမသည် ရန်ဖြစ်ရာတွင်သာ တော်သော်လည်း ဤကဲ့သို့ ချောင်းနားထောင်ခြင်းအတတ်တွင်မူ ကျွမ်းကျင်သူမဟုတ်ပေ။ ခေါင်မိုးပေါ်တက် ချောင်းနားထောင်ရသည်မှာ သူမအတွက် အစိမ်းသက်သက်ဖြစ်သဖြင့် ဂရုတစိုက်နှင့် နေရာကောင်းတစ်ခု ရှာကာ မှောက်လျက် အနေအထားဖြင့် နားစွင့်နေလိုက်၏။ သူမ၏ အောက်တည့်တည့်မှာ ရွှီကောင်းမင်တို့ ဇနီးမောင်နှံ၏ အခန်းဖြစ်သည်။

အိမ်ထဲတွင် အနံ့ဆိုးများ ပြည့်နေသဖြင့် သူတို့မှာ ပြတင်းပေါက်ကို ဖွင့်ထားကြကာ၊ ဇနီးမောင်နှံနှစ်ဦးစလုံး စားချင်စိတ်မရှိသဖြင့် ထမင်းမစားတော့ဘဲ ခုတင်ပေါ်တွင် အားအင်ကုန်ခမ်းစွာ လဲလျောင်းနေကြ၏။

ရှောင်စန်းမှာလည်း မိမိအခန်းသို့ မပြန်သေးဘဲ ဤဘက်တွင် လာ၍ ညည်းတွားနေကာ

“အမေ... ကြည့်ဦး၊ ကျွန်တော်တို့က တစ်နေကုန် အလုပ်လုပ်လာရတာကို၊ အခုတော့ ဒီလိုဒုက္ခခံနေရတယ်။ ကျွန်တော် တကယ်ကို လက်လျှော့လိုက်ပြီ။ အခု ဗိုက်ဆာနေပေမဲ့လည်း စားဖို့ကျတော့ လုံးဝစားမဝင်ဘူး၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ။”

ရှီကျန့်ရှန်း နွမ်းလျစွာဖြင့်

“ဒါက ငါ့အပြစ်ချည်းပဲလည်း မဟုတ်ပါဘူး! အနံ့က ဒီလောက်အထိ ဆိုးမယ်လို့ ငါလည်း ဘယ်သိပါ့မလဲ? အဘိုးကြီး... ရှင်ပဲ ပြောဦး၊ တကယ်လို့ တို့တွေလုပ်မယ့် ဧည့်ခံပွဲက အသားတွေက ဒီအနံ့မျိုးဆိုရင်တော့ လုံးဝမဖြစ်ဘူးနော်။ လူတွေအကုန် သိကုန်မှာပဲ၊ ဖုံးကွယ်ထားလို့ ရမှာမဟုတ်ဘူး။”

ချန်ချင်းယွီ နားစွင့်ထားကာ

‘အင်း... ငါထင်တဲ့အတိုင်းပါပဲလား။’

ရွှီကောင်းမင် ခဏမျှစဉ်းစားကာ

“ဒါတော့ လုံးဝမဖြစ်ဘူး၊ အနံ့က ဒီလောက်ပြင်းနေတာ၊ တကယ်လို့ စားမိလို့ တစ်ခုခုဖြစ်ရင် တို့တွေ ဒုက္ခရောက်ကုန်မယ်။ ပိုက်ဆံချွေတာတာက ချွေတာတာပဲ၊ ဒါပေမဲ့ စည်းလွတ်ဝါးလွတ်တော့ လုပ်လို့မရဘူး။”

သူခမျာ ပိုက်ဆံမချွေတာချင်သည်မဟုတ်၊ ပြဿနာတက်မည်ကို ကြောက်နေခြင်းတည်း။

ရှီကျန့်ရှန်း ရွှီကောင်းမင်ကို စိုးရိမ်တကြီး ကြည့်ကာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်

“ဒါပေမဲ့... ဒါပေမဲ့ ကျွန်မ... ကျွန်မ စရန်ငွေ ပေးထားပြီးပြီလေ၊ ပြန်တောင်းဖို့က မလွယ်လောက်ဘူး……”

“ဘာ!”

ရွှီကောင်းမင် ခုတင်ပေါ်မှ ဝုန်းခနဲ ထထိုင်လိုက်ပြီး

“နင်လို အိမ်ဖျက်မယ့် မိန်းမကြီး! နင် ငါ့ကို ပြောစမ်း၊ ဒါက ဘယ်လိုဖြစ်ရတာလဲ? ငါနဲ့ မတိုင်ပင်ဘဲ ဘာလို့ အရင်ဆုံး သွားမှာထားတာလဲ? ဒါတွေက ရောင်းလို့ရမှာမဟုတ်ဘူး၊ နင်ကတော့ ငါ့ကို ဒေါသထွက်အောင် လုပ်နေပြန်ပြီ။ ပြောစမ်း... စရန်ငွေ ဘယ်လောက် ပေးထားတာလဲ?”

ရှီကျန့်ရှန်း: “တစ်... တစ်ဆယ်ယွမ်……”

ရွှီကောင်းမင်: “တစ်ဆယ်ယွမ်! နင်က ပစ္စည်းကိုတောင် မမြင်ရသေးဘဲနဲ့ ဆယ်ယွမ်တောင် ပေးရဲတယ်ပေါ့၊ နင် ငါ့ကို သတ်နေတာပဲ! နင် အလုပ်လုပ်ပုံကို ကြည့်ဦး၊ ခုတလော နင်လုပ်တဲ့အထဲမှာ အကောင်းတစ်ခုမှ မပါဘူး။ အဘွားကြီးကျောက်လို ငတုံးမကတောင် နင့်ကို နှိမ်နိုင်နေပြီ၊ နင်ကတော့ တကယ်ကို ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ။”

ရှီကျန့်ရှန်းက မကျေမနပ်ဖြင့်

“ကျွန်မ သူ့ထက် မညံ့ပါဘူး!”

ရွှီကောင်းမင် ဒေါသဖြင့်

“ဒါဆို နင်ပြောစမ်း၊ ခုတလော နင်တစ်ခါလောက်များ အနိုင်ရဖူးလား? နင်က စိတ်လိုက်မာန်ပါ မလုပ်နဲ့လေ၊ ငါကြည့်ရသလောက်တော့ အဲဒီအဘွားကြီးက ခုတလော အရင်ကထက် ပိုပြီး ရင်ဆိုင်ရခက်လာတယ်။ တောက်... ဒီအဘွားကြီး!”

ရှီကျန့်ရှန်း: “သူ့ချွေးမဆိုတဲ့ နိမိတ်မကောင်းတဲ့ မိန်းမကြောင့်လည်း ပါမှာပေါ့၊ အဲဒီမိန်းမက လူတိုင်းကို ဒုက္ခပေးနေတာ၊ ဘာလို့ သူ့ယောက္ခမကိုပါ ဒုက္ခမပေးတာလဲ မသိဘူး!”

သူမသည် မကောင်းဆိုးဝါးဆန်စွာ ကျိန်ဆဲလိုက်၏။

ချန်ချင်းယွီ: “……”

ရှီကျန့်ရှန်း: “ကျွန်မ ကြည့်ရတာတော့ ခုတလော ဒီလောက်ကံဆိုးနေတာဟာ အဲဒီမိန်းမကြောင့်လည်း ဖြစ်နိုင်တယ်။”

ရှီကျန့်ရှန်း ပြောလေလေ ဟုတ်နိုးနိုး ဖြစ်လာလေလေဖြစ်ကာ

“ဟိုတစ်ခေါက် မှိုအဆိပ်မိတာကလည်း သူနဲ့အတူ မှိုသွားခူးလို့လေ၊ အခုလည်း သူနဲ့အတူ လမ်းလျှောက်လာလို့ တစ်ကိုယ်လုံး အနံ့တွေ စွဲကုန်တာ။ သူက ဘယ်လောက်တောင် နိမိတ်မကောင်းတဲ့သူလဲ ကြည့်ဦး။”

ချန်ချင်းယွီ: “???”

ဟေ့... အဘွားကြီး ရှင်က ဘယ်သူ့ကို လာပုံချနေတာလဲ? ရှင်ပဲနမိတ်မကောင်း..ရှင်တို့တစ်မိသားစုလုံးပဲ နမိတ်မကောင်း!! ရှင့်ဘိုးဘေးဘီဘင်တွေပဲ နမိတ်မကောင်း!

မှိုကိစ္စကတော့ ငါ့လက်ချက်ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲဒါက 'အသွားရှိရင် အပြန်ရှိရမယ်' ဆိုတဲ့ သဘောလေ။

အခုကိစ္စကျတော့... တောက်၊ ငါက တကယ်ကို မတရားစွပ်စွဲခံနေရတာပဲ!

ချန်ချင်းယွီမှာ တကယ်ကို မကျေမနပ်ဖြစ်သွားသည်။

ဘာလို့ သူများကို လာပုံချနေရတာလဲ!

ဂျောက်!

“ဘယ်သူလဲ!!!”

၃၄။ အကြံကြီးတစ်ခုကြားခဲ့ရတယ်

ရွှီကောင်းမင်းနှင့် ၎င်း၏မိသားစုဝင် သုံးဦးစလုံးမှာ မျက်နှာပျက်သွားကြပြီးနောက် "ဘယ်သူလဲ!" ဟု ပြိုင်တူအော်ဟစ်လိုက်ကြသည်။

ချန်ချင်းယွီတစ်ယောက် အခြေအနေမဟန်မှန်း သဘောပေါက်လိုက်၍ သူမသည် ချက်ချင်းပင် ထရပ်လိုက်ပြီး အမိုးစွန်းအတိုင်း အခြားတစ်ဖက်သို့ ခပ်သွက်သွက် ပြေးသွားခဲ့၏။ ထို့နောက် အလယ်ဝင်း၏ အမိုးပေါ်သို့ ပတ်သွားကာ ပုန်းကွယ်ရန် နေရာတစ်ခု ရှာဖွေလိုက်လေသည်။

ရှောင်စန်းမှာ စိုးရိမ်တကြီးဖြင့် အပြင်သို့ထွက်လာပြီး ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် လိုက်လံကြည့်ရှုနေ၏။တိတ်ဆိတ်ငြိမ်သက်နေသော ညဉ့်နက်ပိုင်းဖြစ်သော်လည်း လူတိုင်းမှာ နိုးကြားနေကြဆဲပင်။ ရှီရှန်း ခေါင်းပြူထွက်လာပြီး စပ်စပ်စုစု မေးမြန်းလိုက်လေသည်။

"ရှောင်စန်း၊ မင်း ဘာလုပ်နေပြန်တာလဲ?"

ရှောင်စန်းသည် ခြေဖျားထောက်၍ ခေတ္တမျှ လိုက်လံကြည့်ရှုသော်လည်း မည်သူ့ကိုမျှ မတွေ့ရှိသဖြင့် "ဘာမှမဟုတ်ပါဘူး" ဟု ဆိုကာ အိမ်ထဲသို့ ပြန်ဝင်သွားပြီး ခေါင်းခါပြလိုက်၏။

"အပြင်မှာ ဘယ်သူမှ မရှိပါဘူး။ လေလွင့်ကြောင်တစ်ကောင် ဖြစ်မှာပါ"

ရွှီကောင်းမင် စိတ်မချနိုင်သေးဘဲ စိုးရိမ်မကင်းဖြစ်နေကာ

"သေချာအောင် ပြန်ကြည့်စမ်း။ တကယ်လို့ တစ်ယောက်ယောက်က ချောင်းနားထောင်နေတာဆိုရင်..."

ရှောင်စန်း သက်ပြင်းချရင်း

"ကျွန်တော်တို့အိမ်က အုတ်ကြွပ်မိုးတဲ့အိမ်လေ၊ မြေစိုက်အိမ် မဟုတ်ဘူး။ လူတစ်ယောက်သာရှိရင် ချက်ချင်း ပြုတ်ကျသွားမှာပေါ့။ အဖေက အပိုတွေ တွေးနေတာပါ။ အပြင်မှာ လေတိုက်နေတာဆိုတော့ လေကြောင့်မြည်တဲ့အသံ ဖြစ်ပါလိမ့်မယ်"

အပြင်တွင် လေတိုက်လာခြင်းမှာ ကံကောင်းသည့်အချက်ပင်။ မဟုတ်ပါက အသံများမှာ မည်

သည့်အချိန်တွင်မှ ငြိမ်သက်သွားမည်ကို မသိနိုင်ပေ။

"အဖေကလည်း အမြဲတမ်း အဲဒီလိုပဲ သံသယတွေများပြီး အရမ်းသတိထားလွန်းတယ်။ စဉ်းစားကြည့်ပါဦး၊ တကယ်လို့ အမိုးပေါ်မှာ တစ်ယောက်ယောက်ရှိနေရင် သူ ဘယ်မှာ သွားပုန်းမလဲ? ပြီးတော့ သူက အပေါ်ကို ဘယ်လိုတက်မှာလဲ? အဖေက အပိုတွေကိုပဲ တွေးနေတာ"

ရွှီကောင်းမင် သူ၏အငယ်ဆုံးသားကို စိုက်ကြည့်လိုက်ပြီး ငေါက်ငမ်းပြောဆိုလိုက်သည်။

"ငါသာ မင်းလို ပေါ့ပေါ့ဆဆနေခဲ့ရင် ငါတို့မိသားစု ဒီနေ့ ဒီအခြေအနေကို ရောက်ပါ့မလား? သတိထားတော့ အမှားမရှိဘူးပေါ့။ ငါတို့က လွတ်လပ်ရေးမတိုင်ခင်ကတည်းက ကြီးပြင်းလာတာ၊ အစုံမြင်ဖူးပြီးသား၊ မင်းက ဘာသိလို့လဲ!"

"လက်ရှိအခြေအနေကိုလည်း ကြည့်ဦးလေ! ဒီမှာ ဘယ်သူမှ မရှိဘူး"

ရှောင်စန်း မကျေမနပ်ဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။ ရွှီကောင်းမင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ရှီကျန့်ရှန်းကို ကြည့်

လိုက်ရာ ရှီကျန့်ရှန်းမှာ အလိုက်တသိဖြင့်

"ဒါဆိုရင် ကျွန်မ အပြင်ထွက်ပြီး နောက်တစ်ခေါက် ထပ်ကြည့်လိုက်မယ်"

"ကဲပါ၊ ကဲပါ၊ စိတ်မချရင်လည်း သွားကြည့်ကြ။ ကျွန်တော်တော့ သွားအိပ်တော့မယ်၊ ဒီအဓိပ္ပာယ်မရှိတာတွေကို ဆက်မပြောချင်တော့ဘူး။ အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ၊ ဗိုက်လည်း ဆာနေပြီ။ အဖေတို့ကတော့ ဒီလို အဓိပ္ပာယ်မရှိတာတွေကိုပဲ လုပ်နေတော့တာပဲ..."

ရှောင်စန်းမှာ ပြောဆိုကာ အိမ်ထဲသို့ ဝင်သွားလေသည်။

ရှီကျန့်ရှန်းသည် အပြင်သို့ တစ်ပတ် ထပ်မံပတ်ကြည့်သော်လည်း ချန်ချင်းယွီမှာ အလယ်ဝင်း၏ အမိုးပေါ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူမကို လုံးဝ မတွေ့ရှိနိုင်တော့ပေ။ ရှီကျန့်ရှန်းသည်လည်း အငယ်ဆုံးသားပြောသည်မှာ မှန်ကန်သည်ဟု တွေးမိလိုက်ပြီး၊ အမိုးပေါ်တွင် လူတစ်ယောက် ပုန်းအောင်းရန်မှာ အမှန်တကယ်ပင် ခက်ခဲလှ၏။ အပြင်တွင် လေပြင်းများ တိုက်ခတ်နေပြီး ကောင်းကင်မှာလည်း မှောင်မှိန်ကာ မိုးရွာတော့မည့် အသွင်ဆောင်နေသည်။

"တကယ်ပဲ ဘယ်သူမှ မရှိပါဘူး။ လေတိုက်နေပြီး မိုးရွာတော့မယ် ထင်တယ်။ ဒီနှစ် နွေဦးမှာ မိုးက တော်တော်ရွာတယ်"

သူမ ထိုသို့ပြောလိုက်ရာ၊ ရွှီကောင်းမင်သည်လည်း နောက်ဆုံးတွင် စိတ်အေးသွား၍

"မနက်ဖြန်က ချင်းမင်ပွဲတော်ပဲလေ။ ဘယ်ချင်းမင်ပွဲတော်က မိုးမရွာဖူးလို့လဲ?"

"ဒါလည်း ဟုတ်တာပဲ"

ရှီကျန့်ရှန်း; "ရှင်၊ ဒီအသားတွေကို ဘာလုပ်ကြမလဲ? ဒါကို သုံးမယ်ဆိုရင် အနံ့က တော်တော်ပြင်းတယ်။ အိမ်နီးနားချင်းတွေက ပြဿနာရှာကြမှာ သေချာတယ်"

ရွှီကောင်းမင်; "မနက်ဖြန် ဟိုဘက်ကို သွားလိုက်။ အသားတွေကို ပြန်မပေးနဲ့၊ လဲခိုင်းလိုက်။ သူတို့ကို သေချာပြောကြည့်ဦး။ အနံ့က အရမ်းပြင်းနေတော့ ဒါနဲ့တော့ လုံးဝမဖြစ်ဘူး"

၎င်းတို့၏ ဧည့်ခံပွဲကို ဝင်းအတွင်း၌ ပြုလုပ်မည်ဖြစ်ရာ အသားမှ အနံ့ဆိုးများ ထွက်နေပါလျှင် မည်သူမျှ စားရဲကြမည် မဟုတ်ပေ။ ၎င်းမှာ ဧည့်ခံပွဲ ကျင်းပနိုင်ခြင်း၊ မကျင်းပနိုင်ခြင်းထက် "ဒါက လုံးဝ အဆင်မပြေဘူး" ဟူသော အချက်ပင် ဖြစ်သည်။

"ကောင်းပါပြီ၊ ကျွန်မ နားလည်ပါပြီ"

ရွှီကောင်းမင်းသည် စိတ်ဓာတ်ကျစွာဖြင့် သက်ပြင်းချလိုက်မိသည်။ သူသည် ငွေကြေးချွေတာလိုသော်လည်း တစ်ဖက်တွင်လည်း ဂုဏ်သိက္ခာကို ထိန်းသိမ်းလိုသဖြင့် ရွေးချယ်ရခက်ခဲနေခြင်း ဖြစ်၏။

"ရှင်၊ လေက ပိုတိုက်လာပြီ၊ ပြတင်းပေါက်တွေ ပိတ်လိုက်ရအောင်။ အိမ်ထဲက အနံ့တွေလည်း စင်သွားလောက်ပါပြီ"

"အေးပါ"

အနံ့ဆိုးများနှင့် အချိန်အတော်ကြာ ထိတွေ့နေရသောကြောင့် ဇနီးမောင်နှံနှစ်ဦးစလုံး နှာပိတ်သလို ခံစားနေရပြီး အနံ့ကိုလည်း ယဉ်ပါးသွားကြပြီဖြစ်သည်။ ထို့နောက် သူတို့နှစ်ဦးသား ပြတင်းပေါက်များကို အတူတူ ပိတ်လိုက်ကြ၏။ ချန်ချင်းယွီသည်ကား နေရာမှ မရွေ့သေးပေ။ ရွှီကောင်းမင် မိသားစုပြန်လာမည်ကို ကြောက်၍မဟုတ်ဘဲ အောက်မှ အသံဗလံများကို နားထောင်ရင်း စိတ်ဝင်စားလွန်း၍ မလှုပ်နိုင်ဘဲ ဖြစ်နေခြင်းပင်။

အိမ်သားတို့ရေ... ဒီမှာ ခဏလေး လာပုန်းနေရင်းနဲ့မှ ဒီလောက်အထိ အုတ်အော်သောင်းနင်း ဖြစ်စရာတွေကို ကြားလိုက်ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ?

ချန်ချင်းယွီက စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

သူမသည် လက်ရှိတွင် ယွမ်ဟောက်မင်၏ အိမ်အမိုးပေါ်၌ ဝပ်နေခြင်းဖြစ်သည်။ ၎င်းတို့၏ အိမ်ဝင်းမှာ အုတ်နီခဲ၊ အုတ်ကြွပ်ပြာများဖြင့် ဆောက်လုပ်ထားသော်လည်း ဤကဲ့သို့သော အမိုးမျိုးမှာ ပုန်းအောင်းရန် မကောင်းလှသဖြင့် သူမသည် အမိုးအစွန်းမှတစ်ဆင့် အလယ်ဝင်းဘက်သို့ ခပ်သွက်သွက် ကူးသွားပြီး အမိုးထောင့်တစ်နေရာတွင် ပုန်းနေလိုက်၏။

သူမ ခေတ္တမျှသာ ပုန်းနေရန် ရည်ရွယ်ထားသော်လည်း မထင်မှတ်ဘဲ ဤအိမ်မှာ ယွမ်ဟောက်မင်၏ အိမ်ဖြစ်နေသည်!

ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့ လင်မယားမှာ နှစ်ကိုယ်ကြား စကားပြောနေကြစဉ် ချန်ချင်းယွီကတစ်ယောက် "ကြားပြီ! ငါ အကုန်ကြားလိုက်ရပြီ!" ဟု စိတ်ထဲမှ အော်ဟစ်လိုက်မိ၏။

ချန်ချင်းယွီသည် ယွမ်မိသားစုအပေါ် ထွေထွေထူးထူး ခံစားချက်မရှိပေ။ သူတို့နှင့် ရင်းနှီးသည့် ဆက်ဆံရေးလည်း မရှိသလို၊ ကြီးကြီးမားမား ပဋိပက္ခလည်း မရှိခဲ့ဖူးပေ။ ထိုဇနီးမောင်နှံသည် သူမ၏ အလုပ်ကိစ္စကို လာရောက် စုံစမ်းခဲ့ဖူးသော်လည်း ချန်ချင်းယွီကတော့ အလေးမထားခဲ့ပေ။

ကိုယ့်အကျိုးစီးပွားအတွက် ကိုယ်တွက်ချက်ကြတာ ဘယ်သူမဆို လုပ်ကြတာပဲ မဟုတ်ပါလား?

ထို့အပြင် ဤဝင်းထဲတွင် သူမ၏အလုပ်ကို မျက်စိကျနေသူမှာ သူတို့ဇနီးမောင်နှံ တင်မဟုတ်ပေ။ ထို့ကြောင့် ထိုမိသားစုနှစ်ခုမှာ တစ်ဖက်နှင့်တစ်ဖက် မနှောင့်ယှက်ဘဲ ကိုယ့်ဘာသာကိုယ်သာ နေထိုင်ကြသည်။

ချန်ချင်းယွီသည် ထိုဇနီးမောင်နှံအပေါ် အေးစက်စက်သာ သဘောထားခဲ့သော်လည်း ယခု သူတို့ပြောနေသည့် စကားများကို ကြားလိုက်ရသည့်အခါတွင်တော့ သူမ၏မျက်လုံးများမှာ အံ့အားသင့်လွန်းသဖြင့် အပြင်သို့ ထွက်ကျမတတ် ဖြစ်သွားရသည်။

ဒီဇနီးမောင်နှံကတော့ တကယ်ကို တစ်မျိုးကြီးပါလား...

ချန်ချင်းယွီ အမိုးပေါ်မှ ချောင်းမြောင်းနားထောင်နေစဉ် ယွမ်ဟောက်မင်တစ်ယောက် သူ့မိန်းမကို မေးမြန်းနေ၏။

"ဒီနေ့ သွားစုံစမ်းတာ ဘယ်လိုလဲ?"

ကျောက်ရုံမှာ စိုးရိမ်ပူပန်နေသည့် မျက်နှာထား၊ စိတ်မရှည်သော လေသံဖြင့် ပြန်ပြောလေသည်။

"ဘာရှိရမှာလဲ? အမြဲတမ်းဝန်ထမ်း အလုပ်တစ်ခုရဖို့ ဘယ်လောက်ခက်တယ်ဆိုတာ ရှင်လည်း သိတာပဲ။ လူကြီးတွေတောင် စီစဉ်ပေးဖို့ ခက်နေတာ၊ ငါတို့မိသားစုအတွက် ဆိုရင်တော့ ပြောမနေနဲ့တော့။ ငါတို့မှာ သားသမီးလေးယောက်ရှိတာ တစ်ယောက်မှ ကျေးလက်ကို မဆင်းရသေးဘူး။ ဒါက မူဝါဒနဲ့ မကိုက်ညီဘူးလေ"

ချန်ချင်းယွီသည် အမိုးပေါ်မှနေ၍ ခေါင်းတငြိမ့်ငြိမ့် လုပ်နေမိသည်။ အမှန်ပင် ၎င်းမှာ လက်ရှိကျင့်သုံးနေသည့် မူဝါဒဖြစ်ပြီး အသက်ကြီးလွန်းသူ မဟုတ်ပါက သတ်မှတ်ချက်ဝင်သည့် မိသားစုတိုင်း ကျေးဘက်သို့ ဆင်းရန် ငြင်းဆန်၍မရပေ။ ထိုသို့ ငြင်းဆန်ပါလျှင် မူဝါဒကို ဆန့်ကျင်ခြင်းဖြစ်ပြီး မိဘများပါ အပြစ်ပေးခံရမည် ဖြစ်၏။

ချန်ချင်းယွီ ဤနေရာသို့ ရောက်သည်မှာ မကြာသေးသော်လည်း ဤအချက်ကိုမူ သူမ သိထားလေသည်။

သူမ၏ အသက်အရွယ်အရဆိုလျှင်ပင် သူမသာ ချက်ချင်း လက်မထပ်ခဲ့ပါက၊ သို့မဟုတ် လင်းကျန့်ဝမ်သည်သာ အမြဲတမ်းဝန်ထမ်း မဟုတ်ခဲ့ပါက သူမသည်လည်း ကျေးလက်သို့ သေချာပေါက် ဆင်းရမည်ဖြစ်၏။ ထို့ကြောင့် ယွမ်မိသားစု၏ အခြေအနေမှာ ယခုအခါ ပို၍ ရှုပ်ထွေးနေလေသည်။

ယွမ်မိသားစုကိုယ်တိုင်လည်း ဤအခြေအနေကို သိရှိပုံရပြီး

ယွမ်ဟောက်မင်မှာ သက်ပြင်းချရင်း

"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ! ဟောက်ရွှယ်ကို တကယ်ပဲ ကျေးလက်ကို ဆင်းခိုင်းရတော့မှာလား? အဲဒီမှာက ဘယ်လိုဘဝမျိုးလဲ? ငါတို့ ဟောက်ရွှယ်က ငယ်ငယ်ကတည်းက အလိုလိုက်ခံလာရတာ၊ ဒီလို ဆင်းရဲဒုက္ခတွေကို တစ်ခါမှ မကြုံဖူးဘူး"

ကျောက်ရုံ ယွမ်ဟောက်မင်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး

"ဟောက်ရွှယ်က အလုပ်တစ်ခုရသွားလို့ ကျေးလက်ကို မဆင်းရတော့ဘူး ဆိုရင်တောင် ကျွန်မတို့မိသားစုအတွက်က ပြဿနာရှိနေတုန်းပဲ။ ကျွန်မတို့သားသမီးတွေထဲက တစ်ယောက်မှ ကျေးလက်မဆင်းဘူးဆိုရင် သူတို့က တက်ကြွမှု မရှိဘူးလို့ အဓိပ္ပာယ်ရတယ်။ ရှင့်ရဲ့ ရာထူးတိုးဖို့ကိုရော ရှင်မစဉ်းစားတော့ဘူးလား? ရာထူးတိုးဖို့ မပြောနဲ့ဦး၊ ကျွန်မတို့အားလုံးက အလုပ်လုပ်နေကြတာဆိုတော့ ဝေဖန်ခံရပြီး အပြစ်ပေးခံရလိမ့်မယ်။ အဲဒီလို အပြစ်ပေးခံရပြီဆိုရင်တော့..."

ယွမ်ဟောက်မင်လည်း ဤအချက်ကို တွေးမိထားပြီးဖြစ်သည်။ သူတို့အားလုံးသည် တက္ကသိုလ်တက်ခဲ့ပြီး စက်ရုံများတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ကြသူများဖြစ်ရာ ဝန်ထမ်းလောကအကြောင်းကို ကောင်းကောင်း နားလည်ထားကြ၏။

"ဒါဆို မင်းက ဘာလုပ်စေချင်တာလဲ? ဟောက်ရွှယ်ကို တကယ်ပဲ ကျေးလက်ကို ဆင်းခိုင်းတော့မှာလား? မင်း တကယ်ပဲ ရက်ရက်စက်စက် လုပ်နိုင်လို့လား?"

ကျောက်ရုံ: "ဘယ်လိုလုပ် ရက်စက်နိုင်မှာလဲ? သူက ကျွန်မသမီးပဲလေ။ ကျွန်မရဲ့ ဟောက်ရွှယ်လေးက အရည်အချင်းရှိတယ်၊ လှတယ်၊ ဉာဏ်လည်းကောင်းတယ်။ သူမကို ငယ်ငယ်ကတည်းက အကောင်းဆုံး ပြုစုပျိုးထောင်လာတာ။ သူမကို ကျေးလက်မှာ ဒုက္ခမခံခိုင်းနိုင်ပါဘူး။ ဒါ့အပြင် သူမက အရမ်းလှတာလေ။ ကျေးလက်မှာ ခံရမယ့် ဆင်းရဲဒုက္ခတွေကို ခဏထားဦး၊ သူမရဲ့ ရုပ်ရည်ကြောင့် ဖြစ်လာမယ့်ကိစ္စတွေကို ရှင် စိတ်ချနိုင်ပါ့မလား?"

သူမ ခေတ္တမျှ ရပ်လိုက်ပြီးနောက် ယွမ်ဟောက်မင်ကို ကြည့်ကာ သူ၏လက်ကို ဆုပ်ကိုင်ရင်း အလေးအနက် ပြောလိုက်၏။

"ဟောက်မင် ဒီအချိန်မှာတော့ ရှောင်ချွေကို မိသားစုအတွက် အနစ်နာခံခိုင်းရတော့မယ်!"

ယွမ်ဟောက်မင် မျက်လုံးပင့်ကြည့်လိုက်ပြီး

“မင်း... မင်းက သူ့ကို ကျေးလက်ဆင်းခိုင်းချင်တာလား? မဖြစ်ဘူး၊ မဖြစ်ဘူး၊ ငါသဘောမတူနိုင်ဘူး။ အပြင်လူတွေ မသိပေမဲ့ မင်းတော့ သိတာပဲမဟုတ်လား? ရှောင်ချွေကလည်း ငါ့သမီးပဲလေ။ သူမကို ရွာကနေ ခေါ်လာတာ လေးငါးနှစ်ပဲ ရှိသေးတယ်။ ကောင်းကောင်းမွန်မွန် နေရတာ နှစ်နှစ်တောင် မပြည့်သေးဘူး၊ အခု ကျေးလက်ကို ပြန်ပို့မယ်ဆိုတာတော့ ငါသဘောမတူနိုင်ဘူး။ သူမကို အဲဒီလို ဒုက္ခမခံခိုင်းနိုင်ပါဘူး"

ကျောက်ရုံကတော့ စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိ၏။

‘အပြင်လူတွေ မသိဘူး ဟုတ်လား? ဒါဟာ ရှင့်ရဲ့ အရင်းခေါက်ခေါက် သမီးဆိုတာ လူတိုင်းသိနေတာပဲ…

ရှင့်ကိုယ်ရှင်နဲ့နှိုင်းပြီး လူတိုင်းကို လူအလို့ ထင်နေတာလား? သူမက ရှင့်မိန်းမဟောင်း မွေးစားထားတဲ့ကလေးဆိုပြီး လူတွေကို လှည့်စားဖို့ ကြိုးစားနေတာက သင်္ချိုင်းမှာ စက္ကူပိုက်ဆံ မီးရှို့ပြနေသလိုပဲ (အလကား အပိုတွေ လုပ်နေတာ)!’

ကျောက်ရုံ ယွမ်ဟောက်မင်၏ လက်ကို မလွှတ်တမ်း တင်းတင်းဆုပ်ကိုင်ထားပြီး

"သူမက ကျေးလက်မှာ ကြီးပြင်းလာတာမို့လို့ အဲဒီက လူနေမှုပုံစံနဲ့ ယဉ်ပါးပြီးသားလေ၊ ဒါကြောင့် သွားရတာ ခက်ခဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မတို့သမီး ဟောက်ရွှယ်ကို ကြည့်ဦး၊ အလိုလိုက်ခံထားရတဲ့ မိန်းကလေးတစ်ယောက်က ကျေးလက်ဘဝကို ဘယ်လိုတောင့်ခံနိုင်မှာလဲ? နောက်ပြီး သူမကလည်းလှတော့ တကယ်လို့ မကောင်းတဲ့စိတ်ရှိတဲ့သူနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ? ရှင့်သမီးလေး ကျေးလက်မှာ ဘဝပျက်သွားမှာကို ရှင် တကယ်ပဲ ရက်ရက်စက်စက် ကြည့်နေနိုင်မှာလား? ရှောင်ချွေကို ကျေးလက်ပို့ရမှာ ရှင့်အတွက် ခက်ခဲမယ်ဆိုတာ ကျွန်မသိပါတယ်၊ ဒါပေမဲ့ ဒါဟာ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ကျွန်မတို့ သဘောတူထားတဲ့ကိစ္စ မဟုတ်ဘူးလား? အဲဒီတုန်းက ရှောင်ချွေကို မြို့ပေါ်ခေါ်လာတာက ဟောက်ရွှယ်ရဲ့ ကိုယ်စား ကျေးလက်ကို ဆင်းပေးဖို့လေ။ အခုမှ ရှင်က စိတ်ပြောင်းချင်နေတယ်ဆိုတော့ ဟောက်ရွှယ်က ဘယ်လိုလုပ်မလဲ?"

သူမ ဆက်ပြီး တိုက်တွန်းလိုက်လေသည်။

"ရှင် ကျွန်မအကြောင်း သိသားပဲ၊ ကျွန်မက အဲဒီလို အသည်းနှလုံးမရှိတဲ့လူမျိုးလား? တကယ်လို့ ရှောင်ချွေသာ ကျေးလက်ကို ဆင်းမယ်ဆိုရင် သူမအတွက် လိုအပ်တဲ့ ငွေကြေးနဲ့ ရိက္ခာကူပွန်တွေကို သေချာပြင်ဆင်ပေးမှာပါ။ သူမကို လုံးဝ ဒုက္ခမခံခိုင်းပါဘူး"

ယွမ်ဟောက်မင်မှာ စိတ်နှစ်ခွဖြစ်ကာ တွေဝေနေမိ၏။

ကျောက်ရုံ; "သူမ အထက်တန်းအောင်လို့ ကျေးလက်ဆင်းရမယ့် အခြေအနေ ရောက်လာရင် ဟောက်ရွှယ်ရဲ့ ကိုယ်စား သွားပေးဖို့ ရှောင်ချွေကို ခေါ်လာခဲ့ကြတာလေ။ အခုမှ ရှင် ကတိဖျက်လို့ မရဘူး။ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မ ဘယ်လိုလူလဲဆိုတာ ရှင် မသိဘူးလား? ပြောစမ်းပါဦး၊ ဒီနှစ်တွေမှာ ဟောက်ရွှယ်နဲ့ ဟောက်ယွဲ့တို့ ဘာရရ၊ ရှောင်ချွေကိုလည်း ပေးခဲ့တာပဲ။ သူမကို ကျွန်မ ဘယ်တုန်းကမှ နှိမ်မထားခဲ့ဘူး။ ကိုယ့်သမီးအရင်းလိုပဲ ဆက်ဆံခဲ့တာပါ။ ဘာလို့ ဒီလိုလုပ်ရတာလဲ? သူမက ရှင့်သမီး ဖြစ်နေလို့ မဟုတ်ဘူးလား? ရှင့်ကို ချစ်လို့ သူမကိုလည်း ချစ်ပေးတာပါ။ ဒါပေမဲ့ အခုက အခြေအနေက ဒီလိုဖြစ်နေပြီ၊ ငါတို့ ဘာလုပ်နိုင်မှာလဲ? သူမကို နယ်မဆင်းခိုင်းဘူး ဆိုရင်တောင် အလုပ်မရှိရင် သူမက သွားရမှာပဲလေ။ သူမက မြို့သား..."

"သူမက မြို့ခံအိမ်ထောင်စုစာရင်း ရှိပေမဲ့ အလုပ်မရှိရင်တော့ ကျေးလက်ကို သွားရမှာပဲ။ သူမအတွက် ငွေနဲ့ ရိက္ခာလက်မှတ်တွေ အများကြီး ပြင်ပေးလိုက်မယ်ဆိုရင် ဟိုက ကျေးလက်မိန်းကလေးတွေထက်တောင် ပိုပြီး ကောင်းကောင်းနေရဦးမှာပါ။ ရှင် ဘာကို စိုးရိမ်နေတာလဲ?"

ယွမ်ဟောက်မင်; "ဒါဆို... သူမက စိတ်မချမ်းသာရင်ရော?"

ကျောက်ရုံ; "သူမကို ကျွန်မ သွားပြောလိုက်မယ်။ ဒါက မူဝါဒပဲလေ၊ ကျွန်မတို့ ဘာတတ်နိုင်မှာလဲ? သူမသာ ကျေးလက်ကိုဆင်းသွားရင် ကျွန်မတို့မိသားစုအတွက် နေရာလွတ်တစ်ခု ရသွားပြီး ရပ်ကွက်ကော်မတီကလည်း ကျွန်မတို့ကို လာပြီး ပစ်မှတ်ထားတော့မှာ မဟုတ်ဘူး။ ဒါတောင်မှ ဟောက်ရွှယ်က ကျေးလက် မဆင်းရတော့ဘူးလို့ မဆိုလိုသေးဘူး၊ သူမအတွက်လည်း အမြဲတမ်းအလုပ်တစ်ခု အမြန်ရှာဖို့ လိုသေးတယ်..."

ထိုဇနီးမောင်နှံ ဆွေးနွေးနေသမျှကို ချန်ချင်းယွီ အမိုးပေါ်မှ အသေအချာ နားထောင်ရင်း ဆွံ့အလျက် ရှိနေသည်။

သူမ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ထိုဇနီးမောင်နှံ၏ လူမဆန်မှုကို အံ့ဩ၍ မကုန်နိုင် ဖြစ်နေ၏။ ၎င်းတို့သည် နှစ်ပေါင်းများစွာကတည်းက ဤကဲ့သို့ ကြိုတင်တွက်ချက်ထားကြခြင်းအပေါ် ပို၍ပင် အံ့အားသင့်မိသည်။ သူ့သမီးကို ကျေးလက်မှ ခေါ်လာခဲ့သည်မှာ တစ်ယောက်ယောက်အစား ကျေးလက်သို့ ဆင်းပေးရန်အတွက် ဖြစ်နေသည်ကိုး။

ယွမ်ဟောက်မင်၏ တွေဝေနေသည့် ပုံစံကိုကြည့်ပြီး အယုံလွယ်လျှင် မှားသွားနိုင်ပေမည်။ ချန်ချင်းယွီမှာ သူ့ကဲ့သို့ ယောကျာ်းမျိုးကို အလွန်အထင်သေးမိ၏။

သူက ဘယ်လိုတောင် ဖခင်ကောင်းလိုမျိုး အယောင်ဆောင်နေတာလဲ?

ရှောင်ချွေ မရောက်လာခင်ကတည်းက သူက သဘောတူထားပြီးသားလေ။ အခုမှ လူကောင်းပုံစံ အယောင်ဆောင်ပြနေတာပဲ…

သူ့ရဲ့ စိတ်မချမ်းသာသလို ဟန်ဆောင်နေတဲ့ ဖခင်ကောင်းပုံစံက ကျောက်ရုံကို ဗီလိန်ဇာတ်သွင်းနေတာပဲ…

သူကိုယ်သူကြတော့ လူကောင်းပါပေါ့..ဖွီ..ဖွီ..ကြောင်သူတော်ကြီး!

ကျောက်ရုံမှာမူ နှစ်ပေါင်းများစွာကတည်းက အကွက်ချ စီစဉ်ခဲ့သူဖြစ်ပြီး ချန်ချင်းယွီ မှတ်မိသလောက်ဆိုလျှင် ရှောင်ချွေ မြို့ပေါ်သို့ ရောက်လာသည့်နှစ်မှာ သူမ ဤအိမ်သို့ အိမ်ထောင်ပြုပြီး ရောက်လာသည့်နှစ်နှင့် အတူတူပင် ဖြစ်သည်။ သူတို့နှစ်ဦးမှာ ဤဝင်းထဲသို့ တစ်ချိန်တည်းလိုလို ရောက်လာကြသူများ ဖြစ်သောကြောင့်လား မသိ၊ ရှောင်ချွေသည် တစ်ခုခုဆိုလျှင် သူမနှင့် အမြဲ ပြိုင်ဆိုင်လိုစိတ် ရှိနေ၏။

သူတို့နှစ်ဦးမှာ ငါးနှစ်၊ ခြောက်နှစ်ခန့် ကွာခြားသော်လည်း ထိုမိန်းကလေး အဘယ်သို့ တွေးနေသည်ကို သူမ မသိပေ။

သို့သော် ချန်ချင်းယွီတွင်မူ သူမကို အမြဲရိုက်နှက်နှိပ်စက်နေသည့် ရက်စက်သော ယောက္ခမရှိပြီး၊ ရှောင်ချွေတွင်မူ သူမ၏သားသမီးအရင်းများထက်ပင် ပို၍မျက်နှာသာပေးကာ အမှန်တကယ် ကောင်းမွန်သည့် အလွန်တော်သော မိထွေး ကျောက်ရုံ ရှိနေသည်။ ဟောက်ရွှယ်နှင့် ဟောက်ယွဲ့တို့ ရသမျှ အရာအားလုံးကိုလည်း သူမ ရရှိခဲ့၏။

ယွမ်မိသားစုတွင် မိဘနှစ်ပါးစလုံး အလုပ်လုပ်ကြပြီး သားကြီးဖြစ်သူမှာလည်း အလုပ်ရှိသောကြောင့် ၎င်းတို့၏ စီးပွားရေးအခြေအနေမှာ အတော်အတန် ကောင်းမွန်လှသည်။ ရှောင်ချွေ၏ လူနေမှုဘဝမှာ ရှေ့ဝင်းထဲမှ တစ်ဦးတည်းသောသမီး လီလင်းလင်းထက်ပင် ပို၍အဆင်ပြေနေသောကြောင့် သူမသည် မိမိကိုယ်ကို အထက်တန်းကျသည်ဟု ခံစားနေရပြီး တစ်ခါတစ်ရံတွင် လီလင်းလင်းကိုပင် အထင်သေးတတ်၏။

ချန်ချင်းယွီအပေါ်လည်း သူမ အထင်သေးသည်မှာ အမှန်ပင်။ အိမ်နီးနားချင်းများအပေါ် စိတ်ခံစားချက်အမှန်ကို ဖုံးကွယ်ပြီး ယဉ်ကျေးပျူငှာစွာ ဆက်ဆံတတ်သော ဟောက်ရွှယ်နှင့်မတူဘဲ ရှောင်ချွေမှာ လူအများကို အထင်သေးသည့်အမူအရာ ပြတတ်သဖြင့် ဝင်းအတွင်းရှိလူများကြားတွင် သူမမှာ ရေပန်းမစားပေ။

ချန်ချင်းယွီသည် အစပိုင်းတွင် ဤအချက်ကို သိပ်မစဉ်းစားမိသော်လည်း ယခုမှပင် ရုတ်တရက် သဘောပေါက်သွားတော့သည်။ ရှောင်ချွေသည် မြို့ပေါ်သို့ စရောက်ခါစ၌ ဤကဲ့သို့မဟုတ်ဘဲ ကြောက်ကြောက်ရွံ့ရွံ့နှင့် နာခံတတ်သော ရွာသူလေးတစ်ဦးသာ ဖြစ်၏။ ယခု နှစ်အနည်းငယ်အတွင်းမှာပင် သူမသည် ဤမျှအထိ ပြောင်းလဲသွားခဲ့ပြီး ရွာသူလေးတစ်ယောက် ဤမျှမြန်မြန် ပြောင်းလဲသွားသည်မှာ မဖြစ်နိုင်ဘဲ တစ်စုံတစ်ဦး၏ မြှောက်ပင့်အားပေးမှုများ သေချာပေါက် ရှိနေရမည်ဟု သူမ တွေးမိလိုက်သည်။

ချန်ချင်းယွီသည် ယခုမှပင် အမှန်တကယ် ခံစားလိုက်ရသည်မှာ….

ကျောက်ရုံဆိုတဲ့ အမျိုးသမီးကတော့ တကယ်ကို မလွယ်လှပါလား!

သူတို့နှစ်ယောက်လုံး အိုးပဲ့နဲ့စလောင်းပဲ့လိုပဲ လိုက်လဲလိုက်ကြတယ်…

အပေါ်ယံအသွင်အပြင်တွေက လှည့်စားနိုင်တယ်ဆိုတာ ဒါကိုပြောတာပဲ!

ပညာတတ်ခြင်းမှာအသိပညာကို ပေးစွမ်းနိုင်သော်လည်း အသိပညာရှိခြင်းမှာ စရိုက်ကောင်းမွန်ခြင်းနှင့် မသက်ဆိုင်ပေ။

ဒါတွေက ဘယ်လိုလူစားမျိုးတွေလဲ?

ချန်ချင်းယွီသည် ဤအတင်းအဖျင်းစကားများကို ချောင်းနားထောင်ရင်း အမှန်တကယ်ပင် မျက်စိပွင့်နားပွင့် ဖြစ်သွားရသည်။

လေတိုက်နှုန်းမှာ ပို၍ပြင်းလာရာ သူမသည် အေးစက်လာသဖြင့် လက်ဝါးချင်းပွတ်ရင်း နောက်ဆုတ်ရန် ပြင်လိုက်၏။ ချန်ချင်းယွီ နေရာမှ ရွေ့တော့မည့်ဆဲဆဲတွင် ကျောက်ရုံမှ

"တကယ်တော့ ကျွန်မမှာ ယာယီအလုပ်တစ်ခုအတွက် အဆက်အသွယ် ရှိပါတယ်၊ ဒါပေမဲ့..."

အတင်းအဖျင်းအကြောင်း ကြားရသောအခါ ချန်ချင်းယွီခမျာ "ဟင်း... ငါ နေရာက မရွေ့ချင်တော့ဘူး" ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

စပ်စုခြင်းမှာ ဘေးဖြစ်တတ်သည်ဟု ဆိုကြသော်လည်း ချန်ချင်းယွီသည်ကား ဆက်လက်နားထောင်ရန်အတွက် အအေးဒဏ်ကို အောင့်အည်းသည်းခံရန် ဆုံးဖြတ်လိုက်သည်။

သူမသည် နားကိုစွင့်ထားပြီး နောက်ထပ် ခဏလောက် ထပ်နားထောင်ရန် ကြိုးစားလိုက်၏။

လေတိုက်ရင်ရော ဘာဖြစ်လဲ? နည်းနည်းအေးရင်ရော ဘာဖြစ်လဲ?

သူမ အောင့်ခံနိုင်ပါတယ်!

ရတယ်! သူမ ဆက်ပြီး နားထောင်ပါဦးမယ်!

အမိုးပေါ်တွင် ဝပ်နေသော ချန်ချင်းယွီသည် ယွမ်ဟောက်မင်၏ အလောတကြီး ပြောလိုက်သော အသံကို ကြားလိုက်ရသည်။

"ယာယီအလုပ်အတွက် အဆက်အသွယ် ဟုတ်လား? ပြောစမ်းပါဦး! ဘာလို့ စောစောက မပြောတာလဲ? ဒါပေမဲ့ ဘာလို့ အမြဲတမ်းအလုပ် မဟုတ်ရတာလဲ? ငါတို့ ဟောက်ရွှယ်က အမြဲတမ်းဝန်ထမ်းအလုပ်နဲ့ ထိုက်တန်တာပါ"

ကျောက်ရုံမှာ ဆွံ့အသွားပြီး

"ရှင်က အမြဲတမ်းအလုပ်တွေကို မုန်လာထုပ်တွေလို အလွယ်တကူ ရနိုင်တယ်လို့ ထင်နေတာလား? ဒီဘက်ခေတ်မှာ အမြဲတမ်းအလုပ်တစ်ခု ရဖို့ ဘယ်လောက်ခက်တယ်ဆိုတာ ရှင်မသိဘူးလား? ပိုက်ဆံရှိရင်တောင် လစ်လပ်တဲ့ အမြဲတမ်းရာထူးက မရှိဘူးလေ။ မိသားစုတိုင်းက ကျေးလက်ကို ဆင်းရတော့မယ်ဆိုတော့ လူတိုင်းက ကိုယ့်လမ်းကိုယ် ရှာနေကြတာ။ အလုပ်အကိုင် အခွင့်အလမ်း အနည်းငယ်ရှိရင်တောင် အဆက်အသွယ်နဲ့ နောက်ခံရှိတဲ့သူတွေက အကုန်ဦးသွားကြတာပဲ။ အတည်တကျရှိတဲ့ ယာယီအလုပ်ဆိုတာတောင် အလွယ်တကူ ရနိုင်တာ မဟုတ်ဘူး။ ရှင်လည်း အဲဒါကို သိတာပဲ မဟုတ်လား?"

ယွမ်ဟောက်မင်းမှာ ကျောက်ရုံပြောသည်မှာ အမှန်တရားဖြစ်ကြောင်း သိသဖြင့် အားမလိုအားမရ ရယ်မောလိုက်ပြီး စိတ်မသက်မသာ ဖြစ်သွား၏။ ထို့နောက်

"ဒါဆို အဲဒီအလုပ်အကြောင်း ပြောပါဦး"

"ဒီအလုပ်ကို အထင်မသေးနဲ့ဦး..."

"ဒါက ယာယီအလုပ်ဆိုပေမဲ့ လူတိုင်း ရနိုင်တာမဟုတ်ဘူး။ စက်ရုံရဲ့ သတင်းဖြန့်ချိရေးဌာနက ယာယီအလုပ်ပဲ"

ယွမ်ဟောက်မင်းမှာ ရုတ်တရက် စိတ်ဝင်စားသွားပြီး

"သတင်းဖြန့်ချိရေးဌာန? ငါတို့စက်ရုံကလား? ငါ ဘာလို့ ဘာမှမသိရတာလဲ?"

"ရှင်က ဘာသိမှာလဲ! ဒီလို လူသစ်ခေါ်တာမျိုးကို ဘာလို့ လူသိရှင်ကြား ကြေညာမှာလဲ? အတွင်းလူတွေပဲ သိတာပေါ့။ ကျွန်မတို့ အတန်းဖော်ဟောင်း ကျန်းယုံနဲ့ စကားပြောရင်း သိခဲ့ရတာ။ ဒါပေမဲ့ သိရတာက တစ်ပိုင်း၊ သူတို့က ဒီအလုပ်ကို ငါတို့မိသားစုကို အလကားသက်သက် ပေးမှာတော့ မဟုတ်ဘူး"

ယွမ်ဟောက်မင်း မကျေမနပ်ဖြင့် ဆိုလိုက်မိ၏။

"ငါတို့အားလုံးက အတန်းဖော်တွေပဲလေ။ သူက အခု အောင်မြင်နေပြီဆိုတော့ သူ့ကိုယ်သူ အရမ်းတော်တယ်လို့ ထင်နေတာလား? တကယ်ကို အရေးပါတဲ့လူတစ်ယောက်လို့ ထင်နေတာပဲ။ ငါသာ ကံမဆိုးခဲ့ရင် သူ့ထက် ညံ့မှာမဟုတ်ဘူး"

ကျောက်ရုံမှာ စိတ်မရှည်တော့သော်လည်း

"ရှင်က ဒါတွေကို ဘာလို့ ပြောနေတာလဲ? အခု သူက အဆက်အသွယ်ရှိတဲ့သူလေ၊ အဓိကက ကျွန်မတို့က ဒီအခွင့်အရေးကို ဆုပ်ကိုင်မလား၊ မဆုပ်ကိုင်ဘူးလား ဆိုတာပဲ"

"ဒါပေါ့၊ ဆုပ်ကိုင်ရမှာပေါ့! သူက ပိုက်ဆံ ဘယ်လောက်လိုချင်တာလဲ? ပိုက်ဆံပဲ မဟုတ်လား? ဟဲဟဲ... အဲဒီလိုလူမျိုးက လူယုတ်မာပဲ!"

ယွမ်ဟောက်မင် သူ့အတန်းဖော်ဟောင်းမှာ အလကားသက်သက် မကူညီ၍ မကျေနပ်သည့်အပြင် သူ့ထက် အခြေအနေကောင်းနေခြင်းအပေါ် မနာလိုစိတ်ဖြင့် ပြစ်တင်ပြောဆိုနေသည်။

ကျောက်ရုံ သက်ပြင်းချရင်း

"ဒါက ပိုက်ဆံကိစ္စတင် မဟုတ်ဘူး။ သူတို့က လူတစ်ယောက် လိုချင်တာ"

"ဘာ!"

ယွမ်ဟောက်မင်မှာ တုန်လှုပ်သွားပြီးနောက် ဇဝေဇဝါဖြင့်

"လူတစ်ယောက်? ဘယ်လိုလူမျိုးလဲ?"

ကျောက်ရုံ သူ့ကို မျက်စောင်းထိုးလိုက်ပြီး

"ဘယ်လိုလူမျိုးလဲ ဟုတ်လား? သူက အတူအိပ်ပေးမယ့်သူ လိုချင်တာ!"

"ဘာ! အဲဒီကောင်စုတ်က... သူက..."

ယွမ်ဟောက်မင် ဆဲဆို၍မပြီးခင်မှာပင် ကျောက်ရုံ သူ့ပါးစပ်ကို ပိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်ကာ

“အသံတိုးတိုးလုပ်ပါ၊ သူများတွေ သိသွားစေချင်လို့လား? ဒီလိုကိစ္စမျိုးက တိတ်တိတ်ဆိတ်ဆိတ်ပဲ နေရမှာ။ ဒါပေမဲ့ ကျွန်မရဲ့ ဟောက်ရွှယ်ကိုတော့ အနစ်နာမခံနိုင်ပါဘူး။ သူမက ကျွန်မသမီးပဲလေ၊ ဘယ်လိုလုပ် ရက်စက်နိုင်မှာလဲ? သူက သူ့အသက်အရွယ်ကိုလည်း ပြန်မကြည့်ဘူး။ နွားအို မြက်နုစားချင်နေတာ၊ သူနဲ့ တန်၊ မတန်ဆိုတာကို အရင်စဉ်းစားသင့်တယ်!"

ယွမ်ဟောက်မင် : "!!!"

သူက အသက်ပြင်းပြင်းရှူလိုက်ရင်း

"ဒါဆို မင်းက ဘယ်လိုလုပ်စေချင်တာလဲ!"

ယာယီဝန်ထမ်းနေရာကိုတောင် သူတို့က အဲဒီလို လိုချင်နေကြတာပေါ့!!

ကျောက်ရုံ တွေဝေနေပြီးမှ လေသံတိုးတိုးလေးဖြင့် ပြောလိုက်၏။

"ကျွန်မ စဉ်းစားနေတာက... ရှောင်ချွေကိုပဲ လွှတ်လိုက်ရင်ရော? ရှောင်ချွေကလည်း ရှင့်သမီးပဲလေ၊ ရုပ်ရည်ကလည်း မဆိုးပါဘူး။ နည်းနည်းပါးပါး ပြင်ဆင်ပေးလိုက်ရင် ဖြစ်ပါတယ်။ ဒါက အတူအိပ်ပေးရုံတင်ပဲလေ။ သူမကို သေချာဂရုစိုက်ပေးရင် ဒီယာယီအလုပ်ကို ရနိုင်တယ်။ အဲဒီကျမှ ကျွန်မတို့ ဟောက်ရွှယ်ကို သတင်းဖြန့်ချိရေးဌာနထဲ ထည့်ပေးလိုက်မယ်။ ရှင်စဉ်းစားကြည့်ဦး၊ အဲဒီနေရာက လူတိုင်းဝင်လို့ရတာ မဟုတ်ဘူးနော်။ ရှောင်ချွေကတော့ နည်းနည်းအနစ်နာခံရမှာပေါ့၊ ဒါပေမဲ့ သူမ ကျေးလက်ဆင်းသွားပြီးရင် သူမအကြောင်း ဘယ်သူသိမှာလဲ? ပြီးတော့ ဒါက သူမကောင်းဖို့အတွက်လည်း ပါပါတယ်။ ကျွန်မတို့အလုပ်ရပြီး သူမကို ကျေးလက်ဆင်းဖို့ စီစဉ်ပေးလိုက်ရင် ကျန်းယုံက သူမကို သနားပြီး မြို့ပေါ်ကို ပြန်ခေါ်ပေးချင် ခေါ်ပေးလိမ့်မယ်။ ကျွန်မတို့မှာ အဲဒီလိုစွမ်းအားမရှိပေမဲ့ ကျန်းယုံမှာ ရှိတယ်။ စဉ်းစားကြည့်ပါဦး၊ သူမဘက်က အနစ်နာခံရမယ်ဆိုပေမဲ့ ကျေးလက်ဆင်းပြီးရင် မြန်မြန်ပြန်လာနိုင်မယ်၊ ဟိုမှာလည်း ဒုက္ခခံစရာ မလိုတော့ဘူးလေ။ ဒါက မကောင်းဘူးလား? ရှောင်ချွေကို ကျေးလက်မှာ တစ်သက်လုံး ပစ်ထားချင်လို့လား? ကျွန်မလည်း အဲဒီလို မလုပ်ချင်ပါဘူး! ကျွန်မက ဘယ်သူ့အတွက် လုပ်နေတာလဲ? ကလေးတွေအတွက် မဟုတ်ဘူးလား? ရှောင်ချွေကို ကျေးလက်မှာတစ်သက်လုံး မနေစေချင်လို့ပါ။ သူမကောင်းဖို့အတွက် ကျွန်မ ဒီလိုလုပ်ပေးတာ"

"မဖြစ်ဘူး! မဖြစ်ဘူး၊ မဖြစ်ဘူး! ငါ့သမီး၊ ယွမ်ဟောက်မင်ရဲ့သမီးက ဒီလိုမျိုး ဘယ်လိုလုပ်မလဲ! ငါသဘောမတူဘူး၊ လုံးဝသဘောမတူဘူး!"

"ကျွန်မပြောတာ နားထောင်ဦး..."

ကျောက်ရုံ ယွမ်ဟောက်မင်း

ကို နားဝင်အောင် အမျိုးမျိုးဖျောင်းဖျနေပြီး သူမကိုယ်သူမ အပြစ်လွတ်အောင် လှပသည့် စကားလုံးများနှင့် ဖုံးကွယ်လိုက်သေး၏။ သူမ စကားများမှာ လူကြားအောင်ကောင် ပြောနေသော်ငြား ချောင်းနားထောင်နေသောချန်ချင်းယွီမှာ ပျို့အန်ချင်လာမိသည်။ မည်မျှကောင်းမွန်သောအကြောင်းပြချက်များ ပေးနေသည်ဖြစ်စေ၊ ကျောက်ရုံ၏ ရက်စက်မှုကို ချန်ချင်းယွီအထင်သား မြင်နေရ၏။

တကယ်ကို ရက်စက်တဲ့ မိန်းမပဲ!

ချန်ချင်းယွီ ဆက်ပြီး နားမထောင်နိုင်တော့ပေ။ ရလဒ်မှာ မည်သို့ထွက်လာမည်ကို သူမ မသိသော်လည်း ယွမ်ဟောက်မင်သည်ကား လူအရေခြုံထားသော ခွေးတစ်ကောင်သာဖြစ်သည်။ သူ လူကောင်းပုံစံ ဟန်ဆောင်ရသည်ကို မောလာသည့်အခါ နောက်ဆုံး၌ သဘောတူလိမ့်မည်ဖြစ်ကြောင်း ချန်ချင်းယွီ ရိပ်မိနေ၏။ သူမသည် မျက်မှောင်ကြုတ်လျက် ခြေသံဖွဖွဖြင့် ထိုနေရာမှ ထွက်လာခဲ့သည်။

ဒါက တကယ်ကို လွန်လွန်းတယ်!

ဒီဘက်ခေတ်မှာ ဒီလို အဖေယုတ်တွေ ဘာလို့ ဒီလောက်များနေရတာလဲ!

တောက်! အန်တောင် ထွက်ချင်တယ်!

ရွံစရာကြီး!

တကယ်ပါပဲ၊ သူတို့က ဘယ်လို အမှိုက်စား လူစားမျိုးတွေလဲ!

ချန်ချင်းယွီသည် ဆက်ပြီး နားထောင်နေလျှင် အမှန်တကယ် ပျို့အန်တော့မည်ဟု ခံစားလိုက်ရသည်။

သူတို့က တကယ့်ကို လူမဆန်ကြသူတွေပဲ!!

သူမသည် သူမအိမ် အမိုးပေါ်သို့ အမြန်ပြန်လာပြီး ခဏလောက် အကဲခတ်နေပြီးမှ အောက်သို့ ခုန်ဆင်းကာ အိမ်သို့ အပြေးပြန်လာခဲ့သည်။

"ချွေးမ?"

"ကျွန်မပါ!"

ချန်ချင်းယွီ အထဲဝင်သွားချိန်တွင် အဘွားကြီးကျောက် မကျေမနပ်ဖြင့် ရေရွတ်လိုက်၏။

"နင် ဘယ်တွေသွားနေတာလဲ? အကြာကြီးပဲ! ကလေးတွေတောင် အိပ်ကုန်ပြီ၊ နင်က အခုထိ ပြန်မလာသေးဘူး။ ငါဖြင့် စိုးရိမ်နေလိုက်ရတာ! နင်ကတော့ အသုံးကိုမကျဘူး၊ ရွှီမိသားစုကိုတောင် အသိပေးမိသွားသေးတယ်။ အသုံးမကျလိုက်တာ။ ကိုယ့်ကိုယ်ကိုယ်တော့ တော်လှချည်ရဲ့နဲ့ ကြွားနေပြီးတော့ တကယ်တမ်းကျ ဘာမှမဟုတ်ဘူး။ ငါကြည့်ရတာ နင်က..."

"ပါးစပ်ပိတ်ထားပေးမလား? မပိတ်ရင် ကျွန်မကိုယ်တိုင် ပိတ်ပေးရမလား?"

ချန်ချင်းယွီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ အဘွားကြီးကျောက်မှာ ချက်ချင်းပင် လေသံပျော့သွားပြီး ထစ်ငေါ့စွာဖြင့်

"ကြည့်စမ်းပါဦး၊ နင်ကလည်း ဘာဖြစ်လို့ ဒီလောက် ဒေါသကြီးနေရတာလဲ?"

ချန်ချင်းယွီ: "ဟွန့်”

သူမက နှာခေါင်းရှုံ့လိုက်ပြီး

"အေးအေးဆေးဆေး မနေချင်ရင်တော့ လာရှုပ်ကြည့်လေ"

အဘွားကြီးကျောက်: "ဟော... နင်က ငါ့ကို အထင်လွဲပြန်ပြီ။ ငါက... ငါက နင့်ကို စိတ်ပူလို့ ပြောတာပါ! ဟဲဟဲ ဟဲဟဲ! ဘာရည်ရွယ်ချက်မှ မရှိပါဘူး... ဟဲ့၊ ဒါနဲ့ ဘာတွေ ကြားခဲ့လဲ?"

အတင်းအဖျင်းစကားတွေသာ နားမထောင်ချင်ရင် သူမ အိပ်ပျော်နေတာ ကြာလှပြီ။

အဲဒီ ရူးကြောင်ကြောင် မိန်းမ ဘယ်အချိန်ပြန်လာလာ သူမ ဂရုမစိုက်ပါဘူး!

သူမဘက်ကတော့ ဘာမှ အရှုံးမခံနိုင်ဘူးလေ။

ချန်ချင်းယွီသည် ရေနွေးနွေးဖြင့် ကိုယ်လက်သန့်စင်ရင်း ဆိုလိုက်သည်။

"အဲဒီအကြောင်းကို လုံးဝမပြောနဲ့တော့။ ရွှီကောင်းမင်တို့ မိသားစုက တကယ်ကို အသိတရားမရှိကြတာ။ ဒီနေ့ ထွက်လာတဲ့ အပုပ်နံ့က သူတို့ ပြုတ်ထားတဲ့ အရိုးဟောင်းတွေဆီကလာတာ၊ အဲဒါကို ပွဲတော်ရက် ဧည့်ခံပွဲအတွက် သုံးမလို့တဲ့လေ။ အခုတော့ အနံ့က အရမ်းပြင်းနေပြီဆိုတော့ တခြားဟာ ပြောင်းဖို့ စဉ်းစားကြလိမ့်မယ်။ ဒါပေမဲ့ သူတို့ ကောင်းကောင်းမွန်မွန် ကျွေးမယ်လို့တော့ ကျွန်မ မထင်ဘူး"

အဘွားကြီးကျောက်မှာ အံ့ဩတုန်လှုပ်သွားကာ တောက်တခေါက်ခေါက်ဖြင့် ဆိုလေ၏။

"ဘုရားရေ! သူတို့က ရက်စက်တယ်ဆိုတာ ငါသိသားပဲ။ ဒါပေမဲ့ ဒီလောက်အထိ ယုတ်မာပြီး စိတ်ကောင်းမရှိဘူးလို့တော့ မထင်ထားမိဘူး။ ငါတို့အားလုံးက အိမ်နီးချင်းတွေပဲလေ၊ ဧည့်ခံပွဲ မလုပ်ချင်ရင်လည်း အနည်းဆုံးတော့ ဈေးသက်သာတာလေး တစ်ခုခု လုပ်ကျွေးပေါ့။ အခုဟာက အနံ့က ဒီလောက်ဆိုးနေတာကို လူစားဖို့တောင် သင့်တော်ရဲ့လား? သူတို့က လူယုတ်မာတွေ၊ အဘိုးကြီးလင်မယားက လူလိမ်တွေပဲ! ဒါမျိုးကို ဘယ်လိုလုပ်ရက်တာလဲ?! ဘယ်လောက်တောင် ရက်စက်လိုက်သလဲ! ငါ သူတို့ကို လူသိရှင်ကြား ဖွပစ်ရမယ်..."

ချန်ချင်းယွီ သူမကို တစ်ချက်ကြည့်ကာ မေးခွန်းထုတ်လိုက်လေသည်။

"အမေ့ရဲ့ စရိုက်က သူတို့ထက် ပိုယုံကြည်ရတယ်လို့ ထင်နေတာလား?"

အဘွားကြီးကျောက်မှာ "အဲ... အဲဒါက..." ဟုဆိုကာ စကားထစ်သွားရှာ၏။

ချန်ချင်းယွီ ပွင့်ပွင့်လင်းလင်းပင် ဆက်ပြောလိုက်ကာ

"အနံ့က ဒီလောက်ဆိုးနေမှတော့ သူတို့ သေချာပေါက် အသစ်လဲမှာပဲ၊ ဒါပေမဲ့ ကောင်းတာနဲ့ လဲလိမ့်မယ်လို့တော့ မထင်နဲ့။ အဓိကက သူတို့က ဈေးပေါတာ လိုချင်တာဆိုတော့ အသားက သိပ်လတ်ဆတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ လတ်ဆတ်မှု မရှိရင်တောင် အရမ်းကြီး သိသာမနေဘူးဆိုရင် လူတွေက သတိထားမိမှာ မဟုတ်ဘူး။ အမေကသာ တကူးတက သွားပြီး ဖွလိုက်ရင် လူတွေက အမေ့ကိုပဲ လူယုတ်မာလို့ ထင်ကြလိမ့်မယ်၊ တစ်ခုခု မသမာတဲ့ ရည်ရွယ်ချက် ရှိနေတယ်လို့တောင် အထင်ခံရဦးမယ်"

အဘွားကြီးကျောက်၏ လူမုန်းများလှသည့် အချက်မှာ အမှန်တကယ်ပင် စိတ်ပျက်ဖွယ် ကောင်းလှပေသည်။

"တကယ်လို့ တစ်ခုခုဖြစ်လာရင်လည်း ရွှီမိသားစုက အမေ့ကိုသုံးပြီး သူတို့ရဲ့ နာမည်ကောင်းကို တည်ဆောက်သွားဦးမှာ။ သူတို့ အမေ့ကို အဲဒီလို လုပ်ခဲ့တာ ဘယ်နှစ်ကြိမ်ရှိပြီလဲဆိုတာ အမေလည်း သိတာပဲ"

အဘွားကြီးကျောက်မှာ ဘာမှပြန်မပြောနိုင်ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ

"နင်ပြောတာ ဟုတ်ပါတယ်။ ဒီမိသားစုက ငါ့ကို အမြဲတမ်း တမင်လာဆွပြီးတော့မှ သူတို့ကျတော့ လူကောင်းလုပ်သွားကြတာ။ ကျန့်ဝမ်ကလည်း ငါ့ကို အကြိမ်ကြိမ် သတိပေးဖူးပါတယ်၊ ဒါပေမဲ့ ငါက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘူး ဖြစ်နေတာ"

ချန်ချင်းယွီ ပြုံးလိုက်ပြီး နောက်ပြောင်ကျီစယ်လိုက်ကာ

"ကောင်းကောင်းမွန်မွန် ပြောပြနေရင်တော့ အမေ မှတ်မိမှာ မဟုတ်ဘူး။ အမေ့ကို ပါးရိုက်လိုက်မှပဲ နောက်ဆို သတိထားရကောင်းမှန်း သိပြီး သူတို့ရဲ့ အကွက်ထဲကို မဝင်တော့မှာ"

အဘွားကြီးကျောက်မှာ စိတ်ထဲမှနေ၍ ထိုရူးကြောင်ကြောင် မိန်းမမှာ ယောက္ခမဖြစ်သူအပေါ် နည်းနည်းလေးမျှ မရိုသေသကဲ့သို့ လူစကားပြောနေသည်ဟုလည်း မထင်မိပေ။

ကောင်မစုတ်လေး.. ညည်း လူစကားမပြောတတ်ဘူးလား?

သို့သော် သူမ ပြန်၍ မေးမြန်းလိုက်ကဋ

"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ! တကယ်တော့ တခြားလူတွေကို ငါဂရုမစိုက်ပါဘူး၊ ဒါပေမဲ့ အသားကောင်းကောင်း မစားရမှာကိုပဲ နှမြောနေတာ။ ဒီလို ဧည့်ခံပွဲမျိုးနဲ့ ကြုံရဖို့ဆိုတာ ခဲယဉ်းတာလေ"

သူမမှာ လူကောင်းလုပ်လိုသည်ထက် အစားအသောက်အပေါ် မက်မောနေခြင်းသာတည်း။

ချန်ချင်းယွီ; "ရပါတယ်။ ဘာပဲဖြစ်ဖြစ် ရွှီကောင်းမင်က လူအ မဟုတ်ဘူး။ သူက အသားပုပ်တွေကိုတော့ သုံးမှာမဟုတ်ပါဘူး။ အများဆုံးဖြစ်လှရင် သိပ်မလတ်ဆတ်တဲ့ သာမန်အသားလောက်ပဲ ဖြစ်မှာပါ။ လူတွေက အသားက သာမန်ပဲလို့ သိရင်တောင် ဂရုစိုက်ကြမှာ မဟုတ်ဘူး။ ကျွန်မကိုယ်တိုင်လည်း အဲဒါကို စားမှာမဟုတ်သလို သူတစ်ပါးကိစ္စတွေထဲမှာလည်း ဝင်မရှုပ်ချင်ဘူး"

သူမသည် အမြဲတမ်း မိမိကိုယ်ကိုယ်သာ ပထမနေရာတွင် ထားတတ်သူဖြစ်ပြီး မိမိကိုယ်ကိုယ်သာ အရေးအကြီးဆုံးဟု ခံယူထားသူဖြစ်၍ အခြားသူများ၏ ကိစ္စမှာ သူမအတွက် အရေးမပါလှပေ။

"အင်း၊ နင်ပြောတာလည်း ဟုတ်တာပဲ၊ ဒါပေမဲ့ တကယ် နှမြောဖို့ကောင်းတယ်။ ဒီလို ဧည့်ခံပွဲမျိုး စားရဖို့ဆိုတာ တော်တော့်ကို ခဲယဉ်းတာ"

အဘွားကြီးကျောက်ညည်းတွားနေစဉ် ချန်ချင်းယွီက ပြုံးလိုက်ပြီး လေသံတိုးတိုးဖြင့်

"ဟော... စောစောကလေ ကျွန်မ ယွမ်မိသားစုရဲ့ အမိုးပေါ်မှာ ပုန်းနေရင်း ဘာတွေ ကြားခဲ့လဲ သိလား?"

အဘွားကြီးကျောက်မှာ ချန်ချင်းယွီကို ထူးထူးခြားခြား ကြည့်လိုက်ပြီး တွန့်ဆုတ်စွာဖြင့်

"နင်... နင် သူတို့ရဲ့ ချစ်မှုရေးရာတွေကို ချောင်းနားထောင်နေတာတော့ မဟုတ်ပါဘူးနော်?"

ချန်ချင်းယွီမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ

"အမေက ကျွန်မကို ဘာမှလုပ်စရာမရှိလို့ အားယားနေတယ်လို့ ထင်နေတာလား?"

အဘွားကြီးကျောက်မှာလည်း

"အဲ... ဟဲဟဲ၊ ငါ ငါ... ငါက... ငါက ဒီတိုင်း... ဟဲ့၊ ဒါနဲ့ နင် ဘာတွေ ကြားခဲ့ပြန်တာလဲ? နင်က သူများလုပ်နေတာကို နားထောင်မယ့် လူစားမျိုးမဟုတ်ဘူးဆိုတာ ငါသိပါတယ်။ နင့်အကြောင်း ငါသိတာပဲ၊ နင်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး၊ နင်က..."

ချန်ချင်းယွီ မျက်စောင်းထိုးလိုက်ပြီး

"ကဲပါ၊ တော်တော့။ ယွမ်မိသားစုက ရှောင်ချွေကို ကျေးလက်ကနေ ခေါ်လာတာက 'ကျေးလက်ဆင်းရမယ့်ကိစ္စ' ကို ဖြေရှင်းဖို့အတွက်တဲ့။ အဲဒီဇနီးမောင်နှံက တကယ်ကို ပါးနပ်တာပဲ။ နှစ်ပေါင်းများစွာ ကြိုတင်ပြီး အကွက်ချ တွက်ချက်ထားကြတာ"

သူမသည် ရှောင်ချွေ၏ သိက္ခာပိုင်းဆိုင်ရာ ကိစ္စကိုမူ အဘွားကြီးကျောက် လျှို့ဝှက်ချက် မထိန်းနိုင်မည် စိုးသဖြင့် ချန်လှပ်ထားခဲ့လေသည်။

အဘွားကြီးကျောက်မှာမူ အလွန်တရာ စိတ်လှုပ်ရှားသွားကာ အားရပါးရ အော်ဟစ်ပြောလိုက်လေသည်။

"ဘာလဲ?! ကြည့်စမ်း၊ ကြည့်စမ်း၊ ငါပြောသားပဲ! ကျောက်ရုံက ရှောင်ချွေကို အကြောင်းပြချက်မရှိဘဲ ကျေးလက်က ခေါ်လာမှာ မဟုတ်ဘူးလို့ ငါပြောခဲ့သားပဲ။ သူမက အဲဒီလောက် စိတ်ကောင်းရှိတဲ့သူလို့ ငါမယုံခဲ့ဘူး။ ဒါကို လူတွေက ငါ့ကိုပဲ စိတ်ပုတ်တယ်လို့ ပြောကြတာ။ ကြည့်စမ်း! အခုတော့ သူမရဲ့ အစစ်အမှန် အရောင်အသွေးတွေ ပေါ်လာပြီ!"

အဘွားကြီးကျောက်မှာ အမှန်တကယ်ပင် မခံမရပ်နိုင်ဖြစ်သွားပြီး နာကျည်းဒေါသဖြင့် ရေရွတ်လေ၏။

"ငါကတောင် ရှောင်ချွေကို သူ့မိထွေးကို သတိထားဖို့ အကြံပေးခဲ့သေးတယ်။ ဒီလောက်ကောင်းပြနေတာ အကြောင်းရင်းရှိလိမ့်မယ်လို့ ပြောတာကို အဲဒီကလေးမက ကျေးဇူးကန်းလိုက်တာမှလွန်ရော။ ငါက သူ့ရဲ့ကောင်းစားမှုကို မနာလိုလို့၊ သူတို့မိသားစု စည်းလုံးနေတာကို မကြည့်နိုင်လို့ တမင်ရန်တိုက်ပေးနေတာပါဆိုပြီး ပြန်ပြောသေးတာ။ ကြည့်စမ်း... ဘယ်လောက်တောင် နုံလဲ! တကယ်ကို အနတ္တပဲ! ခံရတာ နည်းတောင်နည်းသေးတယ်၊ အခုတော့ အကွက်ထဲ ဆင်းပေးလိုက်ရပြီ မဟုတ်လား!"

ချန်ချင်းယွီ အဘွားကြီးကျောက်ကို တစ်ချက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သည်။

လာဟန်ဆောင်နေသေးတယ်!!

တမင်တကာ သူများမိသားစုကို ရန်တိုက်ပေးတာကိုများ..ဟဟ.. အံ့ဩပ.. ဒင်းအကြောင်း ငါမသိတာကြလို့!!

သို့သော် ယခုဖြစ်ရပ်မှာ တိုက်ဆိုင်စွာဖြင့် အဘွားကြီးကျောက်ပြောခဲ့သည့်အတိုင်း မှန်ကန်သွားလေ၏။

အဘွားကြီးကျောက်မှာ ဆက်လက်၍

"အို... ငါ အခုတော့ ဘာမှသွားမပြောတော့ဘူး။ သူမ ကျေးလက်သွားမယ့်အချိန်ကျမှ အမှန်တရားကို ဖွင့်ပြောပြလိုက်မယ်။ အဲဒီကျမှ သူမ ဘယ်လောက်တောင် မှားသွားသလဲဆိုတာ သိသွားအောင်လို့လေ"

ချန်ချင်းယွီ ဘာမှပြန်မပြောသကဲ့သို့ လူကောင်းလုပ်ရန်လည်း မကြိုးစားပေ။ သူမ ခက်ခဲရုန်းကန်နေရစဉ်က မည်သူမျှ ကူညီခဲ့သည်မဟုတ်ရာ သူမသည်လည်း အဘယ်ကြောင့် သူတစ်ပါးကိစ္စတွင် ပါဝင်ပတ်သက်ရမည်နည်း။

ထို့ပြင် ကျောက်ရုံပြောသည်မှာ တစ်ချက်တော့ မှန်ပေသည်။ ရှောင်ချွေသည် မြို့ခံအိမ်ထောင်စုစာရင်းရှိသော်လည်း ယွမ်မိသားစု၏ လက်အောက်တွင်သာ ရှိနေ၏။ သူမမှာ အလုပ်အကိုင်မရှိသည့်အပြင် အသက်အရွယ်လည်း ရလာပြီဖြစ်ရာ ယွမ်ဟောက်ရွှယ် ကျေးလကမဆင်းရသည်ဖြစ်စေ၊ မဆင်းရသည်ဖြစ်စေ သူမသည်ကားသေချာပေါက် သွားရမည်သာ ဖြစ်သည်။ ကျောက်ရုံသည် ရှောင်ချွေကို မြို့ပေါ်ခေါ်လာပြီး အိမ်ထောင်စုစာရင်း ပြောင်းစဉ်ကတည်းက ဤအထိ ကြိုတင်တွက်ချက်ထားခြင်း ဖြစ်ပေမည်။ ထို့ကြောင့် ပြင်ပလူများ မည်သို့ပင်ဆိုစေကာမူ အမြဲတမ်းအလုပ်မရှိသော ရှောင်ချွေမှာ ကျေးလက်ဆင်းရမည့် ကံကြမ္မာမှ လွတ်ကင်းနိုင်မည်မဟုတ်ပေ။ ဤခေတ်ကြီးတွင် လူများမှာ ရိုးသားဖြောင့်မတ်ကြသည်ဟု ဆိုသော်လည်း ၎င်းတို့၏ ဝင်းအတွင်း၌မူ ပါးနပ်ကောက်ကျစ်သူများ အတော်ပင် များပြားလှ၏။

ချန်ချင်းယွီသည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် မျက်နှာသစ်ကာ အိပ်ရာထဲလှဲရင်း စကားဆိုလိုက်သည်။

"ဒီနေ့ ကျွန်မ စက္ကူပိုက်ဆံတွေ ဝယ်လာတယ်။ အထုပ်နှစ်ထုပ်က ယောက္ခမ (အဖေ) အတွက်၊ အမေပဲ သိမ်းထားလိုက်တော့။ ကျန်တာတွေကတော့ ကျွန်မဖို့ပဲ"

အဘွားကြီးကျောက်မှာ မှင်တက်သွားပြီးနောက် အလွန်အမင်း ဝမ်းသာပီတိဖြစ်ကာ ငိုချင်လာတော့သည်။

ဘုရားရေ! ဒီရူးကြောင်ကြောင် မိန်းမက တကယ်ပဲ ရက်ရောပြနေတာလား! မယုံနိုင်စရာပဲ၊ တကယ်ကို မထင်ထားမိဘူး…

"ဟဲ့... ဟဲ့... နင်က... ဘုရားရေ၊ တကယ်ပဲလား..."

အဘွားကြီးကျောက်မှာ လက်ဝါးချင်းပွတ်ရင်း ဝမ်းသာအားရ ဖြစ်နေရှာ၏။

ချန်ချင်းယွီ အေးအေးဆေးဆေးရှိနေကာ

"ဒါက ကျန့်ဝမ်မျက်နှာကြောင့် လုပ်ပေးတာပါ။ မဟုတ်ရင်တော့ ကျွန်မ ဂရုစိုက်မှာ မဟုတ်ဘူး။ ကျန့်ဝမ်အတွက်လည်း ကျွန်မ ဝေစုနဲ့ကျွန်မ ပြင်ဆင်ထားပြီးသား"

သူမသည် လင်းကျန့်ဝမ်အတွက်ကြောင့်သာ ဤအရာများကို လုပ်ဆောင်ပေးခြင်းဖြစ်သည်။ လင်းကျန့်ဝမ်သာ မရှိပါက သူမသည်လည်း သူမ၏ အဖေယုတ်ကြောင့် ကျေးလက်သို့ အပို့ခံရမည်မှာ သေချာသည်။ ဤကဲ့သို့ အပြောင်းအလဲကြီးမားလှသည့် ခေတ်ကာလတွင် အိမ်တိုင်းလိုလို ကျေးလက်ဆင်းရသည့်ဒဏ်ကို ခံစားနေကြရရာ ချန်ချင်းယွီသည် ဤကိစ္စတွင် အမှန်တကယ်ပင် ပြတ်သားစွာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူမသည် လယ်ယာလုပ်ငန်းများကို အမှန်တကယ် မလုပ်နိုင်ပေ။ ၎င်းမှာ ရန်ဖြစ်ရသည်ထက်ပင် ပို၍ ခက်ခဲလှ၏။

အဘွားကြီးကျောက်မှာမူ အတိုင်းထက်အလွန် ပျော်ရွှင်နေသည်။ မူလက သူမကိုယ်တိုင် ပိုက်ဆံအကုန်အကျခံရန် အစီအစဉ်မရှိသော်လည်း ယခုကဲ့သို့ အခမဲ့ရရှိလာသဖြင့် သူမ၏ခင်ပွန်းအတွက် စက္ကူပိုက်ဆံများ မီးရှို့ပေးရန် ဆုံးဖြတ်လိုက်၏။

တကယ်လို့ သူသာ ငါ့ကို မစောင့်ရှောက်ဘူးဆိုရင်တော့ သူ့သင်္ချိုင်းကိုပါ သွားတူးပစ်မယ်!

ဘယ်သူမှ ပိုက်ဆံယူပြီး အလုပ်မလုပ်ဘဲ မနေရဘူးလေ!

"နင် ဝယ်လာတာ တော်တော်များသားပဲ"

သူမ သေချာကြည့်လိုက်ရာ အထဲတွင် ရွှေတုံးငွေတုံးလေးများပင် ပါဝင်နေသော်လည်း သူမ မယူရဲပေ။ သို့သော် ဤချွေးမဖြစ်သူမှာ သူမ၏သားအတွက် သေချာပေါက် မီးရှို့ပေးမည်ဖြစ်ရာ သူမအတွက်လည်း နစ်နာစရာမရှိဟု တွေးမိ၏။

သို့သော် ဤမိန်းကလေးမှာ ငွေကို အလွယ်တကူ သုံးစွဲနေခြင်းအပေါ် အဘွားကြီးကျောက် တုန်လှုပ်မိလေသည်။ ငွေများ အားသုံးပစ်လိုက်လျှင် နောက်ပိုင်း မည်သို့လုပ်မည်နည်းဟု စိုးရိမ်မိသော်လည်း ဤမိန်းမသည် လျော်ကြေးလစာများကို အကုန်သုံးပစ်မည်လားဟု ပြန်လည်တွေးတောမိပြန်၏။

အား... ငါ့သားရဲ့ လျော်ကြေးလစာလေးတွေ!

ဘာလို့လဲ!

ဘာလို့များ ဒီငွေတွေကို လေးပုံပုံလိုက်ရတာလဲ?!

အဘွားကြီးကျောက်သည် မိမိဘာသာ တိုးတိုးတိတ်တိတ် ရေရွတ်နေမိသော်လည်း အပြင်သို့မူ အကျယ်ကြီး ထုတ်မပြောရဲပေ။ သူမသည် ပစ္စည်းများကို သေချာစွာ သိမ်းဆည်းလိုက်ရင်း

"မနက်ဖြန် စက္ကူပိုက်ဆံကို ဘယ်မှာသွားမီးရှို့မှာလဲ?"

"ကျွန်မလည်း ဒီအကြောင်းတွေကို သိပ်မသိပါဘူး။ လမ်းဆုံလမ်းခွတစ်ခု ရှာရမယ်လို့တော့ ကြားဖူးတယ်"

ထိုအခါ အဘွားကြီးကျောက်မှာ အိပ်ရာမှ ရုတ်တရက် ထထိုင်လိုက်ပြီး မကျေမနပ် ရေရွတ်လေသည်။

"အဲဒါကို ငါသိတာပေါ့။ လမ်းဆုံလမ်းခွကို သေချာပေါက် ရှာရမှာ၊ လမ်းလေးခွဆုံဆိုရင် ပိုကောင်းတာပေါ့။ ဒါပေမဲ့ နှစ်တိုင်း လူလိုက်ဖမ်းနေတာဆိုတော့ ငါကတော့ အမြဲတမ်း ပြေးနေရတာပဲ။ ကံကောင်းလို့ ကျန့်ဝမ်က ကူညီပေးလို့ပေါ့၊ မဟုတ်ရင် အဖမ်းခံရတာ ကြာလှပြီ။ အဲဒီလူတွေကလေ... သူတို့ရဲ့ သေဆုံးသွားတဲ့ ဆွေမျိုးတွေကိုကျ ဂရုမစိုက်ကြဘဲ ငါတို့က နည်းနည်းပါးပါး မီးရှို့တာကိုတောင် ခွင့်မပြုကြဘူး။ ဒါက လွန်လွန်းပါတယ်။ ဒါကို ဘာလို့ ရှေးရိုးစွဲ အယူသီးမှုလို့ သတ်မှတ်နေကြတာလဲ?!"

သူမသည် စက္ကူပိုက်ဆံ မီးရှို့ခြင်းအပေါ် တားမြစ်ပိတ်ပင်ခံရမှုအတွက် အလွန်ပင် ဒေါသထွက်နေပုံရ၏။ သူမ၏ ခင်ပွန်းဖြစ်သူသာ ဟိုဘက်လောကတွင် ဆင်းရဲဒုက္ခရောက်မနေပါက ၎င်းတို့မိသားစုကို စောင့်ရှောက်နေမည်ဟု တွေးတောကာ ယခုအခါ သားဖြစ်သူပင် ဆုံးပါးသွားရခြင်းအတွက် ဝမ်းနည်းနေမိသည်။

"ဟဲ့၊ မနက်ဖြန်တော့ သတိထားဦးနော်။ သိတဲ့သူတွေနဲ့ တွေ့ရင်လည်း နှုတ်မဆက်နဲ့၊ ရှောင်နိုင်ရင် ရှောင်သွားလိုက်။ တချို့လူတွေက သူများကောင်းစားတာကို ကြည့်မရကြဘူး"

အဘွားကြီးကျောက် သတိပေးစကား ဆိုပြန်၏။

“ကျွန်မ သိပါတယ်”

အဘွားကြီးကျောက် ချန်ချင်းယွီ ဝယ်လာသော ပစ္စည်းများကို ကြည့်ကာ စပ်စုမိလိုက်သည်။

"နင် ဝယ်လာတာတွေ တော်တော်များသားပဲ၊ ဒါတွေက ဘယ်သူတွေအတွက်လဲ...?"

"ကျွန်မ အမေ၊ အဘိုးအဘွားတွေနဲ့ ဦးလေးအတွက်လည်း အချို့ ပြင်ထားတာပါ"

ဤလူစာရင်းကို ကြားလိုက်ရသည့်အခါတိုင်း အဘွားကြီးကျောက်မှာ ချန်ချင်းယွီသည် အမှန်တကယ်ပင် ကံဆိုးမည့်သူဖြစ်ပြီး သူမ၏ မိသားစုတစ်ခုလုံးမှာလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီဟု တွေးတောမိသွားသည်။ သူမ တိုးတိုးလေး ရေရွတ်လိုက်ရာ ချန်ချင်းယွီက အေးစက်စက် လေသံဖြင့်

"တကယ်လို့ ကျွန်မက လူတွေကို ကံဆိုးအောင် လုပ်နိုင်တဲ့သူဆိုရင် ပထမဆုံး ခံရမှာက အမေပဲ၊ ဒုတိယကတော့ ကျွန်မရဲ့ လူယုတ်မာ အဖေပေါ့၊ တခြားသူတွေဆီတောင် အလှည့်ရောက်မှာ မဟုတ်ဘူး"

အဘွားကြီးကျောက်မှာ အလန့်တကြားဖြင့်

"နင်က ဘယ်လိုတွေ ပြောနေတာလဲ? ငါက ဘာမှားလို့လဲ? ငါ အခုထိ ကောင်းကောင်းမွန်မွန် ရှိနေတာပဲ မဟုတ်လား?"

သူမသည် တစ်ခုခု ပြန်လည်ချေပချင်သော်လည်း အတန်ကြာ စဉ်းစားပြီးမှ လေသံကို လျှော့ကာ ဖြောင်းဖျလိုက်၏။

"ငါတို့က အခု တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေကြတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ဖေးမကြရမှာပေါ့”

"သိရင်လည်း ပြီးတာပဲ၊ ကျွန်မကို လာပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေနဲ့"

ချန်ချင်းယွီ ပြတ်သားစွာ တုံ့ပြန်လိုက်၏။

"ဒါပေါ့၊ မဖြစ်စေရပါဘူး"

အဘွားကြီးကျောက် ကတိပေးပြီးနောက် ခေတ္တမျှ ငြိမ်သက်သွားပြီးမှ

"ဟဲ့၊ နင်က နင့်အဖေကို အဲဒီလောက်တောင် မုန်းတာလား?"

ချန်ချင်းယွီမှာမူ ဤမေးခွန်းအတွက် မည်သည့်စကားမျှ ပြန်မပြောဘဲ တိတ်ဆိတ်နေလေသည်။ အဘွားကြီးကျောက်မှာ ဆက်လက်၍ ပြစ်တင်ရှုတ်ချနေသော်လည်း ချန်ချင်းယွီမှာ တုံ့ဏှိဘာဝေသာ ရှိနေသည်။

"နင့်အဖေက တကယ်ကို လူယုတ်မာပဲ။ သူ့သမက် ဆုံးတုန်းကတောင် တစ်ခေါက်မှ လာမကြည့်ဘူး။ တကယ်ကို အသည်းနှလုံးမရှိတဲ့ လူစားမျိုး"

"ကံကောင်းလို့ ဒီအလုပ်ကို ငါ ဆက်ခံလိုက်ရတာ။ မဟုတ်ရင် နင့်အဖေက အလုပ်ထဲမှာဆိုတော့ နင် သူ့ကို ရင်ဆိုင်ရတာ တော်တော်ခက်လိမ့်မယ်။ နင့်ရဲ့ ဒုက္ခိတမောင်က ကျေးလက်မှာ မဟုတ်လား? တကယ်လို့ နင်သာ ဒီအလုပ်ကို ရခဲ့မယ်ဆိုရင် ကြည့်နေလိုက်၊ ပြဿနာတွေက အဆုံးရှိမှာ မဟုတ်ဘူး"

အဘွားကြီးကျောက် ပြောဆိုနေကာ၊ချန်ချင်းယွီသည်လည်း ဤအချက်ကို သဘောတူမိသည်။ သူမအနေဖြင့် ထိုမိသားစုကို ကိုင်တွယ်နိုင်သော်လည်း ၎င်းတို့မှာ အမြဲတမ်း စိတ်အနှောင့်အယှက်ပေးနေမည့်

သူများသာ ဖြစ်၏။ ယခုအခါ အဘွားကြီးကျောက်

အလုပ်ကို ရရှိသွားခြင်းမှာ သူမအတွက် ပြဿနာများစွာ လျော့ပါးသွားစေသည်။

"သူက ကျေးလက်မှာပဲ ရှိနေတာပါ"

သူမ၏ မောင်ဖြစ်သူမှာ ကျေးလက်တွင် ပြဿနာများစွာ ဖန်တီးထားခဲ့ပြီး အဖေဖြစ်သူမှလိုက်လံဖြေရှင်းပေးနေရခြင်း ဖြစ်သည်။ ချန်ချင်းယွီ

စိတ်ထဲမှနေ၍ လှောင်ပြုံးပြုံးလိုက်၏။ အဘွားကြီးကျောက်မှာ ချန်ချင်းယွီ၏ ပုံစံကိုကြည့်ကာ ထိတ်လန့်သွားပြီး "ဟဲ့၊ ဟဲ့၊ နင် ဘာမှ လျှောက်မလုပ်နဲ့ဦးနော်!" ဟု တားမြစ်လိုက်ရာ၊ ချန်ချင်းယွီတစ်ယောက် အပြစ်ကင်းစင်သည့် အမူအရာဖြင့် ပြန်လည်မေးခွန်းထုတ်လိုက်၏။

"ဘာတွေ ပြောနေတာလဲ? ကျွန်မက ဘာလုပ်နိုင်မှာမို့လို့လဲ!”

ဒီအဘွားကြီး ငါ့ကို အမြဲတမ်း ယုံထင်ကြောင်ထင်နဲ့..

"ဟဲ့၊ ဒါနဲ့ နင့်မောင်လေးအကြီးက ကျေးလက်မဆင်းရဘူး မဟုတ်လား? သူက တော်တော်စွမ်းတာပဲ၊ အလုပ်တစ်ခု ရအောင် ရှာနိုင်တယ်နော်"

အဘွားကြီးကျောက်သည် ချန်ချင်းယွီ၏ မိသားစုအကြောင်းကို အပေါ်ယံမျှသာ သိထားခြင်းဖြစ်သည်။ အမှန်စင်စစ် ယခင်က သူမသည် ဤချွေးမဖြစ်သူကို အဖက်မလုပ်ခဲ့ဘဲ သားဖြစ်သူနှင့် ကွာရှင်းရန်သာ အမြဲတိုက်တွန်းနေခဲ့သဖြင့် ချန်ချင်းယွီ၏ မိသားစုအခြေအနေကို စိတ်မဝင်စားခဲ့ပေ။ သို့သော် ယခုအခါတွင်မူ သူမ၏ စပ်စုလိုစိတ်မှာ အနည်းငယ် ပိုလာခဲ့၏။

"သူက အလုပ်ရှာနိုင်တာ မဟုတ်ဘူး"

ချန်ချင်းယွီ ပြန်ဖြေလိုက်၏။ ဤအကြောင်းအရာမှာ သူမ၏ မှတ်ဉာဏ်ထဲတွင် ရှိနေပြီးသားပင်။

သူမသည် လှောင်ပြောင်သည့် အပြုံးဖြင့် ဆက်ပြောလိုက်ကာ

"ယွီမေကျွင်းမှာ မူလက အလုပ်ရှိပါတယ်။ ဒါပေမဲ့ သူမမှာ အမေကောင်းတစ်ယောက် ရှိနေတာကိုး။ သူမရဲ့ အမေ၊ ကျွန်မရဲ့ မိထွေးက သားကို အလိုလိုက်ပြီး သမီးကို နှိမ်တဲ့သူဆိုတော့ သူ့သားကို ကျေးလက်မဆင်းခိုင်းချင်ဘူးလေ။ ဒါနဲ့ သမီးဖြစ်သူကို နားဝင်အောင် ဖျောင်းဖျပြီး ယွီမေကျွမ်းဆီက အလုပ်ကို မောင်ဖြစ်သူကို ပေးခိုင်းလိုက်တာပေါ့။ အဲဒီတော့ ယွီမေကျွမ်းက ကျေးလက် ဆင်းသွားရတယ်။ နောက်တော့ ကျွန်မ အိမ်ထောင်ပြုသွားပြီး ကျွန်မရဲ့ ဒုတိယမောင်အတွက် အလုပ်အကိုင် မရှိတော့တဲ့အခါ သူလည်း ကျေးလက်ဆင်းရတော့တာပဲ။ အဲဒီမှာ ကျွန်မရဲ့ လူယုတ်မာ အဖေ ချန်ရိကျွင်းက လူစုံစမ်းပြီး သူ့သားကို ယွီမေကျွမ်းရှိတဲ့ နယ်ဘက်ကိုပဲ ပို့ပေးလိုက်တယ်။ အခုတော့ သူတို့နှစ်ယောက်လုံး တစ်နေရာတည်းမှာ ရောက်နေကြတာပေါ့"

အဘွားကြီးကျောက်မှာ မှင်တက်သွားပြီး အံ့အားသင့်စွာ မေးမြန်းလိုက်သည်။

"နင့်ရဲ့ အစ်မက အဲဒီလောက်တောင် အတာလား?! ကိုယ့်အလုပ်ကို ဒီအတိုင်း ပေးလိုက်တယ်လို့?!"

"သူမကိုယ်တိုင်က လိုလိုလားလား ပေးတာလေ။ သူမက သူ့မောင် သုံးယောက်လုံးကို အရမ်းချစ်တာ။ မောင်တွေကမှ သူမကို နောက်နောင် အားကိုးရာ ပေးနိုင်မယ်လို့ မျှော်လင့်နေတာကိုး"

ချန်မိသားစုတွင် အလိုလိုက်ခံရဆုံးမှာ ပထမသား ဖြစ်သည်။ သူသည် လင်မယားနှစ်ဦး၏ ပထမဆုံးသော သားအရင်းဖြစ်သဖြင့် ပထမနေရာတွင် ရှိနေပြီး ၎င်းနောက်တွင် အငယ်ဆုံးသားမှာလည်း အချစ်ခံရသူ ဖြစ်၏။ ဒုတိယသားမှာမူ ကြားညပ်နေသဖြင့် အချစ်ခံရမှု အနည်းငယ် လျော့နည်းသော်လည်း ၎င်းတို့ သုံးဦးစလုံးမှာ အခွင့်ထူးခံ အဆင့်အတန်းတွင် ရှိကြသည်။

ယွီမေကျွမ်းမှာမူ ဝေ့ရှုဖန်း၏ သမီးအရင်းဖြစ်သဖြင့် မိခင်ဖြစ်သူမှာ သားနှင့်သမီး ခွဲခြားသော်လည်း အနည်းငယ်တော့ ကြည့်ရှုစောင့်ရှောက်တတ်၏။ နောက်ဆုံး၌မူ ချန်ချင်းယွီ ရှိနေခြင်းဖြစ်ပြီး သူမ၏ မိခင်မှာ ကွယ်လွန်သွားပြီဖြစ်၍ ဖခင်ဖြစ်သူမှာလည်း အတ္တကြီးသော လူယုတ်မာဖြစ်ကာ မိထွေးမှာလည်း ရက်စက်လှသူတည်း။

ကံကောင်းသည်မှာ ချန်ချင်းယွီ ငယ်စဉ်၌ အဘိုးအဘွားများမှစောင့်ရှောက်ခဲ့ခြင်းပင်။

ချန်ရိကျွင်းနှင့် ဝေ့ရှုဖန်းတို့၏ ဘက်လိုက်မှုများကြောင့် ယွီမေကျွမ်းနှင့် ချန်ချင်းယွီတို့၏ ဆက်ဆံရေးမှာလည်း မပြေလည်ပေ။ ယွီမေကျွမ်းသည် မိမိကိုယ်ကိုယ် အထက်တန်းကျသည်ဟု ယူဆထားပြီး ချန်ချင်းယွီကို အလွန်ပင် မုန်းတီးနေသူ ဖြစ်သည်။

ချန်ချင်းယွီမှာမူ သူမကိုယ်သူမ အမြဲတစေ အေးဆေးစွာ နေတတ်သူဟု ထင်မြင်သော်လည်း လူတိုင်းမှာအဘယ်ကြောင့် သူမနှင့် လာရောက် ပြိုင်ဆိုင်နေကြသနည်းဟု နားမလည်နိုင်အောင် ဖြစ်နေရ၏။

"သူမက မောင်အတွက်နဲ့ ကိုယ့်အလုပ်ကို စွန့်လွှတ်ချင်တယ်ဆိုမှတော့ တခြားလူတွေက ဝင်ပါနေဖို့ မလိုတော့ဘူးပေါ့"

ချန်ချင်းယွီတွင်မူ ထိုကဲ့သို့ မိမိကိုယ်ကိုယ် စွန့်လွှတ်လိုစိတ် မရှိပေ။ သူမသည် မိမိကိုယ်ကိုယ်သာ ကြည့်တတ်သော အတ္တသမားတစ်ဦး ဖြစ်သည်။

"သူတို့အကြောင်း မပြောနဲ့တော့။ ပြောမိရင် လူကို ရိုက်ချင်လာလို့"

ချန်ချင်းယွီသည် ချန်ရိကျွင်း မိသားစုတစ်စုလုံးကို အလွန်ပင် စိတ်ကုန်နေပြီ ဖြစ်၏။ ၎င်းတို့ မိသားစု ပြန်လည် အဆင်ပြေနေပြီလား၊ သို့မဟုတ် ပြဿနာများ တက်နေသလားဟု သူမ စဉ်းစားမိကာ၊ အကယ်၍ ၎င်းတို့ ပြန်လည် အဆင်ပြေနေပါက သူမ အနေဖြင့် သွားရောက်၍ ပြဿနာတစ်ခုခု ထပ်ရှာရန်ပင် စိတ်ကူးနေမိသည်။

"အေးလေ၊ မပြောနဲ့တော့လည်း မပြောနဲ့ပေါ့"

ချန်ချင်းယွီ စကားစဖြတ်လိုက်၍ ယောက္ခမနှင့် ချွေးမနှစ်ဦးကြားတွင် ပြောစရာ စကားများ ကုန်ဆုံးသွားလေ၏။

ချင်းမင်ပွဲတော်ရက်တွင် ကောင်းကင်ယံမှ မိုးစက်များ တဖွဲဖွဲကျနေသည်။

နှစ်စဉ် ချင်းမင်ပွဲတော်ကာလရောက်တိုင်း မိုးရွာလေ့ရှိသကဲ့သို့ပင် ယနေ့ နံနက်အစောပိုင်း၌လည်း အပြင်ဘက်တွင် မိုးစက်မိုးပေါက်များ တဖွဲဖွဲကျဆင်းနေ၏။ ကံကောင်းသည်မှာ မိုးရွာသွန်းမှုကြောင့် ယခင်နေ့မှ တစ်နေ့လုံး နံစော်နေသည့် အနံ့ဆိုးများမှာ အချိန်တိုအတွင်း လွင့်စင်ပျောက်ကွယ်သွားရခြင်းပင်။

လေတိုက်နှုန်းပြင်းထန်ပြီး မိုးလည်းရွာနေသဖြင့် မည်သည့်အနံ့ဆိုးမျှ မရတော့ပေ။

"မိုးနတ်မင်းကြီးကို ကျေးဇူးတင်ပါတယ်!"

ချန်ချင်းယွီက စိတ်ထဲမှ တကယ်ပင် ရေရွတ်မိသည်။

မည်သူမှ ထိုသေလုမျောပါး နံစော်သည့်အနံ့ကို တစ်စက္ကန့်မျှပင် ဆက်ပြီး မရှူရှိုက်ချင်ကြတော့ပေ။

မိုးရွာလိုက်သဖြင့် အိမ်သာပတ်ဝန်းကျင်ရှိ အနံ့အသက်များပါ လျော့ပါးသွားခြင်းမှာ ဤလမ်းကြားထဲ၌ နေထိုင်သူများအတွက် အမှန်တကယ်ပင် ကံကောင်းခြင်းတစ်ရပ်ပင် ဖြစ်သည်။ မဟုတ်ပါက အိမ်သာပင် မည်သို့တက်ရမည်နည်း။

အမှန်တကယ်၌ အပုပ်နံ့ထက် ပို၍ကြောက်စရာကောင်းသည်မှာ အနံ့ပေါင်းစုံ ရောပြွမ်းနေသည့် အနံ့အသက်ဆိုးကြီးပင် ဖြစ်၏။ ၎င်းမှာ လူကို အမှန်တကယ်ပင် ဒုက္ခပေးနိုင်စွမ်းရှိလေသည်။

မိုးရွာနေသော်လည်း ရှီကျန့်ရှန်းမှာ နံနက်အစောကြီးကတည်းက အပြင်သို့ ထွက်သွားပြီဖြစ်၏။ချန်ချင်းယွီမှာမူ "လူတိုင်း မသိတာကို ငါတစ်ယောက်တည်း သိနေရတယ်" ဆိုသည့် ခံစားချက်မျိုးဖြင့် ကျိတ်၍ ပြုံးနေမိသည်။

ဟဲဟဲ၊ ကျွန်မ အကုန်သိတာပေါ့!

မိုးရွာနေသဖြင့် အလုပ်မသွားကြသည့် အမျိုးသမီးများမှာ ရှေ့ဝင်းထဲသို့ စုဝေးမလာကြပေ။ ပုံမှန်ဆိုလျှင် အမြဲရှိနေတတ်သည့် အဘွားကြီးဝမ်ပင်လျှင် ယနေ့တွင် ကလေးသုံးယောက်ကို ခေါ်၍ အိမ်ထဲ၌သာ အောင်းနေသည်။ သူမ ရှောင်နေသည်မှာ မိုးရွာသွန်းခြင်းကို မဟုတ်ဘဲ "မွှေးရနံ့သာ" အနံ့ဆိုးများကို ရှောင်နေခြင်းသာ ဖြစ်၏။

အဘွားကြီးဟွမ်မှာမူ နံနက်အစောကြီးကတည်းက မြေးမလေး မုန့်မုန့်ကို ခေါ်ကာ သားဖြစ်သူကို ပြုစုရန် ဆေးရုံသို့ ထွက်သွားပြီဖြစ်သည်။

ယနေ့မှာ ချင်းမင်ပွဲတော်နေ့ ၊ ကွယ်လွန်သူများကို ကန်တော့သည့်နေ့ ဖြစ်သော်လည်း လူအများစုအတွက်မူ သာမန်နေ့တစ်နေ့ကဲ့သို့ပင်။ သို့သော် လူတိုင်း၏ စိတ်ထဲတွင် မည်သို့သော အတွေးမျိုး ရှိနေကြမည်ကိုမူ မပြောတတ်ပေ။ ချန်ချင်းယွီ၏ စိတ်ထဲတွင်မူ ကိုယ်ပိုင်အစီအစဉ်များ ရှိနေ၏။

မိုးရွာနေသဖြင့် တစ်အိမ်နှင့်တစ်အိမ် လည်ပတ်သူများ ရှိသော်လည်း ချန်ချင်းယွီထံသို့မူ မည်သူမျှ မလာကြပေ။ သူမသည် မည်သူနှင့်မျှ သိပ်ပြီး မရင်းနှီးသကဲ့သို့၊ အမြဲတမ်းလည်း လင်းကျန့်ဝမ်အကြောင်းကိုသာ ထပ်တလဲလဲ ပြောတတ်သည့် "အချစ်ရူး" တစ်ယောက်အဖြစ် နာမည်ကြီးနေသဖြင့် လူများမှာ သူမနှင့် စကားပြောရန် ကြောက်နေကြခြင်းဖြစ်သည်။

ပါးစပ်ဟလိုက်တိုင်း လင်ရကျန့်ဝမ်

ပိတ်လိုက်တိုင်း လင်းကျန့်ဝမ်နှင့် ဖြစ်နေသည့် သူမထံသို့ ဤကဲ့သို့သောနေ့မျိုးတွင် မည်သူက လာချင်မည်နည်း။ ထိုသို့ပြောနေခြင်းမှာ ကွယ်လွန်သူကို ပြန်ခေါ်နေသကဲ့သို့ ဖြစ်မည်ကို လူတိုင်းက စိုးရိမ်နေကြသည်။

ချန်ချင်းယွီခမျာ အကြောင်းပြချက်မရှိဘဲ လူအများ၏ အပယ်ခံ ဖြစ်နေရရှာသည်။

သို့သော် ချန်ချင်းယွီမှာ ဤအချက်ကို အလေးမထားပေ။ သူမသည် လူတိုင်းနှင့် ရင်းနှီးဖော်ရွေနေရန် မလိုလားသကဲ့သို့၊ ထိုသို့ဖြစ်နေခြင်းမှာလည်း သူမအတွက် ကောင်းကျိုးရှိမည် မဟုတ်ပေ။ ညနေစောင်းလာသည့်အခါ ဝင်းထဲတွင် လူစည်ကားလာတော့သည်။ ဤကဲ့သို့သောနေ့မျိုးတွင် မည်သူမျှ အပြင်၌ အချိန်ဖြုန်းမနေကြဘဲ အလုပ်ဆင်းသည်နှင့် အိမ်သို့ ချက်ချင်း ပြန်လာကြ၏။

စက္ကူပိုက်ဆံ မီးရှို့သည်ဖြစ်စေ၊ မရှို့သည်ဖြစ်စေ ဤနေ့တွင် အပြင်၌ လျှောက်သွားနေလေ့ မရှိကြပေ။

အဘွားကြီးကျောက်မှာလည်း ထိုနည်းတူပင်။ သူမသည် ပုံမှန်ထက် တစ်နာရီစော၍ အလုပ်ဆင်းခွင့်ရသဖြင့် နေ့တိုင်း ပထမဆုံး ပြန်ရောက်လာတတ်သည်ကို အလွန်ပင် ဂုဏ်ယူနေတတ်သည်။ သူမ ပြန်ရောက်သည်နှင့် စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

"ဒီနေ့ ရှီကျန့်ရှန်း အခြေအနေ ဘယ်လိုရှိလဲ? ငါကတော့ ဒီနေ့ အလုပ်မှာ သူမအကြောင်းကို အားရပါးရ ဖွပေးခဲ့တယ်၊ ဟဲဟဲ"

အဘွားကြီးကျောက်သည် အတင်းအဖျင်း သတင်းများကို လက်ဝယ်ပိုင်ဆိုင်ထားသဖြင့် အချိန်တိုအတွင်း ပထမထမင်းစားဆောင်၏ ရေပန်းအစားဆုံး မီးဖိုချောင်အကူ ဖြစ်လာသည်။ သူမသည် အပျင်းထူပြီး ပါးစပ်သရမ်းသော်လည်း သတင်းအချက်အလက်ပိုင်းတွင်မူ အလွန်ပင် မြန်ဆန်လှ၏။ လီချန်ရွှမ်းနှင့် နှိုင်းယှဉ်လျှင် သူမသည် ဝင်းအတွင်းရှိ အဖြစ်အပျက်တိုင်းကို အသေးစိတ် ပြန်လည်ပြောပြတတ်သဖြင့် အလုပ်ခွင်ရှိလူများအတွက် အပျော်ရွှင်ရဆုံး အချိန်များကို ဖန်တီးပေးထားသူ ဖြစ်သည်။ ယခုအခါ ဒုတိယနှင့် တတိယ ထမင်းစားဆောင်ရှိ လူများပင်လျှင် အတင်းအဖျင်း နားထောင်ရန်အတွက် သူမရှိရာ ပထမထမင်းစားဆောင်သို့ လာရောက် လည်ပတ်နေကြရ၏။

ပါးစပ်မြန်သူများမှာ အမျိုးသားရော အမျိုးသမီးပါ များပြားလှသော်လည်း ထမင်းစားဆောင်မှာ အလုပ်စောစောဝင်ရသဖြင့် အဘွားကြီးကျောက်၏ သတင်းများမှာ အမြဲတမ်း ဦးဆုံးထွက်ပေါ်လာလေ့ရှိသည်။ ထို့ကြောင့် အတင်းအဖျင်းလောကတွင် ပထမထမင်းစားဆောင်၏ အဆင့်အတန်းမှာ သိသိသာသာ မြင့်တက်လာတော့၏။

အခြားအကြောင်းကြောင့် မဟုတ်ပေ။ သတင်းဦးသတင်းထူးများကို လူတကာထက်အရင် ဖြန့်နိုင်ခြင်းကြောင့်ပင်တည်း။

ထို့ကြောင့် အဘွားကြီးကျောက်မှာ ယခုအခါ အမှန်တကယ်ပင် လူချစ်လူခင် များနေလေ၏။

ပုံမှန်အားဖြင့် အလုပ်ခွင်မှာ ပျော်ရွှင်စရာတွေ များလေလေ၊ အလုပ်တက်ရတာ ပိုပြီး စိတ်အားထက်သန်လေလေ ဖြစ်သည်။ အဘွားကြီးကျောက်သည်လည်း ထိုနည်းတူပင်။ အစပိုင်းတွင် မနက်စောစော ထရခြင်းအပေါ် ညည်းညူမိသော်လည်း ယခုအခါ အသားကျသွားပြီဖြစ်၍ စောစောထရခြင်းမှာ သူမအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်တော့ပေ။

ဘာပဲဖြစ်ဖြစ် သူမက တခြားသူတွေထက် တစ်နာရီစောပြီး အလုပ်ဆင်းရတယ်လေ…

ထို့ပြင် ဝင်းထဲရှိလူများမှာ သူမကို အမြင်မကြည်ကြသော်လည်း ထမင်းစားဆောင်မှ လူများမှာမူ သူမအပေါ် အဆင်ပြေကြသည်။

ခက်သည်မှာ မည်သူမှ ရန်ဖြစ်ရန်

အချိန်မရှိကြခြင်းပင်။ နေ့စဉ်

အလုပ်လုပ်ရင်း ယခင်နေ့ သူတို့ဝင်းထဲ ဖြဟ်ပွါးခဲ့သော ဟာသများကို ပြန်ပြောပြ၊ တခြားသူများလည်း သူတို့အိမ်နီးနားချင်းများ၏ အတင်းအဖျင်းများကို နှောလိုက်ကြနှင့် ထမင်းစားဆောင်တစ်ခုလုံး တစ်နေ့ကုန် ပျော်ရွှင်စရာများဖြင့် ပြည့်နှက်နေတတ်၏။ ၎င်းမှာ ထမင်းစားဆောင်၏ လုပ်ငန်းခွင် တက်ကြွမှုကို များစွာ မြှင့်တင်ပေးလိုက်သကဲ့သို့ပင်။

အဘွားကြီးကျောက်မှာ မီးဖိုချောင်အကူမျှသာဖြစ်၍ အလုပ်ကို များများလုပ်သည်ဖြစ်စေ၊ နည်းနည်းလုပ်သည်ဖြစ်စေ သိပ်တော့ မထူးခြားလှပေ။ သူမသည် ရာထူးတိုးစာမေးပွဲများ သို့မဟုတ် တခြားသူများနှင့် ပြိုင်ဆိုင်မှုများတွင်လည်း ပါဝင်သူမဟုတ်ပေ။ နေ့စဉ် သူမထံမှ ဦးဦးဖျားဖျား သတင်းထူးများကို ရရှိနေကြသဖြင့် အဘွားကြီးကျောက်၏ လူမှုဆက်ဆံရေးနယ်ပယ်မှာ အလိုလို ကောင်းမွန်နေလေသည်။

"ငါတို့ ထမင်းစားဆောင်က လူတွေက တကယ်ကို အမြင်ကျဉ်းကြတာ၊ နံစော်နေတဲ့ ဆေးမြီးတိုတွေအကြောင်း တစ်ခါမှ မကြားဖူးကြဘူးဆိုတော့ အရမ်းကို စပ်စုနေကြတာလေ"

ချန်ချင်းယွီ: "အမေကရော မြင်ဖူးလို့လား?"

အဘွားကြီးကျောက် ဂုဏ်ယူစွာဖြင့်

"အရင်ကတော့ မမြင်ဖူးပါဘူး၊ ဒါပေမဲ့ မနေ့က ငါမြင်ခဲ့ရတယ်လေ၊ အဲဒါကြောင့် သူတို့ထက်စာရင် ငါက အတွေ့အကြုံ စောတာပေါ့"

ချန်ချင်းယွီမှာ ဗိုက်နှိပ်၍ ရယ်မောလိုက်ရ၏။

"ဟဲ့၊ နင် ဘယ်အချိန်ကျမှ စက္ကူပိုက်ဆံ သွားရှို့မှာလဲ?"

"ခဏနေဦးလေ၊ မှောင်မှ သွားမယ်"

ချန်ချင်းယွီ ပြန်ဖြေရင်း ပြန်မေးလိုက်လေသည်။

"အမေရော?"

"ငါလည်း မှောင်မှ သွားမှာပါ"

အဘွားကြီးကျောက် ခေတ္တမျှ စဉ်းစားပြီးမှ

"နင် ငါ့အတွက်ပါ တစ်ခါတည်း သွားရှို့ပေးလို့ ရမလား? ငါစဉ်းစားမိတာက ငါတို့ဝင်းထဲမှာ ငါ့ကို စောင့်ကြည့်နေမယ့်သူ ရှိမှာပဲ။ အဲဒီတော့ ငါက အိမ်မှာပဲ နေပြီး လူတွေကို လှည့်စားထားမယ်လေ။ ဘယ်လိုလဲ? ဘာပဲဖြစ်ဖြစ် စက္ကူပိုက်ဆံ ရှို့တာပဲ မဟုတ်လား"

"ရတာပေါ့!"

ချန်ချင်းယွီ သဘောတူလိုက်ကာ၊တစ်ယောက်အတွက်ဖြစ်စေ၊ ငါးယောက်ခြောက်ယောက်အတွက်ဖြစ်စေ သူမအတွက်တော့ အတူတူပင်။

အဘွားကြီးကျောက် အားတက်သရောဖြင့်

"ဒါဆို ငါက အိမ်မှာနေပြီး နင့်ကို ဆူပူကြိမ်းမောင်းနေတဲ့ ဟန်ဆောင်ထားလိုက်မယ်"

သူမသည် ယခင်တစ်ခေါက်က နည်းလမ်းကို အသုံးချရန် သင်ယူထားပြီးသား ဖြစ်၏။

"ကောင်းပြီလေ!"

ချန်ချင်းယွီ ထောက်ခံလိုက်ပြီး

"ဒီလိုနေ့မျိုးမှာ ဘယ်သူမှ လာပြီး ဖျန်ဖြေမှာ မဟုတ်ဘူး။ ဒါပေမဲ့ တကယ်လို့ တစ်ယောက်ယောက် လာခဲ့ရင်လည်း အမေက မာမာထန်ထန်ပဲ ပြန်ပြောပြီး မောင်းထုတ်လိုက်ပါ”

အဘွားကြီးကျောက် ကျေနပ်စွာ ပြုံးလိုက်ပြီး

"ဒါကတော့ စိတ်ချလိုက်စမ်းပါ။ ငါ လုံးဝ အမှားအယွင်း မရှိစေရဘူး။ ဒီဝင်းထဲက လူတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ငါသိပါတယ်"

သို့သော် ဤကဲ့သို့သော နေ့မျိုးတွင် မည်သူမျှ လာရောက်ရှုပ်ယှက်ခတ်လိမ့်မည် မဟုတ်ကြောင်း သူမ သိသည်။ ယခင်က လင်းကျန့်ဝမ် အသက်ရှင်စဉ်ကပင် မည်သူမျှ ဝင်မစွက်ဖက်ခဲ့ကြရာ၊ ယခု လင်းကျန့်ဝမ် မရှိတော့သည့်နောက်တွင် ချွေးမကို ဆူပူနေခြင်းအပေါ် ပို၍ပင် ဂရုစိုက်ကြမည် မဟုတ်ပေ။

နှစ်ဦးသား တိုင်ပင်ပြီးနောက် ချန်ချင်းယွီ ကလေးနှစ်ယောက်ကို ချော့မြူလိုက်ကာ

"ခဏနေရင် သားတို့ သမီးတို့ စောစောအိပ်ကြနော်။ အဘွား ဘာတွေပဲ ပြောပြော ဂရုမစိုက်နဲ့။ မေမေ ဘာမှ အရှုံးမရှိဘူးဆိုတာ သိထားရင် ရပြီ၊ ဟုတ်ပြီလား?"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ခေါင်းလေးများကို စောင်းကာ နားမလည်သလို ကြည့်နေကြသည်။

"လိမ္မာတဲ့ ကလေးတွေက စောစောအိပ်ရတယ်လေ"

ချန်ချင်းယွီ ပြောဆိုလိုက်ရာ ရှောင်ကျား ခေါင်းညိတ်ပြရှာ၏။

ချန်ချင်းယွီ ပြုံးလိုက်မိပြီး ယနေ့သည် ထူးခြားသောနေ့ဖြစ်သဖြင့် လူတိုင်း အိမ်သို့ စောစောပြန်ကြပြီး မည်သူမျှ အပြင်မထွက်ကြရာ ဝင်းတစ်ခုလုံး တိတ်ဆိတ်နေသည်။ သို့သော် ညဘက်တွင် မည်သူများ မည်သို့သော အစီအစဉ် ရှိကြမည်ကိုမူ မခန့်မှန်းနိုင်ပေ။

ချန်ချင်းယွီတို့ မိသားစုတွင်လည်း ကိုယ်ပိုင်အစီအစဉ် ရှိ၍ မိုးချုပ်လာသည်နှင့် ချန်ချင်းယွီသည် ပစ္စည်းများကို ထုပ်ပိုးကာ မိုးကာအင်္ကျီဝတ်၍ အပြင်သို့ ထွက်ရန် ပြင်ဆင်လိုက်၏။

"သတိထားဦးနော်။ တစ်ခုခုဆိုရင် ချက်ချင်းပြေး၊ အဖမ်းမခံစေနဲ့"

"သိပါတယ်"

သူမက အဲဒီလောက်အထိ အူနေတဲ့သူမို့လို့လား!!

ချန်ချင်းယွီသည် တိတ်တဆိတ် ထွက်လာခဲ့သည်။ ယနေ့တွင် "အိမ်သာသွားသည်" ဟု အကြောင်းပြကာ အပြင်ထွက်သူများ တစ်ယောက်ပြီးတစ်ယောက် ရှိနေပြီး သူမသည်ကား တံခါးကြီးမှ မထွက်ဘဲ လူလစ်ခိုက်တွင် အမိုးပေါ်သို့ တက်လိုက်၏။

သူမကဲ့သို့သော ခေတ်သစ်လူငယ်တစ်ဦးမှာ ယခုတော့ တစ္ဆေတစ်ကောင်လို တိတ်တဆိတ် လှုပ်ရှားနေရချေပြီ…

ချန်ချင်းယွီသည် ပုဝါဖြင့် မျက်နှာကို သေချာစွာ စည်းထားသဖြင့် သူမကို မည်သူမျှ မှတ်မိနိုင်မည် မဟုတ်ပေ။ လမ်းမပေါ်တွင် ကင်းလှည့်နေသူများ ရှိသဖြင့် သူမသည် မြို့ပြင်ဘက်သို့ ဦးတည်၍ ခပ်သွက်သွက် လျှောက်လာခဲ့သည်။ လမ်းဆုံတွင် စက္ကူပိုက်ဆံ ရှို့ခြင်းမှာ ကွယ်လွန်သူများ "ငွေ" ကို မြန်မြန်ရရှိရန် ဖြစ်သည်ဟု ဆိုကြသော်လည်း၊ လူအများစုမှာ လမ်းမပေါ်တွင် ပေါ်ပေါ်ထင်ထင် မလုပ်ရဲကြပေ။

အဖမ်းခံရမည်ကို လူတိုင်း ကြောက်ကြသည် မဟုတ်ပါလား..

ထို့ကြောင့် လူအများစုသည် မြို့ဆင်ခြေဖုံးဘက်သို့ သွားကြလေ့ရှိပြီး၊ ထိုနေရာများတွင် ကင်းလှည့်သူများမှာလည်း တစ်ခါတစ်ရံတွင် မသိကျိုးကျွံ ပြုပေးတတ်ကြသည်။ အလွန်အကျွံ မဟုတ်ပါက မည်သူမျှ ပြဿနာမရှာချင်ကြပေ။ အတင်းအကျပ် လိုက်လံဖမ်းဆီးနေမည့်သူမှာ အလွန်ပင် ရှားပါးလှ၏။

ဘာပဲဖြစ်ဖြစ် ဒါက မှောင်ခိုဈေးကွက်ကို ဖမ်းတာလည်း မဟုတ်သလို၊ ဖမ်းလို့လည်း ဘာအကျိုးအမြတ်မှ မရှိဘဲ စိတ်ညစ်စရာတွေသာ တိုးမှာပဲ…

ဒီနေ့က ချင်းမင်ပွဲတော်နေ့ မဟုတ်ပါလား!

ချန်ချင်းယွီသည် ဤအယူအဆများကို နားမလည်သော်လည်း ပစ္စည်းရောင်းသည့် အစ်မကြီးနှင့် အဘွားကြီးကျောက်တို့ထံမှ နားထောင်ထားသဖြင့် အကြမ်းဖျင်းတော့ သိထားသည်။ သူမသည် မြို့ပြင်ဘက်သို့ ခပ်သွက်သွက် လျှောက်လာခဲ့၏။ ကျန်းမာသန်စွမ်းသည့် ခန္ဓာကိုယ်ရှိခြင်းမှာ မည်သည့်အချိန်တွင်မဆို အကျိုးရှိလှပေသည်။

လမ်းတွင် သူမကဲ့သို့ပင် ပုန်းလျှိုးကွယ်လျှိုး သွားနေသူ အချို့နှင့် တွေ့သော်လည်း ချန်ချင်းယွီကတော့ လေအဟုန်ကဲ့သို့ သူတို့ကို ကျော်ဖြတ်လာခဲ့၏။

ဟင်?

ချန်ချင်းယွီသည် ရုတ်တရက် ရင်းနှီးသော သူတစ်ယောက်ကို တွေ့လိုက်ရသည်။

ဒါကို ဘယ်သူ ထင်ထားမှာလဲ…

သူမသည် ယွမ်ဟောက်မင်နှင့် ဆုံနေခြင်းပင်!

သူက မျက်နှာကိုတောင် သေချာ မဖုံးထားပါလား…

ယွမ်ဟောက်မင်မှာ စောစောထွက်လာသူဖြစ်သဖြင့် ရှေ့တွင် ရောက်နေခြင်း ဖြစ်သည်။ ချန်ချင်းယွီသည် မျက်နှာကို သေချာဖုံးလိုက်ပြီး မျက်စောင်းတစ်ချက် ထိုးလိုက်မိကာ ယွမ်ဟောက်မင်နှင့် တွေ့ရခြင်းမှာ သရဲနှင့် တွေ့ရသည်ထက်ပင် ပို၍ နိမိတ်မကောင်းသလို ခံစားလိုက်ရတော့၏။

"တောက်!"

“ကံဆိုးလိုက်တာ!”

All Chapters