အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
၃၅။ သရဲမကြီး!
ညသည် ပိန်းပိန်းမှောင်နေ၏။
မိုးဖွဲဖွဲမှာ တစ်နေလုံးနီးပါး ရွာသွန်းနေပြီး ပုံသေဖြစ်နေသည့် မိုးကျသံတဖြောက်ဖြောက်မှာ ရပ်နားမသွားပေ။
သို့တိုင် လမ်းဆုံတွင် လူတချို့ရှိနေပြီး လူတိုင်းမှာ မိမိအလုပ်ကိုမိမိ အာရုံစိုက်နေကြသည်။ ချန်ချင်းယွီသည်လည်း ထိုနည်းတူစွာပင်၊ မိမိအလုပ်ကိုသာ အာရုံစိုက်နေပြီး ယွမ်ဟောက်မင်ကို တွေ့သည်တိုင် မှတ်မိသွားမည်စိုးသဖြင့် လျင်မြန်စွာ လျှောက်သွားခဲ့၏။
ချန်ချင်းယွီသည် နေရာတစ်ခုကို ရှာတွေ့သွားပြီး၊ မိုးရွာသွန်းနေသည့်အတွက် လေထုမှာ ထိုင်းမှိုင်း စိုစွတ်လို့နေသည်။ သူမသည် အမိုးရှိသောနေရာတွင် ငုတ်တုပ်ထိုင်ချလိုက်၏။ ကံကောင်းထောက်မစွာဖြင့် ညနေခင်းတွင် လေတိုက်ခတ်နှုန်းမှာ အတော်လေးလျော့ပါးသွား၍ပင်၊ မဟုတ်လျှင် အဘယ်သို့မီးညှိမည်နည်း။
ကံကောင်း၍သာ ဤနေရာတွင် လေငြိမ်နေပြီး စက္ကူပိုက်ဆံများ မီးရှို့ရန် လွယ်ကူသွားခဲ့သည်။
ထို့အပြင် ကံကောင်းလှသော ချန်ချင်းယွီအတွက် မိုးဖွဲဖွဲမှာလည်း တိတ်သွားခဲ့၏။
ချန်ချင်းယွီ ; "လင်းကျန့်ဝမ်၊ ရှင့်ဘက်မှာရော အဆင်ပြေရဲ့လား? ကျွန်မကတော့ ဒါ ပထမဆုံးအကြိမ် စက္ကူငွေရှို့ဖူးတာဆိုတော့ အများကြီးပဲ ထည့်ပေးလိုက်တယ်။ ရှင့်ဘက်မှာလည်း ကောင်းကောင်းမွန်မွန် နေထိုင်ပါနော်။ ကလေးတွေအတွက်တော့ စိတ်မပူပါနဲ့၊ ကျွန်မ ကောင်းကောင်းစောင့်ရှောက်ပါ့မယ်။ တခြားသူတွေက မသိရင်တောင်မှ ကောင်းကင်မှာ နတ်ဘုရားတွေရှိတယ်ဆိုရင်တော့ ကျွန်မ ဘယ်လိုလူမျိုးလဲဆိုတာ ရှင်သိမှာပါ။ စိတ်မပူနဲ့နော်၊ ကျွန်မက တော်တော်လေး အရည်အချင်းရှိတဲ့သူပါ။ သူတို့ကို ကောင်းကောင်းကြီး ပြုစုပျိုးထောင်နိုင်ပါတယ်။ အိမ်ရာဝင်းထဲမှာလည်း ကိစ္စတွေက အများကြီးရှိပေမဲ့ ကျွန်မ အားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ ကျွန်မတို့တွေ နစ်နာစရာ ဘာမှမရှိပါဘူး။ အခုဆိုရင် ရှင့်အမေနဲ့ ကျွန်မနဲ့က လက်တွဲလုပ်နေကြပြီလေ၊ သိလား? ကျွန်မက ပြတ်ပြတ်သားသားနဲ့ ခေါင်းမာပြလိုက်ရင် သူက စကားပြောရတာ တော်တော်လွယ်သွားတာ။ ရှင်လည်း ဒါမျိုးဖြစ်လာမယ်လို့ လုံးဝ ထင်မထားခဲ့ဘူးမလား?"
မီးတောက်များတောက်ပလာသည်နှင့် စက္ကူငွေနှင့် ရွှေတုံးငွေတုံးစက္ကူရုပ်များကို ချန်ချင်းယွီ ထည့်ပြီးရှို့လိုက်၏။ ထို့နောက်ထပ်မံ၍
"ကျွန်မတို့တွေ အဆင်ပြေပြေရှိနေကြပါတယ်။ ကျွန်မမှာလည်း ပိုက်ဆံရှိတယ်နော်။ ရှင်တောင် ယုံမှာမဟုတ်ဘူး၊ တကယ်တော့ ကျွန်မ အဘိုးအဘွားတွေ ဝှက်ထားတဲ့ ပိုက်ဆံတွေကို ရှာတွေ့ခဲ့တာ။ ဒါတောင် ကျန်သေးတယ်လို့ ထင်တာပဲ။ ကျွန်မတို့ အေးအေးဆေးဆေးပဲ သွားကြတာပေါ့၊ ဒါက ဘာမှမဟုတ်ပါဘူး။ အခုတလော ကျွန်မတို့ အခြေအနေက တော်တော်လေး ကောင်းနေတာ။ ဪ ဒါနဲ့... ရွှီကောင်းမင်က ရှင့်မိသားစုအပေါ် အမြဲတမ်း အမြတ်ထုတ်နေကျ မဟုတ်လား? ကျွန်မ ပြောပြရဦးမယ်၊ အခုတလော သူ့မိသားစုမှာ ကံဆိုးတာတွေ တောက်လျှောက် ဖြစ်နေတာလေ။ ဟိဟိ..."
ငါ ချန်ချင်းယွီကို ပေါ့သေးသေး မှတ်နေကြတယ်…ဟဟ!
သူမ စက္ကူငွေများ မီးရှို့ရင်းဖြင့် မိမိဘာသာ တီးတိုးရေရွတ်နေလေသည်။ ခဏအကြာတွင် သူမ၏အဘိုးအဘွားမိသားစုများအတွက် စတင်မီးရှို့ပေးလိုက်၏။
"အဘိုးနဲ့ အဘွား... အခု အမေတို့၊ ဦးလေးတို့နဲ့ ပြန်ဆုံနေကြပြီလားဟင်? ကျွန်မက အဘိုးနဲ့ အဘွားလို့ ခေါ်သင့်သလားတော့ မသိဘူး၊ ဒါပေမဲ့ ကျွန်မ ဒီခန္ဓာကိုယ်ကို ဆက်ခံလိုက်ကတည်းက မှတ်ဉာဏ်တွေအားလုံးကို ရထားခဲ့တာပါ။ အရာအားလုံးကိုလည်း အရမ်းကို ရှင်းရှင်းလင်းလင်း မှတ်မိနေပါတယ်။ ကျွန်မရဲ့ နှလုံးသားထဲမှာတော့ အဘိုးတို့က ကျွန်မရဲ့ မိသားစုဝင်တွေပါပဲ။ နောင်နှစ်တိုင်းမှာလည်း ကျွန်မ အဘိုးတို့အတွက် စက္ကူငွေတွေ မှန်မှန်ပူဇော်ပေးပါ့မယ်။ ကျွန်မက တော်တော်လေး သတ္တိရှိပြီး အရည်အချင်းရှိသလို ဘာမဆို လုပ်ရဲကိုင်ရဲတဲ့သူပါ— ဒါဟာ ကျွန်မပဲလေ!"
သူမ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ထပ်မံ၍ အားငယ်စွာ ပြောလိုက်ပြန်သည်။
"အဘိုးတို့ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာလဲ? ကျွန်မကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ရုံ သက်သက်ပဲလား? ဒါမှမဟုတ် တခြား အကြောင်းရင်းများ ရှိနေသေးတာလား? ကျွန်မတော့ မသိဘူး၊ ဒါပေမဲ့ ဒီကိစ္စကို ဆက်ပြီး စုံစမ်းသွားမှာပါ။ ကျွန်မကို ကောင်းချီးပေးပါ၊ အမှန်တရားကို ရှာဖွေတွေ့ရှိနိုင်ဖို့ ကျွန်မကို စောင်မကြည့်ရှုပေးပါဦး။"
သူမ ခေါင်းကိုငုံ့ထားပြီး အသံမှာ အေးစက်နေကာ
"အခုလောလောဆယ် ဘာသဲလွန်စမှ မရှိသေးပေမဲ့လည်း ကိစ္စမရှိပါဘူး၊ ကျွန်မမှာ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ကျွန်မ ဒါကို သေချာပေါက် လုပ်နိုင်မှာပါ။ တကယ်လို့ အဘိုးတို့သာ မတရားခံခဲ့ရတာမျိုး ရှိခဲ့ရင် ကျွန်မ ဒါကို ဒီအတိုင်း လွှတ်မထားပါဘူး။ အဲဒီလိုမဟုတ်ဘူးဆိုရင်တောင် စိတ်အေးလက်အေး ဖြစ်သွားအောင် အရာအားလုံးကို အကုန်သိရမှ ဖြစ်မယ်။ ဪ... ပြီးတော့ အဘိုးတို့ကို ကျွန်မ..."
"ပျော်စရာကောင်းတာလေးတွေပဲ ပြောကြရအောင်။ အဲဒီကောင် ချန်ရိကျွင်းကို ကျွန်မ ရှင်းပစ်လိုက်ပြီ။ သူ ဘယ်လောက်တောင် အတင့်ရဲလဲဆိုတာ အဘိုးတို့သိမှာမဟုတ်ဘူး၊ အဘိုးတို့ဝှက်ထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေကိုတောင် သူက သိမ်းပိုက်ထားသေးတာ။ ကျွန်မကတော့ သူ့ကို အလျှော့ပေးမှာ မဟုတ်ဘူး။ ကျွန်မ ပြောပြရဦးမယ်၊ ကျွန်မကလေ..."
ချန်ချင်းယွီမှာ အတော်လေးရဲတင်းလှ၏။ အမှောင်ထဲတွင် လူအားလုံးမှာ သွားသုတ်သုတ် လာသုတ်သုတ်နှင့် စက္ကူငွေရှို့ပြီးသည်နှင့် ခပ်သွက်သွက်ပြန်သွားကြသော်ငြား သူမသည်ကား တစ်ဦးတည်း စကားများထိုင်ပြောနေသည်။ သူမသည် တစ်ဦးချင်းစီတိုင်းအတွက် စက္ကူငွေများမီးရှို့ပေးနေပြီး ခြင်းတောင်းကြီးတစ်လုံးလုံးရှိရာ အချိန်အတော်လေးယူရ၏။ ချန်ချင်းယွီတစ်ယောက် တည်တည်ငြိမ်ငြိမ်ပင် ရှိနေကာ နေရာကောင်းတစ်ခုကို ရွေးချယ်ထားသည်။ အကယ်၍ တစ်ယောက်ယောက် လာရောက်ဖမ်းဆီးမည်ဆိူလျှင် သူမသည် အုတ်နံရံကိုခုန်ပျံကျော်လွှား၍ ထွက်ပြေးရန် ပြင်ဆင်ထား၏။
သူမသည် အချိန်အတော်ကြာ ပွစိပွစိ ရေရွတ်နေရင်း မပြန်ခင်အထိ တစ်ဦးချင်းစီအတွက် စက္ကူငွေနှင့် ရွှေတုံးများ ကုန်အောင် မီးရှို့ပေးနေသည်။
အချိန်နောက်ကျနေပြီဖြစ်သော်ငြား လမ်းတွင် လူသွားလူလာရှိနေ၏။ တချို့သာစောစောလာကြပြီး တချို့သည်ကား နောက်ကျမှ ထွက်လာကြခြင်းပင်။ ချန်ချင်းယွီသည် သူမတို့လမ်းကြား မရောက်ခင်အထိ ဖြည်းဖြည်းမှန်မှန် သွားနေခဲ့ပြီး လမ်းကြားရောက်သောအခါ အဘွားကြီးဟွမ်တစ်ယောက် ဟိုကြည့်ဒီကြည့်ဖြင့် သံသယဝင်စရာကောင်းစွာ ခိုးကြောင်ခိုးဝှက်လာနေသည်ကိုမြင်လိုက်ရသည်။ ထို့နောက် သူမမှာ အိမ်သာနောက်ကျောဘက်သို့ ဝင်သွားလေ၏။
ချန်ချင်းယွီ ????
အာ…
အဘွားကြီး ဘာလုပ်မလို့လဲ!
ချက်ချင်းပင် အဘွားကြီးဟွမ်နောက် ချန်ချင်းယွီလိုက်သွားသည်။
လူတိုင်း စပ်စုချင်ကြတာပဲလေ!
သူမသည် ခြေသံကိုဖော့ထားပြီး အခြေအနေကို တိတ်တိတ်လေး ချောင်းကြည့်လိုက်၏။ သူမ မြင်လိုက်ရသည်မှာ အဘွားကြီးဟွမ်သည် သတင်းစာစက္ကူတစ်ထပ်ကို ဆွဲထုတ်လိုက်ပြီး တိတ်တိတ်လေး မီးရှို့လိုက်ကာ လက်နှစ်ဖက် အလွန်လေးစားစိတ်နှစ်သည့်ဟန်ဖြင့် လက်အုပ်ချီ၍
"ဘိုးဘွားတို့ရေ... ကျွန်မက ဒီမိသားစုရဲ့ (၁၈) ဆက်မြောက် ချွေးမပါ။ အခုက ချင်းမင်းပွဲတော်၊ သင်္ချိုင်းကန်တော့ပွဲဆိုတော့ ဘိုးဘွားတို့ သုံးဖို့အတွက် ငွေစက္ကူတွေ မီးရှို့ပေးနေပါတယ်။ ကျွန်မတို့ မိသားစုကို အောက်ကနေပြီး ကောင်းချီးပေးကြပါဦး။ မိသားစုအဆင်ပြေဖို့၊ ရာထူးတက်ဖို့၊ ချမ်းသာဖို့နဲ့ ကျွန်မတို့ ဇနီးမောင်နှံလည်း အမြန်ဆုံး ပြန်ပေါင်းထုတ်နိုင်အောင် မစပေးကြပါ။ ကျွန်မတို့သားလေးလည်း နောက်ခံအင်အားရှိပြီး ချမ်းသာတဲ့ မိန်းမနဲ့ ဖူးစာဆုံပြီး သားယောက်ျားလေး ထပ်မံထွန်းကားပါစေဦးရှင်။
ဒါ့အပြင် ကျွန်မတို့ဝင်းထဲက တချို့မိသားစုတွေက ကျွန်မကို ဝိုင်းပြီး ဒုက္ခပေးနေကြတယ်၊ အထူးသဖြင့် ဟို 'ကျောက်တာ့ရာ' ဆိုတဲ့ မိန်းမပေါ့။ ဘိုးဘွားတို့ အောက်ကနေ ဒါကို ကြားတယ်ဆိုရင် သူ့ကို သင်ခန်းစာပေးလိုက်ကြပါဦး! အကောင်းဆုံးကတော့ သူ့ကိုပါ အောက်ကို ခေါ်သွားပြီး ဘိုးဘွားတို့ဆီမှာ အစေခံအဖြစ် ခိုင်းစေလိုက်တာပါပဲ။"
"အမေရေ... ဟို အသည်းနှလုံးမရှိတဲ့ မိန်းမကြီးက အခုထိ အလုပ်လုပ်နေတုန်းပဲ! သူက အဲ့ဒီလိုနေဖို့ တန်လို့လား? အဲ့ဒီမိန်းမယုတ်ကို ခေါ်သွားပေးကြပါ! နောက်ပြီး သူ့ရဲ့ ချွေးမငယ်လေးကလည်း မြေခွေးမလေးလိုပဲ၊ အမြဲတမ်း အားငယ်ချင်ယောင်ဆောင်ပြီး ကျွန်မသား 'ရှင်းဖှ' ကို မြှူဆွယ်နေတာ၊ တကယ့်ကို အရှက်မရှိတဲ့ မိန်းမ။ သူ့ကိုလည်း ခေါ်သွားလိုက်ကြပါ။
ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက 'ရှင်းဖှ' အရိုက်ခံလိုက်ရသေးတယ်၊ ဘယ်သူလုပ်လဲဆိုတာတောင် ကျွန်မတို့မသိရဘူး။ ဘိုးဘွားတို့အနေနဲ့ ကိုယ့်မြေး ဒီလိုခံနေရတာကို ဒီအတိုင်း ကြည့်မနေသင့်ဘူးလေ၊ သူက ကျွန်မတို့ရဲ့ တစ်ဦးတည်းသော သားလေးလေ! အဲ့ဒီလူကို သင်ခန်းစာပေးပြီး အောက်ကိုသာ ခေါ်သွားပေးကြပါ။ ကျွန်မတို့မိသားစုအပေါ် မကောင်းတဲ့သူမှန်သမျှ အကုန်လုံးကိုသာ ခေါ်သွားပေးကြပါတော့..."
အဘွားကြီးဟွမ် တတွတ်တွတ်ရေရွတ်နေပြီး ချန်ချင်းယွီမှာ ပါးစပ်အဟောင်းသားဖြင့် ဆွံ့အနေမိ၏။
ချီးပဲ!! သောက်အဘွားကြီး အရှက်ရောရှိရဲ့လား..
ကျွန်မက ရှင်သားကို မြူဆွယ်တယ် ဟုတ်လား!! ရှင့်သားက မြူဆွယ်ဖို့ တန်မတန်ကိုသာ ပြန်ကြည့်ပါဦး!!
သူမအနေဖြင့် ရှေးလူကြီးများပြောခဲ့ဖူးသော ‘သတင်းစက္ကူကို မီးရှို့ပြီး တစ္ဆေတွေကို လှည့်စားတယ်’ ဆိုသော ဆိုရိုးကို ကြားရုံသာကြားခဲ့ဖူးပြီး မမြင်ဖူးခဲ့ပေ။
အခုမှပဲ တကယ်ကြီးမြင်ဖူးပြီ!!သောက်ကျိုးနည်း!
အဘွားကြီး ရှင့်နှယ်..တစ္ဆေတွေကိုလည်း အရူးလုပ်သေး… လိုချင်တာတွေကလည်း များလှချည်လား!!
တစ္ဆေသာ တကယ်ရှိခဲ့ရင်တော့ အဘွားကြီး ရှင်တော့ အရင်ဆုံး လည်လိမ်ချိုးခံရမှာပဲ..ရှင်ကတော့ နံပါတ်တစ်ပဲ!!.
ချန်ချင်းယွီမှာ အဘွားကြီးဟွမ်ကို အထင်သေးစွာကြည့်နေလိုက်၏။
“အမယ်လေး ကိုယ်ကရုပ်ဆိုးသလောက် လောဘကကြီးသေးတယ်၊ လိုချင်တာများနေပြီး အံမယ် ချမ်းသာပြီး လှတဲ့မိန်းမတောင် သူ့သားအတွက် လိုချင်နေသေး..အံ့ဩပ!! ဒီမိန်းမကြီးကတော့ တကယ်ကို…..”
သူမမှာ အဘွားကြီးကျောက်ထက်ပင် ဆိုးရွားနေ၏။ အဘွားကြီးကျောက်မှာ လောဘကြီးသည် ဆိုသော်လည်း အနည်းဆုံး သတင်းစာစက္ကူမီးရှို့၍ တစ္ဆေများကို မလှည့်စားပေ။
ကျွစ်! ကျွစ်! ကျွစ်!
ချန်ချင်းယွီ ထောင့်ချိုးနေရာမှ ချောင်းကြည့်လိုက်ရာ အဘွားကြီးဟွမ်မှာ ဆက်လက်ရေရွတ်နေဆဲပင်။
“ဘိုးဘွားများ ကျွန်မကိုကောင်းချီးပေးပါရှင်…ဒါမှ ကျွန်မချမ်းသာလာမှာ..ရှင်တို့တွေလည်း ပိုက်ဆံမရှိဘဲ တစ္ဆေလုပ်လို့မရဘူး!!! ကျွန်မမှာ လက်ရှိ အင်မတန်ခက်ခဲနေပါတယ်…ဘာလို့များ မချမ်းသာရတာလဲ..ကျွန်မ..အား!!”
လေတစ်ချက်အဝှေ့တွင် တစ်ဝက်ခန့်လောင်ကျွမ်းနေပြီးသော သတင်းစာစက္ကူများမှာ လွင့်သွားပြီး သူမမျက်နှာကို လာရိုက်လေသည်။ အဘွားကြီးဟွမ်မှာ အချိန်မီမရှောင်နိုင်ဘဲ မြေကြီးပေါ် ဖင်ထိုင်လျက်ကျသွား၏။
သူမ အော်ဟစ်လိုက်ပြီး ခန္ဓာကိုယ်ပေါ်မှ သတင်းစာများကို ခါထုတ်လိုက်သည်။
အဘွားကြီးဟွမ် ဒေါသတကြီးကျိန်ဆဲလိုက်၏။
“သောက်ခွေးမ လေ..ဒင်းကအစ ငါ့ကို ပိုခက်ခဲအောင်လုပ်နေတယ် အရာအားလုံး ဘာမှကို အဆင်ပြေမနေဘူး”
သူမ ကျိန်ဆဲပြီးစဉ်မှာပင် သတင်းစာများမှာ ပို၍လွင့်သွားလေသည်။ ညည့်နက်နေပြီဖြစ်ရာ လေတိုက်ခတ်နှုန်းမှာ ပြင်းလာ၏။
အဘွားကြီးဟွမ်; “ဘုရားရေ…သောက်ကျိုးနည်းတာပဲ”
သူမသည် သတင်းစာများပေါ်သို့ ခြေထောက်ဖြင့် နင်းချေလိုက်ရပြီး ကံကောင်းစွာဖြင့် ယနေ့မှာ မိုးရွာနေသည့်အတွက် မြေကြီးမှာ စိုစွတ်နေ၍ပင်၊ မဟုတ်ပါက ရုတ်တရတ် မီးလောင်နိုင်ချေရှိပြီး အလွန်ပင် ပြဿနာတက်သွားနိုင်သည်။ အဘွားကြီးဟွမ်မှာ သတင်းစာများကို နင်းနေရင်း ပြင်းထန်စွာ ကျိန်ဆဲနေ၏။
"ဘိုးဘွားတို့ရယ်... ကျွန်မကို ကောင်းချီးမပေးတဲ့အပြင် ဒီလိုမျိုးတောင် လုပ်ရက်ကြတာလား! ကျွန်မ ဒီအိမ်ကို ချွေးမအဖြစ် ရောက်လာတာ နှစ်ပေါင်းမနည်းတော့ဘူး၊ ကြီးကျယ်တဲ့ ကိစ္စတွေ မလုပ်ပေးနိုင်ခဲ့ရင်တောင် ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းဆောင်ခဲ့တာပါ။ ကျွန်မအပေါ်ကို ဒီလိုပဲ ဆက်ဆံကြတာလား? ကျွန်မကတော့ ကံတရားက တကယ်ကို မျက်နှာသာမပေးပါလား၊ ကျွန်မ... အား!"
လေပြင်းများ တဟူးဟူးတိုက်ခတ်လာပြီး သတင်းစာစက္ကူများ လေထဲမှာ ဝဲပျံကုန်သောကြောင့် အဘွားကြီးဟွမ်တစ်ယောက် ပျာပျာသလဲ ဖြစ်သွားရသာ်။
"ဒါ... ဒါ ဘာတွေဖြစ်နေတာလဲ? အို... ဘုရားရေ..."
ချန်ချင်းယွီမှာ ပါးစပ်ကိုအုပ်ထားရပြီး ဝါးလုံးကွဲရယ်ချင်နေမိ၏။
ကောင်းလေစွ.. တစ္ဆေရှိတာ မရှိတာအပထားဦး..ကောင်းကင်ကြီးကတောင် သင်္ချိုင်ကန်တော့ပွဲမှာ သတင်းစာတွေ မီးရှို့ပြီး လှည့်စားတာကို မကြည့်နိုင်တော့ဘူးထင်တယ်…သည်းမခံနိုင်တော့ဘူးတဲ့..ဟဟဟ
ချန်ချင်းယွီခမျာ ပါးစပ်ကိုလက်ဖြင့် အုပ်ထားရကာ မရယ်မောမိစေရန် ထိန်းထားရပြီး အတွင်းကြိတ်၍ တခိခိဖြစ်နေ၏။
သူမ လက်ထဲတွင် မည်သည့်ပစ္စည်းမျှ မကျန်တော့၍ ကြောက်စရာမရှိသော်လည်း လူလုံးထွက်မပြသည်မှာ အကောင်းဆုံးဖြစ်သည့်အတွက် အမြင်မခံနိုင်ပေ။ အကယ်၍ အဘွားကြီးဟွမ်သည်သာ ပွစိပွစိရေရွတ်၍ ရန်တွေ့ဆူပူ လုပ်နေဦးမည်ဆိုလျှင် သူမကို တွေ့သွားနိုင်၍ သေချာလုံအောင် ပုန်းကွယ်လိုက်၏။ တစ်ဖက်မှ အဘွားကြီးမှာ ပျာသလဲလဲဖြင့် ပုန်းကွယ်ရန်နေရာရှာနေရင်း
"ငါ့ဘဝက ဘာလို့ ဒီလောက်တောင် ကံဆိုးရတာလဲ? သတင်းစာစက္ကူတွေကလည်း ငါ့ကိုနှိပ်စက်တယ်၊ လေကလည်း ငါ့ကို ဒုက္ခပေးတယ်၊ ငါကတော့ တကယ့်ကို သနားစရာကောင်းတဲ့ မိန်းမပါပဲ၊ ငါ... ငါ..."
"ဘယ်သူလဲ! အဲ့ဒီမှာ ဘယ်သူလဲ!"
မြို့ပြင်မှာ ငွေစက္ကူသွားမီးရှို့ပြီး ပြန်လာသော ယွမ်ဟောင်မင်တစ်ယောက် လမ်းကြားထဲ ရောက်သည်နှင့် ဆူညံသံကို ကြားလိုက်ရ၍ ချက်ချင်းပင် အော်ဟစ်လိုက်သည်။
"ဘယ်သူက လာပြီး နောက်ပြောင်နေတာလဲ? အခုချက်ချင်း ထွက်လာခဲ့! ငါ မင်းကို မြင်တယ်နော်၊ မြင်တယ်လို့ ပြောနေတာ!"
သူသည် ဆူညံသံနောက်လိုက်သွားပြီး အိမ်သာများအနောက်ရောက်သွားသောအခါ
“ဟဲ့ သောက်ခွေး”
အဘွားကြီးဟွမ်ပါလား…
အဘွားကြီးဟွမ်: “ရှောင်ယွမ် လာစမ်းပါ ငါ့ကိုကူပြီး သတင်းစာတွေငြိမ်းပေးစမ်းပါ”
လေမှာပြင်းထန်နေပြီး သတင်းစာများမှာ အကုန်လုံး နေရာအနှံ့လွင့်နေ၍ အဘွားကြီးဟွမ်မှာ အကျပ်ရိုက်နေရ၏။
ဒါက သူမဘာသာ လုပ်မိတဲ့ အမှားပဲ…သတင်းစာစက္ကူတွေအားလုံးကို တစ်ပြိုင်နက်တည်း မီးရှို့လိုက်တာကြောင့် အခုတော့ သူမမှာ အကျပ်ရိုက်ပြီး ဒုက္ခရောက်နေရပြီ!
"မြန်မြန်လုပ်စမ်းပါ!"
ယွမ်ဟောင်မင် ခပ်တင်းတင်းပင် ပြောလိုက်၏။
"ဒေါ်ကြီးဟွမ်... ဒေါ်ကြီးက ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကို လုပ်နိုင်ရတာလဲ? ဒါက ခေတ်နောက်ပြန်ဆွဲတဲ့ အယူသီးမှုဆိုတာ ဒေါ်ကြီးသိရဲ့လား? အကယ်၍ အဖမ်းခံရမယ်ဆိုရင် ဒေါ်ကြီးတစ်ယောက်တည်း ထိခိုက်မှာမဟုတ်ဘူး၊ ကျွန်တော်တို့ ဝင်းတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်မှာဗျ။ ဒေါ်ကြီးလုပ်ရပ်က တကယ်ကို လွန်လွန်းနေပြီ။"
အဘွားကြီးဟွမ် "???"
ဘာတွေ လာပြောနေတာလဲ?
"စကားကို လျှောက်မပြောနဲ့! နင်က ဘာတွေ လာဟန်ဆောင်နေတာလဲ? နင်လည်း ငွေစက္ကူ လာမီးရှို့တာ မဟုတ်ရင် ဒီကို ဘာလာလုပ်တာလဲ? အခုကျမှ ငါ့ကို လာပြီး ဆရာလုပ်နေတာလား? ဟန်ဆောင်မနေနဲ့တော့၊ မြန်မြန်ပဲ ကူလုပ်စမ်းပါ!"
ယွမ်ဟောက်မင်မှာ ထိုခဏအတွင်း ကြောက်လန့်သွားသော်လည်း သူ့တွင် သက်သေပစ္စည်းမကျန်တော့၍ တည်ငြိမ်အောင် ထိန်းလိုက်ပြီး ပြန်တုံ့ပြန်လိုက်သည်။
"ဒေါ်ကြီးဟွမ်... ဒေါ်ကြီးက ကိုယ့်အမှားကိုယ် မသိတဲ့အပြင် ကျွန်တော့်ကိုပါ ရွှံ့နဲ့ဝိုင်းပက်နေတာပဲ။ ဒါက တကယ်ကို လွန်လွန်းပါတယ်။ ဒီလိုမျိုး လုပ်တာဟာ တကယ့်ကို မှားယွင်းတဲ့ လုပ်ရပ်ပဲ။ ကျွန်တော်တို့တွေက နိုင်ငံတော်ရဲ့ တိုက်တွန်းချက်တွေကို လိုက်နာပြီး ဒီလို ခေတ်နောက်ပြန်ဆွဲတဲ့ အယူသီးမှုတွေကို ရပ်တန်းက ရပ်သင့်တာဗျ။ ဒေါ်ကြီး လုပ်နေတာတွေက..."
"နင့်ရဲ့ စောက်ဆရာကြီးလုပ်နေတဲ့ အပေါက်ကို ပိတ်လိုက်စမ်း! နင့်ရဲ့ အလကား အပိုစကားတွေကို လာပြီး ဆရာလုပ်မနေနဲ့တော့၊ မြန်မြန်လုပ်ပြီး ဒီမီးကို ငြိမ်းအောင် ကူလုပ်စမ်းပါ!"
အဘွားကြီးဟွမ်မှာ အနှီဟန်ဆောင်ကောင်းလွန်းသည့် လူစားမျိုးကို တကယ်ကို စိတ်ကုန်လှ၏။
သူက ဘာတွေကို လာပြီး ဟန်ဆောင်နေတာလဲ? သူ ဘယ်လိုလူလဲဆိုတာ လူတိုင်းက သိနေကြတာပဲကို။
"ကောင်းပြီလေ... ကျွန်တော် လူသွားခေါ်မယ်!"
ယွမ်ဟောက်မင် ထွက်သွားရန်လှည့်သွားသောအခါ အဘွားကြီးဟွမ်မှာ ဒေါသတကြီးဖြင့် ဆဲဆိုလိုက်လေသည်။
"တောက်! ကူညီရမယ့်အစား ငါ့ကို ဘာတွေ လာပြီး လေပေါနေတာလဲ မသိဘူး။ အသုံးမကျတဲ့ကောင်!"
သူမသည် ရှေ့မှ ကျောက်ခဲလေးတစ်လုံးကို ဒေါသတကြီးနှင့် ခပ်ပြင်းပြင်း ကန်လိုက်ရာ ထိုကျောက်ခဲမှာ ယွမ်ဟောင်မင်၏ ကျောကုန်းကို "ဖုန်း" ခနဲ သွားမှန်လေ၏။
ယွမ်ဟောင်မင်း တစ်ယောက် "ဘမ်း!" ခနဲ လဲကျသွားပါလေရော။
အဘွားကြီးဟွမ် - "???"
ပုန်းကြည့်နေတဲ့ ချန်ချင်းယွီ "??????"
နေပါဦး... သူက ဒီလောက်တောင် အားနည်းပြီး ခြေမခိုင်ရတာလား?
တိုက်တိုက်ဆိုင်ဆိုင်ပင်..အဘွားကြီးဟွမ်လည်း ချန်ချင်းယွီအတိုင်း တွေးနေမိလေသည်။
သူမ အံ့ဩတကြီးနှင့် အော်ပြောလိုက်သည်မှာ
"နင်ကလည်း တော်တော်ကို အားနည်းတာပဲ! ခြေထောက်တွေက ဘယ်လောက်တောင် မခိုင်ရတာလဲ? နင် တစ်ကိုယ်လုံး အားအင်တွေ ကုန်ခမ်းနေတာပဲလား! ဒီလိုလူစားမျိုးကို ကျောက်ရုံက ဘယ်လိုများ သည်းခံပေါင်းသင်းနေပါလိမ့်?"
ဤသို့ ချန်ချင်းယွီနှင့် အဘွားကြီးဟွမ် အတွေးချင်း ထပ်တူကျနေမှုမှာ ရှားပါးလှချည်တကား။
ယွမ်ဟောက်မင် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဒေါသတကြီးဆိုလိုက်၏။
“ဒေါ်ကြီးဟွမ်..ခင်များ ဘာလုပ်တာလဲ! ခင်များ!! အား…ချီးပဲ”
ချန်ချင်းယွီ အမြန်ချောင်းကြည့်လိုက်ပြီး စကားတစ်ခွန်း လွှတ်ခနဲ ပြောမိမတတ် ဖြစ်သွား၍ ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။
ဟ... ဒါက...
ဒါကတော့လေ...
တစ်ခါတလေကျရင်လည်း ဝဋ်ဆိုတာ မရှိဘူးလို့ ပြောရင် သူမ လုံးဝယုံမှာ မဟုတ်ဘူး…
ယွမ်ဟောင်မင်၏ ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး သူလဲကျသွားသည့် နေရာမှာလည်း အတိအကျပင်... အဘွားကြီးဟွမ် သတင်းစာများ မီးရှို့နေသော နေရာတည့်တည့်ပေါ်ကိုမှ မှောက်လျက်သား လဲကျသွား၏။
ဒါဟာ တကယ့်ကို... ကံကြမ္မာပါပဲ!
ယွမ်ဟောင်မင် သူ့ခေါင်းကို ပျာပျာသလဲ ပုတ်ခါရင်း
"အား... ငါ့ဆံပင်တွေ! ငါ့ဆံပင်တွေ!"
သူ တကယ့်ကို ဒေါသထွက်သွားပြီး
"ဒေါ်ကြီးဟွမ်! ခင်များကြီး တမင်တကာ ကျုပ်ဆံပင်တွေကို မီးလောင်အောင် လုပ်တာမလား! ဒါ သက်သက်မဲ့ ရန်တုံ့ပြန်တာပဲ! ခင်များကြီး စောင့်နေလိုက်၊ အခုချက်ချင်း သွားတိုင်ပြမယ်! ညကြီးမင်းကြီး ငွေစက္ကူခိုးရှို့ရုံတင်မကဘူး၊ အခုတော့ ရန်ပါ တုံ့ပြန်နေတာပေါ့လေ! ဒီအဘွားကြီးကတော့ လူစိတ်ကို မရှိဘူး..."
သူသည် မီးစများကို အသဲအသန်ငြိမ်းသတ်နေပြီး ငြိမ်းသွားသည့်တိုင် ဆံပင်မီးလောင်ရနံ့မှာ လေထဲတွင်ပျံ့လွင်နေ၏။ ယွမ်ဟောက်မင် ဒေါသတကြီးဖြင့်
“ခင်များတို့မိသားစု အခုတလော ကံဆိုးမိုးမှောင်ကျနေတာ ဘာမှမဆန်းတော့ဘူး။ ခင်များရဲ့ ယုတ်ညံ့တဲ့ အကျင့်စရိုက်တွေကြောင့် ဒါက ဝဋ်လည်နေတာပဲ! ခင်များက..."
"နင် ဘယ်သူ့ကို ဆဲနေတာလဲ! နင်လို ဟန်ဆောင်ကောင်းတဲ့ကောင်!"
အဘွားကြီးဟွမ် ရုတ်တရက် ရှေ့ကို ပြေးတက်သွားပြီး သူ့ကို ကုတ်ခြစ်ရန် ပြင်လိုက်သည်။ ယွမ်ဟောင်မင်မှာ အမျိုးသား တစ်ယောက်ဖြစ်သည့်တိုင် တစ်နှစ်ပတ်လုံး ရုံးခန်းထဲတွင်သာ ထိုင်အလုပ်လုပ်နေရသူဖြစ်ပြီး ကိုယ်လက်လှုပ်ရှား မရှိသလောက် နည်းပါသူဖြစ်၏။ အဘွားကြီးဟွမ်မှ သမားရိုးကျ အလုပ်ကြမ်းလုပ်ရသော အမျိုးသမီးတစ်ယောက် ဖြစ်သောကြောင့် သူနှင့်မတူပေ။
အဘွားကြီးဟွမ် သူမ၏ လက်သည်းများနှင့် ယွမ်ဟောင်မင်ကို တည့်တည့်မတ်မတ် ကုတ်ခြစ်လိုက်ရာ ခဏချင်းမှာပဲ သူ၏လည်ပင်းမှ သွေးများ စိမ့်ထွက်လာတော့သည်။
"ခင်များ! ခင်များက တကယ့်ကို အောက်တန်းကျပြီး အသိတရားမရှိတဲ့ မိန်းမပဲ၊ ယုတ်ညံ့လိုက်တာ... ကျုပ်ကို ခိုးပြီး တိုက်ခိုက်တယ်ပေါ့လေ!"
ယွမ်ဟောက်မင် ထခုန်လိုက်ပြီး အလွန်အမင်း ဒေါသထွက်ကာ သူ၏အရေခြုံလူယဉ်ကျေးဟန်ကိုပင် စွန့်လွှတ်၍ အော်ဟစ်ဆဲဆို ကျိန်ဆဲလေ၏။
“ခင်များ စောင့်နေလိုက်! ခင်များကို ကျုပ် သေချာပေါက် သွားတိုင်မယ်၊ အကျင့်မကောင်းတဲ့ အဘွားကြီး။ ဒေါသကြီးပြီး အရှက်မရှိတဲ့အပြင် တကယ့်ကို စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ အောက်တန်းစားပဲ!"
"ဟက်! နင်က ကိုယ့်ကိုယ်ကိုယ် သိပ်ဟုတ်လှပြီ ထင်နေတာလား? လူကောင်းယောင်ဆောင်နေပေမဲ့ နင် ဘယ်လိုကောင်လဲဆိုတာ လူတိုင်းသိတယ်! နင်က အရိုးထဲထိ ဟန်ဆောင်ကောင်းတဲ့ကောင်၊ ကိုယ့်သမီးအရင်းကိုတောင် သမီးလို့ ဝန်မခံရဲတဲ့ လူဖျင်းလူအပဲ။ ပြီးတော့မှ အဲ့ဒီကလေးကို နင့်မိန်းမဟောင်းက ကောက်ရလာတာပါလို့ ပြောရသေးတယ်၊ နင်က ဘာကောင်မို့လို့လဲ၊ ဟက်!"
အဘွားကြီးဟွမ်သည်လည်း အလျှော့ပေးမယ့်သူ မဟုတ်ပေ။
ရန်ဖြစ်စကားများသည့်နေရာ၌ ပညာတတ်ခြင်း မတတ်ခြင်းထက် နှုတ်သီးကောင်းလျှာပါးရှိရန်၊ ဆဲဆိုရာတွင် ပြတ်သားရန်၊ အပြောအဆို ကြွယ်ဝရန်နှင့် စကားလုံးများမှာ အသည်းထဲထိအောင် နာကျင်စေရန်မှာ ပိုအရေးကြီး၏။
"နင် တစ်နေ့တစ်နေ့ ဘယ်သူ့ကို လိမ်ညာဖို့ ကြိုးစားနေတာလဲ? နင်လို ဟန်ဆောင်ကောင်းတဲ့ကောင်!"
"ခင်များ…ခင်များ…တကယ့်ကို အောက်တန်းကျပြီး အကျိုးအကြောင်းမရှိတဲ့ မိန်းမပဲ။"
"နင်က လူ့ရုပ်နဲ့ တိရစ္ဆာန်စိတ် ရှိတဲ့ကောင်ပဲ!"
…….
ချန်ချင်းယွီတစ်ယောက် အားလုံးကို အကွက်စေ့စေ့ မြင်နေရ၏။ သူမခမျာ တစ်ဖက်မှ ချောင်းကြည့်
လိုက်၊ နားစွင့်လိုက်နှင့် အတော်လေးကို အတွေ့အကြုံရင့်ကျက်ပြီး "လောကီရေးရာတွေကို နောကျေနေတဲ့သူ" တစ်ယောက်နှယ် ခံစားနေရသည်။
ချန်ချင်းယွီတစ်ယောက် ခေါင်းကို တကုတ်ကုတ်လုပ်ရင်း အိမ်ပြန်ရန်လည်း စိတ်မလောနိုင်သေးဘဲ အပြင်မှ အဖြစ်အပျက်များကို ဆက်ကြည့်နေမိ၏။ သူမမှာ ဤနေရာမှ လုံးဝထွက်မသွားချင်သေးပေ။
ဒီလောက် ဆူညံပွက်လောရိုက်နေတာဆိုတော့ ဝင်းထဲက လူတွေလည်း အကုန်နိုးကုန်လောက်ပြီ….
ခဏအကြာတွင် လူအုပ်ကြီးမှာ အုံနှင့်ကျင်းနှင့် ထွက်လာကြသည်။
အင်းလေ... ဒီခေတ်ကြီးမှာကလည်း တခြားဖျော်ဖြေစရာမှ မရှိတာ၊ ဒီလို အသံလေးကြားတာနဲ့တင် လူတွေက အကုန်လုံး ဝုန်းခနဲ ထွက်လာကြတာပေါ့…
ကြည့်ရမယ့် အကွက်တွေကို လွတ်သွားမှာလည်း ကြောက်ကြသေးတာကိုး…
"ဘာတွေဖြစ်နေကြတာလဲဟ? ဘာလို့ ဒီလောက်တောင် ဆူညံနေရတာလဲ? ဘယ်သူတွေ အပြင်မှာ ရန်ဖြစ်နေကြတာလဲ?"
"ဒီနေ့က ချင်းမင်ပွဲတော်နေ့ သင်္ချိုင်းကန်တော့ပွဲလေ၊ ညကြီးမင်းကြီး ဘာတွေ ဒီလောက်တောင် အုတ်အော်သောင်းနင်း ဖြစ်နေကြတာလဲ? ဒီလိုရက်မျိုးမှာ ဝိညာဉ်လေးတွေ လျှောက်သွားနေတတ်တာ၊ အပြင်မှာ ဒီလို ပြဿနာရှာနေတာ တကယ်ကို ကံမကောင်းတာပဲ!"
"တောက်... တောက်... တောက်... အဲဒီလိုတွေ လျှောက်မပြောနဲ့လေ။ တစ်ယောက်ယောက်ကသာ အယူသီးတယ်လို့ စွပ်စွဲလိုက်ရင်တော့ ပြဿနာက တက်ပြီပဲ"
"ဟုတ်တယ်၊ ဟုတ်တယ်၊ သွားကြည့်ရအောင် ဘယ်သူလဲဆိုတာ!"
ဆူညံသံများကြောင့် ဘေးပတ်ဝန်းကျင်ရှိ အိမ်ရာဝင်းထဲမှ လူများလည်း အကုန်စုရုံးရောက်ရှိလာကြ၍ လူအုပ်ကြီးမှာ အတော်လေးကို များပြားနေ၏။ ထိုထဲတွင် အဘွားကြီးကျောက်လည်း ပါနေပြီး သူမအတွက်မူ ဤကိစ္စမျိုးမှာ ဘယ်သောအခါမှ မလွတ်စေရပေ။ လူအားလုံး ထွက်ကြည့်လိုက်သောအခါမှ ရန်ဖြစ်နေကြသူများမှာ အဘွားကြီးဟွမ်နှင့် ယွမ်ဟောက်မင်တို့ ဖြစ်နေသည်။
နှစ်ယောက်သားကတော့အကြီးအကျယ် ရန်ဖြစ်နေကြတာ!
သို့သော် ကြည့်ရုံနှင့်တင် သိသာနေသည်မှာ ယွမ်ဟောက်မင်တစ်ယောက် အဘွားကြီးဟွမ်ကို မည်သို့မှ မယှဉ်နိုင်ပေ။ စကားပြောဖြစ်စေ၊ ဆဲဆိုခြင်းဖြစ်စေ၊ အဘွားကြီးကို လုံးဝ အနိုင်မရနိုင်ရှာပေ။
"ဘာလုပ်နေကြတာလဲ?"
"ညကြီးမင်းကြီး ဘာလို့ နှစ်ယောက်သား ရန်ဖြစ်နေကြတာလဲ?"
"ဟုတ်ပ၊ ယွမ်ဟောက်မင်... မင်းကလည်း တော်တော်ဟုတ်နေပါလား၊ အသက်ကြီးတဲ့သူကို ဒီလိုမျိုး ရန်ဖြစ်နေရတယ်လို့"
ယွမ်ဟောက်မင်ကဲ့သို့ "ပညာတတ်" တစ်ယောက်မှာ ယခု လမ်းဘေး၌ အုတ်အော်သောင်းနင်း ရန်ဖြစ်နေသည်ကို မြင်သောအခါ ဝင်းထဲမှ လူအားလုံး အံ့ဩသွားကြလေ၏။
ပညာတတ်ဆိုတဲ့ လူစားမျိုးက ဒီလိုမျိုး အောက်တန်းကျကျ ရန်ဖြစ်တတ်လို့လား?
ယွမ်ဟောက်မင်မှာ ဒေါသများထောင်းထောင်းထနေပြီး
"ကျွန်တော် အိမ်သာသွားရင်းနဲ့ အဘွားကြီးဟွမ် ခိုးကြောင်ခိုးဝှက် စက္ကူငွေတွေ မီးရှို့နေတာကို မြင်လိုက်ရတာဗျ။ မီးတောက်တွေကလည်း ဟိုနားဒီနား လွင့်နေလို့ ကျွန်တော်က တရားသဖြင့် သတိပေး စကားလေး နှစ်ခွန်းလောက် ပြောမိတာကို သူက ကျွန်တော့်ကို အခုလို ကုတ်ဖဲ့ပစ်တာ။ ခင်ဗျားတို့ ပြောစမ်းပါဦး... လောကမှာ ဒါမျိုး တရားသဖြင့် ရှိရဲ့လား? တကယ်ကို လွန်လွန်းတယ်!"
ဝိုး... ဖြစ်ရလေ!
တကယ်တမ်း မိသားစု တော်တော်များများမှာ စက္ကူငွေများကို ခိုးပြီး ရှို့နေကြသည်ပင်။ သို့သော် မည်သူမဆို တိတ်တိတ်လေး လုပ်ကြရသည်။ ယခုကဲ့သို့ လူရှေ့သူရှေ့ ဗူးပေါ်သလို အဖော်ထုတ်ခံလိုက်လျှင် အဘွားကြီးဟွမ်အတွက် ဒုက္ခအကြီးအကျယ် မဟုတ်တောင် အနည်းနှင့်အများ ပြဿနာတက်မှာ သေချာ၏။
ယွမ်ဟောက်မင်ကတော့ တကယ့်ကို ရက်စက်တဲ့သူပဲ။
လူတိုင်းမှာ မျက်နှာပျက်နေကြပြီး
ချန်ချင်းယွီမှာ လူအုပ်ထဲကို တိတ်တိတ်လေး ရောနှောလိုက်ကာ အဘွားကြီးကျောက်နားကို ကပ်သွားလိုက်သည်။ အဘွားကြီးကျောက် လှည့်ကြည့်လိုက်သောအခါ သူမကို မြင်သွား၍ ချန်ချင်းယွီ မျက်ခုံးလေးပင့်ပြီး ပြုံးပြလိုက်၏။
အဘွားကြီးကျောက်လည်း စိတ်အေးသွားရကာ သူမနှင့် ဤအရူးမသည် တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြ၍ ဘာမှ မှား၍မရပေ။
ယောက္ခမနှင့် ချွေးမ နှစ်ယောက်သား ဘေးချင်းယှဉ်ရပ်ပြီး အဘွားကြီးဟွမ်နှင့် ယွမ်ဟောက်မင်တို့ ရန်ဖြစ်နေသည်ကို ကြည့်နေကြသည်။ ယွမ်ဟောက်မင် အရင်ဆုံး စပြီး တိုက်ခိုက်လိုက်သော်ငြား အဘွားကြီးဟွမ်သည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
"ယွမ်ဟောက်မင်... နင် ငါ့ကို မတရား စွပ်စွဲချင်တယ်ဆိုရင် သက်သေရှိမှ ဖြစ်မှာပေါ့။ ကဲ... အိမ်နီးနားချင်းတို့ ကြည့်ကြပါဦး! အားလုံးပဲ မြေကြီးပေါ်မှာ ဘာတွေ ရှိနေလဲဆိုတာ သေချာကြည့်လိုက်ကြစမ်း! ငါက စက္ကူငွေရှို့တယ်ဟုတ်လား? ဘယ်သူက ပြောတာလဲ? ကြည့်... ငါ ရှို့နေတာ သတင်းစာစက္ကူတွေ! ယွမ်ဟောက်မင်... နင် ငါ့ကို မတရား သက်သက် ထိုးချချင်တာလား? မရဘူးလေ! သတင်းစာစက္ကူ ရှို့တာကို ဘယ်သူမှ တားလို့မရဘူး မဟုတ်လား? နင်က ငါ့ကို အယူသီးတဲ့ အမှတ်တံဆိပ် ချက်ချင်း ကပ်ချင်နေတာလား? ပြောထားလိုက်မယ်... စိတ်ကူးတောင် မယဉ်နဲ့!"
ထိုအချိန် လူတိုင်း သေချာ ဝိုင်းကြည့်လိုက်ကြသောအခါ တကယ်ကြီး သတင်းစာစက္ကူတွေ ဖြစ်နေသည်။
ကံကောင်းလို့သာ သူမက ရေနံဆီမီးအိမ် ယူလာလို့ပေါ့၊ မဟုတ်ရင်တော့ အဘွားကြီးဟွမ်ခမျာ မတရား စွပ်စွဲခံရတော့မှာပဲ!
အဘွားကြီးဟွမ်မှာ အောင်နိုင်သူလေသံဖြင့် ခါးထောက်ပြီး
"အားလုံး မြင်ကြပြီမလား? ဒီလူကြီးက သက်သက်မဲ့ ပြဿနာရှာနေတာလို့ မထင်ကြဘူးလား? အယူသီးပါတယ်ဆိုပြီး လူကို စွပ်စွဲချင်တိုင်း စွပ်စွဲလို့ ရမလား! ဒီလို ဟန်ဆောင်ကောင်းတဲ့ လူစားမျိုးက တကယ်ကို မကောင်းတဲ့ စိတ်ဓာတ်ရှိတာ။ ငါကသာ သတင်းစာစက္ကူ ရှို့လို့ပေါ့၊ မဟုတ်ရင်တော့ ကိစ္စတွေက ရှုပ်ကုန်တော့မှာ။ နင်ကတော့ တကယ့်ကို လူစိတ်မရှိတဲ့ကောင်ပဲ၊ လူစိတ်ကို လုံးဝမရှိတာ!" လ
"ဟယ်!"
"အို... ဘုရားရေ၊ သူက တကယ်ကြီး သတင်းစာစက္ကူတွေကို ရှို့နေတာပဲ!"
"အဘွားကြီးဟွမ်က တစ္ဆေတွေကိုတောင် အရူးလုပ်နေတာပဲ၊ တကယ့်ကို ရက်စက်လိုက်တာ။"
လူတွေအားလုံး
တိုးတိုးတိုးတိုးနှင့် ဝိုင်းပြောနေစဉ် ချန်ချင်းယွီမှာ အဘိုးကြီးကျန်းကို တိတ်တိတ်လေး လှမ်းကြည့်
လိုက်၏။ အဘိုးကြီးကျန်း မျက်နှာမှာ မင်အိုးမှောက်ထားသကဲ့သို့ မည်းမှောင်နေလေသည်။
သူက ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာပါလိမ့်?
ချန်ချင်းယွီ သိချင်စိတ်နှင့် အဘွားကြီးကျောက်ကို လက်ဖြင့် ခပ်ဖွဖွလေး တို့လိုက်၏။ အဘွားကြီးကျောက်မှာ ချန်ချင်းယွီ ညွှန်ပြနေနေရာကိုကြည့်ပြီး အံ့ဩတကြီး ကျိန်ဆဲလိုက်မိလေသည်။
“သောက်ချီးပဲ!!”
သူမ၏ အံ့ဩတကြီး အော်ဟစ်သံမှာ လူများ၏အာရုံကိုဖမ်းစားသွားပြီး လူတိုင်းမှာ ငြိမ်သက်သွားမိကြ၏။
“ဘာဖြစ်တာလဲ”
“ဘုရားရေ ဦးလေးကျန်းမျက်နှာက ဘာလိုမှောင်မဲနေတာပါလိမ့်”
“သူဘာလို့ ဒီလောက် ဒေါသထွက်နေတာလဲ”
အဘိုးကြီးကျန်းတစ်ယောက် ဒေါသတကြီး ဖြစ်နေသည်။ ယွမ်ဟောက်မင် သူ့ကို စွပ်စွဲနေ၍ စိတ်တိုနေခြင်းမျိုး မဟုတ်ပေ။ သူသည် အဘွားကြီးဟွမ်နှင့် ကွာရှင်းပြီးသား ဖြစ်သည့်အတွက် သူ့အတွက် သက်ရောက်မှုမရှိရာ ထိုကိစ္စမှာ အရေးမကြီးပေ။ ထို့အပြင် တစ်ခုခုဖြစ်လာလျှင်ပင် အဘွားကြီးဟွမ်သည် သူ့ကို သစ္စာဖောက်မည် မဟုတ်ဘဲ အပြစ်အားလုံးကို သူမကသာ ခေါင်းခံလိမ့်မည် ဖြစ်၏။
တကယ်တမ်း သူ အလွန်အမင်း စိတ်တိုနေရသည်မှာ အဘွားကြီးဟွမ်ကိုပင် ဖြစ်သည်။ ဤအဘွားကြီးသည် သူ့ထံမှ ပိုက်ဆံကို လိမ်ယူလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။ သူသည် အဘွားကြီးဟွမ်ကို စက္ကူငွေဝယ်ရန်အတွက် တစ်ယွမ် ပေးခဲ့ဖူးပြီး ထိုပမာဏမှာ အတော်လေး များပြားလှသော ပမာဏဖြစ်၏။ သို့သော် သူမသည် ထိုပိုက်ဆံအားလုံးကို တစ်ပြားမကျန် သိမ်းထားခဲ့ခြင်း ဖြစ်ပြီး ပိုက်ဆံတစ်ပြားမှ မသုံးခဲ့သည့်အပြင် စက္ကူငွေများ အကုန်ဝယ်ခဲ့သည်ဟု သူ့ကို လိမ်ပြောခဲ့သေးသည်။ သူမ စက္ကူငွေအထပ်လိုက်ကြီးကို ယူဆောင်သွားသည်ကို ကြည့်ပြီး သူ အတော်လေး ကျေနပ်နေခဲ့သော်လည်း တကယ်တမ်းတွင်မူ သူ အလိမ်ခံလိုက်ရခြင်းသာ ဖြစ်၏။
တောက်!
သူသည် အဖမ်းခံရမည်ကို ကြောက်ရွံ့ပြီး မိမိ၏ ရာထူးဂုဏ်သိက္ခာကို ထိခိုက်မည် စိုးသောကြောင့် နှစ်စဉ်နှစ်တိုင်း ဤအဘွားကြီးကိုသာ စက္ကူငွေရှို့ရန် စီစဉ်ခိုင်းခဲ့သည်။ လွန်ခဲ့သည့် နှစ်များတွင်လည်း သူမ ထိုပိုက်ဆံများကို ကိုယ်ကျိုးအတွက် သိမ်းထားခဲ့လေသလားဟု သူ တွေးတောနေမိကာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရင်နေတော့၏!
အဘိုးကြီးကျန်းမှာ အဘွားကြီးဟွမ်ကို မုန်းတီးစိတ်ဖြင့် စိုက်ကြည့်နေပြီး ဤအဘွားကြီး သူ့အပေါ် လှည့်ဖြားရဲသည်ကို မယုံနိုင်အောင် ဖြစ်နေကာ တကယ့်ကို အရှက်မရှိသည့်သူဟု သတ်မှတ်လိုက်သည်။
အဘွားကြီးဟွမ်မှာ အဘိုးကြီးကျန်း၏ အခြေအနေကို သတိမထားမိဘဲ ယွမ်ဟောက်မင်ကိုသာ ဝင့်ဝင့်ကြွားကြွားဖြင့် ပြောနေ၏။
"နင်က ငါ့ကို အကွက်ဆင်ချင်တာလား? ပြောလိုက်ဦးမယ်... လုံးဝ မဖြစ်နိုင်ဘူး!"
ယွမ်မိသားစုဝင်အများစုမှာ ပုံမှန်အားဖြင့် ဤကဲ့သို့သော အုတ်အော်သောင်းနင်းဖြစ်ရပ်များကို ထွက်၍ကြည့်လေ့မရှိကြပေ။ကျောက်ရုံဖြစ်စေ၊ သူမ၏ သမီးများဖြစ်သော ဟောက်ရွှယ်နှင့် ဟောက်ယွဲ့တို့ဖြစ်စေ သူတို့အားလုံးမှာ တစ်မျိုးတစ်ဖုံသော ဘဝင်မြင့်မှု ကို ဆုပ်ကိုင်ထားကြပြီး ယခုကဲ့သို့ ရင့်သီးရိုင်းစိုင်းသော အမူအရာမျိုးကို ပြသရန် ဝန်လေးနေကြပုံရ၏။ ယွမ်မိသားစု၏ သားကြီးဖြစ်သူ ဟောက်ဖုန်းမှာမူ အိမ်တွင် နေထိုင်သူမဟုတ်ပေ။ သူသည် ရထားလက်မှတ်စစ်တစ်ဦးဖြစ်ပြီး အဘိုးကြီးကျန်း၏ သား ကွာရှင်းထားသော ချွေးမဖြစ်သူနှင့် လုပ်ငန်းခွင်တစ်ခုတည်းတွင် အတူတူအလုပ်လုပ်နေကာ အိမ်နှင့်လည်း မကြာခဏ ဝေးကွာနေတတ်သူဖြစ်သည်။
အမြဲတမ်း ပွဲကြည့်ရသည်ကို ဝါသနာပါသော ရှောင်ချွေတစ်ယောက်သာ အပြင်သို့ ထွက်လာခဲ့၏။ ရှောင်ချွေ၏ အမြဲတမ်းလိုလို စပ်စုတတ်မှုကြောင့်ပင် ယွမ်မိသားစုမှာ သတင်းအချက်အလက်များကို အမြဲတစေ သိရှိနေခြင်းဖြစ်သည်။ ထိုအချိန်တွင် ရှောင်ချွေမှာ တစ်ဦးတည်းရှိနေပြီး သူမသည် ခေါင်းမာ၍ စိတ်ဆတ်သော မိန်းကလေးတစ်ဦးဖြစ်ရာ မိမိဖခင်အပေါ် မတရားပြောဆိုခံနေရသည်ကို မြင်လိုက်ရသည်နှင့် ရှေ့သို့ ဝုန်းခနဲ ပြေးထွက်လာ၏။
"ဘာဖြစ်နေတာလဲ အဘွားကြီး! ဘယ်လိုတောင် ရိုင်းရိုင်းစိုင်းစိုင်း ပြောနေရတာလဲ! ကျွန်မအဖေက ရှင်ကြီးကို တမင်သက်သက် အကွက်ဆင်တာမဟုတ်ဘူး။ ဒီလို ချင်းမင်ပွဲတော်ညမှာ ကိုယ့်ဘာသာ တိတ်တိတ်လေး စက္ကူငွေလာရှို့တာကို သူများတွေက အထင်မှားတာကိုပဲလေ!! သူများပေါ် လိုက်ပုံချနေတာလား? ကိုယ်တိုင်က ခိုးကြောင်ခိုးဝှက် လုပ်နေပြီးတော့ တခြားသူတွေက အကွက်ဆင်ပါတယ်ဆိုပြီး လာမပြောနဲ့"
"ဟဲ့... ကောင်မစုတ်လေး ညည်းက ဘယ်လိုများ စကားပြောနေတာလဲ? ငါတို့ လူကြီးချင်းကိစ္စမှာ ညည်းနဲ့ ဘာဆိုင်လို့လဲ? တကယ့်ကို အဆုံးအမမရှိတဲ့ ကောင်မလေးပဲ"
အဘွားကြီးဟွမ်မှာ ဤကောင်မလေးကို လုံးဝ အရေးမလုပ်ပေ၊ သူမ၏ အမြင်တွင် ရှောင်ချွေမှာ ကျောက်ရုံအပေါ် မှီခိုနေထိုင်ရသည့် လူအတစ်ယောက်သာဖြစ်၏။
"ဖယ်စမ်း ငါ့ရှေ့က!"
ရှောင်ချွေ သူမ၏ဖခင်ကို ကာကွယ်ရင်း အော်ဟစ်လိုက်ကာ
"ဘယ်လိုတောင် အဓိပ္ပာယ်မရှိတာလဲ! ကျွန်မအဖေကို ဘာတွေလုပ်ထားလဲ ကြည့်ဦး၊ တကယ့် အဘွားကြီးယုတ်!"
"ထွက်သွားစမ်း!"
"ဒီမိန်းမယုတ်!"
သမီးဖြစ်သူမှာ ရှေ့ကမားမားမတ်မတ် ရပ်တည်ပေးကာမှ ယွမ်ဟောက်မင်၏ နီမြန်းနေသော မျက်နှာမှာ အတန်ငယ် ပြေလျော့သွားရသည်။ ရှောင်ချွေမှာ အသက်ငယ်သော်လည်း စကားပြောရာတွင် အတော်လေး အာသွက်လျှာသွက်ရှိလှ၏။ သူမ စူးစူးဝါးဝါးပင် အော်ဟစ်လိုက်ကာ
"အဘွားကြီး ရှင့်လုပ်ရပ်တွေက လူတွေကို သံသယဝင်အောင် လုပ်နေတာလေ။ သတင်းစာစက္ကူတွေ ရှို့နေရုံနဲ့ ရှင် ဘာတွေ ကြံစည်နေလဲဆိုတာ ကျွန်မတို့ မသိဘူးလို့ မထင်နဲ့။ အဘွားကြီး ရှင့် မကောင်းမှုတွေအကြောင်းကို ကျွန်မအဖေက ကြိုက်သလို ပြောပိုင်ခွင့်ရှိတယ်။ ဒီဝင်းထဲက လူတိုင်းက ရှင်လိုအဘွားကြီး ဘယ်လိုလူစားလဲဆိုတာ သိပြီးသား!"
"ဒီကောင်မလေး... ညည်းက ငါ့ကို အခုထိ မရပ်မနား ရန်လုပ်နေတာလား? ညည်းက ဘာကောင်မို့လို့လဲ!"
အဘွားကြီးဟွမ်မှာ ဒေါသတကြီးဖြင့် လက်သည်းခြေသည်းများ ထုတ်ကာ ရှေ့သို့ တိုးလာပြီး သင်ခန်းစာ ပေးရန် ပြင်တော့သည်။ သူမသည်လည်း လည်သထက် လည်သော မိန်းမကြီး ဖြစ်သည်မို့ ရှောင်ချွေ၏ မျက်နှာကို ကုတ်ခြစ်ပစ်ရန် ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။ 'ဒီကောင်မလေး... မျက်နှာမှာ အမာရွတ်နဲ့ ဖြစ်သွားရင် ဘယ်လောက်တောင် ဝင့်ကြွားနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့' ဟု သူမ စိတ်ထဲမှ တေးထားလေသည်။
သူမသည် ငယ်ရွယ်သော မိန်းကလေးများကို အမုန်းဆုံးပင်။ သူမ အမြင်တွင် ထိုမိန်းကလေးများမှာ ယောကျ်ားများကို ဖြားယောင်းသွေးဆောင်တတ်သည့် အောက်တန်းစားမများသာ ဖြစ်၏။
အဘွားကြီးဟွမ် အရှိန်ပြင်းပြင်းဖြင့် ခုန်အုပ်လိုက်စဉ်မှာပင် ချန်ချင်းယွီသည် ကျောက်ခဲလေးတစ်လုံးကို ကန်လိုက်ရာ ထိုခဲမှာ အဘွားကြီးဟွမ်၏ ဒူးဆစ်ကို တည့်တည့်မှန်သွားတော့သည်။ အဘွားကြီးဟွမ်မှာ "အား!" ခနဲ အော်ဟစ်လိုက်ရ၏။
သူမ၏ လက်သည်းများ ရှောင်ချွေ့၏ မျက်နှာကို မထိတထိ အခြေအနေတွင်ပင် "ဗုန်း" ခနဲ မြေကြီးပေါ်သို့ မှောက်ရက်လဲကျသွားရသည်။
ရှောင်ချွေ့မှာ ခဏတာ ကြောင်အသွားပြီးနောက်မှ တဟားဟားနှင့် အားရပါးရ ရယ်မောလိုက်ပြီး
"ဝဋ်လည်တာပဲ! ဒါ တကယ့်ကို ဝဋ်လည်တာပဲ! လူအချို့က သိပ်ကို စိတ်ပုပ်လွန်းတော့ ကောင်းကင်ကြီးကတောင် မကြည့်ရက်တော့ဘူးထင်တယ်! ထိုက်တန်တယ်၊ တကယ်ကို ထိုက်တန်တယ်! ဒါ ဝဋ်လိုက်တာပဲ!"
ရှောင်ချွေမှာ ပြောဆိုကာ ခါးထောက်လျက် ဝင့်ဝင့်ကြွားကြွားဖြင့် ဆက်ပြောလိုက်သည်။
"အဘွားကြီးယုတ်... အမြန်သေပြီး လူဝင်စားပြန်ဖြစ်လိုက်တာကမှ ကောင်းဦးမယ်!"
ဟား!
လူအုပ်ကြီးမှာ နောက်တစ်ကြိမ် မှင်တက်သွားကြပြန်သည်။ ဤကောင်မလေးမှာလည်း အတော်လေး အပြောအဆို ကြမ်းတမ်းသူပင်။
ချန်ချင်းယွီ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူမအနေဖြင့် ယွမ်ရှောင်ချွေကို ကာကွယ်ပေးချင်၍တော့ မဟုတ်ပေ။ အမှန်မှာ ဤကောင်မလေးသည် သူမနှင့် အမြဲ နှိုင်းယှဉ်တတ်သူ ဖြစ်သည်။ သို့သော် အဘွားကြီးဟွမ်မှာ တစ်ဖက်လူ၏ မျက်နှာကို တိုက်ခိုက်ခြင်းသည်ကား အတော်လေး ရိုင်းစိုင်းလွန်းလှ၏။ ယွမ်ရှောင်ချွေ အနည်းငယ် ဝင့်ဝင့်ကြွားကြွား နေတတ်သည်မှန်သော်လည်း မျက်နှာကို တမင်ကုတ်ခြစ်ခံရမည့်အထိတော့ မထိုက်တန်ပေ။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူမသည်လည်း အဘွားကြီးဟွမ်ကိုအမြင်မကြည်ပေ။
သောက်အဘွားကြီး!! ရှင်က ကျွန်မတို့ကို အပြစ်ပေးဖို့ ရှင့်ဘိုးဘေးတွေကို လွှတ်မယ်လို့ ပြောခဲ့တယ်
မဟုတ်လား? ကျွန်မကိုလည်း စော်ကားခဲ့ပြောဆိုတယ်…
ဟွန့်! ကောင်းပြီလေ! ဒါဆိုရင် ကျွန်မကပဲ ကောင်းကင်ကိုယ်စား အရင်ဆုံး အပြစ်ပေးလိုက်မယ်…
ချန်ချင်းယွီ စိတ်ထဲမှတွေးကာ သူမ၏ လက်ချက်ကိုကား လျှို့ဝှက်ထားလိုက်သည်။
ဟဲဟဲ... ပတ်ဝန်းကျင်က မှောင်မည်းနေတာပဲလေ။
တစ်ယောက်ယောက်မှာ ရေနံဆီမီးအိမ် ကိုင်ထားသော်လည်း အလင်းရောင်သည် အနည်းငယ်သာ ရှိပြီး နေရာအတော်များများ၌ မှောင်အတိ ကျနေဆဲ ဖြစ်သည်။ ချန်ချင်းယွီနှင့် သူမ၏အုပ်စုမှာလည်း အနောက်ဘက် အကျဆုံးနေရာမှာ ရှိနေခြင်းကြောင့် ပို၍ပင် ဘေးကင်းနေ၏။
သူမ ခြေဖျားထောက်ပြီး အတွင်းဘက်သို့ ချောင်းကြည့်လိုက်စဉ် အဘွားကြီးဟွမ်မှာ အော်ဟစ်ဆဲဆိုနေဆဲပင်။
“ဘယ်သူက ငါ့ကို ခဲနဲ့ပေါက်တာလဲ! အသက်ကြီးတဲ့သူကိုမှ နှိပ်စက်ရတယ်လို့၊ နင်တို့တွေ ငါ့ဘိုးဘေးတွေနဲ့ပဲ တွေ့ကြစမ်း! အကုန်လုံး ခေါ်သွားကြစမ်းပါ!!! လူယုတ်မာတွေ!"
"ယွမ်ရှောင်ချွေ... ညည်းက ငါ့ကို ပြန်ပြောရဲအောင် ဘာကောင်မို့လို့လဲ? ညည်ူအဖေတောင် ငါ့ကို မယှဉ်ရဲဘူး၊ ညည်းက ခုထိ မရပ်သေးဘူးလား? နေဦးပေါ့... ညည်းတို့ကို ငါ သင်ခန်းစာ ပေးဦးမယ်... အား!"
သူမ ခြေချော်ပြီး နောက်တစ်ကြိမ် လဲကျသွားပြန်သည်။ ချန်ချင်းယွီ၏ မျက်လုံးများ ပြူးသွားရ၏!
ဤတစ်ကြိမ်မှာတော့ သူမ လက်ချက် မဟုတ်တော့ပေ!
တကယ်ကို သူမ လုပ်တာ မဟုတ်တော့ပါ!
မိုးကြောင့် မြေပြင်မှာ ချောနေရုံသက်သက်သာတည်း။
"စိတ်ဓာတ်ယုတ်ညံ့တဲ့သူတွေ! တကယ့်ကို အောက်တန်းကျလိုက်တာ! အားလုံးပဲ လာကြည့်ကြပါဦး! လူအိုကြီးကို နှိပ်စက်နေကြတယ်!"
အဘွားကြီးဟွမ် အော်ဟစ်ငိုယိုနေကာ
"ဒီကောင်မလေးမှာ နောက်ကွယ်က ကူညီတဲ့သူတွေ ရှိနေတယ်! အဲဒီကောင်မလေး သေသင့်တာ..."
ရှေ့ဆုံးမှရပ်ကြည့်နေသော အစ်မကြီးဖန်မှာ တုံ့ပြန်ပြောဆိုလိုက်၏။
“ရှင် ညည်းမနေနဲ့၊ ဗူးပေါ်သံမှိုတက် ငြင်းဖို့လည်း မကြိုးစားနဲ့ဦး။ ရှင်သာ ချော်လဲတာ မဟုတ်လား၊ ကျွန်မအကုန်မြင်နေရတယ်။ ဘယ်သူမှ ရှင့်ကိုအကွက်ဆင်တာ မဟုတ်ဘူး၊ ရှင့်ဖာသာ ခြေလှမ်းမမှန်ဘဲ လဲသွားတာ!"
ပထမတစ်ကြိမ် လဲတုန်းကတော့ သူတို့ သေချာမမြင်လိုက်ရပေမဲ့ ဒုတိယတစ်ကြိမ်ကတော့ သူမဖာသာ သူမ လဲကျသွားတာ ရှင်းရှင်းကြီးလေ…
ဒီတော့ သူမ ဘယ်လို ငြင်းနိုင်တော့မှာလဲ?
အဘွားကြီး ဘယ်သူ့ကိုလာလိမ်ချင်နေတာလဲ..ကျုပ်တို့မျက်စိမကန်းဘူးဗျ!!
ပထမတစ်ကြိမ် သူမဘာသာခြေချော်သွားသည်မှာ အဘယ်ကြောင့်ဟု တွေးနေစဉ် ယခုမူ သူမသည် လူများကို သံသယဝင်ကာ တစ်ထစ်ချ စွပ်စွဲနေလေသည်။
"ဟုတ်တယ်၊ နင့်ဖာသာ ခြေလှမ်းမမှန်လို့ လဲတာပါ။ ဘယ်သူမှ မမြင်ဘူးလို့ ထင်နေတာလား?"
"ခင်မျာူက ဘယ်သူ့ကို ပုံချချင်နေတာလဲ? ပြောလိုက်ဦးမယ်... ကျုပ်တို့အားလုံးက ခင်များနဲ့ ဝေးဝေးမှာ နေကြတာနော်"
"ဟုတ်ပါ့... ဘယ်သူကများ နားကပ်ရဲမှာလဲ!"
ခင်များလို အဘွားကြီးနဲ့ပက်သက်ရမှာကို ကျုပ်တို့အားလုံးက ကြောက်ပါတယ်ဗျ ဟုတ်ပြီလား!!
အဘွားကြီးဟွမ် ဒေါသတကြီးဖြင့်
"တစ်ယောက်ယောက်က ငါ့ကို ပစ်ပေါက်လိုက်တာဆိုတာ သေချာတယ်၊ နင်တို့တွေ... နင်တို့ မိန်းမယုတ်တွေ အကုန်လုံးက တစ်ယောက်နဲ့တစ်ယောက် ဖုံးဖိပေးနေကြတာ..."
"နင်က ဘယ်လိုများ စကားပြောနေတာလဲ?"
"ဟုတ်ပ!"
"နင်တို့အားလုံးက လူကောင်းတွေ မဟုတ်ကြဘူး..."
အဘွားကြီးဟွမ်မှာ အလျော့မပေးဘဲ ပြန်လည်ဆဲဆိုနေ၍ အခြေအနေမှာ ရုတ်ခြည်းပင် အပြန်အလှန် စကားများကြသည့်ပွဲ ဖြစ်သွားရ၏။ လူအုပ်ထဲမှ ချန်ချင်းယွီမှာ သူမအတွက် တကယ့်ကို ထူးထူးခြားခြား မြင်ကွင်းတစ်ခု တွေ့လိုက်ရသည့်နှယ် ခံစားနေရသည်။
ဘာလို့ နောက်တစ်ခါ ထပ်ပြီး ရန်ဖြစ်နေကြတာလဲ? သူတို့ဝင်းထဲမှာက တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာဆိုရင် အကြီးအကျယ် ရန်ဖြစ်တတ်ပြီး၊ အင်္ဂါ၊ ကြာသပတေး၊ စနေဆိုရင်တော့ ရန်ပွဲသေးသေးလေးတွေနဲ့ အမြဲတမ်း ဆူညံပွက်လောရိုက်နေတာ၊ တစ်ခုပြီးတစ်ခု အသစ်တွေချည်းပဲ!!
အမြဲ မထပ်ရပါလား!
အဘွားကြီးကျောက် စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်နေလေသည်။
"ချကြပြီ! နောက်တစ်ခါ ထပ်ချကြပြန်ပြီ!"
သူမမှာ ဤသို့အကွက်မျိုးဆို အလွန်ပင် စိတ်အားထက်သန်လှသူပင်တည်း။ သူမ ကိုယ်တိုင် ပါဝင်ပက်သက်နေရသည် မဟုတ်ဘဲ ဘေးမှပွဲကြည့်နေရုံဖြင့်ပင် အလွန်စိတ်လှုပ်ရှားနေပြီး လက်နှစ်ဖက်ကိုပွတ်သပ်နေကာ ချက်ချင်းပင် ဝင်နွှဲချင်စိတ်ပေါက်နေ၏။ အဘွားကြီးတချို့၊ ယွမ်မိသားစုသားအဖမှာ တစ်ဖက်နှင့်တစ်ဖက် ဘိုးဘေးဘီဘင်များပါမကျန် အပြန်အလှန် ဆဲဆိုနေကြလေသည်။
အုန်းအုန်းကျွတ်ကျွတ်ပါပဲ!!
ထိုအချိန် လေပြင်းများ တစ်ချက်ဝှေ့သွား၍ အဘွားကြီးကျောက်မှာ ကြက်သီးထသွားသော လက်မောင်းကို ပွတ်သပ်လိုက်ကာ
"ဒီလိုရက်မျိုးမှာ ဘိုးဘေးတွေကို ဆွဲထည့်ပြီး ရန်မဖြစ်သင့်ဘူး မဟုတ်လား?"
ချန်ချင်းယွီ တိုးတိုးလေး ကပ်ပြောလိုက်ကာ
“ဟုတ်တယ်နော်... တစ်ယောက်ယောက်ကသာ ထွက်လာပြီး သူ့မိသားစုဘက်ကနေ ကူညီပေးရင် ဘယ်လိုလုပ်မလဲ?"
သူမ နောက်ပြောင်ပြီး ပြောလိုက်သော်ငြား ထိုစကားတစ်ခွန်းကြောင့် လူအတော်များများသည် သူတို့လက်မောင်းများကို ပွတ်သပ်ရင်း ပတ်ဝန်းကျင်မှာ တစ်မျိုးကြီး အေးစိမ့်စိမ့် ဖြစ်သွားသည့်အလား ခံစားလိုက်ရတော့သည်။
"အဲ..."
လူတိုင်းကတော့ အယူသီးတာတွေကို လက်မခံဘူးလို့ ပြောကြတာပါပဲ၊ ဒါပေမဲ့ နှစ်ပေါင်းများစွာကတည်းက ရှိလာတဲ့ အစဉ်အလာဆိုတော့ ဘယ်သူကများ လုံးဝ မယုံဘဲ နေနိုင်မှာလဲ?..
ဘာကြောင့်ရယ်မသိ၊ လူတိုင်းမှာ ထိုလေများသည် တကယ်ပင် ထူးထူးခြားခြား အေးစိမ့်နေသည်ဟု ခံစားနေရ၏။
"အဲဒီလိုတွေ လျှောက်မပြောနဲ့လေ၊ ကြောက်စရာကြီး! အမလေး... တကယ်ကို ချမ်းစိမ့်စိမ့်ကြီးပဲ"
"ငါတို့ ပြန်ကြရင် မကောင်းဘူးလား?"
"ဟုတ်တယ်၊ ရာသီဥတုကလည်း မကောင်းဘူး၊ ဒီနေ့ကလည်း ကံမကောင်းတဲ့နေ့ဆိုတော့ အပြင်မှာ အကြာကြီး မနေတာ ပိုကောင်းမယ်"
"ဟုတ်ပါ့၊ ဟုတ်ပါ့၊ ယောကျ်ားလေးတွေကတော့ အင်အားကောင်းလို့ ခံနိုင်ရည်ရှိပေမဲ့ ငါတို့ မိန်းမသားတွေကတော့ မခံနိုင်ဘူးလေ"
မှောင်မည်းနေသော ပတ်ဝန်းကျင်တွင် လူတိုင်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။
ဘာပဲဖြစ်ဖြစ်... ငါ ချန်ချင်းယွီပါလို့ ကိုယ်တိုင် ဝန်မခံသရွေ့တော့ ငါပြောတယ်လို့ လာစွပ်စွဲလို့ မရဘူး…
"ဒီနေ့က ချင်းမင်ပွဲတော်နေ့လေ၊ ပြီးတော့ လပြည့်နေ့လို ရက်မျိုးတွေဆိုရင် ပုံမှန်အားဖြင့် ညကြီးမင်းကြီး အပြင်မထွက်သင့်ဘူး။ အပြင်မှာ အကြာကြီး နေတာက တကယ်ကို မကောင်းဘူး၊ အထူးသဖြင့် ကျန်းမာရေး မကောင်းတဲ့သူတွေဆိုရင် ပိုဆိုးတာပေါ့..."
"ငါတို့ သွားကြတော့မလား?"
"ငါတော့ အိမ်ပြန်ပြီ၊ ဆက်မကြည့်တော့ဘူး၊ ငါက လူက နုတော့ အခုလို အအေးဒဏ်ကို မခံနိုင်ဘူး"
"ငါလည်း သွားတော့မယ်"
ပွဲကြည့်ရသည်ကို ဝါသနာပါလှသော်လည်း ယနေ့ကဲ့သို့ နေထူးနေရက်မျိုးတွင် အပြင်ဘက်၌ အကြာကြီးနေချင်သူ တစ်ဦးမျှမရှိပေ။ အဘွားကြီးကျောက်သည်လည်း ချန်ချင်းယွီကိုဆွဲကာ
“ငါတို့လည်း ပြန်ကြရအောင်အေ၊ ငါတို့နှစ်ယောက်လုံးက မိန်းမသားတွေဆိုတော့ ယန်ဓာတ်က သိပ်မရှိလှဘူး။ အိမ်ပြန်တာပဲ စိတ်အချရဆုံးပဲ"
ချန်ချင်းယွီ ခေါင်းငြိမ့်ပြလိုက်၏။ သူမအတွက်မူ အရေးမကြီးလှပေ၊ မည်သို့ပင်ဖြစ်စေ ဤလူတစ်စုမှာ မိုးလင်းသည်အထိတော့ ဆက်ပြီး ရန်ဖြစ်နိုင်ကြမည်မဟုတ်ဟု သူမ တွေးထားပြီးသားဖြစ်သည်။
အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ အဆင်ပြေပြေ ရှိနေသည်ကို မြင်လိုက်ရသော ရှီကျန့်ရှန်းမှာ
"အလိုလေး... အဘွားကြီးကျောက်က ချွေးမနဲ့ ပြန်ပြီး တစ်လေသံတည်း ထွက်နေပြန်ပြီပေါ့? ခဏလေးတင် အိမ်ထဲမှာ ဆဲနေဆိုနေတာ ဘယ်သူပါလိမ့်၊ ပြောင်းလဲတာ မြန်လှချည်လား"
ထိုအခါ အဘွားကြီးကျောက်မှာ
"ဒီမှာ မယ်မင်းကြီးမ... ငါ့ချွေးမအပေါ် ငါဘယ်လိုဆက်ဆံဆက်ဆံ နင့်အလုပ်လားအေ? နင်က ဘယ်သူမို့လို့ ကောင်းကင်နဲ့ မြေကြီးကြားက ကိစ္စအကုန် လိုက်ပတ်သက်နေရတာလဲ! တကယ့်ကို ရယ်စရာပဲ။ တခြားသူအိမ်က ကိစ္စတွေကို ဒီလောက်တောင် စိတ်ဝင်စားနေရင်လည်း ကိုယ့်ချွေးမကိုယ် အရင်ဆုံး ဂရုစိုက်လိုက်ပါဦး။ နင့်ချွေးမက အိမ်တံခါးတောင် လာမနင်းတာကို သူများအိမ်ကိစ္စကိုကျ တောင်စဉ်ရေမရ လိုက်ပြောနေသေးတယ်။ အားနေရင် ကိုယ့်အိမ်ကိုယ် အရင်ပြန်ကြည့်ပါဦး။ ကိုယ့်လည်ပင်းနောက်က အမှိုက်တွေကိုကျ မမြင်ဘဲနဲ့ တစ်နေကုန် သားနဲ့ချွေးမအကြောင်း ကြွားနေလိုက်တာ၊ သူတို့ လာကန်တော့တာတောင် တစ်ခါမှ မမြင်ဖူးပါဘူးအေ၊ ဟဲဟဲ!"
အဘွားကြီးကျောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး "သွားမယ်အေ" ဟု ဆိုကာ ထွက်လာခဲ့၏။
နောက်လိုက်လေး ချန်ချင်းယွီမှာလည်း ဟုတ်ကဲ့ ဟု ခပ်တိုးတိုးလေး ဆိုကာ လိုက်ပါသွားလေသည်။
သူမသည် မျက်လွှာလေးချကာ လိမ္မာယဉ်ကျေးသော ချွေးမလေးတစ်ယောက်အသွင်ကို အပီအပြင် သရုပ်ဖော်ထား၏။
"ချွေးမရေ... ငါပြောပြမယ်၊ အချို့လူတွေနဲ့တော့ ဝေးဝေးက ရှောင်ရတယ်အေ၊ မဟုတ်ရင် မတော်တဆ ကုန်းတိုက်တာ ခံရလိမ့်မယ်။ ကိုယ့်အိမ်က ပြဿနာတောင် မရှင်းနိုင်ဘဲ သူများအိမ်ကိုပဲ ချောင်းကြည့်နေတဲ့သူတွေက စိတ်ထားကောင်းတာ မဟုတ်ဘူး"
"ဟုတ်ကဲ့ပါ"
"ဒီလို စိတ်ပုပ်တဲ့သူတွေက တစ်နေ့ ဝဋ်လိုက်မှာပဲ၊ နင်စောင့်ကြည့်နေလိုက်၊ ဟဲဟဲ... သူ အိုလာတဲ့အခါ ပြုစုမယ့်သူ ရှိမှာမဟုတ်ဘူး။ အခုကြည့်လေ သားနဲ့ချွေးမကတောင် မရိုသေတာ၊ အိုလာမှ ရိုသေသမှု ပြုမယ်ဆိုတာ ဘယ်သူက ယုံမှာလဲ!"
"ဟုတ်ကဲ့"
ချန်ချင်းယွီမှာ အေးအေးဆေးဆေးနှင့် လိမ္မာယဉ်ကျေးသော ချွေးမလေးအဖြစ်သာ ဆက်လက် ခံယူထားသည်။ အဘွားကြီးကျောက် နောက်တစ်ကြိမ် နှာခေါင်းရှုံ့ကာ ပတ်ဝန်းကျင်ကို ဝင့်ဝင့်ကြွားကြွား ကြည့်လိုက်၏။ သူတို့အိမ်တွင် မုဆိုးမနှစ်ယောက်သာ ရှိသော်လည်း တိုက်ခိုက်နိုင်စွမ်းမှာ အားနည်းလှသည်မဟုတ်ပေ။ မည်သည့် နတ်ဆိုးနတ်ယုတ်မှ သူတို့အနား မကပ်နိုင်စေရပေ။
"သွားမယ်!"
ထိုယောက္ခမနှင့် ချွေးမနှစ်ယောက် ထွက်သွားသည်ကို မြင်ကာမှ ကျန်လူများသည်လည်း ပြန်ရန်ပြင်ကြတော့သည်။ ပုံမှန်ရက်ဆိုလျှင် မနက်ဖြန် အလုပ်တက်ရမည်ကိုပင် ဂရုမစိုက်ဘဲ ဆက်ကြည့်နေကြဦးမည်ဖြစ်သော်လည်း ယနေ့မှာ "ချင်းမင်ပွဲတော်" မဟုတ်လား!
လူများ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်အုပ်နှင့် ပြန်ကုန်ကြ၏။ အဘွားကြီးဟွမ်နှင့် စကားများနေသည့် အစ်မကြီးဖန်ပင်လျှင် "တောက်" တစ်ချက်ခေါက်ကာ လှည့်ထွက်သွားတော့သည်။ သူမ စဉ်းစားကြည့်တော့လည်း ထူးဆန်းလှ၏။ သူမ အမှန်အတိုင်း ပြောလိုက်ရုံလေးကို အဘယ်ကြောင့် ဤအဘွားကြီးနှင့် မရေမရာ ရန်ဖြစ်လိုက်မိမှန်း မသိတော့ပေ။ ပုံမှန်ဆိုလျှင်လည်း ရန်ဖြစ်တတ်ကြသော်လည်း ချင်းမင်ပွဲတော်နေ့ဖြစ်နေသဖြင့် အားလုံးက နာမ်လောကဘက်ကိုပဲ အတွေးရောက်သွားကြပြီး အမြန်ဆုံး လစ်ထွက်သွားကြ၏။
ယွမ်ရှောင်ချွေ ; "အဖေ သွားရအောင်၊ ဒီလိုလူစားမျိုးနဲ့ စကားအပိုပြောမနေနဲ့"
"ဘယ်လိုလူစားမျိုးလဲ! နင် ငါ့ကို ရှင်းရှင်းပြောစမ်း!"
အဘွားကြီးဟွမ် ဇွဲမလျှော့ဘဲ ပြန်အော်သည်။
ရှောင်ချွေ့မှာ လည်း အလျှော့မပေး ဘဲ "ရှင်လို အဘွားကြီးမျိုးပေါ့!" ဟု ပြန်ပက်လိုက်၏။ တကယ့်ကို သတ္တိခဲလေးပင်။
ယွမ်ရှောင်ချွေ့သည် ပုံမှန်ဆိုလျှင် ယွမ်ဟောက်ရွှယ်နောက်မှ လိုက်နေသည့် နောက်လိုက်လေးတစ်ဦးသာ ဖြစ်သော်လည်း ဝင်းထဲမှ လူများနှင့်ဆိုလျှင်မူ တော်တော်လေး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ပြောရဲဆိုရဲရှိလှ၏။
ရန်ပွဲ ပြန်စတော့မည့်ဆဲဆဲတွင် မာကျန့်ယီ ဝင်ပါလာရပြန်သည်။
အမြဲတမ်း သူပါပဲ…
"ညကြီးမင်းကြီး အိမ်ပြန်ကြပါတော့ဗျာ၊ ဆက်ပြီး ရန်မဖြစ်ကြနဲ့တော့၊ ကြည့်လို့မကောင်းဘူး။ ရှောင်ချွေ... နင်လည်း နင့်အဖေကို ခေါ်ပြီး ပြန်တော့၊ နင့်အဖေရဲ့ ဆံပင်တွေကိုလည်း ပြန်ပြင်ပေးဦး၊ မဟုတ်ရင် မနက်ဖြန် အလုပ်သွားရင် ကြည့်ရဆိုးနေလိမ့်မယ်။ အဘွားကြီးတစ်ယောက်နဲ့ ဘာတွေ ငြင်းခုံနေတာလဲ၊ သူက ပညာမတတ်လို့ ဘာမှမသိတာ၊ သူနဲ့လိုက်ပြိုင်နေရင် နင့်ဂုဏ်သိက္ခာ ကျတာပဲ ရှိမယ်"
အဘွားကြီးဟွမ် ဒေါသမထွက်ခင်မှာပင် သူက ဆက်ပြောလိုက်ပြန်သည်
"အဘွားကြီးဟွမ်... ခင်ဗျားလည်း အမြန်အိမ်ပြန်တော့၊ အပြင်မှာ သတင်းစာစက္ကူတွေ လျှောက်ရှို့နေတာ ကြားလို့လည်းမကောင်းဘူး၊ ခင်ဗျားကလည်း သိပ်ပြီး ဖြူစင်နေတာ မဟုတ်ဘူးလေ။ ပြဿနာတွေ အကြီးအကျယ် ဖြစ်လာရင် အရှက်ကွဲမှာ မကြောက်ဘူးလား? ပြီးတော့ ညကြီးမင်းကြီး မိန်းမသားတစ်ယောက် အပြင်မှာ လျှောက်သွားနေတာလည်း မသင့်တော်ဘူး၊ အမြန်ပြန်တော့"
"ဦးလေးမာ... ဒါက ဦးလေးမျက်နှာကို ထောက်လို့နော်"
အဘွားကြီးဟွမ် ရှောင်ချွေ့ကို တစ်ချက် စိုက်ကြည့်ပြီး မျက်လုံးလှန်ပြကာ "အောက်တန်းစားမ!" ဟု ဆဲဆိုကာ ထွက်သွား၏။ ရှောင်ချွေ ဒေါသတကြီး လိုက်ရန်ပြင်သော်လည်း ဖခင်ဖြစ်သူက ဆွဲထားလိုက်ပြီး
"ထားလိုက်ပါ သမီးရယ်၊ ဒီလို ဘာမှမသိတဲ့ အဘွားကြီးနဲ့ လိုက်ငြင်းနေရင် ဂုဏ်ကျတယ်"
"အဲဒီအဘွားကြီးက အမြန်သေသင့်တာ"
ရှောင်ချွေ မကျေမချမ်း ရေရွတ်လိုက်လေတော့သည်။
မာကျန့်ယီသည် ယွမ်ရှောင်ချွေကို တစ်ချက် အံ့သြတကြီး ကြည့်လိုက်မိ၏။ သူ မျက်မှောင်ကို အသာအယာ ကြုတ်လိုက်သော်လည်း စကားဆက်မပြောတော့ဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ အိမ်ရာဝင်းထဲသို့ ပြန်ဝင်သွားလေတော့သည်။ အားလုံးလည်း အသီးသီး အိမ်ပြန်သွားကြသည့်အခါ ချန်ချင်းယွီ သူမ၏ မိုးကာအင်္ကျီကို ချွတ်လိုက်ရင်း
"ကျွန်မတို့အိမ်ကို ဘယ်သူမှ လာပြီး ပြဿနာမရှာကြဘူးမလား?"
"မရှိပါဘူးအေ၊ ဘယ်သူက အဲဒီလို အလုပ်မရှိ အလုပ်ရှာပြီး လာပတ်သက်နေမှာလဲ"
ပြောဆိုလိုက်ရင်း လက်ပိုက်လျက် ဆက်မေးလိုက်၏။
"ဒါနဲ့... နင်က ဘယ်တွေအထိ လျှောက်သွားနေတာလဲ၊ တော်တော်လေး ကြာသွားတယ်နော်"
ချန်ချင်းယွီ; "မြို့ပြင်အထိ သွားတာလေ၊ မြို့ထဲမှာ ဘယ်နားက သွားလုပ်ရဲမှာလဲ? ကျွန်မက အဘွားကြီးဟွမ်မှ မဟုတ်တာ။ သူကတော့ သင်္ချိုင်းကန်တော့ပွဲမှာ သတင်းစာစက္ကူတွေ ရှို့နေတာလေ၊ အဖမ်းခံရမှာလည်း မကြောက်ဘူး။ ကျွန်မ ရှို့တာကတော့ တကယ့် ရွှေတုံးငွေတုံး စက္ကူတွေနဲ့ စက္ကူပိုက်ဆံတွေလေ၊ အဖမ်းခံရရင် မလွယ်ဘူး"
သတင်းစာစက္ကူရှို့သည့် ကိစ္စကို ကြားလိုက်ရသည့်အခါ အဘွားကြီးကျောက်မှာ အတွေးနက်သွားပုံရပြီး အတော်ကြာမှ
"ငါ အဘွားကြီးဟွမ်ကို တကယ် အထင်သေးခဲ့မိတာပဲ! သူ့ရဲ့ ဒီလို လှည့်ကွက်မျိုးကို ငါ လုံးဝ မတွေးမိခဲ့ဘူး။ ကြည့်စမ်း... ဒါဆိုရင် ပိုက်ဆံ ဘယ်လောက်တောင် သက်သာသွားမလဲ"
သူမ ထိုသို့ မလုပ်ခဲ့မိသည်မှာ အရှုံးကြီး ရှုံးနေသကဲ့သို့ ခံစားနေရရှာသည်။
ချန်ချင်းယွီ သူမကို တစ်ချက် စောင်းကြည့်လိုက်ကာ
"အမေကလည်း... သတင်းစာစက္ကူရှို့မယ့်အစား မရှို့ဘဲနေတာကမှ ပိုကောင်းဦးမယ်။ အဲဒါက ဗိုက်ဝနေလို့ အလုပ်ရှာနေတာပဲလေ၊ ဘာထူးခြားမှာမို့လို့လဲ?"
အဘွားကြီးကြီးကျောက်
ဗျစ်တောက်ဗျစ်တောက် ရေရွတ်လိုက်သည်မှာ
"ဒီနှစ်တွေထဲမှာ ငါ့ယောကျ်ားကြီးကလည်း အိမ်ကို သိပ်ပြီး မစောင့်ရှောက်ပါဘူးအေ၊ သူ့ကို စက္ကူပိုက်ဆံတွေ ရှို့ပေးရတာ နှမြောဖို့တောင် ကောင်းသေးတယ်။ သတင်းစာစက္ကူလောက်ဆို ရနေပြီ၊ ဘာပဲဖြစ်ဖြစ် သူကလည်း သုံးတတ်တာ မဟုတ်ဘူး"
ချန်ချင်းယွီ "..."
စကားအရာမှာတော့ သူမ ဘယ်လိုမှ ရှေ့ဆက်မပြောနိုင်တော့ချေ။
ထို့ကြောင့် ကျစ်ဆံမြီးကို ဖြေလိုက်ပြီး ဤသို့သော အဓိပ္ပာယ်မရှိသည့် ကိစ္စများကို ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
သူမ လှည့်ကြည့်လိုက်စဉ်
"ဟယ်... အမေ ဒါက ဘာလုပ်နေတာလဲ?"
ချန်ချင်းယွီ စောစောက သတိမထားမိသော်လည်း ယခု ကြည့်လိုက်သောအခါမှ ဗီရိုပေါ်တွင် ဓာတ်မြေသြဇာအိတ် အခွံအချို့ တင်ထားသည်ကို တွေ့လိုက်ရ၏။ ငွေရောင်ရင့်ရင့် အိတ်ခွံများကို ဖြည်ကာ မိုးကာအင်္ကျီတစ်ခုအဖြစ် ချုပ်လုပ်ထားခြင်း ဖြစ်သော်လည်း ညကြီးမင်းကြီး ရုတ်တရက် မြင်လိုက်ရသူအဖို့ ထိတ်လန့်စရာပင်။
"ငါ့ဖာသာ မိုးကာအင်္ကျီ လုပ်နေတာလေ။ ဒီနေ့ ဝတ်တဲ့ဟာက ကြာပြီဆိုတော့ မိုးနည်းနည်း ယိုနေပြီ။ အရင်က စုထားတဲ့ ဓာတ်မြေသြဇာအိတ်တွေ ရှိနေတာနဲ့ အတော်ပဲပေါ့၊ သုံးလို့လည်း မဆိုးပါဘူး"
ဤကဲ့သို့ ဓာတ်မြေသြဇာအိတ်ဖြင့် မိုးကာချုပ်ခြင်းမှာ အဘွားကြီးကျောက် တစ်ဦးတည်း၏ တီထွင်မှုမဟုတ်ပေ။ မိသားစုအတော်များများမှာလည်း ဤသို့ပင် ပြုလုပ်ကြသည်။ မိုးကာအင်္ကျီ အကောင်းစား တစ်ထည်မှာ ဈေးမချိုသော်လည်း ဤအိတ်ခွံများကမူ တန်ဖိုး သိပ်မရှိလှချေ။ အိတ်ခွံ ခြောက်အိတ်၊ ခုနစ်အိတ်ခန့် စုလိုက်လျှင် မိုးကာတစ်ထည် ချုပ်ရန် လုံလောက်ပြီဖြစ်၏။ ကြည့်ရဆိုးသည်ဟု ဆိုနိုင်သော်လည်း အသုံးတည့်သည်မှာအမှန်ပင်။
ကျေးလက်တောရွာများတွင်ဆိုလျှင် ဤအရာမှာ အဖိုးတန်ပစ္စည်းပင် ဖြစ်သည်။ မြို့ပေါ်ရှိ အခြေအနေ သင့်တင့်သော မိသားစုများမှာလည်း မိုးဒဏ်ခံနိုင်ရန်အတွက် ဤအိတ်ခွံများကိုသာ အားကိုးကြရ၏။
"နင့်ကို စောင့်နေရတာ ပျင်းပျင်းရှိတာနဲ့ လက်ထဲ အလုပ်တစ်ခုခု ရှိအောင် လုပ်နေတာပါ။ ငါ့လက်ရာကို ကြည့်ဦး... ငါ့လက်ရာကတော့ တကယ့်ကို အဆင့်အတန်းရှိတယ်နော်။ ဒီဝင်းထဲမှာ ငါ့ထက် လက်ရာကောင်းတဲ့သူ မရှိသလောက်ပဲ။ တခြားအရာတွေမှာ ငါက မတော်ပေမဲ့ လက်မှုပညာမှာတော့ ဘယ်သူ့ကိုမှ မရှုံးဘူး"
အဘွားကြီးကျောက် အတော်လေး ဂုဏ်ယူနေပုံရပြီး ချန်ချင်းယွီကို တစ်ချက်ကြည့်ကာ ပြောလိုက်သေးသည်။ သူမအမြင်တွင် ချန်ချင်းယွီထက် သူမမှာ ပိုသာသည်ဟု ထင်နေပုံရကာ၊ ချန်ချင်းယွီသည် အရာအားလုံးကို လုပ်တတ်သည်ဆိုသော်လည်း အားလုံးမှာ တစ်ပိုင်းတစ်စသာ ဖြစ်သည်ဟု သူမ ယူဆထား၏။ ဟင်းချက်ကောင်းသည်မှာလည်း ပစ္စည်းများကို ရက်ရက်ရောရော ထည့်တတ်၍သာ ဖြစ်သည်ဟု ထင်နေသည်။ တကယ်တမ်း ယှဉ်ပြိုင်မည်ဆိုလျှင် သူမက ဤ "ဂျလေဘီမ" ကို အနိုင်ရမည်မှာ သေချာသည်ဟု တွေးထားပုံရ၏။
သူမ ချုပ်ထားသည့် မိုးကာကို ကြည့်ဦးလေ!
မိမိ၏ အရည်အချင်းကို သက်သေပြခြင်းဟူသည်မှာ …
ဒါမျိုးပဲ!
အဘွားကြီးကျောက် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရင်း ခနဲ့လိုက်လေသည်။
"နင်ကတော့ ဒီလိုလက်ရာမျိုး ထွက်လာအောင် လုပ်နိုင်မှာ မဟုတ်ဘူးမလား?"
ချန်ချင်းယွီ ထိုစကားကို နားလည်လိုက်သဖြင့် နှာခေါင်းတစ်ချက် ရှုံ့ကာ ပြန်ရန်တွေ့လိုက်၏။
"ကျွန်မက အားသန်တယ်၊ ရန်ဖြစ်ရင် နိုင်တယ်လေ"
အဘွားကြီးကျောက် - "..."
ငါက အရှေ့အကြောင်းပြောရင် နင်က အနောက်အကြောင်း ပြောတယ်၊ ငါက ခွေးဖမ်းမယ်ပြောရင် နင်က ကြက်မောင်းမယ် ပြောနေတာပဲ!
နှာခေါင်းရှုံ့လိုက်ပါဦးမယ် ဟွန့်ဟွန့်!!
မလုပ်နိုင်ရင်လည်း မလုပ်နိုင်ဘူးလို့ ပြောပေါ့ဟဲ့!
ချန်ချင်းယွီသည် ဤကဲ့သို့သော မိုးကာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ စပ်စုလိုစိတ်ဖြင့် ပွတ်သပ်ကြည့်ရင်း
"အမေက ဒီအိတ်တွေကို ဘယ်ကရတာလဲ?"
"ပုံမှန်အတိုင်း စုထားတာပေါ့အေ။ ဒီပစ္စည်းတွေက အသုံးတည့်တာပဲ၊ ဈေးပေါတာလေးတွေ တွေ့ရင် ကျန့်ဝမ်ကို ဝယ်ထားခိုင်းလိုက်တာ၊ မရှုံးဘူးလို့ မှာထားရတာ"
ဤအရာများမှာ အလွန်ဈေးပေါပြီး စုထားလျှင် မိုးကာချုပ်၍ ရနိုင်ရာ မှောင်ခိုဈေးကွက်တွင်ပင် ရောင်းချကြ၏။
ချန်ချင်းယွီ; "အမေ ဒါတွေကို စင်အောင် ဆေးထားရဲ့လား?"
အဘွားကြီးကျောက် မကျေမနပ်
ဖြစ်သွားကာ
"ဘာလို့ စင်အောင် မဆေးရမှာလဲ? မစင်ဘဲနဲ့ ငါက သုံးရဲမလားအေ? နင်က ငါ့ကို လူအထင်နေတာလား? ငါက အကုန်လုံးကို ပြောင်စင်နေအောင် ဆေးပြီး ခြောက်သွေ့နေအောင် လှန်းပြီးမှ သိမ်းထားတာ။ နင်က ဘာမှလည်း မသိဘဲနဲ့၊ ငါ့ကို ဘာမှမလုပ်တတ်ဘူးလို့ မထင်နဲ့နော်၊ ငါက အတော်လေး လုပ်နိုင်ကိုင်နိုင်တဲ့သူ"
ချန်ချင်းယွီ "သြော်..." ဟု သံရှည်စွဲကာ ခနဲ့လိုက်၏။ ခုနစ်ဆယ်ခုနှစ်ကျော် ကာလ၏ ဆင်းရဲနွမ်းပါးမှုကို နောက်တစ်ကြိမ် ခံစားလိုက်ရပြန်သည်။ သူတို့မိသားစုမှာ မြို့တော်နေ လူတန်းစားဖြစ်ပြီး အိမ်တွင်လည်း အလုပ်သမားတစ်ဦး ရှိသည်တိုင်အောင် ဤဓာတ်မြေသြဇာအိတ်ဖြင့် ချုပ်ထားသည့် မိုးကာလေးမှာ အဘွားကြီးကို ပျော်ရွှင်စေနိုင်သည်ဆိုလျှင် ဤခေတ်ကာလမှာ အတော်လေး ခက်ခဲနေဆဲ ဖြစ်ကြောင်း သိသာလှ၏။
"ကျွန်မ တစ်ချက်လောက် ဝတ်ကြည့်မယ်"
"ဝတ်ကြည့်လေ"
အဘွားကြီးကျောက် တတွတ်တွတ် ဆက်ပြောနေပြန်ကာ
"နင် ဒါကို အထင်မသေးနဲ့နော်၊ ဝတ်လို့ တကယ့်ကို ကောင်းတာ"
ချန်ချင်းယွီ; "အရင်ဝတ်ကြည့်ပါရစေဦး! စမ်းဝတ်ကြည့်တာပေါ့"
သူမသည် ဤကဲ့သို့သော အရာမျိုးကို ပထမဆုံးအကြိမ် ဝတ်ဖူးခြင်း ဖြစ်သည်။ ကောင်းသည်၊ မကောင်းသည်ထက် ထူးခြားနေခြင်းမှာ ပိုမှန်၏။ ချန်ချင်းယွီ
ထိုထူးဆန်းသော မိုးကာကို စွပ်ကြည့်လိုက်ရာ အံ့သြစရာကောင်းလောက်အောင်ပင် သူမနှင့် အတော်လေး အံဝင်ခွင်ကျ ဖြစ်နေတော့သည်။ အဘွားကြီးကျောက်မှာ ပို၍ပင် ဂုဏ်ယူသွားကာ
“ငါပြောသားပဲ မဆိုးပါဘူးလို့။ ငါ့လက်ရာကိုတော့ ဒီဝင်းထဲက မိန်းမကြီးတွေ ဘယ်သူမှ မယှဉ်နိုင်ပါဘူး"
ချန်ချင်းယွီ "ဟုတ်ကဲ့ပါ"
တကယ်ကို ကြွားနိုင်လွန်းတယ်!
သူမသည် မှန်ရှေ့သို့ သွားကြည့်လိုက်ပြီးနောက် တဟားဟားနှင့် ရယ်မောလိုက်မိ၏။
အဘွားကြီးကျောက်က - "???"
ဘာလို့ ရယ်နေတာလဲ ဂျလေဘီမရဲ့!
ချန်ချင်းယွီ; "အမေ... ဒါကြီး ဝတ်ထားတာက ပိုးဖလံကောင်ကြီးနဲ့ မတူဘူးလား?"
"... နည်းနည်းတော့ တူသားပဲ"
ချန်ချင်းယွီ ထပ်မံ ရယ်မောပြန်သည်။ ဝအောင် ရယ်ပြီးနောက်မှ ဗိုက်ကိုနှိပ်ကာ
"အား... ကျွန်မ အိမ်သာ ခဏသွားဦးမယ်"
"နင် ဘာဖြစ်လို့လဲ?"
“ဘာမှမဖြစ်ပါဘူး၊ ဗိုက်နည်းနည်း နာလို့ပါ။ ကျွန်မ ရာသီလာတော့မယ် ထင်တယ်..."
သူမသည် ယခင်ကတည်းက ဤသို့ပင် ဖြစ်တတ်သည်။ သွေးအားနည်း၍လား မသိသော်လည်း ရာသီမလာခင် သို့မဟုတ် လာနေစဉ်အတွင်း ဗိုက်မအီမသာ ဖြစ်ကာ ဝမ်းနည်းနည်း သွားတတ်လေ့ရှိ၏။
"ကျွန်မ အိမ်သာ သွားလိုက်ဦးမယ်"
"အေးအေး... ဒါဆိုရင်လည်း ဓာတ်မီးယူသွားဦး"
"အင်း”
ဓာတ်မီးဟူသည်မှာ သူတို့အိမ်၏ တစ်ခုတည်းသော အိမ်သုံးလျှပ်စစ်ပစ္စည်းပင်တည်း။
ချန်ချင်းယွီမှာ ဖားလျားချထားသည့် ဆံပင်များနှင့်၊ အဝတ်အစားပင် မလဲတော့ဘဲ ဓာတ်မီးကို ဆွဲကာ အိမ်ပြင်သို့ ထွက်လာခဲ့သည်။ အဘွားကြီးကျောက် တားရန် ပြင်လိုက်သော်လည်း ချန်ချင်းယွီမှာ ဝုန်းခနဲ ပြေးထွက်သွားသည်ကို မြင်လိုက်ရသည့်အခါ နှုတ်ခမ်းကို မဲ့လိုက်ရင်း မကျေမနပ် ရေရွတ်လိုက်ရ၏။
"ငါ့ရဲ့ အသစ်စက်စက် မိုးကာအင်္ကျီကို တစ်ခါမှတောင် မဝတ်ရသေးဘူး၊ နင်က အိမ်သာသွားဖို့ ဝတ်သွားတယ်ပေါ့၊ တကယ့်ကို အဆင့်အတန်းမရှိတဲ့သူပဲ၊ ဘယ်လိုလူစားပါလိမ့်"
သူမနောက်တစ်ကြိမ် သက်ပြင်းချရင်း တတွတ်တွတ်မြည်တမ်းနေလေသည်။
"သားရယ်... မင်းရဲ့ အမြင်ကလည်း ဘယ်လိုဖြစ်နေတာလဲ၊ ဒီလိုမိန်းမမျိုးကိုမှ မိန်းမအဖြစ် ရွေးခဲ့ရတယ်လို့၊ အလိမ်ခံလိုက်ရတာပဲ မဟုတ်လား? မင်းတို့ ယောကျ်ားတွေကတော့ ရုပ်လေးလှရင် ပြီးရောဆိုပြီး အမြင်မရှိကြဘူး၊ ငါ့လောက် အကဲမခတ်တတ်ကြဘူး။ ဒီအရူးမက ဟန်ဆောင်နေတာဆိုတာ ငါကတော့ တစ်ချက်ကြည့်ရုံနဲ့ သိတာပေါ့၊ အခုတော့ သူ နှစ်ပေါင်းများစွာ ဟန်ဆောင်လာတာတွေ အကုန် အရှိကို အရှိအတိုင်း ပေါ်လာပြီ မဟုတ်လား"
အဘွားကြီးကျောက် သူမကို နောက်ကွယ်၌ အတင်းအတုပ် ပြောနေသည်ကို ချန်ချင်းယွီ မသိရှာပေ။ သူမ ဓာတ်မီးကို ဆွဲကာ အိမ်သာဆီသို့ ဦးတည်နေသည်။ စောစောလေးတင် အုတ်အော်သောင်းနင်း ဖြစ်နေခဲ့သော်လည်း ယခုအခါတွင်မူ အိမ်တိုင်းမှာ မီးပိတ်ကာ အိပ်စက်နေကြပြီဖြစ်၏။
ညကြီးမင်းကြီး အမြန်မအိပ်ဘဲနေလျှင် မနက်ဖြန် အလုပ်တက်နိုင်မည် မဟုတ်ပေ။
အိမ်တိုင်းမှာ အလုပ်လုပ်သူ ရှိသည်ဖြစ်ရာ အလုပ်တက်ရန်မှာ အရေးကြီးဆုံးပင်။
ချန်ချင်းယွီတို့ အိမ်သည် ဒုတိယဝင်းထဲမှာ ရှိပြီး အိမ်ရှေ့ဂိတ်တံခါးနှင့် နီးသဖြင့် သူမ တံခါးဖွင့်ကာ အပြင်သို့ အမြန်ထွက်လာခဲ့သည်။
ယခုအခါ လေ ပိုပြင်းလာသော်လည်း မိုးသည်ကား လုံးဝ တိတ်သွားခဲ့ပြီဖြစ်၏။ ချန်ချင်းယွီတွင် လက်ပတ်နာရီ မရှိသော်လည်း ယခုအချိန်မှာ သန်းခေါင်ကျော်နေပြီ သို့မဟုတ် သန်းခေါင်ယံသို့ ရောက်တော့မည်ဟု ခန့်မှန်းရသည်။ သူမ အိမ်သာသို့ လာရင်းနှင့် ယမန်နေ့ည၌ ဗိုက်မနာခဲ့သည်ကိုပင် ကံကောင်းသည်ဟု တွေးနေမိ၏။ အကယ်၍ ယမန်နေ့ညမှ လာခဲ့လျှင် ဤအိမ်သာထဲရှိ အနံ့အသက်ဆိုးများကြောင့် အတော်လေး ဒုက္ခရောက်ပေလိမ့်မည်။
ထိုနေရာရှိ အနံ့အသက်များမှာ အဆိပ်ငွေ့ဗုံးများ ပေါက်ကွဲထားသကဲ့သို့ပင် ဆိုးရွားလှသည်။
ကံကောင်းသည်မှာ ထိုည၌ လေတိုက်နေပြီး ယနေ့တစ်နေကုန်လည်း လေရော မိုးရော ရွာသွန်းနေခြင်းကြောင့် အနံ့အသက်များမှာ လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားခြင်းပင်။
လူများသည် နွေဦးကာလ မြို့တော်မှာ တိုက်ခိုက်သည့် ဤလေပြင်းကို "နတ်ဆိုးလေ" ဟု ခေါ်ကြသော်လည်း ချန်ချင်းယွီမှာမူ ဤလေသည်သာ သူတို့လမ်းတစ်ခုလုံးကို အပုပ်နံ့ဘေးမှ ကယ်တင်ပေးနေခြင်းဟု တွေးမိ၏။ မဟုတ်လျှင် အိမ်သာသို့ မည်သို့ လာနိုင်ပါတော့မည်နည်း။ ယခု၌ အနံ့အသက် မရှိတော့သဖြင့် တော်သေးသည်ဟု ဆိုရမည်။
လေပြင်းတစ်ချက် ဝှေ့တိုက်သွားသည့်အခါ ချန်ချင်းယွီ၏ ဆံပင်ရှည်များမှာ လေထဲတွင် လွင့်ပျံသွား၏။ သူမ မျက်နှာကို ပွတ်သပ်ကာ ခြေလှမ်းများကို မြှင့်လိုက်၏။
ထိုအချိန်မှာပင် လေတိုက်သံ တဝေါဝေါကြား၌ အိမ်ပြန်လာနေသည့် လူတစ်ဦး ရှိနေသည်။ ထိုသူမှာ တခြားသူမဟုတ်၊ ဆေးရုံတက်နေရသည့် ကျန်းရှင်းဖှပင်တည်း။ ကျန်းရှင်းဖှမှာ တစ်ပတ်ခန့် ဆေးရုံတက်ရန် စာရင်းသွင်းထားသဖြင့် ဆေးရုံမှာပင် ရှိနေသင့်သော်လည်း ယနေ့မှာ ချင်းမင်ပွဲတော် မဟုတ်လော့။
လက်ပတ်အနီနှင့် တာဝန်ရှိသူများသည် စက္ကူရှို့သည့်သူများကို လိုက်လံဖမ်းဆီးရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး လက်ပတ်အနီအဖွဲ့မှ ဆယ်ဦးခန့်မှာ လူအုပ်ကြီး၏ ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံလိုက်ရသည်။ အချို့မှာ အရိုးကျိုးသွားသဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ရရာ နာကျင်လွန်း၍ အော်ဟစ်ငိုယိုသံများ၊ လူနာရှင်များ၏ ငိုသံများကြောင့် ကျန်းရှင်းဖှမှာ ဆေးရုံတွင် လုံးဝ အိပ်မပျော်နိုင်တော့ချေ။
ကျန်းရှင်းဖှသည် အမျိုးသမီးများကိုသာ အနိုင်ကျင့်တတ်သော်လည်း အမှန်တကယ်တွင်မူ အားကြီးသူကို ကြောက်ပြီး အားနည်းသူကိုသာ နှိပ်စက်တတ်သည့် လူစားမျိုးဖြစ်သည်။ သူသည် ဆူညံနေသူများကို "ပါးစပ်ပိတ်ထားကြ" ဟု သွားမပြောရဲသော်လည်း ဆူညံလွန်း၍ အိပ်မရသည့်အဆုံး နာကျင်မှုများကို အောင့်အည်းကာ အိမ်သို့ ပြန်အိပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
သူသည်လည်း အပြင်းအထန် အရိုက်ခံထားရသူဖြစ်ရာ တစ်လမ်းလုံး အသက်ကို လုရှူရင်း၊ နေရာအနှံ့မှ နာကျင်မှုများကို ခံစားရင်းနှင့် ပါးစပ်မှလည်း မချေမငံ ဆဲဆိုလာခဲ့သည်။
"ငါ့ကို ခိုးတိုက်ခိုက်တဲ့ ကောင်ကိုသာ ဖမ်းမိလို့ကတော့ အသေသတ်ပစ်မယ်။ ဒီလို လူယုတ်မာက ငါ ကျန်းရှင်းဖှကိုတောင် လာစော်ကားရဲတယ်ပေါ့၊ သေဖို့သာ ပြင်ထားတော့။ မင်းမေ-ိုး!"
သူသည် ဝါးလုံးတစ်ချောင်းကို ထောက်ကာ အိမ်သို့ တရွေ့ရွေ့ လျှောက်လာရင်း စဉ်းစားလေလေ ပို၍ ဒေါသထွက်လေလေပင်
"တောက်... ငါ ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ။ အဲဒီကောင်ကိုသာ ဖမ်းမိလို့ကတော့... ငါ့မှာလည်း လူအင်အား တောင့်တောင့်တင်းတင်း ရှိတာပဲ၊ မင်းကို လုံးဝ အလွတ်မပေးဘူး"
သူသည် လမ်းသွယ်ထဲသို့ ချိုးဝင်လိုက်စဉ်မှာပင် ရှေ့နားဆီ၌ ဖြူဆွတ်ဆွတ် လူအရိပ်ကြီးတစ်ခုကို ဝါးတားတား မြင်လိုက်ရသည်။ ယနေ့ညမှာ လမင်းရော ကြယ်စင်များပါ မရှိသဖြင့် ပတ်ဝန်းကျင်မှာ အမှောင်အတိ ကျနေ၏။
ကျန်းရှင်းဖှ "အား!!!"
သူ အော်ဟစ်လိုက်သည့်အခါ ချန်ချင်းယွီ ချက်ချင်း လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် လေတစ်ချက် တိုက်သွားသဖြင့် ချန်ချင်းယွီ၏ ဆံပင်များ လွင့်ပျံသွားရာ သူမ
ချက်ချင်း ဓာတ်မီးကို ဖွင့်လိုက်၏။
သြော်... ဓာတ်မီးဖွင့်ဖို့ မေ့နေတာပဲ...။
အလင်းရောင်သည် မေးအောက်ခြေမှ အပေါ်သို့ ထိုးတက်သွားရာ ဖြူဆွတ်ဆွတ် အဝတ်အစားနှင့် လွင့်ပျံနေသော ဆံပင်ရှည်များ...
ကျန်းရှင်းဖှ "အား... အား... အား! သရဲမကြီးဟ!!!!! "
ဗိုင်းခနဲ အသံနှင့်အတူ ကျန်းရှင်းဖှမှာ မြေကြီးပေါ်သို့ လဲကျကာ သတိလစ်သွားတော့သည်။
ချန်ချင်းယွီ - "!!!"
ဒါ... ဒါက ဘာသဘောလဲ!
သူမက လူကောင်းတစ်ယောက်ပါ၊ ဘယ်လိုလုပ်ပြီး သရဲမ ဖြစ်သွားရတာလဲ?
ချန်ချင်းယွီမှာ မကျေမနပ် ဖြစ်သွားရ၏။
ကောင်းကင်နှင့် မြေကြီးကို တိုင်တည်ပါတယ်…သူမမှာ တစ်ဖက်လူကို ခြောက်လှန့်ဖို့ လုံးဝ မရည်ရွယ်ခဲ့ပါဘူး….
ပြီးတော့ ညကြီးမင်းကြီး ကျန်းရှင်းဖှက ဆေးရုံကနေ ဘာကြောင့် ထွက်လာရတာလဲ?
"ဘယ်သူလဲ"
လင်စန်းရှင်းသည် ရှေ့ဝင်းထဲတွင် နေထိုင်သူဖြစ်ရာ အသံဗလံများကို အရင်ဆုံး ကြားလိုက်ရသူဖြစ်သည်။ သူမသည် အိမ်ထဲမှနေ၍ မနေနိုင်မထိုင်နိုင် ချောင်းကြည့်ရန် အပြင်သို့ တရွေ့ရွေ့ ထွက်လာခဲ့၏။ ချန်ချင်းယွီသည် ကျန်းရှင်းဖှနှင့် ပတ်သက်မိလျှင် ပြဿနာတက်နိုင်သည်ကို သိသဖြင့် ချက်ချင်းပင် ဓာတ်မီးကို ပိတ်ကာ ရှောင်ထွက်လိုက်တော့သည်။
အသက်ငယ်ငယ် မုဆိုးမဘဝက ခက်ခဲလှလိုက်တာ!!
မိမိ၏ ဂုဏ်သိက္ခာကို အမြဲတစေ ထိန်းသိမ်းနေရသည်မှာ ဤခေတ်ကာလ၏ ထုံးစံပင်။
ချန်ချင်းယွီ အမြန်ရှောင်ထွက်သွားစဉ် လင်စန်းရှင်း မြင်လိုက်ရသည်မှာ ဖြူလွှလွှ အရိပ်ကြီးတစ်ခုသည် ရှေ့သို့ ဝုန်းခနဲ ပြေးထွက်သွားခြင်းပင် ဖြစ်၏။
လင်စန်းရှင်း "အား... အား... အား! သရဲမကြီး!"
သူမသည် အနောက်သို့ ခြေဦးတည့်ရာ ပြေးရင်းနှင့် "သရဲခြောက်နေပြီဟေ့!" ဟု အားကုန်အော်ဟစ်နေလေသည်။
ချန်ချင်းယွီ - "အမလေး... အမေရေ!!!"
သူမသည် တစ်ဖက်လူကို ခြောက်လှန့်ရန် လုံးဝ မရည်ရွယ်ခဲ့ပါဟု ကောင်းကင်ကြီးကို တိုင်တည်၍ ကျိန်ဆိုရဲပါသည်။
'မျက်ရည်မထွက်နိုင်ဘဲ ငိုချင်နေရသူ' ချန်ချင်းယွီတစ်ယောက် အမြန်ဆုံး ပြေးထွက်လာခဲ့ပြီး မိုးကာအင်္ကျီကို အမြန်ပင် ချွတ်
လိုက်ကာ
"ဟင်း... ဒီအဝတ်အစားကြောင့် သူများတွေ အထင်မှားကုန်တာပဲ၊ ငါလည်း တကယ်ကို နစ်နာရပါတယ်"
ချန်ချင်းယွီသည် လူများ သတိမထားမိခင်မှာပင် လင်စန်းရှင်း၏ အနောက်မှနေ၍ ဒုတိယဝင်းထဲသို့ အမြန်ဝင်ကာ အိမ်ထဲသို့ ရောက်ရှိသွား၏။
လင်စန်းရှင်း၏ အော်သံသည်ကားပတ်ဝန်းကျင်တစ်ခုလုံးကို တုန်ဟိန်းသွားစေသည်။
"အား... သရဲခြောက်နေပြီဟေ့!"
ချန်ချင်းယွီ - "ဟောဟဲ... ဟောဟဲ..."
အဘွားကြီးကျောက် - "........................................"
သူမ ချန်ချင်းယွီကို ခပ်စူးစူး စိုက်ကြည့်ရင်း မသင်္ကာဟန်ဖြင့်
"နင် နောက်တစ်ခါ ထပ်လုပ်ပြန်ပြီလား?"
ချန်ချင်းယွီ နှုတ်ခမ်းကို မဲ့လိုက်ကာ
"ကျွန်မ တကယ် တမင်လုပ်တာ မဟုတ်ပါဘူး"
အဘွားကြီးကျောက် မယုံသကဲ့သို့ ကြည့်နေသဖြင့် ချန်ချင်းယွီခမျာ ကျိန်ဆိုပြလိုက်ရ၏။
"ကျွန်မ ဒီမီးအိမ်နဲ့ တိုင်တည်ပြီး ကျိန်ဆိုရဲတယ်၊ တကယ် တမင်လုပ်တာ မဟုတ်ပါဘူး။ ကျွန်မလည်း နစ်နာရပါတယ်နော်။လူကောင်းတစ်ယောက်ကို ဘယ်နားကများ သရဲမနဲ့ တူနေလို့လဲ? ကျွန်မကို မြင်တာနဲ့တင် သရဲလို့ အော်ကြတာ၊ ကြည့်လို့ကောင်းသေးရဲ့လား?"
သူမသည် စဉ်းစားလေလေ ပို၍ နစ်နာသည်ဟု ခံစားရလေလေပင်။
"ကျွန်မလို လှတဲ့ သရဲမမျိုး ရှိလို့လား?"
အဘွားကြီးကျောက် - "..."
သူမသည် ချန်ချင်းယွီကို သံသယမျက်လုံးနှင့် ကြည့်နေဆဲပင်။ ဤ အရူးမသည် တမင်သက်သက် လုပ်ခြင်းသာ ဖြစ်လိမ့်မည်ဟု သူမ အဆိုးဆုံးဘက်မှ တွေးထားသည်။ ချန်ချင်းယွီသည် မကောင်းမှု မလုပ်တန်ရာသော်လည်း ဤကဲ့သို့သော ထူးထူးဆန်းဆန်း ကိစ္စမျိုးများကိုမူ လုပ်နိုင်စွမ်း ရှိသူပင်။
ဟုတ်တယ်... သူမက လုပ်ရဲတယ်!
ချန်ချင်းယွီသည် အဘွားကြီးကျောက်၏ အကြည့်ကို မြင်လိုက်ရသည့်အခါ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ကောင်းကင်ကြီးကို ကြည့်ရင်း အော်ဟစ်လိုက်မိ၏။
"ကျွန်မကတော့ တုံးအယ် ထက်တောင် ပိုပြီး မတရား စွပ်စွဲခံနေရပါပြီလား!!!"
တုံးအယ်က တရုတ်စာပေနဲ့ ပြဇာတ်သမိုင်းမှာ အင်မတန်ကျော်ကြားတဲ့ "The Injustice to Dou E" (Dou E Yuan - 窦娥冤) ဆိုတဲ့ ပြဇာတ်ထဲက အဓိကဇာတ်ဆောင် အမျိုးသမီးဖြစ်ပါတယ်။ သူမဟာ မတရားစွပ်စွဲခံရမှု၊ အခြေအမြစ်မရှိဘဲ အပြစ်ပေးခံရမှုတွေရဲ့ သင်္ကေတတစ်ခုလည်း ဖြစ်ပါတယ်။
လင်သေပြီး ငယ်ငယ်နဲ့မုဆိုးမဖြစ် ယောက္ခမနဲ့အတူတူနေ၊ လုပ်ကြွေးနေပေမဲ့ လူယုတ်မာ သားအဖနှစ်ယောက်က မတော်မတရားကျင့်ဖို့လုပ်တာ မအောင်မြင်တော့ ယောက္ခမကိုအဆိပ်ခတ်ပြီး သူမ လုပ်တယ်လို့စွပ်စွဲတာ။ တရားသူကြီးကလည်း လာဘ်စားပြီးတော့ တုံးအယ်ကိုသေဒဏ်အပြစ်ပေးတာပါ။
သူမ ကွပ်မျက်မခံရခင်မှာ သူမမှာ အပြစ်မရှိကြောင်း သက်သေပြဖို့ ကောင်းကင်ကြီးကို တိုင်တည်ပြီး သစ္စာဆိုခဲ့ပါတယ်။
-သူမရဲ့ အသွေးတွေဟာ မြေကြီးပေါ်မကျဘဲ အပေါ်က ချိတ်ထားတဲ့ အဝတ်ဖြူပေါ်ကိုသာ ပန်းထွက်သွားပါစေ။
-ပူပြင်းတဲ့ ၆လပိုင်း နွေရာသီဖြစ်ပေမဲ့ သူမသေတဲ့အခါ (၃) လက်မအထူရှိတဲ့ နှင်းတွေ ကျဆင်းပါစေ။
-သူမရဲ့ မတရားမှုကို သက်သေပြဖို့ အဲဒီဒေသမှာ (၃) နှစ်တိတိ မိုးခေါင်ပါစေ။
ဇာတ်လမ်းအရ သူမသေပြီးတဲ့နောက်မှာ အဲဒီအချက်တွေအားလုံး တကယ်ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အရာရှိဖြစ်လာတဲ့ သူမရဲ့ဖခင်က အမှုကိုပြန်လည်စစ်ဆေးပြီး သူမရဲ့အပြစ်မဲ့မှုကို သက်သေပြပေးခဲ့ပါတယ်။
အဲ့ဒါကြောင့် ချန်ချင်းယွီက သူအစွပ်စွဲခံရတာကို တုံးအယ်နဲ့နှိုင်းပြောသွားတာပါ။
၃၆။ သက်ဝင်စည်ကားလှသောည
ငါသာ တကယ်ပဲ အပြစ်မရှိဘဲ မတရားစီရင်ခံရတာမှန်ရင် နွေရာသီ (ဇွန်လ) မှာ နှင်းတွေကျပါစေ…ငါ့ဘဝက တုံးအယ်ထက်တောင် ဆိုးနေပါပေါ့လား!!
ချန်ချင်းယွီတစ်ယောက် မိမိမှာ တုံးအယ် စွပ်စွဲခံရသည်ထက်ပင် အဖြစ်ဆိုးနေသည်ဟု ခံစားလိုက်ရကာ မျက်ရည်ပင်ဝဲလာမိ၏။
ကျွန်မတကယ်ကို မရည်ရွယ်ပါဘူးရှင်!! သူတို့ ဒီလောက် သွေးကြောင်လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ!?
သူမ နှုတ်ခမ်းစူလိုက်ပြီး မိမိကိုယ်ကို ကာကွယ်ပြောဆိုလိုက်သည်။
“ကျွန်မလည် ကြောက်ပါတယ်နော်! သူတို့တွေက လူတကာအိပ်နေကြပါပြီဆိုတဲ့ ညကြီးသန်းခေါင်မှာ ဘာကိစ္စလမ်းပေါ်မှာ လျှောက်သွားနေရတာလဲ! အခုက ချင်းမင်ပွဲတော်နေ့လေ! ဇွန်ဘီးလို လမ်းလျှောက်နေပြီး ကျွန်မက သရဲမလို့ စွပ်စွဲခံရသေးတယ်”
“ဘာလဲ ဇွန်ဘီးက?”
အဘွားကြီးကျောက်မှာ သူမ၏ခေတ်သစ်အသုံးကို နားမလည်ရှာပေ။
ချန်ချင်းယွီ ပြောစရာစကားမဲ့သွားကာ ငေါက်ငမ်းလိုက်၏။
“ကိုယ့်ကိစ္စကိုယ်သာ အာရုံစိုက်စမ်းပါ..ကျွန်မထပ်ပြီး မပြောတော့ဘူး!!”
အဘွားကြီးကျောက် “!!!”
ကြည့်!ကြည့်!ကြည့်! သူမ စိတ်ဆိုးနေပြီ…
သိနေတယ် သိနေတယ်… ဒီကောင်မစုတ်လေး တမင်လုပ်တာဆိုတာ ကျောက်တာ့ရာသိနေတယ်!! ရူးသွပ်နေတဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်ကို ရှင်တို့ဘယ်တော့မှ နားမလည်နိုင်ဘူး!
ချန်ချင်းယွီ၏ လက်ချက်မိပြီးကတည်းက အဘွားကြီးကျောက်သည် ချန်ချင်းယွီအား "အရူးမ" ဟူ၍ သမုတ်တံဆိပ် ကပ်ထားလိုက်ရာ ထိုသမုတ်ချက်မှာလည်း ခွာမရတော့လောက်အောင်ပင် စွဲမြဲနေလေသည်။ ဤမိန်းမသည်ကား အတောမသတ်နိုင်အောင်ပင် ဆိုးသွမ်းလှသည်ဟု သူမ မှတ်ချက်ပြုမိ၏။ သို့သော်လည်း အဘွားကြီးကျောက်သည် ချန်ချင်းယွီအား အမှုမဲ့အမှတ်မဲ့ မဆွရဲတော့ချေ။ သူမ တကယ်ပင် ကြောက်ရွံ့သွားခဲ့ရသည် မဟုတ်လော့။
အတိတ်ကို ပြန်ပြောင်းတွေးတောကြည့်သော် ဤမိန်းမငယ်လေး အနိုင်ကျင့်ခံခဲ့ရသည့် အချိန်များမှာ ဘဝတစ်ပါးကဲ့သို့ ဝေးကွာလှပြီဟု ခံစားရစေသည်။ ထိုစဉ်ကမူ သူမသည် တကယ့်ကို သရုပ်ဆောင်ကောင်းသည့် မိန်းမတစ်ယောက်ပင်။
ချန်ချင်းယွီ၏ အပြုအမူများမှာ ယခင်နှင့် အဆမတန် ခြားနားသွားသော်ငြား အဘွားကြီးကျောက်မှာမူ အံ့သြခြင်းမရှိပေ။ ဤသည်မှာ ချန်ချင်းယွီ၏ ပင်ကိုယ်ဗီဇအမှန်သာ ဖြစ်သည်ဟု သူမ အခိုင်အမာ ယုံကြည်ထား၏။
ဟဲဟဲ... ယောက္ခမဆိုသည်မှာ ချွေးမအပေါ် အဆိုးမြင်သော အတွေးဖြင့်သာ အကဲခတ်တတ်ကြသည်မှာ ဓမ္မတာပင်။ အဘွားကြီးကျောက်၏ ဖြစ်ရပ်မှာမူ ထိုဓမ္မတာကို အကောင်းဆုံး သက်သေပြနေသယောင် ရှိပေသည်။
အဘွားကြီးကျောက် - "အပြင်မှာ ဆူညံပွက်လောရိုက်နေကြတယ်"
ချန်ချင်းယွီ သက်ပြင်းတစ်ချက်ကို လေးလံစွာ ချလိုက်ပြီး
"ခဏနေရင်တော့ အဲ့ဒီ မိုးကာသစ်ကို မဝတ်ပါနဲ့ဦး။ မိုးရွာလာရင် ကျွန်မရဲ့ မိုးကာကိုပဲ ဝတ်လိုက်ပါ"
အနည်းဆုံး ခဏဖြစ်ဖြစ်ပေါ့လေ…
မဟုတ်လျှင် လူတွေက သံသယဝင်ကြမှာ အသေအချာပဲ!
အမှန်အတိုင်းဆိုလျှင် သူမသည် တကယ်ပင် သရဲခြောက်ရန် မရည်ရွယ်ခဲ့ချေ၊ အမှတ်မထင် ဖြစ်သွားခဲ့ရခြင်းသာ။
အဘွားကြီးကျောက် - "အေးပါ"
အသစ်စက်စက်ချုပ်ထားသော မိုးကာကို အပြင်သို့ ထွက်မဝတ်ရသည့်အတွက် သူမ အတော်ပင် စိတ်ပျက်နေမိသည်။
အဘွားကြီးကျောက် ချန်ချင်းယွီကို တိတ်တဆိတ် အကဲခတ်လိုက်ရင်း
"ငါ အပြင်ထွက်ပြီး အခြေအနေသွားကြည့်လိုက်ဦးမယ်"
ချန်ချင်းယွီ - "သွားလေ၊ ကျွန်မတော့ မလိုက်တော့ဘူး"
သူမကိုယ်တိုင် ဓာတ်မီးကို မီးဖွင့်ထားပါလျက်နှင့် ထိုသူသည် အဘယ်ကြောင့် ဤမျှတိုင် ကြောက်လန့်သွားရသနည်းဆိုသည်ကို သူမ နားမလည်နိုင်
ဖြစ်နေရ၏။ ချန်ချင်းယွီ တိုးတိုးလေး ရေရွတ်နေစဉ်မှာပင် အဘွားကြီးကျောက် စိုးရိမ်တကြီးဖြင့်
"သူ နင့်ကို မှတ်မိသွားမှာ မဟုတ်ဘူးနော်?"
ချန်ချင်းယွီ ပြတ်သားစွာ ပြန်ဖြေလိုက်၏။
"ကျွန်မကတော့ လုံးဝဝန်ခံမှာ မဟုတ်ဘူး"
သူမမှာ အလျှော့ပေးကာ ဝန်ခံရန် အစီအစဉ်မရှိချေ။
အဘွားကြီးကျောက် : "ဟုတ်တယ်၊ လုံးဝဝန်ခံလို့ မဖြစ်ဘူး။ ကဲ... ငါ အပြင်ထွက်ပြီး သတင်းစုံစမ်းလိုက်ဦးမယ်။ နင်လည်း မီးပိတ်ပြီး အနားယူတော့"
ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ သူမသည် "ဓာတ်မီး ပေးဦး" ဟုဆိုလိုက်ပြီးနောက် ထပ်ဖြည့်ပြောလိုက်သည်။
"နေဦး... ခုနက နင် ဓာတ်မီးကို ဘယ်လိုပုံစံနဲ့ ဖွင့်လိုက်တာလဲ? ငါ့ကို တစ်ချက်လောက် ပြပါဦး"
ချန်ချင်းယွီ - "???"
အဘွားကြီးကျောက်သည် နားမလည်နိုင်ဖြစ်နေရ၍ သူမသည် အလွန်ပင် စပ်စုချင်နေမိ၏။ ဓာတ်မီးဖွင့်လိုက်ရုံမျှနှင့် အဘယ်ကြောင့် လူတစ်ယောက်ကို ထိုမျှ ကြောက်လန့်သွားစေသနည်းဆိုသည်ကို သူမလည်း သိလိုလှသည်။ အဘွားကြီးမှာ အတည်ပေါက်ဖြင့်ပင်
"ငါ့ကို တစ်ချက်လောက် ပြပါဦး"
ချန်ချင်းယွီ - "ရှင်ကလည်း တော်တော်ကို စပ်စုတာပဲ"
သူမ အခန်းမီးကို ပိတ်လိုက်ပြီး ဓာတ်မီးကို တိုက်ရိုက်ဖွင့်လိုက်သည်။ ဓာတ်မီးရောင်သည် အောက်ဘက်မှနေ၍ အပေါ်သို့ ထိုးတက်လာ၏။ ချန်ချင်းယွီ အပေါ်သို့ မော့ကြည့်လိုက်သည့် ခဏ၌ အဘွားကြီးကျောက်သည် ချက်ချင်းဆိုသလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး
"အမလေး... မြတ်စွာဘုရား!"
ချန်ချင်းယွီ - "???"
သူမက ခါးထောက်လိုက်ရင်း
"ဟဲ့... ဒါ ဘာသဘောလဲ? အမေကပါ ဘာဖြစ်တာလဲ? ကျွန်မက အဲ့လောက်တောင် ကြောက်စရာကောင်းနေလို့လား?"
အဘွားကြီးကျောက် - "..."
သူမသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရင်း
"အင်း... အမှန်အတိုင်း ပြောရရင်တော့... နင်က တကယ့်ကို ကြောက်စရာကြီးပဲ!"
အမှန်အတိုင်းဆိုရလျှင် ပိန်းပိတ်အောင် မှောင်နေသော ညဉ့်အမှောင်ထဲတွင် အောက်ဘက်မှ အပေါ်သို့ ထိုးတက်လာသော ထိုကဲ့သို့ အလင်းတန်းမျိုးသည် မျက်နှာသွင်ပြင်ကို ဝေဝါးသွားစေပြီး သေလူကဲ့သို့ ဖြူလျော်သော မျက်နှာတစ်ခုကိုသာ မြင်တွေ့စေသည်။ အဘွားကြီးကျောက်သည် စိတ်ကို ကြိုတင်ပြင်ဆင်ထားပါသော်လည်း အမှတ်မထင် ထိတ်လန့်သွားရသည်မှာ အမှန်ပင်။ သူမသည် ရင်ဘတ်ကို ဖိရင်း အလေးအနက် ဆိုလိုက်၏။
"အင်း... နင် ဓာတ်မီးကို အပေါ်ကိုတော့ လုံးဝ မထိုးနဲ့ဦး။ တကယ့်ကို ကြောက်စရာကြီးပဲ။ ငါ့မှာဖြင့် သတိထားနေပါလျက်နဲ့ကို လန့်သွားတာ၊ ရုတ်တရက် မြင်လိုက်ရတဲ့သူဆိုရင်တော့ ပြောမနေနဲ့တော့"
မူလ၌ သူမသည် ချန်ချင်းယွီကို တစ်ဖက်လူက မှတ်မိသွားမည်ကို စိုးရိမ်နေမိသော်လည်း ယခုမူ လုံးဝ စိုးရိမ်ခြင်း မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်ပင် ချန်ချင်းယွီမှန်း ပထမတစ်ချက်၌ မမှတ်မိလိုက်ခြင်းကြောင့်တည်း။ ဓာတ်မီးအလင်းတန်း တစ်ခုတည်းက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အာနိသင်ရှိလိမ့်မည်ဟု သူမ အမှန်ပင် မမျှော်လင့်ထားခဲ့ချေ။
တကယ့်ကို ကြောက်စရာပင်!
"ကဲ... ငါ သွားကြည့်လိုက်ဦးမယ်"
အဘွားကြီးကျောက်သည် ကျောချမ်းသွားသဖြင့် လက်မောင်းကို ပွတ်သပ်ရင်း အပေါ်အင်္ကျီကို ထပ်ဝတ်ကာ အပြင်သို့ ထွက်သွားလေသည်။ ချန်ချင်းယွီမှာမူ အပြင်သို့ မထွက်ဘဲ ပြတင်းပေါက်မှသာ ချောင်းကြည့်နေမိ၏။ အပြင်ဘက်တွင် လူအတော်များများ ရောက်ရှိနေကြပြီ ဖြစ်သည်။ ကြည့်ရသည်မှာ ခြံဝင်းထဲရှိ လူတိုင်းသည် ဖြစ်သမျှ အကြောင်းအရာတိုင်း၌ စိတ်အားထက်သန်စွာ ပါဝင်ချင်ကြသည်မှာ အထင်အရှားပင်။
အဘွားကြီးကျောက် : "ဘာဖြစ်တာလဲ? ဘာဖြစ်လို့လဲ? သရဲခြောက်တာ ဟုတ်စ? ဘယ်မှာလဲ သရဲ? ငါ့ကို ပြစမ်းပါဦး!"
သူမသည် အခြားသူများထက်ပင် ပို၍ တက်ကြွစွာ ပါဝင်နေသေးသည်။
"ဒီလောကမှာ သရဲဆိုတာ မရှိပါဘူး၊ ခင်ဗျားတို့က လျှောက်တွေးနေကြတာ။ အယူသီးတဲ့ ကောလာဟလတွေကို မဖြန့်ကြနဲ့၊ ဒါက မကောင်းဘူး"
ပြောလိုက်သူမှာ ရွှီကောင်းမင် ဖြစ်၏။ သူသည် ခြေထောက် မသန်သော်ငြား အရေးအကြောင်းဆိုလျှင် ဦးဆောင်ဦးရွက်ပြုလိုသော စိတ်ကိုမူ မတားဆီးနိုင်ချေ။ မာကျန့်ယီ၏ ပျင်းရိမှုနှင့် နှိုင်းယှဉ်လျှင် သူသည်ကား အာဏာကို အလျင်စလို သိမ်းပိုက်ချင်နေသယောင် ရှိသည်။
သို့သော် မာကျန့်ယီမှာလည်း လူနုံတစ်ယောက် မဟုတ်ချေ။
ရွှီကောင်းမင် : "အားလုံး ငြိမ်ငြိမ်နေကြပါ၊ ငါတို့ အပြင်ထွက်ပြီး သွားကြည့်ကြတာပေါ့။ အခုက ခေတ်သစ်ကို ရောက်နေပြီ၊ မိစ္ဆာတွေ သရဲတွေဆိုတာ ကြာလှပြီပဲ ပျောက်ကွယ်သွားကြတာ။ သရဲဆိုတာ လုံးဝ အဓိပ္ပာယ်မရှိတဲ့ စကားပဲ။ ဒီနေ့က ထူးခြားတဲ့နေ့မို့လို့ ခင်ဗျားတို့ နည်းနည်း ကြောက်နေကြတာ ဖြစ်မှာပါ။ ဘာမှမဟုတ်ပါဘူး၊ တကယ်ကို ဘာမှမဟုတ်တာပါ"
"ဦးလေးရွှီ... အဲ့လိုတော့ ပြောလို့မရဘူးလေ။ ရှေးကတည်းက ရှိလာခဲ့တဲ့ ကောလာဟလတွေက..."
"အဲ့ဒါတွေက အလကားတွေ။ ဘယ်သူ မြင်ဖူးလို့လဲ? ဘယ်သူမှ ကိုယ်တိုင် မြင်ဖူးတာ မဟုတ်ဘူးမလား? ကောလာဟလတွေကို မယုံကြနဲ့။ ကျွန်တော် မှိုစားမိပြီး အညစ်အကြေးတွင်းထဲ ခုန်ချတယ်ဆိုတဲ့ ကောလာဟလတောင် ထွက်သေးတာပဲ။ ကျွန်တော် ခုန်ချခဲ့လို့လား? မချခဲ့ပါဘူး၊ ဒါကို အားလုံးသိတာပဲ၊ လုံးဝ မဟုတ်တဲ့ကိစ္စ။ အဲ့ဒါကြောင့် ကောလာဟလတွေဆိုတာ ယုံကြည်စရာ မရှိဘူး"
အဘွားကြီးကျောက် : "ဒီအခွင့်အရေးကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် နာမည်ပြန်ရအောင် လာမပြောနဲ့။ ပြောချင်ရင် တခြားလူတွေကို သွားပြော၊ တို့ဝင်းထဲမှာတော့ ဘယ်သူမှ နင့်ကို အညစ်အကြေးတွင်းထဲ ခုန်ချတယ်လို့ မပြောကြဘူး"
ရွှီကောင်းမင် - "!"
ဤမိန်းမကြီးသည်ကား အရေးကြီးသည့်အချိန်တိုင်းတွင် လူကို အရှက်ခွဲရန် အမြဲ အသင့်ရှိနေပေသည်။
ရွှီကောင်းမင်သည် အဘွားကြီးကျောက်ကို အတော်ပင် စိတ်ပျက်သွားသဖြင့် သူမကို လျစ်လျူရှုကာ
"အားလုံးပဲ စိတ်အေးသွားအောင် အပြင်ထွက်ကြည့်ကြမယ်၊ ပြီးရင် ပြန်လာကြတာပေါ့။ ဒီလိုကိစ္စမျိုးကို နောက်ခါ မပြောကြနဲ့တော့။ အပြင်လူတွေ သိသွားရင် တို့ဝိုင်းက အယူသီးတယ်လို့ အထင်ခံရလိမ့်မယ်၊ အဲ့ဒါက မကောင်းဘူး"
"ကောင်းပါပြီ"
"ခင်ဗျား ပြောသလိုပေါ့"
မာကျန့်ယီသည်ကား ယခုထိ အပြင်ထွက်မလာသေးချေ။ သူ တကယ်ပဲ အိပ်မောကျနေသလား သို့မဟုတ် ဟန်ဆောင်နေသလား ဆိုသည်မှာ မသေချာပေ။ သို့သော် ရွှီကောင်းမင်ကမူ အလွန်ပင် ကျေနပ်နေပုံရ၏။ သူ လက်ကို ဝှေ့ယမ်းကာ
"ကဲ... သွားကြစို့!"
အခြေအနေကြည့်ရန် ထွက်လာကြသူများမှာလည်း သူ၏နောက်မှ အမြန် လိုက်ပါသွားကြသည်။ လင်စန်းရှင်းမှာမူ လီချန်ရွှမ်း၏ နောက်ဘက်တွင် ကျုံ့ကျုံ့လေး ကပ်လိုက်ရင်း ကြောက်လန့်တကြားဖြင့် စကားများ ထစ်နေမိသည်။ သူမ တိုးတိုးလေး ရေရွတ်၍
"တကယ်ရှိတာပါ၊ မိန်းမသရဲကြီးပါ! ကျွန်မ မြင်လိုက်ရတယ်! ဆံပင်တွေကလည်း ဖရိုဖရဲနဲ့၊ တစ်ကိုယ်လုံးလည်း အဖြူရောင်ကြီး၊ လွင့်မျောနေတာ"
"စကားကို လျှောက်မပြောစမ်းနဲ့"
လီချန်ရွှမ်း ငေါက်လိုက်၏။ သူ မယုံကြည်၍ မဟုတ်ဘဲ ပြဿနာ မတက်စေချင်သောကြောင့် ဖြစ်သည်။
လင်းစန်းရှင်း စိတ်လှုပ်ရှားစွာဖြင့်
"တကယ်ပါ၊ ကျွန်မ မုသားမပြောပါဘူး၊ တကယ် မြင်လိုက်တာပါ၊ တကယ့်ကို ကြောက်စရာကြီး..."
အဘွားကြီးကျောက် သူမကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း
စိတ်ထဲမှ တွေးနေမိသည်မှာ
"ဟဲ့ဟဲ့... နင်က ကြောက်တယ်? ငါလည်း ကြောက်ရတယ်ဟဲ့! အဲ့ဒီ အရူးမကတော့ တကယ်ကို ရူးပြနေပြီပဲ!"
လူတိုင်းမှာ အပြင်ဘက်သို့သွားပြီး အခြေအနေကြည့်ကြမည်ဟု ကြွေးကြော်နေသော်ငြား သူတို့၏ခြေလှမ်းများမှာ အဆမတန်နှေးကွေးနေ၏။
ဟ!! သူတို့လည်း ကြောက်နေတာ မဟုတ်ဘူးလား?!
လူအုပ်ထဲတွင် အဘွားကြီးဟွမ်လည်း ပါဝင်နေပြီး သူမမှာ လူများကို ကြည့်၍ သရော်ရယ်မောလိုက်ကာ
"နင်တို့အားလုံးက သူရဲဘောကြောင်လိုက်ကြတာ! ငါကတော့ သရဲဆိုတာ လုံးဝမယုံဘူး။ ဘယ်မှာ သရဲတွေ ဒီလောက်ပေါများနေလို့လဲ? ပြီးတော့ ကိုယ်က မကောင်းမှုမလုပ်ထားရင် တံခါးလာခေါက်မယ့် သရဲကို ကြောက်နေစရာ မလိုဘူးလေ။ ငါ့ကိုကြည့်စမ်း... ဘယ်လောက်တောင် သတ္တိရှိသလဲဆိုတာ! ငါကတော့ ဘာကိုမှ မကြောက်ဘူး။ ဘာလို့လဲဆိုတော့ ငါက ရိုးသားဖြောင့်မတ်သူမို့လို့ပဲ။ ငါက အဲ့ဒီလို နေထိုင်လာတာ၊ ဒါကြောင့် ဘာကိုမှ ကြောက်စရာမရှိဘူး။ နင်တို့ သူရဲဘောကြောင်တွေကို ကြည့်ရတာ တကယ်ပဲ!"
အဘွားကြီးဟွမ်သည်ကား အလွန်ပင် မာန်တက်နေ၏။ သူမသည် အရေးအကြောင်းဆိုလျှင် အမြဲတမ်း လျှာရှည်တတ်သူပင်။
အဘွားကြီးကျောက်မှာမူ သူမကို ကြည့်ကာ မျက်လုံးအစုံကို အပေါ်သို့ လန်လိုက်မိလေသည်။
ချန်ချင်းယွီသည် ပြတင်းပေါက်၌ မျက်နှာကပ်ကာ အပြင်ဘက်မှ အခြေအနေများကို အကဲခတ်နေဆဲပင်။ သူမသည် နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်ရင်း စိတ်ထဲမှ အပြစ်မကင်းသလို ခံစားချက်ဖြင့် တိုးတိုးလေး ရေရွတ်နေမိ၏။
"အပြင်ထွက်ကြည့်လို့ သတိလစ်ပြီး မြေကြီးပေါ်မှာ လဲနေတဲ့ သားဖြစ်သူကို မြင်ရတဲ့အခါမှာလည်း အခုလိုပဲ တည်တည်ငြိမ်ငြိမ် ရှိနိုင်ဦးမလားဆိုတာ သိချင်မိပါရဲ့"
ကျန်းရှင်းဖှနှင့် လင်းစန်းရှင်းတို့ သရဲဟု အော်ဟစ်ခဲ့ကြသော်လည်း သူမကို မှတ်မိသွားခြင်း ရှိမရှိမှာမူ မသေချာချေ။ သို့သော် ချန်ချင်းယွီမှာမူ သူတို့အား ချက်ချင်း မှတ်မိပြီး သူတို့ သတိလစ်သွားသည်အထိ ထိတ်လန့်သွားစေခဲ့သော်လည်း ချန်ချင်းယွီ၏ စိတ်ထဲ၌ နောင်တရခြင်း အလျဉ်းမရှိပေ။
သူမသည် ရန်သူအပေါ်တွင်မူ မည်သည့်အခါမျှ ကရုဏာသက်လေ့မရှိသူတည်း။
ကျန်းရှင်းဖှသည် သူမအား အမြဲတမ်း နှောင့်ယှက်ရန် ကြိုးစားနေခဲ့ပြီး အကယ်၍ သူမသာ သူ့ကို ရှောင်မနေခဲ့လျှင် တစ်ခုခု ကြံစည်တော့မည့်သူ ဖြစ်သည်။ ထို့ကြောင့် ထိုကဲ့သို့သော လူစားမျိုးအပေါ် သူမ၌ သနားစိတ် မရှိချေ။ ကျန်းရှင်းဖှ တစ်မျိုးကြံလျှင် သူမသည်လည်း တစ်ဖုံ တုံ့ပြန်ရမည်သာ။ တစ်စုံတစ်ယောက်ကို သတိလစ်သွားသည်အထိ လန့်သွားစေခြင်းမှာ အမှတ်မထင် ဖြစ်ရပ်တစ်ခုမျှသာ ဖြစ်ပြီး ကြီးကျယ်လှသော ကိစ္စတော့ မဟုတ်ပေ။
ချန်ချင်းယွီက မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း အပြင်ဘက်မှ ဆူညံပွက်လောရိုက်မှုကို ဆက်လက် စောင့်ကြည့်နေ၍။
သက်ပြင်းတစ်ချက် ချလိုက်မိသည်မှာ...
လူအုပ်ကြီး ခြံဝင်းတံခါးမကြီးဆီသို့ ရောက်သွားသည့်အခါ မြင်ကွင်းက ပျောက်ကွယ်သွားသောကြောင့်ပင်။
ချန်ချင်းယွီသည် အခြေအနေကို သိလိုသော်လည်း အပြင်သို့ ထွက်မကြည့်ဘဲ အိပ်ရာပေါ်၌သာ လဲလျောင်းလိုက်သည်။ ကလေးငယ်နှစ်ဦးမှာမူ ပါးပြင်လေးများ နီမြန်းကာ နှစ်ခြိုက်စွာ အိပ်မောကျနေကြဆဲပင်။ သူမ စောင်ကို အသာအယာ ပြင်ခြုံပေးလိုက်သော်လည်း ထိုကလေးငယ်များမှာ နိုးလာမည့် အရိပ်အယောင်ပင် မပြချေ။ ချန်ချင်းယွီ ရောက်ရှိလာကတည်းက နေ့စဉ်နှင့်အမျှ စိတ်လှုပ်ရှားစရာ ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပေါ်နေခဲ့သော်လည်း အမှန်တကယ်၌ သူမ ရောက်ရှိလာသည်မှာ တစ်လပင် မပြည့်သေးကာ ဆယ့်ငါးရက်ခန့်သာ ရှိသေးသည်။ ကလေးငယ်များမှာ အစားကောင်းကောင်း စားနေရသော်လည်း သိသိသာသာ ဝလာခြင်းမျိုးတော့ မရှိသေးပေ။
ဤသည်မှာလည်း အံ့သြစရာတော့ မဟုတ်ချေ။ ဤမျှ တိုတောင်းလှသော အချိန်အတွင်း မည်သို့ ဝလာနိုင်ပါမည်နည်း။ ထို့ကြောင့် ကလေးငယ်နှစ်ဦးမှာ ပိန်ပိန်ပါးပါးပင် ရှိနေသေးသော်လည်း မျက်နှာအသားအရည်မှာမူ အရင်ကထက် သိသိသာသာ ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။ ယခင် အစားကောင်းကောင်း မစားရသည့် အခြေအနေနှင့် နှိုင်းယှဉ်လျှင် ယခုမှာ အဆပေါင်းများစွာ သာလွန်နေပြီ ဖြစ်၏။
ယခင် လင်းကျန့်ဝမ် အိမ်မှာရှိစဉ်၌ အစားအသောက်မှာ ပြဿနာမရှိသော်လည်း ဗိုက်ဝရုံမျှသာ ဖြစ်ပြီး အာဟာရဓာတ် မပြည့်စုံခဲ့ချေ။ ထို့ကြောင့်လည်း ကလေးများမှာ ထိုမျှတိုင် ပိန်လှီနေရခြင်း ဖြစ်ပေသည်။ ချန်ချင်းယွီ၏ လက်ရှိ အဓိက ရည်မှန်းချက်မှာ ကလေးများကို အာဟာရပြည့်ဝစွာ ကျွေးမွေးရန်ပင် ဖြစ်၏။
ရှင်သန်ရန်အတွက် အစားအသောက်သည်သာ ပဓာနပင် မဟုတ်လော့။
"ဒီအစားအသောက် ကိစ္စကိုတော့ လျှော့တွက်လို့ မဖြစ်ဘူး၊ သူတို့ မိသားစုက..."
"အားးးး! ငါ့သားလေး!"
အပြင်ဘက်မှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ ချန်ချင်းယွီ လန့်သွားပြီး ပြတင်းပေါက်ဆီသို့ ချက်ချင်း ပြေးကပ်လိုက်မိ၏။ သူမ မမြင်ရသော်လည်း အသံကိုမူ ကြားနေရ၏။ အဘွားကြီးဟွမ်၏ အော်ဟစ်သံမှာ ပေကျင်းတစ်မြို့လုံးကိုပင် ပျံ့နှံ့သွားတော့မည့်အတိုင်းပင်။
ထိုစဉ် အဘွားကြီးဟွမ်သည် သူမ၏သားဆီသို့ ပြေးသွားကာ ငိုချင်းချရင်း စိတ်ဖောက်ပြန်သကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်
တော့သည်။
"သားလေး... နင် ဘာလို့ ဒီမှာ လဲနေရတာလဲ? ဘယ်သူက နင့်ကို အနိုင်ကျင့်လိုက်တာလဲ?! အသည်းနှလုံးမရှိတဲ့ လူယုတ်မာတွေ! ငါ့သားကို ဘယ်လိုများ ဒီလို လုပ်ရက်ကြတာလဲ? သားလေး! အမေကို လာမခြောက်ပါနဲ့ဦး! တို့မိသားစုမှာ ကိုးဆက်တိုင်တိုင် သားတစ်ယောက်တည်း ရှိတာပါ! သားလေး! သတိထားပါဦး! ငါ့သားကို ဘယ်သူက အနိုင်ကျင့်တာလဲ?! သူက ကလေးလေးပဲ ရှိသေးတာကို၊ ဒဏ်ရာလည်း ရထားသေးတယ်။ နင်တို့မှာ အသိစိတ်ဆိုတာရော ရှိကြရဲ့လား?"
အဘွားကြီးဟွမ် အာခေါင်ခြစ်ကာ အော်ဟစ်ငိုယိုနေ၏။
အဘွားကြီးကျောက်မှာ မနေနိုင်ဘဲ "အသက်သုံးဆယ် နားနီးနေတဲ့ ကလေး..." ဟု ရေရွတ် ပြောလိုက်မိသည်။
အခြားသူများမှာ ဤအခြေအနေ၌ ဆွံ့အနေကြရသော်လည်း ရွှီကောင်းမင်ကမူ ပထမဆုံး သတိဝင်လာသူ ဖြစ်ပြီး အလျင်အမြန် ဆိုလိုက်၏။
"သူ့ကို ဆေးရုံ အမြန်ပို့ကြရအောင်၊ အခြေအနေ ဘယ်လိုရှိသလဲ ကြည့်ရမယ်။ ဘာမှမဖြစ်ဘူးဆိုရင်တော့ အိမ်ပြန်ခေါ်လာကြတာပေါ့။ သူ့ကို အပြင်မှာ ဒီအတိုင်း ပစ်မထားနိုင်ဘူးလေ! ကဲ... အားလုံးပဲ ဝိုင်းကူကြပါဦး! တို့တွေက ဝိုင်းတူအိမ်တူတွေပဲ၊ အချင်းချင်း ကူညီသင့်တာပေါ့!"
အဘွားကြီးဟွမ်မှာလည်း ချက်ချင်းပင် ဝင်ပြောလိုက်ပြန်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်! မြန်မြန်လုပ်ကြ! ငါ့သားကို နှောင့်နှေးစေလို့ တစ်ခုခု ဖြစ်သွားရင် နင်တို့ တာဝန်ယူနိုင်သလား? မြန်မြန်လာပြီး ငါ့သားကို မကြစမ်းပါ! နင်တို့သာ နှေးနေရင်တော့ နောင်တရသွားစေရမယ်!"
ထိုအခါ ဝိုင်းကူရန် ရှေ့တိုးလာကြသူများမှာ ချက်ချင်းပင် ခြေလှမ်းတုံ့သွားကြ၏။
သောက်ကျိုးနည်း! ဒါတွေက ဘယ်လိုလူစားမျိုးတွေလဲ?!
ရွှီကောင်းမင် - "!!!"
ဒါကတော့ တကယ့်ကို လွန်လွန်းလှပြီ!
သူသည် အဘွားကြီးဟွမ်ကို ဘာမှအသုံးမကျသော အညစ်အကြေးတစ်ခုကဲ့သို့ တကယ်ပင် ထင်မြင်မိလေသည်။ သူသည် စိတ်ထဲမှ ကြိမ်ဆဲနေမိသော်လည်း အပြင်၌မူ ချော့မော့လိုက်၏။
"ဒေါ်ကြီးဟွမ်... အဲ့ဒီလို စကားမျိုးတွေ မပြောပါနဲ့။ လူတိုင်းကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေသလိုပဲ။ ကျုပ်တို့တွေက ကူညီချင်လို့ပါ၊ ပြဿနာ မရှာပါနဲ့"
"ရွှီကောင်းမင်... နင်က ဘာကောင်မို့လို့လဲ? နင်က ဒီမှာ ဦးဆောင်နေစရာ လိုလို့လား? မာကျန့်ယီတောင် ရောက်မလာသေးဘူး၊ နင်က အစွမ်းပြချင်နေတာလား? နင့်စိတ်ထဲ ဘာရှိတယ်ဆိုတာ ငါမသိဘူးလို့ မမှတ်နဲ့။ နင် ခါးလေးကိုင်းလိုက်တာနဲ့ နင် ဘာတွေးနေတယ်ဆိုတာ ငါသိတယ်။ နင်က လူကောင်းမဟုတ်ဘူး၊ အာဏာသိမ်းချင်နေတာ။ အဘိုးကြီးမာကို ဖြုတ်ချပြီး နင်ကိုယ်တိုင် တာဝန်ခံ လုပ်ချင်နေတာမလား!"
ရွှီကောင်းမင် : "ခင်များ …ချင်များ…ခင်များ!! ခင်များက တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ မိန်းမပဲ!"
"ဟဲဟဲ... အမှန်တရားကို ပြောလိုက်တော့ အသည်းခိုက်သွားတယ် မဟုတ်လား? နင်က ဘယ်လိုလူစားမျိုးလဲဆိုတာ ငါမသိဘူးလို့ မမှတ်နဲ့။ တခြားလူတွေကို လှည့်စားလို့ရပေမဲ့ ငါ့ကိုတော့ လှည့်စားလို့ မရဘူး!"
အဘွားကြီးဟွမ်မှာ မည်သည့်ယဉ်ကျေးမှုကိုမျှ ဂရုမစိုက်ဘဲ ပြန်လည်အော်ဟစ်လိုက်သည်။
ရွှီကောင်းမင် : "အေးလေ... ထားလိုက်ပါတော့! ခင်များ အဲ့ဒီလို ပြောမှတော့ ကျုပ်လည်း ဂရုမစိုက်တော့ဘူး၊ ကျုပ်မှာ ဂရုစိုက်နိုင်စွမ်းလည်း မရှိတော့ဘူး၊ ဟုတ်ပြီလား? ခင်များရဲ့ မာကျန့်ယီကိုပဲ စောင့်နေလိုက်! ခင်များကတော့ တကယ့်ကို အသိဉာဏ်မရှိတဲ့သူပဲ"
သူသည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီး သူ၏ တုတ်ကောက်ကို အားပြုကာ တစ်လှမ်းချင်း ထွက်ခွာသွားတော့သည်။ သူ၏ ခြေလှမ်းတိုင်းသည် အဘွားကြီးဟွမ်၏ ဦးနှောက်ကို ထိုးနှက်နေသကဲ့သို့ပင် ခံစားရစေတော့သည်။
အဘွားကြီးဟွမ် : "မြန်မြန်လုပ်ကြစမ်းပါ! လာကူကြပါဦး! နင်တို့တွေ ဘယ်လောက်တောင် အသည်းနှလုံးမရှိကြတာလဲ! ငါ့သားက နောင်တစ်ချိန်မှာ ခေါင်းဆောင်ဖြစ်လာမယ့်သူဟဲ့၊ အခု ငါက နင်တို့ ငါတို့အပေါ် မျက်နှာလုပ်လို့ရအောင် အခွင့်အရေးပေးနေတာကို မြန်မြန်လာကြစမ်း!"
ထိုစကားကို ကြားလိုက်ရသောအခါ တရားမျှတမှုကို မြတ်နိုးသူအချို့မှာ ဆက်၍ သည်းမခံနိုင်တော့ချေ။ သူတို့ ကူညီချင်သော်လည်း မကူညီနိုင်တော့၊ မဟုတ်လျှင် ဖားယားသူများဟု အမည်တပ်ခံရပေတော့မည်။ အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း! သူတို့သည် လှည့်ပြန်သွားကြ၏။
ဝမ်တာချွေ့သည်လည်း ထိုလူစုထဲတွင် ပါဝင်လေသည်။
တောက်! ဘယ်သူမှ ဂရုမစိုက်တော့ချေ။
ကောင်းပြီ!
နောက်ထပ် လူအတော်များများလည်း ထွက်ခွာသွားကြပြန်သည်။
ထိုအခြေအနေကို မြင်သောအခါ အဘွားကြီးဟွမ်မှာ ထိတ်လန့်သွားပြီး
"နင်တို့အားလုံး ဘာလို့ ထွက်သွားကြတာလဲ? နင်တို့ ဘာဖြစ်နေကြတာလဲ?! ငါ့သားသာ တစ်ခုခုဖြစ်သွားရင် နင်တို့လို ဆင်းရဲသားလယ်သမားတွေက တာဝန်ယူနိုင်လို့လား? ပြန်လာကြစမ်း၊ အားလုံး ပြန်လာကြ!"
အဘွားကြီးဟွမ် ပို၍ ထကြွလေလေ၊ လူတွေက ပို၍ ဝေးဝေးပြေးလေလေပင်။
"ဟဲဟဲ!"
အဘွားကြီးကျောက် မအောင့်နိုင်ဘဲ ရယ်ချလိုက်မိလေသည်။
အဘွားကြီးဟွမ် : "နင်က ဘာကို ရယ်တာလဲ! ဒါက နင်နဲ့ ဘာဆိုင်လို့လဲ ကျောက်တာ့ရာ?! နင်က ဝမ်းသာနေတာမလား? နင့်သားကတော့ မရှိတော့ဘူးဆိုတော့ ငါ့သားကိုလည်း မရှိစေချင်ဘူး..."
"အား!"
အဘွားကြီးကျောက်သည် ရုတ်တရက် ရှေ့သို့ ပြေးဝင်သွားပြီး အဘွားကြီးဟွမ်၏ ပါးကို ရိုက်ချပစ်လိုက်၏။ အဘွားကြီးများ ရန်ဖြစ်ပြီဆိုလျှင်မူ တစ်ယောက်ကိုတစ်ယောက် လုံးထွေးသတ်ပုဒ်ခြင်း၊ ဆံပင်ဆွဲခြင်း သို့မဟုတ် အနည်းဆုံး ယင်ကိုးပါ အရိုးဖြူလက်သည်းဖြင့် ကုတ်ခြစ်ခြင်းတို့ ဖြစ်တတ်သည်မှာ ထုံးစံပင်။
ပုံမှန်အတိုင်းပင်၊ အလွန်ပင် ပုံမှန်လှပေသည်။
အဘွားကြီးကျောက်သည် အလွန်အမင်း ဒေါသထွက်သွားပြီး အဘွားကြီးဟွမ်အား မဆိုင်းမတွ တုံ့ပြန်ဆဲဆိုလေသည်။
"နင်လို အဘွားကြီးယုတ်၊ ငါ့သားအကြောင်းကို ပြောရက်တယ်ပေါ့လေ? ငါ့သားကို အဲ့ဒီလို ပြောဖို့ နင်က ဘာကောင်မမို့လို့လဲ? နင့်ကိုယ်နင် ပြန်ကြည့်စမ်း! နင် ဘာကောင်လဲဆိုတာ ငါပြလိုက်မယ်! ဒီလိုစကားမျိုး ပြောဖို့ နင့်မှာ အရှက်မရှိဘူးလား? ငါ့သားက မိဘအပေါ် သိတတ်တယ်၊ လိမ္မာတယ်၊ ဉာဏ်ကောင်းပြီး ကြိုးစားတယ်၊ နင့်သားကတော့ အမှိုက်ပဲ၊ ဘာမှအသုံးမကျတဲ့ ရွံစရာကောင်းတဲ့ အမှိုက်အိတ်ကြီးပဲ။ ငါ့သားအကြောင်းကို နင်က ထုတ်ပြောရဲသေးတယ်ပေါ့? နင့်ကို သေအောင် သတ်ပစ်မယ်!"
အဘွားကြီးကျောက်သည် တိုက်ခိုက်လိုစိတ် အပြည့်ဖြင့် တစ်ချက်ပြီးတစ်ချက် ထိုးနှက်နေသည်။
အဘွားကြီးကျောက် အမုန်းဆုံးအရာမှာ သူမ၏သားကို ဆုံးရှုံးရခြင်းပင် ဖြစ်ပေ၏။ သူမ၏သား ကွယ်လွန်သွားသည်မှာ တစ်လပင် မပြည့်သေးချေ၊ မည်သို့လျှင် ဒေါသ မပေါက်ကွဲဘဲ နေနိုင်ပါမည်နည်း။
အဘွားကြီးဟွမ် ပါးစပ်သရမ်းသဖြင့် အဘွားကြီးကျောက်သည်လည်း ညှာတာမနေတော့ပေ။
သူမသည် အဘွားကြီးဟွမ်၏ ဆံပင်ကို ဆွဲကိုင်ကာ အားကုန် ရိုက်နှက်လေသည်။
"ငါ့သားက ဆုံးသွားပြီ! ဒါကို နင်က ထုတ်ပြောရဲသေးတယ်ပေါ့? သူ ဆုံးသွားရင်တောင် သူက ငါ့ရဲ့ သားကောင်းပဲဟဲ့! နင်က ငါ့ရဲ့ အနာဟောင်းကို ရည်ရွယ်ချက်ရှိရှိ လာဆွတယ်ပေါ့! နင့်ကို သေအောင် သတ်မယ်၊ နင်လို လူယုတ်မာ! အသည်းနှလုံးမရှိတဲ့ မိစ္ဆာမ!"
ဖြောင်း! ဖြောင်း! ဖြောင်း!
အဘွားကြီးဟွမ်မှာ အဘွားကြီးကျောက်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး ကျန်းရှင်းဖာ၏ အပေါ်သို့ ပိကျသွား၏။
ကျန်းရှင်းဖှ "အား!"
သူသည် တစ်ကိုယ်လုံး စူးစူးရှရှ နာကျင်သွားရကာ
"ဘယ်... ဘယ်သူက ငါ့အပေါ်မှာ ပိနေတာလဲ?!"
"အား! အား! သားလေး!"
"သူ ပြန်ရှင်လာပြီ!!!"
"မြတ်စွာဘုရား!"
လူတိုင်း ထွက်ပြေးလိုက်ကြသော်လည်း ခြေလှမ်းအနည်းငယ်အတွင်းမှာပင် သတိဝင်လာကြသည်
ပြန်ရှင်လာသည် ဟုတ်စ? ကျန်းရှင်းဖှက သေမှမသေတာ၊ ဘယ်လိုလုပ် ပြန်ရှင်လာရမှာလဲ!
အဘွားကြီးဟွမ် : "နင်တို့ လူယုတ်မာတွေ၊ ငါ့သားကို ကျိန်ဆဲကြတယ်ပေါ့၊ နင်တို့အားလုံး အသေဆိုးနဲ့ သေကြပါစေ၊ နင်တို့..."
"အင့်... ဖယ်ကြပါ၊ ဖယ်ကြစမ်း! ရှေ့က အခုချက်ချင်း ဖယ်ပေးကြ!"
ကျန်းရှင်းဖှ၏ ဒဏ်ရာများမှာ အရှင်းမပျောက်သေးသဖြင့် သူသည် မျက်နှာပျက်ကာ "အား... နာလိုက်တာ" ဟု ညည်းညူနေရှာ၏။
"သားလေး၊ သားလေး ဘာဖြစ်လို့လဲ? ဖယ်စမ်း၊ ဖယ်စမ်း၊ ကျောက်တာ့ရာ... ငါပြောလိုက်မယ်၊ ငါ့သားသာ တစ်ခုခုဖြစ်သွားရင် နင့်အသက်နဲ့ လျော်ရမယ်!"
အဘွားကြီးကျောက် ; "စကားကို လျှောက်မပြောနဲ့၊ နင်က ငါ့ဆီကနေ ငွေညှစ်ချင်တာလား? ငါက နင့်အကွက်တွေကို မသိဘူး မှတ်နေလား။ နင်သာ ငါ့သားသေတဲ့အကြောင်းကို မပြောရင် ငါက နင်နဲ့ ရန်ဖြစ်ပါ့မလား? ပြီးတော့ နင့်သားက ဒီမှာ လဲနေတာပဲ၊ ဘာလို့ ငါ့အပေါ် လာပုံချတာလဲ? ဘာ! အသက်နဲ့ လျော်ရမယ် ဟုတ်လား? လာလေ၊ လာစမ်းပါ၊ ငါ နင့်ကို ကြောက်မယ် ထင်နေလား! တခြားလူတွေက နင့်ရဲ့ ဟန်ဆောင်မှုတွေကို ကြောက်ရင် ကြောက်ကြလိမ့်မယ်၊ ငါကတော့ မကြောက်ဘူး! နင်က ဘာမှမဟုတ်ဘူး!"
"နင်လို အရှက်မရှိတဲ့သူ! နင်ကလည်း လူကောင်းမဟုတ်သလို နင့်သားကလည်း အကောင်းမဟုတ်ဘူး။ သူက အခု ဆေးရုံမှာ ရှိနေရမှာ မဟုတ်ဘူးလား? ပြောစမ်း၊ ပြောစမ်းပါဦး၊ ဒီမှာ သူ ဘာလာလုပ်နေတာလဲ? တစ်ခုခု ကြံစည်နေတာလား? မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာလား? ဆူညံပွက်လောရိုက်ပြီး ဒီအတိုင်း လွတ်သွားမယ် မမှတ်နဲ့။ နင့်သားက ခိုးပြန်လာတာ၊ ဘာတွေ ကြံစည်နေလဲ ဘယ်သူသိမှာလဲ! နင့်မိသားစုတစ်ခုလုံးက လူကောင်းတွေ မဟုတ်ဘူး၊ ဒါကိုတောင် ငါ့ကို လာပြီး ငွေညှစ်ချင်သေးတယ်ပေါ့? စောင့်နေလိုက်စမ်းပါ၊ ငါပြောလိုက်မယ်၊ ငါက ကျောက်တာ့ရာဟဲ့!
အဘွားကြီးကျောက်သည် ခါးထောက်၍ ရပ်နေလေသည်။ သူမ ရန်ဖြစ်လာသည့် သက်တမ်းတစ်လျှောက်တွင် မည်သည့်အခါမျှ ရှုံးနိမ့်ဖူးခြင်း မရှိချေ။ စကားနာထိုးရာတွင်ပင် သူမကို မယှဉ်နိုင်ပါက အခြားကိစ္စများမှာ ပြောနေစရာပင် မလိုတော့ပေ။
ကျောက်တာ့ရာသည်ကား အရှုံးမပေးတတ်သော အမျိုးသမီးပင်တည်း။
"ငါ့ကို လာမပတ်သက်နဲ့၊ ငါ နင့်ကို မကြောက်ဘူး!"
အဘွားကြီးဟွမ်မှာ ဒေါသကြောင့် တဆတ်ဆတ် တုန်ရင်နေပေသည်။
"နင်... နင်... နင်... ကျောက်တာ့ရာ၊ ငါ့သားအပေါ် အပြစ်လာမပုံချနဲ့! သူ ပြန်လာတာ ဘာဆန်းလို့လဲ? ဒါ တို့အိမ်ပဲ၊ သူ ကြိုက်တဲ့အချိန် သူ ပြန်လာမှာပေါ့!"
အဘွားကြီးကျောက် လှောင်ပြုံးပြုံးလိုက်ကာ
"ဟဲဟဲ... ပြန်လာတာက မဆန်းပါဘူး၊ ဒါပေမဲ့ သန်းခေါင်ယံအချိန်ကြီးမှ ပြန်လာတာကတော့ ဆန်းတာပေါ့?"
သူမ ကျန်းရှင်းဖှကို စူးစိုက်ကြည့်လိုက်သည်။ ကျန်းရှင်းဖာသည် တစ်ခုခုကို ကြံစည်နေသည်ဟု သူမ အကြီးအကျယ် သံသယဝင်နေမိ၏။ အဘွားကြီးကျောက် အကြောင်းမရှိ ပြဿနာရှာနေခြင်း မဟုတ်ပေ။ ဤလူသည် သူမ၏ ချွေးမကို မျက်စိကျနေကြောင်း သူမ သိထားပြီး ဖြစ်သဖြင့် ဒင်းမှာ လူကောင်းမဟုတ်သည်မှာ သေချာ၏။
သန်းခေါင်ယံအချိန်ကြီးတွင် ထပ်မံခိုးပြန်လာခြင်းမှာ သူတို့အိမ်ထဲသို့ ခိုးဝင်ရန် သို့မဟုတ် တံခါး၊ ပြတင်းပေါက်များ ပွင့်အလာကို စောင့်ဆိုင်းရန် ကြံစည်နေခြင်းလည်း ဖြစ်နိုင်သည် မဟုတ်လော့။
အဘွားကြီးကျောက်သည် ကျန်းရှင်းဖှကို အထင်အမြင်သေးသော အကြည့်ဖြင့် ကြည့်လိုက်နေလေသည်။
“တော်ပါတော့!"
ကျန်းရှင်းဖှ အော်ဟစ်လိုက်ကာ
“နာတယ်၊ နာလှပြီ! အမေ... ကျွန်တော့်ကို လာထူပါဦး..."
အချင်းချင်း အော်ဟစ်ဆဲဆိုနေကြသည့် စွမ်းအားရှင် အဘွားကြီးများ၏ ကျေးဇူးကြောင့်ပင် ကျန်းရှင်းဖှမှာ သရဲကြောက်စိတ်များ ပြေလျော့သွားရရှာ၏။ သူခမျာ အားအင်ချိနဲ့စွာဖြင့်
"ဆေးရုံမှာက ဆူညံလွန်းလို့ သန်းခေါင်ယံကျမှ ခိုးပြန်လာတာပါ"
သူသည် အခြား မည်သည့်အရာကိုမျှ ထပ်မံရှင်းပြလိုစိတ် မရှိတော့ချေ။ အဘွားကြီးဟွမ်ကို အားပြုမှီတွယ်ရင်း
"ကျွန်တော် ပင်ပန်းနေပြီ၊ အိမ်ထဲကို ကူတွဲပေးပါဦး၊ အနားယူချင်ပြီ"
သရဲကို မကြောက်တော့ပြီဟု ဆိုသော်ငြား အပြင်ဘက်၌ ဆက်လက်ရှိနေရန်မူ သူ အနည်းငယ် စိုးရွံ့နေမိဆဲပင်။
"ရှောင်ကျန်း... ဘာဖြစ်တာလဲ? ဘာလို့ ဒီမှာ လဲနေရတာလဲ?"
"ဟုတ်ပ၊ ခုနက လင်းစန်းရှင်းကတော့ သရဲခြောက်တာဆိုပြီး အော်နေတာပဲ။ တစ်စုံတစ်ယောက်က နင့်ကို ရိုက်နှက်သွားတာလား၊ ဒါမှမဟုတ်..."
"ဟုတ်တယ်၊ တို့ကို အမှန်အတိုင်း ပြောပြစမ်းပါ"
သူတို့သည် ရှေ့ထွက်၍ မကူညီခဲ့ကြသော်လည်း ဤကိစ္စကိုမူ အလွန်ပင် စပ်စုလိုနေကြသည်။
သရဲခြောက်သည်ဆိုခြင်းမှာ သာမန်ကိစ္စ မဟုတ်ပါလား!
ကျန်းရှင်းဖှသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ
"ဘာမှမဟုတ်ပါဘူး၊ လူရိပ်လူယောင် မြင်လိုက်ရတာပါ။ ကျွန်တော် မျက်စိမှားတာ ဖြစ်မှာပါ"
အလကားစကားများသာ!
သူသည် မိန်းမသရဲတစ်ကောင်ကို အထင်အရှား မြင်လိုက်ရခြင်း ဖြစ်သည်။ အဖြူရောင် ဝတ်ဆင်ထားသည့် မိန်းမသရဲအစစ်ပင်!
သို့သော်လည်း သူသည် အလုပ်သမားတစ်ဦး ဖြစ်သည့်အားလျော်စွာ အယူသီးသည်ဟု အတိုင်ခံရမည်ကို စိုးရိမ်သဖြင့် ထိုအကြောင်းကို မဟရဲချေ။
ထို့ကြောင့်ပင် အခိုင်အမာ ငြင်းဆိုလိုက်၏။
"သွားကြစို့၊ ဒီနေ့ လေတိုက်တာ ပြင်းလို့ ခင်ဗျားတို့လည်း အမြင်မှားတာ ဖြစ်ပါလိမ့်မယ်"
"တကယ်လား?"
"ဟုတ်လို့လား? နင် အော်လိုက်သံကို ကြားလိုက်ရသလိုပဲ"
"တကယ်လို့ သရဲခြောက်တာဆိုရင်လည်း အမှန်အတိုင်း ပြောရမယ်လေ၊ ဖုံးကွယ်ထားလို့ မဖြစ်ဘူး။ တို့တွေက အိမ်နီးချင်းကောင်းတွေပဲ၊ အချင်းချင်း တိုင်ပင်ရမှာပေါ့"
"ဟုတ်တာပေါ့"
လူတိုင်းက ဝိုင်းဝန်းမေးမြန်းနေကြသဖြင့် အဘွားကြီးဟွမ်မှာ ဆက်၍ သည်းမခံနိုင်တော့ဘဲ လှောင်ပြုံးပြုံးကာ အော်ဟစ်ဆဲဆိုလိုက်လေသည်။
"အခုကျမှ ငါ့သားကို လာပြီး ဂရုစိုက်ပြနေကြတယ်ပေါ့၊ ခုနကတော့ တစ်ယောက်မှ မကူညီကြဘူးလေ။ အခုမှ လာပြီး ဟန်ဆောင်ကောင်းပြမနေနဲ့။ ငါတို့က နင်တို့ကို ဂရုစိုက်မယ် ထင်နေလား? သွားကြစို့! ငါတို့ကို လာမနှောင့်ယှက်နဲ့တော့။ နင်တို့အားလုံးက ကိုယ်ကျိုးကြည့်တဲ့ လူယုတ်မာတွေချည်းပဲ"
"ဒေါ်ကြီးဟွမ်... အဲ့လိုတော့ မပြောပါနဲ့။ တို့က မကူညီဘူးလို့ မပြောပါဘူး။ အခုလည်း ကျန်းရှင်းဖှက နိုးလာပြီပဲ မဟုတ်လား?"
"ဟုတ်တယ်၊ ခင်များက ဒေါ်လေးကျောက်နဲ့ ရန်ဖြစ်နေလို့သာ ရှောင်ကျန်းကို ဆေးရုံပို့ဖို့ ကြန့်ကြာသွားတာ။ အားလုံးကို ကျုပ်တို့အပေါ် လာပုံချလို့ မရဘူး။ ဦးလေးရွှီကိုတောင် ခင်များ မောင်းထုတ်သွားတာပဲ၊ ဘာလို့ ကျုပ်တို့ကို လာပြီး ပွစိပွစိ လုပ်နေတာလဲ?"
"ဟုတ်တယ်၊ ဒါက လုပ်ထုံးလုပ်နည်း မဟုတ်ဘူး"
"ပြီးတော့ ကြည့်ဦး၊ လူက ဘာမှမဖြစ်ဘဲ ကောင်းကောင်းမွန်မွန်ကြီးပဲကို! တော်သေးတာပေါ့ ဆေးရုံကို မရောက်သွားလို့၊ မဟုတ်ရင် လမ်းခုလတ်မှာ နိုးလာရင် ပြန်လှည့်လာနေရဦးမယ်"
သူတို့၏ ကိုယ့်ကိုယ်ကိုယ် အမှန်လုပ်၍ ပြောဆိုနေပုံကို မြင်သောအခါ အဘွားကြီးဟွမ်မှာ ဒေါသတကြီးဖြင့်
"ထွက်သွားကြ! အားလုံး ငါ့ရှေ့က အခုချက်ချင်း ထွက်သွားကြစမ်း! နင်တို့လို မြေခွေးအိုတွေ ဘယ်လိုလူစားမျိုးလဲဆိုတာ ငါမသိဘူး မမှတ်နဲ့။ ပြီးတော့ နင်... အဘွားကြီးကျောက်၊ နင်လည်း စောင့်နေလိုက်ဦး!"
အဘွားကြီးကျောက်သည်လည်း ခါးထောက်လျက် ဒေါသတကြီး ပြန်လည် တုံ့ပြန်လိုက်သည်။
"စောင့်နေမယ်ဟဲ့! ရဲရင် လာခဲ့လိုက်စမ်း! ငါက ကြောက်မယ် ထင်နေလား! ငါ့ကို လာပြီး ခြိမ်းခြောက်နေသေးတယ်! ငါ ကျောက်တာ့ရာက အလွယ်တကူ ခြောက်လှန့်လို့ရတဲ့သူ မဟုတ်ဘူးဆိုတာ မှတ်ထားလိုက်။ ငါ့ကို ဒုက္ခပေးဖို့ ကြိုးစားကြည့်လေ၊ နင် ဘာတွေ ကြံစည်နေလဲ ငါမသိဘူး ထင်နေလား? နင့်လင်ကြီး အဘိုးကြီးကျန်းက ငါ့အပေါ် စိတ်ဝင်စားနေလို့ နင်က မနာလိုဖြစ်နေတာ မဟုတ်လား! နင် တကယ်ပဲ စွမ်းရင် ထိပ်တိုက်ရင်ဆိုင်လိုက်စမ်းပါ! ငါ မကြောက်ဘူး!"
အဘွားကြီးဟွမ် နှာခေါင်းရှုံ့ကာ
"တောက်! ငါ့လင်က နင့်အပေါ် စိတ်မဝင်စားပါဘူးအေ! ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့! နင်က ဘာကောင်မမို့လို့လဲ! မှန်ထဲမှာ နင့်မျက်နှာကို ပြန်မကြည့်ဘူးလား? ဘယ်သူက နင့်ကို အလိုရှိမှာလဲ!"
"နင့်လင် အဘိုးကြီးကျန်းကသာ ငါ့အပေါ် စိတ်မရှိရင် ဘာလို့ ငါ့နားကို ခဏခဏ လာကပ်နေမှာလဲ? ပြီးတော့ နင်ကရော ဘာလို့ ငါ့ကို ဒီလောက်တောင် မုန်းနေရတာလဲ? ဒါဟာ မနာလိုတာပဲလေ! အခုထိ ဝန်မခံသေးဘူးလား? ငါပြောလိုက်မယ်... အဲ့ဒီ အဘိုးကြီးကျန်း ဆိုတဲ့လူကို နင်ကသာ ရတနာလို သဘောထားချင် ထားလိမ့်မယ်၊ ငါ ကျောက်တာ့ရာ ကတော့ အဲ့ဒီလို အမှိုက်ကို လှည့်တောင် မကြည့်ဘူးအေ! ငါသာ နောက်အိမ်ထောင်ပြုမယ်ဆိုရင် အငြိမ်းစား အရာရှိကြီးတွေကိုပဲ ယူမှာဟဲ့။ ငါ့ရုပ်ရည်နဲ့ ငါ့အလုပ်အကိုင်က အဲ့ဒီအတွက် လုံလောက်ပြီးသား!"
"အမလေး!"
"ဘုရား ဘုရား... ဒီအဘွားကြီးကတော့ တကယ်ကို ရဲတင်းလွန်းတာပဲ"
"မရတော့ဘူး... ငါ ရယ်ရလွန်းလို့ ဗိုက်တောင် နာလာပြီ..."
မှန်းရဲလိုက်တာ အဒေါ်ကြီးရယ်!!!
……
လူတိုင်းမှာ ဆက်၍ နားမထောင်နိုင်တော့ဟု ဆိုကြကုန်၏။ အဘွားကြီးကျောက်သည် ဤမျှသောယုံကြည်မှုများ အဘယ်က ရနေသနည်း။ အဘွားကြီးဟွမ်မှာလည်း သူတော်စင်တစ်ယောက် မဟုတ်ဘဲ အပြောအဆို ခံထိုက်သူဖြစ်သော်ငြား၊ အဘွားကြီးကျောက်...
ခင်များကတော့ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးကို ထင်နေတာပဲ!
အငြိမ်းစား အရာရှိကြီးတွေက မျက်စိကွယ်နေလို့ ခင်များကို ကြိုက်မှာလား!
ခင်များကတော့ တကယ့်ကို အိပ်မက်ယောင်နေတာပဲ!
လူငယ်တွေတောင် ခင်များလို အိပ်မက်မျိုးကို မက်ဝံ့မှာမဟုတ်ဘူး!!
အဘွားကြီးဟွမ် : "တောက်! အရှက်မရှိလိုက်တာ! နင် ဘာကောင်မလဲဆိုတာ နင်ကိုယ်တိုင်ရော သိရဲ့လား?"
အဘွားကြီးကျောက် မေးကိုအနည်းငယ်ပင့်ကာ သူမကို မျက်စောင်းထိုးလျက်
"ဟဲဟဲ... ငါ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ငါကတော့ တိတ်တဆိတ် သဘောကျခံနေရတဲ့ အဘွားကြီးတစ်ယောက်ပဲ။ နင်ကကော ဘာလဲ? အသုံးမကျတဲ့လူလို လျှောက်ဟောင်နေတာပဲ ရှိတာ! ငါ မကြိုက်လို့ ပစ်ထားတဲ့အရာကို နင်က ရတနာလို သဘောထားနေတာလေ"
အဘွားကြီးဟွမ်မှာ ဒေါသကြောင့် တစ်ဆတ်ဆတ် ခုန်နေကာ
"ကောင်းပြီ၊ ကောင်းပြီ... ဒါကို ငါ မှတ်ထားလိုက်မယ်! တိုက်ကြခိုက်ကြတာပေါ့! စောင့်နေလိုက်!"
"နင်လည်း စောင့်နေလိုက်!"
အဘွားကြီးနှစ်ယောက်၏ မျက်လုံးများထဲမှ မီးပွင့်မတတ် စူးစိုက်ကြည့်နေကြပုံမှာ ချက်ချင်းပင် ရန်ပွဲအကြီးအကျယ် ဖြစ်တော့မည့်အတိုင်းပင်။ ဘေးမှ ကြည့်နေကြသူများမှာလည်း သွေးစင်မည် (အချောင်ထိမည်) စိုးသဖြင့် တိတ်တဆိတ်ပင် နောက်သို့ ခြေလှမ်းဆုတ်လိုက်ကြသည်။ သို့သော်လည်း အချိန်အတော်ကြာအောင် အပြန်အလှန် စကားနာထိုးပြီးနောက်တွင်မူ တစ်ယောက်ကိုတစ်ယောက် အေးစက်စက် လှောင်ပြုံးပြုံးလျက်နှင့်ပင် လူစုခွဲလိုက်ကြ၏။ တကယ်တမ်း လက်ပါသည်အထိမူ မဖြစ်ခဲ့ကြချေ။
ဘေးလူများမှာ အနည်းငယ် စိတ်ပျက်သွားကြသည်။
ဘာလို့ မချကြတာလဲ?
အဘွားကြီးဟွမ် : "ဖယ်ကြစမ်း၊ အားလုံး ဖယ်ကြ! သားလေး... လာ၊ အမေ အိမ်ထဲကို တွဲပို့ပေးမယ်"
အဘွားကြီးကျောက် : "ဟွန်း!"
သူမသည် အဘွားကြီးဟွမ်အား အနည်းငယ်မျှပင် ဂရုမစိုက်ချေ။ လက်နှစ်ဖက်ကို အင်္ကျီအိတ်ထဲ ထည့်ကာ ခေါင်းကိုမော့လျက် ရှေ့မှ ထွက်ခွါသွားတော့၏။ သူမသည် အောင်နိုင်သူတစ်ဦးကဲ့သို့ အိမ်သို့ ပြန်လာခဲ့၏။ အနည်းဆုံးတော့ သူမ အပြောမခံခဲ့ရပေ။
အဘွားကြီးဟွမ်မှာမူ သားဖြစ်သူကို တွဲ၍ အိမ်ပြန်လာရင်း ဒေါသတကြီး ရေရွတ်နေမိသည်။
"အဲ့ဒီ မိန်းမကြီး ကျောက်... သူ စောင့်နေလိုက်၊ တစ်နေ့ကျရင် သူ့ကို သေအောင် သတ်ပစ်မယ်! ငါ့ရှေ့မှာ ဘာလို့ ဒီလောက်တောင် ဝင့်ကြွားနေရတာလဲ! နင့်အဖေကိုတောင် ခိုးယူဖို့ ကြံစည်နေသေးတယ်၊ သူကတော့..."
"တော်စမ်း!"
အဘိုးကြီးကျန်းမှာ အဘွားကြီးဟွမ်ကို စူးစိုက်ကြည့်ကာ
"ပါးစပ်ပိတ်စမ်း! သူက ငါ့ကို သဘောကျနေရုံနဲ့ ငါကလည်း သူ့ကို ပြန်ကြိုက်ရမယ်လို့ ဆိုလိုတာလား? ငါ့ကို အဲ့ဒီလောက်တောင် အဆင့်မရှိဘူးလို့ ထင်နေတာလား?"
သူသည် အိမ်ထဲမှ ထွက်မလာခဲ့သော်လည်း ပုံမှန်ဆိုလျှင် အပြင်၌ ဘာဖြစ်နေသည်ကို သွားကြည့်တတ်သူ ဖြစ်သည်။ ယနေ့တွင်မူ ဤဦးနှောက်မရှိသော အဘွားကြီးဟွမ်ကြောင့် သူ တကယ့်ကို ဒေါသထွက်နေရ၏။ သူသည် မိမိကိုယ်ကိုယ် အိမ်ထောင်ဦးစီး၊ အာဏာရှိသူတစ်ဦးအဖြစ် အမြဲခံယူထားသော်လည်း ယခုမူ သူ အမြဲအထင်သေးခဲ့သော အဘွားကြီးတစ်ယောက်၏ အပြောအဆိုကို ခံလိုက်ရသည်။ သူ မည်သို့ သည်းခံနိုင်ပါမည်နည်း။ သဘာဝအတိုင်းပင် သူ၏ စိတ်အခြေအနေမှာ အလွန်ပင် ဆိုးရွားနေ၏။
သူမ၏ ဖရိုဖရဲဖြစ်နေသော ပုံစံနှင့် ဆူညံပွက်လောရိုက်နေမှုကို မြင်သောအခါ သူ နှာခေါင်းရှုံ့လိုက်ကာ
"နင် အမှိုက်လိုပဲခံလိုက်ရတာ မဟုတ်လား? ငါ့ကို လာပြီး လှည့်စားဝံ့အောင် နင် အဆော်ခံရတာ နည်းသေးတယ် ထင်တယ်"
သူသည် သတင်းစာစက္ကူကိစ္စကို ယခုတိုင် အငြိုးအတေး ထားနေဆဲပင်။
အဘွားကြီးဟွမ်မှာ အရှက်ရသွားသဖြင့် လေသံလေးဖြင့် "ကျွန်မ... ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး..."
"နင် တမင်လုပ်တာ"
အဘိုးကြီးကျန်းမှာ ဤကိစ္စကြောင့် သားဖြစ်သူကိုပင် ဂရုမစိုက်နိုင်တော့ချေ။
ကျန်းရှင်းဖှ : "ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ?"
သူ မျက်မှောင်ကြုတ်ကာ
"ရန်ဖြစ်ချင်ရင် မနက်ဖြန်မှ ဖြစ်ကြစမ်းပါ။ ကျွန်တော် ပင်ပန်းနေပြီ။ တကယ်ပဲ... ခင်ဗျားတို့ ဘာတွေ လုပ်နိုင်ကြလို့လဲ? ကျွန်တော် ဒဏ်ရာရနေတာကိုတောင် ကောင်းကောင်းမွန်မွန် မပြုစုကြဘူး၊ ရန်ပဲ ဖြစ်နေကြတယ်။ အမေ... အမေက အဲ့ဒီ အဘွားကြီးကျောက်ကိုတောင် မယှဉ်နိုင်ဘူးပဲ။ အမေ ဘာလုပ်တတ်လို့လဲ?"
သူသည် မိခင်ဖြစ်သူကို တကယ်ပင် အထင်သေးမိသည်။ သူမ၌ မည်သည့်စွမ်းဆောင်ရည်မျှ မရှိဘဲ သူ့ကို အရှက်ခွဲရန်သာ သိ၏။ တကယ့်ကို စိတ်ပျက်ဖို့ကောင်းလှသည်။
အဘွားကြီးဟွမ်မှာ အပြောခံရသဖြင့် အရှက်ရသွားသော်လည်း
"သား ခုမှ ပြန်ရောက်တာဆိုတော့ နေလို့မကောင်းလို့လား? လာ... အမေ တွဲပေးမယ်၊ အနားယူလိုက်ဦး။ သားက ဒဏ်ရာရထားတာဆိုတော့ ကောင်းကောင်း အနားယူဖို့ လိုတယ်။ မနက်ဖြန်ကျမှ ဒါတွေကို ပြောကြတာပေါ့။ သား ပင်ပင်ပန်းပန်း မလုပ်ပါနဲ့ဦး၊ သားက မျိုးဆက်ပြန့်ပွားအောင် လုပ်ရဦးမှာလေ။ သမီးတစ်ယောက်တည်းနဲ့တော့ မလုံလောက်ဘူး"
"အဲ့ဒါ သိရင် ပြီးတာပဲ"
"မနက်ဖြန်ကျရင် ကျွန်တော့်အတွက် ဝက်ကျောက်ကပ် အချို့ ဝယ်ခဲ့ဦး၊ အားရှိအောင်လို့"
အဘွားကြီးဟွမ်မှာလည်း အလိုလိုက် အကြိုက်ဆောင်ကာ နှစ်သိမ့်လိုက်၏။
"အေးပါ... အမေ မနက်ဖြန် ဝယ်ခဲ့ပါ့မယ်"
အဘွားကြီးဟွမ်၏ ခြိုးခြံချွေတာတတ်သော အလေ့အထကြောင့် အထင်မှား၍မရပေ၊ သူမသည် သားဖြစ်သူအပေါ်၌မူ အလွန်ပင် ကောင်းရှာသူဖြစ်ပေသည်။ သူမကိုယ်တိုင်မှာမူ မစားမသောက် နေနိုင်သော်ငြား ထိုသားအဖနှစ်ယောက် ဒုက္ခရောက်မည်ကိုမူ လုံးဝမကြည့်ရက်ချေ။ လင်မယားကွာရှင်းပြတ်စဲပြီးသည့်တိုင်အောင် သူမသည် အဘိုးကြီးကျန်းအပေါ် သစ္စာရှိနေဆဲပင် ဖြစ်၏။
သူတို့၏ ဆယ်စုနှစ်နှင့်ချီသော သံယောဇဉ်မှာ အဆိုးကြီးတော့ မဟုတ်လှပေ။
အဘိုးကြီးကျန်းသည်လည်း သူမကို ချစ်နေဆဲဖြစ်ကြောင်းနှင့် ယခုတိုင် အိမ်ထောင်ပြန်မပြုဘဲ နေနေခြင်းမှာ သူမ၏ သစ္စာတရားကို စမ်းသပ်နေခြင်းသာ ဖြစ်သည်ဟု သူမက အခိုင်အမာ ယုံကြည်ထားလေသည်။
မှန်ပါသည်၊ ထိုသို့သာ ဖြစ်ရပေမည်။
နှစ်ရှည်လများ ပေါင်းသင်းလာသည့် အိုကြီးအိုမ လင်မယားများအကြား သံယောဇဉ်ဆိုသည်မှာ အဘယ်မှာလျှင် ပျောက်ကွယ်သွားပါမည်နည်း။
"ရှင်... ခဏနေရင် ကျွန်မ ရှင့်အတွက် အားရှိမယ့်အရာတွေ ပြင်ပေးပါ့မယ်"
အဘိုးကြီးကျန်းမှာမူ ထိုဦးနှောက်မရှိသော မိန်းမကို ဂရုမစိုက်ဘဲ နှာခေါင်းရှုံ့လိုက်ရင်း သားဖြစ်သူကိုသာ မေးမြန်းလိုက်၏။
"မင်း ဘာလို့ ဒီလောက်တောင် နောက်ကျမှ ပြန်လာရတာလဲ?"
ကျန်းရှင်းဖှမှာ စကားများထစ်လျက်
"ဒါတွေကို မပြောပါနဲ့တော့၊ ကျွန်တော် တကယ့်ကို ကံဆိုးမိုးမှောင်ကျလာလို့ပါ၊ ကျွန်တော်..."
တစ်မိသားစုလုံးမှာ ပင်ပန်းနွမ်းနယ်နေကြသော်လည်း အိပ်ချင်စိတ်မရှိကြဘဲ စကားစမြည် ပြောဆိုနေကြသည်။
ထိုနည်းတူပင် ထိုညက ဖြစ်ရပ်တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သော်လည်း အားလုံးမှာ ရုတ်ခြည်းပင် ပြီးဆုံးသွားကြရသည်။ ဤသည်မှာလည်း ချင်းမင်ပွဲရက် အချိန်အခါဖြစ်သဖြင့် လူများမှာ ဆူညံပွက်လောရိုက်ချင်ကြသော်လည်း အပြင်ဘက်၌ အချိန်အကြာကြီး မနေရဲကြသောကြောင့် ဖြစ်၏။
သို့သော်လည်း မိသားစုတိုင်း၌ ကိုယ်စီအတွေးများ ရှိနေကြသည်။ မာကျန့်ယီသည်ကား ဒုတိယလှိုင်းအဖြစ် ပေါ်ပေါက်လာသော ပြဿနာများကို ရှောင်ရှားနိုင်ခဲ့သည့်အတွက် ကျေနပ်နေမိ၏။
လူတိုင်းမှာ အိမ်ရာဝန်းရှိ "တာဝန်ခံ စီမံခန့်ခွဲသူ" ရာထူးကို မက်မောနေကြသော်လည်း သူကိုယ်တိုင်ကမူ ထိုရာထူးကို မလိုချင်တော့ချေ။ ထိုကဲ့သို့ သေးနုပ်သော ရာထူးကို သူ ဂရုမစိုက်ပေ။ အကျိုးအမြတ်လည်းမရှိဘဲ အလုပ်သာ လုပ်နေရသဖြင့် သူ တကယ်ပင် ငြီးငွေ့လှပြီ ဖြစ်သည်။
ပိုင်ဖုန်းရှန်းမှာမူ အိပ်ရာထဲ၌ ဟိုဘက်ဒီဘက် လူးလှိမ့်ရင်း
"အဘိုးကြီးမာ... ဒီနေ့ ရှင်လုပ်တာ မှားသွားပြီလို့ ငါထင်တယ်"
မာကျန့်ယီ : "ဘာဖြစ်လို့လဲ?"
ပိုင်ဖုန်းရှန်းက အမြန်ထထိုင်
လိုက်ပြီး
"ရှင်က ဘာလို့ အပြင်ထွက်ပြီး အလုပ်တွေကို ဦးမဆောင်ရတာလဲ? ရှင်းက ဒီဝင်းရဲ့ တာဝန်ခံလေ၊ တကယ်လို့ တစ်စုံတစ်ယောက်က ရှင်ြရာထူးကို လာလုသွားရင် အကြီးအကျယ် နစ်နာသွားလိမ့်မယ်! ရှင်က ခေါင်းဆောင်တစ်ယောက်ပဲ၊ ကျွန်မအထင်တော့ ရှင်က ဒီထက်ပိုပြီး တက်တက်ကြွကြွ ရှိသင့်တယ်"
မာကျန့်ယီ ချက်ချင်း တုံ့ပြန်ခြင်းမရှိဘဲ သူမစကားဆုံးမှသာ
"ငါ့ကို အစားထိုးမယ့်သူ ရှိရင်တောင် ငါက ဝမ်းသာဦးမှာ။ ငါက ခေါင်းဆောင်တစ်ယောက်၊ ထောက်ပံ့ပို့ဆောင်ရေး ဌာနခွဲရဲ့ ဒုတိယညွှန်ကြားရေးမှူးပဲ၊ ငါက ပုံမှန်ဆိုရင် အတော်လေး အလုပ်များတယ်။ ဒီဝင်းရဲ့တာဝန်ခံရာထူးလေးအတွက်နဲ့ ငါက ဘာလို့ ဒီလောက် ပင်ပင်ပန်းပန်း လုပ်နေရမှာလဲ? ပြန်ရမယ့် အကျိုးအမြတ်ကကော ဘာရှိလို့လဲ? ရပ်ကွက်ရုံးက ချီးကျူးစကား အနည်းငယ်လောက်ပဲ ရမှာလေ။ တစ်ခုခုဖြစ်ရင် ငါပဲ အပြစ်အပြောခံရပြီး ဝေဖန်ခံရဦးမယ်။ ငါက ဘာကို လိုချင်နေရမှာလဲ? ဘာအကျိုးမှ မရှိဘူး။ တစ်ခုခုဖြစ်တိုင်းလည်း ငါပဲ ဖြေရှင်းနေရတယ်။ နေ့တိုင်း အသေးအဖွဲ ကိစ္စတွေချည်းပဲ၊ မကုန်နိုင်မခမ်းနိုင်ဘူး။ ဒီဝင်းထဲက လူတွေကလည်း အရှက်မရှိကြဘူး၊ အမြဲ ပြဿနာရှာနေကြတာ၊ အမှုအခင်းတွေကလည်း အမြဲတမ်းပဲ။ ဒီလိုရာထူးမျိုးကို ငါ လုံးဝ မလိုချင်တော့ဘူး"
"ဒါပေမဲ့ ဒါက ကျွန်မတို့အိမ်ရာလေ၊ ကျွန်မတို့အိမ်ရာထဲမှာ လူအတော်များများ ရှိတာပဲ၊ သူတို့အားလုံးက ရှင့်ရဲ့ လက်အောက်ငယ်သားတွေ..."
"လက်အောက်ငယ်သား ဟုတ်စ! မင်း ရူးနေတာလား? လူတွေက မင့် စကားကို နားထောင်မယ် ထင်နေသလား? လက်အောက်ငယ်သားတဲ့! ငါ့ဖင်ကြီးပဲ!! ငါပြောလိုက်မယ် ပိုင်ဖုန်းရှန်း... ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်မနေစမ်းနဲ့။ ဒီအိမ်ရာက ကိစ္စတွေမှာ ငါတို့မိသားစုက တတ်နိုင်သမျှ ရှောင်နိုင်ရင် အကောင်းဆုံးပဲ၊ မဟုတ်ရင် ဒုက္ခက ကိုယ့်ဆီပဲ ရောက်လာပြီး အပြစ်ပဲ အပြောခံရလိမ့်မယ်။ မင့်မှာ အချိန်ပိုရှိနေရင် အဲ့ဒီ တတိယသားနဲ့ မုဆိုးမကို ခွဲဖို့ပဲ ကြိုးစားစမ်းပါ။ အဲ့ဒီမိန်းမက ငါတို့သားကို အသုံးချဖို့ပဲ ကြံနေတာ၊ ငါတို့ရဲ့ တတိယသားက သူမနဲ့ လမ်းခွဲကို ခွဲရမယ်။ ပြီးတော့ စတုတ္ထလေးကိုလည်း စောင့်ကြည့်ဦး။ သူ့ရဲ့ အစ်ကိုကြီး၊ အစ်မကြီး သုံးယောက်ဆီက မကောင်းတာတွေ အတုမယူမိပါစေနဲ့။ ငါ မာကျန့်ယီက တစ်သက်လုံး အသိဉာဏ်ရှိရှိ နေထိုင်လာခဲ့ပေမဲ့ ဒီလို အသုံးမကျတဲ့ ကလေးတစ်အုပ်ကို ပြုစုပျိုးထောင်မိပါပေါ့လား။ မင်းမှာ အိမ်ရာထဲက ကိစ္စတွေကို စိတ်ပူဖို့ အချိန်ရှိနေရင် ကိုယ့်ကလေးတွေအကြောင်းကိုပဲ စိတ်ပူစမ်းပါ"
ပိုင်ဖုန်းရှန်းမှာ ပခုံးလေးများ ကျသွားပြီးတိုးတိုးလေး ဆိုရှာသည်။
"အေးပါ... ကျွန်မသိပါပြီ"
"သားကြီးနဲ့ သမီးလတ်ဆီကရော စာလာသေးလား?"
မားကျန့်ယီ ထပ်မံမေးမြန်းပြန်သည်။
ပိုင်ဖုန်းရှန်း သက်ပြင်းချလျက်
"မလာဘူး"
"အဲ့ဒီ တိရစ္ဆာန်လေးတွေ!"
မာကျန့်ယီ ကြိမ်းမောင်းဆဲလိုက်လေ၏။
ပိုင်ဖုန်းရှန်းမှာမူ စကားတစ်ခွန်းမျှ မဟရဲတော့ချေ။ သူတို့၏ ကလေးများအကြောင်း ပြောမိသည့်အခါတိုင်း မာကျန့်ယီသည် ပုံမှန်ကဲ့သို့ တည်ငြိမ်အေးဆေးသူ မဟုတ်တော့သဖြင့် သူမသည် ကလေးများဘက်မှ ရပ်တည်၍ စကားမပြောရဲတော့ပေ။ အိမ်တွင်းရှိ လေထုမှာ အတော်ပင် လေးလံသွားရတော့သတည်း။
အလားတူပင် ရှေ့ဘက်ဝိုင်းရှိ လီချန်ရွှမ်း၏ အိမ်တွင်း၌လည်း လေထုမှာ လေးလံဆိုင်းနေလေသည်။ လင်းစန်းရှင်းခမျာ "ကျွန်မ သရဲမြင်ခဲ့တာပါ၊ တကယ်မြင်ခဲ့တာ... ရှင် ကျွန်မကို ယုံပေးရမယ်" ဟု တဖွဖွ ပြောနေမိ၏။
လီချန်ရွှမ်း : "အေးပါ၊ အေးပါ... ငါသိတယ်၊ ပါးစပ်ပိတ်ထားစမ်းပါ! တကယ်ပဲ စိတ်ပျက်ဖို့ကောင်းလိုက်တာ။ အပြင်ထွက်မကြည့်ပါနဲ့လို့ ငါပြောသားပဲ၊ မင်းက ဇွတ်ထွက်ကြည့်တာလေ။ အခုတော့ ကြောက်နေပြီ မဟုတ်လား? မင်းကလည်း စပ်စုလွန်းတယ်၊ အားနေလို့လား? ဝင်းထဲက တခြားမိန်းမတွေရဲ့ အကျင့်တွေကို လိုက်မတုစမ်းပါနဲ့။ မင်းက ကြာလေလေ ရောက်တတ်ရာရာ ဆဲတတ်တဲ့ မိန်းမယုတ်နဲ့ တူလာလေလေပဲ။ မင်းကပညာတတ်တစ်ယောက်လေ၊ အဲ့ဒီ အဘွားကြီးတွေလို ဖြစ်လို့ မရဘူး"
သူ အလေးအနက် ပုံစံဖြင့် ဆက်၍ ပြောလိုက်၏။
"နင်က ကျောက်ရုံတို့လို မိန်းမမျိုးနဲ့ ပေါင်းရမှာ။ သူက အထက်တန်းကျတယ်၊ သိမ်မွေ့တယ်၊ ယဉ်ကျေးပြီး အဆင့်အတန်းရှိတယ်။ မင်းကတော့ ဒေါ်ကြီးဟွမ်၊ ဒေါ်လေးကျောက်၊ ဒေါ်ကြီးရှီ တို့လို အဘွားကြီးတွေကိုပဲ လိုက်တုနေတော့ ပိုပိုပြီး အောက်တန်းကျလာတာပဲ။ ငါ နင့်ကို စတွေ့တုန်းက..."
"မင်းက အဲ့ဒီလို မဟုတ်ပါဘူး။ စန်းရှင်းအာ... မင်း အဲ့ဒီလို ဖြစ်လို့မရဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဘယ်လောက်တောင် ပြောင်းလဲသွားသလဲ ပြန်ကြည့်ဦး"
လင်းစန်းရှင်းမှာ မှင်တက်သွားပြီး
"ဒီနှစ်တွေထဲမှာ ကျွန်မက အဲ့လောက်တောင် ပုံပျက်ပန်းပျက် ဖြစ်သွားလို့လား?"
လီချန်ရွှမ်း သက်ပြင်းချလိုက်သော်လည်း လင်စန်းရှင်း၏ လက်ကို ပြန်လည်ဆုပ်ကိုင်ရင်း
"မင်း ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ ချစ်နေမှာပါ၊ ဒါပေမဲ့ မင်းက မင်းရဲ့ ပင်ကိုယ်ပုံစံ ပျောက်သွားမှာကို ငါ မလိုလားတာ"
လင်စန်းရှင်းက နှုတ်ခမ်းကိုကိုက်လျက် ခေါင်းညိတ်ပြကာ
"ကျွန်မ သိပါပြီ"
လီလင်းလင်းသည် ထိုဇနီးမောင်နှံ၏ စကားသံများကို အိမ်ခန်းငယ်လေးအတွင်းမှ အတိုင်းသား ကြားနေရသည်။ သူတို့အိမ်မှာ သိပ်မကျယ်လှဘဲ လီလင်းလင်း၏ အခန်းမှာလည်း အခန်းစစ်စစ်မဟုတ်ဘဲ သီးသန့် ကန့်လန့်ကာကာထားသော အခန်းကျဉ်းလေးသာ ဖြစ်၏။ သူတို့အိမ်မှာ ရှေ့ဘက်ဝိုင်း၌ ရှိပြီး ချန်ချင်းယွီ၏ အိမ်မှာ ဒုတိယဝင်း၌ ရှိသော်လည်း အခန်းဖွဲ့စည်းပုံမှာမူ အတူတူပင် ဖြစ်သည်။
အမှန်စင်စစ် ၎င်းမှာ အခန်းကြီးတစ်ခန်းတည်း ဖြစ်သော်လည်း အပြင်ဘက်၌ ထမင်းချက်ရန်နှင့် အတွင်းဘက်၌ အိပ်ခန်းအဖြစ် နံရံခြားထားခြင်း ဖြစ်၏။ သူတို့အိမ်မှာလည်း မူလက ထိုသို့ပင် ဖြစ်သော်လည်း လီလင်းလင်းမှာ အရွယ်ရောက်လာပြီ ဖြစ်သဖြင့် မိဘများနှင့် တစ်ခုတည်းသော အုတ်ကုတင်ပေါ်တွင် အတူအိပ်ရန် မသင့်တော့ချေ။ ထို့ကြောင့် သူတို့အိမ်ကို အခန်းငယ်လေး တစ်ခန်းထပ်မံကန့်လိုက်ရခြင်း ဖြစ်သော်လည်း အသံလုံခြင်းမရှိလှပေ။
တစ်ခါတစ်ရံ၌ လီလင်းလင်းသည် အပြင်ဘက်မှ စကားသံများကို ကြားနေရတတ်သည်။
ယခုလည်း သူမ အကုန်ကြားနေရသဖြင့် ဖခင်ဖြစ်သူ၏ စကားများမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားနေရ၏။ သူမသည် တစ်ဦးတည်းသောသမီး ဖြစ်သော်လည်း စိတ်ထဲ၌ တစ်စုံတစ်ခု လိုအပ်နေသကဲ့သို့ ခံစားနေရဆဲပင်။ သူမနှင့် ရွယ်တူမိန်းကလေးဖြစ်သော ယွမ်ရှောင်ချွေပင်လျှင် သူမအား အော်ဟစ် အနိုင်ကျင့်နေသည်။ သူမသည် မိဘများ ကြီးပွားချမ်းသာလာပြီး သူမကိုယ်တိုင်လည်း ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ရန် ပြင်းပြစွာ ဆန္ဒရှိနေမိ၏။
လီလင်းလင်းသည်ကား စိတ်ကူးယဉ်မှုနှင့် လက်တွေ့အကြား ဝေခွဲမရဖြစ်နေသူပင်။
သူမသည် တစ်ဦးတည်းသောသမီး ဖြစ်သည့်အတွက် ကျေးလက်သို့ သွားရောက်လုပ်ကိုင်ရန် မလိုခြင်းကြောင့် ဂုဏ်ယူဝင့်ကြွားနေသော်လည်း တစ်ဖက်တွင်မူ မိသားစု၌ သားယောက်ျားလေးမရှိခြင်းကြောင့် တစ်ခုခု ဆုံးရှုံးနေသကဲ့သို့လည်း ခံစားနေရပြန်သည်။
"မင်းကို ကျောက်ရုံလောက် မစွမ်းဆောင်နိုင်ရင်တောင် အဲ့ဒီ ဆဲတတ်ဆိုတတ်တဲ့ မိန်းမတွေလိုတော့ မဖြစ်စေချင်ဘူး"
လီချန်ရွှမ်းက သက်ပြင်းချရင်း ဆက်ပြောလိုက်ကာ
"ကျောက်ရုံက တကယ့်ကို မိန်းမကောင်းပဲ၊ မိခင်စိတ် အပြည့်ရှိတယ်။ အခုတလော သူ့သမီးအတွက် အလုပ်ရဖို့ တကုတ်ကုတ် ကြိုးစားနေတာ ပင်ပန်းလို့ သေတော့မယ့်အတိုင်းပဲ။ ဒါပေမဲ့ ကြည့်ဦး... သူက အရှုံးမပေးဘူးလေ။ တို့ဝိုင်းထဲမှာ သူ့ထက်သာတဲ့သူ မရှိဘူး"
လင်စန်းရှင်းသည် သူမ၏ခင်ပွန်းက အခြားမိန်းမတစ်ဦးကို ချီးမွမ်းနေသည်ကို မနာလိုဖြစ်မနေဘဲ ခေါင်းညိတ်လျက်
"မမကျောက်က တကယ်ကို တော်တာပါ၊ ကျွန်မကတော့ သူ့ကို မမီပါဘူး။ ကျွန်မတို့ လင်းလင်းလေးကသာ သူ့ဆီက ပညာလေးတွေ အနည်းအကျဉ်း ရခဲ့ရင် နောင်တစ်ချိန်မှာ ဒုက္ခရောက်မှာ မဟုတ်တော့ဘူး။ ဒီဝင်းထဲမှာ လူပေါင်းစုံရှိနေတာ၊ ကျွန်မတို့သမီးက အကောင်းတွေကိုပဲ သင်ယူနိုင်ပါစေလို့ ဆုတောင်းရမှာပဲ"
သူမ သက်ပြင်းချကာ ဆက်၍
"ကျွန်မတို့သမီးက ချန်ချင်းယွီလိုတော့ မဖြစ်စေချင်ဘူး။ အဲ့ဒီမိန်းမငယ်လေးက တကယ့်ကို ဦးနှောက်မရှိတာ၊ ဘာဆိုဘာမှ နားမလည်ဘူး၊ ပျော့ညံ့ပြီး အသုံးမကျဘူး၊ ကိုယ့်အလုပ်ကိုယ်တောင် မစီမံတတ်ဘူး၊ ကိုယ်ပိုင်အတွေးအခေါ်လည်း မရှိဘူး၊ တကယ့်ကို အလကားလူပဲ။ ကျွန်မ လင်းလင်းကို ပြောထားတယ်၊ ဘယ်သူ့ဆီကပဲ ပညာယူယူ၊ သူ့ဆီကတော့ အတုမယူပါနဲ့လို့။ ပြီးတော့ အချစ်နောက်ကိုပဲ တစ်နေကုန် ရူးရူးမူးမူး လိုက်မနေနဲ့၊ ဒါက မဖြစ်သင့်ဘူး။ အိမ်ထောင်ပြုတော့မယ်ဆိုရင် အားကိုးထိုက်တဲ့ ယောက်ျားမျိုးကို ရှာရမယ်။ အခုက ကျွန်မတို့ခေတ်ကလို မဟုတ်တော့ဘူး၊ အချစ်တစ်ခုတည်းကိုပဲ ကြည့်လို့မရဘူး၊ ဂုဏ်ဒြပ်နဲ့ အခြေအနေကိုလည်း ကြည့်ရမယ်"
"ဟုတ်တာပေါ့"
လီချန်ရွှမ်း ထောက်ခံလိုက်ကာ
"မင်းက လင်းလင်းကို တကယ်ပဲ ပျော်ရွှင်စေချင်ရင်တော့ အမြန်ဆုံး ကိုယ်ဝန်ဆောင်ပြီး သားတစ်ယောက် မွေးပေးရမယ်။ ငါတို့မှာ သားမရှိရင် ငါတို့အိုမင်းတဲ့အခါ ဘယ်သူက စောင့်ရှောက်မှာလဲ? ငါတို့မျိုးရိုးကရော ပြတ်မသွားပေဘူးလား? သားတစ်ယောက်ရှိရင် လင်းလင်းအတွက်လည်း နောင်တစ်ချိန်မှာ အားကိုးရာ ရလာမှာလေ။ သူ လက်ထပ်မယ့် အိမ်မှာ အားကိုးရာမရှိရင် သူ့ဘဝက ကောင်းမှာမဟုတ်ဘူး။ ဟိုမိန်းမကို ကြည့်ဦးလေ... လင်းကျန့်ဝမ်ရဲ့ ဇနီးကို ကြည့်၊ သူ့မိဘအိမ်က သူ့ကို အားမပေးနိုင်လို့ မဟုတ်လား? ဒါကြောင့် ယောက္ခမက သူ့ကို အနိုင်ကျင့်ရဲတာပေါ့! တကယ်လို့ သူကသာ အင်အားရှိတဲ့ မိသားစုကဆိုရင် ယောက္ခမက ဒီလို လုပ်ရဲပါ့မလား? မိန်းကလေးတစ်ယောက်အတွက် နောက်ကနေ အင်အားပေးမယ့် မောင်နှမသားချင်းဆိုတာ မရှိလို့ မရဘူး"
လင်းစန်းရှင်း ; "ရှင် ပြောတာ မှန်ပါတယ် ယောက်ျားရယ်"
"ဒါကြောင့် တို့က သားတစ်ယောက်တော့ မွေးရဦးမယ်..."
မကြာမီမှာပင် အခန်းတွင်းမှ အဝတ်အစားများ ပွတ်တိုက်သံများ ထွက်ပေါ်လာတော့သည်…
လီလင်းလင်းသည် မျက်နှာလေး နီမြန်းသွားကာ နားကို အမြန်ပိတ်လိုက်ပြီး စောင်ထဲသို့ ကျုံ့ကျုံ့လေး ဝင်ပုန်းနေလိုက်မိ၏။
ရာသီဥတု မသာယာသော်လည်း လူများမှာမူ အနားမယူနိုင်ကြချေ။ အခြားမိသားစုများ၏ အတင်းအဖျင်းများဖြင့် ဆူညံနေသည့်ကြားမှ ချန်ချင်းယွီ၏ မိသားစုမှာမူ အတော်ပင် နှစ်ခြိုက်စွာ အိပ်မောကျခဲ့ကြသည်။ အဘယ်ကြောင့် နှစ်ခြိုက်စွာ မအိပ်နိုင်ဘဲ ရှိပါမည်နည်း။ အဘွားကြီးကျောက်မှာမူ မနေ့ညက ရန်ပွဲ၌ အကြီးအကျယ် အောင်ပွဲခံလိုက်ရသည်ဟု ခံစားနေရပြီး စိတ်ချမ်းသာလျှင် အိပ်ပျော်သည်မှာ သဘာဝပင် ဖြစ်၏။
မနေ့ညက လူတိုင်း နောက်ကျမှ အိပ်ရာဝင်ခဲ့ကြသော်လည်း အဘွားကျောက်မှာမူ ယနေ့နံနက်တွင် ပုံမှန်အတိုင်း စောစောထကာ အလုပ်သွားရန် ပြင်ဆင်နေတော့သည်။ သူမ၏ ပုံစံမှာ အတော်ပင် တက်ကြွနေ၏။
အခြားအကြောင်းကြောင့် မဟုတ်ပေ၊ ဝင်းထဲမှ စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်များကို အခြားသူများအား ပြန်လည်ဖောက်သည်ချကာ သူတို့၏ အမြင်ကျယ်စေရန်… အဟမ်း!တကယ်ဤမျှသာ ဖြစ်သည်။
‘သူမက တကယ်အတင်းအဖျင်း ပြောတတ်သူ မဟုတ်ပါဘူးနော်! လောကကြီးအကြောင်း သိပ်မသိသေးသူတွေကို ဗဟုသုတတိုးပွါးစေချင်ရုံသက်သက် စေတနာလေးနဲ့ပါ…လူဆိုတာ အတွေ့အကြုံ များများရှိသင့်တယ် မဟုတ်လား…’
ကြည့်ပါဦး ငါ ကျောက်တာ့ရာ ဘယ်လောက် စိတ်ကောင်းရှိလဲဆိုတာ!
သူမသည် ထိုမျှပင် စိတ်ရင်းစေတနာ ကောင်းသူဖြစ်သည်။
အဘွားကျောက်သည် အလွန်ပင် လောနေပြီး လီချန်ရွှမ်းထက် ဦးအောင် သွားနေခြင်းမှာလည်း အကြောင်းရှိ၏။ သူမသည် ဝင်းထဲမှ သတင်းများကို ပထမဆုံး ဖြန့်ဝေသူ ဖြစ်ချင်သောကြောင့်ပင်။ အဘွားကျောက်သည် သူမ၏ လုပ်ငန်းခွင်ဝတ်စုံကို သေသေချာချာ ပြင်ဆင်ဝတ်ဆင်ကာ အိမ်ပြင်သို့ ထွက်လာခဲ့သည်။ နံနက်စောစော ရေတိုင်ကီနားတွင် မျက်နှာသစ်နေကြသူများမှာ သူမ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ အိပ်ချင်မူးတူးဖြင့် အံ့အားသင့်နေကြသော်လည်း မကြာမီမှာပင် အားကျစွာဖြင့် သက်ပြင်းချလိုက်ကြ၏။
"ဒေါ်လေးကျောက်က အလုပ်စဝင်ကတည်းက တကယ့်ကို တက်ကြွနေတာပဲ! အမြဲတမ်း အားအင်တွေ ပြည့်နေတာပဲ"
အရာရာကိုတွန့်တို့၍ အလွန်အပျင်းထူသော အဘွားကြီကျောက်ကဲ့သို့ အဘွားကြီးတစ်ယောက်သည် အလုပ်တက်ချိန် မှန်ကန်ပြီး ခွင့်မပျက်သူတစ်ဦး ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ လူသည် အသက်ရှည်ရှည်နေလျှင် ထူးထူးဆန်းဆန်းများမြင်ရတတ်သည်ဆိုသော စကားမှာ အမှန်ပင်။ ဤသည်မှာ တကယ်ပင် နားမလည်နိုင်စရာပင်။
သို့သော်လည်း အလုပ်စဝင်မှစ၍ အဘွားကြီးကျောက်သည် တစ်ခါမျှ နောက်မကျဖူးသည့်အပြင် အခြားသူများထက် တစ်နာရီခန့်ပင် ကြိုရောက်နေတတ်သေးသည်။ သူမသည် အမြဲတမ်း စိတ်ဓာတ်တက်ကြွနေပြီး အားအင်ပြည့်ဝနေသည်မှာ တကယ်ပင် ထူးဆန်းလှ၏။
"သူက မနေ့ညက တစ်ညလုံး သတင်းစောင့်ကြည့်နေတာ မဟုတ်ဘူးလား? ဘာလို့ အားဆေးသောက်ထားတဲ့အတိုင်း ဖြစ်နေရတာလဲ? တောက်... သူက အဘွားကြီးလား၊ ငါက အဘွားကြီးလား?"
ရွှီမိသားစု၏ တတိယသားက မိမိကိုယ်ကိုယ် သံသယဝင်စွာ မေးလိုက်သည်။ သူ၏ ကြောက်ကြောက်လန့်လန့် ဖြစ်နေသော ပုံစံကို ကြည့်ကာ လူတိုင်းက "မင်းကတော့ အဲ့ဒီအဘွားကြီးလောက် အားမရှိတာ အမှန်ပဲ" ဟု စိတ်ထဲမှ မှတ်ချက်ချလိုက်ကြ၏။
အဘွားကြီးကျောက်မှာမူ အမြဲတမ်း အားအင်ပြည့်ဝနေသော အဘွားကြီးတစ်ဦးပင်!
"အဲ့ဒီမိန်းမကြီးကလည်း လူကောင်းတော့ မဟုတ်ဘူး"
ရှီကျန့်ရှန်း တိုးတိုးလေး ရေရွတ်လိုက်သည်။ သူမသည် အဘွားကြီးကျောက်ကို အထင်သေးသော်လည်း စိတ်ထဲတွင်မူ အကြီးအကျယ် မနာလိုဖြစ်နေမိသည်။ နှစ်ယောက်စလုံး အဘွားကြီးခြင်း တူသော်လည်း အဘွားကြီးကျောက်မှာ အလုပ်လုပ်နေရပြီး ပင်စင်လစာ ရတော့မည်မဟုတ်လော့။
စက်ရုံတွင်ရှိသော အလုပ်ဆိုလျှင်မူ သူတို့ မနာလိုဖြစ်ကြမည်မဟုတ်ပေ… ယင်းမှာ အလွန်ပင် ပင်ပန်းလှ၏။ သို့သော် ယခုမှာ စက်ရုံမဟုတ်ချေ။ ထမင်းချက်ဆောင် အလုပ်မှာ သိပ်မပင်ပန်းသည့်အပြင် ထမင်းနှစ်နပ်ပင် အလကား စားခွင့်ရသေးသည်။
ဘယ်လောက်တောင် ကောင်းလိုက်သလဲ?
တကယ်တမ်းဆိုလျှင် ထမင်းချက်ဆောင်က အမြဲတမ်း အလကားကျွေးရန် အစီအစဉ်မရှိသော်လည်း ထမင်းချက်သည့်နေရာဖြစ်၍ အကြွင်းအကျန် ဟင်းပနုထမင်းပိုများ ပေါများလှသည်ဖြစ်ရာ အလကားစားခွင့်ကို အလိုလိုရကြသည်သာ။
‘ဟင်းခပ်ရင်း ဖိတ်စင်သွားတာပဲဖြစ်ဖြစ်၊ အကြွင်းအကျန်တွေရှိတာပဲဖြစ်ဖြစ်၊ လေလွင့်မှုမရှိအောင် သူတို့ စားလိုက်ရပဲ မဟုတ်ဘူးလား!’
ထို့ကြောင့် အဘွားကြီးကျောက်တို့မှာ အလကား စားနိုင်ကြသော်လည်း အခြားသူများမှာမူ မနာလိုဝန်တိုစိတ်ဖြင့်သာ ကြည့်နေကြရလေသည်။
အဘွားကြီးကျောက် အစားအကြွင်းအကျန်များကို အိမ်သို့ ပြန်မယူလာသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်လျှင် ဝင်းထဲမှ တစ်စုံတစ်ယောက်သည် မနာလိုစိတ်ဖြင့် သူမကို အတိုင်အတော လုပ်ကြမည်မှာ သေချာ၏။
မနာလိုမှုသက်သက်သာ ဖြစ်ပြီး
သူမ လူချစ်လူခင် ပေါခြင်း၊ မပေါခြင်းနှင့် မသက်ဆိုင်ချေ။
အဘွားကြီးကျောက်သည် ဤကိစ္စတွင် အတော်ပင် အသိဉာဏ်ရှိပြီး အိမ်သို့ စားကြွင်းစားကျန်များ တစ်ခါမျှ ယူမလာခဲ့ပေ။ သို့သော်လည်း သူမသည် ထမင်းချက်ဆောင်တွင် လူသစ်ဖြစ်သည့်အားလျော်စွာ စားကြွင်းစားကျန် ဝေစုကိုလည်း မရရှိခဲ့ချေ။ ထိုဝေစုများကို ထမင်းချက်ခေါင်းဆောင်များကသာ ခွဲဝေယူကြခြင်း ဖြစ်သည်။
လီချန်ရွှမ်းနှင့် သူမကဲ့သို့သော မီးဖိုချောင် အကူများမှာမူ ထိုအခွင့်အရေး မရရှိကြဘဲ အားကျနေရရုံသာ ရှိသည်။
ထိုအရာမှာ ထမင်းချက်ခေါင်းဆောင်များအတွက်သာ သီးသန့်အခွင့်အရေး ဖြစ်၏။
အဘွားကြီးကျောက်သည် ခေါင်းကိုမော့ကာ ဝင့်ကြွားစွာ အလုပ်သွားလေသည်။ လီချန်ရွှမ်းမှာမူ ခြေကုန်လက်ပန်းကျနေသော ပုံစံဖြင့် အဘွားကြီးကျောက်နှင့် အတော်ပင် ကွာခြားလှ၏။ သူ အလုပ်သို့ အချိန်မီရောက်လာသောအခါ အဘွားကြီးကျောက်က သူ့ကို စိတ်ထဲမှ "ခြေပျော့ပုစွန်" ဟု နာမည်ပေးလိုက်တော့သည်။
မျက်ကွင်းညိုကာ ခြေထောက်များ ခိုင်ခံ့မှုမရှိသော ယောကျ်ားတစ်ယောက်ကို "ခြေပျော့ပုစွန်" ဟု မခေါ်လျှင် အဘယ်သို့ ခေါ်ရပါမည်နည်း။
ထမင်းချက်ဆောင်မှ အခြားအမျိုးသမီးကြီးများကလည်း ထိုတင်စားချက်မှာ အလွန်ပင် ထိရောက်သည်ဟု တွေးနေကြကုန်၏။
လီချန်ရွှမ်း "..."
ခင်များတို့ ခြေထောက်တွေပဲပျော့ သေလိုက်စမ်းပါ!
ကျောက်တာ့ရာ... ခင်များကြီးကတော့ တကယ့်ကို အရှက်မရှိတဲ့ အဘွားကြီးပဲ!
အဘွားကြီးကျောက်ကမူ ဘာကိုမျှ မကြောက်ချေ။
အဘွားကြီးကျောက်သည် လူအများ၏ အငြိုးအတေးကို ခံရသည့်လမ်းပေါ်တွင် အတော်ပင် ခရီးရောက်နေပြီ ဖြစ်သော်လည်း လူအတော်များများမှာမူ သူမကို ထိပ်တိုက်ရင်ဆိုင်ရန် သို့မဟုတ် လက်တုံ့ပြန်ရန် မဝံ့ရဲကြချေ။ အဘယ်ကြောင့်ဆိုသော် ဤအဘွားကြီးမှာ အလွန်ပင် ထင်ပေါ်ကျော်ကြားလွန်းပြီး လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသဖြင့် သူမကို တစ်ခုခုလုပ်လျှင် အခြားသူများ သိသွားရန် အလွန်လွယ်ကူသောကြောင့် ဖြစ်သည်။
ထို့ကြောင့် အဘွားကျောက်သည် စိတ်ပျက်ဖို့ကောင်းသော်လည်း မည်သူမျှ သူမကို တစ်ခုခု မလုပ်ဝံ့ကြချေ။
ထို့အပြင် အဘွားကြီးကျောက်သည် ထမင်းချက်ဆောင်၌ ထူးခြားသော အဆင့်အတန်းတစ်ခု ရှိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အတင်းအဖျင်း သတင်းအတော်များများကို သိရှိထားသောကြောင့်ပင်။
မည်သည့်အချိန်တွင်မဆို သတင်းအချက်အလက် စုံလင်သောသူမှာ လူကြိုက်များတတ်စမြဲ ဖြစ်ပြီး ငြီးငွေ့ဖွယ်ကောင်းသော နေ့စဉ်ဘဝကို အရောင်အသွေး အနည်းငယ် ဖြည့်ဆည်းပေးနိုင်သည် မဟုတ်ပါလား။
အဘွားကြီးကျောက်မှာ အလုပ်စောစောသွားရသော်လည်း ချန်ချင်းယွီတို့သားအမိမှာမူ အေးအေးလူလူပင် ရှိကြသည်။ ထို့ကြောင့် နေ့စဉ်နေ့တိုင်း သူတို့အိပ်ရာထချိန်တွင် အလုပ်သွား၊ ကျောင်းသွားမည့်သူအများစုမှာ ထွက်ခွာသွားကြပြီ ဖြစ်၏။ ယခုလည်း ချန်ချင်းယွီသည် ရေတိုင်ကီတွင် မျက်နှာသစ်၊ သွားတိုက်နေပြီး မည်သူနှင့်မျှ လုရက်နေစရာ မလိုတော့ချေ။
နံနက်စောစောစီးစီးတွင် အဒေါ်ကြီးမေ့က ချန်ချင်းယွီကို ကြည့်ကာ လှမ်းပြော၏။
"ညည်းကတော့ တော်တော်နောက်ကျမှ ထတာပဲ။ နေ့လယ်စာတောင် စားလို့ရနေပြီ"
ချန်ချင်းယွီအနေဖြင့် အဒေါ်ကြီးမေ့မှာ အတင်းအဖျင်းပြောရသည်ကို ဝါသနာပါသူမှန်း သိထားသည်။ သူမ၏ မိသားစုမှာ ဝင်းထဲ၌ သာမန်နေထိုင်သူများသာ ဖြစ်သော်လည်း ထူးခြားချက်မှာ သူမ၏ ပါးစပ်သရမ်းမှုပင် ဖြစ်၏။ ဝင်းထဲတွင် သူမ မသိသောကိစ္စဟူ၍ မရှိသလို၊ သူမ မပြောဘဲလည်း မနေနိုင်ချေ။
ချန်ချင်းယွီက ရှက်ပြုံးလေး ပြုံးပြရင်း တုံ့ပြန်လိုက်၏။
"ဒါက တကယ်တော့ ကျွန်မ ယောက္ခမရဲ့ အလိုကျပါပဲ"
"ဟေ?"
အဒေါ်ကြီးမေ့မှာ မှင်တက်သွားရသည်။
အဘွားကြီးကျောက်က ဘာကို ဆိုလိုတာလဲ? သူမ နားမလည်နိုင်ချေ။
ချန်ချင်းယွီတစ်ယောက် လေသံအေးအေးလေးဖြင့် ရှင်းပြလိုက်၏။
"ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က ကြီးထွားနှုန်း ကောင်းရမယ့် အရွယ်တွေလေ။ ဒါကြောင့် ကျွန်မယောက္ခမက ကလေးတွေကို အိပ်ချိန်ပိုရစေချင်လို့ သူတို့ကို ချော့ပြီး သိပ်ထားခိုင်းတာပါ။ မဟုတ်ရင် မနက်ခင်း လူတွေ အလုပ်သွား၊ ကျောင်းသွားနဲ့ ဆူညံနေတော့ ကလေးတွေက အသံကြားတာနဲ့ နိုးကုန်မှာလေ။ ကျွန်မက သူတို့ကို အသာအယာပွတ်ပြီး ချော့သိပ်ထားရင် သူတို့ ပိုအိပ်လို့ရတာပေါ့။ အခုဆိုရင် ကလေးတွေနိုးမှပဲ ကျွန်မလည်း သူတို့နဲ့အတူ ထတော့တယ်။ ကျွန်မယောက္ခမက ရှောင်ကျားနဲ့ ရှောင်ယွမ်အပေါ် တကယ်ကို ကောင်းရှာပါတယ်။ ကလေးတွေ အိပ်ရေးဝဝအိပ်မှ ကောင်းကောင်းကြီးထွားမယ်၊ အစားကောင်းကောင်းစားမှ ကျန်းမာမယ်လို့ သူက မျှော်လင့်နေတာပါ"
အဒေါ်ကြီးမေ့ : "သူက အဲ့ဒီလောက်တောင် စိတ်ကောင်းရှိသွားတာလား...?"
သို့သော် သူမ ပြန်တွေးကြည့်မိသည်မှာ…
"ဟုတ်လည်း ဟုတ်နိုင်တာပဲ။ လင်းကျန့်ဝမ်လည်း မရှိတော့ဘူး၊ ရှောင်ကျားက ကျန့်ဝမ်ရဲ့ သားလေ။ အရင်က သူ ကလေးတွေကို မကြည်ဖြူခဲ့တာက သူ့သား ရှိနေသေးလို့ပေါ့။ အခုတော့ သူ့သားလည်း မရှိတော့ဘူးဆိုတော့ သူ့မြေးကပဲ ဒီအိမ်ရဲ့ မျိုးဆက် မဟုတ်လား"
အဘွားကြီးကျောက်၏ သဘောထား ပြောင်းလဲသွားခြင်းမှာ အလွန်ပင် သဘာဝကျလှပေသည်!
"ညည်းယောက္ခမကတော့ တကယ့်ကို ပါးနပ်တဲ့ မိန်းမကြီးပဲ။ အရင်ကတော့ ကလေးတွေကို ကောင်းကောင်းဆက်ဆံတာ တစ်ခါမှ မတွေ့ဖူးပါဘူး"
ချန်ချင်းယွီ ထိုစကားကို ပြန်မတုံ့ပြန်ဘဲ အသာအယာပြုံးကာ ပလုတ်ကျင်းလိုက်သည်။
"ဟေ့... ညည်းယောက္ခမက အခု ကလေးတွေကို အစားကောင်းကောင်း ကျွေးဖို့ရော ခွင့်ပြုရဲ့လား?"
အဒေါ်ကြီးမေ့က ဆက်လက်စပ်စုပြန်သည်။ သူမသည် အိမ်နီးချင်းတစ်ယောက်ဆီမှ တစ်ယောက်ဆီသို့ သတင်းမေးမြန်းကာ အပြန်အလှန် ဖလှယ်ရသည်ကို သတင်းစီးဆင်းမှု ကောင်းမွန်စေရန် လုပ်ဆောင်ခြင်းဟု မှတ်ယူထားသူ ဖြစ်၏။
ချန်ချင်းယွီ : "ကျွန်မကတော့ ငွေကုန်ကြေးကျခံဖို့ အသင့်ပါပဲ။ ကလေးတွေက အာဟာရ လိုအပ်တာကိုး"
ချန်ချင်းယွီက အလွန်ပင် ရိုးသားစွာ ပြောနေသဖြင့် အဒေါ်ကြီးမေ့မှာ အမြန်ဆိုလိုက်၏။
"အဲ့ဒီ အဘွားကြီးက လူကောင်းမဟုတ်ဘူး။ ညည်းက အမေတစ်ယောက်အနေနဲ့ သတိထားရမယ်။ ကလေးကို သူ့ဘက်ပါသွားအောင် အလုပ်မခံနဲ့ဦး။ သူ ကလေးအပေါ် ပုံမှန် ဘယ်လိုဆက်ဆံတတ်လဲဆိုတာ ညည်း သိထားသင့်တယ်"
ချန်ချင်းယွီ : "ကျွန်မယောက္ခမက တကယ်တော့ အဆင်ပြေပါတယ်။ အရင်က သူ တစ်ခုခုကို နားမလည်ခဲ့လို့ပါ၊ အခုတော့ သူ အားလုံးကို သဘောပေါက်သွားပါပြီ။ ဒေါ်လေးတို့ အားလုံးက သူ့ကို အထင်လွဲနေကြတာ။ သူက ပါးစပ်ကသာ ဆိုးတာပါ၊ စိတ်ကတော့ မဆိုးပါဘူး"
ချန်ချင်းယွီ မျက်နှာသစ်ရင်း ဆက်ပြောနေလေသည်။
"ကျွန်မရဲ့ ကိုကိုကျန့်ဝမ်က ဘယ်လိုလူစားလဲဆိုတာ ဒေါ်လေးတို့ သိကြတာပဲ။ သူက အရမ်းကောင်းတဲ့ လူတစ်ယောက်လေ။ ကျွန်မယောက္ခမကလည်း တကယ်တော့ လူဆိုးမဟုတ်ပါဘူး။ အရင်က သူ ကလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ရတာ တကယ့်ကို ပင်ပန်းခဲ့တာလေ၊ ဒါကြောင့် သူက မာကျောသယောင် ဟန်ဆောင်ခဲ့ရတာပါ။ အမှန်တော့ သူက တကယ့်ကို စိတ်ပျော့ပြီး ကြင်နာတတ်တဲ့သူပါ"
ချန်ချင်းယွီသည် စိတ်ထဲမှ ရွံရှာမှုကို အောင့်အီးထားရင်း ပါးစပ်မှ ပေါက်ကရများလျှောက်ပြောနေကာ သူမကိုယ်သူမ တကယ်ကို လူကောင်းတစ်ယောက်ဟု ခံစားနေရသည်။ သူမသည်သာ တကယ့်လူကောင်းဖြစ်ပြီး အဘွားကြီးကျောက်၏ အပြစ်များကို "ဆေးကြောပေးနေခြင်း" သာ ဖြစ်၏။
သို့သော်လည်း ချန်ချင်းယွီ၏ ဤဇာတ်လမ်းက သူမကိုယ်သူမသာမက အဒေါ်ကြီးမေ့ကိုပါ လှည့်စားနိုင်ခြင်း မရှိချေ။ အဒေါ်ကြီးမေ့၏ မျက်နှာတွင် ဖော်ပြရခက်သော ရွံရှာဖွယ်အမူအရာတစ်ခု ပေါ်လာသည်။
သူမ တကယ်ပင် သည်းမခံနိုင်တော့!
ဒါကို ဘယ်သူက ယုံမှာလဲ?
သူတို့က အိမ်နီးချင်းဖြစ်လာတာ ဘယ်လောက်တောင် ကြာပြီလဲ။
ဒီအဘွားကြီးက ဘယ်လိုလူစားမျိုးလဲဆိုတာ သူတို့ မသိဘဲ နေပါ့မလား!
သောက်ကျိုးနည်း! ခွေးသွားပြောတောင်မယုံဘူး!
"အင်း... ညည်းမှာလည်း ကိုယ်ပိုင် အသိဉာဏ်ရှိသင့်တာပေါ့"
အဒေါ်ကြီးမေ့ ဘာပြောရမှန်းမသိဘဲ ဆိုလိုက်သည်။ သူမ စိတ်ထဲတွင်မူ ချန်ချင်းယွီမှာ တကယ့်ကို အူအလွန်းသည့် အ,အမလေး တစ်ယောက်ဟုသာ ထင်နေမိ၏။
‘လင်းကျန့်ဝမ် လူတွေကို စည်းရုံးရာမှာ ဘယ်လောက်တောင် တော်သလဲဆိုတာ သူမ အရင်က သတိမထားမိခဲ့ဘူး!.’
‘ကြည့်စမ်း... ချန်ချင်းယွီကိုတောင် ဘယ်လို လှည့်စားထားသလဲဆိုတာ’
ချန်ချင်းယွီ ပြုံးလိုက်ပြီး မသိမသာ မေးလိုက်၏။
"မဒေါ်ကြီးမေ... အစ်မကြီးဖန်တို့ မိသားစု အလုပ်ရှာနေတာ ဘယ်လိုရှိလဲ? အလုပ်ရုံမှာ လူအင်အား လိုနေတာလား? သူတို့ ဝင်လို့ရပါ့မလား?"
အဒေါ်ကြီးမေ့ နှာခေါင်းရှုံ့ကာ
"သတင်းမကြားသေးပါဘူး။ မရနိုင်ဘူးလို့ပဲ ထင်တယ်။ တကယ်လို့ ဝင်လို့ရရင် အစ်မကြီးဖန်က အခုလောက်ဆို ကြွားလုံးထုတ်နေလောက်ပြီ။ အထဲဝင်ဖို့က မလွယ်ဘူးအေ။ ဒီဘက်ခေတ်မှာ ယာယီအလုပ်တောင် ရှာရခက်တာ။ ရှေ့ဝိုင်းက လီလင်းလင်းကို ကြည့်ဦးလေ၊ ရပ်ကွက်ရုံးကို ဘယ်နှစ်ခါတောင် သွားမေးပြီးပြီလဲ? အလုပ်အသေးအဖွဲလေးတွေပဲ ရတာ။ အခုဆိုရင် တချို့နေရာတွေမှာ ယာယီအလုပ်အတွက်တောင် အထက်တန်းအောင်ဖို့ လိုတယ်လို့ ကြားတယ်။ ဒါတောင်မှ ဘယ်သူမဆို လုပ်လို့ရတာ မဟုတ်ဘူး"
ချန်ချင်းယွီ : "ဒါပေမဲ့ ဂဟေဆော်တဲ့ အလုပ်ရုံမှာ လူလိုနေတယ်လို့ ကြားမိသလိုပဲ?"
"ဘယ်သူသိမှာလဲ? ငါ့ယောကျ်ားက သာမန်အလုပ်သမားပဲလေ၊ သတင်းသိပ်မစုံဘူး။ တို့ဝင်းထဲမှာ သတင်းအစုံဆုံးက မားကျန့်ယီနဲ့ ယွမ်ဟောင်မင်တို့ပဲ။ မားကျန့်ယီရဲ့မိသားစုမှာက ကျေးလက်သွားရမယ့် အရွယ်တွေ မရှိတော့ သူတို့က ဂရုမစိုက်ဘူး။ ကျောက်ရုံကျတော့ သူ့ကလေးတွေက ကျေးလက်သွားရတော့မှာလေ၊ သူက ဘာလို့ သတင်းကို အပြင်ပေးပါ့မလဲ?"
ချန်ချင်းယွီ : "သူတို့က ဂဟေအလုပ်ရုံ ညွှန်ကြားရေးမှူးနဲ့ ရင်းနှီးတယ်လို့ ကြားတယ်? သူတို့ သွားမမေးကြဘူးလား? ဒါမှမဟုတ် ဦးလေးရွှီကို ကူညီခိုင်းတာမျိုးရော? ဦးလေးရွှီက သူတို့နဲ့ ရင်းနှီးတယ်မလား? သူ စကားပြောပေးရင် ရလောက်မှာပေါ့?"
အဒေါ်ကြီးမေ့က နှုတ်ခမ်းကို စေ့လိုက်ပြီး အစ်မကြီးဖန်တို့အိမ်ဘက်ကို မသိမသာ ကြည့်ကာ အသံတိုးတိုးဖြင့်
"ညည်းက သူတို့ ကြွားတာတွေကို နားထောင်နေတာလား။ အစ်မကြီးဖန်တို့မှာ ဘာအဆက်အသွယ်မှ မရှိပါဘူး၊ အကုန်လုံးက စကားအဖြစ် ပြောနေကြတာ"
အဒေါ်ကြီးမေ့ ဆက်ပြောပြန်ကာ
"အို... မဟုတ်သေးဘူး၊ ငါလည်း သွားပြီး စပ်စုကြည့်ရဦးမယ်။ တကယ်လို့ ယာယီအလုပ်လေးပဲဖြစ်ဖြစ် ရနိုင်မယ့်လမ်းရှိရင် ဘာပဲဖြစ်ဖြစ် ကောင်းတာပေါ့။ ငါ့ရဲ့ တတိယသားက နောက်နှစ်နှစ်ဆို ကျောင်းပြီးပြီ။ အလုပ်ကြိုရရင် သူ ကျောင်းထွက်လို့ရပြီလေ။ ဒါက တစ်သက်မှာ တစ်ခါရမယ့် အခွင့်အရေးပဲ"
အဒေါ်ကြီးမေ့ လက်ကို အမြန်သုတ်ကာ အပြင်သို့ ပြေးထွက်သွားတော့သည်။
ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်၏။ သူမ သတင်းအတိအကျ မရသေးသော်လည်း အလောတကြီး မရှိပေ!
သူမ လှည့်၍ အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ အိမ်ထဲသို့ အဝင်တွင် အဘွားကြီးဟွမ်က ကျန်းရှင်းဖှကို တွဲ၍ အပြင်ထွက်လာသည်နှင့် ဆုံလေသည်။ ကျန်းရှင်းဖှသည် ချန်ချင်းယွီကို မြင်လိုက်သည်နှင့် မျက်လုံးများ အရောင်တောက်သွားကာ သူမကို ငမ်းငမ်းတက် ကြည့်နေလေတော့သည်...
ချန်ချင်းယွီ - "တောက်! ငါ့လက်သီးတွေ ပြန်ပြီး ယားလာပြန်ပြီ!"