အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
၃၇။ မိသားစုအရေး
ချန်ချင်းယွီ၏ပုံစံမှာ လူများကို အထင်မှားစေလွန်းသည်။
ကျန်းရှင်းဖှတစ်ယောက် ဤမျှအထိ ရိုက်နှက်ထုထောင်း ခံထားရသည့်တိုင် ချန်ချင်းယွီအား တစ်စက်ကလေးမျှ သံသယမဝင်ကာ တက်မက်သောအကြည့်များဖြင့် ခိုးကြည့်နေဆဲပင်။ ချန်ချင်းယွီမှာ အနှီကျန်းရှင်းဖှသည် အရိုက်ခံသည်ကိုပင် အမှတ်မရှိသေးဟု တွေးမိသွား၏။ သို့တိုင် ကိစ္စမရှိလှပေ! သူမ သူ့အားနောက်တစ်ကြိမ် ထပ်ရိုက်ပေးလိုက်မည်။
ဤသို့သောလူမျိုးအား ရိုက်နှာက်ဆုံးမခြင်းမှာ မိုးကောင်းကင်အစား တရားစီရင်ပေးနေခြင်းတည်းသာ။
ကျန်းရှင်းဖှတစ်ယောက် သူအရိုက်ခံရသည့်ကိစ္စမှာ မိမိနှင့်ဆက်စပ်သည်ဟု သံသယဝင်မည်ကိုလည်း ချန်ချင်းယွီ မစိုးရိမ်ပေ။ သံသယဝင်လျှင် သာ၍ပင်ကောင်းလှ၏။ သူမကဲ့သို့ နုနုနယ်နယ် မိန်းကလေးမှာ သူ့အားရိုက်နှက်နိုင်မည်ဟု မည်သူထင်မည်နည်း။ အဘွားကြီးကျောက် အိမ်တွင်ရှိနေသည့် သက်သေပြနိုင်သကဲ့သို့ သူမသည်လည်း အိမ်တွင်သာရှိကြောင်း သက်သေရှိနေရာ သူမတို့သမီးယောက္ခနှင့် လားလားမျှမဆိုင်ဟု ငြင်းလျှင် လူတကာယုံမည်သာ။ ဆိုရလျှင် လက်သည်မပေါ်ဘဲ ဆက်တိုက်ရိုက်ခံနေရသော ကျန်းရှင်းဖှသည်သာ ကြောက်လန့်တကြား ကျီးလန့်စာစား ဖြစ်နေရပေမည်။
သူမ စိတ်ငြိမ်အောင်ထားလိုက်ပြီး ကျန်းရှင်းဖှ ဒဏ်ရာသက်သာလာသည်နှင့် ဆေးရုံဗီအိုင်ဗီနေရာကို သက်တမ်းတိုးပေးရန် (ထပ်ရိုက်ရန်) ဆုံးဖြတ်လိုက်၏။ ချန်ချင်းယွီ ခပ်သာသာလေး ပြုံးလိုက်ပြီး ကြက်ဥများပြုတ်နေကာ သကြားပန်ကိတ်များကို ပြန်နွှေးလိုက်သည်။
တစ်ယောက်ကို ကြက်ဥတစ်လုံး…
ချန်ချင်းယွီတစ်ယောက် တစ်နေ့တွင် ကြက်ဥကိုပင် စေ့စေ့စပ်စပ် တွက်ချက်ကာ စားသောက်နေရလိမ့်မည်ဟု စိတ်ပင်မကူးခဲ့မိချေ။
သို့သော် မိမိစိတ်အထင်ကြောင့်လော့ မပြောတတ်ပေ၊ ယနေ့ခေတ်၏ ကြက်ဥများမှာ ပိုအရသာရှိသည်ဟု ခံစားမိ၏။ ချန်ချင်းယွီ မနက်စာစားပြီးသည်နှင့် ခြံဝန်းထဲရှိ အတင်းအဖျင်းအုပ်စုထဲသို့ သွားရောက်ပါဝင်ရန် ဆုံးဖြတ်လိုက်သည်။ အလုပ်မရှိသော အိမ်ရှင်မများအားလုံးမှာ ထိုနေရာတွင်စုပြီး သေးသေးဖွဲဖွဲ အလုပ်လေးများလုပ်ကာ စကားစုပြောနေကြခြင်းတည်း။
ယင်းမှာ ယနေ့ခေတ် အိမ်ရှင်မများ၏ ဘဝအခြေအနေပင်။
ယခင်တွင် ချန်ချင်းယွီ ဝင်မပါခဲ့သော်ငြား လက်ရှိအနေအထားအရ ဝင်မပါ၍ မရတော့ပေ။ သူမသည် ပန်းအိုးများကို အိမ်ရှေ့ဝန်းသို့ သယ်သွားလိုက်ပြီး ဟင်းသီးဟင်းရွက် စိုက်နည်းနှင့်ပက်သက်သည့် နည်းနာများကို ထိုအိမ်ရှင်မများအား မေးမြန်းရန် ပြင်ဆင်လိုက်သည်။ ထိုအုပ်စုထဲတွင် နည်းသိသူများရှိနိုင်ပြီး၊ သူမ ကိုယ်တိုင်သည်ကား နကန်းတစ်လုံးမျှ မသိသောကြောင့်တည်း။
“အိုး.. ကျန့်ဝမ်မိန်းမ..အဲ အဲ ရှောင်ချန်ပါလား ဒါက ဘာလုပ်မလို့လဲ”
ချန်ချင်းယွီ : “ပန်းအိုးထဲမှာ ဟင်းရွက်လေးတွေ နည်းနည်းစိုက်မလို့ပါ၊ ဒါပေမဲ့ ကျွန်မ တစ်ခါမှ မလုပ်ဖူးလို့ အဒေါ်တို့ကို မေးကြည့်မလို့လေ။”
“တကယ် စိုက်မလို့လား၊ ဒီပန်းအိုးတွေက ဈေးမနည်းလောက်ဘူးနော်? ညည်းယောက္ခမကကော သဘောတူရဲ့လား? အဲဒီ မိန်းမကြီးက ဘယ်တုန်းက ဒီလောက် စကားပြောရ လွယ်သွားတာလဲ။”
ချန်ချင်းယွီ : “အမေ သဘောတူပါတယ်၊ ပန်းအိုးဝယ်တာ ပိုက်ဆံကုန်တယ်ဆိုပေမဲ့ ဒီပစ္စည်းက မကွဲမချင်း တစ်သက်လုံး သုံးလို့ရတာပဲလေ။ ကြက်သွန်မြိတ်တို့ နံနံပင်တို့ စိုက်ထားရင် ပိုက်ဆံလည်း သက်သာတာပေါ့။”
“ရှောင်ချန်၊ ဒီမြေကြီးက မကောင်းဘူး၊ မြေဆီလွှာ ကောင်းကောင်းလေး ရှာတာ ပိုကောင်းမယ်၊ မြေနက်ဆိုရင် အကောင်းဆုံးပဲ။ ပန်းစိုက်စိုက်၊ ဟင်းရွက်စိုက်စိုက် မြေနက်က ပိုပြီး မြေဩဇာ ထက်သန်တယ်။”
ချန်ချင်းယွီ : “အာ... ဟုတ်ကဲ့၊ ဟုတ်ကဲ့။”
သူမ ထပ်မေးလိုက်ကာ
“ဒါဆို ကျွန်မတို့ အနားမှာ မြေနက် ရှိသလားဟင်?”
“ဒီနားမှာတော့ မရှိဘူး ထင်တယ်၊ ဟိုး မြစ်နားက တောအုပ်ဆီ သွားကြည့်လေ၊ အဲဒီက မြေက ပိုကောင်းတယ်။ အထူးသဖြင့် ဆောင်းဦးနဲ့ ဆောင်းရာသီ ကျော်ဖြတ်ပြီး သစ်ရွက်ခြောက်တွေ ဆွေးနေတဲ့ မြေက မြေနက်မဟုတ်ရင်တောင် တကယ့်ကို မြေဩဇာ ကောင်းတယ်။”
ချန်ချင်းယွီ: “သိပါပြီ၊ ကျေးဇူးတင်ပါတယ် ဒေါ်လေး။”
“ရှောင်ချန်၊ ညည်း တစ်ခါမှ စိုက်ပျိုးရေး မလုပ်ဖူးဘူးမလား?”
ချန်ချင်းယွီ ခေါင်းခါပြပြီး
“မလုပ်ဖူးဘူးရှင့်။”
“ဒါဆိုရင် စိုက်တဲ့အခါ ခဏခဏ မေးကြည့်ဦး၊ ဒါက ရေလောင်းရုံနဲ့ ရှင်တာမဟုတ်ဘူး၊ ပိုးမကျအောင်လည်း သေချာ ဂရုစိုက်ရတယ်။”
ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ကာ
တကယ်တမ်းလည်း သူမအနေဖြင့် နားမလည်သောကြောင့် ချစ်စဖွယ် ပြုံးပြရင်း ပြောလိုက်၏။
“ဒါဆို ကျွန်မ မသိတာရှိရင် ဒေါ်လေးတို့ကိုပဲ မေးပါတော့မယ်။”
“ရတာပေါ့၊ ငါ့ကိုမေး၊ ငါ့အမျိုးတွေက ချန်းဖိန်ဘက်က နယ်သားတွေ၊ အိမ်မှာ လယ်ရှိတယ်၊ ငါက ဒါတွေကို ပိုနားလည်တယ်။”
ချန်ချင်းယွီတစ်ယောက် အပြစ်ကင်းစင်သည့် အမူအရာလေးဖြင့် ရှက်ဝဲဝဲလေး ပြုံးပြနေခဲ့သည်။
ထိုအမူအရာကို မြင်သည်နှင့် လူတိုင်းရင်ထဲမှ မှတ်ချပြုမိလိုက်ကြ၏။
အရင်က အဘွားကြီးကျောက် ဘာလို့ ချန်ချင်းယွီကို မကြည်တာလဲဆိုတာ နားလည်သွားပြီ…
ချန်ချင်းယွီက တကယ်ကို လှလွန်းတာပဲ၊ အထူးသဖြင့် ပြုံးလိုက်ရင် ပန်းတစ်ပွင့် ပွင့်လာသလိုပဲ၊ တကယ့်ကို ဖြူဖြူစင်စင် နေမထိပန်းလေး…
ဘယ်ယောက္ခမကမှ ဒီလောက်လှတဲ့ ချွေးမမျိုးကို မကြိုက်နိုင်ဘူး!!
ဒီလောက်လှတဲ့ ချွေးမရှိရင် သားဖြစ်သူက မိခင်အပေါ် စိတ်ဝေးသွားမှာပေါ့!!
ဤသို့စိတ်မျိုးကို ယောက္ခမဖြစ်ဖူးသူတိုင်း သဘောပေါက်ကြသည်။
သို့သော် စကားဝိုင်းမှာ အဘွားကြီးကျောက်ခေါင်းစဉ်သို့ ရောက်ရှိသွားပြီး လူတိုင်းမှာ မေးမြန်းစပ်စုလိုက်ကြ၏။
“ညည်းယောက္ခမ အခုတလော အလုပ်သွားရတာ အဆင်ပြေရဲ့လား?”
ချန်ချင်းယွီ : “အဆင်ပြေပါတယ်၊ အမေက အလုပ်သွားရတာကို သဘောကျနေတာ။ ထမင်းချက်ဆောင်က လူတွေက အရမ်းဖော်ရွေပြီး လက်တွဲရတာ ပျော်စရာကောင်းတယ်လို့ ပြောတယ်။ မနက်တိုင်း အိမ်ကထွက်ရင် ပြုံးပြုံးရွှင်ရွှင်ပဲ၊ အိမ်မှာ စိတ်တိုတာလည်း နည်းသွားတယ်ရှင်။”
ချင်ချင်းယွီ၏ အသံမှာ ပျော့ပျောင်းညင်သာသော်လည်း ယုံကြည်ကိုးစားဖွယ်ကောင်းလှရာ သူမ လိမ်ညာနေသည်ဟု မည်သူမျှ မထင်ကြပေ။ သို့သော်လည်း အဘွားကြီးကျောက်တစ်ယောက် ထမင်းစားဆောင်တွင် အဆင်ပြေချောမွေ့နေကြောင်း ကြားလိုက်ရသဖြင့် လူတိုင်း အနည်းငယ် မနာလိုဖြစ်သွားကြသည်။
ခြံဝန်းအတွင်းရှိ အမျိုးသမီးများ၏ ခေါင်းဆောင်ဖြစ်သူ ပိုင်ဖုန်းရှန်းမှာ အထူးသဖြင့် စိတ်မသက်မသာ ဖြစ်သွားပြီး
"အမှန်အတိုင်းပြောရရင် ညည်းယောက္ခမက မိသားစုအလုပ်ကို ဆက်မယူသင့်ဘူး၊ ညည်းပဲ ယူသင့်တာ။ အလုပ်ရုံမှာဆိုရင် ညည်းက ပိုပြီးဝင်ငွေကောင်းမှာ။ အခု ညည်းယောက္ခမက ထမင်းစားဆောင်မှာ အလုပ်လုပ်နေတာဆိုတော့ သူ့လစာက သိပ်တိုးလာမှာမဟုတ်ဘူး၊ သူက လုပ်သက်ပဲ စုနေရတာ။ ဒါက အချိန်ကြာလာရင် အရှုံးကြီးပဲ။ ပထမအဆင့်လစာက တော်တော်များတာ"
ချင်ချင်းယွီ ; "ကျွန်မယောက္ခမက အလုပ်ရုံမှာထက် ထမင်းစားဆောင်မှာ ပိုရပါတယ်။ သူက အလုပ်ကို တိုက်ရိုက်ဆက်ခံတာဆိုတော့ အလုပ်သင်ကာလ မရှိတော့ဘူး။ အလုပ်ရုံကို သွားမယ်ဆိုရင် သူက အလုပ်သင်ကနေ ပြန်စရမှာ။ အလုပ်ရုံမှာ စာမေးပွဲတွေဖြေပြီး လက်မှတ်ရရင် ပိုရနိုင်တာကို သိပါတယ်၊ ဒါပေမဲ့ စာမေးပွဲဖြေဖို့က မလွယ်ဘူးလေ။ ကိုကိုကျန့်ဝမ် ရှိတုန်းက ပြောဖူးတယ်၊ စာမေးပွဲအောင်ရင်တောင် တချို့အလုပ်ရုံတွေမှာ နေရာအကန့်အသတ်ရှိတယ်တဲ့။ အဆင်သင့်ဖြစ်နေရင်တောင် အာမခံချက်မရှိဘူးလေ။"
"လက်မှတ်ရစာမေးပွဲဖြေဖို့ကလည်း ကိုယ့်အလှည့်ရောက်ဖို့ လိုသေးတာပဲ။ ဆိုတော့ အဆင့်တိုးဖို့က သိပ်မလွယ်ဘူး။ ကျွန်မနဲ့ ယောက္ခမက ဂဟေဆော်တာကိုလည်း သိပ်မကျွမ်းကျင်တော့ အဲ့ဒီကိုသွားရင် သင်ယူရတာ အရမ်းနှေးမှာ၊ စာမေးပွဲဖြေဖို့ အခွင့်အရေးတောင် ရချင်မှရမှာ။ ဒါကြောင့် လက်တွေ့ကျပြီး အသုံးဝင်မယ့်အလုပ်ကိုပဲ လုပ်တာက ပိုကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်လုပ်နေသရွေ့ ဒါက အလုပ်ပဲလေ၊ အားလုံးက ပြည်သူ့အတွက် အကျိုးပြုနေတာပါပဲ။"
သူမသည် စကားများမိသွားသဖြင့် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသကဲ့သို့ အရှက်ပြေဟန်ဆောင်လိုက်ကာ
"တကယ်တော့ ကျွန်မလည်း သိပ်နားမလည်ပါဘူး၊ ဒါတွေက ကျွန်မယောက္ခမရဲ့ ခွဲခြမ်းစိတ်ဖြာချက်တွေပါ။ ဒါပေမဲ့ သူပြောတာ မှန်ပါတယ်။ ကျွန်မ ကိုကိုကျန့်ဝမ်တုန်းကလည်း အလုပ်ရုံမှာ အဲ့ဒီလိုပဲ၊ သူလည်း စာမေးပွဲဖြေဖို့ အခွင့်အရေးကို နှစ်အတော်ကြာအောင် မရခဲ့ဘူး"
ချင်ချင်းယွီ စကားပြောရင်း လူတိုင်း၏အမူအရာကို အကဲခတ်နေ၏။ မမျှော်လင့်ဘဲ ပိုင်ဖုန်းရှန်းမှာ အနည်းငယ် အနေရခက်စွာ ချောင်းဟန့်လိုက်သည်ကို တွေ့လိုက်ရသည်။
ချင်ချင်းယွီ၏ မျက်နှာအမူအရာမှာ မပြောင်းလဲဘဲ နူးညံ့အားနည်းသည့်ပုံစံအတိုင်း ရှိနေသော်လည်း သူမသည် ပိုင်ဖုန်းရှန်းကို အနီးကပ်စောင့်ကြည့်နေခဲ့၏။ ပိုင်ဖုန်းရှန်း၏ မိသားစုသည် တစ်ခုခု ကြံစည်နေသည်ဟု သူမ မစွပ်စွဲလိုသော်လည်း ဦးလေးမာမှာ ထောက်ပံ့ပို့ဆောင်ရေး ဒုတိယညွှန်ကြားရေးမှူး၊ ဆိုလိုသည်မှာ ခေါင်းဆောင်ငယ်တစ်ဦး ဖြစ်သည့်အတွက် တစ်ခုခုကို သိထားနိုင်သည်ဟု တွေးမိသည်။
သူမ သိမ်မွေ့စွာ ပြုံးလိုက်ပြီး
"ကျွန်မယောက္ခမက အခု အဆင်ပြေနေပါတယ်၊ ထမင်းစားဆောင်က သူနဲ့ ကိုက်ညီတယ်"
"ဒါတော့ ဟုတ်တာပေါ့။ အဘွားကြီးတစ်ယောက်က ဘာလုပ်နိုင်မှာလဲ? ဂဟေဆော်တာဆိုရင် သူ တောင့်ခံနိုင်မှာမဟုတ်ဘူး။ ထမင်းစားဆောင်မှာ ဆေးကြောသန့်စင်တာကပဲ သူနဲ့ ပိုကိုက်ညီပါတယ်"
ယနေ့မှ ပြန်ရောက်လာသည့် အဘွားကြီးဝမ်မှာ ဝင်ပြော၏။ အဘွားကြီးဝမ်သည် အဘွားကြီးကျောက် အလုပ်ရသွားခြင်းအပေါ် မနာလိုမဖြစ်ပေ၊ အကြောင်းမှာ သူမ၏ မိသားစုတွင် အလုပ်လုပ်နိုင်သူ များစွာရှိနေပြီး သူမသည် အဘွားကြီးကျောက်အား တကယ်ပင် အထင်သေးနေသေးသည်။
ထို့ပြင် သူမသည် ချင်ချင်းယွီကိုလည်း အထင်သေးပြီး ဤခြံဝင်းအတွင်း သူမ လေးစားသူ အလွန်နည်းပါး၏။ သူမ၏ မိသားစုလောက် မည်သူမျှ မကောင်းကြဟု သူမ ယူဆထားလေသည်။
"လင်စန်းရှင်း၊ ငါ ညည်းကို ဝေဖန်ချင်လို့တော့ မဟုတ်ဘူး၊ ဒါပေမဲ့ ကိုယ့်ယောကျ်ားကို ပိုပြီး ရည်မှန်းချက်ကြီးဖို့ တိုက်တွန်းသင့်တယ်။ သူ့ကို ကြည့်ဦး၊ ယောကျာ်းကြီးတန်မဲ့ ထမင်းစားဆောင်မှာ မီးဖိုချောင်ကူအဖြစ် ဆယ်နှစ်ကျော် လုပ်နေတာ၊ တိုးတက်မှု မရှိဘူးလား? သူက အရမ်းကို ရည်မှန်းချက်မရှိတာပဲ။ အဲ့ဒီ ဆေးကြောသန့်စင်တဲ့အလုပ်တွေက မိန်းမတွေလုပ်ရမှာ၊ ယောကျ်ားကြီးတန်မဲ့!! ယောကျာ်း ဘယ်နှစ်ယောက်ကများ အဲ့လိုလုပ်နေလို့လဲ? ဒါ့အပြင် ထမင်းစားဆောင်မှာ ဒီလောက်ကြာနေတာ၊ ထိပ်တန်းစားဖိုမှူးတွေ ဝန်းရံနေတာပဲ၊ သူ တစ်ခုခု သင်ယူသင့်တာပေါ့! ဆယ်နှစ်ကြာပြီးတာတောင် ဘေးကနေ ကြည့်ရုံနဲ့ မတတ်ဘူးလား? ဘယ်လိုတောင် မျှော်လင့်ချက်မရှိတာလဲ?"
အဘွားကြီးဝမ် ပွင့်ပွင့်လင်းလင်း ပြောလိုက်ရာ လင်စန်းရှင်း၏ မျက်နှာမှာ အနေရခက်ပြီး ပျက်သွားသည်။ သို့သော် သူမမှာ ပြန်လည်ရန်တွေ့တတ်သူမဟုတ်
သဖြင့် တိုးတိုးလေး ပြန်ပြောရှာ၏။
"ဘေးကကြည့်ရုံနဲ့ သင်လို့မရပါဘူး... ဒါက မသင့်တော်ဘူးလေ၊ လူတွေက အတင်းပြောကြလိမ့်မယ်"
"ဘာလို့ အတင်းပြောခံရမှာလဲ? သူက တိတ်တိတ်လေး ခိုးသင်နေတာမှ မဟုတ်တာ။ တစ်နေ့ကုန် မီးဖိုချောင်ထဲမှာ ရှိနေတာတောင် ဘာမှ မသိဘူးလား? ညည်းက ယောကျ်ားကို အဲ့လောက် ကာကွယ်မနေပါနဲ့။ ယောကျ်ားဆိုတာ မိသားစုကို ထောက်ပံ့ဖို့နဲ့ လစာတိုးဖို့ ပိုပြီး သင်ယူရမှာပေါ့။ သူတို့က အဘွားကြီးတွေနဲ့ သွားယှဉ်နေမှာလား? ညည်းရဲ့ လီချန်ရွှမ်းက အခု အဘွားကြီးကျောက်တို့ အဆင့်ပဲ ရှိတာ၊ သူ ဘာလုပ်နေလဲ ကြည့်ဦး"
အဘွားကြီးဝမ်မှာ သိသိသာသာပင် အထင်သေးနေ၏။
"ငါ့သားကို ကြည့်၊ သူက အမြဲတမ်း တိုးတက်ဖို့ ကြိုးစားနေတာ။ လူဆိုတာ အဲ့ဒီလို ဖြစ်ရမယ်။ ငါတို့က အိမ်နီးချင်းတွေပဲ၊ လီချန်ရွှမ်းက ငါ့သားဆီကနေ သင်ယူပြီး ပိုပြီး ရည်မှန်းချက်ကြီးသင့်တယ်။ အားလုံးပဲ သဘောတူကြတယ်မလား?"
လူတိုင်း အကြည့်ချင်းဖလှယ်ပြီး အနေရခက်စွာ ပြုံးလိုက်ကြသည်။
လင်စန်းရှင်းက ဒီမှာတင် ရှိနေတာကို ဘာလို့ ဒီလို အသေးအဖွဲကိစ္စတွေကို ပြောနေရတာလဲ?
ဒါက လူကို တမင်တကာ စိတ်မချမ်းသာအောင် လုပ်နေတာ မဟုတ်လား?
ဘယ်သူက လူတစ်ဖက်သားရဲ့ အားနည်းချက်ကို မျက်နှာချင်းဆိုင် ဖော်ထုတ်နေမှာလဲ?
အားလုံးသည် တုံ့ပြန်မှုမရှိ ပြုံးပြီးသာ အသာနေလိုက်ကြ၏။
လင်စန်းရှင်း၏ မျက်နှာမှာ နောက်ဆုံးတွင် ပြန်လည်တည်ငြိမ်သွားပြီး
"တကယ်တော့ အဆင်ပြေပါတယ်။ ကျွန်မတို့ မိသားစုက ဝန်ထုတ်ဝန်ပိုး မကြီးပါဘူး။ ကျွန်မယောကျ်ား ဘေးကင်းပြီး ကျန်းမာနေဖို့ပဲ မျှော်လင့်ပါတယ်၊ တခြားဘာမှ မလိုချင်တော့ပါဘူး"
ချန်ချင်းယွီတစ်ယောက် ဤစကားမှာ လမ်းကြောင်းလွှဲသော နည်းဗျူဟာတစ်ခုနှယ် ခံစားလိုက်ရ၏။
မှန်းထားသည့်အတိုင်းပင် လူတိုင်းမှာ ချန်ချင်းယွီကို သနားကရုဏာသက်သော အကြည့်များဖြင့် ဝိုင်းကြည့်ကြသည်။
လင်စန်းရှင်း တမင်ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ သူမ၏စကားကြောင့် လူတိုင်းမှာ ချင်ချင်းယွီ၏ ဆုံးရှုံးသွားသော အမျိုးသားကို ချက်ချင်း သတိရသွားကြသော်လည်း မည်သူမျှ ထုတ်မပြောရဲကြပေ။ ချင်ချင်းယွီသည် ပုံမှန်အားဖြင့် ကြောက်တတ်ရွံ့တတ်ပြီး အများရှေ့တွင် သိပ်အရာမဝင်သည့် အားနည်းသူတစ်ဦးဟု ထင်ရသော်လည်း၊ လင်းကျန့်ဝမ်အကြောင်းနှင့် ပတ်သက်လာလျှင်မူ သူမသည် စကားများ တတွတ်တွတ်ပြောတော့သည်သာ။
လူတိုင်း သူမ၏ "အချစ်" အကြောင်း တဖွဖွပြောဆိုနေတတ်သည့် "ရှန်လန်ရဲ့ ဇနီးသည်" ကဲ့သို့ နားပူနားဆာလုပ်မှုကို တကယ်ပင် ကြောက်ကြ၏။
လင်းကျန့်ဝမ်အကြောင်း အစဖော်မိတိုင်း သူမသည် "ရှန်လန်ရဲ့ ဇနီးသည်" ကဲ့သို့ ဖြစ်သွားတတ်ရာ၊ သူတို့ တကယ် မခံစားနိုင်ကြချေ။
အဘွားကြီးဝမ်ပင်လျှင် ချန်ချင်းယွီကို တစ်ချက်စိုက်ကြည့်ပြီး တစ်ခုခုပြောရန် နှုတ်ခမ်းလှုပ်သွားသော်လည်း ပြန်အောင့်ထားလိုက်သည်။
[ရှန်လန် ဇနီးသည်ဆိုတာ Lu Xun ရဲ့ ဝတ္ထုတို တစ်ပုဒ်ပါ၊ ကံဆိုးတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ရေးဖွဲထားတာပါ။ ပထမဆုံး ယောကျာ်းသေသွားတော့ အိမ်ဖော်အဖြစ်အလုပ်လုပ်ရတယ်၊ အဲ့နောက် ယောက္ခမ ဖမ်းပြီး တောင်ပေါ်ကလူတစ်ယောက်ဆီ ရောင်းလိုက်တယ်၊ အဲ့လူက ဒုတိယခင်ပွန်းဖြစ်လာပြီး အဲ့လူနဲ့ကလေးတစ်ယောက်ရတယ် ဒါပေမဲ့ ဒုတိယလင်လည်းသေပြီး ကလေးကိုကလည်း မြေခွေးစားသွားတယ်၊ အဲ့မှာ သူက ရူးသွားပြီး လူတိုင်းကို သူ့ကလေး၊ သူ့ယောကျာ်း ဘယ်လိုဖြစ်ခဲ့ပုံတွေကို တစ်ချိန်လုံး တတွတ်တွတ်ပြောနေတာ လူတွေက အစပိုင်းတော့ သနားကြပေမဲ့ နောက်ပိုင်းကြတော့ ဒါချည်းထပ်လဲလဲဆိုတော့ ရှောင်ဖယ်လာကြရော.. အဲ့ဒါကြောင့် ကံဆိုးမှုတွေကို အမြဲညည်းနေသူတွေကို ရှန်လန်ဇနီးလိုဆိုပြီးတင်စားကြတာပါ]
"အားလုံး စုံနေကြတာလား?"
ခဏတာ တိတ်ဆိတ်သွားပြီးနောက် တက်ကြွသော အသံတစ်ခုသည် ထိုတိတ်ဆိတ်မှုကို ရုတ်တရက် ဖြိုခွင်းလိုက်သည်။ ချန်ချင်းယွီ မော့ကြည့်လိုက်ရာ ဦးထုပ် ဆောင်းထားသော လူနှစ်ဦးကို ခေါ်ဆောင်လာသည့် လူငယ်တစ်ဦးကို မြင်လိုက်ရ၏။ သူတို့သုံးဦး အတူတူ ဝင်လာကြခြင်းဖြစ်ပြီး ပိုင်ဖုန့်ရှန်းမှာ ချက်ချင်း ထရပ်လိုက်ပြီး
"ရှောင်စု ရောက်လာတာလား? ဒါက... ဘယ်သူတွေလဲ?"
ထိုလူငယ်၏ မျိုးရိုးအမည်မှာ 'စု' ဖြစ်ပြီး ရပ်ကွက်ကော်မတီမှ အရာရှိတစ်ဦး ဖြစ်သည်။ တစ်ခါတစ်ရံ သူသည် ဤခြံဝန်းသို့ မူဝါဒများ လာရောက်အသိပေးတတ်သဖြင့် လူတိုင်း သူ့ကို သိကြ၏။ ပိုင်ဖုန်းရှန်းနှင့် သူမ၏ခင်ပွန်းဆိုလျှင် သူနှင့် ပို၍ပင် ရင်းနှီးကြသည်။ ပိုင်ဖုန်းရှန်း ကပျာကယာ ပြောလိုက်ကာ
"ဘာဖြစ်လို့လဲ? ရဲဘော်တို့... ကျွန်မတို့ ခြံဝန်းထဲက လူတွေအားလုံးက လူကောင်းတွေပါ၊ ဘယ်သူမှ ဘာအမှားမှ မလုပ်ထားကြပါဘူး"
ယနေ့ခေတ်တွင် ရှေ့ဆောင်ဦးထုပ် ဆောင်းထားသူများကို မြင်လိုက်ရလျှင် တစ်ခုခု ပြဿနာတက်ပြီလားဆိုပြီး လူတိုင်း အလွန်စိုးရိမ်တတ်ကြသည်။
ချန်ချင်းယွီလည်း ခုံတန်းလျားပေါ်တွင် သိမ်သိမ်မွေ့မွေ့လေး ပြန်ထိုင်နေလိုက်၏။
ရှောင်စု; "ဒေါ်ကြီးပိုင် စိတ်မပူပါနဲ့၊ ဒီခြံဝန်းထဲက လူတွေကို ကျွန်တော် သိပါတယ်။ မိတ်ဆက်ပေးပါရစေ၊ ဒီနှစ်ယောက်က ရဲစခန်းက ရဲအရာရှိတွေပါ။ အားလုံးလည်း ကြားဖူးကြမှာပါ၊ ပြီးခဲ့တဲ့ အတောအတွင်းက ရဲစခန်းရှေ့မှာ လူသုံးယောက် ကြိုးတုပ်ခံထားရတာလေ"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မ သွားကြည့်သေးတယ်။ သူတို့က ဓားပြတွေ မဟုတ်လား?"
"မှန်တယ်၊ ကျွန်မလည်း ကြားတယ်။ မြေကြီးပေါ်က ကျောက်တုံးပေါ်မှာတောင် ရေးထားသေးတယ်ဆို"
"အဲ့ဒီကောင်တွေ ကြည့်ရတာ လူကောင်းပုံ လုံးဝမပေါက်ဘူး၊ အားလုံးက ကြမ်းတမ်းတဲ့ပုံစံတွေ၊ လူဆိုးတွေဖြစ်မှာ သေချာပါတယ်"
လူတိုင်း တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြစဉ် ရှောင်စုမှာ ရှင်းပြလိုက်၏။
"အားလုံး ခဏလောက် နားထောင်ပေးပါ။ အခုတော့ အတည်ပြုပြီးပါပြီ။ ဒီသုံးယောက်က လမ်းပေါ်မှာ ဓားပြတိုက်တဲ့သူတွေ တကယ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က အရမ်းခေါင်းမာပြီး သူတို့နောက်ကြောင်းကို ဝန်မခံကြသေးဘူး။ ဒါကြောင့် သူတို့က ဘယ်သူဘယ်ဝါဆိုတာ အခုထိ အတည်မပြုနိုင်သေးဘူး။ အခု ရဲအရာရှိတွေက ဒီလူသုံးယောက်ကို မြင်ဖူးတဲ့သူရှိလားဆိုပြီး လိုက်မေးနေတာပါ။ အကယ်၍ မြင်ဖူးတယ်ဆိုရင် သတင်းပေးကြပါ။ ရပ်ကွက်ကော်မတီနဲ့ ရဲစခန်းက သတင်းပေးတဲ့သူကို ဂုဏ်ပြုချီးမြှင့်မှာပါ။ လက်တုံ့ပြန်ခံရမှာကိုလည်း စိတ်မပူပါနဲ့၊ သူတို့ကို အချုပ်ထဲ ထည့်ထားပြီးသားပါ"
"ဟယ်... အတည်ပြုလိုက်ပြီပေါ့! သိသားပဲ၊ လူဆိုးတွေ ဥပဒေကနေ မလွတ်နိုင်ပါဘူး"
"ဟေ့ နေဦး၊ သူတို့က အခုထိ ခေါင်းမာနေတုန်းလား? တကယ့်ကိုပဲ"
"လူဆိုးတွေဆိုတာ အဲ့ဒီလိုပါပဲ"
ချန်ချင်းယွီတစ်ယောက် ဘေးတွင်ထိုင်နေပြီး စကားဝိုင်းထဲ မပါခဲ့ပေ။
"အားလုံး ကြည့်ကြည့်ပါဦး၊ ဒီလူသုံးယောက်ပါ။ မြင်ဖူးတယ်ဆိုရင် ကျွန်တော်တို့ကို သတင်းပေးလို့ရပါတယ်"
ရှောင်စုမှာ စကားဆိုကာ ဓာတ်ပုံထုတ်ပြလိုက်၏။
"ကြည့်ပါရစေဦး"
"ကျွန်မလည်း ကြည့်မယ်၊ ဒီလူဆိုးကြီးတွေက ဘယ်လိုပုံစံလဲလို့"
"အကယ်၍ ကျွန်မတို့ သိနေရင် ဘယ်လိုဆုမျိုး ရမှာလဲ?"
"ပုံတောင် မကြည့်ရသေးဘူး၊ ဆုကို အရင်မေးနေပြီ"
ရှောင်စုသည် အဖြူအမည်း ဓာတ်ပုံသုံးပုံကို ကမ်းပေးလိုက်ရာ လူတိုင်း စူးစမ်းလိုစိတ်ဖြင့် ဝိုင်းအုံကြည့်ကြလေသည်။
"ဝါး၊ တကယ့်ကို လူဆိုးရုပ်တွေပဲ"
"ဒီသုံးယောက်ကို... ကျွန်မ တစ်ခါမှ မမြင်ဖူးဘူး။ ကြည့်ရတာ အရမ်းကြမ်းတာပဲ။ မြင်ဖူးရင်တော့ ကျိန်းသေ မှတ်မိနေမှာ"
"ကြည့်ပါရစေဦး၊ ကျွန်မလည်း မမြင်ဖူးပါဘူး..."
ချင်ချင်းယွီလည်း အခြားသူများနည်းတူ လိုက်ကြည့်
လိုက်ရာ အသေအချာပင်တည်း..
ထိုည သူမ ကိုင်တွယ်ခဲ့သည့် လူသုံးယောက် ဖြစ်နေသည်။ ဤလူသုံးယောက်မှာ ဤမျှ ဇွဲသန်ပြီး သူတို့ မည်သူမည်ဝါဖြစ်ကြောင်းကို အခုထိ ထုတ်မပြောသေးဘဲ ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
သို့သော်လည်း ပြန်စဉ်းစားကြည့်လျှင် ထိုလူများမှာ ပို၍ကြီးမားသော ကိစ္စရပ်တစ်ခုခုတွင် ပါဝင်ပတ်သက်နေကြောင်း ထင်ရှားလာ၏။ ယခုပင် ဓားပြမှုအဖြစ် သတ်မှတ်ခံထားရပြီဖြစ်ရာ သေးငယ်သောကိစ္စမဟုတ်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ထောင်ကျမှာ သေချာနေပြီပဲ၊ ဘာကြောင့်များ ခေါင်းမာမာနဲ့ ထုတ်မပြောဘဲ နေနေကြတာလဲ?…
ဦးနှောက်ရှိသူတိုင်း သူတို့တွင် တခြားကွယ်ဝှက်ထားသောအမှုများ ရှိနေဦးမည်ဖြစ်ကြောင်း သိနိုင်ပြီး အာဏာပိုင်များသည်လည်း ဧကန်မုချ ဇွဲနပဲနှင့် ဆက်လက်စုံစမ်းကြမည်သာ ဖြစ်သည်။
ဤလူများမှာ ကံစမ်းမဲ လိမ်လည်မှုများလည်း လုပ်ဆောင်ခဲ့ကြသည်ကို သူမ မှတ်မိနေ၏။
ဒါပေမဲ့ အဲ့အမှုက ဓားပြမှုထက်တော့ ပိုမကြီးလေးနိုင်ပါဘူး မဟုတ်လား?..
ချန်ချင်းယွီသည် သူတို့နာမည်များကို မသိသော်လည်း အခြားသူများထက် ပိုသိနေသည့်အချက်အချို့ ရှိနေသည်။ သို့သော် သူမသည် မည်သည့်သဲလွန်စကိုမျှ ထုတ်မပြောရဲပေ။
လူဆိုသည်မှာ အခြားအရာများကို မစဉ်းစားခင် ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင် အရင်လုပ်ရမည် မဟုတ်ပါလား။
ချန်ချင်းယွီသည် မိမိကိုယ်မိမိ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အန္တရာယ်မျိုးကို မယူလိုကာ လူအများ၏ အာရုံစိုက်မှုကိုလည်း မခံလိုပေ။ ထို့ကြောင့် ဓာတ်ပုံကြည့်ပြီးနောက် ဘာမှမသိနားမလည်ဟန်ဖြင့် ခေါင်းသာ ခါပြလိုက်၏။
မည်သူကမျှ ထိုဓားပြများကို မမှတ်မိကြခြင်းမှာ ရှောင်စုနှင့် ရှေ့ဆောင်ဦးထုပ်ဆောင်းထားသော လူများအတွက် မထူးဆန်းလှပေ။ အမှန်စင်စစ် ဤဓားပြများသည် မှောင်ခိုဈေးကွက်မှ ငွေရှင်ကြေးရှင်များကိုသာ ပစ်မှတ်ထားသူများ ဖြစ်သည်။ ဤဝန်းကျင်ရှိ စက်ရုံအလုပ်သမားများမှာ အခြေအနေ အသင့်အတင့် ကောင်းမွန်ကြသည်ဆိုသော်လည်း ဓားပြတိုက်ခံရလောက်အောင် ချမ်းသာသည့်စာရင်းထဲတွင် မပါဝင်ကြပေ။
ထို့အပြင် မိသားစုအများစုကို အမျိုးသားများမှ ဦးဆောင်ကြပြီး မှောင်ခိုဈေးကွက်တွင် အမျိုးသမီးများကို တွေ့ရခဲ၏။ ထို့ကြောင့် သူတို့သည်လည်း မျှော်လင့်ချက်အများကြီး မထားခဲ့ဘဲ တန်ဖိုးရှိသော သဲလွန်စတစ်ခုခု ရလေမလားဟူ၍ လာရောက်မေးမြန်းခြင်းသာ ဖြစ်သည်။
"ဘယ်သူမှ မမှတ်မိဘူးဆိုရင်လည်း ရပါတယ်။ အကြီးအငယ်မရွေး အိမ်ပြန်ရောက်ရင် တစ်ယောက်ကိုတစ်ယောက် ပြန်ပြောပြပေးကြပါ။ သဲလွန်စပေးဖို့ အသိပေးစာကို လမ်းထိပ်မှာ ကပ်ထားပါတယ်၊ အဲ့ဒီမှာ ဓာတ်ပုံတွေလည်း ပါပါတယ်။ အားလုံးပဲ သတင်းစကားပါးပေးကြပါ၊ ဓာတ်ပုံတွေကို သွားကြည့်ပြီး မှတ်မိတဲ့သူရှိရင် သတင်းပေးကြပါ"
"နားလည်ပါပြီ"
ပိုင်ဖုန်းရှန်း; "စိတ်မပူပါနဲ့ ရှောင်စု၊ ကျွန်မတို့ ခြံဝန်းထဲကလူတွေအားလုံးက ရဲဘော်ကောင်းတွေပါ။ သဲလွန်စတစ်ခုခုရှိတာနဲ့ ချက်ချင်း သတင်းပို့ပါ့မယ်"
"ကောင်းပါပြီ"
ရှောင်စုသည် ပြုံးလျက် တုံ့ပြန်
လိုက်ပြီး နှုတ်ဆက်ကာ ထွက်ခွါသွား၏။
"ဒါဆိုရင် ဒေါ်ကြီးတို့ အလုပ်ဆက်လုပ်ကြပါဦး၊ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်
လိုက်ပါဦးမယ်"
သူတို့သုံးဦး ခြံဝန်းထဲမှ ထွက်ခွာသွားသည်နှင့် အတွင်းမှ ဆူညံသံများကို ဆက်တိုက်ကြားလိုက်ရသည်။
"အို... အံ့ဩစရာပဲ၊ ဒီသူခိုးတွေက တကယ်ပဲ သတ္တိရှိတာလား? ငါတို့ ပေကျင်းမြို့ကြီးက ခေါင်းဆောင်ကြီးရဲ့ ခြေတော်ရင်းမှာ ရှိနေတာ မဟုတ်လား? ဒါက ဓားပြတိုက်တာပဲလား? သူတို့ တကယ်ကို လွန်လာကြပြီ!"
"ဟဲ့... အသက်ထက် ငွေကို ပိုမက်တာပေါ့! နင်တို့ ကြားလိုက်လား? အဲ့ဒီလူတွေက ကိုယ်လုံးတီးနဲ့ ကြိုးတုပ်ခံထားရတာဆိုပဲ။ တစ်ခုခု မသင့်တော်တာတွေများ ဖြစ်ခဲ့လို့လား?"
"ဘယ်သူသိမှာလဲ? ငါ သွားကြည့်တုန်းက လူတွေက အထဲကို ရောက်ကုန်ကြပြီ။ ဒါပေမဲ့ အရင်ဆုံးရောက်တဲ့သူ ပြောတာတော့ အဲ့ဒီလူသုံးယောက်က ငိုယိုပြီး သူတို့ကို အမျိုးသားတစ်ယောက်က ရိုက်နှက်သွားတာလို့ ပြောကြတာပဲ။ အမျိုးသားချင်း ရိုက်တာဆိုတော့ မသင့်တော်တာတော့ မရှိနိုင်ပါဘူးနော်?"
"အာ... အဲ့ဒီလို ပြောလို့မရဘူးလေ! သင့်တော်တယ်ဆိုရင် ဘာလို့ အဝတ်အစားတွေ ချွတ်ခိုင်းရမှာလဲ? ပြီးတော့ ဘယ်သူက ပြောလဲ အမျိုးသားချင်း အဲ့ဒီလို မကြိုက်ဘူးလို့? နင်တို့ 'ယုန်ကောင်လေးတွေ' အကြောင်း မကြားဖူးဘူးလား?"
အတင်းအဖျင်းပြောရာတွင် နာမည်ကြီးသော အဒေါ်ကြီးမေ့မှာ အကုန်သိ၊ အကုန်တတ်ဟန်ဖြင့် ဝင်ပြောလိုက်သည်။
"ဖူး!"
ချန်ချင်းယွီမှာ မနေနိုင်ဘဲ ရယ်မောလုမတတ် ဖြစ်သွားသည်။
အခြားသူများမှာလည်း ထပ်တူပင် ဆွံ့အသွားကြ၏။
အဒေါ်ကြီးမေ့; "ကြည့်စမ်း၊ နင်တို့တွေက အရမ်း နားဝေးကြတာပဲ! ဘယ်သူသိမှာလဲ၊ ဒီသုံးယောက်က အဲ့ဒီအဘိုးကြီးရဲ့ အဓမ္မပြုကျင့်တာကို ခံရပြီးမှ ကြိုးတုပ်ခံလိုက်ရတာလည်း ဖြစ်နိုင်တာပဲ"
အပြင်ဘက်သို့ ထွက်လာရင်း သတင်းအသစ်အဆန်းများ ကြားရနိုးနိုး မျှော်လင့်ခဲ့သော ရှောင်စု အပါအဝင် လူသုံးယောက်မှာ ထိုစကားကို ကြားလိုက်ရသဖြင့် ခြေထောက်များပင် ယိုင်သွားကြကာ တစ်ယောက်ကိုတစ်ယောက် တွဲထားလိုက်ရသည်။
ခင်ဗျား... ခင်ဗျားတို့ ပြောတာတွေက လမ်းကြောင်း အရမ်းလွဲနေပြီ!
ပြီးတော့... ဒါက ဘာကြီးလဲ?! ဘာကြီးလဲ?! ခင်ဗျားတို့ ဘယ်လိုတွေ ခေါ်လိုက်တာလဲ?!
အရွယ်ရောက်ပြီးသား အမျိုးသားသုံးဦးမှာ မျက်နှာများ ရဲတက်သွားပြီး တစ်ယောက်ကိုတစ်ယောက် တွဲလျက် အမြန်ထွက်ခွာသွားကြတော့သည်။ ဤအဘွားကြီးမှာ တကယ်ပင် မပတ်သက်ဝံ့သူ ဖြစ်သည်၊ သူမကား ဘာမဆို ပြောရဲဆိုရဲ ရှိလှ၏။
ခင်ဗျားတို့ရဲ့ ထင်ကြေးတွေက အကန့်အသတ်မရှိဘူးပဲ! တွေးရဲလိုက်တာဗျာ!
အဲ့ဒါ မဟုတ်ပါဘူး၊ လုံးဝ မဟုတ်ပါဘူးဗျာ!!
သို့သော်လည်း သူတို့သည် ပြန်လှည့်ပြီး ငြင်းဆိုရန် မသွားရဲပေ။ အရှက်ကွဲခံရမည်ကို မလိုလားကာ၊ ၎င်းမှာ သူတို့နှင့်လည်း မသက်ဆိုင်ပေ။
ရဲဘော်သုံးဦးမှာ လေအဟုန်ကဲ့သို့ အမြန်နှင်ထွက်သွားကြစဉ် အဒေါ်ကြီးမေ့မှာ ဝင့်ကြွားစွာဖြင့်
"နင်တို့ကတော့ တကယ်ကို ဘာမှမသိတာပဲ။ တချို့ယောကျ်ားတွေက အဲ့ဒီလို ဝါသနာရှိတယ်ဆိုတာ ငါကြားဖူးတယ်။ ကြည့်လေ၊ ဒီသုံးယောက်က ဓားပြတွေဆိုတော့ တစ်ကြိမ်ထက်မက ခိုးခဲ့မှာသေချာတယ်။ သူတို့ကို စောင့်ကြည့်နေတဲ့သူရှိမှာပဲ၊ အဲ့ဒါနဲ့ ချောင်းမြောင်းဖမ်းလိုက်တာပေါ့။ ဒါပေမဲ့ သူတို့ကိုဖမ်းမိတဲ့ အဘိုးကြီးက ယောကျ်ားချင်း စိတ်ဝင်စားတဲ့သူ ဖြစ်နေရော။ ဆိုတော့ အခု သူတို့က ငါ့လက်ထဲရောက်နေပြီဆိုပြီး ပညာပေးတော့တာပေါ့။ ဘယ်လိုလဲ? သူတို့ကို 'အဲ့ဒီလို' လုပ်ပစ်လိုက်တာလေ! အဲ့ဒီနောက်မှ သူက 'အို... ငါဒါတွေလုပ်ပြီးမှတော့ ရဲစခန်းသွားလို့မဖြစ်ဘူး၊ မဟုတ်ရင် ငါလည်း ပြဿနာတက်လိမ့်မယ်' လို့ တွေးပြီး သူတို့ကို သစ်ပင်မှာ ကြိုးတုပ်ထားခဲ့တာ။ ဒီဓားပြသုံးယောက် အဖမ်းခံရပြီး ဓားပြမှုလည်း မြောက်သွားပြီ။ ကျိုးကြောင်းဆင်ခြင်ကြည့်ရင် ဘာမှပြောစရာမရှိဘူး၊ ဓားပြမှုက ကြီးလေးတဲ့ပြစ်မှုပဲ၊ ဒါပေမဲ့ သူတို့က ပြစ်ဒဏ်ကို ခုခံနေကြတယ်။ ဘာလို့လဲ? ဘာလို့လဲဆိုတာ နင်တို့ ခန့်မှန်းမိလား?"
ချန်ချင်းယွီမှာ မျက်လုံးအဝိုင်းသားဖြင့် "ဘာလို့လဲဟင်?"
အခြားသူများလည်း ဇဝေဇဝါ ဖြစ်ကုန်ကြသည်။
အဒေါ်ကြီးမေ့ သူမ၏ ပေါင်ကို ဖြန်းခနဲရိုက်လိုက်ပြီး
"သူတို့ရဲ့ သိက္ခာကြောင့် ဘာမှမပြောကြတာပေါ့။ ယောကျ်ားချင်း အဲ့ဒီလို အလုပ်ခံရတာ သူတို့အတွက် ဘယ်လောက် အရှက်ရစရာလဲ။ အကယ်၍ သူတို့က သူတို့လိပ်စာနဲ့ နာမည်တွေကို ထုတ်ပြောလိုက်လို့ အဲ့ဒီသတင်းက သူတို့ရပ်ကွက်ထဲမှာ တောမီးလို ပျံ့သွားရင် သူတို့မှာ ဘယ်မျက်နှာရှိတော့မှာလဲ? ဓားပြဆိုပေမဲ့လည်း အရှက်တော့ ရှိဦးမှာပေါ့!"
ချန်ချင်းယွီမှာ ဆွံ့အသွားရတော့သည်!
ဘုရားရေ! လူတစ်ယောက်က ဒီလောက် ချက်ကျလက်ကျ လိမ်ညာဝါဒဖြန့်နေတာကို မြင်ဖူးတာ ဒါပထမဆုံးပဲ!
သူမကိုယ်တိုင်သာ အဲ့ဒီလူတွေကို ကိုင်တွယ်ခဲ့သူ မဟုတ်ရင် အဒေါ်ကြီးမေ့ရဲ့ ခန့်မှန်းချက်ကို သူမတောင် ယုံမိတော့မှာ။ ကြည့်ဦးလေ၊ အကြောင်းအရာတွေက ကွက်တိပဲ!!
သူမ မနေနိုင်ဘဲ လက်မထောင်ပြလိုက်ပြီး
"တော်လိုက်တာ! ဒေါ်လေးမေ့ တကယ့်ကို တော်တာပဲ!"
အဒေါ်ကြီးမေ့တစ်ယောက် ဂုဏ်ယူစွာ ပြုံးပြီး
"နင်တို့ဘာသာ ပြန်စဉ်းစားကြည့်၊ သေချာစဉ်းစား၊ ဒါက တကယ်ဖြစ်နိုင်မလားဆိုတာ။ မဟုတ်ရင် သူတို့က ဘာလို့ နာမည်ထုတ်မပြောဘဲ ခေါင်းမာနေမှာလဲ? ယောကျ်ားချင်း အဲ့ဒီလို ဖြစ်ခဲ့တာကို ဝန်မခံချင်လို့ပေါ့"
ချန်ချင်းယွီ ခေါင်းကုတ်လိုက်မိ၏။
သူတို့ ဝန်မခံတာက ပိုကြီးတဲ့အမှုတစ်ခုခု ကြံစည်ထားလို့ မဟုတ်ဘူးလား?…
ဒါပေမဲ့ အခုမှ သူမ နားလည်လိုက်တာကတော့ ဤခြံဝန်းအတွင်းမှာ ထူးခြားတဲ့ အရည်အချင်းမရှိဘဲနဲ့တော့ အေးအေးဆေးဆေး နေလို့မရဘူးဆိုတာပါပဲ!!
အစကတော့ သူမတို့ရဲ့ 'ဒုတိယခြံဝန်း' မှာ ပြဿနာရှာတတ်တဲ့ ယောက္ခမ၊ လျှို့ဝှက်ကောက်ကျစ်တဲ့ ရွှီကောင်းမင်နဲ့ အတ္တကြီးပြီး တွက်ကပ်တတ်တဲ့ အစ်မကြီးဖန်တို့ရှိနေလို့ တော်တော်လေး ဆူညံနေပြီလို့ ထင်ထားတာ။ အခုတော့ သိပ်စကားမပြောတတ်ဘူးလို့ ထင်ရတဲ့ အဒေါ်ကြီးမေ့ကလည်း ဒီလောက်ထိ ထူးခြားတဲ့သူ ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ ဒီလူကတော့...
ပေကျင်းပြည်သူ့အနုပညာပြဇာတ်ရုံက ပြဇာတ်ရေးဆရာအဖြစ် ခန့်ထားသင့်တဲ့သူပဲ!
ချန်ချင်းယွီ တကယ်ကို တုန်လှုပ်သွားရသည်။ အခြားသူများကို ကြည့်လိုက်သောအခါလည်း... သူတို့လည်း သူမထက်မနည်း တုန်လှုပ်နေကြပြီး အားလုံး ဆွံ့အနေကြရှာ၏။
သို့သော်လည်း လူတိုင်းသည် အဒေါ်ကြီးမေ့၏ စကားမှာ တစ်နည်းအားဖြင့် ယုတ္တိရှိတယ်လို့ ခံစားနေကြရသည်။
အင်း... စဉ်းစားလေလေ ပိုပြီး ဟုတ်နိုးနိုး ဖြစ်လာလေလေပါပဲ။
ချန်ချင်းယွီ: "..."
အတင်းအဖျင်းက ပိုပြီး ဆန်းကြယ်လေလေ လူတွေက ပိုယုံလေလေဆိုတာ အမှန်ပဲကို!!!
ပိုင်ဖုန်းရှန်း; "အဒေါ်ကြီးမေ့ရဲ့ ခန့်မှန်းချက်က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ အရင်တုန်းကလည်း ယောကျ်ားချင်း ကြိုက်တဲ့သူတွေရှိတယ်လို့ ငါကြားဖူးတယ်"
"အာ... မွှေးပျံ့နူးညံ့တဲ့ ဇနီးသည်ရှိနေတာကို ဘာလို့ အဲ့ဒီလို ထူးဆန်းတဲ့ ဝါသနာရှိရတာလဲ?"
"အင်း... ပြောရခက်တာပေါ့။ ငါပြောပြမယ်၊ ငါငယ်ငယ် လွတ်မြောက်ရေးမတိုင်ခင်တုန်းက ကြားဖူးတာ..."
လူတိုင်း စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။ တံခါးနားမှ ပြန်ဖြတ်သွားသော ရဲအရာရှိနှစ်ဦးနှင့် လမ်းကော်မတီမှ ရှောင်စုတို့ခမျာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြသည်။ သူတို့ ခဏရပ်နားထောင်ရင်း မျက်နှာများ နီရဲလာကြသော်လည်း အတွေးသစ်တစ်ခု ရသွားကြ၏။ ယခုမူ သူတို့အားလုံးမှာ ထိုလူသုံးယောက်အား အမျိုးသားတစ်ယောက်မှ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်မည်ဟု သံသယဝင်ကုန်ကြသည်။
အာ... မဟုတ်ဘူး၊ မဟုတ်ဘူး! သူတို့ မဟုတ်မှန်း သိပါတယ်။ ဆက်နားမထောင်နိုင်တော့ဘူး၊
ဒါက တကယ့်ကို ဦးနှောက်ဆေးခံနေရသလိုပဲ...
အုပ်စုလိုက်ကြီး အမြန်ထွက်သွားကြ၏။ ချန်ချင်းယွီတို့လည်း ခဏလောက် ဆက်ပြောပြီးနောက် အိမ်ပြန်ပြီး ထမင်းချက်ကြကာ ရှောင်ကျားနှင့်ရှောင်ယွမ် ကလေးနှစ်ယောက်မူကား တံခါးဝမှာ ခုန်ပေါက်တမ်း ကစားနေကြသည်။
အဒေါ်ကြီးမေ့မှာ ချောင်းကြည့်ပြီး
"ရှောင်ချန် နင်တို့မိသားစုက တစ်နေ့ကို နှစ်နပ်ပဲ စားဖို့လိုတာ။ သုံးနပ်ဆိုတာက အရမ်းအလုပ်ရှုပ်သလို အစားအစာလည်း ဖြုန်းတီးရာရောက်တယ်။ ငါဆို အိမ်မှာ တစ်နေ့ နှစ်နပ်ပဲ စားတယ်၊ မနက် ၉ နာရီတစ်ခါ၊ ညနေ ၃ နာရီတစ်ခါ။ ဘယ်တော့မှ မဗိုက်ဆာဘူး။ ထမင်းခဏခဏ ချက်နေရတဲ့ အလုပ်လည်း သက်သာတာပေါ့။ သူတို့ အလုပ်က၊ ကျောင်းက ပြန်လာမှ ညစာ အနည်းငယ်စားပြီးရင် ဘာမှမစားတော့ဘူး"
ချန်ချင်းယွီ ခေါင်းခါပြလိုက်ပြီး
"ကျွန်မတို့မိသားစုက အဲ့ဒီလိုလုပ်လို့ မရဘူးရှင့်။ ယောက္ခမက တစ်နေ့ကုန် အလုပ်လုပ်ပြီး ညကျမှ အိမ်မှာ တစ်နပ်ပဲ စားရတာဆိုတော့ သေချာချက်ပြုတ်ကျွေးရမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ညတိုင်းတော့ သေသေချာချာ ချက်ရမှာပဲလေ၊ ပြန်နွှေးစားလို့လည်း အဆင်မပြေတော့ နှစ်နပ်စားဖို့က မလိုပါဘူး"
အဘွားကြီးကျောက် ရှိနေတာက တစ်ခါတစ်လေတော့လည်း အားသာချက်ရှိသားပဲ။ ဘာပဲဖြစ်ဖြစ် အဘွားကြီးပေါ်ပဲ ပုံချလိုက်ရုံပဲ…
အဒေါ်ကြီးမေ့ ခေါင်းခါရင်း
"နင်ကတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်သေးဘူး။ သူ့စကားကိုပဲ အကုန်နားထောင်နေတာ။ သူက နေ့ခင်းဘက် ထမင်းစားဆောင်မှာ စားခဲ့တာပဲ မဟုတ်လား? ညကျရင်တော့ ဖြစ်သလိုပဲ စားစား၊ မစားဘဲနေနေ ရတာပဲ။ သူက ပိုက်ဆံကို ဘယ်လိုစီမံရမလဲဆိုတာ မသိဘူး။ အဲ့ဒီအဘွားကြီးက အတ္တကြီးလွန်းတယ်"
ချန်ချင်းယွီခမျာ ပြုံးပဲနေပြီး ဘာမှ ပြန်မပြောပေ။
အဒေါ်ကြီးမေ့: "နင်ကတော့..."
ချန်ချင်းယွီ သူမ၏ အပိုင်ကွက်ကို ထုတ်လိုက်ကာ
"ကျွန်မယောက္ခမက ကျန့်ဝမ်ရဲ့ အမေလေ၊ ဒါကြောင့် သူ့သဘောအတိုင်း လိုက်လျောပေးတာက မှန်ကန်တဲ့အလုပ်ပါ။ ကျွန်မက ကိုကိုကျန့်ဝမ်နဲ့ကျောင်းတူတူတက်တုန်းကဆိုရင်လေ….”
အဒေါ်ကြီးမေ့: “အာ! အာ! ငါမေ့နေတာ အိမ်မှာအလုပ်လုပ်စရာတွေ ရှိသေးတယ် ငါသွားပြီနော်!”
“ခဏလေးနေပါဦး”
ချန်ချင်းယွီ အဒေါ်ကြီးမေ့ကို တားဆီးလိုက်ကာ
“ဒေါ်လေးမေ့ မနက်တုန်းက အလုပ်အခြေအနေအကြောင်း သွားစုံစမ်းတာမဟုတ်ဘူးလား? ဘာသတင်းထူးသေးလဲ”
အဒေါ်ကြီးမေ့မှာ မနက်အစောကြီး ခပ်သုတ်သုတ် ထွက်သွားပြီး ခပ်မြန်မြန်ပင် ပြန်လာကာ ခြံဝန်းထဲမှ အိမ်ရှင်မများ၏ အတင်းအဖျင်းပါတီကြီးကို လက်လွှတ်မခံနိုင်ပေ။ ထို့ကြောင့် သူမ မည်သည့်သတင်းရခဲ့မရခဲ့မှာ မသေချာဖြစ်နေ၏။
ချန်ချင်းယွီမှာ အနည်းငယ် ရှက်သွားဟန်ရှိသော အဒေါ်ကြီးမေ့ကို ကြည့်လိုက်စဉ် သူမမှာ ပြန်ပြောလာလေသည်။
“ငါဘာမှမသိခဲ့ရဘူး ဒါကလွယ်လွယ်နဲ့ သိနိုင်တာမျိုးလည်း မဟုတ်ဘူးလေ ပြီးတော့ လူတိုင်းက အလုပ်မှာဆိုတော့ အတွင်းရေးတွေက သိဖို့မလွယ်ပါဘူးအေ”
ဟ! သူမ သိခဲ့လျှင်ပင် ချန်ချင်းယွီကို ပြောမည်မဟုတ်ပေ။ ချန်ချင်းယွီသာ ထိုယာယီအလုပ်သမား အလုပ်ကို လိုချင်လျှင် ပြိုင်ဘက်များ တိုးလာမည်မဟုတ်လော့။
ကလေးနှစ်ယောက် စောင့်ရှောက်စရာရှိသည် ဆိုသော်ငြား တကယ်တမ်းတွင် တခြားသူတစ်ယောက်ယောက်အား အကူအညီတောင်း၍ စောင့်ရှောက်ခိုင်းခြင်း ပြုနိုင်လေသည်။ ချန်ချင်းယွီမှာ ဝန်လေးတွန့်ဆုတ်နေသည် ဆိုသည့်တိုင် အဘွားကြီးကျောက်မှာ အိမ်ထောင်ဦးစီးဖြစ်နေရာ ဤကဲ့သို့ ငွေရပေါက်ရလမ်းကို လက်လွတ်ခံမည် မဟုတ်ပေ။ ထို့ကြောင့် အဒေါ်ကြီးမေ့မှာ တစ်ခွန်းမျှမဟချင်ကာ ဘာမျှမသိသည့်အလား ဟန်ဆောင်၍
“အလုပ်ရှာဖို့ဆိုတာ မလွယ်ပါဘူးအေ”
ထို့နောက် သူမသည် အမှန်တကယ် သက်ပြင်းချလိုက်ကာ
“နင့်ရဲ့ကျန့်ဝမ်ကတော့ တကယ်ကို စာမေးပွဲအောင်ပြီး အရည်အချင်း အရမ်းရှိတာပဲ”
မြင်သည့်အတိုင်းပင် လင်းကျန့်ဝမ် ကျောင်းပြီးသောအခါ နိုင်ငံ၏မူဝါဒမှာ ပြောင်းလဲသွားပြီး ပညာတတ်လူငယ်များ ကျေးလက်သို့သွားရမည့် မူဝါဒပေါ်ထွက်လာသည်။ လင်းကျန့်ဝမ်မှာ တစ်ဦးတည်းသော သားဖြစ်၍ ပေါ်လစီအရ သွားရန်မလိုသော်လည်း ဤသို့ပြောင်းသွားသည့် မူဝါဒကြောင့် အလုပ်မှာ မယုံကြည်နိုင်အောင် ရှားပါးလာ၏။ အလုပ်နေရာတစ်ခုကို ယွမ်တစ်ထောင်အထိ စျေးပေါက်နေပြီး ထိုအထိရောက်သည့်တိုင် ရှာရခက်လှကာ မည်သူမှ ရောင်းမည့်သူမရှိပေ။ လင်းကျန့်ဝမ်တစ်ယောက်မှာ တကယ်ပင် ထိပ်ဆုံးမှ စာမေးပွဲအောင်ခဲ့သည်။ သူ့တွင် အဆက်အသွယ်လည်းမရှိ၊ ငွေကြေးလည်း ခြူတစ်ပြားမရှိရာ သူ၏အောင်မြင်မှုမှာ သူကိုယ်တိုင်၏ အရည်အချင်းနှင့် အားထုတ်မှုကြောင့်သာတည်း!!
သူသည်ကား အတော်ပင် အရည်အချင်းရှိသော လူငယ်လေးပင်။
ထိုစဉ်အချိန်က ယွမ်မိသားစုမှ ယွမ်ဟောက်ဖုန်းလည်း အလုပ်တစ်ခု ရရှိသော်လည်း သတင်းအစုံဆုံးဖြစ်သည့် အဒေါ်ကြီးမေ့အတွက် ထိုအကြောင်းမှာ ပုံစံတစ်မျိုးဖြစ်ကြောင်း သိထားသည်။ ယွမ်ဟောက်ဖုန်း၏ အလုပ်မှာ ကျောက်ရုံ၏ အဆက်အသွယ်နှင့် ငွေပေးချေဝယ်ယူခဲ့ခြင်း ဖြစ်၏။
အခြားတစ်ဖက်တွင်မူ လင်းကျန့်ဝမ်မှာ သူ့အလုပ်ကို သူကိုယ်တိုင် ရှာဖွေခဲ့ခြင်း ဖြစ်သည်။
အဒေါ်ကြီးမေ့သည် အတင်းအဖျင်း ပြောတတ်သော်လည်း စိတ်ယုတ်မာရှိသူတစ်ယောက် မဟုတ်ပေ။ လင်းကျန့်ဝမ် ရှာဖွေထားခဲ့သော အလုပ်ကို အခြားသူများ နည်းလမ်းမျိုးစုံဖြင့် ကြံစည်နေကြသော်လည်း သူမမှာ ထိုသို့မလုပ်ခဲ့ပေ။ အမှန်စင်စစ် သူမ၏ကလေးမှာ အထက်တန်းပထမနှစ်သို့ ရောက်နေပြီဖြစ်ရာ ဘွဲ့ရရန် နှစ်နှစ်၊ သုံးနှစ်ခန့်သာ လိုတော့သဖြင့် အချိန်ယူရဦးမည်ဖြစ်သည်။
တကယ်တမ်း ယခုအချိန် အလုပ်ရှာလိုက်လျှင်လည်း အဆင်ပြေနိုင်သော်လည်း အဒေါ်ကြီးမေ့တွင် ထိုသို့သော စိတ်ကူးမရှိပေ။ သူမမှာ ချန်ချင်းယွီကို စိတ်ရင်းဖြင့်
"နင့်မိသားစုရဲ့ အလုပ်ကို အလွယ်တကူ လက်မလွှတ်လိုက်နဲ့။ ဒါက နင်တို့မိသားစုအတွက် အာမခံချက်ပဲ။ ရှောင်ကျား ကြီးလာတဲ့အခါ အလုပ်တစ်ခုရှိနေမှ သူ ကျေးလက်ကို ဆင်းမသွားရမှာ။ အငြိမ်းစားယူတာတို့၊ ပင်စင်ရတာတို့ဆိုတဲ့ နင့်ယောက္ခမရဲ့ စကားတွေကို နားမယောင်နဲ့။ သူက တကယ့်ကို အတ္တကြီးတာပဲ! ဒီအလုပ်က ကလေးတွေအတွက်ပဲ ဖြစ်သင့်တာ၊ ဒါမှ မှန်ကန်တဲ့အလုပ်ပဲ"
ချန်ချင်းယွီ; "ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က ငယ်ပါသေးတယ်။ ဒါက ကိုကိုကျန့်ဝမ်ရဲ့ အလုပ်ဖြစ်နေတော့ အမေ့အတွက်လည်း အာမခံချက်တစ်ခုခု ရှိသင့်တာပေါ့"
အဒေါ်ကြီးမေ့မှာ စိတ်မရှည်တော့ဘဲ
"သူ့မှာက အာမခံချက်ရှိတယ်၊ ညည်းအတွက်ကျတော့ကော? ဟူး... နင်ကတော့ တကယ်ပဲ... အမှန်ဆိုရင် နင်က အလုပ်ကိုယူပြီး နောက်ယောကျ်ားတစ်ယောက်နဲ့ အခြေချနေထိုင်လိုက်ရမှာ။ ထားလိုက်ပါတော့လေ၊ နင်ကတော့ ကျိန်းသေ နားထောင်မှာမဟုတ်ပါဘူး။ နင်ကတော့ တကယ့်ကို မျှော်လင့်ချက်မရှိတော့ဘူး"
သူမသည် ချန်ချင်းယွီကို လုံးဝကို မတတ်နိုင်တော့ဘူးဟု တွေးကာ ခေါင်းခါလိုက်၏။
ချန်ချင်းယွီသည် ကံဆိုးမဟု နာမည်ကြီးနေသော်လည်း အလုပ်အသစ်ရှာရန်မှာ သူမအတွက် မခက်ခဲပေ။ အနည်းဆုံး သူမမှာရုပ်ရည်လှပသည် မဟုတ်လော့။ သို့သော် သူမသည် ဤမိသားစုကိုသာ ခေါင်းမာမာဖြင့် တွယ်ကပ်နေ၏။
"ကလေးတွေကို လုံးဝဂရုမစိုက်တဲ့ အဘွားကြီးကျောက်ကို အခုထိ သည်းခံနေရတာကတော့ တကယ်ကို အသုံးမကျတာပဲ။"
အဒေါ်ကြီးမေ့သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ခေါင်းကို တရစပ်ခါယမ်းရင်း ထွက်သွားတော့သည်။
ချန်ချင်းယွီ: "..."
သူမ ထိုစကားကို စိတ်ထဲမထားဘဲ ပြုံးနေမိသည်။
ကျောက်ရုံနှင့် အခြားသူများ သူမမိသားစု၏ အလုပ်ကို ရရှိရန် နည်းမျိုးစုံဖြင့် လှည့်ပတ်ကြံစည်နေကြခြင်းဖြစ်သော်လည်း၊ အဒေါ်ကြီးမေ့မှာမူ အလုပ်အား သူမယူလိုက်ခြင်းသည်သာ သူမ၏ဘဝကို ပိုမိုလွယ်ကူစေမည်ဟု စိတ်ရင်းဖြင့် ထင်မြင်နေခြင်းဖြစ်၏။
သို့သော်လည်း ချင်ချင်းယွီကတော့ ထိုသို့လုပ်မည်မဟုတ်!
သူမ ဘာကြောင့် နောက်အိမ်ထောင်ပြုရမှာလဲ? ယောကျ်ားကို ပြုစုဖို့အတွက် ဘာကိစ္စ သူမအချိန်တွေကို ပေးရမှာလဲ!!!
ယနေ့ခေတ်ကာလသည် နောင်နှစ်ပေါင်းများစွာ ကြာလာသည့်အခါကဲ့သို့ အိမ်ထောင်စုတိုင်းကို အမျိုးသမီးများမှ စီမံခန့်ခွဲသည့်ခေတ် မဟုတ်သေးပေ။ အချို့အမျိုးသမီးများမှာ နေ့ဘက်တွင် အလုပ်လုပ်ရပြီး၊ ပြန်လာလျှင်လည်း အဝတ်လျှော်၊ ထမင်းဟင်းချက်နှင့် အိမ်မှုကိစ္စများကို လုပ်ကိုင်ရသော်လည်း၊ အမျိုးသားများမှာ အရှင်သခင်များကဲ့သို့ ဘာမှမလုပ်ဘဲ နေတတ်ကြသည်။
ဘာကြောင့် သူမက အဲ့လို အလုပ်အကျွေး ပြုနေရမှာလဲ!!
ငါ့ရဲ့ အခုဘဝက ဒီလောက်ကောင်းနေတာကို၊ ဘာလို့ ကျွန်တစ်ယောက်လို အဖြစ်ခံရမှာလဲ?
ငါ့ဦးနှောက်က အကောင်းကြီးရှိသေးတယ်!!
ထို့အပြင် သူမ၌ ငွေများလည်း ရှိသေးသည်။ အဘွားကြီးကျောက်မှာ ပညာမတတ်သဖြင့် အချို့အရာများကို ထိုးထွင်းမသိနိုင်သော်လည်း၊ ပါးနပ်သူတစ်ဦးဆိုလျှင် ရိပ်မိသွားနိုင်သည်။ ထို့မျှမက သူမသည် လုံးဝကို အလျှော့ပေးတတ်သူမဟုတ်ရာ၊ နောက်အိမ်ထောင်ဆိုသည်မှာ သူမ၏ ငြိမ်းချမ်းသောဘဝအတွက် အဟန့်အတားတစ်ခု အမှန်တကယ် ဖြစ်လာနိုင်၏။
ထို့အပြင် သူမနှင့် အဘွားကြီးကျောက်မှာ ယခုထိတော့ အပေးအယူမျှပြီး မျှတမှုရှိနေကာ ဘဝကို ကောင်းမွန်စွာ ဖြတ်သန်းနေကြသည်။
အဘွားကြီးကျောက်က ပြဿနာရှာရဲလား!!
အဲ့ဒါဆိုရင်တော့ ရူးသွားလို့ပဲ ဖြစ်ရမယ်။
မည်သို့ပင်ဖြစ်စေ၊ ချန်ချင်းယွီတွင် နောက်အိမ်ထောင်ပြုရန် ရည်ရွယ်ချက် လုံးဝမရှိသဖြင့် အခြားသူများ ပြောသမျှမှာ သူမအတွက် အရေးမပါပေ။
သို့သော် ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာမူ စိတ်ဝင်တစား နားထောင်နေကြသည်။ ရှောင်ကျားမှာ ချန်ချင်းယွီအနားသို့ မဝံ့မရဲ ကပ်လာပြီး
"မေမေ~"
ချန်ချင်းယွီ: "ဘာလဲ?"
ရှောင်ကျား သူမအဝတ်စကို ဆုပ်ကိုင်ထားရင်း ချီတုံချတုံဖြစ်နေကာ၊ ချင်ချင်းယွီကို တစ်ချက်ခိုးကြည့်ပြီးမှ တိုးတိုးလေး ကပ်မေးရှာ၏။
"အဘွားမေ့က မေမေ့ကို နောက်အိမ်ထောင်ပြုဖို့ ဖျောင်းဖျနေတာလားဟင်?"
ကောင်လေးမှာ အသက်သုံးနှစ်သာ ရှိသေးသော်လည်း မကြာသေးမီမှ အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ရပြီးနောက် အခြေအနေအချို့ကို ဝေဝေဝါးဝါး နားလည်နေရှာသည်။ သူသည် မိခင်ကို စိုးရိမ်တကြီး ကြည့်နေပြီး၊ သူ၏ မျက်လုံးဝိုင်းကြီးများမှာ ဝမ်းနည်းရိပ်များဖြင့် ပြည့်နှက်နေ၏။ ကောင်လေးတွင် ချစ်ခင်ရသော ဖခင် မရှိတော့သည့်အတွက် မိခင်ကိုလည်း ထပ်မံ အဆုံးရှုံးမခံလိုပေ။ သူသည် တွေးရင်းတွေးရင်းနှင့် ပို၍ ကြောက်လန့်လာကာ မျက်ရည်များကို ထိန်းထားရင်း မျက်လုံးများ နီရဲလာ၍
"မေမေ... သား လိမ္မာပါ့မယ်၊ ညီမလေးလည်း လိမ္မာမှာပါ။ ကျေးဇူးပြုပြီး မသွားပါနဲ့နော် ဟုတ်ပြီလား?"
ရှောင်ယွမ်သည်လည်း မည်သို့လုပ်ရမည်မသိ၊ သူမအစ်ကိုအနားတွင် ကပ်ကာ ခေါင်းလေးငုံ့နေရှာသည်။
ချန်ချင်းယွီသည် ထိုကလေးငယ်နှစ်ဦးမှာ တကယ်ပင် လုံခြုံမှုမရှိသလို ခံစားနေရကြောင်း ရိပ်မိလိုက်၏။
သူမသည် ကလေးငယ်၏ ခေါင်းကို အသာအယာပုတ်ပေးရင်း
"ဘာတွေ လျှောက်ပြောနေတာလဲ? မေမေက ဘယ်ကိုသွားမှာလဲ? မေမေက သားတို့ကို ပစ်ထားခဲ့ပါ့မလား? မေမေက သားတို့ဖေဖေကို အချစ်ဆုံးပဲ၊ ဒါကြောင့်လည်း မေမေ ဘယ်မှမသွားဘူး၊ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကိုလည်း ဘယ်တော့မှ ပစ်မထားဘူး"
သူမသည် ကလေးများကို ဖိအားမပေးဘဲ အေးအေးဆေးဆေးပင် ဖြောင်းဖျချော့မော့လိုက်ကာ
"ဒီနေ့ နေ့လယ်ကျရင် ကြက်သွန်မြိတ် သွားဝယ်ကြမယ်။ မေမေက ကြက်သွန်မြိတ်ပန်ကိတ် စားချင်လို့၊ သားတို့ကော စားချင်လား?"
"ဟုတ်! စားချင်တယ်!"
"သားလည်း စားချင်တယ်"
ချန်ချင်းယွီမှာ အလွန်တည်ငြိမ်နေသဖြင့် ကလေးနှစ်ယောက်မှာ စိတ်သက်သာရာရသွားပြီး ချက်ချင်းပင် အာရုံပြောင်းသွားကြသည်။
ချန်ချင်းယွီ: "ဒီနေ့ နေ့လယ်ကျရင် မေမေ့ကို ကြက်သွန်မြိတ် ကူသင်ပေးမလား?"
"ဟုတ်ကဲ့! ရှောင်ကျားက အလုပ်တွေ ကူလုပ်နိုင်တယ်"
"ရှောင်ယွမ်လည်း လုပ်နိုင်တယ်၊ ရှောင်ယွမ်လည်း အလုပ်ကူလုပ်မယ်"
ချင်ချင်းယွီ : "ကောင်းပြီလေ၊ ဒါဆို ကြက်သွန်မြိတ်ပန်ကိတ်လုပ်ကြတာပေါ့။ ကြက်သွန်မြိတ်ပန်ကိတ်ထဲမှာ ဘာတွေပါလဲ သိလား?"
ရှောင်ကျား: "သိတာပေါ့၊ ကြက်သွန်မြိတ်တွေ ပါတယ်"
ရှောင်ယွမ်: "ကိုကိုပြောတာ မှန်တယ်"
ချန်ချင်းယွီ ပြုံးပြီး "နောက်ထပ် ဘာရှိသေးလဲ? ကြက်သွန်မြိတ်ချည်းပဲတော့ မဟုတ်လောက်ဘူးမလား?"
ကလေးနှစ်ယောက်လုံး မသိကြပေ။ သူတို့ခမျာ ခေါင်းလေးများစောင်းပြီး စဉ်းစားနေကြကာ သူတို့နှစ်ယောက်လုံးမှာ ကြက်သွန်မြိတ်
ပန်ကိတ် တစ်ခါမှ မစားဖူးကြသေးပေ။ ရှောင်ယွမ်သည် ရှေ့ခြံထဲမှ ဝမ်မေ့လန်သမီးဖြစ်သူ နာ့နာ စားနေသည်ကိုသာ မြင်ဖူးသည်။ နာ့နာမှာ ကြက်သွန်မြိတ်ပန်ကိတ်ကို ကိုင်ပြီး သူတို့ရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အကြိမ်ကြိမ် လမ်းလျှောက်ပြခဲ့ဖူး၏။
ရှောင်ကျား: "သားလည်း မသိဘူး။ ကြက်သွန်မြိတ်မုန့်ထဲမှာ တခြားဘာတွေ ထပ်ပါသေးလဲဆိုတာ မသိဘူး"
ကလေးငယ်မှာ ချန်ချင်းယွီကို မျှော်လင့်တကြီး ကြည့်ကာ
"မေမေ... တခြားဘာတွေ ပါသေးလဲဟင်?"
ရှောင်ယွမ်သည်လည်း စူးစမ်းလိုစိတ်ဖြင့် မျက်လုံးလေးများ ဝိုင်းသွားလေသည်။
ချန်ချင်းယွီ ပြုံးပြီး "ကြက်ဥလေ! ကြက်သွန်မြိတ်ပန်ကိတ်ထဲမှာ ကြက်ဥတွေ ပါတယ်။ သားတို့ ကြက်ဥ ကြိုက်လား?"
ကလေးငယ်နှစ်ဦးမှာ ချက်ချင်းပင် ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်၏။ ကြက်ဥဆိုသည်မှာ ကမ္ဘာပေါ်တွင် အကောင်းဆုံး၊ မည်သို့ပင် ချက်ပြုတ်သည်ဖြစ်စေ အလွန်အရသာရှိသော အရာပင်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ တံတွေးကို မြိုချလိုက်ရင်း
"မေမေ... သားတို့ အရမ်းကြိုက်တယ်!"
"သမီးလည်း ကြိုက်တယ်~~~~"
"ဒါဆို ဒီနေ့ည အဲ့ဒါလုပ်စားကြမယ်"
"ဟုတ်ကဲ့!"
မိသားစုသုံးဦးလုံး ပျော်ရွှင်စွာ ပြုံးရွှင်သွားကြသည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ခုံပုလေးများကို ယူကာ ချန်ချင်းယွီအနားတွင် ထိုင်လိုက်ကြ၏။ ချန်ချင်းယွီသည် နေ့လယ်စာအတွက် ဂျုံမှုန့်နှင့် ကောက်နှံကြမ်းများ ရောစပ်ထားသော ပေါက်စီကို လုပ်ပေးလိုက်သည်။ ဂျုံဖြူ ၈၀ ရာခိုင်နှုန်းနှင့် ကောက်နှံကြမ်း ၂၀ ရာခိုင်နှုန်းခန့်သာ ပါဝင်သဖြင့် အရသာမှာ အတော်လေး ကောင်းမွန်လှ၏။
ချန်ချင်းယွီသည် အလုပ်ရှုပ်နေရင်းမှ ဈေးကွက်စီးပွားရေးစနစ်သည် ဘယ်တော့မှ အပြည့်အဝ လွတ်လပ်ခွင့်ရပြီး သူမ အပြင်ထွက်ကာ စိတ်ကြိုက် အစားအသောက် ဝယ်ယူနိုင်မည်နည်းဟု တွေးတောနေမိသည်။
ကိုယ်တိုင်ချက်ပြုတ်ရခြင်းမှာ... မစားလျှင်လည်း ဆာမည်၊ နေ့တိုင်းချက်ရခြင်းမှာလည်း တကယ့်ကို ပင်ပန်းသောအလုပ်ပင်။
အထူးသဖြင့် သူမလို "ဘာမှမလုပ်တတ်တဲ့သူ" အတွက်ဆိုရင်တော့... ဟူး~
ချန်ချင်းယွီသည် အလုပ်ရှုပ်နေရင်းမှ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ရာ၊ အမျိုးသမီးတစ်ဦး နောက်ဘက်သို့ လျှောက်သွားသည်ကို မြင်လိုက်ရသည်။
ဟင်?
သူမ ချက်ချင်းပင် အပြင်သို့ ထွက်ကြည့်လိုက်၏။ ယနေ့ခေတ်ကာလတွင် ဤခြံဝန်းအတွင်းရှိ လူအားလုံးမှာ တစ်ဦးနှင့်တစ်ဦး သိကြပြီး၊ သူစိမ်းတစ်ယောက် ပေါ်လာပါက လူတိုင်း သတိထားမိကြကာ အလွန်ဂရုစိုက်ကြသည်။ ချန်ချင်းယွီသည် စူးစမ်းလိုစိတ်ဖြင့် ထွက်ကြည့်လိုက်ရာ၊ ရှီကျန့်ရှန်းလည်း ထွက်လာသည်နှင့် ကြုံကြိုက်သွား၏။
တွေ့လား၊ တွေ့လား၊ ထင်သားပဲ! ဘယ်အချိန် သူစိမ်းပေါ်လာပေါ်လာ ဒါပဲ! အဘွားကြီးတွေ မျက်စိအောက်က လွတ်သွားတာဆိုတာ မရှိဘူး!!
ချန်ချင်းယွီ : "ဒေါ်လေးရှီ၊ ခုနက သူစိမ်းတစ်ယောက် နောက်ဘက်ကို လျှောက်သွားတာ ဘယ်သူလဲဟင်?"
ရှီကျန့်ရှန်း မျက်စောင်းထိုးလိုက်ပြီး
"ညည်းမျက်စိက တကယ်ပဲ ညံ့တာပဲ၊ အဲ့ဒါ ကျန်းရှင်းဖှရဲ့ မိန်းမလေ။ အို... ငါပြောရဦးမယ်၊ ညည်း ပထမဆုံး မြင်မြင်ချင်း မမှတ်မိတာ မဆန်းပါဘူး၊ သူ အခု ဝတ်ထားတဲ့ပုံစံက တကယ့်ကို မြေခွေးမလေးတစ်ကောင်လိုပဲ"
ချန်ချင်းယွီ: "ဘယ်သူလဲ? ကျန်းရှင်းဖှရဲ့ မိန်းမလား? ကျွန်မ သူ့ကို မတွေ့တာ ကြာပြီ"
သူမသည် ထိုမိန်းမကို မှတ်မိသော်လည်း ကိုယ်တိုင်မြင်ဖူးသည်မှာ ယခုမှ ပထမဆုံးအကြိမ်ဖြစ်သဖြင့် နောက်ဘက်သို့ စူးစမ်းစွာ ကြည့်လိုက်မိသည်။
ရှီကျန့်ရှန်း: "တခြားသူက ဘာပြောဦးမှာလဲ? ငါတောင် သူ့ကို မတွေ့တာ နှစ်လနီးပါး ရှိနေပြီ။ ဒီဇနီးသည်လေးက အရမ်းကို ရဲတင်းလာတာပဲ။ တစ်နေ့ကုန် အိမ်ပြန်မလာဘူး။ မိန်းမတစ်ယောက်က ဒီလိုမျိုး ယောကျာ်းနဲ့ ကလေးတွေကို ပစ်ထားပြီး ဘယ်လိုနေနိုင်တာလဲ?"
ချန်ချင်းယွီ: "ဟင်? သူတို့က ကွာရှင်းလိုက်ကြပြီ မဟုတ်လား?"
ကွာရှင်းထားတယ်ဟုတ်? ကျန်းရှင်းဖှက သူမရဲ့ခင်ပွန်း မဟုတ်တော့ဘူးလေ!
ရှီကျန့်ရှန်း; "သူ့ယောကျာ်းမဟုတ်လို့ ဘယ်သူ့လင် ဖြစ်ရမှာလဲ? သူတို့ အခုထိ အတူတူနေနေကြတာ လူတိုင်းသိတာပဲလေ။ ခုတင်တစ်လုံးတည်းမှာ အတူအိပ်နေကြတာပဲ၊ ကွာရှင်းထားတယ်ဆိုဦးတော့ ခွဲမှမနေကြတာ။ အဲ့ဒါ ဘယ်လိုကွာရှင်းတာမျိုးလဲ? ငါ့အထင်တော့ သူ နောင်တရနေတာ ကျိန်းသေတယ်။ အဘွားကြီးဟွမ်တို့လိုပေါ့၊ လူတိုင်းမြင်တာပဲ၊ သူ ကွာရှင်းပြီးတော့ သေမတတ်နောင်တရနေတာလေ။ ဒါပေမဲ့ အဘိုးကြီးကျန်းက သူ့ကို ပြန်မယူတော့ဘူး။ ကျန်းရှင်းဖှရဲ့ မိန်းမလည်း ဒီလိုပဲ ဖြစ်မှာပေါ့။ မိန်းမတွေက ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးမနေသင့်ဘူး။ မိသားစုကိုပဲ ကောင်းကောင်း ပြုစုစောင့်ရှောက်သင့်တာ။ ယောကျ်ားတစ်ယောက် စိတ်လေတယ်ဆိုတာ ဘာဆန်းလို့လဲ? ယောကျ်ားဆိုတာ အပြင်ထွက် အပျော်အပါးလိုက်စားရုံနဲ့ ဘာမှရှုံးမသွားဘူး။ ဇနီးသည်ဆိုတာ စိတ်သဘောထား ကြီးရတယ်။ ကွာရှင်းမယ်ဘာညာနဲ့ ပြဿနာရှာနေတာ၊ ဘာလဲ... သူက ပြန်အိမ်ထောင်ပြုနိုင်မယ် ထင်နေတာလား? အဲ့လိုမိန်းမမျိုးကို ဘယ်သူက လိုချင်မှာလဲ? ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး၊ တကယ်ရှက်ဖို့ကောင်းလိုက်တာ! ကွာရှင်းထားတဲ့ မိန်းမတစ်ယောက်ရဲ့ ဘဝက မလွယ်ဘူးဟဲ့"
ချန်ချင်းယွီ: "..."
ရှင့်ရဲ့ ရွံစရာကောင်းတဲ့ အတွေးအခေါ်တွေကို နားထောင်နေရတာ ကျွန်မ ရှင့်ခေါင်းကိုပဲ ရိုက်ခွဲပစ်ချင်တော့တာပဲ!
ရှင် ဘာတွေ လျှောက်ပြောနေတာလဲ!
သူမ ရှီကျန့်ရှန်းကို နက်ရှိုင်းစွာ စိုက်ကြည့်ပြီး အိမ်ထဲပြန်ဝင်ခဲ့၏။
မမြင်မှအေးမယ်!!
ရွံစရာအဘွားကြီး!! မြင်လိုက်
ကြားလိုက်ရတဲ့နဲ့ကို ပါးချည်းပိတ်ရိုက်ချင်စိတ်ပေါက်တယ်!!
ချန်ချင်းယွီသည် တိတ်ဆိတ်စွာပင် အိမ်ထဲသို့ ပြန်ဝင်လာခဲ့စဉ် ရှီကျန့်ရှန်းတစ်ယောက် ထိုအချက်ကို ဂရုမစိုက်ဘဲ တတွတ်တွတ် ဆက်ပြောနေဆဲပင်။ ပြောလို့ပြီး၍ ကြည့်နေမည့်သူ မရှိတော့မှန်း သိခါမှ "သူကတော့ တကယ့်ကို အနေအထိုင်မတတ်တာပဲ။ ဘယ်လိုလူစားမျိုးလဲ မသိဘူး၊ ဒါကြောင့်လည်း လူမုန်းများတာ" ဟု ဆိုကာ နှာခေါင်းရှုံ့လျက် အိမ်ထဲဝင်သွားလေသည်။
ချန်ချင်းယွီစိတ်ထဲမှ ကျိန်ဆဲလိုက်၏။
'ရှင့်လိုလူမျိုးကသာ တကယ်ပဲ သဘောကျနေရင် အဲ့ဒီလူဟာ ဘယ်လောက်တောင် အသုံးမကျတဲ့ အမှိုက်ဖြစ်နေမလဲ!'
နေ့လယ်စာအတွက် ချန်ချင်းယွီသည် ဂေါ်ဖီထုပ်ကြော်ကို ချက်ပြုတ်လိုက်သည်။ သားသတ်လွတ်ဟင်း ဖြစ်သော်လည်း ဆီကို ရွှဲရွှဲသုံးထားသဖြင့် အရသာမှာ အတော်လေး ကောင်းမွန်လှပြီး၊အခြားသူများကဲ့သို့ ဒယ်အိုးအောက်ခြေကို ဆီဝတ်ဖြင့် ပွတ်ရုံမျှမကဘဲ သူမမှာ ဆီအမြောက်အမြားကို တကယ်အသုံးပြုခဲ့ခြင်း ဖြစ်၏။
"မေမေ့လက်ရာက အကောင်းဆုံးပဲ!"
ရှောင်ကျားမှာ ချိုသာစွာ အော်ပြောရှာသည်။
ချန်ချင်းယွီ ပြုံးပြီး
"ဘယ်လောက်တောင် ကောင်းလို့လဲ?"
"အရမ်း၊ အရမ်း ကောင်းတာ! တကယ်ကို အကောင်းကြီးပဲ!"
ရှောင်ကျားလေးသည် သူ၏လက်ကလေးများဖြင့် အမူအရာပြသော်လည်း မည်မျှအထိလဲဆိုသည်ကို အတိအကျမသိပေ၊ 'အများကြီး၊ အများကြီးပဲ' ဆိုသည့် သဘောပင်။
ချန်ချင်းယွီ ရယ်မောရင်း သူ၏ပါးလေးကို ဆွဲဖဲ့လိုက်ကာ
"ဒါဆိုရင် အများကြီးစားနော်၊ ဝဝတုတ်တုတ်လေးဖြစ်မှ ပိုချစ်ဖို့ကောင်းမှာ"
ရှောင်ကျား: "ဟုတ်ကဲ့ပါ~"
ရှောင်ယွမ်သည်လည်း အညှစ်ခံချင်၍ သူမ၏ပါးလေးကို ချန်ချင်းယွီ၏လက်အနားသို့ တိတ်တဆိတ် တိုးကပ်လာသည်မှာ လိပ်ကလေးတစ်ကောင် ခေါင်းပြူလာသကဲ့သို့ပင်။ ချန်ချင်းယွီမှာ "ဖူး!" ခနဲ ရယ်မိသွား၏။
သူမသည် ရှောင်ယွမ်ကိုလည်း တို့ထိလိုက်ပြီး
"ရှောင်ယွမ်လေးလည်း အတူတူပဲ"
ထိုကလေးမလေးသည် ချက်ချင်းပင် သူမ၏ သွားကျိုးလေးများကို ပြကာ ပြုံးပြလေသည်။
ချင်ချင်းယွီ: "စားကြ၊ စားကြ၊ ဗိုက်ပြည့်အောင် စားကြနော်"
ကလေးနှစ်ယောက်လုံးက လိမ္မာယဉ်ကျေးစွာ ခေါင်းငြိမ့်ကြ၏။
ချစ်ဖို့ကောင်းသော ကလေးငယ်များသည် နတ်သား၊ နတ်သမီးလေးများနှင့် တူလှလေသည်။
ကလေးနှစ်ယောက်လုံးမှာ ဆိုးသွမ်းခြင်းမရှိဘဲ လိမ္မာရေးခြားရှိကြသဖြင့် ချန်ချင်းယွီအတွက် စိတ်သက်သာရာရစေ၏။
နေ့လယ်စာစားပြီးနောက် ချန်ချင်းယွီ သူတို့အား
"မေမေ မြေကြီးသွားတူးမလို့၊ သားတို့ အိမ်မှာပဲ နေခဲ့နိုင်မလား?"
ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ မျက်လုံးလေးများမှာ ဝိုင်းခနဲ ဖြစ်သွားကြသည်။
ချန်ချင်းယွီ: "မေမေက ဟင်းသီးဟင်းရွက်စိုက်ဖို့ မြေတူးမလို့လေ၊ သားတို့ လိုက်ခဲ့ရင် မေမေက လက်တွဲထားရမှာဆိုတော့ အလုပ်လုပ်ရတာ အဆင်မပြေဘူး"
"မေမေ၊ သားတို့ ဘာသာ လမ်းလျှောက်နိုင်ပါတယ်"
ရှောင်ကျားမှာ ကလေးပီပီ ပြန်ငြင်းလိုက်၏။
ချန်ချင်းယွီ: "ဒါပေမဲ့ အဲ့ဒီနေရာက တော်တော်ဝေးတယ်၊ လမ်းမှာ ဘတ်စ်ကားလည်း စီးရဦးမှာ။ ပြန်လာရင် မေမေက ပစ္စည်းတွေ သယ်ရမှာဆိုတော့ သားတို့လက်ကို မတွဲနိုင်တော့ဘူး၊ အဲ့ဒါက တကယ်ကို အဆင်မပြေလို့ပါ။ မေမေ အမြန်ပြန်လာခဲ့မယ်လို့ ကတိပေးတယ်၊ ဟုတ်ပြီလား?"
ရှောင်ကျားနှင့် ရှောင်ယွမ်: "..."
ကလေးနှစ်ယောက်မှာ အနည်းငယ် ချီတုံချတုံဖြစ်နေသော်လည်း ယခင်ကလည်း ဤသို့ဖြစ်ခဲ့ဖူးသည်ကို သတိရကာ တိတ်ဆိတ်စွာပင် ခေါင်းငြိမ့်လိုက်ကြသည်။
ချန်ချင်းယွီ ပြုံးလိုက်မိပြီး
"လိမ္မာလိုက်တာ၊ မေမေ အမြန်ပြန်လာခဲ့မယ်။ ပြန်ရောက်ရင် သားတို့ကို ဈေးဝယ်ထွက်ဖို့ လိုက်ပို့မယ်နော်"
"ဟုတ်ကဲ့!"
ချန်ချင်းယွီသည် ကလေးများကို မုန့်အချို့ပေးကာ
"နေ့လယ်ဘက် ဗိုက်ဆာရင် စားထားနော်၊ မေမေ အမြန်ဆုံး ပြန်လာခဲ့မယ်"
"ဟုတ်ကဲ့ပါ!"
ရှောင်ကျားသည် ပြီးခဲ့သည့်အကြိမ်ကထက် ပို၍ တည်ငြိမ်နေပြီး၊ ရှောင်ယွမ်သည်လည်း သူမအစ်ကိုအနားသို့ တိုးကပ်ကာ ပါးလေးများဖောင်းလျက် အလွန်တည်ကြည်စွာ ခေါင်းငြိမ့်ပြရှာသည်။
ချန်ချင်းယွီသည် ကလေးများကို ခြံဝင်းထဲတွင် မထားခဲ့ပေ။ ခြံဝင်းအတွင်းသို့ ပြင်ပလူများ ဝင်လာလေ့မရှိသဖြင့် အတော်အတန် ဘေးကင်းသည်ဟု ဆိုနိုင်သော်လည်း၊ ကလေးများမှာ ငယ်လွန်းသေးသဖြင့် သူမ စိုးရိမ်မိ၏။ ထို့ကြောင့် ကလေးများအား အိမ်တံခါးကို အတွင်းမှ ဂျက်ထိုးထားရန် မှာကြားပြီးမှ ပုံးတစ်လုံးသွားငှားရန် ထွက်ခဲ့သည်။ ပိုင်ဖုန်းရှန်း၏ မိသားစုတွင် ထိုကဲ့သို့သော ပစ္စည်းကိရိယာများ အစုံအလင်ဆုံး ရှိတတ်၏။
အင်း!! ရှီကျန့်ရှန်းတို့ အိမ်မှာလည်း ရှိမှာပဲ၊ ဒါပေမဲ့ ဦးလေးမာက အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်နေသူဆိုတော့ ငါ့အနေနဲ့ ပိုင်ဖုန်းရှန်းဆီကိုပဲ သွားတာက ပိုသဘာဝကျတယ်…
ပိုင်ဖုန်းရှန်းမှာလည်း ဤကဲ့သို့သော အသေးအဖွဲကိစ္စများကို စိတ်ထဲမထားဘဲ ချန်ချင်းယွီကို လိုလိုလားလားပင် ငှားပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒေါ်လေးကျွန်မ ပြန်ရောက်တာနဲ့ သန့်သန့်ရှင်းရှင်းလုပ်ပြီး ပြန်ပေးပါ့မယ်။ တကယ်ပဲ ကျေးဇူးတင်ပါတယ်"
ပိုင်ဖုန်းရှန်း; "ရပါတယ်အေ မြေကြီးတူးရင် မြေအရောင်ရင့်တဲ့နေရာကို ရှာတူးနော်၊ မြေရောင် ပိုရင့်လေလေ မြေဆီလွှာ ပိုကောင်းလေလေပဲ"
ချန်ချင်းယွီ: "ဟုတ်ကဲ့ပါ"
သူတို့နှစ်ဦး စကားပြောနေစဉ် နောက်ဘက်ဆီမှ တဖြောင်းဖြောင်းနှင့် အရာဝတ္ထုများ ကွဲအက်သံများကို ကြားလိုက်ရသည်။ သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြကာ၊ ခြံဝင်းတာဝန်ခံ၏ ဇနီးဖြစ်သည့်အတိုင်း ပိုင်ဖုန့်ရှန်းမှာ ရှေ့ဆောင်ကာ စတုတ္ထမြောက်ခြံဝန်းဆီသို့ အမြန်သွားကြည့်ကြ၏။ ထိုနေရာမှ ဆူညံသံများ ထွက်ပေါ်လာခြင်းတည်း။
"ဟဲ့... ရှင်းဖှရဲ့ မိန်းမ၊ ညည်း ဘာတွေလုပ်နေတာလဲ? အိမ်ကို ဘာလို့ ဖျက်ဆီးနေရတာလဲ?"
"ရှင်တို့ကိစ္စ မဟုတ်တာကို ဝင်မပါနဲ့၊ အဘိုးကြီး အဘွားကြီးတွေ စပ်စုလိုက်တာ!"
စူးရှသောအသံတစ်ခု ထွက်လာ၏။
ပိုင်ဖုန်းရှန်း: "ညည်း! ငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ?"
သူမသည် ဒေါသကြောင့် ချက်ချင်းပင် မျက်နှာဖြူစုတ်သွားရသည်။ ဤသည်မှာ တကယ်ကို မလေးမစား လုပ်လွန်းခြင်းပင်!
"ကျွန်မ ဘယ်လိုပြောပြော ရှင့်ကိစ္စမဟုတ်ဘူး! ရှင့်အလုပ်ရှင်သာ ဂရုစိုက်စမ်းပါ။ ဟိုဟာဒီဟာနဲ့ အမြဲအတင်းပြောနေတာ၊ ဘာလဲ... ရှင်က မြစ်ဝါမြစ်ရဲ့ မြစ်စောင့်နတ်မင်းကြီးလား?! တကယ်ကို စပ်စုလွန်းတာပဲ!"
တစ်ဖက်လူမှာ အပြင်သို့ပင် ထွက်မလာသော်လည်း သူမ၏အသံမှာ စူးရှပြီး ရိုင်းပျလှ၏။
ပိုင်ဖုန်းရှန်း: "ညည်း ဘာဖြစ်နေတာလဲ! အပြင်ထွက်ခဲ့စမ်း။"
"ထွက်သွား၊ ကျွန်မ အလုပ်ရှုပ်နေတယ်၊ ရှင်နဲ့ စကားပြောဖို့ အချိန်မရှိဘူး။ ကျွန်မကို လာမရှုပ်နဲ့။ ပြောစရာရှိရင် အဘိုးကြီးကျန်းတို့ မိသားစုကို သွားပြော။ ကျွန်မကို လာပြောလို့မရဘူး။ ကျွန်မက ကွာရှင်းထားတာ၊ ဒီခြံဝင်းရဲ့ အဖွဲ့ဝင်မဟုတ်တော့ဘူး။"
ပိုင်ဖုန်းရှန်း: "ညည်း…ကောင်းပြီ၊ ကောင်းပြီလေ၊ ကျန်းမိသားစုကို သွားမေးကြည့်ဦးမယ်၊ သူတို့ နင့်ကို ဘယ်လိုများ ထိန်းထားလဲဆိုတာ!! ဒီခြံဝန်းက လူမဟုတ်ဘဲနဲ့ ဒီမှာ ဘာလို့ နေနေသေးတာလဲ? ကွာရှင်းထားပြီး ဒီမှာ ဆက်နေနေတာဆိုတော့ တကယ့်ကို သိက္ခာမရှိတဲ့လူပဲ၊ ဟားဟား! ဟားဟားဟားဟား!"
သူမသည်လည်း လှောင်ပြောင်လိုက်သည်။
"ထွက်သွား! ရှင်တို့ အဘွားကြီးတွေက ဒီခြံဝန်းထဲမှာ ပြဿနာရှာတဲ့သူတွေချည်းပဲ! ထွက်သွားစမ်း! တခြားသူတွေထက် သာသလိုလို ဘာလိုလိုနဲ့ လာမလုပ်နဲ့!"
ပိုင်ဖုန်းရှန်းသည် အဘွားကြီးဟွမ်နှင့် အဘွားကြီးကျောက်တို့ကဲ့သို့ ရန်တွေ့တတ်သည့် မိန်းမစားမျိုး မဟုတ်သော်လည်း ဒေါသတကြီးဖြင့် ပြန်ပက်လိုက်၏။
"ကောင်းပြီ! ငါ ညည်းနဲ့ မပတ်သက်တော့ဘူး၊ ဒါပေမဲ့ တခြားသူကတော့ ပတ်သက်လိမ့်မယ်! ငါ ကျန်းမိသားစုဆီ အခုပဲ သွားပြောမယ်။"
ထိုသို့ပြောပြီး သူမ ဒေါသတကြီး ထွက်သွားလေရာ
အဖြစ်အပျက်တစ်ခုလုံးကို မြင်
လိုက်ရသည့် ချန်ချင်းယွီမှာ အံ့အားသင့်သွားသည်။ ကျန်းရှင်းဖှ၏ ဇနီးဟောင်းမှာ တကယ့်ကို အကြိတ်အနယ် ရှိလှ၏။
ပိုင်ဖုန်းရှန်းမှာ ဒေါသဖြင့် ထွက်သွားပြီး၊ ချန်ချင်းယွီ သူမကို တစ်ချက်ကြည့်လိုက်သော်လည်း အချိန်ဆွဲမနေတော့ပေ၊ ၎င်းမှာ သူမနှင့် မသက်ဆိုင်ပေ။
ဆူညံသံကို ကြားလိုက်ရသဖြင့် ရှီကျန့်ရှန်းမှာ စိတ်လှုပ်ရှားစွာ ရောက်လာပြီး
"ပိုင်ဖုန်းရှန်း အဆဲခံလိုက်ရတာလား? ဟုတ်လား?"
ချန်ချင်းယွီ အနေရခက်စွာ ပြုံးပြလိုက်ပြီး စကားမပြောရသေးခင်မှာပင် ရှီကျန့်ရှန်းတစ်ယောက် စတုတ္ထမြောက်ခြံဝန်းရှိ ကျန်းမိသားစုအိမ်သို့ အပြေးသွားကာ
"ရှင်းဖှရဲ့ မိန်းမ၊ ငါက ညည်းရဲ့ဒေါ်လေးရှီပါအေ! ညည်း ဒီလိုလုပ်လို့မရဘူး! လူကြီးသူမကို ဘယ်လိုတောင် မလေးမစား လုပ်ရတာလဲ? ဒီခြံဝန်းက ညည်းလို မိန်းမငယ်လေးတစ်ယောက် ရမ်းကားရမယ့်နေရာ မဟုတ်ဘူး။ အခုချက်ချင်း ညည်းရဲ့ ဒေါ်လေးပိုင်ကို တောင်းပန်လိုက်စမ်း။ ငါတို့ လူကြီးတွေက ညည်းကို အပြစ်မယူချင်လို့ပါ၊ မဟုတ်ရင်တော့ ညည်းကို ကောင်းကောင်း ဆုံးမရလိမ့်မယ်။ ညည်းက... အား!"
ချန်ချင်းယွီ အမြန်ချောင်းကြည့်လိုက်ရာ ဆံပင်ကောက်ကောက်တိုတိုနှင့် ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦးသည် သစ်သားရေမှုတ်ကို ကိုင်လျက် ရှီကျန့်ရှန်း၏ ခေါင်းကို ရုတ်တရက် ရိုက်ချလိုက်သည်ကို မြင်လိုက်ရသည်။
ချန်ချင်းယွီ: "အမလေး!"
ဒီခြံဝင်းက တကယ်ကို သာမန်နေရာမဟုတ်ဘူးပဲ၊ ပြဿနာရှာတတ်တာ အဘွားကြီးကျောက် တစ်ယောက်တည်း မဟုတ်ဘူး။
တွေ့လား?
ဤအမျိုးသမီးသည်လည်း စကားနည်းနည်းများသည်နှင့် လက်ပါတော့၏။
တောက်ပသော အနီရောင် သိုးမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် ဆံပင်လှိုင်းကြီးကြီးနှင့် အမျိုးသမီးသည် မုန်းတီးရိပ်များဖြင့် စိုက်ကြည့်နေပြီး ဟိန်းဟောက်လိုက်ကာ
"သောက်အဘွားကြီး ရှင်က ဘာကောင်မမို့လို့လဲ? ငါ ဘာမှမပြောလို့ ရှင်ကိုယ်ရှင် ပြဿနာမရှာတတ်တဲ့သူလို့ ထင်နေတာလား? ရှင်က တစ်ခြံလုံးမှာ အတင်းအဖျင်း အပြောဆုံးပဲ၊ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မမှန်းတောင် မသိဘူး။ ရှင်က ကျွန်မကို ဘယ်လိုစိတ်နဲ့ လာဆုံးမတာလဲ? ရှင်က ဘာကောင်မမို့လို့လဲ?! အနည်းဆုံး အဘွားကြီးပိုင်က ခြံဝင်းကို အုပ်ချုပ်ပြီး အသေးအဖွဲကအစ ကူညီပေးနေတဲ့သူ။ ရှင်က ဘာလဲ?! ကျွန်မပြောမယ်၊ ဒီကနေ အခုချက်ချင်း ထွက်သွားစမ်း။ မဟုတ်ရင် ရှင့်ကို ပညာပေးလိုက်မယ်! ရှင်က ဘယ်လို အမှိုက်မျိုးမို့လို့ ငါ့ကို လာရှုပ်ရတာလဲ! ထွက်သွား!"
"နင်... နင် မိန်းမကြမ်းမ၊ ကျန်းရှင်းဖှ နင့်ကို မလိုချင်တာ မဆန်းပါဘူး... အား!"
ဆံပင်လှိုင်းကြီးကြီးနှင့် အမျိုးသမီးမှာ ရေတစ်မှုတ်နှင့် ပက်လိုက်ရင်း
"ရှီကျန့်ရှန်း၊ နင် အကောင်းအတိုင်း နေချင်ရင် ငါ့ကို လာမရှုပ်ဘဲ ဒီကနေ ထွက်သွားတော့။ ကျန်းရှင်းဖှက ငါ့ကို မလိုချင်တာ မဟုတ်ဘူး၊ ငါက သူ့ကို မလိုချင်တာ။ ငါ့ကို ကြိုက်တဲ့ ယောကျ်ားတွေ အများကြီးပဲ၊ နင့်သားတောင် ငါ့နောက် တကောက်ကောက် လိုက်နေတာလေ။ ငါ့ကို လိုချင်သူမရှိဘူး ဟုတ်လား? နင့်သားက ငါ့အတွက် အလုအယက် ဖြစ်နေတာ! ရှီကျန့်ရှန်း၊ နင် အေးအေးဆေးဆေး နေချင်ရင် ထွက်သွား။ မဟုတ်ရင် ငါ အားနာမှာမဟုတ်ဘူး! ငါ နင့်ကို မကြောက်ဘူး!"
"နင် မြေခွေးမလေး၊ ငါ့သားရဲ့ နာမည်ကို ဖျက်ဆီးနေတာပဲ၊ နင့်ကို သတ်ပစ်မယ်... အား!"
ရှီကျန့်ရှန်းမှာ ရှူးရှူးရှားရှားဖြစ်ကာ အရှေ့သို့ တိုးလာသည်။
သူမ အသည်းအသန် ကာကွယ်တာက သူမသားရဲ့ ဂုဏ်သိက္ခာပဲ။ ယောကျ်ားတွေကို ဂရုမစိုက်ပေမဲ့ သူမသားကိုတော့ အထိမခံဘူး!
သို့သော်လည်း ဆံပင်လှိုင်းကြီးကြီးနှင့် အမျိုးသမီးမှာ အလျှော့ပေးမည့်သူ မဟုတ်ပေ။ သူမက ရေမှုတ်ကို ကိုင်ပြီး ရှီကျန့်ရှန်း၏ ခေါင်းကို တရစပ်ထုကာ
"နင့်ကို ရိုက်ပြီး ပညာပေးချင်နေတာ ကြာပြီ! ငါ နင့်ကို စကားမပြောချင်လို့ အောင့်ထားတာ၊ ဒါပေမဲ့ နင်က မရပ်တော့ဘူးဆိုရင်တော့ ငါလည်း လက်တွန့်နေမှာ မဟုတ်ဘူး! ဒီနေ့တော့ နင့်ကို သင်ခန်းစာ ပေးရမယ်! ရော့... ရော့!"
ကြည့်ကောင်းသည့် ပုံစံရှိသော်လည်း ထိုအမျိုးသမီးမှာ တကယ့်ကို တိုက်ခိုက်ရေး ကျွမ်းကျင်သူဖြစ်ပြီး အိုးခွက်ပန်းကန်များဖြင့်ပါ ရှီကျန့်ရှန်းကို ပစ်ပေါက်တော့သည်။ ရှီကျန့်ရှန်းမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားရရှာ၏။
ချန်ချင်းယွီ: "..."
ရှီကျန့်ရှန်းက ဘာလို့ စကားပဲများပြီး လက်တွေ့မှာ ဘာမှမလုပ်နိုင်တာလဲဆိုတာ အံ့သြစရာ မဟုတ်တော့ဘူး။
သူမရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တကယ်ကို ညံ့ဖျင်းလွန်းတာပဲ!
ရွှီကောင်းမင်ကို ကြည့်ရတာလည်း ထူးမခြားနားပါပဲ။ အို... သိပြီ။
ဒီဇနီးမောင်နှံက တိုက်ခိုက်ရေးစွမ်းရည် မရှိလို့ပဲ ကွယ်ရာမှာ နည်းလမ်းညစ်တွေနဲ့ လုပ်ကြံတာ ဖြစ်ရမယ်!
ရှီကျန့်ရှန်းမှာ ထိုအမျိုးသမီးကို မယှဉ်နိုင်သလို ဆဲဆိုရာတွင်လည်း မမီပေ။
“နင်ကတော့ သောက်အဘွားကြီး၊ ခြံဝင်းထဲမှာ အမြဲပြဿနာရှာပြီး ပေါက်ကရတွေ ပြောနေတာ! နင်က လူတောင် မဟုတ်ဘူး! နင်က အယုတ်တမာမပဲ၊ နင် ဘာမှ ကောင်းလာမှာ မဟုတ်ဘူး! ကျန်းရှင်းဖှနဲ့ ငါ အခုလို ဖြစ်ရတာ နင့်ရဲ့ သွေးထိုးမှုတွေကြောင့်ပဲ! နင်က အရမ်းကို ယုတ်မာလွန်းလို့ နင် မိုးကြိုးပစ်ခံရမှာ! သွားသေလိုက် အဘွားကြီး!"
ရှီကျန့်ရှန်းမှာ "နင်... နင်... နင်..." ဟုသာ ထစ်ထစ်ငေါ့ငေါ့ ပြောနိုင်ပြီး ထိုအမျိုးသမီးကို မယှဉ်နိုင်တော့ပေ။
ချန်ချင်းယွီမှာ အံ့ဩတကြီး ရေရွတ်မိကာ
"ဝါး... သူက တကယ့်ကို အစွမ်းထက်တာပဲ!"
"ဘုရားရေ၊ သူ အရင်က ဒီလောက် မကြမ်းပါဘူး၊ ဒီနေ့ ဘာဖြစ်နေတာလဲ မသိဘူး"
ချန်ချင်းယွီ လှည့်ကြည့်လိုက်ရာ ပိုင်ဖုန်းရှန်းလည်း ပြန်လာပြီး ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
ချန်ချင်းယွီ: "..."
“ရှင်းဖှရဲ့ မိန်းမက အရင်က အေးအေးဆေးဆေးနဲ့ မာနကြီးတဲ့သူပါ၊ ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးဘူး”
ချန်ချင်းယွီ ခေါင်းခါပြလိုက်ကာ
"ကျွန်မလည်း မသိဘူးလေ”
ကျွန်မ တကယ်မသိတာပါ!!
ကျွန်မကတကယ့်ကို သာမန်လူလေးတစ်ယောက်ပါ!!
ပြီးတော့ အကြီးအကျယ် ခံစားမိနေတာက... ဒီနေ့ မြေကြီးသွားတူးဖို့ မဖြစ်နိုင်တော့ဘူး ဆိုတာပါပဲ…
အဟိ!
ပွဲကြည့်ရတာ ကောင်းနေပြီ!
ဘယ်မှ မသွားချင်တော့ဘူး!
၃၈။ဦးနှောက်ဆေးခြင်း
ပြဿနာအိုး ဆံပင်လှိုင်းကြီးကြီးနှင့် အမျိုးသမီးသည် တကယ်ပင် လက်ဖျားခါရပေမည်။ မကြာခင် အချိန်လေးအတွင်း ရှီကျန့်ရှန်းကို အပီအပြင်ဆော်လွှတ်လိုက်ပြီ ဖြစ်၏။
မူလ၌ ရှီကျန့်ရှန်းသည် ပိုင်ဖုန်းရှန်းကို နင်းခြေ၍ မိမိကိုယ်မိမိ ရှေ့တန်းတင် ဂုဏ်သိက္ခာတည်ဆောက်ချင်သော်လည်း အခြေအနေမှာ မျက်နှာသာမပေးချေ။ ပို၍ပင်ဆိုးသွားခဲ့ကာ တစ်ဖက်မှ သူမအား မျက်နှာသာမပေးသည့်အပြင် တိုက်ရိုက်ဆော်ပလော်တီးထည့်လိုက်ရာ မျက်လုံးကြီးညိုလျက် ဖြစ်သွားရသည်။
အိုးမိုင်ဂေါ့!! အမယ်လေး… အဘွားကြီးရှီရဲ့မျက်ကွင်းက အာဟွားဟွားပန်ဒါတွေထက်တောင် ပိုမဲနေပါလား!!
ရှီကျန့်ရှန်းတစ်ယောက် ဒေါသဖြင့် တဆတ်ဆတ်တုန်နေပြီး ချန်ချင်းယွီမှာ ရယ်ချင်စိတ်ကို အောင့်အီးထားလိုက်ရကာ စေတနာစကား ဆိုလိုက်၏။
“ဒေါ်လေးရှီ ရန်ဖြစ်လို့ မနိုင်ရင်လည်း မြန်မြန်ရှောင်နေလေ မဟုတ်ရင် ဆေးရုံကိုထပ်ပြီး ရောက်သွားဦးမယ်”
ဤ” ထပ်ပြီး” ဆိုသော စကားလုံးမှာ ပညာသားပါလှသည်။ ယခုတလော သူတို့မိသားစုမှာ ဆေးရုံနှင့် အတော်လေးရေစက်ဆုံနေသည် မဟုတ်လော့။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဆေးရုံနှင့်နောက်ထပ် ရေစက်ဆုံနေသူများမှာ ကျန်းမိသားစုပင် ဖြစ်၏။ ဤမိသားစုနှစ်ခု ရန်ဖြစ်ကြရာ မည်သူနိုင်နိုင်၊ ရှုံးရှုံး ဆေးရုံအတွက် ဝင်ငွေတိုးစေသည်သာ။
ဆေးရုံကတော့ ဝင်ငွေတွေဖြောင့်နေတော့မှာပဲ မလိုချင်မှအဆုံးပဲ!!!
“ချလို့မနိုင်ရင် ဘာလို့မပြေးတာလဲ”
ချန်ချင်းယွီမှာ အလွန်စေတနာထားဟန်ဖြင့် ဆက်၍ အကြံပြုလိုက်သည်။
ရှီကျန့်ရှန်းသည် မျက်နှာကြီး ပျက်နေပြီး ဒေါသတကြီး အော်ပြောလိုက်ကာ
"ဘယ်သူက မနိုင်လို့လဲ၊ ငါက လူကြီးတစ်ယောက်အနေနဲ့ သူ့ကို အလျှော့ပေးနေတာ၊ ညည်း ဘာသိလို့လဲ! ဒီမိန်းမယုတ်၊ ကြည့်နေလိုက်၊ အားလုံး အလုပ်ဆင်းလာတာနဲ့ အိမ်ရာတစ်ခုလုံး အစည်းအဝေး ခေါ်ရမယ်! ငါတို့ဝင်းထဲမှာ ဒီလို ကိုယ်ကျင့်တရားပျက်တဲ့လူမျိုး ရှိလို့မဖြစ်ဘူး၊ သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ရမယ်! ငါက လူကြီးသူမပီပီ စေတနာနဲ့ ဖျောင်းဖျတာကို သူက ငါ့ကို ဒီလိုလုပ်တဲ့အပြင် ငါ့သားရဲ့ နာမည်ကိုပါ ဖျက်ဆီးသေးတယ်၊ ငါ သူ့ကို အလွတ်မပေးဘူး! ဒီနေ့ ကျန်းမိသားစု ငါ့ကို အဖြေတစ်ခု ပေးရမယ်!"
"သွားစမ်းပါ သောက်ကောင်မကြီးရယ်! နင့်ကို အဖြေပေးရမယ် ဟုတ်လား? နင်က ဘာကောင်မမို့လို့လဲ! ကိုယ့်ကိုယ်ကိုယ် ဘာထင်နေတာလဲ၊ နင့်မျက်နှာအိုကြီးက ဘာမျက်နှာပန်းလှနေလို့လဲ၊ နင်က အိမ်သာကျင်းထဲက နှစ်ချို့မစင်တုံးကြီးလိုပဲ၊ နံစော်ပြီး ရွံစရာကောင်းနေတာကို ကိုယ့်ကိုယ်ကိုယ် မြေဩဇာကောင်းကြီး ထင်နေတာလား! ငါပြောလိုက်မယ်၊ ငါက လယ်မစိုက်ဘူး၊ နင် အခုချက်ချင်း လစ်လိုက်တော့!"
ကျန်းရှင်းဖှ ဇနီးဟောင်းသည် အိမ်ထဲမှမထွက်ဘဲ အထဲမှနေကာ အော်ဟစ်ဆဲဆိုနေ၏။
ယခုတွင် လူတော်တော်များများ ရောက်လာကြပြီး အရှေ့ဘက်ဝန်းမှ လူများပါ အသံကြား၍ ရောက်ရှိလာကြသည်။
အဘွားကြီးဝမ်မှာ ဝါစဉ်ကြီး လူကြီးသူမဟန်ဖြင့် ဝင်ရောက်ဆုံးမလိုက်၏။
"ကျန်းမိသားစုက ချွေးမလေး၊ ဒါကတော့ မကောင်းဘူးလေ၊ လူကြီးကို ရိုသေပြီး လူငယ်ကို သနားရမယ်ဆိုတာ ငါတို့ နိုင်ငံလူမျိုးရဲ့ရိုးရာ ယဉ်ကျေးမှုလေ၊ အခု ညည်းလုပ်နေတာတွေက ဘာတွေလဲ? ငါ လူကြီးတစ်ယောက်အနေနဲ့ ပြောမယ်၊ ညည်း လွန်သွားပြီ!"
အဘွားကြီးဝမ်သည် ဤဝင်းထဲမှ မဟုတ်သော်ငြား ဤဝင်းတွင်နေထိုင်ကဲ့သို့ ပြောဆိုနေပြီး မိမိ၏မိသားစုမှာ အလုပ်အကိုင်ရှိသူများဖြစ်၍ ငွေကြေးတောင့်တင်းသောကြောင့် ဂုဏ်မောက်နေကာ မိမိကိုယ်ကို အရာရောက်သည် ထင်နေရှာသည်။ ယခင် ကျန်းမိသားစု၏ အနှီချွေးမလေးမှာလည်း သူမထံတွင် ဖားယားခဲ့ဖူးရာ သာ၍ပင် သွေးနားထင်ရောက်နေ၏။ ထို့ကြောင့် သူမသည် နေရာတကာ ပါခွင့်ရှိသည် ထင်နေလေသည်။
ကြည့်စမ်း၊ ပိုင်ဖုန်းရှန်းနဲ့ ရှီကျန့်ရှန်းတို့တောင် မဖြေရှင်းနိုင်တာ၊ သူတို့စကားကို နားမထောင်တာ၊ ဒါပေမဲ့ ငါကျတော့ မျက်နှာရှိတယ်လေ၊ အားလုံးက ငါ့ကို လက်မထောင် ချီးကျူးကြမှာပဲ!!!
အတွေးဖြင့် ဝမ်းသာပီတိဂွမ်းဆီထိကာ မောက်မာနေသော အပြုံးဖြင့်
"ငါ ဆုံးဖြတ်ပေးမယ်၊ ညည်း အပြင်ထွက်လာပြီး တောင်းပန်လိုက်!"
ကျန်းရှင်းဖှ ဇနီးဟောင်းမှာ နှာခေါင်းရှုံ့ပြီး လှောင်ပြုံးနှင့် တုံ့ပြန်ဆဲဆိုလိုက်၏။
"နင်ကရော ဘာကောင်မမို့လို့လဲ၊ အဘွားကြီး!! နင်ကလည်း အိမ်သာထဲက နောက်ထပ် မစင်တုံးတစ်ခုပဲ၊ ငါ့ကို လာပြီး အာလာချောင် နေသေးတယ်၊ အရင်က ငါ နင့်ကို ဖားခဲ့တာက နင့်ဆီက အကျိုးအမြတ်လေး ဘာလေး ရမလားဆိုပြီးတော့၊ နင်က တကယ်ကြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်နေတာလား? ဟန်ဆောင်ကောင်းပြီး ကပ်စေးနှဲတဲ့ ဟာမကြီး၊ ငါ့ရှေ့မှာ လာပြီး လောက်ကောင်လို ဟန်မဆောင်နဲ့! ငါပြောလိုက်မယ်၊ ငါ့အတွက်တော့ နင်က ခွေးချေးလောက်တောင် တန်ဖိုးမရှိဘူး! တကယ့်ကို အရှက်မရှိတဲ့ အဘွားကြီးပဲ။ စကားတစ်ခွန်းလောက် လက်ဆောင်ပါးလိုက်ဦးမယ်!! နင်လို မျက်နှာပြောင်တိုက်ပြီး ရန်တိုက်ပေးတဲ့ မိန်းမကြီးကြောင့် နင့်သားနဲ့ ချွေးမကတော့ တစ်နေ့ ကွဲကြမှာပဲ၊ ဘယ်သူမဆို နင်နဲ့ ပတ်သက်မိရင် မစင်စားရတာထက်တောင် ပိုပြီး ရွံစရာကောင်းတယ်!"
အဘွားကြီးဝမ်ခမျာ အသက်ရှူပင် မှားသွားကာ
"ညည်း…ညည်း…ညည်း”
တစ်ဖက်မှ ဤမျှအထိ အားမနာရှာမကျိုး ပြောလာလိမ့်မည် မထင်ထားခဲ့ပေ။ အဘွားကြီးဝမ်တစ်ယောက် ရင်ဘတ်ကို လက်ဖြင့်ဖိကာ ပြောစရာစကားလုံးပင် ရှာမတွေ့နိုင် ဖြစ်သွားရလေသည်။
ပိုင်ဖုန်းရှန်းနှင့်ရှီကျန့်ရှန်း ; “ဟဟ သနားစရာပဲ!!!”
အင်း... တခြားလူက ကိုယ့်လိုပဲ ကံဆိုးနေတာကို မြင်ရတော့ ကိုယ်က သိပ်ပြီး ကံမဆိုးတော့သလို ခံစားလိုက်ရတာပေါ့…
အဘွားကြီးသုံးယောက် အော်ဟစ်ဆဲဆိုခံလိုက်ရပြီးနောက် တခြားသူများမှာ အသာလေးသာ ကုပ်နေရတော့သည်။ လင်စန်းရှန်းတို့ သားအမိဆိုလျှင် ကြောက်လွန်း၍ ရှေ့တန်း၌ပင် မနေရဲကြရှာပေ။ ပုံမှန်ဆိုလျှင် ကျောင်းမတက်ရ၊ အလုပ်မရှိ အကိုင်မရှိ ထောင်ထောင် ထောင်ထောင်နှင့် ယွမ်ရှောင်ချွေတစ်ယောက် သူများကို ကဲ့ရဲ့တတ်သော်လည်း ယခုမူ အသာငြိမ်နေရှာကာ အသံပင်မထွက်ရဲပေ။
ချန်ချင်းယွီ; “…”
ချန်ချင်းယွီ အဘွားကြီးဝမ်ကိုကြည့်ကာ အတွေးများသွားမိသည်။
အဘွားကြီးက ဘရိန်းချောင်နေပုံပဲ!!
ဦးနှောက်ထဲမှာ ရေဝင်နေတာလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ ရက်ပိုင်းက အနံ့ဆိုးတွေ ကြောင့်ပဲ ကြောင်သွားတာလား မသိဘူး!!
ရှီကျန့်ရှန်းနဲ့ ပိုင်ဖုန်းရှန်းတို့တောင် မတိုးတာ၊ ရှင်က ဘယ်ကလူမို့လို့လဲ!
ချန်ချင်းယွီသည် မိမိအနေဖြင့် ဤဝန်းအတွင်း သြဇာညောင်းသူ မဟုတ်ကြောင်း သိနားလည်သည့်အားလျော်စွာ မည်သည့်စကားမျှ ဝင်ရောက်ပြောဆိုခြင်း မပြုဘဲ ငြိမ်သက်နေလိုက်၏။ သူမသည် အားနွဲ့သည့် ပုံစံဖမ်းကာ ဘေးမှသာ ကြည့်ရှုနေခဲ့သော်လည်း ကျန်းရှင်းဖှ၏ ဇနီးသည် ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟုမူ ထင်မှတ်မထားခဲ့ပေ။
သူမ၏ မှတ်ဉာဏ်ထဲတွင် ထိုဇနီးမောင်နှံသည် ကွာရှင်းထားကြသည်ဟု ဆိုသော်ငြားလည်း လက်တွေ့တွင်မူ အတူတကွ ရှိနေကြဆဲဖြစ်ပြီး၊ လှိုင်းကြီးဟု သူမ နာမည်ပြောင်ခေါ်သည့် ထိုမိန်းမမှာလည်း ယခုကဲ့သို့ ရဲတင်းလှသူ မဟုတ်ပေ။ သို့သော် လူချင်းတွေ့ဆုံလိုက်ရချိန်တွင်မူ သိသိသာသာ ကွဲပြားခြားနားနေသည်ကို တွေ့ရှိလိုက်ရသည်။
အမှန်စင်စစ် ကူးပြောင်းလာသူဖြစ်သည့် သူမကိုယ်တိုင်ပင်လျှင် ထိုမိန်းမလောက် ပြောင်းလဲမှု မရှိခဲ့ပေ။
ထိုမိန်းမသည် သူမကဲ့သို့ ထူးခြားသည့် အဖြစ်အပျက်တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရလေသလောဟုပင် သူမ တွေးတောနေမိ၏။
သို့သော် ချန်ချင်းယွီသည် ချက်ချင်းပင် ခေါင်းခါလိုက်မိသည်။ ထိုကဲ့သို့သော ထူးခြားသည့် အခွင့်အလမ်းမျိုးမှာ အလွယ်တကူ ရရှိနိုင်သည်မဟုတ်ပေ။ လှိုင်းကြီးသည် ယခင်ကတည်းက စကားပြောရုန့်ရင်းသူ ဖြစ်သော်လည်း ဝင်းအတွင်းရှိ အားကိုးရာမဲ့သူများ၊ အထူးသဖြင့် သူမတို့ကဲ့သို့သော သူများအပေါ်တွင်မူ ကြင်နာတတ်သူ ဖြစ်သည်။
ယခုမူ သူမသည် လူတိုင်းအပေါ် တန်းတူရည်တူပင် ဒေါသတကြီး ဆက်ဆံနေ၏။
သူမသည် အိမ်ပြောင်းရန် ပစ္စည်းများ သိမ်းဆည်းနေသည်ကို တွေ့လိုက်ရသဖြင့် မခံမရပ်နိုင်ဖြစ်ရာမှ ပေါက်ကွဲထွက်လာခြင်း ဖြစ်နိုင်သည်ဟုလည်း တွေးမိသည်။
ဝင်းအတွင်းရှိ မည်သူမျှ သွားရောက်နှောင့်ယှက်ခြင်း မပြုရဲကြပေ။ လှိုင်းကြီးသည်လည်း အိမ်အတွင်း၌ ပစ္စည်းများကို တဒုန်းဒုန်းတဒိုင်းဒိုင်း ရှာဖွေနေ၏။
လီလင်းလင်းမှာ တိုးတိုးလေး ရေရွတ်လိုက်ကာ
“ရှင်းဖှရဲ့မိန်းမက ဘာတွေလုပ်နေတာလဲ?”
ကျန်ရှိသူများမှာလည်း ဘာမှဝင်မလုပ်ရဲဘဲ ခေါင်းခါရုံသာ တတ်နိုင်ကြသည်။ ရှီကျန့်ရှန်းမှာမူ အဆိုးဆုံး ဖြစ်ခဲ့ရပြီး ကိုယ်ထိလက်ရောက်ပင် အနှက်ခံလိုက်ရ၏။
သူမ ဒေါသတကြီးဖြင့်
“အဒေါ်ကြီးဟွမ် ဘယ်ရောက်နေတာလဲ? သူ့ချွေးမက အိမ်မှာ ဒီလောက် သောင်းကျန်းနေတာကို သူက ဘာလို့ အိမ်မှာမရှိတာလဲ?”
“သူက ဒီမနက်တင် ကျန်းရှင်းဖှကို ဆေးရုံလိုက်ပို့ပေးတာလေ။ အော်... ဟုတ်သားပဲ၊ ကျန်းရှင်းဖှ ဆေးရုံတက်နေရတာကို ရှင်းဖှရဲ့ မိန်းမ မသိသေးဘူးပဲ။”
“သူ့ကို သွားပြောလိုက်ရမလား?”
“ငါကတော့ သူတို့ကိစ္စတွေထဲ ဝင်မပါချင်ပါဘူး၊ အပိုတွေ။”
“ဟုတ်တယ်၊ ငါတို့နဲ့လည်း ဘာမှမဆိုင်ဘူး။”
မည်သူမျှ ပါဝင်ပတ်သက်လိုခြင်း မရှိကြသော်လည်း လင်းစန်းရှင်းသည် ခေတ္တတွေဝေသွားပြီးနောက် မေတ္တာရှင်မလေးလုပ်ကာ
“ရှင်းဖှရဲ့ ဇနီး၊ ငါက နင့်ရဲ့ အဒေါ်လင်းပါ။ အဲ... နင့်ယောက်ျား ရှင်းဖှက လွန်ခဲ့တဲ့ ရက်ပိုင်းက အရိုက်ခံထားရလို့ အခု ဆေးရုံမှာ။ နင် ဆေးရုံကို သွားကြည့်သင့်တယ် မဟုတ်လား? နင့်ယောက္ခမကလည်း ဒီရက်ပိုင်း သူ့ကို ပြုစုပေးနေတာ အိုကြီးအိုမကြီးဆိုတော့ ခန္ဓာကိုယ်က ဘယ်ခံနိုင်ပါ့မလဲ။ နင်ပဲ သွားပြီး လူလဲပေးလိုက်ပါဦး။ သွားကြည့်ရင်းနဲ့ စကားတွေပြောပြီး အမြန်ဆုံး ပြန်အဆင်ပြေအောင် လုပ်ကြလေ။”
“လင်စန်းရှင်း၊ နင်က အရိုးမရှိတဲ့ သတ္တဝါလို အရှုံးပေးတတ်တိုင်း သူများကိုလည်း နင့်လို ထင်မနေနဲ့။ ငါပြောလိုက်မယ်၊ ဒီဝင်းထဲမှာ ငါအရွံဆုံးလူက နင်ပဲ။ တခြားလူတွေက ဆိုးတယ်ဆိုပေမဲ့ သူများအနိုင်ကျင့်တာတော့ မခံဘူး၊ နင်ကတော့ အသိဉာဏ်မရှိတဲ့ ငထုံငအ ကောင်မမို့လို့ သူများအဝါးခံနေရတာတောင် ငါ့ကို လာပြီး စကားပြောရဲသေးတယ်! ဖွီ!! အသုံးမကျတဲ့ဟာမ၊ နင့်ရဲ့ သေသွားတဲ့ မိဘတွေကိုတောင် မျက်နှာပျက်စေတယ်။”
လင်စန်းရှင်းသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိကာ
“နင်... နင် ဘယ်လိုများ ဒီလိုစကားမျိုး ပြောနိုင်ရတာလဲ? ငါက နင့်အတွက် စေတနာနဲ့ ပြောတာကို၊ ဘာလို့ ငါ့ကို ဒီလောက်အထိ နာကျင်အောင် ပြောရတာလဲ?”
လီလင်းလင်းမှာလည်း အလွန်အမင်း ဒေါသထွက်သွားကာ
“နင်ကတော့ တကယ့်ကို ကျေးဇူးမသိတဲ့လူပဲ၊ ငါ့အမေကိုတောင် လာနှိမ်နေသေးတယ်!”
“သွားစမ်းပါ၊ နင်လည်း ငါ့ထက် မထူးပါဘူး၊ နင် ဘာတွေတွေးနေလဲ ငါမသိဘူး ထင်နေလား? နင်က ယွမ်မိသားစုက သမီးကြီးကို မနာလိုဖြစ်နေတာ မဟုတ်လား?”
“နင် လျှောက်ပြောနေတာပဲ!”
လီလင်းလင်းက အော်ဟစ်လိုက်ကာ
“ငါ့ကို လာပြီး မစွပ်စွဲနဲ့!”
“ဟီးဟီး၊ ငါ စွပ်စွဲတာ ဟုတ်မဟုတ်ဆိုတာ နင်အသိဆုံးပဲ၊ အိုက်တင်တွေ လာမလုပ်နဲ့! နင်နဲ့ ယွမ်ရှောင်ချွေက ယွမ်ဟောက်ရွှယ်ကို တော်တော်လေး မနာလိုဖြစ်နေကြတာ မဟုတ်လား? အပြင်မှာတော့ ညီအစ်မတွေလို ခင်ပြနေကြပြီးတော့။ နင်တို့အားလုံးက တကယ့်ကို အတွင်းပုပ်တွေပဲ။ ဒါပေမဲ့ ယွမ်ဟောက်ရွှယ်ကတော့ နင်တို့ကို မျက်လုံးထဲတောင် ထည့်တာမဟုတ်ဘူး။ နင်တို့ရဲ့ စိတ်ပုပ်စိတ်ယုတ်တွေကို ကြည့်ဦး၊ ဘယ်သူကမှ နင်တို့အနား ကပ်ချင်မှာ မဟုတ်ဘူး!”
“နင် လျှောက်ပြောနေတာ! ဟောက်ရွှယ်နဲ့ ငါက အရင်းနှီးဆုံး သူငယ်ချင်းတွေဟဲ့! ငါတို့ကြားထဲ လာပြီး ရန်မတိုက်နဲ့!”
ယွမ်ရှောင်ချွေမှာလည်း ပွဲထဲဝင်ရောက်လာခဲ့၏။
ချန်ချင်းယွီသည် ဤလူများမှာ တော်တော်လေးပင် ခေါင်းမာလှသည်ဟု တွေးတောမိသည်။
ကျန်းရှင်းဖီ၏ ဇနီးသည် ယခုအခါ ရှေ့တွင်တွေ့သမျှ လူတိုင်းကို လိုက်လံတိုက်ခိုက်နေသည်ကို သူတို့ သတိမပြုမိကြလေသလော…
ချန်ချင်းယွီမှာမူ မည်သည့်စကားမျှ မပြောဘဲ ဆိတ်ဆိတ်သာ နေလိုက်၏။ သူမသည် အမှန်တကယ်တွင် အလျှော့ပေးမည့်သူ မဟုတ်သော်လည်း လူအများရှေ့တွင်မူ အေးချမ်းစွာနေတတ်သည့် မုဆိုးမငယ်လေးအဖြစ်သာ ပုံဖမ်းထားရပေသည်။ သူမ၏ ပုံရိပ်ကို အပျက်မခံလိုပေ။
သို့သော် ယွမ်ရှောင်ချွေသည် ဒေါသအမျက်ထွက်လာကာ အော်ဟစ်ဆဲဆိုနေလေသည်။
“နင်ကတော့ တကယ့်ကို အမှိုက်ပဲ! ကျန်းရှင်းဖှက နေ့တိုင်း ငါတို့အိမ်ကိုလာပြီး ဟောက်ရွှယ်ကို ဖားနေတာကို နင်က မနာလိုဖြစ်နေတာ မဟုတ်လား၊ အဲဒါကြောင့် ငါတို့နဲ့ ဟောက်ရွှယ်ကြားထဲမှာ ရန်တိုက်ပေးနေတာ။ နင်က လူယုတ်မာမမှန်း ငါသိတယ်။ ငါပြောလိုက်မယ်၊ နင် ဘာပဲပြောပြော ငါတို့မိသားစုကတော့ အစည်းလုံးဆုံးပဲ။”
“ဟား! စည်းလုံးတဲ့ မိသားစု ဟုတ်လား? ရယ်ရတာပဲ! နင်ကို မြို့ပေါ် ဘာလို့ခေါ်လာလဲဆိုတာ နင်မသိဘူးလား? ငါပြောပြမယ်၊ နင်မြို့ပေါ်လာရတာက ကျေးလက်သွားဖို့မှာ ယွမ်ဟောက်ရွှယ်ရဲ့ နေရာကို အစားထိုးဖို့အတွက်ပဲ။ နင်က ဘာကောင်မမို့လို့လဲ! နင်က ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီး ထင်နေတာလား၊ ဒီမှာ လာပြီး ခုန်ခုန်ကိုက်မနေနဲ့။ နင်က ဘာမှမဟုတ်ဘူး!”
“နင် လျှောက်ပြောနေတာ! နင် လျှောက်ပြောနေတာ! ရန်မတိုက်နဲ့၊ နင် လျှောက်ပြောနေတာ!”
ယွမ်ရှောင်ချွေ့သည် ထိတ်လန့်တကြား အော်ဟစ်နေသော်လည်း ကျန်ရှိသူများမှာမူ ထိုကိစ္စကို စဉ်းစားတွေးတောသွားကြဟန်ရှိ၏။
ယွမ်ရှောင်ချွေ : “နင် လျှောက်ပြောနေတာ! ငါ ဒီကို ရောက်နေတာ နှစ်တွေအများကြီး ကြာပြီ။ ငါ ရောက်လာတုန်းက ဟောက်ရွှယ်က အလယ်တန်းပဲ ရှိသေးတာ၊ ဟောက်ယွဲ့ဆိုရင် ကျောင်းတောင် မတက်ရသေးဘူး။ ဒါတွေက ဟိုးအရင်ကတည်းကဟာတွေ။ ငါတို့ကြားထဲ လာပြီး ရန်မတိုက်နဲ့။ ငါသိတယ်၊ နင်က ငါတို့မိသားစုကို မနာလိုဖြစ်နေတာ...”
ယွမ်ရှောင်ချွေသည် ခေတ္တမျှ ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် စိတ်ကိုပြန်လည်ထိန်းချုပ်လိုက်သည်။ အခြေအနေမှာ သူမထင်သကဲ့သို့ မဟုတ်နိုင်ပေ။ သူမသည် ဤနေရာ၌ နေထိုင်လာသည်မှာ နှစ်အတန်ကြာပြီ ဖြစ်၏။
“နင်လို မိန်းမယုတ်ကတော့ မကောင်းတာတွေပဲ ကြံစည်နေတာ!”
“အူကြောင်ကြောင်မ၊ နင်ကတော့ သူများအကွက်ချ သတ်တာခံရဖို့ပဲ ထိုက်တန်တယ်၊ ငတုံးမ၊ တကယ့်ကို ငတုံးမကြီး!”
ယွမ်ရှောင်ချွေသည် ကြိုတင်စီစဉ်ကာ အခေါ်ခံရခြင်းဖြစ်မဖြစ်ကို လူတိုင်း သေချာမသိကြသော်လည်း နှစ်ဖက်စလုံး၏ စကားများမှာ အကြောင်းပြချက် ခိုင်လုံနေသည်ဟု ခံစားနေကြရသည်။
ခေတ္တမျှအထိ မည်သူ့ကို ယုံကြည်ရမည်မှန်း အားလုံး ဝေခွဲမရဖြစ်နေကြ၏။
သို့သော် ချန်ချင်းယွီမှာမူ ဤအကြောင်းကို သိရှိပြီးသားဖြစ်သည်။ သူမသည် စကားဝိုင်းကို ခိုးနားထောင်မိခဲ့၍ ကျန်းရှင်းဖှ၏ ဇနီးဟောင်း ပြောသမျှမှာ လုံးဝမှန်ကန်ကြောင်း သိထားခဲ့၏။မှန်ကန်ရုံသာမက ယွမ်မိသားစု၏ ရက်စက်ယုတ်မာမှုကိုပင် ထိုမိန်းမ လျှော့တွက်ထားသေးသည်။ ချန်ချင်းယွီသည် မျက်လွှာချလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်ကာ
“ဒီလောက်တောင် ကြာနေပြီဆိုတော့ သူတို့က ကြိုတင်ပြင်ဆင်ထားကြတာပေါ့...”
သူမ၏ မှတ်ချက်စကားကြောင့် ယွမ်ရှောင်ချွေ စူးစူးဝါးဝါး စိုက်ကြည့်လာကာ
“လျှောက်ပြောမနေနဲ့၊ ဒေါ်လေးကျောက်ရုံက အဲဒီလိုလူမျိုး မဟုတ်ဘူး။”
ယွမ်ရှောင်ချွေ ဆက်လက်၍ အော်ဟစ်လိုက်ပြီး
“ဒီမိန်းမယုတ်ရဲ့ စကားတွေကို နားမယောင်ကြနဲ့! ကျန်းရှင်းဖှက ဟောက်ရွှယ်ကို ပိုးပန်းနေတာကို သူက မနာလိုဖြစ်ပြီး ငါတို့မိသားစုကို မုန်းနေတာ။ အဲဒါကြောင့် ငါတို့ကြားထဲမှာ ရန်တိုက်ပေးနေတာပဲ။ ငါအကုန်သိတယ်၊ အကုန်သိတယ်! သူက လူကောင်းမဟုတ်ဘူး!”
“ဟား! ငါက လူကောင်းမဟုတ်ဘူး ဟုတ်လား? ယွမ်ရှောင်ချွေ နင်တို့ ဘာဖြစ်မလဲဆိုတာ ငါစောင့်ကြည့်နေမယ်!”
“နင်...”
ယွမ်ရှောင်ချွေသည် ဒေါသအမျက်ထွက်ကာ သူမကို ပြေးရိုက်ရန် ပြင်လိုက်သော်လည်း ပိုင်ဖုန်းရှန်းမှာ အမြန်တားဆီးလိုက်ကာ
“မသွားနဲ့! သူက တွေ့သမျှလူ လိုက်ကိုက်နေတဲ့ ခွေးရူးလို ဖြစ်နေတာ။ ညည်းလို မိန်းကလေးငယ်လေးက သူ့ကို ဘယ်ယှဉ်နိုင်ပါ့မလဲ? ညည်းမျက်နှာကို ကုတ်ခြစ်လိုက်ရင် ညည်း နောက်ပိုင်း အိမ်ထောင်ဘယ်လိုပြုတော့မလဲ?”
“သူ လုပ်ရဲလား!”
ယွမ်ရှောင်ချွေ မာန်တင်းထားသော လေသံမာမာဖြင့် တုံ့ပြန်လိုက်သည်။
“ဘာလို့ မရဲရမှာလဲ? သူက တကယ်ပဲ ကုတ်ခြစ်လိုက်ရင်တောင် ညည်းက ဘာလုပ်နိုင်မှာမို့လို့လဲ? ညည်းက လိမ္မာတဲ့ကလေးပဲ၊ သူနဲ့ စကားများမနေနဲ့။ ကျန်းမိသားစုဝင်တွေ ပြန်လာတဲ့အခါ သူတို့ သေချာပေါက် ဖြေရှင်းပေရမယ်။ ကြည့်စမ်း၊ ငါတို့ထဲမှာ ဘယ်သူက အရှုံးမပေးလိုက်ရတာ ရှိလို့လဲ?”
ယွမ်ရှောင်ချွေသည် နှာခေါင်းရှုံ့ကာ ငြိမ်သက်သွား၏။
ချန်ချင်းယွီ : စိတ်မရှိပါနဲ့၊ ကျွန်မကတော့ ဘာမှ အရှုံးမပေးလိုက်ရဘူး။
မည်သူမျှ ထိုမိန်းမကို ရင်မဆိုင်ရဲတော့သည်ကို မြင်သောအခါ ချန်ချင်းယွီသည် ပိုင်ဖုန်းရှန်းကို လှမ်း၍ ပြောလိုက်ကာ
“ဒေါ်လေးပိုင်၊ ဒီပုံးကို အရေးတကြီး လိုနေတာလားဟင်? မဟုတ်ရင် ကျွန်မ မနက်ဖြန်မှ ပြန်ပေးလို့ ရမလား? ဒီနေ့တော့ အပြင်မထွက်ချင်တော့လို့ပါ။”
ပိုင်ဖုန်းရှန်းမှာ နားလည်သည့်ပုံစံဖြင့်
“ရပါတယ်၊ မလောပါဘူး။”
ချန်ချင်းယွီ ပြုံး၍ ခေါင်းညိတ်ပြလိုက်ကာ
“ဒါဆိုရင် ကလေးတွေကို ဒီနေ့ အပြင်မသွားတော့ဘူးလို့ ပြောလိုက်ပါ့ဦးမယ်။”
သူမသည် အပြင်မသွားတော့သဖြင့် ကလေးများကိုလည်း အိမ်ထဲတွင် ပိတ်လှောင်မထားချင်ပေ။ ကလေးနှစ်ယောက်စလုံး အပြင်သို့ ထွက်လာကြပြီး ရှောင်ကျားတစ်ယောက် စပ်စုသည့်လေသံဖြင့် မေးမြန်းလာသည်။
“မေမေ၊ ဘာလို့ ထပ်ပြီး အပြင်မသွားတော့တာလဲ?”
ရှောင်ယွမ်မှာလည်း ထပ်တူပင် ။
“ဘာလို့လဲဟင်!”
သူတို့သည် အမွှာများဖြစ်ကြသည့်အတိုင်း အပေးအယူ အလွန်တည့်ကြသည်။ ရှောင်ကျားသည် ရှောင်ယွမ်ထက် ပို၍ သွက်လက်သူဖြစ်သော်လည်း ချန်ချင်းယွီမှာ ဘက်လိုက်မှုမရှိခြင်း၊ အဘွားကြီးကျောက်မှာလည်း ယခုရက်ပိုင်းတွင် အိမ်၌ ဆုံးဖြတ်ချက်များ မချနိုင်ဘဲ ငြိမ်နေရခြင်းတို့ကြောင့် သမီးငယ်လေးမှာလည်း သိသိသာသာ ပို၍ တက်ကြွလာခဲ့သည်။ တက်ကြွလာသည်ဟု ဆိုသော်ငြားလည်း သူမ၏ အစ်ကိုလောက် စကားမများပေ။
ချန်ချင်းယွီ; “စတုတ္ထဝန်းထဲက ကျန်းမိသားစုအိမ်မှာ ဆူညံပွက်လောရိုက်နေကြလို့ မေမေက အဲဒါကို ကြည့်ချင်လို့လေ။”
ရိုးသားသည့် မိခင်တစ်ယောက်ဖြစ်သည့် ချန်ချင်းယွီသည် သူမစိတ်ထဲရှိသည့်အတိုင်း ပြောပြလိုက်သည်။
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ချက်ချင်းပင် နားလည်သွားကြ၏။
ရှောင်ယွမ်သည် သူမ၏ မျက်နှာလေးကို မော့ကာ
“ရှောင်ယွမ်ကတော့ သူတို့မိသားစုကို မကြိုက်ဘူး။”
ချန်ချင်းယွီ “ဟင်?” ဟု အံ့အားသင့်စွာဖြင့် ရှောင်ယွမ်ကို ကြည့်လိုက်သည်။ ရှောင်ယွမ်သည် အမြဲတမ်း အစ်ကိုဖြစ်သူနောက်တွင်သာ လိုက်နေလေ့ရှိပြီး မိမိဆန္ဒကို ထုတ်ဖော်ပြောဆိုခဲသည့် တိတ်ဆိတ်ငြိမ်သက်သော မိန်းကလေးငယ်လေး ဖြစ်၏။ ချန်ချင်းယွီသည် အောက်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်ကာ
“ဘာဖြစ်လို့ ရှောင်ယွမ်က သူတို့မိသားစုကို မကြိုက်တာလဲကွယ်?”
ရှောင်ယွမ်သည် သူမ၏ လက်ကလေးနှစ်ဖက်ကို ပိုက်လိုက်ပြီး
“အဘွားဟွမ်က ရှောင်ယွမ်ကို အသုံးမကျတဲ့ ပိုက်ဆံဖြုန်းမလေး တစ်ပြားမတန်လေးလို့ ပြောတယ်။”
ထိုစကားများကို ကလေးငယ်လေးမှာ မှတ်မိနေလေသည်။
“မမမုန့်မုန့်ကလည်း ရှောင်ယွမ်ရဲ့ မုန့်တွေကို လုစားပြီး ရှောင်ယွမ်က စားဖို့မတန်ဘူးလို့ ပြောတယ်။”
ရှောင်ယွမ် မော့ကြည့်ကာ
“အဲဒါကြောင့် ရှောင်ယွမ်က သူတို့မိသားစုကို မကြိုက်တာ။”
ချန်ချင်းယွီ၏ မျက်နှာသည် ချက်ချင်းပင် အေးစက်သွားကာ ရှောင်ကျားကို မေးမြန်းလိုက်၏။
“ရှောင်ကျား၊ သားရော သိလား?”
ရှောင်ကျား မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းဆူလျက်
“သူက သားကိုလည်း အဲဒီလိုပဲ ပြောဖူးတယ် မေမေ။”
ချန်ချင်းယွီ လှောင်ပြုံးပြုံးလိုက်ပြီး
“ကောင်းပြီလေ၊ ငါ့မိသားစုကိုတောင် လာပြီး နှိမ်ချရဲကြတယ်ပေါ့။ ငါ ချန်ချင်းယွီကို အလွယ်တကူ အနိုင်ကျင့်လို့ရတဲ့လူလို့ သူတို့ တကယ်ထင်နေကြတာလား?”
သူမသည် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ သူမအနေဖြင့် ထိုလူများကို သင်ခန်းစာ ကောင်းကောင်းမပေးရသေးပေ။
လက်သီးတောင်းနေကြတယ်ပေါ့!!
“ဒါတွေက ဘယ်တုန်းက ဖြစ်ခဲ့တာလဲ?”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် ခေါင်းလေးများကို ငုံ့လိုက်ကြပြီး
“အရင်က... ဟိုးအရင်ကတည်းကပါ...”
ချန်ချင်းယွီ ပြန်စဉ်းစားကြည့်မိလျှင် ယခုရက်ပိုင်းတွင် ကလေးများကို သူမ ကိုယ်တိုင်ကြည့်ရှုနေပြီး မျက်စိအောက်မှ အပျောက်မခံခဲ့ပေ။ ထို့ကြောင့် ဤသို့ပြောဆိုခံရခြင်းမှာ ယခုဖြစ်သည်မဟုတ်ဘဲ လင်းကျန့်ဝမ် မကွယ်လွန်မီ သို့မဟုတ် သူကွယ်လွန်ပြီးစ အချိန် ဖြစ်ပေလိမ့်မည်။
လင်းကျန့်ဝမ် ကွယ်လွန်ပြီးစ အချိန်မှာ ဖြစ်နိုင်ခြေ ပိုများသည်။ ထိုစဉ်အချိန်၌ မူလ "ချန်ချင်းယွီ" မှာ စိတ်ဓာတ်ကျကာ မှိုင်တွေနေခဲ့သဖြင့် အရာရာကို ဂရုမစိုက်နိုင်ခဲ့ပေ။
သူမသည် ကလေးငယ်နှစ်ဦးကို သေသေချာချာ စိုက်ကြည့်ရင်း
“သားတို့ သမီးတို့က အသုံးမကျတဲ့ ဝန်ပိုလေးတွေ မဟုတ်ဘူးနော်။ ရှောင်ကျားရော ရှောင်ယွမ်ရော နှစ်ယောက်စလုံး မေမေ့ရင်ထဲမှာ တန်းတူပဲ။ ရှောင်ယွမ်လေးက အရမ်းချစ်ဖို့ကောင်းတာ၊ သူတပါးကို အသုံးမကျတဲ့သူလို့ လိုက်ပြောနေတဲ့သူတွေကသာ တကယ့် အသုံးမကျတဲ့သူတွေပဲ! နောက်ကို ဒီလို ပါးစပ်သရမ်းတဲ့သူတွေနဲ့ တွေ့ရင် စိတ်ထဲမထားနဲ့၊ စိတ်လည်းမဆိုးနဲ့၊ မေမေ့ကို ပြန်ပြောပြ၊ မေမေ ဖြေရှင်းပေးမယ်။ တကယ်လို့ ကျန်းမုန့်မုန့်က သားတို့ပစ္စည်းတွေကို ထပ်လုရင်လည်း မေမေ့ကို ပြောနော်! သားတို့ဖေဖေ မရှိတော့ပေမဲ့ ဘယ်သူ့ကိုမှ အနိုင်ကျင့်ခွင့် မပေးနိုင်ဘူး။ သားတို့ ဘယ်လောက်ပဲ ကောင်းတာတွေ စားစား စားထိုက်တယ်၊ မစားထိုက်တာက အဲဒီလို ပါးစပ်သရမ်းတဲ့ ကလေးဆိုးတွေပဲ။ အဲဒီလိုကလေးမျိုးတွေကို ဘယ်သူမှ မချစ်ကြဘူး။ ပြောရရင် ဘယ်သူပဲဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် ကလေးဖြစ်ဖြစ် သားတို့ကို လာအနိုင်ကျင့်ရင် သားတို့ အဘွားကို လွှတ်လိုက်မယ်။ အဘွားက သူတို့ကို ကုပ်ခြစ်သတ်ပစ်လိမ့်မယ်!”
ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ မျက်လုံးလေးများ အဝိုင်းသား ဖြစ်သွားကြသည်။
ချန်ချင်းယွီ- “မေမေပြောတဲ့စကားတွေကို မှတ်ထားကြနော်။”
ရှောင်ကျားနှင့် ရှောင်ယွမ် - “မှတ်ထားပါပြီ!”
ချန်ချင်းယွီ ခပ်ယောင်ယောင် ပြုံးလိုက်ကာ….
ကြည့်နေလိုက်စမ်းပါ၊ သူတို့သာ ထပ်ပြီး လာအနိုင်ကျင့်ရင်တော့ ကျောက်တာ့ရာ ကို လွှတ်လိုက်ရုံပဲ!!
သူမကိုယ်တိုင် လူရှေ့သူရှေ့ လက်ပါရန် မသင့်တော်သော်လည်း သူမ၏ ယောက္ခမသည်ကား လက်ပါနိုင်သည်မဟုတ်လော့။ ချန်ချင်းယွီ၏ မျက်ဝန်းတို့မှာ အနည်းငယ် မှေးစက်သွားကာ သိမ်မွေ့နက်နဲနေ၏။
“ရှောင်ချန်ရေ၊ ကလေးတွေနဲ့ နင်ပဲ ရှိတာလား၊ ရှေ့ဝင်းထဲမှာ ဘယ်သူမှ မရှိဘူးလား?”
အဒေါ်ကြီးမေ့သည် အပြင်မှ ဝင်လာရင်း ဝေခွဲမရဖြစ်ကာ မေးမြန်းလိုက်သည်။ ပုံမှန်ဆိုလျှင် အားလုံးမှာ ရှေ့ဝင်းထဲ၌ စုဝေးကာ စကားလက်ဆုံ ကျနေတတ်ကြသည်သာ။
ချန်ချင်းယွီ : “အားလုံး စတုတ္ထဝင်းထဲမှာ ရောက်နေကြတယ် ဒေါ်လေးမေ့၊ ကျန်းရှင်းဖှရဲ့ ဇနီးဟောင်း ပြန်ရောက်လာလို့လေ။”
အဒေါ်ကြီးမေ့ : “အော်၊ သူ အားလပ်ရက်ရလို့ ထင်တယ်၊ ဒီနောက်ပိုင်း သူ ပြန်လာတာ အရမ်းနည်းသွားတာ။ ရထားလက်မှတ်စစ် လုပ်ရတာက တကယ်ကို အလုပ်များတာပဲ၊ အိမ်မှုကိစ္စတွေတောင် လစ်ဟင်းကုန်တာ။”
ချန်ချင်းယွီ ပြုံးလျက်
“အလုပ်ရှိတာပဲ ကောင်းပါတယ် ဒေါ်လေးမေ့ရယ်။”
အဒေါ်ကြီးမေ့ : “အဲဒါလည်း ဟုတ်တာပါပဲ၊ ရှေးစကားပုံ ရှိတယ်မဟုတ်လား? ငါးလည်းစားချင် ဝက်ဝံလက်ဝါးလည်း ရချင်လို့ မရဘူးလေ၊ အလုပ်ရှိနေတော့ နည်းနည်း အလုပ်များတာလည်း တန်ပါတယ်လေ။ အေး... ငါ အနောက်ဘက်ကို သွားကြည့်လိုက်ဦးမယ်။”
ချန်ချင်းယွီ : “ကျွန်မလည်း လိုက်ခဲ့မယ်။”
သူတို့နှစ်ဦး မထွက်ရသေးမီမှာပင် ဆူညံသံများကို ကြားလိုက်ရသဖြင့် ချန်ချင်းယွီ အပြေးအလွှား သွားကြည့်တော့သည်။ ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာလည်း လုံးလုံး လုံးလုံးနှင့် နောက်မှ လိုက်လာကြရာ၊ ချန်ချင်းယွီ ကလေးနှစ်ယောက်ကို ကောက်ချီလိုက်ရ၏။ ဤမျှ သေးငယ်လှသော ကလေးနှစ်ယောက်မှာ လူအုပ်ကြားထဲတွင် နင်းခြေခံရမည်ကို စိုးရိမ်ရလေသည်။
ဆိုရသော် ကျန်းရှင်းဖှ၏ ဇနီးဟောင်းမှာလည်း ဒေါသအမျက် ချောင်းချောင်းထွက်နေလေ၏။
ချန်ချင်းယွီသည် ကလေးများကို ချီလျက် အလယ်ဝင်းသို့ ရောက်သောအခါ ကျန်းရှင်းဖှ၏ ဇနီးသည် လက်ဆွဲအိတ်ကြီး နှစ်အိတ်ကို ဆွဲယူလာသည်ကို တွေ့လိုက်ရသည်။
ပိုင်ဖုန်းရှန်း : “ရှင်းဖှရဲ့ ဇနီး၊ ဒါ ဘာလုပ်တာလဲ? ဘာလို့ ပစ္စည်းတွေ ယူလာတာလဲ?”
“ငါ့ပစ္စည်းတွေ ငါယူတာ နင်တို့နဲ့ ဘာဆိုင်လို့လဲ? နင်တို့က အိမ်နီးချင်းတွေပဲ၊ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အရေးကြီးတယ်လို့ ထင်မနေကြနဲ့။ ငါ ညကျရင် ရထားနဲ့ လိုက်သွားရဦးမှာ၊ မြန်မြန် လမ်းဖယ်ပေးကြ၊ ငါ့အလုပ်ကို လာမနှောင့်ယှက်နဲ့၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ခွေးက ကြွက်ဖမ်းသလို သူများကိစ္စ လိုက်စပ်စုမနေကြနဲ့!”
ပိုင်ဖုန်းရှန်းမှာ ခေတ္တတွေဝေသွားသည်။ အမှန်စင်စစ် ဤသည်မှာ သူတို့အိမ်ဖြစ်ပြီး ပစ္စည်းများမှာလည်း သူတို့ပစ္စည်းများသာ ဖြစ်သဖြင့် ဝင်ရောက်စွက်ဖက်ရန် မသင့်တော်ပေ။
ထို့အပြင် ကျန်းရှင်းဖှ ဇနီးဟောင်းသည် ရထားလက်မှတ်စစ် တစ်ဦးဖြစ်ရာ ခရီးထွက်လျှင် ရက်အတော်ကြာ တတ်သဖြင့် လဲလှယ်ရန် အဝတ်အစားများ အပိုယူသွားသည်မှာလည်း ဖြစ်နိုင်သည်ပင်။
ခဏတာမျှ ပိုင်ဖုန်းရှန်းမှာ တားမြစ်ရမည်လော၊ လွှတ်ပေးရမည်လော ဝေခွဲမရ ဖြစ်နေ၏။
ရှီကျန့်ရှန်း : “အို... နင်က လင်ငယ်ယောက်ျား တစ်ယောက်နဲ့ ခိုးပြေးတော့မှာ မဟုတ်လား!”
ဖြန်း!
ပါးရိုက်သံကြီး တစ်ချက် ထွက်ပေါ်လာသည်။
အဘွားကြီးရှီတစ်ယောက် ပါးရိုက်ခံလိုက်ရပြီ!
ချန်ချင်းယွီ : “...”
ရှင်ကလည်းလေ... ကိုယ့်ရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း သိပ်မရှိဘဲနဲ့ ဘာဖြစ်လို့ ဒီအမျိုးသမီးကို သွားပြီး ဆွရတာလဲ…
“နင့်ရဲ့ ပါးစပ်ပုပ်ကြီးကို ပိတ်ထားစမ်း! အဘွားကြီး! ငါက ကွာရှင်းထားတာဟဲ့၊ ငါ ဘယ်သူနဲ့ပဲဖြစ်ဖြစ် အဲဒါ လင်ငယ် မဟုတ်ဘူး! ငါ့မှာ တကယ်သာ လင်ငယ် ရှိရင်လည်း နင့်ရဲ့ သားသုံးယောက်စလုံးက လင်ငယ်တွေပဲ၊ သူတို့တွေ အကုန်လုံး ငါ့ခြေထောက်ကို ယက်ခဲ့ဖူးတာချည်းပဲ!”
“နင်... နင်!”
ရှီကျန့်ရှန်းမှာ ဒေါသထွက်လွန်းသဖြင့် တုန်ရင်နေရပြီး
ချန်ချင်းယွီသည် ချက်ချင်းပင် ကလေးများ၏ နားကို ပိတ်လိုက်ကာ
“လာ၊ မေမေ အိမ်ပြန်ပို့ပေးမယ်။”
လူကြီးများ ဆဲဆိုကြသည်မှာ ကလေးများအတွက် မသင့်တော်လှပေ၊ အပြောအဆိုများမှာ အလွန်ပင် ရိုင်းစိုင်းလွန်းလှ၏။
သို့သော်လည်း ရွှီမိသားစုမှ သားသုံးယောက်စလုံးသည် ကျန်းရှင်းဖှ၏ ဇနီးဟောင်းနှင့် တကယ်ပင် ပတ်သက်မှု ရှိလေသလောဟု သူမ စဉ်းစားနေမိသည်။
ချန်ချင်းယွီ ကလေးများကို အိမ်ပြန်ပို့ရာတွင် ရှောင်ကျားမှာ ချန်ချင်းယွီ၏ ကော်လာကို ဆွဲရင်း ရင်ခုန်တက်ကြွစွာဖြင့် အော်ဟစ်နေ၏။
“မေမေ၊ သူတို့ ချကုန်ကြပြီ!”
ရှောင်ယွမ် : “ဖြန်းဖြန်းနဲ့ပဲ!”
ချန်ချင်းယွီ : “စိတ်အေးအေးထားစမ်းပါ၊ ဘာလို့ ဒီလောက် ရင်ခုန်နေကြတာလဲ? သားတို့ အဘွား ရန်ဖြစ်တာလည်း ဒီလိုပဲ မဟုတ်လား? သားတို့လည်း မြင်ဖူးတာပဲကို။”
ရှောင်ကျားနှင့် ရှောင်ယွမ် - “...”
ခေတ္တမျှ ကြာပြီးနောက် ကလေးငယ်များ ခေါင်းညိတ်ပြရှာကြကာ
“ဟုတ်သားပဲနော်။”
ရန်ဖြစ်ခြင်းမှာ ထူးဆန်းသည်ဟု မထင်တော့ပေ၊ အဘယ်ကြောင့်ဆိုသော် သူတို့၏ အဘွားဖြစ်သူမှာ ယခုအမျိုးသမီးထက်ပင် ပို၍ ကြမ်းတမ်းသောကြောင့်တည်း။
ချန်ချင်းယွီသည် ကလေးများကို အိမ်ထဲတွင် ထားခဲ့ပြီး အပြင်သို့ ပြန်ထွက်လာသောအခါ ကျန်းရှင်းဖှ ဇနီးဟောင်းသည် အိမ်ရှေ့တံခါးဝသို့ ရောက်ရှိနေပြီး ကြုံးဝါးနေသည်ကို တွေ့လိုက်ရသည်။
“ငါ ပြောပြလိုက်မယ်၊ ငါက နင်တို့ကို ကြည့်မရတာ ကြာပြီ။ သေခါနီးမတွေ…အရင်ကတော့ ခေါင်မိုးတစ်ခုတည်းအောက်မှာ နေနေရလို့ အခြေအနေ မပျက်ချင်လို့ သည်းခံနေတာ။ အခုတော့ ငါ အိမ်ပြောင်းတော့မှာ၊ နင်တို့ကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ ငါ့ရှေ့မှာ လာပြီး ဆရာကြီး လာမလုပ်နဲ့၊ အိပ်မက်မက်နေလိုက်။ နင်တို့အားလုံး ဘဝပျက်ပါစေလို့ ငါ ကျိန်စာတိုက်တယ်! ဟင့်! ထွီ!!”
လူတိုင်းမှာ ထိုအခါမှ သဘောပေါက်သွားကြသည်။ ထို့ကြောင့်လည်း ရုတ်တရက် ရဲတင်းလာခြင်း ဖြစ်ပေမည်…အိမ်ပြောင်းတော့မည် မဟုတ်ပါလား!
ထို့နောက် ဝင်းထဲမှ လူများမှာ ဒေါသတကြီးဖြင့် ပြန်လည် ပြောဆိုလိုက်ကြကာ
“နင်က ဘယ်လိုလူမျိုးလဲ၊ ငါတို့က နင့်ကို ဘာစော်ကားလို့လဲ?”
“ဟုတ်တယ်၊ ဘာလို့ ဒီလို လုပ်ရတာလဲ။”
“ဘာလို့လဲ ဟုတ်လား? အရင်က အဘွားကြီးဟွမ် ငါ့ကို အနိုင်ကျင့်တုန်းက နင်တို့ထဲက ဘယ်သူကများ ငါ့ဘက်က ပါဖူးလို့လဲ? နင်တို့အားလုံးက ပွဲကြည့်ရတာကိုပဲ ဝါသနာပါပြီး ကိုယ့်ထမင်းကိုယ်စားပြီး အေးအေးဆေးဆေး နေချင်ကြတာလေ၊ အခု ငါ ဆဲတာကိုတော့ ခံကြပေဦးပေါ့! ငါ့ဘဝ ဒီလိုဖြစ်ရတာ နင်တို့ကြောင့်ပဲ၊ နင်တို့အားလုံး အမှိုက်သွားစားကြစမ်း!”
ကျန်းရှင်းဖှ ဇနီးဟောင်းသည် နှာခေါင်းရှုံ့လိုက်ပြီး သူတို့ကို တစ်ချက် ဝင့်ဝင့်ကြွားကြွား ကြည့်လိုက်ကာ
“ငါ နောက်ဆုံးတော့ ဒီနေရာကနေ ထွက်သွားရပြီ၊ နှုတ်ဆက်ခဲ့ပါတယ်! နောက်ဘယ်တော့မှ မတွေ့ကြရအောင်! မြန်မြန်သေကြပါစေ!”
သူမသည် လက်ဆွဲအိတ်ကို လွှဲကာ ရဲရဲဝံ့ဝံ့ပင် ထွက်ခွာသွားတော့သည်။
_
လင်စန်းရှင်းတစ်ယောက် လေသံတိုးတိုးလေးဖြင့်
“ဒါက ဘယ်လိုလုပ်ကြမလဲ? ငါတို့ကလည်း မတားမိတော့ နောက်ပိုင်း ကျန်းမိသားစုဝင်တွေ ပြန်လာရင် ငါတို့ကို အပြစ်တင်နေကြဦးမလား?”
“နင်က ရူးနေတာလား? ငါတို့ကို အပြစ်တင်ရအောင် ငါတို့က ဘာလုပ်လို့လဲ? သူများကိစ္စကို ဘယ်သူက လိုက်စီမံနိုင်မှာလဲ? သူတို့ကလည်း ကွာရှင်းထားပြီးသား၊ ကိုယ့်ပစ္စည်းကိုယ် ယူသွားတာကို ငါတို့က တားပိုင်ခွင့်မရှိဘူး။ ကျန်းမိသားစုက မကျေနပ်ရင်တော့ သူ့လုပ်ငန်းခွင်အထိ လိုက်သွားပြီး ရှင်းခိုင်းလိုက်ပေါ့။”
“ဟုတ်တယ်၊ သူတို့မိသားစုက မကျေနပ်ရင် ကိုယ့်ဘာသာကိုယ် သွားရှာကြလိမ့်မယ်။”
“ကျန်းရှင်းဖှရဲ့ ဇနီးက ဒီလိုလူစားမျိုးမှန်း တကယ်ကို မထင်ထားဘူး။ အရင်ကတော့ သူက နည်းနည်း မာနကြီးပြီး လူတွေကို အထင်သေးတတ်တယ်လို့ပဲ ထင်ခဲ့တာ၊ အခုတော့ ငါတို့ထင်ထားတာထက်တောင် ပိုလွန်နေသေးတယ်။ ကြည့်စမ်းပါဦး၊ သူတို့အိမ်မှာ အဆင်ပြေပြေ မပြေပြေ ငါတို့နဲ့ ဘာဆိုင်လို့လဲ၊ အခုတော့ ငါတို့ကိုပါ လာပြီး အပြစ်တင်သွားသေးတယ်၊ ငါတို့လည်း တကယ်ကို မတန်ပါဘူး။”
“ဟုတ်ပါအေ သူတို့လင်မယား ရန်ဖြစ်ကြတာ၊ ယောက္ခမနဲ့ ချွေးမ ဆဲဆိုကြတာတွေကို ငါတို့က ဝင်ပါလို့မှ မရတာ။ အခုကျတော့ ငါတို့ကိုပါ ရန်ရှာသွားတယ်...”
လူတိုင်း တစ်ယောက်တစ်ပေါက်နှင့် ဒေါသတကြီး ပြောဆိုနေကြ၏။ ဤသည်မှာ ကျန်းမိသားစု၏ အိမ်တွင်းရေးကိစ္စသာ ဖြစ်သော်လည်း သူတို့ကိုပါ ဆွဲထည့်သွားခြင်းမှာ အလွန်ပင် မတရားဖြစ်နေသည်ဟု ခံစားနေကြရသည်။
ယွမ်ရှောင်ချွေမှာ မလိုတမာစိတ်ဖြင့်
“သူက အရင်က မပြောင်းဘဲ အခုမှ ရုတ်တရက်ကြီး ပြောင်းသွားတာဆိုတော့ နောက်ယောက်ျား တစ်ယောက်ယောက်များ ရနေပြီလား မသိဘူး၊ ကြည့်ရတာ သူက အကျင့်စာရိတ္တကောင်းတဲ့သူ မဟုတ်ဘူး။”
သူမမှာ ဆက်လက်၍
“သူက ငါတို့မိသားစုကြားထဲမှာတောင် လာပြီး ရန်တိုက်ချင်သေးတယ်၊ ငါ့ကိုများ အူကြောင်ကြောင်လေးလို့ ထင်နေတာလား? ငါ့အဖေနဲ့ ဒေါ်လေးကျောက်ရုံက ငါ့အပေါ် ဘယ်လိုထားလဲဆိုတာ ငါမသိဘဲ နေမလား?”
ချန်ချင်းယွီသည် ယွမ်ရှောင်ချြွေကို တစ်ချက်လှည့်ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
နင်က တကယ့်ကို အူကြောင်ကြောင် ငတုံးလေးပါပဲလေ…
သို့သော်လည်း သူမ စကားမဆိုပေ။ ဤကောင်မလေးမှာ တကယ်ပင် အမြင်မရှိသူဖြစ်ကြောင်း သူမ သိလိုက်ပြီဖြစ်သည်။ ကျန်းရှင်းဖှ ဇနီးဟောင်း စကားများမှာ နားဝင်မချိုသော်လည်း အမှန်တရားများသာ ဖြစ်ပြီး သူမကိုယ်တိုင် မစဉ်းစားမဆင်ခြင်ဘဲ သူတပါးကိုသာ အပုပ်ချနေခြင်းမှာ တကယ့်ကို လူအ တယောက်ပင် မဟုတ်လော့။
ချန်ချင်းယွီသည် ကျောက်ရုံနှင့် ဆက်ဆံရာတွင် ပို၍ သတိထားရမည်ဟု တွေးမိသွား၏။
ကြည့်စမ်း၊ ဒီမိန်းမက ဘယ်လောက်တောင် ပရိယာယ်များသလဲဆိုလျှင် ယွမ်ရှောင်ချွေကိုတောင် အူကြောင်ကြောင် ငထုံမ ဖြစ်သွားအောင် မြှောက်ပင့်ပြီး ဖျက်ဆီးလိုက်တာ!!
နန်းတွင်းဇာတ်လမ်းတွေထဲ၌သာ ကြားဖူးသည့် ထိုမြှောက်ပင့်ဖျက်ဆီးခြင်း အတတ်ပညာမှာ ၇၀ ခုနှစ်များတွင်လည်း အလုပ်ဖြစ်နေသည်မှာ အံ့ဩစရာပင်။
သူမသည် ခေါင်းကို ကုတ်လိုက်ကာ ယွမ်ရှောင်ချွေကို နောက်တစ်ကြိမ် ကြည့်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ မူလ၌ ပွဲကြည့်ချင်ရုံသာ ဖြစ်သော်လည်း ပွဲမှာလည်း ပြီးသွားပြီဖြစ်ရာ သူမ လုပ်စရာရှိသည်ကို ဆက်လုပ်ရပေတော့မည်။ ချန်ချင်းယွီသည် မြေကြီးသွားတူးရန် ပြင်ဆင်ပြန်၏။
ထိုသို့အသွားအပြန် လုပ်နေသည်ကို ကြည့်ပြီး ကလေးနှစ်ယောက်မှာလည်း - “...”
ကောင်းပါပြီ... ကောင်းပါပြီ!
မေမေ သွားချင်ရင် သွားပါတော့!
ချန်ချင်းယွီမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း အမြန်ပင် ပုံးကိုဆွဲကာ ထွက်လာခဲ့သည်။ ယခုအချိန်တွင် လူတိုင်းမှာ ရှေ့ဝင်းထဲ၌ စုဝေးနေကြပြီး စကားဝိုင်း၏ ဗဟိုချက်မှာ ကျန်းရှင်းဖှ၏ ဇနီးအကြောင်းပင် ဖြစ်၏။ ချန်ချင်းယွီသည် ထိုအမျိုးသမီးနှင့် သိပ်ပြီး မရင်းနှီးသော်လည်း ကိစ္စရပ်မှာ ဤမျှနှင့် မပြီးဆုံးနိုင်ကြောင်း ခံစားနေမိသည်။
သူမ ထင်သည်မှာ လှိုင်းကြီးသည် လုပ်ငန်းခွင်သို့ ပြောင်းရုံမျှသာ မဟုတ်နိုင်ပေ။ သူမ၏ ဆဲဆိုသောင်းကျန်းပုံမှာ နောက်ဆံမတင်းဘဲ အကုန်အပြတ်ရှင်းသွားသည့် ပုံစံမျိုး ဖြစ်နေ၏။
“ရှောင်ချန်၊ အပြင်သွားမလို့လား?”
ချန်ချင်းယွီ : “မြေကြီးသွားတူးမလို့ပါ ဒေါ်လေးတို့။”
“အေးအေး၊ သွားလေ။ အိမ်ကိုတော့ ငါတို့ ကြည့်ပေးထားမယ်၊ စိတ်ချသွား။”
ချန်ချင်းယွီ ပြုံးလျက်
“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ရှင်။ အိမ်မှာက တန်ဖိုးရှိတာ ဘာမှမရှိပါဘူး၊ အရေးကြီးဆုံးက ရှောင်ကျားနဲ့ ရှောင်ယွမ်ပဲမို့လို့ ကလေးတွေကိုပဲ ကူပြီး ကြည့်ပေးထားကြပါဦး။”
“သိပါပြီ၊ သိပါပြီ၊ သွားပါတော့။”
ချန်ချင်းယွီ ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။ သူမသည် တစ်နေ့တွင် အိမ်ရှင်မ တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ယခင်က လုံးဝမတွေးဖူးခဲ့ပေ။ သို့သော်လည်း ရက်ပိုင်းတွက်ကြည့်လျှင် နောက်ထပ် နှစ်အနည်းငယ်သာ လိုတော့သည်။ ပေါ်လစီများ ပြောင်းလဲသွားသည့်အခါ သူမအနေဖြင့် ကုန်သည်တစ်ယောက် လုပ်ရမည်။
ချန်ချင်းယွီသည် မိမိကိုယ်မိမိ ယုံကြည်မှု ရှိ၏။ နောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ဝါဒမှာ တကယ့် အခွင့်အလမ်းကြီး ဖြစ်လာမည်ကို သူမ သိထားသည်။ သူမသည် ကုန်သွယ်မှု မလုပ်ဖူးသော်လည်း အနာဂတ်ကို ကြိုသိနေသည့် "ဉာဏ်" ရှိပြီး ကိုယ်ခံပညာလည်း ကောင်းသောကြောင့် လူအ တစ်ယောက်ပင် ဖြစ်နေပါစေဦး၊ အနည်းဆုံးတော့ ငွေရှာနိုင်လိမ့်မည်ပင်။
ငွေရှိမှသာ ဘဝက ပိုပြီး လုံခြုံမှု ရှိပေလိမ့်မည်။
ဒါကတော့ နောက်ပိုင်းအတွက် စီမံကိန်းပေါ့လေ…
ယခုခေတ်ကာလတွင် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ရန် မသင့်တော်သေး၍ လောလောဆယ်တွင်မူ အခြေအနေကို စောင့်ကြည့်ရင်း ငြိမ်ငြိမ်လေး နေရပေဦးမည်။ သူမသည် ပုံးကိုဆွဲကာ တွေးတောရင်း မြို့ရိုးတူးမြောင်း ဘေးသို့ ရောက်လာခဲ့သည်။ ဤနေရာတွင် တောအုပ်ငယ်လေး တစ်ခုရှိပြီး ယခုအချိန်တွင် လူသိပ်မရှိသော်လည်း ငါးမျှားနေသူအချို့ရှိ၏။
ချန်ချင်းယွီသည် အာရုံစိုက်၍ မြေကြီးတူးလိုက်ရာ မကြာမီမှာပင် တစ်ပုံးရသွားသည်။ အလုပ်ကိစ္စပြီးသောအခါ သူမသည် စပ်စုချင်စိတ်ဖြင့် မြစ်ကမ်းဘေးသို့ သွားကာ ငါးမျှားသူများ၏ အခြေအနေကို ကြည့်လိုက်၏။ အခြေအနေကောင်းလျှင် သူမသည်လည်း ငါးလာမျှားမည်ဟု တွေးထားသည်။ နေ့တိုင်း မုန်လာဥနှင့် ဂေါ်ဖီထုပ်ချည်းသာ စားနေရပြီး အသားငါး မပါလျှင် သူမ တကယ်ပင် မခံနိုင်တော့ပေ။
ငါးမျှားနေသူများထဲတွင် လူငယ်ဟူ၍ မရှိသလောက်ပင်၊ အကုန်လုံးမှာ လူကြီးပိုင်းများသာ ဖြစ်ကြပြီး သူမသည် စိတ်ဝင်တစား ကြည့်နေစဉ် မျက်မှန်နှင့် ဦးလေးကြီးတစ်ယောက်၏ ငါးမျှားတံတွင် ငါးတစ်ကောင် ဟပ်လိုက်သည်ကို တွေ့လိုက်ရသည်။ သူသည် အမြန်ပင် ငါးမျှားတံကို ဆွဲတင်လိုက်ရာ ငါးကြီးတစ်ကောင်မှာ မြူးထူးစွာ ပါလာလေ၏။
“ကောင်းတယ်!”
“ဆရာယွီ ခင်ဗျားတော့ ဟုတ်လှချည်လား!”
“တော်လိုက်တာ၊ ဒီနေ့တော့ ခင်ဗျား အကြီးအကျယ် ရပြီပဲ။”
လူတိုင်း ချီးကျူးပြောဆိုကာ လက်မထောင်ပြကြသည်။
“ဆရာယွီတော့ ဒီည အကောင်းစား စားရတော့မှာပဲ။”
“နေပါဦး၊ ဆရာယွီက ဘယ်နှမြောလို့လဲ! အဲဒါကို ရောင်းစားမှာ သေချာတယ်၊ ဆရာယွီက ဘယ်လိုလူလဲဆိုတာ ခင်ဗျားတို့ မသိတာကျလို့။”
မျက်မှန်နှင့် ဆရာယွီမှာ သူ၏ မျက်မှန်ကို ပင့်တင်လိုက်ရင်း
“ခင်ဗျားတို့ကလည်း လျှောက်မပြောပါနဲ့၊ ဘာရောင်းစားရမှာလဲ? ဒါက မိတ်ဆွေအချင်းချင်း အလဲအလှယ် လုပ်တာပါ၊ ပစ္စည်းချင်း အပြန်အလှန် လဲကြတာလေ၊ ဘယ်မှာ ရောင်းစားတာ ပါလို့လဲ? လဲတာပါ! ပစ္စည်းချင်း လဲတာ!”
သူသည် စကားလုံးကို တိတိကျကျပင် ပြုပြင်ပေးလိုက်၍ လူတိုင်းမှာလည်း ထိုအခါမှ ဝိုင်းရယ်ကြ၏။
ချန်ချင်းယွီသည် အလှမ်းဝေးဝေးမှ ရပ်ကြည့်နေသည်။ အားလုံး ရယ်မောပြီးနောက် ငါးပြန်မျှားနေကြသည်ကို မြင်သောအခါ သူမသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ အနားသို့ တိုးကပ်သွားကာ တိုးတိုးလေး မေးမြန်းလိုက်၏။
“ဦးလေး၊ ငါးလေး ဘာလေး လဲချင်လို့လားဟင်?”
ဆရာယွီ- “!!!”
ချန်ချင်းယွီသည် သူမလက်ထဲတွင် ကိုင်ထားသော ငွေကို လက်ဝါးဖြန့်၍ ပြလိုက်သည်။
ဆရာယွီသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် ဘေးဘီကို ဝေ့ဝဲကြည့်ကာ မည်သူမျှ ကြည့်မနေကြောင်း သေချာမှ တိုးတိုးလေး ပြန်ပြော၏။
“ဒီငါးက တော်တော်ကြီးတယ်၊ လက်မှတ် လည်း မလိုဘူးဆိုတော့၁ယွမ်နဲ့ငါးဆင့် ပေးရမယ်။”
ချန်ချင်းယွီသည် ခေတ္တစဉ်းစားပြီးနောက် ခေါင်းညိတ်ပြကာ ငွေကို အမြန်ထုတ်ပေးလိုက်သည်။ ဆရာယွီမှာမူ ဤသို့လုပ်နေကျလူ ဖြစ်ပုံရပြီး သူသည် ကောက်ရိုးကြိုးကို အမြန်ရှာ၍ ငါးကို သီပေးလိုက်ကာ ချန်ချင်းယွီကို ကမ်းပေးရင်း “ကဲ... မြန်မြန်သွားတော့!” ဟု ဆိုကာ သူမကို အတင်းမောင်းထုတ်လိုက်၏။
ချန်ချင်းယွီသည်လည်း ငါးကိုဆွဲကာ ထိုနေရာမှ အမြန်ထွက်ခွာလာခဲ့သည်။
ဆရာယွီ : “ဟဲဟဲ၊ ငါတော့ မြတ်ပြီ!”
ချန်ချင်းယွီ : “ဟဲဟဲ၊ ငါတော့မြတ်တာပဲ!”
ဤမျှကြီးသော ငါးတစ်ကောင်ကို ကုန်စုံဆိုင်တွင် ဝယ်လျှင် တစ်ယွမ်ကျပ်ငါးဆင့်မပေးရသော်လည်း သူတို့တွင် ဝယ်ယူခွင့် လက်မှတ် လိုအပ်သည်မဟုတ်
လော့။ လက်မှတ်မလိုဘဲ တစ်ယွမ်ကျပ် ငါးဆင့်နှင့် ရခြင်းမှာ မှောင်ခိုစျေးကွက်ထက်ပင် သာလွန်နေသေးသည်။
တကယ့်ကို တန်သည့် အရောင်းအဝယ်ပင်။
ချန်ချင်းယွီသည် လက်တစ်ဖက်တွင် ငါး၊ အခြားလက်တစ်ဖက်တွင် မြေကြီးပုံးကို ဆွဲထားကာ ပင်ပန်းဟန် ဆောင်ထားသော်လည်း သူမ၏ ခြေလှမ်းများမှာမူ သိသိသာသာ မြန်ဆန်လှ၏။ ထိုစဉ် နောက်မှ အပြေးလိုက်လာသော ဆရာယွီကို တွေ့လိုက်ရပြီး သူသည် “နေပါဦး၊ ခဏလေး” ဟု ဆို၍ သူမ ရပ်စောင့်နေလိုက်သည်။ ထိုလူကြီးမှာ နောင်တရပြီး ငါးပြန်တောင်းလေခြင်းလော့ဟု သူမ ထင်သွားမိ၏။
ဆရာယွီသည် အမောတကောဖြင့်
“မင်းက တော်တော် ခြေမြန်တာပဲ!”
ချန်ချင်းယွီ မျက်တောင်လေး ခတ်ကာ ကြည့်နေစဉ် ဆရာယွီတစ်ယောက် အသံကိုနှိမ့်၍
“နောက်ခါ ငါးလဲချင်ရင် ဒီကိုပဲ လာခဲ့။ ငါက အလုပ်မရှိရင် ဒီမှာပဲ ငါးမျှားနေတာ။ ငါတို့လည်း မစားနိုင်တဲ့ ငါးတွေကို ပြန်လဲပစ်တာပဲ။ စိတ်မပူနဲ့၊ စျေးနှုန်းကတော့ သင့်တင့်စေရမယ်။”
ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ကာ
“ဟုတ်ကဲ့ပါ!”
လူတိုင်း ပြီပြည့်စုံသည် ဆိုသည်မှာ မရှိပေ၊ မိသားစုဝင်ငွေ အထောက်အပံ့ဖြစ်အောင် ငွေလေးဘာလေး လဲလှယ်ခြင်းကို သူမ နားလည်နိုင်၏။
သူမ သဘောတူသည်ကို မြင်သောအခါ ဆရာယွီသည် ကျေနပ်စွာ ခေါင်းညိတ်ပြီး ဘေးဘီကို ကြည့်ကာ ခပ်သွက်သွက်ပင် ပြေးထွက်သွားတော့သည်။ ချန်ချင်းယွီသည် ပုံးကိုဆွဲကာ ဘတ်စကားမှတ်တိုင်အထိ လမ်းလျှောက်လာခဲ့၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူမ၏မောင်အကြီးဆုံးကို တွေ့လိုက်ရပြီး သူ၏ ဒဏ်ရာမှာ ယခုအခါ တော်တော်လေး သက်သာနေပြီဖြစ်ရာ သတိထား၍ မကြည့်လျှင် မသိသာတော့ပေ။
ချန်ချင်းယွီ၏ မောင်ဖြစ်သူ ချန်ကျန့်ချန်သည် အမျိုးသမီးတစ်ဦးနှင့် စကားတပြောပြောဖြင့် ရယ်မောရင်း ဘတ်စကား စောင့်နေသည်။ သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြပြီး သူသည် ချန်ချင်းယွီကိုပင် မမြင်ဘဲ ရှေ့မှ မိန်းကလေးကိုသာ စူးစူးစိုက်စိုက် ကြည့်လျက် ပူးပူးကပ်ကပ် ရှိနေကြ၏။
“ကိုယ်တို့ လက်ထပ်ပြီးရင် မင်းက ကိုယ်တို့အိမ်မှာ လာနေရမှာ။ ကိုယ့်အမေက အလုပ်မရှိတော့ အိမ်မှာ ထမင်းဟင်းချက်၊ အိမ်သန့်ရှင်းရေး လုပ်ပေးမယ့်သူ ရှိတာပေါ့။ ကလေးရလာရင်တောင် မင်း ဘာမှလုပ်စရာ မလိုဘူး၊ ကိုယ့်အမေက ကူကြည့်ပေးလိမ့်မယ်၊ စိတ်မပူနဲ့။ ကိုယ်က မိသားစုထဲမှာ အချစ်ခံရဆုံး သားပဲ၊ မိဘတွေက ကိုယ့်ကို အကောင်းဆုံး ဆက်ဆံကြတာ။”
ထိုမိန်းကလေးမှာ မူနွဲ့နွဲ့လေသံဖြင့်
“နားထောင်လို့တော့ ကောင်းပါရဲ့၊ ဒါပေမဲ့ ရှင်က တကယ်ကတိတည်ပါ့မလား ဘယ်သူသိမှာလဲ? ရှင့်အမေက အနိုင်ကျင့်တတ်တဲ့သူလို့ ကျွန်မကြားထားတယ်နော်။”
“လျှောက်ပြောတာပါ! ကိုယ့်အမေက အရမ်းသဘောကောင်းတာ။ အဲဒီလို အဓိပ္ပာယ်မရှိတာတွေ ဘယ်ကကြားလာတာလဲ? အဲဒါတွေက တမင် မနာလိုလို့ ပြောကြတာပါ။”
ထိုမိန်းကလေးမှာ နှာခေါင်းရှုံ့ကာ
“ကျွန်မတို့ တွဲနေတာကို ကျွန်မအမေ သိသွားလို့ ရှင်တို့ ရပ်ကွက်ထဲ သွားစုံစမ်းခိုင်းတာ။ ရှင်တို့ အိမ်နီးချင်းတွေက ပြောတယ်လေ၊ ရှင့်အမေက အနိုင်ကျင့်တတ်ပြီး ပြဿနာရှာတဲ့သူတဲ့၊ ရှင့်အဖေကိုတောင် ရိုက်သေးတယ်ဆိုပဲ! တကယ့် မိန်းမကြမ်းကြီးတဲ့!”
ချန်ကျန့်ချန်တစ်ယောက် ပျာပျာသလဲ ဖြစ်သွားကာ ရှင်းပြလေသည်။
“သူများပြောတာတွေကို မယုံပါနဲ့။ တချို့လူတွေက သူများ အဆင်ပြေနေတာကို ကြည့်မရလို့ပါ။ ကိုယ့်မိသားစုက ချမ်းသာတော့ မနာလိုတဲ့သူတွေ အများကြီး ရှိတာပေါ့။ သူတို့က တမင် လုပ်တာပါ။ မင်းကသာ သူတို့ပြောတာ ယုံရင် သူတို့အကွက်ထဲ ဆင်းပေးသလို ဖြစ်သွားမှာပေါ့။”
ထိုမိန်းကလေးသည် နှုတ်ခမ်းကို စူလိုက်ကာ ယုံရခက် မယုံရခက် ဖြစ်နေသော်လည်း
“ရှင် ကျွန်မကို အမြဲတမ်း အလုပ်ရအောင် လုပ်ပေးမယ် ပြောပြီးတော့ အခုထိ မလုပ်ပေးသေးဘူးနော်။ အခု ကျွန်မက ယာယီအလုပ်သမားဆိုတော့ အခြေအနေက မသေချာဘူး။ အလုပ်မရှိရင် ကျွန်မ ကျေးလက်ကို ဆင်းသွားရမှာ။ ရှင် ကတိပေးထားတာနော်၊ ကတိမဖျက်နဲ့။”
ဤအကြောင်းကို ပြောလိုက်သောအခါ ချန်ကျန့်ချန်သည် သူ၏ ကြွားလုံးများကို သတိရသွားသည်။ ထိုစဉ်က သူ့ယောက်ဖဖြစ်သူ၏ အလုပ်ကို သူ့အစ်မ ရသွားလျှင် သူလည်း အလွယ်တကူ ရနိုင်လိမ့်မည်ဟု ထင်ခဲ့ခြင်းဖြစ်၏။ သို့သော် သူ့အစ်မသည် ဤမျှ အသုံးမကျလိမ့်မည်ဟု မည်သူ သိမည်နည်း။ အလုပ်မှာ အဘွားကြီးလက်ထဲ ရောက်သွားသဖြင့် သူတို့အတွက် လုံးဝ အခွင့်အရေး မရှိတော့ပေ။
သူ့ယောက်ဖ၏ အမေဖြစ်သူမှာ တကယ့်ကို ယုတ်မာပက်စက်သော အဘွားကြီးဖြစ်ပြီး၊ အကြောင်းပြချက်မရှိ ပြဿနာရှာတတ်သူဖြစ်ကြောင်း သူသိလေသည်။ သူတို့ လက်ထပ်ခါစ အကျိုးအမြတ် တစ်ခုခု ရနိုင်မလားဟု ထင်ခဲ့သော်လည်း ထိုအဘွားကြီးမှာ တံမြက်စည်းနှင့် အတင်းလိုက်ရိုက်ပြီး မောင်းထုတ်ခဲ့သဖြင့် အလွန်ပင် အရှက်ရခဲ့ရ၏။
ချန်ကျန့်ချန်သည် မျက်လုံးများ ကစားလိုက်ပြီးနောက်
“စိတ်မပူပါနဲ့၊ ကိုယ်တို့ လက်ထပ်ပြီးရင် ကိုယ့်မှာ အလုပ်ရှိနေတာပဲ၊ မင်း ကျေးလက်ကို ဆင်းစရာ မလိုပါဘူး။ မင်း အလုပ်မရှိလည်း အဆင်ပြေပါတယ်။”
“အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! ရှင် ကျွန်မကိုလိမ်နေတာပဲ၊ ကျွန်မကို ပေးမယ်ဆိုတဲ့ အလုပ်က ဘာဖြစ်သွားတာလဲ? အခုကျတော့ ရှင့်မှာ အလုပ်မရှိတော့ဘူးလို့ ပြောပြန်ပြီ...”
“မရှိတာ မဟုတ်ပါဘူး၊ မရှိတာ မဟုတ်ဘူး၊ ရှိပါတယ်။ ကိုယ့်အစ်မမှာ အလုပ်ရှိတယ်လေ၊ သူ့ကို ပြောပြီး မင်းကို ပေးခိုင်းလိုက်မယ်။ စိတ်မပူနဲ့၊ ကိုယ် အဲဒါကို ဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးတယ်၊ ဒါပေမဲ့ အချိန်တော့ နည်းနည်းယူရလိမ့်မယ်။ ကိုယ်တို့ အရင် လက်ထပ်ကြရအောင်၊ အဲဒီနောက်မှ ကိုယ်….”
ချန်ကျန့်ချန်သည် မစားရဝခမန်း ကြွားဝါနေစဉ် တစ်စုံတစ်ယောက်
သည် သူ့ပခုံးကို ပုတ်လိုက်၏။
“ဘယ်သူလဲ!”
ချန်ကျန့်ချန်သည် မျက်မှောင်ကြုတ်ကာ လှည့်
ကြည့်လိုက်သည်။
ဘယ်သူကများ ဒီလောက် အမြင်မရှိရတာလဲ!!
ချန်ချင်းယွီသည် အပြစ်ကင်းစင်
ဟန်ဖြင့် ပြုံးပြကာ နှုတ်ဆက်လိုက်လေသည်။
“မောင်လေး။”
ချန်ကျန့်ချန် : “!!!”
ချန်ကျန့်ချန်မှာ ဆွံ့အသွားပြီး မှင်သက်နေကာ ချန်ချင်းယွီကို တွေ့ရလိမ်မည်ဟု ထင်မထားပေ။ ထို့ကြောင့် အမြန်ပင် မေးမြန်းလိုက်ကာ
“နင် ဒီကိုဘာလာလုပ်တာလဲ”
ချန်ချင်းယွီမှာ ရိုးသားဖြူစင်ဟန် သရုပ်ဖော် ပြုံးပြ၍
“အပြင်မှာ အလုပ်ရှိလို့ပေါ့”
သူမပုံစံမှာ အလွန်ပျော်ရွှင်နေဟန်ပေါ်ပြီး ဝမ်းသာအားရ အပြုံးဖြင့် စကားဆိုလိုက်၏။
“မောင်လေးက ဒီမှာဘာလုပ်နေတာလဲ၊ မောင်လေးနဲ့တွေ့ရတာ ဝမ်းသာလိုက်တာ! ဒါက မင်းရဲ့ချစ်သူလား”
ချန်ချင်းယွီ သူမရှေ့ရှိ မိန်းကလေးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထိုမိန်းကလေးမှာ တကယ့်ကို ရုပ်ရည်ချောမောလှပပြီး ယခုခေတ်စားနေသည့် ပါးဖောင်းဖောင်း၊ အသားဖြူဖြူစင်စင်နှင့် တင့်တယ်သူလေးဖြစ်၏။
ချန်ချင်းယွီ : “မောင်လေးတို့ တွဲနေတာ မိဘတွေသိရဲ့လား? မောင်လေးရဲ့ မိဘတွေကရော သဘောတူကြလားဟင်? ပြီးတော့ ဒီနေ့ မင်းအလုပ်သွားရမယ့်ရက် မဟုတ်လား၊ အလုပ်မသွားဘဲ နေလို့ရလို့လား?”
ချန်ကျန့်ချန်၏ မျက်မှောင်ကြီးမှာ ယင်ကောင်တစ်ကောင်ကိုပင် ညှပ်ထားနိုင်လောက်အောင် တွန့်ချိုးသွားပြီး သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ချန်ချင်းယွီ ဖြတ်၍ ပြောလိုက်ပြန်သည်။
“မောင်လေးနဲ့ တွေ့တာ အတော်ပဲ။ ဒီမြေကြီးပုံးကို ကူသယ်ပေးပါဦးလား၊ အစ်မ မနိုင်တော့လို့ပါ။”
ချန်ကျန့်ချန် - “???”
သူသည် အောက်သို့ ငုံ့ကြည့်လိုက်စဉ် မျက်လုံးများ ချက်ချင်းပင် အရောင်တောက်သွားပြီး
“ဒီငါးကို ဘယ်ကရတာလဲ? အချိန်ကိုက်ပဲဟေ့! အဖေတို့ ငါးစားချင်နေတာနဲ့ အတော်ပဲ၊ နင်ကတော့ တကယ်ကို သားသမီးဝတ္တရား ကျေပွန်တာပဲ။ ငါ့ကိုပေး၊ ငါပဲ အိမ်ကို ယူသွားလိုက်မယ်။”
သူသည် ချန်ချင်းယွီ၏ လက်ထဲမှ ငါးကြီးကို ချက်ချင်းပင် မျက်စိကျသွား၏။ ငါးမှာ အတော်အတန်ကြီးမားပြီး အနည်းဆုံး ၄-၅ ပေါင်ခန့် ရှိပေလိမ့်မည်။
သူ လှမ်း၍လုရန် ပြင်လိုက်သော်လည်း ချန်ချင်းယွီသည် တွန့်ဆုတ်ခြင်းမရှိဘဲ နောက်သို့ ဆုတ်လိုက်ကာ ခေါင်းခါရင်း ပြောလိုက်လေသည်။
“မရဘူး မောင်လေး၊ ဒီအတိုင်း ယူသွားလို့ မဖြစ်ဘူး။”
“ဘာတွေ လျှောက်ပြောနေတာလဲ? ဘာကို ယူသွားလို့မရတာလဲ? နင်က အဖေနဲ့အမေအပေါ် ဝတ္တရား မကျေချင်တော့ဘူးလား?”
ချန်ချင်းယွီသည် ချန်ကျန့်ချန်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီးမှ ဝမ်းနည်းကြေကွဲဟန်ဖြင့် ဆိုလိုက်၏။
“မောင်လေးက မမကို အဲဒီလို ထင်နေတာလား? မမက အဲဒီလိုလူမျိုးလားဟင်? မမသာ အဲဒီလို တွက်ကပ်တတ်တဲ့သူဆိုရင် အိမ်ကနေ ဘာမှမယူဘဲ လက်ချည်းဗလာနဲ့ အိမ်ထောင်ပြုပါ့မလား။ မမကို မစွပ်စွဲပါနဲ့! ဒါက မမရဲ့ ယောက္ခမက လဲခိုင်းလိုက်တဲ့ ငါးလေ။ ဒါကို ပြန်မယူသွားရင် သူက ဘယ်လောက်တောင် သောင်းကျန်းမလဲ။ မမကို ရိုက်တာ ဆဲတာကတော့ ခံနိုင်ပါသေးတယ်၊ ဒါပေမဲ့ သူက ဒီအတိုင်း ငြိမ်နေမှာ မဟုတ်ဘူး။ သူက အဖေတို့အိမ်အထိ သွားပြီး ပြဿနာရှာမှာ သေချာတယ်။ သူ့အကြောင်း မောင်လေး သိသားပဲ၊ အိမ်က ပစ္စည်းတွေကို ရိုက်ခွဲပြီး မောင်လေးကိုပါ ရိုက်နှက်လိမ့်မယ်။ အဲဒါက မတန်ပါဘူး မောင်လေးရယ်!”
ချန်ချင်းယွီသည် ခေါင်းငုံ့ကာ သနားစဖွယ် ပုံစံဖမ်းလိုက်ရင်း
“မမက မောင်လေး အဆင်ပြေအောင် ပြောနေတာကို မောင်လေးက မမကို ဒီလို ထင်နေသေးတယ်၊ တကယ်ကို စိတ်မကောင်းဘူး။ မောင်လေးရယ်... ဘယ်လိုများ ဒီလို ပြောနိုင်ရတာလဲ?”
ချန်ကျန့်ချန်မှာ ဒေါသတကြီးဖြင့်
“ဘာတွေ လျှောက်ပြောနေတာလဲ! မပေးချင်ရင်လည်း မပေးဘူးလို့ ပြောပေါ့!”
“မဟုတ်ပါဘူး၊ မပေးချင်တာ မဟုတ်ပါဘူး။ မောင်လေးအတွက် ပြဿနာ ဖြစ်မှာစိုးလို့ပါ။ မမဘက်က အလျှော့ပေးလိုက်လို့ နောက်ပိုင်း ပြဿနာတက်ရင် မောင်လေးပဲ မမကို အပြစ်တင်နေဦးမယ် မဟုတ်လား? ပြီးတော့ ဒေါ်လေးဝေကလည်း ဒေါသကြီးတော့ အဲဒီလူကြီးနှစ်ယောက် တကျက်ကျက် ရန်ဖြစ်နေကြရင် ဘယ်လိုလုပ်မလဲ?”
ချန်ချင်းယွီ ဝမ်းနည်းဟန်ဖြင့် ပြောလိုက်သည်။ တစ်ခါတစ်ရံတွင် ရုပ်ရည်က တကယ့်ကို အရေးပါလှပြီး ချန်ချင်းယွီမှာ သဘာဝအတိုင်း အပြစ်ကင်းစင်သည့် ရုပ်မျိုးရှိရာ သူမ အနည်းငယ် ဝမ်းနည်းဟန်ဆောင်လိုက်လျှင် မည်သူမျှ မသင်္ကာမဖြစ်ကြပေ။
ချန်ကျန့်ချန်၏ ချစ်သူမိန်းကလေးသာမက ဘတ်စ်စကားစောင့်နေသည့် အခြားသူများသည်လည်း ချန်ကျန့်ချန်ကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်ကာ နားစွင့်နေကြ၏။
ယနေ့သည် တနင်္ဂနွေနေ့ မဟုတ်သော်လည်း ဤမှတ်တိုင်မှာ တူးမြောင်းနှင့် နီးသဖြင့် စုံတွဲများ လမ်းလျှောက်လာလေ့ရှိရာ လူတော်တော်များများ ရှိနေသည်။
ချန်ချင်းယွီမှာ အပြစ်ကင်းစင်သည့် မျက်နှာလေးဖြင့် ချန်ကျန့်ချန်ကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်၏။
“ဟို... အဖေ့ကျန်းမာရေး ဘယ်လိုနေလဲဟင်? အဖေ ဒဏ်ရာရထားတာ သက်သာသွားပြီလား?”
ဤအကြောင်းကို ပြောလိုက်သည်နှင့် ချန်ကျန့်ချန်မှာ ဒေါသတကြီးဖြင့် အော်ဟစ်တော့သည်။
“နင် ငါတို့အိမ်အကြောင်း ဘယ်လိုများ ပြောရဲသေးတာလဲ! နင့်ကြောင့်သာ မဟုတ်ရင် အဖေ ဒီလို ဒဏ်ရာရမှာ မဟုတ်ဘူး! ဒါတွေက နင့်အမှားတွေချည်းပဲ!”
သူသည် သူမကို အော်ဟစ်လိုက်သဖြင့် ချန်ချင်းယွီသည် ကြောက်လန့်တကြား နောက်ဆုတ်လိုက်ကာ တိုးတိုးလေးဆိုသော်ငြား ရှင်းလင်းပြတ်သားစွာ ပြောလိုက်၏။
“ဘယ်လိုလုပ် မမအမှား ဖြစ်မှာလဲ? အဖေ့ကို မမရိုက်တာမှ မဟုတ်တာ၊ သိသိသာသာကြီး ဒေါ်လေးဝေက ရိုက်လိုက်တာကို...”
သူမသည် မော့ကြည့်ကာ ညင်သာစွာဖြင့်
“မောင်လေး၊ မောင်လေးရဲ့ အမေကို တစ်ချက်လောက် ဖျောင်းဖျပေးပါဦး။ မိန်းမတစ်ယောက်က ကိုယ့်ယောက်ျားကို နှိပ်စက်နေတာက မြင်လို့မကောင်းဘူးလေ။ ပြီးတော့ အဖေကလည်း အသက်ကြီးပါပြီ။ မောင်လေးက မောင်လေးအမေဘက်က ကာကွယ်ပေးတာကို မမသိပါတယ်၊ ဒါပေမဲ့ အဖေကလည်း မောင်လေးရဲ့ အဖေပဲလေ! မောင်လေးက ဂရုမစိုက်ပေမဲ့ မမကတော့ ဂရုစိုက်မိတာပေါ့။”
(အမှန်တော့ ဂရုမစိုက်ပါ!)
ချန်ကျန့်ချန် - “ပါးစပ်ပိတ်ထားစမ်း!”
ချန်ချင်းယွီ နှုတ်ခမ်းကို ဖိကိုက်လိုက်ကာ
“ခါးတဲ့စကားက နားခါးတယ်ဆိုတာ မမသိပါတယ်၊ ဒါပေမဲ့ မောင်လေးရယ်... တကယ်ပဲ မောင်လေးအမေကို မောင်လေး မထိန်းနိုင်ဘူးလား? သူက မမရဲ့ အမေအရင်းမဟုတ်တော့ မမက ဘာမှဝင်မပြောနိုင်ဘူး၊ ဒါပေမဲ့ မောင်လေးကတော့ သူ့သားအရင်းပဲလေ! သူ့ကို နည်းနည်းပြောပြပါဦး! အဖေ့ခေါင်းမှာလည်း ဒဏ်ရာတွေ၊ မျက်နှာမှာလည်း အညိုအမဲတွေနဲ့။ မမသာ အိမ်ကို တိုက်တိုက်ဆိုင်ဆိုင် ပြန်မရောက်ခဲ့ရင် ဒေါ်လေးဝေက အဖေ့ခေါင်းကို ခွဲလိုက်တာတောင် သိမှာမဟုတ်ဘူး။ တကယ်ကို ကြောက်စရာကောင်းလိုက်တာ! အဖေသာ တစ်ခုခု အကြီးအကျယ် ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?”
ချန်ချင်းယွီသည် အဓိကအချက်အလက်များကို တရစပ် ပြောဆိုဗုံးကြဲ၍ စတင် သရုပ်ဆောင်တော့သည်။
ချန်ကျန့်ချန် : “ပါးစပ်ပိတ်စမ်း! ပါးစပ်ပိတ်လို့ ပြောနေတာ ကြားလား?”
ချန်ချင်းယွီ ဆက်လက်၍ ကြောက်လန့်ဟန်ဆောင်ကာ
“မအော်ပါနဲ့ မောင်လေးရယ်! ကြောက်စရာကြီး။”
“အဖေက သူ့ဘာသာ မတော်တဆ ထိခိုက်တာ! အမေရိုက်တာ မဟုတ်ဘူး။ ကောလာဟလတွေ လျှောက်မလွှင့်နဲ့။”
ချန်ချင်းယွီ စကားပြောရန် တွန့်ဆုတ်နေဟန်ဖြင့် နှုတ်ခမ်းကို ဖိကိုက်ထားပြီး အကြာကြီးနေမှ
“ဘေးအိမ်က လူတွေအကုန်လုံး မြင်လိုက်ကြတာပဲလေ။”
“ပါးစပ်ပိတ်ထား!”
ချန်ကျန့်ချန်သည် ဒေါသတကြီးဖြစ်နေသော်လည်း ဘာမှပြန်မပြောနိုင်ဘဲ အကြပ်ရိုက်နေလေသည်။ဘေးမှ ကြည့်ရှုနေသူအားလုံးမှာလည်း သူ့ကို မျက်မှောင်ကြုတ်ကာ မကျေမနပ် ကြည့်နေကြ၏။
ဒီလူကတော့ တကယ်ကို ဂနာမငြိမ် ဖြစ်နေတာပဲ!!
ချန်ချင်းယွီ၏ စကားအနည်းငယ်မှာ လူတိုင်းကို ယုံကြည်သွားစေခဲ့သည်။ သူမသည် ရိုးသားပုံပေါက်နေ၍တင်မကဘဲ သူမပြောသမျှ စကားတိုင်းမှာ သက်သေအထောက်အထား ခိုင်လုံနေ၏။
ချန်ကျန့်ချန်၏ ရုတ်တရက် ပေါက်ကွဲထွက်လာမှုသည် လူတိုင်း သူ့အပေါ် အမြင်စောင်းသွားစေခဲ့သည်။
ချန်ကျန့်ချန်၏ ချစ်သူမိန်းကလေးသည်လည်း သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်၏။ သူမသည် အူတူတူ အတတ မြီးကောင်ပေါက်လေး မဟုတ်ပေ၊ ကြည့်ရုံဖြင့် အခြေအနေကို သဘောပေါက်သွားပြီဖြစ်သည်။ သူမအမေ စုံစမ်းလာခဲ့သည့် သတင်းများကို သူမ အတော်အသင့် ယုံကြည်ထားခဲ့ရာမှ ယခုဆိုလျှင် လုံးဝကို ယုံကြည်သွားတော့၏။
ထို့ပြင် သူမသည် အခြားကိစ္စတစ်ခုကိုလည်း သတိရသွားသည်။
သူမ ချန်ချင်းယွီကို ရုတ်တရက် လှည့်ကြည့်ကာ
“မမက ကျန့်ချန်ရဲ့ အစ်မလားဟင်? ဒီနေ့ အလုပ်မသွားဘူးလား?”
ချန်ချင်းယွီ အလွန်ရိုးသားကာ ဘာမှမသိသည့်ပုံစံဖြင့်
“အလုပ်သွားရမယ်? မမမှာ ဘယ်တုန်းကမှ အလုပ်မရှိခဲ့ပါဘူးကွယ်။”
ထိုမိန်းကလေးသည် ချန်ကျန့်ချန်ကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီးမှ ပြုံးလျက်
“မမ အလုပ်သွားနေတယ် ထင်လို့ပါ။ မမယောက်ျား ဆုံးသွားလို့ အလုပ်နေရာကို မမက ဆက်ခံတယ်လို့ ကြားထားလို့...”
သူမသည် ချန်ကျန့်ချန်နှင့် ပတ်သက်ခဲ့သည်မှာ ဤအလုပ်နေရာကြောင့်လည်း ပါဝင်သည်။ အကယ်၍ အမြဲတမ်းအလုပ်နေရာသာ မရှိလျှင် သူမအနေဖြင့် သူ့ကို စိတ်ဝင်စားလိမ့်မည်မဟုတ်ပေ။ ချန်ကျန့်ချန်သည် သူမ၏ ပိုးပန်းသူများထဲတွင် အကောင်းဆုံးအမျိုးသား မဟုတ်ပေ။ သူသည် အလုပ်သမားတစ်ဦး ဖြစ်သော်လည်း သူ၏ မိသားစုမှာ ဆက်ဆံရခက်သည့် အသိုင်းအဝိုင်း ဖြစ်နေ၏။
သူမ၏ မျက်ဝန်းတို့ လှုပ်ခတ်သွားကာ မေးမြန်းလိုက်ပြန်သည်။
“မမက အလုပ်နေရာကို ဆက်မခံလိုက်ဘူးလား?”
ချန်ချင်းယွီ ခေါင်းခါပြကာ
“မရပါဘူးကွယ်၊ မမယောက်ျားရဲ့ အလုပ်ကို ယောက္ခမကပဲ ဆက်ခံလိုက်တာပါ။ မမက ဘယ်လိုလုပ် ယူနိုင်မှာလဲ။ ကိုကိုကျန့်ဝမ်နဲ့ မမက အမြဲတမ်း သံယောဇဉ်ကြီးခဲ့ကြတာလေ။ ကိုကိုကျန့်ဝမ်ကို ယောက္ခမကပဲ တစ်ကိုယ်တည်း ကျွေးမွေးပြုစုလာခဲ့တာ။ အခု ကိုကိုကျန့်ဝမ် မတော်တဆ ဖြစ်သွားတော့ မမအနေနဲ့ ယောက္ခမအပေါ် မငဲ့ကွက်လို့ မရဘူးလေ။ ဒါကြောင့် ဒီအလုပ်ကို ယောက္ခမပဲ ဆက်ခံသင့်တာပေါ့။ သူ နောက်ထပ် နှစ်အနည်းငယ် လုပ်လိုက်ရင် အငြိမ်းစားယူတဲ့အခါ ပင်စင်ရမှာဆိုတော့ သူ့ဘဝအတွက် အာမခံချက်ရှိသွားတာပေါ့။ မမတို့လို လူငယ်တွေကတော့ လက်ခြေအကောင်းပကတိရှိနေတော့ ငတ်မသေနိုင်ပါဘူး။ သဘာဝအတိုင်း လူကြီးတွေအတွက်ပဲ ပိုပြီး စဉ်းစားပေးရတာပေါ့။”
ချန်ချင်းယွီသည် တကယ့်ကို "ရိုးသား" ပြီး "ဝတ္တရားကျေပွန်သော" ချွေးမကောင်းလေးတစ်ယောက်အဖြစ် သရုပ်ဆောင်နေတော့၏။
ချန်ချင်းယွီ၏ စကားအဆုံးတွင် ထိုမိန်းကလေး၏ မျက်နှာသည် ပျက်သွားကာ ချန်ကျန့်ချန်ကို အေးစက်စွာ ကြည့်လိုက်သည်။
သူမကို လိမ်ရဲတယ်ပေါ့!!
သူ ဘာတွေပြောခဲ့သနည်း။ သူ၏ ယောက်ဖ ဆုံးသွားပြီဖြစ်၍ ဤအလုပ်မှာ သူ့အစ်မ အပိုင်ဖြစ်သည်ဟု ဆိုခဲ့ပြီး၊ သူ၏ အစ်မမှာ အလွန်လိမ္မာသူဖြစ်သဖြင့် တောင်းလိုက်လျှင် ချက်ချင်းပေးလိမ့်မည်ဟုလည်း ကြွားခဲ့သေး၏။ သူ၏ မိဘများမှာ သူ့ကို အချစ်ဆုံးဖြစ်၍ ဤအလုပ်နေရာကို သူတို့ချွေးမအား မဆိုင်းမတွ ပေးပါလိမ့်မည်ဟုလည်း ဆိုခဲ့သေးသည်။ ထို့ပြင် လက်ထပ်ပြီးလျှင် မိဘများမှာ သူတို့၏ အစေအပါးဖြစ်သွားမည်ဖြစ်ပြီး၊ နှစ်ယောက်စလုံး အလုပ်ရှိသဖြင့် တစ်ပြားတစ်ချပ်မှ မိဘထံ ပြန်ပေးစရာမလိုဟုလည်း ပြောခဲ့ဖူး၏။
သို့သော် ယခုကြည့်ရသည်မှာ သူပြောသမျှ တစ်ခွန်းမှ မယုံကြည်နိုင်စရာ ဖြစ်နေတော့သည်။
သူမသည် ချန်ကျန့်ချန်ကို စိုက်ကြည့်နေသော်လည်း သူသည်ကား သူ့ချစ်သူ မကျေမနပ်ဖြစ်နေသည်ကို သတိမထားမိသေးပေ။
သူသည် ဒေါသတကြီးဖြင့် အစ်မဖြစ်သူကိုသာ မာန်မဲနေ၏။
“နင်ကတော့ တကယ့် ငတုံးပဲ၊ တကယ့်ကို အူကြောင်ကြောင်မပဲ! ဒီအလုပ်က နင်ရရမှာလေ၊ ဘာဖြစ်လို့ ယောက္ခမကို ပေးလိုက်ရတာလဲ? နင့်ကိုကြည့်ရတာ တကယ့်ကို အသုံးမကျဘူး၊ ဘာမှလည်း အဖတ်တင်အောင် မလုပ်နိုင်ဘူး။ နင်က လူဖျင်း၊ နင့်အနား ကပ်တဲ့သူတိုင်း ကံဆိုးတာချည်းပဲ။ နင့်အမေကိုလည်း နင်ပဲသတ်တယ်၊ နင့်ဦးလေး၊ အဘိုးအဘွားတွေ၊ အခုတော့ နင့်ယောက်ျားကိုပါ နင်ပဲ သတ်လိုက်ပြီ။ နင်က တကယ်ကို နမိတ်ဆိုးပဲ၊ နင့်ကို မြင်ရတာကိုက ကံဆိုးတယ်...”
ချန်ချင်းယွီ၏ မျက်လုံးများ ချက်ချင်းပင် နီရဲလာပြီး ဤနေရာတွင် ရှိနေသော ဘေးမှလူများမှာလည်း ဆက်၍ သည်းမခံနိုင်တော့ပေ။ ဒေါသကြီးသော ဦးလေးကြီးတစ်ဦး သည် ရှေ့သို့ တိုးလာကာ ချန်ကျန့်ချန်ကို အားပြင်းပြင်းဖြင့် တွန်းထုတ်လိုက်ပြီး အော်ဟစ်လိုက်၏။
“ဟေ့ကောင်! ငါ မင်းကို သည်းခံနေတာ ကြာပြီ! မင်းမှာ လူ့ကျင့်ဝတ်ဆိုတာ မရှိဘူးလား? မင်းလုပ်နေတာတွေက တကယ့်ကို ယုတ်မာလွန်းတယ်။ မိန်းမတစ်ယောက်ကို ဒီလို လာအနိုင်ကျင့်နေရလား! မင်းက တကယ့်ကို အမှိုက်ပဲ! ငါ အကုန်မြင်နေရတယ်၊ မင်းက ဒီမိန်းကလေးကိုလည်း လိမ်နေတယ်၊ ကိုယ့်အစ်မအရင်းကိုလည်း ဒီလို နှိပ်စက်နေတယ်။ မင်းက ယောက်ျားမဟုတ်ဘူး၊ ပေကျင်းက ယောက်ျားထုအတွက် အရှက်ရစရာပဲ!”
“ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ?!”
“မင်းရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ငါ ကြည့်မရလို့ မင်းကို ဆုံးမပေးတာကွ၊ ဘာဖြစ်လဲ?”
အခြားဦးလေးကြီးတစ်ဦးသည်လည်း ဝင်ပြောလိုက်ကာ
“မင်းက ကံဆိုးတယ်၊ လူသတ်တယ်ဆိုပြီး လျှောက်ပြောနေတာက အယူသီးတဲ့ အတွေးအခေါ်တွေကို ဖြန့်ဝေနေတာ မဟုတ်လား?”
ထိုစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်သွားကြသည်။
ချန်ကျန့်ချန်သည် ချက်ချင်းပင် ပျာပျာသလဲ ဖြစ်သွားကာ အမြန် ငြင်းဆိုလိုက်၏။
“ကျွန်တော် မပြောပါဘူး၊ မဟုတ်ပါဘူး၊ ကျွန်တော်က ဒီအတိုင်း လွှတ်ခနဲ ပြောလိုက်တာပါ၊ ဘာအယူသီးမှုမှ မရှိပါဘူး!”
သူသည် ပို၍ပင် ဒေါသထွက်လာကာ
“သွားမယ်၊ သွားမယ်၊ ဒီကား မစီးတော့ဘူး။ ဒီလိုလူတွေနဲ့ အတူမနေချင်ဘူး။”
သူသည် သူ၏ချစ်သူမိန်းကလေးကို ဆွဲခေါ်ရန် လက်လှမ်းလိုက်သော်လည်း ထိုမိန်းကလေးသည် နောက်သို့ ခြေတစ်လှမ်းဆုတ်
လိုက်ကာ
“ရှင့်ကို ကျွန်မ တကယ် စိတ်ပျက်သွားပြီ။ ကြည့်ရတာ ကျွန်မတို့ပတ်သက်မှုကို ပြန်စဉ်းစားရတော့မယ် ထင်တယ်။”
သူမသည် အချိန်ပြည့် အမြဲတမ်းဝန်ထမ်းအလုပ်တစ်ခု ရရှိရန်အတွက်သာ သူ့ကို တွဲခဲ့ခြင်းဖြစ်သော်လည်း ယခု စကားနားထောင်ရသလောက်မှာ အလုပ်ရရန် လုံးဝလမ်းမရှိတော့ပေ!
မရနိုင်မှတော့ သူမအနေဖြင့် ဆက်၍ တွဲနေစရာ အကြောင်းမရှိပေ…
ခြေသုံးချောင်းပါတဲ့ ဖားကို ရှာရခက်ချင်ခက်မည်၊ ခြေနှစ်ချောင်းပါတဲ့ ယောက်ျားကမူ လမ်းမပေါ်တွင် အပြည့်ပင် မဟုတ်ပါလား…
သူမတွင် ပိုးပန်းသူ မရှားပေ၊ သူမ လိုအပ်နေသည်မှာ အချိန်ပြည့် အမြဲတမ်းအလုပ်တစ်ခုသာ ဖြစ်သည်။
“မဟုတ်ဘူးလေ ကျန်းကျန့် ငါပြောတာ နားထောင်ပါဦး၊ ကိစ္စက အဲဒီလို မဟုတ်ပါဘူး၊ မင်း ငါ့ကို တကယ် အထင်လွဲနေတာပါ။”
ချန်ကျန့်ချန်သည် အခြေအနေများ ဤမျှအထိ ဆိုးရွားသွားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“မင်းက ဘာလို့ သူ့ရဲ့ လျှောက်ပြောနေတဲ့ စကားတွေကို ယုံနေရတာလဲ?”
ချန်ချင်းယွီ နှုတ်ခမ်းကို ဖိကိုက်ကာ ဝမ်းနည်းပက်လက် ခေါင်းငိုက်စိုက်ချလျက် တိုးတိုးလေး ရှိုက်ကြီးတငင် ငိုကြွေးရင်း
“မမ ဘာမှ မပြောပါဘူး...”
ချန်ကျန့်ချန် ; “သွားစမ်း၊ သွားစမ်း၊ နင် အခုချက်ချင်း ငါ့ရှေ့က ထွက်သွားစမ်း၊ နင်က ငါ့ကို ဒုက္ခပဲ ပေးနေတာ။ နင်လို နိမိတ်မရှိတဲ့ မိန်းမ၊ ထွက်သွား!”
သူသည် ပျာပျာသလဲဖြင့်
“ကျန်းကျန့် မင်းအပေါ်ထားတဲ့ ကိုယ့်စေတနာကို မင်းသိမှာပါ! ဒီလိုကိစ္စသေးသေးလေးကြောင့်နဲ့ ဘာလို့ လမ်းခွဲချင်ရတာလဲ? ကိုယ်တို့ရဲ့ အချစ်က စမ်းသပ်မှုတွေကို ကြံ့ကြံ့ခံနိုင်ရမှာပေါ့။”
ကျန်းကျန့်သည် ပါးနပ်သူဖြစ်ရာ အလုပ်ကိစ္စကို ထည့်မပြောဘဲ
“ရှင့်အမေက ရှင့်အဖေကိုတောင် ရိုက်တာလေ၊ ကျွန်မသာ ရှင့်တို့ဆီ ရောက်သွားရင် ကျွန်မကိုလည်း မရိုက်ဘူးလို့ ဘယ်သူ အာမခံနိုင်မှာလဲ? ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းက ရှင်ဒဏ်ရာရတာလည်း ရှင့်အမေရိုက်လို့ မဟုတ်လား? အဲဒါကို ရှင်က ရှင်အစ်မလုပ်တာလို့ လိမ်ပြောခဲ့သေးတယ်။”
သူမသည် အားနွဲ့လှသော ချန်ချင်းယွီကို တစ်ချက်ကြည့်လိုက်ကာ ချန်ကျန့်ချန်၏ စကားများကို လုံးဝ မယုံကြည်နိုင်တော့ပေ။
သူမက လူရိုက်တယ်?
သူများကို ပြန်မရိုက်တာခံရရင်ကို ကံကောင်းလှပြီ!!
တကယ်တမ်းလည်း သူမအနေဖြင့် ဤကဲ့သို့ နုနုနယ်နယ် ချန်ချင်းယွီသည် တွန်းလိုက်လျှင်ပင် လဲကျသွားနိုင်သည်ဟု ထင်မိသည်။
လေတိုက်ရင်တောင် ပါသွားမည့်ပုံစံနှင့် သူမက ပြဿနာရှာနိုင်ပါ့မလား…
“ရှင် လိမ်မနေပါနဲ့တော့။ တရားခံရှာချင်ရင်လည်း ယုတ္တိရှိတာလေး ရှာဦး။ သူက လုပ်တာဆိုတာကိုကျွန်မက ယုံရမလား? ပြီးတော့ ကျွန်မ အမေ ရှင်တို့အိမ်နီးချင်းတွေဆီ သွားစုံစမ်းတုန်းကလည်း လူတိုင်းက ပြောကြတာပဲ၊ ရှင့်အမေက လူရိုက်တတ်တယ်၊ ရှင့်မိဘနှစ်ယောက်စလုံးက ဒေါသကြီးပြီး အိမ်က ပစ္စည်းတွေကိုပါ ရိုက်ခွဲကြတာလို့ ပြောကြတယ်။ အရင်ကတော့ အိမ်နီးချင်းတွေ ချဲ့ကားပြောတာလို့ ကျွန်မထင်ခဲ့ပေမဲ့ အခုတော့ ကျွန်မ သေချာစဉ်းစားရတော့မယ်။ ချန်ကျန့်ချန်၊ ရှင် ကျွန်မနဲ့ တွဲလာတဲ့တစ်လျှောက် အမှန်စကား တစ်ခွန်းပဲဖြစ်ဖြစ် ပြောဖူးရဲ့လား။”
ချန်ကျန့်ချန်သည် အခြေအနေများ ပျက်စီးကုန်ပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အော်ဟစ်လိုက်ကာ
“မင်း ကိုယ့်ကို ဘာလို့ မယုံရတာလဲ! တကယ်ပဲ သူလုပ်တာပါ၊ သူသာ ကိုယ်တို့အိမ်ကို မလာရင် ကိုယ်တို့ ဒီလို ဒဏ်ရာရမှာ မဟုတ်ဘူး! ကိုယ် ကျိန်ပြောရဲတယ်၊ ကိုယ် မလိမ်ဘူး!”
“ရှင် ကျိန်ဆိုကြည့်လေ၊ တကယ်ပဲ သူအရင် လက်ပါတာလား။ သူကပဲ စပြီး ရိုက်တာလား။”
ကျန်းကျန့်မှာ ချန်ကျန့်ချန်ကို စိုက်ကြည့်ရင်း မေးလိုက်၏။
ချန်ကျန့်ချန် - “အဲဒါက...”
သူ ခေတ္တ တွေဝေသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က ချန်ချင်းယွီသည် တကယ်ပင် လက်မပါခဲ့သောကြောင့်တည်း။
သူ၏ တွေဝေမှုကို မြင်လိုက်ရချိန်တွင် လူတိုင်း အခြေအနေကို သဘောပေါက်သွားကြပြီး ပို၍ပင် အထင်သေးသွားကြ၏။
ကဲ... အထောက်အထား ခိုင်လုံသွားပြီ။ ကိုယ့်အစ်မအပေါ် မကောင်းကြံပြီး နာမည်ဖျက်နေတာ အသိသာကြီးပဲ…
ယခုအခါ ဘေးမှလူများလည်း နားလည်သွားကြပြီ …
နေပါဦး! သူတို့က အဖေတူအမေကွဲတွေမလား… သားဖြစ်သူက မိထွေးနဲ့ရထားတာပဲ!!
ဟူး!
မလွယ်ပါလား!
ဒီခေတ်ကြီးမှာ မိထွေးလက်ထဲ ရောက်နေရသူတစ်ဦးရဲ့ဘဝမှာ ဘယ်လိုများ ကောင်းနိုင်ပါ့မလဲ…
ချန်ချင်းယွီသည် လေထဲတွင် ယိမ်းနွဲ့နေသော ပန်းကလေးတစ်ပွင့်ကဲ့သို့ နုနယ်လှသော ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားရာ လူတိုင်း ပို၍ သနားသွားကြသည်။
“ဘယ်လို ယောက်ျားမျိုးလဲ၊ အမှန်စကား တစ်ခွန်းမှ မရှိဘူး။ သူတပါးကို အပုပ်ချဖို့ပဲ သိတယ်၊ ယောက်ျားမဟုတ်ဘူး။”
“ငါတို့ ပေကျင်းသားတွေရဲ့ မျက်နှာကို အိုးမည်းသုတ်နေတာပဲ။ ငါသာ ငယ်သေးရင်တော့ သူ့ကို တုတ်နဲ့ တစ်ချက်လောက် ရိုက်လိုက်မိမှာ၊ တကယ့် ယောက်ျားမပီသတဲ့ကောင်။”
“ဘာကောင်မှန်း မသိဘူး။”
“သမီးလေး၊ ရည်းစားထားရင် သတိထားနော်၊ စုံစမ်းဦး။ တချို့လူတွေက လူရုပ်ဖမ်းပြီး ဟန်ဆောင်ကောင်းကြတာ။”
“ဟုတ်ပါပေ့!”
ချန်ကျန့်ချန်သည် လူအများ၏ ဝိုင်းဝန်းပြောဆိုမှုကို ခံလိုက်ရပြီးနောက် ချန်ချင်းယွီ၏ နုနယ်ပြိုလဲနေသော ပုံစံကို မြင်သောအခါ ဒေါသတကြီး အော်ဟစ်၍ လက်ကို လွှဲလိုက်ပြီး ရိုက်လိုက်တော့သည် ။
“နင်လို နိမိတ်မရှိတဲ့မိန်းမကို ငါ ရိုက်သတ်ပစ်မယ်၊ နင်က ငါ့ကို ကံဆိုးအောင် လုပ်တာ!”
ချန်ချင်းယွီသည် "ကြောက်လန့်တကြား" ဖြင့် ရှောင်လိုက်ရာ... ဖြန်း!
ချန်ကျန့်ချန်၏ ပါးရိုက်ချက်မှာ သူ၏ ချစ်သူမိန်းကလေး ပါးပြင်ပေါ်သို့ ကျရောက်သွား၏။
ကျန်းကျန့်မှာ မှင်တက်သွားသလို၊ ချန်ကျန့်ချန်မှာလည်း မှင်တက်သွားရသည်။
မကြာမီမှာပင် ကျန်းကျန့် ဒေါသတကြီး အော်ဟစ်ဆဲဆိုတော့၏။
“အားးး! ရှင် ကျွန်မကို ရိုက်ရဲတယ်ပေါ့! ရှင့်မျက်နှာကို နောက်ဘယ်တော့မှ မမြင်ချင်ဘူး! ထွက်သွား! အခုချက်ချင်း ထွက်သွား!”
သူမသည် ဒေါသတကြီး ပြေးဝင်သွားကာ ချန်ကျန့်ချန်ကို ပါးရိုက်ချက် အများအပြား ပြန်လည် တုံ့ပြန်လိုက်ပြီး အသေအလဲ ဆဲဆိုလေသည်။
“နင်လို လူလိမ်၊ နင်လို အသုံးမကျတဲ့ကောင်၊ လမ်းခွဲမယ်!!!”
ချန်ချင်းယွီသည် ခေါင်းငုံ့ထားရင်း နှုတ်ခမ်းထောင့်စွန်းလေးကို ကွေးကာ ပြုံးလိုက်မိ၏။