← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

၃၉။ ချုံးယောင်ဝတ္ထုရဲ့ဇာတ်လိုက်!

ရှေးလူကြီးများ ဆိုရိုးရှိကြသည်မှာ "ဘုရားတစ်ကျောင်းဆောင် တစ်ဆောင် ဖျက်လျှင်ဖျက်ရပါစေ၊ အိမ်ထောင်ရေးတစ်ခုကိုမူ မခွဲလေနှင့်" ဟူ၍တည်း။

သို့သော်လည်း ချန်ချင်းယွီသည် မိမိကိုယ်မိမိ ကုသိုလ်ကောင်းမှု ပြုလိုက်သည်ဟုသာ ခံယူထား၏။ သူမရရှိမည့် ထိုကုသိုလ်အရှိန်အဝါကြောင့် နောင်ဘဝတွင် ရွှေကိုယ်ထည်ပင် ရထိုက်ပေသည်။ အကြောင်းမှာ ချန်မိသားစုသည် တကယ်ပင် လူမဆန်ကြသောကြောင့်ဖြစ်၏။

သူမ၏ ဖခင်အရင်းဖြစ်သူ လူယုတ်မာကြီးသည် အမျိုးသမီးများအပေါ် အကွက်ချစီစဉ်သည့်နေရာတွင် အတော်ဆုံးဖြစ်ပြီး၊ ဇနီးဖြစ်သူမှသည် သမီးဖြစ်သူအထိ တစ်ယောက်မျှမချန် အပိုင်တွက်ချက်တတ်သူများဖြစ်သည်။ သူမ၏ မိထွေးမှာလည်း အလွန် ကောက်ကျစ်ရက်စက်သည့် မိန်းမကြီးတစ်ဦးပင်။ ငယ်စဉ်က သူမအပေါ် မကြာခဏ လက်ပါလေ့ရှိပြီး၊ အဘိုးအဘွားတို့မှ မိထွေးဖြစ်သူအား ပြောဆိုဆုံးမသည့်အခါတိုင်း ဖခင်ဖြစ်သူကို မြှောက်ပင့်ပေးကာ သူမကို ပြန်လည်ရိုက်နှက်ခိုင်းတတ်၏။

အကယ်၍ ထိုသူတို့သာ အနည်းငယ် ကြင်နာကြလျှင် သူမ၏ အဘိုးနှင့်အဘွားသည်လည်း သူမကို အိမ်မှ အတင်းအကျပ် ခေါ်ဆောင်သွားကြမည်မဟုတ်ပေ။

ဖခင်တူအမေကွဲ မောင်လေးများမှာမူ အမြဲတစေ ပြဿနာရှာကာ အနိုင်ကျင့်လေ့ရှိပြီး ယခု ချန်ချင်းယွီ ပြုမူသမျှသည် "မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး" အစားပြန်ပေးသည့် အပျော်တမ်းအဆင့်မျှသာ ရှိပါသေးသည်။

သူမသည် မီးပုံအတွင်းသို့ ခုန်ဆင်းတော့မည့် မိန်းကလေးတစ်ဦးအား ကယ်တင်လိုက်ခြင်းဖြစ်၏။ ကျန်းကျန့်ဟုခေါ်သော ထိုမိန်းကလေးမှာဒေါသတကြီးဖြင့် ချန်ကျန့်ချန်အား ရိုက်နှက်နေသည်ကိုကြည့်ကာ ချန်ချင်းယွီ စိတ်ထဲတွင် များစွာကျေနပ်နေမိသည်။ သို့သော်လည်း နှုတ်မှမူ စေတနာရှေ့ထားသည့်ဟန်ဖြင့် -

“မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့။ သူ့ကို ဒဏ်ရာရအောင်လုပ်လိုက်ရင် ဒေါ်လေးဝေက နင့်ကို လွှတ်ထားမှာမဟုတ်ဘူးနော်။ သူ့အမေက တော်တော်လက်ပါတာ!”

ထိုစကားကြားသောအခါ ကျန်းကျန့်မှာ

“သူ့ထိကြည့်ရဲကြည့်ကြည့်လေ! ငါ့ကို လာပြီး အနိုင်ကျင့်လို့ရတယ်မှတ်နေလား? သူ့သား လိမ်ညာတဲ့ကိစ္စကိုတောင် ငါမပြောရသေးဘူး။ ယောက်ျားတန်မဲ့ ပါးစပ်ကထွက်သမျှ တစ်ခွန်းမှ အမှန်မပါဘူး၊ အကုန်လိမ်တာတွေချည်းပဲ၊ တကယ့်ကို အသုံးမကျတဲ့ကောင်! ငါ့ကိုတောင် ပြန်လက်ပါချင်သေးတယ်ပေါ့? ငါပြောလိုက်မယ်၊ နင့်အဖေနဲ့အမေက ဘယ်လိုပဲ သောင်းကျန်းပါစေ၊ ငါ့ဆီမှာတော့ ဘယ်သူငါ့ကို လာထိထိ ငါကတော့ အားနာနေမှာမဟုတ်ဘူး!”

သူမသည် ခေါင်းကိုတစ်ချက်ခါယမ်းကာ ချန်ကျန့်ချန်အား ရွံရှာဖွယ်ရာအကြည့်ဖြင့် ကြည့်လျက် ဟိန်းထွက်သွားအောင် အော်ပြောလိုက်၏။

“လမ်းခွဲမယ်!”

သူမ၏အသံမှာ ကျယ်လောင်လှသည်။

“လမ်းခွဲမယ်! နင့်လို လူလိမ်ကြီး သွားသေလိုက်တော့!”

ချန်ကျန့်ချန်: “!!!”

“ရှောင်ကျန်း!”

သူသည် မယုံနိုင်သလိုဖြစ်သွားပြီး အော်ခေါ်လိုက်သော်လည်း ကျန်းကျန့်မှာ ပြတ်သားစွာ ပယ်ချလိုက်၏။

“ငါ့ကို မခေါ်နဲ့။ နင်နဲ့ မတန်ဘူး!”

ထိုကျန်းကျန့်မှာ နုနယ်သည့် မိန်းကလေးမျိုးမဟုတ်ဘဲ အမှန်တကယ် ခက်ထန်ပြတ်သားသူဖြစ်၏။

ထိုစဉ် ဘတ်စ်ကားတစ်စီး ဆိုက်ရောက်လာရာ သူမသည် ခြေလှမ်းကျဲကြီးများဖြင့် ကားပေါ်သို့ တက်သွားလေသည်။ ချန်ကျန့်ချန်ခမျာ အော်ဟစ်ခေါ်၍ နောက်မှလိုက်သွားလေသည်။

“ရှောင်ကျန်း၊ ကိုယ်ရှင်းပြတာလေး နားထောင်ပါဦး!”

ချန်ချင်းယွီသည်လည်း မြေကြီးများအပြည့်ပါသော ပုံးကိုဆွဲကာ ကားပေါ်သို့ တက်လိုက်ပြီး ဘေးလူများ သူမအား မျက်မှောင်ကြုတ်ကြည့်ကြသော်လည်း ခဏအကြာတွင် ချန်ကျန့်ချန်သည်ကား တစ်ဦးတည်းဖြင့် လူအများ၏အာရုံကို ဖမ်းစားသွားခဲ့၏။ သူသည် ကျန်းကျန့်နောက်သို့ လိုက်ရင်း

“ရှောင်ကျန်း မင်းအပေါ်ထားတဲ့ ကိုယ့် စေတနာက မိုးမြေသိကြား သက်သေထူနိုင်ပါတယ်။ ကိုယ်မင်းကို တကယ်ချစ်တာပါ။ ကိုယ်ဝန်ခံပါတယ်၊ အချို့စကားတွေကို လိမ်ပြောမိတာ ဝန်ခံပါတယ်။ ဒါပေမဲ့ အဲဒါက မင်းကို သိပ်ချစ်လွန်းလို့ပါ... ကိုယ် တမင်လိမ်တာမဟုတ်ဘူး၊ အခြေအနေတွေက အပြောင်းအလဲဖြစ်သွားလို့ပါ၊ တကယ်ပါ၊ တကယ်ပါ၊ ကိုယ့်ကို ယုံကြည်ပေးပါဦး...”

“ထွက်သွား၊ လမ်းခွဲမယ်!”

ချန်ကျန့်ချန် : “မခွဲနိုင်ဘူး၊ လုံးဝလမ်းမခွဲနိုင်ဘူး။ မင်းအပေါ်ထားတဲ့ ကိုယ့်အချစ်က ပင်လယ်တွေ ခမ်းခြောက်ပြီး ကျောက်ဆောင်တွေ ပြုန်းတီးသွားရင်တောင် မပြောင်းလဲဘူး!”

ကျန်းကျန့်မှာ “ဟက်!” ခနဲ နှာခေါင်းတစ်ချက်ရှုံ့ကာ

“နင်တို့အိမ်ဆိုတဲ့ မီးပုံထဲကို ငါမခုန်ဆင်းနိုင်ဘူး။ နင့်အဖေနဲ့အမေက ဘယ်လိုလူစားလဲ၊ နင်က ဘယ်လိုလူစားလဲဆိုတာ ငါအကုန် အကဲခတ်မိသွားပြီ။”

ချန်ကျန့်ချန်မှာ ကောင်းကင်ကိုမော့ကာ အော်ဟစ်လိုက်ပြီး

“ဟင့်အင်း! မင်းကိုယ့်ကို ဒီလိုမလုပ်သင့်ဘူး! မင်းအပေါ်ထားတဲ့ ကိုယ့်စိတ်က အစစ်အမှန်ပါ၊ ကိုယ် မင်းကို သိပ်ချစ်တာ! ကိုယ့်ကို ထားမသွားပါနဲ့၊ ကိုယ့်ဆီကနေ ထွက်မသွားပါနဲ့!”

ဘတ်စ်ကားပေါ်မှ ခရီးသည်များ: “......”

ချန်ချင်းယွီ၏ မျက်လုံးများ လက်ခနဲဖြစ်သွားပြီး မကောင်းသောအကြံဖြင့် မြေကြီးပုံးထဲမှ ကျောက်ခဲလေးတစ်လုံးကို စမ်းနှိုက်လိုက်သည်။ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ မည်သူမျှ သတိမမူမိသဖြင့် လက်ချောင်းဖြင့် ခပ်ဖွဖွလေး တောက်ထုတ်လိုက်၏။

ထိုစဉ် ချန်ကျန့်ချန်တစ်ယောက် “မင်းအပေါ်ထားတဲ့ ကိုယ့်စေတနာက မိုးမြေသိကြား သက်သေ...” ဟု အော်ဟစ်နေစဉ်

“အား!”

ချန်ကျန့်ချန်သည် ဒူးခေါင်းမှ ဆစ်

ခနဲနာကျင်သွားသဖြင့် ဒုန်းခနဲဆိုကာ ဒူးထောက်ကျသွားလေသည်။

ချန်ချင်းယွီ ချက်ချင်း အခွင့်ကောင်းယူ၍ မီးလောင်ရာလေပင့်လိုက်၏။

“အလို... အချစ်ကို တောင်းဆိုတာတောင် လူပုံအလယ်မှာ ဒူးထောက်စရာ လိုလို့လား!”

ကျန်ရှိနေသော လူများလည်း အံ့သြကုန်ကြသည်။ ထိုခေတ်အခါရှိ လူများမှာ အိန္ဒြေရှိလှရာ ချစ်သူထားလျှင်ပင် ခပ်သိမ်သိမ်မွေ့မွေ့သာ ရှိကြပြီး ယခုကဲ့သို့ ဗြုန်းခနဲ ဒူးထောက်ကာ အချစ်ကို တောင်းဆိုခြင်းမျိုးမှာ တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးသည့် ထူးဆန်းသောကိစ္စပင်ဖြစ်၏။

ထိုစဉ် ကားဆရာသည်ပင် ထိုမြင်ကွင်းကြောင့် ကားမောင်းသည့် အရှိန်ကို ခရုသွားသကဲ့သို့ နှေးလိုက်လေသည်။ တကယ့်ကို ထူးဆန်းအံ့သြဖွယ် မြင်ကွင်းဖြစ်သောကြောင့် လူကြီးလူငယ်မရွေး အားလုံးမှာ ငေးကြည့်နေမိကြ၏။

ကျန်းကျန့်ပင်လျှင် ထိတ်လန့်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ

“နင် ဘာလုပ်တာလဲ၊ ဘာလုပ်နေတာလဲ? ငါ့ကို ဘာလို့ ဒူးထောက်တာလဲ? အမြန်ထစမ်း! နင်က ယောက်ျားတန်မဲ့ ဒီလိုလုပ်တာ မကောင်းဘူး၊ နင်က သိက္ခာမရှိပေမဲ့ ငါကတော့ အရှက်ရှိသေးတယ်!”

ချန်ချင်းယွီသည်လည်း အမြန်ပင် ရှေ့သို့တိုးကာ ချန်ကျန့်ချန်အား တွဲထူဟန်ပြု၏။ သူမ၏လက်ထဲတွင် ငါးပုံးကြီးဆွဲထားသဖြင့် ငါးအမြီးမှာ ချန်ကျန့်ချန်၏ အင်္ကျီပေါ်တွင် တဖျပ်ဖျပ်နှင့် ရိုက်ခတ်နေသည်။

“မောင်လေး၊ ချန်ကျန့်ချန်၊ အမြန်ထပါဦး။ နင်ဒီလိုလုပ်ရင် တခြားလူတွေ ဘယ်လိုထင်မလဲ။ နင်က ဝန်ထမ်း အလုပ်သမား တစ်ယောက်ပဲ၊ စားသောက်ကုန်စက်ရုံရဲ့ မျိုးဆက်သစ် လူတော်တစ်ယောက်ဖြစ်ပြီးတော့ အခုလို လူရှေ့မှာ ဒူးထောက်ပြီး အချစ်ကို တောင်းဆိုနေတာက လူတောတိုးပါဦးမလား?”

ကြားကြပြီလား… ကြားကြပြီလား!!

စားသောက်ကုန်စက်ရုံက ချန်ကျန့်ချန်နော်..

ချန်ကျန့်ချန်!

သတင်းတွေ ကြိုက်သလောက်ဖြန့်ကြပါရှင်!! ပြန့်ချင်သလောက် ပြန့်ပါစေ!!

အားနာမနေကြပါနဲ့။

စားသောက်ကုန်စက်ရုံမှ ချန်ကျန့်ချန်ဆိုသည့် အချက်ကို လူအများသိအောင် တမင်ထုတ်ဖော်လိုက်ခြင်းပင်ဖြစ်၏။

သူမသည် မိမိပစ်လိုက်သော ကျောက်ခဲလေးအား ဖုံးကွယ်ရန် ပြန်နင်းလိုက်စဉ် ချန်ကျန့်ချန်သည် သူမအား အတင်းတွန်းထုတ်လိုက်ပြီး

“နင်ဖယ်စမ်း၊ နင့်အလုပ်မဟုတ်ဘူး!”

ချန်ချင်းယွီသည် အရှိန်ဖြင့် နောက်သို့ဆုတ်သွားပြီး လဲကျလုနီးပါးဖြစ်သဖြင့် လက်ရန်းကို အမြန်ဆွဲလိုက်ရသည်။ ထို့နောက် ဝမ်းနည်းသည့်ဟန်ဖြင့် ခေါင်းငုံ့လျက်

“နင်... ငါက နင့်စေတနာနဲ့ ပြောတာကို...”

ချန်ချင်းယွီ ပြောလိုက်သော်လည်း ချန်ကျန့်ချန်တစ်ယောက် ပြန်လည်အော်ဟစ်လေ၏။

“ငါ့ကိစ္စ နင်ဝင်ပါစရာ မလိုဘူး!”

သူသည် မိမိကိုယ်ကို တစ်ခုခုဖြင့် အပစ်ခံလိုက်ရသလို ခံစားရသဖြင့် ရှင်းပြရန် မြေပြင်ကို ငုံ့ကြည့်သော်လည်း ဘာမျှမတွေ့ရတော့ပေ။ ချန်ချင်းယွီသည် နောက်သို့ဆုတ်သွားစဉ် ထိုကျောက်ခဲလေးအား တစ်ပါတည်း ဖယ်ရှားပစ်လိုက်ပြီးဖြစ်၏။

ငါ့ကို ရိုးရိုးတန်းတန်း ရန်ဖြစ်တတ်ရုံပဲ မှတ်နေလား!

ဒီလို အကွက်ချတာမျိုးတွေက ငါ ငယ်ငယ်လေးကတည်းက တတ်တာ!

ဒါမျိုးက ငါအိပ်နေသလောက်ပဲရှိသေးတယ်!!

ချန်ချင်းယွီမှာ ဝမ်းနည်းပက်လက် ဖြစ်နေသော ပုံစံဖြင့် ပုခုံးလေးတွန့်ကာ ရပ်နေသော်လည်း လက်ထဲမှ ပုံးနှင့် ငါးကိုမူ လုံးဝလက်မှမချဘဲ ဆုပ်ကိုင်ထားဆဲပင်။

ချန်ကျန့်ချန်; “ကျန်းကျန့် ကိုယ်ကြွားလုံးထုတ်မိသွားတယ်ဆိုတာ ဝန်ခံပါတယ်။ အချို့ကိစ္စတွေကို ပြောထားသလောက် မလုပ်ပေးနိုင်ခဲ့တာ မှန်ပေမဲ့၊ မင်းအပေါ်ထားတဲ့ ကိုယ့်စိတ်ကတော့ ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပါဘူး။ ကိုယ် မင်းကို တကယ်ချစ်တာပါ။ ဒီဘဝမှာ မင်းကလွဲလို့ တခြားဘယ်သူ့ကိုမှ ထပ်မချစ်တော့ဘူး။ ကိုယ့်ကို အခွင့်အရေးတစ်ခုလောက် ပေးပါဦး၊ ကိုယ်တို့အသစ်က ပြန်စကြရအောင်နော်၊ ဟုတ်ပြီလား?”

သူသည် ထိုသို့ဒူးထောက်လျက် ကျန်းကျန့်အား အသနားခံနေခြင်းမှာ မိမိ၏လုပ်ရပ်သည် အလွန်ပင် လိမ္မာပါးနပ်သည်ဟု တွေးတောမိသောကြောင့်ဖြစ်၏။ မတော်တဆ ချော်လဲသွားခြင်းဖြစ်သော်လည်း ယခုကဲ့သို့ အခြေအနေကို အခွင့်ကောင်းယူ၍ အသုံးချနိုင်ခဲ့သည်လေ။

“ကိုယ်တို့အတူတူရှိခဲ့တာ ဒီလောက်တောင် ကြာပြီပဲ၊ မင်း ကိုယ့်အကြောင်း သိသင့်ပါတယ်။ ကိုယ်က အခြေအနေအကောင်းဆုံးလူ မဟုတ်ရင်တောင်မှ၊ မင်းကို အချစ်ဆုံးနဲ့ မင်းအတွက် အရာအားလုံးကို ပေးဆပ်ဖို့ ဆန္ဒဆုံးလူပါ။ ကိုယ်မင်းကို တကယ်ချစ်တာပါ၊ ကိုယ့်ကို အခွင့်အရေးတစ်ခုလောက် ပေးပါဦးနော်?”

သူသည် ထိုသို့ပင် ဆက်လက်ဒူးထောက်နေလေသည်။

ကားပေါ်မှ လူများမှာလည်း အသက်ပင်မရှူဝံ့ဘဲ ငြိမ်သက်စွာ စောင့်ကြည့်နေကြကုန်၏။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့တစ်သက်တွင် တစ်ခါမျှ မမြင်ဖူးကြပေ။

မိန်းမပျိုလေးအချို့မှာမူ ကျန်းကျန့်အား အားကျသောအကြည့်ဖြင့် ကြည့်နေကြသည်။ မိမိအား ဤမျှအရေးတယူရှိပြီး လူပုံအလယ်တွင်ပင် ဒူးထောက်ရန် ဝန်မလေးသော အမျိုးသားတစ်ဦးကို ရရှိထားသဖြင့် သူမကို ချစ်မြတ်နိုးလွန်း၍သာ ဖြစ်ရမည်ဟု တွေးတောနေကြ၏။ ဤကဲ့သို့ စစ်မှန်သောမေတ္တာကို ပေးဆပ်လိုသည့် အမျိုးသားကောင်းမျိုးမှာ ယခုခေတ်တွင် ရှားပါးလှသည်ဟု ထင်မြင်နေကြသည်။

တကယ့်ကို စိတ်လှုပ်ရှားကြည်နူးဖွယ်ရာပင်…

သူတို့သည် လက်သီးကိုကျစ်ကျစ်ဆုပ်ကာ ကျန်းကျန့်ကိုကြည့်ရင်း “ပြန်တွဲလိုက်၊ ပြန်တွဲလိုက်!” ဟု တိုးတိုးလေး အော်ဟစ်နေကြသည်။ ထိုမိန်းကလေးနေရာတွင် မိမိတို့သာဆိုလျှင်ဟူ၍ပင် တောင့်တမိနေ၏။

သို့သော်လည်း ဝါရင့်သမာရင့်ရှိသော လူကြီးအချို့မှာမူ မျက်မှောင်ကြုတ်လျက် ချန်ကျန့်ချန်၏ လုပ်ရပ်ကို လုံးဝကြည့်မရဖြစ်နေကြသည်။

ယောက်ျားတန်မဲ့ ဒီလောက်တောင် ပျော့ညံ့ရသလား!?

ကောင်းကင်၊ မြေကြီးနဲ့ မိဘကိုပဲ ဒူးထောက်ရမှာလေ…အချစ်ဆိုတာကို ရှေ့တန်းတင်ပြီး လူတကာရှိနေတဲ့ နေရာမျိုးမှာ ဒူးထောက်နေတယ်ပေါ့!!

အရှက်မရှိလိုက်တာ! တကယ့်ကို အရှက်မရှိလိုက်လေခြင်း…

အချို့သော သက်ကြီးရွယ်အိုများမှာမူ မိမိတို့တွင်သာ ဤကဲ့သို့သော သားမျိုးရှိပါက ထိုခွေးခြေထောက်ကို ရိုက်ကျိုးပစ်ကာ ဒူးထောက်ခိုင်းလိုက်မည်ဟုပင် တွေးတောကာ သက်ပြင်းချနေကြ၏။

“ဒါ ဘာလုပ်တာလဲ။ ယောက်ျားဆိုတာ မားမားမတ်မတ် ရပ်တည်ရမယ့်သူလေ၊ အခုတော့ မိန်းမတစ်ယောက်ကို တွယ်ကပ်ပြီး လူပုံအလယ်မှာ ဒူးထောက်နေတာ အရှက်မရှိဘူးလား။”

အငြိမ်းစား အဘိုးကြီးတစ်ဦးမှာ ကြည့်မရတော့သဖြင့် လှမ်းပြောလိုက်သည်။

“အမြန်ထစမ်း၊ ယောက်ျားတစ်ယောက်ရဲ့ ဒူးအောက်မှာ ရွှေရှိတယ်ကွ၊ အခု ဘာလုပ်နေတာလဲ။”

“ဟုတ်ပါ့! ရှေးကတည်းက အိမ်ထောင်ရေးဆိုတာ မိဘသဘော၊ အောင်သွယ်စကားနဲ့ ဖြစ်ရတာလေ။ မင်း အခုလိုလုပ်နေတာကို မင်းမိဘတွေသိရင် ဘယ်လောက်တောင် စိတ်ဆိုးကြမလဲ?”

အချို့မှာလည်း ချန်ကျန့်ချန်ဘက်မှ ပြန်လည်ချေပကြ၏။

“အဘိုးရယ်၊ အဘိုးစကားက မဟုတ်သေးပါဘူး။ ဘာလဲ... မိဘသဘော၊ အောင်သွယ်စကားဆိုတာက ခေတ်ဟောင်းက အယူအဆတွေလေ။ အခုက အိမ်ထောင်ရေးလွတ်လပ်ခွင့် ရှိနေပြီပဲ။ သံယောဇဉ်ရှိရင် ဘယ်လိုအခက်အခဲပဲရှိရှိ အတူတူရှိနိုင်တာပေါ့။ အဘိုးပြောတာတွေက အိုဟောင်းနေပါပြီ။”

“ဒီမိန်းကလေးက ဘယ်လိုဖြစ်နေတာလဲ။ ကြည့်ဦး၊ ယောကျာ်းကြီးတစ်ယောက်က လူအများရှေ့မှာ ဒီလိုဒူးထောက်ပြီး တောင်းပန်နေတာက ဘာမှကြည့်မကောင်းဘူးလေ။”

“ဘာလို့ ကြည့်မကောင်းရမှာလဲ? အချစ်အတွက် တိုက်ပွဲဝင်တာက တကယ့်ကို ဂုဏ်ယူစရာ၊ လေးစားစရာကောင်းတဲ့ ကိစ္စပဲဟာ!”

ဤသို့ဖြင့် ဘေးမှကြည့်နေသူများမှာ အုပ်စုနှစ်စုကွဲကာ တစ်ဖက်နှင့်တစ်ဖက် အလျှော့မပေးဘဲ အငြင်းပွားနေကြတော့သည်။

ချန်ကျန့်ချန်သည် မိမိအား ဤသို့အားပေးထောက်ခံသူများရှိလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် မိမိ၏ ဒူးထောက်ခြင်းသည် မှန်ကန်လှသည်ဟု ချက်ချင်းခံစားလိုက်ရ၏။ သူသည် ပိုမိုနက်ရှိုင်းသောအချစ်ကို ပြသဟန်ဖြင့် -

“ကျန်းကျန့်… ကိုယ့်ရဲ့ စစ်မှန်တဲ့အချစ်ကို ဘေးလူတွေတောင် မြင်နေရပြီပဲ၊ မင်းကတော့ မမြင်ဘူးလား? ကိုယ့်နှလုံးသားကို ထုတ်ပြမှ မင်းယုံမှာလား?”

ချန်ချင်းယွီမှာ တိုးတိုးလေး ဝင်ပြောလိုက်သည်။

“ငါတို့က ပီကန်းမှ မဟုတ်တာ၊ နှလုံးသားကို ထုတ်ပြရင် သေသွားမှာပေါ့။”

[ပီကန်းဆိုတာ သစ္စာရှိ၊ တရာရမျှတမှုရှိတဲ့ အမတ်ကြီးနာမည်ပါ၊ မြေခွေးမ စူးတာ့ကျီအကြောင်းကြားဖူးကြမှာပါ.. အဲ့ဇာတ်လမ်းထဲမှာ စူးတာ့ကျီက ပီကန်းကိုကြည့်မရတော့ ဘုရင်ကိုသွေးထိုးပြီး ပီကန်းရဲ့နှလုံးကို ထုတ်ခိုင်းတာ ပီကန်းကလည်း သူသစ္စာရှိတာပြဖို့ ထုတ်ပြလိုက်ပြီး သေသွားတော့ နောက်ပိုင်း နတ်ဘုရားဖြစ်သွားတာ… သိချင်ရင် စူးတာကျီတို့ဇာတ်လမ်းထဲမှာကြည့်လို့ရပါတယ်]

“ဖူး!”

“အဲဒါလည်း ဟုတ်တာပဲနော်!”

“ဟားဟားဟားဟား!”

ချန်ကျန့်ချန်မှာ ချန်ချင်းယွီကို အလွန်ပင် စိတ်တိုသွား၏။ မိမိသည် အချစ်ကြီးစွာဖြင့် ရင်ဖွင့်နေသော အချိန်တွင် ဤမိန်းမမှာ လာရောက်နှောင့်ယှက်နေသည်မဟုတ်လော့။

သူသည် ချန်ချင်းယွီကို စိုက်ကြည့်ရင်း

“နင်နဲ့ ငါ ပြောစရာမရှိဘူး၊ ငါ့နားကိုလည်း လာမကပ်နဲ့၊ နင့်ကို ငါမမြင်ချင်ဘူး! ငါတို့ကြားမှာ ဘာသံယောဇဉ်မှ မရှိဘူး။ အစ်မကြီးဆိုပြီးတော့လည်း လာဟန်မဆောင်နဲ့။ နင်က ငယ်ငယ်ကတည်းက အိမ်မှာနေတာ မဟုတ်ဘူး၊ ကြီးလာတော့လည်း ခိုးပြီးယောင်္ကျားယူတယ်၊ အခုတော့မှ လာပြီးလူကောင်းလုပ်မနေနဲ့။ မရယ်ရဘူးလား? နင် ကိုယ်တိုင်တောင် အိမ်ထောင်စုစာရင်း ခိုးယူပြီး လက်ထပ်ခဲ့တာပဲ၊ ငါဘယ်သူနဲ့ တွဲတွဲ နင်နဲ့ ဘာဆိုင်လဲ?”

သူသည် သူမ၏ အရှက်ကို ခွဲလိုသဖြင့် ပြန်လည်တိုက်ခိုက်သော်ငြား ချန်ချင်းယွီမှာ အနည်းငယ်မျှပင် မကြောက်ရွံ့ပေ။

သူမသည် မိမိကိုယ်မိမိ အချစ်ကြောင့် အရူးအမူးဖြစ်နေသည့် ပုံစံမျိုးဖြင့် ရပ်တည်ချင်နေသည်ဖြစ်ရာ၊ ဤသို့ပြောခြင်းမှာ သူမအတွက် ပို၍ပင် အလုပ်ဖြစ်နေသေးသည်။

သူမသည် ချန်ကျန့်ချန်ကို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်ကာ

“မောင်လေး၊ နင်ငါ့ကို နားလည်မှုလွဲနေပြီ။ နင်တကယ်ကို နားလည်မှုလွဲနေတာပါ။ ငါက နင်တို့ရဲ့ ဆက်ဆံရေးကို လာပြီးနှောင့်ယှက်တာ မဟုတ်သလို၊ ခွဲဖြတ်ဖို့ ကြိုးစားတာလည်း မဟုတ်ဘူး။ ငါက နင့်ကို စစ်မှန်တဲ့အချစ်ကို ရှာတွေ့စေချင်တာပါ။ ငါကိုယ်တိုင်လည်း ငါအချစ်ဆုံးလူကို ရှာတွေ့ခဲ့လို့ အချစ်ရဲ့အရသာကို ငါသိတာပေါ့၊ နင့်ရဲ့စိတ်ကိုလည်း ငါနားလည်တယ်။ တစ်ကမ္ဘာလုံးက နင့်ဘက်မှာ မရှိရင်တောင်မှ ငါကတော့ နင့်ဘက်က ရှိနေမှာပါ။ နင်က အချစ်အတွက်နဲ့ တစ်ကမ္ဘာလုံးကို ရန်မူရင်တောင် ငါနားလည်ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အချစ်ဆိုတာ သိပ်ကို လှပလွန်းလို့ပါ၊ ငါလည်း နင့်ယောက်ဖကို သိပ်ချစ်တာပဲ!”

ဘေးမှကြည့်နေသော ခရီးသည်များ: “…………………………”

မဟုတ်သေးဘူးလေ၊ ဒီမောင်နှမတွေက ဘယ်လိုဖြစ်နေတာလဲ!

အစကတော့ ဒီအစ်မဖြစ်သူက ပုံမှန်လူလို့ ထင်ထားခဲ့တာ၊ အခုကြည့်ရတာ အစ်မဖြစ်သူကလည်း အချစ်ကြောင့် ဦးနှောက်မရှိသလို ဖြစ်နေတဲ့ ထူးဆန်းတဲ့သူပဲလား!

ဒါတွေက ဘာတွေလဲ!

ချန်ကျန့်ချန်ပင်လျှင် ချန်ချင်းယွီ၏ စကားကြောင့် ဦးရေခွံများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် ဒေါသတကြီးဖြင့်

“နင်ငါ့ဘက်က ရှိနေစရာမလိုဘူး။ ငါ့အချစ်ကို ငါ့ဘာသာ ကာကွယ်နိုင်တယ်။ နင်လို နိမိတ်မရှိတဲ့မိန်းမ ငါ့နားကနေ အမြန်ထွက်သွားစမ်း၊ နင့်ကိုမြင်ရင်ကို စိတ်ပျက်တယ်။”

ချန်ချင်းယွီ တစ်ဖန် ဝမ်းနည်းသည့်ဟန်ဖြင့်

“ငါနားလည်ပါတယ်၊ နင့်ရဲ့ ကြံ့ခိုင်မှုနဲ့ နင့်ရဲ့ အခက်အခဲတွေကို ငါနားလည်ပါတယ်။ ငါ့ကို အခုလို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာက နင့်ရင်ထဲက အစစ်အမှန်မဟုတ်ဘူးဆိုတာ ငါသိပါတယ်။ အချစ်ကို ဆုံးရှုံးလိုက်ရလို့ နင်သိပ်ကို ဝမ်းနည်းနေမှာပေါ့...”

ချန်ချင်းယွီ စိတ်ထဲတွင် "တခြားသူကို ရွံရှာအောင် လုပ်နေရတဲ့အချိန်မှာ ကိုယ်တိုင်ကတော့ ရွံရှာတယ်လို့ မခံစားရပါလား" ဟု တွေးနေမိ၏။

ဟဲဟဲ၊ ဒီဇာတ်လမ်းဆန်ဆန် ဒိုင်ယာလော့ စကားလုံးတွေက အရမ်းကို ရွှံစရာကောင်းပေမဲ့ သူမကတော့ တကယ့်ကို သရုပ်ဆောင်လို့ ကောင်းနေဆဲပင်။

ချန်ချင်းယွီသည် သရုပ်ဆောင်လေ ပိုပျော်လေဖြစ်ကာ ငိုသံလေးဖြင့်

“နင်က ငါ့အပေါ် ဘယ်လိုလုပ် ဒီလောက်တောင် ရက်စက်နိုင်ရတာလဲ? ငါက နင့်ရဲ့အချစ်ကို အနားလည်ဆုံးလူပဲလေ!”

ချန်ကျန့်ချန်မှာ ရွံရှာလွန်းသဖြင့် ယခင်နေ့မှ စားထားသည်များကိုပင် အန်ထုတ်ချင်စိတ် ပေါက်နေပြီဖြစ်၏။ သူသည် အေးစက်စက်ဖြင့် ကြိမ်းမောင်းလိုက်ကာ

“နင်က ဘာကောင်မကြီးမို့လို့ ငါ့ကို နားလည်ရမှာလဲ? ဘယ်သူကများ နင်လို အသုံးမကျတဲ့သူနဲ့ တူမှာလဲ၊ အလုပ်တစ်ခုကိုတောင် မထိန်းထားနိုင်တဲ့ နင်က တကယ့်ကို အသုံးမကျတဲ့သူပဲ!”

ချန်ချင်းယွီ အလောတကြီးဖြင့်

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူးလေ။ ငါက မလိုချင်လို့ပါ။ နင်ငါ့ရဲ့အချစ်ကို နားမလည်ဘူး၊ ငါ့ရဲ့ ခိုင်မာတဲ့စိတ်ကိုလည်း နားမလည်ဘူး။ ငါ့ရဲ့ ကိုကိုကျန့်ဝမ်ကို ထားတဲ့စေတနာကိုလည်း နင်မသိပါဘူး။ ငါ့ယောက္ခမကို အလုပ်ပေးလိုက်ရတာ ငါတကယ်ပဲ ကြည်ဖြူလို့ပါ။ ကိုကိုကျန့်ဝမ်သာ ကောင်းကင်ဘုံကနေ သိနေရင် သူ့အမေ အရွယ်ကြီးတဲ့အခါ အားကိုးရာရှိသွားလို့ သိပ်ကို ဝမ်းသာနေမှာပါ။”

ထိုသို့ပြောပြီးနောက် သူမသည် မျက်ရည်ဝဲလျက်

“မောင်လေး၊ နင့်မှာ ပိုက်ဆံရှိလား?”

စကားအသွားအလာ ရုတ်တရက်ကြီး ပြောင်းလဲသွားသဖြင့် ဘေးလူများမှာ ကြောင်သွားကြသည်။

ခုနက အချစ်အကြောင်း ပြောနေပြီးတော့ အခုကျမှ ပိုက်ဆံအကြောင်းက ဘယ်လိုရောက်လာတာလဲ?!

ပိုက်ဆံချေးမလို့လား?

အိပ်မက်တောင် မမက်နဲ့!

ချန်ကျန့်ချန်: “ဘာပြောတာလဲ?”

ချန်ချင်းယွီ မျှော်လင့်တကြီးဖြင့်

“ငါ့ယောက္ခမက အိမ်ကိုဦးစီးနေတာဆိုတော့ ငါ့လက်ထဲမှာ ပိုက်ဆံက သိပ်မရှိဘူး။ မမကို နည်းနည်းလောက် ကူညီလို့ရမလား?”

ချန်ကျန့်ချန်၏ မျက်လုံးများမှာ ပြူးထွက်လုနီးပါး ဖြစ်သွားပြီး အော်ဟစ်လိုက်တော့သည်။

“ငါ့မှာ ပိုက်ဆံမရှိဘူး! ပြားစေ့တစ်စေ့မှ မရှိဘူး!”

ကိုယ့်ဘာသာ သုံးလို့တောင် မလောက်တာကို…

ပြီးတော့ ချန်ချင်းယွီ !! နင်ကဘာကောင်မမို့လို့ ပိုက်ဆံလာချေးရဲရတာလဲ?!

“နင်က ဘယ်လိုမျက်နှာနဲ့ လာတောင်းရဲတာလဲ!”

ချန်ချင်းယွီက ခေါင်းငုံ့လျက် နုနုနယ်နယ်ဟန်ဖြင့်

“နင်က ငါ့မောင်လေးပဲလေ။ ငါ့အဖေက ပြောဖူးတယ်၊ မောင်လေးရှိရင် နောင်ကျရင် အားကိုးရမယ်တဲ့။ မောင်လေး၊ ငါတို့က အမေချင်းမတူပေမဲ့ အဖေချင်းတူတဲ့ မောင်နှမတွေပဲလေ! ငါ့ကို ကူညီပါနော်?”

သူမ နှုတ်ခမ်းလေးစူကာ

“နင့်ရဲ့ တူလေးနဲ့ တူမလေးတွေက တကယ်ကို ခက်ခက်ခဲခဲ နေနေရတာပါ။ ငါတို့ကို ကူညီပါဦး။ နင်က အခု အလုပ်လည်းလုပ်နေပြီ၊ အဖေနဲ့အမေကလည်း နင့်ဆီက အသုံးစရိတ် မတောင်းကြဘူး။ နင့်လက်ထဲမှာ ပိုက်ဆံတွေ အများကြီးရှိနေတာပဲ၊ ငါ့ကို ကူညီပါဦးနော်။”

“မရှိဘူး!”

ချန်ကျန့်ချန်တစ်ယောက် စိတ်မထိန်းနိုင်ဘဲ အော်ပြောမိလိုက်၏။

“ငါနင့်ကို ဘယ်တော့မှ မချေးဘူး။ နင်က ဘာကောင်မမို့လို့ ငါ့ဆီက ပိုက်ဆံလာချေးရတာလဲ? ရယ်စရာကောင်းလိုက်တာ။ ငါက သားဦး၊ ငါက အိမ်ရဲ့ အဓိကမဏ္ဍိုင်ပဲ။ နင်တို့လို အစ်မတွေက ငါ့ကို မထောက်ပံ့ရင်တောင် ထားပါတော့၊ ငါ့ဆီက ပိုက်ဆံတောင်းချင်သေးတယ်ပေါ့? နင်ပြောရဲလိုက်တာ။ အပြင်ထွက်သွားတဲ့ သမီးဆိုတာ သွန်ပစ်လိုက်တဲ့ ရေလိုပဲ။ အဖေတောင် နင့်ကို ဂရုမစိုက်တာ၊ ငါက ဘာလို့ ဂရုစိုက်ရမှာလဲ? ငါပြောလိုက်မယ်၊ နင့်ကို ပြားစေ့တစ်စေ့မှ မပေးနိုင်ဘူး။”

ချန်ချင်းယွီ: “နင်... နင် ဘာလို့ ဒီလိုဖြစ်သွားရတာလဲ...”

ချန်ကျန့်ချန် : “နင် ငါ့နားကနေ ဝေးဝေးသွားစမ်း၊ နင့်ကို ငါမမြင်ချင်ဘူး၊ စိတ်ရှုပ်စရာကြီး။ ကိစ္စမရှိရင် ငါ့ရှေ့ကို လာမပေါ်နဲ့၊ နင်က နိမိတ်မရှိတဲ့ဟာ။ အိမ်ထောင်ကျသွားပြီဆိုရင်လည်း မိဘအိမ်နဲ့ လာမပတ်သက်နဲ့တော့။ ငါတို့ မောင်နှမတွေကလည်း နင်နဲ့ ဘာမှမဆိုင်တော့ဘူး။ ငါကူညီမယ်လို့လည်း လုံးဝမမျှော်လင့်နဲ့၊ ပိုက်ဆံချေးဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်သေး! ငါ့မှာ နင့်ကိုချေးဖို့ ပိုက်ဆံမရှိဘူး!”

ချန်ချင်းယွီ နှုတ်ခမ်းကိုကိုက်လျက် သနားစရာကောင်းသည့် အကြည့်ဖြင့် မျက်ရည်ဝဲပြလိုက်၏။

ချန်ချင်းယွီ: “ငါ... ငါ... မောင်လေး၊ နင်...”

သူမ မျက်နှာကို လက်ဖြင့် အုပ်လိုက်၍ အကယ်ဒမီရှော့ လုပ်ပြလိုက်လေသည်။

ချန်ကျန့်ချန်: “တကယ့်ကို နိမိတ်မရှိတဲ့မိန်းမပဲ၊ တစ်နေ့တစ်နေ့ ပြဿနာပဲ လာပေးနေတယ်။ နင်သာမရှိရင် ငါနဲ့ ကျန်းကျန့် ဒီလိုဖြစ်မှာမဟုတ်ဘူး။ နင့်ကို ထိမိတဲ့သူကတော့ ကံဆိုးတာပဲ...”

ချန်ချင်းယွီ: “မောင်လေး မမကို ဘာလို့ လာလွှဲချရတာလဲ? ဒါက မောင်လေးကိစ္စပဲလေ...”

“နင် ပါးစပ်ပိတ်ထားစမ်း။”

ချန်ချင်းယွီ မျက်နှာကို ပြန်အုပ်လိုက်ပြီး တရှုံ့ရှုံ့နှင့် ငိုနေလေ၏။

ယနေ့ ကားသည် အထူးပင် နှေးကွေးစွာ မောင်းနှင်နေပြီး မြေကြီးများအပြည့်ပါသော ပုံးမှာ ကြမ်းပြင်ပေါ်တွင် တစ်စက်မျှပင် မဖိတ်ဘဲ ငြိမ်သက်စွာ ရှိနေသည်။

ချန်ချင်းယွီမှာ ရင်ကွဲပက်လက် ဖြစ်နေဟန် သရုပ်ဆောင်ကာ နှုတ်ခမ်းကိုကိုက်၍ တုံ့ပြန်လိုက်၏။

“ငါအိမ်ထောင်ကျတုန်းက အဖေနဲ့ နင့်အမေက ငါ့ပစ္စည်းမှန်သမျှ အကုန်သိမ်းထားပြီး တစ်ခုမှ ယူမသွားခိုင်းဘူး။ ငါ့အမေရဲ့ အမွေပစ္စည်းတွေကိုတောင် နင်တို့ ငါ့ကိုမပေးခဲ့ကြဘူး။ အဘိုးနဲ့အဘွားဝယ်ပေးထားတဲ့ အဝတ်အစားတွေကိုလည်း ယူခွင့်မပြုခဲ့ဘူး။ ဦးလေးဝယ်ပေးထားတဲ့ လက်ပတ်နာရီကိုတောင် နင်တို့ လုယူသွားကြတာ! ဝါး... ငါ အဆင်မပြေလို့ ပိုက်ဆံလေး နည်းနည်းပါးပါး ချေးတာကိုတောင် နင်တို့က စိတ်မရှည်နိုင်ဖြစ်နေကြတာလား...”

ချန်ချင်းယွီ ဆက်ပြီး စကားနာထိုးလိုက်ပြန်သည်။

“အဖေက ပုံနှိပ်စက်ရုံမှာ လက်ထောက်ကြီးကြပ်ရေးမှူးပဲလေ! သူ ဒီအလုပ်ရတာလည်း ငါ့အမေကြောင့်ပဲ။ အီးဟီး... အခုတော့ သူက သိပ်ကို အေးစက်ရက်စက်နေပြီ။ ငါ့အမေဆုံးလို့ ခုနစ်ရက်တောင်မပြည့်သေးခင် သူ နောက်မိန်းမ ယူခဲ့တာလေ! ဟင့်ဟင့်... အခုကျတော့ သူ့သမီးအရင်းကို ဒီလိုကြီး ဆက်ဆံနေတော့တာပဲ...”

ချန်ချင်းယွီ ဟန်ဆောင်မျက်ရည်များဖြင့်

“ချန်ရိကျွင်းက ပုံနှိပ်စက်ရုံမှာ လက်ထောက်ကြီးကြပ်ရေးမှူးပါ! သူ့အခြေအနေက တကယ်ကို မဆိုးလှပါဘူး၊ ဒါပေမဲ့ ငါ့အပေါ်ကျတော့ ဒီလောက်တောင် ရက်စက်နေတာ...”

ချန်ကျန့်ချန်သည် သူမ စကားများမှာ တစ်ခုခုလွဲမှားနေမှန်း ခံစားမိသော်လည်း မည်သည့်နေရာတွင် မှားနေကြောင်း မသိကာ ပြန်လည်ငြင်းခုံရန်လည်း စိတ်မပါသဖြင့် စိတ်မရှည်စွာ ပြန်လည်ပြောလိုက်၏။

“နင် မကျေနပ်ရင် အဖေ့ဆီသွားရှာ၊ ငါနဲ့မဆိုင်ဘူး။ နင့်လက်ပတ်နာရီက ငါ့ဆီမှာရှိတာမဟုတ်ဘူး။ နင့်အဝတ်အစားတွေကိုတော့ အမေက ငါ့အစ်မဆီ ပို့ပေးလိုက်တာ၊ အမေရင်းရဲ့ အမွေပစ္စည်းတွေကိုလည်း ငါမမြင်ဖူးပါဘူး။ နင် ငါ့ဆီလာပြောလို့ မရဘူး!”

သူသည် ချန်ချင်းယွီ ပြောသမျှကို အတည်ပြုပေးလိုက်သလို ဖြစ်သွားလေသည်။

မည်သို့ပင်ဖြစ်စေ ချန်ချင်းယွီမှာမူ အခွင့်အရေးရတိုင်း သူမဖခင်၏ မကောင်းမှုများကို "လူသိရှင်ကြား ကြေညာ" ရန် ဝန်မလေးပေ။ သူမသည် ထိုလူယုတ်မာဖခင်၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန်အတွက် အဘွားကြီးတစ်ယောက်ကဲ့သို့ တတွတ်တွတ် ရေရွတ်ရင်း အားသွန်ခွန်စိုက် ကြိုးပမ်းနေခြင်းဖြစ်၏။

ထိုသို့ တတွတ်တွတ် ရေရွတ်နေသည့်ပုံစံမှာ နေ့စဉ်ကြားနေရသူများအတွက် စိတ်ပျက်စရာကောင်းသော်လည်း၊ အပြင်လူများအဖို့မူ တရားမျှတမှုကို လိုလားသော ဒေါသကို ဖြစ်ပေါ်စေသည်။

“ဒီမိန်းကလေးက သနားစရာလေးပဲ။”

“ကြည့်ရတာ သိပ်ကို နုနယ်ပြီး သနားစရာကောင်းလိုက်တာ။ အင်း... ဒီခေတ်ကြီးက ဒီလိုပါပဲ။ မိထွေးပါလာရင် ပထွေးဖြစ်သွားတာပဲလေ၊ ယောက်ျားတွေဆိုတာလည်း သူတို့မိန်းမတွေရဲ့ မြှောက်ပင့်မှုကို မလွန်ဆန်နိုင်ကြဘူး။”

“ဒါပေမဲ့ ကိုယ့်သမီးအရင်းအပေါ် ဒီလောက်အထိတော့ မရက်စက်သင့်ဘူးလေ။”

“ယောက်ျားတွေဆိုတာက မျက်နှာပြောင်တတ်ကြတာပဲ၊ မိန်းမက နားနားကပ်ပြီး တစ်မျိုး ပြောလိုက်ရင် ဘာဖြစ်ကုန်မလဲဆိုတာ ပြောဖို့ခက်တယ်။”

“ပုံနှိပ်စက်ရုံအကြောင်း ပြောရရင် ငါအဲဒီက လူတစ်ယောက်ကို သိတယ်။ ကောင်မလေး... နင့်အဖေက ဘယ်ပုံနှိပ်စက်ရုံမှာ လုပ်တာလဲ? 'ကြယ်နီပုံနှိပ်စက်ရုံ' လား?”

ချန်ချင်းယွီ ခေါင်းလေးကို အနည်းငယ် ညိတ်ပြလျက်

“ဟုတ်ကဲ့၊ အဖေက အလုပ်ရုံ (၁) ရဲ့ ဒုတိယအဖွဲ့မှာ လက်ထောက်ကြီးကြပ်ရေးမှူး လုပ်နေတာပါ။”

သူမသည် အချက်အလက်အားလုံးကို ရှင်းရှင်းလင်းလင်း ပြောပြလိုက်ပြီဖြစ်ရာ….

စိတ်ကြိုက်ဖြန့်ကြပါရှင်!! ရှင်တို့ များများဖြန့်လေ ကျွန်မ ကျေးဇူးတင်မိလေပါပဲ!

တကယ်တမ်း၌ ချန်ချင်းယွီသည် ဤသို့လုပ်ခြင်းမှာ ထိရောက်မှု သိပ်မရှိနိုင်မှန်း သိသော်လည်း၊ သူမ၏ ဖခင် လူယုတ်မာကြီး ချန်ရိကျွင်းသည် ဂုဏ်သိက္ခာကို သိပ်အလေးထားသူဖြစ်၏။ သတင်းတွေ ပြန့်လေလေ သူ ပိုစိတ်ညစ်လေလေ ဖြစ်မည်။ မိန်းမအပေါ် မှီခိုပြီးမှ အသိအမှတ်မပြုဘဲ ပြန်ပြီး စွပ်စွဲနေသည့် ယောက်ျားဆိုသည်မှာ တကယ့်ကို အရှက်မရှိသည့် လူစားမျိုးပင်။

သူမသည် စိတ်ပေါက်တိုင်း ထိုအဘိုးကြီးကို နှောင့်ယှက်ပြီး သူ ဘယ်လောက်အထိ စိတ်ဆိုးဒေါသထွက်မလဲဆိုသည်ကို စောင့်ကြည့်ဦးမည်ဖြစ်၏!

ချန်ရိကျွင်းသည် ဇနီးဟောင်း၏ အမွေပစ္စည်းကို မက်မောနေသည်ဖြစ်စေ၊ ဒုတိယမိန်းမ၏ နှိပ်စက်မှုကို ခံနေရသည်ဖြစ်စေ၊ ထိုကိစ္စမှာ လူအများကြားတွင် တော်တော်လေး ဟိုးဟိုးကျော်သွားခဲ့ပြီ ဖြစ်သည်။

ချန်ချင်းယွီ: “ဖြန့်ကြစမ်းပါ၊ ပိုပြန့်အောင် ဖြန့်ကြစမ်းပါ။”

“ကျန့်ချန်၊ အမြန်ထစမ်း။ နင်က အချစ်အတွက်နဲ့ မိန်းမတစ်ယောက်ကို ဒူးထောက်ခဲ့တာ အဖေနဲ့ ဒေါ်လေးဝေသိသွားရင် နင့်ကို အပြစ်တင်ကြလိမ့်မယ်။”

ချန်ကျန့်ချန်: “နင့်အလုပ်မဟုတ်ဘူး၊ ကျန်းကျန့်…”

ကျန်းကျန့်: “ငါ့မှတ်တိုင်ရောက်ပြီ၊ ဆင်းတော့မယ်!”

သူမအတွက် အတည်တကျအလုပ် မစီစဉ်ပေးနိုင်သည့် ချန်ကျန့်ချန်သည် ဆွဲဆောင်မှုမရှိတော့ပေ။

သူ မည်မျှပင် စကားလုံးလှလှလေးတွေ သုံးပြီး ပြောပါစေ၊ အလုပ်မဖြစ်တော့ချေ။

“ဟာ... သွားပြီ၊ ငါ့မှတ်တိုင် ကျော်သွားပြီ!”

“အာ... ငါလည်း မှတ်တိုင်ကျော်သွားပြီ! အမလေး... ကိစ္စတွေကို ငေးကြည့်နေတာနဲ့!”

“ဘုရားရေ... ငါ့တစ်သက်မှာ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။”

“ဟုတ်ပါ့! ကားပေါ်ကနေ အမြန်ဆင်းကြရအောင်။”

“တော်သေးတာပေါ့၊ ငါ့မှတ်တိုင် မရောက်သေးလို့။”

ချန်ကျန့်ချန်မှာ ကျန်းကျန့်ကို လှမ်းဖမ်းလိုက်ပြီး

“ကျန့်ကျန့် မသွားပါနဲ့၊ ကိုယ့်ရဲ့ နှလုံးသားကို မင်းသိပါတယ်...”

“လွှတ်စမ်း! နင်ငါ့ကို အလုပ်စီစဉ်ပေးမယ်လို့ လိမ်ပြောခဲ့လို့သာ နင်နဲ့ တွဲနေတာ။ ဒါမှမဟုတ်ရင် နင့်ကို ငါက ဘာလို့ စိတ်ဝင်စားရမှာလဲ? ကိုယ့်ကိုယ်ကိုယ် သိပ်အထင်မကြီးနဲ့။”

သူမသည် အတင်းရုန်းထွက်ကာ ကားပေါ်မှ ဆင်းသွားလေသည်။

ချန်ကျန့်ချန်မှာ ယိုင်တိယိုင်တိုင်နှင့် အော်ဟစ်ကျန်ရစ်ခဲ့၏။

“ကျန့်ကျန့်!!!”

ချန်ချင်းယွီ: “......”

ကြည့်ရတာ သူမရဲ့ မောင်လေး ချန်ကျန့်ချန်က ကြည့်ရတာ အော်ဟစ်ပေါက်ကွဲတတ်တဲ့ ဇာတ်လိုက်မင်းသား အငွေ့အသက်တွေ ရှိနေသလိုပဲ…

ဟဟ အန်တီချုံးယောင်သာ သူ့ကို ဇာတ်လိုက်မင်းသားအဖြစ် ရွေးချယ်ခဲ့သင့်တာ…

တကယ့်ကို နှမြောစရာပါပဲ…

တကယ့်ကို အလားအလာရှိတဲ့ ပါရမီရှင်ပဲ!

[ချုံးယောင်ဆိုတာ ထိုင်ဝမ်က နာမည်ကြီး အချစ်ဝတ္ထုတွေရေးတဲ့စာရေးဆရာမပါ.. ၁၉၃၀ပြည့်နှစ်နောက်ပိုင်း သူ့လက်ရာတွေက အရမ်းနာမည်ကြီးပါတယ် ဟွမ်ကျူးကောကော( ရွှေမင်းသမီး)တို့ Romance in the rain တို့ နာမည်ကြီးဇာတ်လမ်းတွေရှိပါတယ် စာပေလောကမှာလည်း ချုံးယောင်စတိုင်ဆိုပြီး ရှိပါတယ် ဘာလဲဆိုတော့ သူ့ဇာတ်ကောင်တွေက အချစ်အတွက်ဆို ဘာမဆိုပေးဆပ်ပြီး အနုအရွ အထိအရှစကားတွေပြောလွန်းလို့ပါ ဟဟ!! အခုခေတ်အနေနဲ့ဆိုရင်တော့ အဲ့စကားကြီးက ကြက်သီးထစရာကြီးပေါ့… ချန်ကျန့်ချန်ပုံစံက ချုံးယောင်ဇာတ်လိုက်တွေလိုပဲဆိုပြီး လှောင်ထားတာပါ ပြီးတော့ ဖန်ပင်းပင်းတို့၊ so close ထဲက ကျောက်ဝေတို့ ၊ Ruby Lin တို့ဆိုတာ သူဇာတ်လမ်းတွေရိုက်ပြီး အောင်မြင်ခဲ့လို့ သူဇတ်ကောင်မင်းသမီး၊ သူတင်ပေးလိုက်တဲ့သူတွေလို့တောင် ပြောလို့ရပါတယ်]

“ကျန့်ကျန့် ငါ့ရဲ့ ကျန့်ကျန့်… ဟင့်အင်း! ကိုယ့်ကို ဒီလိုမလုပ်ပါနဲ့!”

ချန်ချင်းယွီ: “ကြည့်ကြပါဦး၊ ကြည့်စမ်း၊ တောက်!”

ဘယ်လောက် ဂန္တဝင်မြောက်လိုက်လဲ!!

ချန်ကျန့်ချန် ကြမ်းပြင်ပေါ် ဒူးထောက်ကျလျက်၊ ဒူးနှင့် ကြမ်းပြင် ရိုက်သံကြီးမှာ ဟိန်းထွက်လာပြီး

“ဘာလို့ ငါ့ကို ဒီလိုလုပ်ရတာလဲ? ဘာလို့လဲ၊ ဘာလို့လဲ?! ငါတို့ရဲ့ အချစ်တွေ! ဒါတွေက လက်တွေ့ဘဝရဲ့ စမ်းသပ်မှုကို မခံနိုင်ဘူးလား?”

“အချစ်က သိပ်ကို ခါးသီးလွန်းပါတယ်”

ထိုအချိန်မှာပင် ကျစ်ဆံမြီးအရှည်ကြီးနှင့် မိန်းကလေးတစ်ယောက်သည် ရှေ့ကိုတက်လာပြီး ချန်ကျန့်ချန်ကို တွဲထူကာ

“အစ်ကို၊ အမြန်ထပါ။ သူက အချစ်ကို နားမလည်တဲ့သူပါ၊ ကျေးဇူးကန်းတဲ့သူပါ။ ဒီလို အေးစက်ပြီး ရုပ်ဝတ္ထုမက်တဲ့ မိန်းမက အစ်ကိုနဲ့ လုံးဝမတန်ပါဘူး! သူက သိပ်ကို လက်တွေ့ဆန်လွန်းတယ်၊ အခြေအနေတွေကိုပဲ ကြည့်တတ်တယ်၊ အကျိုးအမြတ်ပဲ ကြည့်တဲ့သူမို့လို့ အစ်ကိုနဲ့ မယှဉ်နိုင်ပါဘူး။ အစ်ကို၊ သူက အစ်ကိုနဲ့ အတူမရှိချင်ရင် ကျွန်မ အစ်ကိုနဲ့ အတူရှိပေးမယ်။”

ချန်ကျန့်ချန်: “!!!!??????”

ချန်ကျန့်ချန်ခမျာ ဆွံ့အသွားရှာသည်။ သူခမျာ သူ့ရှေ့မှ မိန်းကလေးကို မှင်တက်ပြီး ကြည့်နေမိ၏။

ချန်ချင်းယွီတစ်ယောက် ပို၍ပင် ကြောင်သွားကာ

‘နေပါဦး၊ ငါက ဟိုမိန်းကလေးကို မီးပုံထဲက ဆွဲထုတ်ပေးပြီး ကုသိုလ်ယူနေတာ မဟုတ်လား? ဘယ်လိုဖြစ်လို့ တခြားတစ်ယောက်က ကိုယ့်ဘာသာကိုယ် ခုန်ဆင်းလာရတာလဲ? ချန်ကျန့်ချန်က အခုလို အခြေအနေဖြစ်နေတာတောင် နင်က ကြည်ဖြူနေသေးတာလား?’

ချန်ချင်းယွီတစ်ယောက် ကြောင်အမ်းအမ်းဖြစ်သွားရပြီး တော်တော်လေးလည်း တုန်လှုပ်သွားရ၏။ ထို့အပြင် တခြားသူ၏ ရွေးချယ်မှုကိုလည်း ဩချသွားရလေသည်။

သူမ မျက်လုံးများမှာလည်း အံ့ဩလွန်း၍ ပြူးထွက်နေပြီး၊ တခြားလူများသည်လည်း မှင်တက်ကုန်ကြ၏။

ဇာတ်လမ်းက ဘယ်လိုဖြစ်ပြီး ဒီအထိ ရောက်သွားတာလဲ?

ဒီမိန်းကလေး ဘာတွေတွေးနေတာလဲ?

ငါတို့ နားမလည်တော့ဘူး!

ငါတို့ တကယ်ကို ဇဝေဇဝါ ဖြစ်နေပြီ!

ချန်ကျန့်ချန်: “နင်...”

ကျစ်ဆံမြီးနှင့်မိန်းကလေး: “ကျွန်မကြည်ဖြူပါတယ်၊ အစ်ကိုနဲ့ အတူရှိဖို့ ကျွန်မ ကြည်ဖြူပါတယ်။ ကျွန်မနာမည်က ပိုင်ရှန့်ဟုန်ပါ၊ အထက်တန်းကျောင်းသူတစ်ယောက်ပါ၊ ဒီနှစ် ကျောင်းပြီးမှာပါ။ အစ်ကိုနဲ့အတူ ရဲဘော်တွဲဖက် ဖြစ်လာဖို့ ကျွန်မ ကြည်ဖြူပါတယ်၊ ကျွန်မ...”

ချန်ကျန့်ချန် သူမစကားကို ဖြတ်ပြောလိုက်ကာ

“နင့်မှာ အလုပ်ရှိလား?”

ကျစ်ဆံမြီးနှင့် မိန်းကလေးမှာ ခေါင်းခါပြပြီး

“မရှိပါဘူး၊ ဒါပေမဲ့ ကျွန်မ မိသားစုကို ကောင်းကောင်းစောင့်ရှောက်ပါ့မယ်၊ ဇနီးကောင်းတစ်ယောက် ဖြစ်စေရပါ့မယ်၊ ကျွန်မ...”

ချန်ကျန့်ချန် တစ်စက္ကန့်အတွင်းမှာပင် သူ့လက်ကို ဆွဲထုတ်လိုက်ပြီး

“ထွက်သွားစမ်း၊ နင်က ယာယီအလုပ်သမားတောင် မဟုတ်ဘဲနဲ့ ဘာတွေ လာပေါက်ကရ ပြောနေတာလဲ? ငါက အတည်တကျ အမြဲတမ်းဝန်ထမ်းကွ၊ နင်လို အလုပ်မရှိတဲ့သူနဲ့ ငါတွဲမှာ မဟုတ်ဘူး။ နင်က ငါ့ဆီကနေ အခွင့်ကောင်းယူချင်တာပဲ။ ငါပြောလိုက်မယ်၊ နင် လူမှားနေပြီ! တကယ့် အမှိုက်ပဲ!”

သူသည် ဘတ်စ်ကားကို စတင်ထုရိုက်ကာ

“ကားဆရာ၊ ကားရပ်ပေးပါ၊ ကားရပ်ပေးပါ၊ ကျုပ်ဆင်းချင်ပြီ။ ကျန့်ကျန့် ! ကျန့်ကျန့်! ကိုယ့်ကို စောင့်ဦး...”

ကျစ်ဆံမြီးနှင့် မိန်းကလေး၏ မျက်လုံးများမှာ နီမြန်းလာပြီး

“ကျွန်မက အစ်ကို့အပေါ် စစ်မှန်တဲ့ စေတနာထားတာပါ၊ စစ်မှန်တဲ့ စေတနာကို ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ဘယ်လိုလုပ် ညစ်နွမ်းစေမှာလဲ?”

ချန်ကျန့်ချန်: “ဖယ်စမ်း၊ နင်လို ရုပ်ဆိုးမကြီးရဲ့! တံခါးဖွင့်၊ တံခါးဖွင့်၊ အခုချက်ချင်း တံခါးဖွင့်ပေး!”

ကားဆရာ နှုတ်ခမ်းများမှာ တဖျပ်ဖျပ် တွန့်လိမ်တုန်သွားပြီး

“မှတ်တိုင် မရောက်သေးဘူးလေ...”

ကားထဲရှိ လူများမှာ ဤမြင်ကွင်းကို ကြည့်ပြီး တကယ့်ကို မယုံနိုင်စရာ ကောင်းလှသည်ဟု ခံစားနေကြရသည်။

သူတို့ရဲ့ အတွေ့အကြုံက တကယ်ကို နည်းပါးလွန်းတာပဲ၊ တကယ့်ကို နည်းပါးလွန်းတာ!

ဒီလိုကိစ္စမျိုးတွေက ဘယ်လိုဖြစ်ပြီး ဖြစ်နိုင်ရတာလဲ?

ချန်ချင်းယွီ: “ဒါက... ချန်ကျန့်ချန်၊ သူက နင့်အပေါ် သိပ်ကို စစ်မှန်တာပဲနော်...”

ချန်ကျန့်ချန်: “ငါ့ကိစ္စ နင့်အလုပ်မဟုတ်ဘူး!”

နောက်မှတ်တိုင်တစ်ခုကို ဆိုက်ရောက်သွားသည်နှင့် ချန်ကျန့်ချန် ချက်ချင်း ကားပေါ်မှ ပြေးဆင်းသွား၏။

“ကျန့်ကျန့်...”

ဒုန်း!

သူ ခြေလှမ်းမှားပြီး မှောက်ရက်ကြီး လဲကျသွားရှာ၍။

ချန်ချင်းယွီ: “ဘုရားရေ!”

ဒါက သူမနဲ့ လုံးဝမဆိုင်ပါဘူးနော်!

ချန်ကျန့်ချန်က တကယ့်ကို အသုံးမကျတာပဲ!

သူမသည်လည်း ဤမှတ်တိုင်၌ ဆင်းရမည်ဖြစ်၍ ပုံးကိုဆွဲပြီး ကားပေါ်မှဆင်းကာ

“နင် အဆင်ပြေရဲ့လား? အိမ်အထိ လိုက်ပို့ပေးရမလား?”

ချန်ကျန့်ချန် : “ငါ့နားကို မလာနဲ့၊ နင်က နိမိတ်မရှိတဲ့ဟာ၊ ထွက်သွားစမ်း!”

သူ စိတ်မရှည်စွာဖြင့် အတင်းတွန်းထုတ်ရန် ပြင်လိုက်သော်လည်း သူမကို မရွေ့နိုင်ဘဲ သူကိုယ်တိုင်သာ ယိုင်သွားရသည်။ ချန်ချင်းယွီ သနားစရာဟန်ဖြင့်

“နင်က ဘာလို့ ဒီလောက်တောင် အင်အားချည့်နဲ့နေရတာလဲ?”

ချန်ကျန့်ချန် : “နင် လျှောက်ပြောမနေနဲ့!”

သူ အော်ဟစ်ပေါက်ကွဲပြီး

“ငါ အဆင်ပြေတယ်၊ ငါက အသန်မာဆုံးပဲ!”

သူသည် အမှန်တကယ် ကံဆိုးမိုးမှောင်ကျနေပြီဟု ခံစားနေရ၏။

ချန်ချင်းယွီသည် တကယ့်ကို နိမိတ်မရှိသူဖြစ်ကြောင်း သူ ပိုပိုပြီး ခံစားလာရလေသည်။

သူမနဲ့ ထိတွေ့မိတိုင်း သူ ကံဆိုးတာတွေပဲ ကြုံနေရသလိုပဲ!!

သူ ရမ်းသမ်းစွပ်စွဲခြင်းမဟုတ်ပေ။

တကယ်ကို အဲဒီလို ခံစားနေရတာပါ။!!

ဒီမိန်းမက တကယ့်ကို ကံဆိုးလွန်းတယ်၊ သူမနဲ့ နီးစပ်မိတိုင်း သူ ပျက်စီးရတာပဲ!

ချန်ကျန့်ချန် : “ငါ့နားကနေ ဝေးဝေးသွားစမ်း။ နောက်ခါတွေ့ရင်လည်း ငါ့ကို လာမနှုတ်ဆက်နဲ့။ နင့်ကို ငါ မမြင်ချင်ဘူး!”

ပြောပြီးသည်နှင့် သူ အမြန်ဆုံး လမ်းလျှောက်ထွက်သွားလေသည်။

ချန်ချင်းယွီ : “ခဏနေပါဦး။”

ချန်ကျန့်ချန် : “ဟက်၊ ဘယ်သူကများ နင့်စကားကို နားထောင်မှာလဲ?”

သူသည် ပို၍ပင် မြန်မြန်ပြေးသွား၏။

ချန်ချင်းယွီ : “နင်...”

ဘာမျှပင် ပြောလိုက်ရန် မလိုတော့ပေ။ သူသည် ဆယ်မီတာကျော်မျှ အကွာသို့ ဝေးရာသို့ ပြေးထွက်သွားပြီ ဖြစ်၏။ ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။ ဤသည်မှာ တမင်သက်သက် လုပ်ခြင်းမဟုတ်ပေ၊ ထိုလူအား သူ၏ပိုက်ဆံ ကျန်ရစ်ခဲ့ကြောင်း သတိပေးရန်သာ ကြံရွယ်လိုက်ခြင်းဖြစ်၏။ ချန်ချင်းယွီသည် ထိုနေရာတွင် ရပ်ကြည့်နေရင်း ချန်ကျန့်ချန်၏ အရိပ်အယောင် ပျောက်ကွယ်သွားသည်အထိ စောင့်ကြည့်နေလေသည်။

ချန်ချင်းယွီ ပုခုံးတစ်ချက်တွန့်ကာ ကုန်း၍ ကောက်ယူလိုက်ရာ…

ဆယ့်နှစ်ယွမ်!!

ဘာပဲဖြစ်ဖြစ်၊ ငါတွေ့ရင် ငါ့ပိုက်ဆံပဲ!! ပြန်ယူချင်လား စိတ်တောင်မကူးနဲ့!

ချန်မိသားစုထံမှ အခွင့်အရေးယူရခြင်းကို သူမအနေဖြင့် အနည်းငယ်မျှပင် ရှက်ရွံ့နေမည်မဟုတ်ပေ။

ချန်ချင်းယွီသည် ပုခုံးတွန့်ကာ ပုံးကိုဆွဲ၍ ပြန်လာခဲ့သည်။ လမ်းတစ်လျှောက်တွင်လည်း တကယ့်ကို သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းများရှိနေရာ သူမ၏စိတ်အခြေအနေမှာ များစွာ ကောင်းမွန်နေ၏။ ဆိုရသော် သူမသည် ထိုလူယုတ်မာဖခင်၏ ဂုဏ်သိက္ခာကို မည်မျှပင်ဖြစ်စေ ဖျက်ဆီးနိုင်ခဲ့သောကြောင့် ကျေနပ်နေခြင်းတည်း။ ထို့အပြင် ချန်ကျန့်ချန်၏ အချစ်ရေးကိုလည်း နှောင့်ယှက်နိုင်ခဲ့သည်မဟုတ်လော့။

အင်း... တကယ့်ကို ကောင်းလှပေစွ!

သူမ ဝင်းအတွင်းသို့ ပြန်ရောက်သည့်အချိန်မှာ အလုပ်ဆင်းချိန်နှင့် နီးကပ်နေပြီ ဖြစ်၏။ အိမ်တွင်းရှိ အမျိုးသမီးများမှာလည်း ဟင်းချက်ရန်အတွက် အိမ်သို့ အသီးသီး ပြန်လာကြလေပြီ။ ချန်ချင်းယွီက တံခါးကို ခေါက်လိုက်ရင်း

“ယုန်ကလေးတို့ရေ၊ မေမေ ပြန်လာပြီ! ရှောင်ကျားနဲ့ ရှောင်ယွမ်၊ တံခါးဖွင့်ပေးပါဦး!”

“မေမေ ပြန်လာပြီ!”

ကလေးနှစ်ယောက်မှာ ပြေးထွက်လာကြပြီး ရှောင်ကျားမှာသူ၏ ခြေထောက်တိုလေးများဖြင့် ရှေ့မှ ဦးအောင်ပြေးလာပြီး တံခါးဂျက်ကို အမြန်ဆွဲကာ ကြည်လင်သော အသံလေးဖြင့်

“မေမေ!”

ချန်ချင်းယွီ ပြုံးလိုက်မိကာ

“မေမေ့သားလေး မေမေ့ကို လွမ်းနေလား?”

ရှောင်ကျား ခေါင်းညိတ်ပြပြီး

“ဟုတ်၊ လွမ်းနေတာ။”

ရှောင်ယွမ်မှာ သူ၏အစ်ကိုနောက်မှ အနည်းငယ် နှေးကွေးစွာ လိုက်လာပြီး တိုးညှင်းစွာဖြင့်

“သမီးလည်း လွမ်းနေတာ။”

ချန်ချင်းယွီ ပြုံးလျက် လက်ထဲမှ ငါးကို လှုပ်ပြကာ

“ကြည့်စမ်း!”

“ငါးကြီးတစ်ကောင်ပဲ!”

“အရသာရှိမယ့် ငါးကြီး!”

“ဟုတ်တယ်။ အစက ဒီညတော့ ကြက်သွန်မြိတ် ပန်ကိတ်လုပ်စားမလို့ပဲ၊ ဒါပေမဲ့ အခု ငါးအကြီးကြီး ရလာပြီဆိုတော့။ ကဲ... ဘယ်လိုလဲ၊ ကြက်သွန်မြိတ် သွားဝယ်ပြီး ပန်ကိတ်လုပ်စားမလား၊ ဒါမှမဟုတ် ငါးပဲ စားမလား၊ တစ်ခုခု ရွေးကြလေ။”

ရှောင်ကျားနှင့် ရှောင်ယွမ်မှာတပြိုင်နက်တည်း ဖြေလိုက်ကြလေသည်။

“ငါးစားမယ်။”

“ကောင်းပြီလေ။”

ချန်ချင်းယွီ ရယ်မော သဘောတူလိုက်ကာ ငုံ့၍ ငါးကို စတင်ဆေးကြောရင်း

“ဒါဆို ဒီနေ့တော့ မုန်ညင်းချဉ်ငါးဟင်းပဲ စားကြတာပေါ့။”

“မုန်ညင်းချဉ်ငါးဟင်းလား?”

ချန်ချင်းယွီ ခေါင်းညိတ်ပြလျက်

“ဟုတ်တယ်။ ငါးတစ်မျိုးတည်း စားတာထက် မုန်ညင်းချဉ်လေး ထည့်လိုက်ရင် ပိုပြီး အရသာရှိသွားမှာ။”

ဤမုန်ညင်းချဉ်ငါးဟင်းမှာ နောင်ဆယ်စုနှစ်များစွာကြာမှ ပေါ်ပေါက်လာမည့် ဟင်းလျာနှင့် ကွဲပြားနိုင်သော်လည်း အရသာမှာမူ ထူးကဲလှပေသည်။ ချန်ချင်းယွီသည် အလုပ်ကို အမြန်စတင်လိုက်၏။ အဒေါ်ကြီးမေ့မှာ ချန်ချင်းယွီ ငါးဆေးနေသည်ကို မြင်သောအခါ အံ့အားသင့်စွာဖြင့်

“အို... ဒါ ဘယ်ကရတာလဲ? ညည်းတို့အိမ်က ငါးစားကြမလိုလား?”

“ဒီနေ့ ကျုံးထဲမှာ မြေကြီးတူးနေရင်းနဲ့လေ၊ ဟိုမှာ ငါးဖမ်းနေတဲ့သူတွေ အများကြီးပဲဆိုတော့ ကျွန်မလည်း စမ်းကြည့်တာ ငါးတစ်ကောင် မိလာတာပဲ။”

သူမအနေဖြင့် ထိုငါးကို "လဲလှယ်" ခဲ့ခြင်းဖြစ်ကြောင်းမူ ထုတ်ပြောမည်မဟုတ်ပေ။

အဒေါ်ကြီးမေ့ ; “ဟယ်...!? ညည်းနဲ့ တော်လှချည်လား! ငါးတောင် မိလာတယ်ပေါ့? နေပါဦး၊ ငါးမျှားတံက ဘယ်ကရတာလဲ”

“ကျွန်မမှာ ငါးမျှားတံ မရှိပါဘူး။ သူများဆီက ခဏချေးပြီး စမ်းကြည့်တာ၊ ဒီလောက် အလွယ်တကူ မိလာလိမ့်မယ်လို့ မထင်ထားဘူး။ သူတို့ကလည်း အခကြေးငွေ မယူကြဘူးလေ၊ တကယ်ကို ကောင်းလိုက်တာ။ ငါးဖမ်းရတာ ဒီလောက်လွယ်မှန်း မသိခဲ့ဘူး။ ငါးမျှားတံတစ်ချောင်းလောက် ဝယ်ထားရင် ကောင်းမလားလို့။ ယောက္ခမ ပြန်လာရင်တော့ အဲဒီအကြောင်း သေချာတိုင်ပင်ရဦးမယ်။ ငါးမျှားတံ ဝယ်ထားတာက တကယ်ကို အသုံးဝင်မှာလေ။”

“အင်း... ဝယ်ပြီးမှ ဘာမှမမိရင် ဘယ်လိုလုပ်မလဲ”

“ဈေးသက်သာတာလေး တစ်ချောင်း ဝယ်မှာပါ။ ဒေါ်လေးကြည့်လေ၊ အခုလို ငါးအကြီးကြီးတွေသာ အမြဲမိနေရင် ခဏလေးနဲ့တင် အရင်းကျေသွားမှာပေါ့။”

“အဲဒါလည်း ဟုတ်တာပဲ။”

ချန်ချင်းယွီ ငါးဆေးကြောပြီး၍ ငါးဗိုက်နှင့် ငါးပါးဟက်များကို ဖယ်ရှားလိုက်သည်ကို မြင်သဖြင့် အဒေါ်ကြီးမေ့မှာ

“ဒါတွေ မယူဘူးလား? မယူရင် ငါ့ကိုပေးမလား?”

“ပေးလို့ရပါတယ်၊ ဒါပေမဲ့ ဒါတွေက စားလို့မရဘူးနော်။”

“ငါသိပါတယ်အေ။ ဒါတွေကို လမ်းထဲက ကြောင်တွေကို ကျွေးမလို့ပါ။ ဒီကြောင်တွေက ငါတို့ဝင်းထဲ အမြဲလျှောက်သွားနေကြတာ။ ငါတို့ဝင်းထဲမှာ ကြွက်မရှိတာကလည်း သူတို့ကြောင့်ပဲလေ၊ ဒါလေးတွေ ကျွေးလိုက်တာ ကောင်းပါတယ်။”

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ပြီး

“အဲဒါတော့ ဟုတ်သားပဲ။”

ဤခေတ်အခါတွင် လေလွင့်ကြောင်ကလေးများမှာ စားစရာ ရှားပါးလှရာ ငါးကလီစာလေးများ ကျွေးခြင်းမှာ ကောင်းမွန်လှ၏။

“အေးအေး၊ ငါယူသွားလိုက်မယ်။ ကျေးဇူးပဲနော်။”

“ကျေးဇူးတင်စရာ မလိုပါဘူးဒေါ်လေးရယ်၊ ဘာမှမဟုတ်တာကို။”

ချန်ချင်းယွီ ရယ်မောလျက် ပြောလိုက်ပြီး သူမသည် အိုးထဲသို့ ဆီထည့်၍ အလုပ်ကို အမြန်လုပ်လိုက်ရာ ခဏအတွင်းမှာပင် အိုးထဲမှ မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာလေသည်။ ဝင်းအတွင်းရှိ မိသားစုအချို့ ထွက်လာကြပြီး အချို့ကမူ လှည့်ပတ်

ကြည့်ရှုနေကြ၏။

“ဘယ်သူ ငါးချက်နေတာလဲ?”

ရှီကျန့်ရှန်း ရေရွတ်မေးမြန်းလိုက်ရာ တခြားတစ်ဦးမှာလည်း

“တကယ်ပဲ၊ ပွဲလမ်းသဘင်လည်း မဟုတ်ဘဲနဲ့ ဒီလောက် ကောင်းကောင်းစားနေကြတာလား။”

“ဟယ်... အဘွားကြီးကျောက်ရဲ့ အိမ်ကပါလား။”

“ငါ ခုနက ရှောင်ချန် ငါးတစ်ကောင် သယ်လာတာ မြင်လိုက်သား။ ဒီကောင်မလေးကတော့ တကယ်ပဲ ဖြုန်းတီးတတ်လိုက်တာ။ ဒီလိုသာ စားနေရင် မွဲသွားမှာပေါ့။”

“နေဦးဟဲ့၊ အဘွားကြီးကျောက် ပြန်လာရင်တော့ တစ်ယောက်ယောက်ကို ရိုက်တော့မှာ သေချာတယ်။”

“ဒါက နည်းနည်း မလွန်လွန်းဘူးလား?”

“ဟဲ့ သူကအဘွားကြီးကျောက်လေ၊ ဟားဟား!”

လူတိုင်း တီးတိုးတီးတိုးဖြင့် ဝိုင်းဝန်းပြောဆိုနေကြသည်။ ဤဝင်းအတွင်း၌ ထိုသို့ပင်ဖြစ်၏။ အနံ့အနည်းငယ်ထွက်ရုံမျှဖြင့် သတင်း ပျံ့နှံ့သွားတတ်ပြီး အတင်းအဖျင်းပြောရန်လည်း ဘယ်သောအခါမျှ ဝန်မလေးကြပေ။ အဒေါ်ကြီးမေ့ အပြင်မှ ပြန်ဝင်လာပြီး

“နင်တို့ ဘာတွေ ပြောနေကြတာလဲ။ ရှောင်ချန်က ကျုံးထဲမှာ ငါးဖမ်းလာတာပါအေ။”

“ဟယ်! ငါးဖမ်းတာလား? သူကလား?”

“သိပ်လည်း ပိုမပြောပါနဲ့အေ၊ သူ့မှာ အဲဒီလို အရည်အချင်းရှိလို့လား?”

“ကံပေါ်လည်း မူတည်တာပေါ့။ သူ ပထမဆုံးအကြိမ် ငါးဖမ်းတာဆိုတော့ ကံကောင်းသွားတာ ဖြစ်မှာပေါ့?”

“ပထမဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ အရင်က လင်းကျန့်ဝမ်နဲ့အတူ ကျုံးထဲမှာ ငါးသွားဖမ်းဖူးတယ် မဟုတ်လား?”

“ဘယ်သူသိမှာလဲ။”

လူတိုင်း တတွတ်တွတ်ဖြင့် ဝိုင်းပြောနေကြစဉ်မှာပင် စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

“နင်တို့အားလုံး ဘာလုပ်နေကြတာလဲ?”

လူတိုင်း လှည့်ကြည့်လိုက်ရာ အဘွားကြီးဟွမ် ဖြစ်နေ၏။

“အို... ဒေါ်ကြီးဟွမ်၊ ပြန်လာပြီလား!”

“ဘုရားရေ! ဘာဖြစ်လာတာလဲ?”

အဘွားကြီးဟွမ် ဝမ်းသာအားရဟန်ဖြင့်

“ဘယ်သူက ညည်းကို ရိုက်လိုက်တာလဲ? ဘာဖြစ်တာလဲ? တစ်ယောက်ယောက်ကို သွားစော်ကားမိလို့လား? ပြောပါဦး!”

အဘွားကြီးဟွမ် စပ်စုလိုက်ရာ ရှီကျန့်ရှန်း ဒေါသတကြီးဖြင့်

“ဘယ်သူရှိဦးမှာလဲ? နင့်ချွေးမပေါ့! နင့်ချွေးမကတော့ တကယ်ကိုပဲ။ သူပြန်လာတာနဲ့ ပြဿနာတွေ စလုပ်တော့တာပဲ။ ငါက သူ့ကို ဖျောင်းဖျဖို့ ကြည့်တာကို ငါ့ကို ဒီလိုလုပ်သွားတာ! ဒါက လက်ခံနိုင်စရာလား? ငါပြောလိုက်မယ်၊ နင် ငါ့ကို ရှင်းပြရမယ်၊ မဟုတ်ရင် ငါဒါကို ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူး!”

ရှီကျန့်ရှန်းသည် များစွာ မကျေမနက် ဖြစ်နေ၏။ သူမကဲ့သို့ အဆင့်အတန်းရှိသူတစ်ဦးမှာ ချွေးမအဆင့်ရှိသူတစ်ဦး၏ အနိုင်ကျင့်ခြင်းကို ခံရသည်မှာ မတရားဟု ခံစားနေရသည်။

သူမ ဟိန်းဟောက်လိုက်ကာ

“ငါက ဘာကို လိုချင်နေတယ်လို့ ထင်လို့လဲ? ပြောစမ်း၊ ဒီကိစ္စကို ဘယ်လိုရှင်းကြမလဲ?!”

အဘွားကြီးဟွမ်မှာ မှင်တက်သွားပြီး ခဏကြာမှ သတိဝင်လာကာ

“နင် ဘာပြောလိုက်တာလဲ? အဲဒီကောင်မလေး ပြန်လာပြီလား? သူ ဘယ်မှာလဲ? အဲဒီကောင်မလေးက တကယ့်ကို အလေလိုက်နေတာပဲ!တစ်နေကုန် အိမ်မကပ်ဘဲ သူ့သမီးကို ငါကပဲ ကြည့်ပေးနေရတယ်။ သူက ဘယ်လိုအမေမျိုးလဲ? တကယ့် မကောင်းတဲ့ကောင်မ!! ငါ သူ့ကို သွားရှာလိုက်ဦးမယ်!”

အဘွားကြီးဟွမ်သည် ကျန်းမုန့်မုန့်ကို ဆွဲကာ အမြန်ပြေးသွားသည်။ ကျန်းမုန့်မုန့်သည် ချန်ချင်းယွီ၏ အိမ်ရှေ့တွင် ရပ်တန့်ကာ ခေါင်းလေးရမ်းလျက်

“သမီး ငါးစားချင်တယ်၊ ငါးစားချင်တယ်၊ ငါးလည်း လိုချင်တယ်...”

သူမ ဂျီကျနေသဖြင့် အဘွားကြီးဟွမ်မှာ ပြတ်သားသောလေသံသုံးကာ

“ချန်ချင်းယွီ၊ ငါ့မြေးမလေးကို ငါးနည်းနည်း ပေးလိုက်ဦး။ သူက စားချင်နေတာ။”

“ဒေါ်လေးဟွမ်၊ ဘာတွေ လျှောက်ပြောနေတာလဲ?”

ချန်ချင်းယွီ မျက်ခုံးလေး ပင့်လျက်

“ရှင်တို့ စားချင်ရင် ကျွန်မယောက္ခမ ပြန်လာတဲ့အထိ စောင့်ပါဦး။ ရှင်တို့နှစ်ယောက် သူ့ကိုပဲ ကိုယ်တိုင်ပြောလိုက်ကြပါ။ ကျွန်မကတော့ တကယ်ကို မပေးရဲပါဘူး။”

“နင်ကတော့ ရိုသေမှုမရှိတဲ့ကောင်မစုတ်လေး”

“ဒေါ်လေးဟွမ်၊ ရှင်က ကျွန်မအိမ်က လူကြီးမှ မဟုတ်တာ!ပြီးတော့ ဒေါ်လေးလို လူကြီးမျိုးကိုလည်း ကျွန်မကတော့ မလိုချင်ပါဘူး။ ကျေးဇူးပြုပြီး အဲဒီလိုမျိုးတွေ မပြောပါနဲ့။ ကျွန်မယောက္ခမသာ ကြားသွားရင် သူကတော့ အားနာနေမှာမဟုတ်ဘူးနော်။”

သူမသည် လေပြည်အေးလေးဖြင့် ရွှေပြည်အေးတရားဟော ချဉ်းကပ်နေသော်လည်း လူတိုင်း အနိုင်ကျင့်၍ ရသူမဟုတ်ပေ။

“ကျွန်မတို့က အိမ်နီးချင်းတွေပဲလေ၊ လူအချင်းချင်း ဒီလိုမဆက်ဆံသင့်ဘူး။ ဘယ်သူမှလည်း ချမ်းသာကြတာမဟုတ်ဘူး၊ အကုန်လုံးမှာလည်း ကလေးတွေ ရှိကြတာပဲ။ တစ်ခုခု ကောင်းတာရှိရင် လူကြီးနဲ့ လူငယ်တွေကို သဘာဝအတိုင်းပဲ ဂရုစိုက်ချင်ကြတာပေါ့။ တစ်ယောက်ယောက် ကောင်းကောင်းစားနေတာကြားလို့ အိမ်ရှေ့အထိ လာတောင်းနေတာက သူတောင်းစားတာနဲ့ ဘာကွာမှာလဲ? မြင်တဲ့သူတိုင်းကသာ တစ်ပန်းကန်စီ လာတောင်းနေရင် ကျွန်မတို့မှာ ဘာကျန်တော့မှာလဲ? ကျွန်မကို ဘာပြောပြော ရပါတယ်၊ ဒါပေမဲ့ ကျွန်မမိသားစုအပေါ်တော့ လာပြီး အကွက်မချပါနဲ့။”

“ကလေးတစ်ယောက်က ဘယ်လောက်များ စားမှာမို့လို့လဲ...”

“ငါးတစ်ကောင်က အစကတည်းက အများကြီးရှိတာ မဟုတ်ဘူးလေ။ ဒေါ်လေးဟွမ်၊ ကျွန််မအိမ်မှာ ယောက်ျားသား မရှိပေမဲ့ ကျွန်မတို့ကတော့ ဘယ်သူ့အနိုင်ကျင့်တာကိုမှ ခံမှာမဟုတ်ဘူး။”

“ဘာဖြစ်ကြတာလဲ?”

အဘွားကြီးကျောက် ပြန်လာပြီး သူမ၏ ချွေးမ တစ်ယောက်တည်း စကားများ ပြောနေသည်ကို မြင်လိုက်ရသည်။ ချန်ချင်းယွီသည် အဘွားကြီးကျောက်ကို မြင်သည်နှင့် တပြိုင်နက် ဝမ်းနည်းသည့်ဟန်ဖြင့် -

“အမေ ၊ ဒေါ်လေးဟွမ်က သူ့ကလေးကို ခေါ်လာပြီး ကျွန်မတို့ ငါးဟင်းကို လာတောင်းနေတာ!”

အဘွားကြီးကျောက် ရှေ့သို့ လှမ်းတက်လာပြီး အဘွားကြီးဟွမ်ကို ဆွဲကာ ဒေါသတကြီးဖြင့်

“နင်က ဘယ်သူ့ဆီက လာတောင်းနေတာလဲ? ငါ့အိမ်မှာ လူမရှိဘူးဆိုပြီး ငါ့ချွေးမကို လာအနိုင်ကျင့်နေတာလား? နင့်ကိုတော့ ပညာပေးရဦးမယ်ထင်တယ်...”

ရန်ဖြစ်တော့မည့် အခြေအနေတွင် ပိုင်ဖုန်းရှန်း ရောက်လာပြီး

“ရန်မဖြစ်ကြပါနဲ့၊ ဒါက ဘာမှမဟုတ်ပါဘူး။ အဘွားကြီးဟွမ်၊ ရှင့် အိမ်ကို မြန်မြန်ပြန်ပြီး ကြည့်ဦး။ ရှင့် ချွေးမက အိမ်မှာ တော်တော်လေး ဝရုန်းသုန်းကား လုပ်သွားပြီး ပစ္စည်းတွေ အများကြီး ယူသွားပြီ။ အမြန်ပြန်ကြည့်တော့!”

“ဘာ!”

အဘွားကြီးဟွမ်မှာ ထိုစကားကို ကြားသည်နှင့် ထိတ်လန့်သွားပြီး အဘွားကြီးကျောက်ကို ဘေးသို့ တွန်းဖယ်ကာ သူမ၏ အိမ်ဘက်သို့ ပြေးသွားလေတော့သည်။ တခြားလူများကလည်း နောက်မှ လိုက်သွားကြ၏။

ချန်ချင်းယွီမှာ စပ်စုချင်သော်လည်း မလှုပ်မယှက် ရပ်နေစဉ် ကျန်းမုန့်

မုန့်သည်ကား အိမ်ပြန်မသွားဘဲ အိမ်ထဲသို့ ချောင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

အကယ်၍ သူမသာ အပြင်ထွက်သွားပါက ဤကလေးမလေးသည် ချက်ချင်း အိမ်ထဲဝင်ပြီး ပစ္စည်းခိုးမည်မှာ သေချာလှပေသည်။

“ရှောင်ကျားနဲ့ ရှောင်ယွမ်၊ မေမေနဲ့အတူ အပြင်ထွက်ကြရအောင်။ မေမေ တံခါးပိတ်လိုက်မယ်။”

သူမသည် တံခါးကို သော့ခတ်

လိုက်၏။ ကျန်းမုန့်မုန့်တစ်ယောက် သူမကို စိတ်ပျက်သည့်ဟန်ဖြင့် တစ်ချက်ကြည့်ကာ နှုတ်ခမ်းစူလျက် စတုတ္ထဝင်းဘက်သို့ လမ်းလျှောက်သွားလေသည်။

ချန်ချင်းယွီ: “......”

ငါ သိသားပဲ! ငါ သိသားပဲ!

ဒီကလေးမလေးကတော့ တကယ်ကို မကောင်းတဲ့အကြံ ရှိနေတာပဲ။

အသက်က ဘယ်လောက်မှ မရှိသေးဘူး၊ ကောင်းကောင်း အဆုံးအမ မရှိတဲ့အပြင် စိတ်ဓာတ်ကပါ ကောက်ကျစ်နေပြီ။ ဒါကတော့ လူကောင်းတစ်ယောက်ကို ပျက်စီးအောင် မွေးမြူနေသလိုပဲ…

ချန်ချင်းယွီသည် ရှောင်ကျားနှင့် ရှောင်ယွမ်၏လက်ကိုဆွဲကာ စတုတ္ထဝင်းအတွင်းသို့ ဝင်လာခဲ့၏။ ထိုစဉ် အဘွားကြီးဟွမ်မှာ မဟားတရား အော်ဟစ်ငိုယိုကာ ဆဲဆိုနေလေပြီ။

“ဒီနိမိတ်မရှိတဲ့ ကောင်မစုတ်၊ တကယ့်ကို မိန်းမယုတ်ပဲ။ အိမ်တွင်းသူခိုး ဖြစ်နေတာပဲ! အသိတရားမရှိတဲ့ဟာမ၊ စောင်တွေကိုတောင် အကုန်ယူသွားတယ်။ လူလိုကို မကျင့်တာ။”

“ဘာဖြစ်လို့လဲဟဲ့?”

“ရှင်းဖရဲ့မိန်းမက တကယ်ပဲ ဘယ်လိုဖြစ်သွားတာလဲ?”

“အဲဒါ ဘယ်သူသိမှာလဲ။”

ပိုင်ဖုန်းရှန်း : “အော်မနေပါနဲ့တော့၊ ဘာတွေပျောက်သွားလဲဆိုတာ အရင်ကြည့်ဦး။ နင့်ချွေးမပိုင်တဲ့ ပစ္စည်းတွေဆိုရင်တော့ နင်အော်နေလည်း ဘာထူးမှာလဲ။ တကယ်လို့ သူက နင့်ပစ္စည်းတွေကိုပါ ယူသွားတယ်ဆိုရင်တော့ အဘိုးကြီးကျန်းပြန်လာမှ သူ့အလုပ်ခွင်အထိသွားပြီး မေးကြတာပေါ့။ လူမရှိတုန်း အလစ်ပြန်လာပြီး အိမ်ထောင်ရွှေ့သွားတယ်ဆိုတာကတော့ တစ်ခုခုတော့ အကြောင်းရှိမှာပေါ့။ ဒါက နင်တို့အိမ်တွင်းရေးဆိုတော့ အိမ်နီးချင်းတွေအနေနဲ့ ဝင်တားဖို့လည်း မကောင်းဘူးလေ၊ နင့်ဘာသာပဲ မြန်မြန် ဖြေရှင်းလိုက်တာ ကောင်းလိမ့်မယ်။”

“ငါတို့က မကူညီတာမဟုတ်ဘူးနော်၊ ငါတို့လည်း တားပါသေးတယ်။ ရလဒ်ကတော့ အဆဲခံလိုက်ရတာပဲ။ ဘယ်သူကများ ထပ်ဝင်ပါရဲတော့မှာလဲ? တကယ်လို့ မတတ်နိုင်တော့ရင်လည်း အခုချက်ချင်း စက်ရုံသွားပြီး အဘိုးကြီးကျန်းကို သွားရှာလိုက်လေ။ ဒီကိစ္စက သူတို့ခေါင်းဆောင်တွေဆီအထိ သွားပြောရမှာ။ ဒီကောင်မစုတ်က တော်တော်ကို လွန်လှပြီ။ ဒီလိုမျိုး တန်းပြီး အိမ်ထောင်ရွှေ့သွားတာ ခိုးတာနဲ့ ဘာကွာလို့လဲ။ ပြီးတော့ ကလေးကိုလည်း ပစ်ထားခဲ့တာလား? အပြင်မှာ တခြားယောက်ျားများ ရှိနေလို့လား မသိဘူး!”

အဘွားကြီးဝမ်မှာ စိတ်ယုတ်မာဖြင့် မီးလောင်ရာလေပင့် လုပ်နေလေသည်။ အဘွားကြီးဝမ်မှာ အဘွားကြီးဟွမ်အား မြှောက်ပင့်ပေးကာ ချွေးမဖြစ်သူ၏ အလုပ်ခွင်အထိသွား၍ ပြဿနာရှာစေချင်နေခြင်းဖြစ်၏။ ထိုသို့ဆိုလျှင် ထိုချွေးမမှာ အလုပ်တွင် ဆက်နေနိုင်တော့မည် မဟုတ်ပေ။

“ဟုတ်တယ်၊ ဟုတ်တယ်။ ငါသွားမေးရမယ်။ ဒီအသိတရားမရှိတဲ့ဟာမ၊ ကောင်မ တကယ့်ကို ကောက်ကျစ်လွန်းတယ်။”

အဘွားကြီးဟွမ်မှာ ရှုပ်ပွနေသော အိမ်ကိုကြည့်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေ၏။ သားဖြစ်သူ လင်မယားကွဲသွားပြီဆိုသော်လည်း သူမကိုယ်သူမ အမြဲတမ်း အထက်စီးရှိယောက္ခမဟု ထင်မှတ်နေဆဲဖြစ်ပြီး သြဇာအာဏာရှိသည်ဟု ယူဆနေဆဲဖြစ်သည်။ စကားတစ်ခွန်း မတည့်သည်နှင့် သူမက လူကို အိမ်ပေါ်က နှင်ချနိုင်သည်ဟု ထင်နေလေ၏။

သူမသည် ချွေးမဖြစ်သူအား မိမိလက်ခုပ်ထဲတွင် ထည့်ထားနိုင်သည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း ထိုသူသည် ရုတ်တရက် အိမ်ရွှေ့သွားလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့ပေ။

“ဒီကောင်မစုတ်က အကျင့်မကောင်းဘူး၊ အပြင်မှာ ယောက်ျားရှိနေတာ သေချာတယ်။ မဟုတ်ရင် ဘယ်လိုလုပ် ဒီလိုမျိုး ဆင်းသွားနိုင်မှာလဲ...”

ရှီကျန့်ရှန်းသည်လည်း ခနဲ့တဲ့တဲ့လေသံဖြင့်

“သူက ဒီအတိုင်း ဆင်းသွားတာမှ မဟုတ်တာ၊ ငါတို့ အားလုံးကိုပါ ဝိုင်းဆဲသွားတာ။ တကယ့်ကို ကြောက်စရာကြီး!”

အဘွားကြီးဟွမ်တစ်ယောက် အရှက်မရှိဟန်ဖြင့်

“သူက ငါ့ချွေးမ မဟုတ်တော့ဘူး၊ ငါတို့အိမ်နဲ့ ဘာမှမဆိုင်တော့ဘူး။”

မည်သို့ပင်ဖြစ်စေ ပြဿနာတက်လျှင် သူမကတော့ ပါဝင်မည်မဟုတ်ပေ။

“အလိုလေး... ကြည့်စမ်းပါဦး၊ ဟိုဟိုဒီဒီ လှန်လှောထားတာ။ ဓားပြတိုက်ခံရတဲ့အတိုင်းပဲ။”

“ဒီစကားတွေ ပြောမနေကြနဲ့ဦး၊ သူ ဘာစာဖြစ်ဖြစ် ထားခဲ့လားဆိုတာ ရှာကြည့်ကြဦးလေ။ တစ်ခုခုတော့ အကြောင်းပြချက် ရှိမှာပေါ့?”

“ဟုတ်သားပဲ၊ ရှာကြဦး!”

ချန်ချင်းယွီသည်လည်း ကလေးများကိုပွေ့ကာ ဘေးမှနေ၍ အခြေအနေကို စောင့်ကြည့်နေ၏။ အလုပ်ဆင်းချိန် ရောက်လာသည်နှင့်အမျှ ဝင်းအတွင်းသို့ ပြန်လာသူများ ပိုများလာသည်။ ကျောင်းဆင်းလာသူ၊ အလုပ်ဆင်းလာသူများမှာ အခြေအနေကို စပ်စုရန် ဝိုင်းအုံလာကြကုန်၏။ အဘွားကြီးဟွမ်မှာလည်း အိမ်ထဲတွင် ဟိုဟိုဒီဒီ ရှာဖွေနေသော်လည်း ကျန်းရှင်းဖှ၏ ဇနီးဟောင်းမှာ ဘာစာတစ်စောင်မျှ ချန်ထားခဲ့ခြင်း မရှိပေ။

“တကယ့်ကို အသိတရားမရှိတဲ့ဟာမပဲ။”

“ခင်များတို့ ဒီမှာ ဘာလုပ်နေကြတာလဲ?”

ထိုစဉ် အမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာသည်။ အသံမှာ အနည်းငယ် စိမ်းနေသဖြင့် ချန်ချင်းယွီ လှည့်ကြည့်လိုက်ရာ အလယ်ဝင်းရှိ ယွမ်မိသားစုမှ ယွမ်ဟောက်မင်နှင့် ကျောက်ရုံတို့၏ သားကြီး 'ဟောက်ဖုန်း' ဖြစ်နေသည်ကို မှတ်မိသွား၏။

ချန်ချင်းယွီ ဤနေရာသို့ ရောက်လာပြီးနောက် ဤလူကို မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပြီး သူသည် ကျန်းရှင်းဖှ၏ ဇနီးနှင့် အလုပ်ခွင်တူတူဖြစ်ကာ ရထားဝန်ထမ်းတစ်ဦးဖြစ်၍ ပုံမှန်အားဖြင့် အိမ်သို့ သိပ်မပြန်ဖြစ်ပေ။

ယွမ်ဟောက်ဖုန်းမှာ အရပ်ရှည်ပြီး မိဘနှစ်ပါးစလုံး၏ အားသာချက်များကို ယူထားသဖြင့် ရုပ်ရည်သန့်ပြန့်လှသည်။ သူတို့၏ သားသမီးသုံးယောက်စလုံးမှာ ရုပ်ရည်ကြည့်ကောင်းကြပြီး ယွမ်ရှောင်ချွေမှာမူ အနည်းငယ် လိုအပ်ချက်ရှိသော်လည်း မဆိုးလှဟု ဆိုရပေမည်။

ချန်ချင်းယွီ ယွမ်ဟောက်ဖုန်းကို အကဲခတ်နေစဉ် ဟောက်ဖုန်းသည်လည်း သူမကို ကြည့်လာပြီးနောက် အကြည့်ကို လွှဲလိုက်၏။

“ဟောက်ဖုန်း၊ ပြန်လာပြီလား?”

“ကိုကြီး၊ ဘယ်တုန်းက ပြန်

ရောက်တာလဲ?”

ယွမ်ရှောင်ချွေ

အမြန်ပြေးသွားကာ မေးလိုက်သည်။

ယွမ်ဟောက်ဖုန်း : “ခုလေးတင်ပဲ။ အားလုံး ဒီမှာ ဘာလို့ စုနေကြတာလဲ၊ တစ်ခုခု ဖြစ်လို့လား?”

“အာ... ဟုတ်သားပဲ။ မင်းလည်း မီးရထားဌာနကဆိုတော့၊ ဟို... ကျန်းရှင်းဖှရဲ့မိန်းမလေ၊ သူ ပစ္စည်းတွေ အကုန်သိမ်းပြီး ဆင်းသွားတာ ဘာဖြစ်လို့လဲဆိုတာ မင်းသိလား?”

“မင်းတို့က အလုပ်ခွင်တူတူဆိုတော့ တစ်ခုခုတော့ သိမှာပေါ့။ သိရင် ဒေါ်လေးဟွမ်ကို ပြောပြပါဦး၊ ငါ့ကိုတော့ ဖုံးမထားပါနဲ့။ အဲဒီကောင်မစုတ်က ပစ္စည်းတွေ အကုန်ယူသွားတာ၊ ငါတို့ကို မိသားစုလို့တောင် သဘောမထားဘူး။ ကြည့်စမ်း... သူလုပ်သွားတာတွေကို။ ငါ့ကိုတော့ အမှန်အတိုင်း ပြောပြပါနော်။”

ယွမ်ဟောက်ဖုန်း အံ့သြစွာဖြင့် အဘွားကြီးဟွမ်ကို ကြည့်ကာ

“အဒေါ်တို့ အိမ်က မသိဘူးလား?”

“ဘာကို သိရမှာလဲ?”

အားလုံး ယွမ်ဟောက်ဖုန်းကို နားမလည်နိုင်သလို ကြည့်နေကြရာ သူက ပို၍ပင် အံ့သြသွားဟန်ဖြင့်

“တကယ်ပဲ မသိကြတာလား? ကျွန်တော်က အားလုံး သိနေကြပြီ ထင်တာ။ အစ်မက အလုပ်ပြောင်းသွားပြီလေ။”

“ဘာ!”

အားလုံးမှာ ထိုသတင်းကြောင့် တုန်လှုပ်သွားကြကုန်၏။ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

“ဘယ်လိုဖြစ်တာလဲ၊ ပြောစမ်းပါဦး၊ အမြန်ပြောပါဦး။”

“ဟုတ်ပါ့၊ ဒီဝင်းထဲကလူတွေ တစ်ယောက်မှ မသိကြဘူး။”

ယွမ်ဟောက်ဖုန်းမှာ အခက်တွေ့နေသည့်ဟန်ဖြင့်

“ကျွန်တော်တို့ လိုင်းမှာက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က သူ့မိန်းမအတွက် အလုပ်ပြောင်းဖို့ လျှောက်ထားတယ်။ ဒါပေမဲ့ အလုပ်ခွင် ပြောင်းဖို့ဆိုတာ ဘယ်

လောက်ခက်လဲဆိုတာ အဒေါ်တို့လည်း သိတာပဲ။ နောက်ပိုင်းမှာ ဘယ်လိုဖြစ်သွားလဲ မသိဘူး၊ ရှင်းဖှရဲ့ မိန်းမက အဲဒီလူရဲ့ မိသားစုဝင်နဲ့ အလုပ်ချင်း လဲလိုက်တာ။ ကျွန်တော်ကတော့ အဒေါ်တို့ သိနေပြီ ထင်တာ။ သူက ကျွန်တော့်ကိုတောင် သီးသန့်မှာသွားသေးတယ်၊ သူကိုယ်တိုင်ပဲ ပြောချင်လို့ ကျွန်တော့်ကို လျှောက်မပြောပါနဲ့တဲ့၊ ကြားထဲက စကားတွေလွဲပြီး သံယောဇဉ်ပျက်မှာ စိုးလို့ဆိုပြီးတော့လေ။ သူ ကျွန်တော့်ကို ဖုံးထားခဲ့ပြီး လိမ်သွားလိမ့်မယ်လို့ မထင်ထားဘူး။”

သူသည် စိတ်ပျက်သည့်ဟန်ဖြင့်

“ကျွန်တော် တကယ်ကို မထင်ထားဘူး။ ကျွန်တော်က သူ့ကို သိပ်ယုံကြည်မိသွားတာပဲ၊ ဒီလောက်အထိ အကွက်ချတတ်လိမ့်မယ်လို့ မသိခဲ့ဘူး...”

“ဒါက မင်းအပြစ်မဟုတ်ပါဘူး၊ သူကိုယ်တိုင်က တမင်လုပ်တာပဲ။ ဝင်းတူတူနေတာတောင် ဒီလောက်အထိ ကောက်ကျစ်မယ်ဆိုတာ ဘယ်သူသိမှာလဲ။”

“ဟုတ်ပါ့၊ ဒီကလေးက သိပ်ရိုးသားလွန်းလို့ လူတွေရဲ့ ကောက်ကျစ်မှုကို မသိတာပါ။”

“ဒါကတော့... အော်၊ ဒါနဲ့ ကျွန်တော်ကြားတာတော့ သူက တခြားနယ်မှာ ရည်းစားရနေလို့ အလုပ်ပြောင်းချင်နေတာတဲ့။ ဒါပေမဲ့ ကျွန်တော် သူ့ကို မေးကြည့်တော့ မဟုတ်ပါဘူးတဲ့။ ဒါဆို... အဲဒီသတင်းက တကယ်ပဲလား မသိဘူး?”

“ဘာ!”

အဘွားကြီးဟွမ် အော်ဟစ်လိုက်ကာ

“သူက တခြားနယ်မှာ လင်ရနေတယ်ဟုတ်လား? ဒီကောင်မစုတ်၊ ဒါ ငါ့သားကို အရှက်ခွဲတာပဲ!”

“ဒီမိန်းမလေးက တကယ့်ကို အကျင့်ပျက်တာပဲ။”

“အဲဒါတော့ ပြောရခက်တယ်။ သူကပဲ ရွှီကောင်းမင်အိမ်က သားသုံးယောက်စလုံးနဲ့ ပတ်သက်နေပါတယ်လို့ ပြောခဲ့တာ မဟုတ်လား?”

“အဲဒါက ဒီလိုပြောတာ မဟုတ်ဘူးလေ၊ သူတို့က သူ့ခြေဖဝါးကို လျက်တာလို့ ပြောတာ။”

“အဲဒါလည်း ပတ်သက်နေတဲ့ သဘောပဲ မဟုတ်လား။”

လူတိုင်းမှာ ထိုသို့ဖြင့် ဝိုင်းဝန်းအတင်းပြောနေကြလေတော့သည်။

လူအများမှာ တီးတိုးရေရွတ်ရင်း အတင်းအဖျင်း စကားဝိုင်းတို့ဖြင့် ဆူညံလျက်ရှိ၏။ ဤသို့သော ကိစ္စရပ်မျိုး ပေါ်ပေါက်လာလိမ့်မည်ဟု မည်သူမျှ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ကြပေ။

အကယ်၍ လူမှုရေးရှုပ်ထွေးမှုနှင့် ဆက်နွှယ်သော သတင်းဆိုးမျိုး ပေါ်ထွက်လာခဲ့လျှင် ထိုသတင်း၏ ဗဟိုချက်မမှာ မုဆိုးမလေး ချန်ချင်းယွီသာ ဖြစ်လိမ့်မည်ဟု လူတိုင်းက မှတ်ယူထားခဲ့ကြသည်။

သူမမှာ အချစ်ကိုသာ ကိုးကွယ်သည့် အချစ်ရူးမလေး တစ်ဦးဖြစ်နေပြီး ပုံမှန်အချိန်၌ အေးဆေးတည်ငြိမ်သယောင် ရှိသော်လည်း လင်းကျန့်ဝမ်၏ အမည်ကို ကြားလိုက်ရသည်နှင့် အချစ်အကြောင်းကို တတွတ်တွတ် ရေရွတ်တတ်သည့် သူမ၏ ရောဂါမှာ ထကြွလာမြဲ ဖြစ်၏။

သို့သော် ယခုမူ ကျန်းရှင်းဖှ၏ ဇနီးသည်မှာ အပြင်၌ အဆက်ရှိနေသည်ဟူသော သတင်းသည် လူအများကို အံ့အားသင့်စေခဲ့သည်။

ထိုစဉ် အဒေါ်ကြီးမေ့မှ စကားတစ်ခွန်းဝင်၍ ပြောဆိုလိုက်၏။

“သူက တခြားသူနဲ့ ခိုးစားနေတာမှ မဟုတ်တာ။ ကျန်းရှင်းဖှနဲ့လည်း တရားဝင် ကွာရှင်းထားပြီးသားပဲဟာ။”

“ဒါကတော့ ဒါပေါ့အေ...”

“စကားကတော့ အဲဒီလို ပြောလို့ရပေမဲ့ သူတို့က တစ်အိမ်တည်းမှာ အတူတူ နေနေကြတာပဲလေ။ မကွာရှင်းတာနဲ့ ဘာထူးမှာလဲ...”

“အဲဒါတော့ မတူဘူးလေ။ လက်မှတ်ရှိတာနဲ့ မရှိတာက ကွာခြားချက် ကြီးမားပါတယ်။ လက်မှတ်မရှိဘဲ နေထိုင်တာက အကျင့်ပျက် ခြစားတာပဲပေါ့။”

“ဒီပေါက်ကရတွေ ပြောမနေကြပါနဲ့တော့။ ဘာပဲဖြစ်ဖြစ် ကျန်းရှင်းဖှတစ်ယောက် အစိမ်းရောင် ဦးထုပ်ဆောင်းလိုက်ရတာ (ဖောက်ပြန်အရှက်ခွဲခံရတာ) ကတော့ အမှန်ပဲ။”

“အင်း... ငယ်ငယ်ရွယ်ရွယ်နဲ့ သီးသန့်ဦးထုပ်ကြီး ဆောင်းလိုက်ရရှာတယ်...”

“ဟုတ်ပါ့လေ!”

“နေပါဦး... သူက တခြားနယ်ဘက်ကို ပြောင်းသွားပြီး တခြားသူနဲ့ အိမ်ထောင်ပြုတော့မယ်ဆိုရင် ကလေးကိုတော့ ပစ်ထားခဲ့တော့မှာလား?”

ဤသို့ဖြင့် လူအများမှာ ကျန်းမုန့်မုန့်ကို သတိရသွားကြပြန်သည်။ သို့သော် ပြန်လည်စဉ်းစားကြည့်လျှင် သူသည် တခြားနယ်ဘက်၌ အိမ်ထောင်အသစ် ထူထောင်ပါက နောက်ထပ် ကလေးငယ်များ ရရှိဦးမည်ဖြစ်ရာ ကျန်းမုန့်မုန့်ကို ဂရုစိုက်တော့မည်မဟုတ်သည်မှာ ထင်ရှားလှ၏။ ဤကလေးမလေးမှာလည်း အဘွားကြီးဟွမ်၏ အလိုလိုက်မှုကြောင့် ပျက်စီးနေရသူဖြစ်ပြီး ရက်စက်တတ်သော စိတ်ထားရှိသည့် ကျန်းရှင်းဖှ၏ ဇနီးသည်အဖို့ မိမိ၏ သွေးသားကို စွန့်ပစ်ခဲ့သည်မှာလည်း ဖြစ်နိုင်ခြေ ရှိပေသည်။

ဝင်းအတွင်း၌ လူအများမှာ ခဏတာမျှ ဆွံ့အလျက် စကားလုံးတို့ ပျောက်ရှကုန်ကြ၏။

ရုတ်တရက် အဘွားကြီးဟွမ်၏ စူးရှသော အော်ဟစ်သံက ထွက်ပေါ်လာကာ

“ဒီကောင်မစုတ်! ငါကိုယ်တိုင် သွားရှာမယ်။ ဒီအတိုင်းတော့ အပြီးမခံနိုင်ဘူး!”

သူမသည် ကျန်းမုန့်မုန့်၏ လက်ကို အတင်းဆွဲလျက်

“လာ... ငါနဲ့လိုက်ခဲ့။ နင့်အမေဆီ သွားရှာမယ်။ နင့်အမေက လူလိုမကျင့်တဲ့ဟာမ၊ အသိတရားမရှိတဲ့ဟာမ!”

အဘွားကြီးဟွမ်မှာ ဒေါသဟုန် ပြင်းထန်နေသော်လည်း ဤကိစ္စမှာ အချိန်ဆွဲ၍မရမှန်း သိရှိပေသည်။ သူမသည် ကျန်းမုန့်မုန့်ကို ဆွဲခေါ်လျက် -

“သွားမယ်! နင့်အဘိုးနဲ့ နင့်အဖေကို အရင်သွားရှာရမယ်။ ဒီမြေခွေးမက တကယ်ကို မကောင်းတဲ့ဟာမပဲ...”

သူမသည် အပြင်သို့ ဝုန်းကနဲ ပြေးထွက်သွားရင်း လမ်းတစ်ဝက်၌ ရပ်တန့်ကာ လှမ်းမေးလေသည်။

“ဟောက်ဖုန်း... သူ ဘယ်မှာနေလဲဆိုတာ မင်းသိလား?”

ယွမ်ဟောက်ဖုန်း ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းပြလျက်

“ကျွန်တော် သူနဲ့ လုံးဝ မရင်းနှီးပါဘူး ကျွန်တော်တို့ ဝင်းတူတူ နေကြပေမဲ့ အစ်မက ကျွန်တော် တစ်ခုခု ပြောမိမှာစိုးလို့လားမသိဘူး၊ ကျွန်တော့်ကို အမြဲ ရှောင်ဖယ်နေတတ်တာ...”

သူခမျာ အားနာရိပ် ယှက်သန်းနေသော မျက်နှာဖြင့်

“ကျွန်တော်သာ စောစောစီးစီး ရိပ်မိခဲ့ရင် အဒေါ်တို့ကို သတိပေးလိုက်မှာပါ”

အဘွားကြီးဟွမ် : “ဒါ မင်းအပြစ်မဟုတ်ပါဘူး။ မင်းက လူကောင်းလေးဆိုတာ ငါသိပါတယ်။ အဲဒီကောင်မစုတ်ကသာ လူလိုမကျင့်တာပါ”

ယွမ်ဟောက်ဖုန်းက သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်၏။ ချန်ချင်းယွီသည် သူတို့၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခဲ့သည်။ သူမသည် မျက်လွှာချလျက် နှုတ်ခမ်းကို တင်းတင်းစေ့ထားသော်လည်း နှလုံးသားထဲ၌မူ ယွမ်ဟောက်ဖုန်း လိမ်လည်နေကြောင်း အတပ်သိရှိနေ၏။ သူသည် သရုပ်ဆောင် ကောင်းလှသော်လည်း ချန်ချင်းယွီကဲ့သို့ လူကဲခတ် ကျွမ်းကျင်သူကိုမူ လိမ်လည်နိုင်စွမ်း မရှိပေ။

ယွမ်ဟောက်ဖုန်းသည် အခြားသူများကို လှည့်ဖြားနိုင်သော်လည်း သူမကိုမူ လှည့်ဖြား၍ မရနိုင်။ သူသည် အချက်အလက်များကို ပိုမိုသိရှိထားသော်လည်း ဤပြဿနာများကြား၌ မပါဝင်ချင်သဖြင့် ဟန်ဆောင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော် ဤကိစ္စမှာ ချန်ချင်းယွီနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ သူမသည် ကလေးများကို ပွေ့ပိုက်လျက် အဘွားကြီးကျောက်၏ နံဘေး၌သာ ကပ်နေလိုက်၏။ အဘွားကြီးကျောက်မှာ နေ့ဘက်၌ အလုပ်သွားနေရသဖြင့် ယနေ့ ဖြစ်ပျက်ခဲ့သည့် ပြဇာတ်ကြီးကို မသိလိုက်ရရှာပေ။ ယခုမှသာ အစအဆုံး ပြန်လည်ကြားသိရသဖြင့် မှင်တက်လျက်ရှိနေသည်။

ဤအဖြစ်ကို ကြည့်လိုက်လျှင် မိမိတို့အိမ်မှ ချန်ချင်းယွီမှာ လူကောင်းလေးတစ်ဦး ဖြစ်နေသည်ဟု သူမ ထင်မှတ်သွားမိ၏။

အနည်းဆုံးတော့ သူမက လင်းကျန့်င့်ဝမ်အပေါ် သစ္စာရှိတယ်လေ…

မဟုတ်ပါက ကျန်းရှင်းဖှကဲ့သို့ အရှက်ရဖွယ် ကိစ္စရပ်များနှင့် ကြုံတွေ့ရပေလိမ့်မည်။

ထို့အပြင် အဘွားကြီးကျောက်မှာ ထူးဆန်းသော စိတ်ကျေနပ်မှုတစ်ရပ်ကိုလည်း ခံစားလိုက်ရသည်။

ကြည့်စမ်း... ဘယ်သူ့အိမ်က ချွေးမဖြစ်ဖြစ် အတူတူပဲ.. မျက်နှာနှစ်ဖက်နဲ့ကောင်မတွေ!

အပြင်ပန်း၌ ရိုးအယောင်ဆောင်ထားသော်လည်း အတွင်း၌မူ ဒေါသဟုန်များကို မြိုသိပ်ထားကြသည်သာ။ အခွင့်အရေး ရသည်နှင့် တပြိုင်နက် သရုပ်မှန်များမှာ ပေါ်ထွက်လာကြကုန်၏။

အခြားအိမ်များတွင်လည်း ဤသို့သော ကိစ္စရပ်များ ရှိနေသဖြင့် မိမိ၏ ချွေးမဖြစ်သူ မျက်နှာနှစ်မျိုး ပုံစံပြနေသည်မှာ အဆန်းမဟုတ်တော့ဟု သူမ တွေးတောမိကာ စိတ်ထဲ၌ မျှတသွားလေသည်။

သူမ ချန်ချင်းယွီကို ကြည့်သော အကြည့်တို့မှာပင် အနည်းငယ် နူးညံ့သွား၏။ ချန်ချင်းယွီ ထိုအကြည့်ကို မြင်လိုက်ရသောအခါ

အဘွားကြီး! ရှင့်ရဲ့ အကြည့်ကြီးက ရွံစရာကောင်းလိုက်တာ!!

အဘွားကြီးကျောက်မှာမူ စိတ်ရင်းဖြင့်ပင် မြွက်ဟလိုက်၏။

“ချင်းယွီရယ်... နင်က လူကောင်းလေးပါ၊ အမေ သိပါတယ်!”

ချန်ချင်းယွီ: “......”

ဟဟ!!

၄၀။ မိတ်ဆက်ခြင်း

"ဒီသေချင်းဆိုးမလေးကတော့! လူမဆန်လိုက်လေခြင်း! အို... ဘုရားရေ... ကျွန်မကံကြမ္မာက ဘာလို့ ဒီလောက်တောင် ခါးသီးရတာလဲ!"

စူးစူးဝါးဝါး အော်ဟစ်လိုက်သံကြီးကြောင့် ချန်ချင်းယွီတို့ တစ်အိမ်သားလုံး လူကြီးကလေးမကျန် လျှပ်စီးလက်သည့်အလား အမြန်နှုန်းဖြင့် ပြတင်းပေါက်နားသို့ ပြေးကပ်လိုက်ကြလေသည်။

“သွားပြီ သွားပြီ!! သူတို့အိမ်တော့ တစ်ခုခုဖြစ်သွားပြီ”

အဘွားကြီးကျောက်မှာ ပါးစပ်မှ တတွတ်တွတ်ရေရွတ်နေ၏။ ချန်ချင်းယွီသည်လည်း သဘောတူစွာဖြင့် ခေါင်းတညိမ့်ညိမ့် ထောက်ခံလိုက်သည်။

အပြင်ဘက်၌ မှောင်နေပြီဖြစ်သော်လည်း အသံကြားသည်နှင့် အိမ်တိုင်းအိမ်တိုင်းမှ လူများချက်ချင်းပြေးထွက်လာကြ၏။ အဘွားကြီးဟွမ်မှာ ခြေလှမ်းပင် မမှန်နိုင်တော့ဘဲ ယိမ်းထိုးလျက် အော်ဟစ်ငိုယိုနေသည်။

"တကယ့်ကို အကျင့်မကောင်းတဲ့ဟာမ၊ မကောင်းမှုတွေက မီးခိုးထွက်မတတ်ပဲ! ကျွန်မတို့လို ရိုးသားတဲ့အိမ်ထောင်စုက ဘာလို့ ဒီလိုမိန်းမမျိုးနဲ့ လာတိုးရတာလဲ! ဒီလောက် ရက်စက်တဲ့မိန်းမက လင်ကိုပစ် သားကိုထားပြီး ထွက်ပြေးသွားတယ်၊ သူက လူမဟုတ်ဘူး!"

ရှီကျန့်ရှန်းမှာ ဦးဆုံးလွှားခနဲ ပြေးထွက်လာကာ အလောတကြီး မေးမြန်းလိုက်၏။

"ဘာဖြစ်တာလဲ? ညည်းချွေးမက တကယ်ပဲ တခြားလူနောက် ပါသွားတာလား? ရုံးကကော ဘာပြောလဲ? ပြောင်းရွှေ့သွားတာလား?"

အပြင်ဘက်သို့ ထွက်ကြည့်ကြသူများမှာ အလွန်များပြားနေပြီး အဘွားကြီးကျောက်သည်လည်း ခုတင်ပေါ်မှ လေဟုန်စီးခုန်ဆင်း၍ အပြင်ဘက်သို့ ဝှီးခနဲမြည်အောင် ပြေးထွက်သွားကာ ယင်ကောင်တစ်ကောင်ထက်ပင် မြန်ဆန်နေသည်။ အပြင်ဘက်တွင် လူများပြည့်နှက်နေပြီး ပွဲတော်ကြီးအလား ဖြစ်နေကာ ယခင် အပြင်ထွက်မကြည့်တတ်သူများပင် အပြင်ထွက်လာကြ၏။

ဒါမျိုးက သတင်းထူး သတင်းဦးလေ ရှားရှားပါးပါးပဲ!! လက်လွတ်ခံလို့ဖြစ်မလား?!

အဘွားကြီးဟွမ်မှာ ဆက်တိုက်အော်ဟစ်ကာ

"အဲ့ဒီမိန်းမပျက်က မိန်းမကျင့်ဝတ်ကို မစောင့်ဘူး၊ လူလိုမသိတတ်ဘူး! ကျွန်မတို့လို အေးအေးဆေးဆေး နေတဲ့အိမ်ကို သူကတော့ ဒုက္ခပေးပြီး သေအောင်လုပ်နေတာပဲ!"

"အမေ၊ တော်ပါတော့!"

သူမ အော်ဟစ်ဆဲဆိုနေသည်မှာ ကျယ်လောင်လွန်း၍ လူအများမှာ ကျန်းရှင်းဖှ ပြန်ရောက်လာသည်ကိုပင် သတိမထားမိကြပေ။ ကျန်းရှင်းဖှ မျက်နှာကြီးမှာ မဲမှောင်နေပြီး မျက်လုံးများမှာလည်း ဒေါသအခိုးအငွေ့များ ပြည့်နှက်နေ၍ လူတစ်ယောက်ကို ဓားဖြင့် ခုတ်ထစ်တော့မည့်အလား မှိုင်းညို့နေလေသည်။

အဘွားကြီးဟွမ် : "ငါ့သားလေးရယ်၊ နင့်ကံက ဘာလို့ ဒီလောက်ခါးသီးရတာလဲ! အရင်ကတည်းက ဒီမိန်းမ မကောင်းပါဘူးလို့ ငါပြောသားပဲ၊ သူကြည့်ရတာ အကျင့်စာရိတ္တ မကောင်းဘူးလို့ ငါပြောတာကို နင်က ငါ့စကားကို နားမထောင်ဘဲ သူနဲ့ပဲ တွဲချင်နေတာ။ အခုတော့ သူက ဘာကောင်လဲဆိုတာ သိပြီမလား? သူ နင့်ကို ဖောက်ပြန်သွားပြီ!"

အဘွားကြီးဟွမ် အော်ဟစ်လေ၊ ကျန်းရှင်းဖှ ပို၍ ဒေါသထွက်လေပင်။

ဤသို့သောအမှုအား မည်သို့သော ယောကျာ်းမျိုးက သည်းခံနိုင်မည်နည်း။ သူ စကားတစ်လုံးမှ မဟသော်ငြား မိခင်ဖြစ်သူမှာ တတွတ်တွတ် အော်ဟစ်နေလေရာ ပိုအရှက်ကွဲသဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။

"ပါးစပ်ပိတ်ထားလို့ ပြောနေတာ မကြားဘူးလား!"

အော်ဟစ်ပြီးသည်နှင့် သူသည် တဟွတ်ဟွတ် ဆက်တိုက်ချောင်းဆိုးနေ၍ အဘိုးကြီးကျန်းမှာ သားဖြစ်သူကို ဖေးမရင်း

"ကဲကဲ၊ စိတ်မဆိုးနဲ့တော့။ ရှင်းဖှ အမေ၊ မင်းကလည်း ဘာလုပ်နေတာလဲ? တစ်မြို့လုံးကို သိစေချင်လို့လား? အရှက်မရှိဘူးလား? မြန်မြန် လာဦး၊ သားကို အိမ်ထဲမှာ နားဖို့ လာတွဲပေး!"

အဘိုးကြီးကျန်းသည်လည်း အဘွားကြီးဟွမ်၏ ဒုံးဝေးမှုကို အတော်ဒေါသထွက်နေသည်။ ဤမိန်းမသည် အလိုက်ကန်းဆိုးမသိ၊ အရိပ်သုံးပါး နားမလည်လှကာ အင်မတန်ထူဖျင်းလှ၏။ မိမိကိုယ်ကို အရှက်ခွဲဖို့ရန်သာ သိလေသည်။

“မြန်မြန်လာ!”

အဘိုးကြီးကျန်း ဟောက်လိုက်ရာ

"အေးအေး၊ လာပြီ လာပြီ။"

အဘွားကြီးဟွမ် သားဖြစ်သူကို အမြန်လာတွဲ၍ သားဖြစ်သူ၏ ဖြူဖျော့နေသော မျက်နှာကိုကြည့်ပြီး သူမ ငိုပြန်၏။

"ငါ့သားလေးရယ်၊ နင်က ဘာလို့ ဒီလောက် ကံဆိုးရတာလဲ။ အရိုက်ခံရတာတင် အားမရသေးဘူး၊ မိန်းမကပါ တစ်ယောက်နောက် ပါသွားသေးတယ်..."

"ပါးစပ်ပိတ်စမ်း!"

ကျန်းမိသားစု သားအဖ၏ ဟိန်းဟောက်သံသည် အတွဲညီညီထွက်ပေါ်လာပြီး ဒေါသထွက်လွန်း၍ တဆတ်ဆတ်တုန်နေကြသည်။

မထွက်ဘဲ နေနိုင်ရိုးလား!!

သောက်သုံးမကျတဲ့ဟာမ!!

ပြောလေကဲလေ မန်းလေပြဲလေနဲ့ တတွတ်တွတ်လုပ်နေတာ!!

ဒေါသထွက်လိုက်တာ!!

အဘွားကြီးဟွမ် ရှိုက်ငိုရင်း နောက်ဆုံး မပြောရဲတော့ပေ။ သို့သော် လူတိုင်း ဝိုင်းမေးကြပြီး မာကျန့်ယီပင် ချွင်းချက်မရှိ မေးမြန်းနေသည်။

ဒီလိုကိစ္စမျိုး တစ်ခါမှ မမြင်ဖူးခဲ့ မကြာဖူးဘူးလေ…

ယနေ့ခေတ်မှာ ကွာရှင်းသည့်ဖြစ်ရပ်ပင် အလွန်ရှားလှသည်ဖြစ်ရာ သူတို့အိမ်လိုမျိုး ဖြစ်ရပ်မှာ ပို၍ ထူးဆန်းနေ၏။

မာကျန့်ယီ ; "အဘိုးကြီးကျန်း၊ ဒါက ဘယ်လိုဖြစ်တာလဲ? ရှင်းဖှမိန်းမက အိမ်ကနေ ပြောင်းသွားတာလား? ဘာတွေ ဖြစ်ကုန်တာလဲ?"

ရွှီကောင်းမင် ; "ဟုတ်ပါ့ကွာ ပြောပြပါဦး။ နောက်မှ သူပြန်လာရင် ငါတို့ ဘယ်လိုလုပ်ရမလဲ? သူ့ကို အိမ်ထဲ ပေးဝင်ရမှာလား?"

"ဟုတ်တယ်လေ၊ ပြောပြသင့်တယ်လေ။"

လူအများ တစီစီနှင့် ဝိုင်းမေးနေကြစဉ် ကျန်းရှင်းဖှခမျာ လဲကျတော့မည့်အလား ယိမ်းထိုးနေရှာသည်။

အဘိုးကြီးကျန်း; "မိန်းမ၊ မင်း ရှင်းဖှကို အိမ်ထဲတွဲခေါ်သွား၊ ငါ လူတွေကို ရှင်းပြလိုက်မယ်"

အဘွားကြီးဟွမ်; "ကျွန်မ ပြောမယ်၊ ကျွန်မ..."

"အိမ်ထဲ ဝင်စမ်း!"

အဘိုးကြီးကျန်း ငေါက်လိုက်သဖြင့် အဘွားကြီးဟွမ်က နှုတ်ခမ်းဆူပြီး တတွတ်တွတ် ရေရွတ်ရင်း သားဖြစ်သူကို တွဲခေါ်သွားရ၏။ လူများမှာ လမ်းဖယ်ပေးလိုက်ကြပြီး ကျန်းရှင်းဖှတစ်ယောက်ကား လူအများ၏ အာရုံစိုက်မှုကို ခံနေရသည်။ လူတိုင်းသည် အိမ်ထောင်ရေး ဖောက်ပြန်ခံရသည့် လူတစ်

ယောက်မှာ မည်သို့ပုံစံမျိုးရှိသည်ကို စူးစမ်းကြည့်နေကြ၏။

ဟင်း!

ကျန်းရှင်းဖှသည် ပုံမှန်ဆိုလျှင် တခြားသူများ၏ ငယ်ငယ်ရွယ်ရွယ် ဇနီးလေးများကို မျက်စိကစားတတ်ပြီး နှုတ်မှလည်း သရမ်းတတ်သူတည်း။ ချန်ချင်းယွီတွင် အပေါက်ဆိုးလှသော ယောက္ခမရှိနေပြီး ထိုအဘွားကြီးမှာ ခွေးရူးတစ်ကောင်အလား လူတကာကို ကိုက်တတ်သူပင်၊ ထို့ကြောင့် အမှန်ဆိုရလျှင် ကျန်းရှင်းဖှတစ်ယောက် ချန်ချင်းယွီအား လွန်လွန်ကျွံကျွံ မပြောဝံ့၊ မလုပ်ဝံ့ပေ။

သို့သော် နောက်ဖေးအိမ်ယာရှိ အိမ်ခန်းများသို့ အိမ်ထောင်ကျပြီး ပြောင်းရွှေ့လာသော လူငယ်လေးများ၏ ဇနီးငယ်လေးအချို့ထဲမှ အနေအေးသူဆိုလျှင် ကျန်းရှင်းဖှမှာ စနောက်ပြောင်ပျက် ပါးစပ်သရမ်းခြင်း လုပ်တတ်သည်။ သူက အမြဲတမ်း လူဘော်ကြော့ ပုံစံမျိုးဖြင့် သရုပ်ပျက်နေတတ်၏။

ယခုဆိုလျှင် သူခမျာ တခြားသူများနှင့် ကလူဖောက်ပြန်ရန် ကြိုးစားနေသော်လည်း တခြားသူကို ဦးထုပ်စိမ်းမဆောင်းပေးနိုင်ခင် (မဖောက်ပြန်နိုင်ခင်မှာပင်) ကိုယ့်ဇနီးသည်မှာ အရင် ဖောက်ပြန်သွားခြင်းကို ခံလိုက်ရ၏။

ကျန်းရှင်းဖှမှာ ဒေါသကြောင့် နားထင်သွေးကြောများ တဖြတ်ဖြတ်တုန်ပြီး ဦးနှောက်သည်လည်း သွေးတိုးသည့်နှယ် ခံစားနေရကာ စကားတစ်ခွန်းမှပင် မဟနိုင်တော့ပေ။ သူ့ကို တွဲထားသည့် အဘွားကြီးဟွမ်မှာ တတွတ်တွတ် ပြောဆိုနေ၏။

“အရင်ကတည်းက ကွာရှင်းလိုက်တာ အတော်ပဲ။ ဒီလို ဖောက်ပြန်တဲ့မိန်းမမျိုး ကောင်းတဲ့အဆုံးသတ် မရှိပါဘူး။ ကြည့်နေလိုက်၊ ဒီဖန်ကျင်းလျန် တစ်ယောက် မကြာခင် ဒုက္ခရောက်တော့မှာ"

ကျန်းရှင်းဖှ နှုတ်ခမ်းကို တင်းတင်းစေ့ထားရုံသာ တတ်နိုင်ရှာသည်။

အဘွားကြီးဟွမ်တစ်ယောက် ဆက်၍

“အမေ သားအတွက် ချက်ချင်းပဲ တခြားတစ်ယောက် ရှာပေးမယ်၊ တကယ့်မိန်းမကောင်းလေးရှာပေးမယ်။ နင့်မိန်းမက လူကောင်းပုံမပေါ်ဘူးဆိုတော့ အမေတို့က ပိုကောင်းတဲ့သူ ရှာပေးရမှာပေါ့။ ငယ်ငယ်ရွယ်ရွယ်လေး ရှာပေးမယ်၊ အလုပ်အကိုင်ရှိတဲ့သူကို အမေ လူသွားမေးပေးမယ်။ နင့်အရည်အချင်းနဲ့ဆိုရင် အပျိုစင်တောင် ရှာလို့ရသေးတယ်"

ကျန်းရှင်းဖှ ဘာမှမပြောဘဲ တိတ်ဆိတ်နေဆဲပင်။

အဘွားကြီးဟွမ် သားဖြစ်သူကို အိမ်ထဲသို့ အမြန်တွဲခေါ်သွားလိုက်သည်။

လူတိုင်းသည်လည်း ကျန်းရှင်းဖှ ရှေ့၌ အားနာသဖြင့် ဆက်ပြီး မမေးမြန်းကြတော့ပေ။ ဤအချိန်တွင် ရင်အကျိုးရဆုံးသူမှာ ကျန်းရှင်းဖှ၏ မိခင် အဘွားကြီးဟွမ်ပင် ဖြစ်ပေလိမ့်မည်။ အခြားသူများမှာ အခြေအနေကို ကြည့်ပြီး ထိန်းထိန်းသိမ်းသိမ်း ရှိကြသည်။

အဘိုးကြီးကျန်းခမျာ သူ့မိန်းမမှာ အခြေအနေမသိတတ်လေခြင်းဟု သက်ပြင်းချရင်း

ဒီဟာမကြီးကို ကွာရှင်းလိုက်တာ မှန်တာပေါ့!

"အဘိုးကြီးကျန်း၊ သူတို့ အလုပ်ခွင်အထိ သွားခဲ့တယ်မဟုတ်လား? သူတို့က ဘာပြောလဲ?"

အဘိုးကြီးကျန်း တံတွေးတစ်

ချက်ထွေးပြီး

“အဲဒီဖန်ကျင်းလျန်က ဖောက်ပြန်တဲ့မိန်းမပဲ။ သူက ရပ်ကွက်ခွင့်ပြုစာ ရထားပြီးသား၊ နောက်အိမ်ထောင်ပြုတော့မှာတဲ့"

"ဘာ!"

လူတိုင်း အံ့အားသင့်သွားကြ၏။

ကျန်းရှင်းဖှ ဇနီးက တကယ်ပဲ နောက်အိမ်ထောင်ပြုတော့မှာတဲ့…

အဘိုးကြီးကျန်း ဒေါသထွက်

ထွက်ဖြင့်

“ဒီတစ်ခေါက် ကျုပ်တို့ သူ့ကို မတွေ့ခဲ့ရဘူး။ သူက အိမ်ရာဝင်းထဲကနေ ရထားဘူတာကို တန်းသွားတာ။ ဒါပေမဲ့ သူတို့ အလုပ်ခွင်မှာ သွားစုံစမ်းတော့မှ သိရတာ။ သူက ကျိလင်ပြည်နယ်ကို တကယ်ပဲ အလုပ်ပြောင်းသွားတာ၊ အဲဒီမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ လက်ထပ်လိုက်ပြီလို့ ပြောတယ်"

တကယ်တမ်း၌ သူတို့ တိတ်တိတ်နေလျှင်လည်း ရသော်ငြား အဘိုးကြီးကျန်းမှာ သူတို့ ဘာမှမပြောလျှင် လလူအများ ပိုပြီး ကောလာဟလဖြန့်ကြမည်ကို စိုးရိမ်သဖြင့် ပြောပြလိုက်ခြင်းဖြစ်သည်။ ထို့ပြင် လူတိုင်းသည်လည်း

အတင်းပြောရသည်ကို ကျင့်သားရနေကြပြီဖြစ်ရာ ပြောပြလိုက်ခြင်းမှာ ဘာမှမဖြစ်ဟု သူထင်မြင်မိ၏။

ချန်ချင်းယွီ သက်ပြင်းချရင်း ပြတင်းပေါက်ကို မှီပြီး နားစွင့်နေမိကာ

“ဒီခေတ်မှာ တကယ်ပဲ လျှို့ဝှက်ချက်ဆိုတာ မရှိတော့ဘူး။ အိမ်နီးနားချင်း ဆက်ဆံရေးတွေက အတိုင်းအဆမရှိဘူး၊ အားလုံးက ပျံ့နှံ့နေတာပဲ"

အဘိုးကြီးကျန်း ; "ကျုပ်တို့က သဘောထားကြီးတဲ့ မိသားစုပါ။ သူက ကွာရှင်းထားတာဆိုတော့ တခြားလူရှာတာကို ကျုပ်တို့ ဘာမှမပြောပါဘူး။ ရှာရင်လည်း ရတာပေါ့၊ ဒါပေမဲ့ သူက ဘာလုပ်လဲ? အိမ်ကို လာပြီး အကုန်မွှေနှောက်သွားတယ်၊ ပစ္စည်းတွေ ရိုက်ခွဲတယ်၊ ပြီးတော့ ပစ္စည်းအများကြီး ယူသွားတယ်။ ဒါကတော့ အလွန်အကျွံ ဖြစ်သွားပြီ"

ဤအကြောင်းနှင့်ပတ်သက်၍ ရှီကျန့်ရှန်းမှာ တကယ်ပင် အပြစ်မကင်းသလို ခံစားနေရသည်။ မျက်ကွင်းညိုညိုကြီးနှစ်ဖက်နှင့် ဖြစ်နေသော်လည်း ထိုကိစ္စမှာ သူမ အိမ်တံခါးဝအထိ ရောက်သွားမှသာ ရန်ပွဲ စတင်ခဲ့ခြင်းဖြစ်၏။ သူမနှင့် ရန်မဖြစ်ခဲ့လျှင်မူ ထိုမိန်းမသည် အိမ်ထဲ၌ ပစ္စည်းများ မွှေနှောက်ရုံသာ ရှိပေဦးမည်။

မွှေနှောက်ရုံသက်သက်သာ!!

သူမကြောင့် ရန်ပွဲဖြစ်ခဲ့ရခြင်းဖြစ်၍ ယခုအချိန်တွင် သူမကိုယ်တိုင် ထိခိုက်သူ ဖြစ်နေ

သော်လည်း ရှီကျန့်ရှန်းမှာ အရမ်းကာရော မပြောရဲချေ။ အဓိကမှာ ထိုမိသားစုတစ်ခုလုံး ခံစားနေရသည့် စိတ်ဒဏ်ရာမှာ အလွန်ကြီးမားနေ၍ သွားမဆွရဲပေ။

"ဒါဆို သူတို့မိဘအိမ်ကိုကော သွားမကြည့်ကြဘူးလား?"

ရှီကျန့်ရှန်း အလျင်အမြန် မေးလိုက်ပြီး ကျန်သည့်လူများမှာလည်း ခေါင်းညိတ်ထောက်ခံကြသည်။

အဘိုးကြီးကျန်း ; "သွားတာပေါ့၊ မသွားဘဲ နေမလား? ကျုပ်တို့ ရောက်သွားတော့ သူက သူ့မိဘအိမ်မှာလည်း ပြဿနာအကြီးအကျယ် ရှာသွားခဲ့တာ။ ဒါကတော့ တကယ့်ကို မိဘကျေးဇူး မသိတတ်တဲ့သူပဲ၊ သူ့မိဘတွေကိုလည်း လူမဆန်ဘူး၊ သားကိုပဲ မျက်နှာသာပေးတယ်ဆိုပြီး ဆဲဆိုခဲ့သေးတယ်။ မိဘအိမ်ကိုလည်း ရိုက်ခွဲသွားတာ ကျုပ်တို့အိမ်ထက်တောင် ဆိုးသေးတယ်။ ကျုပ်တို့ ရောက်သွားချိန်မှာ သူတို့အိမ်က လူတွေက သိမ်းဆည်းနေတုန်းပဲရှိသေးတယ်။ ဒီဖန်ကျင်းလျန်က ဘယ်လိုတောင် ဒီလိုလုပ်ရတာလဲ! မိဘဆိုတာ ဘယ်တော့မှ မမှားဘူး၊ သူကတော့ တကယ့်ကို တစ်ကိုယ်ကောင်းဆန်လွန်းတယ်၊ အဆုံးစွန်ထိ တစ်ကိုယ်ကောင်းဆန်တာပဲ"

လူတိုင်း ထိုစကားကို ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။

မိဘကို ဘယ်လိုများ ဆဲဆိုရဲတာလဲ?

ကျွေးမွေးပြုစုလာတာက မှားလို့လား?

အဘိုးကြီးကျန်း ဆက်လက်၍

"သူက နောက်အိမ်ထောင်ပြုပြီး တခြားမြို့ကို ပြောင်းသွားတာကို ကျုပ်တို့ မတားပါဘူး၊ ဒါပေမဲ့ သူက ဒီတိုင်းကြီး ထွက်သွားတယ်၊ သမီးလေးကိုတောင် ပစ်ထားခဲ့တယ်။ အထက်မှာ မိဘကိုလည်း မကြည့်၊ အောက်မှာ သားသမီးကိုလည်း မငဲ့ဘူး၊ ဒါက လူကော ဟုတ်သေးရဲ့လား?"

"ဟုတ်ပအေ ဟုတ်ပ”

အထူးသဖြင့် အမျိုးသမီးများမှာ ပိုပြီး သဘောမတူကြပေ။

"ကလေးကို ဘယ်လိုများ ပစ်ထားခဲ့နိုင်ရတာလဲ၊ တကယ့်ကို လင်ကိုပစ် သားသမီးကိုထား ထွက်ပြေးတာပဲ"

"သူနဲ့ ကျန်းရှင်းဖှ လမ်းခွဲတာကတော့ မထူးဆန်းပါဘူး၊ ဘာပဲဖြစ်ဖြစ် သူတို့က ကွာရှင်းထားတာကိုး၊ ဒါပေမဲ့ ကလေးကိုတော့ ဘယ်လိုလုပ် ပစ်သွားနိုင်တာလဲ?"

"ဒါကတော့ တကယ့်ကို ရက်စက်တဲ့မိန်းမပဲ၊ အမေဆိုတာ ဒီလို မဖြစ်သင့်ဘူး"

"သူက အရင်ကတည်းက ဒီလိုပဲလေ၊ သူ့သမီး ကျန်းမုန့်မုန့်ကို သူက ဂရုမစိုက်ဘူး။ အဘွားကြီးဟွမ်က လူကောင်းမဟုတ်ဘူးဆိုပေမဲ့ ကြည့်ဦးလေ၊ ကျန်းမုန့်မုန့်ကို အဘွားကြီးဟွမ်ပဲ ကြည့်ရှုစောင့်ရှောက်ပေးနေရတာ။ မဟုတ်ရင် ဆယ်ရက် တစ်လမှ တစ်ခါ ပြန်လာတဲ့ အဲဒီမိန်းမနဲ့ဆိုရင် ကလေးက အငတ်ဘေးဆိုက်နေတာ ကြာလှပြီ။ သူက တကယ့်ကို နှလုံးသားမရှိတဲ့သူ"

"ဟုတ်တယ်၊ ဟုတ်တယ်”

လူတိုင်း ဝိုင်းဝန်းပြောဆိုကြပြီး အလွန်ပင် သဘောမကျဖြစ်နေကြသည်။

"ဒါဆို အဲ့မိန်းမကို ဦးလေးတို့မိသားစုက နောင်ဆို အဆက်အသွယ် ဖြတ်လိုက်ပြီပေါ့?"

အဘိုးကြီးကျန်း; "သူက နောက်အိမ်ထောင်တောင် ပြုသွားပြီဆိုမှတော့ ကျုပ်တို့မိသားစုနဲ့ ဘာမှမဆိုင်တော့ဘူးပေါ့။ ဒါပေမဲ့ သူက ဒီတိုင်းပဲ ထွက်သွားပြီး သမီးကို လုံးဝ ပစ်ထားခဲ့တာဆိုတော့ နောင်တစ်ချိန်မှာ လာပြီး ကလေးကို ပြန်လုဖို့တော့ မစဉ်းစားနဲ့။ မုန့်မုန့်က ရှင်းဖှရဲ့ သွေးသားပဲ၊ ကျုပ်တို့ကတော့ ပစ်မထားနိုင်ဘူး။ ကျုပ်တို့က ပြုစုပျိုးထောင်ပေးမယ်၊ ဒါပေမဲ့ ကလေးကြီးလာလို့ အဆင်ပြေတဲ့အချိန်ကျမှ လာပြီး အသီးအပွင့် ခူးချင်တယ်ဆိုရင်တော့ ဘယ်တော့မှ မရစေရဘူး!"

သူတို့အိမ်တွင် အဘိုးကြီးကျန်းမှာ အကြံအဖန် အရှိဆုံးသူဖြစ်ပြီး ကျန်းရှင်းဖှနှင့် အဘွားကြီးဟွမ်တို့နှင့် နှိုင်းယှဉ်လျှင် အဘိုးကြီးကျန်းမှာ ဟန်ဆောင်ကောင်းသူဖြစ်သည်။ ယခုလည်း သူ့စကားများမှာ အတော်လေး အချိုးကျလှပြီး အိမ်ထောင်ရေး ဖောက်ပြန်ခံရသည့်ကိစ္စကို သိမ်သိမ်မွေ့မွေ့ လွှဲဖယ်ကာ ချွေးမဟောင်း၏ မိဘမသိတတ်မှုနှင့် သားသမီးအပေါ် တာဝန်မကျေမှုတို့ကိုသာ အသားပေး ပြောဆိုသွားခဲ့၏။

"တကယ့်ကို မြေခွေးအိုကြီးပဲ"

ချန်ချင်းယွီ စိတ်ထဲမှ ကျိန်ဆဲမိလိုက်သည်။

ရှောင်ကျားမှာ ပြတင်းပေါက်မှာ မှီပြီး ခဏတာ ကြည့်နေပြီးနောက် ကလေးသဘာဝ တစ်ခုခုကို နားလည်သွားဟန်ဖြင့် ခေါင်းလေးစောင်းကာ

"မေမေ၊ အစ်မမုန့်မုန့်ရဲ့ မေမေက ထွက်ပြေးသွားတာလား?"

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

"ဟုတ်တယ်၊ သူ သွားပြီ"

ရှောင်ကျား "အာ..."

သူ့မျက်လုံးလေးများ ဝိုင်းစက်သွားပြီး ဆက်မေးပြန်၏။

"ဒါဆို... နောက်ဆို ပြန်မလာတော့ဘူးလား?"

ရှောင်ယွမ်လေးသည်လည်း သိချင်စိတ်ဖြင့် မိခင်ဖြစ်သူကို စိုက်ကြည့်နေသည်။

ချန်ချင်းယွီ : "အဲဒါတော့ မေမေလည်း မသိဘူးလေ၊ နောက်ဖြစ်မယ့်ကိစ္စ ဘယ်သူသိမှာလဲ။ ဒါပေမဲ့ မေမေကတော့ ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ ဘေးမှာ အမြဲရှိနေမှာပါ"

သူမ ကလေးနှစ်ယောက်လုံး၏ ပါးလေးများကို တစ်ဖက်စီ အသာဖျစ်ညှစ်လိုက်၏။

အင်း... အမြွှာဆိုတာ ဒီလိုပဲ၊ ရိုက်ရင်တောင် တစ်ယောက်တစ်ချက်စီ မျှအောင် ရိုက်ရသည်၊ မဟုတ်လျှင် ကလေးတွေက စိတ်ကောက်တတ်ကြမယ်…

အမြွှာဆိုတာ အရာရာ တန်းတူဖြစ်နေရမယ်…

ချန်ချင်းယွီ ပြုံးလိုက်ပြီး

"သားတို့က မေမေ့ကို စိတ်ပျက်သွားမှာလား?"

ရှောင်ကျား အမြန်ပြောလိုက်ကာ

“စိတ်မပျက်ပါဘူး၊ သားက မေမေ့ကို အချစ်ဆုံး"

"ရှောင်ယွမ်ကလည်း မေမေ့ကို အချစ်ဆုံးပဲ"

ကလေးများမှာ သူမ အနားသို့ ချက်ချင်း လာကပ်ကြ၍

ချန်ချင်းယွီ ချစ်စဖွယ် ကလေးလေးနှစ်ယောက်ကို ကြည့်ရင်း

"မေမေလည်း သားတို့ကို ချစ်တာပေါ့"

သူမ ကလေးနှစ်ယောက်လုံးကို တစ်ဖက်တစ်ချက်စီ ဖက်ထားရင်း အပြင်ဘက်မှ ပွဲကို ဆက်ကြည့်နေသည်။

အချိန်မှာ ညစာစားပြီးချိန် ဖြစ်သော်လည်း ရာသီဥတုသည် သိပ်မနွေးသေးပေ။ ပုံမှန်ဆိုလျှင် လူတိုင်း အိမ်ထဲ၌ နားနေကြချိန်ဖြစ်သော်လည်း ယနေ့မူ လူတိုင်း အပြင်ထွက်ကာ စုဝေးပြီး အတင်းပြောနေကြပြီး တစ်ယောက်မှ မကျန်ကြချေ။

သိသလိုတတ်သလိုဖြင့် သံယောင်လိုက်ပြောနေသူများလည်း အများကြီးပင်။

အစ်မကြီးဖန် ; "ကြည့်ပါဦး၊ သူကြည့်ရတာ အကျင့်မကောင်းဘူးလို့ ငါပြောသားပဲ။ အဲဒီတုန်းက လူတွေက ငါ့ကို ချောတဲ့မိန်းမငယ်လေးကို မနာလိုဖြစ်နေတာလို့ ပြောကြသေးတယ်။ အခုတော့ ကြည့်စမ်း၊ ဘာဖြစ်ကုန်ပြီလဲ။ သူက တကယ်ပဲ ကျန်းရှင်းဖှကို ဖောက်ပြန်သွားတာ။ ခေတ်သစ် ဖန်ကျင်းလျန် (အိမ်ထောင်ရေးဖောက်ပြန်သည့် မိန်းမဆိုး) ဆိုတာ သူပဲပေါ့"

"ငါလည်း သူက လူကောင်းမဟုတ်ဘူးလို့ ထင်သားပဲ၊ ငါတို့ အိမ်ရာဝင်းရဲ့ သိက္ခာကိုပါ အရှက်ခွဲတာ။ ဒီလိုလူမျိုး ဘယ်လိုရှိနေရတာလဲ..."

"အဲဒီလိုလည်း မပြောပါနဲ့၊ သူက ကွာရှင်းထားတာပဲ၊ နောက်တစ်ယောက် ရှာလို့ရတာပဲလေ..."

"အဲဒါက ဒီလိုမဟုတ်ဘူးလေ၊ သူက ကျန်းရှင်းဖှနဲ့ အတူအိပ်နေတုန်း ရှိသေးတာကိုး..."

...

လူကြီးများ ပေါက်ကရ ပြောတော့မည့်အခြေအနေကို ချန်ချင်းယွီ မြင်သည်နှင့် ပြတင်းပေါက်ကို ချက်ချင်းပိတ်လိုက်ပြီး

"ကဲ... ဒီလူကြီးကိစ္စတွေကို ကလေးတွေ နားမထောင်ရဘူးနော်"

"ဟုတ်ကဲ့ပါ~"

ကလေးများကို နားမထောင်ခိုင်းသော်လည်း သူမကိုယ်တိုင်ကမူ ဖိနပ်စီးရင်း

"မေမေ အပြင်ခဏထွက်ကြည့်ဦးမယ်"

ရှောင်ကျားလေးမှာ ထူးဆန်းသောမျက်နှာပေးလေးဖြင့် ပါးဖောင်းဖောင်းလေးကို လေမှုတ်သွင်းကာ နှုတ်ခမ်းလေးလှုပ်ရုံမျှ တစ်ခုခုပြောချင်သော်လည်း ပြန်အောင့်ထားသည့်ပုံစံလေး လုပ်နေသည်။ ချန်ချင်းယွီက ရယ်မောရင်း

"ဘာလဲ? မကျေနပ်လို့လား? မေမေက လူကြီးမို့လို့ နားထောင်လို့ရတယ်၊ သားတို့က ကလေးတွေဆိုတော့ ဒီလိုကိစ္စတွေ မကြားတာ ပိုကောင်းတယ်"

ရှောင်ကျား "သိပါပြီဗျာ"

သူသည် ညီမဖြစ်သူ၏ လက်

ကလေးကို တို့လိုက်ရာ ရှောင်ယွမ်လေးမှာလည်း

"သိတယ် သိတယ်"

ကလေးနှစ်ယောက်လုံး နူးညံ့သိမ်မွေ့လွန်းလှသဖြင့် ချန်ချင်းယွီ စိတ်ထဲက ထပ်မံချီးကျူးမိပြန်၏။

'ငါ့ကလေးတွေက ကမ္ဘာပေါ်မှာ အချစ်စရာအကောင်းဆုံးပဲ'။

ကြည့်စမ်း၊ ဘယ်လောက်တောင် လိမ္မာသလဲ!

ချန်ချင်းယွီ ဖိနပ်ပါးလေးကို စီးပြီး အပြင်ထွက်လာချိန်တွင် လူများမှာ အားတက်သရော ဆွေးနွေးနေကြဆဲပင်။ ထိုမိန်းမသည် ကွာရှင်းပြီးမှ နောက်အိမ်ထောင်ပြုကာ ထွက်ခွာသွားခြင်းဖြစ်သော်လည်း လူတိုင်းမှာ ကျန်းရှင်းဖှ၏ ဇနီးဟောင်းကို 'လင်ကိုပစ် သားသမီးကိုထား ထွက်ပြေးသူ' ဟုသာ သတ်မှတ်ထားကြသည်။

အသက်ကြီးပိုင်း အချို့ဆိုလျှင်အပြင်းအထန် ကန့်ကွက်ရှုတ်ချနေကြပြီး အဘွားကြီးကျောက်သည်လည်း ထိုလူအုပ်ထဲတွင် ရောက်

နေ၏။ သို့သော် သူမသည်ကား နောက်အိမ်ထောင်ပြုသွားသည့် ချွေးမငယ်ကိုပဲ အာရုံစိုက်ပြီး နှိပ်ကွပ်နေသည်မဟုတ်ဘဲ တစ်မိသားစုလုံးကိုပါ နင်းခြေပြောဆိုနေခြင်းဖြစ်သည်။

"အဘွားကြီးဟွမ်က တစ်နေ့တစ်နေ့ ချွေးမကိုပဲ နှိပ်ကွပ်ဖို့ ကြံနေတာ၊ အခုတော့ မြင်ပြီမလား? ချီးတောင် မနှိပ်ကွပ်နိုင်ပါဘူး၊ အဲဒီချွေးမကလည်း အေးဆေးတဲ့သူ မဟုတ်ဘူး။ သူတို့ကြားထဲမှာကတော့ အရှုပ်ထုပ်တွေကြီးပဲ။ ဘယ်သူမှ လူကောင်းမဟုတ်ဘူး။ ဟင်း... တစ်နေကုန် လှည့်စားနေတဲ့သူတွေ အခုတော့ ကိုယ့်မျက်လုံးကိုယ် ပြန်အထိုးခံရပြီပေါ့! တခြားလူတွေကိုကျ ဟိုဟာဖြစ်တယ် ဒါဖြစ်တယ်နဲ့ လိုက်ကဲ့ရဲ့နေပြီးတော့။ အခုတော့ ကြည့်စမ်း၊ ဘယ်သူက ပိုရယ်စရာကောင်းလဲ၊ ဘယ်သူ့အိမ်က တကယ်ပဲ ဖောက်ပြန်ခံရတာလဲဆိုတာ။ ဟားဟားဟား၊ ရယ်လိုက်ရတာ!"

သူမမှာ ဘယ်သူ့ကိုမှ သနားမနေဘဲ အသံကျယ်ကျယ်ဖြင့် လှောင်ပြောင်နေလေသည်။

အဘိုးကြီးကျန်း၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး

"အဘွားကြီးကျောက် အားလုံးက အိမ်ရာဝင်းတစ်ခုတည်းသားတွေပဲ၊ ဒီလောက်အထိ ရိုင်းရိုင်းစိုင်းစိုင်း လုပ်ဖို့လိုသလား"

အဘွားကြီးကျောက် သူ့ကို မျက်စောင်းထိုးကြည့်ပြီး

"ဟယ်... ဟယ်... ဟယ်! ဘာလဲ? ရှင်က ကျမရဲ့ အာရုံစိုက်မှုကို တမင်တကာ ထပ်ယူချင်နေတာလား?"

အဘိုးကြီးကျန်းမှာ သွေးအန်မတတ် ဖြစ်သွားရ၏။

ဒီလောက်အထိ ရွံစရာကောင်းရသလား!

"မဟုတ်ဘူး၊ ကျုပ်အဲဒီလို မရည်ရွယ်ဘူး၊ လျှောက်မပြောနဲ့!"

ကျုပ် ခင်များကို မျက်စိထဲတောင် မထည့်ဘူး!

ခင်များလူစကား နားမလည်ဘူးလား?

အဘိုးကြီးကျန်းမှာ ဒေါသထွက်လွန်းသော်လည်း သူဘာပြောပြော အဘွားကြီးကျောက်ကို ခိုးချစ်နေသည်ဆိုသော သံသယအရိပ်အယောင်ကြီး ရှိနေဆဲဖြစ်သဖြင့် ပို၍ စိတ်တိုရသည်။

"ဟဲဟဲ၊ ရှင် ကျွန်မကို ဘယ်လောက်တောင် နက်နက်ရှိုင်းရှိုင်း ချစ်နေလဲဆိုတာ ကျွန်မ အကုန်ရိပ်မိပါတယ်"

အဘိုးကြီးကျန်း "......"

သူက အသက်ကို ပြင်းပြင်းရှူသွင်းရှူထုတ် လုပ်လိုက်ပြီး

“ခင်များ အိမ်မက်မက်နေတာပဲ၊ ကျုပ် သေရင်တောင် ခင်များကို မကြိုက်ဘူး!"

"ဟဲဟဲ၊ ရှင်းပြနေတာက ဖုံးကွယ်ချင်လို့ပဲလေ"

အဘိုးကြီးကျန်း ဒေါသပေါက်ကွဲတော့မည့်အခြေအနေ ဖြစ်နေပြီး အတော်ကြာအောင် စိတ်ကို ထိန်းလိုက်ရသည်။ ထို့နောက် အဘွားကြီးကျောက်ကို စူးစူးဝါးဝါး တစ်ချက်ကြည့်ကာ

“အားလုံး!! ကျုပ်သွားပြီ”

ဆက်ပြောလို့ မရတော့ပေ။ မယှဉ်နိုင်ရင် ရှောင်တာက ပိုကောင်းသည်မဟုတ်ပါလား?..

သူ့အိမ်၌ ပြဿနာများတသီတတန်းကြီး တက်မနေဘူးဆိုလျှင် ထိုအဘွားကြီးကို ယခုပင် လက်သီးဖြင့် ဆော်ထည့်လိုက်ပြီး သူ့အစွမ်းကို ပြလိုက်ချင်မိ၏။ အဘိုးကြီးကျန်းမှာ အလုပ်မဆင်းခင်ကတည်းက အပြင်ထွက်လာခဲ့ရခြင်းဖြစ်ပြီး ယခုထိ ညစာ မစားရသေးဘဲ ဒေါသများနှင့်သာ ဗိုက်ပြည့်နေရသည်။

ကျန်းရှင်းဖှသည် အစောပိုင်းကတည်းက ကွာရှင်းခဲ့သော်လည်း သူတို့မိသားစုအမြင်တွင် ချွေးမဖြစ်သူမှာ ကပ်တွယ်နေခြင်းဖြစ်သည်ဟု ထင်ခဲ့ကြ၏။

ဘာပဲဖြစ်ဖြစ် သူမတွင် ခိုကိုးရာမရှိဟု ယူဆထားကြရာ….

သို့သော် ယခုကဲ့သို့ ရုတ်တရက် အကြီးအကျယ် ပြဿနာတက်ပြီး လူသိရှင်ကြား ဖြစ်သွားသည်မှာ အလွန်ပင် အရှက်ရစရာ ကောင်းလှသည်။

အဘိုးကြီးကျန်းသည်လည်း သိက္ခာကို အလေးထားသူဖြစ်ရာ ….

ယောကျ်ားတစ်ယောက်အနေနှင့် ဘယ်သူက သိက္ခာမရှိချင်ဘဲ နေပါ့မလဲ?

သူ့စိတ်အခြေအနေမှာ အလွန်ပင် ဆိုးရွားနေ၏။

ယခုအချိန်တွင် လူများနှင့် ဆက်ပြီး စကားမများချင်တော့သဖြင့် လက်နှစ်ဖက်ကို ပိုက်ကာ အနောက်ဘက်သို့ ပြန်လျှောက်သွားတော့သည်။

"သနားစရာပဲ၊ အဲဒီလိုကြီး ဖောက်ပြန်ခံလိုက်ရတာ"

"အရင်က ကျန်းရှင်းဖှ အမြဲတမ်း လူရှုပ်နေတာကို ကြည့်ပြီး သူ့မိန်းမခမျာ ခက်မှာပဲလို့ ငါတွေးဖူးတယ်။ ဘယ်သူက ထင်မှာလဲ၊ လုံးဝ မထင်မှတ်ထားဘူး၊ သူ တခြားလူကို ဖောက်ပြန်ဖို့ မလုပ်နိုင်ခင်မှာပဲ သူ့ကို အရင် ဖောက်ပြန်သွားတယ်"

"ရှောင်စန်းလေး၊ ကျန်းရှင်းဖှမိန်းမက မင်းက သူ့နောက်ကို တကောက်ကောက် လိုက်ဖူးတယ်လို့ ပြောတယ်၊ မင်းတို့ ကြိုက်ခဲ့ကြတာလား? အတည်လား?"

တစ်ယောက်ယောက်မှာ မသမာသောစိတ်ဖြင့် မေးလိုက်၍ ရှောင်စန်းမှာ ပျာပျာသလဲ ဖြစ်သွားပြီး အသံကျယ်ကျယ်ဖြင့် ငြင်းဆိုလိုက်ရ၏။

"မဟုတ်တာ၊ကျွန်တော်က ဘာလို့ သူ့ကို ကြိုက်ရမှာလဲ? ကျွန်တော်က လူပျိုပဲ၊ အတည်အကျ မိန်းမရှာမှာပေါ့"

ထိုစကားထွက်လာသည်နှင့် မာကျန့်ယီ ဇနီးမောင်နှံ၏ မျက်နှာများ ပျက်ယွင်းသွားသည်။

သူတို့အိမ်ရှိ တတိယသားမှာ မုဆိုးမတစ်ယောက်နောက် လိုက်နေပြီး အိမ်သို့ပင် မပြန်တော့ချေ။ သားကြီးနှင့် သမီးလတ်တို့မှာလည်း ပိုဆိုးလှသည်၊ တစ်ယောက်မှ စိတ်ချရသူ မရှိကြ။

မာကျန့်ယီ၏ မျက်နှာမှာ ညိုမှောင်သွားပြီး

"အချိန်လည်း မစောတော့ဘူး၊ ငါတို့လည်း ပြန်ကြစို့"

"ကောင်းပြီ!"

ပိုင်ဖုန်းရှန်းလည်း စိတ်ထဲ မသက်မသာ ဖြစ်သွားရ၏။ သူတို့အိမ်သည်လည်း အေးဆေးသည့်အိမ် မဟုတ်ပေ၊ အိမ်တိုင်းတွင် ကိုယ်စီ အခက်အခဲများ ရှိကြသည်သာ။

ချန်ချင်းယွီ တံခါးဝတွင် ရပ်ပြီး ပွဲကြည့်နေစဉ် တစ်စုံတစ်ယောက်မှာ သူမကို ကြည့်နေသည်ဟု ခံစားရသဖြင့် လှည့်ကြည့်လိုက်ရာ ယွမ်ဟောက်ဖုန်းနှင့် အကြည့်ချင်း ဆုံသွားသည်။ ယွမ်ဟောက်ဖုန်းမှာ ချန်ချင်းယွီကို ပြုံးပြလိုက်၏။ ချန်ချင်းယွီနှင့် ယွမ်ဟောက်ဖုန်းမှာ ယခင်ကတည်းက ပတ်သက်မှု သိပ်မရှိခဲ့ချေ။ အိမ်ရာဝင်းတစ်ခုတည်းသားဖြစ်၍ မြင်လျှင် နှုတ်ဆက်ကာ ခေါင်းညိတ်ပြရုံသာ ရှိခဲ့သည်။ ထိုထက်ပိုသော ဆက်ဆံရေး လုံးဝမရှိခဲ့ပေ။ ယခု ဤလူသည် အကြောင်းရင်းမရှိဘဲ ခင်မင်ပြနေသည်ကို သူမအနေဖြင့် တုံ့ပြန်မည်မဟုတ်ပေ။

သူမ အေးစက်စက်ဖြင့် အကြည့်လွှဲလိုက်ပြီး ဘာတုံ့ပြန်မှုမျှ မလုပ်ခဲ့ပေ။

ဟင်း!

ဒီလူတွေ ရင်ထဲမှာ ဘာပရိယာယ်တွေ ဖုံးကွယ်ထားလဲ ဘယ်သူသိမှာလဲ!!

ချန်ချင်းယွီသည် လူများအပေါ် အကောင်းမြင်စိတ် ရှိသူမဟုတ်ပေ။ ယခင်၌ ရိုးရိုးတမ်းတမ်း အိမ်နီးချင်းဖြစ်ကြသော်ငြား ယခုတွင် သူမအား မကြာခဏ ထပ်ခါတလဲလဲ ခိုးကြောင်ခိုးဝှက် ကြည့်နေသူကို လူကောင်းဟု သူမ သတ်မှတ်မည်မဟုတ်ချေ။ ချန်ချင်းယွီလှည့်ပြီး အိမ်ထဲတန်းဝင်လာခဲ့၏။

“မေမေ သား အိပ်ငိုက်လာပြီ!”

အချိန်မှာ မစောတော့ပြီဖြစ်ရာ ကလေးများ အိပ်ရာဝင်ရမည့်အချိန် ရောက်ရှိနေပြီဖြစ်ပြီး ခန္ဓာကိုယ်၏ ဇီဝဖြစ်စဉ်အရ ကလေးများမှာ ခေါင်းလေးများ ငိုက်ကျနေကြသည်။

“ဒါဆိုလည်း အိပ်ကြတော့လေ! အိပ်ရာကိုယ့်ဘာသာခင်းကြ”

သုံးနှစ်သာရှိသေးသော်လည်း ချန်ချင်းယွီမှာ အရာရာကို အကုန်လိုက်လုပ်ပေးလေ့မရှိပေ။ ကလေးနှစ်ယောက်စလုံးသည်လည်း ကိုယ့်ကိစ္စလေးအချို့ကို ကိုယ်တိုင်လုပ်နိုင်ကြ၏။ ကလေးလေးများသည် အိပ်ရာလိပ်ကို ဆွဲပြီး ခုတင်ခေါင်းရင်းမှာ ခင်းလိုက်ကြကာ ရှောင်ယွမ်လေးမှာ နှစ်ချက်သုံးချက်နှင့် အဝတ်အစားများကို ချွတ်လိုက်ပြီး စောင်ထဲ တိုးဝင်သွားသည်။ မောင်နှမနှစ်ယောက်တစ်ပုံစံတည်းတူသော စောင်လေးများနှင့် ဘေးချင်းယှဉ်အိပ်လိုက်ကြ၏။

“သွားတိုက်ပြီးပြီလား”

“….”

မျက်လုံးလေးများကလယ်ကလယ်နှင့် အပြစ်မကင်းသလို ကြည့်နေသဖြင့် ချန်ချင်းယွီ ရယ်မောရင်း ကလေးလေးများကို တို့လိုက်ကာ

"ဒီနေ့တော့ ထားလိုက်ပါတော့၊ မနက်ဖြန်ကျရင်တော့ သေချာတိုက်ရမယ်နော်၊ သိလား?"

“ဟုတ်ကဲ့!”

ကလေးနှစ်ယောက်မှာ သံပြိုင်ဖြေကြားကြသည်။

ချန်ချင်းယွီ လိုက်ကာကို ဆွဲပိတ်လိုက်သော်လည်း မအိပ်သေးဘဲ ရေနွေးနွေးလေးနှင့် ခြေထောက်

စိမ်နေ၏။ အပြင်ဘက်၌မူ လူ အများကြီးရှိနေသေးပြီး လူစုခွဲချင်သည့်စိတ် လုံးဝမရှိကြသေးပေ။ အဘွားကြီးကျောက်ကဲ့သို့ လူစားမျိုးမှာလည်း ရေတွင်ပျော်နေသော ငါးသဖွယ် အတင်းအဖျင်း အုပ်စုကြီးတွင် ကူးလူးယှက်သန်းနေလေသည်။

"ရှောင်ချန်၊ ချန်ချင်းယွီ... အိပ်ပြီလား?"

ချန်ချင်းယွီ : "မအိပ်သေးဘူး၊ ဝင်လာခဲ့လေ"

ဝင်လာသူမှာ ဝမ်မေ့လန်ဖြစ်နေ၏။

ချန်ချင်းယွီ အနေဖြင့် ဝမ်မေ့လန်အပေါ်တွင် အကောင်းမြင်စိတ်ရှိလေသည်။ ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာချိန်တွင် သူမအတွက် ပိုက်ဆံထုတ်ပေးခဲ့သူမှာ ဝမ်မေ့လန်ပင်၊ တခြားသူများ မလုပ်ပေးနိုင်သောအရာကို သူမအတွက် လုပ်ပေးခဲ့၏။

“အစ်မဝမ် လာလေ ထိုင်ပါဦး”

ဝမ်မေ့လန်မှာ သူမတို့အိမ်သို့ လာခဲလှပြီး အဘွားကြီးကျောက် စရိုက်ဖြင့်ဆိုလျှင်လည်း လာမည့်သူ ရှားလှသည်မှာ မဆန်းချေ။

ဝမ်မေ့လန် အိမ်ထဲဝင်ပြီး ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ ဤနေရာသည် သိပ်မကျယ်သော်လည်း သပ်သပ်ရပ်ရပ် ရှိလှ၏။ သူမ ဗီဒိုဘေးမှ ခုံပုလေးမှာ တိုက်ရိုက်ထိုင်လိုက်ပြီး

"ညီမလေးရဲ့ အခြေအနေက အရင်ကထက် အများကြီး ကောင်းလာတာကို တွေ့ရလို့ ဝမ်းသာပါတယ်၊ ဒီလိုဖြစ်တာ တကယ်ကို ကောင်းတယ်"

ချန်ချင်းယွီ ပြုံးပြီး

"လူဆိုတာ ရှေ့ဆက်ရမှာပဲလေ။ ညီမက ကိုကိုကျန့်ဝမ်ကို လွမ်းနေတုန်းဆိုပေမဲ့ ကလေးတွေကိုလည်း ငဲ့ရဦးမယ်လေ။ ညီမနဲ့ ကိုကိုကျန့်ဝမ်ရဲ့ သံယောဇဉ်က ကြီးမားလှတယ်၊ ညီမစိတ်ထဲမှာ သတိရနေရင် ရပါပြီ။ သေမလိုဖြစ်နေရင်လည်း ကိုကိုကျန့်ဝမ်က ညီမအတွက် စိတ်ပူနေဦးမှာ"

ဝမ်မေ့လန် "......"

ရုတ်တရက်ဆိုသလို သူမ ဘာဆက်ပြောရမှန်း မသိဖြစ်သွားသည်။

သူမ တစ်ခုခုပြောချင်သော်လည်း တွန့်ဆုတ်နေပုံကိုကြည့်ပြီး ချန်ချင်းယွီ တစ်ချက် ပြုံးလိုက်ကာ

“အစ်မဝမ်..တစ်ခုခုပြောချင်တာရှိလို့လား ပြောစရာရှိတာပြောပါ”

ဝမ်မေ့လန် ခဏလောက် စဉ်းစားပြီးမှ

"အေးလေ၊ ဒါဆိုလည်း အစ်မ အမှန်အတိုင်းပဲ ပြောမယ်။ ညီမလေး နောက်တစ်ယောက် ထပ်ရှာဖို့ စိတ်ကူးရှိလားလို့ မေးချင်တာပါ"

ချန်ချင်းယွီ မျက်ခုံးပင့်ကာ တစ်ချက်ပြုံးလိုက်ပြီး ခေါင်းခါပြ၍

“မရှိပါဘူး! ညီမ နောက်အိမ်ထောင်ပြုဖို့ လုံးဝ မစဉ်းစားဖူးဘူး"

ဝမ်မေ့လန် သက်ပြင်းချရင်း

"ဟုတ်ပါတယ်၊ လင်းကျန့်ဝမ် ဆုံးတာ မကြာသေးဘူးဆိုတော့ ညီမလေး စိတ်မပြေနိုင်သေးတာ သဘာဝပါပဲ။ ဒါပေမဲ့ နောင်ကိုကော ဒီတိုင်းပဲ နေတော့မှာလား? အနာဂတ်လမ်းအတွက် ပိုပြီး မစဉ်းစားဘူးလား? အမျိုးသမီးတစ်ယောက်တည်း ဆိုတာကတော့ ခက်ခဲမှာပဲလေ"

ချန်ချင်းယွီ၏ မျက်လုံးများမှာ တောက်ပကြည်လင်နေပြီး အခိုင်အမာ ဆုံးဖြတ်ထားဟန်ဖြင့်

"တကယ်တော့ ခက်ခဲတာမျိုး မရှိပါဘူး၊ ဘဝဆိုတာ ဒီလိုပဲ ဖြတ်သန်းရတာပဲမဟုတ်လား? မခက်ပါဘူး။ အခုဆို ညီမယောက္ခမကလည်း ညီမအပေါ် ကောင်းပါတယ်၊ ရှောင်ကျားနဲ့ ရှောင်ယွမ်အပေါ်မှာလည်း ကောင်းတော့ မိသားစုဝင်တွေကြား အဆင်ပြေနေတာပဲ။ အစ်မရဲ့ ဆိုလိုရင်းကို ညီမ သိပါတယ်။ ဒါပေမဲ့ ညီမကတော့ နောက်အိမ်ထောင်ပြုဖို့ လုံးဝ မစဉ်းစားဘူး။ ကိုကိုကျန့်ဝမ်အတွက် ညီမက ဒီကလေးတွေကို ကောင်းကောင်း ပြုစုပျိုးထောင်သွားရမှာ။ ညီမ နောက်အိမ်ထောင် မပြုနိုင်ဘူး။ ညီမကိုယ်တိုင်က မိထွေးလက်အောက်မှာ ကြီးပြင်းလာရတာဆိုတော့ ဒီလိုဘဝမျိုးက ဘယ်လောက် ခါးသီးလဲဆိုတာ သိတယ်။ ဒါကြောင့် ညီမကလေးတွေကို ဒီလိုဘဝမျိုး လုံးဝ အရောက်မခံနိုင်ဘူး။ သူတို့အတွက် ပထွေးဆိုတာမျိုးလည်း ရှာမပေးနိုင်ဘူး။ ညီမကတော့ ဒီဘဝမှာ တခြားကလေးတွေလည်း ထပ်မယူတော့ဘူး"

ဝမ်မေ့လန် "ညီမကလည်း..."

သူမ စိတ်ထဲ သဘောမတူသော်လည်း ယောကျ်ားဆုံးသည်မှာ မကြာသေးသည့်သူကို အိမ်ထောင်ပြုရန် တိုက်တွန်းနေလျှင် အနည်းငယ် သိက္ခာမဲ့ရာ ရောက်မည်ကို နားလည်၏။

"နောင်ကျရင် ညီမလေး နောင်တရလိမ့်မယ်"

“မရပါဘူး”

ချန်ချင်းယွီ ရယ်ချင်နေမိသည်။

ကျွန်မက နောင်တရမယ်ဟုတ်လား!!

မရဘူးရှင့်!! မရဘူး!!

ပျော်လွန်းလို့ အိပ်မက်ထဲတောင် ပြုံးနေမိမှာ…

ရူးနေလို့ နောက်အိမ်ထောင်ပြုပြီး ကလေးမွေးရမှာလား…

ကျွန်မပုံစံက လယ်ထွန်ပြီး တစ်နှစ်ခါသားမွေးနေတဲ့ နွားမကြီးနဲ့များ တူနေလို့လား!!

"အစ်မဝမ်၊ အစ်မက ညီမအတွက် စေတနာနဲ့ ပြောတာကို သိပါတယ်။ ဒါပေမဲ့ နောက်ဆိုရင် ဒီအကြောင်းကို မပြောပါနဲ့တော့၊ ညီမ တကယ်ကို မစဉ်းစားလို့ပါ"

ဝမ်မေ့လန် သက်ပြင်းချကာ

"ကောင်းပါပြီ၊ ညီမလေး မလိုလားဘူးဆိုရင်လည်း ထပ်စဉ်းစားကြည့်ပေါ့လေ။ တကယ်တော့ အစ်မကလည်း အလောတကြီး ဖြစ်သွားတာပါ။ ဒီအချိန်မှာ လာပြောတာကလည်း မသင့်တော်ဘူးဖြစ်နေတယ်..."

ဝမ်မေ့လန် ခေတ္တရပ်ပြီး အမှန်အတိုင်း ပြောပြလိုက်ကာ

"အစ်မ ယောက္ခမဘက်က ဆွေမျိုးတစ်ယောက်ရှိတယ်၊ သူက မုဆိုးဖိုပေါ့။ သမီးငါးယောက် ကျန်ခဲ့တယ်၊ နောက်မိန်းမတစ်ယောက် ထပ်ရှာချင်နေတာ။ အရင်ကလေးတွေကိုလည်း ကြည့်ပေးနိုင်မယ်၊ သားတစ်ယောက်လည်း မွေးပေးနိုင်မယ့်သူမျိုးပေါ့။ အဲဒါနဲ့ သူက ညီမလေးက အမြွှာ (မောင်နှမ) မွေးထားတာဆိုတော့ လာဘ်ကောင်းတယ်လို့ ယူဆပြီးတော့၊ နောက်ပြီး အထက်တန်းအထိ ကျောင်းနေဖူးတော့ ကလေးတွေကိုလည်း ပညာသင်ပေးနိုင်မယ်ဆိုပြီး မျက်စိကျနေတာ။ အစ်မကို လာမေးခိုင်းတာပေါ့။ အဆင်ပြေရင် အောင်သွယ်ပေးဖို့ပေါ့လေ၊ ဒါကလည်း ကောင်းတဲ့ကိစ္စပဲမလား"

ထိုသို့ဖော်ပြလိုက်ခြင်းမှာ အခြေအနေမကောင်းဟု ထင်ရနိုင်သဖြင့် သူမ အမြန်ပြန်ဖြည့်

ပြောလိုက်၏။

“အဲဒီလူက အခြေအနေ တကယ်ကောင်းတာနော်၊ သမဝါယမကုန်တိုက်ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူး။ ကလေးတွေ များတယ်ဆိုပေမဲ့ လူနေမှုအဆင့်အတန်းက မြင့်တယ်။ သူ့မိဘတွေကလည်း အငြိမ်းစား အရာရှိတွေဆိုတော့ အိမ်မှုကိစ္စတွေလည်း ဝိုင်းကူပေးနိုင်မှာ။ ဒီလို အခြေအနေကောင်းလို့သာ ညီမလေးကို လာပြောတာပါ"

ချန်ချင်းယွီ ခေါင်းခါလျက်

"အခြေအနေ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ညီမ မစဉ်းစားဘူး! ညီမနဲ့ ကိုကိုကျန့်ဝမ်က ကျောင်းတက်ကတည်းက သိခဲ့ကြတာ။ အိမ်နီးနားချင်းလို့ မဆိုနိုင်ပေမဲ့ ငယ်သူငယ်ချင်းတွေလို့ ပြောလို့ရတယ်။ အစ်မ ညီမတို့ ဘယ်လို သိခဲ့ကြလဲဆိုတာ ညီမ ပြောပြမယ်လေ၊ ညီမနဲ့ သူက..."

ဝမ်မေ့လန်က ရုတ်တရက် စကားဖြတ်ပြောကာ

"သိတယ်၊ သိတယ်၊ အစ်မ သိပြီးသား..."

ချန်ချင်းယွီ ထိုအကြောင်းပြောပြီဆိုလျှင် "ရောဂါ" ပြန်ထတတ်သည်ကို သူမ သိသဖြင့် အမြန်တားလိုက်ရသည်။ အမှန်တကယ်တမ်း သူမ အလုပ်ဆင်းချိန်တွင် ထိုအကြောင်းကို နားထောင်ခဲ့ရဖူး၍ တကယ်ပင် မခံစားနိုင်ပေ။

"ညီမတို့ သံယောဇဉ်ကြီးတာ အစ်မ သိပါတယ်။ ညီမလေးက မသင့်တော်ဘူးလို့ ထင်ရင်လည်း အစ်မ မတိုက်တွန်းတော့ပါဘူး။ နောင်ကျရင်..."

ချန်ချင်းယွီ ; "နောင်ကျရင်လည်း ညီမကို အောင်သွယ်မပေးပါနဲ့တော့။ ကိုကိုကျန့်ဝမ် ဆုံးသွားပြီဆိုပေမဲ့ ညီမတို့က စိတ်ချင်း တစ်သားတည်းပါပဲ၊ ညီမ နောက်အိမ်ထောင် မပြုပါဘူး။ တကယ်တော့လေ..."

သူမ၏ အသံမှာ ပို၍ပင် နူးညံ့သွားကာ

“ကိုကိုကျန့်ဝမ်က ဆုံးသွားပြီဆိုပေမဲ့ သူက ညီမဘေးမှာ အမြဲရှိနေတယ်လို့ ညီမ ခံစားရတယ်။ တိုက်ခတ်လာတဲ့ လေညင်းပဲဖြစ်ဖြစ်၊ ကျလာတဲ့ မိုးစက်လေးတွေပဲဖြစ်ဖြစ်... အင်း၊ ကိုကိုကျန့်ဝမ်က ညီမဘေးမှာ အမြဲရှိနေပြီး ညီမကို အချိန်တိုင်း ကြည့်ရှုစောင့်ရှောက်ပေးနေတယ်လို့ ခံစားရတယ်..."

ဝမ်မေ့လန်တစ်ယောက် ကြက်သီးများ အလိပ်လိုက်ထလာမိကာ လက်မောင်းကို ပွတ်သပ်လိုက်မိ၏။

"အဲ... အဲ... အဲဒါဆိုလည်း အစ်မ ပြန်ဦးမယ်။ အိမ်မှာ အလုပ်တွေ ရှိသေးလို့၊ ညီမလေး နားတာကိုလည်း မနှောင့်ယှက်တော့ဘူး"

နားထောင်လေ ပိုပြီး ကျောချမ်းလေဖြစ်လာသည်။

သူမ ထရပ်လိုက်ပြီး "ညီမလေး နားလိုက်တော့နော်" ဟု ဆိုကာ ပြန်ပြေးသွားလေ၏။

ဝမ်မေ့လန်သည်လည်း ဤမျှစောစောစီးစီး နောက်အိမ်ထောင်ပြုဖို့ လာပြောသည်မှာ အတော်လေး ရုပ်ပေါက်လှသည်ဟု ထင်သော်လည်း၊ သူမယောက္ခမမှာ အတင်းခိုင်းနေသဖြင့် မလာဘဲမနေရဲပေ။ ယခုမှပင် ယောက္ခမဖြစ်သူသည် အဘယ်ကြောင့် ကိုယ်တိုင်မလာသလဲဆိုသည်ကို သူမ သဘောပေါက်သွားရသည်။

သောင်ကျိုးနည်း!! တကယ်ပါပဲ၊

သူမကိုယ်တိုင်လည်း ဒီလို ပေါက်ကရစကားတွေကို မကြားချင်ပါဘူးနော်..

နားထောင်ရတာလည်း စိတ်ချမ်းသာမနေဘူး…

ဝမ်မေ့လန် လိုက်ကာကို လှန်ပြီး ထွက်လိုက်ချိန်တွင် အဘွားကြီးကျောက်တစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ဟဲ့…ကိုယ်ကျိုးနည်းပြီထင်တယ်!! ဘယ်ချိန်ကတည်းက ချောင်းနားထောင်နေတာလဲ?!

သူမ လန့်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ အားနာစွာ ပြုံးပြလိုက်ကာ

“ဒေါ်လေး... ပြန်လာပြီလား?"

အဘွားကြီးကျောက်မှာ လေသံမာမာဖြင့်

"ပြန်မလာလို့ ရမလား? ငါပြန်မလာရင် ငါ့အိမ်ကို ခိုးမယ့်သူတွေ ရှိနေတာကိုး။ ရုပ်လေးကတော့ လူလိုလိုနဲ့ လုပ်နေတာက လူမဆန်ဘူး။ တကယ့်ကို အကျင့်မကောင်းတဲ့ဟာမ၊ ဒီလောက်တောင် အောင်သွယ်ပေးချင်နေရင် ကိုယ့်ဘာသာကိုယ် ကွာရှင်းပြီး သွားယူလိုက်ပါလား။ တကယ့်ကို စေတနာဆိုးနဲ့၊ တိရစ္ဆာန်မ!!”

အဘွားကြီးကျောက် အဘယ်ကြောင့် စိတ်ဆိုးနေကြောင်း ဝမ်မေ့လန်သိသဖြင့် ငြိမ်နေမိ၏။ မိမိတို့ဘက်မှ မှားသည်ဖြစ်၍ ပြန်လည်းမပြောရဲပေ။

သားဖြစ်သူ ဆုံးပါးသွားသည်မှာ တစ်လပင်မပြည့်သေးဘဲ ချွေးမဖြစ်သူအား နောက်အိမ်ထောင်ပြုရန် လာပြောခြင်းကို မည်သည့်ယောက္ခမဖြစ်စေ စိတ်ဆိုးမည်သာ။ ဝမ်မေ့လန် ရှက်ရွံ့စွာ ပြုံးပြလိုက်ပြီး

“ဒေါ်လေး ကျွန်မတောင်းပန်းပါတယ်ရှင်… ဒီကိစ္စက”

ခဏတာ မည်သို့ရှင်းပြရမည်မသိဖြစ်နေမိပြီးမှ အမြန်ရှောင်ဖယ်၍ နှုတ်ဆက်စကားဆိုကာ ထွက်ပြေးလေတော့သည်။

“ဒေါ်လေး အချိန်လည်း မစောတော့ဘူး ကျွန်မသွားပြီနော်”

အဘွားကြီးကျောက် သူမ၏ ကျောပြင်ကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ရာ ဝမ်မေ့လန်မှာ ယုန်လေးတစ်ကောင်အလား အမြန်ပြေးထွက်သွား၏။

အဘွားကြီကျောက်: "တောက်! ဘယ်လိုလူမျိုးလဲ! တကယ့်ကို အဆင့်မရှိဘူး! ဖာသည်မ!"

သူမ ခါးထောက်ပြီး အိမ်ထဲဝင်လာကာ

"ဟဲ့ ချန်ချင်းယွီ၊ ငါပြောတာ သေချာနားထောင်စမ်း။ နင် ငါ့သားအတွက် မုဆိုးမလုပ်ပြီး စောင့်နေရမယ်။ နင်သာ ဖောက်ပြန်ဖို့ ကြံစမ်း၊ နင့်ကို ငါ ရိုက်သတ်ပစ်မယ်။ နောက်တစ်ယောက်ရှာဖို့တော့ လုံးဝ မစဉ်းစားနဲ့! နင်သာ နောက်တစ်ယောက် ရှာရဲရင် ဒီကလေးနှစ်ယောက်ကို ငါ ပစ်ထားလိုက်မယ်၊ သေချာပေါက် သေပါစေ၊ နင် ဘာလုပ်မလဲ ကြည့်ကြသေးတာပေါ့!"

ချန်ချင်းယွီ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် လက်လှမ်းလိုက်ကာ လက်တစ်ဖက်ဖြင့် အဘွားကြီးကျောက်၏ ပါးစပ်ကို ပိတ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် အဘွားကြီး၏ ဗိုက်ကို လက်သီးနှင့် တစ်ချက် ဆောင့်ထိုးလိုက်သည်။ သူမ အေးစက်စက် လေသံဖြင့်

"ရှင်က ဘာကောင်မလဲဆိုတာ မေ့နေတာလား? ကျွန်မကို လာပြီး ဟိန်းဟောက်ရဲသေးတယ်ပေါ့? ကျွန်မအစွမ်းကို ရှင် မေ့သွားပြီ ထင်တယ်!"

ချန်ချင်းယွီ နောက်ထပ် တစ်ချက် ထပ်ထိုးလိုက်ရာ အဘွားကြီးကျောက်မှာ နာကျင်လွန်း၍ မျက်နှာကြီး ရှုံ့မဲ့သွားပြီး

"အု... အု..."

ပါးစပ် အပိတ်ခံထားရသဖြင့် အသံမှာ မထွက်နိုင်ရှာပေ။

"ကျွန်မ နောက်အိမ်ထောင် ပြုမပြုဆိုတာ ကျွန်မကိစ္စပဲ။ ကျွန်မ ကိုယ်တိုင်က မပြုချင်လို့ မပြုတာ၊ ဒါပေမဲ့ ရှင်က ကျွန်မရှေ့မှာ လာပြီး ရမ်းကားတာကိုတော့ လက်မခံနိုင်ဘူး။ ရှင်က ဘာကောင်မမို့လို့လဲ!"

ချန်ချင်းယွီ အဘွားကြီးကျောက်ကို ဆွဲညှစ်ပြီး နောက်ထပ် တစ်ချက် ထပ်နှက်လိုက်ပြန်သည်။ ထို့နောက်မှ လက်ကို ခါထုတ်

လိုက်ပြီး

"အခုတလော စိတ်ရှည်ပေးနေတော့ ရှင်က ကျွန်မကို အနိုင်ကျင့်လို့ရတယ် ထင်နေတာလား။ ရပါတယ်..."

သူမ အေးစက် မှောင်မှိုက်စွာ ပြုံးလိုက်ပြီး

"ရှင့်ကို သတ်ပစ်ဖို့ ဝန်မလေးဘူး"

အဘွားကြီကျောက်: "အု..."

သူမ... သူမက ကျန်းရှင်းဖှ မိန်းမ ထွက်ပြေးသွားတာကို မြင်တော့ ချန်ချင်းယွီလည်း အတုယူမှာစိုးပြီး အရင်ဆုံး ခြိမ်းခြောက် နှိပ်ကွပ်ထားချင်ရုံလေးပါ…

သူမ အတင်းရုန်းကန်သော်လည်း ချန်ချင်းယွီ သူမကို မြဲမြဲဆုပ်ကိုင်ထားပြီး တဖုန်းဖုန်းနှင့် ဆက်တိုက် ရိုက်နှက်နေ၏။

"တခြားဟာ ပြောတာကို သည်းခံနိုင်သေးတယ်၊ ဒါပေမဲ့ ကလေးတွေကို အကြောင်းပြပြီး ပြောလာမှတော့ ကျွန်မလက်ကို မညှာဘူးလို့သာ မှတ်လိုက်! ရှင်ကတော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်!"

အမှန်ဖြစ်စေ၊ အလိမ်ဖြစ်စေ ဤစကားမျိုးမှာ အလွန်ပင် စိတ်တိုစရာကောင်းလှသည်။ ချန်ချင်းယွီသည် သည်းခံတတ်သည့် စရိုက်မျိုး မဟုတ်ပေ။ သူမ၏ ကလေးများကို ထိခိုက်မည့်စကား ပြောရဲလျှင် သူမသည်လည်း လက်ရဲဇက်ရဲ ပညာပေးမည်သာ။ ချန်ချင်းယွီ လက်သီးနှင့် အတော်များများ ထိုးလိုက်ရာ အဘွားကြီးကျောက်မှာ နာကျင်လွန်း၍ မတ်တပ်ပင် မရပ်နိုင်တော့ဘဲ ချန်ချင်းယွီသာ တွဲမထားလျှင် လဲကျသွားပေလိမ့်မည်။

"အု အု အု..."

သူမ ချန်ချင်းယွီကို အသနားခံသည့် မျက်လုံးများဖြင့် ကြည့်နေမိ၏။

အင်း... တော်ပါတော့၊ ဆက်ရိုက်ရင် သေတော့မယ်!

ကယ်ကြပါဦး!

အီး... ဟီး...!

အဘွားကြီးကျောက်သည် ယခုမှပင် အိမ်ရာဝင်းထဲရှိ အိမ်နီးနားချင်းများကို အပြစ်တင်မိတော့သည်။

နင်တို့တွေ အပြင်မှာ စုပြီး အတင်းပြောနေကြတာ ငါပျောက်နေတာကို မသိကြဘူးလား?

ဘာလို့ လာမကယ်ကြတာလဲ! အီး... ဟီး!

နင်တို့... နင်တို့တွေက အိမ်နီးနားချင်းကောင်းတွေဆို…ချီးကိုပဲ!

နင်တို့တွေက စည်းလုံးမှု လုံးဝမရှိကြဘူး!

နင်တို့... အော့!

ချန်ချင်းယွီ ဗိုက်ကိုသာ ချိန်ရိုက်သဖြင့် သူမ ညစာစားထားသည်များ အကုန် ပြန်ထွက်လာတော့မည့်အလား ပျို့တက်လာသည်။

အရမ်းနာတယ်!

ကယ်ကြပါ!

ချန်ချင်းယွီ လှည့်ပြီး အဘွားကြီးကျောက်၏ ခေါင်းအုံးစွပ်ကို ဆွဲယူကာ သူမပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်သည်။ ထို့နောက် ဆံပင်ကို ဆွဲပြီး တရွတ်တိုက် ဆွဲခေါ်သွားရာ အဘွားကြီးမှာ

"...%...\bm{#}..."

နင် ဘာလုပ်မလို့လဲ!

ချန်ချင်းယွီ စက္ကန့်ပိုင်းအတွင်းမှာပင် အဘွားကြီးကို နံရံထောင့်တွင် တုပ်နှောင်လိုက်သည်!

ခြေထောက်နှင့် တင်ပါးကို တစ်ချက် ကန်လိုက်၏!

မအောင့်နိုင်ဘဲ နောက်ထပ် တစ်ချက် ထပ်ကန်လိုက်ပြန်သည်!

အဘွားကြီးကျောက်မှာ ဘောလုံးတစ်လုံးနှယ် လိမ့်သွားပြီး ဗီဒိုဘေးမှာ ကပ်သွားရှာ၏။

တကယ်တမ်း ချန်ချင်းယွီသည်လည်း လက်ပါချင်သူ မဟုတ်ပေ။ အဆင်ပြေပြေ နေလို့ရလျှင် ဘာကြောင့် ရန်ဖြစ်ရမည်နည်း။

သို့သော် ဤအဘွားကြီးမှာ တကယ်ကို စိတ်တိုစရာကောင်းလှသည်။ လူတိုင်းတွင် အထိမခံသည့်အရာ ရှိကြသည်ဖြစ်ရာ ချန်ချင်းယွီအတွက်မူ ကလေးများကို ပစ်ထားမည်ဆိုသော စကားမှာ အသေအလဲ မုန်းသည့်စကားဖြစ်၏။

ထို့ကြောင့်ပင် ချန်ချင်းယွီ အားမနာတမ်း လုပ်လိုက်ခြင်းဖြစ်သည်။

သူမ အပြင်ခန်းသို့ ထွက်လာခဲ့စဉ် အပြင်ဘက်တွင် လူများအတင်းပြောနေကြဆဲတည်း။ ညဥ့်နက်နေပြီဖြစ်သော်လည်း မည်သူမှ မအိပ်ချင်ကြသေး။ ချန်ချင်းယွီ တံခါးကို ဂျက်ထိုးလိုက်ပြီး လက်ဆေးကာ အိပ်ရာဝင်လိုက်သည်။

အဘွားကြီးကျောက်အတွက်ကတော့... ကြမ်းပြင်ပေါ်မှာပဲ နေတော့ပေါ့!

ယုတ်မာရင်တော့ အရိုက်ခံရဖို့ ပြင်ထားရမှာပဲ!

အဘွားကြီးကျောက် အနောက်

ဘက်ဝန်းမှလူများ ပြောသည်ကို စိတ်ထဲရှိနေ၍ဖြစ်ဖြစ်၊ အခြားအကြောင်းကြောင့်ဖြစ်ဖြစ် ချန်ချင်းယွီ ဂရုမစိုက်ပေ။ သူမ သိတာမှာ ဤအဘွားကြီးသည် သူမကို လာစော်ကားသည်ဆိုခြင်းသာ။ သုံးနှစ်သမီးလေးလည်း မဟုတ်တော့ဘဲ ဘယ်စကားပြောရမည်၊ ဘယ်စကား မပြောရဘူးဆိုသည်ကို မသိခြင်းမှာ အဆုံးမခံရသေး၍သာ ဖြစ်၏။

ထို့ကြောင့် နာနာရိုက်ပေးရမည်!!

သူ ခုတင်ပေါ် လှဲလိုက်ပြီး ကလေးလေးများကို ဖက်လိုက်သည်။ ကလေးလေးများမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြပြီဖြစ်ရာ ချန်ချင်းယွီလည်း အိပ်ငိုက်လာ၏။

အဘွားကြီးကျောက်မှာမူ နာကျင်

လွန်း၍ မခံစားနိုင်တော့ပေ။

ဒီကောင်မ လက်ဆက ပြင်းလိုက်တာ!

အင်း... ဘယ်သူလာကယ်မလဲ!

မအိပ်ကြပါနဲ့ဦး!

နင် အိပ်ပျော်သွားရင် ငါ ဘာလုပ်ရမလဲ!

မအိပ်နဲ့ဦးလေ!

အရူးမ၊ ချန်ချင်းယွီ၊ ငါ့ကို လွှတ်ပေးစမ်းပါဦး!

အဘွားကြီးကျောက် စိတ်ထဲမှအော်ဟစ်နေမှုများကို ချန်ချင်းယွီမှာ အမှုမထားပေ။ သူမ အိပ်ပျော်သွားပြီဖြစ်သော်လည်း အဘွားကြီးကျောက်မှာ ကောင်းကင်ကို ကြည့်ကာ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျနေရှာ၏။

သူမကံကြမ္မာက တကယ်ကို ဆိုးရွားလှချည်ရဲ့!

ငါကတော့ တကယ်ကို သနားစရာကောင်းလိုက်တာ! အီး... ဟီး!

ဒါတွေအကုန်လုံး ဝမ်မေ့လန်ကြောင့်ပဲ!

ဒီမိန်းမယုတ်က အောင်သွယ်လာလုပ်လို့သာ၊ မဟုတ်ရင် ငါက ချန်ချင်းယွီကို သွားစမိပါ့မလား?

ဒီလို အကျင့်မကောင်းတဲ့ မိန်းမ၊ လူမဆန်တဲ့ ခွေးမ...

အဘွားကြီးကျောက်သည် စိတ်ထဲမှတတွတ်တွတ် ဆဲရေးနေပြီး အဆိုးဆုံးသော စကားလုံးများဖြင့် တစ်ယောက်ပြီးတစ်ယောက်ကို မေတ္တာပို့သနေသည်။

ချန်ချင်းယွီတို့အိမ် မီးပိတ်ပြီး အိပ်သွားကြသော်လည်း အပြင်မှ လလူများသည်ကား အားတက်သရော ရှိနေကြဆဲပင်။ ကျန်းရှင်းဖှ၏ မိန်းမ တခြားလူနောက် ပါသွားခြင်းမှာ အတော်လေး ရှားပါးသည့် ကိစ္စဖြစ်ပြီး ကွာရှင်းထားသည်ဟု ဆိုသော်လည်း လူတိုင်းမှာ သူ့ကို 'ဖောက်ပြန်ခံရသူ' ဟုသာ မြင်နေကြ၏။

ခေါင်းကြီးက စိမ်းမြလို့နေတာပဲ!

လူစုခွဲပြီး အိမ်ပြန်သွားချိန်၌ပင် ထိုအကြောင်းများကိုသာ တတွတ်တွတ် ပြောနေကြလေသည်။

ဝမ်ကျန့်ကော်မှာ တတွတ်တွတ်နှင့် ကျေနပ်အားရလျက်

"ကျန်းရှင်းဖှက တစ်နေ့တစ်နေ့ အိမ်ရာဝင်းထဲမှာ လူတကာကို အထင်သေးပြီး မာန်တက်နေတာ၊ ကိုယ့်ကိုယ်ကိုယ် တခြားလူတွေထက် သာတယ်လို့ ထင်နေတာလေ။ အခုတော့ အကြီးအကျယ် နာပြီပေါ့၊ မှတ်စမ်း! ကိုယ့်အကျင့်က ဘာလဲဆိုတာ ပြန်မကြည့်ဘူး၊ မှတ်ဟ!"

ကျန်းရှင်းဖှနှင့် သူ၏ဆက်ဆံရေးမှာ သိပ်မကောင်းလှသဖြင့် ယခုကိစ္စတွင် သူသည် ကျေနပ်အားရ ရယ်မောနေ၏။ ကျန်းရှင်းဖှ၏ မောက်မာသောပုံစံနှင့် ဘော်ကြော့ပုံစံကို ကြည့်မရနေသည်မှာ ကြာနေပြီဖြစ်၍ သူ့မှာ ဝမ်းသာပီတိဖြာနေမိသည်။

"သူ့အိမ်က အဲဒီကောင်မလေးကလည်း လူကောင်းမဟုတ်ဘူး၊ ငါ့ကိုတောင် လာပြီး စောဒကတက်ရဲသေးတယ်။ တကယ်ကို ဘာမှန်းမသိတာ။ ဒီလိုမိန်းမမျိုးကတော့ တကယ်ကို မရဘူး။ ဒါပေမဲ့ အဘွားကြီးဟွမ် နောက်ဆို ဘယ်လိုများ နေဦးမလဲ ကြည့်ရသေးတာပေါ့၊ ချွေးမတစ်ယောက်တောင် မြဲအောင် မထိန်းနိုင်ဘဲနဲ့"

အဘွားကြီးဝမ်မှာ အိမ်မပြန်နိုင်သေးပေ။ နေ့ခင်းကတည်းက ပွဲများဆက်နေပြီး ညဘက်အထိရှိနေဦးမည်ပင်။ ထို့ကြောင့် အိမ်မပြန်နိုင်ဖြစ်နေပြီး ပွဲများလွတ်သွားမည်ကို ကြောက်နေရှာ၏။

တကယ်ပဲဟေ့!! ညဘက်ကမှ တကယ့်ပွဲကြီးပွဲကောင်း!

"သူ့အိမ်မှာ လူကောင်းဆိုလို့ တစ်ယောက်မှမရှိဘူး။ အေး... ဒါနဲ့ မေ့လန်၊ မုဆိုးမလေးကို သွားမေးခိုင်းတာ ဘယ်လိုလဲ၊ မေးခဲ့ရဲ့လား?"

ဝမ်မေ့လန်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး

"သူကတော့ သဘောမတူဘူးပေါ့ အမေရယ်။ အမေလည်း စဉ်းစားကြည့်လေ၊ သူ့ယောကျ်ား ဆုံးတာမှ မကြာသေးတာ၊ ဘယ်သူက အလောတကြီး နောက်တစ်ယောက် ရှာပါ့မလဲ? ရှောင်ချန်နဲ့ လင်းကျန့်ဝမ်က သံယောဇဉ် တကယ်ကြီးကြတာ၊ သူက ပိုလို့တောင် သဘောတူမှာ မဟုတ်ဘူး"

"ဒါက ဘယ်လိုစကားမျိုးလဲ။ ငါကြည့်ရသလောက်တော့ ညည်းက စကားမပြောတတ်လို့ပါ။ မိန်းမသားဆိုတာ အားကိုးရာရှိတာ ပိုကောင်းတာပေါ့၊ နောက်တစ်ယောက် မရှာချင်ဘဲ နေပါ့မလား? ညည်း သေသေချာချာ မပြောခဲ့လို့နေမှာပါ။ ယောကျ်ားမရှိတဲ့ မိန်းမဆိုတာ အားကိုးရာမဲ့ရှာတာ၊ ဘဝက ဘယ်လောက်ခါးလဲဆိုတာ သူကိုယ်တိုင် သိမှာပါ"

အဘွားကြီးဝမ်မှာ မိမိသန်ရာ သန်ရာကိုသာ တစ်ဖက်သတ်ပြောနေသည်။

ဝမ်မေ့လန် : "ဒီလောက်တောင် ဖြစ်နေရင်လည်း အမေ့ဘာသာ ချန်ချင်းယွီဆီ သွားပြောလိုက်ပါတော့"

သူမ စိတ်မရှည်တော့ပေ။

ကိုယ်တိုင်မှာ မသွားချင်သော်ငြား ယောက္ခမမှ အတင်းစေလွှတ်နေ၍ သွားခဲ့ရ၏။

နောက်ဆုံး၌ ဆဲဆိုခံလိုက်ရသည်သာ…

ငါလုပ်တာလည်း မဟုတ်ဘဲနဲ့ ဘာကိစ္စ ဆဲဆိုခံရမှာလဲ…

အဘွားကြီးဝမ်မှာ ထိုစကားကြားသောအခါ မကျေမနပ်ဖြင့် အော်ဟစ်၍

"ညည်းက ဘယ်လိုစကားပြောတာလဲ! ဘာသဘောလဲ! ငါက ညည်းရဲ့ ယောက္ခမနော်၊ ငါ့ကို ဒီလိုလေသံနဲ့ ပြောရသလား? ငါက သူ့အတွက် စေတနာနဲ့ ခိုင်းတာ၊ ဒါက ကောင်းမှုကုသိုလ်လုပ်တာပဲ။ ညည်းပါ အကျိုးကျေးဇူး ခံစားရမှာကို မကျေနပ်နိုင်ဘူးလား? ညည်းက..."

“အမေ၊ ပါးစပ်ပိတ်ထားပါတော့။ ကုသိုလ်တွေ ဘာတွေဆိုတာ ဒီလိုစကားမျိုးတွေကို လျှောက်မပြောသင့်ဘူး။ လင်းကျန့်ဝမ်ဆုံးတာ တစ်လတောင် မပြည့်သေးဘူး၊ သူ့မိန်းမကို နောက်အိမ်ထောင်ပြုဖို့ သွားပြောနေတာ၊ လင်းကျန့်ဝမ်က အမေ့ဆီ လာရှာမှာ မကြောက်ဘူးလား"

ဝမ်မေ့လန်သည် ယောက္ခမ၏ ငြိုငြင်မှုကို ခံရလေ့ရှိသော်လည်း ကြောက်ရွံ့တတ်သူတော့ မဟုတ်ပေ။ သူမတွင် ကိုယ်ပိုင်အလုပ်အကိုင် ရှိသည်ဖြစ်ရာ တခြားချွေးမများကဲ့သို့ အနိုင်ကျင့်ခံမည့်သူ မဟုတ်ချေ။

"ညည်းက ဘယ်လိုစကားတွေ ပြောနေတာလဲ၊ လူကြီးကို ဒီလိုပြောရသလား?"

အဘွားကြီးဝမ် ဒေါသတကြီးဖြင့်

"ညည်းကတော့ ငါ့ကို အာခံနေပြီပေါ့။ ငါက နေ့တိုင်း ညည်းကလေးတွေကို လာကြည့်ပေးနေတာ၊ ကျေးဇူးမတင်ရင်တောင် ငါ့ပင်ပန်းမှုကို ငဲ့သင့်တာပေါ့။ ညည်းကတော့ ငါ့အပေါ် ဒီလိုဆက်ဆံတယ်၊ မသိတတ်လိုက်လေခြင်း..."

အဘွားကြီးဝမ် ငိုချင်းချလေရာ ဝမ်မေ့လန်မှာ သည်းခံရင်း သည်းခံရင်းဖြင့် မခံနိုင်သည့်အဆုံး ပြန်ပြောလိုက်မိလေသည်။

"အမေလည်း အလကား ကြည့်ပေးတာမှ မဟုတ်တာ၊ တစ်လကို ၁၅ ယွမ်ရနေတာပဲလေ"

အဘွားကြီးဝမ်သည် ကလေးများကို ထိန်းပေးသည် ဆိုသော်ငြား တစ်ယောက်ကို ၅ ယွမ်နှုန်းဖြင့် ၁၅ ယွမ်ယူလေ၏။ ထို့မျှမက အိမ်တွင် ထမင်းနှစ်နှပ်စားသေးသည်။ နေ့လယ်စာကို မိမိဘာသာ ဖြစ်သလိုလုပ်စားပြီး ညစာအတွက်မူ ဝမ်မေ့လန် ပြန်လာချက်ပေးသည်ကို စောင့်၍ သဖြဲနှဖြဲစား၏။ ပြီးလျှင် ယောက္ခထီးအတွက်ပါ ထမင်းထုပ်သွားလေသည်။ ဝမ်မေ့လန် စိတ်ထဲ မကျေနပ်သည်မှာ ကြာပြီဖြစ်သော်လည်း ကလေးများက ငယ်သေးသည့်အပြင် သူမယောကျ်ားမှာ အတင်းအကျပ် လက်ခံထား၍သာ သူမလည်း ဘာမှမတတ်နိုင်ဘဲ ငြိမ်နေရခြင်းဖြစ်၏။

"ဒါက အလကားလုပ်ပေးတာမှ မဟုတ်ဘဲ၊ အမေက..."

"ကောင်းပြီ၊ ကောင်းပြီ။ ညည်းက မသိတတ်တဲ့သူဆိုတာ ငါသိပြီ။ ငါ့ကိုပေးရတဲ့ ပိုက်ဆံကို နှမြောနေတာမလား၊ ဒါကြောင့် ညည်းက ပြဿနာရှာနေတာပေါ့! ညည်းက စိတ်ကောင်းကိုမရှိဘူး!”

အဘွားကြီး ထပ်မံအော်ဟစ်နေပြန်ပြီး ဝမ်ကျန့်ကော်တစ်ယောက် ပြတင်းပေါက်မှ အပြင်သို့ကြည့်လိုက်စဉ် ရှေ့ဝန်းမှ လူတိုင်းမှာ နားစွင့်နေကြသည်ကို တွေ့မြင်သွား၍ မိခင်အား မာန်မဲလိုက်လေသည်။

"အမေ တော်တော့။ သူစိမ်းတွေ ကြားကုန်ရင် မကောင်းဘူး။ အမေကကော ကျွန်တော်တို့အိမ်ကို တခြားလူတွေက ပွဲကြည့်တာ ခံချင်လို့လား?"

အဘွားကြီးဝမ်သည်လည်း သိက္ခာကို ငဲ့သူဖြစ်ရာ လည်ပင်းညှစ်ခံလိုက်ရသည့် ကြက်တစ်ကောင်နှယ် ချက်ချင်း ငြိမ်ကျသွားသည်။

ဝမ်ကျန့်ကော် ; "မင်းတို့လည်း တခြားလူကိစ္စနဲ့ ရန်ဖြစ်နေကြတာ တကယ်ပဲ! ဘာတွေ လုပ်နေကြတာလဲ! မေ့လန်၊ ဒါက မင်းအမှားပဲ! ဘာပဲဖြစ်ဖြစ် အမေကလည်း စေတနာနဲ့ လုပ်ပေးတာပဲလေ၊ မင်းက ဘာလို့ သူ့ကို လာခြောက်လှန့်နေရတာလဲ!"

ဝမ်မေ့လန် ; "ကျွန်မက ခြောက်တာမဟုတ်ဘူး၊ ချန်ချင်းယွီက ဘယ်လောက်တောင် ထူးဆန်းလဲဆိုတာ ရှင်မသိလို့။ သူပြောတဲ့ စကားတွေက တကယ်ကို ကျောချမ်းစရာကြီး။ လင်းကျန့်ဝမ်က သူ့ဘေးမှာပဲ ရှိနေတယ်တဲ့။ ဘာတဲ့... လေညင်းပဲဖြစ်ဖြစ်၊ မိုးစက်ပဲဖြစ်ဖြစ်ဆိုလား? ကျွန်မ မကြောက်ဘဲ နေမလား?"

ဝမ်ကျန့်ကော် "......???"

အဘွားကြီဝမ်: "!!!"

ဝမ်မေ့လန် ပြောစကားကို အဘွားကြီးဝမ် ချက်ချင်း သဘောပေါက်လိုက်၏။ ချန်ချင်းယွီသည် ထိုကဲ့သို့ ထူးထူးဆန်းဆန်း အကြောင်းများ ပြောလေ့ရှိရာ အဘယ်မှာ မသိဘဲနေမည်နည်း။ ချန်ချင်းယွီ ကိုယ်တိုင်မဟုတ်သည့်တိုင် ဝမ်မေ့လန် နည်းနည်းပြောရုံဖြင့် ချန်ချင်းယွီ အဘယ်ပုံစံနှင့်ပြောမည်ကို အတပ်သိနေပြီဖြစ်၏။

အဘွားကြီးဝမ်ခမျာ တွေဝေစွာဖြင့်

“ငါလည်း စေတနာနဲ့ပါအေ”

"ကျွန်မ အိမ်ထဲက ထွက်လာတော့ အဘွားကြီးကျောက်က တံခါးဝမှာ ချောင်းနားထောင်နေတာနဲ့ တိုးပြီး အဆဲခံလိုက်ရသေးတယ်"

ကံဆိုးလိုက်တာ!!

ကျွန်မလည်း အောင်သွယ်တော် လုပ်ချင်မနေပါဘူးရှင်!

ယောက္ခမကလည်း ဒီယောက္ခမချွေးမ နှစ်ယောက်စလုံးက ဘယ်လိုလူတွေလဲဆိုတာ သိနေရက်သားနဲ့…

တစ်ယောက်က အပေါက်ဆိုး အော့ကြောလန် အဘွားကြီး၊ နောက်တစ်ယောက်ကတော့ ထူးထူးဆန်းဆန်း အချစ်ရူးမလေး။(လင်တရူး)…

ဒီလိုလူတွေနဲ့ ဘယ်လိုလုပ် အဆင်ပြေမှာလဲ?

ယောက္ခမ သေချာပေါက် ငါ့ကိုချောက်ချတာပဲဖြစ်မယ်!!

ဘာပဲဖြစ်ဖြစ် ယောက္ခမက တစ်နေ့ကုန် အိမ်ရာဝင်းထဲမှာ ရှိနေတာပဲ၊ သူတို့ ဘယ်လိုလူလဲဆိုတာ မသိဘဲ နေပါ့မလား…

ဝမ်မေ့လန် မိမိယောက္ခမကို တစ်ချက် စိုက်ကြည့်လိုက်ပြီး စိတ်ထဲမှ ဆဲလိုက်မိသည်။

'ဒီအဘွားကြီးကတော့ တကယ်ကို စောက်ကျင့်မကောင်းဘူး’

အဘွားကြီးဝမ်မှာ ဟန်ကိုယ်ဖို့နှင့်

"အဲဒါက ငါ့အပြစ်လား? ညည်းဘာသာညည်း သတိမထားလို့ပေါ့"

သူမကိုယ်တိုင်မှာ မပြောရဲပေ…

အဘွားကြီးကျောက် သိသွားလျှင် သူမကို သေချာပေါက် လာရိုက်မည်သာ။

အသုံးမကျတဲ့ချွေးမ…

ဝမ်ကျန့်ကော်; "တော်ကြတော့၊ သူများကိစ္စနဲ့ ရန်ဖြစ်နေရတာ မရှက်ကြဘူးလား?"

သူသည် ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့်

“အမေ! အမေ စေတနာကောင်းတာကို သိပါတယ်။ ဒါပေမဲ့ သူတို့အိမ်ကိစ္စကို နောက်ထပ် ဝင်မပါပါနဲ့တော့။ ကျွန်တော်တို့က ဒီလိုပြဿနာတွေထဲ ပါစရာ မလိုဘူး"

အဘွားကြီးဝမ် တွေဝေစွာဖြင့်

"ငါက အိမ်ထောင်တစ်ခု ဖန်တီးပေးနိုင်ရင် ကောင်းမယ်လို့ တွေးမိလို့ပါ။ မင်း ဝမ်းကွဲအိမ်က ချန်းယွမ်က တကယ်ကို အရည်အချင်းရှိတဲ့သူလေ၊ သမဝါယမ ကုန်တိုက်မှာ ဒုတိယအုပ်ချုပ်ရေးမှူး လုပ်နေတာ။ ကြားတာတော့ အုပ်ချုပ်ရေးမှူးကြီးက အငြိမ်းစားယူတော့မယ်ဆိုတော့ သူက နံပါတ်တစ် ဖြစ်လာတော့မှာ။ ချန်ချင်းယွီက အမြွှာမွေးထားလို့ လာဘ်ကောင်းတယ်ဆိုတာရယ်၊ အထက်တန်းအောင်ထားတာရယ်ကြောင့်သာ၊ မဟုတ်ရင် သူက မုဆိုးမကို ယူမှာမဟုတ်ဘူး။ သူ့အခြေအနေနဲ့ဆိုရင် အပျို ရှာရတာ မခက်ပါဘူး"

"ဒါဆို အမေ မစဉ်းစားဘူးလား၊ အဲဒီအဘွားကြီးကျောက်က ပေါင်းရသင်းရ လွယ်လို့လား? ဒီကိစ္စက အဆင်မပြေရင်တော့ ထားပါတော့၊ တကယ်လို့သာ အဆင်ပြေသွားရင် အမေ ဒုက္ခရောက်ဖို့သာ ပြင်ထားတော့။ အဲဒီအဘွားကြီးရဲ့ ရမ်းကားပုံနဲ့ဆိုရင် လူကို စိတ်ရှုပ်အောင် လုပ်မှာ။ ကျွန်တော်တို့အိမ်က ဒီလို အရှုပ်အထုပ်ကြီးနဲ့ မကင်းနိုင်တော့ဘဲ ဖြစ်သွားလိမ့်မယ်"

ဝမ်ကျန့်ကော်မှာ အဘွားကြီးကျောက်ကို အတော်လေး ကြည့်မရဖြစ်နေ၏။

အဘွားကြီးကျောက်နှင့် အဘွားကြီးဟွမ်တို့သည် ဤအိမ်ရာဝင်း၏ ပုန်းအောင်းနေသော နဂါးနှင့် ဖီးနစ် (အစွမ်းထက်သူများ) ဟု တင်စားကြပြီး တကယ်တမ်း တကယ့်ကို ထူးဆန်းကာ အလွန်နှုတ်ကြမ်း၍ နာမည်ပျက်ရှိသည့် လူနှစ်ယောက်သာတည်း။

"ကျွန်တော်တို့မိသားစုက အခုမှ အဆင်ပြေရုံရှိသေးတာ၊ လူတိုင်းက မနာလိုဖြစ်နေကြပြီ။ အဲဒီအဘွားကြီးကျောက်ကိုသာ သွားထိခိုက်မိလို့ သူက တစ်နေ့တစ်နေ့ ရန်လာရှာပြီး ပိုက်ဆံညှစ်ဖို့ပဲ ကြံနေရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ? အမေကကော သူ့ကို နေ့တိုင်း ရင်ဆိုင်နိုင်မှာလား? အမေက သူ့လို ရမ်းကားတတ်တဲ့ အဘွားကြီးမျိုးမှ မဟုတ်တာ။"

အဘွားကြီးဝမ် : "ဟုတ်တယ်၊ ဟုတ်တယ်! ငါက အတွေးလွန်သွားတာ။ အောင်သွယ်ပေးမယ်ဆိုရင်တောင် ချန်ချင်းယွီကတော့ မဖြစ်ဘူး၊ သူ့အိမ်က ပြဿနာတွေက များလွန်းတယ်"

"ဒါပေါ့!"

ဝမ်ကျန့်ကော်; "ဒါတင်မကဘူး၊ အမေတို့ပဲ သူ့ကို လာဘ်မကောင်းတဲ့သူ လို့ ပြောနေကြတာမဟုတ်လား? ဒီလိုလူမျိုးကို ကျွန်တော့် ဝမ်းကွဲအစ်ကိုနဲ့ သွားမိတ်ဆက်ပေးတာက လူကို စော်ကားရာ ရောက်မနေဘူးလား?"

"သားရယ်၊ သားပြောမှပဲ အမေ သတိဝင်တော့တယ်။ သားက တကယ်ကို တော်တာပဲ!"

အဘွားကြီးဝမ်တစ်ယောက် သူ့သားမှာ အလွန်ဉာဏ်ပြေးသည်ဟု တွေးမိလိုက်ကာ ကျေနပ်နေ၏။

ဝမ်မေ့လန်မှာ စကားမဆိုဘဲနှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားလေသည်။

သို့သော် ဝမ်ကျန့်ကော်မှာမူ သူ့ဝမ်းကွဲအစ်ကို၏ ကိစ္စကို စိတ်ဝင်တစားရှိနေပြီး

"အမေ၊ ပြောပြပါဦး၊ ဝမ်းကွဲအစ်ကို ချန်းယွမ်က ဘယ်လိုမိန်းမမျိုး ရှာနေတာလဲ?"

သူသည် ဤကိစ္စမှတစ်ဆင့် တစ်ခုခု အကျိုးအမြတ်ရနိုင်မလားဟု တွက်ချက်နေခြင်းပင်!

အဘွားကြီးဝမ်; "သူက အသက်နှစ်ဆယ်ကျော်ဝန်းကျင်၊ နည်းနည်းငယ်ရင်လည်း ရတယ်၊ ဒါပေမဲ့ နှစ်ဆယ့်ငါးနှစ်ထက်တော့ မကြီးရဘူးတဲ့။ သူက အသက် ၃၈ နှစ်ပဲ ရှိသေးတာ၊ အရွယ်ကောင်း အလားအလာကောင်းတဲ့သူဆိုတော့ အသက်ကြီးတဲ့သူ မလိုချင်ဘူးလေ။ သူက ချမ်းသာပြီးသားဆိုတော့ မိန်းမမှာ အလုပ်ရှိဖို့ မလိုဘူး၊ ဒါပေမဲ့ တောသူတော့ မဖြစ်ရဘူးတဲ့။ သူ့လိုလူမျိုးက တောသူနဲ့ လက်ထပ်ရတာ အရှက်ရစရာကြီးလေ။ မြို့သူဖြစ်ရမယ်၊ ရုပ်ချောရမယ်၊ အထက်တန်းအောင်ထားရမယ်။ ရုပ်ချောပြီး အထက်တန်းအောင်မှ အပြင်ထုတ်သွားရင် မျက်နှာပွင့်မှာပေါ့။ အထက်တန်းအောင်ရင် ကလေးတွေကိုလည်း စာသင်ပေးလို့ရတာပေါ့။ သူ့မှာ အရင်မိန်းမနဲ့ရတဲ့ သမီးငါးယောက် ရှိတယ်လေ။ မိန်းမအသစ်က နူးညံ့ပြီး စိတ်ရှည်ရမယ်၊ မဟုတ်ရင် အရင်ကလေးတွေအတွက် မကောင်းမှာစိုးလို့။ နောက်ဆုံးတစ်ချက်ကတော့... သေချာပေါက် သားတစ်ယောက် မွေးပေးနိုင်ရမယ်"

ဝမ်ကျန့်ကော် "...... သတ်မှတ်ချက်တွေက အတော်များတာပဲ။"

ဝမ်မေလန် "......"

အမယ်လေး!! လိုချင်တာတွေများလှချည်လား!! ကိုယ့်ကိုယ်ကိုယ်ရဲ့ အကန့်အသတ်ကိုတောင် မသိဘူးလား!!

ကိုယ့်ရာထူးလေးရှိတာလဲ ကိုယ့်ကိုယ်ကိုယ် တစ်မူထူးကဲတယ်ထင်နေတယ်ပေါ့!!

ဖင်ခေါင်းကျယ်လှချည်လား!!

ဝမ်မေ့လန် မျက်လုံးလှန်လိုက်မိပြီး ထိုလူအား စိတ်ထဲမှ ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲမိလိုက်၏။

ဘယ်လို ခွေးကောင်ပါလိမ့်?!

ဒါပေမဲ့ ဒီခွေးကောင် လိုချင်တာတွေတာ တအားများနေတာ… ဖြစ်ချင်တော့ အကုန်လုံးက ချန်ချင်းယွီနဲ့ ကိုက်ညီနေပါလား!

သောက်အဘွားကြီး ချန်ချင်းယွီကို မျက်စိကျနေတာ မဆန်းတော့ပါဘူး!

သို့သော်…

ဝမ်မေ့လန် ဆက်၍ ပြောပြလိုက်သည်။

"ချန်ချင်းယွီကတော့ လုံးဝမဖြစ်နိုင်ဘူး။ သူက ကလေး ထပ်မမွေးတော့ဘူးတဲ့၊ ဒီနေ့ပဲ သူပြောသွားတာ... ဒီဘဝမှာ ရှောင်ကျားနဲ့ ရှောင်ယွမ် နှစ်ယောက်ပဲ ရှိတော့မယ်တဲ့"

အဘွားကြီးဝမ်; "ဘာပြောတယ်!"

သူမ ပေါင်ကို ဖြတ်ခနဲ ရိုက်လိုက်ပြီး

"ဒါက တခြားလူကို အထာပေးတာပဲ မဟုတ်လား?"

ဝမ်မေ့လန် "......???????"

သူက အမေ့ရဲ့ ကမ်းလှမ်းချက်ကို သဘောတူပါတယ်လို့လည်း မပြောရသေးပါဘူး!

မုဆိုးမတစ်ယောက်က နောက်ထပ် ကလေးမယူချင်ဘူးဆိုတာ သဘာဝပဲလေ!!

ဝမ်မေ့လန် ; “အမေ! ဘယ်သူ့ကို အထာပေးလို့လဲ! လျှောက်မပြောပါနဲ့"

အဘွားကြီးဝမ် စဉ်းစားကြည့်

သောအခါ ဟုတ်နေသဖြင့် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကာ

“အေးလေ၊ ဒါလည်း ဟုတ်တာပဲ။ ငါလည်း သူတို့အိမ်ကိစ္စကို ဝင်မပါချင်တော့ပါဘူး၊ အဘွားကြီးကျောက်လို နှုတ်သီးကောင်းလျှားပါရ အရူးမနဲ့လည်း မပတ်သက်ချင်ဘူး"

"ဟုတ်တယ်လေ!"

“ကဲပါ၊ တော်ပြီ တော်ပြီ၊ ငါ နောက်ထပ် ပြန်စဉ်းစားကြည့်ဦးမယ်"

ဝမ်ကျန့်ကော်; "အလယ်ဝင်းက ဟောက်ရွှယ်က ပိုပြီး သင့်တော်တာ"

"ဟောက်ရွှယ်က အခုထိ အထက်တန်းတောင် မအောင်သေးဘူးလေ!"

ဝမ်မေ့လန် အော်ပြောလိုက်မိ၏။

"အဲဒါ ဘာဖြစ်လဲ? နောက် ခြောက်လလောက် တွဲပြီးရင် လက်ထပ်လိုက်လို့ ရတာပဲ"

"...... ဒါပေမဲ့ ကျောက်ရုံက သဘောတူမှာ မဟုတ်ဘူး။ သူက သူ့သမီးကို ဂုဏ်သရေရှိတဲ့ နေရာကိုပဲ ပေးချင်နေတာ။ ရှင့်ဝမ်းကွဲအစ်ကိုက အခြေအနေကောင်းတယ်ဆိုပေမဲ့ အကောင်းဆုံးတော့ မဟုတ်ဘူးလေ။ သူတို့မိသားစုက အထက်တန်းဆန်ချင်ကြတာ"

အဘွားကြီးဝမ်; "မိန်းကလေးတစ်ယောက်ကများ ဘယ်လောက် မြင့်ချင်နေလို့လဲ! နေဦး၊ မနက်ဖြန်ကျ ငါ သွားမေးကြည့်မယ်!"

ယခုတစ်ခေါက်၌မူ သူမမှာ ဝမ်မေ့လန်အား မခိုင်းတော့ချေ။

ဝမ်မေ့လန်: ဒါဆို ခုနက ကျွန်မကို ခိုင်းတာက အဘွားကြီးကျောက်ကို မစော်ကားချင်လို့ပေါ့? တကယ့် ယောက္ခမဆိုးပဲ…သေချင်းဆိုးမ အဘွားကြီး!

ဒီကမ္ဘာပေါ်က ယောက္ခမနဲ့ ချွေးမဆိုတာ တကယ့်ကို ရန်သူတွေပါပဲ!!

ဝမ်မေ့လန် စကားဆက်မပြောဘဲ နေလိုက်၏။

"ငါ အပြင်ထွက်ပြီး အိမ်သာသွားလိုက်ဦးမယ်၊ နင်တို့ အရင်အိပ်နှင့်ကြ"

"ကောင်းပြီ!"

အဘွားကြီးဝမ်တစ်ယောက်တည်း အပြင်ထွက်လာခဲ့ပြီး ညဘက်မှာအနည်းငယ် အေးစိမ့်စိမ့် ရှိလှသည်။ လီချန့်ရွှမ်းတို့ အိမ်ရှေ့မှဖြတ်သောအခါ လီလင်းလင်းကို ရုတ်တရက် သတိရသွားသော်လည်း ချက်ချင်းပင် ခေါင်းခါလိုက်၏။

လီလင်းလင်းမှာ သင့်တော်သော်လည်း အထက်တန်း မအောင်ထားပေ။

ထို့အပြင် သူမအမေမှာလည်း သူမတစ်ယောက်တည်းပဲ မွေးထား၍ မျိုးရိုးလိုက်ပြီး သားမရမှာလည်း စိုးရသေးသည်။

ဒါကတော့ မဖြစ်ဘူး!

သူမ ချန်ချင်းယွီကို မျက်စိကျခဲ့ခြင်းမှာလည်း ချန်ချင်းယွီသည် အမြွှာ (မောင်နှမ) မွေးထားသောကြောင့်တည်း။

ဘာပဲပြောပြော အမြွှာမွေးတာက တကယ်ကို လာဘ်ကောင်းသည့်ကိစ္စပဲလေ…

ဒီတစ်ချက်တည်းနှင့်တင် အထင်ကြီးစရာ ကောင်းနေပြီ!

ဒါပေမဲ့ ချန်ချင်းယွီ ကိုယ်တိုင်ကတော့ သိပ်မကောင်းလှပြန်ဘူး…အင်း…သူ့မိသားစုဝင်တွေ အကုန်လုံး သေကုန်ကြတာကလည်း အမှန်တရားပဲမဟုတ်လား!

သူမက တကယ်ကို နမိတ်ဆိုးကံဆိုးမပဲ!

ဒါက တကယ့်ကို မင်္ဂလာမရှိတဲ့ ကိစ္စပဲ။ ထားလိုက်ပါတော့၊ ဒီလို နမိတ်မရှိတဲ့ မုဆိုးမလေးကို အောင်သွယ်ပေးလိုက်လို့မှ တခြားလူက သိသွားရင် ကုသိုလ်ရမှာ မဟုတ်ဘဲ လူမုန်းခံရဦးမယ်…

အဘွားကြီးမှာ အောင်သွယ်ပေးရင်းနှင့် အကျိုးအမြတ် ရချင်နေပြီး အကျိုးမရှိလျှင်မူ မလုပ်သည်မှာ ပိုတန်၏။

အဘွားကြီးဝမ် လမ်းလျှောက်ရင်း စဉ်းစားနေမိသည်။ ဤည ပွဲစည်နေသော်လည်း ယခုမှာ သန်းခေါင်ကျော်နေပြီဖြစ်ရာ လူသူကင်းမဲ့နေပြီဖြစ်၏။

သူမ အိမ်သာဆီသို့ တစ်လှမ်းချင်း လျှောက်သွားရင်း ဤအိမ်ရာဝင်းကြီးသည် တိုက်ခန်းများလောက် မကောင်းဘူးဟု တွေးနေမိသည်။

မီးသွေးလည်း ကိုယ်တိုင်ထည့်ရတယ်…

အိမ်သာလည်း အပြင်ထွက်သွားရတယ်…

တကယ် အဆင်မပြေလှဘူး…ငါလို အဘွားကြီးတစ်ယောက်အတွက်ကတော့...

ဝူး..ဝှီ…!!

လေတစ်ချက် တိုက်ခတ်သွားရာ အဘွားကြီးဝမ်မှာ လင်းကျန့်ဝမ်ကို လေညင်းတစ်ချက်နှင့် ချန်ချင်းယွီ တင်စားပြောခဲ့သည်ကို သတိရသွားပြီး ပခုံးလေးများ တွန့်သွားရ၏။

မစဉ်းစားနဲ့၊ မစဉ်းစားနဲ့... ဒါတွေက အယူသည်းတာတွေပဲ။

ရှူး... တစ်စုံတစ်ယောက် သူမကို လာထိလိုက်သလို ခံစားလိုက်ရသည်။

အဘွားကြီးဝမ် အော်လိုက်မိကာ

"အား!"

သူမ အော်ဟစ်ရင်း မျက်လုံးကို ပွတ်ကြည့်လိုက်ရာ အရိပ်တစ်ခု ဖြတ်ပြေးသွားသည်ကို မြင်လိုက်ရသည်...

"အား... အား... အား! သရဲ! သရဲခြောက်နေပြီ!"

အဘွားကြီးဝမ်မှာ ကြောက်လွန်း၍ နှလုံးရပ်မတတ် ဖြစ်သွားကာ အဆက်မပြတ် အော်ဟစ်နေမိ၏။

"သရဲ! အား... အား!"

သူမ၏ အသံနက်ကြီးမှာ ကောင်းကင်ယံအထိ ပျံ့လွင့်သွားကာ

"ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ?"

"ဘာကိစ္စရှိလို့လဲ?"

"ဘယ်သူ အော်နေတာလဲ!"

"ငါကြားတာတော့ သရဲခြောက်ပြန်ပြီတဲ့..."

အိမ်ရာဝင်းထဲမှ လူများ အကုန်လုံး အပြင်ထွက်လာကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ -

"သွားကြည့်ကြစို့၊ အပြင်ဘက်က ထင်တယ်..."

ဝမ်ကျန့်ကော်မှာ အမြန်ဆုံး ပြေးထွက်သွားကာ

"ဒါ ငါ့အမေ အသံပဲ၊ အပြင်မှာ အော်နေတာ ငါ့အမေ!"

ဝမ်မေ့လန် "ဟင်?"

သူတို့ ဇနီးမောင်နှံ အရင်ဆုံး ရောက်သွားကြပြီး ကျန်လူများလည်း သတ္တိမွေးကာ လိုက်လာကြ၏။

"အမေ၊ ဘာဖြစ်တာလဲ?"

အဘွားကြီးဝမ် တုန်တုန်ရင်ရင်နှင့်

"အား... သရဲ၊ သရဲရှိတယ်! သရဲခြောက်နေတာ။ သားရေ... သရဲရှိတယ်! ဟိုမှာ၊ ဟိုမှာလေ..."

သူမ မြေမြင်ပေါ်မှာ ပုံလျက်သားလဲကျနေပြီး ကြောက်လွန်း၍ ဆီးတောင် ထွက်ကျနေပြီဖြစ်သည်။

သူမ တုန်ရင်နေပြီး ဝမ်ကျန့်ကော် လှမ်းကြည့်လိုက်ရာ ဘာမှမရှိပေ၊ လူတစ်ယောက်မှ မရှိချေ။

"အမေ၊ ဘာမှမရှိပါဘူး၊ အမေမျက်စိမှားတာနေမှာပါ၊ တကယ် ဘာမှမရှိဘူး"

"ဟုတ်ပါတယ် အမေရယ်၊ ကိုယ့်ဘာသာကိုယ် ခြောက်နေတာပါ"

"မဖြစ်နိုင်တာ၊ ရှိတယ်၊ သေချာပေါက် ရှိတယ်၊ သရဲရှိတယ်!"

အဘွားကြီးဝမ် အော်ဟစ်နေကာ

“တကယ် သရဲရှိတာပါ! ငါ့ကို ယုံကြပါ!"

သူမက အဝေးတစ်နေရာကို ညွှန်ပြရင်း

“ဟိုမှာ၊ အဲဒီမှာ!"

လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မယုံကြည်နိုင်ကြပေ။ သို့သော် လူတွေအများကြီး ထွက်လာကြပြီး အချို့မှာ ရေနံဆီမီးအိမ်များ ကိုင်ထားသဖြင့် ဝမ်ကျန့်ကော်လည်း သတ္တိဝင်လာကာ အံကြိတ်ပြီး သွားကြည့်လိုက်သည်။ ထို့နောက် စိတ်ပျက်လက်ပျက်ဖြင့် လှည့်ကြည့်ကာ

"အမေ! ဘာမှမရှိဘူးဗျ!"

"မဖြစ်နိုင်တာ!!! လင်းကျန့်ဝမ်

ပဲ..ဖြစ်ရမယ်၊ လင်းကျန့်ဝမ်ပဲ! သူ ငါ့ကို လာကလဲ့စားချေတာ! သူပဲ၊ သူပဲ!"

ဝမ်ကျန့်ကော် "အမေ!"

သူ အသံကျယ်ကျယ်ဖြင့်

"လျှောက်မပြောပါနဲ့၊ အမေနဲ့ သူနဲ့ ဘာမှမဆိုင်ဘဲနဲ့ သူက ဘာလို့ လာရှာမှာလဲ! လျှောက်မပြောနဲ့တော့"

လူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး မျက်စပစ်ကုန်ကြ၏။

"အား... မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါက သူ့မိန်းမကို အောင်သွယ်ပေးဖို့ ကြံလို့ သူ ငါ့ဆီ ရောက်လာတာ..."

"အမေ! လျှောက်မပြောပါနဲ့! ဒီကမ္ဘာမှာ သရဲမရှိဘူး၊ အမေ ကိုယ့်ဘာသာကိုယ် ထင်နေတာ။ လျှောက်မပြောနဲ့!"

ဝမ်ကျန့်ကော် သူ့အမေကို အတင်းဖိထားပြီး "အိမ်ပြန်ရအောင်!"

သူ အသံကျယ်ကျယ်ဖြင့် ပြတ်သားစွာ ပြောလိုက်၏။

"ဒီကမ္ဘာမှာ သရဲဆိုတာ မရှိဘူး!"

ချန်ချင်းယွီ အပြင်ထွက်လာချိန်တွင် ထိုစကားကို ကြားလိုက်ရသဖြင့် "ဟက်" ခနဲ တစ်ချက် ရယ်လိုက်လေသည်။

All Chapters