အခန်း (၂၀၁-၂၀၂)
Vol. 21 Ch. 201-202
အပိုင်း (၂၀၁) နင် ဘယ်သူနဲ့အိပ်နေတာ
ဆောင်းတွင်းတွင် ကျူပင်များက ညှိုးခြောက်နေပြီဖြစ်ကာ သူတို့ကို ဖျာများအဖြစ် ရက်လုပ်မည်ဖြစ်သဖြင့် ကျူပင်များကို ခုတ်ဖြတ်လာပြီးသည်နှင့်ချက်ချင်း အသုံးပြုနိုင်သည်။ အဘွားချန်းအတွက် အပြင်ထွက်ရသည်က ရှားပါးလေသည်။ ထို့ကြောင့် သူမက ကလေးများ လေ့ကျင့်နေသည်ကို မြင်ရသည်တွင် သဘောကျမိသလို ခံစားရသည်။ နေရောင်က ဒီလိုကွင်းပြင်ကျယ်ကြီးထဲတွင် လင်းရှင်းနေအောင် တောက်ပနေသည်။ ထို့ကြောင့် အဘွားချန်းက ကျူပင်များကို လေ့ကျင့်သည့်ကွင်းအနီးတွင် ချန်ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီး စန်းလော့ကို စောင့်ဆိုင်းထားခိုင်းလိုက်သည်။ သူမက သူမနှင့်တစ်ခြားသူများအတွက် ခွေးခြေခုံငယ်လေးတစ်ချို့ကို ယူပြန်လာပြီး ဖျာများကိုရက်လုပ်တော့သည်။
သူမ ထွက်သွားပြီး မကြာခင်မှာပင် သူတို့ပြန်လာသည်ကို မြင်လိုက်သည့် ချန်းသရှန်က လက်ထောက်ဆရာအဖြစ် သူ၏တာဝန်ကို ချန်လှပ်ထားခဲ့လိုက်ကာ ကလေးများကို ကိုယ့်ဟာကိုယ် လေ့ကျင့်ခိုင်းထားလိုက်သည်။ သူ့အဘွား၊ ကန်းရှီနှင့် စန်းလော့တို့ကို မြင်လိုက်သည်တွင် သူက ရှန်းလီနောက်သို့ အလျင်အမြန် အမှီလိုက်လာကာ တီးတိုးပြောလိုက်၏။
"ဘယ်လိုဖြစ်သွားလဲ၊ ကျိုးမိသားစုက သဘောတူတယ်တဲ့လား"
သူက သူ့အဘွား၏မျက်နှာပေါ်က အပြုံးတစ်ခုကို မြင်လိုက်ရသည်။
စန်းလော့နှင့် အဘွားကြီးတို့ကြားက လျှိုဝှက်စကားဝိုင်းအကြောင်းကို စဥ်းစားမိလိုက်ပြီး ရှန်းလီက ပြုံးကာ ပြန်ဖြေလိုက်၏။
"အဘွားက ပြောတယ်၊ ဒီကိစ္စက ချက်ချင်းသဘောတူရတဲ့ ကိစ္စမျိုး မဟုတ်ဘူးတဲ့၊ ငါတို့တွေက နောက် ၂ရက်လောက်နေရင် ထပ်ပြီးတော့ သွားရအုံးမယ်၊ ဒါပေမဲ့ ငါ့အထင်တော့ ဒါက အလုပ်ဖြစ်တယ် ထင်ပါတယ်"
တိုးတိုးလေး ပြောလိုက်ပြီး သူက ချန်းသရှန်ကို ဂုဏ်ပြုစကားပြောလိုက်သည်။
"ဂုဏ်ယူပါတယ်ကွာ"
ချန်းသရှန်သည် ပီတိဖြာသွားပြီး သူ၏အိန္ဒြေကိုပင် ပျောက်ဆုံးလုနီးပါး ဖြစ်သွားသည်။ သူက ရှန်းလီနှင့် တိုင်ပင်လိုက်၏။
"မနက်ဖြန်ကစပြီး နောက်ထပ်၂ရက်လုံး လျှိုမြောင်ထဲမှာ နေရမှာပေါ့ ဟုတ်လား၊ ငါ တောင်အတွင်းပိုင်းမှာ တစ်ချို့ပစ္စည်းတွေကို သွားရှာဖို့ လိုသေးတယ်"
ကျေးလက်ဘက်က မင်္ဂလာဆောင်ပွဲသည် ခမ်းနားသည့်ကိစ္စမျိုးတော့ မဟုတ်ချေ။ လက်ရှိအခြေအနေအတွင်း စားသောက်ပွဲကြီးတစ်ခု ကျင်းပဖို့ကလဲ လက်တွေ့မကျချေ။ ထို့ကြောင့် သူက ပိုပြီးလုံလောက်သည့် လက်ဖွဲ့ပစ္စည်းတစ်ခုကို ပြင်ဆင်ထားချင်သည်။ ကျိုးကဲအတွက် မလောက်မငှ မဖြစ်စေလိုပေ။
ရှန်းလီသည် ချန်းသရှန်အကြောင်းကို ကောင်းကောင်းသိသဖြင့် သူ၏စကားလုံးထဲက သူ၏ ရည်ရွယ်ချက်များကို နားလည်လေသည်။ သူက တဟားဟား ရယ်မောလိုက်ကာ ပြောလိုက်၏။
"သွားလုပ်ပါ၊ ဒါက ကောင်းတဲ့ကိစ္စပဲ မင်း အကူအညီ လိုတယ်ဆိုရင် ဒီကောင်လေးတွေထဲက တစ်ချို့ကို ဒီအတိုင်းခေါ်သွားလိုက်၊ သူတို့အားလုံးက အခုဆိုရင် လုပ်ရည်ကိုင်ရည်ရှိနေပါပြီ၊ မင်းတို့အိမ်က အာ့ရှန်နဲ့ ငါ့ညီလေးတွေတောင်မှ အမဲကောင်သေးသေးလေးတွေကို အမဲလိုက်နိုင်နေပြီ၊ သူတို့တွေက ကိုယ်တိုင်အပြင်မထွက်ခင် အရည်အချင်းရှိတဲ့ မုဆိုးတစ်ယောက်ရဲ့ သင်ကြားပေးတာကိုပဲ လိုအပ်တော့တာပါ"
ချန်းသရှန်သည် ရှန်းလီ၏တပည့်များ၏ အရည်အချင်းကို ထိုနေ့မနက်ခင်းကတည်းက မျက်မြင်တွေ့ရှိခဲ့ရပြီး ရှန်းလီက ချဲ့ကားပြောနေခြင်းမဟုတ်မှန်း သိလေသည်။ သူက ထောက်ခံလိုက်၏။
"ကောင်းပြီလေ ငါ လတ်လတ်ဆတ်ဆတ် အမဲကောင်တစ်ချို့ သွားရှာလိုက်အုံးမယ်၊ မနက်ဖြန်ကြရင် ငါ အာ့ရှန်ကိုခေါ်ပြီး တောင်အတွင်းပိုင်းကိုသွားအုံးမယ်"
...
နေ့ခင်းဘက်တွင် စန်းလော့နှင့်ကန်းရှီတို့သည် ဖျာများကိုရက်လုပ်နေကြစဥ် ရှန်းလီက ရွှံ့ဝါများကို တူးဖို့ရန်အတွက် ကောင်လေးတစ်ချို့ကို ခေါ်ဆောင်သွားလိုက်သည်။ သူတို့သည် ထိုရွှံ့ဝါများကို ရှန်းအန်းနှင့် ရှန်းကျင့်တို့နေထိုင်သည့် သစ်သားအိမ်လေး၏အပြင်ဘက်တွင် ရွှံ့နံရံတစ်လွှာကို ထပ်ပြီးကပ်ဖို့ရန် အသုံးပြုကြခြင်းဖြစ်သည်။ လေးလံသည့်လိုက်ကာများကို ဂူနှင့်သစ်သားအိမ်လေးနှစ်ခုစလုံး ၏ ဝင်ပေါက်အတွင်းဘက်တွင် ချိတ်ဆွဲထားပြီး သားမွှေးများနှင့် ထူထဲသည့်စောင်များရှိသဖြင့် ညပိုင်းက အများကြီး ပိုပြီးနွေးထွေးလာလိမ့်မည်။
မြေးဖြစ်သူ၏မင်္ဂလာပွဲကို စိုးရိမ်သဖြင့် အဘွားချန်းကလဲ လျှိုမြောင်ထဲသို့ မပြန်သေးဖို့ဆုံးဖြတ်လိုက်သည်။ သူမက ရွာအပြင်ဘက် ရှန်းလီတို့၏ဂူထက် အနည်းငယ် ပိုပြီးကြီးမားသည့် ချန်းမိသားစု၏ဂူတွင် နေလိုက်သည်။ အိပ်ယာနှစ်ခုက လူ၄ယောက်ကို ဆန့်ရုံလောက်သာ ရှိလေသည်။
သူမက နေခဲ့သည့်အတွက်ကြောင့်ပင် ရှန်းနဥ်သည် ရှန်းလီနှင့်စန်းလော့တို့နှင့် အတူနေသည့်အကြောင်းကို သိလိုက်ရပြီး အဘွားကြီးမှာ မှင်သက်အံ့သြရတော့သည်။
သူမသည် ဒီကိစ္စနှင့်ပတ်သတ်ပြီး ရှန်းလီ သို့မဟုတ် စန်းလော့အား တိုက်ရိုက်မေးမြန်းဖို့ရန် လုံးဝမဖြစ်နိုင်ချေ။ ထို့ကြောင့် နောက်တစ်နေ့တွင် သူမက ရှန်းနဥ်ကို သိုသိုသိပ်သိပ်လေး လှမ်းခေါ်လိုက်ကာ စကားခေါ်ပြောတော့သည်။
ရှန်းနဥ်ကတော့ ဒီစကား၏နောက်ကွယ်က အဓိပ္ပါယ်ကို အမှန်ပင်နားမလည်ခဲ့ချေ။ သူမ၏ ဘေးတွင် မိဘမရှိဘဲ ကြီးပြင်းလာရသဖြင့် သူမကို ကလေးတစ်ယောက်အနေဖြင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီးတွေးခေါ်တတ်ခြင်း မရှိခဲ့ချေ။ လျှိုမြောင်ထဲတွင် မိသားစုတိုင်းက အတူတူ နေထိုင်လာခဲ့ကြသည်။ ထို့ကြောင့် သူမ၏အမြင်တွင် သူတို့၏ လက်ရှိနေထိုင်ပုံအစီအစဥ်က လုံးဝကို ပုံမှန်ဖြစ်သည်ဟု ထင်သည်။
ကန်းရှီကလဲ အပြင်ဘက်တွင် အမှန်ပင်နေသည်။ သို့သော်ငြားလည်း ရှီမိသားစု၏ဂူက ရှန်းလီတို့၏ဂူနှင့် တော်တော်လေးဝေးသည်။ ထို့အပြင် ရှန်းနဥ်နှင့် စန်းလော့တို့သည် သိုင်းပညာများ လေ့ကျင့်ကြပြီး နေ့တိုင်းလိုလို အစောကြီး အိပ်ယာထတတ်ကြသည်။ ရှန်းမိသားစုအိမ်ဘေးတွင် ဆောက်ထားသည့် နောက်ထပ် သစ်လုံးအိမ်လေးတစ်ခုလဲရှိသည်။ ထို့ကြောင့် ကန်းရှီက ရှန်းအန်းနှင့် ရှန်းကျင့်တို့သည် ရှန်းမိသားစု၏သစ်လုံးအိမ်ထဲတွင် နေထိုင်ကြသည်ဟု မည်သို့သိနိုင်ပါမည်နည်း။
အဘွားချန်းကလွဲလျှင် ဒီလိုအသေးစိတ်ကိစ္စများကို မည်သူကမှ ဂရုမစိုက်မိကြပေ။
"နင်က နင့်မရီးနဲ့ အတူတူအိပ်တယ်လို့ ပြောလိုက်တာလား"
တွေဝေမနေဘဲ ရှန်းနဥ်က ခေါင်းငြိမ့်ပြသည်။
အဘွားချန်း၏မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။
"ဒါဆိုရင် နင့်ရဲ့အစ်ကိုကြီးက ဘယ်မှာအိပ်တာလဲ"
"ခုံတန်းရှည်လေးပေါ်မှာလေ သမီးတို့မှာ အိပ်ယာအောက်မှာ အောက်ထပ်တစ်ထပ် ရှိသေးတယ်၊ ညပိုင်းကြရင် အဲဒီအိပ်ယာကို ဆွဲထုတ်လိုက်ရုံပဲ"
အဘွားချန်းသည် မေးခွန်းများနှင့်ပြည့်နှက်နေပြီး သူမ၏စိတ်မှာ လုံးဝကိုဝေခွဲမရနိုင်အောင် ဖြစ်သွားတော့သည်။
လျှိုမြောင်ထဲမှာဆိုရင်တော့ ဒါက လက်ခံနိုင်ပါသေးတယ် ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး ဒီနေရာမှာလဲ ဒီလိုလာဖြစ်နေတာလဲ အိမ်တစ်လုံးထဲမှာ စန်းလော့က ရှန်းနဥ်နဲ့တစ်ခန်းထဲအတူတူ သုံးသတဲ့လား။
ရုတ်တရက်ဆိုသလို ရှီလီရွာထဲတွင် ရှန်းနဥ်၏ အ ခန်းထဲ၌လဲ အိပ်ယာနှစ်ခုကြားတွင် ချိတ်ဆွဲထားသည့်လိုက်ကာကို ပြန်စဥ်းစားမိသွားတော့သည်။ မှင်သက်အံ့သြနေသည့် အမူအယာတစ်ခုဖြင့် သူမက ရှန်းနဥ်ကို မေးလိုက်၏။
"နင့်မရီးက နင်နဲ့ဒီတစ်လျှောက်လုံး အတူတူအိပ်လာတာလား"
ရှန်းနဥ်သည် တစ်ခုခုလွဲနေသည်ကို အာရုံခံမိလိုက်သော်လည်း သူမက ဘာလွဲနေမှန်း သေချာမသိချေ။ သူမက ချီတုံချတုံဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
အဘွားချန်းသည် သူမ၏ပေါင်ကို ပြန်ရိုက်လိုက်ပြီး တအံ့တသြပြောတော့သည်။
"အမလေးဟယ်"
ကြည့်ရတာ သူတို့တွေက သူတို့ရဲ့မင်္ဂလာခန်းဝင်တောင် မလုပ်ရသေးဘူး ထင်တယ်။
အဘွားကြီးသည် ရှန်းနဥ်ကို ခေါင်းကိုက်သည့်အကြည့်တစ်ခုဖြင့် ကြည့်လိုက်လေသည်။ ပတ်ဝန်းကျင်တွင် မည်သူမျှမရှိသည်ကို တွေ့လိုက်ရသဖြင့် သူမက တိုးတိုးလေးပြောလိုက်၏။
"နင် အ,နေတာလား၊ ဘာဖြစ်လို့ နင့်မရီးနဲ့ အတူတူသွားအိပ်နေတာလဲ၊ နင့်အစ်ကိုနဲ့ သူ့မိန်းမက တအိပ်ယာထဲ အိပ်သင့်တာပေါ့၊ ဘယ်လိုဖြစ်ပြီး နင်နဲ့နင့်ယောင်းမက အတူတူအိပ်ရတာ ဖြစ်သွားရတာလဲ"
အိုး ဘုရားရေ။ ဒါက ဘယ်လိုအခြေအနေမျိုးပါလိမ့်။
ရှန်းနဥ်ကလဲ ထိုနည်းတူ မှင်သက်အံ့သြသွားလေသည်။ သူမသည် အဘွားကြီး၏စကားထဲက ပိုပြီးနက်နဲသည့် အဓိပ္ပါယ်ကို နားမလည်သော်ငြားလည်း အပေါ်ယံ အဓိပ္ပါယ်ကိုတော့ သူမ နားလည်လေသည်။ သူမသည် အရူးမဟုတ်ချေ။ ဒီကိစ္စနှင့်ပတ်သတ်ပြီး သူမကိုသင်ပေးမည့် မည်သူမျှမရှိသည့်အကြောင်းကိစ္စကြောင့်သာ ဖြစ်လေသည်။ အထိ အတွေ့လဲမရှိသလို မလေ့လာမိသဖြင့် သူမသည် ဒီကိစ္စများကို အာရုံစိုက်ခဲ့ခြင်းမရှိခြင်းပင်။
အထူးသဖြင့် လျှိုမြောင်ထဲတွင် အားလုံးက ဒီထုံးစံအတိုင်း လိုက်ကြလေသည်။ သူမ၏အစ်ကိုနှင့် မရီးတို့ကလဲ ဒါကို လက်ခံပုံရသည်။ ထို့ကြောင့် သူမကလဲ အများကြီး မစဥ်းစားခဲ့မိချေ။
ချန်းအဘွား၏ ဝိုးတဝါးသဲလွန်စ စကားကြောင့် သူမက နားလည်သွားတော့သည်။
"ဒါဆိုရင် ... ဒါဆိုရင်... သမီး ဒီနေ့ည နေရာပြောင်းအိပ်သင့်လား"
ရှန်းအန်းနှင့် ရှန်းကျင့်တို့၏အခန်းထဲတွင် နေရာလွတ် ရှိသေးသည်။ သူမအစ်ကို၏ကုတင်ငယ်လေးကို ပြောင်းရွှေ့လိုက်လျှင် သူမအတွက် လုံလောက်ပေလိမ့်မည်။
"ပြောင်း၊ ပြောင်း၊ ပြောင်းရမယ်ဟဲ့၊ အို အလိုက်တဲ့ကလေးမရယ်၊ ငါက နင့်ကို ဘယ်လိုပြောရမှာလဲ"
ရှန်းလီ၏မင်္ဂလာပွဲက ပုံမှန်မဟုတ်သည့် မင်္ဂလာပွဲတစ်ခု ဖြစ်ခဲ့သည်။ တစ်နှစ်ကြာပြီးသွားသည့်နောက်တွင် သူသည် သူ့မိန်းမနှင့်ပင် တစ်အိပ်ယာထဲ လုံးဝမအိပ်ရသေးချေ။
စန်လော့၏ ရှက်ရွံ့တတ်သည့်အပြုအမူကို စဥ်းစားမိလိုက်ပြီး သူမက ထပ်ပြောလိုက်၏။
"ငါ ဒီအကြောင်းကိုအကြံပေးတယ်လို့ ဘယ်သူ့ကိုမှ မပြောနဲ့နော်၊ ငါ ဒီအကြောင်းကို သိတာကိုလဲ နင့်ယောင်းမကို မပြောနဲ့အုံး၊ နင်က ကြီးလာပြီမလို့ နင့်အစ်ကိုနဲ့ဂူတစ်ခုထဲမှာ အတူတူနေရတာ သက်တောင့်သက်တာ မဖြစ်တော့ဘူးလို့ပဲပြော၊ ပြီးရင်သစ် သားအိမ်လေးဘက်ကို ပြောင်းမယ်လို့ တောင်းဆိုလိုက်"
ချန်းအဘွားသည် ပြောရင်းဆိုရင်း သူမ၏ပေါင်ကို ရိုက်မိလုနီးနီး ဖြစ်သွားသော်ငြားလည်း ရှန်းနဥ်၏ ခေါင်းလေးကို ၂ကြိမ်လောက် သွားပုတ်ပေးလိုက်လေသည်။
"ရိုးအလိုက်တာဟယ်"
...
ရှန်းနဥ်သည် အခန်းပြောင်းရ န်ဆုံးဖြတ်လိုက်တော့သည်။
စန်းလော့က မယုံမကြည်ဖြစ်နေသေး၏။
"ငါတို့တွေ ဘာဖြစ်လို့ အခုမှ ပြောင်းမှာလဲ၊ အားလုံးက အဆင်ပြေနေတဲ့ဟာကို"
ချန်းအဘွားအကြံပေးသည့်ကိစ္စကို တိုက်ရိုက် ထုတ်မပြောနိုင်သဖြင့် ရှန်းနဥ်က မည်သို့ရှင်းပြရမည် မသိချေ။ ရွှီဝမ်ယင်းအကြောင်းကို ပြန်စဥ်းစားမိလိုက်ပြီး သူမက ဒီအတိုင်း လုပ်ကြံပြောဆိုလိုက်၏။
"ဝမ်ယင်းကလဲ ဒီလိုပဲလုပ်တာကို သတိထားမိတယ်လေ၊ မိန်းကလေးတွေက ကြီးပြင်းလာတဲ့အခါ နီးနီးကပ်ကပ် ထိတွေ့တာကို ရှောင်ကြဥ်ရမယ်လို့ သူက ယုံထားတာလေ၊ ဒီတော့ သူက သူ့အဖေ၊ ဦးလေးဝမ်းကွဲတွေနဲ့ အတူတူ မနေတော့ဘူး၊ အဲဒီအစား သူက ဂူထဲမှာပဲ သီးသန့်နေရာလေးတစ်ခုနဲ့နေတာ၊ သူ့မှာ သူ့ရဲ့ကိုယ်ပိုင် အခန်းလေးရှိတယ်၊ သူ့အစ်ကိုတွေကတော့ တစ်ခြားအခန်းကို စုပြီးတော့ သုံးကြတာပေါ့၊ သမီးတို့ သစ်သားအိမ်လေးမှာလဲ အခန်းရှိတယ်လေ၊ အစ်ကို အစ်ကိုရဲ့ကုတင်လေးကို သမီးအတွက် ရွှေ့ပေးလို့ရလား၊ ကုတင်လေးဘေးမှာ ကျူဖျာတစ်ခု ချိတ်ထားလိုက်မယ်လေ၊ ဒါဆိုရင် သမီးရဲ့ကိုယ်ပိုင်အခန်းလေး ဖြစ်လာလိမ့်မယ်"
ပုံမှန်အတိုင်းပြောလိုက်သော်ငြားလည်း ရှန်းလီသည် သူမ၏စကားကြောင့် တံတွေးသည်းမလိုပင် ဖြစ်သွားပြီး သူ၏လည်ချောင်းကို အကြိမ်ကြိမ် ရှင်းလိုက်ပြီးနောက်မှ သူက ပြောလိုက်သည်။
"အခန်းပြောင်းတာကတော့ ရပါတယ်၊ ဒါပေမဲ့ ဒီကုတင်လေးကတော့ ရွှေ့လို့မရဘူး၊ အဲဒီဖက်မှာ ပျဥ်ပြားအပိုတွေ ရှိသေးတယ်လေ၊ ငါ နင့်အတွက် ကုတင်တစ်ခု လုပ်ပေးပါ့မယ်"
သူနှင့်စန်းလော့တို့ကလဲ အရင်က အတူတူအိပ်ခဲ့ဖူးသည်။ သို့သော်ငြားလည်း ကုတင်ငယ်လေးတစ်ခုမရှိလျှင် ဒါက သည်းခံဖို့ရန် ခက်ခဲလှသည်။ ထိုအကြောင်း စဥ်းစားလိုက်မိသည်နှင့်ပင် သူသည် မသက်မသာ ဖြစ်ရလေသည်။
ရှန်းနဥ်ကတော့ ချန်းအဘွား၏ အခန်းပြောင်းရွှေ့ဖို့ မှာကြားချက်ကိုသာ သတိရသည်။ ကုတင်ငယ်လေးကတော့ သူမအတွက် အရေးမကြီးချေ။ သူမသည် ဒါ၏အရေးပါပုံကိုလဲ နားမလည်ချေ။ သူမအစ်ကိုက သူမကို အိပ်ယာတစ်ခု လုပ်ပေးမည်ဟု ကြားလိုက်သည်တွင် သူမက ဝမ်းသာအားရ ဖြစ်သွားတော့သည်။
"ဟုတ်ပြီလေ၊ ဒါဆိုရင် အစ်ကို သမီးအတွက် ဒီနေ့ည စောင်ပါးလေးတစ်ထည်နဲ့ ဝံပုလွေသားမွှေး နှစ်ထည်လောက် ယူလာပေးလို့ရလား၊ သမီး နောက်ထပ်မြက်ခြောက်တွေကို ထပ်ထည့်လိုက်ပြီး အခင်းအတွက် သားမွှေးတစ်ထည်ကို သုံးလိုက်မယ်။ ကျန်တဲ့ဟာကိုတော့ ခြုံဖို့သုံးလိုက်မယ် အပေါ်ဘက်မှာ ဝံပုလွေသားမွှေးရှိတယ်ဆိုတော့ နွေးနေမှာပဲ"
ရှန်းလီက သဘောတူလိုက်သည်။ စန်းလော့ကလဲ ထိုကိစ္စနှင့်ပတ်သတ်ပြီး အများကြီး မစဥ်းစားမိချေ။ ရှန်းနဥ်ကတော့ ပုံမှန်ဆိုလျှင် ရွှီဝမ်ယင်းနှင့် အချိန်များ ကုန်ဆုံးတတ်သဖြင့် အပြုအမူနှင့်ပတ်သတ်ပြီး အထူးတလည် သတိထားတတ်သည့် ဝေ့လင်းကျန့်က ရွှီဝမ်ယင်းကို ဒီလိုစည်းမျဥ်းများ သင်ကြားပေးလိမ့်မည်ဖြစ်ရာ ဒါက အံ့သြစရာတော့ မဟုတ်ချေ။ ဂူလေးအတွက်ကတော့ ရှန်းနဥ်ရောက်မခင်ကတည်းက သူမနှင့်ရှန်းလီတို့သည် လျှိုမြောင်အပြင်ဘက်သို့ ထွက်လာပြီး အချိန်တစ်ခုအထိ အတူတူနေခဲ့ကြသည်။ ထို့ကြောင့် ပြဿနာမရှိချေ။
ရှန်းလီက ချန်းမိသားစုထံမှ လွှတစ်ချောင်းကို သွားငှားလိုက်သည်။ အဘွားချန်းသည် ကုတင်တစ်လုံး ဆောက်မည်ဟု ကြားလိုက်ချိန်တွင် သူမက အနည်းငယ် အံ့အားသင့်သွားလေသည်။
ဘာဖြစ်လို့များ လူတိုင်းက ကုတင်လိုချင်နေကြတာပါလဲ။
ကုတင်ကြီးအောက်က ဝှက်ထားသည့်ကုတင်ငယ်လေးက ရှန်းလီအတွက် သိမ်းထားဆဲဖြစ်မှန်း သိလိုက်ရလေသည်။
သို့သော်ငြားလည်း သူမသည် ဒီကိစ္စနှင့်ပတ်သတ်ပြီး သူမ၏စိတ်ကူးများကို အတိအကျ ထုတ်မပြောနိုင်ချေ။
အေးပါ။ အေးပါ။ ရှန်းနဥ်က သူ့ဘေးမှာအိပ်တာထက်စာရင်တော့ ပိုကောင်းပါသေးတယ်။
...
မှတ်စိတစ်မှိတ်အတွင်းတွင် တတိယနေ့သို့ရောက် လာလေသည်။ ချန်းသရှန်သည် သူ့ကျောပေါ်တွင် ဒရယ်နှစ်ကောင်ဖြင့် တောင်များဆီမှ ချန်းအာ့ရှန်နှင့်အတူ ပြန်လာချိန်တွင် ကန်းရှီကလဲ လက်ထပ်ပွဲနှင့်ပတ်သတ်ပြီး ကျိုးမိသားစု၏ သဘောတူညီလိုက်သည့်သတင်းကို သယ်ပြန်လာခဲ့လေသည်။
နောက်တစ်နေ့ကို စောင့်မနေတော့ဘဲ ရှန်းလီက ရှေ့၂ရက်တွင် ရှန်းနဥ်အတွက် လျှိုမြောင်ထဲက ဝံပုလွေသားမွှေးများကို ပြန်ယူပြီးပြန်လာချိန်တွင် ချန်းသရှန်က သူနှင့်အဖော်လိုက်သွားပြီး လက်ဖွဲ့ပစ္စည်းများကို ပြင်ဆင်လိုက်လေသည်။ အခုတော့ သူသည် အသစ်အမဲလိုက်လာသည့် ဒရယ်နှစ်ကောင်ကိုလဲ ထည့်သွင်းထားသည်။ မြေး၄ယောက်တွင် ၂ ယောက်က ပစ္စည်းများကို ကူညီသယ်ပေးလာပြီး ကန်းရှီကတော့ လက်ဖွဲ့ပစ္စည်းများကို သယ်ဖို့ရန် အတူတူ ခရီးထွက်လာတော့သည်။
စပါး၂တင်း၊ စပါးနှင့်ပဲရောထားသည့် အရောအနှော၂တင်း၊ ဆား၂အိုး၊ သားမွှေး၆ခု၊ အသစ်ရက်လုပ်ထားသည့်ပိတ်စ၂အုပ်၊ ကျပ်တိုက်ထားသည့် အသားပေါင်၆၀နှင့် ဒရယ်၂ကောင်။
တင်တောင်းပစ္စည်းများသည် တောင်အတွင်းပိုင်းအနက်ထဲသို့ ခိုလှုံလာကြသည့် လူများအတွက် သာမက အေးချမ်းလှသည့်နှစ်များတွင်ပင် ပိုပြီးပေါများကြွယ်ဝသည်ဟု မှတ်ယူနိုင်သည်။ ဆား၊ စပါး၊ ပိတ်စနှင့် အသား အားလုံးက ဒီမှာရှိနေသည့်လူတိုင်းအတွက် ရှားပါးသည့် လိုအပ်သည့်ပစ္စည်းများ ဖြစ်လေသည်။
ကျိုးမိသားစုတစ်ခုလုံးသည် ဒီလိုမြောက်မြားလှသည့် တင်တောင်းပစ္စည်းများကို မြင်လိုက်ရသည်တွင် တအံ့တသြ ဖြစ်သွားကြတော့သည်။
သူတို့၏အိမ်မှာ ဂူတစ်ခုထဲသာရှိသဖြင့် ဖုံးကွယ်ဖို့ရန်နေရာ မရှိချေ။ မင်္ဂလာပွဲတိုင်ပင်ဖို့ကိစ္စက စတင်လုပ်ဆောင်နေပြီဖြစ်ရာ အလွန်အကျွံ သတိထားနေရန် မလိုတော့ချေ။ ထို့ကြောင့် ချန်းသရှန်နှင့် ကျိုးကဲတို့သည် နောက်ဆုံးတော့ ၂လတာခွဲခွာပြီးနောက်တွင် ပြန်လည်ဆုံတွေ့ဖို့ အခွင့်အရေး ရရှိလာတော့သည်။
အရင်တုန်းက ကိုယ်စီအတွေးများကို သိမ်းဆည်းထားသည့်အချိန်နှင့် မတူပဲ ဒီတစ်ကြိမ်တွင် အားလုံးက ရှင်းရှင်းလင်းလင်း ဖြစ်နေပြီဖြစ်ရာ သူတို့၏အကြည့်များက ချိုမြနေတော့သည်။
ကျေးလက်ဖက်တွင် တင်းကြပ်သည့်စည်းမျဥ်းများစွာ မရှိချေ။ တောင်အတွင်းပိုင်းတွင် ခိုလှုံရသည့် ဒီလိုအချိန်မျိုးတွင်တော့ ပိုပြီးနည်းပါးလေသည်။ လုပ်ရိုးလုပ်စဥ်များကို ဖယ်ထားလိုက်ကြပြီး ကျိုးကဲက ဂူအတွင်းသို့ ပြန်ဝင်သွားစဥ် ချန်းအဘွားနှင့် ကျိုးလိုင်ကျီ၏မိသားစုက မင်္ဂလာပွဲကျင်းပမည့်ရက်ကို စတင်ဆွေးနွေးကြတော့သည်။
ကျိုးလိုင်ကျီ၏မိန်းမသည် သမီးဖြစ်သူကို သူမ၏ဘေးတွင် ပိုပြီးအချိန်ကြာကြာ ခေါ်ထားသည်ထက် သမီးဖြစ်သူကို ချန်းမိသားစုထံသို့ တတ်နိုင်သလောက် မြန်မြန်ပို့ပေးချင်လေသည်။
သူမ၏ယုံကြည်မှုက ထိုကိစ္စများပေါ်တွင် မူတည်သည်။ တောင်အတွင်းပိုင်းတွင် တော်တော်လေး အေးချမ်းသည်က မျက်မြင်ကိုယ်တွေ့ဖြစ်နေပြီး သူစိမ်းများက ရောက်လာချိန်တွင် မည်သူကမှ ဘာကိုမှ ကြိုပြီးခန့်မှန်းလို့ မရနိုင်ချေ။ ရွာက လူများပိုပြီးများလာသည့်တိုင် ကျိုးလိုင်ကျီ၏မိန်းမသည် ရှန်းလီ၊ ချန်းသရှန်နှင့်သူတို့၏အဖွဲ့အပေါ် ပိုပြီးယုံကြည်မှုရှိလေသည်။ သူမ၏သမီးဖြစ်သူက ချန်းမိသားစုအိမ်ထဲတွင် ပိုပြီး အန္တရာယ်ကင်းလိမ့်မည်ဟု ယုံကြည်ထားသည်။
တစ်ဖက်က မင်္ဂလာပွဲကို စိတ်အားထက်သန်စွာ မေးမြန်းနေသည့်တွင် ကျန်သည့်တစ်ဖက်ကလဲ မင်္ဂလာပွဲကို လက်ခံပေးဖို့ လိုလားလေသည်။ မင်္ဂလာပွဲရက်မှာ အလွယ်တကူ သဘောတူညီမှု ရသွားသည်။ ထိမ်းမြားခြင်းမင်္ဂလာအတွက် ပြင်ဆင်ဖို့ရန် မိသားစုနှစ်ခုလုံးအတွက် အချိန်လိုအပ်သည်ကို ထည့်သွင်းစဥ်းစားလိုက်ပြီး သူတို့က ၁၁လပိုင်း၂၈ရက်နေ့ကို ရွေးချယ်လိုက်၏။
တစ်ဖက်တွင်တော့ ချန်းသရှန်နှင့် ကျိုးသားအဖတို့သည် မင်္ဂလာပွဲရက်က ၁၀ရက်ပင် မလိုတော့သည်ကို ကြားလိုက်ရသဖြင့် အင်မတန်မှ ပျော်ရွှင်သွားကြလေသည်။ သူတို့၏နှုတ်ခမ်းများက သိသာထင်ရှားသည့် အပြုံးတစ်ခုအသွင် ကွေးတက်သွားကြပြီး ကျိုးသလန်နှင့်ကျိုးအာ့လန်တို့က တဟားဟား ရယ်မောလေတော့သည်။
ဒီအချိန်တွင် ကျိုးလိုင်ကျီ၏မိန်းမနှင့် ချန်းအဘွားတို့က ခြံဝန်းငယ်လေးထဲမှ ထွက်လာကြသည်။ သူတို့သည် ထောင့်လေးနားက အနည်းငယ်ပိုပြီး ကြီးမားသည့်စိုက်ခင်းဆီသို့ သွားလိုက်ကြပြီး ထိုနေရာတွင် ဆက်ပြီးသီးသန့်စကားပြောကြ၏။ ထို့နောက်တွင်မှ ချန်းမိသားစုဝင်များသည် အိမ်သို့ပြန်လာကြလေသည်။
...
ချန်းမိသားစုအတွက် သူတို့၏အနာဂတ် မြေးချွေးမလေးကို ကြိုဆိုဖို့ရန် ပြင်ဆင်ရသည်တွင် လက်ထဲတွင် အရေးအကြီးဆုံးတာဝန်မှာ အိမ်ကိုပြန်လည်ပြင်ဆင်ဖို့ရန် ဖြစ်လေသည်။ သူတို့သည် ဂူကို အသစ်ပြုလုပ်ထားသည့် မင်္ဂလာအိပ်ခန်းတစ်ခုအဖြစ် တိုက်ရိုက် ပြောင်းလဲလိုက်ကြသည်။ ရှန်းမိသားစု၏ ဥပမာကို လိုက်ယူလိုက်ပြီး သူတို့က ဂူအပြင်ဘက်တွင် သစ်သားဖြင့် လုပ်ထားသည့်တဲတစ်လုံးနှင့် သန့်စင်ခန်းတစ်ခုကို တည်ဆောက်လိုက်ပြီး ထိုနေရာတွင် ချန်းယိုထျန်းနှင့် ချန်းအာ့ရှန်တို့က နေရလိမ့်မည်။
လူကြီးများကိုမဆိုထားနှင့် လျှိုမြောင်ထဲက ကလေးများကပင် သစ်ပင်များကို ခုတ်လှဲခြင်းနှင့် သစ်သားတဲအိမ်များကို တည်ဆောက်ရာတွင် ကျွမ်းကျင်ကြသည်။ လူငယ်လေး၁၂ယောက်ကျော်လောက်က အတူတူ အလုပ်လုပ်လိုက်ကြသည်တွင် တိုးတက်မှုကလဲ မြန်ဆန်လေသည်။ ချန်းယိုထျန်းက သူ့သားနှင့်ချွေးမတို့အတွက် ကုတင်အသစ်တစ်လုံးကို တည်ဆောက်ရင်း အလုပ်များနေသည်။ ကုတင်ဟောင်း၂လုံးကိုတော့ သူတို့၏ကိုယ်ပိုင် သစ်သားအိမ်လေးသို့ ပြောင်းရွှေ့ကာ ချန်းအာ့ရှန် သုံးဖို့အတွက် တစ်လုံးယူထားလိုက်ပြီး ကျန်သည့်တစ်လုံးကိုတော့ လျှိုမြောင်အပြင်ဘက်သို့ မကြာခဏထွက်လာတတ်သည့် တစ်ခြားမိသားစုဝင်တိုင်း အသုံးပြုရန် လာရောက်ယူနိုင်လေသည်။
ချန်းမိသားစုက အိမ်အသစ်တစ်လုံး တည်ဆောက်နေသဖြင့် ချန်းသရှန်က နေ့တိုင်း လျှိုမြောင်အပြင်ဘက်တွင် နေရသည်။ ရှန်းလီနှင့်စန်းလော့တို့ကလဲ ချန်းသရှန်အတွက် မင်္ဂလာလက်ဖွဲ့တစ်ခုကို စဥ်းစားပေးရသည်။
ဒီလိုတောင်များထူထပ်သည့် ဒေသအတွင်းတွင် သူတို့ စဥ်းစားလို့ရသည့် မည်သည့်လက်ဖွဲ့မဆို တောင်ထွက်ပစ္စည်းများသာ ဖြစ်နေသည်။
"ကျွန်မကတော့ ဆိတ်တွေကို အရှင်တစ်ကောင်၊ နှစ်ကောင်လောက်ဖမ်းပြီးတော့ ပြန်ခေါ်လာဖို့ စဥ်းစားထားတယ် ကျွန်တော်တို့တွေ ကိုယ့်ဟာကိုယ်အတွက်လဲ နှစ်ကောင်လောက်မွေးထားဖို့ ခြံတစ်ခုကို ဆောက်လို့ရတယ် သရှန်ကိုတော့ လက်ဖွဲ့အနေနဲ့ တစ်ကောင်နှစ်ကောင်လောက် ပေးလိုက်လို့ရတယ်” စန်းလော့က အကြံပြုလိုက်၏။
စန်းလော့သည် ဆိတ်နို့သောက်ရသည်ကို အလွန်မှ ကြိုက်လေသည်။ သို့သော်ငြားလည်း လျှိုမြောင်ထဲက ထွက်လာပြီးနောက်ပိုင်းတွင် လျှိုမြောင်ထဲက ဆိတ်နို့များကို လူကြီးများနှင့် ကလေးများအတွက်သာ အများစု ချန်ထားပေးရသည်။ သူမကိုယ်တိုင်ကတော့ မကြာခဏပင် မသောက်နိုင်တော့ချေ။ ထို့ကြောင့် ရှန်းလီက ကျောက်သားကြိတ်စက်တစ်ခုကို ထွင်းထုပေးပြီး မကြာခဏဆိုသလို ပဲနို့နှင့်တို့ဟူးများကို စားနိုင်ကြသည်။ သို့သော်ငြားလည်း ဒါက သူတို့၏ ဇိမ်ခံနိုင်သည့် အတိုင်းအတာတစ်ခုသာ ဖြစ်တော့သည်။
ရှန်းလီသည် ဒီကိစ္စအတွက် အစောကြီးကတည်းက လုပ်ချင်စိတ်ရှိနေသည်။ သို့သော်ငြားလည်း သူသည် အစောပိုင်းက ထွက်ခွာဖို့ရန် အခွင့်အရေး မရခဲ့ခြင်းပင်။ အခုတော့ ချန်းသရှန်က ဒီနေရာတွင်ရှိနေသဖြင့် သူ့အတွက် ကြိုးစားကြည့်ဖို့ရန် ပြီးပြည့်စုံသည့်အခွင့်အရေးတစ်ခု ဖြစ်လာပြီး သူကိုယ်တိုင် ဖြေရှင်းဖို့အတွက် ဖြေရှင်းချက်တစ်ခု ဖြစ်လာသည်။
စန်းလော့သည် ဆိတ်များကိုမွေးမြူမည်ဟု ကြားလိုက်ချိန်တွင် သူမ၏မျက်လုံးများကလဲ လင်းလက်သွား၏။ သူမက ရှန်းလီကို ကြည့်လိုက်ပြီး မေးလိုက်သည်။
"အခုအချိန်ဆိုရင် ဆိတ်တွေကို ရှာလို့လွယ်ပါအုံးမလား"
တိရိစ္ဆာန်များကလဲ အမှန်တွင်တော့ တော်တော်လေး ဉာဏ်ကောင်းကြသည်။ ဒီနေရာတွင် နေထိုင်ကြသည့် လူပေါင်းများစွာ ရှိလာသဖြင့် အနီးအနားက တောင်များသည် နေ့တိုင်းဆိုသလို မုဆိုးများ၏ ဝင်ထွက်ခြင်းခံနေရသည်။ တောကြက်နှင့်ယုန်များလို သေးငယ်သည့်သတ္တဝါလေးမှလွဲလျှင် တစ်ခြားသတ္တဝါအများစုသည် ပိုပြီးနက်သည့် တောအတွင်းပိုင်းသို့ ပြောင်းရွှေ့သွားကြသည်။ အပြင်ဘက်ခြမ်းတွင် ပိုပြီးကြီးမားသည့် အမဲကောင်များကို ဖမ်းဖို့ရန်က မလွယ်ကူတော့ချေ။ ချန်းသရှန်ပင် ဒရယ်ကို အမဲလိုက်ဖို့ရန်အတွက် ပိုပြီးဝေးကွာသည့်နေရာအထိ စွန့်စားသွားခဲ့ရသည်။
သူမက စိတ်ဝင်စားနေသည်ကို သတိထားမိလိုက်သဖြင့် ရှန်းလီ၏မျက်လုံးများက တဖျတ်ဖျတ်လက် သွားတော့သည်။
“တောင်အတွင်းပိုင်း နက်တဲ့နေရာမှာ လိုချင်တဲ့တိရိစ္ဆာန်တွေကို ရှာဖို့ဆိုရင် ကံအပေါ်လဲမူတည်သေးတယ်၊ ဒါက နှစ်ရက်သုံးရက်လောက် အချိန်ကြာလိမ့်မယ်၊ မင်း ကျွန်တော်နဲ့ လိုက်ခဲ့ချင်လား”
သူ၏မျက်လုံးများသည် သူမကိုအဖော်လိုက်စေချင်သည့် မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေလေတော့သည်။
...
အပိုင်း (၂၀၂) ပွေ့ဖက်ခြင်း
ဤသည်မှာ စန်းလော့တစ်ယောက် ရှန်းလီနှင့်အတူ တောနက်ထဲသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။ သူတို့သွားမည့်နေရာသည် အခြားသူများ အရောက်အပေါက်နည်းသောနေရာဖြစ်၏။
နှစ်ယောက်လုံးသည် သူတို့၏တာဝန်နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိကြသည်။ သူတို့သည် ဤနေရာသို့ အမဲလိုက်ရန်လာခြင်းမဟုတ်သော်လည်း ထို့အစား ဆိတ်များကိုရှာဖွေနေစဉ်တွင် အခြားတောရိုင်းတိရစ္ဆာန်များကို ရှောင်ရှားရန် တိရစ္ဆာန်ခြေရာများကိုသာ အာရုံစိုက်ခွဲခြားနေကြ၏။ အခြားသူကို ထည့်စဉ်းစားရန်မလိုသောကြောင့် ရှန်းလီ၏အာရုံစိုက်မှုသည် စန်းလော့ပေါ်တွင်သာ ဦးစားပေးဖြစ်သည်။ ဆောင်းရာသီတွင် တောထဲ၌ စားလို့ရသောအပင်များရှိသော်လည်း အထူးသဖြင့် ထိုကဲ့သို့သီးခြားနေရာတွင် ရှန်းလီသည် သူတို့ခရီးစဥ်အတွက် အလုံအလောက်စုဆောင်းနိုင်လေ၏။
ဤတစ်ကြိမ်မှာ ယခင်က အမဲလိုက်ခြင်းနှင့် အတွေ့အကြုံမတူပေ။ ထိုစဉ်က သူ၏အဓိက အာရုံစိုက်ခြင်းသည် အစားအစာ ရှာဖွေခြင်းအပေါ်တွင်သာဖြစ်သည်။ ယခုတော့ သဘာဝနှင့်ထိတွေ့ရခြင်းက သူမ ပထမဆုံး တိမ်လွှာလျှိုမြောင်ကိုမြင်တုန်းနှင့် အများကြီးပိုတူ၏။
နေ့လည်ခင်း အစာစားချိန်ရောက်သောကြောင့် သူတို့သည် ရပ်နားရန်သင့်တော်သောနေရာတစ်ခုကို ရှာကြလေသည်။ ရှန်းလီသည် ရစ်ငှက်ကိုဖမ်းပြီး ကင်ကာ မီးပုံပေါ်သို့ ကန်စွန်းဥတစ်ချို့ကိုပါ ထပ်တင်လိုက်၏။ ထို့နောက် သူသည် စန်းလော့ကို မပေးခင်တွင် လမ်းတစ်လျှောက်ကောက်ယူခဲ့သော စွံပလွန်သီးတစ်ချို့ကို ရေဆေးရန် ဝါးကျည်တောက်ထဲမှရေကို လောင်းချလိုက်လေသည်။
စန်းလော့၏မျက်လုံးများတွင် အပြုံးဖြင့် စွံပလွန်သီးများကို လက်ခံလိုက်၏။
သူမ ဘေးနားရှိ ရှန်းလီကဲ့သို့ တစ်စုံတစ်ယောက်နှင့်အတူ အေးချမ်းနေသောနယ်မြေထဲသို့ အနှောက်အယှက်ပေးမည့် ကျူးကျော်သူများ ဝင်ရောက်လာမည်ကိုသာ မစိုးရိမ်ရပါက ဘဝကြီးသည် အတော်လေး သာယာဖွယ်ဖြစ်နေပေလိမ့်မည်။
ညနေခင်းတွင် အဝေးမှ သမင်တစ်ကောင်ကို တွေ့လိုက်သော်လည်း ဆိတ်များ၏အရိပ်အယောင်ကို မတွေ့ရချေ။ ရှန်းလီသည် တစ်ညတာ ကုန်ဆုံးလို့ရမည့်နေရာတစ်ခုကို စတင်ရှာဖွေလေသည်။ သူတို့သည် သေးငယ်သော လှိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့ပြီး အမိုးအကာဆောက်လုပ်ရာတွင် ကျွမ်းကျင်မှုနှင့် စန်းလော့၏အကူအညီကြောင့် တံခါးတစ်ချပ်ကို ဆောက်လုပ်ပြီး နေမဝင်ခင်တွင် ဂူကြမ်းပြင်ကို အနွေးဓာတ်ပေးလိုက်၏။ သူတို့က ထူထပ်သော ကျူအခင်းများကို ထပ်ထည့်ကာ အိပ်ယာအတွက် ဝံပုလွေအရေခွံနှစ်ခုကို ဖြန့်ခင်းထားလေသည်။ မီးပုံအတွက်တော့ အနီးနားတွင် ကျောက်တုံးများကိုစီထားကာ သက်တောင့်သက်သာနှင့် နွေးထွေးသောနေရာကို ဖန်တီးထားကြ၏။
ရှန်းလီသည် တံခါးအတွက် ခုတ်ထားသော အကိုင်းအခက်များကို အကာအရံနှင့် အတားအဆီးများအဖြစ် အသုံးပြုကာ သူတို့ ပုန်းကွယ်ရာနေရာကို ကောင်းစွာဖုံးအုပ်ထားကြောင်းကို သေချာစေသည်။ သိမ်းဆည်းပြီးနောက် ဝင်ပေါက်တွင် ကျူပင်တစ်ချို့ကိုဖြန့်ခင်းနေစဉ် စန်းလော့ကို အနားယူခိုင်းထားလေ၏။
စန်းလော့က သူ့ကိုကြည့်လိုက်ပြီး ရုတ်တရက်မေးလိုက်၏။
"အဲဒီမှာ အဆွဲခံရမှာ မကြောက်ဖူးလား"
သူမက ဘေးသို့တိုးလိုက်ပြီး ဘေးနားရှိနေရာကို ခပ်ဖွဖွပွတ်လိုက်၏။
"ကျွန်မ နေရာတစ်ဝက်ကို ရှင်နဲ့မျှထိုင်မယ်။ တစ်ခြားဝံပုလွေ အရေခွံတစ်ခုကို ကျွန်မသုံးလိုက်မယ်။ ရှင်က မီးပုံနဲ့ပိုနီးတော့ အေးမှာ မဟုတ်တော့ဘူး"
ရှန်းလီတစ်ယောက် အံ့အားသင့်သွား၏။
အေးတယ်လို့ ဆက်ပြောနိုင်ပါဦးမလား။ ကမန်းကတန်း ခေါင်းခါလိုက်၏။
"ကိစ္စမရှိပါဘူး"
လှိုဏ်ဂူသည် သေးငယ်ပြီး ဝံပုလွေသားရေများဖြင့် ခင်းထားသောအိပ်ယာနှင့် ခြေလှမ်းအနည်းငယ်သာ ကွာလေသည်။ ဝံပုလွေသားရေသည် အနံမကျယ်သော်လည်း စန်းလော့တစ်ယောက်ထဲ အိပ်ရန်အတွက်တော့ လုံလောက်သည် ထက်ပို၏။ ထိုအရာကို လူနှစ်ယောက် မျှသုံးလျှင်တော့ အလွန် ကျဉ်းကျဉ်းကြုပ်ကြုပ် ဖြစ်သွားနိုင်သည်။ ရှန်းလီသည် နေရာအနည်းငယ် ပိုကျယ်စေရန် အိပ်ယာအစွန်းတစ်လျှောက်ကို မြက်များခင်းထားလိုက်၏။ သူ့နှလုံးက တဒိုင်းဒိုင်း ခုန်နေသာကြောင့် အစွန်းနားသို့ ကပ်ထိုင်နေလေသည်။
စန်းလော့က သူ့ကို ခဏတာ စိုက်ကြည့်လိုက်တော့ သူ့လည်ဇလုတ်သည် အထက်အောက် လှုပ်နေသည်ကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရ၏။ သူသည် ခါးမတ်မတ်ထိုင်ကာ အသက်ရှူသံကိုပင် ထိန်းချုပ်နေလေသည်။
အကြောင်းတစ်ခုခုကြောင့် သူ့ကို စနောက်နေသလို ခံစားရလေသည်။ သူ့ဘက်သို့ ဖြည်းဖြည်းချင်းယိမ်းလာပြီး မေးလိုက်၏။
"ရှန်းလီ၊ ရှင် စိတ်လှုပ်ရှားနေတာလား"
ရှန်းလီသည် မသိစိတ်၏လှုံ့ဆော်မှုအရ မရပ်မီတွင် အနောက်သို့ အနည်းငယ် ယိမ်းလိုက်မိ၏။ နီးကပ်လွန်းသောကြောင့် သူ့လည်စိ၏လှုပ်ရှားမှုမှာ ပို၍ပင်သိသာလာလေသည်။
ပင်ကိုအားဖြင့် အသက် ၂၈နှစ် သို့မဟုတ် ၂၉နှစ်ရှိပြီဖြစ်သော စန်းလော့သည် အကြည့်များ မခွာနိုင်ပေ။
သူ၏မျက်ခုံး၊ နှာခေါင်း၊ နှုတ်ခမ်းနှင့် မေးရိုးတို့သည် မှိတ်တုတ်မှိတ်တုတ် မီးရောင်အောက်တွင် မီးထိုးပြနေသလိုပင် သူ၏ထင်ရှားသော အသွင်အပြင်များကို ပို၍ပေါ်လွင်စေလေသည်။ ပြီးတော့ ထိုအရာများသည် စွဲမက်စရာကောင်းလေ၏။
ဤဆန္ဒသည် ဘယ်နှစ်ခါမြောက် ပေါ်ပေါက်ခဲ့ပါသနည်း။
သူတို့သည် အလွန်နီးကပ်လွန်းသောကြောင့် စန်းလော့က သူမ၏အသက်ရှူသံ ပြင်းသလား၊ နှေးသလားကိုတော့ မပြောနိုင်ပေ။ ထိုခဏတွင် သူမသည် တောင့်တမှုကြောင့် ပိတ်မိနေပုံရသည်ဟု သိလိုက်လေသည်။
ရှန်းလီကို စိုက်ကြည့်ရင်း သူတို့၏အကြည့်များသည် မသိမသာ ရောယှက်နေပြီး ခဏကြာတော့ အကြည့်လွှဲရန် မဖြစ်နိုင်သည်ကို သိရှိလေ၏။ သူ့မျက်လုံးများတွင် ချစ်ခြင်းမေတ္တာနှင့် မက်မောမှု၏ထုထည်သည် ပိုမိုထင်ရှားလာသည်နှင့်အမျှ ရှန်းလီ၏အသက်ရှူသံများ ပြင်းထန်လာလေသည်။ သူသည် အနီးကပ်စွန့်စား၍ ရေကိုစမ်းသပ်လိုက်၏။ ထို့နောက် စန်းလော့သည် ဖြစ်ပျက်နေသည်များကို စပြီးသတိထားမိကာ အနောက်သို့ ဆုတ်သွားလေသည်။
အသက်၁၇နှစ်၊ သူမသည် နောက်လတွင် ၁၇နှစ်ပြည့်သေးမည် မဟုတ်သေးချေ။
သူမက လည်ချောင်းကို ရှင်းလိုက်ပြီး သာမန်ကာလျှံကာ ဟန်ဆောင်လိုက်၏။
"အနားယူလိုက်ပါဦး"
ထို့နောက် သူမသည် အလျင်အမြန်လှဲချကာ ဝံပုလွေသားရေကို သူမကိုယ်ပေါ်သို့ လွှမ်းခြုံလိုက်လေသည်။
ရှန်းလီကို နှင်လွှတ်လိုက်သည့်တစ်ခဏတွင် သူမ လုပ်မိတော့မည့်အရာကို နားလည်လေ၏။ ယခုတော့ သူမသည် လှပစွာပုံဖော်ထားသော ထိုနှုတ်ခမ်းများကို အရသာ ခံစားရန်ဆွဲဆောင်ခြင်းမှ လွန်ဆန်နိုင်ခြင်း မရှိလုနီးပါးပင်။
သူမ၏နှလုံးခုန်သံသည် နားထဲ၌ကျယ်လောင်စွာ ပဲ့တင်ထပ်နေလေသည်။
ရှန်းလီသည် သူ့ရှေ့ရှိနေရာလွတ်ကို မြင်လိုက်ရသောကြောင့် ဟာတာတာ ခံစားလိုက်ရလေ၏။ စန်းလော့ကို ကြည့်ရန် ခေါင်းလှည့်ချိန်တွင် အသက်ရှူသံများ ပြင်းလာလေသည်။ သူ့နေရာမှကြည့်လျှင် သူမ၏မျက်နှာတစ်ဝက်ကိုသာ မြင်နိုင်ပြီး သူမ၏မျက်လုံးများသည် မှိတ်ထားပြီးဖြစ်၏။ သူမ၏မျက်တောင်ကော့ကော့များကိုသာ ဖျတ်ခနဲ မြင်လိုက်ရလေသည်။
အားလော့... ကြည့်ရတာ...။ ရှန်းလီသည် သူ၏စိတ်ကူးယဉ်ခြင်းသက်သက်လားဟု တွေးရင်း မျိုသိပ်ထားလိုက်၏။
ဟာတာတာဖြစ်ခြင်း၊ ဆုံးရှုံးမှုနှင့် ပွင့်လန်းလာသောပျော်ရွှင်မှုတို့ ရောယှက်လျက် ဆန့်ကျင်ဘက်ခံစားချက်နှစ်ခုက သူ့နှလုံးသားကို ဆန့်ကျင်နေလေသည်။
သူသည် သတိကြီးစွာဖြင့် လှဲလျောင်းလိုက်၏။ အစပိုင်းတွင် ကျောပေးထားပြီး မျက်လုံးချင်းဆုံမိသည့် တစ်ခဏတွင် သူ့စိတ်များ ဝါးမျိုခံလိုက်ရသလိုပင် ခံစားရလေသည်။ သူ့အတွေးအားလုံးသည် ဘေးနားတွင်လှဲနေသော စန်းလော့အပေါ်တွင်သာ အာရုံစိုက်မိနေ၏။ မည်သို့ ခုခံနိုင်မည်နည်း။ တဖြည်းဖြည်းချင်း သူမကို ကြည့်ရန် ခေါင်းစောင်းလိုက်ပြီးနောက် တစ်ကိုယ်လုံး လှည့်လိုက်လေသည်။
"အားလော့"
သူသည် မရဲတရဲဖြင့် တီးတိုးပြောလိုက်၏။
စန်းလော့၏မျက်တောင်များ လှုပ်နေလေသည်။ အိပ်ချင်ယောင်ဆောင်ခြင်းသည် ကလေးဆန်လွန်း၏။ သူမ မျက်လုံးများကိုဖွင့်ရန် ဆုံးဖြတ်လိုက်ပြီး ပြန်ပြောရန် ဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။
"မင်း ခုနက...."
အတွေ့အကြုံမရှိဘဲ နုံအသည့် သူမက မေးခွန်းတစ်ခု၏အစကို မေးရန်သတ္တိမွေးနိုင်ရုံသာဖြစ်၏။
စန်းလော့၏နှုတ်ခမ်းထောင့်များ နောက်တစ်ကြိမ် ကွေးညွတ်သွားလေသည်။ သူမနှလုံးသား၏ ဆုံးဖြတ်ချက်နောက်ကိုလိုက်ရင်း ရှန်းလီကိုမျက်နှာမူကာ လှည့်ကြည့်လိုက်၏။ လက်ကိုမြှောက်လိုက်သည်နှင့် သူမ၏မျက်လုံးများက ရွှင်မြူးနေပြီး လက်ချောင်းထိပ်လေးများက သူ့နှုတ်ခမ်းနားတွင် ရစ်ဝဲနေလေသည်။ နောက်ဆုံးတွင် သူမသည် ထိုအရာများကို ညင်သာစွာထိတွေ့ခွင့်ပြုလိုက်ပြီး မသိမသာ ဖိအားပေးလိုက်မိ၏။
အင်းးး။ ရှင့်ရဲ့ ယောက်ျားပီသမှုထဲမှာ ကျွန်မ ဆွဲဆောင်ခံလိုက်ရတာပဲ။
ထိုစကားများကို မပြောဘဲထားသော်လည်း ရှန်းလီသည် သူမ၏ရည်ရွယ်ချက်ကို အနည်းငယ် အဓိပ္ပာယ်ဖော်နိုင်ပြီး သူ့အသက်ရှူသံများမှာလဲ ပြင်းထန်လာလေသည်။
သူ့အိပ်မက်ထဲမှ ထပ်တလဲလဲမြင်ကွင်းကို ပြန်လည်ဖန်တီးထားကာ ဤတစ်ကြိမ်တွင်တော့ လက်တွေ့ဘဝသည် စိတ်ကူးယဉ်ခြင်းနှင့်ဖလှယ်ထားလေ၏။ သူ့ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်သွားပြီး လက်ကို အနည်းငယ် မြှောက်လိုက်လေသည်။ သူ နောက်ထပ်မလှုပ်ရှားနိုင်ခင်တွင် စန်းလော့က အနားသို့ယိမ်းလာပြီး သူမ၏ပါးပြင်ကို ရှန်းလီပုခုံးနှင့်ထိကာ သူ့ပုံစံနှင့်ဆင်တူဖြစ်စေလိုက်၏။
"ရှန်းလီ၊ အချိန်ကောင်းကို စောင့်ပေးအုံးနော်"
တစ်ချို့အရာများသည် အစကို အရသာသိသွားသည်နှင့် ခုခံဖို့ခက်ခဲလေ၏။
သူမ၏အသံသည် တိုးညှင်းသော်လည်း မယုံနိုင်လောက်အောင်ပင် နူးညံ့သောကြောင့် သူ့နှလုံးခုန်သံကိုပင် ဆက်လက်လှုပ်ရှားစေလေသည်။ သူမ၏ပါးပြင်က သူ့လည်ပင်းတစ်ဖက်ကို ပွတ်တိုက်သွားသောကြောင့် ရှန်းလီသည် ကမ္ဘာကြီးတစ်ခုလုံးကို ပွေ့ဖက်ထားသလို ခံစားလိုက်ရ၏။
သူ့လက်တစ်ဖက်ကို သတိထားကာ စန်းလော့၏ခန္ဓာကိုယ်ပေါ်သို့ တင်လိုက်လေသည်။ ခုခံခြင်းမရှိသည်ကို မြင်တော့ သူမကို ရင်ခွင်ထဲ ညှင်သာစွာဖက်ထားရင်း ကျေနပ်စွာဖြင့် သက်ပြင်းချကာ နှုတ်ခမ်းများ ပြေလျော့လုနီးပါး ဖြစ်သွားလေ၏။
မထင်မှတ်ထားသောသတ္တိရလာပြီး သူသည် ဖြည်းဖြည်းချင်း သူမနဖူးကို ထိလုနီးပါးအထိ ခေါင်းကို စောင်းငဲ့လိုက်၏။ သူသည် တိုးညှင်းစွာ တီးတိုးပြောလိုက်လေသည်။
"အားလော့၊ မင်းရော ကိုယ့်ကို သဘောကျတယ်မလား"
နောက်ထပ်တစ်လက်မသာ တိုးလာပါက သူတို့နှုတ်ခမ်းချင်း ထိမိကြတော့မည်ဖြစ်၏။
စန်းလော့က ငြင်သာစွာပြုံးပြပြီး သူ့ကို ဖက်ထားလိုက်လေသည်။ သူမ ပြောသည့်အတိုင်းပင် သူ့လည်ပင်းတွင် နွေးထွေးမှု အနည်းငယ်ရှိနေပုံရ၏။
"ကောင်းသောညလေးပါ"
...